အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း (၅)
တုန်လှုပ်မှု
နေရောင်ခြည်က ထွန်းလင်းစွာတောက်ပနေခဲ့သည်။
အနည်းငယ်အေးမြေသောလေပြေသည် တောင်တန်းများကြားမှတိုင်ခတ်နေပြီး မိန်းကလေး၏မျက်နှာကိုလည်း တိုက်ခတ်နေခဲ့သည်။
သူမရုတ်တရက် အသိပြန်ဝင်လာပြီး ပါပြင်တွေနီးရဲသွားကာ အလျှင်အမြန်ပဲ မုန့်ချန်ချင်းပွေ့ဖက်မှုက ရုန်းထွက်လိုက်၏။
"ငါကိုကယ်လို့ ကျေးဇူးတင်ပါတယ်, စီနီယာအကို...."
ရောက်လာသူ၏အဝတ်အစားကိုကြည့်ခြင်းအားဖြင့် သူလည်း ထိုက်ရွမ်းဂိုဏ်းအပြင်စည်းတစ်ယောက်ဆိုတာ သိသာ၏။
"ကျေးဇူးတင်တဲ့စကားအတွက်တော့, နောက်မှပြောကြတာပေါ့။ ဂျူနီယာညီမ, အရင်ဆုံးနားပြီး ဒဏ်ရာကုလိုက်ပါ...."
မုန့်ချန်ချင်း ပိုင်စုရှီကို အနည်းငယ်ပြုံးပြီး ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပဲ စိတ်သက်သာယာရစွာသက်ပြင်းချလိုက်သည်။
ဤဝံပုလွေသားရဲ၏အရှိန်က အနည်းငယ်မြန်၏။ သူ နောက်ကျလုနီးပါးဖြစ်သွား၏။
ထို့နောက် ဦးဆောင်လာသည့်ဝံပုလွေကိုကြည့်ပြီး သူ့မျက်လုံးတွေ အနည်းငယ်အေးစက်သွား၏။
နောက်ဆုံးမှာမှ ဤကဲ့သို့ပါရမီရှင်မျိုးနှင့် ဆုံတွေ့ရတာဖြစ်၏။ သူမသာ ဤနေရာမှာ သေသွားလျှင် ကြီးမားသည့်ရှုံးဆုံးမှုကြီးပင်။
သူမက သူ့မိတ်ဆွေဖြစ်ရမည်။
မဟုတ်သေးဘူး...
အရင်းနှီးဆုံးမိတ်ဆွေပင်။
"စီနီယာအကို, ငါတို့ဖောက်ထွက်ဖို့နည်းလမ်းရှာရမယ်...."
ပိုင်စုရှီ သူမပါးစပ်ထောင့်မှ သွေးတွေကိုသုတ်လိုက်ည်။
"ငါ့မှာ ဂျူနီယာညီမလို လှုပ်ရှားမှုနည်းလမ်းမရှိဘူး..."
မုန့်ချန်ချင်း သူ့ဓားကိုကိုင်ပြီး ရှေ့ထွက်လာလိုက်သည်။
"ဒီတော့ ငါ ဒီကောင်တွေကို သတ်ပဲသတ်နိုင်မှာ...."
"သတ်မယ်...."
ပိုင်စုရှီ ကြောင်သွား၏။
ဤစီနီယာအကိုက သွေးကြောပုံသွင်းခြင်းနယ်ပယ် အဆင့် ၉ အော်ရာကိုထုတ်ဖော်ထားသော်လည်း ခေါင်းဆောင်ဝံပုလွေကလည်း အဆင့် ၁ အထွတ်အထိပ်ဖြစ်ပြီး အတော်အားကောင်း၏။
ထို့ပြင် ပတ်ပတ်လည်၌ များစွာသော နတ်ဆိုးဝံပုလွေတွေရှိနေသေးသည်။
အနိုင်ဖို့အခွင့်အရေးက နည်းလွန်း၏။
"ဒီကလေးက နည်းနည်းတော့မောက်မာလွန်းနေတယ်...."
ပိုင်စုရှီစိတ်ထဲ၌ အိုမင်းသည့်အသံတစ်သံပဲ့တင်ထပ်လာ၏။
"သူက ပါရမီရှင်တပည့်တစ်ယောက်မဟုတ်ဘူး။ ဘယ်လိုတောင် ဒီလိုစကားမျိုးပြောရဲရတာလဲ။ နောက်ပြီးလို့သူရှုံးသွားရင် လွတ်မြောက်ဖို့အခွင့်အရေးရှာထား...."
"ဒါမလုပ်သင့်ဘူး။ စီနီယာအကိုက ကျွန်မကိုကယ်ဖို့ ဒီမှာပိတ်မိသွားတာလေ...."
ပိုင်စုရှီ ချက်ချင်းပြန်ပြောလိုက်၏။
"ငါ့ဘဝမှာ ဆိုးယုတ်တဲ့အရာတွေအများကြီးလုပ်ခဲ့ဖူးတယ်။ ဘယ်လိုလုပ်ပြီး မင်းလိုဖြူစင်ကြင်နာတတ်တဲ့ တပည့်မျိုးရှိလာတာလဲမသိဘူး..."
