← Chapters

အခန်း (၅၄၄၁-၅၄၄၅)

Vol. 275 Ch. 5441-5445

အခန်း (၅၄၄၁-၅၄၄၅)

Vol. 275 Ch. 5441-5445

Chapter 5441

"အဲ့ဒါက ယန်မိသားစုရဲ့ မဟာအကြီးအကဲတစ်ယောက်လေ... သူက ဒီလိုမျိုး အသတ်ခံလိုက်ရတာလား..."

လူများအားလုံး ထိတ်လန့်သွားကြပြီး သူတို့၏ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ စကားပင် မပြောနိုင်လောက်အောင် အံ့အားသင့်သွားကြ၏။

"ဒီနေရာကိုရောက်လာတဲ့ ယန်မိသားစုက လူတွေနဲ့ ပတ်သက်ရင်... သူတို့ထဲက တစ်ယောက်မှ အသက်ရှင်ဖို့ မလိုဘူးလို့ ငါထင်တယ်..."

လုယွီ၏နတ်ဘုရားစိတ်အာရုံသည် ပြိုင်ဘက်ကင်းလှ၏။ သူ၏မျက်လုံးများမှ ရွှေဖြင့်သွန်းလုပ်ထားသကဲ့သို့ တောက်ပသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေပြီး ကျယ်ပြန့်သော မြေများနှင့် မြစ်များကို ဖြတ်သန်းကာ ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ထွင်းဖောက်သွားသည်။

ထို့နောက် လုယွီသည် လေဟာနယ်သို့ ခြေလှမ်းလှမ်းကာ လက်ဝါးတစ်ချက်ဖြင့် ဖြည်းညှင်းစွာ ဖိနှိပ်လိုက်၏။ ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများသည် သူ၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျားရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်သည် မိုင်ထောင်နှင့်ချီ အကွာအဝေးမှနေ၍ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

ကျားယင်ခံတပ်...

ဤသည်မှာ စတုတ္ထနယ်မြေရှိ အရေးကြီးသော ခံစစ်စခန်းတစ်ခုပင်။

ယခုအချိန်တွင် ကျားယင်ခံတပ်၏ မြို့ရိုးများပေါ်တွင် ယန်မိသားစု၏အလံသည် လေထဲတွင် လူးလွန့်နေပေ၏။ ဤနယ်စပ်ခံတပ်သည် လက်ပြောင်းသွားပြီဖြစ်ကြောင်း သိသာထင်ရှားသည်။

ကြီးကျယ်ခမ်းနားသောသော ယင်လော့ဧကရာဇ် နတ်ဘုရားကျောင်းကို အလွန်အရေးတကြီး တည်ဆောက်နေကြပြီး ယခင်က စတုတ္ထနယ်မြေ၏ ကာကွယ်သူများအားလုံး ကျွန်များ ဖြစ်လာကြသည်။ သူတို့သည် လေးလံသော ကျောက်တုံးများကို သယ်ဆောင်ပြီး ပင်ပန်းခက်ခဲသော အလုပ်များကို လုပ်ဆောင်နေကြရသည်။

"ဝှစ်... ဝှစ်..."

ကြီးကြပ်မှုအတွက် တာဝန်ရှိသော ယန်မိသားစု ကျင့်ကြံသူများသည် သူတို့၏ လက်ထဲတွင် ကြာပွတ်ရှည်များကို ကိုင်ဆောင်ကာ ဝှေ့ယမ်းပြီး ကျယ်လောင်သောအသံဖြင့် အော်ဟစ်နေကြ၏။

ဤသည်မှာ ယန်မိသားစု၏ နည်းဗျူဟာပင်။ သူတို့သည် မြို့တစ်မြို့ကို သိမ်းပိုက်လိုက်တိုင်း ထိုနေရာကို သူတို့ သိမ်းပိုက်လိုက်ကြောင်း ပြသရန်အတွက် ယင်လော့ ဧကရာဇ် နတ်ဘုရား ဘုရားကျောင်းတစ်ခုကို သေချာပေါက် တည်ဆောက်ကြပေမည်။

နတ်ဘုရားကျောင်း တစ်ခုနှင့်အတူ အမွှေးနံ့သာ ပူဇော်မှုများ ရှိလာမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ဤမြေနေရာသည် ယန်မိသားစု၏ပိုင်ဆိုင်မှု သဘာဝကျကျ ဖြစ်လာပေမည်။

ဝုန်း...

ထိုအချိန်မှာပင် ကျားယင်ခံတပ်၏အထက်ရှိ မှောင်မည်းနေသော မိုးကောင်းကင်ယံတွင် လျှပ်စီးများလက်ကာ မိုးကြိုးများ မြည်ဟီးနေပြီး လေပြင်းများ တိုက်ခတ်လာသည်။

ဧရာမ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် တိမ်များနှင့် မြူခိုးလွှာများကို ဖြတ်သန်းကာ ကျဆင်းလာသည်။ ထိုအရာ၏ ရက်စက်ကြမ်းတမ်းသော ဖိအားအရှိန်အဝါသည် ထိုက်တောင်ကြီးတစ်လုံး ကျဆင်းလာသည့်အလား အောက်ဘက်ရှိ သက်ရှိများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

"အဲ့ဒါက ဘာလဲ..."

ယန်မိသားစုကျင့်ကြံသူ အမြောက်အများသည် မိုးကောင်းကင်ယံသို့ အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ကြ၏။

ရုတ်တရက် ခေါင်းလောင်းသံများသည် မိုးကြိုးသံများကဲ့သို့ မြည်ဟည်းလာပြီး အရေးတကြီး အချက်ပေးသံများက မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ ယန်မိသားစု၏အစွမ်းထက် ကျင့်ကြံသူများမှ သတိပေးချက်တစ်ခုကို ထုတ်ပြန်လိုက်ခြင်းပင်။

"ငါတို့ ယန်မိသားစုစစ်စခန်းကို ဘယ်သူက တိုက်ခိုက်ရဲတာလဲ..."

ယန်မိသားစု အကြီးအကဲတချို့သည် အော်ငေါက်သံများနှင့်အတူ ပျံသန်း၍ ထွက်လာကြသည်။

သို့သော် လုယွီသည် အပိုစကားများ မပြောချေ။ သူသည် အစွမ်းထက်သော လက်ဝါးပုံရိပ်ယောင်ကြီးကို ပို၍ကျဆင်းသွားစေရန် တွန်းအားပေးလိုက်၏။ လေဟာနယ်သည် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး၏ရှေ့တွင် တစ်လက်မစီ ပြိုကျသွားပြီး လေပြင်းတစ်ချက်က ရှေ့သို့တိုက်ခတ်သွားပေသည်။

ဘုန်း...

