← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

Chapter 81+82

~

အခန်း ၈၁+၈၂ : လင်းယဲ့၏ ဖိတ်ခေါ်မှု

~

လက်ဝါးတစ်ချက်ရိုက်ရုံဖြင့် အဆောက်အအုံတစ်ခုလုံးကို

အမှုန့်ကြိတ်နိုင်ပြီး ခြေတစ်ချက်စောင့်ရုံဖြင့် ကမ္ဘာမြေကို တုန်ဟိန်းသွားစေနိုင်သည့် စတုတ္ထအဆင့် သန္ဓေပြောင်းသားရဲကြီးမှာ ဤမျှလွယ်လွယ်နှင့် သေဆုံးသွားခဲ့လေပြီလော။

ဂူချန်သာမက အဝေးမှ စောင့်ကြည့်နေသော လီကျိရန်နှင့် မြေအောက်ခန်းထဲမှ အကဲခတ်နေသည့် ဆရာဖြစ်သူတို့ပင် ဆွံ့အမှင်သက်သွားကြရ၏။

သည်းထိတ်ရင်ဖိုဖွယ်ရာ တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း လက်တွေ့တွင်မူ တစ်ဖက်သတ် အနိုင်ပိုင်းခြင်းသာ ဖြစ်ခဲ့ပြီး ခုခံကာကွယ်မှုတွင် နာမည်ကျော်လှသည့် ကျောက်သားချပ်ဝတ်ဝက်ဝံကြီးမှာ တစစီဖြစ်ကာ အဆုံးသတ်သွားခဲ့ရလေသည်။

ကင်းကောင်နှင့် ဂေါ်ဇီလာတို့ အပြန်အလှန် အကြိတ်အနယ် ယှဉ်ပြိုင်ကြသကဲ့သို့ ဖြစ်ရမည့်အစား ရှေ့ကတစ်ကောင်က နောက်တစ်ကောင်ကို မျက်တောင်တစ်ခတ်အတွင်း အမှုန့်ကြိတ်ခြေမွပစ်လိုက်သကဲ့သို့ပင် ခံစားရပေသည်။

ဤခံစားချက်မှာ ပြောမပြတတ်အောင်ပင် ထူးဆန်းလှ၏။

"ဟမ်... မသေသေးဘူးလား.."

စနစ်၏ အသိပေးချက်မှာ စိတ်ထဲတွင် ပေါ်မလာသေးသည်ကို သတိပြုမိလိုက်သဖြင့် ဂူချန် မျက်မှောင် ကြုတ်သွားသည်။

လူဖြစ်စေ၊ သန္ဓေပြောင်းသားရဲဖြစ်စေ သတ်ဖြတ်လိုက်တိုင်း စေတနာအမှတ်များ ရရှိမည်မှာ သေချာလှပေသည်။

သို့သော် ယခုအချိန်အထိ မည်သည့်အမှတ်မှ မရရှိသေးခြင်းက ပစ်မှတ်မှာ သေဆုံးခြင်းမရှိသေးကြောင်း သက်သေပြနေ၏ ။

အသားစများ အမှုန့်ဖြစ်သွားသည့်တိုင်အောင် မသေသေးဟုဆိုလျှင် ဤအရာမှာ အတော်ပင် ထူးဆန်းလှချေပြီ။

ဂူချန်၏ ခရမ်းရောင်မျက်ဝန်းအစုံမှ

ထူးဆန်းသော အလင်းတန်းတစ်ခု ချက်ချင်းထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် လူးလွန့်နေသည့် အသားစများကို မော်လီကျူးအဆင့်အထိ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လေသည်။

အပြင်ပန်းတွင် မသိသာသော်လည်း သူ၏ ထူးခြားသော မျက်ဝန်းအစုံအောက်၌မူ ကျောက်သားချပ်ဝတ်ဝက်ဝံ၏ အသားစများထဲတွင် သေးငယ်သော အသားမျှင်လေးများစွာ ပေါက်ဖွားလာပြီး အခြားအပိုင်းအစများနှင့် တဖြည်းဖြည်းချင်း ပြန်လည်ဆက်သွယ်နေသည်ကို

