← Chapters

အခန်း (၅၃၁-၅၃၂)

Vol. 27 Ch. 531-532

အခန်း (၅၃၁-၅၃၂)

Vol. 27 Ch. 531-532

အပိုင်း (၅၃၁) ဆောင်းခိုရန် ပြင်ဆင်ခြင်း

"ဒါက နှင်းလား"

လင်းယွမ်၏ စကားကို ကြားသောအခါ ကျောက်ခိုင်က ချက်ချင်း သဘောပေါက်သွားလေသည်။

ဤအရာက လင်းယွမ် အစွမ်းသုံးထား၍ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ကောင်းကင်ယံမှ ရေခဲမှုန်များ တကယ် ကျဆင်းလာခြင်း ဖြစ်လေသည်။

ရေလွှမ်းမိုးဘေးကြီး မတိုင်မီက ကျောက်ခိုင်တို့သည် ဤရေခဲမှုန်မျိုးကို "နှင်းစေ့" ဟု ခေါ်ဝေါ်လေ့ရှိကြပြီး အချို့ဒေသများတွင်မူ "နှင်းဆန်" (သို့မဟုတ်) "ဆန်နှင်း" ဟုလည်း ခေါ်ဆိုတတ်ကြသည်။

ကျောက်ခိုင်က ခပ်ဖွဖွလေး ညှစ်ကြည့်လိုက်ရာ နှင်းစေ့က ချက်ချင်း ကြေမွသွားတော့သည်။

ဤအရာကို သူ မှတ်မိသည်။ ၎င်းက လေထုအထက်ပိုင်းရှိ ရေခိုးရေငွေ့များ အေးခဲသောလေထုနှင့် တွေ့ဆုံကာ အစိုင်အခဲဖြစ်သွားသော ရေခဲမှုန်များ ဖြစ်သည်။ အချင်းမှာ ယေဘုယျအားဖြင့် သုညဒသမဝ၁ လက်မမှ သုညဒသမ၁ လက်မ ဝန်းကျင်ခန့် ရှိတတ်ပြီး စက်လုံး (သို့မဟုတ်) ကတော့ပုံသဏ္ဌာန် ရှိတတ်ကာ ပွရောင်းသော သဘောသဘာဝရှိသဖြင့် ခပ်ဖွဖွ ဖိချေရုံဖြင့် ကြေမွသွားနိုင်လေသည်။

၎င်းတို့ ကျဆင်းလာခြင်းက လေအေးများ ဝင်ရောက်လာပြီဖြစ်ကြောင်း ကိုယ်စားပြုလေ့ရှိပြီး မကြာမီ နှင်းကျတော့မည့် လက္ခဏာရပ်ပင် ဖြစ်သည်။

ဆောင်းရာသီက ဤမျှ ရုတ်တရက်ကြီး ရောက်ချလာလိမ့်မည်ဟု ကျောက်ခိုင်က မည်သို့မျှ တွေးထင်မထားခဲ့ပေ။

လင်းယွမ်က လေးနက်သော လေသံဖြင့် ဆိုလေ၏။ "ဦးလေးမာတို့ကို ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွေ မြန်မြန်လုပ်ခိုင်းလိုက်ပါ... ဆောင်းရာသီ အပြည့်အဝ ရောက်မလာခင် အိမ်တွေကို အပြီးဆောက်ရမယ်... ပြီးတော့ ရေပေါ်တံတားကိုလည်း မြန်မြန် အပြီးသတ်ရမယ်... ရာသီဥတု အရမ်းအေးသွားရင် ရေထဲဆင်းပြီး အလုပ်လုပ်ဖို့ ခက်သွားလိမ့်မယ်"

"ထားလိုက်တော့... ထိုက်ယန်တောင်က အထက်လူကြီးတွေ အားလုံးကို အခုချက်ချင်း အစည်းအဝေး ခေါ်လိုက်"

လင်းယွမ်က အစည်းအဝေးကို တိုက်ရိုက် ခေါ်ယူရန်သာ ပြင်ဆင်လိုက်တော့သည်။

နှင်းစေ့များ ကျဆင်းလာခြင်းက ဆောင်းရာသီ ချက်ချင်း ရောက်ရှိလာတော့မည် ဖြစ်ကြောင်း အချက်ပြနေ၏။

ထိုက်ယန်တောင်ရှိ ဌာနအသီးသီးက မကြာမီ ရောက်ရှိလာတော့မည့် ဆောင်းရာသီအတွက် ချက်ချင်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်သည်။

ဤဆောင်းရာသီက ဖြတ်သန်းရ လွယ်ကူလိမ့်မည် မဟုတ်ဟု လင်းယွမ်က ကြိုတင် ခံစားနေရသည်။

ကျောက်ခိုင်က ဌာနအသီးသီးမှ တာဝန်ရှိသူများကို ခေါင်းဆောင်စံအိမ်သို့ အစည်းအဝေး လာတက်ရန် လူလွှတ်၍ အမြန် အကြောင်းကြားစေသည်။

မကြာမီမှာပင် ထိုက်ယန်တောင်မှ အထက်လူကြီးများက ထိုနေရာသို့ အလျင်အမြန် စုရုံးရောက်ရှိလာကြတော့သည်။

လင်းယွမ်က ခေါင်းဆောင်နေရာတွင် ထိုင်နေပြီး ရန်မေ၊ တင်းယန်၊ ဆုန့်ဝမ်၊ ဦးလေးမာ၊ အဒေါ်ကြီးလီ၊ ချိုင်ကြည် အစရှိသူတို့အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ဆေးဘက်ဆိုင်ရာဌာန၊ စစ်ဆေးရေးဌာန၊ သတ္တုတူးဖော်ရေးဌာန၊ မွေးမြူရေးဌာန…

ယခုအခါ ထိုက်ယန်တောင်သည် ကြီးငယ်မဟူ ဌာနပေါင်း နှစ်ဆယ်၊ သုံးဆယ်အထိ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်လေသည်။

ဌာနတစ်ခုစီမှ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က အသီးသီး နေရာယူ ထိုင်လိုက်ကြသည်။

ကြီးမားကျယ်ဝန်းလှသော ခေါင်းဆောင်စံအိမ်၏ ဧည့်ခန်းကြီးကပင် အနည်းငယ် ကျပ်ညပ်နေသယောင် ထင်ရ၏။

လင်းယွမ်က လေးနက်သော လေသံဖြင့် စတင် ပြောကြားလေသည်။ "ဆောင်းရာသီ ရောက်လာတော့မယ်... အားလုံးပဲ... အပြင်ဘက်မှာ နှင်းစေ့တွေ ကျနေပြီ... ရက်အနည်းငယ်လောက် ကြာရင် နှင်းမုန်တိုင်းတွေ အဖြစ် ပြောင်းသွားနိုင်တယ်"

"ကျွန်တော်တို့က ဆက်ပြီးတော့ ဆောင်းရာသီရဲ့ စမ်းသပ်မှုကို ရင်ဆိုင်ရလိမ့်မယ်"

"အရင်က ရေးဆွဲခဲ့တဲ့ ဆောင်းရာသီ ကာကွယ်ရေး အစီအစဉ်အရဆိုရင် ပထမဆုံး အနေနဲ့ စားနပ်ရိက္ခာ သိုလှောင်ရေး ပြဿနာပဲ"

"ဆုန့်ဝမ်... နင်တို့ စိုက်ပျိုးရေးဌာနက အရင် ပြောပြပါဦး"

ဆုန့်ဝမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး အစီရင်ခံစာတစ်စောင်ကို ကိုင်ကာ ပြောလေ၏။ "ဒါက ကျွန်မတို့ရဲ့ ဒီနှစ်ဝက်စာ အချက်အလက် အစီရင်ခံစာပါ... လတ်တလော စားနပ်ရိက္ခာပိုင်းမှာ အဓိကအားဖြင့် ကြက်ခေါင်းဆန်၊ ပဲပိစပ်၊ ဂျုံနဲ့ ကန်စွန်းဥတွေကို ရိတ်သိမ်းပြီးသွားပါပြီ... ဒါပေမဲ့ စပါးစိုက်တာက နည်းနည်း နောက်ကျသွားတော့ ဆောင်းမဝင်ခင် ရိတ်သိမ်းနိုင်ဖို့ ခက်လိမ့်မယ်"

"လက်ရှိ စားနပ်ရိက္ခာ စုစုပေါင်းက ပေါင် ၃.၃ သန်းကျော် ရှိပါတယ်... ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကတော့ အများကြီး လျော့နည်းပါတယ်"

ဆုန့်ဝမ်၏ အစီရင်ခံမှုကို ကြားပြီးနောက် လူတိုင်း၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်သော အရိပ်အယောင်များ ပေါ်လွင်လာကြသည်။ ရိက္ခာ ပေါင် ၃.၃ သန်းဆိုလျှင် အချိန်အတော်ကြာအောင် စားသောက်နိုင်မည် မဟုတ်ပါလော။

