အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း (၁၅)
အပြန်အလှန် မိတ်ဆွေဖွဲ့ခြင်း
အဝေးကို ကြည့်လိုက်သည့်အခါ….
မိုးထိအောင်မြင့်မားသည့်တောင်ထိပ် ၇ခုက ကောင်းကင်နှင့်မြေကြီးကြားမှာ မားမားမတ်မတ်ရပ်တည်နေခဲ့သည်။
ခန့်ညားထည်ဝါပြီး တက်ရောက်ရန်ခက်ခဲလှ၏။
ကြီးကျယ်ခမ်းနားပြီး ကျယ်ပြောလှသော အရှိန်အဝါများဖြင့် ပြည့်နက်နေကာ ရှေးကျပြီး နက်နဲသောအငွေ့အသက်များ လွှမ်းမိုးထားသည်။
ထန်းလင်စီရင်စု၌ ထိုက်ရွမ်ဂိုဏ်းကို အလွန်ရှေးကျသည့် ဂိုဏ်းအဖြစ်မှတ်ယူနိုင်၏။ တည်ထောင်သည့်အချိန်တစ်ခုတည်းနှင့်ပင် ၎င်းသည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသည်ဟု ဆိုကြသည်။
ပြောစကားတွေအရ လွန်ခဲ့သည့်နှစ်ပေါင်းထောင်ချီကတည်းက တည်ထောင်ခဲ့သည်ဟူ၍ပင်။
“အဲ့တာတွေက အဓိကတောင်ထိပ် ၇ခုပဲ….”
“မင်းအခုဘယ်သွားမလဲ ဆုံးဖြတ်ပြီးပြီလား…”
စွန်းဟိုင်ရှန်းမေးလိုက်သည်။
“စိတ်ဝိညာဉ်တောင်ထိပ်…”
မုန့်ချန်ချင်းအကြည့်ပြန်ရုတ်ပြီး ဖြေးညင်းစွာပြောလိုက်သည်။ စိတ်ဝိညာဉ်တောင်ထိပ်က ဓားကျင့်ကြံရေးတောင်ထိပ်တစ်ခုဖြစ်သည့်အတွက်ကြောင့် သဘာအတိုင်း သူ့အတွက်အသင့်တော်ဆုံးဖြစ်သည်။
“ကောင်းပြီလေ, ဒါဆိုလည်း ငါ မင်းကို စိတ်ဝိညာဉ်တောင်ထိပ်လိုက်ပို့မယ်…”
စွန်းဟိုင်ရှန်း ခေါင်းညိမ့်လိုက်ပြီး မည်သည့်အံ့ဩမှုမျှ မပြပေ။
စွန်းဟိုင်ရှန်း ဦးဆောင်မှုဖြင့် မုန့်ချန်ချင်းနောက်ဆုံးမှာ စိတ်ဝိညာဉ်တောင်ထိပ်ကို ရောက်ရှိလာခဲ့သည်။
သို့ပေမဲ့ သူတောင်ထိပ်မှာ မြင်လိုက်ရတာက…
အဆောက်အဦးတွေပဲဖြစ်ဖြစ် သဘာဝရှုခင်းတွေပဲဖြစ်ဖြစ် ထက်ရှသည့်ခံစားချက်တစ်ခု ခပ်မှိန်မှိန်ဖုံးလွှမ်းနေခဲ့သည်။
၎င်းက ဓားတောင်တစ်ခုကဲ့သို့ပင်။
သို့ပေမဲ့ မုန့်ချန်ချင်းကို အနည်းငယ်ပဟေဠိဖြစ်သွားစေသည့်အရာက လမ်းပေါ်၌ တပည့်တွေတစ်ယောက်မှ မရှိလုနီးပါး ဖြစ်နေတာပင်။
အတော်လေးခြောက်ကပ်လှ၏။
“အပြင်စည်းနဲ့ယှဉ်ရင် အတွင်းစည်းတဖက်အရေအတွက်က သဘာဝအတိုင်း သိသိသာသာပိုနည်းတယ်….”
