မဟာမိတ်
Vol. 10 Ch. 149
တချို့စကားများက ပါးစပ်ဖြင့် ထုတ်ပြောသည်ထက် အလုပ်ဖြင့် ပြောသည်က ပို၍ ထိရောက်သည်။
ရွှီချင်းက သစ်ပင်ကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး မထွက်သွားခင်အတိုင်း ထူးထူးခြားခြား ပြောင်းလဲသွားသောအရာဟူ၍ မရှိချေ။ လှုပ်ရှားမှုအရဖြစ်စေ၊ အမူအရာအရဖြစ်စေ မည်သည့်အရာမှ ပြောင်းလဲမသွားခဲ့ပေ။ သို့သော်လည်း ချိုင့်ဝှမ်းပတ်လည်ရှိ ကျင့်ကြံသူများ၏ ခံစားချက်များက ယခင်ကနှင့် မတူတော့ပေ။
ယခင်က သူ့ကြောင့် စိုးရိမ်ပူပန်နေခဲ့ကြသည့်လူများသည် ယခုအခါ ကြောက်ရွံ့လာကြပြီဖြစ်သည်။
ယခင်က သူ့ကို လျစ်လျူရှုထားခဲ့သူများသည် သူ့ကို အလွန် ဂရုစိုက်နေပြီဖြစ်သည်။
ထိုအခြင်းအရာအားလုံးက ချိုင့်ဝှမ်းပတ်လည်ကို ဖိအားများဖြင့် မွန်းကြပ်လာစေသည်။ ညဉ့်သန်းခေါင်ယံသို့ ရောက်ပြီး တောင်ခြေမှ ချီစုစည်းခြင်းအဆင့်ရှစ် ဖွတ်ကြီးနှစ်ကောင် တက်လာသောအခါမှသာ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
၎င်းတို့က ချိုင့်ဝှမ်းပတ်လည်ရှိ ကျင့်ကြံသူအားလုံး၏ စိတ်အာရုံကို သိမ်းကျုံးယူဆောင်သွားသည်။ သို့သော်လည်း ပင်လယ်ဖွတ်များက ချိုင့်ကြီးထဲဝင်၍ အရေခွံလဲပြီးသွားသည့်တိုင်အောင် တစ်ယောက်မှ မလုဝံ့ကြချေ။ ပင်လယ်တစ္ဆေဂိုဏ်းမှလူငါးယောက်က အရေခွံတွေကို သွားယူရန် ချိုင့်ထဲဝင်သွားသည်ကိုသာ သူတို့ ကြည့်နေကြသည်။
ရွှီချင်း၏မျက်လုံးများ ပွင့်သွားသည်။ ပင်လယ်ဖွတ်နှစ်ကောင် အရေလဲပြီးသွားသည်နှင့် သူ မတ်တတ်ထလာသည်။
သူ ရုတ်တရက် ထ လာခြင်းကြောင့် ဘေးပတ်လည်ရှိ လူအားလုံး၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
ထိုအကြည့်များကို ရွှီချင်း ဂရုမစိုက်ဘဲ သစ်ပင်ကြီးပေါ်မှ တည်ငြိမ်စွာ ခုန်ဆင်းကာ ချိုင့်ဝှမ်းဆီသို့ ရိပ်ခနဲ ပြေးဝင်သွားသည်။
ချိုင့်ဝှမ်းထဲတွင် ပင်လယ်တစ္ဆေဂိုဏ်းမှ ကျင့်ကြံသူများ ရှိနေသည့်တိုင်အောင် သူတို့ကို ရွှီချင်း တစ်ချက်ပင် မကြည့်ချေ။ ပင်လယ်ဖွတ်အရေခွံတစ်ခုဆီသို့သာ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ ထိုအချိန်၌ ထိုပင်လယ်ဖွတ်အရေခွံဘေးတွင် ပင်လယ်တစ္ဆေဂိုဏ်းမှ လူသားမဟုတ်သော ကျင့်ကြံသူတစ်ယောက်ရှိသည်။ ရွှီချင်း ဝင်ရောက်လာသည်ကို သူ မြင်သောအခါ မျက်နှာမည်းမှောင်သွားသည်။
