အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇)
ပေါင်းစပ်မှုစတင်ခြင်း
သူ့နေရာသို့ပြန်ရောက်သည့်အခါ မုန့်ချန်ချင်း ကုတင်ပေါ်မှာခြေချိတ်ထိုင်ကာ ကိုယ်ရေးအချက်အလက်ဇယားကို ဆင့်ခေါ်လိုက်၏။
[လက်ခံသူ- မုန့်ချန်ချင်း]
[မျိုးနွယ်- လူမျိုး]
[ကျင့်ကြံရေး- သွေးကြောပုံသွင်းခြင်းနယ်ပယ် အဆင့် ၉]
[အမြစ်ရိုး- အဆင့် ၄]
[နားလည်နိုင်စွမ်း- သာမန်]
[သိုင်းပညာ- ကြေးဝါချပ်ဝတ်သိုင်း၊ အရိပ်ကိုးခုဓားသိုင်း]
[.....]
[လက်ရှိမိတ်ဆွေ- ရှဟန်၊ ပိုင်စုရှီ]
[မပေါင်းစပ်ရသေးသည့်စွမ်းရည်များ- အဆင့် ၂ အမြစ်ရိုး၊ ပါရမီ(ကျွမ်းကျင်လက်)]
[အသုံးမပြုရသေးသောဆုလဒ်- ဓားချီ]
နောက်ထပ်ကြီးမားသည့်ရိတ်သိမ်းမှုကြီးပင်။ အပြုံးတစ်ခု မုန့်ချန်ချင်း မျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် ဤကဲ့သို့ရိုးစင်းသည့်အပြင်ထွက်ခြင်းက ပါရမီရှင်တစ်ယောက်နှင့်တွေ့ဆုံလိမ့်မည်ဟု သူဘယ်တုန်းကမှ မျှော်လင့်မထားပေ။ ထို့ပြင် သာမန်ပါရမီရှင်မဟုတ်ပေ။
"ဒါပေမယ့် ဒီလိုပါရမီရှင်တစ်ယောက်က အပြင်စည်းမှာဘာလို့ရှိနေရတာလဲ..."
မုန့်ချန်ချင်း သူ့မျက်ခုံးတွေကို အနည်းငယ်ကြုတ်လိုက်၏။
ထို့နောက် သူက ခေါင်းခါယမ်းလိုက်သည်။ အခုချိန်မှာ ထိုအကြောင်းကို မေ့ထားရမည်ပင်။ ဤမိန်းခလေးပိုင်းစုရှီ၌ ဇာတ်လမ်းတစ်ပုဒ်ရှိပုံပေါ်၏။ သူမက သာမန်လူတစ်ယောက်မဟုတ်ပေ။
"စနစ်, အဆင့် ၂ အမြစ်ရိုး ပေါင်းစပ်မယ်..."
မုန့်ချန်ချင်း မျှော်လင့်ချက်အချို့ဖြင့်ပြောလိုက်သည်။
မနေ့တုန်းက အဆင့် ၄ အမြစ်ရိုးနှင့်ပေါင်းစပ်ပြီးနောက် သူ့ကျင့်ကြံရေးအရှိန် ၁၀ ဆလောက်မြန်လာ၏။ ယခု, အဆင့် ၂ အမြစ်ရိုးနှင့်ဆိုလျှင် ဘယ်လောက်တောင် ကြောက်စရာကောင်းသွားမည်နည်း။
ဒင်!