မုန့်ချန်ချင်းအတွေးတွေကို ခန့်မှန်းမိပြီီး စွန်းဟိုင်ရှန်း သူ၏အဖြူရောင်မုတ်ဆိတ်မွှေးတွေကိုသပ်ကာ ပြောလိုက်သည်။
“ပြီးတော့ ပုံမှန်ဆိုရင် သူတို့က တံခါးပိတ်ကျင့်ကြံနေချင်နေ မဟုတ်ရင် အပြင်မှာ မစ်ဆင်သွားလုပ်နေကြတာ။ ဒါကြောင့် လမ်းပေါ်မှာ မြင်ရဖို့ဆိုတာ အတော်ရှားတယ်…”
ထိုအရာကို ကြားသည့်အခါ မုန့်ချန်ချင်း နားလည်သွားခဲ့သည်။
တကယ်ပင်…
တာဝန်ကျင့်ကြံခြင်း၌ လူတစ်ယောက်က မတိုးတက်ဘူးဆိုလျှင် နောက်ကျကျန်နေခဲ့မည် ဖြစ်သည်။ အပြင်ဘက် ကမ္ဘာကြီးကို လှည်လည်သွားလာဖို့ အားလပ်ချိန် ဘယ်ရှိပါတော့မည်နည်း။
“အနာဂတ်မှာ ဒါက မင်းနေထိုင်ရာ နေရာဖြစ်လာလိမ့်မယ်…”
စွန်းဟိုင်ရှန်း ခြံဝန်းရှေ့တစ်ခုမှာရပ်ပြီး ပြောလိုက်သည်။
“ကောင်းပါပြီ…”
မုန့်ချန်ချင်း ခေါင်းညိမ့်လိုက်၏။ အပြင်စည်းနှင့်ယှဉ်လျှင် ဒီခြံဝန်းက များစွာပိုကျယ်ဝန်းပြီး အတွင်းစည်းတပည့်တစ်ယောက်၏ အဆင့်အတန်းနှင့်လိုက်လျောညီ၏။
“ဒါတွေက စိတ်ဝိညာဉ်တောင်ထိပ်တပည့်တွေအတွက် အဝတ်အစားနဲ့ တံဆိပ်ပြားပဲ….”
စွန်းဟိုင်ရှန်း သူ့ ညာလက်ကို လှုပ်ရှားလိုက်သည့်အခါ ပစ္စည်းနှစ်ခု လက်ထဲမှာ ပေါ်လာခဲ့သည်။
“သိုလှောင်လက်စွပ်?...”
မုန့်ချန်ချင်း မျက်ခုံးအနည်းငယ် မြင့်တက်သွား၏။ ဤအရာက ရှားပါးပြီး အလွန်အဖိုးတန်သည့်ပစ္စည်းတစ်ခုဖြစ်၏။ သူသိထားသလောက်တော့ သိုလှောင်လက်စွပ်တွေအသုံးပြုဖို့ ပင်လယ်ခွဲခြမ်းခြင်းအဆင့် ကျင့်ကြံရေးကို လိုအပ်သည်။
ထိုအဆင့်၌ လူတစ်ယောက်က စစ်မှန်ချီကို အသုံးပြုနိုင်၏။ သို့ပေမဲ့ စွန်းဟိုင်ရှန်းက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်သာ ရှိသေးတယ်ဆိုတာ သိသာလှ၏။
သူ့အတွေးတွေကို ပျောက်ကွယ်စေလိုက်ပြီး မုန့်ချန်ချင်း ဆက်တွေးမနေတော့ပေ။ ဤရှုပ်ထွေးသည့် လောကကြီး၌ များစွာသောကိစ္စတွေက အကြွင်းမဲ့ သေချာသည်ဟူ၍မရှိပေ။
သူကလက်ဆန့်ထုတ်ပြီး ထိုအရာတွေကို ယူလိုက်၏။
“ငါ မင်းအတွက် ကျန်လုပ်ငန်းစဉ်တွေကို တာဝန်ယူလိုက်မယ်။ မင်းက ကျင့်ကြံရေးမှာပဲ အာရုံစိုက်ပါ…”
စွန်းဟိုင်ရှန်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ သာမန်သူတစ်ယောက်အတွက် သူက ဒီလောက်ထိ ယဉ်ကျေးနေမှာ မဟုတ်ပေမဲ့ မုန့်ချန်ချင်းကတော့ မတူပေ။
သူက ဓားချီကို နားလည်ထားပြီး အနာဂတ်အောင်မြင်မှုက အတော်မြင့်၏။