သူ၏အကြည့်က စူးရှသွားပြီး ညာလက်ကို ဆတ်ခနဲ မြှောက်လိုက်သည်။ ထိုအခါ သူ၏လက်ချောင်းများက စူးရှချွန်ထက်သော ဓားပါးလေးများသဖွယ် ရှည်ထွက်လာကာ ရွှီချင်းထံ တရှိန်ထိုး ဝင်ရောက်သွားသည်။
“ မိတ်ဆွေလေး၊ ဒီပင်လယ်ဖွတ်အရေခွံက ငါ့ပင်လယ် … ”
လူသားမဟုတ်သော ကျင့်ကြံသူ စကားမဆုံးခင် ရွှီချင်းက ထိုသူ၏လက်ကို ဆုပ်၍ ဆတ်ခနဲ ဆောင့်ဆွဲလိုက်ပြီး ထိုသူ ရှေ့သို့ ဒရွတ်တိုက် ဝင်ရောက်လာရာ ဝမ်းဗိုက်ကို ဒူးဖြင့် အညှာအတာမဲ့စွာ တိုက်လိုက်သည်။
ထိုသူ၏ ဝမ်းဗိုက်ကြီး ချက်ချင်း ချိုင့်ဝင်သွားသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက် အက်ကွဲကြောင်းများ အလျင်အမြန် ပေါ်ထွက်လာပြီး နောက်ဆုံး၌ ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ဖြစ်ကာ မြေပြင်ပေါ် ကျသွားသည်။
သို့သော်လည်း မြေပြင်ပေါ် ကျသွားသည့်အရာများက အသွေးအသားများ မဟုတ်ဘဲ သစ်သားတုံးများသာ ဖြစ်သည်။
ထိုလူသားမဟုတ်သော ကျင့်ကြံသူက လူသားစစ်စစ်မဟုတ်ဘဲ ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်သည်။
ချိုင့်ဝှမ်းထဲရှိ ပင်လယ်တစ္ဆေဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ သူတို့ စောင့်ကြပ်နေသည့်ကြားမှပင် ရွှီချင်းက ပင်လယ်ဖွတ်အရေခွံကို ယူသွားခဲ့သည်ဖြစ်ပြီး သူတို့ကို အေးတိအေးစက် ကြည့်နေသည်။
ထိုစဉ် မလှမ်းမကမ်းတွင် တင်ပျဉ်ခွေထိုင်နေသော ပင်လယ်တစ္ဆေဂိုဏ်းမှ ကျင့်ကြံသူအားလုံး တစ်ယောက်ပြီးတစ်ယောက် ထလာကြသည်။ သူတို့ ကြောက်ရွံ့နေကြစဉ် ရက်စက်ကြမ်းတမ်းသောအငွေ့အသက်တစ်ခု လေထဲ ပျံ့လွင့်လာသည်။
တစ်ဖက်နှင့်တစ်ဖက်က အချိန်အတော်ကြာသည်အထိ မမှိတ်မသုန် ကြည့်နေကြသည်။
ပင်လယ်တစ္ဆေဂိုဏ်းသားများ၏ အလယ်၌ ထောင်ထောင်မောင်းမောင်းနှင့် အပေါ်ပိုင်း ဗလာကျင်းနေသော လူကြီးတစ်ယောက်ရှိသည်။ ယခုအခါ သူ၏ဝမ်းဗိုက်မှ အသွေးအသားများ ပွင့်ထွက်လာကာ သွေးသံတရဲရဲဖြစ်နေသော မျက်နှာလေးတစ်ခု ပေါ်လာသည်။