ကောင်းကင်အရှင်သခင်တစ်ယောက်၏ လက်ဝါးရိုက်ချက်က ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးလိုက်သည်။ လုယွီ၏ ယခုလက်ရှိစွမ်းအားသည် အတိတ်နှင့် မတူညီတော့ချေ။ ယခုချိန်၌ သူ ထိန်းချုပ်ထားသော စွမ်းအားသည် အကန့်အသတ်မရှိ ကြီးမားနေလေပြီ။

ပြင်းထန်သော မြည်ဟီးသံကြီးတစ်သံနှင့်အတူ ပျံသန်း၍ ထွက်လာသော ယန်မိသားစု အကြီးအကဲတချို့သည် ခုခံရန်အတွက် စွမ်းအားအနည်းငယ်မျှပင် မရှိဘဲ အမှုန်အမွှားများအဖြစ်သို့ ခြေမွဖျက်ဆီးခြင်းခံလိုက်ရပေ၏။

ရုတ်ချည်းဆိုသလိုပင် ရွှေရောင်လက်ဝါးပုံရိပ်ယောင်သည် တားဆီး၍ မရနိုင်လောက်အောင် တိုးဝင်လာပြီး ယန်မိသားစု၏ ကာကွယ်ရေး မဟာဝင်္ကပါကြီးကို ခြောက်သွေ့နေသော ပေါင်းပင်များနှင့် ဆွေးမြည့်နေသော သစ်သားများကဲ့သို့ ဖျက်ဆီးပစ်လိုက်သည်။ ထို့ပြင် ထိုအရာသည် မပြီးစီးသေးသော ယင်လော့ဧကရာဇ် နတ်ဘုရားကျောင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။

ယင်လော့ဧကရာဇ် နတ်ဘုရားကျောင်းသည် ချက်ချင်းပြိုကျသွားပြီး ကျိုးပဲ့နေသော နတ်ဘုရားရုပ်ထုနှင့်အတူ အပျက်အစီးအစအနများသည် နေရာအနှံ့ ဖြာကျသွားပေ၏။

ယန်မိသားစုစခန်း၏ အချက်အချာကျသောနေရာ ဖျက်ဆီးခြင်း ခံလိုက်ရသည်။

"ဘယ်လောက်တောင် အတင့်ရဲလိုက်လဲ... ငါတို့ ယန်မိသားစုဧကရာဇ်ရဲ့ နတ်ဘုရားရုပ်ထုကို ဖျက်ဆီးရဲတာက ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကြီးတစ်ခုကို ကျူးလွန်တာပဲ... သူ့ကို ဖမ်းပြီးတော့ အရှင်လတ်လတ် အရေခွံခွာပြီး သူ့ရဲ့အရွတ်တွေကို ဆွဲထုတ်လိုက်စမ်း..."

အမှောင်ထုထဲမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

လုယွီက အေးစက်စက် အော်ငေါက်လိုက်သည်။

"မင်းတို့က ဘာကောင်တွေလဲ... ငါ့ကို အပြစ်ပေးဖို့အတွက် မင်းတို့က ထိုက်တန်လို့လား..."

ရုတ်ချည်းဆိုသလိုပင် တုန်ခါသံတစ်သံ ထွက်ပေါ်လာပေ၏။ လုယွီက နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ အကန့်အသတ်မရှိသော ရွှေရောင်အလင်းတန်းသည် ရက်စက်ကြမ်းတမ်းသော စွမ်းအားများနှင့်အတူ ရှေ့သို့တိုက်ခတ်သွားသည်။ သောင်းနှင့်ချီသော ယန်မိသားစု ကျင့်ကြံသူများသည် သွေးများအန်လိုက်ကြပြီး သူတို့အားလုံး ဒူးထောက်ရက်သားလဲကျကာ သေဆုံးသွားကြ၏။

လုယွီ၏ပင်မခန္ဓာကိုယ်သည် သံမဏိချပ်ဝတ် ငရဲတွင် ရှိနေဆဲဖြစ်သော်လည်း သူ၏နတ်ဘုရားစိတ်အာရုံသည် မိုင်ထောင်နှင့်ချီ ဖြတ်သန်းလာကာ ကျားယင်ခံတပ်တွင် သရုပ်သကန်ထင်ဟပ်နေခြင်းပင်။

သောင်းနှင့်ချီသော ယန်မိသားစု ကျင့်ကြံသူများလုယွီ၏လက်ချက်ဖြင့် သေဆုံးသွားကြသည်။ သွေးများနှင့်အတူ ပြတ်တောက်နေသော ခြေလက်များသည် နေရာအနှံ့အပြားသို့ ဖြာကျသွားပေ၏။

ပတ်ဝန်းကျင်ရှိ ဖမ်းဆီးခံထားရသော စတုတ္ထနယ်မြေမှ ကျင့်ကြံသူများသည် မိုးကောင်းကင်ယံသို့ အံ့အားသင့်စွာဖြင့် စူးစိုက်၍ ကြည့်နေသည်။ သူတို့ကို အနိုင်ယူခဲ့သော ယန်မိသားစု ကျင့်ကြံသူများသည် ဤဓမ္မပုံရိပ်ယောင်ကြီး.ရှေ့တွင် လုံးဝယှဉ်ပြိုင်နိုင်ခြင်း မရှိဘဲ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။

သွေးနီရောင်သည် ကျားယင်ခံတပ်၏အထက်ရှိ မိုးကောင်းကင်ယံကို ဆိုးဆေးခြယ်လိုက်သည့်အလားပင်။ ကြေကွဲဖွယ် ငိုကြွေးသံတစ်သံက လေထုထဲတွင် ပဲ့တင်ထပ်သွားပေ၏။ သွေးများသည် မြစ်များအဖြစ် စုစည်းသွားပြီး ယန်မိသားစု၏တိုက်ပွဲအလံ စုတ်ပြဲသွားကာ ​မြေပြင်ပေါ်တွင် လဲကျနေသည်။

Chapter 5442

လုယွီ၏ပုံရိပ်ယောင်သည် မိုးကောင်းကင်ယံတွင် မြင့်မားစွာ မျောလွင့်နေပြီး သွေးရောင် တောက်ပနေသော နေမင်းကြီးက သူ့အပေါ်သို့ ထွန်းလင်းနေကာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား တောက်ပနေသည်။

အောက်ဘက်ရှိ ယန်မိသားစုစစ်စခန်းသည် အပျက်အစီးများဖြစ်နေပြီး ပြန့်ကျဲနေကာ လောကကြီးပျက်သုဥ်းသွားသည့် ဘေးဒုက္ခ မြင်ကွင်းတစ်ခုနှင့် တူညီနေသည်။

ခဲယဉ်းစွာ အသက်ရှင်ကျန်ရစ်ခဲ့သော ယန်မိသားစု ကျင့်ကြံသူများသည် အပျက်အစီးများထဲတွင် လဲလျောင်းနေပြီး နာကျင်စွာ ညည်းတွားသံများကို ထုတ်လွှတ်နေကြ၏။

သို့သော် လုယွီသည် သူတို့ကို အလွတ်ပေးရန် ရည်ရွယ်မထားချေ။ သူက လက်ကိုမြှောက်ပြီး ဖိနှိပ်လိုက်ရာ မမြင်ရသော မှော်စွမ်းအားများသည် သေမင်း၏သံကြိုးများအလား တိုက်ခတ်သွားပြီး အသက်များကို တစ်ခုပြီးတစ်ခု နုတ်ယူသွားသည်။

နေဝင်ချိန်သည် သွေးကဲ့သို့ နီရဲနေပြီး အေးစက်သောလေသည် လေတိုးသံတစ်သံကို သယ်ဆောင်လာကာ ယန်မိသားစု ကျင့်ကြံသူ များအတွက် နောက်ဆုံးဈာပနကို ကျင်းပနေသည့်အလားပင်။

"သေစမ်း... မင်းက ငါတို့ ယန်မိသားစုဝင်တွေကို ထိရဲတယ်ပေါ့... မင်းရဲ့ မျက်နှာကို ငါ မှတ်ထားလိုက်မယ်..."

အမှောင်ထုထဲမှ အလွန်အမင်း ဆိုးညစ်သော အသံတစ်သံ ထွက်ပေါ်လာပေ၏။ တစ်စုံတစ်ယောက်က ရက်စက်ကြမ်းတမ်းသော ခြိမ်းခြောက်မှုတစ်ခုကို ပြုလုပ်လိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် လေဟာနယ် အတက်အကျလှိုင်းများသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားကာ ထိုလူ ထွက်ခွာသွားရန် ရည်ရွယ်ထားကြောင်း ညွှန်ပြနေသည်။

"ငါက မင်းကို ထွက်သွားခွင့် ပြုလို့လား..."

လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေပြီး အသံနက်ကြီးဖြင့် ​အော်ဟစ်လိုက်သည်။

သူ၏စကားများသည် ဥပဒေသတစ်ခုနှင့် တူညီနေပြီး သောင်းနှင့်ချီသော ရွှေရောင်အလင်းတန်းများသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် ရုတ်တရက် ပျံ့လွင့်လာပေ၏။ လေဟာနယ် အမှောင်ထုထဲမှနေ၍ စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

ထိုလူသည်လည်း ယန်မိသားစု၏ မဟာအကြီးအကဲတစ်ဦး ဖြစ်သည့်တိုင် သူသည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ အဆင့်အတန်းမှာ ယန်တီမင်ထက်ပင် နိမ့်ကျကာ 'ရွှမ်' မျိုးဆက်၏ မဟာအကြီးအကဲတစ်ဦးသာဖြစ်သည်။

"ငရဲနယ်မြေမှာ အရာအားလုံးက ခွန်အားနဲ့ အခွင့်အာဏာကို ခွဲခြားထားတာပဲ... မင်းတို့ ယန်မိသားစုက ဒီလောက်ထိ မောက်မာထောင်လွှားရဲတာ... မင်းတို့ ဖိနှိပ်ခံရမယ့် နေ့ကိုရော တွေးကြည့်ဖူးလား..."

လုယွီက အဝေးမှနေ၍ ပေါ့ပေါ့ပါးပါး လက်ညှိုးညွှန်လိုက်သည်။

သူ၏လက်ချောင်းမှ စွမ်းအားလှိုင်းသည် ပြိုင်ဘက်ကင်းလှပြီး မိုးကောင်းကင်ကို ထွင်းဖောက်သွားကာ ထိုယန်မိသားစု မဟာအကြီးအကဲသည် နေရာမှာပင် သေဆုံးသွားတော့သည်။

ဤယန်မိသားစု မဟာအကြီးအကဲ သေဆုံးသွားခြင်းနှင့်အတူ ပတ်ဝန်းကျင်နေရာတဝိုက်လုံး နောက်ဆုံးတွင် တိတ်ဆိတ်သွားပြီး လုယွီ၏ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပေ၏။

လုယွီ၏ပုံရိပ် လုံးလုံးလျားလျား ပျောက်ကွယ်သွားမှသာ ကျားယင်ခံတပ်အတွင်းတွင် မိုးကောင်းကင်ယံကို တုန်ခါစေသော မြည်ဟီးသံကြီးတစ်သံ ပွင့်အံ့ထွက်လာသည်။

ယန်မိသားစုက ဖမ်းဆီးထားသော သုံ့ပန်းများသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ သူတို့သည် မှော်လက်နက်များကို ရှာဖွေကာ အုပ်စုဖွဲ့၍ လှည့်လည်သွားလာကြပြီး မသေသေးသော ယန်မိသားစုဝင်များကို လိုက်လံရှာဖွေကြသည်။

ယခင်က သူတို့၏အာဏာကို ပြသနေခဲ့သော ယန်မိသားစုဝင်များသည် ယခုအချိန်၌ လုံးလုံးလျားလျား မတူညီသော အခြေအနေတစ်ခုတွင် ရောက်ရှိနေလေပြီ။ သူတို့သည် လမ်းတလျှောက် ပြေးလွှားနေသော ကြွက်များအလား လူများအားလုံး၏ မုန်းတီးမှုကို ခံနေရပေ၏။

တစ်ချိန်တည်းမှာပင် လျှို့ဝှက်ရည်ရွယ်ချက် ရှိသူများသည် ကျားယင်ခံတပ်၏ စစ်မြေပြင်သို့ ရောက်ရှိလာကြသည်။ သူတို့သည် မြေပြင်ပေါ်ရှိ နေရာအနှံ့အပြားတွင် ရှိနေသော တွင်းနက်ကြီးများနှင့် သေဆုံးသွားသော ယန်မိသားစု မဟာအကြီးအကဲကို တွေ့မြင်လိုက်ရသည်။ သူတို့ မြင်တွေ့ရသမျှမှာ သူတို့၏မျှော်မှန်းချက်များထက် များစွာသာလွန်နေသဖြင့် သူတို့အားလုံး ထိတ်လန့်သွားကြ၏။

ယန်မိသားစု၏ အဓိကတပ်မကြီးနှစ်ခုသည် လုံးလုံးလျားလျား ချေမှုန်းခြင်းခံလိုက်ရပြီး အရှေ့ဘက်စစ်မျက်နှာသည် လုံးဝနီးပါး ပြိုလဲပျက်စီးသွားသည်။ အာရုံငါးပါးဘုရင်၏ တပ်မသည် ကွာဟချက်ကို ချက်ချင်းဝင်ရောက်ဖြည့်ဆည်းပေးခဲ့သည်။ သူတို့သည် ယန်မိသားစုက ဖောက်ထွင်းခဲ့သော ခံစစ်စည်းကို ပြုပြင်ခဲ့ကြပြီး အစွမ်းထက်သော သရဲဘုရင် တစ်ပါးသည် ဤနေရာ၏ အစောင့်အရှောက်တပ်မှူးအသစ် ဖြစ်လာခဲ့သည်။

စတုတ္ထနယ်မြေ၏ အလုံးစုံ ခွန်အားမှာ ယန်မိသားစုထက် များစွာနိမ့်ကျသော်လည်း သူတို့သည် လိုအပ်သော ကာကွယ်ရေး စွမ်းရည်များကို ပိုင်ဆိုင်ထားဆဲပင်။

သို့တိုင် လုယွီနှင့် ပတ်သက်သော ကောလာဟလများသည် ကျယ်ပြန့်စွာ ပျံ့နှံ့သွားပြီး လူအများကို သူ့အား ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ယူဆစေခဲ့သည်။

"လူတစ်ယောက်တည်းရဲ့ စွမ်းအားနဲ့ သူက ယန်မိသားစုရဲ့ သန်းနဲ့ချီတဲ့ စစ်တပ်ကို ချေမှုန်းခဲ့တာပဲ..."

"သူက အတိအကျ ဘယ်သူလဲ... သူက ဘာလို့ ဒီလောက်ထိ အရမ်းကြီးမားတဲ့ စွမ်းအားမျိုး ရှိနေရတာလဲ... သူက ယန်မိသားစုရဲ့ ရန်သူဟောင်း များ ဖြစ်နေမလား..."

လူအများသည် ထိတ်လန့်သွားကြ၏။ ယန်မိသားစုပိုင်ဆိုင်သော အင်အားကို သူတို့ ကောင်းစွာ သိရှိထားကြသည်။ စတုတ္ထနယ်မြေ၏ အာရုံငါးပါးဘုရင်ကိုယ်တိုင် လှုပ်ရှားလျှင်ပင် ဤမျှထိ ကြီးမားသော ဖျက်ဆီးနိုင်မှုကို ရရှိရန်မှာ ဖြစ်နိုင်မည် မဟုတ်ချေ။

ဒဏ္ဍာရီများ ပျံ့နှံ့သွားသည်နှင့်အမျှ လုယွီသည် ပို၍ပို၍ နတ်ဘုရားဆန်လာပေ၏။ အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများသည် လုယွီကို ကောင်းကင်ဘုံ နတ်ဘုရားများနှင့် နှိုင်းယှဉ်ကြပြီး ယန်မိသားစု၏ ဖရိုဖရဲ ပြစ်မှုများကို အပြစ်ပေးရန် လူ့လောကသို့ ဆင်းသက်လာသော မိုးကောင်းကင်တာအို၏ သရုပ်သကန်ထင်ဟပ်မှုဟု ဆိုကြသည်။

"မင်းတို့အားလုံး မှားနေတယ်... အဲ့ဒီလူက မြေအောက်လောက နတ်ဘုရားအသစ်ပဲ..."

