← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃)

ကျောက်ပေါင်ရှန့်မှ သက်ပြင်းချလိုက်ရင်း ညည်းတွား လိုက်မိလေသည်။

"ဒါပေမယ့် ငါတို့က မိုမိသားစုဆီက စေ့စပ်လက်စွပ်ကို လက်ခံထားပြီးပြီလေ"

အစပိုင်းတွင် မိုချီရှန်သည် နှစ်တစ်ထောင်တွင် တစ်ယောက်သာ ပေါ်တတ်သည့် ပါရမီရှင်တစ်ဦးဟု ဆို၍ရလေသည်။ အသက် (၃) နှစ်အရွယ်တွင် ထန်နှင့် စုန့် မင်းဆက်တို့၏ ကဗျာများအားလုံးကို အလွတ် ရွတ်ဆိုနိုင်ခဲ့ပြီး ဖြစ်ကာ အသက် (၄) နှစ်တွင် ပေါင်း နုတ် မြှောက် စား တွက်ချက်မှုများကိုလည်း စိတ်တွက်ဖြင့် ဖြေဆိုနိုင်ခဲ့သေးသည်။ အသက် (၅) နှစ်အရွယ်တွင် နှစ်ငါးထောင်ကြာ တရုတ်ရှေးမှတ်တမ်းများအား သမိုင်းမှတ်တမ်းများ ထက်ပင် ပိုမိုအသေးစိတ်ကျစွာ ဆွေးနွေးနိုင်ခဲ့ပေသည်။ အသက် (၆) နှစ်တွင် ပထမတန်းသို့ စတင် တက်ရောက်ခဲ့ပြီး အသက် (၇) နှစ်တွင် တတိယတန်းသို့ ကျော်တက်နိုင်ခဲ့လေသည်။

ယင်းအချက်များကြောင့်သာ မဟုတ်လျှင် ကျောက်မိသားစု အနေဖြင့် မိုမိသားစုနှင့် ဤမျှ စောစောစီးစီး လက်ထပ်ပွဲ စီစဉ်ခဲ့လိမ့်မည် မဟုတ်ပေ။ မိုချီရှန်၏ အနာဂတ်မှာ အတိုင်းအဆမရှိ တောက်ပနေမည်ဟု ကျောက်မိသားစုမှ အခိုင်အမာ ယုံကြည်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် သူတို့၏ မျှော်လင့်ချက်များ လွဲချော်သွားမည်အား မည်သူမှ ထင်မှတ်မထားခဲ့ကြချေ။ သူတို့သည် မှားယွင်းသော လောင်းကြေးအား ထပ်ခဲ့မိလေပြီ ဖြစ်သည်။

လူတိုင်းမှ မိုချီရှန်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ကြသော်လည်း မမျှော်လင့်ဘဲ မိုချီရှန်သည် သူ၏ ပါရမီများ ပျောက်ဆုံးသွားခဲ့ကာ တဖြည်းဖြည်း သာမန် လူတစ်ယောက် အဖြစ်သို့ ရောက်ရှိသွားခဲ့လေသည်။

ထပ်ပြောရလျှင် သာမန်လူ တစ်ယောက်ထက်ပင် နိမ့်ကျသွားခဲ့သေးသည်။ အနည်းဆုံးတွင် သာမန်လူ တစ်ယောက်သည် အလုပ်လုပ်၍ မိသားစုအး ကျွေးမွေးပြုစုရမည်ဟု သိရှိသော်လည်း မိုချီရှန်မှာမူ အချည်းနှီး အချိန်ဖြုန်းခြင်း မှအပ မည်သည့် အရာကိုမျှ မစွမ်းဆောင်နိုင်တော့ပေ။ မစ္စစ်ကျောက်မှ လှောင်ပြောင်ဟန်ဖြင့် ပြောဆိုလိုက်သည်။

"စေ့စပ်လက်စွပ် လက်ခံထားတော့ကော ဘာဖြစ်လဲ ကျွန်မတို့ ပြန်ပေးလိုက်လို့ ရတာပဲမလား ဒါက ကြီးကြီးမားမား ကိစ္စမှ မဟုတ်တာ"

ကျောက်ပေါင်ရှန့်မှ ပြန်လည်၍ ချေပ ပြောဆိုလိုက်လေသည်။

"ဒါပေမယ့် လူဆိုတာ ဘဝမှာ အဲဒီလောက် အပြောင်းအလဲ မြန်တတ်တဲ့သူမျိုး မဖြစ်သင့်ဘူးလေ ပြီးတော့ ငါတို့က မိုမိသားစုနဲ့ ဆယ်စုနှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်ခဲ့လာခဲ့တာ စေ့စပ်ပွဲကို ဖျက်လိုက်ရင် ဒီဆက်ဆံရေးကို ဘယ်လိုဆက်ပြီး ထိန်းသိမ်းရမလဲ"

ထိုအခါ မစ္စစ်ကျောက်မှ အော်ဟစ်လိုက်ရင်း ဒေါသတကြီး မေးခွန်းထုတ်လိုက်လေသည်။

"စေ့စပ်ပွဲကို မဖျက်ဘူးဟုတ်လား ဒါဆို ရှင်က ကျွန်မတို့ရဲ့ ကျင့်ရုံကို အဲဒီလို အသုံးမကျတဲ့ကောင်နဲ့ လက်ထပ်ပေးမယ်လို့ ပြောချင်တာလား ကျွန်မတို့ရဲ့ အဖိုးတန် သမီးလေးထက် မိတ်ဆွေ သံယောဇဉ်က ပိုအရေးကြီးနေတာလား"

"အမေပြောတာ မှန်တယ် ညီမလေးကို မိုချီရှန်နဲ့ ပေးစားမယ်ဆိုရင် သားက အရင်ဆုံး ကန့်ကွက်မှာပဲ"

ဟု ကျောက်မိသားစု၏ သားအကြီးဆုံး ဖြစ်သူ ကျောက်ဇီကျွင်းမှ သူ၏ သဘောထားအား ရှင်းလင်းစွာ ဖော်ပြလိုက်လေသည်။ ဒုတိယသားဖြစ်သူ ကျောက်ဇီယီမှလည်း ထောက်ခံပြောဆိုလိုက်လေသည်။

"ကျွန်တော်လည်း ညီမလေးကို မိုချီရှန်နဲ့ လက်ထပ်ပေးမယ့် ကိစ္စကို ကန့်ကွက်တယ်"

ထိုအသုံးမကျသည့် မိုချီရှန်မှာ သူတို့၏ အဖိုးတန် ညီမလေးနှင့် လုံးဝ လုံးဝ မထိုက်တန်ပေ။ သူတို့၏ ညီမလေးသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး အမျိုးသားတစ်ဦးနှင့်သာ ထိုက်တန်သူ ဖြစ်လေသည်။

"ကျင့်ရုံ"

