← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄)

နီယန်၏ ရှေ့မှောက်တွင် သူ၏ခံစားချက်များ ပွင့်ကျသွားခဲ့ရသဖြင့် လျိုဝေ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရတော့သည်။ သူသည် နီယန်အတွက် မထိုက်တန်မည်ကို စိုးရိမ်နေသော်လည်း ဤစိုးရိမ်ပူပန်မှုများအား တိုက်ရိုက် ထုတ်ဖော် ပြောဆိုရန်မူ ရှက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။

"မဟုတ်ဘူး ငါ ဆိုလိုချင်တာက အဲဒီလို မဟုတ်ပါဘူး"

ထိုအချိန်မှာပင် ချန်ကျင်းဖုန်း တစ်ယောက် ဆိုင်ထဲမှ ထွက်လာခဲ့တော့သည်။ သူမမှ ခေါင်းမော့ ကြည့်လိုက်သောအခါ မျက်နှာတစ်ခုလုံး နီရဲနေသည့် လျိုဝေအား မြင်လိုက်ရပြီးနောက် သူမ၏ အကြည့်များသည် နတ်သမီးလေး တစ်ပါးသဖွယ် ဆွဲဆောင်မှုရှိလှသော နီယန်ဆီသို့ ရွှေ့လျားသွားခဲ့လေသည်။

မည်သည့် လူပျိုပေါက်ကများ စိတ်ကူးယဉ် အချစ်မပိုင်ဆိုင်ဘဲ ရှိမည်နည်း။ မည်သည့် အပျိုပေါက်ကများ အချစ်ကို မတောင့်တဘဲ နေလိမ့်မည်နည်း။

ဤမြင်ကွင်းကို မြင်လိုက်ရပြီး လျိုတုန်းလျန်၏ စကားများအား ပြန်လည်၍ အမှတ်ရသွားသောအခါ ချန်ကျင်းဖုန်း၏ မျက်နှာထက်တွင် မကျေနပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။

‘ဒီ နီယန်’

သူမ၏ စီးပွားရေးလုပ်ငန်းအား လုပ်ကိုင်ရုံဖြင့် အားမရဘဲ မိမိ၏ သားကိုပင် ပရောပရည် လုပ်ဝံ့သေးလေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အလွန်တရာ ဉာဏ်များလှပေသည်။ ချန်ကျင်းဖုန်းမှ လျိုဝေအား တစ်ချက် ကြည့်လိုက် ပြီးနောက် အသံချိုချိုဖြင့် ပြောလိုက်သည်။

"ရှောင်ဝေ့ အပြင်မှာ ပူတယ် အိမ်ထဲ ပြန်ဝင်ပြီး စာလုပ်ပါလား သား"

"ဟုတ်ကဲ့"

လျိုဝေသည် အိမ်ထဲသို့ ပြန်မဝင်မီ နီယန်အား အလျင်စလို တစ်ချက် လှမ်းကြည့် လိုက်သေးသည်။ ချန်ကျင်းဖုန်းမှ နီယန်ဘက်သို့ လှည့်လာကာ ပြုံးရွှင်သော မျက်နှာဖြင့် မေးလိုက်သည်။

"ယန်ယန် ဒီမနက် ခေါက်ဆွဲတွေ အကုန် ရောင်းရရဲ့လား"

ချန်ကျင်းဖုန်းသည် လုံ့လဝီရိယရှိသော အိမ်ရှင်မတစ်ဦး ဖြစ်လေသည်။ သူမသည် နံနက်တိုင်း အချိန်မှန် ဟင်းချက်လေ့ရှိကာ နံနက်ခင်း ဈေးတန်းတွင် နီယန်၏ ငါးချဉ်ဟင်း ရည်ခေါက်ဆွဲများ ရောင်းမလောက် ဖြစ်နေသည်ကိုမူ လုံးဝ သတိမထားမိခဲ့ချေ။

ထို့ကြောင့် နီယန်မှ အကုန်ရောင်းရသည်ဟု ပြောသည့်အခါတိုင်း သူမတို့သည် ကြွားလုံး ထုတ်နေကြသည်ဟုသာ ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။ နီယန်မှ ခေါင်းညိတ်လိုက်ပြီး နှုတ်ဆက်လိုက်လေသည်။

"ဟုတ်ကဲ့ ရောင်းရပါတယ် ဒေါ်လေး သမီး ဆိုင်သိမ်းပြီးပြီမို့ အိမ်ပြန်တော့မယ်နော်"

"ကောင်းပါပြီကွယ်"

ချန်ကျင်းဖုန်းမှ နီယန်အား လက်ပြ နှုတ်ဆက် လိုက်လေတော့သည်။ နီယန် ထွက်သွားသည်နှင့်တစ်ပြိုင်နက် ချန်ကျင်းဖုန်းမှ အိမ်ထဲသို့ လှမ်းအော်ကာ ပြောလိုက်လေသည်။

"ရှောင်ဝေ့ ငါတို့က ဘဝမှာ လက်တွေ့ကျကျ နေထိုင်ရမယ် အမြဲတမ်း ဖြတ်လမ်းကနေ သွားဖို့ ဒါမှမဟုတ် စိတ်ကူးယဉ် သက်သက်တွေချည်း မတွေးနေနဲ့ ဥပမာ- အိမ်ထောင်ဘက် ရွေးချယ်တဲ့ အခါမှာ ဆိုရင်တောင် ဇနီးမောင်နှံနှစ်ဦးက အဆင့်အတန်းချင်း တူညီသင့်တယ် မဟုတ်လား"

