အခန်း (၁၀၀-၁၀၂)
Vol. 7 Ch. 100-102
အခန်း (၁၀၀)
**
မိုအိမ်တော်..
ဧည့်ခန်းအား ရှင်းလင်းနေစဉ် သခင်မကြီးမိုသည် မနက်ပိုင်းတွင် လီကုန်းချန် ပို့ပေးလိုက်သည့် အိတ်ထဲတွင် ဖန်ပုလင်း တစ်လုံးအား ရုတ်တရက် တွေ့လိုက်ရလေသည်။ ပုလင်းထဲတွင် ဆွဲဆောင်မှု ရှိသော ခရမ်းရင့်ရောင် အရည်များ ရှိနေခဲ့သည်။ ထို့ကြောင့် သခင်မကြီးမိုသည် လီကုန်းချန်ထံသို့ ဖုန်းဆက်၍ မေးမြန်းလိုက်သည်။ သူ၏ ရှင်းပြချက်အား ကြားပြီးနောက် သခင်မကြီးမိုမှ အံ့သြတကြီးဖြင့် မေးလိုက်သည်။
“ဆီးသီးချိုချဉ်ရည် သောက်လို့ရတဲ့ အမျိုးအစားလား”
လီကုန်းချန်မှ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ် ခင်ဗျာ အဲဒါ သူဌေးမလေး ရှောင်နီ လုပ်ပေးလိုက်တာပါ အရသာ အရမ်းကောင်းတယ် သခင်မကြီး မြည်းကြည့်လိုက်ပါလား ဗျ”
နီယန်၏ ဟင်းချက်စွမ်းရည်အား အပြည့်အဝ ယုံကြည်သောကြောင့် ဖုန်းချ ပြီးနောက် သခင်မကြီးမိုသည် ဆီးသီး ချိုချဉ်ရည် ပုလင်းအား ဖွင့်လိုက်ကာ ခွက်တစ်ခွက် ထဲသို့ ငဲ့ထည့်လိုက်လေသည်။ တစ်ငုံမျှ မြည်းကြည့် ပြီးနောက် သူမသည် ခွက်ထဲရှိ အချိုရည် အားလုံးကို တစ်ကြိုက်တည်း မော့သောက် လိုက်မိတော့သည်။
‘အရမ်းကောင်းတာပဲ’
သခင်မကြီးမိုသည် ဤမျှ အရသာရှိသော ဆီးသီး ချိုချဉ်ရည်မျိုးအား တစ်ခါမျှ မသောက်ဖူးခဲ့ပေ။ ထိုစဉ် မိုချီရှန်သည် အပြင်မှ ဝင်လာခဲ့သည်။ သခင်မကြီးမိုသည် မိုချီရှန်အား လှမ်းခေါ်လိုက်လေသည်။
“ဆဋ္ဌမလေး လာဦး ခဏ အမေ့ဆီမှာ မင်းအတွက် ကောင်းတာလေး တစ်ခု ရှိတယ်”
“ဘာများလဲ အမေ”
မိုချီရှန်သည် စူးစမ်းလိုစိတ်ဖြင့် အနီးသို့ ချဉ်းကပ်လာခဲ့သည်။ သခင်မကြီးမိုသည် ကျန်နေသေးသော ဆီးသီး ချိုချဉ်ရည် အနည်းငယ်အား ခွက်ထဲသို့ ငဲ့ထည့်လိုက်ကာ မိုချီရှန်ထံ ကမ်းပေးလိုက်လေသည်၊
“ဒါလေး မြည်းကြည့်စမ်း အမေ အာမခံတယ် မင်း ဒီလောက် အရသာရှိတဲ့ ဆီးသီး ချိုချဉ်ရည်မျိုး တစ်ခါမှ သောက်ဖူးမှာ မဟုတ်ဘူး”
‘ဆီးသီး ချိုချဉ်ရည် အချိုရည်လား...’
