အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း (၁၉)
ထို့နောက်တခဏ စကားစမြည်ပြောပြီး ချင်ဖန်း ပျော်ရွှင်စွာထွက်ခွာသွားခဲ့သည်။
မသွားခင် မုန့်ချန်ချင်းကို ဂိုဏ်းတာဝန်တွေနှင့် ပတ်သက်ပြီး မမေ့ဖို့ သတိပေးခဲ့သည်။
အတွင်းစည်းတာဝန်တွေက အပြင်စည်းလောက် မများပေ။
တစ်နှစ်တစ်ခု ပြီးမြောက်လျှင်ကို လုံလောက်နေပြီး ဆုလာဒ်တွေကလည်းအတော်များ၏။ ယေဘုယျပြောရလျှင် သာမန်တာဝန် ၂ခုပြီးမြောက်လျှင်တောင် ဆေးလုံးတွေ သိုင်းပညာနည်းစနစ်တွေ စသည်ဖြင့် လဲလှယ်ဖို့လုံလောက်၏။
ချင်ဖန်းထွက်ခွာသွားပြီးနောက် မုန့်ချန်ချင်း အချက်အလက်ဇယားကို ဖွင့်ကြည့်လိုက်သည်။
အခြေခံအချက်အလက်-
[လက်ခံသူ- မုန့်ချန်ချင်း]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၄]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ်ရိုး- အဆင့် ၂]
[နားလည်နိုင်စွမ်း- သာမန်]
[သိုင်းပညာ- လေမိုးကြိုးဓားသိုင်းပြီးပြည့်စုံခြင်းအဆင့်, အရိပ် ၉ခုဓားသိုင်းပြီးပြည့်စုံခြင်းအဆင့်, ကြေးဝါချပ်ဝတ်ပြီးပြည့်စုံခြင်းအဆင့်]
[ပင်ကိုယ်စွမ်းရည်- ကျွမ်းကျင်လက်]
[မိတ်ဆွေ- ရှဟန်, ပိုင်စုရှီ, ချင်ဖန်း]
[မပေါင်းစပ်ရသေးသောစွမ်းရည်- ဓားခြေလှမ်း (တစိတ်တပိုင်းအောင်မြင်ခြင်းအဆင့်)]
[ကျန်ရှိသည့်ဆုလာဒ်- သိမ်မွေ့အဆင့် ကျွမ်းကျင်ကဒ် ၂ကဒ်]
“အပိုဆောင်းဆုလာဒ်ထပ်မရတာကတော့စိတ်မကောင်းစရာပဲ…”
မုန့်ချန်ချင်း အနည်းငယ်နောင်တရသလို ခံစားလိုက်ရ၏။
ထိုအပိုဆောင်းဆုလာဒ်တွေက တခြားဆုလာဒ်တွေထက် အမှန်တကယ်ကိုမနိမ့်ပေ။
၎င်းတို့မှာ ကျပန်းသာပေါ်လာလေ့ရှိပြီး အချိန်ပြည့် အာမခံချက်မရှိပေ။
သို့ပေမဲ့ မုန့်ချန်ချင်း လောဘကြီးသူမဟုတ်ပေ။ ဓားခြေလှမ်းရရှိတာကကို လုံလောက်နေပြီဖြစ်သည်။
အတွေးတချက်ဖြင့် သူကပေါင်းစပ်ဖို့ ရွေးချယ်လိုက်သည်။
ဒင်!