မြင်တွေ့လိုက်ရ၏။

ကြီးမားလှသော သက်စောင့်အားအင်များမှာ တစ်ဖန်ပြန်လည် ပျံ့နှံ့လာပြန်ချေပြီ။

ဤသည်က သွေးမျိုးဆက် ပါရမီပင်။

အဆင့် ၄ နှင့် အထက်ရှိသော သားရဲတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်သွေးမျိုးဆက်ပါရမီများကို နိုးထစေနိုင်ကြပြီး အချို့မှာ ကောင်းမွန်သကဲ့သို့ အချို့မှာမူ အားနည်းတတ်ကြပေသည်။

စောင့်ကြည့်ရေးကောင်စီမှ လေ့ကျင့်ရေးအတွက် အထူးဖမ်းဆီးထားသော ဤကျောက်သားချပ်ဝက်ဝက်ဝံမှာမူ ခန္ဓာကိုယ်ပြန်လည်ရှင်သန်ခြင်းနှင့်

ဆင်တူသည့် ပါရမီမျိုးကို ပိုင်ဆိုင်ထားပုံရ၏။

လုံလောက်သော စွမ်းအင်ရှိနေသရွေ့

မည်မျှပင် အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားပါစေ ၎င်း၏ မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်နိုင်စွမ်းရှိပေသည်။

ဤသို့ဖြင့် အဆင့် ၄သားရဲတစ်ကောင်တည်းကိုပင် အကြိမ်ပေါင်းများစွာ အသုံးချနိုင်သဖြင့် အလွန်ပင် တွက်ခြေကိုက်လှသည်ဟု ဆိုရမည်။

'ချီးပဲ... အရင်းရှင်တွေထက်တောင်

ပိုဆိုးသေးတယ်..'

စောင့်ကြည့်​ရေးကောင်စီ၏ အကြံအစည်ကို ရိပ်မိသွားသော ဂူချန်မှာ အံ့ဩသွားပြီး ဆက်လက်တိုက်ခိုက်လိုစိတ်လည်း မရှိတော့ပေ။

ဤကဲ့သို့ ပါရမီမျိုးရှိသည့် သားရဲတစ်ကောင်ကို သတ်ဖြတ်ရန်မှာ ၎င်း၏စွမ်းအင်များ ကုန်ခမ်းသွားသည်အထိ အကြိမ်ကြိမ်အခါခါ သတ်ဖြတ်နေရမည်ဖြစ်၏။

သို့သော် ကြီးကြပ်ရေးကောင်စီ၏ အဖိုးတန်လေ့ကျင့်ရေးသားရဲကိုမူ

သူတို့က အသေသတ်ခွင့်ပြုမည် မဟုတ်သည်မှာ သေချာလှပေသည်။

ထင်သည့်အတိုင်းပင်။

မြေပြင်ပေါ်ရှိ အသားစများ ပြန်လည်ပေါင်းစည်းရန် ပြင်နေစဉ်မှာပင် လေပြေညင်းတစ်ခု တိုက်ခတ်လာပြီးနောက် ကြီးမားသော လေဆင်နှာမောင်းကြီးတစ်ခုအဖြစ်သို့

ချက်ချင်းပြောင်းလဲသွားကာ ပြန့်ကျဲနေသော အသားစများကို သိမ်းကျုံးယူဆောင်သွားတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျောက်သားချပ်ဝတ်ဝက်ဝံကြီးမှာ