မိုချီရှန် မျက်မှောင် ကြုတ်လိုက်မိသည်။ သူ၏ တစ်သက်တာလုံးတွင် အချိုစာများအား အမုန်းဆုံး ဖြစ်လေသည်။ သူ ငြင်းပယ်ရန် ပြင်လိုက်စဉ် သခင်မကြီးမိုမှ ဆက်ပြောလေသည်။
“ကဲပါ မြည်းသာ ကြည့်စမ်းပါ တကယ် အရသာရှိလို့ပါ အမေက မင်းကို လိမ်ပါ့မလား”
မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် မိုချီရှန်သည် ခွက်အား လှမ်းယူကာ တစ်ငုံမျှ စမ်းသောက် ကြည့်လိုက်လေသည်။
‘အင်း’
အရသာမှာ အံ့သြစရာ ကောင်းလောက်အောင် ကောင်းမွန်နေခဲ့သည်။ ချဉ်ချဉ်ချိုချိုလေးဖြင့် ခံတွင်းတွေ့စေသည့် အပြင် မွှေးကြိုင်လှသော သစ်ခွပန်း ရနံ့လေးလည်း ပါဝင်နေခဲ့သည်။ သူ သောက်ဖူးသမျှ အခြား မည်သည့် အဖျော်ယမကာ ထက်မဆို အရသာ ပိုကောင်းနေခဲ့လေသည်။
“ဂလု ဂလု”
မိုချီရှန်သည် ခွက်ထဲရှိ ဆီးသီး ချိုချဉ်ရည်အား တစ်ကြိုက်တည်း မိုသောက်လိုက်ပြီးနောက် အရသာကိုပင် ထပ်မံ မြည်းစမ်းချင် နေသေးတော့သည်။ သခင်မကြီးမိုမှ ရယ်မောလျှက် ပြောလိုက်လေသည်။
“တွေ့လား အမေ ပြောသားပဲ အရသာရှိပါတယ်ဆိုနေ”
မိုချီရှန်မှ ခေါင်းညိတ်လိုက်လေသည်။
“တကယ်ပါပဲ တော်တော်လေး ကောင်းတယ် အမေ ဒီလို ရတနာမျိုး ဘယ်ကရလာတာလဲ”
ဤစကားအား ကြားသောအခါ သခင်မကြီးမိုသည် မိုချီရှန်အား ငါးချဉ်ခေါက်ဆွဲ အကြောင်း ချက်ချင်း ပြောပြလိုက်ကာ နီယန်အား အစမှ အဆုံးတိုင် ချီးကျူးခန်း ဖွင့်လေတော့သည်။
‘နီ’
အကြောင်းရင်းအား မသိသော်လည်း ဤနာမည်အား ကြားလိုက်တိုင်း နီယန်၏ လှပသော မျက်နှာလေးသည် မိုချီရှန်၏ စိတ်ထဲတွင် ပေါ်လာတတ်လေသည်။ ထိုကောင်မလေးသည် အရည်အချင်း ရှိလှပေသည်။ တစ်ကြိမ်သာ တွေ့ဖူးသေးသော်လည်း သူမသည် သူ့အား ရူးသွပ်သွားစေနိုင်ခဲ့သည်။
သူသည် ကိစ္စအချို့အား စတင် ဖြေရှင်းရတော့မည် ထင်သည်။ သို့မှသာ သူ၏ အနာဂတ် ဇနီးလောင်းအား လိုက်လံ ပိုးပန်းရာတွင် အနှောင့်အယှက် မဖြစ်မည် ဖြစ်သည်။
“ဘာတွေ ရယ်နေတာလဲ”
သခင်မကြီးမိုသည် မိုချီရှန်အား ကြည့်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။ မိုချီရှန်မှ တည်ကြည်သော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော် ဝမ်းသာလို့ပါ အမေက စားဝင်အိပ်ပျော်ဖြစ်နေပြီ အစားအသောက်တွေ အကုန်လုံးလည်း အရသာရှိရှိ စားနေတာ ပြီးတော့ အမေ ကျန်းကျန်းမာမာ ရှိနေတာကို တွေ့ရလို့ ဝမ်းသာနေတာပါ သားတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် မပျော်ပဲ နေနိုင်မလဲ”
