အခန်း (၄၂၄-၄၂၆)
Vol. 29 Ch. 424-426
အခန်း (၄၂၄) - ရွှေအမြုတေအဆင့် အထွတ်အထိပ် စွမ်းအား၊ ဝိညာဉ်ခွဲထွက် ကျင့်စဉ် (အပိုင်း ၂)
~သူမ ရှေ့သို့ တိုးသွားကာ အလုပ်အကျွေး ပြုရန် ပြင်လိုက်သည့် အခိုက်အတန့်မှာပင်၊ တာအိုရုပ်သေးက သူမကို တားမြစ်လိုက်သည်။
တာအိုရုပ်သေးသည် လက်ဝှေ့ယမ်းကာ သူမ၏ အဝတ်အစားများနှင့် ပိုးသားပုဝါကို ပြန်လည် ဝတ်ဆင်ပေးလိုက်ပြီး၊ ခံစားချက် ကင်းမဲ့သော လေသံဖြင့် အမိန့်ပေးလိုက်၏။
“ကောင်း မိသားစုကို ထိန်းချုပ်ဖို့က မင်းရဲ့ အဓိက တာဝန်ပဲ”
“တခြား ကိစ္စတွေအတွက် သိပ်ပြီး စိတ်ပူမနေနဲ့”
ကောင်းယွမ်ယွမ်ကို ဆုံးမ သတိပေးပြီးနောက်၊ နောက်ဆုံးတွင် တာအိုရုပ်သေးသည် ကောင်းထန် နှင့် ကောင်းယွမ်ယွမ် တို့ကို ထွက်ခွာခွင့် ပြုလိုက်သည်။
ကောင်းယွမ်ယွမ် ထွက်သွားသည်နှင့် တာအိုရုပ်သေးသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိ၏။
ရုပ်သေး တစ်ခု ဖြစ်သော်ငြားလည်း၊ ဤ ကောင်း မိသားစု သခင်မလေး ကောင်းးယွမ်ယွမ် သည် အတော်လေး ဒုက္ခပေးတတ်ပြီး ရှက်ရွံ့မှု ကင်းမဲ့လွန်းလှသည်ကို ငြင်းဆို၍ မရနိုင်ချေ။ သူမသည် တကယ့်ကို မိစ္ဆာမလေး တစ်ကောင်နှင့် တူလှပေသည်။
သူ အံ့သြမိသည့် တစ်ခုတည်းသော အရာမှာ... ကုန်းယွဲ့ အင်မော်တယ် မြို့တော်မှ လူများ အနေဖြင့်၊ ခင်ပွန်းလောင်း ရှာနေသည်ဟု ကြေညာထားပြီး သူတို့ အဖို့ လုံးဝ မမှန်းဆရဲအောင် မြင့်မားလှသော ကောင်းယွမ်ယွမ် သည် သူ၏ ရှေ့မှောက်တွင် ဒူးထောက်ခဲ့ကြောင်း သိသွားပါက မည်သို့ တုံ့ပြန်ကြမည်နည်း ဟူ၍ပင် ဖြစ်၏။
ကောင်းထန် နှင့် ကောင်းယွမ်ယွမ် တို့ ထွက်သွားပြီးနောက် သတ္တုတွင်းကြီးသည် ထပ်မံ ငြိမ်သက်သွားပြန်သည်။
လင်းရှူ သည် သတ္တုတွင်း အတွင်းရှိ မြေဆရာ ၏ မှော်အခင်းအကျင်း ကို ဆက်လက် သန့်စင် မွမ်းမံနေ၏။
ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စု ၏ ဝိညာဉ်ကျောက်စိမ်း သတ္တုရိုင်း တူးဖော်မှု အခြေအနေကို အာရုံခံ ကြည့်ပြီးနောက်၊ တာအိုရုပ်သေးသည် သစ်သားအိမ်လေး အတွင်း၌ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ထို့နောက် ယခင်က ယွီ မိသားစု ခေါင်းဆောင် ထံမှ ရရှိခဲ့သော ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် တစ်စက်ကို ထုတ်ယူကာ မျိုချပြီး သန့်စင်လိုက်တော့၏။
အချိန်များသည် ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စု ၏ အစွမ်းကုန် ကြိုးပမ်းအားထုတ်မှု များဖြင့် ဝိညာဉ်ကျောက်စိမ်း သွေးကြောကြီး သည် မှန်းဆ၍မရနိုင်လောက်အောင် လျင်မြန်သော နှုန်းထားဖြင့် တူးဖော်ခံနေရသည်။
သာမန် ဝိညာဉ်ကျောက်စိမ်း သတ္တုရိုင်း များကို ကောင်း မိသားစု ကိုယ်စား ရောင်းချပေးရန် တာအိုရုပ်သေးက ကောင်းယွမ်ယွမ် ထံသို့ ပေးအပ်ခဲ့၏။
တာအိုရုပ်သေး၏ ကျောထောက်နောက်ခံ ရှိနေသဖြင့်၊ ကောင်းထန် အနေဖြင့်လည်း သူ၏ ဖိအားကို မတွန်းလှန်နိုင်တော့ဘဲ၊ ကောင်းယွမ်ယွမ် အား ကောင်း မိသားစု ၏ မိသားစု ခေါင်းဆောင် အသစ် အဖြစ် တရားဝင် ကြေညာလိုက်ရသည်။
ဤ ကြေညာချက်သည် ကောင်း မိသားစု တစ်ခုလုံးကို အကြီးအကျယ် ဂယက်ရိုက်သွားစေခဲ့တော့၏။
သဘာဝကျစွာပင် ကောင်း မိသားစု ၏ ဒုတိယ၊ တတိယ နှင့် စတုတ္ထ ဂိုဏ်းခွဲများမှ လူများသည် ဤကိစ္စကို လက်မခံနိုင်ခဲ့ကြချေ။
သို့သော် ကောင်းယွမ်ယွမ် သည် ဝိညာဉ်ကျောက်စိမ်း သွေးကြော ကို သိမ်းပိုက်သွားသော ရွှေအမြုတေ အဆင့် နှောင်းပိုင်း အရှင်သခင် တစ်ပါး နှင့် ပူးပေါင်းသွားခဲ့ကြောင်း သူတို့ သိရှိသွားသောအခါ... ကောင်းယွမ်ယွမ် သည် ယခုအခါ မိသားစု ခေါင်းဆောင် ဖြစ်နေပြီ ဟူသော အမှန်တရားကို တိတ်ဆိတ်စွာ လက်ခံလိုက်ကြရတော့သည်။ သို့သော် ကွယ်ရာတွင်မူ သူမကို ဆဲဆို ကျိန်ဆဲနေကြဆဲပင် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ကုန်းယွဲ့ အင်မော်တယ် မြို့တော် တွင် ကောလဟာလများနှင့် အတင်းအဖျင်း စကားများ စတင် ပျံ့နှံ့လာခဲ့သော်လည်း၊ မကြာမီမှာပင် ထိုအရာများ အားလုံး ဖိနှိပ် ချေမှုန်းခံလိုက်ရသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကုန်းယွဲ့ အင်မော်တယ် မြို့တော် တွင် ကောင်း မိသားစု သည် သံသယ ကင်းရှင်းစွာဖြင့် ထိပ်တန်း ကျင့်ကြံသူ မိသားစု တစ်ခု ဖြစ်နေသည် မဟုတ်ပါလော။