ပျောက်ကွယ်သွားခဲ့လေပြီ။

ထို့နောက် ဂူချန်၏ မြင်ကွင်းမှာ

မှောင်အတိကျသွားပြီး နောက်တစ်စက္ကန့်တွင်မူ ဝူတန်မြို့ပြင်သို့

ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

အမြင်အာရုံများ ပြန်လည်ကြည်လင်လာသောအခါ သူ၏ရှေ့တွင် ဖရိုဖရဲဝတ်စားထားသော အဖိုးအိုတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရပြီး ထိုသူမှာ ရတနာတစ်ပါးကို တွေ့ရှိသွားသည့်အလား သူ့ကို စိုက်ကြည့်နေလေ၏။

သူခန့်မှန်းချက်မမှားလျှင် ဤသူမှာ

သူ့ကို စမ်းသပ်လိုသည့် ဆရာကြီးတစ်ပါးပင် ဖြစ်ရပေမည်။

ဂူချန်၏ မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိ ။ မျက်ခုံးကိုသာ အနည်းငယ်ပင့်လိုက်ကာ...

"ဘာကိစ္စရှိလို့လဲ.."

"ဟဲဟဲ... မင်းရဲ့ စရိုက်က မှတ်တမ်းတွေထဲကအတိုင်းပဲ၊

တကယ့်ကို ခေါင်းမာပြီး မောက်မာတာပဲ.."

အဖိုးအိုက ရယ်လိုက်ပြီး

မိမိကိုယ်မိမိ မိတ်ဆက်လိုက်သည်။

"ငါ့နာမည်က လင်းယဲ့၊ တောင်ဘက်ကောင်းကင်တံခါးတက္ကသိုလ်ရဲ့

ပါမောက္ခတစ်ယောက်ဖြစ်သလို စောင့်ကြည့်ရေးကောင်စီရဲ့ တံခါးစောင့်လည်း ဟုတ်တယ်၊ ပြီးတော့

တောင်ပိုင်းမဟာမိတ်အဖွဲ့ထဲက အင်အားကြီးအဖွဲ့အစည်းတချို့ရဲ့ အဆင့်မြင့်နာယကတစ်ဦးလည်း

ဖြစ်တယ်.."

"ငါ မင်းကို လာရှာရတဲ့ အကြောင်းရင်းကတော့ တခြားမဟုတ်ပါဘူး၊ မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံပြီး တောင်ဘက်ကောင်းကင်တံခါးတက္ကသိုလ်ကို

တိုက်ရိုက်တက်ရောက်နိုင်ဖို့ အာမခံပေးချင်လို့ပဲ.."

"စောစောက အဆင့်၄ သားရဲဆိုတာကလည်း SSS အဆင့် သိုင်းပါရမီ နိုးထလာတဲ့ မင်းရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိသလဲဆိုတာကို သိချင်လို့ ငါကိုယ်တိုင် ကြီးကြပ်ရေးကောင်စီကို အမိန့်ပေးပြီး လွှတ်ခိုင်းလိုက်တာ.."

"ရလဒ်ကတော့ တကယ့်ကို ချီးကျူးစရာပဲ.."

"မင်းက ပါရမီရှင်တစ်ယောက်ပဲ၊

တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်.."

လင်းယဲ့၏ မျက်ဝန်းများမှာ တောက်ပနေပြီး ချီးကျူးစကားများကိုလည်း စိတ်အားထက်သန်စွာပင် ပြောကြားနေတော့သည်။

အဆင့် ၃ စစ်မှန်သောချီ အဆင့်တွင် ရှိနေစဉ်မှာပင် အဆင့် ၄ ဗာဂျရာအဆင့်မှ သားရဲတစ်ကောင်ကို အနိုင်ယူနိုင်ခြင်းမှာ မဖြစ်နိုင်သလောက်ပင်

ခက်ခဲလှသည်ကို လူတိုင်းသိကြ၏။

ဂူချန်အနေဖြင့် SSS အဆင့် သိုင်းပါရမီကို နိုးထစေခဲ့သည်မှာ ကြာမြင့်ပြီဆိုလျှင်မူ အကြောင်းပြချက် ဖြစ်နိုင်သေးသည် ။