(** ဒီလူကတော့ အမေကို ပေါ်တင်လိမ်နေတာနော် တွေးနေတာက မိန်းမလိုက်နည်းအတွက် တွေးနေပြီးတော့များ ဗြောင်လိမ်ဗြောင်စားကြီးဟ **)
“ဒီကောင်လေးတော့ အမေ့ကို ပျော်အောင် ဘယ်လို ပြောရမလဲဆိုတာ သိတယ်”
သခင်မကြီးမိုသည် မိုချီရှန်၏ ပခုံးအား ရွှင်လန်းစွာ ပုတ်လိုက်လေသည်။ ထို့နောက် မိုချီရှန်သည် အဆင့်မြင့် လက်ဆောင်ဘူး တစ်ဘူးအား ထုတ်ယူလိုက်သည်။
“အမေ သားဆီမှာလည်း အမေ့အတွက် လက်ဆောင်တစ်ခု ရှိတယ် ဖွင့်ကြည့်ပါဦး”
သခင်မကြီးမိုသည် အစပိုင်းတွင် အံ့သြသွား ပြီးနောက် ဘူးအား ဖွင့်ကြည့် လိုက်လေသည်။ ဘူးထဲတွင် အလွန်ကောင်းမွန်သော မြအဆင်တန်ဆာ တစ်စုံ ရှိနေခဲ့သည်။
ကျိုးစိမ်း၏ တောက်ပခမ်းနားလှသည့် အစိမ်းရောင်သည် ကြည်လင်ကာ အနာအဆာကင်းနေခဲ့သည်။ ထို့အပြင် သန့်စင်သော ကျိုးစိမ်း စမ်းရေပေါက်ကဲ့သို့ ငြိမ်သက် အေးချမ်းကာ ကြည်လင်အေးမြပြီး ကျက်သရေရှိလှသော စိမ်းလဲ့လဲ့ ရောင်ဝါများသည် အပြစ်အနာအဆာ မရှီတောက်ပနေခဲ့ကာ နူးညံ့ပြီး တည်ငြိမ်လှသည့် အရှိန်အဝါကိုလည်း ဆောင်ကျဉ်းနေခဲ့လေသည်။ တစ်ချက်ကြည့်ရုံဖြင့် ဤအရာသည် အလွန် တန်ဖိုးကြီးကြောင်း သိနိုင်ပေသည်။ မိုချီရှန်မှ မေးလိုက်သည်။
“အမေ သဘောကျလား”
သားဖြစ်သူ၏ မိဘအပေါ် သိတတ်မှုအား ကျေနပ်သွားသော သခင်မကြီးမိုသည် ရယ်မောလျှက် ပြန်ဖြေလိုက်သည်။
“သဘောကျတာပေါ့ သဘောကျတာပေါ့”
သားဖြစ်သူ ပေးသော မည်သည့်အရာမဆို အသုံးမဝင်သော ကျိုးတုံး တစ်တုံး ဖြစ်နေလျှင်ပင် သူမ အလွန် သဘောကျနေအုန်းမည် ဖြစ်ပေသည်။
သူမသည် အိမ်စေများကို ထိုလက်ဝတ်ရတနာစုံအား ချက်ချင်း သိမ်းဆည်း စေပြီးနောက် သူမ၏ အိတ်ကပ်ထဲမှ ကတ်နှစ်ကတ်အား ထုတ်ယူလိုက်ကာ မိုချီရှန်ထံသို့ ကမ်းပေးလိုက်လေသည်။
“ကောင်စုတ်လေး ဒီကတ်တွေကို သိမ်းထား”
သခင်မကြီးမို၏ စိတ်ထဲတွင် ထိုကျိုးစိမ်း လက်ဝတ် ရတနာစုံ၏ တန်ဖိုးအား ကောင်းစွာ သိရှိပေသည်။ ဤကောင်လေးသည် သူမအား ပျော်ရွှင်စေရန် အတွက်ဖြင့် သူ၏ ငွေများအားလုံးအား သုံးစွဲခဲ့ခြင်း ဖြစ်နိုင်ပေသည်။
တကယ့် လူရှုပ်ကလေးပဲ...
