အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း (၁၃)
တပည့် မုန့်ချန်ချင်း
ဝေါင်း!
ရုပ်သေး ဟိန်းဟောက်လိုက်ပြီး ကြီးမားသည့်တူကြီးဖြင့် မကြာခင် မုန့်ချန်ချင်ရှေ့ ရောက်လာခဲ့သည်။
ထို့နောက် တူကြီးကိုထုချလိုက်ရာ ကြီးမားသည့်လေအားကြောင့် မုန့်ချန်ချင်း၏ အနက်ရောင်ဆံပင်တွေ ကြမ်းတမ်းစွာလှုပ်ရှားသွားပြီး တဖျတ်ဖျတ်မြည်သံတွေတောင်ထွက်ပေါ်လာ၏။ ထိုအရာအရ သူ၏သတ်ဖြတ်ခြင်းစွမ်းအား ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ စိတ်ကူးကြည်နိုင်တာပဲဖြစ်သည်။
အဆင့်တူသိုင်းပညာအဆင့်တွေတောင် သေရင်သေ ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန်ရသွားနိုင်၏။ ထို့ကြောင့် ရှောင်တိမ်းရမည်ပင်။
သို့ပေမဲ့ မုန့်ချန်ချင်း မလှုပ်မရှားရပ်နေဆဲဖြစ်ပြီး ရှောင်တိမ်းဖို့လုံးဝ ရည်ရွယ်ချက်မရှိပေ။
“ဒီကလေးအရမ်းမောက်မာနေတာ မဟုတ်ဘူးလား…”
ထိုမြင်ကွင်းကိုကြည့်ပြီး အကြီးအကဲ၏နှလုံးသားတင်းကြပ်သွားခဲ့သည်။
အပြင်စည်းမှ ပါရမီရှင်တစ်ယောက်ထွက်ပေါ်လာဖို့က မလွယ်ကူပေ။ အတွင်းစည်းမှ ချီးကျူးမှုနှင့် ဆုလာဒ်တွေရတယ်ဆိုတာ ဂုဏ်ယူစရာတစ်ခုဖြစ်သည်။
သို့ပေမဲ့ သူသာ ဒီနေရာမှာကျရှုံးသွားလျှင် အရာအားလုံးဆုံးရှုံးသွားမည်ပင်။
တခြားသူတွေ၌လည်း တူညီသည့်အတွေးမျိုး ရှိကြ၏။
သို့ပေမဲ့ နောက်တစ်ခဏမှာ ဖြစ်သွားသည့်အရာက လူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပြီး တသက်စာလုံးမေ့ရတော့မည်မဟုတ်ပေ။
ဘုန်း!
ရုပ်သေးတိုက်ခိုက်လိုက်သည့်အချိန်မှာပဲ မုန့်ချန်ချင်းထံမှ ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအရာက ဓားအိမ်ထဲမှထွက်ပေါ်လာသည့် နတ်ဘုရားဓားတစ်ချောင်းကဲ့သို့ဖြစ်နေပြီး အလွန်အမင်းထက်ရှကာ လောကကြီးထဲမှအရာအားလုံးကို ဖြတ်တောက်နိုင်ပုံရသည်။
ရုပ်သေးဟန့်တားခံလိုက်ရပုံပေါက်ပြီး တခဏရပ်တန့်သွားခဲ့သည်။
သူအသိပြန်ဝင်လာသည့်အခါ ဓားရှည်ကလေထဲကို ခုတ်ပိုင်းပြီးနေပြီဖြစ်သည်။ ထိုအခါ ဓားအရိပ် ၉ရိပ်ပေါ်ထွက်လာပြီး အားလုံး သူ့ခန္ဓာကိုယ်ပေါ်ကျရောက်သွားခဲ့သည်။
ဘုန်း!
ဓားချက်ကအဆင့် ၂ရုပ်သေးကို ထိမှန်သွားပြီး ၎င်း၏ကြီးမားသည့်ခန္ဓာကိုယ်ကြီး ဆက်တိုက်နောက်ဆုတ်လိုက်ရကာ ၁၀မီတာရောက်မှရပ်တန့်သွားခဲ့သည်။
အဆင့် ၂ရုပ်သေးတကိုယ်လုံးတုန်ခါသွားပြီး အတွင်း အပြင်နှစ်ခုလုံးမှ မီးပွားတွေထွက်ပေါ်လာခဲ့သည်။
၎င်းက နောက်တစ်ကြိမ် မုန့်ချန်ချင်းဆီ ပြေးဝင်သွားဖို့ ကြိုးစားလိုက်သည်။
သို့ပေမဲ့ နောက်တခဏမှာပဲ….