ပါရမီနိုးထပြီး နောက်တစ်ရက်မှာပင်

အဆင့်ကျော်ဖြတ်ကာ တိုက်ခိုက်နိုင်စွမ်းရှိနေခြင်းမှာမူ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။

"ကျွန်တော့်မှာ SSS အဆင့် သိုင်းပါရမီရှိနေတာကို ခင်ဗျား ဘယ်လိုသိတာလဲ၊ ပြီးတော့ ကျွန်တော့်ကို ဘယ်လိုရှာတွေ့တာလဲ.."

ဂူချန်မှာ အဓိကအချက်ကို တိုက်ရိုက်ပင် မေးမြန်းလိုက်လေသည်။

သူ၏ မျက်ဝန်းများမှာ အနည်းငယ် တောက်ပသွားပြီး တစ်ဖက်လူမှာ အမှန်အတိုင်း ပြောဆိုနေခြင်းဖြစ်ကာ ရန်လိုသည့်စိတ် မရှိကြောင်းကိုလည်း

ခံစားမိနေ၏။

သို့သော်လည်း တစ်ဖက်လူက သူရှိရာနေရာကို ဤမျှတိကျစွာ မည်သို့ရှာဖွေနိုင်ခဲ့သည်ကိုမူ အလွန်ပင် သိချင်နေမိသည်။

"ဒါကတော့ ဖန်သားပြင်ကျောက်တုံးကြောင့်ပေါ့ကွ.."

လင်းယဲ့က ပြုံးလိုက်ရင်း သူ၏ရင်ဘတ်ထဲမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေသည့် ကျောက်စိမ်းလုံးတစ်လုံးကို ထုတ်ယူလိုက်ရာ ဂူချန်နှင့်

နီးကပ်လာလေလေ ပိုမိုတောက်ပလာလေလေ ဖြစ်နေတော့သည်။

ထိုကျောက်စိမ်းလုံးကို ညွှန်ပြရင်း

သူက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။

"ဒါက ဖန်သားပြင်ကျောက်တုံးပဲ၊

အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ မဟာမိတ်လေးဖွဲ့စလုံးမှာ တစ်ခုစီပဲရှိပြီး သက်ဆိုင်ရာ တံခါးစောင့်တွေကပဲ ကိုင်ဆောင်ထားကြတာ၊ ဒါဟာ SSS အဆင့် သိုင်းပါရမီ ပိုင်ရှင်တွေကို ရှာဖွေဖို့အတွက် သီးသန့်အသုံးပြုတာပဲ.."

"SSS အဆင့် သိုင်းပါရမီ နိုးထလာတဲ့သူတိုင်းဟာ အသက်ရှင်နေသရွေ့ အနာဂတ်မှာ အင်အားကြီး ပုဂ္ဂိုလ်တွေ ဖြစ်လာကြမှာ အသေအချာပဲ.."

ဂူချန်ကို ပြသပြီးနောက် လင်းယဲ့မှာ

ထိုကျောက်တုံးကို အမြန်ပြန်သိမ်းလိုက်ပြီး မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်လေသည်။

"ကဲ... ဘယ်လိုလဲ၊ ငါ့ရဲ့ တိုက်ရိုက်တပည့်အဖြစ် ခံယူမယ်ဆိုရင် တောင်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ အမြင့်ဆုံးပညာရေးဌာနဖြစ်တဲ့ တောင်ဘက်ကောင်းကင်တံခါးတက္ကသိုလ်ကို

တက်ရောက်ခွင့်ရမယ့်အပြင် ကြီးကြပ်ရေးကောင်စီမှာလည်း ဘာစာမေးပွဲမှ ဖြေစရာမလိုဘဲ အဆင့်မြင့်အရာရှိတစ်ယောက်အဖြစ်

တိုက်ရိုက်ဝင်ရောက်နိုင်မှာပါ.."