ကျောက်ပေါင်ရှန့်မှ ကျောက်ကျင့်ရုံအား မော့ကြည့်လိုက်ရင်း မေးလိုက်သည်။

"သမီးရော ဘယ်လိုထင်လဲ"

ဤဆုံးဖြတ်ချက်မှာ အဆုံးတွင် သူ၏ အချစ်တော်သမီးလေး အပေါ်တွင်သာ မူတည်နေလေသည်။ ကျောက်ကျင့်ရုံမှ ပြုံးလိုက်ရင်း ပြတ်သားစွာ ပြောဆိုလိုက်လေသည်။

"ဖေဖေက တကယ်ကို ခေါင်းမာလွန်းတယ် အဲဒီ အသုံးမကျတဲ့ မိုချီရှန်က သမီးနဲ့ ဘယ်လိုလုပ် ထိုက်တန်နိုင်မှာတဲ့လဲ သမီးဆိုတဲ့ ကျောက်ကျင့်ရုံက မိုချီရှန်လို လူမျိုးကို လက်ထပ်လိုက် ရမယ့်အစား တစ်သက်လုံး အပျိုကြီးဘဝနဲ့ပဲ နေသွားလိုက်မယ် မစ္စတာမော့လို အမျိုးသားမျိုးကိုပဲ လက်ထပ်မယ်"

မစ္စတာမော့ ဆိုသည်မှာ အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။ သူ၏ အသက်အရွယ် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် နိုင်ငံသား ခံယူချက် စသည့် အရာအားလုံးမှာ လျှို့ဝှက်ချက် တစ်ခုအဖြစ် တည်ရှိနေခဲ့သည်။

ကျောက်ကျင့်ရုံ ကိုယ်တိုင်ပင်လျှင် မစ္စတာမော့၏ အရိပ်အယောင်အား နိုင်ငံတကာ သတင်းကဏ္ဍများတွင်သာ မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။ သူတို့၏ အသိုင်းအဝိုင်းရှိ လူများမှာ မစ္စတာမော့၏ အမည်အား ကြားလိုက်ရုံဖြင့် လေးစား အားကျစိတ်များ အလိုအလျောက် ဖြစ်ပေါ်လာကြစမြဲပင် ဖြစ်သည်။ ကျောက်ပေါင်ရှန့်မှ ဆက်လက်၍ မေးမြန်းလိုက်သည်။

"ဒါပေမယ့် သမီးက မစ္စတာမော့ရဲ့ မျက်နှာကိုတောင် တစ်ခါမှ မမြင်ဖူးဘဲနဲ့ သူက သမီး စိတ်ကြိုက် ဖြစ်မဖြစ် ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"

ကျောက်ကျင့်ရုံမှ အပြုံးလေးဖြင့် ပြန်လည်၍ မေးခွန်း ထုတ်လိုက်လေသည်။

"ဖေဖေ သမီးက လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကိုပဲ ကြည့်ပြီး အကဲဖြတ်တတ်တဲ့ အပေါ်ယံ လူစားမျိုးလို့ ထင်နေတာလား “

‘ရုပ်ရည် ဟုတ်လား ‘

‘ရုပ်ရည်ကောင်းတာက ရွှေတွေ ငွေတွေ ယူဆောင် လာပေးနိုင်လို့လား’

ကျောက်ကျင့်ရုံသည် သူမ မည်သည့်အရာအား လိုချင်သည်ကို အတိအကျ သိရှိထားခြင်း ဖြစ်သည်။ သူမသည် ထူးခြား ကောင်းမွန်သော လူနေမှု ဘဝကိုသာမက အဆုံးစွန်သော ဂုဏ်ကျက်သရေကိုပါ လိုလားတောင့်တသူ တစ်ဦး ဖြစ်ပေသည်။ ထိုအသုံးမကျသည့် မိုချီရှန်သည် သူမအား သူမလိုချင် နှစ်သက်သည့် ထိုသို့သော ဂုဏ်သိက္ခာမျိုး ပေးစွမ်းနိုင်ပါမည်လော။ မစ္စစ်ကျောက်မှ ခေါင်းညိတ်လိုက်ရင်း မြှောက်ပင့် ပေးလိုက်လေသည်။

"ကျင့်ရုံ မေမေကတော့ သမီးကို ထောက်ခံတယ် သမီးက အရမ်းကို ထူးချွန်တာပဲလေ မစ္စတာမော့ တစ်ယောက်တည်းကိုတင် မဟုတ်ဘူး နောက်ထပ် ဆယ်ယောက်လောက်ကိုတောင် သမီးက သိမ်းသွင်း နိုင်စွမ်းရှိတယ်"

ကျင့်ရုံ၏ အစ်ကိုနှစ်ယောက်သည်လည်း သဘောတူညီကြကာ သူတို့၏ ညီမလေး အပေါ်ထားရှိသည့် ယုံကြည်မှုမှာ လုံးဝကို ယိမ်းယိုင်ခြင်း မရှိပေ။ ကျောက်ပေါင်ရှန့်မှ မေးလိုက်သည်။

"အကယ်၍ မစ္စတာမော့က အသက်အများကြီး ကြီးနေတဲ့သူ ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ"

မည်သို့ပင်ဖြစ်စေ မစ္စတာမော့ ရရှိထားသော ဂုဏ်သတင်းနှင့် အောင်မြင်မှုများမှာ လူငယ်တစ်ဦး အနေဖြင့် လွယ်ကူစွာ ရယူနိုင်မည့် အရာမျိုး မဟုတ်ချေ။ ဤအမျိုးသားမှာ သူ့ထက်ပင် အသက်ကြီး နေနိုင်သေးပေသည်။ ကျောက်ကျင့်ရုံမှ ခပ်ဟဟ ပြုံးလိုက်ရင်း ဖြေလိုက်သည်။

"ဒါဆိုလည်း အဲ့လိုမျိုးကမှ ဟိုအသုံးမကျတဲ့ မိုချီရှန်ထက်တော့ ပိုကောင်းသေးတယ် မဟုတ်ဘူးလား"

ကျောက်ပေါင်ရှန့်မှ သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ကောင်းပြီလေ ကျင့်ရုံ ဖေဖေ သမီးရဲ့ သဘောထားကို နားလည်ပြီ ဒီကိစ္စကို မိုမိသားစုနဲ့ ဆွေးနွေးဖို့ အချိန်တစ်ခု ရှာလိုက်ပါ့မယ်"

ကျောက်ကျင့်ရုံမှ သူမ၏ လက်သည်းဆိုးဆေး ပုလင်းအား ကော်ဖီစားပွဲ ပေါ်သို့ ညင်သာစွာ တင်လိုက်ရင်း ပြတ်သားစွာဖြင့် ပြောလိုက်သည်။

"ဖေဖေ အချိန်ရွေးနေစရာ မလိုပါဘူး ဒီကိစ္စကို မြန်မြန်ဆန်ဆန် ဖြတ်တောက်လိုက်တာ အကောင်းဆုံးပဲ မနက်ဖြန်ပဲ သွားလုပ် လိုက်ရအောင် ဖေဖေ့ နောက်ကို သမီးလည်း လိုက်ခဲ့မယ်"