[ပေါင်းစပ်ခြင်းအောင်မြင်ပါပြီ]
အသံထွက်ပေါ်လာသည်နှင့် များစွာသော အသိအမြင်တွေ သူ့စိတ်ထဲစီးဝင်လာခဲ့သည်။
ထိုအရာတွေအားလုံးက ဓားခြေလှမ်းနှင့် ပတ်သက်တာတွေပင်။
ဓားခြေလှမ်းက သိမ့်မွေ့အဆင့် အခြေခံခြေလှမ်းနည်းစနစ်တစ်ခု ဖြစ်၏။
၎င်းက ခရီးဝေးသွားခြင်း သို့မဟုတ် လိုက်ဖမ်းခြင်းထက် ကျဉ်းမြောင်းသည့် နေရာတစ်ခုအတွင်း ခန္ဓာကိုယ်လှုပ်ရှားမှုတွေလျင်မြန်စွာပြောင်းလဲခြင်းကို အဓိက အာရုံစိုက်သည်။
ဤနည်းစနစ်ကို ဓားနည်းစနစ်နှင့် တွဲသုံးလျှင် ဓားနည်းစနစ်၏ စွမ်းအားကိုမြှင့်တင်ပေးနိုင်၏။
အံ့မခန်းဖြစ်ပြီး ကြိုတင်ခန့်မှန်းလို့ မရပေ။
“တချက်စမ်းကြည့်ကြတာပေါ့…”
အလုံးစုံစုပ်ယူပြီးနောက် မုန့်ချန်ချင်း နေရာတင်ပဲ သရုပ်ပြလိုက်သည်။
ထိုအခါ သူ့အရှိန်က အလွန်အမင်းမြန်နေတာကို မြင်လိုက်ရ၏။
ခြေလှမ်းတွေက လေကဲ့သို့ဖြစ်နေပြီး နောက်ခံပုံရိပ်တွေ ချန်ထားလုနီးပါးပင်။
မီတာအနည်းငယ်အတွင်း သူက လျင်မြန်စွာလှုပ်ရှားနေပြီး ကြိုတင်ခန့်မှန်းလို့မရပေ။
“အတော်မိုက်တဲ့ ခြေလှမ်းနည်းစနစ်ပဲ…”
ရပ်တန့်လိုက်ပြီး မုန့်ချန်ချင်း ခန္ဓာကိုယ်အတွင်းရှိသွေးနှင့် ချီစွမ်းအင်တွေကို တည်ငြိမ်စေလိုက်ကာ မျက်လုံးတွေတောက်ပလာ၏။
တကယ်ကို ဤအရာက သိမ့်မွေ့အဆင့် အခြေခံခြေလှမ်းနည်းစနစ်တစ်ခုဖြစ်၏။ ၎င်း၏လျင်မြန်ဖျတ်လတ်မှုတစ်ခုတည်းကကို သူ့အားတိုက်ခိုက်မှုအများစု ရှောင်တိမ်းဖို့ သို့မဟုတ် ချုံခိုတိုက်ခိုက်မှုတွေပြုလုပ်ဖို့ လုံလောက်၏။
တခါက ဝံပုလွေအုပ်မျိုးနှင့် ရင်ဆိုင်ရလျှင် တိုက်ခိုက်မှုတွေကို ခုခံနေဖို့မလိုအပ်တော့ပေ။
ယခု သူက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်ရာ ကြေးဝါချပ်ဝတ်သိုင်းကလည်း အတော်လေးမလုံလောက်တော့ပေ။
ထိုအရာက သာမန်သိုင်းပညာရှင်တွေနှင့် ရင်ဆိုင်ဖို့သာလုံလောက်၏။ သို့ပေမဲ့ အတွင်းစည်း၌ အားလုံးက ပါရမီရှင်တွေဖြစ်ကြ၏။
“ငါ အနာဂတ်မှာ စီနီယာရှလို ရုပ်ခန္ဓာကျင့်ကြံသူနှင့်မိတ်ဆွေဖွဲ့ရမယ်…”
မုန့်ချန်ချင်း မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။
ထို့နောက် အချက်အလက်ဇယား၏ အောက်ခြေကို ကြည့်လိုက်သည်။
သူ့၌ အသုံးမပြုရသေးသည့် သိမ်မွေ့အဆင့် ကျွမ်းကျင်ကဒ် ၂ကဒ် ရှိနေသေးရာ ဓားခြေလှမ်းပေါ်မှာ အသုံးပြုနိုင်၏။
ယခုအချိန်၌ ခန္ဓာသန့်စင်ခြင်းကဏ္ဍ၌ လစ်လပ်နေရာ သူက လျင်မြန်ဖျတ်လတ်မှုအပေါ်ပဲ မှီခိုရမည်ဖြစ်သည်။
ဓားခြေလှမ်း၌ အသေးစားအောင်မြင်မှုရရှိရုံဖြင့် ဤကဲ့သို့ ထူးခြားသည့်အကျိုးသက်ရောက်မှု ရှိနေပြီဖြစ်သည်။ ပြီးပြည့်စုံခြင်းအဆင့်ဆိုလျှင် ဓားနည်းစနစ်က ခြေလှမ်းနည်းစနစ်တင်မဟုတ်တော့ပေ။ ၎င်းက ဓားနည်းစနစ်ကိုလည်းပြီးပြည့်စုံစေနိုင်၏။
ထို့ကြောင့် ကျွမ်းကျင်ကဒ်တွေ ၎င်းပေါ်မှာသုံးတာ ဖြုန်းတီးခြင်းမဟုတ်ပေ။
“ဓားခြေလှမ်းတိုးမြှင့်ဖို့ ကျွမ်းကျင်ကဒ် ၂ကဒ်သုံးမယ်….”
ဒင်!
