အခန်း (၁၅၉-၁၆၀)
Vol. 14 Ch. 159-160
ထာဝရသိုင်းတာအိုအရှင်
အခန်း (၁၅၉) - ဆုတ်ခွာခြင်း
ဘာသာပြန် - အားသစ်
လှပသောပူဖောင်းများမှာ မြင်သူအပေါင်းတို့ကို ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိပြီး အိပ်မက်ဆန်လှသည်။ လူအများသည် သင်းခွေချပ်သားရဲ ၆ ကောင်ကို ရစ်ပတ်ထားသော ပူဖောင်း ၆ ခုကို မှင်သက်ငေးမောကြည့်နေမိကြသည်။ သဘာဝအတိုင်းဖြစ်ပေါ်လာသကဲ့သို့ပင် မည်သူမျှ ထူးထူးခြားခြား မခံစားမိခဲ့ကြပေ။
ထိုဟင်းလင်းပြင်ပူဖောင်းများမှာလည်း ထင်ယောင်ထင်မှားဖြစ်စေသော အာနိသင်ရှိပုံရသည်။ လင်းဖုန်း ပထမဆုံးအကြိမ် ကြယ်တာရာပူဖောင်းကို မြင်တွေ့ခဲ့ရစဉ်က သူကိုယ်တိုင်ပင်လျှင် ထိုအရာ၏ ဆွဲဆောင်မှုအောက်တွင် လုံးဝနစ်မျောသွားလုနီးပါး ဖြစ်ခဲ့ဖူးသည်။
သို့သော် ပူဖောင်းများ မည်မျှပင် လှပနေစေကာမူ နောက်ဆုံးတွင် ပေါက်ကွဲလွင့်ပါးပျောက်ကွယ်သွားမည်သာ ဖြစ်သည်။
"ပြိုကွဲစေ"
လင်းဖုန်း၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခမ်းနားလှပသော ကြယ်တာရာပူဖောင်း ၆ ခုမှာ စတင်ပြိုကွဲကာ လျင်မြန်စွာ ကျုံ့ဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပူဖောင်း ၆ ခုစလုံး လုံးဝပျောက်ကွယ်သွားတော့သည်။
ပူဖောင်း ၆ ခု ပြိုကွဲသွားသည့်အချိန်တွင် ပူဖောင်းများထဲရှိ သင်းခွေချပ်သားရဲ ၆ ကောင်မှာလည်း နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ သို့သော် ထိုဖြစ်စဉ်မှာ တစ်ခဏသာ ကြာမြင့်ခဲ့ပြီး ထိုသားရဲ ၆ ကောင်မှာလည်း နောက်ထပ် အသံမထွက်နိုင်တော့ပေ။
သူတို့သည် မြေပြင်ပေါ်သို့ လွင့်စင်ပျံ့ကျဲသွားသော သွေးနှင့် အသားစများအဖြစ်သို့ လုံးဝဥဿုံ ပြောင်းလဲသွားလေပြီ။
သူတို့၏ အရေပြားများ မည်မျှပင် မာကျောနေစေကာမူ သူတို့၏ ခန္ဓာကိုယ်များ မည်မျှပင် ကြီးမားကြံ့ခိုင်နေစေကာမူ ကြယ်တာရာပူဖောင်းများ၏ ပြိုကွဲမှုရှေ့တွင် ထိုအရာများအားလုံးမှာ အသုံးမဝင်တော့ပေ။
ပူဖောင်းများ ပြိုကွဲသွားသောအခါ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံးသည် သွေးနှင့် အသားစများအဖြစ်သို့ အလုံးစုံ ပြောင်းလဲသွားရသည်။ ထိုသားရဲတို့သည် ရုန်းကန်ရန် ခုခံရန်ပင် အခွင့်အရေး မရလိုက်ကြပေ။
စစ်မြေပြင်တစ်ခုလုံးမှာ သုဿန်တစပြင်ကဲ့သို့ ရုတ်တရက် တိတ်ဆိတ်သွားသည်။ မြင်ကွင်းအားလုံး နေရာတွင်ပင် အေးခဲသွားသည့်နှယ် ကြောင်အတိတ်ဆိတ်နေသည်။
ထိုထူးခြားလှပသောပူဖောင်းများမှာ ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်း ရှိနေလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ ၎င်းမှာ အလှပဆုံးနှင့် အကြောက်မက်ဖွယ်အကောင်းဆုံးသော သတ်ဖြတ်မှုနည်းလမ်းတစ်ခုပင် ဖြစ်ပေလိမ့်မည်။
"ဝေါင်း..."
သို့သော် လင်းဖုန်း မည်မျှပင် အစွမ်းထက်နေစေကာမူ သူ၏ လက်ရှိ ကြယ်တာရာစွမ်းအားဖြင့် ကြယ်တာရာပူဖောင်း ၆ ခုကိုသာ ထိန်းသိမ်းထားနိုင်သည်။ ယခုအခါ သူ၏ ကြယ်တာရာစွမ်းအားများ ကုန်ခန်းသွားပြီဖြစ်ရာ သူ့ထံသို့ ပြေးဝင်လာနေသော သင်းခွေချပ်သားရဲ ၃ ကောင် ကျန်ရှိနေသေးသည်။
သူတို့၏ အရှိန်မှာ အလွန်တရာ မြန်ဆန်လွန်းလှသည်။ လင်းဖုန်းအနေဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။ ထိပ်တိုက် ရင်ဆိုင်ရန်သာ ရှိတော့သည်။
"တောင့်ခံထား"
ဘုန်း...
