အခန်း (၁၈၇-၁၈၈)
Vol. 19 Ch. 187-188
အခန်း (၁၈၇) - ပေးဆပ်လိုက်ရသော လက်တစ်ဖက်
မုရုံချင်းလျန် အကြောင်းစုံကို ရှင်းပြတော့မှသာ မနေ့ည ဖြစ်ပျက်ခဲ့သည်များကို လော့ချန် သိလိုက်ရတော့သည်။
ချင်လျန်ချန်းသည် မီမိသားစု၏ တတိယမြောက်မျိုးဆက်ဖြစ်သူ မီစီဖန်ထံမှ အရေးပေါ်အကူအညီတောင်းခံမှုကို လက်ခံရရှိခဲ့ပြီး လခြမ်းတောင်ကြားသို့ ချက်ချင်းဆိုသလို အပြေးအလွှားလာခဲ့ခြင်း ဖြစ်သည်။ သူ မထွက်ခွာမီမှာပင် ဖုန်းရှထံ စာချန်ထားခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် တွမ်ဖုန်း ကူညီရန် ရောက်ရှိလာခြင်း ဖြစ်သည်။
ချင်လျန်ချန်းသည် အမြန်ဆုံးလမ်းကြောင်းဖြစ်သော စိမ်းလဲ့မှော်ရုံတောကို ဖြတ်၍ လာခဲ့သော်လည်း ထိုနေရာ၌ပင် ရန်သူများနှင့် ထိပ်တိုက်တိုးခဲ့သည်။ ထိုနေရာမှာ တစ်ချိန်က လော့ချန် ချုံခိုတိုက်ခိုက်ခံခဲ့ရသော နေရာပင် ဖြစ်သည်။
နန်ကုန်းမိသားစု၏ ကျော်ကြားလှသော ပါရမီရှင် လူငယ်တစ်ဦးဖြစ်သူ နန်ကုန်းချင်သည် အပေါင်းအပါတစ်စုနှင့်အတူ ချင်လျန်ချန်း၏ လမ်းကို ပိတ်ဆို့ထားခဲ့သည်။
ထိုလူငယ်မှာ အတန်ငယ် စိတ်ကြီးလှသည်။ သူသည် အင်အားသုံး၍ ဝိုင်းဝန်းတိုက်ခိုက်မည့်အစား ချင်လျန်ချန်းအား တစ်ဦးချင်း ယှဉ်ပြိုင်ရန် စိန်ခေါ်ခဲ့သည်။
အဓိကအကြောင်းရင်းမှာ နာမည်ဂုဏ်သတင်းကို လိုလားသောကြောင့်ပင်။ အဆုံးအဖြတ်စင်မြင့် မပိတ်မီက နန်ကုန်းချင်သည် ထိပ်တန်းပါရမီရှင်စာရင်းတွင် နံပါတ် (၁) ချိတ်ခဲ့သူဖြစ်သည်။ သူသည် ထိုနေရာအား ခက်ခက်ခဲခဲ တိုက်ပွဲဝင် ရယူခဲ့ခြင်း ဖြစ်သော်လည်း တာဟဲစျေးမြို့တော်ရှိ ဝါရင့်ကျင့်ကြံသူအချို့က သူ့အား အသိအမှတ်မပြုကြသေးပေ။
ထိူသူများမှာ အဆုံးအဖြတ်စင်မြင့် ဖွင့်ပွဲတွင် ဖြစ်ပွားခဲ့သော သွေးချောင်းစီးတိုက်ပွဲများကိုသာ ခဏခဏ ပြန်လည်ပြောဆိုလေ့ရှိကြသည်။ ဟန်တန်အား ရက်ရက်စက်စက် သတ်ပစ်ခဲ့သော မင်လုံယွီ၊ အသက်နှင့်ရင်း၍ ပိုင်ချီအား သတ်ခဲ့သော ချင်လျန်ချန်းနှင့် သွေးကျင့်စဉ်ကျင့်ကြံသူအား ချေမှုန်းခဲ့သော ဝမ်ယွမ်....။
ဤသုံးဦးမှာ ထိုသူတို့၏ စံနှုန်းများ ဖြစ်နေခဲ့သည်။
နန်ကုန်းချင်က သူ၏ ကျင့်ကြံမှုအဆင့်နှင့် တိုက်ခိုက်ရေးစွမ်းရည် မည်မျှပင် သာလွန်ကြောင်း ပြသပါစေ၊ လူထုအား ဆွဲဆောင်နိုင်ခြင်း မရှိသေးပေ။
အကြောင်းရင်းမှာ ရိုးရှင်းသည်။
“မင်းရဲ့ တိုက်ပွဲတွေက အပျော်သဘော ယှဉ်ပြိုင်တာတွေပဲ၊ သူတို့ကတော့ အသက်နဲ့ရင်းပြီး တိုက်ခဲ့ကြတာ၊ တကယ်လို့ အသက်စွန့်ရမယ့် အခြေအနေမျိုးဆိုရင် မင်း သူတို့ကို တကယ် အနိုင်ယူနိုင်ပါ့မလား”
နန်ကုန်းချင်သည် ထိုစကားကို ဘယ်သောအခါမှ လက်မခံခဲ့ပေ။ အမှန်စင်စစ် သူတင်မကဘဲ လီအောက်၊ ယန်မင်ရှတို့လည်း ထိုသို့ပင် ခံစားခဲ့ရသည်။
ကံဆိုးစွာဖြင့် ဝါရင့်ကျင့်ကြံသူများမှာ ကျင့်ကြံရေး အရင်းအမြစ်များကိုသာ လိုက်လံရှာဖွေနေကြသဖြင့် အဆုံးအဖြတ်စင်မြင့်သို့ ပြန်မလာကြတော့ပေ။ မနေ့ညကမူ ထိုသို့သော အခွင့်အရေးကြီး ပေါ်ပေါက်လာခဲ့သည်။ နန်ကုန်းချင်သည် ချင်လျန်ချန်းနှင့် ဓားချင်း ယှဉ်ပြိုင်ခွင့် ရခဲ့ပြီ ဖြစ်သည်။
သို့သော် နန်ကုန်းချင်မှာ နာမည်ဂုဏ်သတင်းအတွက် လာခြင်းဖြစ်သော်လည်း ချင်လျန်ချန်းကမူ သူ၏ ချစ်သူသက်လျာ၏ အသက်ကို ကယ်တင်ရန် လာခြင်း ဖြစ်သည်။
ဓားချင်း ထိတွေ့လိုက်သည်နှင့် ချင်လျန်ချန်းသည် အဆုံးအဖြတ်စင်မြင့်တွင် သုံးခဲ့သော အသေခံတိုက်ကွက်မျိုးကိုပင် ပြန်လည် အသုံးပြုခဲ့သည်။
ဤသည်မှာ နန်ကုန်းချင်အား အကြီးအကျယ် တုန်လှုပ်သွားစေပြီး အမှားအယွင်းများ ဆက်တိုက် လုပ်မိစေတော့သည်။ ကံကောင်းသည်မှာ သူ၏ အခြေခံမှာ ခိုင်မာလှသည်။ သူသည် ချင်လျန်ချန်း၏ တိုက်ခိုက်ပုံကို တဖြည်းဖြည်း အသားကျလာပြီး အသာစီး ရယူနိုင်ခဲ့သည်။
တာဟဲစျေးမြို့တော်၏ နံပါတ် (၁) ချီသန့်စင်ကျင့်ကြံသူဆိုသည်မှာ နာမည်သက်သက် မဟုတ်ကြောင်း သက်သေပြနေသည်။