[ပေါင်းစပ်မှုစတင်ပါပြီ]
ထိုစကားတွေပေါ်လာသည်နှင့် ရင်းနှီးသည့်ခံစားချက်တစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုခံစားချက်က သူ့၏ခြေလက်အင်္ဂါ၊ ကိုယ်တွင်းအင်္ဂါ၊ အရိုး စသည့် ခန္ဓာကိုယ်တစ်လျှောက်ကို အရင်ကထက်ပိုမိုပြင်းထန်စွာ ပျံ့နှံ့လာသွားခဲ့သည်။
တစ်ခဏကြာပြီးနောက် ပေါင်းစပ်ခြင်း ပြီးဆုံးသွားခဲ့သည်။
မုန့်ချန်ချင်း သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်၏။ သူ့အော်ဟာက သိသိသာသာပြောင်းလဲသွားပုံရကာ ဖုန့်မှုန့်များဖယ်ရှားခံရပြီး သာလွန်မြင့်မြတ်မှုတစ်ခုကြုံတွေ့ရသကဲ့သို့ပင်။
အတော်လေးအံ့သြစရာကောင်း၏။
ရှေးမှတ်တမ်းတွေအရ လူသားတွေဟာ မူလတုန်းက ကမ္ဘာဦးစိတ်ဝိညာဥ်တွေဖြစ်ကြ၏။ သူတို့ခန္ဓာတွေက သလင်းကျောက်လိုသန့်စင်ကြည်လင်ပြီး မည်သည့်အညစ်အကြေးမှရှိမနေပေ။
သို့ပေမယ့် ဘေးဒုက္ခအမျိုးမျိုးကြောင့် သူတို့၏ကမ္ဘာဦးဝိညာဥ်ဆိုသည့်နာမည်ကိုဆုံးရှုံးကာ ဖုံးကွယ်ထားသည့်ရတနာတွေ ချိတ်ပိတ်ခံလိုက်ရ၏။ ထို့ကြောင့် ထိုရတနာတွေနှင့်ခွန်အားတွေကိုပြန်ရဖို့ ကျင့်ကြံရတာပဲဖြစ်သည်။
"ရလဒ်ကိုစမ်းကြည့်ကြတာပေါ့...."
မုန့်ချန်ချင်း ဆေးတစ်လုံးထုတ်ပြီး မြိုချလိုက်၏။
အသက်ရူတစ်ရိူက်စာအတွင်းမှာပဲ သူက ထိုအရာကို အလုံးစုံစုပ်ယူပြီးသွားပြီဖြစ်၏။ အဆင့် ၄ အမြစ်ရိုးထက်စာလျှင် အရှိန်က အဆ ၅၀ ပင်။
"အရမ်းကြောက်စရာကောင်းတာပဲ...."
မုန့်ချန်ချင်း အံ့အားသင့်နေ၏။
ကျင့်ကြံရေးအရှိန် အဆ ၅၀...
တစ်ရက်ကျင့်ကြံတာက အခြားလူတွေ နှစ်လလောက်ကျင့်ကြံတာနှင့်ညီမျှ၏။
"ပင်ကိုယ်ပါရမီကွာခြားချက်က တကယ်ကို စိတ်ဓာတ်ကျစရာပါ့လား...."
မုန့်ချန်ချင်း ခေါင်းခါယမ်းလိုက်ပြီး အတွေးထဲမှထွက်လာခဲ့သည်။
ထို့နောက် သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။ ကံကာင်းစွာဖြင့် ယခုအချိန် သူ့မှာ အဆင့် ၂ အမြစ်ရိုးရှိနေပြီပဲဖြစ်သည်။
အဆင့် ၄ အမြစ်ရိုးနှင့်သာဆိုလျှင် သွေးကြောဖွင့်ခြင်းနယ်ပယ်ကိုချိုးဖြတ်ဖို့ အချိန်အတော်ယူရမည်ပင်။ အထူးသဖြင့် သူက သွေးကြောပုံသွင်းခြင်းနယ်ပယ် အဆင့် ၉ ကိုခုမှချိုးဖြတ်ထားခြင်းဖြစ်၏။ အရာအားလုံးခြုံငုံသုံးသပ်ကြည့်လျှင် သွေးကြောသိပ်သည်းခြင်းနယ်ပယ်ရောက်ဖို့က တစ်နှစ်လောက်အချိန်ယူရမည်ပင်။
သို့ပေမယ့် ယခုအခါမှာတော့....
လုံလောက်သည့်အရင်းအမြစ်သာရှိလျှင် လဝက်ကလုံလောက်သင့်၏။
"ပါရမီစွမ်းရည်ကို တစ်ချက်ကြည့်ကြတာပေါ့...."