ယခုအချိန် အနည်းငယ်တက်ကြွခြင်းက သူ့ကိုယ်ပိုင်အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှု တစ်ခုဟု ယူဆနိုင်၏။ သို့ပေမဲ့ သူက အသက်ကြီးနေပြီဖြစ်ရာ အနာဂတ်အများကြီးတော့ ရှိပုံမပေါ်တော့ပေ။
“အထူးသဖြင့် ဒီပစ္စည်းပဲ။ ဒါက စိတ်ဝိညာဉ်တောင်ထိပ်တပည့်တွေအကုန် ကျင့်ကြံနိုင်တဲ့ အခြေခံဓားနည်းစနစ်တစ်ခုပဲ…”
“သိမ့်မွေ့ စဦးအဆင့် လေမိုးကြိုးဓားသိုင်း…”
စွန်းဟိုင်ရှန်း နောက်ထပ်သိုင်းကျမ်းတစ်ခုကို ထုတ်ယူလိုက်သည်။
မျက်နှာဖုံးပေါ်ရှိ စာလုံးကြီး ၄လုံးကိုကြည့်ပြီး မုန့်ချန်ချင်းမျက်လုံးတွေ ရုတ်တရက် တောက်ပသွားခဲ့သည်။
သိမ်မွေ့အဆင့် သိုင်းပညာ…
အပြင်ဘက်လောကကြီး၌ ဤအရာကို မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်းလာသည့် ရတနာတခုအဖြစ် သတ်မှတ်နိုင်၏။
သူတို့စီးပွားရေးမိသားစုတောင် မိတ္တူတစ်ခုသာရှိ၏။
သို့ပေမဲ့ ကျင့်ကြံနိုင်မည့်အခြေအနေကလည်း အတော်လေးကြမ်းတမ်း၏။
ထို့ကြောင့် ကလေးဘဝမှ အရွယ်ရောက်သည်အထိ သူထိုအရာကို တခါမှ မလေ့ကျင့်ခဲ့ဘူးပေ။
“ဒါက အခြေခံသိုင်းပညာတစ်ခုဆိုမှတော့ လူတိုင်းသင်ယူနိုင်သင့်တယ်။ ဒီလိုဆို ရိုးရှင်းသွားပြီပေါ့…”
မုန့်ချန်ချင်း နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွား၏။
စနစ်ရှိနေမှတော့ သူကိုယ်တိုင်လေ့ကျင့်ရမည်လား?
ထိုအရာက အနိမ့်ကျဆုံးနည်းလမ်းဖြစ်၏။
“ဟမ်? နောက်ထပ်အသစ်တစ်ယောက်လား…”
ရုတ်တရက် အသံတသံထွက်ပေါ်လာ၏။
မုန့်ချန်ချင်း ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဘေးခြံဝန်းမှပုံရိပ်တခု လျှောက်ထွက်လာတာ မြင်လိုက်ရသည်။
အသက်အရွယ်အားဖြင့် ၂၆, ၂၇လောက်ရှိနိုင်ပြီး မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားကာ ကျောမှာ ဓားရှည်တချောင်းကို လွယ်ထားခဲ့သည်။
“မင်းက အချိန်ကိုက် ရောက်လာတာပဲ။ ငါ မင်းကို မိတ်ဆက်ပေးရအုန်းမယ်။ ဒါက မုန့်ချန်ချင်းလေ။ အပြင်စည်းကနေ အသစ်ရောက်လာတဲ့ တပည့်တစ်ယောက်ပေါ့…”
စွန်းဟိုင်ရှန်း ပြောလိုက်သည်။
“ဒီတော့ မင်းက ဂျူနီယာညီလေးတစ်ယောက်ပဲ….”
ချင်ဖန်းမျက်နှာ အပြုံးတစ်ခုနှင့် တောက်ပသွား၏။
“စိတ်ဝိညာဉ်တောင်ထိပ်ကို ရွေးချယ်တာ ဉာဏ်ရှိတဲ့ ရွေးချယ်မှုတခုပဲ။ ဒီနေရာမှာရှိတဲ့ ကျင့်ကြံရေးလေထုက တခြားတောင်ထိပ်တွေလို မတင်းကြပ်ဘူး….”
