အခန်း (၅၂၇-၅၂၈)
Vol. 27 Ch. 527-528
အပိုင်း (၅၂၇) တင်းယန်၏ မျိုးရိုးဗီဇမျိုးစေ့
"အဆင့်တက်သွားပြီလား"
လင်းယွမ်က ယခုအချိန်၌ တင်းယန်ကို ကြည့်ကာ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေတော့သည်။
တင်းယန်၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အငွေ့အသက်က သိသိသာသာကို ပိုမို အားကောင်းလာလေသည်။
သူမက ထိုကိုယ်ကျပ် တိုက်ပွဲဝင်ဝတ်စုံကိုပင် ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း သူမထံမှ ကြီးမားလှသော အငွေ့အသက်ကို သင် သေချာပေါက် ခံစားမိနိုင်ပေမည်။
ထိုအငွေ့အသက်အောက်တွင် သူမ၏ ကိုယ်လုံးကိုယ်ပေါက်က ပိုမို မတ်မတ်မောင်းမောင်း ဖြစ်လာသယောင် ရှိ၏။
မူလကတည်းက အရိုးအဆစ် ကြီးမားသည့် မိန်းမချောလေး ဖြစ်ခြင်းကြောင့် ယခုတစ်ကြိမ်တွင် ပိုမို ပြင်းထန်သော စိုးမိုးနိုင်စွမ်းများ ရှိလာသကဲ့သို့ပင်။
တင်းယန်က သူမ၏ ဆံပင်ရှည်များကို ခါထုတ်ရင်း မတ်တပ်ထကာ သူ့ထံသို့ လျှောက်လာခဲ့ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် ပြောလာသည်။ "သွားရအောင်... အပြင်ထွက်ပြီး လေ့ကျင့်ကြည့်ကြမလား"
လင်းယွမ်ကလည်း ပြုံးရယ်လျက် "သွားကြတာပေါ့"
ဆုန့်ဝမ်က ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် "သွားမယ် သွားမယ်... ကျွန်မတို့လည်း သွားကြည့်ရအောင်... အမတင်းယန်က မျိုးရိုးဗီဇမျိုးစေ့ကို အဆင့်တက်သွားပြီးဆိုတော့ သေချာပေါက် အရမ်း အစွမ်းထက်လာမှာ"
တုံယန်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးရင်း "ကျွန်မလည်း လိုက်မယ်"
ရန်မေက ပြုံးရယ်လျက် "စောစော ပြန်လာကြဦးနော်... နေ့လည်စာအတွက် ဟင်းရည်လေး တည်ထားပြီးတော့ တင်းယန် အဆင့်တက်တာကို ဂုဏ်ပြုဖို့ မြည်းစရာဟင်းလေး တချို့ လုပ်ထားလိုက်မယ်"
သူမက ရေပြင်လို နူးညံ့သိမ်မွေ့ကာ အိမ်ထောင်ဦးစီး မိခင်ကြီးတစ်ယောက်လို အမြဲတမ်း ဂရုတစိုက် ရှိလွန်းသဖြင့် လူကို ကြည်နူးစေသည်။
လင်းယွမ်က သူမနှင့် အကြည့်ချင်း ဆုံလိုက်ရာ နှစ်ဦးသား၏ နူးညံ့ကြင်နာမှုများမှာ စကားဖြင့် ပြောပြရန်ပင် မလိုတော့ချေ။
ရန်မေ၏ ကိုယ်ပေါ်တွင် သူ့ကို အထိမိဆုံး ဖြစ်စေသည်က ဤနူးညံ့သိမ်မွေ့မှုနှင့် ဂရုစိုက်မှုပင် ဖြစ်လေသည်။
တစ်ခါတစ်ရံတွင် စိတ်ဖတ်နိုင်စွမ်း အကောင်းဆုံးသူမှာ ကျွမ်းရှုယွမ် မဖြစ်သင့်ဘဲ အမမေသာ ဖြစ်သင့်သည်ဟု လင်းယွမ် ခံစားမိသည်။
သူမ၏ နားလည်ပေးနိုင်စွမ်းက သူ့ကို ရင်တွင်းအနက်ရှိုင်းဆုံးမှ မြတ်နိုးယုယချင်စိတ်များ အမှန်တကယ် ဖြစ်ပေါ်လာစေသည်။
လူအများက ရယ်မောရင်း အိမ်တံခါးမှ ထွက်ခွာသွားကြပြီး ရန်မေက တံခါးဝတွင် ရပ်ကာ ပြုံးလျက် မျက်စိတစ်ဆုံး လိုက်ကြည့်နေခဲ့သည်။
"ဘယ်မှာ သွားလေ့ကျင့်ကြမလဲ" တင်းယန်က မေးလာ၏။
လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြုံးလျက် ပြောသည်။ "နင်တို့ကို ပျော်စရာကောင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားပေးမယ်"
ထိုသို့ပြောရင်း လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းပြလေသည်။
"ဝှစ်"
ချက်ချင်းပင် လူတိုင်း၏ မျက်စိရှေ့တွင် မှုန်ဝါးသွားပြီး ပြန်လည် သတိဝင်လာချိန်၌ သူတို့သည် စိမ်းသက်နေသော ဟင်းလင်းပြင် တစ်ခုထဲသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဤဟင်းလင်းပြင်မှာ နယ်နိမိတ် မရှိသကဲ့သို့ ထင်မှတ်ရကာ မျက်စိတစ်ဆုံး မြင်ရသမျှမှာ မီးခိုးဖြူရောင်များသာ ဖြစ်နေခဲ့သည်။
ဟာလာဟင်းလင်း ဖြစ်နေပြီး ကောင်းကင်နှင့် မြေကြီးဟူ၍ မရှိသလို ရှေ့နောက်ဘယ်ညာဟုလည်း မရှိကာ ရည်ညွှန်းစရာ အရာဝတ္ထု တစ်ခုမျှပင် မရှိချေ။
ဆွဲငင်အားပင် မရှိပေ။
လူအများက ဟင်းလင်းပြင်ထဲတွင် ရပ်နေကြရာ တင်းယန်၊ ဆုန့်ဝမ်နှင့် တုံယန်တို့အားလုံး၏ မျက်နှာပေါ်တွင် အံ့သြနေသည့် အရိပ်အယောင်များ ထွက်ပေါ်နေကြသည်။
"အစ်ကိုလင်းယွမ်... ဒါက ဘယ်နေရာလဲ" တုံယန်က မနေနိုင်ဘဲ အော်မေးလာသည်။
ဘေးဘက်ရှိ ဆုန့်ဝမ်ကလည်း သစ်နွယ်ပင် တစ်ပင်ကို အမြန် ထုတ်လွှင့်ကာ ပတ်ဝန်းကျင်သို့ စူးစမ်းကြည့်လေသည်။
သူမကလည်း မနေနိုင်ဘဲ "ဒါက ဘယ်နေရာလဲ... ဘာလို့ မြေကြီး မရှိတာလဲ" ဟု ဆိုလာ၏။
ထိုအခါမှ တင်းယန်က တစ်ခုခုကို နားလည်သွားသကဲ့သို့ အံ့သြဝမ်းသာစွာဖြင့် မေးလာသည်။ "ရှင် ဟင်းလင်းပြင် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်သွားပြီလား"
လီချင်းဟွာက မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းပြီး ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် အမြူတေကို သန့်စင်ပြီးကြောင်း သိထားသည့် တစ်ဦးတည်းသောသူမှာ သူမ ဖြစ်သည်။
ထို့အပြင် လင်းယွမ်တွင် ဟင်းလင်းပြင် အမျိုးအစား အစွမ်းရှိကြောင်းကိုလည်း သူမ သိထားပေသည်။
ထို့ကြောင့် လင်းယွမ်က သေချာပေါက် ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့ပြီဖြစ်ကြောင်း သူမ ချက်ချင်းပင် ခန့်မှန်းမိသွားခြင်း ဖြစ်သည်။
လင်းယွမ်က မည်ကဲ့သို့များပြားလှသော အစွမ်းများကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားကြောင်း သူမ မသိသော်လည်း လင်းယွမ်အပေါ်တွင် သူမ၏ ယုံကြည်မှုက ရာခိုင်နှုန်း အပြည့်ရှိလေသည်။
လင်းယွမ် အဆင့်တက်ပြီး စွမ်းဆောင်ရည် မြင့်တက်လာခြင်းအတွက် သူမ ဝမ်းသာပီတိ ဖြစ်ရသည်။
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်ပြ၏။ "အင်း... ချင်းဟွာက ရှင်းမြွေမိစ္ဆာ သွေးသလင်းကျောက် တစ်စိတ်တစ်ပိုင်းကို ငါ့အတွက် ခွဲပေးခဲ့လို့ မျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်ထုတ်ယူပြီးပြီ... အခုတော့ ငါ့ရဲ့ ဟင်းလင်းပြင် အစွမ်းလည်း အဆင့်တက်သွားပြီး ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကိုလည်း စုစည်းနိုင်သွားပြီ"
"ဒီဟင်းလင်းပြင်က ငါ ဖန်တီးထားတဲ့ သုမာရု ဟင်းလင်းပြင်ပဲ"
"ဒါပေမယ့် နင်တို့ တွေးထားသလောက်တော့ မကြီးဘူး... ဒီဟင်းလင်းပြင် အကျယ်အဝန်းက ကုဗပေ တစ်သောင်းလေးထောင်ကျော်လောက်ပဲ ရှိတယ်... သီးခြား ဟင်းလင်းပြင် ဖြစ်တဲ့အတွက် ဆွဲငင်အား မရှိသလို ဘာအရာဝတ္ထုမှလည်း မရှိဘူး"
