← Chapters

အခန်း (၅၃၃-၅၃၄)

Vol. 27 Ch. 533-534

အခန်း (၅၃၃-၅၃၄)

Vol. 27 Ch. 533-534

အပိုင်း (၅၃၃) အားလုံး၏ အာရုံစိုက်ခံရခြင်း

ကမ္ဘာ့ရေလွှမ်းမိုးမှုကြီး မတိုင်ခင်က အင်တာနက်ပေါ်မှာ ခေတ်စားခဲ့တဲ့ စကားတစ်ခွန်း ရှိခဲ့သည်။

"လယ်စိုက်တာကသာ ပိုက်ဆံရတဲ့အလုပ်ဆိုရင် လယ်သမားတွေအတွက် စိုက်စရာမြေ ရှိလာတော့မှာ မဟုတ်ဘူး" ဟူ၍ပင်။

အကျိုးအမြတ် အနည်းငယ်ရနိုင်သည့် ကိစ္စမှန်သမျှကို အာဏာရှိ၊ သြဇာရှိသူများကသာ မောင်ပိုင်စီးသွားတတ်ကြစမြဲ ဖြစ်လေသည်။

ရေလွှမ်းမိုးမှု ကပ်ဘေးကြီး ကျရောက်ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ ခေတ်ဟောင်းက အင်အားစုကြီးများ အားလုံး အကြီးအကျယ် ရှင်းလင်းခံလိုက်ရသည်။

တကယ်တမ်းဆိုရလျှင် ဤအချိန်က သာမန်လူများအတွက် အလွယ်တကူ ခေါင်းထောင်ထနိုင်သည့် အချိန်ကောင်းပင် ဖြစ်၏။

သို့သော် သာမန်လူများက သာမန်လူများအဖြစ်သာ ဆက်လက် ရပ်တည်နေရခြင်းမှာ အခွင့်အရေး မရှိ၍ မဟုတ်ဘဲ ရဲရင့်သော သတ္တိနှင့် ကြိုတင်မြင်နိုင်စွမ်း မရှိသောကြောင့်သာ ဖြစ်နိုင်ချေ ပိုများပေသည်။

ဥပမာအားဖြင့် အစောပိုင်းက မိန်တုဥယျာဉ်တွင် ပိတ်မိနေခဲ့သော လူစုကို ကြည့်လျှင် သိနိုင်သည်။

လင်းယွမ်ကသာ မိန်တုဥယျာဉ်မှ ရဲရဲဝံ့ဝံ့ ထွက်ခွာလာပြီး ဖောင်ဖွဲ့ကာ မိမိ၏ သက်တောင့်သက်သာ ဇုန်မှ ရုန်းထွက်လျက် အနာဂတ် မသေချာသော ထိုက်ယန်တောင်သို့ သွားရောက် စွန့်စားခဲ့ခြင်း ဖြစ်သည်။

အခြားသူများကရော။ အများစုက တိုက်ထဲတွင်သာ ပုန်းအောင်းနေပြီး ကယ်ဆယ်ရေးကိုသာ ထိုင်စောင့်နေခဲ့ကြသည် မဟုတ်လော။

ရန်လိုခိုက်ရန်ဖြစ်တတ်ပြီး လူသတ်၊ ရိက္ခာလုရဲသော လူတချို့လည်း ရှိခဲ့ပါသည်။

သို့သော် သူတို့ကို အပြင်ထွက်ပြီး ရေလွှမ်းမိုးမှုကို ရင်ဆိုင်ခိုင်းသည့်အခါတွင်မူ ကြောက်ရွံ့ နောက်တွန့်သွားကြပြန်သည်။

ထိုသို့သောသူများကို အမှန်တကယ် သတ္တိရှိသူများဟု သတ်မှတ်၍ မရနိုင်ပေ။

သို့သော် ရေလွှမ်းမိုးမှု ကပ်ဘေးကြီးက အချိန်ကြာလာသည်နှင့်အမျှ လူသားများကလည်း ကပ်ဘေးခေတ်၏ အရှိန်အဟုန်နှင့် တဖြည်းဖြည်း ကျင့်သားရလာခဲ့ကြသည်။

ယခုအခါတွင်မူ အင်အားစု အသစ်များက မိုးဦးကျ မှိုများပေါက်လာသကဲ့သို့ အလျင်အမြန် ပေါ်ထွက်လာကြလေပြီ။

သမိုင်းဆိုသည်မှာလည်း တစ်ခေါက်ပြီးတစ်ခေါက် လည်ပတ်နေသော သံသရာတစ်ကွေ့သာ ဖြစ်သည်။

ဤအင်အားစုများသည်လည်း အကောင်းဆုံး သယံဇာတများကို သိမ်းပိုက်ကြမည်ဖြစ်ပြီး အခြေခံလူတန်းစားများ အထက်သို့ တက်လှမ်းနိုင်မည့် လမ်းကြောင်းကို ဟန့်တားကြမည်မှာ အသေအချာပင်။

လင်းယွမ်က ထိုလူစုကို အေးစက်စက် ကြည့်နေရင်း ရင်ထဲတွင် ဖော်ပြ၍မရနိုင်အောင် ရွံရှာမုန်းတီးနေမိတော့သည်။

"ငါသုံးအထိ ရေမယ်... ငါ့ရှေ့က အခုချက်ချင်း ထွက်သွားကြ... ဒါဆို မင်းတို့မရှိခဲ့ဘူးလို့ သဘောထားပေးမယ်"

ထိုစကားကို ကြားသောအခါ မုတ်ဆိတ်ကြီးတို့ သုံးယောက်လုံး ဒေါသတကြီး ဖြစ်သွားကြသည်။

"တောက်... မင်းက သေချင်နေတာလား"

"သေလမ်းရှာနေတာပဲ"

မုတ်ဆိတ်ကြီးအနီးရှိ လူနှစ်ယောက်က ချက်ချင်း ဆဲရေးတိုင်းထွာလိုက်ကြပြီး ထိုအထဲမှ တစ်ယောက်က စကားပိုမပြောတော့ဘဲ ရွှေရောင် ဓားရှည်တစ်လက်ကို ဆွဲထုတ်ကာ အော်ဟစ်လိုက်၏။ "သူ့ကို ရှင်းလိုက်"

နောက်တစ်ခဏတွင် သူက အပေါ်သို့ ခုန်တက်လိုက်ပြီး လင်းယွမ်၏ လှေပေါ်သို့ တိုက်ရိုက် ခုန်ဆင်းရန် ပြင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရွှေရောင်ဓားကို မြင့်မြင့်မြှောက်ကာ တောင်ကိုခွဲမည့်အလား ပြင်းထန်သော အားဖြင့် လင်းယွမ်၏ အမြန်လှေဆီသို့ ခုတ်ချလိုက်သည်။

သူ၏ ရွှေရောင်ဓားပေါ်မှ ရွှေရောင်အလင်းတန်းများက ဧရာမ ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရပေသည်။

ဤသူက ရွှေဓာတ် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်နေသည်။

ထို့အပြင် တစ်ဖက်လူ၏ ဓားသည်လည်း သာမန် လက်နက်တစ်ခု မဟုတ်ဘဲ သန္ဓေပြောင်း အစွမ်းလက်နက် တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှ၏။

"ဝှစ်"

ဓားရှည်က လေထုကို ခွဲထုတ်သွားပြီး စူးရှသော အသံကြီး ထွက်ပေါ်လာသည်။

ထိုအချိန်မှာပင် မုတ်ဆိတ်ကြီးကလည်း စတင် လှုပ်ရှားလေသည်။ သူက လက်နှစ်ဖက်ကို အားကုန် ဝှေ့ယမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရေလှိုင်းများ ဆူပွက်လာပြီး ဧရာမလှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲကာ လင်းယွမ်၏ အမြန်လှေကို မှောက်ချရန် တရှိန်ထိုး လိမ့်တက်လာတော့သည်။

အခြားတစ်ယောက်ကမူ လျှပ်စီးအလား မြန်ဆန်သော ကိုယ်နေဟန်ထားဖြင့် ရေပြင်ပေါ်တွင် ခြေချကာ မုန်တိုင်းတစ်ခုလို တဟုန်ထိုး ပြေးဝင်လာသည်။

သူက အလျင် အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်သည်။

သုံးယောက်သား တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြပြီး သူတို့အားလုံးတွင် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိသော တိုက်ခိုက်ရေးစွမ်းအားများ ကိုယ်စီ ရှိနေကြသည်။

သာမန် အစွမ်းပိုင်ရှင် တစ်ယောက်သာဆိုလျှင် ဤသုံးယောက်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရပါက သေချာပေါက် အလဲလဲအကွဲကွဲ ဖြစ်သွားပေလိမ့်မည်။

နှမြောစရာကောင်းသည်မှာ သူတို့ ရင်ဆိုင်ရသူက လင်းယွမ် ဖြစ်နေခြင်းပင်။

လင်းယွမ်က အမြန်လှေပေါ်တွင် မတ်တတ်ရပ်လျက် အေးစက်စက် တစ်ချက် ပြုံးလိုက်သည်။

နောက်တစ်ခဏတွင် သူက လေထဲရှိ ရွှေရောင် ဓားစွမ်းအင်ဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်၏။