လက်ရှိ ကောင်း မိသားစု ခေါင်းဆောင် ၏ အမှားအမှန် များကို ဘယ်သူကများ ရဲရဲဝံ့ဝံ့ ဝေဖန် ရဲမည်နည်း။
ခြောက်လ ကြာပြီးနောက်၊
သတ္တုတွင်း အတွင်း၌၊
တာအိုရုပ်သေးသည် သစ်သားအိမ်လေး အတွင်း၌ တင်ပျဉ်ခွေ ထိုင်နေ၏။ စူးရှ တောက်ပသော ရွှေရောင် အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် လင်းလက်နေပြီး၊ ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ၏ ထူးခြားလှသော ရနံ့သင်းသင်းလေး သည် နေရာအနှံ့သို့ ပျံ့နှံ့နေသည်။ သူ၏ အရှိန်အဝါ သည် တဖြည်းဖြည်း ပိုမို အားကောင်းလာနေ၏။
*
တစ်ချိန်တည်းမှာပင် သစ်သားအိမ်လေး နှင့် မလှမ်းမကမ်းရှိ အခြား နေအိမ် တစ်ခု အတွင်း၌၊
လင်းရှူ သည် လေထဲတွင် ပျံ့နှံ့နေသော ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ၏ ထူးခြားသော ရနံ့ကို ရှူရှိုက်မိပြီးနောက်၊ နောင်တရစွာဖြင့် သက်ပြင်းချလိုက်မိသည်။
တစ်ဖန် သူမသည် သစ်သားအိမ်လေး ကို မနာလိုသော အကြည့်များဖြင့် စိုက်ကြည့်နေမိပြန်၏။
သူမလည်း အလွန် လိုချင်မိပါသည်။
သို့သော် တာအိုရုပ်သေးက သူမကို တစ်စက်လေးမျှပင် ပေးမည် မဟုတ်ချေ။
လွန်ခဲ့သော နှစ်ဝက် အတွင်း ကောင်းကင်မိုးကြိုး ကြွက် အုပ်စုသည် ဝိညာဉ်ကျောက်စိမ်း သွေးကြော ၏ ထက်ဝက်နီးပါးကို တူးဖော်ပြီးစီးခဲ့ပြီး၊ ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ဆယ့်သုံးစက်ကို တူးဖော် ရရှိခဲ့သည်။ သို့သော်ငြားလည်း ဤ ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် အားလုံးသည် တာအိုရုပ်သေး၏ အိတ်ကပ်ထဲသို့သာ ရောက်ရှိသွားခဲ့၏။
သူမ အနေဖြင့် တစ်စက်လေးမျှပင် မရရှိခဲ့ပေ။
သို့သော်လည်း...
သစ်သားအိမ်လေး အတွင်းမှ ထွက်ပေါ်လာသော တဖြည်းဖြည်း ပိုမို အားကောင်းလာသည့် အရှိန်အဝါကို ခံစားမိသောအခါ လင်းရှူ သည် အံ့အားသင့်ကာ ထိတ်လန့်သွားရတော့၏။
'ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် အစက် အနည်းငယ်လေး က လွန်ခဲ့တဲ့ နှစ်ဝက် အတွင်းမှာ သူ့ရဲ့ စွမ်းအားတွေကို ဒီလောက်အထိ ထိုးတက်သွားစေတာလား'
လင်းရှူ ၏ ရင်ထဲတွင် သံသယများ ပြည့်နှက်နေသည်။
သူမသည် သတ္တုတွင်း အတွင်း၌ အချိန်ပြည့် နေထိုင်ခဲ့ရသည် မဟုတ်ပါလော။
ဤ နှစ်ဝက်တာ ကာလ တစ်လျှောက်လုံး တာအိုရုပ်သေးက ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ကို သန့်စင်လိုက်ပြီးတိုင်း သူ၏ အရှိန်အဝါ ပြောင်းလဲလာမှုကို သူမ သေချာစွာ သတိပြုမိခဲ့သည်။
အကယ်၍ အရင်တုန်းက ဆိုလျှင် တာအိုရုပ်သေးကို အတော်လေး အစွမ်းထက်သော ရွှေအမြုတေ အဆင့် နှောင်းပိုင်း အကြီးအကဲ တစ်ဦး အဖြစ်သာ သူမ ရှုမြင်ခဲ့မိ၏။
ယခုအခါ မလှမ်းမကမ်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါ နှင့် ဝိညာဉ်ဖိအားအား သူမ အာရုံခံလိုက်မိချိန်တွင်မူ... တာအိုရုပ်သေးသည် ရွှေအမြုတေ အဆင့် ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။
'သူ ရွှေအမြုတေ အဆင့် (၉) ကို ရောက်သွားလောက်ပြီ'
လင်းရှူ သည် အံ့အားသင့်မှုနှင့် မနာလိုမှုတို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။
ဤ အဆင့်သည် သူမ အမြဲတမ်း တက်လှမ်းရန် အိပ်မက်မက်ခဲ့သော အဆင့် တစ်ခု ဖြစ်၏။
သို့သော် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် မရှိလျှင်တော့...