အသံ အကူအညီမဲ့နေခဲ့သည်။
"သေသွားတဲ့မိတ်ဆွေတစ်ယောက်က ညံဖျင်းတဲ့တာအိုကျင့်ကြံသူတစ်ယောက်ထက် မသာဘူးဆိုတဲ့စကားပုံကို မင်းမကြားဖူးဘူးလား။ မင်းသာဒီနေရာမှာသေသွားရင်, ဘယ်လိုလက်စားချေမလဲ...."
"အဲ့လိုဆိုရင်တောင်, ကျွန်မ ဒီလိုကိစ္စမျိုးမလုပ်နိုင်ဘူး...."
ပိုင်စုရှီ ခေါင်းခါယမ်းလိုက်၏။ သူမ၏နှင်းကဲ့သို့ဖြူဖွေးသည့်မျက်နှာ၌ ပြတ်သားသည့်ဆုံးဖြတ်ချက်တွေရှိနေခဲ့သည်။
"မဟုတ်ရင်, ကျွန်မတစ်ဘဝလုံး အပြစ်ရှိစိတ်နဲ့ရှင်သန်နေရလိမ့်မယ်...."
"အရူးပဲ..."
ဒေါ်သတကြီးကျိန်ဆဲသံနှင့်အတူ အသံပျောက်ကွယ်သွားခဲ့သည်။
တစ််ချိန်တည်းမှာပဲ အစောပိုင်းငြိမ်သက်နေသည့်လက်စွပ်က တဖန်လှုပ်ရှားလာခဲ့သည်။ သိသာစွာပဲ လှုပ်ရှားဖို့ပြင်နေခြင်းပင်။
သူက ဤရုတ်တရက်ပေါ်လာသည့်လူငယ်လေးက လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မယ်လို့ မယုံကြည်ပေ။
"စီနီယာအကို, သူတို့ရဲ့အဓိကပစ်မှတ်က ငါပါ။ ငါ သူတို့ထဲက အချို့ကို မြားခေါ်သွားလိုက်မယ်။ နင်မြန်မြန်ပြေးသင့်တယ်...."
ပိုင်စုရှီ မုန့်ချန်ချင်းဘေးနားကိုလာပြီး တီးတိုးပြောလိုက်သည်။
ထိုအရာကိုကြားသည့်အခါ မုန့်ချန်ချင်းမျက်လုံးတွေ အံ့အားသင့်မှုအချို့ပြသလာ၏။
ဤမိန်ကလေးစိတ်ဓာတ်က အတော်ကောင်း၏။
သာမန်လူတစ်ယောက်ဆိုလျှင် အခုချိန်မှာ ထွက်ပြေးသွားပြီပင်။
"မင်း ငါ့ကို ယုံကြည်မှုရှိစမ်းပါ။ ငါက အရမ်းကြီးမသန်မာပေမယ့် ဒီဝံပုလွေနတ်ဆိုးတွေကိုရင်ဆိုင်ဖို့ကတော့ ပြဿနာမရှိပါဘူး...."
မုန့်ချန်ချင်း ပေါ့ပေါ့ပါးပါးရယ်လိုက်၏။
"ဒါပေမယ့်...."
ပိုင်စုရှီမျက်နှာ အရုပ်ဆိုးသွား၏။ သူမလည်း သူမဆရာကဲ့သို့အတွေးမျိုးရှိ၏။
မုန့်ချန်ချင်းကတော့ ရှေ့ကိုလျှောက်ထွက်သွားပြီပင်။
လူတစ်ယောက်၊ ဓားတစ်ချောင်းနှင့် နှင်းကဲ့သို့ဖြူဖွေးသည့်အဝတ်အစားကိုဝတ်ဆင်ထား၏။
နေရောင်ခြည်အောက်၌ အတော်လေးတောက်ပလွန်းလှသည်။
ဝေါင်း!
ပုံရိပ်နီးကပ်လာတာကိုမြင်သည့်အခါ ခေါင်းဆောင်ဝံပုလွေမျက်လုံးထဲရှိ အေးစက်မှုတွေ ပြင်းထန်လာခဲ့သည်။
ထို့နောက် ၎င်းက ခုန်အုပ်ပြီး မုန်းချန်ချင်းဆီအပြေးသွားကာ တိုက်ခိုက်လိုက်၏။
နတ်ဆိုးသားရဲဆိုသည့်အတိုင်းပင်။ ၎င်းခွန်အားက သန်မာလှ၏။
ထိုလက်သည်းတွေက ကျောက်တုံးတွေကိုတောင် အလွယ်တကူကွဲကျေနိုင်စေပြီး သာမန်လက်နက်ဆိုရင်တော့ ပြောနေစရာကိုမလိုပေ။
သို့ပေမယ့် မုန့်ချန်ချင်း မရှောင်ပေ။
ထိုအစား, သူ့ဘယ်ဖက်လက်သီးကိုဆုပ်ကာ ဝံပုလွေနတ်ဆိုးသားရဲ၏ဦးခေါင်းကို ထိုးချလိုက်၏။
"သေချင်နေတာပဲ..."