ချန်ကျင်းဖုန်း၏ အသံမှာ ကျယ်လောင်လှပြီး သူမ၏စကားများသည် သွယ်ဝိုက်သော ဝေဖန် တိုက်ခိုက်မှု တစ်ခု ဖြစ်နေသောကြောင့် နီယန် တစ်ယောက် နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်မိသွားခဲ့ရလေသည်။

နီယန်သည် ချန်ကျင်းဖုန်း၏ အရိပ်အမြွက် စကားများအား အပြည့်အဝ နားမလည်ခဲ့သော်လည်း ထိုစကားများသည် သူမ ကြားစေရန် ရည်ရွယ် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်းကိုမူ သိရှိခဲ့လေသည်။

သူမအနေဖြင့် ကိုယ်ပိုင် ဆိုင်ခန်း တစ်ခန်း ဝယ်ယူနိုင်ရန်နှင့် အခြားသူများအား မှီခိုနေရခြင်းမှ ကင်းဝေးစေရန် ပိုမို၍ ကြိုးစားအားထုတ်ရအုန်းမည် ဖြစ်ကြောင်း ထင်ရှားနေပေသည်။

ဈေးဆိုင်မှ ထွက်ခွာလာပြီးနောက် နီယန်သည် ဟင်းသီးဟင်းရွက်ဈေးသို့ သွားရောက်ကာ ငါးကောင်ရေ သုံးဆယ်ကျော်နှင့် ကြက်ဖ တစ်ကောင် ဝယ်ယူခဲ့လေသည်။

အဘယ်ကြောင့် ကြက်ဖအား ဝယ်ယူခဲ့ရလေသနည်း။

အကြောင်းမှာ ၎င်းသည် ကြက်မထက် ဈေးသက်သာကာ သုံးယွမ်သာ ကျသင့်သောကြောင့် ဖြစ်လေသည်။ ကြက်မ တစ်ကောင်ဆိုလျှင် ခြောက်ယွမ်ခန့် ကျသင့်ပေလိမ့်မည်။

ကြက်ဖမှာ လေးပေါင်ကျော်ခန့် အလေးချိန်ရှိပြီး လူသုံးယောက် စားသုံးရန်အတွက် အလုံအလောက်ပင် ဖြစ်လေသည်။ သူမ အိမ်ပြန်ရောက်၍ ထမင်း စားသောက် ပြီးချိန်တွင် နီချွေ့ဟွာမှ ကြက်ဖအား သန့်စင် ပြင်ဆင်ပြီးနေပြီ ဖြစ်လေသည်။

"ယန်ယန် ဒီည ဒီကြက်ကို ဘယ်လို ချက်ရမလဲ"

နီချွေ့ဟွာသည် နီယန်၏ အကြံပေးစကားများအား နှလုံးသွင်းထားခဲ့သည်။ သူမသည် ဟောင်းနွမ်း စုတ်ပြတ်နေသည့် အဝတ်အစားများကို မဝတ်ဆင်တော့ဘဲ ယမန်နေ့ညတွင် စမ်းသပ် ဝတ်ဆင်ခဲ့သော လင်းနို့တောင်ပံပုံ ဒီဇိုင်း အင်္ကျီနှင့် ခေါင်းလောင်း ဘောင်းဘီတို့အား ဝတ်ဆင်ထားခဲ့လေသည်။ သူမသည် ဘရာစီယာကိုပင် ဝတ်ဆင်ထားသေးသည်။

ယခုအခါ သူမသည် လှပပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူတစ်ဦးအသွင် ရှိနေလေသည်။ နီယန်မှ တွေးတောဟန်ဖြင့် မေးစေ့ကို ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။

"အင်း ဒီညတော့ ကြက်ကင် စားကြတာပေါ့"

ကြွပ်ရွနေသော ရွှေရောင် အပေါ်ယံလွှာနှင့် အရည်ရွှမ်းသော အသားတို့ဖြင့် ပြည့်စုံသော ကြက်ကင်သည် အလွန်အမင်း ခြောက်သွေ့နေခြင်းမျိုး မရှိသကဲ့သို့ အလွန်အမင်း အဆီများနေခြင်းမျိုးလည်း မရှိပေ။ တွေးကြည့်လိုက်ရုံမျှဖြင့်ပင် သွားရည်ကျစေနိုင်လေသည်။

‘ကြက်ကင်’

ဤသည်မှာ နီချွေ့ဟွာ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်လေသည်။ သူမသိထားသည့် ကြက်သား ချက်ပြုတ်နည်းမှာ နှစ်မျိုးသာရှိပြီး ပဲငံပြာရည်ဖြင့် ချက်ခြင်း သို့မဟုတ် ဟင်းရည်ကြည် အဖြစ် ချက်ခြင်းတို့သာ ဖြစ်လေသည်။

ကြက်ကို မည်သို့ ကင်ရမည်နည်း။

ဤအတွေးများ ခေါင်းထဲ၌ ရစ်ဝဲနေသဖြင့် နီချွေ့ဟွာသည် သူမ၏ သံသယများကို မမေးဘဲ မနေနိုင်တော့ချေ။ နီယန်မှ အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။