သို့သော် လင်းယွမ်ကမူ ထိုသို့ မတွေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အစွမ်းပိုင်ရှင်များ အစွမ်းနိုးထလာပြီးနောက် စားသောက်နိုင်စွမ်းမှာ အလွန် ကြီးမားလာမည်ကို သူ ရှင်းရှင်းလင်းလင်း သိထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤရိက္ခာ ပေါင် ၃.၃ သန်းမှာ နားထောင်ရသည်မှာ မနည်းလှသော်လည်း တကယ်တမ်းတွင်မူ အမှန်တကယ် များပြားလှသည်တော့ မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် ထိုက်ယန်တောင်တွင် စားနပ်ရိက္ခာများသာ ရှိနေခြင်း မဟုတ်ချေ။ မွေးမြူရေးဌာနနှင့် သားသတ်ရုံတို့ကလည်း သန္ဓေပြောင်း သတ္တဝါများ၏ သွေးသားများကို ရေရှည် ဝယ်ယူစုဆောင်းထားခဲ့ကြသည်။

အထူးသဖြင့် သန္ဓေပြောင်းငါးများက လင်းယွမ်အတွက် နေ့စဉ် အမှတ်ပေါင်း သောင်းနှင့်ချီ၍ ပံ့ပိုးပေးနေခဲ့သည်။

ထိုငါးများကို စက်ရုံသို့ ပို့ဆောင်ကာ အခြောက်အခြမ်းများ အဖြစ် ပြုလုပ်ခဲ့ပြီး အချို့ကိုမူ ထိုက်ယန်တောင်၏ ရေခဲတိုက်ထဲသို့ တိုက်ရိုက် ပစ်ထည့်ထားလိုက်ကြသည်။

လင်းယွမ်၏ ပစ္စည်းသိုလှောင်ခန်းထဲတွင် ရေတွက်၍ မရနိုင်သော သန္ဓေပြောင်းငါးများ စုပုံနေသေးသည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

စားသောက်ရေးဘက်တွင်မူ သူက အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိပေ။ ဤအရာများ မရှိလျှင်တောင်မှ သူ့ထံတွင် စနစ် ရှိသေးရာ အချိန်မရွေး အစားအသောက်များကို မဲနှိုက်ရယူနိုင်သေးသည်။

သေချာပေါက် လက်ရှိတွင်မူ သူက အစားအသောက်များကို မဲနှိုက်ရန်အတွက် စနစ်ကို အသုံးမပြုတော့သည်မှာ ကြာပြီ ဖြစ်သည်။ ၎င်းက အလွန် ဖြုန်းတီးရာ ကျလွန်းလှသည်။

နောက်ပိုင်းတွင် သူက စိုက်ပျိုးရေးဌာနကို ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဆီသို့ ပြောင်းရွှေ့ပေးသွားမည် ဖြစ်သည်။

ဆောင်းရာသီ ရောက်လာလျှင်လည်း ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်က သီးခြား ဟင်းလင်းပြင် တစ်ခု ဖြစ်သည့်အတွက် သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။

ထိုအချိန်ကျလျှင် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်တွင် စားနပ်ရိက္ခာများ စိုက်ပျိုးမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သက်ကြီးရွယ်အိုများ၊ အားနည်းသူများနှင့် မသန်စွမ်းသူများကို ထိုဘက်သို့ ပို့ဆောင်ပေးကာ ထိုက်ယန်တောင် ခိုလှုံရေးစခန်းဘက်တွင်မူ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသော အစွမ်းပိုင်ရှင်များကို ချန်ရစ်ထားခဲ့မည် ဖြစ်သည်။

ဤအခြေခံပေါ်တွင် စစ်သည်များကို လေ့ကျင့်သင်ကြားပေးပြီး ထိုက်ယန်တောင်၏ စစ်တပ်တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်သွားမည် ဖြစ်လေသည်။

"လုပ်ထားတာ မဆိုးဘူး... စိုက်ပျိုးရေးဌာနက ဒီနှစ်မှာ စံပြကောင်း တစ်ခု လုပ်ပြနိုင်ခဲ့တာပဲ..."

လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ထပ်ပြောလေ၏။ "ဆောင်းရာသီရဲ့ အပူချိန်က ဘယ်လောက်အထိ ကျဆင်းသွားမလဲဆိုတာ မသိရသေးဘူး... အနွေးဓာတ် ရရှိဖို့ အစီအမံတွေကို သေချာပေါက် ကောင်းကောင်း လုပ်ထားရမယ်"

"သန္ဓေပြောင်း နေကြာပန်းတွေကို ဆက်ပြီး အားသွန်ခွန်စိုက် ပျိုးထောင် စိုက်ပျိုးကြပါ... အိမ်တိုင်းစေ့ ကိုယ်ပိုင် နေရောင်ခြည်ရတဲ့ အခန်းတွေ ရရှိလာအောင် ကြိုးစားပေးပါ"

"ဦးလေးမာ... ဒီကိစ္စကို ခင်ဗျားကိုပဲ လွှဲလိုက်မယ်"

မာကောချိုင်က ချက်ချင်း ခေါင်းညိတ်လိုက်လေသည်။ "စိတ်ချပါ... အခု ကျွန်တော်တို့ အသစ်ဆောက်ထားတဲ့ ဒီအိမ်ရာစီမံကိန်း အသုတ်မှာ နေရောင်ခြည်ရတဲ့ အခန်းတွေနဲ့ ကြမ်းပြင်အနွေးပေး စနစ်တွေ အကုန် တပ်ဆင်ပေးထားပါတယ်"

"နေရောင်ခြည်ရတဲ့ အခန်းထဲမှာ နေရောင်ခြည်သုံး ရေပူပေးစက်တွေကို တပ်ဆင်ထားပါတယ်... ရေပူကို အဆက်မပြတ် အပူပေးနိုင်ပြီး အခန်းထဲကို ရေပူ လည်ပတ်မှု စနစ်နဲ့ ထောက်ပံ့ပေးသွားမှာမို့ အခန်းတွင်း အပူချိန်ကို အာမခံနိုင်ပါတယ်"

"ဒါတင်မကသေးဘူး... မောင်လင်းရဲ့ ညွှန်ကြားချက်အတိုင်း လက်ရှိ အိမ်ရာ လျှပ်စစ်မီး ထောက်ပံ့ရေး စနစ်ကလည်း လည်ပတ်နေပါပြီ... ပင်မ လျှပ်စစ်လိုင်းတွေကို ထိုက်ယန်တောင် ဈေးဝယ်စင်တာကြီးဘက်ကို ချိတ်ဆက်ထားပါတယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။

အစတုန်းက သူသည် အလွန်များပြားသော ရင်းနှီးမြှုပ်နှံမှုဖြင့် ထိုလျှပ်စစ်မီးစက်ကြီးကို လဲလှယ်ရယူခဲ့ပြီး ထိုက်ယန်တောင် ဈေးဝယ်စင်တာ၏ အောက်ဆုံးထပ်တွင် တပ်ဆင်ကာ တစ်တောင်လုံးအတွက် လျှပ်စစ်မီး ထောက်ပံ့ပေးရန် အသုံးပြုခဲ့သည်။

သို့သော် ထိုအချိန်က စွမ်းအင်ကျောက်တုံး ရှားပါးမှုကို ထည့်သွင်းစဉ်းစားကာ ဈေးဝယ်စင်တာ၊ မွေးမြူရေးဌာန၊ သားသတ်ရုံ စသည့် အရေးကြီး ဌာနများကိုသာ လျှပ်စစ်မီး ထောက်ပံ့ပေးခဲ့သည်။

နောက်ပိုင်းတွင်မူ သတ္တုတွင်းနယ်မြေ၌ တူးဖော်ရေးလုပ်ငန်းများ အားကောင်းလာသည်နှင့်အမျှ တူးဖော်ရရှိလာသော သတ္တုရိုင်းများက ပိုပို၍ များပြားလာခဲ့သည်။

ယခုအခါ လျှပ်စစ်မီး ထောက်ပံ့ပေးနိုင်သည့် ဧရိယာ ကျယ်ပြန့်လာပြီဖြစ်ရာ သာမန် လူနေအိမ်တိုက်ခန်းများအနေဖြင့်လည်း လျှောက်ထားရုံဖြင့် အိမ်အထိ လျှပ်စစ်မီးလိုင်းများ သွယ်တန်းနိုင်ပြီ ဖြစ်သည်။

သေချာပေါက် လျှပ်စစ်မီး သုံးစွဲရန်အတွက်မူ အမှတ်များ ပေးချေရမည် ဖြစ်လေသည်။

ထို့အပြင် ယခုအခါ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနဘက်တွင်လည်း တုံကျဲက လီဟန်ကျုံးစသည့် လူများ၏ အကူအညီဖြင့် ဝိညာဉ်စွမ်းအင် ဗို့အားပြောင်းစက်ကို တီထွင်နိုင်ခဲ့ပြီ ဖြစ်သည်။