အိုမင်းသည့်အသံ နောက်တစ်ဖန် ပဲ့တင်ထပ်လာလဲ့သည်။
နတ်ဆိုးသားရဲတွေ၏အရေပြားက မွေးကတည်းက လူသားတွေထက်ပိုသန်မာ၏။ ခန္ဓာသန့်စင်သိုင်းပညာလေ့ကျင့်ထားသည့်လူသားတွေမှသာ နတ်ဆိုးသားရဲတွေနှင့် ထိတ်တိုက်တိုက်ခိုက်ရဲတာဖြစ်သည်။
ထို့ပြင် ဤလူငယ်လေးပုံစံက သန့်ရှင်းသပ်ရပ်၏။
ခန္ဓာသန့်စင်ထားသည့်လူတစ်ယောက်နှင့် လုံးဝမတူပေ။
ဤကဲ့သို့အပြုအမူက အမှန်တကယ်ကို သေလမ်းရှာနေတာပင်။
ပိုင်စုရှီမျက်လုံးတွေလည်း စိိုးရိမ်သည့်အမူအရာတွေပြသလာ၏။
သို့ပေမယ့် နောက်ဖြစ်လာသည့်မြင်ကွင်းက သူတို့နှစ်ယောက်လုံးကို ကြောင်အသွားစေခဲ့သည်။
ဘုန်း!
ရှေးခေါင်းလောင်းကြီးတစ်ခုကို တီးလိုက်သလိုပင်။
မုန့်ချန်ချင်း၏ဘယ်လက်က ကြေးဝါးကဲ့သို့ဖြစ်နေပြီး မဖျက်စီးနိုင်သည့်အော်ရာတွေထုတ်လွတ်နေပြီး ဝံပုလွေလက်သည်းနှင့်တွေ့ဆုံသွားသည့်အခါ မီးပွားတွေလွင့်စင်သွားခဲ့သည်။
မုန့်ချန်ချင်း နောက်ဆုတ်မသွားရုံသာမက မည်သည့်ဒဏ်ရာမှမရလိုက်ပေ။ ခြစ်ရာအနည်းငယ်သာ သူ့လက်သီးပေါ်မှာကျန်ခဲ့၏။
"ကြေးဝါချပ်ဝတ်သိုင်း..."
ပိုင်းစုရှီ၏ ကြည်လင်လှပသည့်မျက်လုံးတွေ ကျဥ်းမြောင်းသွားပြီး မသိစိတ်အရပြောလိုက်သည်။
"ပြီးပြည့်စုံခြင်းအဆင့်ကြေးဝါချပ်ဝတ်သိုင်း။ သူ နတ်ဆိုးသားရဲနဲ့ထိပ်တိုက်ရင်ဆိုင်ရဲတာ မအံ့သြတော့ပါဘူး...."
အိုမင်းသည့်အသံ၌ အံ့သြသည့်အရိပ်အယောင်တွေပြသလာ၏။
ဝေါင်း!
ပထမဆုံးတိုက်ခိုက်မှုကျရှုံးသွားသောအခါ သူ့ရှေ့ရှိလူသားကမလွယ်ဘူးဆိုတာ ဝံပုလွေခေါင်းဆောင်နားလည်လိုက်၏။ ၎င်းကချက်ချင်းပဲ ဟိန်းဟောက်သံထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်ရှိ ဝံပုလွေနတ်ဆိုးတွေ မုန့်ချန်ချင်းဆီသို့ပြေးဝင်သွားကြ၏။
ဤအရာက အဖွဲ့လိုက်ဝိုင်းသတ်ဖို့ကြံရွယ်နေခြင်းပင်။
"စီနီယာအကို, ကျွန်မအကို့ကိုကူညီမယ်...."
ပိုင်စုရှီ သူမဓားနှင့်အတူ ရှေ့တက်လာခဲ့သည်။
သို့ပေမယ့် မျက်တောင်တစ်ခတ်အတွင်းမှာပဲ မုန့်ချန်ချင်း ညာလက်တွင်ဓားကိုကိုင်ထားပြီး ခုတ်ပိုင်းလိုက်သည်။ မျက်စိကျိန်းလောက်သည့်ဓားအလင်းတန်းတွေ လက်ခနဲလက်လာကာ ဓားရိပ်ကိုးခုက ဘေးတိုက် ပြေးထွက်သွားခဲ့သည်။
ပြေးလာကြသည့်နတ်ဆိုးဝံပုလွေတွေ တစ်ကောင်ပြီးတစ်ကောင် ထိုးဖောက်ခံလိုက်ရပြီး မြေပြင်ပေါ်လဲကျကာ သေဆုံးသွားကြ၏။
ထို့နောက် ပိုများသည့်ဓားချက်တွေကိုခုတ်ပိုင်းလိုက်၏။ သိပ်သည်းသည့်ဓားရိပ်တွေ ထွက်ပေါ်လာပြီး ပတ်ပတ်လည်ကို လှည်းကျင်းသွားခဲ့သည်။
ဘန်း! ဘန်း! ဘန်း!
ခန္ဓကိုယ်တွေမြေပြင်ပေါ်ပြုတ်ကျနေပြီး ပြင်းထန်သည့်သွေးနှံ့က တောင်တစ်ခုလုံးကိုဖုံးလွမ်းသွားခဲ့သည်။ တိုက်ခတ်နေသည့်လေတောင် ၎င်းကို ပျောက်ကွယ်သွားအောင်မလုပ်နိုင်ပေ။
ခေါင်းဆောင်ဝံပုလွေသာ နေရာမှာကြောင်လျက်သားရပ်နေပြီး ၎င်းမြင်နေရတာကို မယုံနိုင်ဖြစ်နေခဲ့သည်။
"အရမ်းသန်မာတာပဲ...."