ထို့နောက် ကျောက်ကျင့်ရုံမှ ဆက်လက်၍ ထပ်လောင်း ပြောဆိုလိုက်လေသည်။

"ပြီးတော့လေ ဖေဖေ စေ့စပ်ပွဲဖျက်တယ်ဆိုတာက ညှိနှိုင်းရမယ့် ကိစ္စ မဟုတ်ဘူးနော် မဖြစ်မနေ လုပ်ရမယ့်ကိစ္စပဲ"

ထိုအသုံးမကျသည့် မိုချီရှန်နှင့် စေ့စပ်ထားဆဲ ဖြစ်သည်အား တွေးမိလိုက်ရုံဖြင့် ကျောက်ကျင့်ရုံမှာ ရွံရှာလွန်းသဖြင့် အန်ချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့ရကာ ကြက်သီးများပင် ထသွားရလေသည်။

"ညီမလေး အစ်ကိုတို့လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်"

ဟု ကျောက်ကျင့်ရုံ၏ အစ်ကိုနှစ်ယောက်မှလည်း ပြောလိုက်ကြလေသည်။ မစ္စစ်ကျောက်သည်လည်း ဝင်ရောက်ပြောဆိုလေသည်။

"မေမေလည်း လိုက်ခဲ့မယ် မိုမိသားစုက စေ့စပ်ပွဲဖျက်ဖို့ ငြင်းဆန် လာခဲ့ရင်တောင် လူအင်အားများတော့ ပိုကောင်းတာပေါ့"

နောက်တစ်နေ့တွင် ကျောက်မိသားစုမှ လာရောက်မည် ဖြစ်ကြောင်း မိုမိသားစုမှ အဘွားအိုမို သိရှိသွားသောအခါ သူမမှာ ဝမ်းသာလွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်တော့ချေ။ ကျောက်မိသားစုအား လေးစားမှု ပြသရန်အတွက် အိမ်ကြီး တစ်ခုလုံးကို အတွင်းအပြင် မကျန် သန့်ရှင်းရေးလုပ်စေရန် အတွက် အစေခံများအား ချက်ချင်း အမိန့်ပေး လိုက်လေတော့သည်။

အခန်း (၁၀၄)

ယခုအခါ နှစ်ဖက်မိသားစုမှ ကလေးများမှာ အရွယ် ရောက်နေကြပြီ ဖြစ်ရာ ကျောက်မိသားစု ယခုအချိန်တွင် လာရောက် လည်ပတ်ခြင်းသည် မိုချီရှန်နှင့် ကျောက်ကျင့်ရုံတို့၏ မင်္ဂလာရက်အား ဆွေးနွေးရန် ပြင်ဆင်လာကြခြင်း ဖြစ်သည်မှာ သေချာလှပေသည်။

မကြာမီအချိန်အတွင်း ချစ်စရာကောင်းလှသော မြေးလေး တစ်ယောက်အား ပွေ့ချီခွင့်ရတော့မည်ဟု တွေးတော မိလိုက်သည်နှင့် သခင်မကြီးမိုမှာ သွက်လက် တက်ကြွလာခဲ့ကာ ဤသတင်းကောင်းအား မိုချီရှန်အား ပြောပြရန် အပေါ်ထပ်သို့ အလျှင်အမြန် တက်သွားခဲ့လေသည်။ ထို သတင်းအား ကြားလိုက်ရသောအခါ မိုချီရှန်မှ အတင်းအကျပ် ပြုံးလိုက်ရင်း ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့ပါ အမေ သား သိပါပြီ"

သခင်မကြီးမိုမှ ဆက်လက်၍ မှာကြားလိုက်ပြန်သည်။

"သားငယ်လေေး မနက်ဖြန် ကျင့်ရုံရဲ့ ရှေ့မှာ အမူအကျင့် ကောင်းလေးတွေနဲ့ နေဖို့ မမေ့နဲ့နော်”

မိုချီရှန်မှ ခေါင်းညိတ်လိုက်ပြီးနောက် ကတိပေးလိုက်သည်။

"အမေ စိတ်ချပါ အမေ့ကို စိတ်ပျက်အောင် သားမလုပ်ပါဘူး"

သခင်မကြီးမိုမှ ထပ်မံ၍ မှာလိုက်ပြန်သည်။

"ပြီးတော့ မနက်ဖြန် သေသေချာချာ သပ်သပ်ရပ်ရပ်လေး ဝတ်စားနော် ပေါ့ပေါ့ပျက်ပျက် မနေနဲ့"

မိုချီရှန်မှ နောက်တစ်ကြိမ် ခေါင်းညိတ် လိုက်သော်လည်း သူ၏ မျက်လုံး အောက်ခြေ၌မူ လှောင်ပြောင်လိုသည့် အရိပ်အယောင်တစ်ခုအား ဖုံးကွယ်ထားလိုက်လေသည်။

ယုထစ် လမ်းမပေါ်တွင် နံနက် ၁၁ နာရီခန့်၌ နီယန်သည် ခေါက်ဆွဲပွဲ ၆၀၀ ဆီးသီးချိုချဉ်ရည် ခွက် ၅၀၀ တို့ကို အကုန်အစင် ရောင်းချ ပြီးသွားခဲ့ပြီ ဖြစ်သည်။ ယနေ့တွင် သူမ စုစုပေါင်း ယွမ် (၂၂၀) ရရှိခဲ့သဖြင့် ဆိုင်တစ်ဆိုင် ဝယ်ယူနိုင်ရန် သူမ၏ ရည်မှန်းချက်နှင့် ခြေတစ်လှမ်း ပိုမိုနီးကပ်လာပြီ ဖြစ်သည်။ နီယန်မှ ပြုံးရွှင်စွာဖြင့် သူမ၏ ဆိုင်အား စတင်၍ သိမ်းဆည်းလိုက်လေသည်။

ပန်းကန်လုံးများနှင့် အသုံးအဆောင်များအား နေရာတကျ ပြန်လည် စီစဉ်ရန် သူမ အောက်သို့ ငုံ့ကြည့်လိုက်စဉ် ရုတ်တရက် အမည်းရောင် အရိပ်တစ်ခုသည် သူမအပေါ်သို့ လွှမ်းမိုးလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖိနှိပ် ချုပ်ချယ်လိုသော လေထုတစ်ခုသည် သူမ၏ ပတ်ဝန်းကျင်အား ဖုံးလွှမ်းသွားပြီးနောက် အနည်းငယ် အသက်ရှူ ကျပ်စေသော အနေအထားတစ်ခုအား ဖန်တီးလိုက်လေသည်။ နီယန်မှ အလိုအလျောက် မော့ကြည့်လိုက်မိရာ သူမ၏ အကြည့်တို့သည် နက်ရှိုင်းလှကာ အေးစက်သော မျက်လုံးအစုံနှင့် ဆုံတွေ့ သွားလေတော့သည်။

သူတို့၏ အကြည့်များ ဆုံတွေ့သွားစဉ် သူ၏ မျက်လုံးများထဲရှိ ပြောင်းလဲနေသော စိတ်ခံစားမှုတို့မှာ ချောက်ကမ်းပါးကဲ့သို့ နက်ရှိုင်းပြီး အေးစက်နေခဲ့ကာ သူမအား ထိုးဖောက် မြင်နိုင်စွမ်း ရှိသကဲ့သို့ စူးရှ ထက်မြက်လှပေသည်။

ထိုသူမှာ မိုဘိုင်ချွမ်း ဖြစ်သည်။

ထို မာနကြီးကာ ဘဝင်ရူးဖြစ်သည့် ကျက်သတုံးကောင် ....

