← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 14 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 14 Ch. 169-170

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၆၉) - ပူဖောင်း၏စွမ်းပကား တစ်ကျော့ပြန် ပေါ်ထွက်လာခြင်း

ဘာသာပြန် - အားသစ်

လင်းဖုန်းသည် မြေပုရွက်ဆိတ်နတ်ဆိုး သုံးကောင်ကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်လိုက်ခြင်းက လူတိုင်းကို အိမ်မက်မက်နေသည့်အလား ခံစားရပြီး အလွန် တုန်လှုပ်သွားစေသည်။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ လူများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ လူများမှာမူ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။

သို့သော် အအံ့ဩဆုံးသူများမှာ မိုလေ့နှင့် အခြားတတိယအဆင့် သိုင်းသမား သုံးဦးပင် ဖြစ်သည်။ ယခုလေးတင် သူတို့သည် အပြင်းအထန် ရုန်းကန်ခဲ့ရပြီး သူတို့၏ ကြယ်တာရာစွမ်းအား အကာအကွယ်ကို အားကိုး၍ မြေပုရွက်ဆိတ်နတ်ဆိုး အနည်းငယ်ကိုသာ ခက်ခက်ခဲခဲ သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လင်းဖုန်းကမူ သူ၏ ကြယ်တာရာစွမ်းအားကိုပင် ထုတ်ဖော်ခြင်း မရှိပေ။ လင်းဖုန်း၏ ခန္ဓာကိုယ်မှ ကြယ်တာရာစွမ်းအား လှိုင်းထန်မှုမျိုး လုံးဝမရှိသည်ကို သူတို့ ရှင်းရှင်းလင်းလင်း အာရုံခံမိကြသည်။ တစ်နည်းအားဖြင့် လင်းဖုန်းသည် ကြယ်တာရာစွမ်းအားကို အသုံးမပြုဘဲ သူတို့ထက်ပင် ပိုမိုလွယ်ကူစွာဖြင့် ထိုနတ်ဆိုးသုံးကောင်ကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤသည်မှာ စိတ်လှုပ်ရှားစးဖွယ်ရာ သတင်းကောင်းလည်း ဖြစ်သည်။ လင်းဖုန်းတွင် မြေပုရွက်ဆိတ်နတ်ဆိုးများကို အပြည့်အဝဆန့်ကျင်တုံ့ပြန်နိုင်သော စွမ်းရည် ရှိနေပုံရသည်။

"ညီအစ်ကို လင်းဖုန်း... မင်းရဲ့ မွေးရာပါစွမ်းရည်က ဒီမြေပုရွက်ဆိတ်နတ်ဆိုးတွေကို လုံးဝဆန့်ကျင်နိုင်တာလား" မိုလေ့ မမေးဘဲ မနေနိုင်တော့ပေ။

လင်းဖုန်းက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်ကို ညွှန်ပြရင်း ပြောလိုက်သည်။

"အဲလိုပဲ ပြောရမယ် ထင်တယ်။ ဒီနတ်ဆိုးတွေက အရမ်းအားနည်းလွန်းနေသလိုပဲ။ သူတို့က ကျွန်တော့်ရဲ့ မွေးရာပါစွမ်းရည်ချပ်ဝတ်ကိုတောင် မတိုက်စားနိုင်ကြဘူး။ သူတို့ကို ကိုင်တွယ်ရတာ တကယ်လွယ်ပါတယ်။ မြေပုရွက်ဆိတ်နတ်ဆိုး အုပ်စုကြီးရဲ့ ဝိုင်းရံတာမျိုး မခံရသရွေ့တော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"

မိုလေ့မှာ ဆွံ့အသွားမိသည်။ မြေပုရွက်ဆိတ်နတ်ဆိုးတွေက အားနည်းတယ် ဟုတ်လား။ သူတို့က လုံးဝ အားမနည်းပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့မှာ အလွန်တရာ ကိုင်တွယ်ရခက်ခဲလှသည်။ တတိယအဆင့် သိုင်းသမားများဖြစ်သော သူတို့ပင် ရင်ဆိုင်ခုခံတိုက်ခိုက်ရန် ခွန်အားများစွာ အသုံးပြုခဲ့ရသည်။

လင်းဖုန်း၏ မွေးရာပါစွမ်းရည်က ထိုနတ်ဆိုးများနှင့် တိုက်ဆိုင်စွာပင် အပြည့်အဝဆန့်ကျင်နိုင်စွမ်း ရှိနေပြီး သူက အသာစီး အလွန်ရနေသည်ဟုသာ ဆိုရပေလိမ့်မည်။

မိုလေ့မှာ အလွန်ဝမ်းသာသွားပြီး ပြုံးလျက် ပြောလိုက်သည်။

"ဒီလိုဆိုရင်တော့ ဒီစစ်ဆင်ရေး အောင်မြင်ဖို့ အခွင့်အရေး တကယ်ရှိသွားပြီပဲကွ။ ငါတို့ အခုမှ နတ်ဆိုး အနည်းငယ်ပဲ သတ်ရသေးတာ။ ဟိုမှာ နတ်ဆိုးတွေ အများကြီး ရှိနေသေးတယ်။ အားလုံးပေါင်းပြီး တိုက်မယ်ဆိုရင်တော့ သူတို့ကို သေချာပေါက် ခြောက်လှန့်နိုင်မှာပဲ"

"ကောင်းပါပြီ"