ဘန်း!
အဆင့် ၂ရုပ်သေး ရုတ်တရက်ပြိုကျသွားပြီး အပိုင်းအစတွေအားလုံး မြေပြင်ပေါ်မှာ ပြန့်ကျဲကုန်၏။ တချိန်တည်းမှာပဲ မုန့်ချန်ချင်းလက်ထဲရှိဓားလည်း ကျိုးသွားခဲ့သည်။
ဓားချက်ထုတ်ဖောက်ပြီးနောက် ဆံပင်တွေက လေထဲမှာလေမတိုက်ပဲ လွင့်ပျံနေခဲ့ကာအော်ရာကလည်းအလွန်ပင်သန်မာလှ၏။
သူက ပြိုင်ဘက်ကင်းသိုင်းသမားတစ်ယောက်လိုပင်။
“ဓားလဲရတော့မှာပဲ…”
မုန့်ချန်ချင်း ဓားကျိုးသွားသည့်အတွက် မအံ့ဩပေ။ နောက်ဆုံးမှာတော့ ထိုအရာက သာမန်လက်နက်တစ်ခုသာဖြစ်သည်။
၎င်းကို သတ္ထုကောင်းဖြင့်ပြုလုပ်ထားသော်လည်း ဓားနည်းစနစ်၏စွမ်းအားကိုတော့မခံနိုင်ပေ။
အထူးသဖြင့် ခွန်အားအကုန်ထုတ်လိုက်သည့်အခါမျိုးမှာပင်။
ထို့နောက် သူကရှေ့ကိုကြည့်လိုက်သည်။
မြေပြင်ပေါ်မှာပြန့်ကျဲနေသည့် ရုပ်သေးခြေလက်အပိုင်းအစတွေက သူ့အားအံ့ဩတုန်လှုပ်သွားစေခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် ဤဓားနည်းစနစ်၏စွမ်းအားတိုးပွားပုံက အနည်းငယ်ပြင်းထန်လွန်းနေသည်။
ဓားချက်တစ်ချက်တည်းဖြင့် အဆင့် ၂ရုပ်သေးကို အပိုင်းပိုင်းဖြစ်သွားစေခဲ့သည်။
သူက ဒုတိယဓားချက်နှင့် တတိယဓားချက်တို့ကို အသုံးပြုရမယ်လို့မျှော်လင့်ထားခဲ့သည်။ ဒီအတိုင်းဆိုလျှင် သူက ယခုအချိန်၌ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၃ ဒါမှမဟုတ် အဆင့် ၄ကို ယှဉ်ပြိုင်ကောင်းယှဉ်ပြိုင်နိုင်နေလောက်ပြီဖြစ်သည်။
သေချာပေါက်ပင် အတွင်းစည်းကိုဝင်ရောက်ပြီးနောက် သိမ်မွေ့အဆင့်သိုင်းပညာကို မြန်မြန်လေ့ကျင့်ဖို့တော့လိုအပ်၏။
လက်ထဲကဓားကိုလွှတ်ချလိုက်ပြီး မုန့်ချန်ချင်းဖြေးညင်းစွာ တဖက်လှည့်လာခဲ့သည်။
မီတာရာချီအဝေး၌ ပြည့်ညပ်သပ်နေသည့်လူအုပ် သုသာန်တစပြင်အလားတိတ်ဆိတ်နေခဲ့သည်။
တစ်ယောက်ချင်းဆီက ကြောင်အပ်သည့်ပုံစံတွေဖြစ်နေပြီး တချို့ဆိုပါးစပ်အဟောင်းသားပင်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
တော်တော်ကြာ ကြာပြီးနောက်တစုံတယောက်စကားပြောလိုက်သည်။
“ဒါကအဆင့် ၂ရုပ်သေးလေ။ ဒါပေမဲ့သူက ဓားတစ်ချက်တည်းနဲ့သတ်လိုက်တယ်…”
“အရိပ် ၉ခုဓားသိုင်းကတကယ်ပဲအဲလောက်တောင်အစွမ်းထက်တာလား…”
ထိုအရာကပြင်းထန်သည့်တိုက်ပွဲတစ်ခုဖြစ်သင့်၏။ သို့ပေမဲ့ လက်တွေ့မှာတော့လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
ဓားတစ်ချက်တည်းဖြင့် အရာရာကိုဖျက်ဆီးသွားပြီး ပြိုင်ဘက်ကင်းလှ၏။
“ဓားချီ…”