မုန့်ချန်ချင်းအကြည့်က အခြားစွမ်းရည်တစ်ခုပေါ်ကို ကျရောက်သွား၏။
ပါရမီစွမ်းရည် (ကျွမ်းကျင်လက်)- မွေးရာပါပေါ့ပါးသွက်လက်သည့်လက်တစ်စုံဖြစ်ပြီး လက်နက်တွေအသုံးပြုရာမှာ ကျွမ်းကျင်၏။
"အရည်အချင်းကတော့ မဆိုးပါဘူး...."
မုန့်ချန်ချင်းမျက်လုံးတွေ တောက်ပသွား၏။ လက်နက်ကိုင်ဆောင်ရာမှာကျွမ်းကျင်သည့်လူတစ်ယောက်အတွက် ထိုအရာက ခွန်အားသိသိသာသာတိုးလာစေမည်ပဲဖြစ်သည်။
ပါရမီစွမ်းရည်တွေက မွေးရာပါဖွဲ့စည်းပုံအရ ကွဲပြားခြားနားသွား၏။ ထိုအရာက လူတစ်ယောက်၏ပြိုင်ဘက်ကင်း သွင်ပြင်လက္ခဏာတစ်ခုပင်။
"ပေါင်းစပ်မယ်...."
မုန့်ချန်ချင်း တွေဝေမနေပဲပြောလိုက်သည်။
ဒင်!
[ပေါင်းစပ်ခြင်းစတင်ပါပြီ]
စကာသံထွက်ပေါ်လာသည်နှင့် မုန့်ချန်ချင်း သူ့လက်တွေအနည်းငယ်တုန်ယင်လာတာကို ခံစားမိ၏။ အလင်းတန်းများစွာ အရေပြားအောက်မှ စီးဆင်းနေသည့်ရေကဲ့သို့ ဖြာထွက်လာခဲ့သည်။
အေးစိမ့်စိမ့်ခံစားချက်ပင်။
အလင်းတန်းတွေပျောက်ကွယ်သွားသည့်အခါ ပေါင်းစပ်ခြင်းပြီးဆုံးသွားခဲ့သည်။
မုန့်ချန်ချင်း အနည်းငယ်လက်သီးဆုပ်လိုက်သည့်အခါ အတော်လေးပေါ့ပါးလာတာကို ခံစားမိ၏။
လက်ချောင်း၊ လက်ကောက်ဝတ် ဒါမှမဟုတ် အရိုး အကုန်လုံးက ပိုမိုလွယ်ကူစွာ ကွေးနိုင်ဆန့်နိုင်လာခဲ့သည်။
အရင်က သူမလုပ်နိုင်ခဲ့သည့် များစွာသောလုပ်ဆောင်ချက်တွေက ယခုအခါမှာတော့ သူ့စွမ်းဆောင်ရည်အတွင်းကို ရောက်ရှိသွားပြီပင်။
ရွစ်!
မုန့်ချန်ချင်း ဓားဆွဲယူကာ ဓားစွမ်းအင်သုံးခုကို ရိုးစင်းစွာပဲထုတ်သုံးလိုက်သည်။ အရင်ကနှင့်မတူပဲ ဓားစွမ်းအင်တွေက ပိုမိုမြန်ဆန်၊ ပိုမိုနားလည်ရခက်လာပြီး ဘက်ပေါင်းစုံမှတိုက်ခိုက်မှုတွေကို ပြုလုပ်လာနိုင်၏။
၎င်းတို့က လက်တွေ့တွင် မခုခံနိုင်သလောက်ပင်။
"မဆိုးပါဘူး...."
မုန့်ချန်ချင်း အလွန်ကျေနပ်နေခဲ့သည်။
ဤအရာနှင့်ဆိုလျှင် သူ့ခွန်အားက သိသိသာသာတိုးတက်လာမည်ပင်။ ခရမ်းသလင်းဝက်ဝံနှင့် နောက်တစ်ကြိမ်ပြန်တွေ့ခဲ့လျှင် အချိန်နည်းနည်းဖြင့် ဖြေရှင်းနိုင်ပြီပဲဖြစ်သည်။
နောက်ဆုံးမှာတော့ မုန့်ချန်ချင်း ဤတစ်ချိန်နှစ်သက်မှုတိုးခြင်းကြောင့်ရလာသည့် အပိုဆောင်းဆုလဒ်ကို ကြည့်လိုက်သည်။
"ဒါက ငါနားလည်ထားတဲ့ဓားချီလား...."