အနည်းဆုံးတွင် ထိုကောင်လေးသည် မိဘကျေးဇူးအား သိတတ်ရှာလေသည်။ သူ့အား ယခုလောက် အလိုလိုက်ခဲ့ရသည်မှာ တန်လှပေသည်။ မိုချီရှန်မှ ငြင်းပယ်လိုက်သည်။
“သားက အခု ဒီလောက်ထိ အရွယ်ရောက်နေပြီလေ အမေ့ဆီက ပိုက်ဆံ ယူစရာ လိုသေးလို့လား သားဆီမှာ ပိုက်ဆံ ရှိပါတယ် အမေ သားအတွက် စိတ်ပူစရာ မလိုပါဘူး”
အခန်း (၁၀၁)
ချမ်းသာကြွယ်ဝမှု....
မိုချီရှန်သည် သူ ချမ်းသာကြောင်း သခင်မကြီးမိုအား ပြောခဲ့သည်မှာ အကြိမ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သော်လည်း သခင်မကြီးမိုမှာမူ သူ၏ စကားများအား တစ်ခါမျှ အလေးအနက် မထားခဲ့ချေ။
အကြောင်းမှာ မိုချီရှန်သည် အထက်တန်း ဒုတိယနှစ်တွင် ကျောင်းထွက်ခဲ့ပြီးနောက် အချိန်အတန်ကြာ ပျောက်ဆုံးနေခဲ့ကာ ထို့နောက်ပိုင်းတွင် ပညာဆက်လက် မသင်ကြားခဲ့သောကြောင့် ဖြစ်ပေသည်။
သူသည် တက္ကသိုလ်ဆိုဝေးစွ အထက်တန်းကိုပင် ပြီးဆုံးအောင် မသင်ကြားခဲ့ပေ။ ထို့ကြောင့် အများဆုံး ပြောရလျှင် မိုချီရှန်သည် အလယ်တန်းအဆင့် ပညာရေးသာ ရှိသည်ဟု ဆိုနိုင်ပေသည်။ ယနေ့ခေတ်တွင် စက်ရုံများသည် အနည်းဆုံး အထက်တန်း အောင်လက်မှတ် ရှိသူများကိုသာ အလုပ်ခန့်ကြသည်။
ထို့အပြင် မိုချီရှန်သည် မိုမိသားစု၏ မည်သည့် စီးပွားရေးလုပ်ငန်းတွင်မျှ ရာထူးတာဝန် မယူထားပေ။ သို့ဖြစ်ရာ ဤမျှ အားလပ်ချိန် များပြားလှနေသည့် အမျိုးသား တစ်ဦးတွင် ငွေမည်သို့ ရှိနိုင်လိမ့်မည်နည်း။
“အမေ့ရှေ့မှာ ဟန်ဆောင်မနေစမ်းပါနဲ့ မင်းရဲ့ ပိုက်ဆံတွေကို သိမ်းထားလိုက်စမ်းပါ”
သခင်မကြီးမိုသည် မိုချီရှန်၏ လက်အား ညင်သာစွာ ပုတ်လိုက် ပြီးနောက် အဓိပ္ပါယ်ပါပါ ပြောလိုက်လေသည်။
“အမေ့ရဲ့ ဆဋ္ဌမသားလေး မင်း ဒီဘဝမှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရရမယ်လို့ အမေ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးဘူး မင်း ဘေးကင်း လုံခြုံနေရင် အဲဒါက အရေးအကြီးဆုံးပါပဲ ငါတို့ မိသားစုမှာ ပိုက်ဆံတွေ အများကြီး ရှိပါတယ် အဲဒါတွေ အားလုံးကို မင်းအတွက် အမေ စုဆောင်းထားတာပဲလေ ဒါကြောင့် အနာဂတ်အတွက် မင်း စိတ်ပူစရာ မလိုပါဘူး”
“အခု အမေ လိုချင်တာက မင်း ကျောက်မိသားစုက ကောင်မလေးကို ခေါ်လာပြီး အမေ့ကို ချစ်စရာကောင်းတဲ့ မြေးလေးတစ်ယောက် မွေးပေးဖို့ပဲ”
မိုချီရှန်သည် သူ၏ နှာခေါင်းအား မတတ်သာစွာ ပွတ်သပ် လိုက်ပြီးနောက် ရယ်မောကာ ပြောလိုက်လေသည်။
“ကျောက်ကျင့်ရုံက ပြင်သစ်က ပြန်လာတဲ့ ပညာတတ်လေ သားက သူ့အတွက် ထိုက်တန်တယ်လို့ အမေ ထင်လို့လား”
“ပေါက်ကရတွေ မပြောစမ်းနဲ့”
သခင်မကြီးမိုမှ ဆူပူလိုက်လေသည်။
“ကျောက်မိသားစုက အရမ်း ယုံကြည် စိတ်ချရပြီးတော့ သဘောထားကြီးတယ် ပြီးတော့ ကျင့်ရုံက တကယ်ကို ရှားပါးလှတဲ့ မိန်းကလေးကောင်းလေး တစ်ယောက်ပဲ မင်းတို့နှစ်ယောက်ကို ကြိုတင် စေ့စပ်ထားပြီးပြီ သူတို့ ကတိဖျက်မှာ မဟုတ်ပါဘူး”
သခင်မကြီးမိုနှင့် မိုဖူဟိုင်တို့သည် သဘောထား တိုက်ဆိုင်ကြလေသည်။ သူတို့ နှစ်ဦးစလုံး ကျောက်မိသားစုအပေါ် အပြည့်အဝ ယုံကြည်ထားကြလေသည်။
‘သဘောထားကြီးတယ် ဟုတ်လား’
‘ကျောက်မိသားစုဝင်တွေက တကယ်ကို သဘောထားကြီးကြတာပဲ’
မိုချီရှန်သည် ရယ်မောလိုက်ပြီးနောက် တိတ်တဆိတ်သာ နေလိုက်တော့သည်။ အပေါ်ထပ်သို့ တက်သွား ပြီးနောက် မိုချီရှန်သည် ဖုန်းတစ်ကော ခေါ်လိုက်လေသည်။
မိုချီရှန်သည် ဖုန်းအား ကိုင်ထားလိုက်ကာ သူ၏ ပုံမှန် သာမာန်ကာလျှံကာ ပေါ့ပျက်ပျက် အမူအရာနှင့် မတူဘဲ တည်ငြိမ်ကာ လေးနက် နေပုံပေါ်လေသည်။ အကယ်၍ အခြားသူများသာ သူ့ကို ယခုလို အခြေအနေမျိုးဖြင့် မြင်တွေ့ရပါက သေချာပေါက် အံ့အားသင့် သွားကြမည် ဖြစ်သည်။
ပုံမှန်အားဖြင့် မည်သည့် အလုပ်မှ မလုပ်ဘဲ အားလပ် နေတတ်သူ တစ်ဦးသည် မည်သည့်အချိန်တွင် ဤမျှ ပြင်းထန်လှသည့် အော်ရာ အငွေ့အသက်များအား ထုတ်လွှတ်လာနိုင်ခဲ့လေသနည်း။
“ဟယ်လို ကျောက်မိသားစုဆီ သတင်းပေါက်ကြားအောင် လုပ်ဖို့ အချိန်တန်ပြီ”
ထို စကားတစ်ခွန်းအား ပြောပြီးနောက် မိုချီရှန်သည် ဖုန်းချလိုက်လေသည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် မိုချီရှန်သည် သူ၏ ပုံမှန်အသွင်သို့ ပြန်လည်၍ ရောက်ရှိသွားခဲ့ကာ အစောပိုင်းမျ ဖြစ်ပျက်ခဲ့သည်များမှာ ထင်ယောင်ထင်မှား ဖြစ်ခဲ့သကဲ့သို့ပင် ဖြစ်သွားစေခဲ့သည်။
နောက်တစ်နေ့တွင်...