လင်းဖုန်းက မငြင်းပယ်ခဲ့ပေ။ ယခုတစ်ကြိမ်တွင် မိုလေ့နှင့် အခြားတတိယအဆင့် သိုင်းသမားသုံးဦးမှာ လင်းဖုန်းကို စိတ်ရင်းဖြင့် လက်ခံသွားကြပြီ ဖြစ်သည်။ မြေပုရွက်ဆိတ်နတ်ဆိုးများကို ရင်ဆိုင်ရာတွင် လင်းဖုန်းက အလွန်တရာ အသာစီးရနေသည် မဟုတ်ပါလား။

မြေပုရွက်ဆိတ်နတ်ဆိုးများ၏ အပြင်းထန်ဆုံးလက်နက်ဖြစ်သော အက်ဆစ်မှာ လင်းဖုန်းအတွက် အသုံးမဝင်ဖြစ်နေသဖြင့် သူတို့မှာ လင်းဖုန်း၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေတော့သည်။

"တိုက်ကြ"

လင်းဖုန်း၊ မိုလေ့နှင့် အခြားသူများမှာ တွေဝေမနေဘဲ မြေပုရွက်ဆိတ်နတ်ဆိုး ၃၀ ခန့်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။ ထိုနတ်ဆိုး ၃၀ မှာလည်း အကြီးအကျယ် ဒေါသထွက်သွားကြပြီး တစ်ခုခုကို ဆင့်ခေါ်နေသကဲ့သို့ စူးရှသော အသံများကို အဆက်မပြတ် ထုတ်ဖော်လိုက်ကြသည်။

ထိုအချိန်မှာပင် အခြားသော နတ်ဆိုးအချို့ကလည်း တုံ့ပြန်လိုက်ကြပြီး လင်းဖုန်းနှင့် အခြားသူများကို ဖြည်းဖြည်းချင်း ဝိုင်းရံလာကြသည်။

"မကောင်းတော့ဘူး... ဒီနတ်ဆိုးတွေက ဖရိုဖရဲ ဖြစ်နေတာ မဟုတ်ဘူးပဲ။ သူတို့က တစ်ကောင်နဲ့တစ်ကောင် ကူညီနိုင်ကြသေးတယ်"

"ဒီနတ်ဆိုးအုပ်စုကို ငါတို့ အမြန်ဆုံး နှိမ်နင်းရမယ်၊ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်"

မိုလေ့နှင့် အခြားသူများမှာ သူတို့၏ ကြယ်တာရာစွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။ သူတို့သည် ဤနတ်ဆိုးအုပ်စုကို အမြန်ဆုံး အနိုင်ယူလိုသော်လည်း လက်တွေ့တွင်မူ ပြောသလောက် မလွယ်ကူပေ။

လင်းဖုန်းအနေဖြင့် အက်ဆစ်ကို မကြောက်သော်လည်း နတ်ဆိုးအရေအတွက် များပြားလာသောအခါ အက်ဆစ်လုံး ဆယ်လုံးထက်မက သူ၏ သံချပ်ကာပေါ်သို့ တစ်ပြိုင်တည်း ကျရောက်လာသည်။ ၎င်းတို့ကို ပြန်လည်ကုသရန် ခွန်အားများစွာ အသုံးပြုရသည်။

တစ်ဦးတည်းနှင့် အများကြီးကို ရင်ဆိုင်ရခြင်းမှာ လင်းဖုန်းအတွက်လည်း ဝန်ထုပ်ဝန်ပိုး ကြီးမားလှသည်။

လက်သီးဖြင့် တစ်ကောင်ချင်း လိုက်ထိုးနေခြင်းမှာ အချိန်အလွန် ကြန့်ကြာလှသည်။ ထို့ပြင် ဤမြေပုရွက်ဆိတ်နတ်ဆိုးများမှာ အလွန်ပါးနပ်ကြသည်။ သူတို့သည် လင်းဖုန်းကို မယှဉ်နိုင်သလို လင်းဖုန်း၏ လက်သီးတစ်ချက်တည်းနှင့် သေဆုံးနိုင်သော်လည်း သူတို့မှာ သင်းခွေချပ်နတ်ဆိုးများထက် များစွာ ပိုမိုလျင်မြန်ဖြတ်လတ်ကြသည်။

လင်းဖုန်း နတ်ဆိုးနှစ်ကောင်ကို သတ်ပြီးနောက် နောက်ထပ်တစ်ကောင်ကို သတ်ရန်မှာ အတော်လေး အားစိုက်နေရပြီး ထိရောက်မှု သိပ်မရှိလှပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ငါးဦးမှာ ဝိုင်းရံခြင်း ခံလိုက်ရသည်။ လင်းဖုန်းကမူ မကြောက်ပေ။ သူသည် နတ်ဆိုးအားလုံးကို မသတ်နိုင်လျှင်ပင် အေးအေးဆေးဆေး ပြန်ဆုတ်နိုင်စွမ်း ရှိသည်။

သို့သော် မိုလေ့အပါအဝင် အခြားသုံးဦးမှာမူ ဒုက္ခရောက်နေကြပြီ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအားများမှာ အချိန်နှင့်အမျှ ကုန်ဆုံးနေသည်။ ကြယ်တာရာစွမ်းအား လုံးဝကုန်သွားသည်နှင့် သူတို့ သေဆုံးရပေလိမ့်မည်။

"ငါတို့ တွက်ကိန်းမှားသွားပြီ၊ အမြန်ဆုံး ဖောက်ထွက်မှ ဖြစ်မယ်"