ဤသည်မှာ လုံးဝ ထိပ်တိုက် ရင်ဆိုင်မှုတစ်ခု ဖြစ်သည်။ လင်းဖုန်းသည် အကာအကွယ် ချပ်ဝတ်တန်ဆာကို အသက်သွင်းလိုက်ပြီး သူ့ ခွန်အားအားလုံးကို ခန္ဓာကိုယ်ပေါ်သို့ စုစည်းလိုက်သည်။ ဤတစ်ကြိမ် သူ တောင့်ခံမှရမည်။ ဘာပဲဖြစ်ဖြစ် သူ တောင့်ခံရမည်။
အကယ်၍ သူ မတောင့်ခံနိုင်လျှင် သေမင်းက သေချာပေါက် စောင့်ကြိုနေပေလိမ့်မည်။
သင်းခွေချပ်သားရဲ ၃ ကောင်သည် ဒေါသတရား အမုန်းတရားများဖြင့် ပြေးဝင်လာကြသည်။ ထိုသားရဲများ၏ တဟုန်ထိုးပြေးဝင်လာကြသော အရှိန်နှင့် ခွန်အားမှာ မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။ သင်းခွေချပ်သားရဲများ၏ ခွန်အားမှာ မူလကတည်းက အလွန် ကြီးမားနေပြီဖြစ်သည်။ သင်းခွေချပ်နတ်ဆိုး တစ်ကောင်စီ၏ ခွန်အားမှာ အနည်းဆုံး တန် ၈၀၀ သို့မဟုတ် တန် ၁၀၀၀ အထက်တွင် ရှိသည်။
ဤသင်းခွေချပ်နတ်ဆိုး ၃ ကောင်မှာ သိသိသာသာ ပိုမိုသန်မာကြသည်။ တစ်ကောင်စီတိုင်းတွင် အနည်းဆုံး တန် ၁၅၀၀ ခန့် ခွန်အား ရှိကြသည်။
ပြေးဝင်လာသည့် အရှိန်အဟုန်၏ ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုနှင့် ပေါင်းစပ်လိုက်လျှင် လင်းဖုန်းကိုယ်တိုင်ပင် ထိုမျှ ကြောက်စရာကောင်းသော အင်အားကို ထိပ်တိုက် ရင်ဆိုင်နိုင်မည်ဟု ယုံကြည်မှု မရှိပေ။ သို့သော် ယခုအချိန်တွင် သူ့၌ အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ ထိပ်တိုက် ရင်ဆိုင်ရန်သာ တတ်နိုင်တော့သည်။
လင်းဖုန်း ကြယ်တာရာပူဖောင်း ၆ ခုကို ထုတ်လွှတ်လိုက်ပြီးနောက် သင်းခွေချပ်နတ်ဆိုးသားရဲ ၃ ကောင်၏ တိုက်ရိုက်ဝင်တိုက်ခြင်းကို ခံလိုက်ရသည့် အချိန်နှင့် တစ်ပြိုင်နက်တည်းလောက်တွင် ရဲရင့်စွာ တိုက်ခိုက်နေကြသော သာမန်သိုင်းသမားအချို့နှင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည် လှပသောပူဖောင်း ၆ ခု၏ နောက်ကွယ်တွင် ဖုံးကွယ်နေသော ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို အံ့သြမှင်သက်နေကြဆဲပင်။ ထို့နောက် ရုတ်တရက် အသိပြန်ဝင်လာကြကာ လင်းဖုန်း အန္တရာယ်ကျရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။
"မဟုတ်ဘူး..."
"စစ်သေနာပတိချုပ်"
"မဖြစ်နိုင်ဘူး... စစ်သေနာပတိချုပ် သေမှာမဟုတ်ဘူး"
လှပသောပူဖောင်းများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျက်စီးသွားသည်။ လင်းဖုန်းသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား လွင့်ထွက်သွားသည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး အစိတ်စိတ်အမွှာမွှာကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း မသေနိုင်သော အစွမ်းသတ္တိ၏ ကုသခြင်းစွမ်းရည်က သူ့ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာများကို ချက်ချင်းပင် အရူးအမူး ကုသပေးနေသည်။
သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။ သင်းခွေချပ်နတ်ဆိုးသားရဲတစ်ကောင်က လင်းဖုန်း၏ ရင်ညွန့်ရိုးကို ရိုက်ချိုးလိုက်ပြီး ဒုတိယမြောက် သင်းခွေချပ်သားရဲက ၎င်း၏ ထက်မြက်သော လက်သည်းများဖြင့် လင်းဖုန်း၏ ခေါင်းကို ကုတ်ဆွဲလိုက်သည်။
လင်းဖုန်းသည် သူ့ခေါင်းကို ချိန်ရွယ်လာသော တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူ့ပုခုံးအောက်ပိုင်းမှာ ချက်ချင်းပင် ဆွဲဖြဲခံလိုက်ရသည်။
ဤသည်မှာ ဒုတိယမြောက် သားရဲသာ ရှိသေးသည်။ တတိယမြောက် သင်းခွေချပ်နတ်ဆိုးလည်း ကျန်ရှိနေသေးသည်။ ထိုသင်းခွေချပ်နတ်ဆိုးမှာ အလွန် ကောက်ကျစ်စဥ်းလဲလှသည်။ ထိုနတ်ဆိုးသည် လင်းဖုန်း၏ ခြေထောက်ကို ပြင်းထန်စွာ နင်းချလိုက်ရာ ချက်ချင်းပင် ရစရာမရှိအောင် ကြေမွသွားသည်။
နာကျင်မှု...။ အနှိုင်းမဲ့ နာကျင်မှု...။ လင်းဖုန်း၏ ခန္ဓာကိုယ်တွင် နာကျင်မှုကင်းမဲ့နေသော နေရာဟူ၍ လုံးဝ မရှိသလောက်ပင် ဖြစ်နေသည်။ သို့သော်လည်း နာကျင်မှု မည်မျှပင် ပြင်းထန်ပါစေ သူ သည်းခံရပေမည်။ လင်းဖုန်း အံတင်းတင်းကြိတ်ကာ နာကျင်မှုအားလုံးကို သည်းခံလိုက်သည်။ သူ့ခန္ဓာကိုယ်မှာလည်း နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ယင်နေသည်။ သူ မသေသေးပေ။ သို့သော် သင်းခွေချပ်သားရဲ ၃ ကောင်မှာလည်း မှဲ့တစ်ပေါက်ပင် မစွန်းဘဲ ရှိနေဆဲပင်။ သူတို့ ဆက်လက် တိုက်ခိုက်လာကြဦးမည်။
ထို့ကြောင့် လက်ရှိ လင်းဖုန်းအနေဖြင့် အစွမ်းကုန် ထွက်ပြေးရပေမည်။ သူ အရင် ထွက်ပြေးပြီး သူ့ ဒဏ်ရာများ ပြန်လည်သက်သာလာစေရန် အချိန်တစ်ခု စောင့်ဆိုင်းရမည်။
ဝှစ်...