ပိုင်စုရှီလေအေးတွေရှူသွင်းလိုက်၏။ သူမ၏လှပသည့်မျက်လုံးတွေထဲမှာ တုန်လှုပ်မှုတွေအပြည့်ပင်။
"ဓားတစ်ချောင်း၊ အရိပ်ကိုးခု... ဒါက ကိုးရိပ်ဓားသိုင်းရဲ့ပြီးပြည့်စုံခြင်းအဆင့်ပဲ...."
အိုမင်းသည့်အသံတုန်ယင်နေ၏။ တစ်ခဏတိတ်ဆိတ်ပြီးနောက်မှသာ နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။
"ငါမှားသွားတာပဲ။ လူသားအဆင့်သိုင်းပညာနှစ်ခုကို ပြီးပြည့်စုံခြင်းအဆင့်ထိကျင့်ကြံနိုင်တယ်။ သူ ဒီလောက်မောက်မာနေတာ မထူးဆန်းတော့ပါဘူး...."
"သူ့မှာ တကယ်ပဲ မောက်မာဖို့ အရည်အချင်းရှိတယ်...."
"ကောင်းတယ်။ ငါလှုပ်ရှားဖို့မလိုတော့ဘူး..."
ဝေါင်း!
ခေါင်းဆောင်ဝံပုလွေ အသိပြန်ဝင်လာခဲ့သည်။
၎င်းမျက်လုံးတွေက ဒေါသတွေနှင့်ပြည့်နှက်နေပြီး ဟိန်ဟောက်ကာ ပြေးဝင်လာခဲ့သည်။
ခွန်အားက အမှန်တကယ်ပင် အားကောင်းလှ၏။
သို့ပေမယ့် ကံမကောင်းစွာပဲ မုန့်ချန်ချင်းက ပိုအားကောင်း၏။
တစ်ခဏမျှကြာပြီးနောက်....
ဘုန်း!
ဝံပုလွေခေါင်းဆောင်၏အသက်မဲ့ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။
မုန့်ချန်ချင်း သူ့ဓားကိုသိမ်းပြီး စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
စကားပုံတွေကအမှန်ပင်။
တိုက်ပွဲက လူတစ်ယောက်၏ခွန်အားကိုနားလည်ဖို့ အကောင်းဆုံးနည်းလမ်းပင်။
ဤဝံပုလွေတွေနှင့်ရင်ဆိုင်တာ အတော်လေးခက်ခဲမည်ဟု သူ ထင်ခဲ့၏။
ဤလောက်ရိုးစင်းနေမည်ဟု မည်သူထင်ထားမည်နည်း။
ကြည့်ရတာ သူက သူ့ခွန်အားကို အနည်းငယ်လျော့တွက်ထားပုံပင်။
သို့ပေမယ့် ထိုအရာက နားလည်ပေးလို့ရ၏။
လူသားအဆင့်သိုင်းပညာနှစ်ခုကို ပြီးပြည့်စုံခြင်းအဆင့်ထိကျင့်ကြံနိုင်တာ ကိစ္စသေးသေးလေးမဟုတ်ပေ။
သွေးကြောပုံသွင်းခြင်းနယ်ပယ်၌ ပြိုင်ဘက်ကင်းဖြစ်ဖို့လုံလောက်၏။
အတွေးတွေကိုဖယ်ထုတ်လိုက်ပြီး မုန့်ချန်ချင်း တစ်ဖက်လှည့်လိုက်သည်။
တိုက်ပွဲအတွင်း၌ အင်္ကျီသွေးအချို့စွန်းခြင်းက နဂိုသိမ်မွေ့ညင်သာသည့်သူ့အမူအရာကို ကြမ်းကြုတ်သွားစေ၏။
သို့ပေမယ့် ထိုအရာက သူ့အားပိုပြီး ဆွဲဆောင်မှုရှိသွားစေခဲ့သည်။
"ကျေးဇူးတင်ပါတယ်, စီနီယာအကို..."
မုန့်ချန်ချင်းနှင့်အကြည့်ချင်းဆုံသွားသည့်အခါ ပိုင်စုရှီချက်ချင်းပဲ လက်ချင်းယှက်ကာ ပြောလိုက်သည်။
သူမမျက်နှာပေါ်၌ ကျေးဇူးတင်မှုတွေ ရှိနေခဲ့သည်။
ဤစီနီယာအကိုကြောင့်သာမဟုတ်လျှင် ယနေ့အခြေအနေက သူမဆရာဖြေရှင်းပေးမှ ရမှာဖြစ်သည်။
သို့ပေမယ့် သူမဆရာက အလွန်အားနည်းသည့်အခြေအနေမှာရှိနေ၏။
လှုပ်ရှားလျှင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီး ဘယ်အချိန်မှပြန်နိုးလာနိုင်မည်ကို မည်သူမှမသိပေ။
"ဂိုဏ်းတူတပည့်တွေ ဒုက္ခရောက်နေရင် တစ်ယောက်နဲ့တစ်ယောက်ကူညီသင့်တာပဲလေ။ ကျေးဇူးတင်ဖို့မလိုပါဘူး။ ငါ့နာမည်က မုန့်ချန်ချင်းပါ။ ဂျူနီယာညီမနာမည်ကော သိခွင့်ရှိမလား...."