“အပြင်စည်းလိုပဲ…”
“ငါက ချင်ဖန်းပါ။ ငါလည်း အပြင်စည်းတပည့်တစ်ယောက်ဖြစ်ခဲ့တာပဲ။ လွန်ခဲ့တဲ့ ၁၀နှစ်က အတွင်းစည်းကို ဝင်ရောက်ခဲ့တာလေ….”
ချင်ဖန်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“စီနီယာအကိုချင်…”
မုန့်ချန်ချင်း အနည်းငယ် ခေါင်းညိမ့်ပြလိုက်၏။
ထိုစဉ် သူက ချင်ဖန်းခေါင်းပေါ်ရှိ အချက်အလက်မျက်နှာပြင်ကို ကြည့်လိုက်သည်။
အခြေခံအချက်အလက်….
[အမည်- ချင်ဖန်း]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၆]
ပင်ကိုယ်ပါရမီအချက်အလက်…
[အမြစ်ရိုး- အဆင့် ၄]
[နားလည်နိုင်စွမ်း- သာမန်]
[သိုင်းပညာ: လေမိုးကြိုးဓားသိုင်း(ကျွမ်းကျင်), ဓားခြေလှမ်း(တစိတ်တပိုင်းကျွမ်းကျင်), လေဟာနယ်ထိုးခွဲခြင်းလက်(စဦးနားလည်ခြင်း)]
“အချက်အလက်တွေကြည့်ရသလောက် သူကတကယ်အပြင်စည်းကပဲ…”
မုန့်ချန်ချင်း စိတ်ထဲမှာတွေးလိုက်သည်။
သို့ပေမဲ့ သူ့အကြည့် လေမိုးကြိုးဓားသိုင်းပေါ်ကျရောက်သွားသည့်အခါ မျက်လုံးတွေအနည်းငယ်တောက်ပလာ၏။
တကယ်ကို အိပ်ချင်နေတုန်း ခေါင်းအုံးတွေ့လိုက်သလိုပင်။
ထိုအရာက အမှန်တကယ်ပဲ ကျွမ်းကျင်အဆင့်လေမိုးကြိုးဓားသိုင်းတစ်ခုဖြစ်နေခဲ့သည်။
သိမ်မွေ့အဆင့်သိုင်းပညာတွေက ကျင့်ကြံဖို့မလွယ်ပေ။ မြင့်မားသည့် နားလည်နိုင်စွမ်းသာမက အချိန်အများကြီလည်းလိုအပ်၏။
ဤကဲ့သို့ အသင့်ကျွမ်းကျင်ပြီးသားလူတယောက်နှင့် ဒီလောက်မြန်မြန်ကြီးတွေ့ရမယ်လို့ သူမျှော်လင့်မထားပေ။
ဤလူကို မိတ်ဆွေတစ်ယောက်ဖြစ် ပေါင်းထည့်ရမည်ပင်။
“ငါကြားတာတော့ မင်း မကြာသေးခင်က ကျမ်းဆောင်အကြီးအကဲဆီက လမ်းညွှန်မှုရပြီး လေမိုးကြိုးဓားသိုင်းကို ကျွမ်းကျင်အဆင့်ထိ ကျင့်ကြံနိုင်သွားတာဆို…”
စွန်းဟိုင်ရှန်း မေးလိုက်သည်။
“ဟုတ်ပါတယ်…”
ချင်ဖန်း ထိုအရာကိုကြားသည့်အခါ ဂုဏ်ယူစွာ ပြောလိုက်သည်။
တချိန်တည်းမှာပဲ သူ့အကြည့်က မုန့်ချန်ချင်းလက်ထဲက လေမိုးကြိုးဓားသိုင်းအပေါ် ကျရောက်သွားခဲ့၏။
“ဂျူနီယာမုန့် အနာဂတ်မှာ အခက်အခဲတခုခုတွေ့ခဲ့ရင် အကို့ကို လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်…”
ချင်ဖန်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“ဂျူနီယာမုန့်ကို ရှော့မတွက်လိုက်နဲ့။ သူက ဓားချီကိုတောင် နားလည်ထားပြီးပြီ။ နားလည်နိုင်စွမ်းက အံ့မခန်းပဲ…”
စွန်းဟိုင်ရှန်း ခေါင်းခါရမ်းလိုက်သည်။
ချင်ဖန်းအမူအရာ ရုတ်တရက်အေးခဲသွားပြီး မျက်လုံးထဲမှာ တုန်လှုပ်သည့် အရိပ်အရောင်တွေ တဖြေးဖြေးထွက်ပေါ်လာခဲ့သည်။
ဓား…ချီ?