လင်းဖုန်းသည် သူ့တစ်ကိုယ်လုံးရှိ ပြင်းထန်လှသော နာကျင်မှုကို သည်းခံကာ ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားသည်။ သူသည် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး ကောင်းကင်ယံသို့ ပျံသန်းနိုင်သည်။ သူ ကောင်းကင်ယံသို့ ပျံတက်သွားသည်နှင့် မပျံသန်းနိုင်သော ထိုသင်းခွေချပ်သားရဲများမှာ ဘာမှ မလုပ်နိုင်တော့ပေ။ မြေပြင်ပေါ်တွင် ဒေါသတကြီးဟိန်းဟောက်နေရုံသာ တတ်နိုင်တော့သည်။
"စစ်သေနာပတိချုပ် အဆင်ပြေသွားပြီ"
"ကံကောင်းလို့။ တော်သေးတာပေါ့ သူ အဆင်ပြေသွားလို့"
"အခု ငါတို့ တောင့်ခံထားရမယ်။ ပြီးရင် အစီအစဉ်တကျ ဆုတ်ခွာလို့ ရပြီ"
လင်းဖုန်း အဆင်ပြေသွားသည်ကို မြင်သောအခါ သိုင်းသမား အများအပြား သက်ပြင်းချနိုင်ခဲ့ကြသည်။ ခုနက လင်းဖုန်း၏ အခြေအနေမှာ တကယ်ကို အလွန်အမင်း အန္တရာယ်များလှသည်။ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ခြင်းပင်။
သင်းခွေချပ်သားရဲ ၃ ကောင်၏ အဆက်မပြတ် နင်းခြေခြင်းနှင့် ဝင်တိုက်ခြင်းကို ခံရပါက လင်းဖုန်း၏ မသေနိုင်သောအစွမ်းသတ္တိ မည်မျှပင် အစွမ်းထက်နေစေကာမူ ပြန်လည် နာလန်ထူနိုင်မည် မဟုတ်ပေ။
ဤအတွေ့အကြုံမှာ နဂါးကျောက်တုံးမြို့မှာထက်ပင် ပို၍ အန္တရာယ်များလှသည်။
လင်းဖုန်း ကောင်းကင်ယံသို့ ပျံတက်သွားသည်။ သူ၏ လက်ရှိအသွင်အပြင်မှာလည်း အလွန်ပင် သနားစရာကောင်းလှသည်။ လက်မောင်းတစ်ဖက်၊ ပုခုံးတစ်ဖက်နှင့် ပေါင်တစ်ဖက် ဆုံးရှုံးထားရသည်။ သူ၏ ရင်ညွန့်ရိုးမှာလည်း ချိုင့်ဝင်နေပြီး သက်ရှိလူသားတစ်ယောက် ဖြစ်နိုင်သမျှ အဆိုးရွားဆုံး အသွင်အပြင်မျိုး ဖြစ်နေသည်။
အကယ်၍ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဤမျှပြင်းထန်သော ဒဏ်ရာမျိုး ရရှိခဲ့မည်ဆိုပါက သူတို့အလောင်းများပင် အေးစက်သွားသည်မှာ ကြာနေပေလိမ့်မည်။ ရင်ညွန့်ရိုး ချိုင့်ဝင်သွားခြင်း တစ်ခုတည်းကပင် လင်းဖုန်း၏ နှလုံးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး သူ၏ နှလုံးပင် အခုန်ရပ်သွားခဲ့သည်။ ဤသည်မှာ စင်စစ် သေစေနိုင်သော ဒဏ်ရာတစ်ခုပင်။
သို့သော် လင်းဖုန်း မသေသေးပေ။ ယခုအခါ သူ၏ ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်းပင် လေ့လာနိုင်သေးသည်။
အမှန်တကယ်တော့ လင်းဖုန်းသည် မသေနိုင်သော အစွမ်းသတ္တိနှင့် ပတ်သက်၍ မရေမရာသာ နားလည်ထားသည်။ သူကိုယ်တိုင်ပင်လျှင် ထိုစွမ်းရည်အကြောင်းကို ကောင်းကောင်း မသိပေ။ ပုံမှန်အားဖြင့် နှလုံးကို ပြင်းထန်စွာ ထိုးနှက်ခံရခြင်းမှာ လုံးဝဥဿုံ အသက်ရှင်ရန် မဖြစ်နိုင်သော ဒဏ်ရာတစ်ခုပင်။ ဒါပေမဲ့...အခု သူ ဘာလို့ အဆင်ပြေနေတာလဲ။
ထိုအချိန်တွင် လင်းဖုန်း သူ့ခန္ဓာကိုယ်ကို သေသေချာချာ အာရုံခံကြည့်လိုက်ရာ သူ့ ခန္ဓာကိုယ်ထဲတွင် အသက်စွမ်းအင်များ အလျှံအပယ်ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုစွမ်းအင်များသည် သူ့ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံးကို အမြန်ဆုံး ကုသပေးနေပုံရသည်။ ဤအသက်စွမ်းအင်များမှာ သဘာဝအလျောက် ဖြစ်ပေါ်လာသကဲ့သို့ လင်းဖုန်း၏ မျိုးရိုးဗီဇ နက်ရှိုင်းသော နေရာမှ လာခြင်း ဖြစ်သည်။
"ဟုတ်တယ်... ဒါအသက်စွမ်းအင်ပဲ။ တီကောင်သားရဲ တွေမှာ အရမ်းကို အစွမ်းထက်တဲ့ အသက်စွမ်းအင်တွေ ရှိတယ်။ ပြီးတော့ ငါကလည်း တီကောင်သားရဲတွေရဲ့ အသက်စွမ်းအင်ကို ဆက်ခံထားရတာ၊ ဒါမှမဟုတ် သူတို့ထက်တောင် ပိုသန်မာနိုင်တယ်။ ကြယ်တာရာစွမ်းအားလိုပဲ... ကြယ်တာရာစွမ်းအား မကုန်ခန်းသရွေ့ သိုင်းသမားတွေ မသေနိုင်သလို ငါ့ရဲ့ အသက်စွမ်းအင်တွေ မကုန်ခန်းသရွေ့ ငါလည်း လူံးဝသေမှာမဟုတ်ဘူး"