"မင်း စိတ်ကူးတောင် မယဉ်နိုင်တဲ့

အခွင့်အရေးတွေနဲ့ အထောက်အပံ့တွေ အများကြီး ရရှိမှာနော်.."

"မင်းရဲ့ စရိုက်က ခေါင်းမာပြီး

ပြဿနာရှာတတ်ပေမဲ့ ငါ့ရဲ့ တပည့်သာဖြစ်လာမယ်ဆိုရင် အနာဂတ်မှာ တောင်ပိုင်းမဟာမိတ်အဖွဲ့ထဲမှာ

ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘဲ မင်းကြိုက်သလို နေနိုင်သွားပြီ.."

လင်းယဲ့၏ ဖိတ်ခေါ်မှုကို နားထောင်နေစဉ်တွင် ဂူချန်မှာ အစပိုင်း၌ စိတ်ဝင်စားပုံမပြခဲ့ပေ။

သို့သော် သူ၏တပည့်ဖြစ်လျှင် စိတ်ကြိုက် လှုပ်ရှားသွားလာနိုင်မည်ဟူသော စကားကို ကြားလိုက်ရသောအခါ ဂူချန်၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားတော့သည်။

စိတ်ကြိုက် လှုပ်ရှားနိုင်မည်လော။

ထိုသို့ဆိုလျှင် တောင်ပိုင်းမဟာမိတ်အဖွဲ့အတွင်း၌ သူအလိုရှိသူတိုင်းကို ပြဿနာရှာနိုင်ပြီး မည်သူ့ကိုမဆို ရင်ဆိုင်နိုင်မည်ဟု ဆိုလိုခြင်း

မဟုတ်ပါလော။

ဂူချန်က မျှော်လင့်ချက်အပြည့်ဖြင့်...

"ကျွန်တော် ကြိုက်တဲ့သူကို ပြဿနာရှာလို့ရတာလား.."

"အဲ..."

လင်းယဲ့မှာ ဆွံ့အသွားရလေသည်။ ဤကောင်လေးမှာ တစ်နေ့ကုန် တိုက်ခိုက်ဖို့လောက်သာ စဉ်းစားနေသည်လော။

သို့သော် တစ်ဖက်လူ၏ ပါရမီကို ထောက်ထားကာ သူက အံကြိတ်၍ ခေါင်းညိတ်လိုက်ပြီး...

"မဟာမိတ်အဖွဲ့ရဲ့ ဌာနဆိုင်ရာတွေကို တိုက်ခိုက်တာ ဒါမှမဟုတ် အပြစ်မဲ့သူတွေကို သတ်ဖြတ်တာမျိုး မလုပ်သရွေ့တော့ ကျန်တဲ့သူတွေကို မင်းကြိုက်သလို ပညာပေးလို့ရပါတယ်.."

"ဒါပေမဲ့ မင်း သူတို့ကို တကယ်နိုင်ဖို့တော့ လိုတာပေါ့.. "

"ကောင်းပြီလေ၊ ဒါပေမဲ့ ကျွန်တော့်မှာ

နောက်ထပ် အခြေအနေတစ်ခုရှိသေးတယ်..."

ဂူချန်က ခပ်ဖွဖွ ပြုံးလိုက်လေသည်။

"ဘာအခြေအနေလဲ၊ ပြောသာပြောစမ်းပါ.."

လင်းယဲ့က သဘောထားကြီးစွာဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။

တောင်ပိုင်းမဟာမိတ်အဖွဲ့၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအနေဖြင့်

သူ မဖြည့်ဆည်းပေးနိုင်သည့်အရာဟူ၍ ရှိပါဦးမည်လော။

ဂူချန်က တည်ငြိမ်စွာဖြင့်ပင်

"ကျွန်တော် တိုက်ရိုက်ဝင်ခွင့်ကို လက်မခံဘူး၊ သိုင်းစာမေးပွဲကိုပဲ ဝင်ဖြေဖို့

စိတ်ကူးထားတယ်.."