သခင်မကြီးမို အတွက် နံနက်စာ ပြင်ဆင်ပေးရမည် ဖြစ်၍ နီယန်သည် နံနက် ၃ နာရီတွင် အိပ်ရာမှ ထခဲ့လေသည်။ မမျှော်လင့်ဘဲ နီချွေ့ဟွာသည် သူမထက်ပင် စော၍ နိုးနေခဲ့သည်။
ထိုအချိန်တွင် နီချွေ့ဟွာသည် ပေါင်မုန့်ဖုတ်ရန် မီးဖိုအား မီးမွှေးထားပြီး ဖြစ်ရုံသာမက နီယန်၏ ဈေးဆိုင် အတွက် လိုအပ်သော ပစ္စည်းများ အားလုံးကိုလည်း သပ်ရပ်စွာ စီစဉ်ထားပြီး ဖြစ်လေသည်။ နီချွေ့ဟွာ၏ အကူအညီဖြင့် နီယန်၏ အလုပ်မှာ များစွာ မြန်ဆန်သွားခဲ့ပေသည်။
သူမသည် ပထမဦးစွာ တဆေး ဖောက်ထားသည့် မုန့်နှစ်များအား ပေါင်မုန့်ပုံစံ ဖြစ်အောင် ပြုလုပ်၍ ဖုတ်ရန် မီးဖိုထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် သူမသည် ဟင်းများအား စတင် ကြော်လှော်လေတော့သည်။ ပါဝင်ပစ္စည်းများ အားလုံးကို ညအချိန်ကတည်းမှ ပြင်ဆင်ထားပြီး ဖြစ်ရာ သူမအနေဖြင့် ရေဆေးပြီး ချက်ပြုတ်ရန်သာ လိုအပ်ပေတော့သည်။
နီယန် ဟင်းကြော်နေစဉ် နီချွေ့ဟွာသည် မီးဖိုနားတွင် ထိုင်ကာ မီးမသေအောင် စောင့်ကြည့် ပေးနေလေသည်။
အချိန်တိုအတွင်းမှာပင် မီးဖိုချောင်ငယ်လေးသည် ဟင်းလျာများ၏ မွှေးကြိုင်သော ရနံ့များဖြင့် ပြည့်နှက် သွားလေတော့သည်။ ဟင်းများ ကျက်သွားချိန်တွင် ပေါင်မုန့်များလည်း ကျက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ နီယန်သည် ပေါင်မုန့် ဒါဇင်ခန့် ဖုတ်ခဲ့လေသည်။
သခင်မကြီးမိုအား ပေးရန်အတွက် နှစ်လုံးအား ယူထားပြီးနောက် သူမကိုယ်တိုင် တစ်လုံးစားကာ ကျန်ခုနစ်လုံးအား နီချွေ့ဟွာနှင့် နီချန်ကွေ့တို့အတွက် ချန်ထားခဲ့လေသည်။ ဆန်ပြုတ်ပူပူလေး သောက်ရင်း ပေါင်မုန့်လေး ကိုက်စားကာ မုန်လာဥချဉ်လေး မြည်းရသည့် နံနက်စာလောက် ကောင်းသည်မှာ မည်သည့်အရာမှ မရှိတော့ချေ။
နံနက်စာစားပြီး အရာအားလုံး ပြင်ဆင်ပြီးနောက် နီယန်သည် မနက်ခင်းဈေးသို့ ထွက်ခွာလာခဲ့သည်။ နံနက် ၅ နာရီခွဲတွင် နီယန်သည် မနက်ခင်းဈေးသို့ အချိန်မီ ရောက်ရှိလာခဲ့သည်။ ယနေ့တွင် သူမသည် ပုံမှန်ထက် စော၍ ရောက်လာသော်လည်း သူမအား စောင့်ဆိုင်းနေသည့် ဖောက်သည် အတော်များများ ရှိနေခဲ့ပြီ ဖြစ်သည်။
“သူဌေးမလေး နောက်ဆုံးတော့ ရောက်လာပြီပဲ ဒီမနက် ဆီးသီး ချိုချဉ်ရည် ပါသေးလား”
နီယန်မှ ပြုံး၍ ပြန်ဖြေလိုက်လေသည်။
“ပါပါတယ်ရှင် ဒီမနက်အတွက် ပွဲ ၅၀၀ စာ ပြင်ဆင်လာပါတယ်”
လူတိုင်း၏ အကူအညီဖြင့် မီးဖိုနှင့် စားပွဲ၊ ကုလားထိုင်များ ခင်းကျင်းရန် အချိန် သိပ်မကြာလိုက်ပေ။ လီကုန်းချန်သည် ယနေ့နံနက်တွင် ပုံမှန်ထက် အနည်းငယ် နောက်ကျမှ ရောက်လာသဖြင့် သူ၏အလှည့် ရောက်သောအခါ သူ၏ ဓာတ်ဘူးအား နီယန်ထံ ကမ်းပေးရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
“ရှောင်နီရေ ငါတို့ အဘွားက မင်းလုပ်တဲ့ နံနက်စာကို အရမ်းကြိုက်သွားပြီကွ နောက်ဆိုရင် သူ့အတွက် နေ့တိုင်း နံနက်စာ လုပ်ပေးလို့ ရမလား”
ငွေပေးသူသည် သူဌေးဖြစ်ကာ သူဌေးပြောသည့် အတိုင်း လုပ်ရမည်သာ ဖြစ်ပေသည်။ နီယန်သည် ဓာတ်ဘူးအား ယူလိုက်ပြီးနောက် ပြုံးလျှက် ပြန်မေးလိုက်လေသည်။
