အခန်း (၂၀၁-၂၀၂)
Vol. 21 Ch. 201-202
အခန်း (၂၀၁) - ဘုရင်အဆင့်များ၏ အားပြိုင်မှု၊ လုပ်ကြံသတ်ဖြတ်သူနှင့် မီးလျှံဘုရင်တို့၏တိုက်ပွဲ (၂)
အစီအစဉ်များ ချမှတ်ပြီးနောက် လင်းထျန်းလုံက ထပ်မံတုံ့ဆိုင်းမနေတော့ပေ။ တောရိုင်းမြေပြင်တစ်ခုလုံး တုန်လှုပ်သွားစေမည့် ဝံပုလွေဟိန်းဟောက်သံကြီးကို ပြုလုပ်လိုက်ပြီး ခြေလက်များ အနည်းငယ်ကွေးညွတ်ကာ ရုတ်တရက် အားကုန်ရုန်းထွက်လိုက်လေတော့သည်။
ဝုန်း...။
ခြေအောက်ရှိ မြေပြင်က ချက်ချင်း ကွဲအက်သွားပြီး ငွေရောင်လင်းလက်နေသော ပုံရိပ်တစ်ခုက ပြောင်းပြန်ဆန်တက်သွားသည့် ဥက္ကာပျံတစ်ခုအလား ကြယ်တာရာအကာအကွယ်၏ အမိုးအကာအောက်မှ ရဲဝံ့စွာ ထွက်ခွာလာကာ လေထဲရှိ ဟော်ကျန်းဆီသို့ တိုက်ရိုက်ဦးတည်သွားတော့သည်။
“ကောင်းတယ်” ဟော်ကျန်း၏ မျက်ဝန်းများထဲတွင် ရက်စက်သော စိတ်လှုပ်ရှားမှုများ တဖျပ်ဖျပ်လက်သွားပြီး လက်ထဲရှိ မီးလျှံလှံရှည်ကြီးကို ပြင်းထန်စွာ ပစ်လွှတ်လိုက်၏။
“မီးနဂါးကခုန်ခြင်း...”
မီးလျှံလှံရှည်ကြီးက လေထဲတွင် ချက်ချင်းကြီးမားလာပြီး ပုံသဏ္ဍာန်ပြောင်းလဲသွားကာ အရာခပ်သိမ်း ပြာကျစေနိုင်သော ကြောက်မက်ဖွယ် အပူရှိန်များနှင့်အတူ ဟိန်းဟောက်နေသည့် အသက်ဝင်နေသော ဧရာမမီးနဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး လင်းထျန်းလုံကို ဝါးမြိုရန် ပြင်လိုက်တော့သည်။
ဤပြင်းထန်လွန်းသော တိုက်ကွက်ကို ရင်ဆိုင်ရချိန်တွင် လင်းထျန်းလုံက ရှောင်တိမ်းခြင်းမပြုပေ။ သူ၏ ငွေပြာဘုရင်မျက်ဝန်းများဖြင့် ၎င်း၏ စွမ်းအင်ဗဟိုချက်နှင့် စီးဆင်းမှုလမ်းကြောင်းကို ချက်ချင်း တွေ့လိုက်ရသည်။
မီးနဂါးကြီး သူ့ထံရောက်လာမည့် ဆဲဆဲတွင် လက်သည်းများကို ကြက်ခြေခတ်ပုံစံဖြင့် လွှဲယမ်းလိုက်လေသည်။
“ငွေပြာမိုးကြိုးလက်သည်း...”
စူးရှလှသော မိုးကြိုးနှင့် အစွန်းရောက် ရေခဲစွမ်းအားတို့ ရောယှက်ကာ အပြာနှင့်အဖြူရောင် ဖျက်ဆီးခြင်းကွန်ရက်တစ်ခုအဖြစ် ဖန်တီးလိုက်ပြီး မီးနဂါး၏ ဦးခေါင်းနှင့် တိကျစွာ ထိတ်တိုက်တွေ့ဆုံသွားတော့သည်။
ဝုန်း...။
ကောင်းကင်ယံတွင် ဧရာမမီးရှူးမီးပန်းကြီးတစ်ခု ပေါက်ကွဲသွားသည့်အလားပင်။ ရေခဲစများနှင့် မီးတောက်များ နေရာအနှံ့လွင့်စဉ်သွားပြီး မီးတောက်များကြားတွင် လျှပ်စီးများက အရူးအမူး လှည့်ပတ်နေခဲ့သည်။
အစွန်းရောက်အအေးဓာတ်နှင့် အစွန်းရောက်အပူစွမ်းအင်တို့၏ ကြမ်းတမ်းသောတိုက်ခိုက်မှုက ပြင်းထန်သောပေါက်ကွဲမှုနှင့် ကစဉ့်ကလျား စွမ်းအင်လေစီးကြောင်းများကို ဖြစ်ပေါ်စေပြီး ကောင်းကင်ယံတွင် ထူးဆန်းသော အလင်းရောင်များဖြင့် ပြည့်နှက်သွား ယလေသည်။
ပေါက်ကွဲမှု၏ မီးခိုးနှင့် ဖုန်မှုန့်များကြားမှ လင်းထျန်းလုံ၏ ပုံရိပ်က အကောင်းအတိုင်း ထွက်ပေါ်လာပြီး အရှိန်ကျသွားခြင်းမရှိဘဲ ဟော်ကျန်းဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဟော်ကျန်း၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ သူ၏မီးနဂါးကခုန်ခြင်းက ဤမျှ လွယ်လွယ်ကူကူ ပျက်စီးသွားသည်လော။
ပြိုင်ဘက်၏ လက်သည်းများထံမှ ဖြာထွက်နေသော ဝိညာဉ်ကိုပင် အေးခဲစေနိုင်သည့် အအေးဓာတ်နှင့် ဟင်းလင်းပြင်ကိုပငိ ဆုတ်ဖြဲနိုင်သော ထက်ရှမှုတို့ကို သူခံစားလိုက်ရသည်။