"သမီးတို့ရဲ့ ပေါင်မုန့်ဖုတ်မီးဖိုထဲမှာ ကင်ကြတာပေါ့"

ပေါင်မုန့်ဖုတ် မီးဖိုဆိုသည်မှာ မည်သည့်အရာကိုမဆို ကင်နိုင်သော သဘာဝ မီးဖိုတစ်ခုပင် ဖြစ်လေသည်။ နီချွေ့ဟွာမှ ထပ်မံ၍ မေးခွန်းများ မမေးတော့ဘဲ ပြောလိုက်တော့သည်။

"အမေ မီးသွားမွှေးလိုက်ဦးမယ်"

နီယန်သည်လည်း ခေါင်းငြိမ့်ပြလိုက်လေသည်။

"သမီး ကြက်သားကို အသားနှပ်ထားလိုက်မယ်"

သားအမိ နှစ်ယောက်သည် ဟန်ချက်ညီညီ တွဲဖက်၍ လုပ်ကိုင်ကြကုန်တော့သည်။ နီယန် ကြက်သားနှပ် ပြီးချိန်တွင် ပေါင်မုန့်ဖုတ်သည့် မီးဖိုမှာလည်း အပူပေးပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။ နီယန်သည် ကြက်သားအား မီးဖိုထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်လေသည်။ ကြက်ကင်ရသည့် လုပ်ငန်းစဉ်မှာ အချိန်ယူရသဖြင့် သူမသည် ဤအချိန်အား အခြားအလုပ်များ လုပ်ဆောင်ရန် အသုံးချလိုက်သည်။

မွန်းလွဲပိုင်းသို့ ရောက်သောအခါ မိုးဖွဲလေးများ စတင် ရွာသွန်းလာခဲ့သည်။ ချစ်စရာကောင်းသည့် နီယွင်လေးမှာ ကုတင်ပေါ်၌ အိပ်မောကျနေလေသည်။ ငါးများအား အသားလွှာ ထားပြီး ဖြစ်ကာ ငါးဟင်းရည်နှင့် ဆီးသီးချဉ် ဟင်းရည်တို့ကိုလည်း မီးဖိုပေါ်၌ တည်ထားလေသည်။

နီယန်အနေဖြင့် ဤအချိန်အား အသုံးချကာ အနားယူနိုင်သော်လည်း သူမသည် အားလပ်နေခြင်းကို သည်းမခံနိုင်သူ တစ်ဦး ဖြစ်လေသည်။ သူမ၏ဘေးနားရှိ နီချွေ့ဟွာအား မြင်သောအခါ နီယန်၏ ခေါင်းထဲ၌ အကြံဉာဏ်သစ် တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

"အမေ သမီး အမေ့ကို စာသင်ပေးရမလား"

အခန်း (၉၅)

နီချွေ့ဟွာသည် ယောက်ျားလေးများအား မိန်းကလေးများထက် ပိုမိုဦးစားပေးသည့် အစဉ်အလာ၏ လွှမ်းမိုးမှုအား နက်ရှိုင်းစွာ ခံရကာ ငယ်စဉ်ကတည်းမှ တရားဝင် ပညာသင်ကြားခွင့် မရရှိခဲ့သည့် စစ်မှန်သည့် ကျေးလက် တောသူတစ်ဦး ဖြစ်လေသည်။

ငယ်စဉ်ကလေးဘဝတွင် သူမ၏နေ့ရက်များသည် ဝက်စာရှာခြင်းနှင့် အလုပ်ရမှတ်များ ရရှိစေရန် သမဝါယမ လယ်ယာတွင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခြင်းတို့ဖြင့်သာ ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ဤကဲ့သို့သော အခြေအနေမျိုးမှာ နီချွေ့ဟွာ တစ်ဦးတည်းသာ ခံစားရခြင်း မဟုတ်ပေ။ သူမအရွယ် ကျေးလက်နေ အမျိုးသမီးများစွာသည်လည်း စာမတတ်ကြချေ။ အချို့ဆိုလျှင် သူတို့၏ တစ်သက်တာ ကာလပတ်လုံး မိမိတို့၏ ရွာပြင်ပသို့ တစ်ခါမျှ ခြေမချဖူးကြချေ။

‘စာသင်ရမယ်...’

နီချွေ့ဟွာမှာမူ အစပိုင်းတွင် အံ့သြ သွားခဲ့သော်လည်း ထို့နောက်တွင် ရုတ်တရက် ရယ်မောလိုက်ကာ ပြောလိုက်သည်။

"ဒီအရွယ်ကြီးရောက်မှ စာသင်ရမယ် ဟုတ်လား"

စာမတတ်ခြင်းသည် ကြီးမားသော ပြဿနာ တစ်ရပ်ဖြစ်ကာ အလွန်တရာ အဆင်မပြေမှုများကိုလည်း ဖြစ်ပေါ်စေလေသည်။ နီချွေ့ဟွာသည် စက္ကူ အထပ်လိုက်ကြီးအား ကိုင်ဆောင်လာခဲ့ကာ မည်သည့်အရာသည် အရေးကြီးပြီး မည်သည့်အရာအား လွှင့်ပစ်နိုင်သနည်းဟု နီယန်အား မေးမြန်းသည့် အခါတိုင်း နီယန်၏ နှလုံးသားအား ဆွဲဆုတ်ခံလိုက်ရသကဲ့သို့ ခံစားရလေသည်။