ဤမျှ မောက်မာလှကာ ဘဝင်မြင့်လွန်းသော သူများအား နီယန် လုံးဝ အမြင်မကြည်ချေ။ သို့သော် ပြီးခဲ့သည့်အကြိမ်တွင် သူတို့ဆုံတွေ့စဉ်၌ သူမသည် သူ့အား ရေအိုင်ထဲသို့ တွန်းချခဲ့ဖူးလေသည်။ ဤတစ်ကြိမ်တွင် သူမအား လာရောက် ကလဲ့စားချေခြင်းမျိုး မဖြစ်နိုင်လောက်ပါချေ။ ထိုသို့ တွေးမိလိုက်သောအခါ နီယန်၏ မျက်လုံးများမှာ မှောင်မိုက် သွားခဲ့ရလေသည်။

"ငါ့ကို ခေါက်ဆွဲတစ်ပွဲ ချက်ပေး"

ခဏအကြာတွင် မိုဘိုင်ချွမ်းမှ စကားစလိုက်ပြီးနောက် ခွေးခြေခုံ တစ်လုံးပေါ်တွင် ဝင်ထိုင်လိုက်လေသည်။

နီယန်သည် သူမ၏ အံ့အားသင့်မှုအား ဖုံးကွယ်လိုက်ပြီးနောက် ညင်သာစွာ ပြန်ဖြေလိုက်သည်။

"တောင်းပန်ပါတယ် ရှင့် ကျွန်မ ဆိုင်သိမ်းလိုက်ပါပြီ"

မိုမိသားစုစံအိမ်တွင် နီယန်မှ သခင်မကြီးမို အတွက် အစားအစာများ ပြင်ဆင်နေသည်အား မြင်တွေ့လိုက်ရချိန် ကတည်းမှ မိုဘိုင်ချွမ်းမှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်ရန် အလွန် ရုန်းကန်နေခဲ့ရလေသည်။ သူသည် မည်သည့်အတွက်ကြောင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရလေသနည်း။

အဘယ်ကြောင့်ဆိုသော် နီယန်၏ လှပသော အပြင်ပန်း သွင်ပြင် နောက်ကွယ်ရှိ အရာများအား သူ ရုတ်တရက် သိချင်စိတ် ပြင်းပြလာသောကြောင့် ဖြစ်ပေသည်။ နီယန်သည် အစကတည်းမှ ယခုအချိန်အထိ အရာများစွာအား လုပ်ဆောင်နေခြင်းမှာ သူ့အနားသို့ ချဉ်းကပ်နိုင်ရန် ဆိုသည့် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ မဟုတ်ပါလော။

ကောင်းပြီ ထိုသို့ ဆိုလျှင် သူမအား အခွင့်အရေးတစ်ခု ပေးလိုက်မည်။ နီယန်၏ လက်ထဲတွင် အခြား မည်သည့် အကြံအစည်များ ရှိနေသေးသည်ကို သူ သိချင်နေမိသည်။ မိုဘိုင်ချွမ်းမှ သူ၏ မျက်လုံးများအား မသိမသာ မှေးစင်းလိုက်လေသည်။ သူ နှုတ်ဆိတ်နေသည်အား မြင်သောအခါ နီယန်မှ ထပ်မံ၍ ပြောကြားလိုက်လေသည်။

"တောင်းပန်ပါတယ် ရှင့် ကျွန်မ ဆိုင်သိမ်းလိုက်ပါပြီ ခေါက်ဆွဲ စားချင်ရင်တော့ မနက်ဖြန်မှပဲ လာခဲ့ပါတော့"

"ငါ့မျိုးရိုးနာမည်က မို လို့ မင်းကို ပြောပြီးပြီလေ"

မိုဘိုင်ချွမ်းမှ နီယန်အား ရုတ်တရက် လှမ်းကြည့်လိုက်ရင်း ပြောလိုက်သည်။

"မှန်ကန်မှုက အောင်နိုင်ပါစေဆိုတဲ့ မို "

"အိုး"

နီယန်၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မပေါ်လွင်ဘဲ "မစ္စတာမို ကျွန်မ ဆိုင်သိမ်းလိုက်ပါပြီ ပြန်လိုက်ပါတော့"

ဟု ပြန်ဖြေလိုက်လေသည်။ ထိုစကားအား ကြားလိုက်ရသောအခါ မိုဘိုင်ချွမ်းမှာ မကျေမနပ်ဖြင့် မျက်မှောင် ကြုတ်သွားမိလေသည်။ သူ မှတ်မိသည်မှာ မှန်ကန်မည်ဆိုလျှင် မိနစ် အနည်းငယ် အတွင်းမှာပင် နီယန်သည် သူ့အား ငြင်းပယ် လိုက်သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် သုံးကြိမ်တိုင်တိုင် ရှိသွားခဲ့ပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် အမျိုးသမီးများအား ရှောင်ဖယ်နေ တတ်သူမှာ သူသာလျှင် ဖြစ်သော်လည်း ယနေ့တွင်မူ အမျိုးသမီး တစ်ဦး၏ ရှောင်ဖယ်ခြင်းကို ခံလိုက်ရသည်မှာ အံ့သြစရာပင် ဖြစ်သည်။

‘အမြဲတမ်းပဲ အေးလိုက် ပူလိုက် လုပ်နေတတ်တာလား’

‘ ဒါက ရယ်စရာတစ်ခုခုများလား’

"ငါ့ကို ခေါက်ဆွဲတစ်ပွဲ ချက်ပေးလို့ ငါပြောနေတယ်လေ"

မိုဘိုင်ချွမ်းက ပြတ်သားစွာ ပြောလိုက်လေသည်။

"ဒါပေမယ့် ကျွန်မ ဆိုင်သိမ်းလိုက်ပြီလို့ ရှင့်ကို ပြောပြီးပါပြီ"

နီယန်မှ မိုဘိုင်ချွမ်းအား အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်စွာ ထပ်ပြောလိုက်လေသည်။ မိုဘိုင်ချွမ်းသည် နီယန်အား မော့ကြည့်လိုက်ပြီးနောက် အေးစက်သည့် လေသံဖြင့် မေးလိုက်လေသည်။