တင်းယန်မှာ ဝမ်းသာလွန်း၍ အံ့သြမဆုံး ဖြစ်သွားရသည်။ "ဒါဆို ရှင် အခု ပိုပြီး အစွမ်းထက်လာပြီပေါ့"
လင်းယွမ်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောတော့ချေ။
အဝေးရှိ ဆုန့်ဝမ်၏ သစ်နွယ်ပင်ကလည်း နောက်ဆုံးတွင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အကာအရံများနှင့် ထိတွေ့သွားခဲ့ပြီ ဖြစ်သည်။
သူမက သစ်နွယ်ပင်ကို ကြိုးအဖြစ် အသုံးပြုကာ ပတ်လည်တွင် သစ်နွယ်တံတား တစ်စင်း အဖြစ် ဖန်တီးလိုက်ပြီးနောက် ဘေးရှိ တုံယန်ကို ဆွဲယူလိုက်ရာ နှစ်ယောက်သား သစ်နွယ်တံတားပေါ်တွင် ထိုင်လိုက်ကြသည်။
သူမက မနေနိုင်ဘဲ အော်ပြောလာ၏။ "အစ်ကိုလင်းယွမ်... ကျွန်မတို့ ဒီမှာထိုင်ပြီး အစ်ကို အမတင်းယန်ကို သင်ခန်းစာ ပေးတာကို ကြည့်နေမယ်နော်"
တုံယန်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် သဘောကျကာ တခစ်ခစ် ရယ်မောလေတော့သည်။
လင်းယွမ်ကလည်း ရယ်မောရင်း ပြောသည်။ "ကောင်းပြီလေ... ဒါဆို ငါကပဲ နင်တို့ရဲ့ အမတင်းယန်ကို သင်ခန်းစာလေး ပေးလိုက်မယ်... မျိုးရိုးဗီဇမျိုးစေ့ကို အဆင့်တက်သွားရုံနဲ့ ဘဝင်မြင့်မသွားအောင်လို့ပေါ့"
တင်းယန်က ချက်ချင်းပင် မျက်မှောင်ပင့်လိုက်ကာ မှုန်ကုပ်ကုပ် အသံဖြင့် အော်ပြောလာသည်။ "ဘယ်သူက ဘယ်သူ့ကို သင်ခန်းစာပေးမလဲ ဆိုတာ မသေချာသေးဘူးနော်"
နောက်တစ်စက္ကန့်တွင် တင်းယန်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်ကို မြင်လိုက်ရသည်။
သူမ၏ နှလုံးသားက ဒိတ်ဒိတ်ကြဲ ခုန်ပေါက်နေပြီး သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် ဖောက်ထွင်းမြင်နိုင်သည့် လူပုံစံ စွမ်းအင်ဒိုင်းကာတစ်ခု ချက်ချင်း ထွက်ပေါ်လာလေသည်။
ဤစွမ်းအင်ဒိုင်းကာက သူမ၏ တစ်ကိုယ်လုံးကို တင်းကြပ်စွာ ဖုံးလွှမ်းထား၏။
သို့သော်လည်း လင်းယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ မျက်မှောက်ရှိ တင်းယန် ပြသနေသော အစွမ်းပုံစံက သူမ မျိုးရိုးဗီဇမျိုးစေ့ မနိုးထမီကနှင့် သိပ်ကွာခြားမှု မရှိသကဲ့သို့ပင်။
"ကျွန်မ စတိုက်တော့မယ်"
လင်းယွမ်က ခေါင်းညိတ်ပြ၏။ "လာခဲ့... နင် အဆင့်တက်ပြီး ဘာတွေ ပြောင်းလဲသွားလဲ ဆိုတာ ငါ ကြည့်မယ်"
တင်းယန်က ချက်ချင်းပင် မျက်နှာပွင့်လန်းစွာ ပြုံးလိုက်ပြီးနောက် သူမ၏ ခြေဖဝါးကို ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူမ တစ်ကိုယ်လုံးက ချက်ချင်းပင် လျင်မြန်စွာ လွင့်စင်သွားပြီး လင်းယွမ်ထံသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
သူမ၏ အလျင်က အလွန် မြန်ဆန်လွန်းလှရာ တစ်စက္ကန့်လျှင် ပေ ၂၀၀ အထက်ကိုပင် ကျော်လွန်နေလေပြီ။
လင်းယွမ်မှာ ချက်ချင်းပင် အံ့သြသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် တင်းယန်က မျိုးရိုးဗီဇမျိုးစေ့ကို ယခုမှ အဆင့်တက်ခါစ ဖြစ်သဖြင့် အဓိက အရည်အသွေးများက အများဆုံး ၅၀ ကျော်ရုံသာ ရှိသင့်သောကြောင့် ဖြစ်သည်။
သို့သော် သူမ၏ ယခု ရွေ့လျားမှု အလျင်က ၅၀ မှတ်ရှိသော အလျင်တန်ဖိုးထက် အများကြီး ပိုမို မြင့်မားနေသည်မှာ သိသာထင်ရှားလှပေသည်။
သတိပြုရမည်မှာ အလျင်က တင်းယန်၏ အဓိက အရည်အသွေး မဟုတ်ပေ။
လင်းယွမ်က မသိစိတ်အလျောက် လက်ကို မြှောက်ကာ တင်းယန် ထိုးနှက်လာသော လက်သီးကို ပိတ်ဆို့ ကာကွယ်လိုက်သည်။
သူမ၏ လက်သီးပေါ်တွင် ဖောက်ထွင်းမြင်နိုင်သည့် အလင်းရောင်များ တောက်ပနေ၏။
နောက်တစ်စက္ကန့်တွင် ထိုးနှက်လာမည့် ထိုလက်သီးက လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
တင်းယန်၏ အခြား လက်တစ်ဖက်က ရုတ်ချည်း ဆန့်ထွက်လာသည်။
သူမ၏ လက်ဝါးပေါ်တွင် သန္ဓေပြောင်းစွမ်းအင်များက အလျင်အမြန် စီးဆင်းလှုပ်ရှားလာပြီး သေနတ်တစ်လက်အဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဒိုင်း"
သူမက ပြင်းထန်စွာ သေနတ်ပစ်လိုက်ရာ ထိုသေနတ်ဆီမှ ဒိုင်းခနဲ အသံနှင့်အတူ လေဆာရောင်ခြည်တစ်တန်း ပစ်ထွက်လာပြီး လင်းယွမ်ထံသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာတော့သည်။
လင်းယွမ်မှာ ချက်ချင်းပင် ထပ်မံ အံ့သြသွားခဲ့ရပြီး ခေါင်းကို အနည်းငယ် စောင်းကာ ဤစွမ်းအင်လက်နက်၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်တိမ်းလိုက်သည်။
သို့သော် တင်းယန် ဝှေ့ယမ်းလိုက်သော လက်သီးပေါ်တွင် သန္ဓေပြောင်းစွမ်းအင်များ စုစည်းလာပြီး အမြောက်ပြောင်းတစ်ခု အဖြစ် ဖန်တီးလိုက်သည်ကို မြင်တွေ့လိုက်ရ၏။
ထို့နောက် လင်းယွမ်အား ချိန်ရွယ်ကာ ပြင်းထန်စွာ အမြောက်ပစ်ခတ်လိုက်သည်။
"အုန်း"
စွမ်းအင် အမြောက်ဆန်တစ်ခုက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာသည်။
လင်းယွမ်က စိတ်စွမ်းအင်ကို အရှေ့တွင် ချက်ချင်း စုစည်းလိုက်ပြီး စိတ်စွမ်းအင် နံရံတစ်ခုအဖြစ် ဖန်တီးလိုက်သည်။
"ဘုန်း"
ကြီးမားသော စွမ်းအင်က ပေါက်ကွဲထွက်သွားသော်လည်း စိတ်စွမ်းအင် နံရံက တုပ်တုပ်မျှ မလှုပ်ပေ။
ထိုစွမ်းအင် အမြောက်ဆန်မှ ဖြစ်ပေါ်လာသော ရိုက်ခတ်လှိုင်းက လှိုင်းဂယက်များအဖြစ် ပြောင်းလဲသွားပြီး အရူးအမူး တုန်ခါ မြည်ဟည်းနေတော့သည်။
လင်းယွမ်က တင်းယန်ကို ထပ်မံ ကြည့်လိုက်ရာ တင်းယန်၏ ကိုယ်လုံးက လေထဲသို့ ပျံတက်သွားပြီး သူမ၏ ကျောဘက်တွင် စွမ်းအင် ပုံစံဖြင့် အတောင်ပံများ စုစည်းထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
အတောင်ပံများပေါ်တွင် အမွေးအတောင်များ မရှိဘဲ ဂျက်လေယာဉ်နှင့် တူသော တွန်းကန်အား စက်ပစ္စည်းများ ရှိနေ၏။
"ဝုန်း"
သူမက လေထဲတွင် အလျင်အမြန် ပျံသန်းလှုပ်ရှားကာ လင်းယွမ်၏ ခေါင်းပေါ်မှနေ၍ စိတ်စွမ်းအင် နံရံကို ကွင်းရှောင်ကာ တိုက်ခိုက်လာသည်။
လေထဲတွင် ရှိနေစဉ် သူမက ဘယ်ဘက်လက်မှ စွမ်းအင်သေနတ်၊ ညာဘက်လက်မှ စွမ်းအင်အမြောက်တို့ဖြင့် အဝေးမှနေ၍ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်နေတော့သည်။
