အခန်း (၄၄၇-၄၄၈)
Vol. 32 Ch. 447-448
အခန်း ( ၄၄၇ ) - စီစဉ်ဖို့ မင်းကိုပဲ လွှဲထားလိုက်မယ်၊ မင်းက ငါ့အသက်ကို ကယ်ခဲ့တာဆိုတော့ ကျေးဇူးဆပ်မလို့လား
ယွဲ့လင်အင်မော်တယ်ဘုရင်မှ ကုချန်ကို အရိုအသေပေးလိုက်သည့် မြင်ကွင်းမှာ ကောင်းကင်နတ်သမီး ရှောင်းယွဲ့နှင့် ကုချင်းရွဲ့တို့၏အမြင်တွင် လုံးဝ ယုတ္တိမရှိသကဲ့သို့ ဖြစ်နေလေသည်။
အထူးသဖြင့် ကောင်းကင်နတ်သမီး ရှောင်းယွဲ့အတွက် ဖြစ်၏။
သူ၏စိတ်ကူးထဲတွင် ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး အင်မော်တယ်ဘုရင်သည် ကုချန်၏ နောက်ကွယ်မှ ကျောထောက်နောက်ခံ တစ်ဦးဖြစ်မည်ဟု မှတ်ယူထားခဲ့ပြီး ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဤသူသည် အင်မော်တယ်ဘုရင် တစ်ပါးပင်။
ဒါပေမဲ့ အခု အခြေအနေက ဘယ်လိုဖြစ်နေတာလဲ။
ဒီအမျိုးသမီး အင်မော်တယ်ဘုရင်က ကုချင်းရွဲ့ရဲ့ ဘိုးဘေးကို အရိုအသေပေးနေတာလား?!
ထို့အပြင် သူ၏အမူအရာမှာ အလွန် ရိုသေလေးစားဟန်ရှိပြီး ' သခင် ' ဟု တိုက်ရိုက် မခေါ်ဆိုသော်ငြား သူ၏သဘောထားမှာ ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့ ကုချန်ကို ရင်ဆိုင်ရချိန်က အမူအရာနှင့် လုံးဝ မကွာခြားချေ။
ကုချင်းရွဲ့ရဲ့ ဘိုးဘေးက ဒါကို ဘယ်လို... ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားတော့၏။
ကုချန် မည်သို့ လုပ်ဆောင်ခဲ့သည်ကို သူ လုံးဝ မသိခဲ့ချေ။
အင်မော်တယ်နယ်မြေတွင် ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုသည် နှစ်သန်းပေါင်းများစွာကြာမှ တစ်ပါးသာ ပေါ်ထွက်လာတတ်သည်အထိ အလွန် ရှားပါးလှသော်လည်း အင်မော်တယ်ဘုရင် မဖြစ်လာသေးသရွေ့ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေဆဲပင်။
ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုသည် အင်မော်တယ်ဘုရင်တစ်ပါး၏ အာရုံစိုက်မှုကို ရရှိနိုင်၍ ပိုမို အထင်ကြီးလေးစားမှုကို ရရှိနိုင်သော်လည်း ထိုမျှသာပင်။
အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိမှသာ အခြား အင်မော်တယ်ဘုရင်များ၏ အမြင်တွင် တန်းတူရည်တူဟု သတ်မှတ်ခံရမည် ဖြစ်သည်။
ယခုအခါ ကုချင်းရွဲ့၏ဘိုးဘေးသည် အင်မော်တယ်ဘုရင်အဆင့်သို့ပင် မရောက်သေးချေ။ အကယ်၍ သူ အမှန်တကယ် အင်မော်တယ်ဘုရင် ဖြစ်လာလျှင်တောင် အများဆုံးအနေဖြင့် အခြား အင်မော်တယ်ဘုရင်များမှ သူ့ကို တာအိုရောင်းရင်းဟု ခေါ်ဆိုကာ ယဉ်ကျေးစွာ ဆက်ဆံကြမည်သာ ဖြစ်သည်။
ယခုကဲ့သို့ ' အရှင်သခင် ' ဟု ခေါ်ဆိုသည့် အခြေအနေမျိုး မည်သို့ ဖြစ်နိုင်မည်နည်း။
ဤသည်မှာ လက်အောက်ငယ်သားမှ အထက်လူကြီးကို ရင်ဆိုင်ရချိန်တွင်သာ အသုံးပြုသော ခေါ်ဝေါ်မှုတစ်ခု ဖြစ်လေသည်။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့ မသိသည်မှာ သဘာဝပင်။
ယွဲ့လင်အင်မော်တယ်ဘုရင်မှ ကုချန်အပေါ် ဤမျှ ရိုသေလေးစားရခြင်းမှာ ကုချန်သည် သူ့အား အကျပ်အတည်းမှ လွတ်မြောက်အောင် ကူညီပေးခဲ့၍ အင်မော်တယ်ဘုရင် နှစ်ပါးကို သတ်ဖြတ်ခဲ့ရာ ၎င်းတို့ထဲမှ တစ်ပါးမှာ အင်မော်တယ်ဘုရင် ဘီလူးကြီး တစ်ပါးဖြစ်နေသောကြောင့်ပင်။