"နီယန် မင်း ဒါကို ရယ်စရာလို့ ထင်နေတာလား"

ထိုစကားအား ကြားလိုက်ရသောအခါ နီယန်သည် တစ်စုံတစ်ခုအား ရုတ်တရက် သတိရသွားပြီးနောက် မေးမြန်းလိုက်လေသည်။

"လွန်ခဲ့တဲ့ တစ်လလောက်က ရှင် နာရီတစ်လုံး ပျောက်သွားသေးလား"

နီယန်သည် သူတစ်ပါး ဒုက္ခရောက်နေချိန်တွင် အခွင့်ကောင်း ယူတတ်သူမျိုး မဟုတ်ပေ။ ယခင်က သူတို့နှစ်ဦးကြား အဆင်မပြေမှုများကြောင့်သာ ထိုနာရီကိစ္စအား သူမ မေ့လျော့နေခဲ့ခြင်း ဖြစ်ပေသည်။

ထိုစကားအား ကြားလိုက်ရသောအခါ သူ၏ မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်သွားခဲ့လေသည်။ နီယန်သည် သူ့အား မျက်နှာချိုသွေးရန် ကြိုးစားနေသည် များလား။

အစောပိုင်းလေး၌ပင် သူမသည် သူ့အား ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည် မဟုတ်ပါလော။ သူမ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ခဏလောက်ပင် ဖုံးကွယ်မထားနိုင်တော့သည်လား။

ထို့အပြင် သူမသည် သူ၏နာရီအား ခိုးသွားခဲ့သည် မဟုတ်ပါလော။ ယခုတွင် သူ့အား ပျောက်သွားသည်ဟုပင် ပြောနေခဲ့သေးသည်။ သူမသည် မည်မျှလောက် အရှက်မရှိ ဖြစ်နေရသနည်း။ မိုဘိုင်ချွမ်းသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ငါ နာရီတစ်လုံး ပျောက်သွားတယ်"

"ရှင့်နာရီက ဘာတံဆိပ်လဲ"

ဟု နီယန်မှ မေးလိုက်သည်။ ထိုနာရီမှာ အတော်လေး တန်ဖိုးကြီးလှသဖြင့် အသေးစိတ် အချက်အလက်များအား အတည်ပြုရန် လိုအပ်လှပေသည်။

"ပါတက် ဖိလစ်ပ်"

မိုဘိုင်ချွမ်းသည် တန်ဖိုးကြီးနာရီအတွက် အနည်းငယ်မျှပင် စိုးရိမ်ပူပန်မှု မရှိသည့်ဟန်ဖြင့် တည်ငြိမ်စွာ ဖြေကြား လိုက်လေသည်။ နီယန်မှ အနည်းငယ် ခေါင်းညိတ် လိုက်ပြီးနောက် ပြောလိုက်သည်။

"ဒီနေ့တော့ ကျွန်မဆီမှာ ရှင့်နာရီ မပါလာဘူး မနက်ဖြန်မှ ပြန်လာယူလို့ရမလား ကျွန်မက ဒီနေရာမှာ နေ့တိုင်း ဆိုင်လာဖွင့်ပါတယ်"

အခန်း (၁၀၅)

‘မနက်ဖြန်မှ လာယူရမည် ဟုတ်လား’ သူမသည် နောက်တစ်ကြိမ် ပြန်ဆုံတွေ့နိုင်ရန် အကြောင်းပြချက် ရှာနေခြင်းများလား။ ဟုတ်ပေလိမ့်မည်။ ထိုသို့သာ ဖြစ်ရပေမည်။

'ဒါဆို နီယန်မှာရှိတဲ့ လှည့်ကွက်တွေက ဒါအကုန်ပဲလား'

ဟု မိုဘိုင်ချွမ်းသည် သူ့ဘာသာ တွေးလိုက်မိခြင်း ဖြစ်သည်။ သူသည် ဆက်လက်၍ ပြောလိုက်သည်။

"ဒီနေ့ လုပ်လို့ရတဲ့ ကိစ္စကို ဘာလို့ နောက်တစ်ရက်အထိ စောင့်နေဦးမှာလဲ ငါ့နာရီက အရမ်းတန်ဖိုးကြီးတယ်"

‘အရမ်းတန်ဖိုးကြီးတယ် ဟုတ်လား သူမမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိနေသလိုမျိုး ပြောနေတာပဲ’

နီယန်သည် မျက်မှောင်ကြုတ်လိုက် ပြီးနောက် ခပ်အေးအေးပင် ပြောလိုက်လေသည်။

"ဒါပေမယ့် ဒီနေ့တော့ ကျွန်မဆီမှာ ပါမလာဘူး မနက်ဖြန်ကျရင်တော့ သေချာပေါက် ယူလာခဲ့ပါ့မယ် ရှင် မနက်ဖြန်ကျမှ လာယူလိုက်ပါ"

ဤလောက် တန်ဖိုးကြီးတဲ့ပစ္စည်းအား သူမသည် အမြဲတမ်း လိုလို မည်ကဲ့သို့ သယ်သွားပါ့မည်နည်း။ ပျောက်သွားခဲ့လျှင် မည်သို့လုပ်ရမည်နည်း။

"မင်း အဲဒါကို ဘယ်မှာထားတာလဲ"

မိုဘိုင်ချွမ်းသည် အကြည့်များအား ဖြည်းညင်းစွာ မြှင့်တင်လိုက်လေသည်။

"အိမ်မှာပါ"

နီယန်မှ ပြန်ဖြေလိုက်လေသည်။

"သွားကြစို့"

မိုဘိုင်ချွမ်းမှ ခွေးခြေခုံမှ ထရပ်လိုက်လေသည်။

‘သွားကြစို့ ဟုတ်လား ဘယ်ကိုလဲ’

နီယန်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

"ဘယ်ကို သွားမှာလဲ"

"မင်းအိမ်ကိုပေါ့"

မိုဘိုင်ချွမ်းက ခပ်အေးအေး လေသံဖြင့် ပြောလိုက် ပြီးနောက် စကားသုံးလုံး ထပ်ဖြည့်လိုက်သည်။

"နာရီသွားယူမယ်"

‘သူမအိမ်ကို လိုက်မယ် ဟုတ်လား’

နီယန်မှ မျက်ခုံးလေးများ တွန့်ချိုးသွားတော့သည်။ လူမှုပတ်ဝန်းကျင်သည် ယခုထက်ထိ လွတ်လပ်ပွင့်လင်းမှု မရှိသေးချေ။ အကြောင်းပြချက် မရှိဘဲ အမျိုးသား တစ်ယောက်အား သူမအိမ်သို့ ခေါ်သွားမည်ဆိုလျှင် မည်သို့ ဖြစ်ကုန်မည်နည်း။