လင်းယွမ်က မည်သို့မျှ တုံ့ဆိုင်းမနေဘဲ လိပ်ခွံစွမ်းအင်အကာအကွယ်ကို တိုက်ရိုက် ဖွင့်လှစ်လိုက်သည်။
ချက်ချင်းပင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး တင်းယန်၏ တိုက်ခိုက်မှုများက ဒီရေအလား ပြင်းထန်နေသော်လည်း လိပ်ခွံစွမ်းအင်အကာအကွယ်ကို မည်သို့မျှ မလှုပ်ခတ်စေနိုင်ပေ။
သူတို့နှစ်ဦးကြားရှိ ကွာဟချက်က ကြီးမားလွန်းနေလေသည်။
တင်းယန်က ချက်ချင်းပင် စိတ်ပျက်သွားကာ ကိုယ်ကို တစ်ပတ်လှည့်၍ လေထဲတွင် ရပ်တန့်လိုက်ပြီး ဒေါသတကြီးဖြင့် မနေနိုင်ဘဲ ပြောလာသည်။ "ရှင် လူလည်ကျတာပဲ... ရှင့်ရဲ့ လိပ်ခွံစွမ်းအင်အကာအကွယ်က ဒီလောက်တောင် ခိုင်မာနေတာကို ကျွန်မက ဘယ်လိုလုပ် ခွဲနိုင်မှာလဲ... ရှင့်ရဲ့ အစွမ်းကို ကျွန်မနဲ့ အဆင့်တူလောက် လျှော့ထားပေးလေ"
လင်းယွမ်၏ မျက်နှာပေါ်တွင် အံ့သြချီးကျူးမှုများ ပြည့်နှက်နေပြီး ပြောလိုက်၏။ "နင့်ရဲ့ အစွမ်းသွင်းခြင်းက ဘယ်လိုဖြစ်ပြီး ဒီလိုတွေ ဖြစ်သွားတာလဲ... သေနတ်ရော အမြောက်ရောပါပဲလား... တွန်းကန်ပျံသန်းရေး ကိရိယာကိုတောင် လုပ်နိုင်သွားပြီပေါ့လေ"
တင်းယန်က သူ အံ့သြနေသည်ကို မြင်မှသာ အပြုံးတစ်ပွင့် ထွက်ပေါ်လာကာ ရယ်မောလျက် ပြန်ဖြေသည်။ "ဒါက ကျွန်မရဲ့ မျိုးရိုးဗီဇမျိုးစေ့ လီနီယာ စွမ်းအင်သားရဲလေ"
လင်းယွမ်က မျက်မှောင်ပင့်လိုက်ကာ အလျင်အမြန် မေးမြန်းလိုက်သည်။ "ဘာအဓိပ္ပာယ်လဲ"
"လီနီယာ ဆိုတာကို ကျွန်မတို့ စကားနဲ့ ဘာသာပြန်ရရင် တိုက်ပွဲဝင်ခြင်း ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နိုင်တယ်"
"ကျွန်မ ဟို ဓားမြီး ပင်လယ်မြွေ ခန္ဓာကိုယ်ထဲကနေ သန့်စင်ထုတ်ယူလိုက်တဲ့ မျိုးရိုးဗီဇမျိုးစေ့မှာ အရမ်းပြင်းထန်တဲ့ တိုက်ပွဲဝင် မျိုးရိုးဗီဇ ပါနေတဲ့ပုံပဲ"
"ဒါကြောင့် ကျွန်မက ဒီမျိုးရိုးဗီဇမျိုးစေ့ကို နိုးထနိုင်ခဲ့တာပေါ့"
"အဲ့ဒါအပြင် ပင်ကိုယ်အစွမ်း တစ်ခုလည်း ပါသေးတယ်"
"ဘာ ပင်ကိုယ်အစွမ်းလဲ"
"စွမ်းအင် ပေါက်ကွဲမှုပဲ"
"ဘာအဓိပ္ပာယ်လဲ"
"ကျွန်မ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို... သီးသန့် သတ်မှတ်ထားတဲ့ နည်းလမ်းတွေကတစ်ဆင့် ပေါက်ကွဲထွက်စေနိုင်တယ်"
"ဒါပေမယ့် ဒီလို သီးသန့် နည်းလမ်းကိုတော့... ကျွန်မကိုယ်တိုင် စဉ်းစားကြံဆဖို့ လိုသေးတယ်"
"ဥပမာ အနေနဲ့ ကျွန်မက အစွမ်းတွေကို သေနတ် ပုံစံအဖြစ် ပြောင်းလဲလိုက်နိုင်တယ်... ဒီလိုဆိုရင် ကျွန်မ ခန္ဓာကိုယ်ထဲက အစွမ်းတွေကို ကျည်ဆန်စွမ်းအင် ပုံစံမျိုးနဲ့ တိုက်ရိုက် ပစ်ထုတ်နိုင်ပြီး အစွမ်းထက်တဲ့ ပေါက်ကွဲချက်တွေ ဖြစ်စေနိုင်တယ်"
"စွမ်းအင်အမြောက် ဆိုတာကလည်း ဒီသဘောတရား အတိုင်းပဲ"
လင်းယွမ်က အံ့သြစွာဖြင့် မေးလိုက်သည်။ "နင် ပြောချင်တာက နင်သာ စွမ်းအင် ပေါက်ကွဲတဲ့ သီအိုရီကို ပိုင်နိုင်မယ်ဆိုရင်... နင့်ရဲ့ အစွမ်းကို အသုံးပြုပြီး ဒီလို ပေါက်ကွဲတဲ့ ပုံစံမျိုးကို အကောင်အထည်ဖော်နိုင်မယ် ဆိုတဲ့ သဘောလား... ပြီးတော့ စွမ်းအင် ပေါက်ကွဲတဲ့ တိုက်ကွက်အဖြစ် ဖန်တီးနိုင်တယ်ပေါ့"
"ဟုတ်တယ်... အဲ့ဒီသဘောပဲ... လောလောဆယ် ကျွန်မ စဉ်းစားလို့ရတာကတော့ သေနတ်ရယ်၊ အမြောက်ဆန်ရယ်၊ ပြီးတော့ လေယာဉ်ရဲ့ တွန်းကန်အားစက်ရယ်ပဲ ရှိသေးတယ်"
"ဒီလို စွမ်းအင် အသုံးပြုတဲ့ နည်းလမ်းက တကယ်တမ်းကျတော့ ကျွန်မ အရင်က ကြံဆခဲ့တဲ့ လေဖိအားအမြောက်လက်သီးနဲ့ အစွမ်းသွင်းခြင်း အစွမ်းတို့နဲ့ အတူတူလောက်ပါပဲ"
"ဒါပေမယ့် အရည်အသွေး အပိုင်းမှာတော့ အခုက သိသိသာသာကို ပိုပြီး အစွမ်းထက်လာတာပေါ့"
"အတင်း ဥပမာပေးရမယ် ဆိုရင်တော့... အခု ကျွန်မကိုသာ အနုမြူဗုံးရဲ့ သဘောတရားကို နားလည်အောင် လုပ်ပေးနိုင်ရင်... ကျွန်မက အနုမြူဗုံးကိုတောင် လက်နဲ့ ဖန်တီးနိုင်လိမ့်မယ်"
လင်းယွမ်မှာ ထိုစကားကို ကြားသောအခါ ဆွံ့အ အံ့သြသွားခဲ့ရသည်။ "နင်က လူပုံစံ ခဲယမ်းတိုက်ကြီး ဖြစ်နေပြီပဲ... ဘယ်လို အမြောက်ဆန်မျိုးကိုမဆို ဖန်တီးနိုင်တာပေါ့လေ"
တင်းယန်က ရယ်မောလျက် ပြန်ဖြေသည်။ "စွမ်းအင် ပေါက်ကွဲမှုပါ... ခဲယမ်းတွေရဲ့ သဘောတရားကတစ်ဆင့် ကျွန်မ ခန္ဓာကိုယ်ထဲက သန္ဓေပြောင်းစွမ်းအင်တွေကို ပေါက်ကွဲထွက်စေရုံ သက်သက်ပါ"
"အတူတူပါပဲ... အတူတူပါပဲ... ဒါဆို နင့်ရဲ့ ဒီဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းက နောင်ကျရင် စွမ်းအင်အသုံးချပုံအမျိုးမျိုးနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို ပိုပြီး လေ့လာရတော့မယ်"
တင်းယန်က ခေါင်းညိတ်ပြ၏။ "အင်း... ပိုသိလေလေ ကျွန်မ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေက သဘာဝကျကျကို ပိုများလာလေလေပဲ"
လင်းယွမ်က ပြုံးရယ်လျက် ပြောသည်။ "ကြည့်ရတာ နင့်ရဲ့ လေဖိအားအမြောက်လက်သီးက အခုတော့ တကယ့် နာမည်နဲ့ လိုက်တဲ့ အမြောက်လက်သီး အစစ် ဖြစ်သွားပြီပဲ"
"ဒါနဲ့ နင့်ရဲ့ အစွမ်းသွင်းခြင်းက အရင်တုန်းက တိုက်ခိုက်မှုနဲ့ ကာကွယ်မှု နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း လုပ်နိုင်ခဲ့တယ်... အခုရော ဘယ်လိုလဲ"
"အတူတူပါပဲ... စွမ်းအင် ပေါက်ကွဲမှု နည်းလမ်းက ပေါက်ကွဲအား အပိုင်းမှာတင်မဟုတ်ဘူး... ချက်ချင်းဆိုသလို ကာကွယ်ရေး အကာအရံ အဖြစ်လည်း စုစည်းနိုင်တယ်"
"ဒါပေမယ့် ကျွန်မက တိုက်ခိုက်မှုကို ကာကွယ်မှုထဲမှာ ပေါင်းစပ်ဖို့ ကြိုးစားသင့်တယ်လို့ ထင်တယ်... စကားတစ်ခွန်း ရှိတယ် မဟုတ်လား... အကောင်းဆုံး ခံစစ် ဆိုတာ ထိုးစစ် ဆိုပြီးတော့လေ"
လင်းယွမ်မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားရသည်။ မူလကတည်းက တင်းယန်သည် အမျိုးသမီး စစ်သည်တော် တစ်ဦး ဖြစ်ပြီး ယခု ဤမျိုးရိုးဗီဇမျိုးစေ့ နိုးထလာပြီးနောက်တွင် ပို၍ပင် ကြမ်းတမ်းလာလေတော့သည်။
"နင်က အမျိုးသမီး စစ်သည်တော် လမ်းကြောင်းကို အပြည့်အဝ သွားတော့မှာပဲ"
"အမျိုးသမီး စစ်သည်တော်က ဘာမကောင်းလို့လဲ... ဘာလဲ ရှင် မကြိုက်ဘူးလား"
လင်းယွမ်က ပြုံးလိုက်သည်။ "အဲ့ဒီလိုတော့ မဟုတ်ပါဘူး... နင် ပိုအစွမ်းထက်လာလေ ငါက ပိုဝမ်းသာလေပါပဲ"
"တကယ်လား"
"အင်းပေါ့"