လင်းဖုန်းသည် မသေနိုင်သောအစွမ်းသတ္တိ၏ အရင်းအမြစ်ကို မရေမရာ နားလည်သွားသည်။ ထိုစွမ်းရည်၏ အဓိကရင်းမြစ်မှာ အသက်စွမ်းအင်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အကယ်၍ အနာဂတ်တွင် မသေနိုင်သောအစွမ်းသတ္တိမှာ ဆက်လက် အားကောင်းလာပြီး သူ၏ အသက်စွမ်းအင်မှာလည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက သွေးတစ်စက်သာ ကျန်တော့လျှင်ပင် သူ ပြန်လည် ရှင်သန်နိုင်လိမ့်မည်လော။
လင်းဖုန်း မသိပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ထိုအဆင့်သို့ ရောက်ရှိရန် အလှမ်းဝေးနေသေးသည်။
စစ်မြေပြင်တွင် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ သိုင်းသမားများ အစီအစဉ်တကျ ဆုတ်ခွာနေကြသည်။ လင်းဖုန်း၏ ဒဏ်ရာများ တဖြည်းဖြည်း ပြန်လည်သက်သာလာသည်နှင့်အမျှ သူသည်လည်း တစ်ခါတစ်ရံတွင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ နောက်ထပ် သင်းခွေချပ်နတ်ဆိုးများကို မသတ်နိုင်ခဲ့သော်လည်း အရေးနိမ့်နေသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအား အခြေအနေကို ပြောင်းလဲနိုင်ရန် ကူညီပေးနိုင်ခဲ့သည်။
သိုင်းသမားများ ဆုတ်ခွာနေကြသော်လည်း စစ်မြေပြင်တွင် တစ်ဖက်သတ် အရေးနိမ့်နေခြင်းတော့ မရှိပေ။
"သွားကြစို့"
နောက်ဆုံးတွင် လင်းဖုန်းသည် ပြန်လည်ဆုတ်ခွာမှုကို အသွင်ပြောင်းနယ်ပယ် သိုင်းသမား ၂၀ နှင့်အတူ အချိန်အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးပြီးနောက် ခံတပ်မျှော်စင်ပေါ်သို့ ချက်ချင်း ပျံတက်သွားသည်။ သင်းခွေချပ်သားရဲများ မည်မျှပင် ဟိန်းဟောက်နေစေကာမူ အချည်းနှီးသာ ကျန်ရစ်ခဲ့သည်။
"ငါတို့ လောလောဆယ်တော့ ဘေးကင်းသွားပြီ"
သိုင်းသမားများစွာလည်း စိတ်သက်သာရာရကာ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ကြသည်။ ခုနက စစ်မြေပြင်မှာ အရမ်းကို ပြင်းထန်လွန်းလှသည်။ လင်းဖုန်း၏ ထူးချွန်ထက်မြက်လှသော စွမ်းဆောင်ရည်သာ တစ်တပ်တစ်အား မပါဝင်ခဲ့ပါက သူတို့ ကပ်ဘေးအန္တရာယ်တစ်ခု ကြုံတွေ့ရမည်မှာ သေချာသည်။
သို့သော် လက်ရှိသူတို့မှာ ယာယီသာ အန္တရာယ်မှ ကင်းလွတ်သွားခြင်း ဖြစ်သည်။ အကယ်၍ ထိုသင်းခွေချပ်သားရဲများ ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းလည်း အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ပေ။
သို့သော် လင်းဖုန်းတွင် ကိုယ်ပိုင် အစီအစဉ် ရှိသည်။ သူသည် ကြယ်တာရာစွမ်းအားများကို အမြန်ဆုံး ပြန်လည်ပြည့်ဖြိုးအောင် လုပ်ဆောင်ရန် စီစဉ်ထားသည်။ အချိန်တန်လျှင် သူ အောက်သို့ဆင်းပြီး သူတို့ကို ထပ်မံ တိုက်ခိုက်သတ်ဖြတ်မည် ဖြစ်သည်။ ဤသင်းခွေချပ်နတ်ဆိုးများ အဆုံးအစမရှိ ပေါ်လာနိုင်မည်ဟု သူ မယုံကြည်ပေ။
အကယ်၍ ထိုသို့ အကြိမ်အနည်းငယ် ထပ်လုပ်လိုက်ပါက ဤသင်းခွေချပ်သားရဲများ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို မည်သို့ ဆက်လက် ဝိုင်းရံနိုင်မည်နည်း။
သို့သော် လင်းဖုန်း သူ၏ ကြယ်တာရာစွမ်းအား အားလုံးကို ပြန်လည်မပြည့်ဖြိုးနိုင်မီ မြေအောက်မှ နက်ရှိုင်းသော ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုဟိန်းဟောက်သံမှာ အလွန် ခမ်းနားကြီးကျယ်ပုံရသည်။ မြေပြင်တစ်ခုလုံးမှာ ငလျင်ငယ်လေးတစ်ခု လှုပ်ခတ်သွားသည့်အလား တုန်ခါနေပုံရသည်။
ထိုအသံကို ကြားလိုက်ရသောအခါ သင်းခွေချပ်သားရဲ အားလုံးမှာ ဒီရေအလား ချက်ချင်း ဆုတ်ခွာသွားကြပြီး နောက်ဆုံးတွင် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ လုံးဝပျောက်ကွယ်သွားကြတော့သည်။
