← Chapters

ငါ မင်းကို ယုံကြည်တယ်

Vol. 37 Ch. 364

ငါ မင်းကို ယုံကြည်တယ်

Vol. 37 Ch. 364

ဆေးဖော်စပ်ခြင်း ဆိုသည်မှာ တစ်ဆင့်ချင်းစီ လိုက်လုပ်ရုံဖြင့် အတုခိုး၍ ရနိုင်ပေသည်။

ထို့ကြောင့်လည်း အစပိုင်းတွင် တန်ယွင်တစ်ယောက် တည်ငြိမ်မှု မပျက်ဘဲ ရှိနေနိုင်ခြင်း ဖြစ်သည်။

သို့သော် ရွှေဝါရောင် ဆေးမီးလျှံများ ထွက်ပေါ်လာသည့် ခဏတွင်မူ ဆွံ့အ၍ သွားရတော့သည်။ ထိုမီးလျှံမျိုးသည် ချင်းယွန်ဘုံ တစ်ခုလုံးတွင် တစ်ခုတည်းသော မီးလျှံဖြစ်ပြီး ထိုက်ဟွာအဂ္ဂိရတ်ကျမ်းကို သဘောပေါက်မှသာ ထွန်းညှိနိုင်ခြင်း ဖြစ်သည်။ သူက ဝိညာဉ်မျက်လုံး ပါရမီ ပါလာသူဖြစ်၍ ထိုမီးလျှံတွင် မည်သည့် လှည့်စားမှုမျှ မရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ဒါဟာ ထိုက်ဟွာအဂ္ဂိရတ်ပညာရဲ့ မီးလျှံဘုရင်ပဲ။

ဒါပေမဲ့... ဒါက မဖြစ်နိုင်ဘူးမလား။

ဘယ်လောက်တောင် ကြာသွားလို့လဲ။

တစ်နာရီတောင် မပြည့်သေးဘူး။

သူ နှစ်ပေါင်း (၂၀၀)လောက် အသည်းအသန် လေ့လာခဲ့ရတဲ့ ထိုက်ဟွာ အဂ္ဂိရတ်ကျမ်းကို ဓားကျောင်းတော် ဘိုးဘေးကြီးက ချက်ချင်း တတ်သွားတာလား။

တန်ယွင်တစ်ယောက် မယုံကြည်နိုင်ဘဲ မှင်တက်နေစဉ်မှာပင် ချန်ဟွိုက်အန်က ကုသရေးဆေးလုံး တစ်သုတ်ကို ကျွမ်းကျင်စွာ ဖော်စပ်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

ပညာတစ်ခုကို ကျွမ်းကျင်ဖို့ဆိုလျှင် လေ့ကျင့်မှု လိုအပ်သည်။ စာတွေ့ထက် လက်တွေ့က ပို၍ အရေးကြီး၏။ ထိုဆေးလုံးတစ်သုတ်မှာ သူ၏ အရည်အချင်းကို စမ်းသပ်သည့် အကောင်းဆုံး သက်သေပင်။

သူက ဆေးဖိုအဖုံးကို မလိုက်ရာ သိပ်သည်းလှသော ဆေးရနံ့များ ထွက်ပေါ်လာ၏။

ကုသရေးဆေးလုံး တစ်လုံးချင်းစီမှာ ကြည်လင်တောက်ပနေပြီး ၎င်းတို့အားလုံးမှာ အဆင့်မြင့် ဆေးလုံးများ ဖြစ်ကြောင်း ဖော်ပြနေသည်။

အကယ်၍ ထိပ်တန်းအဆင့် ဆိုလျှင် ဆေးလုံးမျက်နှာပြင်ပေါ်၌ တိမ်တိုက်ပုံစံ အစင်းကြောင်းများ ပါရှိမည် ဖြစ်သည်။ အဆင့်မြင့်အောက် ရောက်သွားလျှင်မူ အညစ်အကြေးများကို အတိုင်းအတာတစ်ခုအထိ မြင်တွေ့ရမည် ဖြစ်သည်။