ချက်ချင်းပင် သူ၏ လက်သီးပေါ်မှ လက်သီးစွမ်းအင်များ ပေါက်ကွဲထွက်သွားပြီး လေထုတစ်ခုလုံး ထိုလက်သီးချက်ကြောင့် အလွှာလိုက် လှိုင်းတံပိုးများသဖွယ် တုန်ခါသွားတော့သည်။

မီးခိုးရောင် လေစီးကြောင်းများက သူ၏ လက်သီးမျက်နှာပြင် ပတ်လည်တွင် ရူးသွပ်စွာ ပေါက်ကွဲ လွင့်စင်သွားကြသည်။

ကြီးမားလှသော ရိုက်ခတ်မှု လှိုင်းလုံးကြီးအောက်တွင် လေထုတစ်ခုလုံး ချိုင့်ဝင်သွားသည့်အလား ဖြစ်သွားရလေသည်။

"ဝုန်းးးး"

ရွှေရောင် ဓားစွမ်းအင်နှင့်အတူ ထို ရွှေဓာတ် အစွမ်းပိုင်ရှင်သည် လေထဲတွင် လက်သီးစွမ်းအင်၏ ဖိချေမှုကို အရှင်လတ်လတ် ခံလိုက်ရပြီး အစတုံး ပေါက်ကွဲသွားလေတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးမှုန်များနှင့် အသားစများအဖြစ်သို့ ပြောင်းလဲသွားကာ "ဖောင်း" ခနဲ အသံနှင့်အတူ လေထဲတွင် လွင့်စင် ပျောက်ကွယ်သွားသည်။

မုတ်ဆိတ်ကြီး၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ထိတ်လန့်ကြောက်ရွံ့မှုများ ထင်ဟပ်လာသည်။

ထိုလက်သီးစွမ်းအင်က အနည်းငယ်မျှ ရပ်တန့်မသွားဘဲ အားအင်မလျော့ကျသည့်အပြင် "ဝုန်း" ခနဲ အသံနှင့်အတူ သူ၏ လှေငယ်ပေါ်သို့ပါ ကျရောက်လာခဲ့သည်။

နောက်တစ်စက္ကန့်တွင် ထိုသစ်သားလှေလေးမှာ အသံကျယ်ကြီးနှင့်အတူ ပေါက်ကွဲသွားပြီး အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

လင်းယွမ်၏ အမြန်လှေအနီးသို့ ရောက်လုနီးပါး ဖြစ်နေသော ထို အလျင် အမျိုးအစား အစွမ်းပိုင်ရှင်မှာ ခြေလှမ်းများ အနည်းငယ် ယိုင်နဲ့သွားသည်။

ထို့နောက် သူက ပို၍ မြန်ဆန်သော အလျင်ဖြင့် လင်းယွမ်၏ အမြန်လှေကို ရုတ်တရက် ရှောင်ကွင်းသွားကာ ရေလှိုင်းများပေါ်မှ နင်း၍ အဝေးသို့ တဟုန်ထိုး ထွက်ပြေးသွားတော့၏။

သူသည် လမ်းမှားသွားသော ကလေးတစ်ယောက်လိုပင် အတင်းအဓမ္မ လမ်းကြောင်းပြောင်းကာ အသက်လု ထွက်ပြေးသွားခြင်း ဖြစ်သည်။

မုတ်ဆိတ်ကြီးသည်လည်း လှေပေါက်ကွဲသွားသည့် အခိုက်အတန့်မှာပင် ရေထဲသို့ ချက်ချင်း ခုန်ချကာ ပုန်းရှောင်သွားခဲ့သည်။

လင်းယွမ်က ရေပြင်ကို အေးစက်စက် တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း ထိုအရေးမပါသည့်သူများကို လိုက်လံ သတ်ဖြတ်ခြင်း မပြုတော့ပေ။

သူက အမြန်လှေကို တိုက်ရိုက် စက်နှိုးလိုက်ပြီး အနက်ရောင် ရေပေါ်ကျွန်းဆီသို့ အလျင်အမြန် ချဉ်းကပ်သွားလေသည်။

ဤရေပေါ်ကျွန်းမှာ အလွန် ထူးခြားလှပြီး လင်းယွမ်အနေဖြင့် ဤမျှ ထူးဆန်းသော ရေပေါ်ကျွန်းမျိုးကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

လင်းယွမ်၏ လှေ ချဉ်းကပ်လာသည်နှင့်အမျှ အနီးအနားရှိ သင်္ဘောကြီးများပေါ်မှ လူအများအပြားက ဘေးတစောင်း ကြည့်လာကြပြီး တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လွင်နေကြသည်။

တစ်ယောက်တည်း သီးသန့် ဝင်ရောက်လာသူ ရှိလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။

ရှေ့ဘက်ရှိ အပြာရောင် အလံလွှင့်ထူထားသော သင်္ဘောကြီးတစ်စင်းပေါ်တွင် ဩဇာကြီးမားပုံရသော လူလတ်ပိုင်း တစ်ဦးသည် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်မှန်တပ်လျက် လင်းယွမ်ဘက်သို့ လှည့်ကြည့်လာသည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး "ဒီလူက ဘယ်ကရောက်လာတာလဲ... ဟူဟိုင်မင်တို့က သူ့ကို ဘာလို့ မတားထားတာလဲ"

သူ၏ ဘေးနားရှိ မိန်းမတစ်ယောက်က ပတ်ဝန်းကျင်ကို ချက်ချင်း အကဲခတ်လိုက်ပြီး တစ်ချက် မေးမြန်းလိုက်သည်။

မကြာမီ တပည့်တစ်ယောက် ပြေးလာပြီး တိုးတိုးလေး ပြောလိုက်၏။ "တောင်ကြားသခင်... ဟူဟိုင်မင်ရဲ့ လှေက ပေါက်ကွဲသွားပြီ... ဟူဟိုင်မင်လည်း ဘယ်ရောက်သွားမှန်း မသိတော့ဘူး... ဒီလူက တိုက်ခိုက်လိုက်လို့ ရေထဲကို ထွက်ပြေးသွားပုံရတယ်... အခုထိ ပြန်ပေါ်မလာသေးဘူး"

ထိုစကားကို ကြားသောအခါ အနောက်တိုင်းဝတ်စုံနှင့် လူလတ်ပိုင်းမှာ မျက်ခုံးပင့်သွားပြီး လင်းယွမ်ကို ပြန်ကြည့်လိုက်ချိန်တွင် သူ၏ မျက်ဝန်းထဲ၌ ထူးခြားသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။ "စိတ်ဝင်စားစရာပဲ... ကြည့်ရတာ တော်တော်စွမ်းပုံရတယ်"

ထိုသို့ပြောရင်း သူက လက်လှမ်းကာ သူ၏ မျက်မှန်ကို တစ်ချက် ပွတ်သပ်လိုက်သည်။

မျက်မှန်မှန်ဘီလူးလေး အနည်းငယ် လက်သွားသည်ကို မြင်လိုက်ရပြီး နောက်တစ်ခဏတွင် ထိုအနောက်တိုင်းဝတ်စုံနှင့် လူ၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

ဘေးနားရှိ အခြားလူအချို့က ဤမြင်ကွင်းကို မြင်သောအခါ အသီးသီး စပ်စုချင်စိတ်များ ဖြစ်ပေါ်လာကြသည်။

လူတိုင်းကလည်း မသိစိတ်၏ စေ့ဆော်မှုအရ အိတ်ကပ်ထဲမှ မှန်ဘီလူးများကို လက်လှမ်းနှိုက်ယူကာ မျက်စိတွင် တပ်ဆင်လိုက်ပြီး လင်းယွမ်ကို ကြည့်လိုက်ကြသည်။

ထိုသို့ ကြည့်လိုက်မိသည်နှင့် လူအားလုံး၏ မျက်နှာများမှာ ရုတ်ချည်း ပြောင်းလဲသွားကြလေသည်။

"၉၂ မှတ်"

"မြတ်စွာဘုရား... ဒီလူက ဘယ်သူလဲ... အဓိက အရည်အသွေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြင့်နေရတာလဲ"

"ကြောက်စရာကောင်းလိုက်တာ... သူ ဘယ်လိုများ လေ့ကျင့်ထားလို့ အဓိက အရည်အသွေးက ၉၂ မှတ် အထိတောင် ရောက်နေရတာလဲ"

"တောက်... ဒါသာမန်လူမှ မဟုတ်တာ"

ခဏချင်းမှာပင် လူအများအပြားမှာ တီးတိုးပြောဆိုလာကြပြီး အလွန်အမင်း တုန်လှုပ်နေကြသည်။

သူတို့ တပ်ဆင်ထားသော မျက်မှန်များမှာ စွမ်းအင်တိုင်းမျက်မှန်များ ဖြစ်ပြီး တစ်ဖက်လူ၏ သန္ဓေပြောင်းစွမ်းအင် ပြင်းအားကို စစ်ဆေးနိုင်စွမ်း ရှိပေသည်။