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ချည်းကပ်လာခဲ့၏။
သူက စိတ်သဘောထားနူးညံပြီး ချောမောခန့်ညားသည့်မျက်နှာရှိ၏။ ထိုအရာက လူတွေ သူ့အားသဘောကျသည့်ခံစားချက်ကို အလွယ်တကူဖြစ်ပေါ်စေ၏။
ထို့ပြင် သူက ခုလေးတင်မှ ပိုင်စုရှီကို ကယ်တင်ခဲ့တာဖြစ်သည်။
ထို့ကြောင့် ပိုင်စုရှီ သူ့ကို သတိအရမ်းကြီးထားမနေတော့ပေ။
"ကျွန်မနာမည်က ပိုင်စုရှီပါ။ ဂိုဏ်းဝင်တာ နှစ်လပဲရှိပါသေးတယ်..."
ပိုင်စုရှီ ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်၏။
"နှစ်လ...."
မုန့်ချန်ချင်း မျက်ခုံးတွေ အနည်းငယ်မြင့်တက်သွား၏။
ကြည့်ရတာ ပိုင်စုရှီက ဂိုဏ်းထဲဝင်ရောက်ပြီးမှ ကျင့်ကြံခဲ့ပုံပင်။ မဟုတ်လျှင် သူမ၏အဆင့်၂ အမြစ်ရိုးဖြင့် အခုချိန်မှာ သွေးကြောပုံသွင်းခြင်းအဆင့် ၆ ပဲ ရောက်တာက မဖြစ်နိုင်ပေ။
အခန်း (၆)
နင်တို့ရဲကမ္ဘာတွေကမတူဘူးလို့ ကံကြမ္မာသတ်မှတ်ပြီးသား
"ဒီနေရာက နတ်ဆိုးဝံပုလွေတွေကိုတော့ ရှင်းပြီးသွားပြီ။ ဒါပေမယ့် သွေးနံ့ကပြင်းလွန်းတော့ ပတ်ဝန်းကျင်ကနတ်ဆိုးသားရဲတွေကိုဆွဲဆောင်သွားလိမ့်မယ်။ အရင်ဆုံးဒီနေရာက သွားကြရအောင်...."
မုန့်ချန်ချင်း ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြောလိုက်သည်။
"ကောင်းပြီ..."
ပိုင်စုရှီခေါင်းညိတ်လိုက်၏။
ထို့နောက် နှစ်ယောက်သား အလျှင်အမြန်ပဲ ထွက်ခွာလာခဲ့ကြသည်။
အသေအချာပင်။ သူတို့ထွက်သွားပြီးမကြာခင် များစွာသောနတ်ဆိုးသားရဲတွေရောက်လာကြပြီး နတ်ဆိုးဝံပုလွေအလောင်းတွေကို အရူးအမူးကိုက်ဖြတ်စားသောက်ကြ၏။
၎င်းတို့ထဲ၌ ဒုတိယအဆင့်သားရဲများပင်ပါ၏။
"ဂျူနီယာညီမပိုင်က ထျန်းယွင်စီရင်စုကလာမယ်လို့ ထင်မထားဘူး။ အဲ့နေရာက ဒီနဲ့ဆို အတော်ဝေးတယ်နော်...."
မုန့်ချန်ချင်း လမ်းတစ်လျှောက် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောလာခဲ့၏။
ပိုင်စုရှီက ထျန်းယွင်စီရင်စုဆိုတာကြားချိန်က သူအတော်လေးအံ့အားသင့်သွား၏။ ထိုက်ရွမ်ဂိုဏ်းက ထျန်းလင်စီရင်စုအတွင်းမှာရှိပြီး အခြားစီရင်စုတွေနှင့် နယ်မြေပိုင်းခြားထား၏။ ထို့ပြင် ထျန်းယွင်စီရင်စုအတွင်းမှာလည်း ဂိုဏ်းတွေရှိသည်ဖြစ်၍ ယေဘူယျအားဖြင့် ဒီလောက်အဝေးကြီးကို တစ်ယောက်မှလာမည်မဟုတ်ပေ။
သို့ပေမယ့် မုန့်ချန်ချင်း နောက်ထပ်မမေးတော့ပေ။
လူတိုင်းမှာ သူတို့ကိုယ်ပိုင်ဇာတ်လမ်းတွေရှိကြ၏။
သိပ်မရင်းနှီးသေးခင်မှာ အများကြီးမမေးတာ ပိုကောင်း၏။
"ဟုတ်ပါတယ်...."
ပိုင်စုရှီ ပြန်ဖြေလိုက်၏။
ထို့နောက် သူမအမူအရာအနည်းငယ်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တယိမ်းတယိုင်ဖြစ်သွားကာ ဘေးနားရှိသစ်ပင်ကိုအားပြုလိုက်မှသာ ထိန်းထားနိုင်ရုံထိန်းထားနိုင်ခဲ့၏။
"ဂျူနီယာညီမပိုင်..."
မုန့်ချန်ချင်း ပိုင်းစုရှီအော်ရာ ရုတ်တရက် အားနည်းလာတာကို ခံစားမိလိုက်၏။ သိသာစွာပင် သူမက ဒီနေရာရောက်သည်အထိ သူမကိုယ်သူမအားတင်လာခဲ့ခြင်းပင်။
သူမ အတော်လေး ဒဏ်ရာရထား၏။
"ဘာမှမဖြစ်ပါဘူး။ ပြန်ပြီး အနားယူဖို့ပဲလိုတာပါ...."