၎င်းသည် စွမ်းအင်ကျောက်တုံးထဲရှိ စွမ်းအင်များကို လှုံ့ဆော်ကာ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်ပြီး ဘက်ထရီကဲ့သို့ သယ်ဆောင်ရလွယ်ကူသော ရွှေ့ပြောင်းနိုင်သည့် စွမ်းအင်အရင်းအမြစ် တစ်ခု ဖြစ်လာစေသည်။

ယခုအခါ စတင် ထုတ်လုပ်နေပြီဖြစ်ပြီး မကြာမီ ပြင်ပသို့ ရောင်းချသွားတော့မည် ဖြစ်သည်။

လင်းယွမ် ကိုယ်တိုင်လည်း ဤဝိညာဉ်စွမ်းအင် ဗို့အားပြောင်းစက်ကို သွားရောက် လေ့လာကြည့်ဖူးသည်။ အဓိက အသုံးပြုထားသည်မှာ လျှပ်စီးဓာတ် ပါဝင်သော သင်္ကေတအရိုး တစ်မျိုး ဖြစ်လေသည်။

ထိုသင်္ကေတအရိုးကို သန္ဓေပြောင်း ငါးရှဉ့်တစ်မျိုးထံမှ ထုတ်ယူရရှိခဲ့ခြင်းဖြစ်ပြီး အမြင့်ဆုံး ဗို့အားအနေဖြင့် ဗို့ခြောက်သောင်းအထိ ထုတ်လွှတ်ပေးနိုင်စွမ်း ရှိသည်။

လီဟန်ကျုံးတို့အဖွဲ့က ထရန်စဖော်မာ (ဗို့အားပြောင်းစက်) ၏ အယူအဆကို အခြေခံကာ သန္ဓေပြောင်းစွမ်းအင်အမျိုးအစား ဗို့အားပြောင်းစက်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီး ဤသင်္ကေတအရိုးမှ ထုတ်လွှတ်သော ဗို့အားကို တည်ငြိမ်သော ဗို့အားတစ်ခုအဖြစ် ပြောင်းလဲပေးခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြသည်။

လျှပ်စစ်မီး တီထွင်နိုင်မှုက လူသားတို့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဆီသို့ ချီတက်ရာတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။

ထိုက်ယန်တောင်၏ လျှပ်စစ်မီးစနစ် လွှမ်းခြုံနိုင်မှုအောက်တွင် ထိုက်ယန်တောင်၏ သိပ္ပံနှင့် နည်းပညာ အဆင့်အတန်းက သေချာပေါက် အရှိန်အဟုန်ဖြင့် တိုးတက်လာလိမ့်မည်ဟု လင်းယွမ် ယုံကြည်ထားလေသည်။

မာကောချိုင် အစီရင်ခံစာ တင်သွင်းပြီးသွားပြီးနောက် မကြာမီမှာပင် မွေးမြူရေးဌာနနှင့် သားသတ်ရုံတို့၏ အစီရင်ခံစာ တင်သွင်းရမည့် အလှည့်သို့ ရောက်ရှိလာခဲ့သည်။

သူတို့ဘက်ကလည်း ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဆီသို့ ပြောင်းရွှေ့ရန် ရည်ရွယ်ထားကြသော်လည်း ဤဘက်ရှိ မွေးမြူရေးခြံကိုမူ ဆက်လက် ထိန်းသိမ်းထားရဦးမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းတွင် စစ်တပ်တစ်ခု ဖွဲ့စည်းတည်ထောင်ခဲ့လျှင်ပင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ရပ်တည်ရန် လိုအပ်သောကြောင့် ဖြစ်သည်။

မွေးမြူရေးခြံမှာ ယခုအခါ အကြိမ်ကြိမ် တိုးချဲ့ပြီးဖြစ်ရာ မွေးမြူထားသော အမျိုးအစားများလည်း များပြားလာခဲ့ပြီ ဖြစ်သည်။ မီးဝါးကြွက်များ၊ မိန်ဟွာဝက်များ၊ ကြက်နီများ အစရှိသည့် သတ္တဝါများသာမက စားသုံးနိုင်သော သန္ဓေပြောင်းငါးများ၊ သန္ဓေပြောင်းဘဲများနှင့် သန္ဓေပြောင်းငန်းများ အစရှိသည်တို့လည်း ရှိနေသည်။

ထိုအထဲတွင် သန္ဓေပြောင်း ကြက်၊ ဘဲနှင့် ငန်းတို့၏ အရေအတွက်က အများဆုံး ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ကြီးထွားမှု နှုန်းထားက မြန်ဆန်ပြီး အရသာလည်း မဆိုးသောကြောင့် ဖြစ်သည်။

အစည်းအဝေး ပြီးဆုံးသွားချိန်တွင် ဌာနအသီးသီးက လုပ်ငန်းတာဝန် အသစ်များကို အသီးသီး လက်ခံရရှိသွားကြပြီ ဖြစ်သည်။

ရက်စက်ကြမ်းတမ်းသော ဆောင်းရာသီကို ရင်ဆိုင်ရန် အစွမ်းကုန် ကြိုတင်ပြင်ဆင်ရမည် ဖြစ်သည်။

ထိုက်ယန်တောင် တစ်တောင်လုံးက အလုပ်များလာကြပြီး လူများမှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ တိုက်ခိုက်မှုကြောင့် ခံစားရသော ဝမ်းနည်းပူဆွေးမှုများတွင် နစ်မွန်းနေရန်ပင် အချိန်မရတော့ဘဲ အလုပ်အသစ်များထဲသို့ အလျင်စလို ဝင်ရောက်လုပ်ကိုင်လာကြသည်။

ဤကဲ့သို့ အလုပ်များနေခြင်းက လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်းနည်းမှုများကို အတိုင်းအတာ တစ်ခုအထိ လျော့ပါးသွားစေပြီး ထိုက်ယန်တောင်က တဖြည်းဖြည်းနှင့် သက်ဝင်လှုပ်ရှားလာသော အသွင်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဤသို့ အလုပ်များနေကြစဉ် အတွင်းမှာပင် တစ်ပတ်ဆိုသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။

ဤနေ့တွင်မူ လီချင်းဟွာက ထိုက်ယန်တောင်သို့ အလျင်အမြန် ပြန်ရောက်လာခဲ့ပြီး သတင်းကောင်း တစ်ခုကို သယ်ဆောင်လာခဲ့သည်။

ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်က သူ၏ ကြိုးပမ်းအားထုတ်မှုအောက်တွင် ထိုက်ယန်တောင် အနီးသို့ ရွေ့လျားရောက်ရှိလာပြီ ဖြစ်သည်။

လင်းယွမ်က ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားကာ ပြောလိုက်၏။ "အရမ်းကောင်းတယ်... ဒီလိုဆိုရင် ရာသီဥတု အရမ်းအေးလို့ မြစ်ပြင်ကြီး အေးခဲသွားရင်တောင်မှ အနည်းဆုံးတော့ ငါတို့ အနီးအနားမှာ ရှိနေတော့ အချင်းချင်း အကူအညီ ပေးလို့ရတာပေါ့"

လီချင်းဟွာကလည်း ခေါင်းညိတ်ကာ ပြုံးလျက် ပြောလေသည်။ "ကျွန်တော်လည်း တောက်လျှောက် စိတ်ပူနေခဲ့တာ... ကျွန်တော်တို့ နေရာနှစ်ခုက အရမ်း ဝေးနေရင် ရန်သူကို အခွင့်အရေး ပေးသလို ဖြစ်သွားမှာစိုးလို့"

လင်းယွမ်က မေးလိုက်သည်။ "ဝူယောင်ပန်းရဲ့ မူရင်းခန္ဓာကိုယ်ကို ရှာတွေ့ပြီလား"

လီချင်းဟွာက ခေါင်းယမ်းပြလိုက်၏။ "ဒီကောင်က တော်တော်လေးကို ပုန်းကွယ်နေတာ... အခုထက်ထိ ပြန်ပေါ်မလာသေးဘူး... ဘယ်မှာ ပုန်းနေမှန်းကို မသိတာ... သူ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲမှာ ကိုယ်ပွားတွေ ထပ်ချန်ထားသေးလားဆိုတာတောင် ကျွန်တော် သံသယဖြစ်မိတယ်"

လင်းယွမ်က ခေါင်းယမ်းလိုက်ကာ ပြောလေသည်။ "သူက ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကို သိနေမှတော့ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး"

"ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်လို ရေပေါ်ကျွန်းမျိုးက သာမန် ရေပေါ်ကျွန်းတွေထက် အများကြီး သာလွန်တယ်လေ... ဘယ်သူကများ အပိုင်မလိုချင်ဘဲ နေပါ့မလဲ"

"သူက အကြီးကြီးတစ်ခုကို ကြံစည်နေမှာကိုပဲ စိုးရိမ်ရတာ"