ဤသင်္ဘောတစ်စင်းတည်းသာ မကဘဲ အဝေးရှိ အခြားသော သင်္ဘော အသီးသီးကလည်း ဘေးတစောင်း လှမ်းကြည့်လာကြသည်။

အထူးသဖြင့် အရှေ့ဆုံးရှိ အနက်ရောင် နယ်မြေအစွန်အဖျားနှင့် နီးကပ်နေသော စစ်သင်္ဘောတစ်စင်းနှင့် အရပ်ဘက်သုံး ဧရာမ သင်္ဘောကြီး သုံးစင်းတို့ကလည်း ယခုအချိန်တွင် မျက်စိဒေါင့်ကပ် ကြည့်လာကြလေပြီ။

ထိုအထဲတွင် အပြာရောင် လှိုင်းတွန့်ပုံ အလံလွှင့်ထူထားသော သင်္ဘောတစ်စင်းပေါ်မှ ကပ်ရောဂါ ယဇ်ပုရောဟိတ် ဟန်ထိုက်ကလည်း လှမ်းကြည့်လာခဲ့သည်။

တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူ၏ သူငယ်အိမ်များ ချက်ချင်း ကျုံ့ဝင်သွားပြီး မျက်နှာမှာလည်း ရုတ်တရက် အလွန်အမင်း ဖြူရော်သွားတော့သည်။

သူက မသိစိတ်ဖြင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိပြီး နှုတ်ခမ်းများ တုန်ယင်လျက် "သူပဲ"

သင်္ဘောဦးပိုင်းရှိ အပြာရောင် ဝတ်ရုံဝတ် လူငယ်တစ်ဦးက ထိုစကားကို ကြားသောအခါ ဟန်ထိုက်ကို လှည့်ကြည့်ပြီး သံသယဖြင့် မေးလိုက်သည်။ "အဘိုးဟန်... ခင်ဗျား သိလို့လား"

ဟန်ထိုက်က အသက်ကို ဝအောင် ရှူသွင်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။ "သတိထား... ဒီလူက ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင် လင်းယွမ် ပဲ"

"ဘာ"

လူငယ်၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး ရုတ်တရက် လှည့်ကာ လင်းယွမ်ကို စိုက်ကြည့်လိုက်သည်။

သူက သူ၏ စွမ်းအင်တိုင်းမျက်မှန်ကို ချက်ချင်း တပ်ဆင်လိုက်ပြီး လင်းယွမ်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

မျက်မှန် မှန်ဘီလူးပေါ်တွင် တန်ဖိုးဂဏန်းများက အလျင်အမြန် ခုန်ပေါက် ပြောင်းလဲနေသည်။

မကြာမီမှာပင် သူ၏ မျက်နှာမှာ လုံးဝကို မည်းမှောင်သွားတော့၏။

"၉၂ မှတ် တဲ့... တကယ်ကြီးပဲ"

လူငယ်မှာ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားပြီး "ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းနေရတာလဲ... သူ... သူ ဘယ်လို လေ့ကျင့်ထားတာလဲ"

ဟန်ထိုက်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ငါလည်း နားမလည်ဘူး... ထိုက်ယန်တောင်လို နေရာမျိုးမှာ ခေတ်မီတဲ့ သန္ဓေပြောင်းစွမ်းအင် နည်းပညာတွေလည်း မရှိဘဲနဲ့... လေ့ကျင့်တာ ဘယ်လောက်ပဲ မြန်မြန်၊ ငါတို့ကို ဒီလောက်ကြီး အပြတ်အသတ် ဖြတ်ထားနိုင်စရာ အကြောင်းမရှိဘူး"

လူငယ်က မနေနိုင်ဘဲ ဝင်ပြောလိုက်၏။ "ကွမ်ဖူ တစ်ခုလုံးမှာ အဓိက အရည်အသွေး အမြင့်ဆုံးက အပေါ်ယံကြည့်ရင် စစ်တပ်က ဖုန်းကျန့်ကုန်း ပဲ... သူက ငြိမ်းချမ်းရေး လိုလားတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် အဆင့်ရှိတဲ့သူ ဆိုတော့ သယံဇာတ အရင်းအမြစ် အကုန်လုံးကို သူ့ဆီ ပုံအောပေးထားလို့သာ သူ့ရဲ့ အဓိက အရည်အသွေးက ၉၀ ကျော်သွားတဲ့ အခြေအနေကို ဖန်တီးနိုင်ခဲ့တာ"

"ဒါပေမဲ့ ဒီ လင်း ဆိုတဲ့လူက ဘာအားကိုးနဲ့ ဒီလောက် မြန်မြန် လေ့ကျင့်နိုင်ရတာလဲ"

ဟန်ထိုက်က လေးနက်စွာ ပြောလိုက်သည်။ "တိန့်ကျဲ... မင်း ဒီလူကို သတိထားသင့်တယ်... ငါတို့ ဂိုဏ်းကြီးသုံးခုက သူနဲ့ ရန်ငြိုးဖွဲ့ထားတာ ကြာပြီ... ဒီတစ်ခေါက် သူပါ ရောက်လာတာကို ကြည့်ရင် ဒီအမှောင်ဓာတ် ရေပေါ်ကျွန်းကို ရည်ရွယ်ပြီး လာတာ ဖြစ်ဖို့များတယ်"

တိန့်ကျဲက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း မေးလိုက်၏။ "ဒီလူက ဘယ်လို အမျိုးအစား အစွမ်းပိုင်ရှင်လဲ"

"ရေခဲဓာတ် ပဲ"

ဟန်ထိုက်က အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း သူ၏ ခန့်မှန်းချက်ကို ထုတ်ပြောလိုက်သည်။

အမှန်တကယ်ပင် လင်းယွမ်၏ ကြောက်မခန်းလိလိ စွမ်းအားများကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့စဉ်က သူသည် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်ကို မြင်ခဲ့ရသည်။

သူ့ကို အမှတ်ရဆုံး ဖြစ်စေခဲ့သည်မှာ လင်းယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော ရေခဲဓာတ် အစွမ်းပင် ဖြစ်လေသည်။

ရေဓာတ် အစွမ်းမှန်သမျှကို လုံးဝနီးပါး နှိမ်နင်းနိုင်စွမ်း ရှိသည်။

ထိုစကားကို ကြားသောအခါ တိန့်ကျဲ၏ မျက်မှောင်များ ပို၍ ကြုတ်သွားလေသည်။

"ရေခဲဓာတ် ဖြစ်နေတာကိုး"

အလွန် ဆိုးရွားသော သတင်းပင်။ အဘယ်ကြောင့်ဆိုသော် သူ တိန့်ကျဲ ကိုယ်တိုင်က ရေဓာတ် အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်နေသောကြောင့်တည်း။

သူ၏ ရေဓာတ် အစွမ်းက အနည်းငယ် ထူးခြားသော်လည်း ရေခဲဓာတ်၏ လွှမ်းမိုးခြင်းကို အထူး ခံရလွယ်နေသည်။

ဟန်ထိုက်၏ မျက်ဝန်းများတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာပြီး "မပူနဲ့... သူက မြေမိခင်ဂိုဏ်းရဲ့ သစ်တောဂိုဏ်းအုပ် လင်းကွမ်ချွန်းကို သတ်ထားတာဆိုတော့... ဒီတစ်ခေါက် မြေမိခင်ဂိုဏ်းက လာတဲ့သူက မြေမိခင်ဂိုဏ်းရဲ့ မြေရိုင်းစောင့်ကြည့်သူ ဖန်ဟောင် ပဲ" ဟု ပြောလိုက်သည်။

"ဖန် ဆိုတဲ့လူရဲ့ အဓိက အရည်အသွေးကလည်း မနိမ့်ဘူး... တကယ်လို့ လက်ပါရတော့မယ် ဆိုရင်တောင် ပူးပေါင်းပြီး တိုက်ခိုက်လို့ ရတယ်"

တိန့်ကျဲက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ဆက်ပြောသည်။ "ဝိညာဉ်စွမ်းအင်ဂိုဏ်း ကလည်း ပြီးခဲ့တဲ့ အကြိမ်က ကောင်စီဝင် တစ်ယောက် သေထားတာ... ဒီတစ်ခေါက်လည်း ကောင်စီဝင် နောက်တစ်ယောက် လာပြန်တယ်... အဲဒါကလည်း ဝိညာဉ်စွမ်းအင်ဂိုဏ်း ဆင့်ကဲပြောင်းလဲရေး ကောင်စီမှာ ခန့်မှန်းရအခက်ဆုံး ဖြစ်တဲ့ အရိပ် ကောင်စီဝင် တစ်ယောက်ပဲ"

"ဒီလူကိုလည်း ဆွဲဆောင်ပြီး အပေါင်းအပါ လုပ်လို့ ရနိုင်တယ်"

ဟန်ထိုက်က လေးနက်စွာ ပြောလိုက်၏။ "ဒီ အရိပ် ကောင်စီဝင်ကို သတိထားတာ အကောင်းဆုံးပဲ... ဒီလူက လာရင်လည်း အရိပ်အယောင် မပြဘူး၊ သွားရင်လည်း ခြေရာမကျန်ဘူး... အမှောင်ဓာတ် အစွမ်းပိုင်ရှင် ဖြစ်ဖို့ သေချာသလောက်ပဲ"