သူမ၏ တုံ့ပြန်မှုအး မြင်သောအခါ မိုဘိုင်ချွမ်းမှ ထပ်မေးလိုက်လေသည်။

"မင်း ငါ့ကို ပြန်မပေးချင်ဘူးလား"

"ရှင် တကယ်ပဲ လိုက်ခဲ့မှာလား"

နီယန်မှ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိလေသည်။ မိုဘိုင်ချွမ်းမှ တည်ငြိမ်သော မျက်နှာပေးဖြင့်ပင် ဆိုလာခဲ့သည်။

"သေချာတာပေါ့"

"ကောင်းပြီလေ"

နီယန်မှ ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"ရှင်ကမှ အတင်း လိုက်ချင်နေမှတော့ ခဏစောင့်ဦး ကျွန်မ ဒီမှာ သိမ်းဆည်း စရာရှိတာတွေ သိမ်းပြီးမှ အိမ်ပြန်လို့ရမယ်"

"အင်း"

မိုဘိုင်ချွမ်းသည် စကားအား အတိုချုပ်ရုံသာ ခေါင်းညိတ်လိုက်လေသည်။

မစ္စတာမိုဘိုင်ချွမ်း ထိုနေရာတွင် ရပ်နေသည် နှင့်အမျှ သူ၏ ပတ်ဝန်းကျင်ရှိ လေထုမှာ ရှင်းပြရခက်လှသည့် အေးစက်မှုတ ို့ဖြင့် ဖုံးလွှမ်း နေသယောင် ရှိနေလေသည်။ ထို့ကြောင့်ပင် လမ်းသွား လမ်းလာများမှာလည်း သူတို့ အနားမှ ဖြတ်သွားလျှင် လည်ပြန် ကြည့်သွားကြသူ ပိုမို၍ များပြားလာခဲ့သည်။

ဘဲလ်ပုံစံ ဘောင်းဘီအပွကြီးနှင့် မျက်မှန်အနက်ကြီး တပ်ထားသည့် မိန်းကလေး တစ်ဦးသည် ဤနေရာမှ ဖြတ်သွားသည်မှာ ငါးကြိမ်ထက် မနည်း ရှိနေပြီ ဖြစ်ကြောင်း နီယန် အသေအချာ မှတ်မိနေခဲ့သည်။

ပစ္စည်းများ အားလုံး သိမ်းဆည်း ပြီးနောက် နီယန်သည် စားပွဲနှင့် ကုလားထိုင်များအား လျိုတုန်းလျန်၏ ဆိုင်ထဲသို့ စတင်၍ ရွှေ့ပြောင်းလိုက်လေသည်။ ဆိုင်သည် ဤနေရာနှင့် သိပ်မဝေးလှချေ။

မိုဘိုင်ချွမ်း၏ အမြင်တွင်မူ အဖြူရောင် ဝတ်စုံဝတ်ထားသည့် လူငယ်လေး တစ်ဦးမှာ တံခါးဝတွင် ရပ်နေခဲ့ကာ နီယန်နှင့် ရယ်မောလျှက် စကားပြောနေသည်အား အတိုင်းသား မြင်နေရလေသည်။ ထိုလူငယ်လေးသည် နီယန်၏ လက်ထဲသို့ တစ်စုံတစ်ခု ကမ်းပေးနေပုံ ရလေသည်။ အရေးအကြီးဆုံးမှာ နီယန်သည်လည်း ထိုအရာအား လက်ခံလိုက်ခြင်းပင် ဖြစ်သည်။

ထိုသည်အား မြင်လိုက် ရသောအခါ မိုဘိုင်ချွမ်း၏ မျက်နှာမှာ မသိမသာ မှောင်ကျသွားတော့သည်။ အိမ်ကောင်း ရာကောင်းမှ မိန်းကလေး တစ်ယောက်သည် နေ့ခင်းကြောင်တောင် အချိန်မျိုးတွင် အမျိုးသား တစ်ယောက်နဲ့ ဤမျှ ပျော်ပျော်ပါးပါး စကားပြောနေခြင်း ဖြစ်သည်။ ထို့အပြင် နီယန်သည် အစောပိုင်းလေး၌ပင် သူ့အား ကြိုးရှည်ရှည်နဲ့ လှန်နေခဲ့ခြင်း မဟုတ်ပါလား။ အဘယ်ကြောင့် ရုတ်တရက်ကြီး တခြားတစ်ယောက်အား လှည့်ကာ မျက်စိပစ်နေရလေသနည်း။

မိုဘိုင်ချွမ်းမှာမူ စိတ်မရှည်တော့ဘဲ နီယန် ရှိရာသို့ အရှိန်အဟုန်ဖြင့် လျှောက်သွား လိုက်လေတော့သည်။ မိုဘိုင်ချွမ်းသည် အရပ်ရှည်ကာ ကိုယ်ဟန်တည်ရှိ သူ ဖြစ်သည့်အပြင် မြင့်မြတ်သော မျိုးရိုးနောက်ခံမှ လာသူ ဖြစ်သဖြင့် သူ့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ မည်သူမျှ လျစ်လျူရှု၍ မရနိုင်လောက် အောင်ပင် ပြင်းထန်လွန်းလှပေသည်။

ဤပြင်းထန်သော အရှိန်အဝါကြောင့် စကားပြော ကောင်းနေသော လျိုဝေပင်လျှင် ရုတ်တရက် စကားစရပ်သွားပြီးနောက် နီယန်၏ နောက်ဘက်သို့ လှမ်းကြည့်ကာ တီးတိုးမေးလိုက်လေသည်။

"သူက ဘယ်သူလဲ"

ပြီးခဲ့တဲ့အကြိမ်တွင် ဆုန်းပေချန် ယခုမူ မိုဘိုင်ချွမ်း...

နီယန်၏ အနားတွင် ပေါ်လာသမျှ အမျိုးသားများမှာ သာမန်လူစားမျိုး မဟုတ်ကြကြောင်း လျိုဝေ ခံစားနေရလေသည်။

"ဘယ်သူလဲ"

နီယန်မှ စူးစမ်းသော အကြည့်ဖြင့် လှည့်ကြည့်လိုက်မိသည်။ သူမ လှည့်ကြည့် လိုက်သောအခါ ခန့်ညားထည်ဝါသော မိုဘိုင်ချွမ်းအား မြင်လိုက်ရလေသည်။

"ခေါက်ဆွဲလာစားတဲ့ ဖောက်သည်တစ်ယောက်ပါ"

နီယန်သည် အကြည့်အား အနည်းငယ် လွှဲလိုက်ပြီးနောက် ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။

‘ခေါက်ဆွဲလာစားတဲ့ ဖောက်သည် ဟုတ်လား’

မိုဘိုင်ချွမ်း၏ မျက်နှာမှာ မပြောင်းလဲသော်လည်း သူ၏ မှောင်မိုက်သော မျက်လုံးအစုံမှာ အနည်းငယ် ပင့်တက်သွားခဲ့ကာ နက်ရှိုင်းကာ ခန့်မှန်းရခက်နေခဲ့သည်။