ဘုန်းတော်ကြီးအိုတစ်ဦးသည် ကြီးကျယ်ခမ်းနားသော နတ်ဘုရားကျောင်းတစ်ခု၏ရှေ့တွင် မတ်တတ်ရပ်ကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။

တခြားကျင့်ကြံသူ ရာပေါင်းများစွာကလည်း သူ၏စကားကို ထောက်ခံခဲ့ကြသည်။ မြေအောက်လောက နတ်ဘုရားသည် နတ်ဘုရား ရုပ်ထုထဲမှ ထွက်လာသည်ကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ သူ၏ နတ်ဘုရား စွမ်းအားသည် ကြီးမားကျယ်ပြန့်ကာ ပြိုင်ဘက်ကင်းပြီး သူ၏နဂါးကဲ့သို့ ဟိန်းသံသည် ယန်မိသားစု၏ ကြီးမားသောစစ်တပ်ကို ချေမှုန်းပစ်ခဲ့ကြောင်း သူတို့ မြင်တွေ့ခဲ့ပေ၏။

Chapter 5443

မြေအောက်လောက နတ်ဘုရား ပြန်ပြီးထွက်ပေါ်လာပြီ...

ဤသတင်းသည် မိုးကောင်းကင်ကို တုန်ခါစေသော ဒီရေလှိုင်းကြီးတစ်ခုအား ငြိမ်သက်နေသော ငရဲနယ်မြေကို ရုတ်တရက် မငြိမ်မသက်မှုများအတွင်းသို့ ချက်ချင်းပြန်လည်ရောက်ရှိသွားစေခဲ့သည်။

မြေအောက်လောကနတ်ဘုရားသည် မည်သူဖြစ်သနည်း...

လူများအားလုံး သိထားကြပြီး မရေမတွက်နိုင်သော လူများကို ကြောက်ရွံ့စေခဲ့သော ထိုတည်ရှိမှုသည် ကြာမြင့်စွာကတည်းက သေဆုံးသွားပြီဖြစ်ကြောင်း သူတို့ ပို၍ပင် သိထားကြသည်။

"နှစ်တွေ ကုန်ဆုံးသွားတယ်... လောကမှာ ဘယ်လောက်များပြားတဲ့ အစွမ်းထက်သူတွေက ညမွှေးပန်းလိုပဲ ခဏတာ ရှင်သန်ခဲ့ကြတာလဲ... မြေအောက်လောက နတ်ဘုရားက ဘာလို့ ထာဝရ စိမ်းလန်းနေနိုင်ရတာလဲ..."

"သူနဲ့ ထိုက်ချမ်ဧကရာဇ် က အတူတူ သေဆုံးသွားတာ မဟုတ်လား... အခု သူက ဘယ်လိုလုပ်ပြီးတော့ ပြန်ပြီးထွက်ပေါ်လာတာလဲ..."

လူအများထံတွင် သံသယများ ဖြစ်ပေါ်လာကြပြီး မြေအောက်လောက နတ်ဘုရား တည်ရှိနေသေးကြောင်းကို လုံးလုံးလျားလျား မယုံကြည်လိုကြချေ။

ယန်မိသားစု မြင်တက်လာခြင်းနှင့်အတူ နယ်မြေအမြောက်အများတွင် မြေအောက်လောက နတ်ဘုရားကျောင်းများကို ဖြိုချခဲ့ကြ၏။ ယခင်က မြေအောက်လောက နတ်ဘုရားကျောင်း၏ အဖွဲ့ဝင်များသည် အသတ်ခံရခြင်း သို့မဟုတ် နှင်ထုတ်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရပြီး သူတို့၏ ယခင် ကြီးကျယ်ခမ်းနားမှုများကို ကြာမြင့်စွာကတည်းက ဆုံးရှုံးခဲ့ရသည်။

သေချာသည်မှာ ဤအရာအားလုံးသည် မြေအောက်လောက နတ်ဘုရား သေဆုံးသွားပြီဟူသော အချက်အပေါ် အခြေခံထားခြင်းပင်။

အကယ်၍ မြေအောက်လောက နတ်ဘုရားသာ အသက်ရှင်နေသေးပါက သူတို့၏လုပ်ရပ်များသည် နတ်ဘုရား၏ဒေါသကို ဖြစ်ပေါ်စေနိုင်သည်။

လူအများသည် ကြောက်ရွံ့စွာဖြင့် တုန်ရီနေကြပြီး သူတို့၏ ခေါင်းပေါ်တွင် ထက်ရီသော ဓားတစ်လက် တွဲလောင်းကျနေကာ အချိန်မရွေး ကျဆင်းလာပြီး သူတို့၏ အသက်ကို နှုတ်ယူသွားနိုင်သည်ဟု အမြဲတစေ ခံစားနေကြရ၏။

"မြေအောက်လောက နတ်ဘုရားက အသက်ရှင်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး... မင်းတို့ လိမ်နေတာ..."

ယန်မိသားစု အကြီးအကဲတစ်ဦးက အော်ငေါက်လိုက်သည်။ သူတို့မိသားစုခွဲ၏ခေါင်းဆောင်သည် မဟာအကြီးအကဲ ယန်တီမင်ပင်။

"ငါတို့ယန်မိသားစုကို ပစ်မှတ်ထားဖို့ မြေအောက်လောက နတ်ဘုရားအဖြစ် ရုပ်ဖျက်ထားတဲ့ ယန်မိသားစုရဲ့ရန်သူ တစ်ယောက် သေချာပေါက် ရှိနေရမယ်... ငါတို့ယန်မိသားစုက မြေအောက်လောက နတ်ဘုရား အသိအမှတ်ပြုထားတဲ့ မိသားစုဖြစ်ပြီးတော့ ငရဲနယ်မြေရဲ့ တရားဝင် အမွေဆက်ခံသူပဲ... တစ်ယောက်ယောက်က ငါတို့ ယန်မိသားစုကို ပစ်မှတ်ထားနေတာ..."

သို့သော် ထိုဘုန်းတော်ကြီးအိုသည် မတုန်မလှုပ် ရှိနေဆဲဖြစ်ပြီး သူ၏နောက်ရှိ နတ်ဘုရားကျောင်းသည် အကန့်အသတ်မရှိသော နတ်ဘုရား အလင်းတန်းများကို ထုတ်လွှတ်ထားကာ မျက်စိကျိန်းလုမတတ် တောက်ပနေပေ၏။

တစ်စုံတစ်ယောက်က ဘုရားကျောင်းထံသို့ လာရောက်လည်ပတ်ပြီး မြေအောက်လောက နတ်ဘုရားထံ စိတ်ရင်းမှန်ဖြင့် ဆုတောင်းခဲ့ကြသည်။ သူတို့သည် အမှန်တကယ်ကို ပြိုင်ဘက်ကင်းသော ကံကြမ္မာကောင်းကို ရရှိခဲ့ကြပြီး သူတို့၏ကျင့်ကြံခြင်းကို တိုးတက်စေရုံသာမက သူတို့၏မွေးရာပါစွမ်းရည်ကိုပင် ပြောင်းလဲသွားစေခဲ့သည်။ ဆွေးမြည့်နေသော သစ်သားတုံးကဲ့သို့ စွမ်းရည်ရှိသူတစ်ဦးမှနေ၍ သူတို့သည် ထိပ်သီးပါရမီရှင်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြ၏။