"အခု မျက်စိရှေ့က ရေပေါ်ကျွန်းကလည်း အမှောင်ဓာတ် ရေပေါ်ကျွန်း ဖြစ်နေတာ ထင်ရှားတယ်... သူ မရရအောင် ယူမှာ သေချာတယ်"

တိန့်ကျဲက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းတစ်ချက် ရှိုက်ကာ ပြောလိုက်သည်။ "ဒီမှာ ခုနစ်ရက်တောင် ပြည့်တော့မယ်... အထဲကို လူအုပ်စု ဆယ်စုကျော်လောက် ဝင်သွားတာတောင် အခုထိ ပြန်ထွက်မလာကြသေးဘူး... အထဲမှာ အတော်လေး အန္တရာယ်များလောက်တယ်"

"အခု ထိုက်ယန်တောင်က ကောင်ပါ ရောက်လာပြီဆိုတော့ ဒီတစ်ခေါက်တော့ တော်တော် ရှုပ်ထွေးသွားလောက်တယ်"

ဟန်ထိုက်က အေးစက်စက် ပြုံးလိုက်ပြီး "အရင်တုန်းက မြေဝါနတ်ဘုရားကျွန်း မှာတုန်းကရော ဒီလိုပဲ ရှုပ်ထွေးခဲ့တာ မဟုတ်ဘူးလား"

"လိုချင်ရင်တော့ ရဲရဲဝံ့ဝံ့ လုယက် တိုက်ခိုက်ရမှာပဲ"

"ဒီရေပေါ်ကျွန်းအတွက် မဟုတ်ဘူး ဆိုရင်တောင် အထဲက အမှောင်ဓာတ် သွေးအဆီအနှစ် တစ်ချို့တစ်ဝက်ကိုတော့ မရရအောင် လုယူရမှာပဲ"

"ဒါက အမှောင်ဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ဖန်တီးဖို့ အကောင်းဆုံး ကုန်ကြမ်းပစ္စည်းပဲလေ"

တိန့်ကျဲက ခေါင်းညိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ "ကောင်းပြီ... ခဏလောက် ထပ်စောင့်ကြည့်ရအောင်... ဘယ်သူမှ ထွက်မလာသေးဘူးဆိုရင်တော့ ကျွန်တော် ကိုယ်တိုင် ဝင်သွားလိုက်မယ်" ဟု ပြောလိုက်သည်။

ဟန်ထိုက်က ခေါင်းညိတ်ပြလိုက်ပြီး "မင်းကိုပဲ အားကိုးရတော့မှာပေါ့"

ရေနတ်ဘုရားဂိုဏ်းဘက်တွင် ယဇ်ပုရောဟိတ် နှစ်ပါးသည် တိုးတိတ်စွာ တိုင်ပင်ဆွေးနွေးနေကြသည်။

ယခုအချိန်၌ ထိုစစ်သင်္ဘောပေါ်တွင် စစ်ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ဦးကလည်း လင်းယွမ်၏ အမြန်လှေကို စူးစိုက်ကြည့်နေသည်။

သူသည် ကွမ်ဖူ စစ်တပ်မှ လာသူဖြစ်ပြီး စစ်ရေးလိုလားသော အဖွဲ့၏ ခေါင်းဆောင်အဆင့်ရှိသူ တင်းဟွေယိ ပင်တည်း။

ဤလူ၏ အရပ်မှာ ငါးပေ ကိုးလက်မ ခန့်ရှိပြီး ခန္ဓာကိုယ်မှာ ပိန်ပါးသော်လည်း ကြွက်သားအမြှောင်းများက သိသာထင်ရှားလှသည်။

စစ်ဝတ်စုံအောက်ရှိ မတ်မတ်ရပ်နေသော ကိုယ်ဟန်၊ ပိန်ချုံးနေသော မျက်နှာပေါက်နှင့် မျက်လုံးတစ်စုံမှာ လင်းယုန်မျက်လုံးများအလား စူးရှနေသည်။

ယခုအချိန်တွင် သူကလည်း စွမ်းအင်တိုင်းမျက်မှန်ကို တပ်ဆင်ကာ လင်းယွမ်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ သူ၏ သူငယ်အိမ်များလည်း အနည်းငယ် ကျုံ့ဝင်သွားတော့သည်။

"ဒီလူက ဘယ်သူလဲ"

တင်းဟွေယိက ဘေးနားရှိ လူများကို မေးမြန်းလိုက်သည်။

ဘေးနားရှိ ခြေရာဖျောက် စစ်ဝတ်စုံ ဝတ်ဆင်ထားသော စစ်သား အများအပြားမှာ အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး အသီးသီး ခေါင်းခါပြလိုက်ကြသည်။

"တပ်ရင်းမှူး... သွားပြီး ဆက်သွယ်ကြည့်ရမလား" လူငယ်စစ်သားတစ်ဦးက မေးလိုက်၏။

တင်းဟွေယိက ခဏမျှ စဉ်းစားပြီးနောက် "မလောနဲ့... အခြေအနေကို အရင် စောင့်ကြည့်ကြတာပေါ့"

အဝေးရှိ မြေဝါရောင် အလံလွှင့်ထူထားသော အပျော်စီးသင်္ဘောကြီးပေါ်တွင် မြေမိခင်ဂိုဏ်းမှ လူများကလည်း လင်းယွမ်ကို စိုက်ကြည့်နေကြသည်။

ခေါင်းဆောင်ဖြစ်သူမှာ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ရွှေရောင် သံခမောက်ကို ဆောင်းထားသော လူငယ်တစ်ဦး ဖြစ်သည်။

ထိုလူမှာ အသက် သုံးဆယ်ဝန်းကျင်ရှိပြီး မေးစေ့တွင် မုတ်ဆိတ်မွေးများ ထားရှိကာ မျက်လုံးထောင့်တွင် ပါးလျသော မျက်ဝန်းရစ်ခေါက်များ ရှိနေသည်။

တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ သိပ်မသိသာလှဘဲ မျက်မှောင်ကြုတ်လျက် လင်းယွမ်၏ အမြန်လှေကို ကြည့်နေလေသည်။

သူက လင်းယွမ်ကို မသိသော်လည်း စွမ်းအင်တိုင်းမျက်မှန်မှ ပြသသော တုံ့ပြန်မှုအရဆိုလျှင်...

ရောက်လာသူ၏ အဓိက အရည်အသွေး မည်မျှ မြင့်မားကြောင်း သူ သိရှိပေသည်။

"၉၂ မှတ် တဲ့... ဘယ်လိုလုပ်ပြီး ဒီလောက် မြင့်တဲ့ အရည်အသွေး ရှိနေရတာလဲ" ဖန်ဟောင်က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။

"ဒီလူကို ဘယ်သူသိလဲ"

သူက နောက်လှည့်ကာ ဘေးနားရှိ လူအများကို ကြည့်လိုက်သည်။

လူအားလုံးက ခေါင်းခါလိုက်ကြသည်။ ထိုက်ယန်တောင်သို့ စေလွှတ်ထားသော မြေမိခင်ဂိုဏ်းမှ လူများကို လင်းယွမ်က သတ်ဖြတ်ရှင်းလင်းထားသည်မှာ ကြာပြီဖြစ်သည်။

နောက်ပိုင်းတွင် သူလျှိုအချို့ကို တစတစ ဆက်လက် စေလွှတ်ခဲ့သော်လည်း လင်းယွမ်၏ မျက်နှာအစစ်အမှန်ကို မည်သူမျှ မမြင်ဖူးခဲ့ကြပေ။

ဂိုဏ်းကြီးသုံးခုက ထိုက်ယန်တောင်ကို တိုက်ခိုက်ပြီးနောက် လင်းယွမ်မှာ ခြေမအား၊ လက်မအား အလွန်အလုပ်များနေခဲ့သဖြင့် လူမြင်ကွင်းတွင် ပေါ်ထွက်လာလေ့ သိပ်မရှိတော့ပေ။

ဤလူများ သူ့ကို မသိကြသည်မှာလည်း သာမန်ပင် ဖြစ်လေသည်။

သို့သော် ထိုအချိန်၌ လူအုပ်ထဲမှ တစ်ယောက်က ရုတ်တရက် ဝင်ပြောလိုက်၏။ "ဆရာ... ကျွန်တော် သူ့ကို သိတယ်"

ဖန်ဟောင်က စကားပြောလာသူကို လှည့်ကြည့်လိုက်ပြီး ချက်ချင်း မျက်ခုံးပင့်သွားသည်။ "ဝူမုန့်... မင်း သူ့ကို သိလို့လား"

ဆက်ရန်...