“မီးလျှံပေါက်ကွဲခြင်း” အရေးပေါ်အခြေအနေတွင် ဟော်ကျန်းက ဟိန်းဟောက်လိုက်ရာ သူ့ပတ်လည်ရှိ မီးတောက်များက မီးတောင်ပေါက်ကွဲသည့်အလား အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် လွင့်စင်ထွက်လာပြီး လင်းထျန်းလုံကို နောက်ဆုတ်သွားစေရန် ကြိုးပမ်းလိုက်သည်။
သို့သော်လည်း လင်းထျန်းလုံသည် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို အမြင့်ဆုံးအဆင့်အထိ အသုံးပြုလိုက်ရာ သူ၏ပုံရိပ်က လေထဲတွင် ဖမ်းဆုပ်ရခက်သော အရိပ်များစွာကို ချန်ရစ်ခဲ့ပြီး မီးလျှံပေါက်ကွဲခြင်း၏ ဗဟိုဧရိယာကို ကျွမ်းကျင်စွာ ရှောင်ကွင်းသွား၏။
ငွေပြာဘုရင်မျက်ဝန်း၏ ဟင်းလင်းပြင်ချိပ်ပိတ်ခြင်း လက္ခဏာရပ်က သက်ဝင်လာပြီး ဟော်ကျန်း၏ကိုယ်ပွားမဟုတ်သော အစစ်အမှန်ကိုယ်ထည်ကို ချက်ချင်း ရှာဖွေတွေ့ရှိသွားတော့သည်။
နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း...။
ဤတစ်ကြိမ်တွင်တော့ လင်းထျန်းလုံ ဘာကိုမှ ထိမ်ချန်မထားတော့ပေ။
သူ၏ ထက်ရှလှသော လက်သည်းများပေါ်တွင် အလင်းရောင်ကိုပင် အေးခဲစေနိုင်ပြီး ဟင်းလင်းပြင်ကိုပင် ဆုတ်ဖြဲပစ်နိုင်သည့်အလား အမှောင်မိုက်ဆုံး အအေးဓာတ်က အဆုံးစွန်စုစည်းလာပြီး ဟော်ကျန်း၏ရင်ဘတ်ဆီသို့ တုံ့ဆိုင်းမှုအလျဉ်းမရှိ၊ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်တော့သည်။
ဟော်ကျန်းက သေမင်းနှင့် ရင်ဆိုင်ရတော့မည့်အလား အန္တရာယ်ကို ခံစားလိုက်ရ၏။ ဤလက်သည်းတိုက်ကွက်က သူတို့နောက်ဆုံးတွေ့ဆုံခဲ့စဉ်ကထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
သူသည် မီးလျှံကိုယ်ထည်ကို အရူးအမူး ဖွင့်လှစ်လိုက်ပြီး သူ့ရှေ့တွင် မီးလျှံဒိုင်းများ အထပ်ထပ် ဖန်တီးကာ ဘေးသို့ရှောင်တိမ်းရန် ကြိုးပမ်းလိုက်သည်။
ရွှစ်...။
ထောပတ်ကို ဓားပူပူဖြင့် လှီးဖြတ်လိုက်သည့်အလား နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်းက မီးလျှံဒိုင်းအကာအကွယ်များကို လျစ်လျူရှုကာ ကြောက်မက်ဖွယ်ကောင်းသော လက်သည်းကြီးက ချက်ချင်း ကျရောက်လာလေတော့သည်။
“အား...” ဟော်ကျန်းထံမှ သွေးပျက်ဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ချပ်ဝတ်တန်ဆာနှင့်အတူ ရင်ဘတ်ပေါ်ရှိ အသားစအကြီးကြီးတစ်ခု တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရသည်။
ဒဏ်ရာမှ သွေးထွက်မလာသည့်အပြင် ခိုင်မာသော ရေခဲလွှာတစ်ထပ်က ချက်ချင်းဖုံးလွှမ်းသွားပြီး ထူးဆန်းသော ဆုတ်ဖြဲခြင်းစွမ်းအင်တစ်ခုက သူ၏ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်လာတော့သည်။
သူသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ ကောင်းကင်မှ ကျဆင်းလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျွမ်းထိုးကျကာ ဖုန်လုံးကြီးများ တထောင်းထောင်းထသွားတော့သည်။
ခေါင်းဆောင်...” လောင်ကျွမ်းမီးလျှံဂိုဏ်း၏ အဖွဲ့ဝင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။
အပြန်အလှန်တိုက်ခိုက်မှုအတွင်း ခြေလှမ်း၀က်ဘုရင်အဆင့် ဟော်ကျန်းသည် တစ်ချကိတည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရပြီး ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်ဝန်းက ဟော်ကျန်း မြေပြင်နှင့် ထိခိုက်မိသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်တွင်းရှိ မသေမျိုးမီးလျှံဝိညာဉ်၏ ထူးဆန်းသော စွမ်းအင်များ ထပ်မံ၍ ပြင်းထန်စွာ လှုပ်ခတ်လာသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