ယနေ့တွင် နတ်ဘုရား အလင်းတန်းများသည် တောက်ပစွာ ထွန်းလင်းခဲ့ပြီး ထိုကျင့်ကြံသူ သည် တောက်ပမှုတွင် နှစ်ခြင်းခံရကာ ထိုအချိန်မှစ၍ မြေအောက်လောက နတ်ဘုရား၏ သစ္စာရှိ ယုံကြည်ကိုးကွယ်သူတစ်ဦး ဖြစ်လာခဲ့သည်။

ဤမြင်ကွင်းကို လူအမြောက်အများက မြင်တွေ့ခဲ့ရ၏။ မူလက သံသယဖြစ်နေသူတချို့သည် သူတို့ကိုယ်တိုင် မျက်မြင်တွေ့ရှိပြီးနောက် မယုံကြည်ဘဲ မနေနိုင်ကြတော့ချေ။

နတ်ဘုရားကျောင်းများ တစ်ခုပြီးတစ်ခုမှနေ၍ အကန့်အသတ်မရှိသော နတ်ဘုရား အလင်းတန်းများ ပွင့်အံ့ထွက်လာပြီး မိုးကောင်းကင်သို့ ပျံ့လွင့်ကာ တိမ်တိုက်များကို ထွင်းဖောက်သွားကြသည်။ အံ့အားသင့်ဖွယ် ကိစ္စရပ်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ မြေအောက်လောက နတ်ဘုရား၏ နာမည်ကို ငရဲနယ်မြေတခွင်လုံးတွင် နောက်တစ်ကြိမ် ပျံ့နှံ့သွားစေခဲ့သည်။

"မြေအောက်လောက နတ်ဘုရား က အသက်ရှင်နေသေးတယ်... သူက သူ့ရဲ့ ယုံကြည်ကိုးကွယ်သူတွေကို စွန့်ပစ်မသွားဘူး..."

မြေအောက်လောက နတ်ဘုရားကျောင်း၏ ယခင် ယုံကြည်ကိုးကွယ်သူ အမြောက်အများသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ နာကျင်ကြေကွဲစွာ ငိုကြွေးနေကြ၏။ မြေအောက်လောက တာအိုသခင် သေဆုံးပြီးနောက် သူတို့သည် ကြီးမားသော နာကြည်းမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ကြရသည်။

ဆန့်ကျင်ဘက်အနေဖြင့် ယန်မိသားစုသည် လုံးလုံးလျားလျား တိတ်ဆိတ်သွားတော့သည်။

ယန်မိသားစုသည် ငရဲနယ်မြေကို တရားဝင် အုပ်ချုပ်ရန်အတွက် မြေအောက်လောက နတ်ဘုရား၏ ဂုဏ်သတင်းကို ငှားရမ်းနေခြင်းပင်။ သူတို့သည် ယန်မိသားစု၏အခွင့်အာဏာကို တရားဝင်ဖြစ်စေရန်အတွက် နင်းချူကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထိုသို့ဖြစ်လာပါက သူတို့ထံတွင် ဧကရာဇ်၏ ကျောက်စိမ်းစည်းတံဆိပ် မရှိလျှင်ပင် ငရဲနယ်မြေကို တရားဝင် စည်းရုံးနိုင်ပေမည်။

သို့သော် ယခုအချိန်၌ မြေအောက်လောက နတ်ဘုရား ပြန်လည်၍ ထွက်ပေါ်လာပြီး ယန်မိသားစုဆီသို့ သူ၏ဓားကို ချိန်ရွယ်ထားပေ၏။ ယန်မိသားစု စုဆောင်းထားသော ဂုဏ်သတင်းများလည်း ချက်ချင်းဆိုသလိုပင် ဖယ်ရှားခြင်းခံလိုက်ရသည်။

လူအများသည် ဤကိစ္စ၏အမှန်တရားကို ထွင်းဖောက်သိမြင်ပြီးလေပြီ။ ယန်မိသားစုသည် ရာဇပလ္လင်ကို လုယူပြီး ပုန်ကန်ခဲ့သော သစ္စာဖောက် လူဆိုးများသာ ဖြစ်ပေ၏။ ယခုချိန်၌ မြေအောက်လောက နတ်ဘုရား ပြန်လည်နိုးထလာချိန်တွင် သစ္စာဖောက်များကို အပြစ်ပေးတော့ပေမည်။

အမှန်အားဖြင့် ယန်မိသားစုအတွင်းရှိ အစွမ်းထက် ကျင့်ကြံသူများသည်လည်း အလွန်အမင်း စိတ်ပျက်နေကြသည်။

အရှေ့ဘက် စစ်မျက်နှာရှိ သူတို့၏ အဓိက စစ်တပ်ကြီးနှစ်တပ် အမြစ်ပြတ်ချေမှုန်းခံရခြင်းမှာ ယန်မိသားစုအတွက် အလွန်ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။

ယန်မိသားစုသည် ငရဲနယ်မြေမှ နယ်မြေဆယ့်ရှစ်ခုလုံးကို ထိန်းချုပ်ရန်အတွက် ကြီးမားသော စစ်တပ်ကြီးတစ်တပ် လိုအပ်ပေ၏။ ထိုစစ်တပ်ကြီးကို အဓိကအားဖြင့် ယန်မိသားစု၏ တိုက်ရိုက်မျိုးဆက် စစ်သားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သို့သော် အဓိက စစ်တပ်ကြီး နှစ်ခု ချေမှုန်းခံရခြင်းနှင့်အတူ ယန်မိသားစု၏ ဂုဏ်သတင်းလည်း ကျဆင်းသွားသည်။ သူတို့၏လက်အောက်ရှိ ကြေးစားစစ်သားများထံ၌ပင် ကိုယ်ပိုင်အတွေးများ စတင်၍ ဖြစ်ပေါ်လာကြသည်။

"စုံစမ်းစစ်ဆေးစမ်း... အဲ့ဒီလူက အတိအကျ ဘယ်သူလဲ..."

ဖုန်းတု မြို့တော် အထက်တွင် ယန်မိသားစု၏ 'ကောင်းကင်' မျိုးဆက် မဟာအကြီးအကဲ ယန်ထျန်ရှင်းက အဆက်မပြတ် အော်ငေါက်နေသည်။ လုယွီ ရုတ်တရက် ထွက်ပေါ်လာခြင်းက ယန်မိသားစု၏အစီအစဉ်များကို လုံးလုံးလျားလျား အနှောင့်အယှက် ဖြစ်စေခဲ့သည်။

Chapter 5444

ပြင်ပလောက၌ စည်ကားနေချိန်တွင် လုယွီသည် ဝက်ဝံခံတပ်သို့ ရောက်ရှိလာပေ၏။

ဖန်းယင်းထံမှ အကြွင်းအကျန် အဆိပ်များကို ဖယ်ရှားပြီးနောက် လုယွီသည် သူမကို ချန်းတာ့ထုံးနှင့်အတူ နေထိုင်ရန် စီစဉ်ပေးခဲ့ကာ ခရီးဆက်ခဲ့သည်။

ဖန်းယင်း၏ ရှင်းပြချက်အရ လုယွီသည် နောက်ဆုံးတွင် ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားသည်။