ထိုမျက်နှာလေးက မွေးကင်းစကလေးတစ်ယောက်ပုံစံရှိပြီး အရေးအကြောင်းများဖြင့် ပြည့်နှက်နေပါသော်ငြား အားအင်အပြည့်ဖြစ်နေသည်။ ၎င်း၏ နီမြန်းနေသော မျက်လုံးများက ရွှီချင်းကို စူးစိုက်ကြည့်နေပြီး ရုတ်တရက် ပြောလိုက်သည်။
“ မိတ်ဆွေလေး၊ ငါ့အရုပ်ကို မင်း ဖျက်ဆီးလိုက်ပေမဲ့ ကိစ္စမရှိပါဘူး။ ဒီပင်လယ်ဖွတ်ကိုတော့ ငါ့ပင်လယ်တစ္ဆေဂိုဏ်းက တစ်ဝက်ယူချင်တယ်။ အဲဒါက မများဘူးမလား ”
ရွှီချင်းက ထိုမျက်နှာကို လှမ်းကြည့်၍ တစ်ခွန်းမှ မပြောဘဲ သူ ရရှိထားသည့် ပင်လယ်ဖွတ်အရေခွံကို ယူ၍ သစ်ပင်ကြီးပေါ် ပြန်ကာ ဆက်လက် တရားထိုင်လိုက်သည်။
သူ၏ ရည်ရွယ်ချက်က ရှင်းသည်။ ပင်လယ်ဖွတ်ကျွန်းသို့ သူ လာခဲ့သည်မှာ ပင်လယ်ဖွတ်အရေခွံများအတွက်သာ ဖြစ်ပြီး လူသတ်ရန် မဟုတ်ပေ။ အကယ်၍ ပင်လယ်ဖွတ်အရေခွံယူနေစဉ်အတောအတွင်း အနှောင့်အယှက်များ ရှိလာခဲ့လျှင်တော့ အခြေအနေက တစ်မျိုးတဖုံ ပြောင်းလဲသွားမည်ဖြစ်သည်။
ထို့ပြင် သူက လောဘကြီးသူ တစ်ယောက်လည်း မဟုတ်ပေ။
လက်ရှိအခြေအနေက သူ့အတွက် ပို၍ အကျိုးဖြစ်ထွန်းသည်ကို သူ ကောင်းစွာ သိသည်။ ပင်လယ်တစ္ဆေဂိုဏ်းက တခြားလေလွင့်ကျင့်ကြံသူများအား အရေခွံများကို လာရောက်မလုယူဝံ့အောင် လုပ်ထားသည် မဟုတ်ပါလား။ ထိုနည်းလမ်းကြောင့် သူ ပို၍ အကျိုးအမြတ် ရရှိလာမည်ဖြစ်သည်။
သူ၏ ခွန်အားက လုံလောက်ပါသော်ငြား သေရေးရှင်ရေးအခြေအနေများကို ကြုံတွေ့ခဲ့ရသော ထိုလူဆိုးများ၌ သေချာပေါက် ဝှက်ဖဲအနည်းငယ် ရှိပေလိမ့်မည်။ ထို့ကြောင့် သူ သတ်ဖြတ်ရန် မလိုကြောင်း ခံစားမိခဲ့သည်။
သူ၏ ရည်ရွယ်ချက်လည်း အထမြောက်သွားခဲ့ပြီဖြစ်၍ သူ သဘာဝကျစွာ သဘောတူခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဖြင့် သုံးရက်တာ ကုန်လွန်သွားခဲ့သည်။
ထိုသုံးရက်အတွင်း ရွှီချင်းက မည်သည့်အဟန့်အတားမှမရှိဘဲ ပင်လယ်ဖွတ်အရေခွံတစ်ဝက်ကို ရယူခဲ့သည်။ သို့သော်လည်း ပင်လယ်တစ္ဆေဂိုဏ်း ရောက်ရှိလာခြင်းနှင့် တခြားကျင့်ကြံသူများ ယခုတိုင်အောင် မထွက်သွားသေးသည့်အချက်ကြောင့် သူ သံသယဝင်နေဆဲပင်။