“ဘယ်လိုလဲ။” ချန်ဟွိုက်အန်က ကုသရေးဆေးလုံးတစ်လုံးကို ယူ၍ တန်ယွင်အား ကမ်းပေးရင်း ပြုံးလျက် မေးလိုက်သည်။ “ဒီသခင်က ထိုက်ဟွာအဂ္ဂိရတ်ပညာကို သုံးထားတာ ဟုတ်ရဲ့လား။”

တန်ယွင်က အဆင့်မြင့် ကုသရေးဆေးလုံးကို ကြောင်စီစီဖြင့် စိုက်ကြည့်နေပြီးမှ စကားတစ်ခွန်းကို ခက်ခက်ခဲခဲနှင့် ပြောလိုက်သည်။ “စီနီယာ... စီနီယာက အရင်ကတည်းက ထိုက်ဟွာအဂ္ဂိရတ်ကျမ်းကို တတ်ထားတာလာ။”

“ဘယ်လို ဖြစ်နိုင်မှာလဲ။ မင်းကိုယ်တိုင် ဒီသခင် အခုမှ သင်တာကို ကြည့်နေတာ မဟုတ်လား။”

ချန်ဟွိုက်အန်က တန်ယွင်၏ မျက်နှာပေးကို ကြည့်ကာ အလွန်ပင် ကျေနပ်သွားသော်လည်း တည်ငြိမ်ဟန်ဆောင်လျက် မေးလိုက်သည်။ “ထိုက်ဟွာ အဂ္ဂိရတ်ကျမ်းက တကယ်ပဲ သင်ရတာ ခက်လို့လား။ ဒီသခင်အတွက်တော့ အဲဒီလောက် မခက်ပါဘူး။ ဒီထက် ပိုပြီး အဆင့်မြင့်တာ ဒါမှမဟုတ် ခက်တာမျိုး ရှိသေးလား။ ထုတ်ပေးစမ်းပါ၊ ဒီသခင် စမ်းကြည့်ချင်လို့။”

တန်ယွင်မှာ ဆွံ့အသွားရပြီး ချန်ဟွိုက်အန်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေမိသည်။

သူ ဘာပြောရမှန်း တကယ်မသိတော့။

ဓားကျောင်းတော် ဘိုးဘေးကြီး လိမ်ပြောနေခြင်း မဟုတ်ကြောင်း သူ သိသော်လည်း သူပြောသမျှ စကားတိုင်း အဘယ်ကြောင့် ထိုမျှ ‘အချိုးမပြေ’ ဖြစ်နေရသနည်း။

လီချင်းရန်က ၎င်းကို လက်ခံပြီးသား ဖြစ်သည်။

သူ့အတွက် ဆရာက ထိုက်ဟွာအဂ္ဂိရတ်ကျမ်းကို ချက်ချင်း တတ်မြောက်၍ သွားခြင်းမှာ သဘာဝကျလှသည်။

အမှန်တော့ ၎င်းမှာ ကောင်းသောကိစ္စပင်။

ယခုဆိုလျှင် သူ့အနေဖြင့် ဆရာ့ထံမှ ဆေးဖော်စပ်နည်းတွေကို ဗြောင်ကျကျ သင်ယူ၍ရပြီဖြစ်သည်။

ထို့ပြင် ဆရာနှင့် နှစ်ယောက်တည်း အချိန်ဖြုန်းပြီး ပိုပြီး နီးကပ်အောင် လုပ်၍ ရနိုင်ပေသည်။

တွေးကြည့်ရုံနှင့်တင် သူ...