ချင်လျန်ချန်းသည်လည်း အသာတကြည် အရှုံးပေးမည့်သူ မဟုတ်ပေ။ ဘေးမှ နန်ကုန်းမိသားစုဝင်များက သူ့အား လောဘတကြီး စိုက်ကြည့်နေသည်ကို မြင်သောအခါ သူ နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်တော့သည်။
“အဲ့ဒီလက်ကလား”
လော့ချန် မေးလိုက်သည်။ သူသည် ချင်လျန်ချန်း ရောက်လာစဉ်က ညာဘက်လက်မရှိဘဲ အင်္ကျီလက် တွဲလောင်းကျနေသည်ကို ပြန်လည် သတိရလိုက်သည်။
“ဟုတ်တယ်”
မုရုံချင်းလျန်က ဝမ်းနည်းရိပ်များဖြင့် ပြောလိုက်သည်။
“အရင်က ကျောက်စိမ်းအိုးဓားဂိုဏ်းက လျန်ချန်းနဲ့ သဘောတူညီမှုလုပ်တုန်းက သူတို့က တော်တော် ရက်ရောခဲ့ကြတယ်၊ ပိုင်ချီရဲ့ သိုလှောင်အိတ်ကို လျန်ချန်းရှေ့မှာပဲ ဖွင့်ပြခဲ့ပြီး အထဲက ပစ္စည်းတွေကလည်း တော်တော် တန်ဖိုးရှိတာ”
“အဲ့ဒါကြောင့် သူတို့က လျန်ချန်းအတွက် လက်ကို ပြန်ဆက်ပေးခဲ့ရုံတင်မကဘဲ အသက်ကယ် နည်းစနစ်တစ်ခုကိုလည်း ပေးခဲ့ကြတယ်၊ လျန်ချန်းက အဲ့ဒီနည်းစနစ်ကို သုံးလိုက်တာ၊ တစ်ချက်တည်းနဲ့ သွေးချင်းချင်းနီနေတဲ့ လမ်းကို ဖောက်ထွက်ပြီး ထွက်ပြေးလာနိုင်ခဲ့တယ်၊ ဒါပေမဲ့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့ အဲ့ဒီလက်ပဲ.... အခုတော့ လုံးဝ မရှိတော့ဘူး”
ထိုစကားကို ကြားလိုက်ရသည့်အခါ လော့ချန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူ ခဏမျှ ဘာပြောရမှန်း မသိဘဲ ဖြစ်သွားရသည်။
နန်ကုန်းမိသားစုမှာ မနှစ်ကမှ နှင်းကြာပန်းစျေးမြို့တော်မှ ပြောင်းရွှေ့လာသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မိသားစုအသစ် ဖြစ်သည်။
အကြီးအကဲ နန်ကုန်းကျင်းမှာ အသက် ၁၅၀ သာ ရှိသေးသဖြင့် ကျင့်ကြံခြင်းလောကတွင် လူငယ်တစ်ဦးဟုပင် ဆိုနိုင်သည်။ မျိုးဆက်သစ်များမှာလည်း ထူးချွန်သူများစွာ ထွက်ပေါ်နေသည်။ သို့သော် နှင်းကြာပန်းစျေးမြို့တော်မှာ အခြေအနေ ကြမ်းတမ်းလှသဖြင့် အရင်းအမြစ် ပေါကြွယ်ဝသော တာဟဲစျေးမြို့တော်သို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။
မနေ့ညက ချင်လျန်ချန်းအား ပိတ်ဆို့ခဲ့သော နန်ကုန်းမိသားစုဝင်များမှာ အားနည်းသူများ မဟုတ်ကြကြောင်း ခန့်မှန်းရုံဖြင့် သိနိုင်သည်။ ချင်လျန်ချန်းအနေဖြင့် သွေးလမ်းဖောက်၍ ထွက်လာနိုင်ရန် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရမည်မှာ အမှန်ပင်။ သို့သော် ဤမျှအထိ ဆိုးရွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
“အဲ့ဒီလက်ကို ပြန်ဆက်လို့ မရတော့ဘူးလား"
လော့ချန် စိုးရိမ်တကြီး မေးလိုက်သည်။
မုရုံချင်းလျန်က ခါးသီးစွာ ခေါင်းခါပြသည်။ ပြန်ဆက်၍ မရတော့ပေ။
ပထမတစ်ကြိမ် လက်ဆက်ပေးစဉ်ကပင် ကျောက်စိမ်းအိုးဓားဂိုဏ်း၏ အံ့ဖွယ်နည်းစနစ်များကို သုံးခဲ့ရခြင်း ဖြစ်သည်။ ထိုမျှသာမက ချင်လျန်ချန်းမှာ ထိုလက်နှင့် အသားကျရန် အချိန်အတော်ယူခဲ့ရသည်။ ယခုအခါတွင်မူ လက်အတု တပ်လျှင်ပင် ယခင်လို သဘာဝကျကျ လှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။
ထို့အပြင် ကျောက်စိမ်းအိုးဓားဂိုဏ်းက သူ့အား ဒုတိယအကြိမ် ပြန်ကူညီပေးပါဦးမည်လော။ အခြား ဆေးဆရာများကို ရှာဖွေနိုင်ပါဦးမည်လော။
လက်ဖဝါးတစ်ဖက် ဆုံးရှုံးခဲ့ရသော ရှန်းရှုပင်လျှင် အဆင့်လတ် မှော်လက်သည်းတစ်ခုကိုသာ တပ်ဆင်နိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့်ပင် သူ၏ အစွမ်းများ လျော့နည်းသွားခဲ့ပြီး လော့ချန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
မုရုံချင်းလျန်၏ မျက်နှာပေါ်မှ ခါးသီးမှုနှင့် စိတ်ပျက်အားငယ်မှုများမှာ အထင်အရှားပင်။ လော့ချန်မှာ ခဏမျှ ဘာမှ မပြောနိုင်ဘဲ ပစ္စည်းပုံကြီးကို ကြည့်နေရင်း နောက်ဆုံးတွင် အံကြိတ်ကာ ဆုံးဖြတ်လိုက်သည်။
“လူအားလုံးကို ဒီမှာ စုလိုက်ပါ”
....