ရုတ်တရက် အကြီးအကဲ၏ အသံထွက်ပေါ်လာပြီး စိတ်လှုပ်ရှားမှုကြောင့်တုန်ယင်နေခဲ့ကာ တကိုယ်လုံးတောင်တုန်ခါနေခဲ့သည်။
“ဒါက ဓားချီပဲ…”
“ဘာ…”
စကားသံထွက်ပေါ်လာသည်နှင့်တပြိုင်နက် လူအုပ် အုတ်အုတ်ကျက်ကျက် ပေါက်ကွဲထွက်သွားခဲ့သည်။
ဓားချီ…
ထိုအရာက အလွန်ထူးခြားသည့်တည်ရှိမှုတခုဖြစ်ပြီး နားလည်နိုင်စွမ်းမြင့်မားကာ အချိန်အတော်ကြာကျင့်ကြံထားမှသာ သိပ်သည်းနိုင်တာဖြစ်သည်။
ထိုက်ရွမ်ဂိုဏ်းသမိုင်းတလျှောက်ကို ကြည့်လျှင် အပြင်စည်း၌ မည်သူမျှ ဓားချီကိုနားမလည်နိုင်ခဲ့ပေ။
အတွင်းစည်း၌တောင် ပါရမီရှင်အနည်းငယ်သာ နားလည်ဖို့အရည်အချင်းပြည့်မှီ၏။
“အစောပိုင်းတုန်းက ငြိမ်ပြီးရပ်နေတာ, ငါတို့က သူကြောက်ပြီးရူးသွားပြီလို့ထင်နေတာ…”
“မမျှော်လင့်ပဲ ဓားချီကို နားလည်ထားတာပဲ…”
“ဓားချီနဲ့ဆိုရင် တကယ်ပဲရှောင်ဖို့မလိုဘူး…”
“ပြောကြတာတော့ ဓားချီက ဓားနည်းစနစ်ရဲ့စွမ်းအားကို တိုးမြှင့်ပေးနိုင်တယ်။ ဒါပေမဲ့ ဒါကြီးကအရမ်းကြမ်းလွန်းမနေဘူးလား…”
“ဓားချီကကို ဒီလောက်ကြောက်စရာကောင်းနေပီ။ ဒဏ္ဍာရီလာ သိုင်းပညာအနှစ်သာရဆို ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်မလဲ…”
အကြီးအကဲ၏စကားတွေက တည်ငြိမ်နေသည့်ရေပြင်ပေါ် မိုးကြိုးပစ်ချလိုက်သလို လူတိုင်းကိုစိတ်ရှပ်သွားစေခဲ့သည်။
“စီနီယာအကိုမုန့်က တကယ်ပဲ ဓားချီကိုနားလည်ခဲ့တာပဲ…”
ပိုင်စုရှီမနေနိုင်ပဲ သူမပါးစပ်ကို လက်ဖြင့်ကာကာ လှပသည့်မျက်လုံးတွေက တုန်လှုပ်မှုကြောင့် ပြူးကျယ်နေခဲ့သည်။
“ကြည့်ရတာ နောက်တစ်ကြိမ် သူ့ကိုလျှော့တွက်မိသွားပြန်ပြီ ထင်တယ်…”
အိုမင်းသည့်အသံ နောက်တစ်ကြိမ်ထွက်ပေါ်လာပြီး ပထမဆုံးအကြိမ်ဖြစ် လေးနက်မှုအရိပ်အရောင်တွေရှိနေခဲ့သည်။
နှစ်အတော်ကြာအသက်ရှင်နေထိုင်ခဲ့သည့် အစွမ်းထက်ကျင့်ကြံသူတယောက်အနေဖြင့် ယခု အကြွင်းအကျန်ဝိညာဉ်တစ်ခုသာ ရှိတော့သော်လည်း သူမ၏အတွေ့အကြုံတွေကတော့ရှိနေဆဲဖြစ်သည်။ သူမ၏ ခန့်မှန်းချက်တွေကို ထပ်ခါထပ်ခါရိုက်ချိုးနေသည့်သူတစ်ယောက်က လုံးဝသာမန်မဟုတ်နိုင်ပေ။
ဓားချီ…
ထိုအရာက လူတိုင်းနားလည်နိုင်သည့်အရာမဟုတ်ပေ။
ပိုင်စုရှီလို ထူးခြားသည့် နားလည်နိုင်စွမ်းနှင့်သူတောင် ခုချိန်ထိနားမလည်နိုင်သေးပေ။
သေချာပေါက်ပင်။ ထိုအရာက ပိုင်စုရှီ မကြာသေးခင်ကမှ စတင်ကျင့်ကြံသောကြောင့်ဖြစ်သည်။
“မင်းသာ ငယ်ငယ်ကတည်းက လေ့ကျင့်ခဲ့ပြီး ငါ့ရဲ့လမ်းညွှန်မှုနဲ့ဆိုရင် ခုချိန်မှာ သေချာပေါက်ဓားချီကိုနားလည်နေလောက်ပြီ….”