သူသည် 'ဖောက်သည်' ဆိုသည့် စကားလုံးအား အနည်းငယ် မနှစ်မြို့ချေ။ သူသည် နီယန်အား စိုက်ကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် မေးလိုက်လေသည်။

"ငါတို့ ဘယ်တော့ သွားမှာလဲ"

‘ငါတို့’

ထိုစကားလုံးအား ကြားလိုက်ရသည် နှင့် လျိုဝေသည် နီယန်အား စစ်ဆေးလိုသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။ နီယန်နှင့် ဤအမျိုးသားတို့မှာ သာမန်ထက် ထူးကဲသော ဆက်ဆံရေးမျိုး ရှိနေပုံ ရလေသည်။ မဟုတ်လျှင် 'ငါတို့' ဆိုသည့် စကားလုံးအား သုံးလိမ့်မည် မဟုတ်ပေ။

ခဏမျှအတွင်း လျိုဝေ၏ ရင်ထဲ၌ ပြောမပြတတ်သည့် ခါးသီးမှု တစ်ခုအား ခံစားလိုက်ရလေသည်။ နီယန်မှ ခေါင်းငုံ့ထားရင်း ဆိုလိုက်လေသည်။

"ခဏလေး စောင့်ပါဦး"

သို့သော် နီယန်မှာ မိုဘိုင်ချွမ်းအား အိမ်သို့ ခေါ်သွားရန် လုံးဝ အစီအစဉ်မရှိချေ။ ပစ္စည်းအားလုံး သိမ်းဆည်းပြီးနောက် သူမမှ

"ဒီမှာ ခဏစောင့်နေအုန်း ကျွန်မ လက်ပတ်နာရီ သွားယူပြီး ချက်ချင်း ပြန်လာခဲ့မယ်"

ဟု ပြောကာ စက်ဘီးပေါ်သို့ လွှတ်ခနဲ ခုန်တက်ပြီးနောက် လျင်မြန်စွာ နင်းထွက်သွား လေတော့သည်။ မိုဘိုင်ချွမ်းမှာ ထိုနေရာတွင် တုံ့ပြန်ရန်ပင် အချိန်မရဘဲ ကျန်ရစ်ခဲ့လေသည်။

နီယန်သည် မည်သည့်အတွက် ဤအတိုင်း ထွက်သွားလိုက်ရလေသနည်း။ သူမသည် ဤအခွင့်အရေးအား သုံးလျှက် သူ့အား အိမ်ခေါ်သွားကာ မိသားစုဝင်များနှင့် မိတ်ဆက်ပေးရမည် မဟုတ်ပါလား။ နီယန်သည် မည်သည့်အရာမျိုး လုပ်ရန် ကြိုးစားနေရလေသနည်း။ ၎င်းသည် သူ့အား ဆွဲဆောင်ရန် အတွက် နည်းဗျူဟာ အသစ်များ ဖြစ်နေသည်လား။

မိုဘိုင်ချွမ်းသည် သူ၏ မျက်လုံးများအား မှေးစင်းလိုက်လေသည်။

‘နည်းဗျူဟာအသစ် ဟုတ်လား ငါ မင်းကို အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူး’

နီယန်သည် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းသူ ဖြစ်သဖြင့် စက်ဘီးနင်းသည့် အရှိန်မှာ အလွန်ပင် လျင်မြန်လှပေသည်။ တစ်နာရီပင် မပြည့်မီမှာပင် သူမ ပြန်ရောက်လာခဲ့သည်။ သို့သော် သူမ ပြန်ရောက် လာသောအချိန်တွင် မိုဘိုင်ချွမ်းမှာ မည်သည့် နေရာတွင်မှ မရှိတော့ပေ။

"အရူးပဲ"

နီယန်သည် သူမ၏ နှုတ်ခမ်းဖျားမှ မသိမသာ ရေရွတ်လိုက်မိသည်။ မိုမိသားစုဝင်ချင်း တူသော်လည်း သူ၏ အပြုအမူများသည် မိုချီရှန်နှင့် ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှပေသည်။ နီယန်မှာ ဒေါသထွက်လွန်းသဖြင့် မိုဘိုင်ချွမ်းအား သေအောင် ကန်ပစ်ချင်စိတ်ပင် ပေါက်လာခဲ့သည်။

‘တကယ်ကို အသုံးမကျတဲ့ကောင်ပဲ’

နီယန်သည် စိတ်အား ပြန်လည် ထိန်းချုပ်ရန် ကြိုးစားရင်း အသက်အား ပြင်းပြင်းရှူလိုက်တော့သည်။ ထို့နောက် လက်ပတ်နာရီအား အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် အနီးဆုံးရှိ ရှင်ဟွာ စာအုပ်ဆိုင်သို့ စာအုပ်အချို့ ဝယ်ယူရန် ဦးတည်လိုက်တေ့သည်။

နီယန်သည် အခြေခံအဆင့် စာအုပ်များ ပင်းယင်း ပါဝင်သော ပုံပြင် စာအုပ်များနှင့် လက်ရေးလှကျင့်ရန် စာအုပ်အချို့ကို ရွေးချယ် ဝယ်ယူလိုက်လေသည်။ ဤစာအုပ်များသည် စာများအား စတင်သင်ယူနေသော နီချွေဟွာအတွက် များစွာ အထောက်အကူ ဖြစ်လိမ့်မည်။

စုစုပေါင်း စာအုပ် ၅ အုပ်အတွက် ၆ ယွမ် ကျသင့်ပေသည်။ အတော်လေး ဈေးကြီးသော်လည်း ပညာဆိုသည်မှာ တန်ဖိုးဖြတ်၍ မရနိုင်သဖြင့် နီယန် နောင်တမရချေ။ အိမ်သို့ ပြန်ရောက်သောအခါ ထိုစာအုပ်များအား နီချွေဟွာအား ပေးလိုက်လေသည်။ နီချွေဟွာမှ စိုးရိမ်တကြီး ပြောလေသည်။

"ယန်ယန် ဒါတွေက အများကြီး ကုန်သွားမှာပေါ့"

နီချွေဟွာ ငွေကုန်ကြေးကျများမည်အား စိုးရိမ်မည်ကို သိသဖြင့် နီယန်က ရယ်မောကာ လိမ်ညာလိုက်လေသည်။

"သိပ်မကုန်ပါဘူး အမေရယ် ဆင့်အနည်းငယ်လောက်ပါပဲ"

"တကယ်လား"

နီချွေဟွာမှ မယုံသင်္ကာဟန်ဖြင့် မေးလိုက်လေသည်။

"တကယ်ပေါ့"

နီယန်သည် အမြန်ပင် ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။

"စဉ်းစားကြည့်လေ အမေရဲ့ သမီးတို့ရဲ့ အရသာရှိလှပါတယ်ဆိုတဲ့ ခေါက်ဆွဲ တစ်ပွဲတောင် ၃ ပြားပဲ ရှိတာလေ စာအုပ် နည်းနည်းလေးက ဘယ်လောက်တန်မှာမို့လဲ"