လော့ချန်သည် အသက်ရှင်ကျန်ရစ်သူအားလုံးကို စုဝေးစေလိုက်သည်။
ဒဏ်ရာရသူများရော၊ အကောင်းအတိုင်း ကျန်သူများရော၊ စိတ်ဓာတ်ကျနေသူများရော၊ အားအင်ပြည့်ဝနေသူများရော....။
ကျင့်ကြံသူ ၃၀ ခန့်သည် လခြမ်းတောင်ကြားရှိ ကွင်းပြင်တွင် ရပ်နေကြပြီး ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်နေသော အမျိုးသားကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေကြသည်။
ထိုမျက်လုံးပေါင်းများစွာကို ရင်ဆိုင်လိုက်ရသည့်အခါ လော့ချန်၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ သို့သော် သူ၏ အကြည့်များမှာ ချက်ချင်းပင် ပြတ်သားသွားသည်။ သူ လူအုပ်ကြီးကို ကြည့်ကာ ကြည်လင်ပြတ်သားသော အသံဖြင့် ကြေညာလိုက်သည်။
“ဂိုဏ်းချုပ် မီရှုဟွာ သေဆုံးသွားပါပြီ၊ အခု ဖိုရှန်းဂိုဏ်းဆိုတာ နာမည်ပဲ ကျန်ပါတော့တယ်”
လူအုပ်ကြီးမှာ တိတ်ဆိတ်သွားသည်။
ဆူညံနေသော လေထုမှာ ချက်ချင်းပင် သေလောက်အောင် ငြိမ်ကျသွားတော့သည်။ အဆင့်နိမ့် ကျင့်ကြံသူတစ်စုမှာ ထိုသတင်းကို အံ့အားသင့်စွာ နားထောင်နေကြရသည်။
သူတို့သည် လော့ချန် မနေ့ည တိုက်ပွဲမှရသော ပစ္စည်းများကို ခွဲဝေပေးရန် စုဝေးခြင်း ဖြစ်မည်ဟု မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် လော့ချန် ပထမဆုံး ပြောလိုက်သော စကားမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှသည်။
ဖိုရှန်းဂိုဏ်းအား ကာကွယ်ပေးထားသော ထီးရိပ်ကြီး ပြိုလဲသွားချေပြီ ဖြစ်သည်။
ခေတ္တမျှ ကြာပြီးနောက် လော့ချန် စကားဆက်လိုက်သည်။
“မနေ့ညက ဖိုရှန်းဂိုဏ်းရဲ့ ခန်းမ ၉ ခုလုံးနဲ့အတူ၊ ပင်မခန်းမ၊ မီမိသားစုစံအိမ်တော်တွေပါ အင်အားအဆမတန်များတဲ့ ရန်သူတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်၊ အခုထိတော့ အပြင်က သတင်းတွေက မရေရာသေးပေမဲ့ ဖိုရှန်းဂိုဏ်းကတော့ တကယ်တမ်းမှာ ပျက်စီးသွားခဲ့ပါပြီ”
လော့ချန် ခဏ ရပ်လိုက်ပြန်သည်။ နားထောင်နေကြသူများအား လက်တွေ့ဘဝကို လက်ခံနိုင်ရန် အချိန်ပေးလိုက်ခြင်း ဖြစ်သည်။
သူ၏ ထက်မြက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည့်အခါ လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု၊ မငြိမ်သက်မှုနှင့် ဝေခွဲမရမှုများကို မြင်နေရသည်။ အချို့မှာမူ အခြားခန်းမဆောင်များတွင် ရှိနေသော သူငယ်ချင်းနှင့် မိသားစုဝင်များအတွက် စိုးရိမ်နေကြပုံရသည်။ ဥပမာအားဖြင့် ထန်ချွမ် ဆိုလျှင် သူ၏ ဦးလေးဖြစ်သူ ကျန်းဝမ်အတွက် စိုးရိမ်ကာ ထွက်သွားရန်ပင် ပြင်နေသကဲ့သို့ တုန်ရီနေသည်။
လော့ချန် ပြတ်သားသော အသံဖြင့် ဆက်ပြောသည်။
“ဖိုရှန်းဂိုဏ်း မရှိတော့ပေမဲ့ ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကတော့ ဆက်သွားရပါမယ်”
သူ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း စကားဆက်သည်။
“တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ ဘဝက မလွယ်ကူဘူးဆိုတာ ကျွန်တော်ရော၊ ခင်ဗျားတို့ပါ သိကြပါတယ်၊ အဲ့ဒါကြောင့် ကျွန်တော် လော့ချန်ဟာ အရမ်းကြီး တော်နေတတ်နေတာ မဟုတ်ပေမယ့် တစ်ဦးနဲ့တစ်ဦး ကူညီဖေးမနိုင်ဖို့အတွက် အဖွဲ့အစည်းလေးတစ်ခု ဖွဲ့စည်းချင်ပါတယ်”
“နာမည်ကိုလည်း စဉ်းစားထားပြီးသားပါ၊ လော့ထျန်းအဖွဲ့လို့ ခေါ်ပါမယ်၊ လော့ ဆိုတာ ကျွန်တော့်ရဲ့နာမည်၊ ထျန်းဆိုတာ ကောင်းကင်ယံအထိ မြင့်မားကျယ်ပြန့်တဲ့ သဘောပါ၊ ကျွန်တော်တို့ အားလုံး ကောင်းကင်ယံအထိ တက်လှမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်”
သူ စကားပြောနေစဉ်မှာပင် ကျင့်ကြံသူအားလုံးမှာ သတိပြန်ဝင်လာကြသည်။ လော့ချန်သည် ဖိုရှန်းဂိုဏ်း၏ နေရာတွင် အဖွဲ့အစည်းအသစ်တစ်ခု တည်ထောင်ရန် ပြင်နေခြင်း ဖြစ်သည်။ သို့သော် သူသည် အဆင့် ၈ သာ ရှိသေးလေရာ လူတိုင်းအား ကာကွယ်ပေးနိုင်ပါ့မည်လော။
ရုတ်တရက် သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၃ ဦး ရောက်လာခဲ့ပုံနှင့် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ တာဝန်ခံမြောင်နှင့် လော့ချန်တို့ တစ်ညလုံး စကားပြောခဲ့သည်ကို ပြန်လည် သတိရလိုက်ကြသည်။
‘ဒါဆိုရင်.... လော့ထျန်းအဖွဲ့ရဲ့ နောက်ကွယ်မှာ တာဝန်ခံမြောင် ရှိနေတာလား’
ချက်ချင်းဆိုသလိုပင် ကျင့်ကြံသူအချို့မှာ စိတ်လှုပ်ရှားလာကြတော့သည်။
“ကျွန်တော် အများကြီး မပြောတော့ပါဘူး၊ အခုလောလောဆယ်မှာတော့ လော့ထျန်းအဖွဲ့ဆိုတာ စကားလုံးအရပဲ ရှိပါသေးတယ်” ဟု လော့ချန် ပြောလိုက်သည်။
“အခု ကျွန်တော် အချက်နှစ်ချက် ပြောချင်ပါတယ်.... တကယ်တော့ တစ်ချက်တည်းပါပဲ”
လော့ချန်သည် လူအုပ်ကြီးကို စိတ်ရင်းမှန်ဖြင့် ကြည့်ကာ ဆိုသည်။
“ခင်ဗျားတို့ လော့ထျန်းအဖွဲ့ကို ဝင်ချင်ကြသလား၊ လွန်ခဲ့တဲ့ နှစ်ရက်က တိုက်ပွဲဟာ ကျွန်တော်တို့အားလုံး အတူတူ အနိုင်ယူခဲ့တဲ့ တိုက်ပွဲပါ၊ ခင်ဗျားတို့ တစ်ယောက်ချင်းစီရဲ့ ကြိုးစားမှုကို ကျွန်တော် မြင်ခဲ့ပါတယ်၊ အဲ့ဒါကြောင့် လော့ထျန်းအဖွဲ့ကို မဝင်ချင်တဲ့သူတွေဆိုရင်တောင် တိုက်ပွဲကရတဲ့ ပစ္စည်းတွေကို ခွဲဝေရရှိမှာဖြစ်ပြီး၊ အဖွဲ့မှာ ကျန်ရစ်မယ့်သူတွေထက်တောင် ပိုပြီး ရနိုင်ပါသေးတယ်၊ အဖွဲ့မှာ ကျန်ခဲ့မယ့်သူတွေလည်း နည်းမှာ မဟုတ်ပါဘူး၊ လူတိုင်း ကျေနပ်လောက်တဲ့အထိ ရပါလိမ့်မယ်၊ အနာဂတ်ကိုပဲ ကျွန်တော်တို့ ကြည့်ကြရအောင်”