“ဒီကလေးရဲ့အလားအလာက မင်းထက်မနိမ့်ဘူး။ အိုမင်းသည့်အသံပြောလိုက်သည်…”
“ဟုတ်တယ်, စီနီယာအကိုမုန့်ကလည်း ပါရမီရှင်တစ်ယောက်ပဲ…”
အသိပြန်ဝင်လာပြီး ပိုင်စုရှီ ခေါင်းညိမ့်လိုက်သည်။ သူမ၏မျက်လုံးတွေကလည်း စစ်မှန်တဲ့ပျော်ရွှင်မှုကြောင့် တောက်ပနေခဲ့သည်။
ထိုအရာအရ သူမနှလုံးသားအောက်ခြေမှ အစစ်အမှန်ပျော်ရွှင်နေတာသိသာလှ၏။
ဤအရာသာ တခြားသူတစ်ယောက်ဆိုလျှင် သူမ၌ မည်သို့သောအလွန်အကျွံ စိတ်ခံစားမှုမျိုးမှရှိမည်မဟုတ်ပေ။ ထိုအရာက စီနီယာအကိုမုန့် ဖြစ်၏။
“စိတ်ဝင်စားစရာပဲ…”
အသံညင်သာစွာ ရေရွတ်လိုက်ပြီးတိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းဆွေးနွေးနေစဉ် မုန့်ချန်ချင်း တောင်ကြားဝင်ပေါက်ကို တဖြည်းဖြည်းချဉ်းကပ်လာခဲ့သည်။
ဝှစ်!
အကြီးအကဲ မုန့်ချန်ချင်းရှေ့မှာချက်ချင်း ပေါ်လာခဲ့သည်။
သူ့မျက်နှာက စိတ်လှုပ်ရှားမှုတွေနှင့် ပြည့်နှက်နေပြီး အဖြူရောင်မုတ်ဆိတ်မွှေးတွေတောင် တုန်ယင်နေခဲ့သည်။
“မင်း…မင်း နာမည်ဘယ်သူလဲ…”
မုန့်ချန်ချင်း အံ့ဩသွား၏။
ထို့နောက် ပြုံးလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“တပည့်နာမည် မုန့်ချန်ချင်းပါ…”
အခန်း (၁၄)
အတွင်းစည်းသို့ ဝင်ရောက်ခြင်း
“မုန့်ချန်ချင်း, တကယ့်ကိုနာမည်ကောင်းပဲ…”
စွန်းဟိုင်ရှန်း ပြောလိုက်သည်။
“ငါ့နာမည်က စွန်းဟိုင်ရှန်းပါ။ မင်းငါ့ကို အကြီးအကဲစွန်းလို့ခေါ်နိုင်တယ်…”
“ရုပ်သေးတောင်ကြားကို ကျော်ဖြတ်နိုင်လို့ ဂုဏ်ယူပါတယ်။ ယခုအတွင်းစည်းကို ဝင်နိုင်ပြီ…”
စွန်းဟန်ရှန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အပြင်စည်း၌ အကြီးအကဲတစ်ယောက်အဖြစ် အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်၍ ကျော်ဖြတ်နိုင်သူက သာမန်သူတစ်ယောက်သာဆိုလျှင် သူအရမ်းကြီးစိတ်လှုပ်ရှားမည် မဟုတ်ပေ။
အဆုံးမှာတော့ ထိုကပ်သီလေးကျော်ဖြတ်နိုင်သည့်သူတွေက အတွင်းစည်းကိုဝင်ရောက်ခဲ့လျှင်တောင် အောက်ခြေမှာသာရှိနေဆဲဖြစ်ပြီး မည်သည့်ဂရက်ရိုက်မှုကိုမှ ဖြစ်စေမည်မဟုတ်ပေ။
သို့ပေမဲ့ မုန့်ချန်ချင်းက ထူးခြား၏။