“အဟမ်း... ဒီသခင်က ကိုယ့်ပါရမီကိုယ် သိပါတယ်…” ချန်ဟွိုက်အန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။ “ဓားပညာမှာဆိုရင်တော့ ဒီသခင်က လူအများကြားမှာ အနှိုင်းမဲ့ပေါ့။ ဒါပေမဲ့ အဂ္ဂိရတ် လမ်းစဉ်မှာတော့... ငါ့ရဲ့ ပါရမီက သာမန်ပဲလို့ ပြောလို့ရတယ်။ မင်းလို အဂ္ဂိရတ် ပါရမီရှင်မျိုးဆို ထိုက်ဟွာအဂ္ဂိရတ်ကျမ်းကို သင်ဖို့ နာရီဝက်တောင် လိုမှာ မဟုတ်ဘူးလို့ ဒီသခင် ယုံကြည်တယ်။ ငါက... အသက်ကြီးသွားပြီပဲ...”

သူ၏ စကားများမှာ အရွယ်လွန်သွားသော သူရဲကောင်းတစ်ဦး၏ ကြေကွဲဖွယ် အငွေ့အသက်များ လွှမ်းနေ၏။

တန်ပိုင်နှင့် လီချင်းရန် - “...”

တန်ယွင်က သွားများကို ကြိတ်ထားရသဖြင့် မြည်နေပြီး လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

သူ ကျိန်ဆိုရဲသည်၊ အကယ်၍ သူ့ရှေ့တွင် ရှိနေသူမှာ ချန်ဟွိုက်အန် မဟုတ်ဘဲ တခြားသူသာဆိုလျှင် သူ၏ လက်သီးက ပျံထွက်သွားပြီးသား ဖြစ်လိမ့်မည်။

သို့သော် ချန်ဟွိုက်အန်က သူ့ကို ထိုးနှက်ခြင်း မရပ်သေးချေ။

“ဩော်... ဒါနဲ့ တန်ယွင်။ အရင်တုန်းက မင်း ထိုက်ဟွာအဂ္ဂိရတ်ကျမ်းကို သင်ဖို့ ဘယ်လောက်တောင် ကြာသွားလဲ။ တကယ့် ပါရမီရှင်တွေက ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ ဒီသခင် သိပါရစေ...”

အခန်းထဲရှိ လေထုမှာ အနေရခက်စွာ တိတ်ဆိတ်သွား၏။

ခဏအကြာတွင် တန်ယွင်က ကျောက်စိမ်းလက်ကောက်ကို မျက်နှာသေဖြင့် ပြန်သိမ်းလိုက်သည်။

“ဓားသခင်ချန်... ကျွန်မ ဒီနေ့ သိပ်ပြီး နေလို့မကောင်းလို့ သင်ခန်းစာကို ဆက်ပြီး မသင်ပေးနိုင်တော့ဘူး။ ကျွန်မ အခု တရားထိုင်ပြီး နားပါတော့မယ်။ ကျေးဇူးပြုပြီး ပြန်ကြပါတော့။”

“မင်း ဘယ်လောက်ကြာလဲဆိုတာ ပြောမသွားသေးဘူးလေ။” ချန်ဟွိုက်အန်က လွှတ်မပေးဘဲ ဇွတ်မေးနေသည်။

“ကျေးဇူးပြုပြီး…အခုချက်ချင်း…ထွက်သွားပေးပါ...” တန်ယွင်က အံကြိတ်ပြီး ပြောလိုက်ရာ သူ၏ ခြေချောင်းလေးများမှာ ကြမ်းပြင်ကိုပင် ကုတ်ခြစ်နေမိသည်။

“ကဲပါ... ပြောလိုက်ပါ...”

တန်ယွင်က ဘာမှ ပြန်မပြောဘဲ ချန်ဟွိုက်အန်ကို တံခါးအပြင်သို့ တွန်းထုတ် လိုက်တော့သည်။

ထို့နောက် ဒုန်းခနဲ အသံကြီးနှင့်အတူ တံခါးကို ပိတ်ပစ်လိုက်၏။

ချန်ဟွိုက်အန် ကြောင်အမ်းအမ်းဖြင့် ရပ်နေစဉ်မှာပင်…

တံခါးက ရုတ်တရက် ပြန်ပွင့်လာသည်။

တန်ယွင်မှာ မျက်နှာပျက်ပျက်နှင့် ပေါ်လာပြီး တန်ပိုင်ကို ဘယ်ဘက်လက်၊ လီချင်းရန်ကို ညာဘက်လက်ဖြင့် ဆွဲကာ ကြောင်နေသော မိန်းကလေး နှစ်ဦးကိုပါ အပြင်သို့ ပစ်ထုတ်လိုက်ပြန်သည်။