"ဘာလို့လဲ... ယောက်ျားတွေက အားနွဲ့ပြီး လိမ္မာတဲ့သူတွေကိုပဲ သဘောကျကြတာ မဟုတ်ဘူးလား"
"လိမ္မာတဲ့သူတွေက အိမ်မှာ ရှိနေပြီပဲ မဟုတ်လား... အခု သူတို့သုံးယောက်စလုံးက ငါ့ရဲ့ တစ်ပွဲကိုတောင် မတောင့်ခံနိုင်ကြတော့ဘူးလေ... နင် ပိုအစွမ်းထက်လာရင် နောင်ကျရင် အဓိက တာဝန်ကို ယူပေးရမှာနော်"
တင်းယန်၏ မျက်နှာက ချက်ချင်းပင် အနည်းငယ် နီရဲသွားပြီး ရှက်သွေးဖြာကာ အော်ပြောလာသည်။ "ဘာတွေ လျှောက်ပြောနေတာလဲ... လူတွေ အများကြီး ရှိနေတာကို"
သူမက ဟန်ဆောင် ဒေါသထွက်ပြကာ ရုတ်တရက် လက်တစ်ဖက်ကို မြှောက်ပြီး အလစ်အငိုက် သေနတ်တစ်ချက် ပစ်ခတ်လိုက်သည်။
စွမ်းအင် လေဆာရောင်ခြည်က ချက်ချင်းပင် လင်းယွမ်ထံသို့ ပေါက်ကွဲထွက်ပေါ်လာ၏။
လင်းယွမ်က မသိစိတ်အလျောက် လက်တစ်ဖက်ဖြင့် ဟင်းလင်းပြင်ဆီသို့ ဖိချလိုက်သည်။
ချက်ချင်းပင် ဝုန်းခနဲ အသံနှင့်အတူ ထိုစွမ်းအင် လေဆာရောင်ခြည်က သူ၏ လက်ဝါးပြင်ထဲတွင် အရှင်လတ်လတ် ပေါက်ကွဲသွားလေသည်။
သို့သော် အစွမ်းထက်ပုံရသော ဤပေါက်ကွဲမှု စွမ်းပကားက လင်းယွမ်အား တစ်စက်ကလေးမျှပင် ထိခိုက်နာကျင်စေခြင်း မရှိခဲ့ချေ။
တင်းယန်မှာ အလွန်တရာ အံ့သြသွားခဲ့ရပြီး မနေနိုင်ဘဲ ထိတ်လန့်တကြား အော်မေးလာသည်။ "ဒါတောင် ရှင် ဘာမှမဖြစ်ဘူးလား"
လင်းယွမ်၏ မျက်နှာက မည်းမှောင်သွားခဲ့ရသည်။ "နင်က ဘာလို့ ခိုးတိုက်နေရတာလဲ"
တင်းယန်က အနည်းငယ်မျှပင် အလျှော့မပေးဘဲ ပြန်ပြော၏။ "ရှင်က ဒီလောက်တောင် အစွမ်းထက်နေတာကို ကျွန်မကို ခိုးမတိုက်ခိုင်းလို့ ရမလား... အဲ့ဒါဆို ကျွန်မက ဘယ်လိုလုပ် နိုင်တော့မှာလဲ"
လင်းယွမ်မှာ ဆွံ့အသွားခဲ့ရသော်လည်း တင်းယန်ကမူ လက်မလျှော့သေးဘဲ ဆက်မေးလာသည်။ "ရှင်က ဘယ်လိုဖြစ်နေတာလဲ... စောစောက ဘာအစွမ်းတွေများ သုံးလိုက်တာလဲ... ဒါတောင် ရှင့်ကို ထိသွားတာကို ရှင်က ဘာမှမဖြစ်ဘူးတဲ့လား"
လင်းယွမ်က သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။ "ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးက ၈၂ မှတ်အထိတောင် ရောက်နေပြီလေ... နင့်ရဲ့ ဒီလေဆာသေနတ် ပေါက်ကွဲအားရဲ့ ထိခိုက်မှု ပမာဏက ၈၂ မှတ်ကို ရောက်နိုင်လို့လား"
"ဘာ... ရှင်... ရှင့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ၈၂ မှတ်တောင် ရှိနေပြီလား... ရှင်က လူမဆန်တဲ့ ကောင်ကြီးပဲ... ဘယ်လိုတွေများ လေ့ကျင့်ထားတာလဲ"
တင်းယန်မှာ အလွန်တရာ တုန်လှုပ်သွားခဲ့ရသည်။ သတိပြုရမည်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးသည် ခံနိုင်ရည်၊ ပြန်လည် ကုသနိုင်စွမ်းနှင့် ကာကွယ်မှု စသည့် ကဏ္ဍများစွာနှင့် သက်ဆိုင်နေခြင်း ဖြစ်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားလေ များသောအားဖြင့် ခံနိုင်ရည်ကောင်းလေ၊ ကုသနိုင်စွမ်း မြန်ဆန်လေ၊ ကာကွယ်မှု မြင့်မားလေ ဖြစ်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင် အများစုတွင် ဤဝိသေသလက္ခဏာမျိုး ရှိကြပေသည်။
သို့သော် လင်းယွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးက ၈၂ မှတ်အထိတောင် ရောက်ရှိနေလိမ့်မည်ဟု သူမ မည်သို့မျှ တွေးထင်မထားခဲ့မိပေ။
ဆက်ရန်...
အပိုင်း(၅၂၈) တင်းယန်၏ စိုးရိမ်ပူပန်မှု
တင်းယန်က အလွန်အံ့အားသင့်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမက လင်းယွမ်၏ အဓိက အရည်အသွေးသည် စိတ်စွမ်းအင်ဖြစ်မည်ဟု အမြဲတမ်း ထင်မှတ်ထားခဲ့သောကြောင့် ဖြစ်လေသည်။
လင်းယွမ်က အမျိုးအစားစုံလင်လှသော အစွမ်းများကို ထုတ်ဖော်ပြသခဲ့သော်လည်း ယေဘုယျအားဖြင့် ထိုအစွမ်းများအားလုံးသည် စိတ်စွမ်းအင် အရည်အသွေးအပေါ် အခြေခံထားကြောင်း သိသာထင်ရှားနေသည်။
သေချာသည်မှာ အစောပိုင်းကာလများက လင်းယွမ်အား ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်မည်ဟုလည်း သူမ ခန့်မှန်းခဲ့ဖူးသည်။
မည်သို့ပင်ဖြစ်စေ မိန်တုဥယျာဉ်တွင် ရှိစဉ်က လင်းယွမ် အစောဆုံး မဲနှိုက်ရရှိခဲ့သည်မှာ ခွန်အား အရည်အသွေးမှတ်ပင် မဟုတ်ပါလော။
သူတို့ရှေ့တွင်လည်း ခွန်အားကြီးမားသည့် အသွင်ကို ပြသခဲ့ဖူးပေသည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်၏ အခြားသော အရည်အသွေးများ မြင့်တက်လာကာ ရရှိလာသည့် အစွမ်းများမှာလည်း ပိုမိုများပြားလာခဲ့သည်။
ထို့ကြောင့် တင်းယန်တို့အဖွဲ့က လင်းယွမ်၏ အဓိက အရည်အသွေးနှင့် ပတ်သက်၍ ခန့်မှန်းချက်များ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ထဲမှ မည်သူကမျှ လင်းယွမ်အား သွားရောက် မေးမြန်းခြင်းမျိုး မပြုလုပ်ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူတိုင်း၏ ကိုယ်ပိုင်လျှို့ဝှက်ချက်ဖြစ်ကြောင်း အားလုံးက ကောင်းစွာ သိနားလည်ထားသောကြောင့် ဖြစ်သည်။
တင်းယန်နှင့် လင်းယွမ်တို့ အတူတကွ နေထိုင်ကြသည့်တိုင်အောင် သူမက လင်းယွမ်အား ဤအကြောင်းအရာများကို တစ်ခါမျှ မမေးမြန်းခဲ့ဖူးချေ။
ရန်မေပင်လျှင် ထိုအကြောင်းကို မေးမြန်းခဲ့ခြင်း မရှိပေ။
လင်းယွမ်က ပြုံးကာ ပြောလေသည်။
"ငါ နေ့တိုင်း အလကား အချိန်ဖြုန်းနေတယ်လို့ နင် ထင်နေတာလား"
တင်းယန်က နှုတ်ခမ်းကို ဖိကိုက်ကာ ပြောလာသည်။
"ဟုတ်လို့လား... ရှင်က နေ့တိုင်း အပျော်အပါးတွေနဲ့ အချိန်ကုန်နေတယ်လို့ပဲ ကျွန်မက တကယ် ထင်နေတာ... မဟုတ်ရင် လင်းယွီကျွန်းက ညီအစ်မနှစ်ယောက် ကိစ္စကို ဘယ်လို ရှင်းပြမလဲ"
စကားလမ်းကြောင်းလွှဲပုံမှာ အလွန်ပင် ချောမွေ့လွန်းလှသည်။
လင်းယွမ်က အလျင်အမြန်ပင် ဖြေရှင်းလေသည်။
"သူတို့က ငါတို့ ရပ်ကွက်ထဲက အိမ်နီးချင်းတွေ... ငါ ဒီနေ့ဒီအချိန်ထိ ရပ်တည်နိုင်တာက နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေလို့ပဲ"
"ကြည့်လေ... နင်က ဒီလို အသေးအဖွဲ ကိစ္စလေးတွေမှာပဲ စိတ်ရောက်နေလို့ အခုလို နောက်ကောက်ကျန်နေတာပေါ့"
တင်းယန်၏ မျက်နှာလေးမှာ မည်းမှောင်သွားပြီး ဒေါသတကြီးဖြင့် ရိုက်ပုတ်ချင်စိတ် ပေါက်သွားခဲ့သည်။
သို့သော် သူမကိုယ်တိုင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သည်တောင် လင်းယွမ်၏ အကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့သဖြင့် ချက်ချင်းပင် ဒေါသပိုထွက်သွားလေတော့သည်။