အခြေစိုက်စခန်း အပြင်ဘက်တွင် သင်းခွေချပ်သားရဲ အလောင်းများ မြောက်များစွာ ကျန်ရစ်နေခဲ့ခြင်း မရှိပါက စောစောက တိုက်ပွဲမှာ ထင်ယောင်ထင်မှားတစ်ခုသာ ဖြစ်မည်ဟု သံသယဝင်စရာပင်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၁၆၀) - အကျပ်အတည်း
ဘာသာပြန် - အားသစ်
"သူတို့ နောက်ဆုံးတော့ ဆုတ်ခွာသွားကြပြီ။ ငါထင်တာမမှားဘူးဆိုရင် ခုနက ဟိန်းဟောက်သံက မြေအောက်က သင်းခွေချပ်နတ်ဆိုးစစ်သူကြီးဆီက ဖြစ်ရမယ်။ ဟုတ်တယ်မလား"
လင်းဖုန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် တည်ကြည်နေသည်။ သင်းခွေချပ်နတ်ဆိုးစစ်သူကြီး တစ်ကောင်တည်းသာ ဤမျှများပြားလှသော သင်းခွေချပ်သားရဲများကို အပြည့်အဝ အမိန့်ပေးနိုင်စွမ်း ရှိသည်။
"ဟုတ်ပါတယ်။ ကျွန်တော် စစ်သေနာပတိချုပ် ကျိုးယွင်နဲ့အတူ မြေအောက်မှာ တိုက်ခိုက်ခဲ့တုန်းက အဲဒီ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးကို မြင်ခဲ့ဖူးတယ်။ ဒီအရှိန်အဝါက အဲဒီ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးဆီကဆိုတာ သေချာပါတယ်"
လုဝေ့၏ မျက်နှာအမူအရာမှာလည်း အလွန် တည်ကြည်နေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုသင်းခွေချပ်နတ်ဆိုးစစ်သူကြီးမှာ တိုက်ပွဲတွင် ပေါ်မလာခဲ့ပေ။ သို့မဟုတ်ပါက လင်းဖုန်းအနေဖြင့် ထိုနတ်ဆိုးစစ်သူကြီးကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
လင်းဖုန်း၏ စိုးရိမ်ပူပန်မှုကို ရိပ်မိသောအခါ လုဝေ့၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"စစ်သေနာပတိချုပ်... စိုးရိမ်စရာ မလိုပါဘူး။ အဲဒီ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးက လုံးဝနီးပါး အပြင်ထွက်မလာတတ်ပါဘူး။ အရင်တစ်ခေါက်ကတောင် သူက မြေအောက်မှာပဲ ရှိနေခဲ့တာပါ။ ကျွန်တော်တို့ကသာ သင်းခွေချပ်သားရဲတွေကို အရင်စပြီး သွားတိုက်ခဲ့တာလေ။ လုံးဝ မလွှဲသာမရှောင်သာတဲ့ အခြေအနေမျိုး မဟုတ်ရင် အဲဒီ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးက ပေါ်လာမှာ မဟုတ်ပါဘူး"
လင်းဖုန်း ခေါင်းညိတ်လိုက်သော်လည်း သူ့ရင်ထဲတွင်မူ အနည်းငယ် စိုးရိမ်နေဆဲပင်။ ယခုတစ်ကြိမ် သင်းခွေချပ်သားရဲများ၏ တိုက်ခိုက်မှုမှာ အလွန် ရုတ်တရက် ဆန်လွန်းလှသည်။ သာမန် သင်းခွေချပ်နတ်ဆိုး တစ်ကောင်အတွက်နဲ့ပဲလား။
ဒါက ထင်သလောက် မရိုးရှင်းပုံရသည်။ အဲဒီ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးက ဘာလို့ ဒီလောက် အလွယ်တကူ ကိုယ်ထင်မပြချင်ရတာလဲ။ သူက တစ်ခုခုကို ကြောက်နေတာလား၊ ဒါမှမဟုတ် တခြား အကြောင်းပြချက်များ ရှိနေတာလား။ လင်းဖုန်း သေချာမသိသော်လည်း ရန်သူအပေါ်တွင် မျှော်လင့်ချက်အလုံးစုံကို ပုံအပ်ထား၍ လုံးဝ မရနိုင်ကြောင်းကိုတော့ သူ သိထားသည်။
ထိုသင်းခွေချပ်နတ်ဆိုးစစ်သူကြီး ပေါ်လာသည်ဖြစ်စေ မပေါ်လာသည်ဖြစ်စေ သူ့အနေဖြင့် ထိုနတ်ဆိုးစစ်သူကြီးကို ခုခံနိုင်မည့် နည်းလမ်း ရှိထားရပေမည်။ သို့မဟုတ်ပါက သူတို့သည် အမြဲတစေ အလွန်အရေးနိမ့်သော အခြေအနေတွင်သာ ရှိနေရပေလိမ့်မည်။
"လုဝေ့... အခုတစ်ကြိမ် ထိခိုက်သေဆုံးမှု စာရင်းကို မြန်မြန် ပြုစုလိုက်ပါ။ ပြီးတော့ ချန်ရွှယ်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တစ်စောင် ရေးလိုက်။ တတ်နိုင်သမျှ အသေးစိတ် ဖြစ်ပါစေ။ ငါ အထက်ကို တင်ပြပေးမယ်"
"နားလည်ပါပြီ"