အထူးသဖြင့် အဆင့်မြင့် သတင်း အချက်အလက် နည်းပညာခေတ်ကြီးတွင် စာမတတ်ခြင်းသည် လက်တွေ့အားဖြင့် အောက်ကျ နောက်ကျဖြစ်စေလေသည်။

သူမအနေဖြင့် ဘဝအား အသစ်ပြန်လည် ရှင်သန်ခွင့်ရခဲ့ပြီ ဖြစ်ရာ မိမိကိုယ်ကို သာမက သူမ၏မိခင်ဖြစ်သူကိုပါ ပြောင်းလဲ ပေးချင်ခဲ့မိလေသည်။ သူမသည် နီချွေ့ဟွာအား ယခင်ကထက် ပိုမို၍ ကောင်းမွန်လာစေရန် ကူညီပေးမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ နီယန်သည် အလွန်တည်ကြည်လှသော မျက်နှာထားဖြင့် အခိုင်အမာ ဆိုလိုက်လေသည်။

"အမေ သင်ယူရမယ်လေ အမေက သုံးဆယ့်ခြောက်နှစ်ပဲ ရှိပါသေးတယ် အမေ့ရဲ့ အနာဂတ် အတွက် ဘာကန့်သတ်ချက်မှ မရှိသေးပါဘူး စာမတတ်တာက အပြင်လောကမှာ ရယ်စရာတစ်ခုလို ဖြစ်နေတတ်တယ်"

ထိုစကားကြောင့် နီချွေ့ဟွာ တစ်ယောက် ဆွံ့အသွားခဲ့ရတော့သည်။ သူမ၏ အနာဂတ်တွင် အကန့်အသတ်မရှိသည့် အလားအလာများ အမှန်တကယ် ရှိနေပါသေးသလော။

ကျေးလက်ဒေသတွင် ရှိစဉ်တွင် လူတိုင်းသည် နီးပါး စာမတတ်ကြသဖြင့် သူမအနေဖြင့် မိမိကိုယ်ကို ဖယ်ကြဉ်ခံရသည်ဟု မခံစားခဲ့ရချေ။ သို့သော် ပေကျင်းမြို့သို့ ရောက်ရှိလာပြီးနောက် ဒေသခံ ရွာသူရွာသားများနှင့် စတင် ဆက်ဆံလာရချိန် မှစ၍ နီချွေ့ဟွာသည် မိမိ၏ အားနည်းချက်အား သိမြင်လာခဲ့ရလေသည်။

ဥပမာအားဖြင့် ကျေးရွာမှ မောက်မာလှသည့် အမျိုးသမီးဖြစ်သူ ဝမ်ကျင်းဖန်မှ သူမအား စာမတတ်သူအဖြစ် သွယ်ဝိုက်ကာ လှောင်ပြောင်ခဲ့စဉ်တွင် သူမသည် စာမတတ်သူ ဆိုသည်မှာ မည်သည်အား ဆိုလိုမှန်းပင် မသိခဲ့ချေ။ ထိုစဉ်တွင် သူမသည် အခြားသူများ နှင့်အတူ လိုက်ပါ ရယ်မောနေခဲ့လေသည်။

အချိန်အတော်ကြာမှသာ စာမတတ်သူဟူသည် စာမဖတ်တတ် မရေးတတ်သော ပညာမတတ်သူအား ဆိုလိုမှန်း သူမ သိရှိလာခဲ့ရလေသည်။ ဤအကြောင်းများအား တွေးမိသောအခါ နီချွေ့ဟွာ၏ မျက်နှာထက်မှ အပြုံးများသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့တော့သည်။ သူမသည် နီယန်အား မော့ကြည့်လိုက်ပြီးနောက် မေးလိုက်လေသည်။

"ယန်ယန် အမေ အခုချိန် စာသင်လို့ ရပါဦးမလား"

ဤမျှ ထူးချွန်သော သမီးတစ်ယောက် ရှိနေပါလျက် မိခင်ဖြစ်သူ သူမအနေဖြင့် သမီး၏ တိုးတက်မှုအား အဟန့်အတား မဖြစ်စေသင့်ပေ။ နီယန်မှ ခေါင်းညိတ်လိုက်ကာ အားပေး စကား ပြောလိုက်လေသည်။

"ရတာပေါ့ အမေရဲ့ အမေက အရမ်းဉာဏ်ကောင်းတာပဲဟာ အမေ အမြန်ဆုံး တတ်မြောက် သွားမယ်ဆိုတာ သမီး ယုံကြည်တယ်"

ခိုင်မာစွာ ရပ်တည်ရန်နှင့် သမီးဖြစ်သူ အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု မဖြစ်စေရန် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက်တွင် နီချွေ့ဟွာသည် နီယန်၏ အကြံပေးချက်အား လိုက်နာကာ အက္ခရာများကို သင်ယူရန် ဆုံးဖြတ်လိုက်လေတော့သည်။ နီယန်သည် အိမ်ထဲမှ မှတ်စုစာအုပ် နှစ်အုပ်နှင့် ဘောပင် နှစ်ချောင်းအား ထုတ်ယူလာခဲ့သည်။

"အမေ ပထမဆုံး အမေ့နာမည်ကို ရေးဖို့ သင်ကြတာပေါ့"

"ကောင်းပါပြီ"