မုန့်ချန်ချင်းမျက်လုံးတွေ တဖြည်းဖြည်း စိတ်အားထက်သန်လာခဲ့သည်။
အမှန်သာဆိုလျှင် ဤဆုလဒ်က အမှန်တကယ် တရားလွန်လွန်း၏။
အပိုဆောင်ဆုလဒ် "ဓားချီ"- ပုံစံမဲ့စွမ်းအားတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာဓားကျင့်ကြံမှုလိုအပ်ကာ နားလည်ထားသည့်ဓားစွမ်းအင်တွေကိုသိပ်သည်းရ၏။
"တကယ််ကိုပဲ...."
မုန့်ချန်ချင်း မနေနိုင်ပဲ အသက်ရူခဏရပ်သွား၏။
ဓားချီက အတော်ထူးခြားသည့်စွမ်းအားတစ်ခုပင်။ ၎င်းက အခြားသူ၏စိတ်ကိုခြိမ်းခြောက်နိုင်ပြီး ဓားချီ၏စွမ်းအားကို တိုးမြှင့်နိုင်၏။ သို့ပေမယ့် ထိုအရာကိုဆုပ်ကိုင်မိဖို့ အတော်မြင့်မားသည့်နားလည်နိုင်စွမ်းလိုအပ်၏။
ဓားကျင့်ကြံသူတစ်ရာ၌ တစ်ယောက်တောင် အောင်မြင်ဖို့မလွယ်ပေ။
ဓားချီအထက်၌ ပိုလို့တောင်ရှားပါးကြောက်စရာကောင်းသည့် ဓားရည်ရွယ်ချက်ရှိ၏။ ထိုအရာက ဓားပညာ၏တကယ့်အနှစ်သာရပင်။
"စနစ်, မင်းကတကယ်ကိုအံ့ဖွယ်ပဲ...."
မုန့်ချန်ချင်း နှလုံးသားအောက်ခြေမှ ရိုးသားစွာချီးကျူးလိုက်၏။
သူ၏လက်ရှိနားလည်နိုင်စွမ်းနှင့်ဆိုလျှင် ဘယ်အချိန်မှ ဓားချီကိုကျင့်ကြံနိုင်မလဲဆိုတာ မသိနိုင်ပေ။ သို့ပေမယ့် ယခုမှာတော့ အဆင့်သင့် သူ့ဆီရောက်လာခဲ့သည်။
"ပေါင်းစပ်မယ်..."
မုန့်ချန်ချင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။
ဝှစ်!
ခဏကြာတော့ မုန့်ချန်ချင်းစိတ်ထဲသို့ အချက်အလက်တွေ စုပြုံရောက်လာခဲ့သည်။ ၎င်းတို့က မရေမတွက်နိုင်သည့် ဓားချီအစိတ်အပိုင်းတွေဖြစ်ပြီး အစစ်အမှန်အနစ်သာရတွေပါဝင်နေ၏။
မုန့်ချန်ချင်း အရူးအမူစုပ်ယူလိုက်ပြီး တဖြည်းဖြည်း ထက်ရှသည့်အော်ရာတစ်ခု သူ့ခန္ဓာကိုယ်မှ စတင်ထွက်ပေါ်လာခဲ့သည်။
ထိုအရာက ဓားချီပင်။
ဝှစ်!