တတိယမြောက်ည၌ ပင်လယ်ပြင်တစ်နေရာမှ ဧရာမလှေကြီးတစ်စင်း ပေါ်ထွက်လာပြီး ရွှီချင်း၏ သံသယစိတ်က အတိုင်းအတာတစ်ခုသို့ ရောက်သွားသည်။
ထိုလှေကြီးသည် ပေတစ်ထောင်အရွယ်အစားရှိပြီး မည်းနက်နေသည်။ ချီရွှဲ့ထုံဂိုဏ်း၏ မှော်လှေအမျိုးအစားနှင့် ကွဲပြားပြီး မေပယ်ပင်အရွက်နှင့် ပို၍ ဆင်တူသည်။ အထူးဆန်းဆုံးတစ်ချက်မှာ ထိုလှေကို ကြည့်မိလိုက်သည်နှင့် ကြောက်ရွံ့စိတ်များ အလိုလို ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ထိုလှေထဲတွင် ထူးဆန်းသော တားမြစ်နယ်မြေတစ်ခု ကိန်းအောင်းနေသည့်အလားပင်။
ထိုအခြင်းအရာအားလုံး၏ အကြောင်းအရင်းမှန်က မှော်လှေ၏ ဆေးသားကြောင့် ဖြစ်သည်။
မည်းနက်နေသော ဆေးသားအရောင်က သဘာဝအနက်ရောင်မဟုတ်ဘဲ သွေးများ ဖြစ်သည်။ ထိုသွေးများက ရွှီချင်းကို ချောက်ချားသွားစေခြင်း ဖြစ်သည်။
“ လီထူဂိုဏ်း ”
“ သူတို့လည်း ဒီကို တကယ်ကြီး ရောက်လာတာပဲဟ ”
ချိုင့်ဝှမ်းတည်နေရာကြောင့် ချိုင့်ဝှမ်းနေရာရှိလူများသည် ပင်လယ်ပြင်ကို ပို၍ ရှင်းလင်းပြတ်သားစွာ မြင်နိုင်ကြသည်။ ထိုအချိန်၌ ရွှီချင်းကဲ့သို့ပင် တဖြည်းဖြည်း ချဉ်းကပ်လာနေသော အနက်ရောင်လှေကို သူတို့အားလုံး သတိထားမိသွားကြပြီး အထိတ်တလန့်ဖြင့် အာမေဋိတ်သံများ ထွက်သွားကြသည်။
ပင်လယ်တစ္ဆေဂိုဏ်းမှ ကျင့်ကြံသူဆယ်ယောက်ကျော်သည်လည်း လေးနက်တည်ကြည်သွားသည်။ သူတို့အားလုံး ရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်နေရသည့်အလား တီးတိုးတီးတိုး ပြောလိုက်ကြသည်။
ရွှီချင်း၏ မျက်လုံးများကတော့ မှေးသွားသည်။ လီထူဂိုဏ်းကို သူ အစိမ်းသက်သက်ဖြစ်နေသည် မဟုတ်ချေ။
ယခင်က ရတနာမုဆိုးစခန်းမှ ကလေးမလေး၌ လီထူဂိုဏ်း၏ တရားစီရင်ရေးအသင်းခေါင်းဆောင် အစ်ကိုတစ်ယောက်ရှိပြီး ထိုအစ်ကိုဖြစ်သူက သူမကို လာရောက်ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်က ကုန်စုံဆိုင်အပြင်ဘက်တွင် လီထူဂိုဏ်းအကြောင်း ရတနာမုဆိုးတချို့ ပြောနေကြသည်ကို သူ ကြားခဲ့ရသည်။ သူတို့၏ ပြောစကားများထဲတွင် လီထူဂိုဏ်းက စိတ္တဇလူသတ်သမားများဖြစ်ကြောင်းသာ အဓိကပြောဆိုခဲ့ကြသည်။