လုဝေ့ ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုတချို့ ရှိနေသည်။ ချန်ရွှယ်၏ ကြေမွနေသော အလောင်းမှာ အခြေစိုက်စခန်း အပြင်ဘက်တွင် ရှိနေဆဲပင်။ လောလောဆယ်တွင် သူတို့ အလောင်းများကို သွားရောက် ရှင်းလင်း၍ မရနိုင်သေးပေ။ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းပြီး သင်းခွေချပ်သားရဲများ အမှန်တကယ် ဆုတ်ခွာသွားပြီဆိုတာကို အတည်ပြုပြီးမှသာ အလောင်းများကို သွားရောက် ရှင်းလင်းရမည် ဖြစ်သည်။
ကိစ္စရပ်များကို လုဝေ့ထံ လွှဲအပ်ပြီးနောက် လင်းဖုန်း သူ့နေအိမ်သို့ ပြန်လာခဲ့သည်။
လင်းဖုန်းတွင် အစွမ်းထက်သော ပြန်လည်ကုသနိုင်စွမ်း ရှိသော်လည်း သူအလွန်ပင်ပန်းနေဆဲပင်။ ထိုမျှ ကြီးမားသော တိုက်ပွဲကြီးအပြီးတွင် အလွန်တရာ အားအင်ကုန်ခမ်းနေလေပြီ။ ထို့ကြောင့် မူလက အိပ်စက်ချိန်နည်းပါးလှသော လင်းဖုန်းသည်လည်း တစ်နေကုန် အိပ်ရာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ရောက်မှသာ လင်းဖုန်း လန်းဆန်းတက်ကြွစွာဖြင့် နိုးထလာသည်။
"အင်း... ကြယ်တာရာစွမ်းအားတွေကို အရင် ပြန်ဖြည့်ရမယ်"
လင်းဖုန်း အားအင်များ ပြန်လည်ပြည့်ဝလာပြီးနောက် ကြယ်တာရာစွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် စတင်ပြင်ဆင်လိုက်သည်။ ထို့ကြောင့် သူသည် ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကို လှည့်ပတ်လိုက်ပြီး များပြားလှသော ကြယ်စွမ်းအားများကို ဆွဲယူလိုက်ရာ သူ၏ ပတ်ဝန်းကျင်တွင် ကြယ်တာရာစွမ်းအား ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။
ကြယ်တာရာဝဲဂယက် ပေါ်လာသည်နှင့်တစ်ပြိုင်နက် လင်းဖုန်းသည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ များပြားလှသော ကြယ်စွမ်းအားများကို အရူးအမူး စုပ်ယူကာ ကြယ်တာရာစွမ်းအားမျှင်များအဖြစ်သို့ အလျင်အမြန် ပြောင်းလဲပစ်လိုက်သည်။
လင်းဖုန်းသည် တိုက်ပွဲအတွင်းတွင်လည်း ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကို လှည့်ပတ်နိုင်ပေသည်။ သို့သော်လည်း စွမ်းဆောင်ရည်မှာ အလွန် နိမ့်ကျလှသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ကျင့်စဉ်ကို အချိန်တိုင်း မထိန်းချုပ်ထားနိုင်သလို အချိန်မရွေးလည်း အနှောင့်အယှက် ပေးခံရနိုင်သည်။
ထို့ပြင် ကြယ်စွမ်းအားများမှာ အလိုအလျောက် ပြန်လည် ပြည့်ဖြိုးလာခြင်း မရှိပေ။ ထို့ကြောင့် တိုက်ပွဲအတွင်းတွင် ကုန်ဆုံးသွားသော ကြယ်တာရာစွမ်းအားများကို တပြိုင်နက်တည်း ပြန်လည်ဖြည့်တင်းရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ယခုအခါတွင်မှ လင်းဖုန်းသည် ကြယ်တာရာစွမ်းအား ပိုများခြင်း၏ အကျိုးကျေးဇူးကို ခံစားလိုက်ရသည်။ ထို့ပြင် ဟင်းလင်းပြင်ပူဖောင်း၏ စွမ်းအားမှာလည်း သူ မျှော်မှန်းထားသည်ထက် အနည်းငယ် ပိုမို သာလွန်အားကောင်းနေခဲ့သည်။
ဟင်းလင်းပြင်ပူဖောင်းမှာ အလွန် အစွမ်းထက်မည်ဟု သူ မရေမရာ ခံစားမိသော်လည်း မည်မျှအထိ အစွမ်းထက်မည်ကို သူ တိုက်ရိုက် နားလည်ထားခြင်း မရှိခဲ့ပေ။
စစ်မြေပြင်တွင် သင်းခွေချပ်နတ်ဆိုး ၉ ကောင်နှင့် ရင်ဆိုင်ရသည့် အချိန်ရောက်မှသာ လင်းဖုန်းသည် ဟင်းလင်းပြင်ပူဖောင်းကို အသုံးပြုခဲ့သည်။ ဟင်းလင်းပြင်ပူဖောင်း ၆ ခုက မျက်စိတစ်မှိတ်အတွင်းမှာပင် သင်းခွေချပ်နတ်ဆိုး ၆ ကောင်ကို သတ်ပစ်နိုင်ခဲ့သည်။