သူမ၏ သက်တမ်း အတွက် သူမ.. စိုးရိမ်နေမိသည်။
တွေးတောနေရင်း လင်းရှူ သည် တာအိုရုပ်သေးကို မှီခိုရန် ရည်ရွယ်ချက်ဖြင့် သတ္တုတွင်း ဆီသို့ မကြာခဏ လာရောက်လေ့ရှိသော ကောင်းယွမ်ယွမ် ကို အမှတ်ရသွားလေ၏။
အစပထမတွင် လင်းရှူ သည် ကောင်းယွမ်ယွမ် ကို အထင်သေးခဲ့မိသည်။
သို့သော် နှစ်ဝက်မျှသာ အချိန် ကြာမြင့်ခဲ့တော့၏။
ယခုအခါ လင်းရှူ သည် ကောင်းယွမ်ယွမ် ကို စတင် မနာလို ဖြစ်လာခဲ့တော့၏။
ဤကဲ့သို့သော အမျိုးသား တစ်ယောက် ကျောထောက်နောက်ခံ ရှိနေမှတော့... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ ရှိနေသည့် ကြောက်မက်ဖွယ် အင်အားစုကြီးများကို.. ကောင်း မိသားစု က ရန်မစသရွေ့၊ သူမကို ဘယ်သူကများ ထိခိုက်အောင် လုပ်နိုင်မည်နည်း။
'ဒီလို ဘဝမျိုးက တကယ်တော့ အတော်လေး ပျော်စရာ ကောင်းတာပဲ။ အနည်းဆုံးတော့ အခုအချိန်မှာတောင် ငါ့ထက် အများကြီး ပိုပြီး ပျော်စရာ ကောင်းနေပြီ'
လင်းရှူ က စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သူမ အနေဖြင့် ကောင်းယွမ်ယွမ် နှင့် မယှဉ်ပြိုင်နိုင်ချေ။
တစ်ချိန်တည်းမှာပင် သစ်သားအိမ်လေး အတွင်း၌၊
တာအိုရုပ်သေးသည် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် တစ်စက်၏ အဆီအနှစ်များနှင့် စွမ်းအားများကို စုပ်ယူရန် နာရီ အနည်းငယ်မျှ အချိန်ယူခဲ့ရသည်။ ထို့နောက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ ရုပ်သေး ကိုယ်ခန္ဓာ ၏ ပြောင်းလဲမှုများကို အာရုံခံ ကြည့်လိုက်လေ၏။
'အမြုတေ က အတော်လေး ပြန်ကောင်းလာပြီ။ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် က တကယ့်ကို ကောင်းကင် ရတနာ တစ်ပါးပဲ... တတိယအဆင့် ရတနာ စစ်စစ်ပဲ'
တာအိုရုပ်သေးက စိတ်ထဲမှ ချီးကျူးလိုက်သည်။
'အနီရောင် ရုပ်သေး ရဲ့ အမြုတေ စွမ်းအား အဆင့် က တတိယအဆင့် အမြင့်ဆုံး ကန့်သတ်ချက် ကို ပြန်လည် ရောက်ရှိသွားပြီ'
'ပြီးတော့ အရင်တုန်းက အနီရောင် ရုပ်သေး ရဲ့ ခန္ဓာကိုယ် ပေါ်မှာ.. ရှိနေခဲ့တဲ့ ပျက်စီး အက်ကွဲမှုတွေ ဟာလည်း... ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ရဲ့ အာနိသင် အောက်မှာ တတိယအဆင့် အမြင့်ဆုံး ကန့်သတ်ချက် ကို ရောက်ရှိသွားခဲ့ပြီ'
'ရွှေအမြုတေ အဆင့် (၉) က လာတဲ့ မန္တန် စွမ်းအား တစ်ခုကို တောင့်ခံဖို့ ဆိုတာ ပြဿနာ ရှိတော့မှာ မဟုတ်ဘူးလို့ ထင်တယ်'
ထိုအခြေအနေကို တွေ့မြင်လိုက်ရသောအခါ တာအိုရုပ်သေးသည် အလိုအလျောက် စိတ်လှုပ်ရှား ဝမ်းသာသွားတော့၏။
ဒီ အခွင့်အရေး က အတော်လေး မဆိုးဘူးပဲ။
ဒီ အနီရောင် ရုပ်သေး ကိုယ်ခန္ဓာကြီးကို ဒီလောက် အတိုင်းအတာ အထိ ပြန်လည် နာလန်ထူလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်..
ထို့နောက် တာအိုရုပ်သေးသည် အနီရောင် ရုပ်သေး အတွင်းသို့ ပေါင်းစပ် ထည့်သွင်းထားသော ရုပ်သေး ဝိညာဉ် ဆီသို့ အာရုံ ပြောင်းလိုက်သည်။
ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ဆယ့်နှစ်စက် မက.. သန့်စင်ပြီးနောက်တွင် ရုပ်သေး ဝိညာဉ် ၏ ကျင့်ကြံခြင်း အဆင့် သည် ရွှေအမြုတေ အဆင့် (၈) သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
အခန်း (၄၂၅) - ရွှေအမြုတေအဆင့် အထွတ်အထိပ် စွမ်းအား၊ ဝိညာဉ်ခွဲထွက် ကျင့်စဉ် (အပိုင်း ၃)
~အရင်တုန်းက သူ၏ ရွှေအမြုတေ အဆင့် (၅) ကျင့်ကြံခြင်း အခြေခံနှင့် ယှဉ်လိုက်ပါက ၊ ယခုအခါ အဆင့် သုံးဆင့်တိုင်တိုင် ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်..။
ဤကိစ္စကို လွန်ခဲ့သော ခြောက်လက အချိန်နှင့် ပေါင်းစပ် တွက်ချက်ကြည့်မည် ဆိုပါက... တစ်နှစ်ဆိုသော အချိန်တိုလေးသာ ကုန်လွန်ခဲ့သေးသည် မဟုတ်ပါလော။
တာအိုရုပ်သေးသည် စန္ဒကူးသစ်သား လက်စွပ်လေး ၏ ဟင်းလင်းပြင်ထဲတွင် ကျန်ရှိနေသေးသော ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ခုနစ်စက်ကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိ၏။
'အကယ်၍ ငါသာ ဒီ ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် တွေကို အကုန်လုံး သန့်စင်လိုက်နိုင်မယ် ဆိုရင်... ရုပ်သေး ဝိညာဉ် ရဲ့ အဆင့်ဟာ ရွှေအမြုတေ အဆင့် (၉) ၊ ဒါမှမဟုတ် တတိယအဆင့် အထွတ်အထိပ် ကိုတောင် ရောက်ရှိသွားနိုင်လောက်တယ်'
'အကယ်၍ ရုပ်သေး ဝိညာဉ် ကသာ အဆင့် သုံးဆင့်လောက်ကို ကျော်ဖြတ်ပြီး စတုတ္ထအဆင့် ရုပ်သေး ဝိညာဉ် တစ်ခု ဖြစ်လာခဲ့မယ် ဆိုရင်...'
'အဲ့ဒီအချိန်ကျရင်တော့ ဒီ ရုပ်သေး ဝိညာဉ် ဟာ မှော်လက်နက် တစ်ခုနဲ့တောင် နှိုင်းယှဉ်လို့ ရတဲ့ ရတနာ တစ်ပါး ဖြစ်လာမှာ သေချာတယ်..'