“ထင်တဲ့အတိုင်းပဲ... အခုထိ သတ်လို့မရသေးဘူး' လင်းထျန်းလုံ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာပြီး မျက်ဝန်းများက အေးစက်နေခဲ့၏။
သူ အံ့သြမနေပေ။ ဟော်ကျန်းကို အပြီးတိုင် ရှင်းလင်းပစ်ရန် သူ၏ ရှင်သန်နိုင်စွမ်းကို ချေဖျက်မည့် နည်းလမ်းရှာရမည် သို့မဟုတ် ရှင်သန်နိုင်စွမ်း ကန့်သတ်ချက်ထက်ကျော်လွန်သော အကြွင်းမဲ့စွမ်းအားဖြင့် သူ့ကို သုံးကြိမ်ဆက်တိုက် သတ်ပစ်ရမည်သာ ဖြစ်သည်။
လင်းထျန်းလုံနှင့် ဟော်ကျန်းတို့ တိုက်ခိုက်နေစဉ် မြေပြင်ပေါ်ရှိ တိုက်ပွဲကလည်း အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ထျန်းပင်းသည် လုပ်ကြံသတ်ဖြတ်သူအဖွဲ့ကို ဦးဆောင်ကာ ရဲရဲတောက်နေသော ဓားသွားတစ်ခုပမာ သံမဏိဒိုင်းကာ ကင်းစခန်း၏ ခိုင်မာစွာ ချီတက်လာသော ခံစစ်လိုင်းဆီသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။
“ကွဲအက်သွားစမ်း” ထျန်းပင်း ဟိန်းဟောက်လိုက်ရာ မြေအောက်မီးလျှံနှလုံးသားနှင့် နဂါးအမြုတေတို့၏ စွမ်းအားများ ပေါင်းစပ်ထားသော သူ၏ထာ၀ရဗာဂျရာခန္ဓာမှ မှောင်မိုက်သော ရွှေရောင်နှင့် နီရဲသော အလင်းတန်းများ ရောယှက်ပေါက်ကွဲထွက်လာ၏။
သူက ရှောင်တိမ်းခြင်းအလျဉ်းမရှိဘဲ ရူးသွပ်အားလှိုင်းစွမ်းရည်ကို တိုက်ရိုက်အသုံးပြုကာ လိန့်ဟောင် ကိုယ်တိုင်ကာကွယ်ထားသော အစီအရင်၏ ဗဟိုချက်ဆီသို့ ရဲဝံ့စွာ ဝင်တိုက်လိုက်လေတော့သည်။
“ဟန့်... ပုရွက်ဆိတ်က တောင်ကို လှုပ်ဖို့ ကြိုးစားနေတာပဲ” လိန့်ဟောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခြေထောက်များကို မြေကြီးတွင်မြဲမြံစွာ တွပ်ကယ်ထားကာ မြေဝါရောင်စွမ်းအင်များ အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွက်ပေါ်လာ၏။
သူသည် ရှောင်တိမ်းခြင်းမပြုဘဲ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
နှေးကွေးပုံရသော ဤလက်သီးထဲတွင် တောင်ထွတ်များ ပြိုကျလာသည့်အလား ကြောက်မက်ဖွယ်ကောင်းသော ကြီးမားလွန်းသည့် စွမ်းအားများ ပါဝင်နေပေသည်။
ဘုန်း...။
တောင်ထွတ်နှစ်ခု ဝင်တိုက်မိသည့်အလားပင်။ ဝုန်းခနဲ ပေါက်ကွဲသံကြီးက အနီးနားရှိ လူတိုင်း၏ နားစည်များကို နာကျဥ်သွားစေသည်။
ထျန်းပင်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး ခြေလှမ်းတိုင်းက မြေပြင်ပေါ်တွင် နက်ရှိုင်းသော ချော်ရည်ခြေရာများကို ကျန်ရစ်စေခဲ့သည်။
ထို့အခိုက်အတန့်တွင် ကိုယ်ပေါ်ရှိ မှောင်မိုက်သော ရွှေရောင်ပုံစံများက ပြင်းထန်စွာ တဖျတ်ဖျတ် လင်းလက်နေပြီး ပြောင်းပြန်အကြေးခွံ လက္ခဏာရပ်က သက်ဝင်လာကာ ရိုက်ခတ်မှုတစ်စိတ်တစ်ပိုင်းကို အတင်းအကျပ် ပြန်ကန်ထုတ်လိုက်ပုံရသည်။
လိန့်ဟောင်၏ ပုံရိပ်ကလည်း အနည်းငယ် ယိမ်းယိုင်သွားပြီး မျက်ဝန်းထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
ဤဝံပုလွေ၏ ခွန်အားနှင့် အကာအကွယ်က သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။ အထူးသဖြင့် ထိုပြန်ကန်အားက သူ၏ သွေးကြောများကိုပင် အနည်းငယ် လှုပ်ခတ်သွားစေသည်။
“စိတ်ဝင်စားစရာပဲ” လိန့်ဟောင်၏ တိုက်ပွဲဝင်လိုစိတ်များ လောင်ကျွမ်းလာ၏။ သူက လက်သီးများကို ဆုပ်ကာ ရှေ့သို့ ထပ်မံတက်လှမ်းလိုက်သည်။
“တောင်ပြိုခြင်း..."