အပိုင်း (၅၃၄) ဝူမုန့်နှင့် ပြန်လည်ဆုံတွေ့ခြင်း

စကားပြောလိုက်သူမှာ အရပ်အမောင်း မြင့်မားကာ တစ်ကိုယ်လုံးတွင် ကြွက်သားများ အဖုအထစ် ထနေပြီး ခေါင်းတွင် ရွှေရောင်ပိုးကြိုးခေါင်းစည်းကို စည်းနှောင်ထား၏။

သူကား လွန်ခဲ့သော အချိန်များစွာကတည်းက ထိုက်ယန်တောင်မှ ထွက်ခွာကာ အဆင့်တက်ဖို့ နည်းလမ်းရှာဖွေရန် ကွမ်ဖူသို့ သွားရောက်ခဲ့သည့် ဝူမုန့်ပင် ဖြစ်လေသည်။

ယခုအချိန်တွင် သူ၏ အရှိန်အဝါနှင့် အင်အားကို ကြည့်ရုံဖြင့် နောက်ပါတပည့်အချို့ ခြံရံထားကာ မြေမိခင်ဂိုဏ်းတွင် အဆင့်အတန်းတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိသာထင်ရှားနေသည်။

ဝူမုန့်က ထိုဘက်ရှိ အမြန်လှေပေါ်မှ လင်းယွမ်ကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေ၏။

ဖန်ဟောင်၏ စကားကို ကြားသောအခါ သူက အသံကိုနှိမ့်၍ "ဟုတ်ကဲ့... ကျွန်တော် ဒီလူကို သိပါတယ်" ဟု ဖြေလိုက်သည်။

"သူ့နာမည်က လင်းယွမ်လို့ ခေါ်တယ်... ထိုက်ယန်တောင်က လာတာ"

ဖန်ဟောင်က အံ့သြသွားပြီး "ထိုက်ယန်တောင် ဟုတ်လား... ဒါဆို မင်းနဲ့ တစ်ရွာတည်းသားတွေပေါ့"

"မင်းတို့ ထိုက်ယန်တောင်မှာ ဒီလောက် အစွမ်းထက်တဲ့သူ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး"

ဝူမုန့်က သက်ပြင်းချကာ "အခြားတစ်ယောက်သာဆိုရင်တော့ ကျွန်တော် တကယ်ကို အံ့သြမိမှာပဲ"

"ဒါပေမဲ့ သူသာဆိုရင်တော့... ကျွန်တော် မျှော်လင့်မထားပေမဲ့ သိပ်တော့ မအံ့သြပါဘူး"

"ဘာလဲ... ဝူမုန့်... မင်းက သူ့ကို ကောင်းကောင်းသိနေတာလား"

"ဆရာ... လွန်ခဲ့တဲ့ လဝက်လောက်က သစ်တောဂိုဏ်းအုပ်ရဲ့ လူတွေက ရေနတ်ဘုရားဂိုဏ်း၊ ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့နဲ့ ပူးပေါင်းပြီး ထိုက်ယန်တောင်ကို ဝင်တိုက်ခဲ့တဲ့ အစီအစဉ်ကို မှတ်မိသေးလား"

ဖန်ဟောင်က ထိုစကားကို ကြားသောအခါ သူ၏ ဦးနှောက်ထဲတွင် သတင်းအချက်အလက်အချို့ ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။

ထို့နောက် မျက်လုံးများ ပြူးကျယ်သွားကာ "လင်းယွမ်... သူက လင်းယွမ်ဆိုတဲ့ တစ်ယောက်လား"

သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့်ကာ မယုံကြည်နိုင်သည့် အမူအရာများ ပေါ်လွင်နေပြီး လင်းယွမ်ကို ထပ်မံ ကြည့်လိုက်သောအခါ မျက်နှာသွင်ပြင်မှာ မတည်မငြိမ် ဖြစ်သွားကာ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသည့် အရိပ်အယောင်များ စွန်းထင်းနေလေသည်။

ဝူမုန့်က လေးနက်သောအသံဖြင့် "သူပဲ" ဟု အတည်ပြုလိုက်၏။

"သူလည်း ရောက်လာမယ်လို့ ထင်မထားဘူး" ဖန်ဟောင်၏ မျက်နှာမှာ အနည်းငယ် မှုန်ကုပ်သွားသည်။

သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။ "ဝူမုန့်... ဒီလူရဲ့ အစွမ်းက အတိအကျ ဘာလဲဆိုတာ မင်းသိလား"

"ငါတို့ စုဆောင်းထားတဲ့ သတင်းတွေအရဆိုရင် ဒီလူက ဟင်းလင်းပြင် အစွမ်းပိုင်ရှင်လို့ ဆိုကြတယ်... တချို့ကလည်း မီးဓာတ်အစွမ်းကို ကျွမ်းကျင်တယ်လို့ ပြောကြပြီး အများစုကတော့ သူ့ကို ရေခဲဓာတ် အစွမ်းပိုင်ရှင်လို့ ပြောနေကြတာ ဘာဖြစ်လို့လဲ"

ဝူမုန့်က ထိုစကားကို ကြားသောအခါ ခေါင်းကို အသာရမ်းလိုက်ပြီး "ကျွန်တော် အခုအချိန်အထိ သူ့ရဲ့ တကယ့်အစွမ်းက ဘာလဲဆိုတာကို နားမလည်နိုင်သေးဘူး"

"ဟင်းလင်းပြင် အစွမ်းကတော့ သူကိုယ်တိုင် ဝန်ခံထားတာကို ကျွန်တော် ကြားဖူးတယ်... ဒါပေမဲ့ သူ သုံးပြတာကို မမြင်ဖူးလို့ အတိအကျတော့ အတည်မပြုရဲဘူး"

"မီးဓာတ်အစွမ်းဆိုတာတွေကတော့ အတုဖြစ်ဖို့ များတယ်... သူ သုံးတာကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး"

"သူ့ရဲ့ အဓိက အရည်အသွေးက စိတ်စွမ်းအင် ဖြစ်ရင်ဖြစ်... မဖြစ်ရင် ခွန်အား ဖြစ်လောက်တယ်"

"ဒီလူက အရမ်းကို ထူးဆန်းတယ်... ကျွန်တော်လည်း သူ့ကို အကဲခတ်လို့ မရဘူး"

ဝူမုန့်၏ စကားကြောင့် ဖန်ဟောင်မှာ မျက်မှောင်ကြုတ်သွားခဲ့သည်။ "ဘာသဘောလဲ... သူ့ရဲ့ အဓိက အရည်အသွေးက ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ... မင်းတောင် အကဲခတ်လို့ မရဘူးလား"

"မင်း သူနဲ့ ယှဉ်တိုက်ဖူးလား"

"တိုက်ဖူးပါတယ်"

"ဘယ်လိုနေလဲ"

"ကျွန်တော်က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး... အဲ့ဒီအချိန်တုန်းက သူက မျိုးရိုးဗီဇမျိုးစေ့ကိုတောင် မဖန်တီးရသေးဘူး... သူ့ရဲ့ အဓိက အရည်အသွေးကလည်း အခုလောက် အဆင့်အထိ မရောက်သေးဘူးလေ"

"သူ့ရဲ့ အဓိက အရည်အသွေးက အတိအကျ ဘာလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောနိုင်တာကတော့... သူက ဘက်စုံတော်တဲ့ပုံပဲ"

"အလျင်ပဲဖြစ်ဖြစ်၊ ခွန်အားပဲဖြစ်ဖြစ်... ခန္ဓာကိုယ်ကြံ့ခိုင်မှုကအစ အားလုံးက မျှတညီညွတ်နေတယ်လို့ ပြောလို့ရတယ်"

"ဟင်... မျှတနေတာ ပုံမှန်ပဲ မဟုတ်ဘူးလား... သာမန်လူတွေက အဓိက အရည်အသွေး မြင့်ပြီး ကျန်တဲ့ အရည်အသွေး သုံးခုက နိမ့်ပေမဲ့ အချင်းချင်းတော့ မျှတညီညွတ်နေတတ်တာပဲလေ" ဖန်ဟောင်က သံသယဖြင့် မေးလိုက်၏။

ဝူမုန့်က ခေါင်းရမ်းလိုက်ပြီး "ကျွန်တော် ပြောချင်တာက သူ့ရဲ့ အဲ့ဒီအရည်အသွေးတွေ အကုန်လုံးက သူ့ရဲ့ အဓိက အရည်အသွေးနဲ့ မတိမ်းမယိမ်း ရှိနေတာ... မျှမျှတတကို အားလုံးက စွမ်းအားကြီးနေတာကို ပြောတာပါ"

ဖန်ဟောင်၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဝူမုန့်က သက်ပြင်းချရင်း "အဲ့ဒီတုန်းက ကျွန်တော်လည်း မယုံခဲ့ဘူး... နောက်တော့ သူနဲ့ ယှဉ်တိုက်ကြည့်တော့မှ သူ့ရဲ့ ခွန်အားက သူ့ရဲ့ အဓိက အရည်အသွေးလို့ ထင်ခဲ့တာ"

"ဒါပေမဲ့ ကျွန်တော် လုံးဝ မှားသွားတယ်... သူ့ရဲ့ စိတ်စွမ်းအင်က ခွန်အားထက်တောင် ပိုပြီး ကြောက်စရာကောင်းနေသေးတယ်... တစ်ချက် ရင်ဆိုင်လိုက်ရုံနဲ့တင် ကျွန်တော့်ရဲ့ ဦးနှောက်က ထိန်းချုပ်လို့ မရတော့ဘဲ မျက်စိတစ်မှိတ်အတွင်းမှာတင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ"