[သုံးစွဲမှုပြီးစီးပါပြီ၊ အဆင့်မြှင့်တင်ခြင်းအောင်မြင်ပါပြီ]
အရင်ကထက် ပိုများသည့်အသိအမြင်တွေ သူ့စိတ်ထဲမှာ လှိမ့်တက်လာခဲ့သည်။
ထိုအရာအားလုံးက ဓားခြေလှမ်း၏ အနှစ်သာရတွေပင်။
“ဓားခြေလှမ်း ပြီးပြည့်စုံခြင်းအဆင့်…”
မုန့်ချန်ချင်း သူ့မျက်လုံးတွေကို ဖြေးညင်းစွာဖွင့်လိုက်သည်။
ထို့နောက် ရှေ့ကိုခြေလှမ်းလိုက်ရာ တခဏအတွင်း သူ့ပုံရိပ်က နေရာမှာပျောက်ကွယ်သွားခဲ့သည်။
ပြန်ပေါ်လာသည့်အခါ ၁၀မီတာအဝေးကိုရောက်ရှိနေပြီဖြစ်သည်။
“ဒီအရှိန်… အရမ်းမြန်တာပဲ”
မုန့်ချန်ချင်း အံ့အားသင့်သွား၏။
တစ်စက္ကန့်လောက်နှင့် သူက ဤလောက်အကွာအဝေးကို ဖြတ်ကျော်သွားခဲ့သည်။
ရန်သူနှင့် ရင်ဆိုင်ရာမှာသာသုံးလျှင် သူတို့တွေ တုံ့ပြန်ဖို့အချိန်တောင် ရလိုက်မည်မဟုတ်ပေ။
“မဆိုးပါဘူး၊ မဆိုးပါဘူး…”
မုန့်ချန်ချင်း စိတ်လှုပ်ရှားလာ၏။
ဤသိမ်မွေ့အဆင့် ဓားခြေလှမ်းက စွမ်းအင်အများအပြားသုံးစွဲပြီး ခြေတစ်လှမ်းတည်းဖြင့် သူ၏ ချီစွမ်းအင် ၁၀ပုံ ၁ပုံလောက်ကုန်သွားစေ၏။
သို့ပေမဲ့ ထိုအရာက ကိစ္စမရှိပေ။
ဤကဲ့သို့စွမ်းအားနှင့် သူက ရန်သူတွေကို တစ်ချက်တည်းနှင့် အနိုင်ယူနိုင်တာပဲဖြစ်သည်။
တိုက်ပွဲရှည်ကြာနေလျှင်တော့ တစ်ခုတည်းသော ဆိုလိုရင်းက သူအားနည်းလွန်းနေတာပင်။
ထို့နောက် သန့်ရှင်းသည့်အဝတ်အစားလဲကာ ဂိုဏ်းမှထွက်ပြီး သူ့မိသားစုကို ပြန်ဖို့ဆုံးဖြတ်လိုက်၏။
အရင်းအမြစ်မရှိပဲနှင့် ကျင့်ကြံရေးမှာ တိုးတက်ဖို့က ခက်ခဲနေမည်ဖြစ်သည်။
ကမ္ဘာကြီး၌ စိတ်ဝိညာဉ်စွမ်းအင်ရှိသော်လည်း သူက ယခုအချိန်ထိ မစုပ်ယူနိုင်သေးပေ။
သူက ပိုမြင့်သည့်နယ်ပယ်ကို အရင်ဆုံးသွားရမည်ပင်။
သို့ပေမဲ့ ဂိုဏ်းမှ မထွက်ခင် မုန့်ချန်ချင်း တာဝန်ခန်းမကို သွားဖို့ ရွေးချယ်လိုက်၏။
အပြင်သွားမှတော့ တာဝန်အချို့လုပ်ဆောင်လို့ရတာပဲဖြစ်သည်။
သူ၏လက်ရှိခွန်အားနှင့် တာဝန်အများစုက ခက်ခဲမည်မဟုတ်ပေ။
ထို့အပြင် အတွင်းစည်းတာဝန်တွေအတွက် ဆုလာဒ်က နိမ့်မည်မဟုတ်ပေ။
တာဝန်ခန်းမကို ရောက်သည့်အခါ…
အပြင်ဘက်နှင့်ယှဉ်လျှင် ဤနေရာ၌ တပည့်တွေ သိသိသာသာ ပိုများ၏။
မုန့်ချန်ချင်း အခွင့်အရေးကို အမိအရယူပြီး သူတို့၏ အချက်အလက်ဇယားတွေကို ကြည်လိုက်သည်။
အားလုံးက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တွေဖြစ်ကြသည်။