နီချွေ့ဟွာမှ သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်သည်။ နီယန်သည် လှပသည့် လက်ရေးအား ပိုင်ဆိုင်ထားလေသည်။ သေးငယ်လှသော ပုံမှန် လက်ရေး စာလုံးများ ဖြစ်သော်လည်း စာလုံး အချိုးအစား တစ်ခုစီတိုင်းသည် ထင်ရှားပြတ်သားလှကာ ခွန်အားပါပါဖြင့် ကျောင်းသုံးစာအုပ်ထဲမှ တိုက်ရိုက် ပုံနှိပ်ထားသကဲ့သို့ ရှိလေသည်။

နီယန်တွင် ပြေပြစ်ကာ ပြင်းထန်လှကာ ကြမ်းတမ်းသော လက်ရေးဟန် တစ်ခု ရှိသေးသော်လည်း သူမသည် နီချွေ့ဟွာအား စာရေးစာဖတ် သင်ပေးနေခြင်းဖြစ်ရာ ထိုလက်ရေးမျိုးအား ပြသရန်မှာ မသင့်လျော်ချေ။

"ငါတို့ရဲ့ ယန်ယန်လေးက လက်ရေးသိပ်လှတာပဲ"

နီချွေ့ဟွာသည် စာမတတ်သော်လည်း လှပမှုနှင့် အကျည်းတန်မှုကိုမူ ခွဲခြား သိမြင်နိုင်စွမ်း ရှိကာ သူမ၏ မျက်လုံးများတွင် ဂုဏ်ယူ ဝင့်ကြွားမှုများ ပြည့်နှက်နေခဲ့လေသည်။ နီယန်မှ ဘောပင်အား နီချွေ့ဟွာထံသို့ ကမ်းပေးလိုက်ပြီးနောက် ပြောလိုက်လေသည်။

"အမေ စမ်းရေးကြည့်ပါလား"

နီချွေ့ဟွာသည် ခဲတံအား စိုးရိမ်တကြီးဖြင့် လှမ်းယူ လိုက်လေသည်။ မြေကြီးများအား တူးဆွခဲ့ ပျိုးပင်များကို စိုက်ပျိုးခဲ့ပြီး ပင်ပန်းခက်ခဲလှသည့် အလုပ်ပေါင်းစုံအား လုပ်ကိုင်ခဲ့ဖူးသည့် ဤလက်များသည် ယနေ့တွင်မူ ဘောပင်ကိုပင် သေချာစွာ မကိုင်တွယ် နိုင်တော့သကဲ့သို့ ထူးဆန်းစွာ ခံစားနေရလေသည်။

နီယန်၏ လက်ရေးလိုင်းများသည် ဖြောင့်တန်းကာ ရှင်းလင်းနေသော်လည်း သူမ၏ လက်ရေးများမှာမူ ရှုပ်ထွေးကာ ဟိုယိမ်းဒီယိုင် ဖြစ်နေခဲ့ပြီး ပိုဆိုးသည်မှာ သူမ၏လက်များသည် ထိန်းမနိုင်သိမ်းမရ တုန်ယင်နေခြင်းပင် ဖြစ်လေသည်။

နီချွေ့ဟွာတစ်ယောက် မိမိကိုယ်ကို အသုံးမကျသည့် လူမိုက်တစ်ဦးဟု ခံစားနေရချိန်မှာပင် နီယန်သည် ကိုင်းညွတ်လာခဲ့ကာ နီချွေ့ဟွာ၏ ဘောပင် ကိုင်ထားသည့် လက်အား ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီးနောက် တစ်ချက်ချင်းစီ ဖြည်းညှင်းစွာ လမ်းညွှန် ပေးလေသည်။

"အမေ လူတိုင်းက စာစရေးသင်တဲ့ ပထမဆုံးအကြိမ်မှာ ဒီလိုပါပဲ စိတ်ဓာတ်မကျပါနဲ့ သမီးရဲ့ ပထမဆုံး လက်ရေးက အမေ့ထက်တောင် ဆိုးသေးတယ်"

သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအား စာသင်ပေးရခြင်းသည် အခက်ခဲဆုံးဖြစ်သည်ဟု ဆိုကြကုန်သည်။ သို့သော် နီချွေ့ဟွာသည် သက်ကြီးရွယ်အိုလည်း မဟုတ်သကဲ့သို့ ကလေးငယ် တစ်ဦးလည်း မဟုတ်ပေ။ ထို့အပြင် သူမသည် ဉာဏ်ကောင်းသူ တစ်ဦးဖြစ်ရာ နီယန်မှ သူမအား သေချာပေါက် ကောင်းစွာ သင်ကြားပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ ထို့နောက် နီချွေ့ဟွာမှ ပြောလာခဲ့လေသည်။

"ဒါပေမဲ့ ယန်ယန်ရယ်၊ သမီးရဲ့ လက်ရေးက အခုတော့ သိပ်လှနေပြီလေ"

နီယန်မှ ရယ်မောလိုက်ပြီးနောက် ရှင်းပြလိုက်သည်။

"အင်း သမီး ဘယ်နှစ်နှစ်လောက် လေ့ကျင့်ခဲ့ရလဲဆိုတာ အမေ မမြင်လို့ပါ ဒါက အမေ့ရဲ့ ပထမဆုံးနေ့လေ အလျင်စလို လုပ်လို့မရဘူး ဖြည်းဖြည်းချင်း သွားရမှာပေါ့"