ယွဲ့လင်အင်မော်တယ်ဘုရင်မှ ကုချန်အား ရိုသေလေးစားရခြင်းမှာ သူတို့ရရှိထားသော သဘောတူညီချက်ကြောင့်ဟုဆိုလျှင် တစ်စိတ်တစ်ပိုင်းသာ မှန်သည်ဟု ဆိုနိုင်ပေသည်။
စစ်မှန်သော အကြောင်းရင်းမှာ အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည့် ကုချန်၏ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းအားကြောင့်သာ ဖြစ်၏။
ထိုသူသည် အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါး ဖြစ်သော ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကိုပင် ပြတ်ပြတ်သားသား ဖိနှိပ်သတ်ဖြတ်နိုင်ခဲ့၏။ ဤကဲ့သို့သော တည်ရှိမှုကို ' အရှင်သခင် ' ဟု ခေါ်ဆိုရခြင်းအပေါ် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် အနည်းငယ်မျှပင် မလိုလားသည့်စိတ် မရှိခဲ့ချေ။
အကယ်၍ ကုချန်သာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို မပိုင်ဆိုင်ထားပါက ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်ကို ရင်ဆိုင်ရချိန်တွင် ဤမျှ ရိုသေလေးစားမည် မဟုတ်ဘဲ သူ၏ ညွှန်ကြားချက်များကိုပင် လျစ်လျူရှုကောင်း ရှုနိုင်ပေသည်။
ဘယ်လိုပဲဖြစ်ပါစေ မင်းရဲ့ စွမ်းအားက ငါ့လောက်မှ မကောင်းတာ... ငါ့ကို အမြဲတမ်း အမိန့်ပေးနိုင်မယ်လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။
အဆုံးစွန်ပြောရလျှင် စွမ်းအားသည်သာ အရာအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်လေသည်။
" အရှင်သခင်... သင့်တော်တဲ့ ကောင်းချီးမင်္ဂလာ နယ်မြေတစ်ခုကို ကျွန်မ ပြင်ဆင်စီစဉ်ထားပြီးပါပြီ... အထက်ကောင်းကင်တားမြစ်နယ်မြေကို အဲဒီကို ပြောင်းရွှေ့ဖို့ပဲ လိုပါတော့တယ် "
ပတ်ဝန်းကျင်မှ အံ့အားသင့်ကာ ထိတ်လန့်နေသော အကြည့်များကို လျစ်လျူရှုလျက် ယွဲ့လင်အင်မော်တယ်ဘုရင်၏ အကြည့်သည် ကုချန်အပေါ်၌သာ စူးစိုက်နေ၍ သူ၏အသံမှာလည်း ရှင်းလင်းကာ အေးစက်နေ၏။
" အင်း "
ကုချန်မှ ခေါင်းညိတ်လိုက်ပြီးနောက် ညွှန်ကြားလိုက်၏။
" အရာအားလုံးကို စီစဉ်ဖို့ မင်းကိုပဲ လွှဲထားလိုက်မယ် "
ထိုသို့ပြောပြီးနောက် ကုချန်သည် အထက်ကောင်းကင်တားမြစ်နယ်မြေအပေါ် ထိန်းချုပ်ထားမှုကို လွှတ်ပေးလိုက်ကာ ယွဲ့လင်အင်မော်တယ်ဘုရင်ထံ လွှဲပြောင်းပေးလိုက်ပြီး သူကိုယ်တိုင်မှာမူ အထက်ကောင်းကင်ပင်မခန်းမဆောင်သို့ ပြန်သွားကာ သူ၏ နားလည်သဘောပေါက်မှုနှင့် ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်လေသည်။
ယွဲ့လင်အင်မော်တယ်ဘုရင်သည် အထက်ကောင်းကင်တားမြစ်နယ်မြေကို သူ ပြင်ဆင်ထားပြီးသော နေရာဆီသို့ ရွှေ့ပြောင်းနေစဉ် အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်းရှိ လူတိုင်းမှ သူ့ကို အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရ၏။
မည်သို့ပင်ဆိုစေ ဤသူများသည် အရှင်သခင်၏ မျိုးနွယ်စုဝင်များ ဖြစ်သည်ကို တွေးမိသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်၏ မျက်နှာထားမှာ အနည်းငယ် ပျော့ပျောင်းသွား၍ ညင်သာစွာ ပြောဆိုလိုက်၏။
" ကျွန်မကို ယွဲ့လင်အင်မော်တယ်ဘုရင်လို့ ခေါ်နိုင်ပါတယ် "
ယွဲ့လင်အင်မော်တယ်ဘုရင်?