“ဟို... ဘိုးဘေးကြီး...” တန်ပိုင်က အနေရခက်စွာ ပြုံးလျက် ပြောလိုက်သည်။

“ကျွန်မအမေ ဒီနေ့ စိတ်မကြည်လို့ ဖြစ်မှာပါ။ သူ့ရဲ့ ရိုင်းစိုင်းတဲ့ အမူအရာကို စိတ်ထဲ မထားပါနဲ့...”

“ရပါတယ်။ ကိစ္စမရှိဘူး။” ချန်ဟွိုက်အန်က ဘာမှမဟုတ်သလို လက်ဝှေ့ယမ်း ပြလိုက်သော်လည်း သုံးဆယ့်ခြောက်ဒီဂရီ ပြုံးနေသော ပါးစပ်မှ ထွက်လာသည့် စကားမှာတော့ ကောက်ကျစ်လှသည်။ “ခဏနေရင် မင်းအမေ ဘာဖြစ်လို့ စိတ်မကြည်တာလဲဆိုတာ ဒီအရှင်သခင်အတွက် မေးပေးဦး။ ကမ္ဘာငယ်လေးရဲ့ အရှင်သခင်အနေနဲ့ သူ့ရဲ့ စိတ်ခံစားချက်ကို ဂရုစိုက်ပေးသင့်တယ်လေ။”

တန်ပိုင် - “...”

တကယ်လို့ ငါ တကယ်သွားမေးရင် မနက်ဖြန်မှာ ငါ အသက်ရှင်ပါဦးမလား။

သူ တကယ် သံသယရှိမိသည်။

...

ဆယ်မိနစ်ပင် မပြည့်သေးသည့် အချိန်တွင်…

ချန်ဟွိုက်အန် အခန်းထဲမှ ပြန်ထွက်လာသည်။ ယခု သူက ဆေးဖိုတစ်လုံးကို ကိုင်ထားသည်။

ထိုဆေးဖိုမှာ ကျိုးရွှမ်ကျိဆီမှ မလာခြင်း ဖြစ်သည်။

ဝမ်ရှိုယီက ချန်ဟွိုက်အန် မည်သည့်အရာများ ယူသွားသည်ကို သိပ်ပြီး သတိမထားမိသော်လည်း ဆေးဖိုကို မြင်လိုက်ရသည့် ခဏတွင် မျက်လုံးများ ပြူးသွားတော့သည်။ သူက လက်ညှိုးထိုးလျက် မေးလိုက်သည်။ “စီနီယာ... ဒါ... ဒီဆေးဖိုက ဘယ်ကလဲ။”

သူက ပစ္စည်းများကို သိနားလည်သူ ဖြစ်သည်။

တစ်ချက်ကြည့်ရုံဖြင့် ဤဆေးဖိုမှာ သာမန်မဟုတ်ကြောင်း သူ သိသည်။

သူ့မှာလည်း ကိုယ်ပိုင် ဆေးဖိုတစ်လုံး ရှိသည်။ ချန်ဟွိုက်အန် အခန်းထဲ ဝင်သွားစဉ်က သူ ထုတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ချန်ဟွိုက်အန်၏ ဆေးဖိုနှင့် ယှဉ်လိုက်လျှင်...