ထိုသင်းခွေချပ်နတ်ဆိုး ၆ ကောင်မှာ ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ကြပေ။ အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် နတ်ဆိုးခြောက်ကောင်စလူံး ကြယ်တာရာပူဖောင်းများ၏ ပြိုကွဲမှုကြောင့် သေဆုံးသွားခဲ့ရသည်။ ထိုသင်းခွေချပ်နတ်ဆိုး ၆ ကောင်မှာ သာမန် သင်းခွေချပ်သားရဲများ မဟုတ်ကြောင်းကို သိထားရမည်။ ၎င်းတို့မှာ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားများနှင့်ပင် ယှဉ်နိုင်လိမ့်မည်ဟု လင်းဖုန်း သံသယရှိသည်။
ထို့ပြင် သင်းခွေချပ်နတ်ဆိုးများ၏ အစွမ်းထက်ဆုံး အချက်မှာ သူတို့၏ ကျောက်တုံးကဲ့သို့ မာကျောလှသော အရေပြားပင် ဖြစ်သည်။ ကြယ်တာရာစွမ်းအား ပေါက်ကွဲမှုပင်လျှင် ထိုနတ်ဆိုးတို့၏ အရေပြားကို ဖောက်ထွင်းရန် ခက်ခဲလှသည်။
သို့သော် သင်းခွေချပ်သားရဲ၏ အစွမ်းထက်ဆုံး ခုခံမှုမှာ ဟင်းလင်းပြင်ပူဖောင်းရှေ့တွင် လူံးဝအသုံးမဝင်ခဲ့ပေ။ ဟင်းလင်းပြင်ပူဖောင်း ပြိုကွဲသွားသည်နှင့်တပြိုင်နက် သင်းခွေချပ်နတ်ဆိုးများ သွေးနှင့် အသားစများအဖြစ်သို့ ချက်ချင်း လွင့်ပါးကြေမွသွားတော့သည်။
ကံမကောင်းစွာဖြင့် လက်ရှိ လင်းဖုန်းတွင် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၂၆၀၀ သာ ရှိသည်။ အကယ်၍ သူ့၌သာ ကြယ်တာရာစွမ်းအား ပိုများခဲ့မည်ဆိုပါက ယခုကဲ့သို့ သနားစရာကောင်းသော အခြေအနေမျိုးသို့ ရောက်မည် မဟုတ်ပေ။ သူ့တွင် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၃၆၀၀ ကျော်သာ ရှိပါက တစ်ပြိုင်နက်တည်း ဟင်းလင်းပြင်ပူဖောင်း ၉ ခုကို ဖန်တီးနိုင်ပြီး ထိုသင်းခွေချပ်နတ်ဆိုး ၉ ကောင်စလုံးကို ချက်ချင်း သုတ်သင်ပစ်နိုင်ပေလိမ့်မည်။
သို့သော် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၂၆၀၀ ဆိုသည်မှာ လင်းဖုန်း၏ ကန့်သတ်ချက်သို့ ရောက်ရန် အလှမ်းဝေးနေသေးသည်။ သူသည် ကြယ်တာရာစွမ်းအားများကို ဆက်လက် စုစည်းနိုင်သေးသည်။ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်ရှိ ကြယ်တာရာစွမ်းအားမှာ ပထမအဆင့်ထက် ၁၀ ဆ ပိုများသည်ဟု တွက်ချက်မည်ဆိုပါက လင်းဖုန်း၏ ကြယ်တာရာစွမ်းအား ကန့်သတ်ချက်မှာ အနည်းဆုံး အမျှင်ပေါင်း ၅၀၀၀ ခန့် ရှိပေလိမ့်မည်။
အကယ်၍ သူ့တွင် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၅၀၀၀ ကျော်သာ ရှိမည်ဆိုပါက သင်းခွေချပ်နတ်ဆိုး တစ်ဒါဇင်ကျော် တစ်ပြိုင်နက်တည်း ရောက်လာလျှင်ပင် လင်းဖုန်း ကြောက်စရာ မလိုတော့ပေ။
အကယ်၍ လင်းဖုန်းသာ နောက်ထပ် အဆင့်တက်နိုင်ခဲ့မည်ဆိုပါက သူ၏ ကြယ်တာရာစွမ်းအားမှာ မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။ လင်းဖုန်းသည် ဤမျှ အလှမ်းဝေးသော ကိစ္စများကို မတွေးတော့ပေ။ ဤတိုက်ပွဲတွင် ဟင်းလင်းပြင်ပူဖောင်း၏ စွမ်းအားမှာ သူ မျှော်မှန်းထားသည်ထက် သာလွန်နေကြောင်း တွေ့ရှိခဲ့ရသည့်အပြင် သူ၏ မွေးရာပါ စွမ်းရည်များ အားလုံးမှာလည်း အဘက်ဘက်မှ တိုးတက်လာပုံရသည်။
သူ၏ ခွန်အားစွမ်းရည်၊ အကာအကွယ် ချပ်ဝတ်တန်ဆာ၊ ထက်မြသောဦးချို၊ သို့မဟုတ် မသေနိုင်သောအစွမ်းသတ္တိပင်ဖြစ်ပါစေ ၎င်းတို့အားလုံးမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။
ဤသည်က လင်းဖုန်းကို တွေးတောစရာ ဖြစ်စေခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာသည်နှင့်အမျှ မွေးရာပါ စွမ်းရည်များမှာလည်း ဆက်လက် တိုးတက်လာနိုင်သည်လော။ အကယ်၍ သူ ဒုတိယအကြိမ် အသက်စွမ်းအင် အသွင်ပြောင်းလဲခြင်းကို ဖြတ်ကျော်ပြီး နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်သွားပါက သူ၏ မွေးရာပါ စွမ်းရည်များမှာလည်း ၎င်းနှင့်အတူ တိုးတက်လာမည်လော။