ဤအချိန်ရောက်မှသာ ကုချင်းရွဲ့နှင့် အခြားသူများသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ အစစ်အမှန် နာမည်ကို သိရှိသွားကြတော့သည်။
" ရှင်နဲ့ ဘိုးဘေးက..... "
ကုချင်းရွဲ့သည် လူ့ပြည်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ရှင်းလင်းအေးစက်နေသော ယွဲ့လင်အင်မော်တယ်ဘုရင်ကို ကြည့်လျက် မနေနိုင်စွာ မေးမြန်းချင်သွားသော်ငြား ဤသည်မှာ ယွဲ့လင်အင်မော်တယ်ဘုရင်နှင့် ဘိုးဘေးတို့ကြားရှိ လျှို့ဝှက်ချက်တစ်ခု ဖြစ်ပုံရရာ သူ မဆင်မခြင် မေးမြန်းရန် မသင့်တော်ဟု ခံစားလိုက်ရသဖြင့် သူ၏စကားကို အမြန် ရပ်တန့်လိုက်လေသည်။
သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချင်းရွဲ့၏ စကားများထဲမှ မပြောဘဲ ချန်ထားခဲ့သော အဓိပ္ပာယ်ကို သိလိုက်၏။
ယွဲ့လင်အင်မော်တယ်ဘုရင်သည်လည်း ကုချန်နှင့် သူ၏ ဆက်ဆံရေးအကြောင်း ဖုံးကွယ်ထားစရာ ဘာမှမရှိဟု ခံစားရသည်။
ထို့ကြောင့် ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် အခြားသူများ၏ တုံ့ဆိုင်းကာ မေးခွန်းထုတ်နေသော အကြည့်များကို ရင်ဆိုင်လျက် ယွဲ့လင်အင်မော်တယ်ဘုရင်သည် တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။
" အရှင်သခင်က ကျွန်မရဲ့ အသက်ကို တစ်ခါ ကယ်တင်ခဲ့ဖူးတယ်... အခု အရှင်သခင်က ရှင်တို့ကို အင်မော်တယ်နယ်မြေမှာ သေချာ နေရာချထားပေးဖို့ ညွှန်ကြားထားတော့ ကျွန်မက ကျိန်းသေ နာခံရမှာပေါ့ "
ဘိုးဘေးက ဒီအမျိုးသမီး အင်မော်တယ်ဘုရင်ရဲ့ အသက်ကို တစ်ခါ ကယ်တင်ခဲ့ဖူးတယ်?!
ယွဲ့လင်အင်မော်တယ်ဘုရင်၏ စကားများသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်ခု ကျသွားသကဲ့သို့ အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်းရှိ လူတိုင်း၏ ရင်ထဲတွင် ကြီးမားသော လှုပ်ခတ်မှုကြီးတစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။
ဒါပေမယ့် မဟုတ်သေးပါဘူး... ဘိုးဘေးက အောက်ကမ္ဘာမှာ အမြဲတမ်း နေခဲ့တာ ရှင်းနေတာပဲ။ ဘယ်တုန်းက အင်မော်တယ်နယ်မြေက အင်မော်တယ်ဘုရင် တစ်ပါးရဲ့ အသက်ကို ကယ်ခဲ့တာလဲ။
ထို့အပြင် အမျိုးသမီး အင်မော်တယ်ဘုရင်မှာ အင်မော်တယ်ဘုရင် တစ်ပါးပင် ဖြစ်နေပြီဖြစ်ရာ ဘိုးဘေးမှ သူ့ကို မည်သို့ ကယ်တင်ခဲ့သနည်း။
ယွဲ့လင်အင်မော်တယ်ဘုရင်၏ စကားများသည် ကုချင်းရွဲ့နှင့် အခြားသူများ၏ ရင်ထဲရှိ သံသယများကို ရှင်းလင်းမပေးနိုင်ခဲ့သည့်အပြင် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်အား တစ်ကြိမ် မေးမြန်းပြီးပြီဖြစ်ရာ လူတိုင်းသည် ဆက်လက်၍ အတင်းအကျပ် မမေးမြန်းရဲတော့ဘဲ သူတို့၏ရင်ထဲတွင်သာ တိတ်တဆိတ် စိတ်ကူးယဉ်ကာ ခန့်မှန်းနေကြရတော့သည်။
ကုချင်းရွဲ့နှင့် အခြားသူများ၏ အမြင်တွင် ဤအမျိုးသမီး အင်မော်တယ်ဘုရင်သည် အတိတ်က အားနည်းနေချိန်တွင် အခက်အခဲ တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရ၍ ဘိုးဘေးမှ သူ့ကို ကယ်တင်ခဲ့သဖြင့် ဘိုးဘေးအပေါ် ကျေးဇူးတင်ရှိနေခြင်း ဖြစ်ရမည်။