မုန့်ချန်ချင်း ရုတ်တရက် မျက်လုံးဖွင့်လိုက်သည့်အခါ သူ့မျက်လုံးထဲမှာ ဓားအလင်းတန်းဖြတ်ကနဲလက်သွား၏။
ခန္ဓာကိုယ်ပေါ်ရှိဓားချီကလည်း အထွတ်အထိပ်ကိုရောက်ရှိနေပြီး အလွန်အမင်းထက်ရှလှကာ လက်ထဲရှိဓားရှည်တောင် တုန်ယင်နေခဲ့သည်။
ဤအခိုက်အတန့်၌ မုန့်ချန်ချင်းဟာ ထက်ရှသည့်ဓားတစ်လက်ကဲ့သို့ဖြစ်နေပြီး ခုတ်ပိုင်းဖို့အသင့်ဖြစ်နေခဲ့သည်။
ထိုအရာက လူတွေ သူ့ကို တိုက်ရိုက်တောင် မကြည့်နိုင်ဖြစ်သွားစေ၏။
အခန်း (၈)
ရုပ်သေးတောင်ကြားနှင့် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်
ဝှစ်...
ဓားရှည်ကတဝီဝီမြည်လာပြီး လေထုကိုဖြတ်သွား၏။
ထို့နောက် ဓားရိပ်ကိုးခုပေါ်လာကာ အနီးနားနံရံပေါ် ကျသွား၏။
တစ်အိမ်လုံးတုန်ခါသွားပြီး အလွန်အမင်မာကျောသည့်ကျောက်နံရံ တိုက်ရိုက်ပဲ ပြိုကျသွားခဲ့သည်။
မှိန်ဖျော့ဖျော့အဝါရောင်အလင်းတန်းတွေတောက်ပလာပြီး ဖုန်မှုန့်တွေအတွင်း၌ ပုံသဏ္ဍာန်တွေ ဖြစ်တည်လာ၏။
"အားကောင်းလှကြီလား...."
မုန့်ချန်ချင်း ဓားရှည်ကိုင်ထားသည့်သူ့လက်ကို မသိစိတ်အရတင်းကြပ်လိုက်၏။
ထိုအရာက ဂိုဏ်းအဆောက်အဦးဖြစ်ပြီး အတော်မာကျောသည့်သတ္ထုဖြင့်ပြုလုပ်ထားတာဖြစ်သည်။
သူမှတ်မိသေး၏။ မနေ့တုန်းက ထိုးဖောက်သွားပြီး ဓားရာသာချန်ထားနိုင်ခဲ့၏။
သို့ပေမယ့်ယခုတော့ တိုက်ရိုက်ပြိုကျသွားခဲ့သည်။
ထို့ပြင် သူက ခွန်အားကုန်မသုံးမပြုရသေးပေ။
သာမန်ခုတ်ချက်တစ်ခုသာပြုလုပ်လိုက်ခြင်းဖြစ်သည်။
"ကျင့်ကြံရေးကိုမြင့်တင်တာက အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းပဲ။ အဲ့ဒီအစားဓားချီကမှ ပိုအရေးကြီးတာ..."
မုန့်ချန်ချင်း စိတ်ထဲမှာတွေးလိုက်သည်။
ဓားချီက အံ့ဖွယ်စွမ်းအင်တစ်ခုဖြစ်ပြီး ဓားနည်းစနစ်တွေကိုတိုးမြှင့်ပေးနိုင်၏။
အတိအကျပြောရလျှင် ၎င်းက ဓားချီအဆင့်ပေါ်မူတည်၏။
"အခု, ငါ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို စိန်ခေါ်နိုင်လောက်လား...."