“အဲ့ဒါကြောင့် ဒီများပြားလှတဲ့ ပစ္စည်းတွေကို လော့ထျန်းအဖွဲ့ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံသွားမှာပါ၊ ကောင်းကင်နဲ့ မြေကြီးက သက်သေပါပဲ”
ထိုစကားကို ကြားလိုက်ရသည့်အခါ လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
‘ထွက်သွားမယ့်သူက ပိုရမယ်၊ ကျန်ခဲ့မယ့်သူက နည်းနည်းပဲ ရမယ်၊ ဒါက ဘယ်လိုကြီးလဲ’
သို့သော် သူတို့ စဉ်းစားရန်ပင် အချိန်မရလိုက်ပေ။ တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလို ထအော်လိုက်သည်။
“ကျွန်တော်.... ကျွန်တော် ဝင်မယ်၊ ကျွန်တော် ကျိုးယွမ်လီ.... ခေါင်းဆောင်လော့ရဲ့ နောက်ကို ဆက်လိုက်ဖို့ ဆုံးဖြတ်ပြီးသားပါ”
တစ်ချိန်တည်းမှာပင် လျိုချန်းကလည်း သူ၏ ဆုံးဖြတ်ချက်ကို ထပြောလိုက်သည်။
မကြာမီ ကူချိုင်ယီ၊ အဘွားယွမ်နှင့် ချင်လျန်ချန်းကိုယ်စား မုရုံချင်းလျန်တို့ကလည်း ပါဝင်လိုက်ကြသည်။
အဆင့် ၉ ကျင့်ကြံသူများထဲမှ ဆုံးဖြတ်ချက် မပြောရသေးသူဟူ၍ တွမ်ဖုန်း တစ်ယောက်သာ ကျန်တော့သည်။ ထိုစဉ် ဖုန်းရှက နောက်မှနေ၍ တွမ်ဖုန်း၏ ခါးကို တို့လိုက်ရာ တွမ်ဖုန်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး ထပြောလိုက်သည်။
“ကျွန်တော် တွမ်ဖုန်း.... လော့ချန်ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး နောက်က လိုက်ပါ့မယ်”
အဆင့်နိမ့်ကျင့်ကြံသူများမှာ မှင်သက်သွားရသည်။ လွန်ခဲ့သော မိနစ်ပိုင်းကမှ လော့ထျန်းအဖွဲ့မှာ လူတစ်ယောက်တည်း ရှိသော အဖွဲ့အစည်းဟု ထင်ခဲ့သော်လည်း ယခုမူ ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူ ၅ ဦးပင် ရှိသွားခဲ့လေပြီ။
ကျိုးယွမ်လီနှင့် လျိုချန်းတို့မှာ နှစ်ယောက်တွဲ တိုက်ခိုက်လျှင် အဆင့် ၉ ကျင့်ကြံသူများကိုပင် ယှဉ်နိုင်သူများ ဖြစ်သည်။ ထို့ပြင် လော့ချန်ကိုယ်တိုင်ကလည်း အဆင့် ၉ ကျင့်ကြံသူ နှစ်ဦးဖြစ်သော ရှန်းရှုနှင့် ကောင်းထင်ယွမ်တို့ကို သတ်ခဲ့သူ မဟုတ်ပါလော။
ဆိုလိုသည်မှာ လော့ထျန်းအဖွဲ့တွင် အဆင့် ၉ ကျင့်ကြံသူ ၇ ဦး၏ အစွမ်းရှိနေခြင်းပင်။ ဤအင်အားမျိုးမှာ မည်သည့်နေရာတွင်မဆို ကြောက်စရာကောင်းလှသည်။ သာမန်တစ်ကိုယ်တော်ကျင့်ကြံသူများမှာ သူတို့အား မယှဉ်ရဲတော့ပေ။
ထိုအချိန်တွင် မည်သူမှ မတွန့်ဆုတ်တော့ပေ။ အားကိုးရမည့် အဖွဲ့အစည်းရှိနေလေရာ မည်သူက မဝင်ဘဲ နေချင်ပါ့မည်နည်း။
“ကျွန်တော် ထန်ချွမ်.... လော့ထျန်းအဖွဲ့ကို ဝင်ပါ့မယ်”
“ကျွန်တော် ယွမ်တုန်းရှန်း.... လော့ထျန်းအဖွဲ့ကို ဝင်ပါ့မယ်”
“ကျွန်တော် ချွီဟန်ချန်း.... လော့ထျန်းအဖွဲ့ကို ဝင်ပါ့မယ်”
ထိုနာမည်ကို ကြားလိုက်ရသည့်အခါ လော့ချန်၏ မျက်လုံးများ တောက်ပသွားသည်။ ထိုအဘိုးကြီး သေသွားပြီဟု လော့ချန် ထင်ခဲ့ခြင်း ဖြစ်သည်။
ကျင့်ကြံသူတိုင်း လော့ထျန်းအဖွဲ့သို့ စိတ်အားထက်သန်စွာ ဝင်ရောက်လာကြသည်ကို မြင်ရသည့်အခါမှ လော့ချန်၏ အပူလုံးကြီး ကျသွားတော့သည်။ လွန်ခဲ့သောညက မြောင်နှင့် ပြောခဲ့သော စကားများမှာ မရှုပ်ထွေးလှပေ။ အဓိကအချက်မှာ အဖွဲ့သစ်တစ်ခု ဖွဲ့ကာ ပူးပေါင်းဆောင်ရွက်ရန်ပင်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၁၈၈) - လော့ထျန်းအဖွဲ့ စတင်ဖွဲ့စည်းခြင်း
မီရှုဟွာ သေဆုံးသွားခဲ့ပြီဖြစ်ရာ ဖိုရှန်းဂိုဏ်း ပျက်သုဉ်းသွားသည်မှာ မလွဲဧကန်ပင်။ သို့သော် ဝာာဝန်ခံမြောင်သည် လော့ချန်၏ ဆေးဖော်စွမ်းရည်နှင့် သူ၏ အရည်အချင်းကို အလွန်သဘောကျသဖြင့် လော့ချန်အား အကာအကွယ်ပေးကာ နှစ်ဦးသဘောတူ ပူးပေါင်းရန် ကမ်းလှမ်းခဲ့သည်။
မြောင်ဝမ်ဘက်မှ ထုတ်ပေးသည်မှာ ဘာမျှမရှိသလောက်ပင်။ သူပေးသည်မှာ ကျောက်စိမ်းအိုးဓားဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဟူသော သူ၏ ဂုဏ်သတင်းနှင့် အရှိန်အဝါသာ ဖြစ်သည်။
လော့ချန်ကမူ အဖွဲ့အစည်းသစ် တည်ထောင်ခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် ရောင်းချခြင်း စသည့် အလုပ်အားလုံးကို တာဝန်ယူရမည်ဖြစ်သည်။ ရရှိလာသော အကျိုးအမြတ်ကို အဖွဲ့တွင်း အသုံးစရိတ်များ နုတ်ပြီးနောက် မြောင်ဝမ်နှင့် လော့ချန်တို့ တစ်ဝက်စီ ခွဲဝေယူကြမည် ဖြစ်သည်။
ကြည့်ရသည်မှာ လော့ချန် အရှုံးပေါ်နေသကဲ့သို့ ရှိသော်လည်း၊ တကယ်တမ်းတွင် ဤသည်မှာ ရေရှည်အတွက် အကျိုးရှိသော ဆုံးဖြတ်ချက် ဖြစ်သည်။
မြောင်ဝမ်၏ အရှိန်အဝါကို အသုံးချကာ အဆင့်မြင့် လူမှုအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး၊ အခြေတည်ဆေးလုံးကို ဝယ်ယူခွင့်ရရန် အခြားသော အခြေခံတည်ဆောက်ခြင်းအဆင့် အင်အားစုများနှင့် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးကိုလည်း မြောင်ဝမ် ကတိပေးခဲ့သည်။
ငွေကြေးအင်အားသာ ရှိမည်ဆိုလျှင် အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ ဝယ်ယူခွင့်ရမည် ဖြစ်သည်။ ဤသည်မှာ မီရှုဟွာ ဘယ်သောအခါမှ မပေးနိုင်ခဲ့သော အရာများပင် ဖြစ်သည်။