ယခု ဘိုးဘေးမှ အထက်ကောင်းကင်တားမြစ်နယ်မြေကို ဦးဆောင်၍ အင်မော်တယ်နယ်မြေသို့ တက်လှမ်းလာသောအခါ ထိုကျေးဇူးကို အသုံးပြု၍ ဤအမျိုးသမီး အင်မော်တယ်ဘုရင်ကို ကူညီပေးရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပေမည်။
ထိုသို့ဆိုလျှင် အရာအားလုံးမှာ ယုတ္တိရှိသွားလေသည်။
လူတိုင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှာလည်း အနည်းငယ် ပျင်းရိသွားသဖြင့် ကောင်းကင်သို့ ပျံတက်ကာ ကောင်းကင်ယံထဲတွင် ပျောက်ကွယ်သွားလျက် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ ခရီးစဉ်ကို ဆက်လက် ထိန်းချုပ်နေလိုက်၏။
ယွဲ့လင်အင်မော်တယ်ဘုရင် ထွက်သွားသည်ကို မြင်သောအခါ ကုချင်းရွဲ့နှင့် အခြားသူများသည် လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖယ်ရှားခံလိုက်ရသကဲ့သို့ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြတော့သည်။
" ဒီအမျိုးသမီး အင်မော်တယ်ဘုရင်က တကယ်ကို သစ္စာရှိတာပဲ... အတိတ်တုန်းက ဘိုးဘေးက သူ့ကို ကူညီခဲ့ဖူးတော့ အခု သူ အင်မော်တယ်ဘုရင် နေရာကို ရောက်နေပြီဆိုပေမယ့် ဘိုးဘေးရဲ့ အတိတ်က အကူအညီကို မမေ့ဘဲ ကျေးဇူးလာဆပ်တာကိုး "
ကုချင်းရွဲ့မှ ခံစားချက်အပြည့်ဖြင့် ပြောဆိုလိုက်၏။
" ဟုတ်တယ်... ခုလေးတင် ကျွန်မ တော်တော်လေး လန့်သွားတာ... ဒီအမျိုးသမီး အင်မော်တယ်ဘုရင်က ဆရာ့ရဲ့ လက်အောက်ငယ်သားလို့တောင် ထင်လိုက်မိသေးတယ် "
ဖူဝမ်မှ သူ၏လျှာလေးထုတ်ကာ ပြောဆိုလိုက်သည်။
" အဲဒါကတော့ အရမ်း စိတ်ကူးယဉ်ဆန်လွန်းသွားပါပြီ... ဆရာ... ဘိုးဘေးကြီးမှာ အင်မော်တယ်ဘုရင်အဆင့် လက်အောက်ငယ်သား ရှိတယ်တဲ့လား... အဲဒီလိုမျိုး အိပ်မက်တောင် မမက်ရဲပါဘူး "
ယဲ့ယင်းယင်းသည် သူ၏ရင်ထဲရှိ တုန်လှုပ်မှုကို ငြိမ်သက်စေလျက် ပြုံးကာ ပြောဆိုလိုက်၏။
ဤယွဲ့လင်အင်မော်တယ်ဘုရင် မရောက်လာမီလေးတွင် လူတိုင်းသည် ရင်ထဲ၌ ဖိနှိပ်ခံရသလို ခံစားခဲ့ကြရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသူသည် ဘိုးဘေး၏ လက်အောက်ငယ်သား ဖြစ်သွားသည်တဲ့လော။
လောကကြီးမှာ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ ကိစ္စမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ!
ဒီရှင်းပြချက်က ပိုပြီး ယုံကြည်ရပါတယ်။ ဘိုးဘေးက ယွဲ့လင်အင်မော်တယ်ဘုရင်ကို တစ်ခါ ကယ်တင်ခဲ့ဖူးပြီး သူက ကျေးဇူးဆပ်တဲ့အနေနဲ့ လာကူညီတာ ဖြစ်ရမယ်။
ထိုစဉ်က ယွဲ့လင်အင်မော်တယ်ဘုရင်ကို ဘိုးဘေး မည်သို့ ကယ်တင်ခဲ့သည်ကို မည်သူမျှ မသိကြသော်လည်း ယွဲ့လင်အင်မော်တယ်ဘုရင်မှာ ကျေးဇူးသိတတ်၍ ကျေးဇူးကန်းမည့်သူ မဟုတ်သည်က ကောင်းလေသည်။
လူတိုင်း၏ တုံ့ပြန်မှုများကို ကြည့်ကာ ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ တိတ်ဆိတ်နေ၏။
ကိစ္စတွေက တကယ်ပဲ လူတိုင်း စိတ်ကူးယဉ်ထားသလို ရိုးရှင်းပါ့မလား။
သူကတော့ အဲဒီလို မထင်ဘူး။
အဘယ်ကြောင့်ဆိုသော် ယွဲ့လင်အင်မော်တယ်ဘုရင်သည် အစမှအဆုံးတိုင် ကုချန်ကို ရင်ဆိုင်ရချိန်တွင် ရိုသေလေးစား၍ နာခံသည့် သဘောထားကိုပင် အမှတ်မထင် ပြသခဲ့သည်ကို သူ သတိထားမိသောကြောင့်ပင်။