သူ့အလားအလာက မသာလျှင်တောင် အတွင်းစည်းတဖက်များစွာနှင့် တန်းတူနီးပါးဖြစ်သည်။
အတွင်းစည်း၌တောင် ချီကိုနားလည်နိုင်သည့်သူတွေက အလွန်ရှားပါးသည့် ပါရမီရှင်တွေဖြစ်ကြသည်။
“ဒီနေ့ မင်းပစ္စည်းတွေ သိမ်းဆည်းထားလိုက်။ မနက်ဖြန်မှ အတွင်းစည်းကိုခေါ်သွားပေးမယ်…”
စွန်းဟိုင်းရှန်း မုန့်ချန်ချင်းကို ဖုံးကွယ်မထားသည့် ကျေနပ်မှုတွေဖြင့် ကြည့်ကာပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ…”
မုန့်ချန်ချင်း မနေနိုင်ပဲ သက်သာရာရသွား၏။
အဆုံးမှာတော့ ဤအရာက သူအချိန်အတော်ကြာ ရည်မှန်းထားသည့် ပန်းတိုင်ဖြစ်၏။
သို့ပေမဲ့ ယခု စနစ်ရှိလာ၍ အတွင်းစည်းကိုဝင်ရောက်ခြင်းက အဆုံးသတ်မဟုတ်တော့ပေ။
သူ၏ ရှည်လျားသည့် သိုင်းပညာခရီးလမ်းရဲ့အစသာ ဖြစ်သည်။
အကြီးအကဲ၏ အတွင်းစည်းဆိုသည့် အသံကိုကြားသည့်အခါ လူအုပ်ထဲ၌ တီးတိုးဆွေးနွေးသံတွေ ထွက်ပေါ်လာ၏။
မုန့်ချန်ချင်းကိုကြည့်နေသည့် သူတို့မျက်လုံးတွေထဲ၌ မနာလိုမှုတွေရှိနေခဲ့သည်။
အတွင်းစည်းက ဂိုဏ်း၏ပင်မအုတ်မြစ်ဖြစ်၏။
ဤနေရာမှာရှိနေသည့်လူတိုင်း ထိုအရာတွက် ကြိုးစားနေကြပေမဲ့ ကျော်ဖြတ်နိုင်သည့်သူက အနည်းငယ်သာရှိသည်။
မုန့်ချန်ချင်းအကြည့် လူအုပ်အပေါ်ဝေဝဲသွားပြီး ရှဟန်ပေါ်မှာ ရပ်တန့်လိုက်၏။
သူတို့ အကြည့်ချင်းဆုံသွားသည့်အခါ ရှဟန်မျက်လုံးတွေထဲ၌ ကြောက်ရွံ့အားကျမှုတွေရှိနေခဲ့သည်။ လဝက်ကျော်ကျော်သာ ကြာမြင့်သေးပေမဲ့ ခွန်အားနှင့် အဆင့်အတန်း အကြီးအကျယ်ကိုပြောင်းလဲသွားပြီ ဖြစ်သည်။ သို့ပေမဲ့ မုန့်ချန်ချင်း မပြောင်းမလဲရှိနေဆဲ ဖြစ်သည်။
သူက အနည်းငယ်ပြုံးပြီး အရင်ကကဲ့သို့ ရှဟန်ကို ခေါင်းညိမ့်ပြလိုက်သည်။
ထို့နောက် အကြည့်ကို ပိုင်စုရှီဆီရွေ့လိုက်ပြီး လျှောက်သွားလိုက်သည်။
“ရုပ်သေးတောင်ကြားကို ကျော်ဖြတ်ပြီး အတွင်းစည်းကိုဝင်ရောက်နိုင်လို့ ဂုဏ်ယူပါတယ် စီနီယာအကိုမုန့်…”
ပိုင်စုရှီ စိတ်ရင်းမှန်ဖြင့်ပြုံးလိုက်သည်။
“မင်းရဲ့ ပါရမီနဲ့ဆိုရင် မင်းလည်းမကြာခင်ရောက်လာမှာပါ။ ငါကနည်းနည်းလေး ပိုစောသွားရုံပါ….”