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် တစ်ယောက်မှမပါပေ။
သို့ပေမဲ့ ထိုအရာက ပုံမှန်ပဲ ဖြစ်သည်။
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကျင့်ကြံသူတွေက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကျင့်ကြံသူတွေနှင့် မတူပေ။
၎င်းတို့က ဂိုဏ်း၏အဓိကလူတွေဖြစ်ကြ၏။
သဘာဝအတိုင်း တာဝန်ခန်းမလို နေရာတစ်ခုကို လာမည်မဟုတ်ပေ။
“အဆင့် ၄,အဆင့် ၄… အို, အဆင့် ၃ တစ်ခုရှိတာပဲ…”
မုန့်ချန်ချင်း သူတို့၏ အမြစ်ရိုးပါရမီတွေကို ကြည့်လိုက်သည်။
အများစုက အဆင့် ၄တွေဆိုတာသူတွေ့လိုက်၏။
ရံဖန်ရံခါ အဆင့် ၃အနည်းငယ်တွေ့ရ၏။
ကြည့်ရတာ အတွင်းစည်း၌ နေရာတိုင်း ပါရမီရှင်တွေကြီးပဲဆိုသည့် သတင်းက လုံးဝမှန်နေပုံမရပေ။
ဒါမှမဟုတ် ဤနေရာရှိ လူတွေအများစုက အပြင်စည်းမှ ဝင်ရောက်လာကြတာဖြစ်ပြီး တကယ့်အစစ်အမှန်ပါရမီရှင်တွေက ဤနေရာမှာ မရှိတာဖြစ်နိုင်၏။
ထို့သို့သာဖြစ်နိုင်၏။
အများကြီးမတွေးတော့ပဲ မုန့်ချန်ချင်း အခြားပါရမီရှင် အချက်အလက်တွေပေါ် အာရုံစိုက်လိုက်သည်။
အမြစ်ရိုးအတွက်တော့ အဆင့် ၁မှလွဲလျှင် ကျန်တာတွေက သူ့အတွက်အများကြီး အသုံးဝင်မည်မဟုတ်ပေ။
ထို့ကြောင့် အခြားပင်ကိုယ်စွမ်းရည်တွေပေါ်မှာသာ အာရုံစိုက်ဖို့တတ်နိုင်၏။
ပင်ကိုယ်စွမ်းရည်, သွေမျိုးဆက်, သိုင်းပညာ အစရှိသဖြင့်ကဲ့သို့ပင်….
“နေမင်းဖြာဓားသိုင်း နာမည်ကတော့အတော်မိုက်သား။ ဒါက ဓားသိုင်းကျင့်ကြံတဲ့ အဓိကတောင်ထိပ်ကပဲ ဖြစ်ရမယ်….”
“လူသားအစီအရင်နည်းစနစ်, ဒါကအစီအရင်တောင်ထိပ်က အစီအရင်နည်းစနစ်တစ်ခုဖြစ်မယ်….”
မုန့်ချန်ချင်း တယောက်ပြီးတယောက်လိုက်ကြည့်နေပြီး အတွင်းစည်းပေါ်နားလည်နိုင်စွမ်းကလည်း ပိုမို နက်နဲလာသည်။
အတွင်းစည်း၌ တောင်ထိပ် ၇ခုရှိပြီး ထိုက်ရွမ်၏ အသက်သွေးကြော ၇ခုဟူ၍လည်း လူသိများ၏။
၎င်းတို့မှာ အဓိကတောင်ထိပ်, အပြစ်ပေးတောင်ထိပ်, ဆေးဘုရင်တောင်ထိပ်, ခရမ်းမြူတောင်ထိပ်, သိုင်းပညာတောင်ထိပ်, အစီအရင်တောင်ထိပ်နှင့် စိတ်ဝိညာဉ်တောင်ထိပ်တို့ ဖြစ်ကြသည်။
တောင်ထိပ်တစ်ခုဆီ၌ ၎င်းတို့၏ကိုယ်ပိုင် လေ့ကျင့်ရေးစနစ်တွေရှိကြ၏။
သူက စိတ်ဝိညာဉ်တောင်ထိပ်နှင့် ခရမ်းမြူတောင်ထိပ်တို့၏ သိုင်းပညာတွေကို စိတ်ဝင်စား၏။
ရှေ့တစ်ခုက သူလက်ရှိအဓိကကျင့်ကြံနေသည့် ဓားပညာဖြစ်၏။