သိုင်းစာမေးပွဲသည် စေတနာတန်ဖိုးများကို စုဆောင်းရန် အခွင့်ကောင်းတစ်ခုဖြစ်ရာ ဤမျှလွယ်လွယ်နှင့် သူ လက်လွှတ်မည် မဟုတ်ပေ။

ထို့အပြင် သိုင်းစာမေးပွဲတွင် ပထမရရှိခြင်းက သူ၏နာမည်ဂုဏ်သတင်းကို ပိုမိုကျော်ကြားစေမည်ဖြစ်ပြီး မိမိကိုယ်မိမိ ပါရမီရှင်ဟု သတ်မှတ်ထားသူများကိုလည်း သူ့အား လာရောက်စိန်ခေါ်ရန် ဆွဲဆောင်နိုင်ပေလိမ့်မည်။

ထိုမှတစ်ဆင့် ရရှိလာမည့် စေတနာတန်ဖိုးများမှာလည်း မနည်းလှပေ။

"သိုင်းစာမေးပွဲ ဝင်ဖြေမလို့လား.."

ထိုစကားကို ကြားသောအခါ လင်းယဲ့မှာ ဇဝေဇဝါဖြစ်သွားပြီး...

"ဒါက သာမန်လူတွေအတွက်ပဲလေ၊ တကယ့်ပါရမီရှင်တွေကတော့ ကြိုတင်ပြီး အာမခံဝင်ခွင့် ရထားကြတာပဲ..."

"အဲဒီက ဖြေဆိုမယ့်သူတွေက မင်းနဲ့

အဆင့်ချင်း လုံးဝမတူဘူး၊ အဲဒီကိုသွားတာက အချိန်ဖြုန်းတာပဲ ဖြစ်လိမ့်မယ်.."

"ရပါတယ်..ကိစ္စ မရှိဘူး.."

ဂူချန်က ပြုံးလိုက်ပြီး...

"ကျွန်တော်က နည်းလမ်းအမျိုးမျိုးကို လေ့လာရတာ ကြိုက်တယ်၊ တခြားသူတွေနဲ့ တိုက်ခိုက်ရတာက ကျွန်တော့်ရဲ့

တိုက်ခိုက်ရေးစွမ်းရည်ကို ပိုပြီး တိုးတက်စေမှာပါ.."

လင်းယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင်မူ ဘာမှမပြောတော့ဘဲ နေလိုက်တော့သည်။

သူက ရင်ဘတ်ထဲမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထပ်မံထုတ်ယူကာ ဂူချန်အား ပေးလိုက်ရင်း ...

"ဒါဆိုရင်လည်း ငါ ထပ်မပြောတော့ဘူး..."

"ဒီကျောက်စိမ်းဆွဲပြားက မင်းရဲ့

အဆင့်အတန်းကို ဖော်ပြရုံတင်မကဘူး၊ အဆင့် ၇ အောက် သိုင်းပညာရှင်တွေရဲ့ တိုက်ခိုက်မှုကနေလည်း ခဏတာ ကာကွယ်ပေးနိုင်တယ်၊ ပြီးတော့ ငါ့ဆီကိုလည်း အချက်ပြပေးပို့နိုင်တယ်..."

"မင်းမှာ SSS အဆင့် သိုင်းပါရမီရှိနေတာကို သိသွားရင် မိစ္ဆာဂိုဏ်းသားတွေက မင်းကို ပစ်မှတ်ထားလာကြလိမ့်မယ်၊ အဲဒါကြောင့် အထူးသတိထားရမယ်နော်.."

"ဟုတ်ကဲ့ပါ... "

ဂူချန်က ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိမ်းဆွဲပြားကို လှမ်းယူကာ သူ၏ရင်ဘတ်ထဲသို့ ချက်ချင်းပင် ထည့်လိုက်လေတော့သည်။

All Chapters