ဤတစ်ကြိမ်တွင်မူ တပ်ဖွဲ့စွမ်းအင်သုံး တိုက်ခိုက်ရေးနည်းစနစ်မဟုတ်တော့ဘဲ မိမိကိုယ်ပိုင် စွမ်းအားများကို စုစည်းထားသည့် ကြောက်မက်ဖွယ် တိုက်ကွက်ပင် ဖြစ်တော့သည်။
“လာစမ်းပါ၊ ဘယ်သူက ကြောက်မှာမို့လို့လဲ” ထျန်းပင်းက ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ်ကို အပြည့်အဝ ဖွင့်လှစ်လိုက်ရာ ဒဏ်ရာပိုပြင်းလေလေ တိုက်ပွဲဝင်စွမ်းအား ပိုမြင့်လေလေဖြစ်သော လက္ခဏာရပ်က စတင်ပေါ်လွင်လာတော့သည်။
ကိုယ်ပေါ်ရှိ ချော်ရည်စီးကြောင်းပုံစံများက အဆုံးစွန်အထိ တောက်ပလာပြီး ရှေ့သို့ အကြောက်အလန့်ကင်းစွာ ထပ်မံပြေးဝင်သွားပြန်သည်။
ခွန်အားနှင့် အကာအကွယ်တွင် နာမည်ကြီးသော ထိပ်သီးနှစ်ဦးသည် အကြမ်းတမ်းဆုံးနှင့် အအရိုင်းစိုင်းဆုံးသော အနီးကပ်တိုက်ပွဲကို စတင်ဆင်နွှဲနေကြပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ယင်းဖုန်းနှင့် အမဲလိုက်သမားများသည် မီးပွားသုသေသနပညာရှင်အသင်း၏ စက်ယန္တရားတပ်ဖွဲ့၊ အနှောင့်အယှက်ပေးသော ဒရုန်းအုပ်များနှင့်အတူ တိတ်ဆိတ်ကာ အန္တရာယ်များလှသော အပြန်အလှန် အမဲလိုက်မှုများကို ဆင်နွှဲနေကြသည်။
တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်းနှင့် ရေခဲခြေရာ လက္ခဏာရပ်များကြောင့် အမဲလိုက်သမားများက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သည်။
တစ်ခုတည်း ကွဲထွက်နေသော စက်ယန္တရားများသည် ရုတ်တရက် ပေါ်လာသော လေဓားသွားများကြောင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရခြင်း သို့မဟုတ် ပေါက်ကွဲသွားသော ရေခဲခြေရာ ထောင်ချောက်များကြောင့် သတ္တုအပိုင်းအစများအဖြစ် ပြောင်းလဲသွားခြင်းများနှင့် အဆက်မပြတ် ကြုံတွေ့နေရသည်။
သို့သော်လည်း မီးပွားသုသေသနပညာရှင်အသင်း၏ စွမ်းအင်ရောင်ခြည်တန်းများနှင့် ခြေရာခံဒုံးကျည်များကလည်း အမဲလိုက်သမားများအတွက် သိသာထင်ရှားသော အန္တရာယ်ကို ဖြစ်ပေါ်နေစေသည်။
စစ်မြေပြင်တစ်ခုလုံး ကစဉ့်ကလျားအခြေအနေသို့ အပြည့်အဝကျရောက်သွားတော့သည်။ ကောင်းကင်ယံသည် လင်းထျန်းလုံနှင့် မကြာမီ ပြန်လည်ရှင်သန်လာတော့မည့် ဟော်ကျန်းတို့၏ ဘုရင်အဆင့် စစ်မြေပြင်ဖြစ်ပြီး မြေပြင်ပေါ်တွင် ထျန်းပင်းနှင့် လိန့်ဟောင်တို့၏ ကြမ်းတမ်းသော ခွန်အားပြိုင်ပွဲ၊
အရိပ်များထဲတွင် ယင်းဖုန်းနှင့် စက်ယန္တရားတပ်ဖွဲ့တို့၏ လျှို့ဝှက် အသံတိတ်တိုက်ပွဲများ ဖြစ်ပွားနေကာ ဧရာမအကာအကွယ်ကြီးကမူ အဖွဲ့သုံးဖွဲ့မှ ပုံမှန်တပ်ဖွဲ့၀င်များ၏ ဆက်တိုက် ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်လက်ခံစားနေရဆဲပင်။
ဝံပုလွေအသိုက်သည် စတင်တည်ထောင်ပြီးကတည်းက ယခုတစ်ခေါက်မှာတော့ အပြင်းထန်ဆုံး စမ်းသပ်မှုနှင့် ရင်ဆိုင်နေရပြီးဖြစ်သည်။
အခန်း (၂၀၂) - မိခင်သစ်ပင် အသွင်ပြောင်းလဲမှုပြီးဆုံးခြင်းနှင့် စနစ်လုပ်ဆောင်ချက်အသစ် ပွင့်လာခြင်း (၁)
“ဝုန်း...။”
ဟော်ကျန်း ကျသွားသောနေရာမှ ဖုန်လုံးကြီးများ လိပ်တက်လာသော်လည်း သူ့ခန္ဓာကိုယ်တွင်းရှိ မသေမျိုးမီးလျှံဝိညာဉ်၏ ထူးဆန်းသောစွမ်းအင်လှုပ်ခတ်မှုများက ငြိမ်သက်သွားရမည့်အစား မီးရှို့ခံလိုက်ရသော ယမ်းအိုးကြီးတစ်ခုပမာ အရင်ကထက်ပင် ပိုမိုကြမ်းတမ်းစွာ ပေါက်ကွဲထွက်လာတော့သည်။
“အား...”