ထိုစကားအား ကြားမှသာ နီချွေဟွာ စိတ်အေးသွားရတော့သည်။ သူမသည် နီယန်မှ သူမအတွက် ငွေများအား ဖြုန်းတီးပစ်မည်ကို အမြဲ စိုးရိမ်နေတတ်ပေသည်။ မည်သို့ပင်ဖြစ်စေ နီယန်၏ ငွေများသည် ဆိုင်ခန်း ဝယ်ယူရန်နှင့် လုပ်ငန်းချဲ့ထွင်ရန် အတွက် အသုံးချရမည့် အရာများ ဖြစ်နေခဲ့သည် မဟုတ်ပါလော။

"မမ နီယန်"

ထိုအချိန်တွင် ခြံဝင်းအပြင်ဘက်မှ ယန်ကွေ့ပေါင်၏ အသံ ထွက်ပေါ်လာခဲ့သည်။

"ကွေ့ပေါင် ဝင်ခဲ့လေ"

ဟု နီယန်မှ ပြန်ထူး လိုက်လေသည်။ ယန်ကွေ့ပေါင်သည် သူ၏ လက်ထဲတွင် ခြင်းတောင်း တစ်လုံးအား ကိုင်ဆောင်လျှက် ဂရုတစိုက် လမ်းလျှောက် ဝင်လာခဲ့ကာ ပြောလိုက်သည်။

"မမ ဒါက ကျွန်တော့်အဘွားနဲ့ အမေတို့က မမကို ပေးခိုင်းလိုက်တာပါ"

နီယန်မှ ငုံ့ကြည့် လိုက်သောအခါ ခြင်းတောင်းထဲတွင် ကြက်ဉများ ပြည့်နှက်နေသည်ကို မြင်လိုက်ရလေသည်။ ကြက်ဉ တစ်လုံးချင်းစီမှာ အရွယ်အစား တူညီသလောက် ရှိနေခဲ့ကာ စုပုံထားသည်မှာ မြင်ရသူအဖို့ စိတ်ကြည်နူးစရာပင် ဖြစ်ချေသည်။

ထိုအချိန်တွင် အသားဈေးနှုန်းများ ကြီးမြင့်နေသဖြင့် ကြက်ဥ တစ်လုံးလျှင် ၁ ပြားခန့် ရှိနေပြီး ဖြစ်ကာ အတော်လေး တန်ဖိုးရှိလှပေသည်။ ဤကဲ့သို့ ခြင်းတောင်း အပြည့် ရရှိရန် အတွက် အချိန်အတော်ကြာ စုဆောင်းခဲ့ရမည်မှာ အသေအချာပင် ဖြစ်သည်။ နီယန်မှ ပြောလိုက်လေသည်။

"ဒါတွေကို မမ လက်မခံနိုင်ဘူး မင်းပဲ ပြန်ယူသွားလိုက်ပါ"

"မရဘူး"

ယန်ကွေ့ပေါင်မှ ပြန်ဖြေလိုက်လေသည်။ "ကျွန်တော့်အမေနဲ့ အဘွားက ပြောလိုက်တယ် မမ ဒီနေ့ ဒါတွေကို လက်မခံရင် ကျွန်တော့်ကို အိမ်ထဲ ပေးမဝင်ဘူးတဲ့"

နီယန်မှ ယန်ကွေ့ပေါင်၏ ခေါင်းလေးအား အသာအယာ ပုတ်လိုက်ပြီး ပြောလိုက်သည်။

"ကွေ့ပေါင် လိမ္မာစမ်းပါ သူတို့ရဲ့ စေတနာကို မမ နားလည်ပါတယ် ဒါပေမယ့် ဒါတွေကို မမ တကယ် မယူရဲဘူး ပြန်ယူသွားလိုက်ပါ"

"ဘာပဲဖြစ်ဖြစ် ကျွန်တော် ယူလာပြီးပြီပဲ မမ ယူရမယ်နော်"

ဟု ပြောကာ ယန်ကွေ့ပေါင်မှာ လျင်မြန်စွာပင် ပြေးထွက် သွားလေတော့သည်။ နီချွေဟွာမှ ပြုံးလိုက်ရင်း အကြံပြုလိုက်လေသည်။

"ကွေ့ပေါင်က နောက်ပိုင်းမှာ အများကြီး တိုးတက်လာတာပဲ ယန်ယန် ဒါက မေ့ဖုန်းနဲ့ အဒေါ်ကြီးဝမ်တို့ရဲ့ စေတနာ မှန်ကန်လို့ ပေးတဲ့ လက်ဆောင်ပဲလေ လက်ခံလိုက်ပါ မနေ့က သမီး သစ်သီးခြောက်တွေနဲ့ ပေါင်မုန့်တွေ လုပ်ထားတယ် မဟုတ်လား ခြင်းတောင်း ပြန်ပေးတဲ့အခါ အဲဒါလေးတွေ ထည့်ပေးလိုက်ပေါ့"

နီယန်မှ ခေါင်းညိတ်လိုက် ပြီးနောက် စကားအနည်းငယ် ပြောဆိုကာ အတွင်းသို့ ဝင်သွားလေသည်။

"ကောင်းပြီလေ အမေ သမီး အခုပဲ ခြင်းတောင်းကို သွားလှယ်လိုက်ပါ့မယ်"

သူမသည် ခြင်းတောင်းထဲမှ ကြက်ဉများအား လှယ်လိုက်ပြီးနောက် စက္ကူတစ်ချပ် ခံလိုက်လိုက်ကာ ပေါင်မုန့် ၄ လုံး ပန်းသီးခြောက်နှင့် ငှက်ပျောသီးခြောက်များအား ထည့်လိုက်တော့သည်။

အဒေါ်ကြီးဝမ်တွင် မြေးယောက်ျားလေး နှစ်ယောက်နှင့် မြေးမလေး တစ်ယောက် ရှိသည်အား သတိရသွား သဖြင့် နီယန်သည် သကြားလုံး အနည်းငယ် ထပ်ဖြည့်လိုက်ကာ နောက်ဆုံးတွင် ပန်းပွင့် အပြာရောင် ပါရှိသည့် အဝတ်စလေးဖြင့် ခြင်းတောင်းအား ဖုံးအုပ်လိုက်တော့သည်။

ရွာထဲတွင် လူအသွားအလာ များပြားသဖြင့် အသိများနှင့် ဆုံလျှင် တစ်စုံတစ်ခု မပေးဘဲနေပါက မကောင်းလှချေ။ ပေးမည်ဆိုလျှင်လည်း လူများပါက မလောက်ငဘဲ အပြစ်တင် ခံရနိုင်သဖြင့် ဤကဲ့သို့ ဖုံးအုပ်ထားခြင်းမှာ အန္တရာယ် အကင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

All Chapters