ပိုင်စုရှီ သူမပါးစပ်ထောင့်မှ သွေးတွေကို သုတ်လိုက်သည်။
"ဒါက ပြန်လည်ကုသေဆေးပါ။ ဒါကိုသောက်လိုက်, မင်းမကြာခင်ပြန်ကောင်းလာလိမ့်မယ်..."
မုန့်ချန်ချင်း ချက်ချင်းပဲ ဆေးတစ်လုံးထုတ်ပေးလိုက်သည်။
အတိအကျပြောရလျှင် ဤဆေးလုံးက ချီတိုးမြှင့်ခြင်းဆေးလုံးထက် အများကြီးပိုတန်ဖိုးရှိ၏။ မုန့်ချန်ချင်းမှာတောင် အများကြီးမရှိပေ။
"ကျွန်မ ဘယ်လိုလုပ်ယူနိုင်မှာလဲ...."
ပိုင်စုရှီ ပြန်ပေးလိုက်သည်။
"ငါတို့က တစ်ဂိုဏ်းတည်းသားတွေပဲကို။ ယဥ်ကျေးနေဖို့မလိုပါဘူး..."
မုန့်ချန်ချင်း စိတ်ရင်းမှန်ဖြင့်ပြောလိုက်သည်။
"ဒါပေမယ့် ဒါက ပြန်လည်ကုသဆေးလေ။ အရမ်းတန်ဖိုးကြီးလွန်းတယ်...."
ပိုင်စုရှီ သူမလက်ကို အနည်းငယ်ဆုပ်လိုက်သည်။
ပင်ကိုယ်အားဖြင့် သူမထိုအရာကို လိုချင်၏။ သူမဒဏ်ရာတွေက အချိန်အကြာကြီးနှောင့်နေးကြန့်ကြာလို့မရပေ။ မဟုတ်လျှင် အတွင်းဒဏ်ရာဖြစ်သွားနိုင်၏။
"ဘယ်လောက်ပဲတန်ဖိုးကြီးကြီး ဒါက အရာဝတ္ထုတစ်ခုပါပဲ။ လူတစ်ယောက်အပေါ်အသုံးပြုမှပဲ သူ့တန်ဖိုးက ထွက်ပေါ်လာမှာ..."
မုန့်ချန်ချင်း သာမန်အတိုင်းပြောလိုက်သည်။
"မင်းမှာအတွင်းဒဏ်ရာတွေရှိတယ်။ နှောင့်နှေးကြန့်ကြာနေလို့မရဘူး။ မဟုတ်ရင် အုတ်မြစ်ထိခိုက်သွားလိမ့်မယ်...."
"တွေ့ဆုံရတာ ကံကြမ္မာပါပဲ။ ငါက မိတ်ဆွေဖွဲရတာသဘောကျတယ်။ ဒါကို ငါတို့ရဲ့တွေ့ဆုံခြင်းလက်ဆောင်လို့ သတ်မှတ်လိုက်လေ...."
သူက ပြန်လည်ကုသဆေးလုံးကို တိုက်ရိုက်ပဲ ပိုင်စုရှီလက်ထဲထည့်ပေးလိုက်သည်။
"ဒါက...."
ပိုင်စုရှီ အနည်းငယ်တွန့်ဆုတ်နေ၏။
"အရူးမ, ဘာလို့မယူတာလဲ။ ပြန်လည်ကုသဆေးနဲ့ဆို နင့်ရဲ့အတွင်းဒဏ်ရာတွေ မကြာခင်ပြန်ကောင်းသွားလိမ့်မယ်...."
အိုမင်းသည့်အသံ ပိုင်စုရှီစိတ်ထဲမှာ ပဲ့တင်ထပ်လာပြီး အနည်းငယ်မကျေမချမ်းဖြစ်နေခဲ့သည်။
"ကိုယ့်အိမ်တံခါးဝထိရောက်လာတဲပစ္စည်းတစ်ခုကို ဘာတွေတွေဝေနေတာလဲ..."
"ဂျူနီယာညီမပိုင်က အကိုနဲ့မိတ်ဆွေမဖြစ်ချင်လို့လား...."
မုန့်ချန်ချင်းပြောလိုက်သည်။
"သေချာပေါက်မဟုတ်ပါဘူး။ စီနီယာအကိုမုန့်နဲ့မိတ်ဆွေဖြစ်ရတာ ကျွန်မရဲ့ဂုဏ်ယူစရာပါ...."
ပိုင်စုရှီ အလျှင်အမြန်ပဲ ပြောလိုက်သ်။
"ကောင်းပြီလေ..."
မုန့်ချန်ချင်းမျက်နှာ အပြုံးတစ်ခုနှင့် တောက်ပလာခဲ့သည်။
နောက်ဆုံးမှာတော့ ထိုစကားကို သူကြားရပြီဖြစ်သည်။
ဒင်!
[မိတ်ဆွေတောင်းဆိုမှုအောင်မြင်ပါပြီ]
[လက်ရှိနှစ်သက်မှု- ကြယ်တစ်လုံး]
[ရရှိသောစွမ်းရည်- အဆင့် ၂ အမြစ်ရိုး]
[ချက်ချင်းပေါင်းစပ်ချင်ပါသလား]
စနစ်အသံ မုန့်ချန်ချင်းစိတ်ထဲမှာ ပေါ်လာခဲ့ပြီး အင်္ကျီလက်အောက်ရှိ လက်တွေကို အနည်းငယ်ဆုပ်လိုက်၏။
အဆင့် ၂ အမြစ်ရိုး....