ချီရွှဲ့ထုံဂိုဏ်းသို့ သူ ရောက်ရှိလာခဲ့ပြီး လူဆိုးထိန်းဌာနမှ သတင်းအချက်အလက်များကို ဖတ်ရှုကြည့်ပြီးသောအခါမှသာ လီထူဂိုဏ်းအကြောင်းကို သူ ကောင်းစွာ နားလည်ခဲ့ရသည်။
လီထူဂိုဏ်းသည် နန်းဟွမ်ဒေသကြီးရှိ လူသားမျိုးနွယ်အင်အားစုကြီးလေးစုအနက် တစ်စုဖြစ်ပြီး ကျစ်ထူဂိုဏ်း၊ ချီရွှဲ့ထုံဂိုဏ်းနှင့် ကျန်းလီကျစ်ယင်ဂိုဏ်းတို့နှင့် အဆင့်တူသည်။ ထိုဂိုဏ်း၏ အယူဝါဒက ဖုန်းဆိုးမြေမှ ထွက်ခွာ၍ ရှေးဘုရင်ဧကရာဇ်များနောက်သို့ လိုက်ရန် ဖြစ်သည်။
ရှေးဘုရင်များ ရောက်သွားသည့် သန့်ရှင်းသောနယ်မြေက လူသတ်ခြင်းလည်းမရှိ၊ ကပ်ဘေးလည်းမရှိ၊ အေးစက်စက်အငွေ့အသက်များလည်းမရှိဘဲ ဝိညာဉ်စွမ်းအားများ ပေါကြွယ်ဝသည့်မြေဖြစ်ကြောင်း သူတို့ အယူဝါဒက ဆိုသည်။
ထိုသန့်ရှင်းသောမြေများ၏ ဝင်ပေါက်တံခါးက ပွင့်လိမ့်မည်ဖြစ်ပြီး သက်ဝင်ယုံကြည်သူများအား လမ်းပြမည်ဖြစ်ကြောင်းလည်း ဆိုကြသည်။
ယင်းသည် လီထူဂိုဏ်း၏ သက်ဝင်ယုံကြည်မှုဖြစ်သည်။ တစ်ဆက်တည်း ထိုအယူဝါဒကို မယုံကြည်သည့်လူအားလုံးကို လီထူဂိုဏ်း၏အမြင်၌ မိစ္ဆာဒိဋ္ဌိများအဖြစ် သတ်မှတ်ထားကြပြီး ထိုကဲ့သို့ မိစ္ဆာဒိဋ္ဌိများသည် အပြစ်ပေးခံရမည်ဖြစ်ပြီး အသက်များ ဆုံးပါးသွားကြရမည်ဖြစ်သည်။
ထိုကဲ့သို့ အစွန်းရောက်ဝါဒကြောင့် သူတို့က စိတ္တဇသမားများ ဖြစ်လာရခြင်း ဖြစ်သည်။
“ အခု သူ ဘယ်လိုနေလဲ မသိဘူး ”
ရွှီချင်း စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။ တစ်ခါက မိန်းလေးပေးခဲ့သည့် သကြားလုံးတစ်လုံးကို သူ ပြန်တွေးမိလိုက်သည်။ သို့သော်လည်း အတိတ်မှတ်ဉာဏ်များထဲမှ သူ အလျင်အမြန် ပြန်ရုန်းထွက်လိုက်ပြီး နီးကပ်သည်ထက် နီးကပ်လာနေသော ကျစ်ထူဂိုဏ်း၏လှေကို မမှိတ်မသုန် ကြည့်လိုက်သည်။
“ ဒီပင်လယ်ဖွတ်ကျွန်းမှာ ဘာတွေဖြစ်လာမှာတုံး ”
ရွှီချင်း၏ သံသယများ ကြီးထွားလာနေစဉ် ချိုင့်ဝှမ်းထဲရှိ ကျောက်တုံးနောက်တွင် ရှိနေသော အဘိုးအိုက လီထူဂိုဏ်းရောက်လာသည်ကို မြင်သောအခါ သက်ပြင်းချလိုက်သည်။