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“ဟုတ်တယ်, စီနီယာအကိုမုန့် ခဏလေးစောင့် ညီမအမြန်လိုက်မှီလာမှာပါ…”
ပိုင်စုရှီ တက်တက်ကြွကြွ ခေါင်းညိမ့်လိုက်ပြီး သူမမျက်နှာ၌ ဆုံးဖြတ်ချက်ပြတ်သားမှုတွေ ပြသနေခဲ့သည်။
မုန့်ချန်ချင်း ပိုင်စုရှီ၏ စကားတွေကို လုံးဝသံသယ မရှိပေ။
ဤမိန်းကလေးက မကောင်းဆိုးဝါးဆန်သည့် ပါရမီရှိရုံသာမက အတော်လည်းကံကောင်း၏။
တခဏ စကားပြောပြီးနောက် မုန့်ချန်ချင်း ထွက်ခွာသွားခဲ့သည်။ သူကပစ္စည်းတွေသိမ်းဆည်းရန် ပြန်သွားဖို့ လိုအပ်သေး၏။
မုန့်ချန်ချင်း၏ ထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်ပြီး လူအုပ် ပေါက်ကွဲထွက်လာခဲ့သည်။ သူတို့က အကြီးအကဲရှိနေ၍သာ ထိန်းချုပ်နေကြရတာ ဖြစ်သည်။
သူတို့ပြောဆိုနေကြသည်မှာ မုန့်ချန်ချင်းအကြောင်းသာ ဖြစ်သည်-စိတ်လှုပ်ရှားမှု, အားကျမှု, မနာလိုမှုများ နှင့် အခြားသောခံစားချက်ပေါင်းစုံ ဖြစ်၏။
၎င်းမှာ ခံစားချက်မျိုးစုံ ရောပြွန်းနေခြင်းပင်။
သို့သော် အများစုမှာ မုန့်ချန်ချင်းအကြောင်း စူးစမ်းနေချင်ကြခြင်းသာ ဖြစ်သည်။
အဆုံးမှာတော့ သူ့နာမည်က အရင်က ကြားရုံသာကြားဖူးပြီး အတော်လေးမရင်းနှီး ဖြစ်နေ၏။
ယခုမှစ၍ အပြင်စည်းရှိလူတိုင်း မုန့်ချန်ချင်းနာမည်ကို မှတ်မိနေကြတော့မည် ဖြစ်သည်။
….
နောက်တစ်ရက် ရုပ်သေးတောင်ကြား၌
မုန့်ချန်ချင်း ရောက်လာပြီး စွန်းဟိုင်ရှန်း အသင့်စောင့်နေခဲ့သည်။
ယနေ့ စွန်းဟိုင်ရှန်း သန့်ရှင်းသပ်ရပ်သည့် ဂိုဏ်းဝတ်စုံကို ဝတ်ထားပြီး ပုံမှန်ဝတ်နေကျ ဝတ်စုံနှင့် တူမနေပေ။
“အကြီးအကဲကို နှုတ်ဆက်ပါတယ်…”
မုန့်ချန်ချင်း အနည်းငယ်အရိုသေပေးပြီး နှုတ်ဆက်လိုက်သည်။
“အင်း…”
စွန်းဟိုင်ရှန်း သူ၏အဖြူရောင်မုတ်ဆိတ်မွှေးတွေကို သပ်လိုက်ပြီး မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“သွားကြစို့, လမ်းမှာ ငါ မင်းကို အတွင်းစည်းနဲ့ ပတ်သက်တဲ့ အခြေအနေတွေပြောပြမယ်…”
“ပြီးရင် အတွင်းစည်းဝင်ရောက်တော့ လုပ်ရမဲ့အရာတွေကောပေါ့…”
“ကျွန်တော် နားထောင်နေပါတယ်…”
မုန့်ချန်ချင်း အာရုံစိုက်ပြီး ပြောလိုက်သည်။
သူက အတွင်းစည်းနှင့်ပတ်သက်၍ အချို့နားလည်ထားသော်လည်း ထိုအရာက တစိတ်တပိုင်းသာဖြစ်ပြီး ယေဘုယျသာ သိထားခြင်းဖြစ်သည်။
အစစ်အမှန်အခြေအနေတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိသေးပေ။
စွန်းဟိုင်ရှန်း သူတို့သွားနေရင်း ရှင်းပြလာသည်။
“အပြင်စည်းနဲ့ယှဉ်ရင် အတွင်းစည်းက ပိုရှပ်ထွေးတယ်။ အဲ့မှာ အဓိကတောင်ထိပ် ၇ခုရှိပြီး ထိုက်ရွမ်ရဲ့ အသက်သွေးကြော ၇ခုလို့ လူသိများတယ်။ သူတို့ထဲမှာ အသန်မာဆုံးကတော့ သဘာဝအတိုင်း ဂိုဏ်းသခင်တောင်ထိပ်ပဲ။ ကျန်တောင်ထိပ် ၆ခုကိုတော့ အကြီးအကဲဆောင်ရဲ့ အကြီးအကဲ ၆ ယောက်ကစီမံခန့်ခွဲတယ်….”