ကံကြမ္မာက သူ့ဘက်မှာရှိနေခဲ့သည်။ အလိုချင်ဆုံးအရာကို တိုက်ရိုက်ရရှိခဲ့၏။
ဤမူလအရိုးနှင့်ဆိုလျှင် သွေးကြောဖွင့်ခြင်းနယ်ပယ်ကိုချိုးဖြတ်တာက ကိတ်မုန့်လှီးရသလိုပင်။
"မဟုတ်ဘူး..."
အသက်ပြင်းပြင်းရှူလိုက်ပြီး မုန့်ချန်ချင်း စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။
သူက ပိုင်စုရှိခေါင်းပေါ်ရှိ စွမ်းရည်ပြဇယားကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။
အဆင့် ၂ အမြစ်ရိုးအပြင်...
နားလည်နိုင်စွမ်း၊ ပါရမီ၊ အခြားသူ့ကိုမနာဖြစ်စေသည့်အရာများစွာ ရှိသေး၏။
အနာဂတ်၌ နှစ်သက်မှုတိုးမည့်နည်းလမ်းရှာပြီး ဤစွမ်းရည်အားလုံးကို ရယူရပေမည်။
"ကျေးဇူးအများကြီးတင်ပါတယ်။ စီနီယာအကိုမုန့်။ အနားဂတ်မှာ စီနီယာအကို့ရဲ့ ပြန်လည်ကုသဆေးကို ပြန်ပေးဖို့ နည်းလမ်းရှာပါ့မယ်...."
ပြန်လည်ကုသေဆေးကို သောက်လိုက်ပြီးနောက် ပိုင်စုရှီ စိတ်ရင်းမှန်ဖြင့်ပြောလိုက်သည်။
"အဲ့ဒီအကြောင်းနောက်မှပြောကြတာပေါ့...."
မုန့်ချန်ချင်း အနည်းငယ်ပြုံးလိုက်၏။
ဤအခိုက်အတန့်၌ သူက အတော်လေး စိတ်အခြေအနေကောင်းနေခဲ့သည်။
သူက ပိုင်စုရှီနှင့် အချိန်အတော်ကြာ မဆက်ဆံဖူးသော်လည်း ဤမိန်းကလေးက ကိုယ်ပိုင်စည်းမျဥ်းနှင့်လူတစ်ယောက်ဆိုတာတော့ပြောနိုင်၏။
သူမက ကြင်နာမှုကို ဘယ်လိုပြန်တုံ့ပြန်ရမလဲဆိုတာ သိပြီး စိတ်နေသဘောထားဖြောင့်မတ်၏။
မလိုအပ်လျှင် အခြားလူတစ်ယောက်ဆီမှ ပစ္စည်းကို မယူသလို ကြင်နာမှုကိုလည်း အခွင့်ကောင်းယူမည်မဟုတ်ပေ။
ခဏကြာပြီးနောက် နှစ်ယောက်သား ဂိုဏ်းကို ပြန်ရောက်လာကြသည်။
ခွဲခွာရမည့်အချိန်ရောက်ပြီပင်။
"ဂျူနီယာညီမပိုင်, ငါ့မှာလုပ်စရာကိစ္စရှိသေးလို့ ဒီနေရာမှပဲ နှုတ်ဆက်ပါတယ်...'
မုန့်ချန်ချင်းပြောလိုက်သည်။
သူက အဆင့် ၂ မူလအရိုးကိုပေါင်းစပ်ဖို့ အမြန်ပြန်ရမည်ပင်။
"ကောင်းပါပြီ...."
လမ်းတစ်လျှောက် ပေါ့ပေါ့ပါးပါးစကားစမြည်ပြောဆိုမှု၊ မုန့်ချန်ချင်း၏နူးညံ့သောစရိုက်နှင့် စိတ်ဝင်စားဖွယ်စကားပြောဆိုမှုတို့က ပိုင်စုရှီ၏နှစ်သက်မှုကို အတော်လေးတိုးသွားစေ၏။
သူမက မကြာခဏပိုပိုပြုံးလာခဲ့သည်။
"အို, ဟုတ်သားပဲ။ မင်းက ထျန်ယွင်စီရင်စုကဆိုမှတော့ ဒီမှာအသိမရှိဘူးမလား...."
မုန့်ချန်ချင်းပြောလိုက်သည်။
"အနာဂတ်မှာ အကူအညီတစ်ခုခုလိုရင် ငါ့ကိုလာရှာလို့ရတယ်။ အားနားစရာမလိုဘူး...."
"ကြီးကြီးသေးသေး အကုန် ငါကူညီနိုင်ပါတယ်...."
မုန့်ချန်ချင်း၏ချောမောခန့်ညားသည့်မျက်နှာကိုကြည့်ပြီး ပိုင်စုရှီနှုတ်ခမ်းတွေ ကွေးတက်သွား၏။
ဖော်ပြမရသည့်နွေးထွေးမှုတစ်ခု သူမနှလုံးသားထဲမှာ ထွက်ပေါ်လာခဲ့သည်။
ထို့ပြင် ဤကဲ့သို့ခံစားချက်မျိုးက ဖြစ်ပေါ်မလာတာ အချိန်အတော်ကြာခဲ့ပြီပင်။
ဤကဲ့သို့တစိမ်းနေရာမျိုးမှာ ထိုအရာဖြစ်ပွားဖို့ သူမမျှော်လင့်မထားခဲ့ပေ။
"ကျေးဇူးတင်ပါတယ်, အကိုမုန့်...."