“ ကိစ္စပြတ်ပြီဟေ့။ ဒီတစ်ခေါက် ပင်လယ်တစ္ဆေဂိုဏ်းနဲ့ လီထူဂိုဏ်းက ရှေ့ဆင့်နောက်ဆင့် ရောက်ချလာတာ။ သူတို့မှာလည်း ငါ့လို ရည်ရွယ်ချက် ရှိလောက်မယ် ”
အဘိုးအိုက နဖူးကို ရိုက်လိုက်သည်။ သူ အလွန် စိတ်တိုနေစဉ် ဘေးရှိ မြွေကြီးက တရွှီရွှီမြည်လာသည်။ အဘိုးအိုက မြွေကြီးကို ကြည့်၍ အတန်ငယ် တွေးတောကြည့်လိုက်သည်။
“ မင်း ပြောတာ အဓိပ္ပာယ်ရှိသားပဲကွ ”
ပြောပြီးသည်နှင့် အဘိုးအိုသည် ဆွေ့ခနဲ ခုန်ထလာပြီး ရွှီချင်း နေသည့် သစ်ပင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ မြွေကြီးမှာ အလွန် စိတ်လှုပ်ရှားစွာဖြင့် နောက်မှလိုက်သွားပြီး ထိုသို့ မြွေကြီး စိတ်လှုပ်ရှားနေသည်ကို လူအနည်းအကျဉ်းသာ အကဲခတ်နိုင်သည်။
သူ၏ လှုပ်ရှားမှုက ချိုင့်ဝှမ်းပတ်လည်ရှိ ကျင့်ကြံသူများ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
ပင်လယ်တစ္ဆေဂိုဏ်းကျင့်ကြံသူများက လှမ်းကြည့်လိုက်ပါသော်လည်း လီထူဂိုဏ်း ရောက်လာတော့မည်ဖြစ်၍ သူ့ကို ဟန့်တားရန် စိတ်မပါချေ။
မကြာခင် ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး သူနှင့် ပေတစ်ရာအကွာရှိ မြွေကြီးကို ဦးဆောင်လာသော အဘိုးအို၏ လည်ပင်းအား ကြည့်လိုက်သည်။
“ ကလေး၊ ဒီကိစ္စ ဆွေးနွေးကြရအောင်။ အဆိပ်မလွှတ်လိုက်နဲ့ဦး။ ဒီနေရာက အဆိပ်မှုန့်တွေကို ဖျက်လိုက်။ ပြီးရင် ငါ မင်းကို တစ်ခု ပြောပြမယ် ”
ရွှီချင်းသည် အဘိုးအိုကို ကြည့်လိုက်ပြီး သူ၏ရည်ရွယ်ချက်ကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။ သူက အဆိပ်မှုန့်များကို လွင့်ပျယ်စေလိုက်သည့်အလား လက်ကိုဝှေ့ယမ်းလိုက်သည်။
အဘိုးအိုက ရွှီချင်း၏အပြုအမူကို မြင်သောအခါ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ပေတစ်ရာအတွင်းသို့ ဝင်ရောက်လိုက်သည်။
ခြေလှမ်းအနည်းငယ် သူ ဆက်သွားလိုက်ပြီး ရွှီချင်းနှင့် ပေသုံးဆယ်အကွာတွင် သတိထား၍ ရပ်လိုက်သည်။
“ ကလေး၊ ပင်လယ်တစ္ဆေဂိုဏ်းနဲ့ လီထူဂိုဏ်းတို့ ဒီကို ဘာလို့ ရောက်လာတာလဲ မင်း သိချင်နေတာမလား ”