'အရင်တုန်းကလို နုနယ်တဲ့ အခြေအနေမျိုးမှာ ရှိနေတော့မှာ မဟုတ်ဘူး'
စတုတ္ထအဆင့် ရုပ်သေး ဝိညာဉ် တစ်ခု... ဟားဟား... အဲ့ဒီ စွမ်းအားက မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးနဲ့ တန်းတူ ဖြစ်သွားပြီလေ..
သူသည် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် များကို သန့်စင်ခြင်း အလုပ်ကို အဆုံးသတ်လိုက်သည်။
တာအိုရုပ်သေးသည် မတ်တတ်ရပ်လိုက်ပြီး၊ ကောင်းကင်မိုးကြိုး ကြွက်များ နေ့စဉ် တူးဖော်လာသော ဝိညာဉ်ကျောက်စိမ်း သတ္တုရိုင်း များကို ခွဲခြား စစ်ဆေးကာ၊ ထုဆစ် ပုံဖော်ရန်အတွက် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သတ္တုရိုင်း များကို ရွေးချယ်ရန် ပြင်ဆင်လိုက်၏။
ထိုအခိုက်အတန့်၌ တာအိုရုပ်သေး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး နဂါးနက် မြစ်ကြီး ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။
သူသည် သစ်သားအိမ်လေး ထဲမှ ထွက်လာခဲ့၏။
မကြာမီမှာပင် လင်းရှူ သည်လည်း အနည်းငယ် ပြောင်းလဲနေသော မျက်နှာထားဖြင့် အပြင်သို့ ထွက်လာသည်။
နဂါးနက် မြစ်ကြီး ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သောအခါ သူမ၏ မျက်နှာသည် ဖြူဖျော့သွားတော့၏။
လင်းရှူ ၏ အသံသည် တုန်ယင်နေသည်။
“စီနီယာ... အဲ့ဒါ နဂါးနက် မြစ်ကြီး အနီးတစ်ဝိုက်က အင်အားကြီး ဂိုဏ်းတစ်ခု ဖြစ်တဲ့ နဂါးနက် ကုန်သွယ်ရေး အသင်း က လူတွေ ဖြစ်ဖို့ များတယ်ရှင်”
တာအိုရုပ်သေး၏ မျက်နှာထားမှာမူ အေးဆေး တည်ငြိမ်နေဆဲပင်။ သူသည် နဂါးနက် ကုန်သွယ်ရေး အသင်း အကြောင်းကို ကောင်းယွမ်ယွမ် ထံမှ ကြားသိခဲ့ဖူးပြီး ဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ ကောင်းယွမ်ယွမ် သည် သူ့အနားတွင် နေ့စဉ်ရက်ဆက် ရှိနေခဲ့သည် မဟုတ်ပါလော။
ဤ ကုန်းယွဲ့ အင်မော်တယ် မြို့တော် အနီးတစ်ဝိုက်ရှိ အင်အားကြီး အဖွဲ့အစည်း အားလုံးနှင့် ပိုးစာပင် နယ်မြေ တစ်ခုလုံး အကြောင်းကိုပင် ကောင်းယွမ်ယွမ် က သူ့ကို အသေးစိတ် ရှင်းပြခဲ့ပြီး ဖြစ်သည်။
ဤအမျိုးသမီးက ယွီ မိသားစု နှင့် မန် မိသားစု တို့သည် မကြာသေးမီက အလွန် တိတ်ဆိတ်နေကြသဖြင့်၊ ကောင်းကင်နှင့် မြေကြီး၏ ရတနာ ဖြစ်သော ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် သတ္တုတွင်း အကြောင်းကို သတင်းပေါက်ကြားအောင် လုပ်ကောင်း လုပ်နိုင်သည်ဟုပင် သတိပေးခဲ့သေး၏။
ကောင်းယွမ်ယွမ် ၏ အကြံအစည်များအောက်တွင် လွန်ခဲ့သော ခြောက်လတာ ကာလအတွင်း သူမသည် ကောင်း မိသားစု အတွင်း၌ သူမပိုင်ဆိုင်သော၊ သူမ အမိန့်ကိုသာ နာခံသော အင်အားစု တစ်ခုကို တည်ဆောက်နိုင်ခဲ့တော့၏။
ဒုတိယ၊ တတိယ နှင့် စတုတ္ထ မိသားစု ခွဲများကို လုံးဝ အညံ့ခံလာအောင် မလုပ်ဆောင်နိုင်သေးသော်ငြားလည်း၊ သူမ၏ ကိုယ်ပိုင် အင်အားဖြင့် သူတို့ကို ဖိနှိပ်ထားနိုင်ပြီး ကောင်း မိသားစု ကို သူမ ထိန်းချုပ်ထားမှုအပေါ် နှောင့်ယှက်ခြင်း မပြုနိုင်အောင် တားဆီးထားနိုင်ခဲ့ပြီ ဖြစ်၏။
ဤအမျိုးသမီးသည် ဉာဏ်ပညာရော၊ လုပ်ရည်ကိုင်ရည်ပါ ထက်မြက်သူ တစ်ဦး ဖြစ်ပေသည်။
နဂါးနက် ကုန်သွယ်ရေး အသင်း သည် ကောင်းယွမ်ယွမ် ပထမဆုံး မိတ်ဆက်ပေးခဲ့ပြီး၊ သတိထားရန် အသိပေးခဲ့သော အင်အားစု တစ်ခု ဖြစ်သည်။
ယခုကြည့်ရသည်မှာ ကောင်းယွမ်ယွမ် ၏ သတိပေးချက်က အမှန်တကယ် ဖြစ်လာပုံရ၏။
တာအိုရုပ်သေးသည် လက်ဝှေ့ယမ်းကာ အေးအေးလူလူပင် ပြောလိုက်သည်။
“မလန့်ပါနဲ့... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ရောက်လာတာမှ မဟုတ်တာ။ ဘာကြောက်စရာ ရှိလို့လဲ”
ထိုစကားကို ကြားလိုက်ရသောအခါ လင်းရှူ ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး တာအိုရုပ်သေးကို အံ့အားသင့်စွာ စိုက်ကြည့်နေမိတော့၏။
'ဒီစီနီယာ က ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတာလား'
"ဝုန်း.."