မိုလေ့၏ မျက်နှာမှာ ပြာနှမ်းနေသည်။ သူသည် လင်းဖုန်း၏ အေးဆေးတည်ငြိမ်သော ပုံစံကို ကြည့်လိုက်ပြီးနောက် အပြင်းအထန် ရုန်းကန်နေရသော သူတို့ တတိယအဆင့် သိုင်းသမား လေးဦးကို ပြန်ကြည့်ကာ စိတ်ဓာတ်ကျသွားမိသည်။

အရင်က သူသည် လင်းဖုန်း၏ ခွန်အားကို အထင်သေးပြီး မလာရန် တားမြစ်ခဲ့ဖူးသည်။ ယခုတော့ သူတို့မှာ လင်းဖုန်းကို ပြန်၍ အားကိုးနေရပြီး အသက်ရှင်ရန်ပင် မနည်းရုန်းကန်နေရသည်။

'ဒီအတိုင်းဆို မဖြစ်တော့ဘူး၊ အရေအတွက်က အရမ်းများလွန်းတယ်။ မိုလေ့တို့လည်း ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး။ သူတို့က ကြယ်တာရာစွမ်းအားတွေ အများကြီး သုံးနေရပေမဲ့ ငါကတော့ အများကြီး သုံးဖို့ မလိုဘူး။ ငါ ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး ဒီမြေပုရါက်ဆိတ်တွေကို ခြောက်လှန့်ပစ်မှ ဖြစ်မယ်'

လင်းဖုန်း အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူ၏ ပတ်ပတ်လည်တွင် ပိုမိုများပြားလာသော မြေပုရွက်ဆိတ်နတ်ဆိုးများကို ကြည့်ပြီး သူ အစွမ်းကုန် ထုတ်ဖော်ရန် ဆုံးဖြတ်လိုက်သည်။

"ဟင်းလင်းပြင်ပူဖောင်း"

ဝူး...

လင်းဖုန်း လက်တစ်ချက် ဝေ့လိုက်သည်နှင့် လှပသော ပူဖောင်း ၁၃ ခုမှာ ဟင်းလင်းပြင်တွင် တိတ်တဆိတ် ပေါ်ပေါက်လာသည်။ ထိုပူဖောင်း ၁၃ ခုမှာ အလွန်ပင် ညှို့ငင်ဖမ်းစားနိုင်စွမ်း ရှိလှသည်။ ၎င်းတို့၏ အလှတရားမှာ မည်သူမဆို စွဲလန်းသွားစေလောက်အောင်ပင် ဖြစ်သည်။

"ဒါတွေက ဘာတွေလဲ"

မိုလေ့နှင့် အခြားသုံးဦးမှာလည်း တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြသည်။ သူတို့၏ အကြည့်များမှာ ဟင်းလင်းပြင်ရှိ ကြယ်တာရာပူဖောင်း ၁၃ ခုဆီသို့ စုပြုံသွားကြသည်။ ၎င်းတို့မှာ အလွန်လှပလွန်းလှသည်။ သူတို့ ဤမျှ လှပသော အရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

မိုလေ့တို့လို ကျွမ်းကျင်သူများပင် ဤသို့ ဖြစ်နေလျှင် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းရှိ သိုင်းသမားများကို ပြောနေရန်ပင် မလိုတော့ပေ။

မြောက်ပိုင်းနှင့် တောင်ပိုင်း အခြေစိုက်စခန်း နှစ်ခုလုံးမှ သိုင်းသမားများမှာ ထိုပူဖောင်းများကို မြင်ရသောအခါ အလှတရားတွင် နစ်မျောသွားသည့်အလား ဖြစ်သွားကြသည်။ သို့သော် အလှဆုံးသောအရာမှာ အကြောက်စရာအကောင်းဆုံးလည်း ဖြစ်ပေလိမ့်မည်။

လှပသော ပူဖောင်းများမှာ အဆုံးတွင် ပေါက်ကွဲသွားမည်သာ ဖြစ်သည်။

ကြယ်တာရာပူဖောင်း ၁၃ ခုသည် မြေပုရွက်ဆိတ်နတ်ဆိုး ၁၃ ကောင်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထိုနတ်ဆိုး ၁၃ ကောင်မှာ ခုခံခြင်းပင် မရှိကြပေ။ သူတို့၏ မျက်လုံးများမှာ မှင်သက်ဝေဝါးနေကြဆဲ ဖြစ်သည်။

"ပြိုကွဲစေ"

လင်းဖုန်း၏ ရေခဲတမျှ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ ပူဖောင်း ၁၃ ခုမှာ တကယ့်ပူဖောင်းအစစ်များကဲ့သို့ပင် လျင်မြန်စွာ ပြိုကွဲသွားတော့သည်။

ဘုန်း...

မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပုရွက်ဆိတ်နတ်ဆိုး ၁၃ ကောင်မှာ လျင်မြန်စွာ ပြိုကွဲသွားသော ကြယ်တာရာပူဖောင်းများကြောင့် အသားစများ၊ သွေးမှုန်သွေးစများအဖြစ်သို့ ကြေမွပျောက်ကွယ်သွားကြတော့သည်။ သူတို့၏ အလောင်းများမှာလည်း ပုံပျက်ပန်းပျက် ဖြစ်သွားပြီး လုံးဝ သေဆုံးသွားကြပြီ ဖြစ်သည်။

ဤသည်မှာ မြေပုရွက်ဆိတ်နတ်ဆိုး ၁၃ ကောင်ဖြစ်ပြီး ၎င်းတို့မှာ ချက်ချင်းဆိုသလို သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ကြယ်တာရာပူဖောင်းများ ပျောက်ကွယ်သွားသောအခါ လူတိုင်း သတိပြန်ဝင်လာကြသည်။ မိုလေ့နှင့် အခြားသူများမှာ အနီးဆုံးတွင် ရှိနေသဖြင့် ဘာဖြစ်သွားသည်ကို ကောင်းကောင်း သိလိုက်ကြသည်။ သူတို့သည် မြေပြင်ပေါ်ရှိ ပုံပျက်ပန်းပျက် ဖြစ်နေသော နတ်ဆိုးအလောင်း ၁၃ လောင်းကို ကြည့်ရင်း ခုနက သူတို့ကိုယ်တိုင်ပင် ထိုအလှတရားတွင် နစ်မျောသွားခဲ့သည်ကို ပြန်လည် သတိရလိုက်ကြသည်။

အကယ်၍ ထိုပူဖောင်းများကို သူတို့အပေါ်တွင် အသုံးပြုခဲ့လျှင် သူတို့ ခုခံနိုင်ပါမည်လော။

ဤသို့ တွေးလိုက်မိသည်နှင့် မိုလေ့နှင့် အခြားသုံးဦးမှာ ကျောရိုးထဲအထိ စိမ့်တက်သွားကာ ရင်ထဲတွင် အေးစက်သော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။ ကြောက်စရာကောင်းလိုက်တာ။ တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။ လင်းဖုန်းသည် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်သော်လည်း ဤမျှ ကြောက်စရာကောင်းသော ကြယ်တာရာသိုင်းပညာရပ်ကို မည်သို့ တတ်မြောက်ထားပါသနည်း။

လက်တစ်ချက် ဝေ့ရုံဖြင့် မြေပုရွက်ဆိတ်နတ်ဆိုး ၁၃ ကောင်ကို အမြစ်ပြတ် သုတ်သင်လိုက်ခြင်း ဖြစ်သည်။ ဤနည်းလမ်းမှာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ နားလည်နိုင်စွမ်းကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။ ဤကဲ့သို့သော အစွန်းရောက် ကြယ်တာရာသိုင်းပညာမျိုးကို လေ့ကျင့်နိုင်သူ အလွန်နည်းပါးလှသလို လင်းဖုန်းကဲ့သို့ နက်နဲစွာ တတ်မြောက်ပြီး လက်တွေ့တိုက်ပွဲတွင် ကျွမ်းကျင်စွာ အသုံးပြုနိုင်သူမှာ ပို၍ပင် ရှားပါးလှသည်။

"အားလုံးပဲ... အခု မြေပုရွက်ဆိတ်နတ်ဆိုးတွေကို အတူတူ ရှင်းလိုက်ကြရအောင်"

လင်းဖုန်း၏ အော်ဟစ်သံက မိုလေ့နှင့် အခြားသူများကို ချက်ချင်း သတိပြန်ဝင်လာစေသည်။

ထိုနတ်ဆိုးများတွင်လည်း အသိဉာဏ် ရှိကြသည်။ လင်းဖုန်း၏ 'ဟင်းလင်းပြင်ပူဖောင်း' တိုက်ကွက်မှာ ထူးဆန်းပြီး ထိတ်လန့်စရာ ကောင်းလွန်းလှသည်။ သိုင်းသမားများသာမက ထိုနတ်ဆိုးများပင် ကြောက်ရွံ့သွားခဲ့ကြသည်။

ထို့ကြောင့် သူတို့ နောက်သို့ အလျိုလျိုဆုတ်ခွာသွားကြသည်။ ပုရွက်ဆိတ်ဘုရင်မ၏ အမိန့်မရှိသောကြောင့် သူတို့သည်လည်း ကြောက်ရွံ့တတ်ကြသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့ထဲမှ ၁၃ ကောင်ကို ချက်ချင်း သတ်နိုင်သော ထူးဆန်းသည့် နည်းလမ်းနှင့် ရင်ဆိုင်ရချိန်တွင် ထိုနတ်ဆိုးများ မည်သို့ မကြောက်ဘဲ နေပါမည်နည်း။

"တိုက်ကြ"

မိုလေ့နှင့် အခြားသူများမှာ အလွန် အံ့အားသင့်နေကြသော်လည်း ဤသည်မှာ တစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေးဖြစ်ကြောင်း သိလိုက်ကြသည်။ အကယ်၍ သူတို့သာ ဤအခွင့်အရေးကို အရယူနိုင်မည်ဆိုပါက ဤမြေပုရွက်ဆိတ်အုပ်ကို သေချာပေါက် အနိုင်ယူပြီး မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ အကျပ်အတည်းကို ဖြေရှင်းနိုင်ပေလိမ့်မည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၇၀) - မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ အပြောင်းအလဲများ