ထိုအရာသည် အထက်လူကြီး သို့မဟုတ် မိမိ၏ သေရေးရှင်ရေးကို ထိန်းချုပ်နိုင်သော စွမ်းအားကြီးသူ တစ်ဦးကို ရင်ဆိုင်ရချိန်တွင် ပြသရမည့် သဘောထားမျိုးသာ ဖြစ်နိုင်လေသည်။
အသက်ကယ်ကျေးဇူးကြောင့် ရှိလာရမည့် သဘောထားမျိုးတော့ လုံးဝ မဟုတ်နိုင်ချေ။
အခန်း ( ၄၄၈ ) - အမြင့်မြတ်ဆုံး တည်ရှိမှု၏ ဝင်စားခြင်း၊ ခိုင်မာစွာ ခြေကုပ်ယူခြင်းနှင့် နတ်ဆိုးဧကရာဇ်ကြီး၏ ဖိတ်ခေါ်ချက်
အသက်ကယ်ကျေးဇူးကြောင့်ဆိုလျှင် ထိုအမျိုးသမီး အင်မော်တယ်ဘုရင်သည် ကျေးဇူးဆပ်ကောင်း ဆပ်နိုင်သော်လည်း ဤသို့ ကျိုးနွံနာခံသည့် သဘောထားမျိုးကိုမူ မည်သည့်အခါမျှ ပြသမည် မဟုတ်ချေ။
ကုချင်းရွဲ့၏ ဘိုးဘေးကို ရင်ဆိုင်ရချိန်တွင် ဤအမျိုးသမီး အင်မော်တယ်ဘုရင်က ဤကဲ့သို့သော သဘောထားမျိုးကို ပြသရခြင်း၏ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကုချင်းရွဲ့၏ ဘိုးဘေးသည် ဤအမျိုးသမီး အင်မော်တယ်ဘုရင်ထက်ပင် ပို၍ စွမ်းအားကြီးမားနေသောကြောင့်သာ ဖြစ်ရမည်။
ထို့အပြင် အများကြီး... အများကြီးကို ပို၍ စွမ်းအားကြီးမားနေခြင်း ဖြစ်သည်။
ထိုသို့သော ဖြစ်နိုင်ခြေရှိမှသာ အင်မော်တယ်ဘုရင်တစ်ပါးမှ ရင်ထဲမှလှိုက်လှဲစွာ အထင်ကြီးလေးစား၍ ကျိုးနွံနာခံမှုကို အမှန်တကယ် ပြသနိုင်မည် ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ကျေးဇူးဆပ်ရန်သက်သက်သာဆိုပါက ထိုအမျိုးသမီး အင်မော်တယ်ဘုရင်သည် ဤကဲ့သို့သော သဘောထားမျိုးကို မည်သည့်အခါမျှ ပြသမည် မဟုတ်ပေ။
အင်မော်တယ်နယ်မြေ၏ ယခင် ရှေးဟောင်း စစ်မှန်သော အင်မော်တယ်တစ်ပါး အနေဖြင့် ဤအချက်ကို ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှ ကောင်းစွာ နားလည်ထားလေသည်။
အားကြီးသူသည် အားကြီးသူကိုသာ လေးစား၏။
အားကြီးသူသည် ပို၍ အားကြီးသူကိုသာ ကျိုးနွံနာခံလေသည်။
အသက်ကယ်ကျေးဇူး? ကျေးဇူးဆပ်လိုက်လျှင် လုံလောက်လေပြီ။ အဘယ်ကြောင့် ဤမျှ ကျိုးနွံနာခံနေရမည်နည်း။
ကုချင်းရွဲ့ရဲ့ ဘိုးဘေးက အင်မော်တယ်ဘုရင် တစ်ပါးထက်တောင် ပိုစွမ်းအားကြီးတယ်?
ဤအချက်က ကောင်းကင်နတ်သမီး ရှောင်းယွဲ့အတွက် မယုံနိုင်ဆုံးနှင့် လက်ခံနိုင်စရာ အခက်ဆုံးပင် ဖြစ်နေတော့သည်။
ဒီကောင်မလေး ကုချင်းရွဲ့ရဲ့ ဘိုးဘေးက အသက်ဘယ်နှသောင်း ရှိပြီလဲ။
အများဆုံးမှ နှစ်တစ်သိန်းလောက်ပဲ ရှိဦးမှာ။
ဒီအမျိုးသမီး အင်မော်တယ်ဘုရင်က ကုချင်းရွဲ့ရဲ့ ဘိုးဘေးထက် အများကြီး... အများကြီး ပိုအသက်ကြီးတာ သေချာတယ်။
နှစ်တစ်သိန်းတည်းနဲ့ အင်မော်တယ်ဘုရင် တစ်ပါးကိုတောင် အရှုံးပေးလာစေနိုင်တဲ့ အင်မော်တယ်ဘုရင်အဆင့်ထက် သာလွန်တဲ့အထိ ကျင့်ကြံနိုင်တာ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒီကိစ္စကို ပါရမီရှင်ဆိုတဲ့ စကားလုံးသက်သက်နဲ့ ရှင်းပြလို့ မရတော့ဘူး။
ပါရမီရှင်တွေထဲက ပါရမီရှင်၊ ထူးချွန်သူတွေထဲက ထူးချွန်သူတွေတောင် ဒါကို လုံးဝ မစွမ်းဆောင်နိုင်ဘူးလေ!
အထူးသဖြင့် ကုချင်းရွဲ့ရဲ့ ဘိုးဘေးက အောက်ကမ္ဘာမှာပဲ အမြဲနေခဲ့တာဆိုတော့ ပိုဆိုးတာပေါ့!
သူ နားမလည်နိုင်ဘူး... လုံးဝ နားမလည်နိုင်ဘူး!
ဖြစ်နိုင်တာက.....