ခိုင်မာသော သက်သေအထောက်အထားဟူ၍ မရှိသော်လည်း မီရှုဟွာသည် အခြားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ လော့ချန် အနီးသို့ မကပ်နိုင်စေရန် အချိန်အတော်ကြာ တားဆီးပိတ်ပင်ထားခဲ့သည်မှာ ထင်ရှားလှသည်။
ဤသည်မှာ ကာကွယ်စောင့်ရှောက်မှုတစ်မျိုး ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း အကျဉ်းချချုပ်နှောင်ထားခြင်းနှင့် များစွာမခြားနားလှပေ။ ယခုအခါတွင်မူ မီရှုဟွာ ကွယ်လွန်သွားပြီဖြစ်၍ လော့ချန်၏ ရင်ထဲဝယ် ခံစားချက်အထွေထွေတို့မှာ ရှုပ်ထွေးပွေလီလျက် ရှိနေတော့သည်။
သို့သော်လည်း သူသည် ဤနေရာ၌သာ ရပ်တန့်နေမည့်သူ မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ပိုမိုပြတ်သားသော ခြေလှမ်းသစ်တို့ဖြင့် ရှေ့သို့ ဆက်လက်လှမ်းချီသွားမည့်သူသာ ဖြစ်သည်။
လော့ချန်သည် အရာခပ်သိမ်းကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်း ရှိသည်။ မြောင်ဝမ် နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ ရေရှည်အကျိုးစီးပွားအတွက် ခေတ္တနစ်နာမှုကို လက်ခံလိုက်ခြင်းမျှသာ ဖြစ်သည်။
အမှန်စင်စစ် သူ အလွန်အမင်း နစ်နာဆုံးရှုံးမည်လည်း မဟုတ်ပေ။
မြောင်ဝမ်သည် အလုပ်တာဝန် များပြားလွန်းသဖြင့် အသေးစိတ်အချက်အလက်တို့ကို လိုက်လံကြည့်ရှုနိုင်မည် မဟုတ်သကဲ့သို့ ဆေးလုံးများကိုလည်း လော့ချန်ကိုယ်တိုင် ဖော်စပ်ကာ လော့ထျန်းအဖွဲ့မှတစ်ဆင့် ရောင်းချသွားမည် ဖြစ်သည်။
ဤလုပ်ငန်းစဉ်များကြားဝယ် လှည့်ပတ်နိုင်သော အခွင့်အလမ်းများစွာ ရှိနေပေသည်။ လော့ချန်အနေဖြင့် သူရရှိမည့် အမြတ်ဝေစုမှာ ဖိုရှန်းဂိုဏ်း၌ ရှိစဉ်ကထက် များစွာသာလွန်အောင် လုပ်ဆောင်နိုင်သော နည်းလမ်းကောင်းများ လက်ဝယ်ရှိနေပြီးသားပင် ဖြစ်တော့သည်။
ဤအချိန်မှစ၍ သူသည် မိမိ၏ ကံကြမ္မာကို မိမိဘာသာ စတင်ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ နောင်အနာဂတ်ကာလများတွင်လည်း သူ၏ဘဝကို သူကိုယ်တိုင်ပင် အပြည့်အဝ ထိန်းချုပ်သွားတော့မည် ဖြစ်သည်။
လော့ထျန်းအဖွဲ့ကို တည်ထောင်ခြင်းမှာ ပထမဆုံးသော ခြေလှမ်းတစ်ရပ်ပင် ဖြစ်ပေသည်။ ဤအဖွဲ့အစည်းသည် သူ့အား ဗဟိုပြု၍ လည်ပတ်မည်ဖြစ်ရာ ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်သော လူအင်အားနှင့် အရင်းအမြစ်တို့မှာ မရှိမဖြစ် လိုအပ်လှသည်။
လခြမ်းတောင်ကြားရှိ ကျင့်ကြံသူတို့မှာ ဆေးဖော်ဆောင် နှင့် ဆေးဝါးဆောင်တို့မှ လာသူများ ဖြစ်ကြသဖြင့် သူ့အတွက်မူ လွန်စွာပင် ကွက်တိကျလှပေသည်။ သူတို့တစ်ယောက်ချင်းစီ အဖွဲ့အတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ လော့ချန်၏ အခြေခံအုတ်မြစ်မှာ ပိုမိုခိုင်မာလာတော့သည်။
နောက်ဆုံး၌ ထိုနေရာရှိ အဆင့်နိမ့်ကျင့်ကြံသူ (၃၁) ယောက်လုံးနီးပါး လော့ထျန်းအဖွဲ့အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အားလုံးနီးပါးဟု ဆိုရခြင်းမှာ တစ်ဦးတည်းသောသူမှာ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မပြောရသေးသောကြောင့် ဖြစ်သည်။
မိန်းကလေးငယ်မှာ လူအုပ်ကြီး၏ နောက်နားဝယ် တစ်ဦးတည်း သီးခြားရပ်နေသည်။ သူမ၏ မျက်နှာမှာ ဖြူဖျော့လျက်ရှိပြီး ပူဆွေးသောကရောက်မှုများ၊ ဝေခွဲမရနိုင်သော စိုးရိမ်မှုများမှာ မျက်လုံးအတွင်း၌ ပြည့်နှက်နေသည်။ လူတိုင်းက မီကျွင်းဖျင်၏ သမီး၊ မီရှုဟွာ၏ မြေးမလေးကို လှမ်းကြည့်လိုက်သောအခါ သူမသည် အလိုအလျောက်ပင် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိတော့သည်။
“ကျွန်မ.... ကျွန်မ....”
လော့ချန် သူမဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ မြင့်မားသော အရိပ်မှာ သူမအပေါ် ကျရောက်သွားသလို၊ နူးညံ့သော အပြုံးမှာလည်း နွေးထွေးမှုအား လွှမ်းခြုံပေးလျက်ရှိသည်။ သူ ခေါင်းကို ညင်သာစွာ ညိတ်ပြရင်း ဆိုသည်။
“မင်းက ဂိုဏ်းချုပ်မီရဲ့ မြေးမလေးလေ.... မင်း အဖွဲ့ထဲ ဝင်ဝင်၊ မဝင်ဝင် ငါတို့ လော့ထျန်းအဖွဲ့က မင်းကို ကောင်းကောင်း စောင့်ရှောက်သွားမှာပါ”
ထိုစကားကို ကြားရသောအခါ မီလီ၏ အောင့်အီးထားသမျှ ဝမ်းနည်းမှုတို့ ပေါက်ကွဲထွက်သွားပြီး အသံကုန်ဟစ်၍ ငိုကြွေးတော့သည်။
“ခေါင်းဆောင်လော့.... ကျွန်မ အိမ်ကို ပြန်ကြည့်ချင်တယ်....” ဟု သူမ ရှိုက်ကြီးတငင် ပြောရှာသည်။
“ဒါကတော့ မဖြစ်နိုင်တော့ဘူး ထင်တယ်” ဟူသော အက်ကွဲကွဲ အသံတစ်သံ ကြားဖြတ်ထွက်ပေါ်လာသည်။
ထိုအသံ၏ ပိုင်ရှင်မှာ ဖုန်းရှပင် ဖြစ်သည်။ သူမ မီလီအား သနားကရုဏာသက်သော အကြည့်ဖြင့် ကြည့်ရင်း ခါးသီးသော သတင်းစကားကို ဆိုလိုက်သည်။
“အစ်မ မြို့ထဲကနေ အခုလေးတင် လာခဲ့တာ.... မနေ့က မွန်းတည့်ချိန်မှာတင် နန်ကုန်းမိသားစုက မီမိသားစု အိမ်တော်ကို သူတို့ပိုင်ဆိုင်ကြောင်း ကြေညာလိုက်ပြီ၊ နောက်နှစ်ရက်နေရင် နန်ကုန်းမိသားစုဝင်တွေ အကုန်လုံး ပြောင်းလာကြတော့မယ်တဲ့”
ဘယ်လောက်တောင် မြန်လိုက်တဲ့ လုပ်ရပ်လဲ....။
လော့ချန်သည်ပင် ဤသတင်းကို ယခုမှ ကြားသိရသဖြင့် အံ့အားသင့်သွားရသည်။