လင်းယွမ်က သူမနှင့်အတူ လေထဲတွင် အတန်ကြာအောင် "လုံးထွေးသတ်ပုတ်" နေပြီးမှ နွယ်ကြိုးတံတားအနီးသို့ ပြန်လည်ပျံသန်းလာကာ ဆုန့်ဝမ်၊ တုံယန်တို့နှင့် သွားရောက် ပူးပေါင်းခဲ့သည်။
ဆုန့်ဝမ်က ရယ်မောရင်း မေးလေသည်။
"အစ်ကိုလင်း... အခု အမတင်းက အရမ်း တော်မနေဘူးလား"
လင်းယွမ်ကလည်း ရယ်မောရင်း တုံ့ပြန်လေသည်။
"တော်တာပေါ့... သူ့ယောက်ျားကိုတောင် ခိုးပြီး တိုက်ခိုက်ရဲနေပြီပဲ"
တင်းယန်က ချက်ချင်းပင် သူ့အား မျက်စောင်းထိုးကာ ပြောလေသည်။
"စစ်မြေပြင်မှာ သံယောဇဉ်ဆိုတာ မရှိဘူး"
လင်းယွမ်က ကြက်သေ သေသွားသော်လည်း ချက်ချင်း အသိဝင်လာကာ ဒေါသတကြီးဖြင့် ဟစ်အော်လေသည်။
"အရိုက်ခံချင်နေပြီလား"
သူက တင်းယန်ကို လှမ်းဖမ်းရာ တင်းယန်က အမြန် ထွက်ပြေးရန် ပြင်လေသော်လည်း သူမ၏ တင်ပါးပေါ်သို့ သူ၏ လက်ဝါးချက်တစ်ချက် ကျရောက်သွားခဲ့သည်။
ချက်ချင်းပင် "ဖြန်း" ဟူသော ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
တုန်ခါသွားသော တင်ပါးအလှကြောင့် လင်းယွမ်၏ ရင်ထဲတွင် ရမ္မက်မီးတောက်များ အနည်းငယ် လှုပ်ခတ်သွားရလေသည်။
တင်းယန်မှာလည်း ပါးပြင်များ ရဲတက်သွားပြီး ဒေါသတကြီးဖြင့် နှုတ်ခမ်းကိုက်ထားတော့သည်။
ဘေးနားရှိ ဆုန့်ဝမ်နှင့် တုံယန်တို့မှာလည်း တခစ်ခစ်ဖြင့် အဆက်မပြတ် ရယ်မောနေကြသည်။
သူတို့နှစ်ဦးက လင်းယွမ်၏ လက်မောင်းများကို ဘယ်ညာ တစ်ဖက်စီ ဖက်တွယ်ထားရင်း အော်ဟစ်ကြလေသည်။
"အမတင်း... မြန်မြန် ပြန်ရိုက်... ကျွန်မတို့ သူ့ကို ဖမ်းထားပေးတယ်"
ထိုစကားကို ကြားသောအခါ တင်းယန်က အံကြိတ်ကာ အော်ပြောလေသည်။
"သေချာဖမ်းထား... ဒီနေ့ သူ့ဘောင်းဘီကို မချွတ်ရရင် မကျေနပ်ဘူး"
ဆုန့်ဝမ်က "ခွိ" ခနဲ အသံထွက်ကာ အသံထွက် ရယ်မောလေတော့သည်။
တုံယန်၏ မျက်နှာလေးမှာ နီရဲသွားသော်လည်း စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးလေးများ အရောင်လက်နေခဲ့သည်။
လင်းယွမ်မှာ ဘာပြောရမှန်းမသိဖြစ်သွားကာ ငိုရခက် ရယ်ရခက် ဖြစ်နေသည်။ ဤအရူးမလေးများက တကယ်ကြီး လုပ်ရဲကြပေသည်။
ထို့နောက် သူက ဟင်းလင်းပြင် အစွမ်းကို ချက်ချင်း အသက်သွင်းပြီး သူတို့တစ်သိုက်ကို သုမာရု ဟင်းလင်းပြင်ထဲမှ ခေါ်ဆောင်သွားတော့သည်။
တစ်ဖန် ပြန်လည် ထွက်ပေါ်လာချိန်တွင် အိမ်တွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
မီးဖိုချောင်ထဲတွင် ရန်မေက ဟင်းချက်နေပြီး စားပွဲပေါ်၌ အငွေ့တထောင်းထောင်း ထနေသော ထမင်းဟင်းများ ခင်းကျင်းထားပြီးဖြစ်သည်။
အသံကြားသဖြင့် ရန်မေက မီးဖိုချောင်ထဲမှ ခေါင်းပြူကြည့်ရာ လင်းယွမ်တို့ ပြန်ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ပန်းပွင့်လေးတစ်ပွင့်လို ပြုံးရွှင်သွားကာ အော်ပြောလေသည်။
"ခဏလေးနော်... ဟင်းတစ်ခွက်ပဲ ကျန်တော့တယ်"
ဆုန့်ဝမ်က လှမ်းအော်လေသည်။ "အမမေ... ညီမ လာကူပေးမယ်"
တုံယန်ကလည်း ဝင်ပြောသည်။ "ကျွန်မ ထမင်းသွားခူးပေးမယ်"
သူတို့နှစ်ယောက်က မီးဖိုချောင်ထဲသို့ ပျော်ရွှင်စွာ ပြေးဝင်သွားကြပြီးနောက် ရန်မေအား စောစောက တိုက်ခိုက်ခဲ့သည့် အခြေအနေများကို တတွတ်တွတ်နှင့် ပြောပြနေကြတော့သည်။
ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင်မူ လင်းယွမ်နှင့် တင်းယန် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
တင်းယန်က စားပွဲပေါ်ရှိ ငှက်ပျောသီးတစ်လုံးကို အခွံနွှာရင်း လင်းယွမ်ထံသို့ ကမ်းပေးကာ မေးလေသည်။ "ရှေ့ဆက်ပြီး ရှင် ဘာတွေ စီစဉ်ထားသေးလဲ"
လင်းယွမ်က သူမအား တစ်ချက်ကြည့်ပြီး သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိသွားခဲ့သည်။
သူက ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းရင်း ပြောလေသည်။ "ထိုက်ယန်တောင်ရဲ့ အင်အားက မလုံလောက်သေးဘူး... မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တွေ အရမ်း နည်းပါးနေသေးတယ်... ငါတို့ဆီမှာ အစွမ်းထက်တဲ့သူတွေ ပိုပြီး လိုအပ်တယ်"
"ပြီးတော့ မျိုးရိုးဗီဇမျိုးစေ့အဆင့် ဖြစ်နေရင်တောင်မှ အားနည်းတာနဲ့ အားကြီးတာဆိုပြီး ကွာခြားချက်တွေ ရှိသေးတယ်... နင်က အခုမှ အဆင့်တက်ထားတာဆိုတော့ အရမ်း မလောနဲ့... လက်ရှိ အစွမ်းတွေကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ပြီး နင့်ရဲ့ မျိုးရိုးဗီဇမျိုးစေ့ကို သေချာ လေ့လာဦး... အရည်အသွေးမှတ်တွေကို စောစော မြှင့်တင်နိုင်တာကမှ လမ်းကြောင်းမှန်ပဲ"
"နောက်ဆိုရင် ငါတို့ ထိုက်ယန်တောင်က မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တွေ ပေါများလာမယ့် ခေတ်တစ်ခုကို ရောက်လာလိမ့်မယ်... ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်မှာလည်း မျိုးရိုးဗီဇမျိုးစေ့အဆင့် သန္ဓေပြောင်း သတ္တဝါ ဆယ်ကောင်ကျော်လောက်ကို ငါတို့ ဖမ်းဆီးထားပြီးပြီ"
"သေချာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ရှေ့လျှောက် မျိုးရိုးဗီဇမျိုးစေ့အဆင့် သန္ဓေပြောင်း သတ္တဝါတွေရဲ့ သွေးအဆီအနှစ်တွေကို အဆက်မပြတ် ရရှိလာလိမ့်မယ်... သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနဘက်ကလည်း မျိုးရိုးဗီဇ မီးဖိုတွေကို ပိုပြီး တည်ဆောက်နေကြတယ်"
"အဲ့ဒီအချိန်ကျရင် မျိုးရိုးဗီဇမျိုးစေ့တွေ ပိုပြီး များပြားလာလိမ့်မယ်"
လင်းယွမ်၏ စကားများကို ကြားသောအခါ တင်းယန်၏ မျက်လုံးထဲတွင် အရောင်တစ်ချက် လက်သွားခဲ့သည်။
သူမကိုယ်သူမ ပေါ့ဆနေ၍ မဖြစ်ကြောင်း ချက်ချင်း နားလည်သွားသည်။
အနာဂတ်တွင် မျိုးရိုးဗီဇမျိုးစေ့များ ပိုမို များပြားလာမည်ဖြစ်ပြီး ထိုက်ယန်တောင်မှ အစွမ်းပိုင်ရှင်များထဲတွင် မျိုးရိုးဗီဇမျိုးစေ့ အဆင့်သို့ တက်လှမ်းနိုင်မည့်သူ အရေအတွက်မှာလည်း ပိုမို များပြားလာပေလိမ့်မည်။
လက်ရှိအချိန်တွင် သူမက ခြေတစ်လှမ်း သာနေသေးသော်လည်း အကယ်၍ ပေါ့ဆမိပါက နောက်မှ လိုက်လာသူများ၏ ကျော်တက်ခြင်းကို အချိန်မရွေး ခံရနိုင်ချေရှိသည်။