ထိုနေ့က ကောင်းကင်ကွန်ယက်သည် နင်းချူကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သော်လည်း လမ်းတစ်ဝက်တွင် မတော်တဆ ချုံခိုတိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ နင်းချူ ပြန်ပေးဆွဲခံလိုက်ရပြီး ဖန်းယင်းက သူမ၏နောက်သို့ လိုက်သွားခဲ့သည်။

တိုက်ပွဲအတွင်းတွင် တစ်ဖက်အဖွဲ့မှ အသေခံကျင့်ကြံသူတစ်ဦး၏ မျက်နှာဖုံး ကျွတ်သွားပြီး ဖန်းယင်းက မြင်တွေ့ခဲ့ရသည်။ သို့သော် ထိုအချိန်က ရုန်းရင်းဆန်ခတ်မှုတွင် လူအလွန်များနေသဖြင့် သူမသည် နယ်မြေသခင်အဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေသည့်တိုင် ကူကယ်ရာမဲ့နေပြီး နင်းချူ ပြန်ပေးဆွဲခံရသည်ကိုသာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

သို့ရာတွင် အခြေအနေများသည် အလှည့်အပြောင်း မရှိသည်တော့ မဟုတ်ချေ။ ဖန်းယင်းသည် ယန်မိသားစုထဲသို့ ခိုးဝင်သွားကာ မရေမတွက်နိုင်သော ရှာဖွေမှုများ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ထိုအသေခံကျင့်ကြံသူကို ရှာတွေ့ခဲ့လေ၏။ ဤသည်မှာ ယန်မိသားစု၏ ပါရမီရှင်ယန်ထုံ၏ လက်အောက်ငယ်သား တစ်ဦး ဖြစ်နေသည်။

ယန်ထုံနှင့်ယန်ဟွမ်းတို့သည် အမြဲတစေသဘောထားကွဲလွဲနေကြပြီး ကောင်းကင်ကွန်ယက်က သံသယရှိသူများအဖြစ် ယခင်ကတည်းက စာရင်းသွင်းထားခဲ့သည်။ ယခုအချိန်၌ ခိုင်လုံသော သက်သေအထောက်အထားများ ရရှိခဲ့သဖြင့် ဖန်ယင်းသည် ယန်ထုံကို ဖမ်းဆီးရန်နှင့် နင်းချူ၏ တည်နေရာကို ဖော်ထုတ်ရန်အတွက် ပြတ်ပြတ်သားသား ပြင်ဆင်ခဲ့သည်။

မထင်မှတ်ဘဲ သူမသည် ဤယန်မိသားစု ပါရမီရှင်၏စွမ်းအားကို အထင်သေးခဲ့မိပေ၏။ ယန်ဟွမ်း နယ်မြေသခင်နယ်ပယ်သို့ အဆင့်တက်သောနေ့တွင် ငရဲနယ်မြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အခမ်းအနားကို ကြည့်ရှုရန် သူတို့၏မိသားစုများကို ခေါ်ဆောင်လာခဲ့ကြသည်။ သို့ရာတွင် သိုသိုသိပ်သိပ်နေတတ်သော ယန်ထုံသည် နယ်မြေသခင်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မည်သူမျှ မသိခဲ့ကြချေ။

ချောက်ထဲတွင် ပုန်းအောင်းနေသော နဂါးတစ်ကောင်သည် ထောင့်တစ်နေရာတွင် ရှိနေသဖြင့် စပါးကြီးမြွေလော သို့မဟုတ် အစစ်အမှန် နဂါး တစ်ကောင်လော ဆိုသည်ကို မည်သူမျှ မသိနိုင်ချေ။

ယန်ထုံသည် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့ပြီး ဖန်ယင်း၏နံဘေးရှိ ကောင်းကင်ကွန်ယက် ထောင်စုမှူးနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ဖန်ယင်းသည် ပွတ်ကာသီကာ လွတ်မြောက်လာခဲ့သော်လည်း သူမသည်လည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပေ၏။ သူမသည် လမ်းခရီးတွင် သွေးအဆိပ်ပင် ကူးစက်ခံခဲ့ရပြီး သူမ၏စွမ်းအားများ မကုန်ခမ်းမီ သံမဏိချပ်ဝတ်ငရဲ၏ရှေ့သို့ ဒယိမ်းဒယိုင်ဖြင့် ရောက်ရှိလာခဲ့ပေသည်။

"နင်းချူကလယန်မိသားစုရဲ့ အတွင်းရေး တိုက်ပွဲမှာ အပေးအယူလုပ်စရာတစ်ခု ဖြစ်လာခဲ့တာပဲ..."

လုယွီ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူ၏ မျက်နှာ ရေခဲကဲ့သို့ အေးစက်တင်းမာနေသည်။

နင်းချူသည် အကြိမ်ကြိမ် ပြန်ပေးဆွဲခံရကာ ပထမဆုံး ချီဘုရင် ကျိုးထုံ ထို့နောက် ယန်မိသားစုဖြစ်ပြီး နောက်ပိုင်းတွင် သာမန်ယန်မိသားစု ပါရမီရှင်တစ်ဦးကပင် သူမကို လိုချင်တပ်မက်ရန် ရဲတင်းနေသည်။

လုယွီသည် ထိုအရာအားလုံးကို သူ၏ စိတ်ထဲတွင် မှတ်သားထားလိုက်၏။ သူသည် သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားရန် ရည်ရွယ်မထားချေ။ သူ ဤနေရာသို့ လာခြင်းမှာ ယန်မိသားစုကို ဖျက်ဆီးရန်ပင်။

သန့်စင်ယန်မျှော်စင်သည် တုန်ခါနေသော မြည်ဟီးသံတစ်သံကို ထုတ်လွှတ်လိုက်၏။ ထိုအရာထံတွင် ဝမ်းသာအားရမှုများဖြင့် ပြည့်နှက်နေသည်။

လုယွီ၏ဓမ္မပုံရိပ်ယောင်သည် ကျားယင်ခံတပ်သို့ ဆင်းသက်ကာ ယန်မိသားစု ကျင့်ကြံသူ များ၏ ရုပ်ခန္ဓာကိုယ်များကိုဖျက်ဆီးခဲ့သော်လည်း သူတို့၏ စိတ်ဝိညာဉ်များအားလုံးကို သန့်စင်ယန်မျှော်စင်ထဲသို့ စုဆောင်းခဲ့ပေ၏။

သန့်စင်ယန်မျှော်စင်သည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး မှော်စွမ်းအင် သင်္ကေတများသည် မျှော်စင်ကိုယ်ထည်၏နံဘေးပတ်လည်တွင် မျောလွင့်နေကာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့ပုံရသည်။

ယန်မိသားစု ကျင့်ကြံသူ ငါးသိန်း၏ စိတ်ဝိညာဉ် များသည် သူတို့၏မှတ်ဉာဏ်များကို ပြန်လည်ရေးသားခံရပြီး မြေအောက်လောက နတ်ဘုရား ၏ သစ္စာရှိ ယုံကြည်ကိုးကွယ်သူများ ဖြစ်လာခဲ့ကြသည်။

သူတို့သည် သန့်စင်ယန်မျှော်စင်အတွင်း၌ နေထိုင်ကြပြီး နေ့ညမပြတ် နတ်ဘုရား ကျမ်းစာများကို ရွတ်ဆိုကြသည်။ ကြီးမားသော အမွှေးနံ့သာ ပူဇော်မှုများသည် လေဟာနယ်ကို တိုက်ရိုက်ထွင်းဖောက်သွားပြီး လုယွီ၏ ကျင့်ကြံခြင်းကို အဆက်မပြတ် တိုးတက်စေသည်။

"ယန်မိသားစုရဲ့နောက်ကို လိုက်တာက ပုန်ကန်မှုတစ်ခုဆိုတာ ငါ နောက်ဆုံးတော့ သဘောပေါက်သွားပြီ... အရှင်ဧကရာဇ်က ဒီခေတ်ရဲ့ သူတော်စင်ဧကရာဇ်ပဲ..."