“ ငါ လိုရင်းတိုရှင်းပဲ မင်းကို ပွင့်ပွင့်လင်းလင်း ပြောမယ်။ ဒီတစ်ခေါက် တွက်ချက်မှုတွေအရ အခြေတည်အဆင့် ပင်လယ်ဖွတ်တစ်ကောင်က အရေခွံလာလဲလိမ့်မယ်။ အခြေတည်အဆင့် ပင်လယ်ဖွတ်တစ်ကောင်ရဲ့ တန်ကြေးက ခေါင်ခိုနေတာ။ အစောပိုင်းအဆင့်ဆိုရင် ဝိညာဉ်ကျောက်တုံး နှစ်ထောင်၊ အလယ်အလတ်အဆင့်ဆိုရင် ဝိညာဉ်ကျောက်တုံးငါးထောင်။ နောက်ဆုံးအဆင့်ဆိုရင် ဝိညာဉ်ကျောက်တုံးတစ်သောင်း အနိမ့်ဆုံးပဲ ”
“ ဒီအဘိုးကြီးက တစ်ယောက်တည်းလည်းဖြစ်၊ အစွမ်းကလည်း နိမ့်ကျနေတော့ မင်းနဲ့ မဟာမိတ်ဖွဲ့ရအောင် လာခဲ့တာကွ။ မင်းနဲ့ငါ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပြီး ရင်းမြစ်ပစ္စည်းတွေကို အတူတူ လုယူကြမယ်။ ပြီးရင် အကျိုးအမြတ်ကို တစ်ယောက်တစ်ဝက်ခွဲယူမယ်ကွာ ”
ပန်းချွမ်လမ်းမှ အဘိုးအိုက အာပေါင်အာရင်းသန်သန်ဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။ စကားဆုံးသောအခါ ရွှီချင်းကို ကြည့်လိုက်သည်။ သို့သော်လည်း သူ ကွက်ခနဲ မျက်နှာပျက်သွား၏။ သူ ဆေးလုံးအမြောက်အမြား ထုတ်၍ မျိုချလိုက်သည်။ ထို့နောက် ရွှီချင်းကို လက်ညှိုးငေါက်ငေါက်ထိုး၍ ဒေါသတကြီး ကျိန်ဆဲလိုက်၏။
“ ခွေးကောင်လေး၊ အဆိပ် မလွှတ်ဘူးလို့ မင်း ပြောထားတယ် မဟုတ်ဘူးလားကွ ”
“ ကျုပ် အဆိပ်မလွှတ်ခဲ့ပါဘူး။ အဆိပ်က စောစောကတည်းက ပျံ့နေတာ ”
ရွှီချင်းက အဘိုးအို၏ စကားများကို စဉ်းစားနေရင်း ပုံမှန်အတိုင်း ရှင်းပြလိုက်သည်။
“ ချီးပဲ … အဲဒါဆို မင်းလက်က ဘာလို့ ဝှေ့ယမ်းလိုက်တာတုံး ”
အဘိုးအိုမှာ ပို၍ပင် ဒေါသထွက်လာရသည်။
“ ခင်ဗျားပဲ ကျုပ်ကို အဆိပ်တွေပျယ်အောင် လုပ်ခိုင်းတာလေ ”
ရွှီချင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ နို့ … ဒါဆို မင်းက အဆိပ်ပျယ်အောင် မလုပ်ခဲ့ဘူးလား ”
အဘိုးအိုက ဒေါသတကြီး ပြောလိုက်သည်။
“ ကျုပ်အဆိပ်တွေက ပျယ်အောင် လုပ်လို့မရဘူး ”
ရွှီချင်းမှာ အနည်းငယ် စိတ်မရှည်နိုင်အောင် ဖြစ်လာရသည်။ အဘိုးအိုက သူ့ဝါးပေလွှာထဲရှိ စာရင်းထဲမှ လူတစ်ယောက်ဖြစ်သည်။ ဤနေရာတွင် အုပ်စုများ ပရမ်းပတာဖြစ်နေပြီး သူ လှုပ်ရှားရန် မလွယ်ကူသည့်အချက်ကြောင့်သာ မဟုတ်ပါက အဘိုးအိုကို သူ ချက်ချင်း သတ်ပစ်လိုက်ပြီ ဖြစ်သည်။