ထိုစကားများအား ကြားလိုက်ရသဖြင့် နီချွေ့ဟွာမှာ အတော်လေး စိတ်သက်သာရာ ရသွားခဲ့တော့သည်။ နီယန်၏ ဆယ်မိနစ်ခန့် လက်တွေ့ သင်ကြားပေးမှု အပြီးတွင် နီချွေ့ဟွာသည် သူမ၏ ကိုယ်ပိုင်အမည်အား လွတ်လပ်စွာ ရေးသားနိုင်လာခဲ့တော့သည်။ သူမ၏ လက်ရေးသည် သိပ်မကောင်းသေးသော်လည်း ၎င်းသည်ပင် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အမည်ရေးရန် သင်ယူ ပြီးနောက်တွင် နီယန်သည် နီချွေ့ဟွာအား အသံထွက်များ စာလုံးပေါင်းများကို စတင်၍ သင်ကြားပေးတော့သည်။ နီယန်သည် အက္ခရာ ၂၆ လုံးစလုံးအား စက္ကူတစ်ရွက်ပေါ်တွင် ရေးချလိုက်သည်။

ထိုအက္ခရာများကို မြင်တွေ့လိုက်ရသောအခါ နီချွေ့ဟွာအနေဖြင့် ကာလကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည့် မှတ်ဉာဏ် တံခါးပေါက်တစ်ခုအား ပြန်လည် ဖွင့်ဟလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ ဝေဝါးနေသော်လည်း သူမအား သင်ကြားပေးနေသည့် ညင်သာသည့် အသံတစ်ခုအား သူမ ကြားယောင်လာခဲ့တော့သည်။

"ဒါကို 'အေ' 'အို' 'အီး' လို့ အသံထွက်တယ်"

အခန်း (၉၆)

နီချွေ့ဟွာသည် နှုတ်မှ လိုက်လံရွတ်ဆိုရင်း သူမ၏ မှတ်ဉာဏ်ထဲရှိ အသံများအား ပြန်လည်ဖော်ထုတ်နေခဲ့သည်။

"အေ အို အီး"

ထို့နောက်တွင် ဘာ ဆက်လာမည်နည်း။ နီချွေ့ဟွာတစ်ယောက် မည်မျှပင် အားစိုက် စဉ်းစားစေကာမူ အမှတ်မရနိုင်တော့ချေ။ နီယန်မှ အံ့သြတကြီးဖြင့် မိခင်ဖြစ်သူအား ကြည့်လိုက်ကာ မေးလိုက်လေသည်။

"အမေ ဒီအသံထွက် အက္ခရာတွေကို ဘယ်လိုလုပ် သိနေတာလဲ"

နီချွေ့ဟွာမှ ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။

"အမေလည်း မသိဘူး တစ်နေရာရာမှာ ကြားဖူးသလိုလိုပဲ ခံစားရလို့"

‘တစ်နေရာရာမှာ ကြားဖူးသည် ဟုတ်လား’

နီယန်သည် သူမ၏ မျက်လုံးအစုံအား သိမ်မွေ့စွာ မှေးစင်း လိုက်မိတော့သည်။ ဤအရာသည် သူမမိခင်၏ အတိတ် ဇာတ်ကြောင်းနှင့် ပတ်သက်နေနိုင်သည်လား သူမ မသိချေ။ နီချွေ့ဟွာမှ ဆက်လက်၍ ပြောလိုက်သည်။

"အမေ နွားကျောင်းနေတုန်းက မတော်တဆ ကြားခဲ့တာလည်း ဖြစ်နိုင်ပါတယ် ကျောင်းက ကလေးတွေက အမြဲတမ်း 'အေ အို အီး' ဆိုပြီး အသံကျယ်ကြီးနဲ့ ရွတ်နေကြတာ မဟုတ်လား"

ဒမ်ကျေးရွာ ရှိ မူလတန်းကျောင်းသည် ရွာ၏ အလယ်ဗဟိုတွင် တည်ရှိကာ နီချွေ့ဟွာ နွားကျောင်းလေ့ရှိသည့် နေရာနှင့် နီးကပ်သဖြင့် ဤအကြောင်းပြချက်မှာ ဖြစ်နိုင်ခြေ ရှိလှပေသည်။

နီယန်သည် ထပ်မံ၍ တွေးတော မနေတော့ဘဲ မိခင်အား အသံထွက် အက္ခရာများအား ဆက်လက် သင်ကြားပေးခဲ့သည်။ နီချွေ့ဟွာမှာ အမှန်တကယ်ပင် ဉာဏ်ရည် ထက်မြက်သူဖြစ်ရာ ခဏတာ အတွင်းမှာပင် အက္ခရာ ၂၆ လုံး၏ အနှစ်သာရကို သဘောပေါက် သွားခဲ့တော့သည်။ သူမသည် ဗျည်း သရ နှာသံအရှေ့နှင့် အနောက် အသံထွက် ကွာခြားချက်များကိုပါ နားလည်သွားခဲ့လေသည်။

မွန်းလွဲပိုင်း ကုန်ဆုံးချိန်တွင်မူ နီချွေ့ဟွာသည် အသံထွက် သင်္ကေတများအား အသုံးပြု၍ စာလုံးများကို ကိုယ်တိုင်ကိုယ်ကျ ပေါင်းစပ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