မုန့်ချန်ချင်း သူ့လက်ထဲရှိ ဓားရှည်ကို ကြည့်လိုက်သည်။
သွေးကြောပုံသွင်းခြင်းနယ်ပယ်အထက်၌ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ရှိ၏။
အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ဆိုတာ အဘယ်နည်း။
လူသားခန္ဓာ၌ အပ်စိုက်မှတ်များစွာနှင့် နက်နဲသောအချိတ်အဆက်များစွာရှိ၏။ ထိုအရာတွေကို ယွမ်သွေးကြောဟုခေါ်၏။
ယွမ်သွေးကြောတွေ၌ ယွမ်းသွေးတွေပါဝင်၏။ ထိုအရာတွေက မွေးရာပါသွေးစွမ်းအင်ဖြစ်ကာ ထူးခြားသည့်စွမ်းရည်တွေပိုင်ဆိုင်၏။
စုပ်ယူပြီးနောက်, ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေက အရည်အသွေးပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ကြုံတွေ့ရမှာပဲဖြစ်သည်။
ထိုအရာက သွေးကြောပုံသွင်းခြင်းနယ်ပယ် ယှဥ်နိုင်သည့်အရာမဟုတ်ပေ။
သို့ပေမယ့် ဓားချီနှင့်ဆိုလျှင် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် ဝင်ရောက်ကာစသိုင်းပညာရှင်ကို ရင်ဆိုင်နိုင်မည်ဟု မုန့်ချန်ချင်း ခံစားမိ၏။
"နောက်တစ်ခုကတော့, ကျင့်ကြံရေးကိုအာရုံစိုက်ဖို့ အချိန်ကြပြီ။ ဖြစ်နိုင်သလောက်မြန်မြန် သွေးကြောဖွင့်ခြင်းနယ်ပယ်ကို ရောက်အောင် ကြိုးစားရမယ်...."
မုန့်ချန်ချင်း သူ့ဓားကို ဓားအိမ်ထဲထည့်လိုက်သည်။
သူ့မျက်လုံးထဲ၌ အလင်းတန်းတွေ တောက်ပနေခဲ့သည်။
အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကိုချိုးဖြတ်မှသာ အတွင်းစည်းကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မှီမှာဖြစ်သည်။
"ကျင့်ကြံရမယ်...."
သူက တစ်ဖက်လှည့်ကာ ဘေးချင်းကပ်အခန်းကို သွားလိုက်သည်။
အပြင်စည်း၌ သင့်မှာသာပိုက်ဆံရှိလျှင် ခြံဝန်းအကြီးကို ငှားနိုင်၏။
အခြားလူတွေနှင့် ကျပ်ညှပ်နေစရာမလိုပေ။
အချိန်တွေကုန်ဆုံးနေ၏။
မကြာခင်မှာပဲ လဝက်ကုန်သွား၏။
ခေါင်းလောင်သံက ထိုက်ရွမ်နယ်မြေတစ်လျှောက် နောက်တစ်ကြိမ်ပဲ့တင်ထပ်လာပြီး လူတွေ၏နှလုံးသားကို တုန်လှုပ်သွားစေ၏။
ဤအချိန်မှာ လူများစွာက အပြင်စည်းအနက်ပိုင်းကို အပြေးသွားနေကြသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့က လကုန်ရက်ဖြစ်သောကြောင့်ပင်။
ထို့ပြင် ရုပ်သေးတောင်ကြားဖွင့်မည့်နေ့လည်းဖြစ်သည်။
ထိုက်ရွမ်ဂိုဏ်းတပည့်တွေ၏လိုအပ်ချက်က အလွန်တင်းကျပ်၏။
အပြင်းစည်းမှအတွင်းစည်းကိုဝင်ဖို့ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကိုဝင်ရောက်ရုံဖြင့် မလုံလောက်ပေ။
ရုပ်သေးတောင်ကြားကို ဖြတ်ကျော်ဖို့လည်း လိုသေး၏။
တောင်ကြားက မရမ်းကြီးမရှည်ပဲ မီတာသုံးရာသာ ရှည်လျား၏။
သို့ပေမယ့် အထဲ၌ လူပုံသဏ္ဍာန်ရုပ်သေးများစွာ ထားရှိထားပြီး နောက်ပိုင်းရောက်လေ ခွန်အားတိုးလာလေပင်ဖြစ်သည်။
ပြောကြတာတော့ အဆုံး၌ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်နှင့်ယှဥ်နိုင်သည့် အဆင့် ၂ ရုပ်သေးရှိ၏။
ဤနှစ်တွေတစ်လျှောက်၌...
အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကိုရောက်သည့် အပြင်စည်းတပည့်များစွာကို ထိုတောင်ကြားက အတွင်းစည်းမရောက်အောင်ပိတ်ပင်ထားခဲ့သည်။
၎င်းကိုဖြတ်သန်းရန် အဆင့်တက်ပြီး နောက်ထပ်တစ်နှစ်၊ နှစ်နှစ်လောက်လိုအပ်၏။ ဒါမှမဟုတ် ပိုလို့တောင်ကြာနိုင်သေး၏။
ထိုက်ရွမ်ဂိုဏ်း၌ တကယ်ပဲ အပြင်စည်းတပည့်အရေအတွက်က အတော်များ၏။ အဆုံးမှာတော့ ၎င်းက ထျန်းလင်(ကောင်းကင်ဝိညာဥ်) စီရင်စုမှာရှိသည့် အဆင့် ၂ ဂိုဏ်းအနည်းငယ်ထဲက တစ်ခုဖြစ်၏။
အကြမ်းဖျင်းတွက်ကြည့်လျှင် လူပေါင်းသောင်းချီရှိတာဖြစ်သည်။
ရလဒ်အနေဖြင့် မကြာမဏဆိုသလို အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့်တွေပေါ်လာတတ်၏။
ယနေ့ကဲ့သို့ပင်, ရုပ်သေးတောင်ကြားရှေ့၌ အေးစက်စက်အော်ရာတွေထုတ်လွတ်နေသည့် ပုံရိပ်သုံးခုမတ်တပ်ရပ်နေကြ၏။
သူတို့အားလုံးက အပြင်းစည်းမှ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကျွမ်းကျင်သူများပင်ဖြစ်သည်။
ခွန်အားကလည်း ပထမတန်းစားပင်။
"ဒီနေ့ အဲ့ဒီသုံးယောက် ဖြတ်ကျော်နိုင်မယ်လို့ မင်းထင်လား...."
အနီးနားတွင်လူများစွာကြည့်ရှူနေကြပြီး တစ်စုံတစ်ယောက်က မေးလိုက်သည်။
"ဖြစ်နိုင်လောက်တယ်။ သူတို့သုံးယောက်ကြည့်ရတာ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို လွန်ခဲ့တဲ့တစ်နှစ်လောက်ထဲက ဖြတ်ကျော်ခဲ့တာနဲ့တူတယ်။ ဒါဟာ အတော်လေးပြင်ဆင်ထားတယ်လို့ ညွှန်ပြနေတာပဲ...."
ချက်ချင်းပဲ တစ်စုံတစ်ယောက်က ပြန်ပြောလိုက်သည်။
လူတိုင်း၏ဆွေးနွေးသံတွေကိုကြားသည့်အခါ လူသုံးယောက်က သူတို့ရင်ဘတ်တွေကို အနည်းငယ်မြှင့်လိုက်ပြီး မျက်နှာပေါ်မှာ ယုံကြည်မှုတွေရှိနေခဲ့သည်။
အမှန်တကယ်ပင်၊ တစ်နှစ်လောက်ပြင်ဆင်ပြီးနောက် သူတို့ဖြတ်ကျော်နိုင်မယ်လို့ယုံကြည်ကြ၏။
အတွင်းစည်း၊ ထိုနေရာက ဂိုဏ်း၏ပါရမီရှင်တွေ နေထိုင်ရာဖြစ်ပြီး စစ်မှန်သည့်သိုင်းပညာများကို ကျင့်ကြံသည့်နေရာလည်းဖြစ်၏။
"ဘယ်သူအရင်သွားမှာလဲ...."
အပြင်စည်းအကြီးအကဲတစ်ယောက် ဖြည်းညင်းစွာမေးလိုက်သည်။
သူက အတော်အသက်ကြီးနေပြီး အော်ရာတွေမှေးမှိန်နေ၏။ လူသုံးယောက်ကိုကြည့်သည့် သူအကြည့်တွေက တည်ငြိမ်နေပြီး မည်သည့်လှိုင်းဂယက်မှမရှိပေ။
"ငါအရင်သွားမယ်...."