အဘိုးအိုမှာ မှင်သက်နေပြီး ရွှီချင်းကို ကြည့်၍ ဟင်းခနဲ သက်ပြင်းချလိုက်သည်။
“ ငါ မင်းနဲ့ အဆက်အဆံလုပ်လို့မရဘူးထင်တယ်။ မင်း ပြောချင်တာက အဆိပ်ကို မင်းက လွင့်သွားအောင် မလုပ်နိုင်ဘဲ ငါ စိတ်အေးလက်အေးဖြစ်သွားအောင် ဟန်ဆောင်လိုက်တဲ့သဘောပေါ့ ”
ရွှီချင်းက အဘိုးအိုကို အေးတိအေးစက်ကြည့်လိုက်ပြီး စကားမဆိုပေ။
အဘိုးအို၏ နဖူးကြောကြီးများ ထောင်ထလာသည်။ ဧရာမမြွေကြီးက ထိုမြင်ကွင်းကို ကြည့်၍ တရွှီရွှီမြည်လိုက်သည်။
“ မဟာမိတ်၊ လုပ်မလား၊ မလုပ်ဘူးလား ”
“ လုပ်မယ် ”
ရွှီချင်းက တွေဝေတွန့်ဆုတ်မနေဘဲ ပြန်ဖြေလိုက်သည်။
ရွှီချင်းက အလျင်အမြန် သဘောတူလိုက်သည်ကို မြင်၍ အဘိုးအိုသည် သက်ပြင်းချလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ ထိုစဉ် လီထူဂိုဏ်း၏လှေကြီးက ဆိပ်ကမ်းသို့ ရောက်လာပြီဖြစ်သည်။
လှေပေါ်မှ လူတစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် တောအုပ်ထဲ ဝင်လာကြသည်။
လရောင်အောက်၌ ထိုလူများ၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ သူတို့ဝတ်ရုံများက မည်းနက်နေပြီး သူတို့ခေါင်းများအား ဖုံးအုပ်ထားသည်ကိုသာ မြင်ရသည်။ သူတို့ကိုယ်ပေါ်မှ သွေးဆာနေသော အငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်နေသည်။ သူတို့က တောအုပ်ထဲ ဝင်ရောက်လာပြီးနောက် ချိုင့်ဝှမ်းတည်ရှိရာ တောင်ထိပ်သို့ တန်းတန်းမတ်မတ် လျှောက်လာကြသည်။
“ လီထူဂိုဏ်းက စိတ္တဇကောင်တွေနဲ့ ပြည့်နေတာကွ။ သူတို့ တိတ်တဆိတ် ထိန်းချုပ်တဲ့ နယ်မြေတွေမှာ ထူးဆန်းတဲ့လေ့လာမှုတွေ လုပ်နေတယ်လို့ ကောလဟာလတွေ ထွက်နေတယ်။ ဒါပေမဲ့ အဲဒီနေရာတွေကို လျှို့ဝှက်ထားပြီးတော့ အခုချိန်ထိ အပြင်လူနည်းနည်းပါးပါးလောက်ပဲ အဲဒီနေရာတွေကို ရောက်နိုင်ကြတယ်တဲ့ကွ ”
အဘိုးအိုက သုန်မှုန်နေလျက် ပြောလိုက်သည်။
ထိုစကားကို ကြား၍ ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး လှမ်းကြည့်လိုက်သည်။