လီချင်းဟွာက ထိုစကားကို ကြားသောအခါ ချက်ချင်း အေးစက်စက် ပြုံးလိုက်၏။ "သူ့ရဲ့ မူရင်းခန္ဓာကိုယ်ကြီး ကိုယ်တိုင် ရောက်လာတာ အကောင်းဆုံးပဲ... ဒါမှ သူ့ကို အပြတ် ရှင်းပစ်လို့ ရမှာ"

လင်းယွမ်က ပြုံးလိုက်ပြီး ပြောလေသည်။ "ပုံမှန်အနေနဲ့တော့ မဖြစ်နိုင်ဘူး... သူ့မှာ ဒီလို ကိုယ်ပွားဖန်တီးနိုင်တဲ့ အစွမ်းရှိနေမှတော့ မူရင်းခန္ဓာကိုယ်က သေတဲ့အထိ ထွက်လာမှာ မဟုတ်ဘူး"

လီချင်းဟွာကလည်း ဤအချက်ကို ရှင်းရှင်းလင်းလင်း သိထားပုံရပြီး သက်ပြင်းတစ်ချက် ချလိုက်ရုံမှလွဲ၍ မတတ်နိုင်ချေ။ ထို့နောက် ချက်ချင်းပင် ပြောလိုက်၏။ "လတ်တလော နှင်းစေ့တွေ ကျတာ ပိုပိုပြီး စိပ်လာတယ်... အစေ့တွေကလည်း ပိုပို ကြီးလာပြီ... သိပ်မကြာခင်မှာပဲ နှင်းပွင့်တွေ ဖြစ်လာတော့မယ် ထင်တယ်"

"ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ရဲ့ အပူချိန်ကော ကျသွားပြီလား" လင်းယွမ်က ချက်ချင်း မေးလိုက်သည်။

လီချင်းဟွာက ခေါင်းအနည်းငယ် ညိတ်ပြလေသည်။ "ကျနေတယ်... အပြင်ဘက်လောက် မမြန်ပေမယ့် အပူချိန် ကျဆင်းနေတာကို ကျွန်တော် သိသိသာသာ ခံစားနေရတယ်"

လင်းယွမ်၏ မျက်နှာအမူအရာက အနည်းငယ် တည်ကြည်သွားကာ ပြောလိုက်၏။ "ဒါ ဘယ်လိုဖြစ်တာလဲ... ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်က သီးခြား ဟင်းလင်းပြင် တစ်ခု မဟုတ်ဘူးလား... ဘာလို့ အပူချိန် ကျနေရတာလဲ"

လီချင်းဟွာက ခါးသီးစွာ ပြုံးလိုက်ပြီး ပြန်ဖြေလေသည်။ "ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်က သီးခြား ဟင်းလင်းပြင် တစ်ခု ဆိုပေမယ့် ရေခဲကမ္ဘာကြီးက သူ့ကို ဝန်းရံထားရင် သူကကော ဘယ်လိုလုပ်ပြီး ကင်းလွတ်နိုင်ပါ့မလဲ"

"အပူချိန် ကူးစက်တာက ဟင်းလင်းပြင် အကာအရံ မျိုးစုံ ရှိနေရင်တောင်မှ အတူတူပ ကူးစက်လာနိုင်တယ်... နည်းနည်း ပိုနှေးသွားတာပဲ ရှိတာပါ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်၏။ "ဒါဆို မင်းတို့ဘက်မှာလည်း ဆောင်းခိုဖို့ အမြန်ဆုံး ပြင်ဆင်ရတော့မှာပဲ"

လီချင်းဟွာက ပြောလေသည်။ "ဆောက်လုပ်ရေးဌာနက လူတွေကို အဆောက်အအုံတွေ ကူဆောက်ပေးဖို့ ကျွန်တော် အကူအညီ တောင်းထားပါတယ်... အစွမ်းပိုင်ရှင်တွေ ပါဝင်လာတော့ တိုးတက်မှုက တော်တော်လေး မြန်တယ်"

"ပြီးတော့ အဒေါ်ကြီးလီတို့ကလည်း လူတွေကို ကိုယ်တိုင်ဦးဆောင်ပြီး တောင်တန်းတွေ အနှံ့ သန္ဓေပြောင်း နေကြာပန်းတွေကို စတင် စိုက်ပျိုးနေကြပြီ... ပထမအသုတ် မျိုးစေ့တွေတောင် အညှောင့်ထွက်နေပြီလေ... ဆောင်းရာသီ မရောက်ခင် ပန်းတွေ ပွင့်လာပြီး အလင်းရောင်တွေ ပိုရလာဖို့ မျှော်လင့်ရတာပဲ"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလေ၏။ "ခဏနေရင် ထန်တယ်ချန်ကို အဲဒီဘက်လွှတ်ပြီး သူ့အစွမ်းကို သုံးပြီးတော့ ကြီးထွားမှု နှုန်းကို မြန်အောင် လုပ်လို့ရမလား စမ်းကြည့်ခိုင်းရမယ်"

"ဒါနဲ့ ဆရာလင်း... ဆရာလင်းကို သတင်းပို့စရာ ကိစ္စတစ်ခု ရှိသေးတယ်"

လီချင်းဟွာက ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် မျက်နှာအမူအရာက လေးနက်သွားလေသည်။

လင်းယွမ်က ထိုစကားကို ကြားသောအခါ အလိုအလျောက် မျက်လုံးလှည့်ကြည့်လိုက်မိပြီး မေးလိုက်၏။ "ဘယ်လိုကိစ္စမို့လို့ ဒီလောက်တောင် လေးနက်နေရတာလဲ"

"ကျွန်တော်တို့ ဓားမြီး ပင်လယ်မြွေကို သတ်တုန်းက တွေ့ခဲ့တဲ့ မောင်နှမနှစ်ယောက်ကို မှတ်မိသေးလား"

လင်းယွမ်က ကြားသောအခါ လင်းမြောင်မြောင်ဟု သူ့ကိုယ်သူ မိတ်ဆက်ခဲ့သော ကောင်မလေးကို သတိရသွားကာ မေးလိုက်သည်။ "မှတ်မိတယ်... ဘာဖြစ်လို့လဲ"

"အရင်တစ်ခေါက်က တစ်ပတ်ကြာရင် အဲဒီနေရာမှာပဲ အရောင်းအဝယ် ဆက်လုပ်မယ်လို့ သူတို့နဲ့ ချိန်းထားခဲ့တယ်လေ"

"ဒီနှစ်ယောက်က ကျိအန်မြို့ ဖူရုံတောင်ကြား ခိုလှုံရေးစခန်းက အဖွဲ့ဝင်တွေလေ... အဲဒီတုန်းက သူတို့နှစ်ယောက်ကနေ တစ်ဆင့် ကျိအန်မြို့ရဲ့ အခြေအနေကို စုံစမ်းလို့ရနိုင်မလားလို့ စဉ်းစားခဲ့တာ"

"မထင်ထားဘူး... အရေးကြီးတဲ့ သတင်းတစ်ခုကို တကယ် စုံစမ်းသိရှိခဲ့ရတယ်"

လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်၏။ "ဘယ်လို အရေးကြီး သတင်းမျိုးလဲ"

"လင်းကျင်းထောင် ပြောတာက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖူရုံတောင်ကြားရဲ့ တောင်ကြားသခင်က မျိုးရိုးဗီဇမျိုးစေ့ ပိုင်ဆိုင်ထားတဲ့ အစွမ်းထက်သူ တစ်စုကို ခေါ်ပြီး ဖူရုံတောင်ကြားကနေ အရေးပေါ် ထွက်ခွာသွားကြတယ်တဲ့"

"သူ ပြောပုံအရတော့ ဖူရုံတောင်ကြားသခင်က ဖူရုံတောင်ကြားကနေ ထွက်ခွာလေ့ သိပ်မရှိဘူးတဲ့... ဒီလို ကိစ္စကြီးကြောင့် ဖူရုံတောင်ကြားက လူတော်တော်များများ အာရုံစိုက်တာကို ခံလိုက်ရတယ်"

"ဖူရုံတောင်ကြား အတွင်းမှာ သတင်းတွေ ထွက်ပေါ်နေတာက လင်ကျောင်းမြစ်အောက်ပိုင်းမှာ ပိုင်ရှင်မဲ့ ရေပေါ်ကျွန်း တစ်ကျွန်း ပေါ်လာတယ်တဲ့... အင်အားစု အသီးသီးက သတင်းရတာနဲ့ အဲဒီဘက်ကို အပြေးအလွှား သွားနေကြတယ်တဲ့"

"ကျွန်တော်တို့ လင်ကျောင်းမြို့က လင်ကျောင်းမြစ်ရဲ့ အောက်ပိုင်းမှာ ရှိနေတာလေ... အဲဒီကနေ အောက်ကို ဆက်သွားရင် ချန်ကျန်းမြစ်မကြီးဆီ ရောက်သွားမှာ... တကယ်လို့ ရေပေါ်ကျွန်း တကယ်ပေါ်လာတယ်ဆိုရင် ကွမ်ဖူက လူတွေ ဝင်ပါလိမ့်မယ်လို့ ထင်လား"

လင်းယွမ်က ဤစကားကို ကြားသောအခါ သူ၏ မျက်နှာအမူအရာက အလိုအလျောက် ထူးဆန်းသွားတော့သည်။

လင်ကျောင်းမြစ်အောက်ပိုင်းက ရေပေါ်ကျွန်း သတင်းကို ကျိအန်မြို့က အင်အားစုတွေတောင်မှ သိနေကြပြီလား။

ဆက်ရန်...