သူတို့ထဲက တစ်ယောက်က ပြောပြီး ရှေ့ထွက်လာလိုက်သည်။
သူက ခန္ဓာကိုယ်တောင်တင်းပြီး ကြီးမားသည့်ဓားကြီးတစ်လက်ကိုသယ်ကာ တောင်ကြားဆီသို့ သွားလိုက်၏။
တစ်ခဏကြာ လူတိုင်းက သူ့ကို မျှော်လင့်တကြီးစောင့်ကြည့်နေခဲ့သည်။
ခမ်းနားထည်ဝါသည့်အခန်းတစ်ခုထဲ၌....
အရပ်ရှည်ရှည် အင်္ကျီဗလာနှင့် ပုံရိပ်တစ်ခုခြေချိတ်ထိုင်နေ၏။ ကြွက်သားတွေအလွန်အမင်းရှိမနေသော်လည်း တောင်တင်းကာ ပြီးပြည့်စုံလှ၏။ ထိုသူက မုန့်ချန်ချင်းပင်။
ဤနေ့က သူတံခါပိတ်ကျင့်ကြံတာ ၁၅ ရက်မြောက်နေ့ပင်။
အခန်းထဲ၌ ပုလင်းတွေနှင့်ပြည့်နှက်နေပြီး အရင်းအမြစ်များစွာအသုံးပြုထားတာကို ညွှန်ပြနေ၏။
သူ့အရှိန်အဝါကလည်း အရင်ကထက်စာလျှင် သိသိသာသာတိုးတက်လာပြီး အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ရောက်ဖို့ ခြေတစ်လှမ်းသာလိုတော့၏။
အချိန်တစ်ခုရောက်သည့်အခါ အက်ကွဲသံတစ်ခု မုန့်ချန်ချင်းခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုအရာက ပိတ်ဆို့နေသည့်အရာတစ်ခုကျိုးပဲ့သလိုပင်။
အချိန်းတိုင်းမှာ မုန့်ချန်ချင်းအော်ရာက တဟုန်ထိုးမြင့်တက်လာပြီး အကန့်အကတ်ကို ဖောက်ထွက်လုနီးပါးပင်။
အား....
အသက်ရူချိန်ဒါဇင်များစွာကြာပြီးနောက် မုန့်ချန်ချင်း ဖြည်းညင်းစွာမျက်လုံးဖွင့်လိုက်၏။ ၎င်းတို့ထဲမှ သန်မာသည့်ဖိအားတစ်ခု ထုတ်လွတ်နေခဲ့သည်။
ထိုအရာက သူ့ခွန်အားတိုးလာခြင်း၏ သရုပ်သဏ္ဍာန်ပင်။
"နောက်ဆုံးတော့.... ငါ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ရောက်ခဲ့ပြီ...."
မုန့်ချန်ချင်း အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။
လဝက်တံခါးပိတ်ကျင့်ကြံတာက ငြီးငွေ့ဖွယ်ကောင်းသော်လည်း ရလဒ်က ကျေနပ်ဖွယ်ရာပင်။
သူက သူ့ခန္ဓာကိုယ်ထဲရှိ အခြေအနေကို ခံစားမိ၏။
သွေးတွေအလျှင်အမြန်စီးဆင်းနေပြီး အသက်စွမ်းအင်တွေပြည့်ဝလှ၏။ သွေးကြောတွေလည်း ပျော့ပျောင်းကျယ်ပြန့်လာကာ ကြွက်သားတွေပိုသန်မာလာခဲ့သည်။
ဤအချိန်၌ ခွန်အားအရဖြစ်စေ၊ အရှိန်အရဖြစ်စေ၊ အခြားဘယ်အရာမှာမဆို အားလုံးက ၁၀ လောက်တိုးမြှင့်သွားပြီဖြစ်သည်။
အထူးသဖြင့် သူ့ညာလက်ပင်။ ထိုနေရာ၌ ပထမဆုံးယွမ််သွေးကြောပွင့်သွားပြီး သန့်စင်သည့်ယွမ်သွေးတွေကို အဆက်မပြတ်ထုတ်လွတ်နေကာ သူ့ခန္ဓာကိုယ်အနှံ့ကို စိမ့်ဝင်စေ၏။