မကြာမီ အချိန်အတွင်းမှာပင်.၊
ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်း ၏ အပြင်ဘက်သို့ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါ နှစ်ခု ရောက်ရှိလာပြီး၊ သူတို့ နှစ်ခု ပေါင်းစပ် ဖန်တီးလိုက်သော ဖိအားသည် သာမန် ရွှေအမြုတေ အဆင့် (၉) ကျင့်ကြံသူ တစ်ဦးထက်ပင် ပိုမို ပြင်းထန်နေသေး၏။ အရင်တုန်းက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ခေါင်းဆောင်ကြီးနှင့် ယှဉ်လိုက်လျှင်ပင်... ဤ ဖိနှိပ်မှု အရှိန်အဝါက အဆပေါင်းများစွာ သာလွန်နေသေးသည်။
အဆုံးအစမရှိသော အနက်ရောင် မိစ္ဆာအရှိန်အဝါ လှိုင်းကြီးသည် ကောင်းကင် တစ်ခွင်လုံးကို ဖုံးလွှမ်းသွားလေ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်း တစ်ခုလုံးသည် ထူထပ်သော တိမ်မည်းကြီး တစ်ခု အောက်တွင် ဖုံးကွယ်သွားသကဲ့သို့ ဖြစ်သွားပြီး၊ ကမ္ဘာမြေကြီးသည် ရုတ်တရက် အလွန် မှောင်မိုက်သွားတော့သည်။
တိမ်မည်းကြီးက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး မိစ္ဆာအရှိန်အဝါများက လူတိုင်းကို တုန်လှုပ်သွားစေ၏။
“ရွှီး...”
စူးရှသော အော်မြည်သံ တစ်ခုသည် တောင်ပေါ်ရှိ ထူထပ်သော တောအုပ်ကြီးများ အတွင်းသို့ ပဲ့တင်ထပ်သွားသည်။
သတ္တုတွင်း အပြင်ဘက်တွင် အလျား ပေခြောက်ဆယ်ခန့် ရှိသော ဧရာမ အနက်ရောင် မိစ္ဆာမြွေကြီး တစ်ကောင် ထွက်ပေါ်လာ၏။ ဤ မိစ္ဆာမြွေကြီး ၏ ဝမ်းဗိုက်တွင် ခြေတိုလေး နှစ်ချောင်း ပါရှိပြီး၊ ပြားကပ်နေသော ခေါင်းပေါ်တွင် အဖုသေးသေးလေး တစ်ခု ရှိနေသည်ကို တွေ့မြင်နိုင်သည်။
မိစ္ဆာမြွေကြီး ၏ ခေါင်းပေါ်တွင် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ရပ်နေ၏။ အသက် သုံးဆယ် အရွယ်ခန့်သာ ရှိသေးပုံရသော အမျိုးသား တစ်ဦး ဖြစ်သည်။ သူသည် ချောမောခန့်ညားပြီး၊ လေထဲတွင် လွင့်ခါနေသော ဆံပင်များနှင့်အတူ တင်းမာသော မျက်နှာထား ရှိကာ သူ၏ အရှိန်အဝါသည် ကြီးကျယ်ခမ်းနားပြီး ကြောက်ရွံ့ ရိုသေဖွယ် ကောင်းလှပေသည်။
သူ့အောက်ရှိ မိစ္ဆာမြွေကြီး ၏ အရှိန်အဝါနှင့် ပေါင်းစပ်ကာ၊ သူတို့ နှစ်ဦးသည် ရှေ့မှောက်ရှိ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သွေးကြော ဆီသို့ မည်သည့် ချန်လှပ်ထားမှုမျှ မရှိဘဲ ဖိအားများ အစွမ်းကုန် သက်ရောက်လာကြတော့၏။
"ဝုန်း.."
တစ်ခဏတာ အတွင်းမှာပင်၊ ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်း သည် စတင် တုန်ခါလာတော့သည်။ ထိုပြင်းထန်သော အရှိန်အဝါကြောင့် သတ္တုတွင်း အခင်းအကျင်း အတွင်းရှိ လင်းရှူ ၏ မျက်နှာသည် သွေးဆုတ်ကာ ဖြူဖျော့သွား၏။ သူမ၏ ခန္ဓာကိုယ်သည် အလိုအလျောက် တုန်ယင်လာသည်ကို သူမကိုယ်တိုင်ပင် မထိန်းချုပ်နိုင်တော့ချေ။
ထို အမျိုးသားနှင့် မိစ္ဆာမြွေကြီး ပေါ်လာပြီး မကြာမီမှာပင်၊ အနက်ရောင် ချပ်ဝတ် ဝတ်ဆင်ထားသော ပုံရိပ်များသည် ကောင်းကင်ယံမှ ဥက္ကာပျံများ ကဲ့သို့ ကျဆင်းလာကြတော့၏။
အချိန်တို အတွင်းမှာပင် ထိုလူများသည် သတ္တုတွင်း ၏ ပတ်လည်တွင် ကြိုတင် သတ်မှတ်ထားသော နေရာ အသီးသီး၌ နေရာယူလိုက်ကြပြီး၊ သတ္တုတွင်း ကို တစ်ဝက်တစ်ပျက် ဝိုင်းရံထားလိုက်ကြသည်။
အဖြူရောင် ငှက်မွှေး ယပ်တောင် တစ်ချောင်းကို ကိုင်ဆောင်ထားသော လူကြီးလူကောင်း ပုံစံ ရှိသည့် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးသည် ရှေ့သို့ ထွက်လာခဲ့၏။ သူ၏ အေးစက်သော အကြည့်များဖြင့် ရှေ့မှောက်ရှိ သတ္တုတွင်း အခင်းအကျင်း ကို စိုက်ကြည့်ရင်း ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်။
“နဂါးနက် ကုန်သွယ်ရေး အသင်း က ရောက်လာပြီ။ မင်းတို့…အခင်းအကျင်း ကို ဖွင့်ပေးဖို့ အသက်ရှူချိန်.. သုံးကြိမ် အချိန်ရမယ်။ ဒါမှမဟုတ်ရင်... အခင်းအကျင်း ကျိုးပျက်သွားတဲ့ အချိန် မင်းတို့ အားလုံး သေရလိမ့်မယ်”
"ဝှစ်..."