"သူတော်စင်ဧကရာဇ် အတွက် ဆုတောင်းခွင့်ရတာက ငါတို့ရဲ့ ဂုဏ်ကျက်သရေပဲ..."

သန့်စင်ယန်မျှော်စင်မှ ဖန်တီးထားသော ကမ္ဘာအတွင်း၌ မရေမတွက်နိုင်သော စိတ်ဝိညာဉ် များသည် သူတို့၏ အတိတ်က နာကြည်းမှုများကို မေ့ပျောက်ကာ ဘဝသစ်များကို စတင်ကြ၏။ တစ်ချိန်တည်းမှာပင် သူတို့က လုယွီအတွက် အမွှေးနံ့သာပူဇော်မှုများကို အဆက်မပြတ် ထောက်ပံ့ပေးနေသည်။

ဤသည်မှာ ရှေးဟောင်းခေတ် နတ်ဘုရား လမ်းစဉ်မှ နည်းလမ်းတစ်ခုဖြစ်ပြီး ယခုအချိန်၌ လုယွီက ကျွမ်းကျင်ပိုင်နိုင်နေလေပြီ။ လုယွီ၏ စွမ်းအားသည် အချိန်တိုင်း ခုန်ပျံကျော်လွှား၍ တိုးတက်နေပေ၏။

"ဒီနှုန်းအတိုင်း ဆက်သွားရင် နောက်ထပ် နှစ်သုံးထောင်လောက်မှာ ငါက နတ်ဘုရားဘုရင် အဆင့်ထိ ကျင့်ကြံနိုင်ပြီ... ဒီတိုးတက်မှုက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်အဖြစ် ကျင့်ကြံတာထက် အများကြီး ပိုမြန်တယ်..."

လုယွီက သူ၏စိတ်အတွင်းတွင် သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်သည်။

ဤအမြန်နှုန်းမှာ လုံလောက်အောင် မြန်ဆန်နေပြီ ဖြစ်သော်လည်း လုယွီက မကျေနပ်သေးချေ။

ကောင်းကင်နှင့်မြေပြင်၏ မဟာကပ်ဘေးဒုက္ခ ကြီး နီးကပ်နေလေပြီ။ သိုင်းဧကရာဇ်တစ်ပါးပင်လျှင် ရှေးဦးသက်ရှိများ၏ လက်ထဲတွင် ကျဆုံးရပေမည်။ အကယ်၍ တစ်ယောက်ယောက်က နတ်ဘုရားဘုရင်အဖြစ် အမှန်တကယ် ကျင့်ကြံနိုင်လျှင်ပင် သူသည် မဟာကပ်ဘေးဒုက္ခ ကြီးကို သေချာပေါက် ကျော်လွှားနိုင်မည် မဟုတ်ချေ။

ထို့ပြင် လုယွီသည် နတ်ဘုရားဘုရင် အဖြစ် ကျင့်ကြံရန် အနည်းဆုံး နှစ်တစ်ထောင် လိုအပ်နေသည်။

ထိုကဲ့သို့ ရှည်လျားသော အချိန်ကာလတစ်ခုအတွင်း မည်သည့်အရာမဆို ဖြစ်လာနိုင်သည်။ လောလောဆယ်တွင် အနာဂတ်၌ မည်သည့်အရာများ ဖြစ်လာမည်ကိုသာ သူ စောင့်ကြည့်ရပေမည်။

Chapter 5445

စတုတ္ထနယ်မြေ... ဝက်ဝံခံတပ်...

ထိုခံတပ်သည် အမည်နှင့်လိုက်ဖက်စွာပင် ခံတပ်ကို စောင့်ကြပ်နေသော ဝက်ဝံတစ်ကောင်နှင့် အမှန်တကယ် တူညီပြီး စတုတ္ထနယ်မြေ၏ နယ်စပ်ကို ဖြတ်သန်း၍ နေရာနှစ်ခုကို ပိုင်းခြားထားပြီး ကြီးကျယ်ခမ်းနားကာ မြင့်မားလှ၏။

ဝက်ဝံခံတပ်၏နံဘေးပတ်လည်တွင် မရေမတွက်နိုင်သော သဘာဝအန္တရာယ်များနှင့် နက်ရှိုင်းသော ချောက်ကမ်းပါးများရှိသည်။ ငရဲနယ်မြေအတွင်းရှိ နေရာအမြောက်အများသည် ဖွံ့ဖြိုးခြင်း မရှိသေးချေ။ ခွင့်ပြုချက်မရှိဘဲ ထိုနေရာသို့ ကျူးကျော်ဝင်ရောက်ခြင်းက လူတစ်ယောက်၏စိတ်ဝိညာဉ်ကို လွယ်လင့်တကူ ကြေမွှပျက်စီးသွားစေနိုင်သည်။

ထို့ကြောင့် ဝက်ဝံခံတပ်သည် စတုတ္ထနယ်မြေတွင် ကာကွယ်ရေးအတွက် ထိပ်တန်းဦးစားပေးနေရာ ဖြစ်လာခဲ့ပေ၏။ အာရုံငါးပါးဘုရင်သည် ဤနေရာကို စောင့်ကြပ်ရန် တပ်ဖွဲ့ကြီးများကို စေလွှတ်ခဲ့ပြီး ယန်မိသားစုစစ်တပ်ကို ခုခံရန် သဘာဝအတားအဆီးများကို အသုံးပြုခဲ့သည်။

လုယွီသည် ဘုရင်အမိန့်ပေး ရွှေတံဆိပ်ပြားကို ပြသလိုက်ရာ သူ မျှော်လင့်ထားသည့်အတိုင်း မည်သည့်တားဆီးမေးမြန်းမှုမျိုးမျှ မရှိတော့ချေ။

အာရုံငါးပါးဘုရင်၏နံဘေးရှိ အစေခံအရှင်တစ်ဦးသည် သရဲတစ္ဆေဘုရင်ကျန်းကို မျက်နှာသာပင် မပေးဘဲ ကျန်းမိသားစုမှ လူတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း လူအမြောက်အများက ကြားသိခဲ့ကြသည်။ လုယွီသည် ဝက်ဝံခံတပ်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သော်လည်း သူသည် အာရုံစိုက်မှုများစွာ၏ ဗဟိုချက် ဖြစ်နေလေပြီ။

လုယွီသည် မတုန်မလှုပ် ရှိနေဆဲပင်။ သူသည် ဤနေရာသို့ ရည်ရွယ်ချက် နှစ်ခုဖြင့် လာခဲ့ခြင်း ဖြစ်ပေ၏။

ပထမတစ်ခုမှာ ယန်ယွမ်ဘုရင်ကို ဖယ်ရှားရန်ပင်။ ယန်ယွမ်ဘုရင်သည် စတုတ္ထနယ်မြေရှိ ယန်မိသားစု၏စစ်တပ်တွင် အသန်မာဆုံးလူ ဖြစ်သည်။ လုယွီသည် ယခင်က အာရုံငါးပါးဘုရင်အား ယန်မိသားစုကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပေးမည်ဟု ကတိပေးခဲ့သဖြင့် ယခုအချိန်၌ ထိုကတိကို ဖြည့်ဆည်းရန် ဤနေရာသို့ ရောက်ရှိနေခြင်းဖြစ်ပေ၏။

ဒုတိယတစ်ခုမှာ သူ၏စွမ်းအားကို တိုးတက်စေရန်ပင်။ ယန်မိသားစုတွင် ပုန်းကွယ်နေသော ကျွမ်းကျင်သူများရှိသည်။ လုယွီသည် ကြောက်ရွံ့ခြင်းမရှိသော်လည်း သူ၏စွမ်းအားကို တိုးမြှင့်ရန် ရည်ရွယ်ထားဆဲပင်။ သန့်စင်ယန်မျှော်စင်အတွင်းရှိ နေရာတစ်ခုကို ယန်ယွမ်ဘုရင်အတွက် သူ ချန်ထားလိုက်သည်။ ဤသရဲဘုရင်ကို ဖမ်းဆီးခြင်းဖြင့် လုယွီ၏စွမ်းအားသည် အဆင့်သစ်တစ်ခုသို့ မြင့်တက်လာပေမည်။

"အစေခံအရှင်... ဒါက ပင်မခန်းမကြီးပါ... ဒါပေမဲ့ သခင်မလေးက အခုချိန်မှာ အစည်းအဝေး လုပ်နေတယ်..."