နီယန်မှ ရယ်မောရင်း မြှောက်ပင့်ပြောဆိုလိုက်သည်။

"အမေသာ ကျောင်းတက်ခဲ့ရရင် နာမည်ကြီး တက္ကသိုလ်တစ်ခုခုကို သေချာပေါက် တက်ခွင့်ရမှာပဲ"

"တကယ်လား"

နီချွေ့ဟွာမှာ အလွန်ကျေနပ်သွားပြီး ပြန်မေးလိုက်တော့သည်။

"တကယ်ပေါ့ အမေရဲ့"

နီယန်မှ ဆက်လက်၍ ပြောဆိုလေသည်။

"ဒါကြောင့်လည်း သမီးက ဒီလောက် ဉာဏ်ကောင်းနေတာပေါ့ အမေ့ဆီက ကောင်းမွန်တဲ့ မျိုးရိုးဗီဇတွေကို ဆက်ခံထားလို့လေ"

"မျိုးရိုးဗီဇ"

နီချွေ့ဟွာမှ နားမလည်နိုင်စွာဖြင့် ပြန်မေးလာခဲ့သည်။

"အဲဒါက ဘာလဲ ကြက်ဖနဲ့ ကြက်မလိုမျိုး ကွဲပြားတာလား"

နီယန်မှ ရယ်မောကာ ရှင်းပြလိုက်လေသည်။

"မျိုးရိုးဗီဇဆိုတာ မျိုးရိုးလိုက်ခြင်းဆိုင်ရာ အချက်အလက်တွေပေါ့ အမေရယ် ဇီဝကမ္မ ဖြစ်စဉ်တွေ အတွက် လိုအပ်တဲ့ အသေးစိတ် အချက်အလက်တွေ စုစည်းထားတာ"

နီချွေ့ဟွာတစ်ယောက် လုံးဝကို လမ်းပျောက် သွားခဲ့ရလေတော့သည်။ သူမ၏စိတ်ထဲတွင်မူ ပညာတတ်ရန် အတွက် အမှန်တကယ် အရေးကြီးပါလားဟု ရေရွတ်နေမိတော့သည်။ ဤသည်မှာ သူတစ်ပါး ပြောသည့် စကားအား သူမ နားမလည်နိုင် ဖြစ်ရသည့် ဒုတိယ အကြိမ်မြောက်ပင် ဖြစ်ချေသည်။ မိခင်ဖြစ်သူ၏ ဝေဝေဝါးဝါး မျက်နှာထားအား မြင်သောအခါ နီယန်မှ ရှင်းပြလိုက်လေသည်။

"ရိုးရိုးလေးပဲ ဥပမာ ပေးရရင်တော့ အမေ ဖရုံစေ့စိုက်ရင် ဖရုံသီးပဲ ရမယ် ပဲစေ့စိုက်ရင် ပဲပဲရမယ် ဒါဟာ မျိုးရိုးလိုက်ခြင်းရဲ့ စွမ်းအားပေါ့ ဒါကိုပဲ မျိုးရိုးဗီဇလို့ ခေါ်တာ"

ဤသို့ ရှင်းပြလိုက်မှသာ နီချွေ့ဟွာ နားလည်သွားခဲ့ကာ ရယ်မောလျှက် ပြောလိုက်လေသည်။

"ဩော် အခုမှ သဘောပေါက်တော့တယ် နဂါးက နဂါးပဲ မွေးတယ် ဟင်္သာက ဟင်္သာပဲ မွေးတယ် ကြွက်ကမွေးတဲ့ အကောင်ကလည်း မြေကျင်း တူးတတ်တယ် ဆိုသလိုမျိုးပေါ့"

နီယန်သည်လည်း ရယ်မောလျက် ခေါင်းညိတ်ပြကာ ပြန်လည်ပြောဆိုလျှက် မီးဖိုချောင်သို့ ထွက်ခွာခဲ့သည်။

"ဟုတ်တယ် ဟုတ်တယ် အမေ အဲဒီသဘောတရားပါပဲ အမေ ဒီမှာပဲ အသံထွက်တွေကို ဆက်ပြီး လေ့လာနေနော် သမီး ညစာအတွက် သွားပြင်လိုက်ဦးမယ်"

ယနေ့ည၏ ပင်မဟင်းလျာမှာ ကြက်ကင် ဖြစ်သည်။ သို့သော် ကြက်ကင် တစ်မျိုးတည်း စားပါက အီသွားနိုင်သဖြင့် အဆီအအီကို ပြေစေမည့် ဟင်းရံ နှစ်မျိုးနှင့် ဟင်းရည် တစ်မျိုးကို သူမ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်တော့သည်။ နီယန်သည် ဟင်းချက်နည်း မှတ်တမ်းအား ထုတ်ကြည့်လိုက်လေသည်။

ပထမဟင်းလျာ - ငရုတ်ပွနှင့် ဘုရင်မှို အစပ်ကြော်

'ဆေးကျမ်း' များအရ ဘုရင်မှိုသည် အရသာ ချိုမြိန်ပြီး အစာအိမ်နှင့် သရက်ရွက်ကိုလည်း အားကောင်းစေကာ နှလုံးအား ကြည်လင်စေပြီး သွေးကိုလည်း အားဖြည့်ပေးလေသည်။ ထို့ပြင် ဆံပင်ကိုလည်း ကောင်းမွန်စေသဖြင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ရန် ဤဟင်းအား ပြင်ဆင်ခြင်း ဖြစ်ပေသည်။ လူတစ်ယောက် အတွက် ဆံပင်သည် ဒုတိယမျက်နှာ ဖြစ်ရာ ကောင်းစွာ ဂရုစိုက်သင့်သည် မဟုတ်ပါလား။