“မှတ်ထားပါ, အတွင်းစည်းမှာ မင်း ဂိုဏ်းစည်းမျဉ်းတွေကို မချိုးဖောက်မိစေနဲ့။ မဟုတ်ရင် အပြစ်ပေးတောင်ထိပ်ရဲ့ အာဏာရှိသူတွေက ညှာတာမှုပြမှာ မဟုတ်ဘူး…”
ထိုအရာကို ပြောသည့်အခါ စွန်းဟိုင်ရှန်း၏ မျက်နှာ၌ ကြောက်ရွံ့သည့် အရိပ်အရောင်အချို့ကို မြင်နိုင်၏။
“တကယ်ပဲ အဲလောက်တောင် စည်းကမ်းကြီးတာလား…”
မုန့်ချန်ချင်း တွေးတောရင်း မေးလိုက်သည်။
အပြင်စည်း၌ ဂိုဏ်းတူတပည့်အချင်းချင်း မတိုက်ခိုက်သ၍ စည်းမျဉ်းအများကြီး မရှိပေ။
“ဒါပေါ့, မဟာအကြီးအကဲက အပြစ်ပေးမှုကိုတာဝန်ယူပြီး မျက်နှာမလိုက်လို့ နာမည်ကြီးတယ်။ အစစ်မှန် တပည့်တွေတောင် အပြစ်လုပ်ရင် စည်းမျဉ်းတွေအတိုင်း အရေးယူခံရတယ်….”
စွန်းဟိုင်ရှန်း ထိတ်လန့်စွာဖြင့်ပြောလိုက်သည်။
“အစစ်မှန်တပည့်တွေတောင် အပြစ်ပေးခံရတယ်?”
မုန့်ချန်ချင်း တုန်လှုပ်သွား၏။
“အဲ့ဒီ မဟာအကြီးအကဲက အားကောင်းလား။ ဂိုဏ်းချုပ်ထက်တောင်မှ ပိုသန်မာတာလား….”
“သေချာပေါက်မဟုတ်ဘူးပေါ့…”
စွန်းဟိုင်ရှန်း ခေါင်းခါရမ်းလိုက်သည်။
“ဂိုဏ်းချုပ်က အားအကောင်းဆုံးပဲ။ ဒါပေမယ့် ဂိုဏ်းချုပ်ရဲ့စရိုက်က အတော်လေးသိမ်မွေ့တယ်။ သူကအခြားသူတွေလို အာဏာသိပ်မပြဘူး….”
“စကားလမ်းကြောင်းတွေ လွဲကုန်ပြီ။ မင်းအတွင်းစည်းကို ဝင်ပြီးရင် တောင်ထိပ်တစ်ခု ရွေးရမယ်။ အဲ့ဒါမှ သက်ဆိုင်ရာ အရင်းမြစ်တွေ, နည်းစနစ်တွေနဲ့ သိုင်းကျမ်းတွေ ရနိုင်မှာ….”
“ဒါပေမဲ့ ဂိုဏ်းသခင်တောင်ထိပ်က အချိန်အတော်ကြာကတည်းက တပည့်လက်ခံတာ ရပ်သွားပြီ။ မင်း ကျန်တောင်ထိပ် ၆ခုကိုပဲ ရွေးချယ်နိုင်မှာ။ မဟာအကြီးအကဲရဲ့ အပြစ်ပေးတောင်ထိပ်, ဒုတိယအကြီးအကဲရဲ့ ဆေးဘုရင်တောင်ထိပ်, တတိယအကြီးအကဲရဲ့ ခရမ်းမြူတောင်ထိပ်, စတုတ္ထအကြီးအကဲရဲ့ သိုင်းပညာတောင်ထိပ်, ပဉ္စမအကြီးအကဲရဲ့ အစီအရင်တောင်ထိပ်, ဆဌမအကြီးအကဲရဲ့ စိတ်ဝိညာဉ်တောင်ထိပ်တွေပဲ…”
“တောင်ထိပ် ၆ခုကြားမှာတော့ ခွန်အားကွာခြားမှု အများကြီးမရှိဘူး။ မင်းလွတ်လွတ်လပ်လပ်ရွေးချယ်နိုင်တယ်…”
“ဒါပေမဲ့ စိတ်ဝိညာဉ်တောင်ထိပ်ကို ရွေးချယ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်…”
“ဘာလို့လဲ…”
မုန့်ချန်ချင်း မျက်ခုံးတွေ မြင့်တက်သွား၏။
“ဘာလို့လဲဆိုတော့ မင်းက ဓားချီကိုလေ့ကျင့်ထားပြီးလို့လေ။ အနာဂတ်ကျရင် ဓားလမ်းစဉ်ကို လျှောက်လှမ်းဖို့ အလားအလာ အတော်များတယ်…”
“ပြီးတော့ ဂိုဏ်းမှာ စိတ်ဝိညာဉ်တောင်ထိပ်တစ်ခုကပဲ ဓားလမ်းစဉ်ကို အဓိကထားတာ…”
စွန်းဟိုင်ရှန်း ရှင်းပြလိုက်သည်။
“ဓားလမ်းစဉ်….”