ဘာသာပြန် - အားသစ်

မိုလေ့နှင့် အခြားသုံးဦးက အစုလိုက်အပြုံလိုက် သတ်ဖြတ်နေစဉ် လင်းဖုန်းကလည်း နောက်ကျမကျန်ခဲ့ပေ။ သူသည် မြေပုရွက်ဆိတ်နတ်ဆိုးများဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား မရှိတော့သော်လည်း ဤနတ်ဆိုးများကို ကိုင်တွယ်ရန် ကြယ်တာရာစွမ်းအား လုံးဝမလိုပေ။ သူသည် ဒဏ်ရာရမည်ကို စိုးရိမ်စရာမလိုဘဲ တစ်ကောင်လျှင် လက်သီးတစ်ချက်နှုန်းဖြင့် သတ်ဖြတ်နိုင်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပုရွက်ဆိတ်နတ်ဆိုးအုပ်ကြီးမှာ အကွဲကွဲအပြားပြားဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားကြသည်။ သူတို့သည် နေရာအနှံ့သို့ ထွက်ပြေးသွားကြသဖြင့် စစ်မြေပြင်မှာ ရုတ်ချည်း ပရမ်းပတာဖြစ်သွားသည်။ လင်းဖုန်းတစ်ဦးတည်းတင် မြေပုရွက်ဆိတ်နတ်ဆိုး ၂၁ ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။

ဤတိုက်ပွဲမှတ်တမ်းမှာ အလွန်ပင် အထင်ကြီးစရာ ကောင်းလှသည်။ နတ်ဆိုး ၂၁ ကောင်ဆိုသည်မှာ မိုလေ့နှင့် အခြားသုံးဦး ပေါင်းသတ်သည်ထက်ပင် လင်းဖုန်းတစ်ဦးတည်းက ပို၍ များနေခြင်း ဖြစ်သည်။

မြေပုရွက်ဆိတ်နတ်ဆိုး ၂၁ ကောင်မှ ရရှိနိုင်သော အကျိုးပြုတန်ဖိုးမှာ ၁၀၅ မှတ် ဖြစ်သည်။ စစ်သေနာပတိချုပ်တစ်ဦးပင်လျှင် အခြေစိုက်စခန်းတစ်ခုကို ၁၀ နှစ်ကြာ စောင့်ကြပ်မှသာ အကျိုးပြုတန်ဖိုး ၁၀၀ ရရှိနိုင်ခြင်း ဖြစ်သည်။

ဤခရီးစဉ်မှာ တကယ့်ကို ကံကောင်းမှုကြီးပင်။ လင်းဖုန်းဖြစ်စေ မိုလေ့နှင့် အခြားသူများဖြစ်စေ အားလုံးမှာ အကျိုးအမြတ် အမြောက်အများ ရရှိခဲ့ကြသည်။

လင်းဖုန်း၊ မိုလေ့နှင့် အခြားသိုင်းသမားသုံးယောက် ပူးပေါင်း၍ နတ်ဆိုး ၃၀ ကျော်ကို သတ်ဖြတ်လိုက်သောအခါ စစ်မြေပြင်ရှိ မြေပုရွက်ဆိတ်များမှာလည်း စတင်၍ အလဲလဲအကွဲကွဲ ထွက်ပြေးကြတော့သည်။ သူတို့သည် အလုအယက် ဆုတ်ခွာထွက်ပြေးသွားကြပြီး မြေအောက်သို့ လိုဏ်ခေါင်းများ အမြန်တူး၍ တိုးဝင်ပျောက်ကွယ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း အပြင်ဘက် မြေပြင်ပေါ်တွင် လိုဏ်ခေါင်းများစွာ ပေါ်ပေါက်လာသည်။ ၎င်းမှာ အလွန်ပင် များပြားကျယ်ပြန့်လှသော မြင်ကွင်းပင်ဖြစ်သည်။

"တကယ်ပဲ မြေပုရွက်ဆိတ်ဘုရင်မ မရှိဘူးပဲ။ ဒီမြေပုရွက်ဆိတ်တွေ ဘာဖြစ်နေကြတာလဲ"

လင်းဖုန်း ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။ ထွက်ပြေးနေသော မြေပုရွက်ဆိတ်များ နေရာအနှံ့ ရှိနေသော်လည်း သူ လိုက်လံသတ်ဖြတ်ရန် စိတ်မဝင်စားပေ။ မြေပုရွက်ဆိတ်များကို ဤမျှ ဖရိုဖရဲ ထွက်ပြေးအောင် လုပ်ရန်မှာ မလွယ်ကူပေ။ ယခင် မြေပုရွက်ဆိတ်ဘုရင်မ ရှိစဉ်က သူတို့ ဆုတ်ခွာလျှင်ပင် စနစ်တကျ ဆုတ်ခွာလေ့ ရှိသည်။

"ဟိုလိုဏ်ခေါင်းက တော်တော်ကြီးတာပဲ။ အဲဒါက မြေပုရွက်ဆိတ်တောင်ပို့ဆီကို ဦးတည်နေတာလား"

လင်းဖုန်း ကြီးမားသော လိုဏ်ခေါင်းကြီးတစ်ခုကို မြင်လိုက်ရသည်။ စောစောက မြေပုရွက်ဆိတ်နတ်ဆိုး အများအပြားမှာ ထိုလိုဏ်ခေါင်းမှတစ်ဆင့် ထွက်ပြေးသွားကြခြင်း ဖြစ်သည်။ လင်းဖုန်းသည် ၎င်းမှာ မြေအောက်ရှိ မြေပုရွက်ဆိတ်တောင်ပို့နှင့် ဆက်သွယ်ထားကြောင်း သဘာဝကျကျ ဆက်စပ်တွေးတောမိလိုက်သည်။

ဤသည်မှာ တစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေးပင်။ အကယ်၍ သူတို့သာ မြေပုရွက်ဆိတ်များ အရေးနိမ့်နေခိုက်ကို အခွင့်ကောင်းယူ၍ ပုရွက်ဆိတ်တောင်ပို့အထိ လိုက်လံတိုက်ခိုက်မည်ဆိုပါက မြေပုရွက်ဆိတ် ပြဿနာကို အမြစ်ပြတ် ဖြေရှင်းနိုင်ပေလိမ့်မည်။