နောက်တစ်ခုကတော့ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကို အထူးပြု၏။
ထိုခရမ်းမြူတောင်ထိပ်၌ သူတို့တောင်ထိပ်ရှိ စိတ်ဝိညာဉ်ဓားကျမ်းနှင့် ယှဉ်နိုင်သည့် ရတနာတစ်ခုရှိသည်။
၎င်းကို ဧကရာဇ်လောကကောင်းကင်ကျမ်းဟု ခေါ်သည်။
သို့ပေမဲ့ တာဝန်ခန်းမထဲရှိ ခရမ်းမြူတောင်ထိပ်တပည့်တွေ၌ ထိုအရာကိုပိုင်ဆိုင်ဖို့က မဖြစ်နိုင်ပေ။
ထိုကဲ့သို့ နည်စနစ်က အလွန်အမင်းအရေးပါသည့်တပည့်တွေသာ လေ့ကျင့်နိုင်၏။
သေချာပေါက်ပင် မုန့်ချန်ချင်း ထိုအရာနှင့်ပတ်သက်ပြီး အများကြီးမတွေးပေ။
အဘယ်ကြောင့်ဆိုသော် ထိုအရာက လက်တွေ့မဆန်လှပေ။
သူ့ထင်မြင်ချက်အရ သိမ်မွေ့အဆင့်ရုပ်ခန္ဓာသန့်စင်ခြင်းနည်းစနစ်ကကို လုံလောက်နေပြီဖြစ်သည်။
သို့ပေမဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ခရမ်းမြူတောင်ထိပ်မှ မည်သည့်တပည့်ကိုမှ မတွေ့ပေ။ ထိုအရာက တကယ်ကိုစိတ်မကောင်းစရာပင်။
မိတ်ဆွေဖွဲ့လောက်အောင် သိသိသာသာတန်ဖိုးရှိသည့်သူ ဘယ်သူမှမရှိဘူးဆိုတာအတည်ပြုပြီးနောက် မုန့်ချန်ချင်း ကောင်တာကိုသွားပြီး တာဝန်တစ်ခုရွေးချယ်လိုက်၏။
သို့ပေမဲ့ ထိုအချိန်မှာပဲ စိတ်လှုပ်ရှားနေသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကြည့်စမ်း, ရှီမိသားစုကညီကိုတွေ ရောက်နေတယ်….”
အခန်း (၂၀)
ကျောက်တုံးသွေးမျိုးဆက်၊ ဒီကောင်က ၈နှစ်?
စကားသံတွေထွက်ပေါ်လာသည်နှင့် ပုံရိပ်နှစ်ခုရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်တွေကို အလွန်အမင်းအရပ်ရှည်သည်ဟု ဖော်ပြနိုင်ပြီး ၂မီတာခွဲလောက်ထိရှည်လျား၏။
သူတို့၏ခန္ဓာကိုယ်တွေကကြွက်သားတွေနှင့် တောင့်တင်းခိုင်မာလှပြီး ပွင့်ထွက်တော့မည့်အတိုင်းပင်။
တစ်ကိုယ်လုံးက တောင်ကုန်းတစ်ခုကဲ့သို့ လေးလံလှပြီး မုန့်ချန်ချင်းတောင် သူတို့ကို မြင်သည့်အခါ အနည်းငယ်ဖိအားကို ခံစားလိုက်ရသည်။
ထိုလူနှစ်ယောက်မှာ တံခါးစောင့်နတ်မင်းကြီးတွေနှင့် ယှဉ်တူပြီး အလွန်အားကောင်းကြ၏။
မုန့်ချန်ချင်း အာရုံစိုက်လိုက်ပြီး ထိုလူနှစ်ယောက်၏အချက်အလက်ဇယားတွေကို ကြည့်လိုက်သည်။
အခြေခံအချက်အလက်…
[အမည်- ရှီဂွမ်း]
[မျိုးနွယ်- လူမျိုး]
[ကျင့်ကြံရေး- အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၄]
ပင်ကိုယ်ပါရမီအချက်အလက်….