မီရှုဟွာ သေသည်မှာပင် မကြာသေး၊ မီမိသားစုနှင့် ဖိုရှန်းဂိုဏ်း၏ အမွေအနှစ်များကို ခွဲဝေယူငင်ခြင်းက စတင်နေချေပြီ။
အခြားသောအရာများကို လော့ချန် မသိသေးသော်လည်း နှစ်ပေါင်းတစ်ရာကျော် အခြေချခဲ့သော မီမိသားစု အိမ်တော်မှာမူ ယခုအခါ နန်ကုန်းမိသားစု၏ လက်ဝယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
မီရှုဟွာ ကိုယ်တိုင် အပင်ပန်းခံ တည်ထောင်ခဲ့သော ဆေးဖော်ဆောင်ကိုလည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မြောင်ဝမ်မှ သိမ်းပိုက်လိုက်ချေပြီ။
ကျန်ရှိနေသော အရာများကား အဘယ်နည်း....။
အရှေ့ပိုင်းလွင်ပြင် တောင်တန်းရှိ သားရဲအမဲလိုက်ရာ နယ်မြေများ၊ ကုန်သွယ်ရေး လမ်းကြောင်းများ၊ သားရဲတိုက်ခိုက်ရေးကွင်းများ၊ သတ္တုတွင်းဆောင်များ၊ ပြည့်တန်ဆာအိမ်များနှင့် အရက်ဆိုင်များ....။
ဤသို့ ကွယ်ဝှက်ထားသော လုပ်ငန်းဆောင်တာများစွာ ကျန်ရှိနေသေးသည်။
လော့ချန် အသက် ပြင်းပြင်းရှူလိုက်သည်။ သူ နှေးကွေးနေ၍ မဖြစ်တော့ပေ။ သူသည် အထီးကျန်နေသော မိန်းကလေး၏ ပုခုံးကို အားပေးသည့်သဘောဖြင့် ပုတ်ပေးလိုက်ပြီးနောက် ကျောက်တုံးကြီးပေါ်သို့ ပြန်တက်လိုက်သည်။
“ကဲ.... အခု ကျွန်တော် နာမည်ခေါ်တဲ့သူတွေ ရှေ့ကိုလာပြီး ဆုလာဘ်တွေကို ထုတ်ယူကြပါ”
ဤသို့ဖြင့် ပစ္စည်းဥစ္စာများ ခွဲဝေပေးသည့် အခမ်းအနားကြီး စတင်တော့သည်။
ချီသန့်စင် အဆင့်နိမ့်နှင့် အဆင့်လတ် ကျင့်ကြံသူ (၃၀) ဦးတို့မှာ တစ်ဦးလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) စီ၊ အဆင့်နိမ့် မှော်လက်နက် တစ်ခုစီနှင့် ဆေးလုံးတစ်ပုလင်းစီ ရရှိကြသည်။
ဤခွဲဝေမှုကို မည်သူမျှ ကန့်ကွက်ခြင်း မပြုကြပေ။ စုစုပေါင်းတန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး ၄၀၀ မှ ၅၀၀ ကြား ရှိနေသဖြင့် အဆင့်လတ် ကျင့်ကြံသူတစ်ဦးအတွက်မူ မနည်းလှသော ပမာဏပင် ဖြစ်တော့သည်။
ထို့နောက်တွင်မူ အဆင့်မြင့် ကျင့်ကြံသူများ၏ အလှည့်သို့ ရောက်ရှိလာသည်။
....
ဆေးဖော်ဆောင်အတွင်း လော့ချန်၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင်ရှိသော လျိုချန်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀၀)၊ အဆင့်မြင့် မှော်လက်နက် တစ်ခုနှင့် ချီစွမ်းအင်ဖြည့်ဆေးလုံး ငါးပုလင်း ရရှိလိုက်သည်။
ကူချိုင်ယီမှာမူ ဝိညာဉ်ကျောက်တုံး (၃၀၀၀)၊ အဆင့်မြင့် တိုက်ခိုက်ရေး မှော်လက်နက် တစ်ခုနှင့် မြူသန့်စင်ဆေးလုံး နှစ်ပုလင်းကို ရရှိခဲ့သည်။
ဆုလာဘ်များကို လက်ခံယူပြီးနောက် လျိုချန်းက သက်ပြင်းရှည်ကြီးတစ်ချက်ချရင်း ဆိုသည်။
“နှမြောစရာ ကောင်းလိုက်တာ.... ဖန်းလျန်သာ အသက်ရှင်နေရင် သူလည်း ဒီဆုတွေကို ရမှာပဲ” ဟု နောင်တတကြီး ဆိုလိုက်သည်။
တုန်းဖန်းလျန်သည် အဆင့်မြင့် ရန်သူတော်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရပြီး ကျဆုံးသွားခဲ့ရရှာသည်။ သူ၏ အလောင်းကိုမူ လခြမ်းတောင်ကြား၌ပင် မြှုပ်နှံရန် စီစဉ်ထားပြီး ဖြစ်သည်။
လျိုချန်း၏ ဝမ်းနည်းပူဆွေးသံကို ကြားရသောအခါ ကျိုးယွမ်လီက သူ့ပုခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ အမှန်စင်စစ် ဤတိုက်ပွဲသည် ဖိုရှန်းဂိုဏ်းအတွက်သာမက ဆေးဖော်ဆောင်နှင့် ဆေးဝါးဆောင်တို့အတွက်လည်း အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရသည် မဟုတ်လော။
သို့သော်လည်း ပူဆွေးမှုများ၏ နောက်ကွယ်ဝယ် စိတ်လှုပ်ရှားမှုတို့လည်း ကိန်းအောင်းနေသည်။ လူတိုင်းသည် ဝိညာဉ်ကျောက်တုံး ထောင်နှင့်ချီ၍ ပိုင်ဆိုင်ခွင့် ရခဲ့ကြသည် မဟုတ်ပါလော။
အသက်ရှင်ကျန်ရစ်သူတို့မှာ အမြဲ ကံအကောင်းဆုံးသူများပင် ဖြစ်ပေသည်။ ဤသည်မှာ သူတို့၏ ကျင့်ကြံခြင်း လမ်းစဉ်တစ်လျှောက်ဝယ် မျှော်လင့်ချက်ရောင်ခြည်သစ်များ ပိုမိုတောက်ပလာခြင်းပင် ဖြစ်တော့သည်။
လော့ချန်သည် စကားတစ်ခွန်းမျှ မဆိုဘဲ တွမ်ဖုန်းထံသို့ အပြာရောင် သိုလှောင်အိတ် တစ်အိတ်ကို ကမ်းပေးလိုက်သည်။ တွမ်ဖုန်းသည် အိတ်အတွင်းသို့ အသာအယာ ဖွင့်ဟကြည့်ရှုလိုက်ရာမှ အံ့အားသင့်သွားရသည်။
“ဒီလောက်တောင် များလှချည်လား....”
“မနေ့ညက အစ်ကိုတွမ်ရဲ့ အားထုတ်မှုက တကယ်ကို အသိအမှတ်ပြုစရာပါ၊ ဒါဟာ ရသင့်ရထိုက်တဲ့ အရာပါပဲ” ဟု လော့ချန် တည်ငြိမ်အေးဆေးစွာ ဆိုလိုက်သည်။
လော့ချန်သည် မိမိ၏ မိတ်ဆွေရင်းချာများအပေါ်ဝယ် အမြဲ ရက်ရောတတ်သူ ဖြစ်သည်။
ထိုသိုလှောင်အိတ်အတွင်း၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀၀၀)၊ အဆင့်မြင့် ခုခံရေးနှင့် တိုက်ခိုက်ရေး မှော်လက်နက် တစ်ခုစီအပြင် ဆေးလုံးအချို့နှင့် ရေဓာတ်ကျင့်စဉ် စာအုပ်များ ပါဝင်နေသည်။
ဤသည်မှာ တွမ်ဖုန်းအတွက် အလိုအပ်ဆုံးသော ရတနာများပင် ဖြစ်တော့ရာ တွမ်ဖုန်းသည်လည်း ထွေထွေထူးထူး ငြင်းဆန်ခြင်းမပြုဘဲ လက်ခံလိုက်တော့သည်။
ထို့နောက် လော့ချန်သည် အဘွားယွမ်ထံသို့ လှည့်ကြည့်လိုက်သည်။ အဘွားအိုက သူ့အား ကြင်နာစွာ ပြုံးပြရင်း ဆိုသည်။
“ခေါင်းဆောင်လော့.... ကျွန်မကို သိုလှောင်အိတ် တစ်အိတ်လောက် ပိုပေးလို့ ရနိုင်မလားရှင်....”