"ကျွန်တော်တို့ သူတို့နောက်ကို မြေပုရွက်ဆိတ်တောင်ပို့အထိ လိုက်သွားပြီး မြေပုရွက်ဆိတ် ပြဿနာကို အပြီးတိုင် ဖြေရှင်းပစ်ရင်ရော ဘယ်လိုလဲ"

လင်းဖုန်း၏ အကြံပြုချက်ကို ကြားလျှင်ပင် မိုလေ့က ခေါင်းခါကာ ပြောလိုက်သည်။

"မဖြစ်ဘူး... အဲဒါက အရမ်း အန္တရာယ်များတယ်။ မြေအောက်မှာ ပုရွက်ဆိတ်ဘုရင်မ ရှိနေသေးလားဆိုတာ ဘယ်သူမှ မသိဘူး။ တကယ်လို့ ဘုရင်မနဲ့သာ တိုးရင်တော့ ငါတို့မလွယ်ဘူး။ အရင် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း စစ်သေနာပတိချုပ် ကျိုးယွင်တုန်းကလည်း အလောတကြီး ရှေ့တိုးခဲ့လို့ တောင်ပိုင်းအခြေစိုက်စခန်းမှာ အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ရတာ မဟုတ်လား"

အမှန်စင်စစ် လင်းဖုန်းသည် ထိုမြေပုရွက်ဆိတ်များနောက်သို့ ဆက်လိုက်ရန် အလွန်အမင်း ဆန္ဒရှိနေခြင်း မဟုတ်ဘဲ အကြံပြုရုံသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ မြေပုရွက်ဆိတ် ပြဿနာမှာ မြောက်ပိုင်းအခြေစိုက်စခန်း၏ ကိစ္စသာ ဖြစ်သည်။ သူက ဝင်ရောက်စွက်ဖက်ပြီး အမြစ်ပြတ် ရှင်းထုတ်ရန် ဇွတ်ပြောနေစရာ မလိုပေ။

ထို့ပြင် ပုရွက်ဆိတ်ဘုရင်မမှာ တကယ်ပင် ကိုင်တွယ်ရခက်သော ပြဿနာ ဖြစ်သည်။ လက်ရှိ ရှိနေသူ မည်သူမျှ ပုရွက်ဆိတ်ဘုရင်မကို ယှဉ်နိုင်မည်ဟု ယုံကြည်ချက် မရှိကြချေ။

"နှမြောစရာပဲ"

လင်းဖုန်း နှမြောသလို ခံစားလိုက်ရဆဲပင်။ မြေပုရွက်ဆိတ်များစွာမှာ မြေအောက်ရှိ သူတို့၏ အသိုက်ဆီသို့ ထွက်ပြေးသွားကြပြီ ဖြစ်သည်။ လင်းဖုန်း ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူ၏ လက်ပေါ်ရှိ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာ ပထမဆုံးအကြိမ်အဖြစ် သိသိသာသာ ပြောင်းလဲလာသည်။

"ပင်မစနစ်ကို ရှာဖွေတွေ့ရှိပါသည်"

"ပင်မစနစ် ဟုတ်လား... မျိုးဗီဇပေါင်းစပ်ကိရိယာမှာ ပင်မစနစ် ရှိတာလား"

လင်းဖုန်း အံ့အားသင့်သွားသည်။ သူသည် အချိန်အတော်ကြာအောင် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာနှင့် ပတ်သက်သည့် သတင်းအချက်အလက် သို့မဟုတ် သဲလွန်စအချို့ကို ရှာဖွေရန် ကြိုးစားခဲ့ဖူးသည်။

သို့သော် ဘာမှ ရှာမတွေ့ခဲ့ပေ။

ထို့ပြင် လက်ရှိ လူသားလူ့အဖွဲ့အစည်းအနေဖြင့် ဤကဲ့သို့ မျိုးရိုးဗီဇပေါင်းစပ်နိုင်သော ကိရိယာမျိုးကို ထုတ်လုပ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူ ပို၍ သေချာလာသည်။ အနည်းဆုံးတော့ ယခုလက်ရှိ အချိန်ကာလတွင် မဖြစ်နိုင်ပေ။

ဤမျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာ အလွန်လျှို့ဝှက်ဆန်းပြားလှသည်။ ဤပစ္စည်းမပါဘဲ လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်သလို သူ၏ ထူးဆန်းသော ရောဂါကိုလည်း ကုသနိုင်မည် မဟုတ်ပေ။

လင်းဖုန်းသည် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာ ပြည့်စုံပြီးသားဟု အမြဲထင်ခဲ့သော်လည်း ယခုတော့ ဤကိရိယာတွင် ရုတ်တရက် အပြောင်းအလဲ ဖြစ်ပေါ်လာခဲ့လေပြီ။ ထို့ပြင် ပင်မစနစ်ကို ရှာဖွေတွေ့ရှိကြောင်း အကြောင်းကြားချက်မှာ အမည်ကို ကြည့်ရုံနှင့်ပင် ဤမျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာ ၎င်း၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်း သိနိုင်သည်။