“ရပါတယ်ရှင် ဒါ ကျွန်မရဲ့ တာဝန်ပဲလေ ဒီမနက် အဘွားက ပုံမှန် နံနက်စာပဲ စားချင်တာလား”
လီကုန်းချန်မှ ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်တယ် ပြီးတော့ ဆီးသီး ချိုချဉ်ရည် တစ်ခွက်လည်း ပေးပါအုန်း”
သူ ဆီးသီး ချိုချဉ်ရည်များ သောက်ဖူးသော်လည်း ထိုအချိုရည်များသည် နီယန် လုပ်သည့် အချိုရည် ၏ သုံးပုံတစ်ပုံမျှပင် အရသာ မကောင်းလှပေ။ တစ်ငုံ သောက်လိုက်သည်နှင့် လီကုန်းချန်သည် ထိုအရသာအား စွဲလန်းသွားခဲ့သည်။ အလွန်ပင် ကောင်းမွန်လှပေသည်။
လီကုန်းချန် သူ၏ ခေါက်ဆွဲကို စားပြီးနောက် မိုအိမ်တော်သို့ ရောက်ရှိလာချိန်တွင် အချိန်မှာ တိတိကျကျ နံနက် ခုနစ်နာရီ ထိုးနေခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် သခင်မကြီးမိုသည် ဧည့်ခန်းထဲ၌ စိတ်မရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့လေသည်။ သခင်မကြီးမိုမှ ပြောလိုက်သည်။
အခန်း (၁၀၂)
"ရှောင်လီ"
လီကုန်းချန်အား မြင်သည်နှင့် သခင်မကြီးမိုမှာ ဝမ်းသာအားရဖြင့် မတ်တတ် ထရပ် လိုက်မိလေသည်။ လီကုန်းချန်မှ သူသယ်လာသည့် အိတ်ကလေးအား အဘွားအိုထံ ကမ်းပေးလိုက်ရင်း ရိုသေစွာ ပြောဆိုလိုက်လေသည်။
"အဘွား ဒါက ဒီနေ့မနက်အတွက် နံနက်စာပါ"
"ကောင်းပြီ ကောင်းပြီ"
အဘွားအိုသည် အိတ်ကလေးအား ချက်ချင်း ဖွင့်ကြည့် လိုက်သော်လည်း အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် မေးလိုက်လေသည်။
"ဒီနေ့မနက်တော့ ဆီးသီးချိုချဉ်ရည် မပါဘူးလား"
ထိုအခါ လီကုန်းချန်မှ ရှင်းပြလိုက်လေသည်။
"သူဌေးမလေး ရှောင်နီက သက်ကြီးရွယ်အိုတွေ အချို အရမ်းစားတာ သိပ်မကောင်းဘူးတဲ့ ဒါကြောင့် အဘွားအတွက် ဆီးသီးချိုချဉ်ရည် မထည့်ပေးလိုက်တာပါ"
"အို"
သခင်မကြီးမိုမှ ခေါင်းညိတ် ပြလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ဒီသူဌေးမလေး ရှောင်နီက တော်တော်လေး သိတတ်တာပဲ"
ထူးဆန်းစွာပင် သခင်မကြီးမို၏ ရင်ထဲ၌ နွေးထွေးမှုတစ်ခုအား ခံစားလိုက်ရလေသည်။ ဆီးသီးချိုချဉ်ရည် မပါလာသည်မှာ ကိစ္စမရှိပါချေ။ မည်သို့ပင်ဖြစ်စေ သူဌေးမလေး ရှောင်နီ၏ ဟင်းချက်လက်ရာမှာမူ ထိပ်တန်းအဆင့်တွင် ရှိနေသည် မဟုတ်ပါလော။ ယခုဆိုလျှင် သခင်မကြီးမိုသည် နီယန်၏ နံပါတ်၁ အမာခံပရိသတ် ဖြစ်နေပြီမှာ သေချာလှပေသည်။ လီကုန်းချန်မှ ဆက်လက်၍ ခွင့်တောင်းလိုက်လေသည်။
"အဘွား အရင်စားနှင့်ပါဦး ကျွန်တော် သွားလိုက်ပါဦးမယ်"
"အေးအေး မင်းအလုပ်မင်း သွားလုပ်ချေ"
လီကုန်းချန် ထွက်သွားသည်နှင့် တစ်ပြိုင်နက် သခင်မကြီးမိုသည် ထမင်းချိုင့်အား ဖွင့်ကြည့် လိုက်လေတော့သည်။ ယနေ့ ထမင်းချိုင့်မှာ ယမန်နေ့က အရာ နှင့် အစုံလိုက် ဖြစ်ကာ စုစုပေါင်း သုံးဆင့် ပါဝင်လေသည်။
ပထမအဆင့်တွင် တောကြက်မောက်သီးပျော့ ဆန်ပြုတ် ပါဝင်ကာ ဒုတိယအဆင့်၌မူ ကြွက်နားရွက်မှို ချဉ်စပ်သုပ် ပါဝင်လေသည်။ တတိယအဆင့်တွင်မူ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော အရာနှစ်ခု ပါဝင်နေခဲ့ကာ မည်သည့်အရာမှန်း သဲသဲကွဲကွဲ မသိရချေ။