လော့ချန်က ပြုံး၍ပင် ကြည်ဖြူစွာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ပစ္စည်းပုံများထဲမှ အကောင်းဆုံးဟု ယူဆရသော အိတ်တစ်အိတ်ကို ရွေးချယ်ကာ အဘွားအို၏ ဝေစုနှင့်အတူ ပေးလိုက်သည်။
ထိုအပိုအိတ်မှာ မည်သူ့အတွက် ဖြစ်မည်ဆိုသည်မှာ ခန့်မှန်းရ မခက်ခဲလှပေ။ သူမ၏ သားဖြစ်သူ ယွမ်တုန်းရှန်း အတွက်သာ ဖြစ်ပေလိမ့်မည်။
လော့ချန်အနေဖြင့် စိတ်ထဲ ထားခြင်း မရှိပေ။ အဘွားအိုနှင့် သူမ၏ သား၌ ရှိသော ဝိညာဉ်ဆေးပင် စိုက်ပျိုးခြင်း အတတ်ပညာမှာ ဆေးဆရာတစ်ဦးအတွက် တန်ဖိုးဖြတ်မရနိုင်သော အတတ်ပညာ ဖြစ်ပေသည်။
အထူးသဖြင့် အဘွားအို နောက်ဆုံးအသုံးပြုသွားသော ရွှေရင်မှည့်ဓား ဟုခေါ်သည့် ဒုတိယအဆင့် နည်းစနစ်ကို လော့ချန် များစွာသဘောကျနေသဖြင့် သူတို့သားအမိနှင့် ရင်းနှီးမှုရယူထားခြင်းမှာ အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်တော့သည်။
နောက်ဆုံးတွင်မူ ချင်လျန်ချန်း နှင့် သူ၏ ဇနီးသည်ဖြစ်သူတို့ အလှည့်သို့ ရောက်ရှိလာသည်။
“ဒေါ်လေး.... ဒါ ဒေါ်လေး အတွက်ပါ”
မုရုံချင်းလျန် အံ့သြသွားသည်။ ဝိညာဉ်ကျောက်တုံး (၅၀၀၀)၊ အဆင့်မြင့် မှော်လက်နက်များ၊ ဆေးလုံးများနှင့် မှော်စာရွက် များစွာကို သူမ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ဆုလာဘ်များကို အသီးသီး ခွဲဝေပေးပြီးနောက် လော့ချန်သည် ချင်လျန်ချန်းအား ကျော်ဖြတ်၍ ကျိုးယွမ်လီ ထံသို့ သွားလိုက်သည်။ ကျိုးယွမ်လီ၏ တည်ငြိမ်လှသော မျက်နှာကို ကြည့်လျက် လော့ချန် ချီးကျူးစကား ဆိုလိုက်သည်။
“မနေ့ညက တိုက်ပွဲမှာ မင်း တကယ်ကို တော်တယ်၊ ငါ မျှော်လင့်ထားတာထက်တောင် ပိုပါတယ်.... မင်းသာ အလယ်ဗဟိုကနေ မထိန်းချုပ်နိုင်ခဲ့ရင် အစီအရင်က ပြိုလဲသွားတာ ကြာလှပါပြီ”
ကျိုးယွမ်လီကမူ မာနတရားကင်းစင်စွာဖြင့် “ဒါက ကျွန်တော့်ရဲ့ တာဝန်ဝတ္တရားပါဗျာ” ဟု နှိမ့်ချစွာ ပြန်လည်ဖြေကြားသည်။
လော့ချန်က ခေါင်းခါရင်း ဆက်ပြောလိုက်သည်။
“တာဝန်ဆိုတာထက် ပိုပါတယ်၊ အထူးသဖြင့် ငါတို့ ဖောက်ထွက်တဲ့အချိန်မှာ မင်း ငါ့ကို အကာအကွယ်ပေးဖို့ အတင်းလုပ်ခဲ့တာကတင် ဆုကြီးကြီး ရထိုက်ပါတယ်”
လော့ချန် ပြောပြောဆိုဆို ဝိညာဉ်ကျောက်တုံး (၅၀၀၀)၊ မြူသန့်စင်ဆေးလုံး ငါးပုလင်း၊ စိတ်ငြိမ်အမွှေးတိုင် သုံးဗူးနှင့် အဆင့်မြင့် ခုခံရေးဝတ်ရုံတစ်ထည်ကို ပေးလိုက်သည်။
“ပြီးတော့.... ဒီထဲကနေ မင်းနှစ်သက်တဲ့ မှော်လက်နက် တစ်ခုကိုလည်း ရွေးယူလိုက်”
ဤမျှ ရက်ရောလှသော ဆုလာဘ်ကို မြင်တွေ့ရသောအခါ ကျိုးယွမ်လီပင်လျှင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။
“ခေါင်းဆောင်လော့.... ဒါက နည်းနည်း များမနေဘူးလားခင်ဗျာ....”