မုန့်ချန်ချင်း စဉ်းစားတွေးတောလိုက်သည်။ သူက ယခုချိန်ထိ ကိုယ့်လက်နက်ကို မရွေးချယ်ရသေးပေ။ သို့ပေမဲ့ စနစ်က ဓားချီကို ထုတ်ပေးမှတော့ ယာယီဓားကျင့်ကြံရေးကိုသာ အာရုံစိုက်နိုင်မည်ဖြစ်သည်။ အနာဂတ်၌ အခြားရည်ရွယ်ချက်တွေရှိလာခဲ့လျှင် တပြိုင်တည်း လေ့ကျင့်နိုင်တာပဲဖြစ်သည်။
စွန်းဟိုင်ရှန်း၏ စကားတွေအရ ဤအခိုက်အတန့်၌ စိတ်ဝိညာဉ်တောင်ထိပ်က သူ့အတွက် အသင့်တော်ဆုံးဖြစ်ပုံရ၏။
စကားပြောနေရင်းဖြင့် သူတို့က လမ်းကြောင်းအဆုံးကိုရောက်လာခဲ့သည်။ ပတ်ဝန်းကျင်၌ နားမလည်နိုင်သည့် သင်္ကေတများစွာထွင်းထုထားသည့် ကွင်းပြင်ကျယ်ကြီးတစ်ခု ရှိနေခဲ့သည်။
“ဒီပို့ဆောင်ရေးအစီအရင်ကနေ အတွင်းစည်းကို တိုက်ရိုက်ရောက်သွားလိမ့်မယ်…”
စွန်းဟိုင်ရှန်း ရှင်းပြလိုက်သည်။ တချိန်တည်းမှာပဲ ကျောက်စိမ်းပြားတစ်ခု သူ့လက်ထဲမှာ ပေါ်လာခဲ့သည်။
ထို့နောက် ပို့ဆောင်ရေး အစီအရင်အလယ်ဗဟိုကို လျှောက်သွားလိုက်ရာ မုန့်ချန်ချင်းလည်း တွေဝေမနေပဲ သူ့နောက်မှလိုက်လာခဲ့သည်။ အတွင်းစည်းဝင်ရောက်ရမည့်လမ်းက ပို့ဆောင်ရေးအစီအရင်မှတဆင့်ဖြစ်နိုင်သည်ဟု သူအရင်က ကြားဖူး၏။
“မြဲမြဲရပ်ထား…”
စွန်းဟိုင်ရှန်း ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားကို ခြေထောက်အောက်ရှိ အစီအရင်ထဲ ထည့်သွင်းလိုက်၏။
ဝုန်း…
ပို့ဆောင်ရေး အစီအရင်တုန်ခါလာပြီး မျက်စိကျိန်းလောက်သည့် အလင်းတန်းတွေထွက်ပေါ်လာကာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်နှင့် မြေကြီးပြောင်းပြန်ဖြစ်သွားပြီး မြင်ကွင်းပြောင်းလဲသွားသလိုပင်။ မုန့်ချန်ချင်း မျက်လုံးဖွင့်လိုက်သည့်အခါ ပတ်ဝန်းကျင်က မရင်းနှီးပဲဖြစ်နေခဲ့သည်။
သူက မိုးထိအောင်မြင့်မားသည့် တောင်ထိပ်တွေကို မြင်နေရပြီး တိမ်တိုက်တွေ ရစ်သိုင်းနေခဲ့သည်။ များစွာသော စိတ်ဝိညာဉ်ငှက်တွေ ကျီကျီကျာကျာ အော်ဟစ်ပျံသန်းနေပြီး ဒဏ္ဍာရီထဲရှိ နတ်ဘုရားကုန်းမြေတစ်ခုကဲ့သို့ပင်။