နာကျင်မှုနှင့် ဝမ်းသာမှုများ ရောယှက်နေသော သွေးရူးသွေးတန်း ဟိန်းဟောက်သံကြီးတစ်ခု ဖုန်လုံးများကြားမှ ထွက်ပေါ်လာ၏။
သွေးရောင်မီးတောက်များက သူ့ကို ဖုံးလွှမ်းထားရုံသာမကဘဲ သူ၏မွေးညင်းမွေးပေါက်တိုင်းမှ ပေါက်ကွဲထွက်လာတော့သည်။
အချင်းငါးမီတာကျော်ရှိသော အနီရင့်ရောင် မီးတိုင်လုံးကြီးတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အထက်တွင် ကျန်ရှိနေသေးသော စွမ်းအင်စီးကြောင်းများနှင့် ဖုန်မှုန့်များကို လုံး၀ အငွေ့ပျံသွားစေတော့သည်။
မြေပြင်က သူ့ကို ဗဟိုပြု၍ တစ်လက်မချင်း ကွဲအက်အရည်ပျော်သွားကာ ပွက်ပွက်ဆူနေသော ချော်ရည်ကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
အလင်းတိုင်ကြီးအတွင်းမှ ဟော်ကျန်း၏ပုံရိပ်က ဖြည်းညင်းစွာ ပေါ်လာခဲ့၏။ သူ၏ရင်ဘတ်ပေါ်ရှိ ကြောက်မက်ဖွယ် ဒဏ်ရာကြီးက ပျောက်ကွယ်သွားပြီး အရေပြားအောက်တွင် ချော်ရည်များ စီးဆင်းနေသည့်အလား ထင်မှတ်ရသည်။
အနီရင့်ရောင် မီးလျှံပုံစံများက အသက်ဝင်နေသည့်အလား တွန့်လိမ်နေကြပြီး အသက်ရှူကျပ်မတတ် ဘုရင်အဆင့်ဖိအားကြီးကို ထုတ်လွှတ်နေတော့သည်။
သူ၏အငွေ့အသက်များက ကျိုးပေါက်သွားသော ရေကာတာတစ်ခုပမာ အရူးအမူး မြင့်တက်လာပြီး အဆင့် ၂၉ ၏ သံကြိုးများကို ချိုးဖြတ်ကာ အဆင့်အသစ်တစ်ခုသို့ ချက်ချင်းတက်လှမ်းသွားလေတော့သည်။
အဆင့် ၂၉ (ခြေလှမ်း၀က်ဘုရင်) မှ အဆင့် ၃၉ (ပထမ ဘုရင်အဆင့် အထွတ်အထိပ်)အထိ မြင့်တက်သွားခြင်းပင်။
မသေမျိုးမီးလျှံဝိညာဉ်၏ ဒုတိယအကြိမ် ပြန်လည်ရှင်သန်ခြင်း သက်ဝင်သွားပြီဖြစ်သည်။ ပင်ကိုစွမ်းရည်၏ အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုကြီးပင်။
“ဟားဟား... ဟားဟားဟား” ဟော်ကျန်းက လက်သီးများကို ဆုပ်လိုက်ရင်း တောင်များကိုလောင်ကျွမ်းစေကာ ပင်လယ်များကိုပါ ဆူပွက်သွားစေနိုင်လောက်သည့် သူ၏ခန္ဓာကိုယ်တွင်းရှိ ကြီးမားလွန်းသော စွမ်းအားများကို ခံစားနေ၏။
သူက ရက်စက်ရူးသွပ်နေသော အသံကြီးဖြင့် ရယ်မောလိုက်ပြီး သူ၏ နီရဲနေသော မျက်ဝန်းများဖြင့် လင်းထျန်းလုံကို စိုက်ကြည့်နေသည်။
“မင်း ခံစားမိလား သားရဲကောင်၊ ဒီ ယစ်မူးချင်စရာကောင်းတဲ့ စွမ်းအားကြီးကိုလေ၊ ဒါတွေအားလုံးက မင်းကျေးဇူးကြောင့်ပဲကွ၊ မင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းရဲ့အရိုးတွေကို တစ်လက်မချင်းစီ ရိုက်ချိုးပြီး မင်းရဲ့ ဝံပုလွေအသိုက်ကို ဒီတောအုပ်ထဲကနေ အပြီးတိုင်ဖျက်ဆီးပစ်မယ်”