အရင်ကဆိုလျှင် လင်းဖုန်းသည် သူ၏ ခွန်အားများ ဆက်လက် တိုးတက်လာပါက ဤမွေးရာပါ စွမ်းရည်များမှာ အနှေးနှင့်အမြန်ဆိုသလို သူ့စံနှုန်းများကို မမီတော့မည်ကို သို့မဟုတ် သူ ဒုတိယအကြိမ် အသက်စွမ်းအင် အသွင်ပြောင်းလဲခြင်းကို ဖြတ်ကျော်ပြီးပါက ဤမွေးရာပါ စွမ်းရည်များမှာ အသုံးမဝင်တော့မည်ကို စိုးရိမ်ခဲ့ဖူးသည်။
သို့သော် ယခု ကြည့်ရသည်မှာ ဤကိစ္စအတွက် သူ လုံးဝ စိုးရိမ်ရန် မလိုအပ်တော့ပုံရသည်။ သူ၏ မွေးရာပါ စွမ်းရည်များမှာလည်း တဖြည်းဖြည်းချင်း တိုးတက်လာနိုင်ပုံရသည်။
"ငါ သိပ်ပြီးမသန်မာသေးဘူးပဲ"
လင်းဖုန်းသည် ထိုသင်းခွေချပ်နတ်ဆိုးစစ်သူကြီးကို သတိရလိုက်သည်။ ထိုနတ်ဆိုးစစ်သူကြီးသည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းအတွက် ချိန်ကိုက်ဗုံးတစ်လုံးအလား အလွန်ကြီးမားလှသော ခြိမ်းခြောက်မှုကြီး တစ်ခုပင်။ သတိမမူမိပါက အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်ပေသည်။
အကယ်၍ သူ၏ ခွန်အားကို အမြန်ဆုံး မြှင့်တင်ချင်ပါက ယခု လင်းဖုန်းတွင် ဖြေရှင်းနည်းတစ်ခု ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇများကို ဆက်လက် ပေါင်းစပ်ရန်ပင်။
မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်ပြီးကတည်းက လင်းဖုန်းသည် ကြမ်းကြုတ်သားရဲများ၏ မျိုးရိုးဗီဇများကို ဆက်လက်ပေါင်းစပ်သင့်မသင့် စဉ်းစားနေခဲ့သည်။ အကယ်၍ သူသာ ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇများနှင့် ပေါင်းစပ်လိုက်ပါက အလုံးစုံစွမ်းအားကို သိသာထင်ရှားစွာ တိုးတက်လာစေမည် ဖြစ်သည်။
အသိသာဆုံး တိုးတက်မှုမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်လာခြင်းပင် ဖြစ်သည်။ ပဉ္စမမြောက် သားရဲမျိုးရိုးဗီဇကို ပေါင်းစပ်လိုက်သည်နှင့် လင်းဖုန်း၏ ခွန်အားမှာ ထပ်မံ တိုးတက်လာနိုင်သည်။ သူ့ခန္ဓာကိုယ်ကို သီးသန့် အားကိုးခြင်းဖြင့်ပင် တန် ၃၅၀ ခွန်အားသာမက တန် ၄၀၀ သို့မဟုတ် ထိုထက်မက ပိုမိုသန်မာသော ခွန်အားကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။
ဤသည်မှာ လင်းဖုန်း သူ၏ ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်းမှတစ်ဆင့် ခွန်အားကို တဖြည်းဖြည်း မြှင့်တင်နိုင်သည့် အရှိန်ထက် များစွာ ပို၍မြန်ဆန်လှသည်။ သို့သော် တစ်ချိန်တည်းမှာပင် လင်းဖုန်းသည် ပဉ္စမမြောက် သားရဲမျိုးရိုးဗီဇကို ပေါင်းစပ်ရန် အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။
ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇများကို ထပ်မံပေါင်းစပ်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကန့်သတ်ချက်မှာလည်း ထပ်မံ ကျိုးပျက်သွားမည်ကို သူ စိုးရိမ်နေသည်။ သို့ဆိုလျှင် သူ၏ ကြယ်တာရာစွမ်းအား ကန့်သတ်ချက်မှာ အမျှင်ပေါင်း ၆၀၀၀ သို့မဟုတ် ထိုထက်မကအထိပင် ရောက်ရှိသွားနိုင်သည်။ အကယ်၍ ထိုသို့သာ ဖြစ်သွားခဲ့လျှင် သူ အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ တက်လှမ်းရန်မှာ ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
မျိုးရိုးဗီဇပေါင်းစပ်ခြင်းက သူ့ကို အချိန်တိုအတွင်း ခွန်အား တိုးတက်လာစေနိုင်သည်။ ထိုနည်းလမ်းသည် လက်ရှိ အခြေအနေအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်။
မပေါင်းစပ်ခြင်းကမူ ရေရှည်အတွက် အကျိုးကျေးဇူးအချို့ ရှိပေလိမ့်မည်။ အနည်းဆုံးတော့ အနာဂတ်တွင် လင်းဖုန်း အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ တက်လှမ်းရန် အနည်းငယ် ပို၍ လွယ်ကူသွားပေလိမ့်မည်။
သူ ပေါင်းစပ်သင့်သလား။ လင်းဖုန်း အကျပ်ရိုက်နေလေပြီ။