သခင်မကြီးမိုသည် စူးစမ်းလိုစိတ်များ ပြင်းပြလာသဖြင့် ဆီစိမ်စက္ကူများအား တစ်လွှာချင်း အသာအယာ ဖြေချလိုက်လေရာ မွှေးကြိုင်လှသည့် နို့နံ့သင်းသင်းလေးတစ်ခုသည် နှာခေါင်းဝသို့ ချက်ချင်း လွင့်ပျံလာလေတော့သည်။
သူမ၏ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ ရွှေရောင် ဝင်းလက်နေသည့် ပေါင်မုန့်တစ်လုံးပင် ဖြစ်လေသည်။ ပေါင်မုန့်၏ အပြင်သားမှာ ကျွတ်ရွနေခဲ့ကာ အတွင်းသားလေးမှာမူ နူးညံ့အိစက်နေလေသည်။ သူမသည် ပေါင်မုန့်အား ဖြည်းညင်းစွာ ဖဲ့ယူ လိုက်သောအခါ အတွင်းမှ အခိုးအငွေ့လေးများ ထွက်ပေါ်လာသည်ကိုလည်း မြင်တွေ့လိုက်ရသည်။ အမှန်ပင် မွှေးကြိုင်လှပေသည်။ အဘွားအိုမိုသည် အသက်အား ပြင်းပြင်း ရှူသွင်းလိုက်မိတေ့ာသည်။
ထို ရှောင်နီဆိုသော ကောင်မလေးသည် မနက်တိုင်း သူမအား အံ့အားသင့်အောင် လုပ်နိုင်စွမ်း ရှိလှသည်။ အဘွားအိုမိုသည် ပေါက်စီများ မန်ထိုများနှင့် အပြင်မှ ဝယ်လာသည့် ပေါင်မုန့်များအား စားဖူးသော်လည်း ဤမျှ အရသာရှိလှကာ မွှေးကြိုင်လှသော ပေါင်မုန့်မျိုးအား ယခုမှ ပထမဆုံးအကြိမ် စားဖူးခြင်း ဖြစ်ပေသည်။
အရသာမှာလည်း အမှန်တကယ် အံ့မခန်းပင် ဖြစ်ချေသည်။ သူမသည် အဘယ်ကြောင့် ရှောင်နီဆိုသူ ကောင်မလေးအား ဤမျှလောက် သဘောကျနေရလေသနည်း။ သူမကိုယ်တိုင်ပင် သတိမထားမိလိုက်ချိန်တွင် တစ်ခါမျှပင် မဆုံဖူးသေးသည့် ရှောင်နီဆိုသည့် မိန်းကလေးအပေါ် သံယောဇဉ်တွယ်နေမိပြီ ဖြစ်သည်။
မကြာမီမှာပင် မိုဘိုင်ချွမ်းသည် အပေါ်ထပ်မှ ဆင်းလာခဲ့ကာ အဘွားအိုမိုအား တက်ကြွစွာ နှုတ်ဆက်လိုက်လေသည်။
"မင်္ဂလာနံနက်ခင်းပါ အဘွား"
"ချွမ်ချွမ် လာလေ အဘွားနဲ့ နံနက်စာ လာစားပါဦး"
ဟု အဘွားအိုမိုမှ သူ့အား လက်ယပ် ခေါ်လိုက်လေသည်။ မိုဘိုင်ချွမ်းလည်း အဘွားခေါ်သည့်အတိုင်း အနားသို့ လျှောက်သွားလိုက်လေသည်။ အဘွားအိုမိုသည် ကျန်နေသေးသည့် ပေါင်မုန့်အား မိုဘိုင်ချွမ်းထံ ကမ်းပေးလိုက်တော့သည်။ သို့သော် မိုဘိုင်ချွမ်းမှ ညင်သာစွာ ငြင်းပယ်လိုက်ရင်း ပြောလိုက်လေသည်။
"မနက်ခင်းဆို ကျွန်တော် သိပ်ခံတွင်းမတွေ့လို့ပါ အဘွားရာ အဘွားစားတာကိုပဲ ကြည့်နေပါ့မယ်"
"ခံတွင်းမတွေ့ဘူး ဟုတ်လား"
အဘွားအိုမိုမှ ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။
"ချွမ်ချွမ် ရှောင်နီလုပ်ထားတဲ့ အစားအစာတွေကို စားကြည့်လိုက်ရင် မင်း ချက်ချင်း ခံတွင်း ပြန်တွေ့လာလိမ့်မယ်လို့ အဘွား အာမခံတယ်ကွယ်"
‘ရှောင်နီ’
‘နီယန်’
‘ဒါကို နီယန် လုပ်ထားတာလား’
မိုဘိုင်ချွမ်းသည် သူ၏ မျက်လုံးများအား မသိမသာ မှေးစင်းလိုက်မိသည်။
'နီယန် မင်းက တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ'
သူမသည် သူ့အပေါ် အလေး မထားသကဲ့သို့ ဟန်ဆောင် နေသော်လည်း ကွယ်ရာတွင်မူ သူ၏ မိသားစုဝင်များ ပျော်ရွှင်စေရန် လုပ်ဆောင်ပေးနိုင်စွမ်း ရှိနေခဲ့သည်။ ဤသည်မှာ တမင်တကာ လိုက်ရခက်ခဲသည့် ပုံစံဖြင့် မူနေခြင်း မဟုတ်ပါလော။ အဘွားအိုမိုမှ ဆက်လက်၍ တိုက်တွန်း ပြောဆိုလိုက်လေသည်။
"ချွမ်ချွမ် မင်း တစ်လုတ်လောက် စားကြည့်ပါလား အရင်တုန်းကဆို အဘွားလည်း မင်းလိုပဲ သိပ်ပြီး ခံတွင်းမတွေ့ဘူး ဒါပေမယ့် ရှောင်နီ လုပ်တဲ့ အစားအစာတွေကို စားပြီးကတည်းက အများကြီး သက်သာလာတယ်"