တာအိုရုပ်သေးသည် အခင်းအကျင်း ကို ဖွင့်လိုက်ပြီး လင်းရှူ နှင့်အတူ သတ္တုတွင်း အတွင်းမှ ထွက်လာခဲ့ကာ၊ နဂါးနက် ကုန်သွယ်ရေး အသင်း မှ လူများ အားလုံး၏ ရှေ့မှောက်တွင် ရပ်တန့်လိုက်၏။
တာအိုရုပ်သေး၏ မျက်နှာအမူအရာမှာ ခံစားချက် ကင်းမဲ့နေသည်။ သူသည် မိစ္ဆာမြွေကြီး နှင့် ၎င်း၏ ခေါင်းပေါ်ရှိ ပုံရိပ်ကို ချက်ချင်း မကြည့်သေးဘဲ၊ စောစောက စကားပြောခဲ့သော အဖြူရောင် ငှက်မွှေး ယပ်တောင် ကိုင်ထားသည့် လူကိုသာ ကြည့်လိုက်၏။ သူ၏ အကြည့်များက ခပ်ဖျော့ဖျော့သာ ဖြစ်သော်ငြားလည်း ထိုလူကို စူးစူးရှရှ အကဲခတ်နေသည်။
တာအိုရုပ်သေးက ခပ်လှောင်လှောင် ပြောလိုက်၏။
“မင်းက... အတော်လေး မောက်မာလှချည်လား”
အဖြူရောင် ငှက်မွှေး ယပ်တောင် ကိုင်ထားသည့် လူကြီးလူကောင်း ပုံစံ အမျိုးသား သည် သူ၏ အေးစက်သော မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး၊ သူ၏ ရွှေအမြုတေ အဆင့် (၈) ကျင့်ကြံခြင်း အရှိန်အဝါသည် ပျံ့နှံ့လာတော့၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ကမ္ဘာမြေကြီးသည် တုန်ခါသွားပြီး၊ ဝိညာဉ်ဖိအား လှိုင်းတံပိုးကြီး တစ်ခုသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို လှုပ်ခတ်သွားစေသည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် ထို ဝိညာဉ်ဖိအားကြီးသည် တာအိုရုပ်သေးအပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်လာတော့သည်။
ထိုအမျိုးသားက အေးစက်စက် လေသံဖြင့် ပြန်လည် ချေပလိုက်၏။
“ဟမ်... မင်း ဘာပြောလိုက်တယ်”
"ဝှစ်..."
သို့သော် နောက်တစ်ခဏ၌ တာအိုရုပ်သေး၏ ပုံရိပ်သည် အရိပ်အယောင်မျှပင် မကျန်ရစ်ဘဲ ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။
သူ ပြန်လည် ထွက်ပေါ်လာချိန်တွင်မူ ထိုလူကြီးလူကောင်း ပုံစံ အမျိုးသား ၏ နောက်ကျောသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ထိုအမျိုးသား၏ မျက်နှာသွင်ပြင် ပြောင်းလဲသွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံလိုက်မိသည့် အချိန်မှာပင်၊ မှန်းဆ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအား တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး၊ သူ၏ ဝိညာဉ် ပင်လယ်ကို မျက်စိတစ်မှိတ် အတွင်းမှာပင် လှုပ်ခါသွားစေတော့သည်။
"ဝုန်း.."
ထိုအမျိုးသား၏ ဝိညာဉ် ပင်လယ် အတွင်း၌ နားကွဲမတတ် ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး၊ သူ၏ အတွေးများသည် တစ်ခဏမျှ ရပ်တန့်သွားလေ၏။
"ဒိုင်း..."
တာအိုရုပ်သေးသည် ခြေတစ်ချက် ကန်ထွက်လိုက်ရာ ထိုအမျိုးသားကို မြေပြင်ပေါ်သို့ ချက်ချင်းပင် လဲကျသွားစေတော့သည်။ ပြိုင်ဘက်ကင်း စွမ်းအားကြီး တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး၊ သူ၏ ခြေထောက်သည် ထိုအမျိုးသား၏ ရင်ဘတ်ပေါ်သို့ ဖိနင်းထားလိုက်၏။
အခန်း (၄၂၆) - ရွှေအမြုတေအဆင့် အထွတ်အထိပ် စွမ်းအား၊ ဝိညာဉ်ခွဲထွက် ကျင့်စဉ် (အပိုင်း ၄)
~“ဂွပ်…”
"ဖူး..."
လူကြီးလူကောင်း ပုံစံ အမျိုးသား ၏ မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး၊ သွေးများ ပန်းထွက်သွားသည်ကို မတားဆီးနိုင်တော့ချေ။ ရင်ဘတ်မှ နာကျင်မှုက သူ့ကို လွှမ်းမိုးသွားပြီး၊ သူ၏ ကြောင်အမ်းအမ်း ဖြစ်နေသော အခြေအနေမှ ပြန်လည် သတိဝင်လာစေသည်။
သူ၏ ရင်ဘတ်ပေါ်သို့ ဖိနင်းထားသော၊ ကြောက်စရာ အရှိန်အဝါများ ထွက်ပေါ်နေသော တာအိုရုပ်သေးကို သူ စိုက်ကြည့်နေမိပြီး ဤအခြေအနေကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့၏။
“မင်း...”
"ဝုန်း.."
တာအိုရုပ်သေး၏ ခြေထောက်က ပိုမို အားစိုက်လိုက်ရာ၊ မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလှသော စွမ်းအားကြီး အောက်တွင် ထိုအမျိုးသား၏ ရင်ဘတ်သည် အောက်သို့ ချိုင့်ဝင်သွားလေတော့သည်။
“အာ...”
ထိုအမျိုးသားသည် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်မိပြီး သွေးများ ဆက်တိုက် ပန်းထွက်လာတော့၏။
ထိုအခိုက်အတန့်၌ တာအိုရုပ်သေးသည် ခြေတစ်ချက် ကန်ထုတ်လိုက်ရာ ထိုအမျိုးသားသည် လေထဲသို့ လွင့်ထွက်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် ဥက္ကာပျံ တစ်ခုပမာ လွင့်စင်သွားပြီး၊ မိုင်ဝက်ခန့် အကွာရှိ တောင်ကုန်းငယ် တစ်ခုနှင့် ဝင်တိုက်မိသွားတော့၏။
ဒိုင်း...
တောင်ကုန်း ပြိုကျမှုနှင့်အတူ မြေကြီးများ အပေါ်သို့ လွင့်စင်သွားပြီး၊ ထိုအမျိုးသားသည် ပြိုကျလာသော မြေစာများ အောက်တွင် ချက်ချင်းပင် နစ်မြုပ်သွားလေတော့သည်။
ဤအရာအားလုံးသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
တာအိုရုပ်သေးက ထိုအမျိုးသားကို ကန်ထုတ်လိုက်ချိန်တွင်၊ မိစ္ဆာမြွေကြီး ကို စီးနင်းလာသော အမျိုးသား နှင့် အနီးအနားရှိ နဂါးနက် ကုန်သွယ်ရေး အသင်း မှ လူများ၏ မျက်နှာသွင်ပြင်များသည် အကြီးအကျယ် မှုန်ကုပ်သွားကြလေ၏။
မိစ္ဆာမြွေကြီး ပေါ်ရှိ အမျိုးသား ၏ မျက်ဝန်းအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး တာအိုရုပ်သေးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသော်ငြားလည်း၊ တာအိုရုပ်သေးကို ချက်ချင်း တားဆီးခြင်း မပြုခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်၌ တာအိုရုပ်သေးထံမှ ပေါက်ကွဲ ထွက်ပေါ်လာသော အရှိန်အဝါသည် ရွှေအမြုတေ အဆင့် ၏ အထွတ်အထိပ် သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
ထို့အပြင် ၎င်းသည် သာမန် ရွှေအမြုတေ အဆင့် ၏ အထွတ်အထိပ် အရှိန်အဝါမျိုး မဟုတ်ချေ..