သူမ၏ မျက်နှာထားမှာ ချက်ချင်း လေးနက်သွားပြီး ပြောလေသည်။ "ရှင် ပြောတာ မှန်တယ်... ကျွန်မရဲ့ မျိုးရိုးဗီဇမျိုးစေ့ကို သေချာ လေ့လာဖို့ အချိန်လုရတော့မယ်... တိုက်ခိုက်ရေး နည်းလမ်းအသစ်တွေ ထပ်ပြီး ဖန်တီးနိုင်ဖို့လည်း နည်းလမ်းရှာရဦးမယ်"
"ဒါ့အပြင် အဓိက အရည်အသွေးကို မြှင့်တင်ဖို့ ကိစ္စကရော"
ထိုအကြောင်းကို ပြောရင်း သူမက မျက်မှောင်အနည်းငယ် ကြုတ်ကာ မနေနိုင်ဘဲ ဆက်ပြောလေသည်။ "ကျွန်မ အရည်အသွေးတွေကို မြှင့်တင်ဖို့အတွက် မျိုးရိုးဗီဇမျိုးစေ့အဆင့် သွေးသားအဆီအနှစ်တွေကို နည်းနည်းလောက် ပိုစားသင့်တယ်လို့ ရှင် ထင်လား"
လင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းရင်း ပြောသည်။ "ငါကတော့ အဲ့ဒီလို လုပ်ဖို့ အကြံမပေးချင်ဘူး... မျိုးရိုးဗီဇမျိုးစေ့အဆင့် သွေးသားတွေကို အရမ်းများများ စားလိုက်ရင် မလိုလားအပ်တဲ့ မျိုးရိုးဗီဇ အရောအနှောတွေ ခန္ဓာကိုယ်ထဲကို အများကြီး ရောက်သွားနိုင်တယ်"
"ဒါပေမယ့် အခုအချိန်အထိတော့ မျိုးရိုးဗီဇ အရောအနှောတွေကြောင့် ကြီးကြီးမားမား ထိခိုက်တာမျိုး ကျွန်မ မတွေ့ရသေးပါဘူး... အဓိက အရည်အသွေး အမှတ် ၅၀ ကျော်သွားတဲ့သူတွေ အားလုံးလိုလို မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ကြတာပဲလေ" တင်းယန်က မနေနိုင်ဘဲ ဝင်ပြောလေသည်။
အကယ်၍ သန္ဓေပြောင်း သတ္တဝါများ၏ သွေးသားများကို မစားသုံးပါက သူမသည် အခြားသူများထက် မသိမသာ နောက်ကျကျန်ရစ်နေမည် ဖြစ်သောကြောင့် သူမ အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။
လင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းပြသည်။ "အခုအချိန်မှာ အကျိုးသက်ရောက်မှုကို မမြင်ရသေးပေမယ့် နောက်ပိုင်းမှာလည်း မမြင်ရဘူးလို့ ပြောလို့မရဘူး"
"အစွမ်းတွေ နိုးထလာတုန်းက သေရေးရှင်ရေး အန္တရာယ်တစ်ကြိမ်ကို ဖြတ်သန်းခဲ့ရသလို အခု မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းတဲ့ အချိန်မှာလည်း မျိုးရိုးဗီဇ အရောအနှောတွေရဲ့ အကျိုးသက်ရောက်မှုကို ရင်ဆိုင်ရဦးမှာပဲ"
"မျိုးရိုးဗီဇ အရောအနှောတွေရဲ့ အကျိုးသက်ရောက်မှုက တဖြည်းဖြည်းနဲ့ ပိုပြီး ပြင်းထန်လာမယ်လို့ ငါ အမြဲတမ်း တွေးမိနေတယ်"
"မျိုးရိုးဗီဇမျိုးစေ့ရဲ့ အထက်မှာ ဘယ်လို ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းမျိုး ရှိနေဦးမလဲ... မျိုးရိုးဗီဇ အရောအနှောတွေနဲ့ ပတ်သက်ပြီး ပိုပြီး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေများ ရှိလာနိုင်မလား"
"တစ်ခဏတာ မြန်ဆန်ဖို့အတွက် အနာဂတ်ရဲ့ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းကို ဖြတ်တောက်လိုက်မယ်ဆိုရင် မတန်ဘူးလို့ ငါ ထင်တယ်"
"အဓိက အရည်အသွေးကို မြှင့်တင်ဖို့အတွက်က... သန္ဓေပြောင်း သတ္တဝါတွေရဲ့ သွေးသားကို စားသုံးတဲ့ လမ်းကြောင်း တစ်ခုတည်း ရှိတာမှ မဟုတ်တာ"
"သန့်စင်မှုနှုန်း မြင့်မားတဲ့ စွမ်းအင်ကျောက်တုံးတွေကို စုပ်ယူတာကလည်း တကယ်တော့ နည်းလမ်းတစ်ခုပါပဲ"
"ဒါပေမယ့် လုံလောက်တဲ့ သန့်စင်မှုတော့ ရှိဖို့ လိုအပ်တယ်"
လင်းယွမ်က သတိပေးလေသည်။
တင်းယန်က သံသယဖြင့် မေးလာသည်။ "ဘာလို့လဲ... သာမန် စွမ်းအင်ကျောက်တုံးတွေကိုရော စုပ်ယူလို့ မရဘူးလား"
လင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းပြသည်။ "အရင်တုန်းက ထိုက်ယန်တောင် သတ္တုတွင်းဒေသက ခေါင်းဆောင်ကို နင် မှတ်မိသေးလား"
"ဟို ထျန်ဝေကို ပြောတာလား"
တင်းယန်က မေးလေသည်။ သူမအနေဖြင့် ယခင်က ထိုက်ယန်တောင်ရှိ အင်အားစုကြီး လေးခုအနက်မှ တစ်ခုဖြစ်သော သတ္တုတွင်းဒေသ ခေါင်းဆောင်ကို ကောင်းကောင်း မှတ်မိနေသည်မှာ သဘာဝပင် ဖြစ်သည်။
ထိုစဉ်က ဤသတ္တုတွင်းဒေသ ခေါင်းဆောင်သည် အင်အားစုကြီး လေးခုထဲတွင် အစွမ်းအထက်ဆုံးသူ တစ်ဦး ဖြစ်ခဲ့သည်။
မီးဓာတ်အစွမ်းနှင့် ပေါက်ကွဲသင်္ကေတတို့ကို ပေါင်းစပ်ထားသဖြင့် သိုင်းဘုရင်ဂေဟာမှ ဝူမုန့်ပင်လျှင် အလွယ်တကူ မရန်စရဲသည့် အရူးတစ်ယောက် ဖြစ်ပေသည်။
လင်းယွမ်က ခေါင်းညိတ်ပြသည်။ "သူပဲပေါ့... ငါ သူ့ကို စပြီး တိုက်ခိုက်တုန်းက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက သိသိသာသာကို မူမမှန်ဘူးဆိုတာ သတိထားမိခဲ့တယ်"
"အဲ့ဒီအချိန်ကတည်းက သူ့အစွမ်းတွေ ဒီလောက်မြန်မြန် တက်လာပြီး ထူလုံ၊ ဝူမုန့်နဲ့ လီယွဲ့ဖုန်းတို့ သုံးယောက်စလုံးကို လွှမ်းမိုးနိုင်လောက်တဲ့ အထိ ဖြစ်လာတာက... မီးဓာတ် အရည်အသွေး စွမ်းအင်ကျောက်တုံးတွေကို အမြောက်အမြား စုပ်ယူထားလို့ပဲ ဖြစ်မယ်ဆိုတာ ငါ ခန့်မှန်းမိခဲ့တယ်"
"နောက်ပိုင်း ငါနဲ့ ပါမောက္ခ လီဟန်ကျုံးတို့အဖွဲ့ ဒီပြဿနာကို အတူတူ သုတေသန လုပ်ကြည့်တော့... စွမ်းအင်ကျောက်တုံးတွေထဲက စွမ်းအင်တွေကို စွမ်းအင် အရင်းအမြစ်အနေနဲ့ အသုံးပြုပြီး သင်္ကေတတွေအတွက် စွမ်းအင် ထောက်ပံ့ပေးနိုင်တယ် ဆိုတာကို တွေ့ခဲ့ရတယ်"
"ဒါပေမယ့် လူ့ခန္ဓာကိုယ်ထဲကို တိုက်ရိုက် စုပ်ယူမယ်ဆိုရင်တော့... မလိုအပ်တဲ့ အညစ်အကြေးတွေ အနည်းနဲ့အများတော့ ပါလာလိမ့်မယ်... အဲ့ဒီ အညစ်အကြေးတွေက တကယ်တမ်း ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာကတော့ မသေချာသေးဘူး"
"ဒါပေမယ့် အခြေခံအားဖြင့် သေချာတာတစ်ခုက... မီးဓာတ် အရည်အသွေး စွမ်းအင်ကျောက်တုံးတွေထဲမှာ ပါတဲ့ အညစ်အကြေးတွေက... လူကို စိတ်ဆတ်စေပြီး စိတ်မတည်မငြိမ် ဖြစ်စေနိုင်သလို ဒေါသကြီးပြီး စိတ်လိုက်မာန်ပါ လုပ်တတ်အောင် ဖန်တီးပေးနိုင်တယ် ဆိုတာပဲ"
"ဒါကြောင့် စွမ်းအင်ကျောက်တုံးတွေထဲက စွမ်းအင်ကို စုပ်ယူပြီး အစွမ်းမြှင့်တင်ဖို့ မဖြစ်မနေ လိုအပ်လာမယ်ဆိုရင်... အကောင်းဆုံးကတော့ သန့်စင်ပြီးမှ စုပ်ယူတာ အကောင်းဆုံးပဲ"
"ဒါမှမဟုတ်... သန့်စင်မှုနှုန်း မြင့်မားတဲ့ စွမ်းအင်ကျောက်တုံးတွေကို တိုက်ရိုက် စုပ်ယူတာ ပိုကောင်းမယ်"
တင်းယန်က အလျင်အမြန်ပင် မေးလေသည်။ "သန့်စင်တာက... ဘယ်လို လုပ်ရမှာလဲ"
"ပါမောက္ခ လီဟန်ကျုံးတို့ နည်းလမ်းရှာနေကြတယ်... ယေဘုယျ အကြံဉာဏ်တော့ ရှိနေပြီ... ဒါပေမယ့် စမ်းသပ်မှုတွေ လုပ်ဖို့ လိုသေးတယ်"