[အမြစ်ရိုး- အဆင့် ၃]
[နားလည်နိုင်စွမ်း- သာမန်]
[သွေမျိုးဆက်- ကျောက်တုံးသွေးမျိုးဆက်(ဖုံးကွယ်ထား)]
[သိုင်းပညာ- “ကောင်းကင်အကာအကွယ်ခန္ဓာကိုယ်”(ပြီးပြည့်စုံခြင်းအဆင့်), “ကောင်းကင်ကြယ်တာယာလက်သီး”(တစိတ်တပိုင်းကျွမ်းကျင်)]
“ဒါတကယ်သွေးမျိုးဆက်ပါလား…”
မုန့်ချန်ချင်း မျက်ခွံတွေကျုံ့သွား၏။
ဤအရာက ပင်ကိုယ်စွမ်းရည်ထက်တောင် ပိုရှားပါးသည့်အရာဖြစ်ပြီး ထိုကြောက်စရာကောင်းသည့်ရုပ်ခန္ဓာတွေနှင့် ယှဉ်နိုင်၏။
လူတစ်ယောက်၌ သွေမျိုးဆက်ရှိနေလျှင် ထိုအရာက သူတို့၏ဘိုးဘေးတွေထဲ၌ အလွန်အမင်းအားကောင်းသည့်လူတစ်ယောက်ရှိခဲ့တယ်ဆိုတာကို ဆိုလိုတာပဲဖြစ်သည်။
“ကျောက်တုံးသွေးမျိုးဆက်…”
မုန့်ချန်ချင်း အရင်က အမျိုးမျိုးသောစာအုပ်တွေထဲမှာမြင်ဖူးတာကို အမှတ်ရလိုက်သည်။
ထိုအထဲ၌ ၎င်းသွေးမျိုးဆက်နှင့်ပတ်သက်သည့်မှတ်တမ်းတွေရှိပြီး ခန္ဓာသန့်စင်သူတွေအတွက် အသင့်တော်ဆုံးသွေးမျိုးဆက်ဖြစ်သည်။
ဤသွေးမျိုးဆက်အမျိုးအစားက အချိန်အတော်ကြာတည်းကပျောက်ကွယ်သွားပြီဟု သူထင်ထားခဲ့သည်။
မမျှော်လင့်စွာပဲ ယခုမျက်စိရှေ့၌ အထင်းသားပေါ်လာခဲ့သည်။
ကျောက်တုံးသွေးမျိုးဆက်…
ပိုင်ဆိုင်သူတွေက သဘာဝရုပ်ခန္ဓာကျင့်ကြံသူတွေဖြစ်ကြ၏။
၎င်းတို့က မည်သည့်ခန္ဓာသန့်စင်နည်းစနစ်ကိုမဆို ကျင့်ကြံရာ၌ တဝက်ကြိုးစားရုံဖြင့် ရလဒ် ၂ဆရရှိမည်ဖြစ်သည်။
ထို့ပြင်ကျောက်တုံးသွေးမျိုးဆက်က ရုပ်ခန္ဓာခွန်အားကိုအလိုအလျောက်တိုးတက်အောင်လည်း ပြုလုပ်ပေးနိုင်၏။
ခုခံရေးတခုထဲ၌ ၎င်းကို ပြိုင်ဘက်ကင်းဟုဆိုနိုင်၏။
နှလုံးသားထဲကတုန်လှုပ်မှုကို ဖိနှိပ်ပြီး မုန့်ချန်ချင်း အငယ်ကောင်၏ အချက်အလက်ပြဇယားကို ကြည့်လိုက်သည်။
အငယ်ကောင်၏နာမည်က ရှီယောင်ဖြစ်သည်။
အချက်အလက်တွေက ရှီဂွမ်းနှင့် တူညီလုနီးပါးပင်။ မတူတာဆို၍ ကျင့်ကြံရေတဆင့် နိမ့်နေတာပဲဖြစ်သည်။
“ရှီဂွမ်း, ရှီယောင်… ဘာလို့သူတို့နာမည်တွေက ဂုဏ်ရောင်တွေနဲ့တောက်ပနေသလိုဖြစ်နေရတာလဲ…”
မုန့်ချန်ချင်း ခေါင်းအနည်းငယ်ခါရမ်းလိုက်သည်။
ထို့နောက်သူ့မျက်လုံးတွေ မီးတောက်လာ၏။
ကျောက်တုံးသွေးမျိုးဆက်….