ထို အရှိန်အဝါ၏ စွမ်းအားက သူ့ကို အလွန် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုအဖြစ် ခံစားလိုက်ရစေသည်။
ဤ စွမ်းအားသည် ကုန်းယွဲ့ အင်မော်တယ် မြို့တော် မှ ယွီ မိသားစု နှင့် မန် မိသားစု တို့ ပေးခဲ့သော သတင်းအချက်အလက် များနှင့် လုံးဝ ကိုက်ညီမှု မရှိချေ..။
ယွီ မိသားစု နှင့် မန် မိသားစု က... သူတို့ ရှာဖွေ တွေ့ရှိခဲ့သော ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် များ ပါဝင်သည့် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်း ကို တစ်ဦးတည်း လက်ဝါးကြီးအုပ် သိမ်းပိုက်သွားသူမှာ သာမန် ရွှေအမြုတေ အဆင့် နှောင်းပိုင်း ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်ဟု ပြောခဲ့ကြသည် မဟုတ်ပါလော။
သူ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီး လူများကို ခေါ်ဆောင်ကာ လာရောက် ကြည့်ရှုချိန်တွင်မူ...
ဒါကများ ယွီ မိသားစု နဲ့ မန် မိသားစု ပြောတဲ့ သာမန် ရွှေအမြုတေ အဆင့် ဆိုတာလား..
တာအိုဆရာ နဂါးနက် ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားသည်။
သူသည် ယွီ မိသားစု နှင့် မန် မိသားစု တို့၏ မိသားစု ခေါင်းဆောင်များ၏ ခေါင်းကို ဖြုတ်ပစ်ရန်ပင် အဆင်သင့် ဖြစ်နေတော့၏..။
တာအိုရုပ်သေးကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် တာအိုဆရာ နဂါးနက် သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။
“တာအိုမိတ်ဆွေ ကို ကြည့်ရတာ အတော်လေး စိမ်းနေသလိုပဲ။ နာမည်လေးများ သိခွင့်ရှိမလား ခင်ဗျာ”
တာအိုရုပ်သေးက အေးအေးလူလူပင် တုံ့ပြန်လိုက်၏။
“ငါတို့ စကားမပြောခင်... မင်း.. အဲ့ဒီ မိစ္ဆာကောင်ရဲ့ ခေါင်းကို အောက်ချထားတာ ပိုကောင်းမယ်။ မဟုတ်ရင်... ငါ အဲ့ဒီကောင်ကို သတ်ပစ်ချင်တဲ့ စိတ်ဆန္ဒကို ထိန်းနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ တာအိုဆရာ နဂါးနက် ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင် တစ်ချက် လက်သွားပြီး၊ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“တာအိုမိတ်ဆွေ...မင်းက.. ငါ့ရဲ့ စီးတော်သားရဲ ကိုတောင် သတ်ရဲတယ် ဆိုတော့ တော်တော်လေး သတ္တိကောင်းတာပဲနော်”
တာအိုရုပ်သေးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ် ပြောလိုက်လေ၏။
“ငါ မင်းကို သေချာ မသိဘူး။ ငါ့ရဲ့ သတ္တိ ဘယ်လောက် ရှိတယ် ဆိုတာက.. မင်း အကဲဖြတ်ဖို့ မဟုတ်ဘူး”
“အခု မင်းရဲ့ လူတွေကို ခေါ်ပြီး ဒီကနေ ထွက်သွားလိုက်တာ ပိုကောင်းမယ်။ ငါတို့ ကိုယ့်လမ်းကိုယ် သွားကြတာပေါ့”
“အဲ့ဒီလိုမှ မဟုတ်ရင်...”
တာအိုဆရာ နဂါးနက် ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုမို တောက်ပလာပြီး တာအိုရုပ်သေးကို အေးစက်စက် စိုက်ကြည့်ကာ မေးလိုက်သည်။
“မဟုတ်ရင် ဘာဖြစ်လဲ။ မင်းက.. ငါ... နဂါးနက် ကိုပါ သတ်ပစ်ချင်နေတာလား”
တာအိုရုပ်သေး စကားမပြောနိုင်ခင်မှာပင်၊ တာအိုဆရာ နဂါးနက် ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ်သွားပြီး လူသတ် အရှိန်အဝါ များဖြင့် အစားထိုး ဝင်ရောက်လာတော့၏။ သူသည် တာအိုရုပ်သေးကို စူးစိုက်ကြည့်ကာ အေးစက်စက် အမိန့်ပေးလိုက်သည်။
“တာအိုမိတ်ဆွေ... ခင်ဗျားကို ငါ အခွင့်အရေး တစ်ခု ပေးမယ်။ အခုချက်ချင်း ဒီကနေ ထွက်သွား”
“ဒီ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်း ကို... နဂါးနက် ကုန်သွယ်ရေး အသင်း က...”