အဟမ်း။ သူက မည်းနက်ပြီး ရိုးရှင်းလှသော ဆေးဖိုကို ကြည့်လိုက်၊ နဂါးနှင့် ဇာမဏီရုပ်များ ထွင်းထုထားပြီး ဝိညာဉ် အရှိန်အဝါများ ထွက်ပေါ်နေသော ချန်ဟွိုက်အန်၏ ဆေးဖိုကို ကြည့်လိုက်ဖြင့် အားငယ်စိတ်တွေ ဝင်လာရသည်။

ကွာခြားချက်က အရမ်းကြီးလွန်းလှ၏။

ထို့ပြင် အဓိကအချက်က ၎င်းမှာ အလှပြရုံသက်သက် မဟုတ်ပေ။

ဒီလောက် ခမ်းနားတဲ့ ဆေးဖိုကို သုံးဖို့ဆိုရင် ဒီစီနီယာက တကယ်ပဲ ကြောက်စရာ ကောင်းတဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက် ဖြစ်နေမလား။

“မဟုတ်ဘူ။ ဝမ်ရှိုယီ… ကိုယ့်ကိုယ်ကိုယ် ယုံကြည်စမ်း...”

လူငယ်လေးမှာ စိတ်ထဲမှ အားတင်းလိုက်သည်။

သူက စိတ်ဝိညာဉ် ပြန်လည်နိုးထခြင်း စတင်ကတည်းက ခွန်းလွန်နန်းတော်ထဲ ဝင်ခွင့်ရခဲ့သော ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သူ၏ ပါရမီနှင့် စောစီးစွာ စတင်နိုင်မှုက တခြားသူများထက် ဆယ်စုနှစ်များစွာ သာလွန်နေစေသည်။

ဆေးဖော်စပ်ခြင်းဆိုသည်မှာ ပါရမီနှင့် နားလည်သဘောပေါက်မှု အပေါ်တွင် အရာရာထက် ပို၍ မူတည်သည်။ အတွေ့အကြုံ စုဆောင်းမှုလည်း အရေးကြီး၏။

ချန်ဟွိုက်အန်က သူ့ထက် ဆယ်နှစ်လောက် နောက်ကျပြီးမှ ကျင့်ကြံခဲ့တာ။

သူ့ထက် အတွေ့အကြုံ ပိုများဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဘယ်သူက ပိုတော်လဲဆိုတာ ကြည့်ကြသေးတာပေါ့။

“ဒီဆေးဖိုက ငါ့ရဲ့ မျိုးရိုးစဉ်ဆက် ရတနာပေါ့။ စိတ်ဝိညာဉ် ပြန်လည်နိုးထခြင်း ကာလမှာ ဒါက နည်းနည်း ပြောင်းလဲသွားတာ။ ဒါပေမဲ့ ဆေးဖော်စပ်တာက ကိုယ့်အရည်အချင်းပေါ်မှာပဲ မူတည်တာ။ ဆေးဖိုက အပေါ်ယံ အထောက်အကူ တစ်ခုပါပဲ၊ အဲဒါကို အရမ်း အစွဲအလမ်းမကြီးပါနဲ့။”

ချန်ဟွိုက်အန်က ဆေးဖိုကို ဝမ်ရှိုယီ၏ ဆေးဖိုလေးဘေးတွင် ချလိုက်သည်။ သူက ခေါင်းတညိတ်ညိတ်နှင့် တရားဓမ္မများ ပြည့်နှက်နေသော ဆရာကြီးပုံစံ လုပ်နေပြီး စောစောက ကျိုးရွှမ်ကျိကို အရှက်မရှိ ပြောခဲ့သည့် စကားများကိုတော့ လုံးဝ မေ့သွားပုံရသည်။

“မှန်ပါတယ်။ မှန်ပါတယ်။ စီနီယာ ပြောတာ မှန်ပါတယ်။” ဝမ်ရှိုယီက ထိုစီနီယာမှာ တကယ် နက်နဲသော နားလည်မှု ရှိသည်ဟု တိတ်တဆိတ် လေးစားနေမိသည်။

သူ ပြင်ဆင်ထားသော ဝိညာဉ်ဆေးပင် နှစ်စုံကို ထုတ်၍ စားပွဲပေါ် တင်လိုက်သည်။ “ဒါတွေက ကုသရေးဆေးလုံး ဖော်စပ်ဖို့ ပစ္စည်းတွေပါ။ စီနီယာ... စကြမလား။”