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
သိထားရမှာက အစစ်အမှန်တပည့်တချို့တောင် ထိုအရာကို နားမလည်ကြသေးပေ။
ထိုအရာအရ ဘယ်လောက်ခက်ခဲတယ်ဆိုတာ စိတ်ကူးကြည့်နိုင်တာပဲဖြစ်သည်။
သို့ပေမဲ့ အပြင်စည်းမှ ဤဂျူနီယာက နားလည်နိုင်ခဲ့သည်။
တကယ်ကို ပါရမီရှင်တစ်ယောက်ပင်။
မဟုတ်သေးပေ။ သူ့ကိုထိပ်တန်းအဆင့် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်သင့်၏။
ထို့ပြင် ယခု ချောက်နက်ထဲမှာ ပုန်းကွယ်နေသည့် နဂါးတစ်ကောင် ထွက်ပေါ်လာပြီပင်။
အနာဂတ်မှာ မြင့်မားသည့်အမြင့်ကို ပျံတက်သွားမည် ဖြစ်သည်။
တခဏ ချင်ဖန်း အကြည့်တွေ ဂနာမငြိမ်ဖြစ်လာပြီး ပေါ့ပေါ့ပါးပါး မရှိတော့ကာ တဖြေးဖြေးအတော်လေး စိတ်အားထက်သန်လာခဲ့သည်။
သူ့အတွေးက စွန်းဟိုင်ရှန်းနှင့် အတူတူပင်။
ဤကဲ့သို့ လူတစ်ယောက်…, သေချာပေါက်မိတ်ဆွေဖွဲ့ရမည်ပင်။
“အပြင်စည်းတပည့်တွေထဲမှာ ဂျူနီယာမုန့်လို ပါရမီရှင်တစ်ယောက်ရှိမယ်လို့ မျှော်လင့်မထားဘူး…”
ချင်ဖန်းအသံ ပိုမိုနှိမ့်ချသွားပြီး ဂုဏ်ယူမှုတွေမရှိတော့ပေ။
ဓားချီနှင့် ရင်ဆိုင်ရာ၌ သူ၏ကျွမ်းကျင်အဆင့်လေမိုးကြိုးဓားသိုင်းက အမှန်တကယ်ကို ကြွားစရာမဟုတ်တော့ပေ။
“စီနီယာအကိုချင်း, မင်းက ကြင်နာလွန်းနေပါပြီ…”မုန့်ချန်ချင်း အနည်းငယ်ပြုံးလိုက်သည်။
“ငါတို့က ယခုအိမ်နီးချင်းတွေပဲ။ အနာဂတ်မှာ မင်းအကူအညီတခုခုလိုရင် အချိန်မရွေး ငါ့ဆီလာခဲ့ပါ။ ယဉ်ကျေးမနေပါနဲ့…”
ချင်ဖန်း ပြောလိုက်သည်။
“ငါက မင်းထက်အများကြီးအသက်ကြီးပေမဲ့ သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်နိုင်ပါတယ်….”
ဒင်!
[ချင်ဖန်း သင့်ထံသို့ သူငယ်ချင်းဖြစ်ရန်တောင်ဆိုချက် ပေးပို့လိုက်သည်] စနစ်အချက်ပေးသံ ထွက်ပေါ်လာ၏။
မုန့်ချန်ချင်း အနည်းငယ်ကြောင်သွား၏။
သူက ဘယ်လိုမိတ်ဆွေဖွဲ့ရမလဲ စဉ်းစားနေစဉ်မှာပဲ ချင်ဖန်းက ဦးစွာလာကမ်းလှမ်းနေခဲ့သည်။
ထိုအရာက တကယ်ကို မမျှော်လင့်ထားသည့် ပျော်ရွှင်မှုတစ်ခုပင်။
အခန်း (၁၆)
သိမ်မွေ့အဆင့် ကျွမ်းကျင်ကဒ်
“ဒါဆို နောက်ကျရင် စီနီယာအကိုချင်းကိုပဲ အားကိုးရတော့မှာပေါ့…”
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“အားနာမနေပဲ အကူအညီတောင်းနိုင်ပါတယ်…”
ချင်ဖန်း အလေးအနက် ပြန်ပြောလိုက်သည်။
ဒင်!