မပြည့်စုံသော မျိုးရိုးဗီဇပေါင်းစပ်ကိရိယာပင် ဤမျှ စွမ်းအားကြီးနေပါက ပြည့်စုံသော ပင်မစနစ်ကြီးဆိုလျှင် မည်မျှ အံ့ဩစရာ ကောင်းလိုက်မည်နည်း။ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ အကြောင်းကြားချက်ကို လင်းဖုန်း တစ်ဦးတည်းသာ သိခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ ပူနွေးလာသည်ကိုပင် သူ ခံစားမိသည်။ ထိုကိရိယာ၏ အပြောင်းအလဲမှာ လင်းဖုန်း ကြီးမားသော မြေအောက်လိုဏ်ခေါင်းအနီးသို့ ချဉ်းကပ်ချိန်တွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လင်းဖုန်း ထပ်မံစမ်းသပ်လိုသဖြင့် ထိုမြေအောက်လိုဏ်ခေါင်းနားသို့ တမင်တကာ တိုးကပ်သွားလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာ ပို၍ပင် ပူလာတော့သည်။ နောက်ဆုံးတွင် လင်းဖုန်း၏ အရေပြားပေါ်၌ လမ်းညွှန်ပြသသည့် သင်္ကေတတစ်ခုကဲ့သို့ မြှားတစ်စင်း ပေါ်လာသည်။

"ဒါက ငါ့ကို မျိုးရိုးဗီဇပေါင်းစပ်ကိရိယာရဲ့ ပင်မစနစ်ကို ရှာဖို့ လမ်းညွှန်နေတာပဲ။ အဲဒီ ပင်မစနစ်က မြေအောက်လိုဏ်ခေါင်းထဲမှာ ရှိနေတာလား"

လင်းဖုန်း အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာ အလွန် အံ့ဩစရာ ကောင်းလှသည်။ ထိုကိရိယာမပါဘဲ ယခုလက်ရှိ လင်းဖုန်းဟူ၍ ဖြစ်လာမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် မျိုးရိုးဗီဇပေါင်းစပ်ခြင်း၏ အရင်းအမြစ်နှင့် အသုံးဝင်ပုံများကို အလွန်တရာ သိလိုစိတ်ပြင်းပြနေသည်။

ယခုအခါ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ ပင်မစနစ်ကို ရှာဖွေတွေ့ရှိပုံရသဖြင့် လင်းဖုန်းမှာ ပို၍ပင် စိတ်လှုပ်ရှားလာသည်။ သို့သော် မြေအောက်လိုဏ်ခေါင်းထဲတွင် မြေပုရွက်ဆိတ် အမြောက်အမြား ရှိနေသလို ဗိုလ်ချုပ်အဆင့် နတ်ဆိုးဖြစ်သော ပုရွက်ဆိတ်ဘုရင်မလည်း ရှိနေနိုင်သဖြင့် အတိုင်းအတာတစ်ခုအထိ အန္တရာယ် ရှိနေဆဲပင်။

"ငါ့ရဲ့ ချပ်ဝတ်က မြေပုရွက်ဆိတ်တွေရဲ့ အက်ဆစ်ကို ခုခံနိုင်တယ်။ ဗိုလ်ချုပ်အဆင့် နတ်ဆိုးကိုတောင် ခုခံနိုင်စွမ်း ရှိနိုင်မယ် ထင်တယ်။ ပြီးတော့ ငါ ပုရွက်ဆိတ်ဘုရင်မနဲ့ မတွေ့တာလည်း ဖြစ်နိုင်တာပဲ။ ငါ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာရဲ့ လမ်းညွှန်ချက်နောက်ကို လိုက်သွားပြီးတော့ ပင်မစနစ်ကို ရတာနဲ့ ချက်ချင်း ပြန်ထွက်လာခဲ့လိုက်မယ်"

လင်းဖုန်း ဤအခွင့်အရေးကို တကယ်ပင် လက်လွတ်မခံလိုပေ။ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ လျှို့ဝှက်ချက်တစ်ရပ်ကို သူ ဖော်ထုတ်နိုင်တော့မည့် အခြေအနေ ဖြစ်သည်။ ဤအခွင့်အရေးကို သူ မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။

ထို့ကြောင့် လင်းဖုန်းက မိုလေ့အား ပြောလိုက်သည်။

"မြေပုရွက်ဆိတ်တွေကတော့ နေရာအနှံ့ပြန့်ကျဲသွားကြပြီ။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းရဲ့ အကျပ်အတည်းလည်း ပြေလည်သွားပါပြီ။ ကျွန်တော် မြေအောက်ကို ဆင်းပြီးတော့ မြေပုရွက်ဆိတ်တွေ ဘာဖြစ်နေလဲဆိုတာ သွားကြည့်ချင်တယ်"

မိုလေ့ လန့်သွားသည်။ ထို့နောက် သူက အမြန်တားလိုက်သည်။

"မဖြစ်ဘူး... ညီအစ်ကို လင်းဖုန်း... အဲဒါက အရမ်း အန္တရာယ်များတယ်။ မြေအောက်မှာက ဒီလို စွန့်စားဖို့အတွက် တကယ့်ကို အန္တရာယ်ကြီးလွန်းတယ်။ မင်းက ငါတို့ မြောက်ပိုင်းကို ကူညီဖို့ အဝေးကနေ လာပေးတာ။ မင်း တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

"စိတ်မပူပါနဲ့... ကျွန်တော်က မြေပုရွက်ဆိတ်တွေရဲ့ အက်ဆစ်ကို ခုခံနိုင်ပါတယ်။ မြေပုရွက်ဆိတ်တွေ ဘယ်လောက်ပဲ များများ ကျွန်တော့်အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပါဘူး။ ပြီးတော့ ကျွန်တော် ကိုယ့်အသက်ကို ပေါ့ပေါ့တန်တန် သဘောမထားပါဘူး။ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်"