အပိုင်း (၅၃၂) အနက်ရောင် ရေပေါ်ကျွန်း

"ရေပေါ်ကျွန်း သတင်းက တကယ်ဖြစ်လာတဲ့ပုံပဲ"

လင်းယွမ်က လေးနက်သောလေသံဖြင့် ဆိုလေသည်။

လီချင်းဟွာက အံ့ဩသွားပြီး "ဆရာလင်းယွမ်က သိထားတာလား" ဟု မေးသည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြကာ "လင်းယွီကျွန်းက ပြီးတဲ့တစ်ပတ်လောက်ကတည်းက ထွက်သွားကြပြီ... လင်ကျောင်းမြစ်အောက်ပိုင်းကို အခြေအနေသွားကြည့်ဖို့လေ"

"ဒါပေမဲ့ ငါနဲ့ ကျွန်းပိုင်ရှင် လင်းဝမ်အာတို့ သဘောတူထားတာရှိတယ်... တကယ်လို့ ထူးခြားတာရှိရင် သူတို့သတင်းပို့လိမ့်မယ်"

"ဒါပေမဲ့သူ့ဘက်က အခုထိ အကြောင်းပြန်မလာသေးဘူး... ဆိုတော့ ဒီရေပေါ်ကျွန်း သတင်းက သိပ်ပြီး တိကျသေချာချင်မှ သေချာမှာပါ"

လီချင်းဟွာက မနေနိုင်ဘဲ "ဆရာလင်းယွမ်... ရေပေါ်ကျွန်းလို အရေးကြီးတဲ့ မြေနေရာအရင်းအမြစ်မျိုးဆိုတာ သာမန်လူတွေ တွေ့ရင်တောင် လွယ်လွယ်နဲ့ ထုတ်ပြောပြကြမှာ မဟုတ်ဘူးဗျ" ဟု ဝင်ပြောသည်။

လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လေ၏။ ဤစကား၏ အဓိပ္ပာယ်ကို သူ ကောင်းကောင်း နားလည်သည်။

လီချင်းဟွာက ဝမ်လင်းအာတစ်ယောက် ရေပေါ်ကျွန်းကို ရှာတွေ့သွားပြီး လင်းယွမ်ကို မပြောဘဲ ဖုံးကွယ်ထားမည်ဟု သံသယဝင်နေခြင်း ဖြစ်ကြောင်း သိသာလှ၏။

သို့သော် လင်းယွမ်ကတော့ ဝမ်လင်းအာကို အတော်အတန် ယုံကြည်ထားခဲ့သည်။

ဝမ်လင်းအာအနေဖြင့် သူမ၏ အခြေစိုက်စခန်းအတွက် ရေပေါ်ကျွန်းတစ်ကျွန်းကို အရေးတကြီး လိုအပ်နေသည်မှာ အမှန်ပင်။

ဒါပေမဲ့ သူမ၏ လင်းယွီကျွန်းပေါ်တွင် မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်များ မနည်းမနော ရှိသော်ငြား ထိပ်တန်းအဆင့် အစွမ်းပိုင်ရှင်များကတော့ သိပ်မများလှချေ။

သူမက သူ့ကိုပူးပေါင်းပြီး ရေပေါ်ကျွန်းကို အတူတကွ သိမ်းပိုက်ခြင်းကသာ အကျိုးအမြတ် အများဆုံးဖြစ်စေပြီး အန္တရာယ် အကင်းဆုံး ဖြစ်ပေမည်။

လီချင်းဟွာ ပြောစကားအရ ထိုရေပေါ်ကျွန်း သတင်းက အတော်လေး ပေါက်ကြားသွားခဲ့ပြီ ဖြစ်သည်။

အဖွဲ့အစည်း အတော်များများကလည်း ထိုနေရာသို့ အလုအယက် သွားနေကြသည်။

လင်းယွီကျွန်း၏ အင်အားနှင့်ဆိုလျှင် သေချာပေါက် လုယူနိုင်မည်ဟု မဆိုသာပေ။

ထို့ကြောင့် ဝမ်လင်းအာသာ တကယ်ပါးနပ်မည်ဆိုလျှင် တမင်သက်သက် လျှို့ဝှက်ထားမည် မဟုတ်ဘဲ အင်အားကြီးသော အကူအညီဖြစ်သည့် သူ့ထံသို့ မဖြစ်မနေ ဆက်သွယ်လာမည်သာတည်း။

ယခုအချိန်အထိ ဘာကြောင့် သူ့ထံ ဆက်သွယ်မလာသေးသနည်း ဆိုလျှင်...

ရေပေါ်ကျွန်း သတင်းက မှားယွင်းနေ၍ ဖြစ်မည်ဟု လင်းယွမ် ခန့်မှန်းမိ၏။

သို့မဟုတ်လျှင်လည်း ဝမ်လင်းအာ ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်နေရ၍ သတင်းမပို့နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

သူ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် "အရင်တုန်းကတော့ ငါထိုက်ယန်တောင်ကနေ ထွက်သွားရင် ဂိုဏ်းကြီးသုံးဂိုဏ်းက အလစ်ဝင်တိုက်မှာကို စိုးရိမ်ခဲ့တာ... ဒါပေမဲ့ အခု မင်းလည်း မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို တက်လှမ်းနိုင်သွားတဲ့အပြင်... ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ရဲ့ နှလုံးအမြူတေကိုပါ သန့်စင်ပြီးပြီ" ဟု ပြောသည်။

"အခု ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကိုလည်း ထိုက်ယန်တောင်ဘက်ကို ရွှေ့ပြောင်းပြီးသွားပြီဆိုတော့ အခြေအနေ သွားစုံစမ်းဖို့ ငါ စိတ်ချလက်ချ သွားလို့ရပြီ"

"ဒီတော့... ရှေ့ဆက်မယ့် အချိန်တွေမှာ ထိုက်ယန်တောင်က အရင်စီစဉ်ထားတဲ့ အတိုင်းပဲ ဆက်လုပ်ပါ... ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲကို ပြောင်းရွှေ့ရမယ့် အဖွဲ့တွေကို ဆက်ပြောင်းရွှေ့ကြပေါ့"

"ငါကတော့ လင်ကျောင်းမြစ်အောက်ပိုင်း မြစ်ဝဘက်ကို အခုပဲ ခရီးထွက်တော့မယ်"

လင်းယွမ်သည် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ရေပေါ်ကျွန်း ကိစ္စ အမှန်ပဲဖြစ်ဖြစ် အလကားပဲဖြစ်ဖြစ် ဝမ်လင်းအာထံမှ ယခုတိုင် သတင်းအစအနမျှ မရခြင်းက အန္တရာယ်နှင့် ကြုံတွေ့နေရ၍ ဖြစ်နိုင်ချေများသည်။

လင်းယွီကျွန်းမှ လူများသည် ထိုက်ယန်တောင်နှင့် မဟာမိတ် ဖွဲ့ထားပြီးဖြစ်သည်။ အကယ်၍ သူတို့ကို အပြီးတိုင် စည်းရုံးနိုင်မည်ဆိုပါက အကောင်းဆုံးပင် ဖြစ်ပေမည်။

လီချင်းဟွာက ချက်ချင်း ခေါင်းညိတ်ပြကာ "သိပြီ... ထိုက်ယန်တောင်အတွက်တော့ စိတ်ချပါ... ကျွန်တော်တို့တာဝန်သာ ထားလိုက်" ဟု ပြောလေသည်။

လင်းယွမ်က ခေါင်းညိတ် အသိအမှတ်ပြု၏။ ထို့နောက် တင်းယန်နှင့် ကျောက်ခိုင်တို့ကို သွားရှာပြီး သူ ခရီးထွက်မည့် အစီအစဉ်ကို ပြောပြခဲ့သည်။

တင်းယန်က ချက်ချင်းပင် "ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်" ဟု ဆိုသည်။

လင်းယွမ်က ခေါင်းခါလျက် "မရဘူး... ထိုက်ယန်တောင်မှာ အခု ထိပ်တန်း တိုက်ခိုက်ရေးအင်အား လိုအပ်နေတယ်... လောလောဆယ် နင်ရယ်... ကျောက်ခိုင်ရယ်... ပြီးတော့ လီချင်းဟွာရယ်က ထိုက်ယန်တောင်ရဲ့ အမြင့်ဆုံး တိုက်ခိုက်ရေးအင်အားတွေပဲ... သွားလို့ လုံးဝ မဖြစ်ဘူး"

"ပြီးတော့ ဆုန့်ဝမ်... တုံယန်... ဒေါက်တာရန် နဲ့ ရှီဟိုင်ကျူးတို့ အဖွဲ့လည်း မကြာခင် မျိုးရိုးဗီဇမျိုးစေ့ကို စတင် စုစည်းကြတော့မှာဆိုတော့ ပေါ့ဆလို့ မရဘူးလေ"

"ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ထိုက်ယန်တောင်ကို စောင့်ရှောက်ဖို့ နင်တို့တွေ လိုအပ်တယ်"

"ဒါပေမဲ့ ရှင် တစ်ယောက်တည်းဆိုတော့..."