[ချင်ဖန်းကို မိတ်ဆွေအဖြစ် ထည့်သွင်းပြီးပါပြီ]
[လက်ရှိနှစ်သက်မှုအဆင့်- ကြယ်တစ်လုံး]
[ရရှိသောစွမ်းရည်- လေမိုးကြိုးဓားသိုင်း(ကျွမ်းကျင်အဆင့်)]
[အပိုဆောင်းဆုလာဒ်- သိမ်မွေ့အဆင့် ကျွမ်းကျင်ကဒ် ၃ကဒ်]
စနစ်၏အသံ သူ့စိတ်ထဲမှာ ပဲ့တင်ထပ်လာခဲ့သည်။
ထိုအရာက မဖော်ပြနိုင်လောက်အောင် အံ့ဩစရာကောင်း၏။
မုန့်ချန်ချင်းအပြုံး ပိုလို့တောင် တောက်ပလာသည်။
အမှန်တကယ်ပင် သူ့ကံက အလွန်ကောင်းနေခဲ့သည်။
သူလိုချင်သည့် စွမ်းရည်ကို ရရှိခဲ့ရုံသာမက အပိုဆောင်းဆုလာဒ်လည်း ရရှိခဲ့၏။
သိမ်မွေ့အဆင့် ကျွမ်းကျင်ကဒ်…
သိသာစွာပင် ထိုအရာက အဖိုးတန်အဆင့်မြင့် သိုင်းပညာကျွမ်းကျင်ကဒ်ဖြစ်ပြီး သိုင်းပညာကျွမ်းကျင်မှုတွေကို မြှင့်တင်နိုင်တာပဲ ဖြစ်သည်။
“ကောင်းပြီလေ, ငါ့မှာ အခြားကိစ္စရှိသေးလို့ အပြင်သွားလိုက်အုန်းမယ်…”
စွန်းဟိုင်ရှန်း မုန့်ချန်ချင်းကို ပြောလိုက်သည်။
“မဝေးတော့တဲ့ အနာဂတ်မှာ မင်း အစစ်အမှန်တပည့်အဖြစ် တိုးတက်သွားရတဲ့ သတင်းကြားရဖို့ မျှော်လင့်နေတယ်…”
“ကျွန်တော်ကြိုးစားမှာပါ…”
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
ချင်ဖန်း ဘေးတိုက်အကြည့်တချက် ကြည့်လိုက်သည်။
ကြည့်ရတာ အကြီးအကဲစွန်း က မုန့်ချန်ချင်းအပေါ် အတော်လေးကို ယုံကြည်မှု ရှိပုံရ၏။
သို့ပေမဲ့ ထိုအရာက ပုံမှန်ပင်။
ဓားချီကို နားလည်နိုင့်သည့် တပည့်တစ်ယောက်က အနာဂတ်၌ ထူးထူးခြားခြားအောင်မြင်မှုတွေရလာမှာ သံသယရှိစရာမလိုပေ။
သို့ပေမဲ့ သူ၏ပင်ကိုယ်ပါရမီက ဘယ်လိုရှိတယ်ဆိုတာတော့ မသိရသေးပေ။
အဆုံးမှာတော့ အစောပိုင်းကျင့်ကြံရေးအဆင့်တွေ၌ နားလည်နိုင်စွမ်းက သိုင်းကျမ်းတွေပေါ်မှာသာ အကျိုးသက်ရောက်မှုရှိ၏။
ကျင့်ကြံရေးနယ်ပယ် တိုးတက်ဖို့ဆို လူတစ်ယောက်က ပင်ကိုယ်ပါရမီအပေါ်မှာလည်း မှီခိုရသေး၏။
စွန်းဟိုင်ရှန်း ထွက်ခွာသွားပြီးနောက် မုန့်ချန်ချင်း ချင်ဖန်းနှင့် တခဏကြာစကားပြောနေခဲ့သည်။ အဓိက ကတော့ အတွင်းစည်းတပည့်တွေ၏ အခြေအနေအချို့ပဲ ဖြစ်သည်။
ထို့နောက် သူက သူ့ကိုယ်ပိုင်ခြံဝန်းကို ပြန်လာခဲ့လိုက်သည်။
တံခါးပိတ်လိုက်ပြီး….