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အကြည့်သည် ထောင့်တစ်နေရာတွင် ရပ်နေသော ဟွမ်ကျိုအာအပေါ်သို့ ရောက်ရှိသွားကာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသကဲ့သို့ သူ၏ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေသည်။
ဟွမ်ကျိုအာ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ မည်သို့ရောက်လာခဲ့သည်ကိုလည်း သူ သိထား၏။
ထို့အပြင် ဟွမ်ကျိုအာသည် ကုချန်ကြောင့် အထက်ကောင်းကင်တားမြစ်နယ်မြေမှာ ဆက်နေရန် ရွေးချယ်ခဲ့သည်ကိုလည်း သူ သိထား၏။
ဤနှစ်တွေအတွင်း ဟွမ်ကျိုးအာ၏ တိုးတက်မှုများကိုလည်း ကောင်းကင်နတ်သမီး ရှောင်းယွဲ့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
ဟွမ်ကျိုးအာသည် အောက်ကမ္ဘာတွင် မွေးဖွားလာသော သက်ရှိတစ်ဦး လုံးဝ မဖြစ်နိုင်ကြောင်း သူ ကောင်းစွာ သိ၏။ ထိုသူသည်လည်း သူ့ကဲ့သို့ပင် အင်မော်တယ်နယ်မြေမှ အောက်ကမ္ဘာသို့ ကျဆင်းလာသူ တစ်ဦး ဖြစ်နိုင်ခြေ အများဆုံးပင်။
ထို့အပြင် အင်မော်တယ်နယ်မြေရှိ ဟွမ်ကျိုအာ၏ နောက်ခံသည် သူ့ထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးမားနိုင်ပေသည်။
သူ၏အသက် အစစ်အမှန်သည်လည်း အပြင်ပန်းတွင် မြင်ရသည်ထက် များစွာ ပိုကြီးပေလိမ့်မည်။
အင်မော်တယ်နယ်မြေမှ အောက်ကမ္ဘာသို့ ကျဆင်းလာသော ဤမျှ ရှေးကျသည့် တည်ရှိမှုတစ်ခုမှာ ကုချန်ကြောင့် အထက်ကောင်းကင်တားမြစ်နယ်မြေတွင် ဆက်လက်နေထိုင်နေ၏။
ဤသည်မှာ အစကတည်းက ယုတ္တိမရှိချေ။
တစ်နည်းပဲ ရှိတယ်။
ကုချင်းရွဲ့ရဲ့ ဘိုးဘေးကလည်း အင်မော်တယ်နယ်မြေက အမြင့်မြတ်ဆုံး တည်ရှိမှုတစ်ပါး ဝင်စားတာပဲ ဖြစ်ရမယ်!
ဤအတွေး သူ၏စိတ်ထဲတွင် ပေါ်လာသောအခါ ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် သူ၏စိတ်ကို ဒုက္ခပေးနေသော သံသယများအားလုံး ချက်ချင်း ပြေလည်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
" ဒါကြောင့်ကိုး..... "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ လှပသော မျက်လုံးများထဲတွင် အံ့သြမှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။
ကုချင်းရွဲ့ရဲ့ ဘိုးဘေးက နှစ်ကိုးသောင်းတည်းနဲ့ ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်ကို ရောက်ရှိခဲ့ပြီး အင်မော်တယ်အရှင် တစ်ပါးကိုတောင် သတ်ဖြတ်နိုင်ခဲ့တာ မဆန်းတော့ပါဘူး။
အင်မော်တယ်နယ်မြေကနေ အောက်ကမ္ဘာကို ကျဆင်းလာတဲ့ ဟွမ်ကျိုအာတောင် ကုချန်ဘေးမှာ ဆက်နေချင်နေတာ မဆန်းတော့ဘူး။
ဒီအမျိုးသမီး အင်မော်တယ်ဘုရင်က ကုချန်ကို ရင်ဆိုင်ရချိန်မှာ ဒီလောက်တောင် ကျိုးနွံနာခံနေတာ မဆန်းတော့ပါဘူး။
တကယ်တော့ ကုချင်းရွဲ့ရဲ့ ဘိုးဘေးက အင်မော်တယ်နယ်မြေက အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ပါး ဝင်စားတာ ဖြစ်နေတာကိုး!
ဒါဆိုရင်တော့ ယုတ္တိရှိသွားပြီ!