လင်းယွမ်က လက်ကာပြရင်း ပြုံးကာ "ငါ တစ်ယောက်တည်းက သွားချင်တဲ့အချိန်သွား ပြန်ချင်တဲ့အချိန် ပြန်လို့ရတာပဲ... နင်က ငါ့ကို စိတ်မချသေးဘူးလား"

"ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ ငါ့ကို ယှဉ်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ"

တင်းယန်သည် နှုတ်ခမ်းရဲရဲလေးကို ကိုက်ကာဖြင့် လက်မှိုင်ချသွားတော့သည်။

လင်းယွမ်၏ စွမ်းဆောင်ရည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းမှန်း သူမ သေချာပေါက် သိထားသော်လည်း သူနှင့်အတူ အပြင်ထွက်ကာ စွန့်စားချင်မိသည်မှာ အမှန်ပင်။

သို့သော် ယခုအချိန်တွင် ထိုက်ယန်တောင်၌ အစောင့်အရှောက်အဖြစ် ထိပ်တန်းအစွမ်းပိုင်ရှင်များ တကယ်လိုအပ်နေကြောင်းကိုလည်း သူမ နားလည်ထားပေသည်။

လက်ရှိတွင် သူတို့ အနည်းငယ်သာ မျိုးရိုးဗီဇမျိုးစေ့အဆင့်သို့ ရောက်ရှိနေသေးရာ သူတို့ပါ ထွက်သွားမည်ဆိုလျှင် အပြင်မှ မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင် တစ်ယောက်ယောက် ရောက်လာရုံဖြင့် ထိုက်ယန်တောင်ကို ခြိမ်းခြောက်နိုင်သွားပေလိမ့်မည်။

"ဟူး... ဒီရေပေါ်ကျွန်းက စောစောလည်း ပေါ်မလာ နောက်ကျမှလည်း ပေါ်မလာဘဲ ဒီအချိန်ကျမှ အချိန်ကိုက် လာပေါ်နေရတယ်လို့"

"နောက်ထပ် ရက်အနည်းငယ်လောက် အချိန်ရလို့ ဆုန့်ဝမ်တို့ မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို ရောက်သွားခဲ့ရင် ကျွန်မလည်း ရှင့်နောက် လိုက်လို့ရပြီလေ"

လင်းယွမ်က ရယ်မောလျက် "သူတို့တွေ အဆင့်တက်သွားရင်တောင် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရဲ့ တိုက်ခိုက်ရေးအင်အားကို ရင်းနှီးကျွမ်းဝင်အောင်နဲ့ အခြေအနေ တည်ငြိမ်သွားအောင် အချိန်ယူရဦးမှာပဲ... အဲဒီတော့ နင်တို့က ထိုက်ယန်တောင်မှာ ဆက်နေပြီး စောင့်ကြည့်ပေးဖို့ လိုသေးတယ်" ဟု ပြောပြသည်။

ကျောက်ခိုင်ကမူ ဘာမှ ဝင်မပြောချေ။ သူလည်း ရင့်ကျက်လာပြီ ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်ကတည်းက သူသည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေပြီဖြစ်ရာ ယခုတစ်ကြိမ်တွင်လည်း ချွင်းချက် ရှိမည်မဟုတ်ပေ။

အရာအားလုံးကို စနစ်တကျ စီစဉ်ပြီးနောက် လင်းယွမ်သည် အမြန်လှေတစ်စီးကို စီးကာ လင်ကျောင်းမြစ်အောက်ပိုင်းဆီသို့ အရှိန်ကုန် မောင်းနှင်ထွက်ခွာသွားလေသည်။

လင်ကျောင်းမြစ်၏ မြစ်အောက်ပိုင်းသည် လင်ကျောင်း စက်မှုဇုန်၏ အရှေ့ဘက်တွင် တည်ရှိပြီး မြို့တွင်းကို ဖြတ်သန်းကာ စက်မှုဇုန်ကို ကျော်လွန်မှသာ ရောက်ရှိနိုင်မည် ဖြစ်သည်။

ဖြတ်လမ်းမှ သွားမည်ဆိုလျှင်တောင် အကွာအဝေးအားဖြင့် မိုင် ၆၀ ခန့် ရှိပေမည်။

ကံကောင်းစွာဖြင့် အမြန်လှေ၏ အရှိန်က မနှေးလှပေ။ အမြန်ဆုံးအရှိန်ဖြင့် တစ်နာရီလျှင် မိုင် ၂၀ ကျော်နှုန်း မောင်းနှင်မည်ဆိုပါက နှစ်နာရီကျော်ကျော်ဖြင့် ရောက်ရှိနိုင်သည်။

သေချာသည်ကတော့ ဤသည်မှာ လမ်းတွင် အနှောင့်အယှက် မရှိပါမှ ဖြစ်သည်။

အမြန်လှေက မြို့တွင်းကို ဖြတ်သန်းပြီး စက်မှုဇုန်အနီးသို့ ရောက်ရှိလာသောအခါ လင်းယွမ်သည် ဤအနီးတစ်ဝိုက်ရှိ ရေပြင်ကို ရုတ်တရက် ရင်းနှီးနေသလို ခံစားမိသွားသည်။

"ဟင်... ဒါက မြို့တော်ကုန်သွယ်ရေးစင်တာနား မဟုတ်ဘူးလား"

လင်းယွမ်က မြေပုံကိုဖွင့်ကာ တစ်ချက် ကြည့်ရှုပြီးနောက် ချက်ချင်း သဘောပေါက်သွားသည်။

ရင်းနှီးနေသည်မှာလည်း အဆန်းမဟုတ်ပေ။ ပြီးခဲ့သည့်အကြိမ်က ကျန်းဇီယန်ကို လာရှာစဉ်က ဤနေရာသို့ သူ ရောက်ဖူးခဲ့သည်။

ထို့နောက် လင်းယွမ်သည် ဟွမ်ကွမ်းဇူ ရှိနေသော ခိုလှုံရေးစခန်းကို ရုတ်တရက် သတိရသွား၏။

ထူလုံနှင့် နို့ဖြူလေးတို့က ယခုအချိန်အထိ ထိုက်ယန်တောင်သို့ ပြန်မလာကြသေးပေ။ ထို့ကြောင့် ဝမ်လင်းအာ ဤနေရာမှ ဖြတ်သွားသည့်အခါ ထိုနှစ်ယောက်ကို ထိုက်ယန်တောင်သို့ ပြန်လာရန် သတိပေးခိုင်းခဲ့သေးသည်။

သို့ရာတွင် ဝမ်လင်းအာ ထွက်သွားသည်မှာ တစ်ပတ်ပင် ကြာခဲ့ပြီဖြစ်သော်လည်း ထိုနှစ်ယောက်က ပြန်မရောက်လာသေးချေ။

ထိုအချက်က လင်းယွမ်ကို တစ်ခုခု မှားယွင်းနေပြီဟု ခံစားမိစေသည်။

"ဒီ ဟွမ်ကွမ်းဇူရဲ့ ကိုယ်ထဲမှာ ငါ့ရဲ့ ကပ်ပါးမျိုးစေ့ကို စိုက်ပျိုးထားပြီးသားပဲ... ငါ့ကို သစ္စာဖောက်ရဲတဲ့အထိ သူ မမိုက်မဲလောက်ပါဘူး"

လင်းယွမ်က ဟွမ်ကွမ်းဇူထံရှိ ကပ်ပါးမျိုးစေ့၏ တည်နေရာကို တစ်ချက် အာရုံခံကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားတော့သည်။

"ဒီနားမှာ မရှိဘူးလား"

လင်းယွမ် အတန်ကြာ အာရုံခံကြည့်ရာ ဟွမ်ကွမ်းဇူ၏ မျိုးရိုးဗီဇမျိုးစေ့မှာ အနီးအနားတွင် မရှိကြောင်း တွေ့ရှိရလေသည်။

သူက အမြန်လှေကို မောင်းနှင်ကာ မြို့တော်ကုန်သွယ်ရေးစင်တာရှိရာသို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည်သွားသည်။

မကြာမီမှာပင် အမြန်လှေသည် မြို့တော်ကုန်သွယ်ရေးစင်တာသို့ ဆိုက်ရောက်လာ၏။

သို့သော် ယခုလက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံကြီး၏ အခြေအနေကို မြင်တွေ့ရသောအခါ လင်းယွမ်တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားရသည်။