လီဟန်ကျုံးတို့တွင် စွမ်းအင်ကျောက်တုံးများကို သန့်စင်ရန် အကြံဉာဏ်များ အမှန်တကယ်ပင် ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအရာမှာ သင်္ကေတ အစီအရင်များကို အသုံးပြု၍ စွမ်းအင်ကျောက်တုံးများ အတွင်းရှိ စွမ်းအင်များကို ထုတ်ယူနိုင်ရန် ကြိုးစားကြည့်ပြီးနောက် လူလုပ် သိပ်သည်းဆမြင့်မားသော သန္ဓေပြောင်းစွမ်းအင် နယ်မြေတစ်ခု ဖန်တီးရန် ဖြစ်သည်။
ယခင်က သူတို့၏ သုတေသနမှာ နယ်မြေသော ပြဿနာတစ်ခုတွင် တစ်ဆို့နေခဲ့သည်။
ခိုင်မာပြီး လုံခြုံစွာ ပိတ်လှောင်ထားနိုင်သည့် နယ်မြေ တစ်ခု မရှိပါက ထုတ်ယူလိုက်သော စွမ်းအင်များ အလွယ်တကူ လွင့်စင်ပျောက်ကွယ်သွားမည်မှာ အသေအချာပင်။
စွမ်းအင်များ လွင့်စင်သွားပါက သိပ်သည်းဆ မြင့်မားသည့် စွမ်းအင် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည် မဟုတ်သည်မှာလည်း သဘာဝပင် ဖြစ်သည်။
သို့သော် ယခုအခါတွင်တော့ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။ လင်းယွမ်၏ သုမာရု ဟင်းလင်းပြင် ပင်ကိုယ်အစွမ်းက ထိုပြဿနာကို ပြီးပြည့်စုံစွာ ဖြေရှင်းပေးနိုင်ခဲ့သည်။
သူ့အနေဖြင့် သေးငယ်သော ဟင်းလင်းပြင်တစ်ခုကို ဖန်တီးကာ လုံခြုံသော နေရာတစ်ခုအဖြစ် သတ်မှတ်ပေးရုံသာ ဖြစ်သည်။ ထို့နောက် စွမ်းအင်ကျောက်တုံးမှ သန့်စင်ထားသော စွမ်းအင်များကို ထုတ်လွှတ်ခြင်းဖြင့် သုမာရု ဟင်းလင်းပြင် အတွင်းရှိ သန္ဓေပြောင်းစွမ်းအင် သိပ်သည်းဆကို မြင့်တက်လာစေမည် ဖြစ်သည်။
ထိုသို့ဖြင့် ကျင့်ကြံသူများအနေနှင့် ဤလုံခြုံသော ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်ကာ လေ့ကျင့်နိုင်မည် ဖြစ်လေသည်။
ယခုအချိန်တွင် တစ်ခုတည်းသော ပြဿနာမှာ စွမ်းအင်ကျောက်တုံးများ အတွင်းရှိ စွမ်းအင်များကို မည်သို့ သန့်စင်ရမည်နည်း ဆိုသည်ပင်။
လက်ရှိတွင် ဤပြဿနာကို လီဟန်ကျုံးက ဦးဆောင်ကာ ရှန်ယွင်ရှီ အစရှိသူများနှင့်အတူ နည်းလမ်းရှာဖွေ ဖြေရှင်းနေကြသည်။
ထိုစကားကို ကြားသောအခါ တင်းယန်က သက်ပြင်းတစ်ချက် ချလေသည်။ "နည်းလမ်းရှိရင် ရပါပြီ"
"မဟုတ်ရင် ကျွန်မဘာသာ ဖြည်းဖြည်းချင်း လေ့ကျင့်နေရတာက တကယ်ကို နှေးလွန်းတယ်လို့ ခံစားနေရတာ"
လင်းယွမ်က ရယ်မောရင်း ပြန်ဖြေလေသည်။ "ကောင်းတဲ့အရာဆိုတာ အချိန်ယူရတာပဲလေ... လေ့ကျင့်တဲ့ နေရာမှာလည်း အရမ်း မလောပါနဲ့... အခုဆို နင်က တခြားသူတွေထက် အများကြီး ရှေ့ရောက်နေပြီပဲ"
တင်းယန်က ခေါင်းညိတ်ပြကာ သူမ၏ စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားခဲ့သည်။
ထိုအချိန်မှာပင် နောက်ဆုံးဟင်းခွက်ကို ယူဆောင်လာခဲ့သည်။
ရန်မေက ရယ်မောရင်း ပြောလေသည်။ "စကားမပြောကြနဲ့တော့... မြန်မြန် လာစားကြပါ"
လင်းယွမ်က မတ်တတ်ရပ်ပြီး သူမအနားသို့ လျှောက်သွားကာ ပြုံးရင်း ပြောလေသည်။ "မွှေးနေတာပဲ"
ရန်မေက ပြုံးရွှင်စွာဖြင့် ပြောလာသည်။ "ဘယ်ကသာ... ရှင် အရင်ကလည်း နေ့တိုင်း ဒါတွေပဲ စားနေရတာ... ဘာမှလည်း ထူးခြားမသွားပါဘူး"
လင်းယွမ်က မိန်းကလေးများအားလုံး ရှေ့တွင် သူမ၏ ပါးပြင်ကို တစ်ချက် နမ်းပြီး ရယ်မောကာ ပြောလေသည်။ "ကျွန်တော် ပြောတာက အမက အရမ်း မွှေးနေတာလို့ ပြောတာပါ"
ရန်မေ၏ မျက်နှာလေးမှာ ချက်ချင်း နီရဲသွားပြီး သူ့အား အမြန် တွန်းဖယ်ကာ ပြောတော့သည်။ "အို... ထမင်းစားနေတာကို"
သူမသည် ထိုနူးညံ့သိမ်မွေ့သော အိမ်ရှင်မလေးတစ်ဦး ဖြစ်နေဆဲပင်။ အမိုးတစ်အောက်တည်း အတူနေထိုင်ကြသော ညီအစ်မကောင်းများ ရှေ့တွင်ပင် သူမက အနည်းငယ် ရှက်ရွံ့နေတတ်ဆဲ ဖြစ်သည်။
လင်းယွမ်က တဟားဟား ရယ်မောကာ မိန်းကလေးများကို ထမင်းစားရန် ခေါ်ငင်လေသည်။
ဆုန့်ဝမ်တို့အဖွဲ့က ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်ရှိ အခြေအနေများကို တစ်ယောက်တစ်ပေါက် မေးမြန်းကြတော့သည်။
လီချင်းဟွာက နှလုံးအမြူတေကို သန့်စင်နိုင်ခဲ့ပြီး ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်၏ အချုပ်အခြာအာဏာကို ရရှိသွားကြောင်း ကြားသိရသောအခါ အားလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာကြသည်။
ဆုန့်ဝမ်က မနေနိုင်ဘဲ ဝင်ပြောလေသည်။ "ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်းတစ်ခုဆိုတော့ ထိုက်ယန်တောင်ထက် ပိုပြီး လုံခြုံမနေဘူးလား"
တုံယန်ကလည်း ဝင်မေးလေသည်။ "ဟုတ်တယ်နော်... ဒီရေကြီးရေလျှံမှုကြီးက မရပ်တန့်ဘူးဆိုရင်... မိုးသည်းကြီးမဲကြီး ဆက်ရွာနေဦးမယ်ဆိုရင် ထိုက်ယန်တောင်လည်း အနှေးနဲ့အမြန် ရေလွှမ်းမိုးခံရဖို့ ရှိနေတာပဲလေ"
"ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်းတစ်ခု ရှိနေမယ်ဆိုရင်... ပြီးတော့ မိုးသက်မုန်တိုင်းတွေလည်း မရှိဘူးဆိုရင် အရမ်းကို လုံခြုံမနေဘူးလား"
ရန်မေကလည်း စပ်စုချင်စိတ်ဖြင့် မေးလာသည်။ "ဒါဆို ကျွန်မတို့ နောက်ပိုင်း အရေးကြီးတာတွေကို အဲ့ဒီ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲ ပြောင်းရွှေ့သင့်နေပြီ မဟုတ်လား"
လင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းပြသည်။ "အင်း... အဲ့ဒီလို အတွေးတော့ ရှိတယ်... နောက်ပိုင်း အရေးကြီးတဲ့ စီမံကိန်းတွေကို ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲက ရှောင်မောင်းတောင်ဆီ ပြောင်းရွှေ့ဖို့ ငါ စီစဉ်ထားတယ်"
"ဒီတစ်ခေါက် ဘာသာရေး ဂိုဏ်းကြီးသုံးခု ပူးပေါင်းပြီး ထိုက်ယန်တောင်ကို ခိုးဝင်တိုက်ခိုက်ခဲ့တာက ငါတို့ဆီမှာ ကာကွယ်ရေး အားနည်းနေတယ် ဆိုတဲ့ ပြဿနာကို သတိပြုမိစေခဲ့တယ်"
"တကယ်လို့ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲမှာသာ ဆိုရင်... ဒီတစ်ကြိမ် အခုလောက်တောင် အထိနာမှာ မဟုတ်ဘူး... အနည်းဆုံးတော့ ငါတို့က မြေမျက်နှာသွင်ပြင် အားသာချက်ကို အပြည့်အဝ ရရှိထားနိုင်မှာပဲ"
တင်းယန်က အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း စကားစလေသည်။ "လင်းယွမ်... ဒီဟင်းလင်းပြင်ကြီးက လီချင်းဟွာ လက်ထဲမှာ ရောက်နေတာဆိုတော့..."