စစ်မှန်သော အင်မော်တယ်အဆင့် တည်ရှိမှုများသည် ကောင်းကင်နှင့်အမျှ သက်တမ်းရှည်ကြကာ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဘုရင်များထက် ပို၍ စွမ်းအားကြီးမားသော တည်ရှိမှုများဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
ယုတ္တိရှိရှိဆိုရလျှင် ထိုသို့သော တည်ရှိမှုများသည် မသေဆုံးသင့်ဘဲ ဝင်စားခြင်း ဆိုသည်မှာလည်း ကျိန်းသေ ရှိမည်မဟုတ်ပေ။
သို့သော် ရှေးဟောင်းခေတ်ကာလက အင်မော်တယ်နှင့် နတ်ဆိုး နယ်မြေများကြားတွင် လွန်စွာ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့၍ အဆုံးမဲ့ တာအိုများအားလုံးကို ထိခိုက်စေခဲ့ကာ အင်မော်တယ်ဘုရင်များပင် အဆက်မပြတ် ကျဆုံးခဲ့ကြရကြောင်း ကောင်းကင်နတ်သမီး ရှောင်းယွဲ့ သိထားလေသည်။
အင်မော်တယ်ဘုရင်အဆင့်ထက် သာလွန်သော ကြီးမြတ်သည့် တည်ရှိမှုများပင်လျှင် ထိုစစ်ပွဲကြောင့် ကျဆုံးသွားခဲ့ရသည်ဟု ဆိုကြသည်။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် သူ၏ အတိတ်မှတ်ဉာဏ်များကို အပြည့်အဝ ပြန်လည်မရရှိသေးသော်လည်း ထိုရှေးဟောင်း အင်မော်တယ်နှင့် နတ်ဆိုး စစ်ပွဲအတွင်း သူလည်း ဤပြင်းထန်သော ဒဏ်ရာကို ရရှိကာ အောက်ကမ္ဘာသို့ ကျဆင်းလာခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခပ်ရေးရေး ခံစားမိလေသည်။
ကုချင်းရွဲ့ရဲ့ ဘိုးဘေးကလည်း ဒီလိုပဲ ဖြစ်ရမယ်။
အင်မော်တယ်ဘုရင်အဆင့်ထက် သာလွန်တဲ့ တည်ရှိမှုတစ်ခုမို့လို့ အဲဒီ အမျိုးသမီး အင်မော်တယ်ဘုရင်က သူ့ကို ဒီလောက်တောင် ကျိုးနွံနာခံနေတာ မဆန်းတော့ပါဘူး။ သူက ကုချင်းရွဲ့ ဘိုးဘေးရဲ့ အထောက်အထား အစစ်အမှန် ကို ကြိုသိနေလို့ ဖြစ်မယ်!
ဤအရာအားလုံးကို နားလည်သွားသောအခါ ကောင်းကင်နတ်သမီး ရှောင်းယွဲ့တွင် နောက်ဆုံး၌ မည်သည့် သံသယမျှ မရှိတော့ချေ။
သို့သော် ဤအရာများကို ကုချင်းရွဲ့နှင့် အခြားသူများအား ရှင်းပြရန် သူ ရည်ရွယ်ချက် မရှိပေ။
ကုချန်ကိုယ်တိုင်ပင်လျှင် ဤကိစ္စကို မထုတ်ဖော်သေးမှတော့ ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည်လည်း ဘာမှပိုပြောမည် မဟုတ်ချေ။
သို့သော် ကုချန်ဆိုသည့် ' ကျောထောက်နောက်ခံကြီး ' ကို သေချာပေါက် ဆုပ်ကိုင်ထားရမည်ဟု သူ၏ရင်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်လေသည်။
အင်မော်တယ်ဘုရင်အဆင့်ထက် သာလွန်တဲ့ ကြီးမြတ်တဲ့ တည်ရှိမှု တစ်ပါး?!
ပုံမှန်အားဖြင့် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများပင်လျှင် ထိုကဲ့သို့သော တည်ရှိမှုမျိုးနှင့် တွေ့ဆုံရန် ခက်ခဲလှသည်။
ယခု သူ့တွင် ဤအခွင့်အရေး ရရှိနေပြီဖြစ်ရာ ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် သေချာပေါက် အလွယ်တကူ လက်လွှတ်မည် မဟုတ်ချေ။
အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်းရှိ လူတိုင်း... ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြစဉ်မှာပင်.....
ယွဲ့လင်အင်မော်တယ်ဘုရင်သည် အထက်ကောင်းကင်တားမြစ်နယ်မြေကို မောင်းနှင်ကာ လဝိညာဉ် ကောင်းကင်ဘုံကို ဖြတ်ကျော်၍ အထက်ကောင်းကင်တားမြစ်နယ်မြေအတွက် သူ ပြင်ဆင်ထားသော ကောင်းချီးမင်္ဂလာ နယ်မြေသို့ ရောက်ရှိလာခဲ့လေပြီ။
ဤနေရာသည် လဝိညာဉ် ကောင်းကင်ဘုံ၏ အဓိက အချက်အချာနေရာဖြစ်ပြီး ယွဲ့လင်အင်မော်တယ်ဘုရင်၏ လနန်းတော် တည်ရှိခဲ့ဖူးသော နေရာလည်း ဖြစ်သည်။ သို့သော် အထက်ကောင်းကင်တားမြစ်နယ်မြေ ရောက်ရှိလာမှုကို ကြိုဆိုရန်အတွက် သူသည် လနန်းတော်ကိုပင် ဘေးသို့ ရွှေ့လိုက်ကာ အကောင်းဆုံး နေရာကို အထက်ကောင်းကင်တားမြစ်နယ်မြေအား ပေးအပ်ခဲ့၏။ ဤသည်က ကုချန်၏ ညွှန်ကြားချက်များအပေါ် သူ မည်မျှ အလေးထားကြောင်း ပြသနေလေသည်။