မူလက မိုးထိမတတ် မြင့်မားလှသော ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံကြီးမှာ ယခုအခါ ထက်ဝက်ကျော် ပြိုကျပျက်စီးနေပြီး အပိုင်းအစငယ်လေး တစ်ခုသာ ရေပေါ်တွင် ကျန်ရစ်တော့သည်ကို တွေ့မြင်ရ၏။

ပြတ်တောက်သွားသော အဆောက်အအုံ အကြွင်းအကျန်ပေါ်တွင် အက်ကွဲကြောင်းများက အနှံ့အပြား ရှိနေသည်။

နံရံကြီးများမှာ ဧရာမအက်ကြောင်းကြီးများ အဖြစ် ကွဲအက်နေပြီး အတွင်းဘက်မှ သံမဏိချောင်းများကိုပင် မြင်နေရသည်။

လင်းယွမ်သည် ခန္ဓာကိုယ်ကို အပေါ်သို့ ခုန်ပျံကာ လေထဲတွင် လျင်မြန်စွာ ခြေလှမ်းလှမ်းရင်း ပြတ်တောက်နေသော အဆောက်အအုံ နံရံများအထက်သို့ ရောက်ရှိသွားသည်။

သူ အောက်သို့ ငုံ့ကြည့်ရာ အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးကာ ရှုပ်ပွနေပြီး အတွင်း၌ သွေးကွက်များနှင့် လူသေအလောင်းများ ပြန့်ကျဲနေသည်ကို မြင်တွေ့ရသည်။

လင်းယွမ်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ "ဒီမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်သွားတာပဲ... ဒီလောက် ပျက်စီးသွားရအောင် သန္ဓေပြောင်း သတ္တဝါတွေကြောင့်များလား"

လင်းယွမ်၏ မျက်နှာမှာ မှုန်ကုပ်သွားပြီးနောက် လှေကားထစ်များဆီသို့ ချက်ချင်း ဝင်ရောက်ကာ အမြန် ရှာဖွေလေတော့သည်။

သို့သော် အဆောက်အအုံတစ်ခုလုံးမှာ ပြင်းထန်စွာ ပြိုကျပျက်စီးနေသဖြင့် မည်သည့် အသက်ရှင်ကျန်ရစ်သူကိုမျှ မတွေ့ရဘဲ ပျက်စီးစုတ်ပြတ်နေသော အလောင်းများကိုသာ တွေ့ရှိရသည်။

လင်းယွမ် တစ်ပတ်ပတ်ကာ ရှာဖွေကြည့်သော်လည်း ရင်းနှီးသောသူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။

သူ သက်ပြင်းတစ်ချက် ချနိုင်သွားသည်။

"အလောင်းကို မတွေ့ရသေးရင် မျှော်လင့်ချက် ရှိသေးတယ်"

သူက အေးစက်နေသော ရေပြင်ကြီးကို တစ်ချက် ကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက် ရေထဲသို့ တိုက်ရိုက် ခုန်ဆင်းကာ စစ်ဆေးကြည့်လေသည်။

တကယ်ပင် ရေအောက်ကြမ်းပြင်တွင် ပြိုကျနေသော အဆောက်အအုံ အပျက်အစီးများ ရှိနေပေသည်။

လင်းယွမ်သည် ရေအောက်တွင် လျင်မြန်စွာ တစ်ပတ်ပတ်ကြည့်ရာ ထိုပြိုကျနေသော အဆောက်အအုံ အပျက်အစီးများကြားတွင်လည်း အလောင်းများစွာ ရှိနေသည်ကို မြင်တွေ့ရသည်။

အချို့က ကျောက်တုံးပိ၍ သေဆုံးသွားကြခြင်းဖြစ်ပြီး အချို့မှာမူ ထိုနေရာတွင် ပိတ်မိကာ ရေမွန်း၍ သေဆုံးသွားကြခြင်း ဖြစ်သည်။

ထိုစဉ် လင်းယွမ်၏ အကြည့်က တစ်နေရာ၌ ရပ်တန့်သွားပြီး ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်တွေ့သွားသည်။

ကျောက်တုံးဖိခံထားရသော အမျိုးသမီးကြီး တစ်ဦးမှာ ရေစိမ်ခံထားရသဖြင့် ခန္ဓာကိုယ် အနည်းငယ် ဖောင်းကားနေ၏။

သို့တိုင်အောင် ထိုသူမကို လင်းယွမ် မှတ်မိနေဆဲပင်။

ဝမ်ဖိန်...။

ယွမ်ဝေဝေ ဆိုသော ကောင်မလေး၏ မိခင်ဖြစ်ပြီး ကျန်းဇီယန်နှင့် အိမ်နီးချင်း ဖြစ်သူ အမျိုးသမီးပင်တည်း။

လင်းယွမ်သည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အလောင်းကို ကွင်းရှောင်ကာ ဆက်လက် ရှာဖွေလေတော့သည်။

သို့သော် ဟွမ်ကွမ်းဇူနှင့် ထူလုံတို့ကို ရှာမတွေ့သေးပေ။

ကြည့်ရသည်မှာ သူတို့ ဤနေရာမှ ထွက်ပြေးလွတ်မြောက်သွားပုံ ရသည်။

ဟွမ်ကွမ်းဇူ၏ အလင်းဓာတ်အသွင်ပြောင်းခြင်း အစွမ်းနှင့်ဆိုလျှင် ဤကဲ့သို့သော အန္တရာယ်မျိုးက သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။

ထို့အပြင် နို့ဖြူလေးမှာ ထူလုံနှင့် အတူရှိနေပြီး ထူလုံ၏ တက်တူးဝိညာဉ်အစွမ်းသည် ရေ၊ ကုန်း၊ လေ ပတ်ဝန်းကျင် အခြေအနေမျိုးစုံနှင့် လိုက်လျောညီထွေ ဖြစ်နိုင်သဖြင့် နို့ဖြူလေးကို ခေါ်ကာ ဤနေရာမှ ထွက်ပြေးရန် ပြဿနာ သိပ်မရှိနိုင်ချေ။

သို့သော် လင်းယွမ် သိချင်နေသည်က ဤနေရာတွင် တကယ်တမ်း ဘာတွေများ ဖြစ်ပျက်သွားသနည်း ဆိုသည်ကိုပင်။

"ရေနတ်ဘုရားဂိုဏ်းကများ နောက်ပိုင်းမှ လာရှာပြီး ပြဿနာ ရှာသွားတာများလား"

"ရေနတ်ဘုရားဂိုဏ်းရဲ့ မိုးကြိုးအမြောက်က စွမ်းအားမသေးဘူးဆိုတော့ မြို့တော်ကုန်သွယ်ရေးစင်တာကို တိုက်ရိုက် ပစ်ခတ်ဖျက်ဆီးပစ်နိုင်လောက်တယ်"

လင်းယွမ်သည် အတွေးများ ဖြတ်ပြေးသွားပြီးနောက် လှေပေါ်သို့ ပြန်တက်ကာ အမြန်လှေကို စီးလျက် ဟွမ်ကွမ်းဇူ၏ ကပ်ပါးမျိုးစေ့ကို ဆက်လက် အာရုံခံနေ၏။

"ကပ်ပါးမျိုးစေ့ ရှိနေသေးတယ်ဆိုတာ ဟွမ်ကွမ်းဇူ အသက်ရှင်နေသေးတယ်ဆိုတဲ့ သဘောပဲ"

"ထူလုံနဲ့ နို့ဖြူလေးကရော သူနဲ့ အတူတူ ရှိနေမလား မသိဘူး"

အမြန်လှေသည် လှိုင်းတံပိုးများကို ခွဲထွက်လျက် လျင်မြန်စွာ ပြေးလွှားနေပြီး လေထုထဲရှိ အေးစက်သော မိုးရေစက်များအကြား ရောနှောပါဝင်နေသည့် ဆီးနှင်းပေါက်များကိုပါ ခံစားနေရသည်။

ယနေ့ အပူချိန်မှာ မနေ့ကထက် ပို၍ ကျဆင်းနေကြောင်းကို လင်းယွမ် ရှင်းလင်းစွာ ခံစားသိရှိနေ၏။

"ဒီဆောင်းရာသီမှာ ဘယ်လောက်တောင် လူတွေ အသေအပျောက် များဦးမလဲ မသိဘူး"

တစ်နာရီကြာပြီးနောက် လင်းယွမ်၏ အမြန်လှေမှာ အရှိန်လျော့ကျသွားသည်။

သူ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး အဆုံးအစမထင် ကျယ်ပြောလှသော ရှေ့မှ ရေပြင်ကျယ်ကြီးကို လှမ်းကြည့်လေသည်။

"ဒီဘက်ဆိုရင် လင်ကျောင်းမြစ်အောက်ပိုင်း မြစ်ဝကို ရောက်တော့မှာပဲ"

"ဟွမ်ကွမ်းဇူရဲ့ ကပ်ပါးမျိုးစေ့ တည်နေရာက ဘာလို့ ဒီကို ရောက်နေရတာလဲ"