'သိမ်းပိုက်လိုက်ပြီ' ဟူသော နောက်ဆက်တွဲ စကားလုံးများသည် သူ၏ နှုတ်ခမ်းဖျားမှ မထွက်ပေါ်လာနိုင်ခင်မှာပင် လည်ချောင်းထဲ၌ တစ်ဆို့သွားပြီး သူ၏ အသံသည် ရပ်တန့်သွားလေတော့သည်။ သူသည် တာအိုရုပ်သေး၏ လက်ထဲရှိ တံဆိပ်ပြား ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိ၏။
တာအိုဆရာ နဂါးနက် ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး အကြီးအကျယ် တုန်လှုပ်သွားတော့သည်။ သူ့ထံတွင် ရှိနေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများသည် နွေဦးပေါက် ရာသီ၏ နေရောင်အောက်မှ နှင်းပွင့်များပမာ ချက်ချင်း အရည်ပျော် ပျောက်ကွယ်သွားပြီး၊ တာအိုရုပ်သေး၏ လက်ထဲရှိ တံဆိပ်ပြား ကိုသာ မှင်သက်စွာ ကြည့်နေမိသည်။
တာအိုဆရာ နဂါးနက် ၏ ရင်ထဲတွင် ရှင်းပြ၍မရနိုင်သော ကြောက်ရွံ့ထိတ်လန့်မှုကြီး တစ်ခု ထွက်ပေါ်လာတော့၏။
'ဘုရားရေ... အဲ့ဒါက ကောင်းကင် သိုင်းကျမ်း မျှော်စင် ရဲ့ တံဆိပ်ပြား မဟုတ်လား'
တစ်ခဏတာ အကြာတွင်၊
ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါများ ထုတ်လွှတ်နေဆဲ ဖြစ်သော စီးတော်သားရဲ အထက်တွင် ရပ်နေသည့် တာအိုဆရာ နဂါးနက် သည် အလျင်အမြန် ခြေတစ်ချက် ဆောင့်လိုက်ရာ၊ မိစ္ဆာမြွေကြီး သည် ၎င်း၏ အရှိန်အဝါ နှင့် ရက်စက်ကြမ်းကြုတ်မှု များကို ချက်ချင်း ပြန်လည် ရုပ်သိမ်းသွားတော့၏။
ထို့နောက် သူသည် မိစ္ဆာမြွေကြီး ၏ ခေါင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး မြေပြင်ပေါ်သို့ ရောက်ရှိသွားသည်။ ယခုအခါ သူသည် အခြားသူများကို အပေါ်စီးမှ ကြည့်နေခြင်း မရှိတော့ချေ။
မြေပြင်ပေါ်သို့ ရောက်ရှိသည်နှင့် တာအိုဆရာ နဂါးနက် ၏ မျက်နှာပေါ်တွင် တောက်ပ တက်ကြွသော အပြုံးများ ပေါ်လာပြီး တာအိုရုပ်သေးကို ကြည့်ကာ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။
“နားလည်မှု လွဲတာပါ... နားလည်မှု လွဲတာပါ။ တာအိုမိတ်ဆွေ... ဒါတွေ အားလုံးက နားလည်မှု လွဲတာ သက်သက်ပါ ဗျာ”
“ကျွန်တော်တို့က မျက်စိကန်း နေလို့ပါ။ အကြီးအကဲ ကို ရန်စမိတဲ့ အတွက် တောင်းပန်ပါတယ် ခင်ဗျာ”
“ဟေး... အကြီးအကဲ သာ ခင်ဗျားရဲ့ တံဆိပ်ပြား ကို စောစောစီးစီး ထုတ်ပြခဲ့ရင်... ကျွန်တော် နဂါးနက် က ဘယ်လောက်ပဲ ဝေးဝေး နောက်ဆုတ်ပေးမှာပါ။ အကြီးအကဲ ကို လုံးဝ ရန်စမိမှာ မဟုတ်ပါဘူး”
“အကြီးအကဲ ခင်ဗျာ... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ... ခွင့်လွှတ်ပေးပါနော်... ဟားဟားဟား”
တာအိုရုပ်သေးက သူ့ကို အေးစက်စက် တစ်ချက် ကြည့်လိုက်၏။ ထို့နောက် ပြိုကျနေသော မြေစာပုံ အောက်မှ ယခုလေးတင် တွားသွား၍ ထွက်လာသော၊ ဒေါသတရားများနှင့် လက်စားချေလိုစိတ်များ ပြည့်နှက်နေသော်ငြား ယခုအခါ ထိတ်လန့်မှုကြောင့် မျက်နှာ ဖြူဖျော့နေပြီ ဖြစ်သော လူကြီးလူကောင်း ပုံစံ အမျိုးသား ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
တာအိုရုပ်သေးသည် သူ၏ ကောင်းကင် သိုင်းကျမ်း မျှော်စင် တံဆိပ်ပြား ကို ပြန်လည် သိမ်းဆည်းလိုက်ပြီး အေးအေးလူလူပင် ပြောလိုက်၏။
“တာအိုဆရာ နဂါးနက် ရဲ့ ဂုဏ်သတင်းကို ငါ ကြားဖူးပါတယ်။ အခု ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရတော့... အဲ့ဒီ ဂုဏ်သတင်းက တကယ်ပဲ မှန်နေတာကိုး”
တာအိုဆရာ နဂါးနက် ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားတော့သည်။ အကယ်၍ ဤစကားကို သာမန် လူတစ်ယောက်က ပြောခဲ့မည် ဆိုပါက သူသည်... 'မင်း ကြားဖူးတာ မှန်ပါတယ်ကွ' ဟု သေချာပေါက် ပြန်လည် တုံ့ပြန်လိုက်မည် ဖြစ်၏။
သို့သော် တာအိုရုပ်သေး၏ နှုတ်ဖျားမှ ထွက်ပေါ်လာသောအခါတွင်မူ...
သူ လုံးဝ သဘောမတူရဲချေ..။
ကောင်းကင် သိုင်းကျမ်း မျှော်စင် နှင့် ယှဉ်လိုက်ပါက သူ၏ နဂါးနက် ကုန်သွယ်ရေး အသင်း သည် ဘာမှ မဟုတ်တော့ပေ..။
နဂါးနက် ကုန်သွယ်ရေး အသင်း ၏ ဥက္ကဋ္ဌ ဖြစ်သူ သူကိုယ်တိုင်ပင် တံဆိပ်ပြား ကိုင်ဆောင်ထားသော တာအိုရုပ်သေး၏ ရှေ့မှောက်တွင် မြေးတစ်ယောက် ကဲ့သို့ မည်မျှ ရိုသေကျိုးနွံစွာ ပြုမူနေရသည်ကို ကြည့်လိုက်ပါတော့။
တာအိုဆရာ နဂါးနက် က အလျင်အမြန်ပင် ဝင်ရောက်ပြောဆိုလိုက်သည်။
“နားလည်မှု လွဲတာပါ... နားလည်မှု လွဲတာပါ။ ကျွန်တော်တို့က ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ သူတွေပါ။ တာအိုမိတ်ဆွေ နဲ့ လာပြီး ယှဉ်ပြိုင်ဖို့ လုံးဝ မဝံ့ရဲပါဘူး ခင်ဗျာ”
“တာအိုမိတ်ဆွေ... တခြား ကိစ္စ ဘာမှ မရှိတော့ဘူး ဆိုရင်... ကျွန်တော်တို့...”
“ခဏ နေဦး”
တာအိုရုပ်သေးက တားမြစ်လိုက်သည်။
တာအိုဆရာ နဂါးနက် သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျှော်လင့်ချက် ကြီးစွာသော မျက်ဝန်းများဖြင့် တာအိုရုပ်သေးကို လှည့်ကြည့်လိုက်၏။
တာအိုရုပ်သေးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“တာအိုဆရာ နဂါးနက်... မင်း ဒီကို ရောက်လာတာ တိုက်ဆိုင်မှုတော့ မဟုတ်လောက်ဘူး ထင်တယ်နော်”