သူသာဤစွမ်းရည်ကိုရရှိလျှင် အနာဂတ်၌ ခုခံရေးအတွက် စိုးရိမ်ဖို့လိုပါအုန်းမည်လား။
အခြေခံအားဖြင့် ဘာမှစိတ်ပူစရာမလိုတော့ပေ။
အလွန်အမင်းသေစေနိုင်သည့်တိုက်ကွက်တွေသာမဟုတ်လျှင် သူ့အရေပြားကိုတောင်ချိုးဖျက်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သေချာပေါက် မိတ်ဆွေဖွဲ့ဖို့ နည်းလမ်းရှာရမည်ဖြစ်သည်။
မုန့်ချန်ချင်း လက်သီးအနည်းငယ်ဆုပ်လိုက်၏။
ဤနေရာ၌ ရှီဂွမ်းနှင့် ရှီယောင်ထက် ကျင့်ကြံရေးပိုအဆင့်မြင်သည့်လူတွေ များစွာရှိနေသော်လည်း သူတို့နှစ်ယောက်ဝင်လာပြီးနောက် ရှင်းမပြနိုင်သည့်ဖိအားတစ်ခု ထွက်ပေါ်လာပြီး မည်သူမျှပေါ့ပေါ့ပါးပါးစကားမပြောရဲတော့ပေ။
ရှီညီအကို နတ်ဆိုးတစ်ကောင်သတ်မည့်တာဝန်တစ်ခုယူပြီး ထွက်ခွာသွားမှသာ လေထုကတဖြေးဖြေး သက်တောင့်သက်သာရှိလာခဲ့သည်။
တာဝန်ခန်းမလည်းနောက်တစ်ကြိမ် ဆူဆူညံညံဖြစ်လာ၏။
“ရှီညီအကိုရဲ့ အော်ရာကကြောက်စရာကောင်းလွန်းတယ်။ ငါက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၆ဖြစ်ပေမဲ့ စကားတောင်မပြောရဲဘူး။ လည်ပင်းထဲ တခုခုဆို့ထားသလိုခံစားနေရတယ်…”
“မင်းက သူတို့နဲ့ ယှဉ်လို့ရမလား။ သူတို့က ပါရမီရှင်တွေထဲက ပါရမီရှင်တွေ။ ဂိုဏ်းကိုဝင်လာတာ ၂လပဲရှိသေးတယ် သွေးကြောပုံသွင်းခြင်းနယ်ပယ်အဆင့် ၉ကနေအပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၃ ဒါမှမဟုတ်အဆင့် ၄ထိချိုးဖျက်ပြီးသွားပြီ…”
“အဲ့လောက်တောင် ကြောက်စရာကောင်းတာလား….”
“သေချာတာပေါ့, ငါကြားထားတာရှိသေးတယ်။ ခရမ်းမြူတောင်ထိပ်ကတစ်စုံတစ်ယောက်က ဒီညီကို၂ယောက်ကိုတပည့်အဖြစ်လက်ခံဖို့ ပြင်နေတယ်ဆိုပဲ…”
…
ပတ်ဝန်းကျင်ရှိလူတွေ စကားတွေဆက်ပြောနေခဲ့ကြသည်။
ဤအရာက မုန့်ချန်ချင်း၏ ထိုညီအကို ၂ယောက်အပေါ် နားလည်မှုအားပိုနက်နဲလာစေခဲ့သည်။
“ဘယ်သူမှ ကျောက်တုံးသွေးမျိုးဆက်အကြောင်း မပြောကြဘူး။ ဖြစ်နိုင်တာ ဂိုဏ်းက ဒါကို ဖုံးကွယ်ထားလို့ ဒါမှမဟုတ် ရှာမတွေ့သေးလို့ပဲ….”
မုန့်ချန်ချင်း မျက်လုံးတွေ အတွေးနက်သွား၏။
အဘယ်ကြောင့်ဆိုသော် ရှီဂွမ်းဇယား၌ ကျောက်တုံးသွေးမျိုးဆက်နောက်ရှိ “ဖုံးကွယ်ထား”ဆိုသည့် စကားလုံးကို ရှင်းရှင်းလင်းလင်းမြင်လိုက်သောကြောင့်ပင်။
ကျင့်ကြံရေးလောက၌ အမြစ်ရိုးပဲဖြစ်ဖြစ်၊ ပင်ကိုယ်စွမ်းပဲဖြစ်ဖြစ် ဒါမှမဟုတ် သွေးမျိုးဆက်ပဲဖြစ်ဖြစ် ရံဖန်ရံခါ၌ ဖုံးကွယ်ထားတတ်၏။
ထိုအရာက အလိုအလျှောက်ကာကွယ်ပေးသည့် နည်းစနစ်တစ်ခုဖြစ်ပြီး အလွန်အမင်းသိသာမြင်သာရှိခြင်းမှ ကာကွယ်ထားခြင်းဖြစ်သည်။
သစ်တောထဲရှိ သစ်ပင်မြင့်တစ်ပင်နှင့်တူ၏။
ဒါပေမယ့် ဒီနှစ်ယောက်ရဲ့ ကြောက်မက်ဖွယ်ရုပ်ခန္ဓာတွေကလည်း ဖုံးကွယ်ထားတာပဲလား?....