လင်းယွမ် အံ့ဩသွားပြီး အတွေးတစ်ချက် ရိပ်ခနဲ ဝင်လာသည်။ "ဟွမ်ကွမ်းဇူကရော ရေပေါ်ကျွန်းကို လာလုဖို့ ရည်ရွယ်ထားတာများလား"

သူသည် ကပ်ပါးမျိုးစေ့၏ တည်နေရာကို အာရုံခံရင်း တုံ့ဆိုင်းမနေဘဲ လင်ကျောင်းမြစ်အတွင်းသို့ ဝင်ရောက်သွားလေသည်။

ယခုအခါ ရေကြီးမှုကြောင့် မည်သည့်နေရာက မြစ်ကြောင်း၊ မည်သည့်နေရာက မြို့တော် ဖြစ်သည်ကို လုံးဝ ခွဲခြား၍မရနိုင်တော့ပေ။

သို့သော် ဤနေရာရှိ ရေပြင်မှာ အဆုံးအစမရှိ ကျယ်ပြောလှပြီး အထပ်မြင့် အဆောက်အအုံ တစ်ခုမျှ မရှိတော့ရာ လင်ကျောင်းမြစ်ကြောင်းအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သေချာသလောက်ပင်။

ရှေ့သို့ ဆက်လက် သွားလာရင်း မကြာမီမှာပင် လင်းယွမ် အာရုံခံထားသော ကပ်ပါးမျိုးစေ့၏ တည်နေရာနှင့် တဖြည်းဖြည်း နီးကပ်လာသည်။

မိနစ် ၂၀ ခန့် ကြာသောအခါ ရှေ့ဘက်ရှိ ကောင်းကင်ယံမှာ အကြောင်းရင်း မယ်မယ်ရရမရှိဘဲ မှောင်မည်းလာသည်ကို သူ မြင်တွေ့ရ၏။

ထိုကောင်းကင်တစ်ခွင်လုံးမှာ ထူထဲသော မိုးတိမ်မည်းကြီး ဖုံးလွှမ်းသွားသည့်အလား မှောင်မိုက်နေလေသည်။

အလင်းရောင် အားလုံးကို စုပ်ယူသွားသည့် အနက်ရောင် တွင်းပေါက်ကြီးတစ်ခု ရှိနေသည့်အလား ထင်မှတ်ရသည်။

ထိုအမှောင်ထုကြီး၏ အပြင်ဘက်တွင်မူ လှေသင်္ဘော အမြောက်အမြား ဆိုက်ကပ်ထားသည်။

ဟွမ်ကွမ်းဇူ၏ ကပ်ပါးမျိုးစေ့သည် ထိုလှေများအနက်မှ တစ်စီးပေါ်တွင် ရှိနေကြောင်း လင်းယွမ် အာရုံခံသိရှိရ၏။

"ဒါ ဘာကြီးလဲ"

လင်းယွမ် အနည်းငယ် အံ့အားသင့်သွားသည်။ ထိုအမှောင်ထုကြီးမှာ အတိုင်းအဆမရှိ ကြီးမားလှပြီး ကောင်းကင်ကို ဖုံးကွယ်ကာ ရေပြင်ထက်တွင် အုပ်မိုးနေသည်။

ရုတ်တရက် ကြည့်လိုက်လျှင် ကောင်းကင်နှင့် မြေကြီးကြားတွင် အနက်ရောင် ပိတ်စကြီး လွှမ်းခြုံထားသကဲ့သို့ ပုံပေါ်နေ၏။

လင်းယွမ်၏ အကြည့်များက အနီးအနားရှိ သင်္ဘောများဆီသို့ ရောက်သွားပြီး လင်းယွီကျွန်းကို လိုက်လံ ရှာဖွေလေသည်။

သို့သော် တစ်ပတ်ပတ်ကာ ကြည့်ရှုပြီးသော်လည်း လင်းယွီကျွန်းကို မတွေ့ရဘဲ အနီးအနားတွင် ကြီးငယ်မဟူ လှေသင်္ဘောများသာ ဆိုက်ကပ်ထားသည်ကို တွေ့ရသည်။

လင်းယွမ်၏ အမြန်လှေမှာ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ သို့သော် ထိုရေပြင်အနီးသို့ အပြည့်အဝ ဝင်ရောက်သွားနိုင်ခြင်း မရှိသေးပေ။

မလှမ်းမကမ်းရှိ လှေငယ်တစ်စီးပေါ်မှ လေကိုခွဲထွက်လာသော အသံတစ်သံနှင့်အတူ ရုတ်တရက် တစ်စုံတစ်ခု ပစ်ခတ်လာသည်ကို မြင်တွေ့ရသည်။

"ဝှစ်"

စူးရှကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက် လင်းယွမ် မျက်ခုံးပင့်သွားကာ ရေမြှားတစ်စင်း တဟုန်ထိုး ပစ်ခတ်လာသည်ကို မြင်တွေ့ရလေသည်။

လင်းယွမ် ထိုအခြေအနေကို မြင်သောအခါ မျက်နှာအမူအရာ အနည်းငယ် တင်းမာသွားပြီး လက်တစ်ချက် ဝှေ့ယမ်းလေ၏။

"ရွှပ်"

အားကောင်းလှသော စိတ်စွမ်းအင်သည် မျက်စိတစ်မှိတ်အတွင်း လေပြင်ကို ဖောက်ထွက်သွားပြီး ထိုရေမြှားအပေါ်သို့ အပြင်းအထန် ရိုက်ချလေသည်။

"ဝုန်း"

ရေမြှားမှာ ပေါက်ကွဲထွက်သွားပြီး ရေစက်ရေပေါက်များအဖြစ် အရပ်လေးမျက်နှာသို့ ပြန့်ကျဲကျဆင်းသွားသည်။

ထိုလှေငယ်ပေါ်မှ မုတ်ဆိတ်မွေးအရှည်ကြီးနှင့် လူလတ်ပိုင်း တစ်ယောက် ထွက်ရပ်လာပြီး အေးစက်စက် ရယ်မောကာ "စိတ်စွမ်းအင်လား... ငါ့ရဲ့ တိုက်ကွက်ကို ကာကွယ်နိုင်တယ်ဆိုတော့ မင်းကလည်း မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်ပဲ ဖြစ်ရမယ်" ဟု ဆိုသည်။

"ဟေ့ကောင်... မင်းက ဘယ်အဖွဲ့အစည်းကလဲ"

လင်းယွမ်၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားပြီး ရှေ့ရှိ ကြီးငယ်မဟူ လှေသင်္ဘောများကို တစ်ချက် အကဲခတ်ကာ အေးအေးဆေးဆေးပင် "မင်း အပူပါလို့လား" ဟု တုံ့ပြန်သည်။

မုတ်ဆိတ်မွေးနှင့် လူက ချက်ချင်း မျက်လုံးပြူးသွားပြီး အေးစက်သော လေသံဖြင့ "ခွေးမသား... ဒီလောက်တောင် ရောင့်တက်ရဲရအောင်... ငါ ဘယ်သူလဲဆိုတာ မင်း သိလို့လား... "

ဘေးနားမှ လူတစ်ယောက်က ချက်ချင်း ဝင်ထောက်ခံကာ "ဟေ့ကောင်... အခု မင်းရှေ့မှာ ရပ်နေတာက ငါတို့ ပေါက်ဆန်းမြို့ရဲ့ အကြီးဆုံး ခိုလှုံရေးစခန်းက အဝေးပြေးသင်္ဘောရဲ့ သင်္ဘောမှူးပဲ... စကားပြောတာ ဆင်ခြင်စမ်း" ဟု ကြိမ်းမောင်းလေသည်။

အခြားတစ်ယောက်ကလည်း "ဒီနေရာက မင်းတို့လို အသက်ရှင်ကျန်ရစ်သူတွေ ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်ထားတယ်... အမြန်လစ်လိုက်တော့" ဟု ဝင်ပြောသည်။

လူအနည်းငယ် စကားပြောနေသည့် အချိန်လေးအတွင်းမှာပင် လင်းယွမ် သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်သည်။

ရေပေါ်ကျွန်း ပေါ်လာသည်နှင့် အနီးတဝိုက်ရှိ နာမည်ကြီး အသက်ရှင်ကျန်ရစ်သူ အဖွဲ့အစည်း အားလုံး ရောက်လာကြခြင်း ဖြစ်ပေမည်။

တစ်စုံတစ်ယောက်သော ကံထူးရှင်က ရေပေါ်ကျွန်း၏ နှလုံးအမြူတေကို အလွယ်တကူ ဝင်ရောက် ကျင့်ကြံသန့်စင်သွားမည်ကို စိုးရိမ်သဖြင့် ထိုလူများက ဤရေပေါ်ကျွန်းကို ဝိုင်းရံထားပြီး တစ်သီးပုဂ္ဂလ ဝင်ထွက်သွားလာမှုများကို ကန့်သတ်ထားခြင်းပင် ဖြစ်လေတော့သည်။

ဆက်ရန်...

All Chapters