အထက်ကောင်းကင်တားမြစ်နယ်မြေကို ဤနေရာသို့ ပြောင်းရွှေ့လာသောအခါ ကောင်းကင်နှင့်မြေကြီးကြားရှိ အင်မော်တယ် ဝိညာဉ်ချီများမှာ အဆင့်ပေါင်းများစွာ ပိုမို ထူထပ်လာကြောင်း အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်းရှိ လူတိုင်း ရှင်းလင်းစွာ ခံစားလိုက်ရ၏။
ထိုမျှမက ကောင်းကင်နှင့်မြေကြီးရှိ အဆုံးမဲ့ တာအိုများသည် သေချာ နားလည်သဘောပေါက်ရန်ပင် မလိုဘဲ အလွယ်တကူ ရရှိနိုင်သကဲ့သို့ မယုံနိုင်လောက်အောင် ရှင်းလင်းလာခဲ့သည်။
" တကယ့်ကို အမြင့်မြတ်ဆုံး ကောင်းချီးမင်္ဂလာ နယ်မြေပဲ! "
ကုတောက်လင်းသည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ သူတော်စင်အဆင့်၌သာ ရှိသေးသော်လည်း ခဏတာမျှ အင်မော်တယ်အဖြစ် တက်လှမ်းသွားသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားလေသည်။
ဤနေရာရှိ ဝိညာဉ်ချီများမှာ အလွန်အမင်း ထူထပ်လွန်းလှ၏။ အင်မော်တယ် ဝိညာဉ်ချီများသည် ထူထပ်သိပ်သည်းနေ၍ နို့နှစ်ရောင် အလင်းမိုးစက်များအဖြစ် ပြောင်းလဲလျက် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ နေရာအနှံ့သို့ မိုးရွာချသကဲ့သို့ ကျဆင်းလာကာ အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်းရှိ အပင်များအားလုံးကို အာဟာရ ဖြည့်တင်းပေးနေလေသည်။
အင်မော်တယ် နတ်ဆေးပင်များပင်လျှင် ခမ်းခြောက်နေသော မြေပြင်မှ မိုးရေကို ရရှိသွားသကဲ့သို့ ဤကောင်းကင်ဘုံ၏ ဆုလာဘ်ကို ကြိုဆိုရန် သူတို့၏အကိုင်းအခက်များကို စိတ်လှုပ်ရှားစွာ ဆန့်ထုတ်နေကြ၏။
မူလက အဆုံးမဲ့ကမ္ဘာတွင် ရှိခဲ့စဉ်ကထက် ဤကောင်းချီးမင်္ဂလာ နယ်မြေ၏ အရည်အသွေးသည် အဆပေါင်း ဒါဇင်ချီ၊ ရာချီ၍ ပိုမို မြင့်မားကြောင်း ထင်ရှားလှလေသည်။
" ဘုန်း...! "
တိုတောင်းသော ဟိန်းဟောက်သံတစ်ခုနှင့်အတူ အထက်ကောင်းကင်တားမြစ်နယ်မြေသည် နောက်ဆုံး၌ လဝိညာဉ်ကောင်းကင်ဘုံ၏ အဓိက အချက်အချာနေရာတွင် လုံးဝ ရပ်တန့်သွားတော့၏။
၎င်း၏ဘေးတွင် ယွဲ့လင်အင်မော်တယ်ဘုရင်၏ လနန်းတော်သည် ပူပြင်းသော နေမင်းကြီးကို အဖော်ပြုပေးနေသည့် တောက်ပသော လမင်းကြီးကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ မျောလွင့်နေလေသည်။
ကုချန်သည် ဤအရာအားလုံးကို ကျေနပ်စွာ ကြည့်လိုက်၏။ ယခုမှစ၍ အထက်ကောင်းကင်တားမြစ်နယ်မြေသည် အင်မော်တယ်နယ်မြေတွင် အမှန်တကယ် အခြေချနိုင်ပြီဟု ဆိုနိုင်ပေသည်။
ထို့နောက် ကုချန်သည် မူလက အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်းရှိ လူအားလုံးကို ခေါ်ယူကာ အားပေးစကား အနည်းငယ် ပြောရန် ရည်ရွယ်ထားခဲ့၏။
သို့သော် ရုတ်တရက် သူ၏မျက်ခုံးများ အနည်းငယ် တွန့်ကွေ့သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ဝေးကွာလှသော နတ်ဆိုးနယ်မြေရှိ သူ၏ဒုတိယကိုယ်ပွားသည် သတင်းတစ်ခုကို ရုတ်တရက် ပေးပို့လာကာ ထိုသတင်းမှာ သူ့အား မယုံနိုင်လောက်အောင် ခံစားရစေသောကြောင့်ပင်!
တစ်ချိန်က သူ့ကို အဆုံးမဲ့ ကောင်းကင်အရှင်သခင် ဆိုသည့် ဘွဲ့ကို ချီးမြှင့်ခဲ့သော နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်အား အသိပေးရန် အရေးကြီးသော ကိစ္စများရှိသဖြင့် ထုံထျန်း နတ်ဆိုးတောင်သို့ လာရောက်ရန် ထိုလိပ်အိုကြီးကို စေလွှတ်ကာ ရုတ်တရက် သတင်းစကား ပါးလိုက်သောကြောင့် ဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကြီးက သူ့ကို ရုတ်တရက် ဆင့်ခေါ်ပြီး အသိပေးစရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိတယ်လို့ ပြောတယ်?
သူပြောတဲ့ ဒီအရေးကြီးတဲ့ ကိစ္စတွေဆိုတာ ဘာတွေများလဲ။