မုန့်ချန်ချင်း ကုတင်ပေါ်မှာ ခြေချိတ်ထိုင်ကာ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
အခြေခံအချက်အလက်-
[ပိုင်ရှင်- မုန့်ချန်ချင်း]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၁]
ပင်ကိုယ်ပါရမီ အချက်အလက်-
[အမြစ်ရိုး- အဆင့် ၂]
[နားလည်နိုင်စွမ်း- သာမန်]
[သိုင်းပညာ…]
[မိတ်ဆွေ- ရှဟန်, ပိုင်စုရှီ, ချင်ဖန်း]
[မပေါင်းစပ်ရသေးသည့် စွမ်းရည်- လေမိုးကြိုးဓားသိုင်း(ကျွမ်းကျင်အဆင့်)]
[အသုံးမပြုရသေးသည့် ဆုလာဒ်- သိမ်မွေ့အဆင့် ကျွမ်းကျင်ကဒ် ၃ကဒ်]
“ပေါင်းစပ်မယ်”
တွေဝေမနေပဲ မုန့်ချန်ချင်းတိုက်ရိုက်ပဲ ပြောလိုက်သည်။
ဝှစ်…
ချက်ချင်းဆိုသလိုပဲ မရေတွက်နိုင်သည့် အလင်းရိပ်အပိုင်းအစတွေ သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။
ထိုအရာတွေအားလုံးက လေမိုးကြိုးဓားသိုင်း၏ အသိအမြင်တွေပင်။
မုန့်ချန်ချင်း ၎င်းတို့ကို ရူးသွပ်စွာစတင်စုပ်ယူလိုက်ပြီး သူ၏အိမ်မိုးကြိုးဓားသိုင်းပေါ် နားလည်နိုင်စွမ်းက တိုးတက်လာခဲ့သည်။
မကြာမီ ကျွမ်းကျင်အဆင့်ကိုရောက်ရှိလာခဲ့သည်။
ရွစ်!
မုန့်ချန်ချင်း ဓားဆွဲထုတ်လိုက်သည်။
လေနှင့် မိုးကြိုးသံက အခန်းထဲမှာ ပဲ့တင်ထပ်လာပြီး ရင်သက်ရှုမောဖွယ်အရှိန်အဟုန်ဖြင့် ကျယ်လောင်စွာဟိန်းဟောက်လာခဲ့သည်။
“လေမိုးကြိုးဓားသိုင်းက လေ၏လျှင်မြန်တဲ့အရှိန်ဖြင့် မိုးကြိုးရဲ့ ဖျက်ဆီးအားကောင်းတဲ့စွမ်းအားပဲ။ မဆိုးပါဘူး…”
မုန့်ချန်ချင်း ကျေနပ်စွာပြောလိုက်ပြီး ဓားပြန်သိမ်းလိုက်သည်။
ထိုအရာက သိမ်မွေ့အဆင့်သိုင်းပညာအဖြစ် တကယ်ပဲထိုက်တန်ပြီး အရိပ် ၉ခုဓားသိုင်းထက် အများကြီးပိုသန်မာ၏။
ထို့အပြင် ဤအရာက သိမ်မွေ့အဆင့်နိမ့်သိုင်းပညာတစ်ခုသာဖြစ်၏။ အလယ်အလတ်အဆင့်, အဆင့်မြင့် သို့မဟုတ် မြေကမ္ဘာအဆင့်တွေဆိုလျှင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိမ့်မည်နည်း။
မုန့်ချန်ချင်း အနည်းငယ်ခေါင်းရမ်းလိုက်ပြီး အများကြီးမတွေးဖို့ဆုံးဖြတ်လိုက်၏။
“စနစ်, သိမ်မွေ့အဆင့် ကျွမ်းကျင်ကဒ် ၁ကဒ်သုံးမယ်…”
သူကပြောလိုက်ပြီး လေမိုးကြိုးဓားသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ တိုးမြှင့်ဖို့ပြင်လိုက်သည်။
ပြီးပြည့်စုံခြင်းအဆင့်လေမိုးကြိုးဓားသိုင်း…
စွမ်းအားကပိုလို့တောင် ကြောက်စရာကောင်းလာပြီး ဓားချက်တွေက မိုးကြိုးလျှပ်စီးတွေကဲ့သို့ လှုပ်ရှားကာ မြေပြင်၌ လျှပ်စီးမြွေတွေ စီးဆင်းနေသကဲ့သို့ဖြစ်သည်။
ဒင်!