မုန့်ချန်ချင်း ခေါင်းခါယမ်းလိုက်ပြီး အများကြီးမတွေးတော့ပေ။
ဤအရာက ယခုချိန်မှာ သူအာရုံစိုက်ရမည့်အရာမဟုတ်ပေ။
အာရုံစိုက်ရမည်က ထိုနှစ်ယောက်ကို မိတ်ဆွေအဖြစ်မည်သို့ပေါင်းထည့်ရမည်ဆိုတာပင်။
ဗလှိုင်းကြီး တိုက်ရိုက်ချည်းကပ်သွားပြန်လျှင်လည်း သူတို့က သူ့ကို အဖတ်တောင်လုပ်မည်မဟုတ်ပေ။
“အခွင့်အရေးတစ်ခုရှာရမယ်….”
အတွေးကိုပြန်ရုတ်သိမ်းပြီး မုန့်ချန်ချင်း စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။
“အရေးကြီးဆုံးက ခွန်အားဖြစ်နေဆဲပဲ။ မြန်မြန် ငါ့ကျင့်ကြံရေးကို တိုးမြှင့်ရမယ်။ ဒါကသာ မှန်ကန်တဲ့လမ်းကြောင်းပဲ….”
“သစ်ပင်မြှင့်ရင် ဖီးနစ်ငှက်လာနားလိမ့်မယ်။ ပန်းတွေရနံ့သင်းရင် ပျား၊ပုတုန်းတွေ လာလိမ့်မယ်….”
ခွန်အားအဆင့်အတန်းတူညီနေမှ ဒါမှမဟုတ် သာလွန်နေမှသာ မိတ်ဆွေဖြစ်ဖို့ အခွင့်အရေးရှိနိုင်၏။
ထို့ပြင် ယခုချိန် သူ့၌ ဝှက်ဖဲများစွာရှိရာ အမှန်တကယ် ကျောက်တုံးသွေးမျိုးဆက်အတွက် အလျှင်မလိုသေးပေ။
“ဒါနဲ့ အဲ့ညီအကိုနှစ်ယောက်အသက်က ဘယ်လောက်လဲ….”
“သူတို့ပုံစံတွေအရတော့ ၃၀၊ ၄၀ လောက်တော့ရှိမယ်ထင်တယ်နော်…”
တစ်စုံတစ်ယောက် ရုတ်တရက် မေးလိုက်သည်။
“မင်းကို အမှန်တိုင်းပြောရရင် ယုံကြည်ရတဲ့အချက်အလက်တွေအရ သူတို့က ၈နှစ်ပဲရှိသေးတယ်တဲ့….”
“ဘာဖြစ်တယ်, ၈နှစ်?...”
တာဝန်ခန်းမတစ်ခဏ တိတ်ဆိတ်သွားခဲ့သည်။
မုန့်ချန်ချင်း ပါးစပ်တောင် အနည်းငယ် တွန့်လိမ်သွား၏။
၈နှစ်…
ဤအရာက အနည်းငယ် ချဲ့ကားလွန်း၏။
အရွယ်နှင့်ကို မလိုက်ပေ။
အခြားသူတစ်ယောက်ဆိုလျှင် သူက သေချာပေါက် ယုံလိိမ့်မည်မဟုတ်ပေ။
သို့ပေမယ့် ကျောက်တုံးသွေးမျိုးဆက်နှင့် ပြောဖို့ခက်၏။
“ကျွန်တော်တာဝန်တစ်ခုယူမယ်….”
မုန့်ချန်ချင်း ပြောလိုက်၏။
“အကုန် နံရံပေါ်မှာရှိတယ်။ တစ်ခုရွေးလိုက်….”
တာဝန်ခန်းမတပည့် တည်ငြိိမ်နေပြီး ဤမြင်ကွင်းကို အချိန်အတော်ကတည်းက ကျင့်သားရနေသလိုပင်။
မုန့်ချန်ချင်း ချက်ချင်းပဲ လှမ်းကြည့်လိုက်ရာ တာတန်အမျိုးအစား အတော်များများရှိနေခဲ့သည်။
သူက မိသားစုကိုပြန်ရမည်ဖြစ်၍ လမ်း၌လုပ်နိုင်သည့်တစ်ခုကို ရွေးချယ်ရမည်ပင်။
တစ်ခဏကြည့်ရှူပြီးနောက်…
“ဒီတစ်ခုယူမယ်….”
မုန့်ချန်ချင်း နံရံအမြင့်ဆုံးအပိုင်းရှိတစ်ခုကို ညွှန်ပြလိုက်သည်။
အမြင့်မှရှိနေခြင်းက ခက်ခဲမှုကလည်း မြင့်မားသည်ဟု ဆိုလိုနေခြင်းဖြစ်သည်။