သူမက ထိုနေရာအရောက်တွင် စကားရပ်သွားခဲ့သည်။
လင်းယွမ်က သူမ၏ ဆိုလိုရင်းကို နားလည်သွားပြီး ပြုံးကာ ခေါင်းခါရင်း ပြောလေသည်။ "အဲ့ဒီလောက် အများကြီး မတွေးပါနဲ့... သူ့ကို အသုံးချရတော့မှာဆိုတော့ သူ့ကို ယုံကြည်ရမှာပေါ့"
"အစတုန်းက သူ့ကို ထိုက်ယန်တောင်ဆီ ဝင်ခွင့်ပြုခဲ့တုန်းကရော... ပြီးတော့ နောက်ပိုင်းမှာ သူက ချင်းဟွာ စက္ကူစက်ရုံကို တည်ထောင်ဖို့ ရွေးချယ်ခဲ့တာကရော သူလည်း ငါတို့ရဲ့ ခံယူချက်တွေကို လက်ခံယုံကြည်လို့ပဲဆိုတာ ပြသနေတာပဲလေ"
"ရည်ရွယ်ချက်ချင်း တူညီနေသရွေ့ ဘာပြဿနာမှ မရှိနိုင်ပါဘူး"
တင်းယန်က မနေနိုင်ဘဲ ထပ်ပြောလာသည်။ "ဒါပေမယ့် ခေါင်းဆောင်နေရာ ပြဿနာကို ရှင် မတွေးဖူးဘူးလား"
"ထိုက်ယန်တောင်မှာက ရှင်က ပကတိ အုပ်ချုပ်သူပဲ... ရှင်က လူတိုင်းကို ဦးဆောင်ပြီး ဒီခိုလှုံရေးစခန်းကို ကြိုးပမ်းတည်ဆောက်ခဲ့တာဆိုတော့ အားလုံးက ရှင့်ကို ကြည်ညိုကြတယ်လေ"
"ဒါပေမယ့် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကို ရောက်သွားရင် အဲ့ဒီနေရာက လီချင်းဟွာ သန့်စင်ထားတဲ့ ရေပေါ်ကျွန်း ဖြစ်နေတယ်... ရှင်က ခေါင်းဆောင်နေရာကို ယူထားတုန်းပဲ ဆိုရင် သူ စိတ်ထဲမှာ မသက်မသာ ဖြစ်မနေဘူးလား"
"တချို့ကိစ္စတွေက အစကတည်းက သေချာ မစဉ်းစားထားဘူးဆိုရင် နောက်ပိုင်း ပြဿနာအရင်းအမြစ်တွေ ဖြစ်လာမှာ စိုးရိမ်ရတယ်"
သူမ၏ စကားများတွင်လည်း အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ လီချင်းဟွာသည် လင်းယွမ် နောက်သို့ အစောဆုံး လိုက်ပါခဲ့သူများထဲမှ မဟုတ်ဘဲ လမ်းတစ်ဝက်မှ ထိုက်ယန်တောင်သို့ ဝင်ရောက်လာသူ ဖြစ်သည်။
လင်းယွမ်ကမူ ရယ်မောပြီး ခေါင်းခါရင်း ပြောလေသည်။ "အကုန်လုံးကို အဲ့ဒီဘက် မပြောင်းရွှေ့ပါဘူး... သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာန... ဆေးဘက်ဆိုင်ရာဌာန... စိုက်ပျိုးရေးဌာန အစရှိတဲ့ အရေးကြီးတဲ့ ဌာနတွေကိုပဲ ပြောင်းရွှေ့မှာပါ"
"ထိုက်ယန်တောင် ဘက်ကိုတော့ နောက်ပိုင်း စစ်ရေးဆိပ်ကမ်းတစ်ခု အဖြစ် တည်ဆောက်သွားမယ်... တစ်ဖက်က စွမ်းအင်ကျောက်တုံးတွေ တူးဖော်ရင်း တစ်ဖက်ကနေ ငါတို့ရဲ့ စစ်ရေးအင်အားကို လေ့ကျင့်ပေးသွားမယ်"
"ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်က... အနာဂတ်မှာ ငါတို့ရဲ့ ကြီးမားတဲ့ နောက်တန်းစခန်း... ဗဟိုဌာနချုပ် ဖြစ်လာလိမ့်မယ်"
"ဒါပေမယ့် ထိုက်ယန်တောင်ကိုလည်း ငါတို့ စွန့်လွှတ်မှာ မဟုတ်ဘူး... ဒါ့အပြင် အနာဂတ်ကိစ္စကို ဘယ်သူက တပ်အပ် ပြောနိုင်မှာလဲ"
"တကယ်လို့ အနာဂတ်မှာ ရေပေါ်ကျွန်းနောက်တစ်ခုနဲ့ ထပ်ကြုံလာရင်ကော... ကိုယ်တိုင်လည်း ရေပေါ်ကျွန်းတစ်ကျွန်းကို သန့်စင်နိုင်ကောင်း သန့်စင်နိုင်တာပဲ"
လင်းယွမ်က ရယ်မောရင်း ပြောလေသည်။ လီချင်းဟွာက သစ္စာဖောက်မည့် အတွေးမျိုး တွေးလာမည်ကို သူ တစ်ခါမျှ စိုးရိမ်ပူပန်ခဲ့ခြင်း မရှိပေ။
သူ့၏စကားအတိုင်းပင် အကြွင်းမဲ့ စွမ်းအားကသာလျှင် ပကတိ ယုံကြည်မှုကို ဖန်တီးပေးနိုင်ပေသည်။
ယခုအချိန်တွင် သူကိုယ်တိုင်လည်း ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့ပြီ ဖြစ်ရာ လီချင်းဟွာ၏ ဟင်းလင်းပြင် အစွမ်းမှာ လင်းယွမ်ရှေ့၌ မည်သည့် အားသာချက်မျှ မရှိတော့ပေ။
လီချင်းဟွာသည် သူ့နည်းတူ အရည်အသွေးများ မြင့်တက်လာခဲ့လျှင်တောင် လင်းယွမ်၏ ပြိုင်ဘက် ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
ထို့ကြောင့် လင်းယွမ်အနေဖြင့် လီချင်းဟွာ၌ အခြားသော အတွေးအကြံများ ရှိလာမည်ကို လုံးဝ စိုးရိမ်ပူပန်နေမည် မဟုတ်ချေ။
ထို့အပြင် နောက်ပိုင်းတွင် ထိုက်ယန်တောင်ကို စစ်ရေးဆိပ်ကမ်းတစ်ခု အဖြစ် ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပြီး အနာဂတ် ရေပေါ်တံတားဆိပ်ကမ်းသည်လည်း အသက်ရှင်ကျန်ရစ်သူများ အချင်းချင်း ဆက်သွယ်ဖလှယ်ရာ ဗဟိုဌာနတစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။
သူကိုယ်တိုင် ဤနေရာတွင် အထိုင်ချကာ ထိုက်ယန်တောင်၏ စစ်ရေးအာဏာကို ချုပ်ကိုင်ထားမည်ဆိုပါက ဘာများ စိုးရိမ်စရာ ရှိတော့မည်နည်း။
ရေလွှမ်းမိုးဘေးကြီး မတိုင်မီ အစောပိုင်း ကာလများကတည်းက ကြီးမြတ်သူများ ပြောဆိုခဲ့ဖူးပေသည်။
သေနတ်ပြောင်းဝမှ အာဏာထွက်သည် ဟူ၍ပင်။
သေနတ်ပြောင်းဝကို ဆုပ်ကိုင်ထားနိုင်မှတော့ ဘာများ စိုးရိမ်စရာ ရှိတော့မည်နည်း။
ဆက်ရန်...