မရိုးသားသော ရည်ရွယ်ချက်များ ရှိနေသည့် အမျိုးသမီး တစ်ဦး လုပ်ထားသည့် အစားအစာအား မည်သူက စားချင်လိမ့်မည်နည်း။
မိုဘိုင်ချွမ်းသည် သူ၏ မကျေနပ်မှုများ အားလုံးကို မျက်လုံး အောက်ခြေ၌ ဖုံးကွယ်ထားလိုက်ပြီးနောက် ပြောဆိုလိုက်ကာ အဘွားအိုမိုမှ တစ်စုံတစ်ရာ တုံ့ပြန်ခွင့်ပင် မရလိုက်ခင်မှာပင် သူ၏ ကျောပြင်မှာ တံခါးအပြင်ဘက်သို့ ပျောက်ကွယ် သွားလေတော့သည်။
"အဘွား ကျွန်တော် တကယ် စားလို့မရဘူး အို ဟုတ်သားပဲ ကျွန်တော့်မှာ အလုပ်လေးရှိသေးလို့ သွားလိုက်ပါဦးမယ်"
"ဒီကျိန်စာသင့်မယ့် ကလေးလေး"
ဟု ဆိုရင်း အဘွားအိုမိုသည် သက်ပြင်း ချလိုက်မိသည်။
ကျောက်မိသားစုတွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက် ရှိလေသည်။ သမီးဖြစ်သူ ကျောက်ကျင့်ရုံမှာ ငယ်စဉ်ကတည်းမှ အလိုလိုက် ခံထားရသူ တစ်ဦး ဖြစ်သည်။ သူမသည် မိုချီရှန်ထက် သုံးနှစ်ငယ်ကာ ယခုနှစ်တွင် အသက် (၂၄) နှစ် ပြည့်ပြီ ဖြစ်သည်။
အသက် (၂၄) နှစ်အရွယ် ကျောက်ကျင့်ရုံသည် ပေကျင်းမြို့၏ လူချမ်းသာ အသိုင်းအဝိုင်းတွင် နာမည်ကောင်း ရထားသူ တစ်ဦးလည်း ဖြစ်ပေသည်။ သူမသည် လှပရုံသာမက ပြင်သစ်နိုင်ငံတွင် ပညာသင်ကြားခဲ့သည့် ထူးချွန်လှသော ကျောင်းသူတစ်ဦးလည်း ဖြစ်လေသည်။ မိုချီရှန်နှင့် စေ့စပ်ထားခြင်းသာ မရှိခဲ့လျှင် သူမ၏ အိမ်တံခါးဝတွင် ကမ်းလှမ်းလာမည့် သူများဖြင့် ပြည့်နှက်နေမည်မှာ အသေအချာပင် ဖြစ်သည်။
နံနက်စောစော အချိန်တွင် ကျောက်မိသားစုဝင်များ အားလုံး ဧည့်ခန်းထဲ၌ စုရုံးနေခဲ့ကြကာ လေထုမှာ အနည်းငယ် လေးလံနေသကဲ့သို့ ဖြစ်နေခဲ့သည်။ ကျောက်ပေါင်ရှန့်မှ သူ၏ အချစ်တော်သမီးလေးအား မော့ကြည့်လိုက်ရင်း မေးလိုက်လေသည်။
"ကျင့်ရုံ မိုအိမ်တော်က အငယ်ဆုံးသားလေး ပြန်ရောက်နေပြီလို့ ဖေဖေ ကြားတယ် ဒီကိစ္စနဲ့ပတ်သက်ပြီး သမီး ဘယ်လိုသဘောရလဲ"
ကျောက်ကျင့်ရုံသည် သူမ၏ ဆေးဆိုး ထားခါစ လက်သည်းများအား မှုတ်ရင်း ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"သူပြန်ရောက်တော့ကော သမီးနဲ့ ဘာဆိုင်လို့လဲ"
ကျောက်ပေါင်ရှန့်မှ ဆက်လက်၍ သတိပေးလိုက်ပြန်သည်။
"ကျင့်ရုံ သမီး မေ့နေပြီလား သမီး သမီးက သူ့နဲ့ စေ့စပ်ထားသေးတယ်လေ"
ကျောက်ကျင့်ရုံမှ ခပ်ဟဟ ရယ်မောလိုက်ရင်း ပြောလိုက်သည်။
"စေ့စပ်ထားတယ် ဘယ်သူက ဒီစေ့စပ်ပွဲကို သဘောတူခဲ့တာလဲ သဘောတူတဲ့သူ သွားယူပါစေပေါ့"
အသုံးမကျတဲ့ မိုချီရှန်ကဲ့သို့ ဖားပြုတ်ကောင်သည် သူမလို ငန်းဖြူလေးအား လက်ထပ်ဖို့ အိပ်မက်မက်ရဲသေးပေသည်။
‘အိပ်မက်ထဲမှာပဲ သွားမက်နေလိုက်စမ်းပါ’
ကျောက်ပေါင်ရှန့်မှာ သူ၏ အသည်းနှလုံးဖြစ်သူ သမီးလေး၏ စကားကြောင့် ဆွံ့အသွားရတော့သည်။ မည်သို့ပင်ဖြစ်စေ ဤစေ့စပ်ပွဲအား သူတို့မိဘများမှာသာ စီစဉ်ခဲ့ခြင်း မဟုတ်ပါလော။ ဘေးတွင်ထိုင်နေသော မစ္စစ်ကျောက်သည်လည်း အေးဆေးစွာ ဝင်ပြောလိုက်လေသည်။
"အဲ့ဒီတုန်းက စေ့စပ်ပွဲက နှုတ်ကတိလောက်ပဲလေ တကယ်တော့ အတည်မှ မဟုတ်တာ ဟုတ်တယ်မလား"