သူက ရုတ်တရက် လက်မောင်းများကို ဖြန့်ကားလိုက်ရာ အနီရင့်ရောင်မီးတောက်များက ကစဉ့်ကလျား လောင်ကျွမ်းနေခြင်းမရှိတော့ဘဲ ကောင်းကင်ကိုပင် ဖုံးလွှမ်းနိုင်သော ဧရာမမီးလျှံတောင်ပံကြီးတစ်စုံအဖြစ် သူ၏ကျောဘက်တွင် စုစည်းသွားတော့သည်။
ညင်သာစွာ ခတ်လိုက်ရုံဖြင့် အပူလှိုင်းများ လိမ့်တက်လာပြီး ထိုဖိအားအောက်တွင် လေထုကပင် တုန်ခါမြည်ဟည်းသွားတော့သည်။
မီးလျှံကိုယ်ထည်နှင့် မီးလျှံဘုရင်သွေးမျိုးဆက်သည် အဆင့်ခုန်တက်သွားပြီးနောက် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းခဲ့ရပြီး အနီရင့်ရောင်မီးတောက်များ၏ အပူချိန်က ဖျက်ဆီးခြင်းအငွေ့အသက်များကိုပင် သယ်ဆောင်လာခဲ့ပြီဖြစ်သည်။
ဤရုတ်တရက် ကြီးမားသော အပြောင်းအလဲက စစ်မြေပြင်၏အပူချိန်ကို ခေါင်းပေါ် ရေအေးလောင်းချခံလိုက်ရသည့်အလား ချက်ချင်း ပြောင်းလဲသွားစေတော့သည်။
“ခေါင်းဆောင်” လောင်ကျွမ်းမီးလျှံဂိုဏ်းမှ အဖွဲ့ဝင်များက သွေးရူးသွေးတန်း အော်ဟစ်လိုက်ကြပြီး သူတို့၏စိတ်ဓာတ်များမှာလည်း အကြီးအကျယ် မြင့်တက်သွားတော့သည်။
ဝံပုလွေအုပ်ကြီးဘက်တွင်မူ လိန့်ဟောင်နှင့် အကြိတ်အနယ် တိုက်ခိုက်နေသော ထျန်းပင်းဖြစ်စေ၊ အရိပ်များကြားတွင် ပြေးလွှားနေသော ယင်းဖုန်းဖြစ်စေ သူတို့၏နှလုံးသားများပေါ်သို့ လေးလံသော အရိပ်မည်းကြီးတစ်ခု ကျရောက်သွားတော့သည်။
အဆင့် ၃၉၊ ပထမ ဘုရင်အဆင့် အထွတ်အထိပ်၊ ဤသည်က သူတို့ဘုရင်ကြီးကိုပင် ကျော်လွန်နေပြီမဟုတ်လော။
“အရှင်မင်းကြီး” ထျန်းပင်းက လိန့်ဟောင်၏ ပြင်းထန်သော လက်သီးတစ်ချက်ကို ခံယူလိုက်ပြီး အရှိန်ဖြင့် နောက်သို့ခုန်ဆုတ်လိုက်ကာ လင်းထျန်းလုံဆီသို့ စိုးရိမ်တကြီး ကြည့်လိုက်၏။
လိန့်ဟောင်သည်လည်း သူ၏လက်သီးကို ယာယီရုပ်သိမ်းလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေသော ဟော်ကျန်းကို အလွန်တရာလေးနက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဤပြောင်းလဲမှုက သူ့ကိုပင် အံ့အားသင့်သွားစေ၏။ ယန်ချင်းယွမ်၏ ကွပ်ကဲရေးစင်မြင့်ပေါ်တွင်မူ အချက်အလက်များက အရူးအမူးစီးဆင်းနေပြီး သတိပေးသံများက အဆက်မပြတ် ထွက်ပေါ်နေတော့သည်။
“သတိပေးချက်၊ ပစ်မှတ် ဟော်ကျန်းရဲ့ စွမ်းအင်အဆင့်က ပုံမှန်မဟုတ်ဘဲ ခုန်တက်သွားတယ်၊ အန္တရာယ်အဆင့်က ကန့်သတ်ချက်ထက် ကျော်လွန်သွားပြီ၊ အဖြေကို ပြန်လည်တွက်ချက်နေပါတယ်...”
လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်ဝန်းများထဲတွင် ဟော်ကျန်းအတွင်းရှိ ဆူပွက်လုမတတ် ဖျက်ဆီးခြင်းစွမ်းအင်များ ရှင်းလင်းစွာ ထင်ဟပ်နေလေသည်။
အဆိုးရွားဆုံး အခြေအနေက ဖြစ်လာခဲ့ပြီဖြစ်သည်။ သူ့ကို တစ်ကြိမ်သတ်လိုက်ခြင်းက လွှမ်းမိုးနိုင်စွမ်းအားကောင်းသော အဆင့်အသာစီးရထားသည့် မိစ္ဆာကောင်ကြီးတစ်ကောင်ကို ဖြစ်ပေါ်စေခဲ့ချေပြီ။
“ဘာတွေ ထိတ်လန့်နေကြတာလဲ” နှစ်တစ်ထောင်ရေခဲတုံးပမာ လင်းထျန်းလုံ၏ အေးစက်သော အသံက နှင်းဝံပုလွေတိုင်း၏ အသိစိတ်အနက်ရှိုင်းဆုံးထဲသို့ ချက်ချင်း ရောက်ရှိသွားပြီး ငြင်းဆန်၍မရနိုင်သော တည်ငြိမ်မှုကို သယ်ဆောင်လာခဲ့သည်။
“မိုးပြိုကျလာရင်တောင် ငါထောက်ထားမယ်၊ ကိုယ့်နေရာကိုယ်စောင့်၊ ကိုယ့်တာဝန်ကို ဆက်လုပ်ကြ၊ ဒီကောင့်ကို ငါနဲ့ထားခဲ့။”
သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထာ၀ရတိုက်ပွဲဝိညာဉ်က သွေးကြောများထဲတွင် တိတ်တဆိတ်ဟိန်းဟောက်နေသည်။ အစွန်းရောက် ရေခဲစွမ်းအားနှင့် အလျှော့မပေးသော တိုက်ပွဲဝင်လိုစိတ်များ ရောယှက်နေခဲ့၏။
ပြိုင်ဘက်၏ ဖိအားကြောင့် ထိတ်လန့်သွားခြင်းမရှိသည့်အပြင် သူ၏စွမ်းအားများပင် ပိုမိုစုစည်းလာတော့သည်။
အဆင့်ဆိုသည်က တစ်ခုတည်းသော အဆုံးအဖြတ်မဟုတ်ပေ။ သူပိုင်ဆိုင်ထားသော လျှို့ဝှက်နည်းလမ်းများက သာမန်လူများထက် များစွာ သာလွန်နေသည်မဟုတ်လော။
“သေစမ်း” အသွင်ပြောင်းသွားသော ဟော်ကျန်းသည် စိတ်ရှည်သည်းခံနိုင်စွမ်းများ လုံးဝကုန်ဆုံးသွားတော့သည်။ သူက ဟိန်းဟောက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် လေဟာနယ်ကို ဆုပ်ကိုင်လိုက်၏။
အဆုံးမရှိသော အနီရင့်ရောင် မီးတောက်များက သူ၏လက်ဝါးများထဲတွင် ဖိသိပ်စုစည်းသွားကာ နောက်ဆုံးတွင် ဟင်းလင်းပြင်ကိုပင် ဖြတ်တောက်နိုင်စွမ်းရှိပုံရသည့် ရွှေရောင်အက္ခရာများ ရစ်ပတ်နေသော ဧရာမမီးလျှံပုဆိန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“ကောင်းကင်လောင်ကျွမ်း၊ မြေကမ္ဘာခွဲပုဆိန်။”
မည်သည့် ဟန်ရေးပြမှုမျှမရှိဘဲ သူက ပုဆိန်ကြီးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အဝေးမှနေ၍ လင်းထျန်းလုံရှိရာသို့ ခုတ်ချလိုက်လေတော့သည်။
ရွှမ်း...။
ပုစဉ်းတောင်ပံပမာ ပါးလွှာလွန်းသော်လည်း အစွန်းရောက်အပူချိန်နှင့် အဖျက်စွမ်းအားများ ပါဝင်နေသော အနီရင့်ရောင် လခြမ်းပုံစံပုဆိန်အလင်းတန်းက လေထုကို ဆုတ်ဖြဲကာ လင်းထျန်းလုံဆီသို့ တိတ်တဆိတ် ဝင်ရောက်လာတော့သည်။
အလင်းတန်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ မြေပြင်က အောက်ခြေမရှိသော ချော်ရည်မြောင်းကြီးတစ်ခုဖြစ်သွားပြီး လေထုထဲမှ စူးရှသော အသံများပင် ထွက်ပေါ်နေတော့သည်။
ဤတိုက်ကွက်က အလွန်တရာမြန်ဆန်ပြီး စွမ်းအားများ အလွန်အမင်းသိပ်သည်းနေသည်။
ယခင် မီးနဂါးကခုန်ခြင်းထက် များစွာသာလွန်လှပေသည်။
လင်းထျန်းလုံ မျက်၀န်းများ ကျဉ်းမြောင်းသွား၏။
သူက ငွေပြာဘုရင်မျက်ဝန်းကို အမြင့်ဆုံးအထိ တွန်းပို့လိုက်ပြီး ပုဆိန်အလင်းတန်း၏ စွမ်းအင်ဖွဲ့စည်းပုံနှင့် လမ်းကြောင်းကို အရူးအမူး တွက်ချက်လိုက်သည်။
‘တည့်တည့်ခံလို့ မဖြစ်ဘူး'
အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းက အမြင့်ဆုံးအထိ ချက်ချင်း ပေါက်ကွဲထွက်လာပြီး သူ၏ပုံရိပ်က ခွဲခြားမရနိုင်သော ငွေရောင်အရိပ်များစွာအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားတော့သည်။
ဘုန်း...။
အနီရင့်ရောင် ပုဆိန်အလင်းတန်းက ဖြတ်သန်းသွားပြီးနောက် အရိပ်ခုနစ်ခုရှစ်ခုခန့်ကို ချက်ချင်းအငွေ့ပျံသွားစေကာ မြေပြင်ပေါ်တွင် မီတာတစ်ရာခန့် ရှည်လျားသော အောက်ခြေမရှိသည့် ချော်ရည်ချောက်ကမ်းပါးကြီးတစ်ခုကို ချန်ရစ်ခဲ့တော့သည်။
၎င်း၏အစွန်းမှ ဖြာထွက်နေသော အပူရှိန်ကြောင့်ပင် ရှောင်တိမ်းရန် နှေးကွေးသွားသော လောင်ကျွမ်းမီးလျှံဂိုဏ်းမှ စစ်သည်အချို့ ပြာကျသွားခဲ့ရသည်။
လင်းထျန်းလုံ၏ အစစ်အမှန်ကိုယ်ထည်က မီတာတစ်ရာအကွာတွင် ပေါ်လာ၏။ သူ၏နဖူးပေါ်ရှိ ငွေရောင်အမွေးတစ်ချောင်းက အပူရှိန်ကြောင့် ကောက်ကွေးနေပြီး မျက်ဝန်းများကမူ အလွန်တရာ လေးနက်နေခဲ့သည်။
ပြိုင်ဘက်၏ခွန်အား၊ အမြန်နှုန်းနှင့် မီးလျှံများကို ထိန်းချုပ်နိုင်စွမ်းက အဆင့်ကြီးတစ်ဆင့် တိုးတက်သွားခဲ့ပြီဖြစ်သည်။
“ရှောင်တာလား၊ မင်း ဘယ်လောက်ကြာကြာရှောင်နိုင်မလဲ ကြည့်ရသေးတာပေါ့” ဟော်ကျန်းက လှောင်ပြောင်လိုက်ပြီး သူ၏ မီးလျှံတောင်ပံများကို ခတ်လိုက်ရာ ပုံရိပ်က တစ္ဆေတစ်ကောင်ပမာ ချက်ချင်း ပျောက်ကွယ်သွား၏။
နောက်တစ်ခဏတွင် သူက လင်းထျန်းလုံ၏ အထက်တွင် ပေါ်လာပြီး ဧရာမမီးလျှံပုဆိန်ကြီးက တိုင်ရှန်းတောင်ကြီး ပြိုကျလာသည့်အလား ဆင်းသက်လာတော့သည်။
ကြီးမားလွန်းသော အရိပ်မည်းကြီးက လင်းထျန်းလုံကို အပြည့်အဝ လွှမ်းခြုံထားချေပြီ။
ထွက်ပြေးစရာလမ်းမရှိတော့ချေ။
“အာဝူး...။” လင်းထျန်းလုံ၏ မျက်ဝန်းများထဲတွင် ကြမ်းတမ်းရက်စက်မှု အရိပ်အယောင်များ တောက်လောင်လာ၏။
ငွေပြာမိုးကြိုးလက်သည်းနှင့် နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း စွမ်းရည်တို့၏ စွမ်းအားများကို သူ၏လက်သည်းနှစ်ဖက်ထဲသို့ အတင်းအကြပ် ဖိသိပ်စုစည်းလိုက်ပြီး တိုက်ကွက်ကို ရင်ဆိုင်ရန် ကြက်ခြေခတ်ပုံစံ ဖန်တီးလိုက်သည်။
တောက်ပလွန်းသော မိုးကြိုးနှင့် ရေခဲစွမ်းအားများက ကြယ်တာရာအကာအကွယ်မှ ဖြာကျနေသော ကြယ်ရောင်များနှင့် ရောယှက်ကာ ခိုင်မာသော ငွေပြာရောင်ဒိုင်းကာကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
ချွင်...။
ဧရာမခေါင်းလောင်းကြီးတစ်ခုကို ထုနှက်လိုက်သည့်အလား။ နားကွဲမတတ် သတ္တုချင်း ရိုက်ခတ်သံကြီးတစ်ခုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက စက်ဝိုင်းပုံသဏ္ဍာန် ပေါက်ကွဲထွက်လာတော့သည်။
လင်းထျန်းလုံ၏ခြေထောက်အောက်ရှိ မြေပြင်က ဟိန်းဟောက်သံကြီးတစ်ခုနှင့်အတူ ပြိုင်တူ ပြိုကျသွားပြီး သူ၏လက်သည်းများထံမှ စူးရှသောနာကျင်မှုတစ်ခု ဖြတ်ပြေးသွားကာ ကြီးမားလွန်းသော အင်အားကြောင့် မီတာအတော်အနည်းငယ်ခန့် အောက်သို့ဖိချခံလိုက်ရသည်။
သို့သော်လည်း သူက ခေါင်းမာစွာဖြင့် ဆက်တောင့်ခံထား၏။ ကြယ်စွမ်းအားများနှင့် ပေါင်းစပ်ထားသော နှင်းခဲများက အရာအားလုံးကို ပြာကျစေနိုင်စွမ်းရှိပုံရသည့် ဧရာမမီးလျှံပုဆိန်ကြီးကို အမှန်တကယ်ပင် တောင့်ခံထားနိုင်ခဲ့သည်။
“ဘာ။” ဟော်ကျန်း၏ မျက်နှာပေါ်ရှိ ရက်စက်သော အပြုံးကြီး အေးခဲသွား၏။ ‘တောင်တွေကိုတောင် ခွဲဖြတ်နိုင်တဲ့ ငါ့တိုက်ကွက်က အပိတ်ခံလိုက်ရတာလား'