လုယွီကို ဤနေရာသို့ ခေါ်လာသော ကျင့်ကြံသူ သည် အနည်းငယ် တွေဝေတုံ့ဆိုင်းသွားပေ၏။

ပင်မခန်းမကြီးအတွင်း၌ ဆွေးနွေးနေသည့်အရာအားလုံးမှာ အရေးကြီးသော စစ်ရေးကိစ္စများပင်။

သို့ရာတွင် လုယွီ၏အသွင်အပြင်ကို ကြည့်ရလျှင် သူသည် မိသားစုမှ ထွက်လာခါစ လူငယ်သခင်လေးတစ်ဦးဖြစ်သည်မှာ သိသာထင်ရှားပြီး အစေခံအရှင်တစ်ဦး၏ နက်နဲသိမ်မွေ့ပြီး နားလည်ရခက်သော အမူအယာ အနည်းငယ်မျှပင် မရှိချေ။

"ငါနားလည်တယ်... မင်း ပြန်သွားလို့ရပြီ..."

လုယွီက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး ခြေလှမ်းလှမ်းကာ ခန်းမအတွင်းသို့ ဝင်ရောက်သွားသည်။

အစောင့်သည် တားဆီးချင်သော်လည်း လုယွီက ပြတ်ပြတ်သားသား ဝင်သွားသည်ကို မြင်တွေ့ချိန်၌ သူ အံ့အားသင့်သွားမိသည်။

ပင်မခန်းမကြီးအတွင်း၌ မူလက ဆူညံနေသော ဆွေးနွေးမှုများသည် ရုတ်တရက် ရပ်တန့်သွားပေ၏။

ပင်မခန်းမကြီးအတွင်းတွင် လူနှစ်ဆယ်ကျော် ထိုင်နေကြပြီး သူတို့အားလုံးသည် ရုတ်တရက် ကျူးကျော်ဝင်ရောက်လာသော လုယွီကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။ လူစိမ်းတစ်ဦးက ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် မည်သည်ကြောင့် ရုတ်တရက် ဝင်လာသည်ကို နားမလည်နိုင်ကြချေ။

ပင်မခန်းမကြီး၏ အလယ်ဗဟိုတွင် ထိုင်နေသော လုကျိရန်သည် လုယွီ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။ သူမ၏အောက်နှုတ်ခမ်းကို သူမ၏သွားများဖြင့် တင်းတင်းကိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

"နင်က ဒီနေရာကို လာရဲသေးတာလား..."

"သခင်မလေး... ဒီလူက ဘယ်သူလဲ... သူက မင်းရဲ့ရန်သူ လား..."

လူတစ်ယောက်က မတ်တတ်ထရပ်လိုက်ပြီး သတ်ဖြတ်လိုခြင်း အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။

ဤနေရာတွင် ထိုင်နိုင်သူများအားလုံးသည် သာမန်မဟုတ်သော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ မတ်တတ်ထရပ်လိုက်သော မည်သည့် အစွမ်းထက် ကျင့်ကြံသူမဆို ရွှမ်အင်မော်တယ် အထွတ်အထိပ်အဆင့်၏ ကျင့်ကြံခြင်းစွမ်းးကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။

လုကျိရန်သည် လုယွီကို စူးစိုက်ကြည့်နေပြီး တော်ဝင်အိမ်တော်၏ အနောက်ဘက်ခြံဝင်းတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို သူမ၏ စိတ်ထဲတွင် အလိုအလျောက် ပြန်မြင်ယောင်မိသည်။ သူမသည် လုယွီကို ပြဿနာရှာရန်အတွက် ရန်လိုမှုများဖြင့် သွားရှာခဲ့သော်လည်း ရလဒ်မှာ သူမ သတိလစ်သွားခြင်းပင်။ သူမ နိုးထလာပြီးနောက်မှသာ သူမ၏နံဘေးရှိ အစေခံမလေး ရှောင်တျဲ့သည် အမှန်အားဖြင့် ရုပ်ဖျက်ထားသော မကောင်းဆိုးရွားကျင့်ကြံသူ တစ်ယောက် ဖြစ်နေကြောင်း သူမ နားလည်သဘောပေါက်သွားခဲ့သည်။ ထိုကိစ္စက သူမကို အချိန်အတော်ကြာသည်အထိ အိပ်မက်ဆိုးများ မက်စေခဲ့ပေ၏။

"ငါက မင်းကို အများကြီးပြောမှာ မဟုတ်ဘူး...ဒါပေမဲ့ ငါတို့လွီမိသားစုမှာရှိတဲ့ လူတွေအားလုံးရဲ့ အသက်တွေကို သူက ပေးခဲ့တာလို့ပဲ မင်းကို ငါ ပြောရလိမ့်မယ်... နောက်တစ်ခါ သူ့ကိုတွေ့ရင် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့..."

အာရုံငါးပါးဘုရင်၏ ညွှန်ကြားချက်များသည် သူမ၏နားထဲတွင် မသဲမကွဲ ပဲ့တင်ထပ်နေဆဲပင်။

လုကျိရန်က ရုတ်တရက် အသက်ပြင်းပြင်းရှိုက်ပြီး အေးစက်စက် နှာမှုတ်လိုက်သည်။

"မဟုတ်ဘူး... သူက ယန်မိသားစုကို ဖြေရှင်းဖို့ ငါ့ရဲ့အဖေ ဖိတ်ခေါ်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်ပဲ..."

လုကျိရန်သည် နောက်ဆုံး စကားလုံးအနည်းငယ်ကို ပြင်းထန်စွာ အလေးပေးပြောဆိုလိုက်ပြီး လုယွီကိုကြည့်သော သူမ၏ မျက်လုံးများတွင် အထင်သေးမှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

လုယွီ၏အသွင်အပြင်ကို ကြည့်ရလျှင် သူသည် လွန်ခဲ့သော ရက်အနည်းငယ်က ထွက်ပေါ်မလာခဲ့ဘဲ သူ မည်သည့်နေရာသို့ သွားပြီး လှည့်စားနေခဲ့သည်ကို မည်သူ သိမည်နည်း။ ဤကဲ့သို့လူမျိုးက ယန်မိသားစုကို ဖြေရှင်းမည်ဟု ပြောရဲခြင်းမှာ လုံးလုံးလျားလျား ကြီးမားသော ဟာသတစ်ခုပင်။

လုယွီ မည်သူမည်ဝါဖြစ်ကြောင်းကို ကြားချိန်၌ ရယ်မောသံများသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားပေ၏။

Thank For Reading.

All Chapters