လင်းဖုန်း မြေအောက်ဆင်းရန် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်သောအခါ မိုလေ့က အံကြိတ်ကာ ပြောလိုက်သည်။

"မင်း သွားမယ်ဆိုရင်တော့ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။ ငါတို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့"

လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ ဤမိုလေ့မှာ အစပိုင်းက လင်းဖုန်း အပါအဝင် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ သိုင်းသမားများကို အထင်သေးခဲ့သူ ဖြစ်သည်။ လင်းဖုန်းက သူ၏ စွမ်းအားကို ထုတ်မပြခဲ့လျှင် မိုလေ့၏ သဘောထား ပြောင်းလဲလာမည် မဟုတ်ပေ။

သို့သော် ယခုတော့ မိုလေ့သည် အလွန်ပင် ဝန်လေးနေသော်လည်း လင်းဖုန်းနှင့်အတူ အန္တရာယ်ရှိသော မြေအောက်ခရီးကို လိုက်ပါရန် ဆန္ဒရှိနေသည်။ အနည်းဆုံးတော့ ဤမိုလေ့တွင် တာဝန်သိစိတ် ပြင်းထန်ပေသည်။

အကယ်၍ သူသာ မြေပုရွက်ဆိတ်များ၏ အပြောင်းအလဲကို စုံစမ်းရန် မြေအောက်သို့ တကယ်ဆင်းလိုခြင်း ဖြစ်ပါက လင်းဖုန်းအနေဖြင့် မိုလေ့ကို ငြင်းပယ်စရာ မရှိပေ။ မည်သို့ပင်ဖြစ်စေ မိုလေ့မှာ တတိယအဆင့် သိုင်းသမားတစ်ဦးဖြစ်ပြီး အလွန် အစွမ်းထက်သူ ဖြစ်သည်။ မိုလေ့ ပါဝင်ခြင်းက ပို၍ပင် ဘေးကင်းစေလိမ့်မည်။

သို့သော် ယခုတစ်ကြိမ် လင်းဖုန်း မြေအောက်ဆင်းရခြင်းမှာ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ ပင်မစနစ်ကို ရှာဖွေရန် ဖြစ်သည်။ ထိုပင်မစနစ်မှာ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ လျှို့ဝှက်ချက်နှင့် ပတ်သက်နေသည်။ ဤသည်မှာ လင်းဖုန်း၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သည်။ ယခုအချိန်အထိ သူ ဤအကြောင်းကို မည်သူ့ကိုမျှ မပြောပြခဲ့ဖူးပေ။ ထို့ကြောင့် သူ မိုလေ့ကို လုံးဝလိုက်ပါခွင့် ပေးလိမ့်မည် မဟုတ်ပေ။

"ညီအစ်ကိုမိုလေ့... ခင်ဗျားရဲ့ ကြယ်တာရာစွမ်းအားတွေ အများကြီး ကုန်ဆုံးသွားပြီ မဟုတ်လား။ ကြယ်တာရာစွမ်းအား ပြန်ဖြည့်ဖို့လည်း အချိန်ယူရဦးမယ်။ ခင်ဗျားက မြေပုရွက်ဆိတ်တွေကိုလည်း အပြည့်အဝဆန့်ကျင်နိုင်စွမ်းမရှိဘူးလေ။ ကျွန်တော့်နောက်ကို လိုက်လာရင်လည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့... ကျွန်တော် အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်"

မိုလေ့ အနည်းငယ် အနေရခက်သွားသည်။ မှန်ပေသည်။ သူ၏ ကြယ်တာရာစွမ်းအားများမှာ ကုန်ခါနီး ဖြစ်နေသလို မြေပုရွက်ဆိတ်များကို ရင်ဆိုင်ရာတွင်လည်း များစွာ အသုံးမဝင်လှပေ။ သူသည် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူကဲ့သို့ တတိယအဆင့် သိုင်းသမားတစ်ဦးမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ညီအစ်ကိုလင်းဖုန်းက ဒီလောက်အထိ ဇွတ်ဖြစ်နေမှတော့ ငါလည်း မတားတော့ပါဘူး။ ဒါပေမဲ့ မင်းမှာ အချိန် ၃ ရက်ပဲ ရှိမယ်။ အကယ်၍ ၃ ရက်အတွင်း ညီအစ်ကို လင်းဖုန်း ပြန်ထွက်မလာဘူးဆိုရင် ငါကိုယ်တိုင် လူတွေကို ဦးဆောင်ပြီး မြေအောက်ကို လိုက်လာခဲ့မယ်။ ညီအစ်ကို လင်းဖုန်းကို အန္တရာယ်ထဲမှာ ပစ်မထားနိုင်ဘူး"

လင်းဖုန်း ခေတ္တမျှ စဉ်းစားလိုက်သည်။ ၃ ရက်ဆိုလျှင် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ ပင်မစနစ်ကို ရှာဖွေရန် လုံလောက်သင့်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"ကောင်းပါပြီ... ၃ ရက်အတွင်း ပြန်လာနိုင်အောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"

ထိုသို့ပြောပြီးနောက် သူသည် မြေအောက်လိုဏ်ခေါင်းထဲသို့ ခုန်ဆင်းသွားတော့သည်။

All Chapters