"ကျွန်တော့်ရဲ့ အစွမ်းကသာ ထူးခြားမနေရင် အဲ့ဒီနေရာမှာတင် ရှုံးသွားလောက်ပြီ"

တကယ်တမ်းတွင် ကိုးဝူမျှော်စင်၌ လင်းယွမ်နှင့် ရင်ဆိုင်ခဲ့ရစဉ်က ဝူမုန့်မှာ တကယ်ကို သေလုနီးပါး ဖြစ်ခဲ့ရသည်။

သူ၏ စိတ်ဝိညာဉ် အသိအာရုံသည် လင်းယွမ်၏ စိတ်ဝိညာဉ်ရိုက်ခတ်မှုကြောင့် ပထမဆုံး အချိန်မှာပင် သတိလစ်သွားခဲ့ရ၏။

သူက အားကောင်းသော ပင်ကိုယ်အသိစိတ်ကို အားကိုးကာ မသိစိတ်မှ ခန္ဓာကိုယ်ကို နေရာယူ ထိန်းချုပ်စေပြီး အလိုအလျောက် ပြန်လည် တိုက်ခိုက်နိုင်ခဲ့ခြင်းမှသာ ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုအချိန်က လင်းယွမ်သည် စိတ်စွမ်းအင် အရည်အသွေး အကြီးအကျယ် တိုးတက်နေရုံသာမကဘဲ ခွန်အားနှင့် အခြားသော အရည်အသွေး ဘက်ပေါင်းစုံတွင်လည်း အဆင့်မြင့်တက်နေခဲ့ပြီ ဖြစ်သည်။

ဝူမုန့်ကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့ပြီး ဝူမုန့်မှာ ပြန်လည်လှုပ်ရှား ခုခံနိုင်မည့် အခွင့်အရေးပင် အလျင်းမရှိခဲ့ပေ။

ထိုတိုက်ပွဲကို ကြုံတွေ့ခဲ့ရပြီးနောက်မှသာ ဝူမုန့်၏ စိတ်ဓာတ်ခွန်အားများ အောက်ခြေထိ ကျဆင်းသွားခဲ့ရသည်။

ထို့ကြောင့်ပင် သိုင်းဘုရင်ဂေဟာ၏ အမွေအနှစ်များကို စွန့်လွှတ်ကာ အလွန်လှပသော ကျွမ်းရှုယွမ်ကိုပါ ပစ်ထားရစ်ခဲ့ပြီး ပိုမို အစွမ်းထက်လာစေမည့် နည်းလမ်းကို ရှာဖွေရန် ကွမ်ဖူသို့ သွားရောက်ရန် တစ်ထစ်ချ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် အချိန်များ ပြောင်းလဲသွားပြီးနောက် လင်းယွမ်ကို ထပ်မံ မြင်တွေ့ရချိန်တွင် သူတို့နှစ်ဦးကြားရှိ ကွာဟချက်မှာ ကျဉ်းမြောင်းသွားခြင်း မရှိသည့်အပြင် ကြီးမားကျယ်ပြန့်သော ချောက်ကမ်းပါးကြီးတစ်ခုသဖွယ် ပိုမို ကွာဟသွားခဲ့ပြီ ဖြစ်ကြောင်းကို သူ အံ့သြစွာ တွေ့ရှိလိုက်ရသည်။

သစ်တောဂိုဏ်းအုပ် လင်းကွမ်ချွန်းတစ်ယောက် ထိုက်ယန်တောင်၌ သေဆုံးသွားကြောင်း သတင်းကို လူများက မြေဝါနတ်ဘုရားလွင်ပြင်သို့ သယ်ဆောင်လာချိန်တွင် သူ မည်မျှလောက်တောင် ထိတ်လန့် အံ့သြကာ မယုံနိုင် ဖြစ်ခဲ့ရကြောင်းကို သူ အမြဲတမ်း မှတ်မိနေသည်။

သူ၏ ပထမဆုံး အတွေးမှာပင် လင်းယွမ်ကို ပြေးမြင်မိခြင်း ဖြစ်သည်။

ထိုက်ယန်တောင် တစ်ခုလုံးတွင် သစ်တောဂိုဏ်းအုပ်ကို သတ်ဖြတ်နိုင်စွမ်းရှိသူ တစ်ဦး ရှိမည်ဆိုလျှင် သူ စဉ်းစားမိသော တစ်ဦးတည်းသောသူမှာ လင်းယွမ် သေချာပေါက် ဖြစ်ပေလိမ့်မည်။

အစပိုင်းကမူ လင်းယွမ်သည် ထိုက်ယန်တောင်ရှိ လူအင်အား အများအပြားကို အသုံးချကာ သစ်တောဂိုဏ်းအုပ်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်း သို့မဟုတ် ခိုးကြောင်ခိုးဝှက် လုပ်ကြံသည့် နည်းလမ်းတစ်ခုခု သုံးခဲ့ခြင်း သို့မဟုတ်ပါက သင်္ကေတကျောက်တုံးများ အသုံးပြုကာ လင်းကွမ်ချွန်းကို အားကုန်ထုတ်၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်မည်ဟု သူ ထင်မြင်ခဲ့မိသည်။

သို့သော် ထိုသတင်းကို သေချာစွာ စုံစမ်းသိရှိလိုက်ရပြီးနောက် သူ အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။

သူ ထင်ထားခဲ့သလို လုံးဝ မဟုတ်ခဲ့ပေ။

လင်းယွမ်သည် လင်းကွမ်ချွန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း သို့မဟုတ် လူအင်အားကို အားကိုး၍ သတ်ဖြတ်ခဲ့ခြင်း မဟုတ်ခဲ့ချေ။

ထိုသို့မဟုတ်ဘဲ သူ တစ်ယောက်တည်းကသာ ထိုက်ယန်တောင်ကို ဝိုင်းရံတိုက်ခိုက်လာသော ဂိုဏ်းကြီးသုံးဂိုဏ်းမှ အစွမ်းထက်သူများ အားလုံးကို တိုက်ရိုက် ရှင်းလင်း သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်လေသည်။

ထိုတိုက်ပွဲတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ မျိုးရိုးဗီဇမျိုးစေ့ ဖန်တီးထားသည့် အစွမ်းထက်သူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရသည်ဟု ကြားသိရ၏။

အဲ့ဒီသတင်းကို ကြားလိုက်ရချိန်တွင် သူ လုံးဝကို ကြက်သေ သေသွားခဲ့သည်။

တစ်ချိန်က သူကိုယ်တိုင် စွန့်ပစ်ခဲ့သော နေရာလေးသည် ဤမျှအထိ တိုးတက်နေလိမ့်မည်ဟု သူ လုံးဝ စိတ်ကူးမယဉ်နိုင်ခဲ့ချေ။

ဒါက တိတိကျကျ ဘယ်လိုဖြစ်ရတာလဲဆိုတာကို သူ စဉ်းစား၍ မရနိုင်ခဲ့ပေ။

အစပိုင်းတုန်းက သူနှင့် ယှဉ်တိုက်ခဲ့ဖူးပြီး သူနှင့်စာလျှင် သိပ်အများကြီး အစွမ်းထက်လှသည်ဟု မထင်ရသော လူတစ်ယောက်က မည်သည့်အရာကို အားကိုး၍...

ဤမျှအထိ ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လာရသနည်း။

ထို့ကြောင့် နောက်ပိုင်းတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှအစ ကွမ်ဖူတစ်ခုလုံးအထိ ဤကိစ္စကြောင့် ပွက်လောညံသွားခဲ့လေတော့သည်။

ထိုက်ယန်တောင်၏ သတင်းအချက်အလက် အားလုံးကို စုံစမ်းရန် သူလျှိုများကို ဆက်တိုက်ဆိုသလို စေလွှတ်ခဲ့ကြသည်။

သို့သော် သတင်းများ ပြန်လည် မရောက်ရှိလာခင်မှာပင် လင်ကျန်းမြစ် အောက်ပိုင်း၌ ရေပေါ်ကျွန်းကြီး တစ်ကျွန်း ပေါ်လာသည်ဟူသော သတင်းက အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့၏။

အင်အားစု အသီးသီးက ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာကြပြီး ယခုဆိုလျှင် ကွမ်ဖူရှိ အင်အားစုများ ရောက်ရှိနေရုံမျှမကတော့ချေ။

လင်ကျန်းမြစ် တစ်ဖက်ကမ်းရှိ ပေါင်ဆန်းဒေသမှ အသက်ရှင်ကျန်ရစ်သူ အင်အားစုများလည်း ရောက်ရှိလာကြပြီး မြစ်ညာပိုင်းရှိ ကျိအန်မြို့မှ လူများပင် ရောက်လာကြပြီ ဖြစ်သည်။

ဤနေရာသည် သူ၏ စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်မည့် စင်မြင့်တစ်ခု ဖြစ်လာလိမ့်မည်ဟု ဝူမုန့် အစက ထင်မှတ်ထားခဲ့သည်။