သိမ်မွေ့အဆင့် ကျွမ်းကျင်ကဒ် အသုံးပြုနေပါသည်။
ဘုန်း!
ပိုလို့တောင်နက်နဲသည့် အသိအမြင်တွေ သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။
မုန့်ချန်ချင်း အလျင်အမြန်ပဲ ၎င်းတို့ကို စုပ်ယူလိုက်သည်။
“ပြီးပြည့်စုံသွားပြီ…”
မျက်လုံးတွေ ဖွင့်လိုက်သည့်အခါ မုန့်ချန်ချင်းမျက်နှာပေါ်၌ အပြုံးတစ်ခုဖြတ်ပြေးသွား၏။
သူက ယခုအချိန်ထိတောင် အကြီးအကဲစွန်းပေးလိုက်သည့် ဓားသိုင်းစာအုပ်ကို မဖွင့်ရသေးပေ။ သို့ပေမဲ့ လေမိုးကြိုးဓားသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်သည်။
အစမှ အဆုံးထိ အသက်ရှုချိန် အနည်းငယ်သာကြာလိုက်တာဖြစ်သည်။
သူသာ ထိုအကြောင်းကို လိုက်ပြောလျှင် မည်သူမျှယုံမည်မဟုတ်ပေ။
“ဒီစနစ်က တကယ်အံ့ဩစရာကောင်းတာပဲ…”
မုန့်ချန်ချင်း ပြောပြီး လက်မထောင်ပြလိုက်သည်။
ယခု ပြီးပြည့်စုံခြင်းသိမ်မွေ့အဆင့်ဓားသိုင်းနှင့် သူ့ခွန်အားကသိသိသာသာ တိုးတက်လာပြီဖြစ်သည်။
ဓားချီနှင့်သာပေါင်းစပ်လိုက်လျှင် သာမန်အဆင့် ၆အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရတာက ပြဿနာမရှိတော့ပေ။
“နောက်တစ်ခုက ကျင့်ကြံရေးကို တိုးမြှင့်ရမဲ့အချိန်ပဲ…”
မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ်အရောင်လက်သွား၏။
သိုင်းပညာက အမြင့်မြတ်ဆုံးအာဏာရှိပြီး ခွန်အားက အရေးကြီးဆုံးဖြစ်သည့် ဤကမ္ဘာကြီး၌ သင်ကမိတ်ဆွေဖွဲ့ချင်လျှင် အလုံအလောက် သန်မာနေသ၍ မိတ်ဆွေသွားဖွဲ့စရာတောင်မလိုပေ။
တဖက်လူက ကိုယ်တိုင်ကိုယ်ကျရောက်လာမည်ဖြစ်သည်။
ဥပမာ စောနက ချင်ဖန်းလိုပင်။
အသက်ပြင်းပြင်းရှုလိုက်ပြီး မုန့်ချန်ချင်း အင်္ကျီလက်အိတ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုအရာက ပိုင်စုရှီပေးလိုက်သည့်အရာပင်။
ဖွင့်ကြည့်လိုက်သည့်အခါ ပြင်းထန်သည့် ဆေးရနံ့တစ်ခု အထဲမှ ထွက်ပေါ်လာခဲ့သည်။
ဒြပ်စင်စိတ်ဝိညာဉ်မြက်!
ဤအရာနှင့်ဆိုလျှင် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၃ကို အချိန်တိုအတွင်းရောက်နိုင်မည်ဟု မုန့်ချန်ချင်း ယုံကြည်မှုရှိ၏။