ဒုတိယဟင်းလျာ -ဂျင်းနုနှင့် ဆလတ်ရွက် ချဉ်စပ်သုပ်

ဂျင်းတွင် ပါဝင်သော ဓာတ်များက ခန္ဓာကိုယ်အတွင်းရှိ 'သံချေး' များကို ဖယ်ရှားပေးနိုင်ပြီး ဆလတ်ရွက်တွင် ပါဝင်သည့် ဖလိုရင်းဓာတ်သည် သွားများကိုလည်း ထိရောက်စွာ ဖြူစင်စေနိုင်လေသည်။ အပြင်ပန်း ကြည့်ကောင်း နေသော်လည်း စကားပြော လိုက်သည့်အခါ သွားများသည် ဝါထိန်နေပါက ဆွဲဆောင်မှုရှိမည် မဟုတ်ချေ။

သွားတိုက်ဆေးများသည် ယခုကဲ့သို့ ဖြူဝင်းစေမည့် အာနိသင်မျိုး မပေးစွမ်းနိုင်ချေ။

အတိတ်ဘဝတွင် နီယန်သည် သူမ၏ သွားများ ဖြူဖွေးစေရန် အတွက် ပိုက်ဆံများ အတော် များများ ဖြုန်းတီးခဲ့ရကာ ဈေးကြီးလှသည့် ကြွေသွားများကိုလည်း စိုက်ခဲ့သေးသော်လည်း အတုသည် အစစ်အား မည်သို့ ယှဉ်နိုင်လိမ့်မည်နည်း။ ထို့ကြောင့် ယခု ဘဝတွင် နီယန်သည် သူမ၏ မူလသွားလေးများကိုသာ သေချာဂရုစိုက် ထိန်းသိမ်းသွားဖို့ရန် အတွက် ဆုံးဖြတ်လိုက် လေတော့သည်။

မွေးရာပါ လှပနေခဲ့လျှင်ပင် ဆက်လက်၍ ထိန်းသိမ်းရန် လိုအပ်သေးသည် မဟုတ်ပါလော။

အကယ်၍သာ မထိန်းသိမ်းနိုင်ခဲ့လျှင် မကြာမှီမှာပင် မီးဖိုချောင်မှ မီးခိုးငွေ့များကြောင့် အရောင်အဆင်းများ မှေးမှိန်လာကာ 'ရုပ်ရင့်နေသည့် မျက်နှာဝါဝါနှင့် မိန်းမကြီး' တစ်ယောက် ဖြစ်သွားတော့ပေမည်။

တတိယဟင်းလျာမှာ ဟင်းရည်ဖြစ်ကာ နန်ရှာရှန်း ယုကျူး ဆေးမြစ်များအား ဝက်နံရိုးဖြင့် ရောပြုတ်ထားသည့် ဟင်းရည် ဖြစ်လေသည်။ တရုတ်ဆေးကျမ်းထဲတွင် ယူကျူးဆေးမြစ်အား “ထိပ်တန်း” ဆေးဘက်ဝင် ပစ္စည်းအဖြစ် သတ်မှတ်ထားခဲ့ကာ “အားနည်းခြင်း အမျိုးမျိုးအား ကုသပေးနိုင်သည့် အပြင် ရေရှည်မှီဝဲပါက မျက်နှာ အသားအရောင် မွဲခြောက်ခြင်းကို ဖယ်ရှားပေးပြီး အသားအရေကို စိုပြည် ကောင်းမွန်စေကာ ခန္ဓာကိုယ်ကို ပေါ့ပါးစေသည့် အပြင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေသည်” လို့ မှတ်တမ်းတင်ထားလေသည်။

ဒါကြောင့် ဒီ ဝက်နံရိုး နန်ရှာရှန်း ယုကျူး ဆေးမြစ်ပြုတ်ရည်သည် အသားအရေကိုလည်း ဖြူစင်စိုပြည်စေဖို့ရန် အတွက် အလွန်ကောင်းမွန်တဲ့ အာနိသင်ရှိလေသည်။

ညစာအတွက် မည်သည့် ဟင်းအား စားရမည် ဆိုသည်အား ဆုံးဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် နီယန် တစ်ယောက် စတင်၍ ပြင်ဆင်လေတော့သည်။ ထိုဟင်းလျာတွေ အားလုံးကို ပြင်ဆင် ချက်ပြုတ် ပြီးချိန်တွင် မှောင်ရီပျိုးလာခဲ့ပြီ ဖြစ်သည်။ နီချွေ့ဟွာမှာမူ ခြံဝင်းထဲမှာ အဝတ်တွေ ရုပ်သိမ်းလျှက် ရှိသည်။

သူမသည် အရမ်းကိုပင် အာရုံစိုက်နေခဲ့ပြီး အဝတ်ရုပ်ရင်းနဲ့ အက္ခရာ နှစ်ဆယ့်ခြောက်လုံးအား ရွတ်ဆိုနေသည့် အတွက် သူမ၏ ဘေးနားမှနေ၍ နီယန် ဖြတ်သွားသည်ကိုပင် သတိမထားမိလိုက်ပါချေ။

All Chapters