“ယူလိုက်ပါ.... ဒါ မင်းအတွက်ပဲ”
လော့ချန်က သူ့ပုခုံးအား ပုတ်ကာ ပြောလိုက်သည်။
ကျိုးယွမ်လီ ပစ္စည်းများ ရွေးချယ်ပြီးသွားသောအခါ ဝိညာဉ်ကျောက်တုံး (၁၀၀၀၀) ကျော်နှင့် မှော်လက်နက်များစွာ ကျန်ရှိနေသေးသည်။ လော့ချန်သည် ထိုပစ္စည်းများကို ဆက်လက်ခွဲဝေခြင်း မပြုတော့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ကန့်ကွက်ခြင်း မရှိကြပေ။
လော့ထျန်းအဖွဲ့ကို ယခုမှ စတင်တည်ထောင်ခြင်း ဖြစ်သဖြင့် နောင်အနာဂတ်၌ အသုံးစရိတ်များစွာ လိုအပ်ဦးမည်ကို လူတိုင်း နားလည်ထားကြသကဲ့သို့၊ တစ်ဦးချင်းစီကလည်း မိမိတို့နှင့် ထိုက်တန်သည်ထက် ပိုမိုသော ဆုလာဘ်များကို ရရှိထားကြပြီး ဖြစ်သောကြောင့်ပင်။
လော့ချန်၏ ဤ အသားခွဲဝေမှုကား များစွာအောင်မြင်သည်ဟု ဆိုရမည်။ ကျိုးယွမ်လီသည် သူ၏ ကျင့်ကြံမှုအဆင့်နှင့် မလိုက်လျောအောင်ပင် များပြားလှသော ဝေစုကို ရရှိခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ မကျေမနပ်ဖြစ်ခြင်း၊ ငြူစူခြင်း မရှိကြပေ။
လော့ချန် ဤအခြေအနေကို ကြည့်ကာ စိတ်ကျေနပ်မိသည်။
ဆုလာဘ်ခွဲဝေရာတွင် အဓိက ရှောင်ကြဉ်ရမည့်အချက်မှာ မတရားမှုပင် ဖြစ်သည်။ သို့သော် အလွန်အကျွံ မျှတလွန်းနေလျှင်လည်း မမှန်သေးပေ။ ထိုသို့ပြုမူခြင်းက ပိုမိုအားထုတ်ခဲ့သူတို့၏ စိတ်ဓာတ်ကို ပျက်ပြားစေနိုင်သောကြောင့် ဖြစ်သည်။
ခေါင်းဆောင်တစ်ယောက် ဖြစ်လာလျှင် အတိတ်မှ လုပ်ဆောင်ချက်များကိုသာမက အနာဂတ်တွင် အားကိုးအားထားပြုရမည့်သူများကိုပါ ထည့်သွင်းစဉ်းစား၍ ခွဲဝေရပေမည်။
ကျိုးယွမ်လီ၏ သစ္စာရှိမှုမှာမူ သက်သေပြပြီးသား ဖြစ်ပေရာ ဤလူသည် နောင်တစ်ချိန်တွင် လော့ချန် အားအကိုးရဆုံးသော လက်ရုံးတစ်ဆူ ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း လူတိုင်း ဇဝေဇဝါဖြစ်နေကြသည်မှာ ချင်လျန်ချန်း၏ အကြောင်းပင် ဖြစ်သည်။ သူသည် လခြမ်းတောင်ကြား တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခြင်း မရှိခဲ့သော်လည်း ကူညီရန်အတွက် နန်ကုန်းမိသားစုနှင့် ရင်ဆိုင်တိုက်ခိုက်ရင်း လက်တစ်ဖက် ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။ ထိုသို့သောသူအတွက် ဆုလာဘ်တစ်စုံတစ်ရာ ရှိသင့်သည် မဟုတ်ပါလော။
လော့ချန်ကား မည်သို့မျှ ရှင်းလင်းပြောဆိုခြင်း မပြုပေ။ ထိုသို့ပြုမည့်အစား သူ အဓိကနေရာ၌ ခန့်ညားစွာ ထိုင်လိုက်ပြီး ဆိုသည်။
“လော့ထျန်းအဖွဲ့ ကို တည်ထောင်လိုက်ပြီ.... ဒါပေမဲ့ ဒါဟာ သာမန်အဖွဲ့အစည်းလေးတစ်ခုအဆင့်မှာပဲ ရပ်တန့်နေလို့ မဖြစ်ဘူး၊ ကျွန်တော်တို့မှာ လူအင်အားရှိသလို ကျောထောက်နောက်ခံလည်း ရှိနေပြီ.... ဒါကြောင့် ကျွန်တော်တို့ရဲ့ ခန်းမဆောင် တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ရလိမ့်မယ်”
လော့ချန်၏ စကားကို ကြားရသောအခါ လက်အောက်ငယ်သားများအားလုံး အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားကြသည်။ လော့ချန်မှာမူ သူ၏ ရင်ထဲ၌ ကိန်းအောင်းနေသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အသင့်ဖြစ်နေလေသည်။
သူသည် ဖိုရှန်းဂိုဏ်း၏ စနစ်ကို ပုံတူကူးချရန် အလျဉ်းစိတ်မရှိပေ။ ထိုစနစ်မှာ အင်အားဖောင်းပွလွန်းလှပြီး တိုက်ခိုက်ခံရသည့်အခါ၌ အင်အားများ ပြန့်ကျဲသွားတတ်သောကြောင့် ဖြစ်သည်။
“ကျွန်တော် ခန်းမဆောင်လေးဆောင်ကို အရင်ဆုံး တည်ထောင်ဖို့ စဉ်းစားထားတယ်။ အဲ့ဒါတွေကတော့ ဆေးဖော်ဆောင်၊ ကုသိုလ်ခန်းမဆောင်၊ တိုက်ပွဲခန်းမဆောင် နဲ့ ရွှေခန်းမဆောင် တို့ပဲ”
“ဆေးဖော်ဆောင်ကတော့ ရိုးရှင်းပါတယ်၊ ကျွန်တော် ကိုယ်တိုင် ဦးဆောင်ပြီး လခြမ်းတောင်ကြားက ကျန်ရှိတဲ့သူတွေက ကူညီရမှာပါ၊ ဆေးဝါးဆောင်ဟောင်းကိုလည်း ဒီထဲမှာ ပေါင်းထည့်မယ်၊ ဒါဟာ လော့ထျန်းအဖွဲ့ရဲ့ အရေးကြီးဆုံး အဆောင်ပါပဲ”
“အဘွားယွမ်.... အဘွားအနေနဲ့ ဆေးဖော်ဆောင်ရဲ့ ဒုတိယ ခေါင်းဆောင်အဖြစ် တာဝန်ယူပေးနိုင်မလား" ဟု လော့ချန် မေးလိုက်သည်။
အဘွားအိုသည် မဆိုင်းမတွပင် ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြသည်။ သူမ၏ တာဝန်မှာ ယခင်ကနှင့် များစွာထူးခြားမှုမရှိသဖြင့် ကြည်ဖြူစွာ လက်ခံလိုက်ခြင်း ဖြစ်သည်။
ဤသည်မှာ ယခင်ခေါင်းဆောင်းဖြစ်ခဲ့သူ မုရုံချင်းလျန်အား နေရာဖယ်ရှားလိုက်ခြင်း ဖြစ်သော်လည်း မုရုံချင်းလျန်ကမူ တစ်ခွန်းမျှ ဝင်ရောက် ပြောဆိုခြင်း မပြုခဲ့ပေ။
“ကုသိုလ်ခန်းမဆောင်ကတော့ ဖိုရှန်းဂိုဏ်းတုန်းကအတိုင်းပါပဲ.... အဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်တွေကို စစ်ဆေးတာ၊ မှတ်တမ်းတင်တာနဲ့ ဆုပေးဒဏ်ပေးတာတွေကို တာဝန်ယူရမှာ ဖြစ်တယ်”
“ကုသိုလ်ခန်းမဆောင်အတွက်ကတော့.... ဒေါ်လေး မုရုံ၊ ဒေါ်လေး တာဝန်ယူပေးနိုင်မလား”
မုရုံချင်းလျန်မှာ များစွာအံ့အားသင့်သွားရသည်။ သူမသည် မျက်လုံးများကိုမှိတ်ကာ နားနေသော ချင်လျန်ချန်းအား လှမ်းကြည့်လိုက်သည်။ ထိုအခါ ချင်လျန်ချန်းက မျက်လုံးများကို ဖွင့်လိုက်ပြီး လော့ချန်အား စေ့စေ့စိုက်ကြည့်လိုက်သည်။
လော့ချန် ဘာစကားမျှမဆိုဘဲ ခေါင်းကို လေးနက်စွာ ညိတ်ပြလိုက်သည့်အခါမှသာ ချင်လျန်ချန်းသည်လည်း ကျေနပ်အားရစွာ သက်ပြင်းချရင်း ခေါင်းညိတ်ပြတော့သည်။
ဤသို့ဖြင့် မုရုံချင်းလျန်သည် ကုသိုလ်ခန်းမဆောင်၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
အမှန်စင်စစ် ဤအစီအမံမှာ လော့ချန်အနေဖြင့် ချင်လျန်ချန်း ဇနီးမောင်နှံနှစ်ဦးကို မည်မျှအထိ တန်ဖိုးထားလေးစားသည်ကို ပြတ်သားစွာ ပြသလိုက်ခြင်းပင် ဖြစ်သည်။
ယခင် ဖိုရှန်းဂိုဏ်း ကုသိုလ်ခန်းမဆောင်၏ ခေါင်းဆောင်မည်သူ ဖြစ်ကြောင်း ကြည့်ရုံနှင့် သဘောပေါက်နိုင်သည်။ ဂိုဏ်းချုပ် မီရှုဟွာ၏ အရင်းခေါက်ခေါက် သမီးအရင်း မီကျွင်းဖျင်ပင် ဖြစ်သည်။