"ဘာလို့ကျေးဇူးတင်နေတာလဲ။ မမေ့နဲ့, ငါတို့က မိတ်ဆွေတွေနော်...."
မုန့်ချန်ချင်းလက်ဆန့်ထုတ်ပြီး ပိုင်စုရှီပုခုံးကို ညင်သာစွာပုတ်လိုက်ကာ ထွက်ခွာသွားခဲ့သည်။
ငါတို့ကမိတ်ဆွေတွေဆိုသည့်စကားက ပိုင်စုရှီကို ပိုလို့တောင် စိတ်လှုပ်ရှားသွားစေခဲ့သည်။
ကျင့်ကြံရေးကမ္ဘာကြီးက ဘယ်လောက်ရက်စက်လိုက်သနည်း။
လိမ်လည်လှည့်ဖျားခြင်း၊ ကိုယ့်ကျိုးရှာခြင်း စတာတွေက နေရာအနှံ့ပင်။
သို့ပေမယ့် စီနီယာအကိုမုန့်လိုလူမျိုလည်းရှိနေသေး၏။
ဆောင်းရာသီမှ နေရောင်ခြည်ကဲ့သို့ပင်။
မည်သည့်အရာမှပြန်မလိုချင်ပဲ တစ်ဖက်လူကိုကူညီချင်၏။ ပြန်လည်ကုသဆေးလို ဆေးလုံးမျိုးကိုတောင် သူမအား အလကားပေး၏။
ဒင်!
[နှစ်သက်မှု ကြယ်နှစ်လုံးသို့တိုးမြှင့်သွားပါပြီ]
[ရရှိသောစွမ်းရည်- ပါရမီ(ကျွမ်းကျင်လက်)]
[အပိုဆောင်းဆုလဒ်- ဓားချီ]
စနစ်အသံနောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။
မုန့်ချန်ချင်းခြေလှမ်းတွေအနည်းငယ်ရပ်တန့်သွားပြီး အပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ်မှာ ပေါ်လာခဲ့သည်။
ထိုအရာက မမျှော်လင့်ထားသည့် အကျိုးကျေးဇူးပင်။
နှစ်သက်မှု ကြယ်နှစ်လုံးသို့တိုးမြှင့်သွားတာက မြန်လွန်းလှ၏။
ထို့ပြင် အပိုဆောင်းဆုလဒ်လည်းရှိသေး၏။
"စိတ်ဝင်စားစရာပဲ။ ငါထင်ခဲ့တာ ဒီကောင်လေး နင့်ကိုစိတ်ဝင်စားနေတယ်ပေါ့။ ဒါပေမယ့်တစ်လမ်းလုံး သူ ဘာအတွေးမှ မပြခဲ့ဘူး...."
အိုမင်းသည့်အသံ ထွက်ပေါ်လာ၏။
"ဆရာ, ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ...."
ထိုစကားကိုကြားသည့်အခါ ပိုင်စုရှီ မုန့်ချန်ချင်းကိုကြည့်နေသည့် သူမအကြည့်ကို အလျှင်အမြန်ပြန်ရုတ်သိမ်းလိုက်ပြီး ပါးပြင်တစ်လျှောက်နီရဲသွားခဲ့သည်။
"စီနီယာအကိုမုန့်က လူကောင်းတစ်ယောက်ပါ..."
ပိုင်စုရှီ ရှင်းပြလိုက်၏။
"ဘယ်လိုလုပ်ပြီး ငါ့ကို ကြိုက်နိုင်မှာလဲ...."
"နင်သူ့ကိုကြိုက်သွားမှာတော့ ငါစိုးရိမ်မိတယ်...."
အသံက ပြောလိုက်သည်။
"ဒီကောင်လေးကကြည့်ကောင်းတယ်။ ငါသာငယ်သေးရင်လည်း ကြိုက်မိမှာပဲ။ ဒါပေမယ့် သူ့အသက်အရွယ်နဲ့ သွေးကြောပုံသွင်းခြင်းအဆင့်ပဲ ရှိသေးတယ်ဆိုတော့ ပင်ကိုယ်ပါရမီမကောင်းလောက်ဘူး..."
"နင့်ရဲ့အနာဂတ်က အကန့်အကတ်မဲ့ပဲ။ ဖြစ်ကောင်းဖြစ်နိုင်တယ်, မကြာခင် သူနင့်နောက်ကျောကိုတောင် မကြည့်နိင်လောက်တော့ဘူး...."
"အတိုချုပ်ပြောရရင် သူနဲ့ နင်က လောကတစ်ခုထဲကမဟုတ်ဘူး...."
"ဒီနေ့ဖြစ်ရပ်ကြောင့် သူ့အပေါ်မှာ ဘာခံစားချက်မှတိုးမသွားတာ အကောင်းဆုံးပဲ...."
ထိုအရာကိုကြားသည့်အခါ ပိုင်စုရှီ တစ်ခဏ တိတ်ဆိတ်သွား၏။