“အင်း စကြတာပေါ့။”

ချန်ဟွိုက်အန်က နွမ်းဖတ်နေသော ဆေးပင်များကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ အထင်သေးနေမိသည်။

ခွန်းလွန်နန်းတော်ကလည်း ဒီလောက်ပဲလား။ ဒါတွေကိုပဲ ထုတ်ပေးနိုင်တာလား။ ငါ့ရဲ့ ညီလေးကို သူတို့ ဘာတွေ သင်ပေးထားတာလဲ။

နောက်ကျရင် ငါ ဝမ်ရှိုယီကို တကယ့် ဂိုဏ်းကြီးတွေရဲ့ အမွေအနှစ်ဆိုတာ ဘာလဲဆိုတာ ပြပေးဦးမယ်။

ကမ္ဘာငယ်လေးရဲ့ အရှင်သခင် အစွမ်းဆိုတာ ဘာလဲဆိုတာကိုပေါ့။

ရည်မှန်းချက်ကတော့ - ဒီကလေးကို အံ့သြသွားစေပြီး ဒီကနေ ဘယ်တော့မှ မထွက်သွားချင်အောင် လုပ်ဖို့ပါပဲ...

စည်းရုံးသိမ်းသွင်းဖို့အတွက် အကွက်ကောင်းပဲ ဟဲဟဲ~

...

ဝမ်ရှိုယီက ကုသရေးဆေးလုံးများကို တစ်ဆင့်ချင်းစီ ဂရုတစိုက် ဖော်စပ်နေပြီး ယနေ့မှာတော့ သူ ပိုပြီး အာရုံစိုက်ထားသည်။

သူ၏ တကယ့်အရည်အချင်းကို ပြသရန် ဤတစ်သုတ်မှာ အဆင့်မြင့်ဆေးလုံးများ ပိုထွက်လာအောင် ဆုံးဖြတ်ထားသည်။

စီနီယာ့ဆီက ရနေသော မမြင်နိုင်သည့် ဖိအားက သူ၏ စွမ်းဆောင်ရည်ကို တိုးတက်စေရန် ကူညီပေးနေသည်။ ဆေးရည်ထဲမှ အညစ်အကြေးများကို ဖယ်ရှားသော အဆင့်သို့ ရောက်သောအခါ သူ၏ အခြေအနေက အကောင်းဆုံး၌ ရှိနေသည်။ အညစ်အကြေးများ ဖြစ်လာသည်နှင့် ချက်ချင်း ဖယ်ရှားနိုင်ခဲ့သည်။ အနည်းငယ်လောက်သာ လွတ်သွားခဲ့သည်။

သို့သော် အမွှေးတိုင် တစ်ဝက်ပင် မကုန်သေးခင်မှာပင်…

ဘေးနားမှ ပြင်းထန်လှသော ဆေးနံ့ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

ဝမ်ရှိုယီ ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်မိသည်။

ချန်ဟွိုက်အန်က ဆေးဖိုအဖုံးကို ဖွင့်လိုက်ကြောင်း မြင်လိုက်ရသည်။ အထဲတွင် ကြည်လင်တောက်ပနေသော ကုသရေးဆေးလုံး (၁၀)လုံးက ငြိမ်သက်စွာ ရှိနေ၏။

ဝမ်ရှိုယီ၏ အံ့သြနေသော အကြည့်ကို ချန်ဟွိုက်အန်က ပြန်ကြည့်လိုက်သည်။

ဝမ်ရှိုယီ၏ ဆေးဖိုထဲမှ မီးခိုးများ ထွက်နေသည်ကို မြင်ရာ သူက ဖြူဖွေးသော သွားတန်းလေးများ ပေါ်လာသည်အထိ ပြုံးပြလိုက်သည်။

“ညီလေးဝမ်... ဆက်ကြိုးစားပါဦး။ ငါ မင်းကို ယုံကြည်တယ်... ဟဲဟဲဟဲ။”

…

All Chapters