သို့သော် လင်ကျန်းမြစ် အောက်ပိုင်းတွင် ပေါ်လာသော ရေပေါ်ကျွန်းကြီးသည် အမှောင်ဓာတ် ရေပေါ်ကျွန်းကြီး ဖြစ်နေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့မိပေ။

ယခုဆိုလျှင် စုံစမ်းရန်အတွက် လူအဖွဲ့တော်တော်များများကို စေလွှတ်ခဲ့ပြီးဖြစ်သော်လည်း အပြင်သို့ ပြန်ထွက်လာနိုင်သူ တစ်ယောက်မျှ မရှိခဲ့ချေ။

သူ၏ ရည်မှန်းချက်ကြီးမားသော မျှော်လင့်ချက်များမှာ ချက်ချင်းပင် တစ်ဝက်ကျော်မျှ ငြိမ်းသတ်ခံလိုက်ရလေသည်။

ယခုအချိန်တွင် လင်းယွမ်၏ စွမ်းအင်များကို ထပ်မံ မြင်တွေ့လိုက်ရပြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော အစွမ်းအစများကို ပြသလိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ၏ ရင်ထဲတွင် ကျန်ရစ်နေသော မီးတောက်ငယ်လေးသည်လည်း အတော်အတန် ငြိမ်းသက်သွားရပြန်သည်။

ဤအခိုက်အတန့်တွင် လင်းယွမ်ကို မည်သို့ ရင်ဆိုင်ရမည်ကို သူ တွေးတောနေမိပြီ ဖြစ်သည်။

ဖန်ဟောင်ကမူ ဝူမုန့်၏ ရင်ထဲမှ အတွေးများကို မသိနိုင်ပေ။ သို့သော် ဝူမုန့် ပြောသည်များကို ကြားပြီးနောက် လင်းယွမ်ကို လှမ်းကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားမှုအပြည့်အဝ ရှိနေသော အရိပ်အယောင်များ ပေါ်လွင်နေ၏။

"ဒီလိုလူမျိုးကိုသာ ငါတို့ မြေမိခင်ဂိုဏ်းဆီ ဆွဲခေါ်နိုင်မယ်ဆိုရင် မြေမိခင်ဂိုဏ်းရဲ့ အင်အားက သေချာပေါက် အများကြီး တိုးတက်လာမှာပဲ"

ဝူမုန့်က မသိမသာ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ဘာမှ ဝင်မပြောခဲ့ပေ။

ဘေးနားရှိ လူတစ်ယောက်က မနေနိုင်တော့ဘဲ "ဆရာ... ဒီလူက သစ်တောဂိုဏ်းအုပ်ကို သတ်ထားတာလေ... ကျွန်တော်တို့ မြေမိခင်ဂိုဏ်းနဲ့ မိုးမဆုံး မြေမဆုံး ရန်ငြိုးရှိနေပြီပဲ... ဘယ်လိုလုပ်ပြီး သူ့ကို ဆွဲဆောင်လို့ ရမှာလဲ" ဟု ဝင်ပြောလိုက်သည်။

ဖန်ဟောင်က စကားပြောလာသူကို တစ်ချက် စွေကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် "ဟုတ်လား... ဒါဆိုရင် မင်း သွားပြီး သူ့ကို သတ်လိုက်လေ... သစ်တောဂိုဏ်းအုပ်အတွက် လက်စားချေပေးလိုက်ပေါ့" ဟု ပြန်ပြောလိုက်သည်။

ထိုလူမှာ ချက်ချင်းပင် အသက်ရှု မှားသွားပြီး စကားပြန်မပြောနိုင်တော့ချေ။

သူလည်း လင်းယွမ်၏ အဓိက အရည်အသွေးကို မြင်တွေ့ထားပြီးဖြစ်ရာ မည်သို့များ ရဲတင်းစွာ စကားဆိုရဲပါတော့မည်နည်း။

ခုနက ပြောလိုက်သည်မှာလည်း မိမိ၏ သစ္စာရှိမှုကို ပြသချင်ယုံ သက်သက်မျှသာ ဖြစ်လေသည်။

ဖန်ဟောင်က တည်ငြိမ်စွာဖြင့် "မလုပ်နိုင်ရင်လည်း ပါးစပ်ပိတ်ထား... သောက်ပြဿနာ သွားမရှာနဲ့" ဟု ပြောလိုက်သည်။

"ဒီ လင်း ဆိုတဲ့လူက ဒီလောက်တောင် အစွမ်းထက်နေမှတော့ ဆုံးရှုံးမှု မများခင် အချိန်မီ ရပ်တန့်လိုက်တာ အကောင်းဆုံးပဲ"

"ဝူမုန့်... မင်းနဲ့ ဒီလူက သိနေတာဆိုတော့ သူ့ကို အပေါ်တက်လာဖို့ သွားဖိတ်ခေါ်လိုက်"

ဝူမုန့် ကြောင်သွားပြီး စိတ်ထဲတွင် မသွားချင်သော်လည်း အများကြီး ပြန်မပြောရဲဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ ဆရာ"

သူက လင်းယွမ် ရှိရာဘက်သို့ လှည့်ကြည့်ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ခန္ဓာကိုယ်ကို ခုန်ပျံလိုက်ကာ မြေမိခင်ဂိုဏ်း၏ သင်္ဘောပေါ်မှ တိုက်ရိုက် ခုန်ဆင်းသွားတော့သည်။

သူ၏ ခြေအစုံဖြင့် ရေလှိုင်းများပေါ်တွင် နင်းလျှောက်ကာ လင်းယွမ်ရှိရာဆီသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ပြေးသွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။

ရေလှိုင်းများက သူ၏ ခြေဖဝါးအောက်တွင် ပေါက်ကွဲထွက်သွားပြီး ရေအောက်သို့ နစ်မြုပ်တော့မည့် အချိန်တိုင်းတွင် သူ၏ ဖိနပ်အောက်မှ အပြာရောင် အလင်းတန်းတစ်ခု ချက်ချင်း လင်းလက်လာကာ သူ့ကို အပေါ်သို့ ပင့်တင်ပေးလေသည်။

သူ့ခြေထောက်မှ ဖိနပ်တစ်ရန်မှာ သာမန်ဖိနပ် မဟုတ်ကြောင်း အလွန် သိသာထင်ရှားလှသည်။

လင်းယွမ်က သူ၏ အရိပ်အယောင်ကို ချက်ချင်း သတိထားမိလိုက်ပြီး သင်ခန်းစာပေးရန် လက်စွမ်းပြတော့မည့် ဆဲဆဲတွင်...

ဝူမုန့်က လက်ဦးမှုရယူကာ "လင်းယွမ်... မတွေ့တာ ကြာပြီ" ဟု လှမ်းအော်လိုက်သည်။

ထို ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ လင်းယွမ်မှာ ချက်ချင်းပင် မျက်မှောင်ပင့်သွားမိသည်။

ထို့နောက် ဝူမုန့်တစ်ယောက် ရေပြင်ပေါ်တွင် ရပ်တန့်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ ခြေအစုံပေါ်တွင် အပြာရောင် အလင်းတန်းများ လွင့်မျောနေပြီး တစ်ကိုယ်လုံးမှာ ရေပြင်ပေါ်တွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေလေသည်။

"ဝူမုန့်လား"

လင်းယွမ်က တစ်ဖက်လူကို မှတ်မိသွားပြီး အံ့သြမင်တက်သွားမိသည်။

ဝူမုန့်နှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု သူ မည်သို့မျှ ထင်မှတ်မထားခဲ့ချေ။

တစ်ချိန်က သူ၏ မျက်စိထဲတွင် တိုက်ခိုက်ရေး ပါရမီရှင်တစ်ဦးအဖြစ် ရှုမြင်ခဲ့ဖူးသော လူသည် ယခုအခါ မြေဝါရောင် သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရ၏။

သူ့ပုံစံကို ကြည့်ရသည်မှာ မြေမိခင်ဂိုဏ်းမှ လူတစ်ယောက်ဖြစ်နေကြောင်း အသိအသာကြီးပင်။

"မင်း ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ"

သူက မနေနိုင်တော့ဘဲ အံ့သြစွာ မေးလိုက်မိသည်။

ဝူမုန့်က ခပ်ဟဟ ရယ်မောလိုက်ပြီး "မင်းလည်း ဒီမှာ ရောက်နေတာပဲ မဟုတ်ဘူးလား" ဟု ပြန်ပြောလိုက်သည်။

"မဟုတ်ဘူး... ငါ ဆိုလိုတာက... မင်းက ဘာလို့ မြေမိခင်ဂိုဏ်းရဲ့ အဝတ်အစားတွေ ဝတ်ထားရတာလဲ... ငါ မှတ်မိသလောက် မင်းက ကွမ်ဖူကို သွားပြီး စစ်တပ်မှာ သွားခိုလှုံမယ်လို့ ပြောခဲ့တယ် မဟုတ်လား"

လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။

ဝူမုန့်က ထိုစကားကို ကြားသောအခါ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားပြီး စစ်တပ်ဘက်ရှိ စစ်သင်္ဘောများကို ခေါင်းလှည့်ကြည့်ကာ ခေါင်းကို အသာရမ်းလိုက်ရင်း "အဲ့ဒီတုန်းက ငါ သိပ်ကို ရိုးအလွန်းခဲ့တာပါ"

"စစ်တပ်ဆိုတာက ငါ တွေးထားခဲ့သလိုမျိုး မဟုတ်ဘူးကွ"

လင်းယွမ်လည်း စိတ်ဝင်စားသွားပြီး "ဘာတွေ ဖြစ်ခဲ့လို့လဲ" ဟု ချက်ချင်း မေးလိုက်၏။

ဝူမုန့်က ပြုံးလိုက်ပြီး "မိတ်ဆွေဟောင်းတွေ ပြန်တွေ့တာကို... အပေါ်တက်ပြီး စကားပြောဖို့ မဖိတ်တော့ဘူးလား"

လင်းယွမ်က ဟားတိုက် ရယ်မောလိုက်ပြီး "လာ... တက်ခဲ့လေ" ဟု ဆိုလိုက်သည်။

ဝူမုန့်လည်း ချက်ချင်း ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားကာ အမြန်လှေပေါ်သို့ ခုန်တက်သွားလေသည်။

သူတို့နှစ်ယောက် အမြန်လှေပေါ်တွင် မတ်တတ်ရပ်နေကြပြီးနောက် ဝူမုန့်က သစ်သားဖြင့် ပြုလုပ်ထားသော ဤအမြန်လှေကို တစ်ပတ် ပတ်ကြည့်လိုက်ကာ "ဒါက ထိုက်ယန်တောင်က တီထွင်ထားတာလား" ဟု မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဘယ်လိုလဲ... မဆိုးဘူးမလား"

"တကယ်ကို မဆိုးဘူးပဲ... စစ်တပ်ရဲ့ အမြန်လှေတွေနဲ့ ယှဉ်ရင်တော့ နည်းနည်း ကွာသေးပေမဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ နည်းပညာနဲ့ ယှဉ်ရင်တော့ မတိမ်းမယိမ်း ဖြစ်နေပြီ"

ဝူမုန့်၏ မျက်နှာပေါ်တွင် လေးနက်သော ခံစားချက်များ ပေါ်လွင်နေသည်။ လင်းယွမ်၏ ဦးဆောင်မှုအောက်တွင် ထိုက်ယန်တောင်သည် ယာဉ်များကို ကိုယ်တိုင် တီထွင်ဖန်တီးနိုင်သည့် အဆင့်အထိ တိုးတက်နေပြီဟု သူ မထင်မှတ်ထားခဲ့မိပေ။

ထိုက်ယန်တောင်သည် တကယ်ကို ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပုံရသည်။

"ထိုက်ယန်တောင်ကိုသာ မင်း ဦးဆောင်ခဲ့ရင် သေချာပေါက် ငါတို့လို လူတွေဦးဆောင်တာထက် အများကြီး ပိုကောင်းလာလိမ့်မယ်ဆိုတာ ငါ သိပြီးသားပါ"

ဝူမုန့်က ပြုံးရင်း ထိုသို့ ပြောလိုက်သည်။

လင်းယွမ်က ခပ်ဟဟ ပြုံးလိုက်ပြီး ထိုစကားကို အရေးတယူ ပြန်မပြောခဲ့ပေ။

ငါက ဦးဆောင်တယ်ဆိုတာ ဘာသဘောလဲ။

ပြောပုံက ထိုက်ယန်တောင်၏ ခေါင်းဆောင်နေရာကို သူက ဖယ်ပေးခဲ့သလိုမျိုး။

အဲ့ဒီအချိန်တုန်းက ထိုက်ယန်တောင်ရှိ အင်အားစုကြီး လေးခု ပူးပေါင်းကာ သူတို့ မီးဝါးတောမှ လူများကို သတ်ပစ်ချင်နေခဲ့ကြသည်ကို သူ အလွန် ရှင်းလင်းစွာ မှတ်မိနေသေးသည်။

သူ့ထံတွင် စနစ် သာ မရှိခဲ့လျှင် အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်စွမ်း ရှိခဲ့မည်မဟုတ်ကြောင်းကို သူ သေချာ သိနေသည်။

ထိုအကြောင်းများကို တွေးမိသောအခါ သူ၏ စိတ်အခြေအနေမှာ တည်ငြိမ်အေးချမ်းသွားလေသည်။

"မင်း ကွမ်ဖူကို သွားပြီးတော့ ဘယ်လိုလုပ် မြေမိခင်ဂိုဏ်းဆီ ရောက်သွားရတာလဲ"

"ဟားဟား... ပြောရရင်တော့ ဇာတ်လမ်းရှည်တယ်ကွ... ထိုက်ယန်တောင်က ထွက်လာကတည်းက ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ် လျှောက်လှမ်းချင်တဲ့ စိတ်ဆန္ဒတွေနဲ့ ကွမ်ဖူကို တစ်ယောက်တည်း ရောက်သွားခဲ့တာ"

"ကိစ္စတွေ အများကြီး ကြုံခဲ့ရပြီးမှ ကွမ်ဖူ စစ်တပ်ထဲကို ဝင်နိုင်ခဲ့တာ... နှမြောစရာကောင်းတာက စစ်စခန်းကို ငါ သိပ်အထင်ကြီးလွန်းခဲ့တာပဲ... သူတို့ကို ရေကြီးမှုကြီး မဖြစ်ခင်က စစ်တပ်လို့ပဲ ငါ ထင်နေခဲ့မိတာ"

လင်းယွမ် မျက်မှောင်ပင့်သွားပြီး "ဘာသဘောလဲ"

ဝူမုန့်က လှောင်ပြုံးပြုံးလိုက်ကာ "လင်းယွမ်... ကမ္ဘာကြီးက ပြောင်းလဲသွားပြီကွ... ကမ္ဘာပျက်ကပ် ရောက်လာပြီးနောက်ပိုင်းမှာ နိုင်ငံကြီးတွေ ဆိုတာ မရှိတော့ဘူး"

"ငါတို့ နိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်း လုံးဝပြိုလဲသွားပြီ"

"မင်း သိလား... ကွမ်ဖူစစ်ဌာနချုပ်ထဲမှာ စစ်တပ်ရဲ့ စစ်မှန်တဲ့ လုပ်ဟန်တွေ မရှိတော့တာ ကြာပြီ... သူတို့ အတွင်းမှာလည်း သဘောထားကွဲလွဲတာတွေ ဖြစ်နေပြီး အခုဆိုရင် သိမ်းငှက်အုပ်စုနဲ့ ချိုးငှက်အုပ်စုဆိုပြီး အဖွဲ့ကြီး နှစ်ဖွဲ့ ကွဲနေကြတယ်"

"ဒီအဖွဲ့ကြီး နှစ်ဖွဲ့ထဲမှာ သိမ်းငှက်အုပ်စုက... သံမဏိ စည်းမျဉ်းကို ကျင့်သုံးပြီး... ဆင့်ကဲပြောင်းလဲ တိုးတက်လာဖို့အတွက် ဘာကိုမှ ဂရုမစိုက်ဘဲ အကုန်လုပ်ရဲကြတယ်"

"ချိုးငှက်အုပ်စုကတော့ ကမ္ဘာကြီး ကယ်တင်ရေး စည်းမျဉ်းကို ကျင့်သုံးပြီး... အသက်ရှင်ကျန်ရစ်သူတွေကို ပိုပြီး ကယ်တင်ဖို့ တွေးနေကြတုန်းပဲ"

"ငါက ကံဆိုးပြီး အဲ့ဒီကို ရောက်ရောက်ချင်းပဲ သိမ်းငှက်အုပ်စုဆီကို အခေါ်ခံလိုက်ရတယ်... သူတို့က ငါ့ရဲ့ အစွမ်းကို စမ်းသပ်ပြီးနောက် ငါ့အစွမ်းက ပြန်လည်ကုသတဲ့ ဆေးရည်တွေ သုတေသနလုပ်ဖို့ အရမ်း သင့်တော်နေတာကို တွေ့သွားကြတယ်"

ဤနေရာသို့ ရောက်သောအခါ ဝူမုန့်၏ မျက်ဝန်းအောက်ခြေတွင် အမုန်းတရားများ ပေါ်လွင်လာသည်။

"သူတို့က ငါ့ကို အကျဉ်းချထားပြီး သွေးဖောက်တယ်... အသားတွေကို လှီးထုတ်ပြီး တစ်ချိန်လုံး ငါ့ကို သုတေသန လုပ်နေကြတာကွ"

"ဒီလူတွေက အရင်တုန်းက စစ်သားတွေ မဟုတ်တော့ဘူး... သူတို့တွေက ဆင့်ကဲပြောင်းလဲဖို့အတွက် ဘာမဆို လုပ်ရဲတဲ့ တိရိစ္ဆာန် ကောင်တွေ ဖြစ်နေကြပြီ"

ဆက်ရန်...

All Chapters