အခန်း (၅၃၅-၅၃၆)
Vol. 27 Ch. 535-536
အပိုင်း (၅၃၅) ဖိတ်ခေါ်မှုကို ငြင်းပယ်ခြင်း
လင်းယွမ်က ဝူမုန့်၏ စကားများကို နားထောင်ရင်း မျက်နှာအမူအရာ တည်ငြိမ်နေလေသည်။
ကွမ်ဖူစစ်တပ်အတွင်း ကမောက်ကမဖြစ်မှုများ ပေါ်ပေါက်လာခြင်းက သူ့အတွက်တော့ အံ့သြစရာ မဟုတ်ခဲ့ပေ။
ဂိုဏ်းကြီးသုံးဂိုဏ်း ပေါ်ထွက်လာပြီး ကွမ်ဖူတစ်ခွင်တွင် ကြီးစိုးသောင်းကျန်းနေနိုင်ကတည်းက စစ်တပ်တွင် ဤပရမ်းပတာအခြေအနေများကို နှိမ်နင်းရန် အင်အားမရှိတော့ကြောင်း လင်းယွမ် ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။
သို့မဟုတ်ပါက ဂိုဏ်းကြီးသုံးဂိုဏ်းကဲ့သို့သော မိစ္ဆာဂိုဏ်းများကို ကွမ်ဖူတွင် သောင်းကျန်းခွင့် ပြုထားမည် မဟုတ်ပေ။
စစ်တပ်ဆိုသည်မှာ အစောပိုင်းကာလများကတည်းက သေနတ်ကဲ့သို့သော လက်နက်များကို ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းဖြစ်ရာ အရပ်သား မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းကိုပင် မနှိမ်နင်းနိုင်ဘူး ဆိုသည်မှာ ဖြစ်နိုင်ချေ အလွန်နည်းပါးလှသည်။
တစ်ခုတည်းသော ရှင်းလင်းချက်မှာ စစ်တပ်ကိုယ်တိုင်ပင် ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တော့ခြင်း ဖြစ်ရမည်။
သူတို့၏ အတွင်းတွင် ပြဿနာများ ပေါ်ပေါက်နေခြင်းသာ ဖြစ်သည်။
ဤသည်ကား လင်းယွမ်နှင့် ထိုက်ယန်တောင်မှ ခေါင်းဆောင်ပိုင်းများ အတူတကွ ခန့်မှန်းတွက်ချက်ထားသည့် ရလဒ်ပင် ဖြစ်လေသည်။
သို့သော် လင်းယွမ် ထင်မှတ်မထားခဲ့သည်မှာ စစ်တပ်အတွင်း၌ အုပ်စုနှစ်စု ကွဲသွားလိမ့်မည်ဟူသော အချက်ပင်တည်း။
လင်းယွမ်က ဝူမုန့်ကို တစ်ချက်ကြည့်ကာ မေးမြန်းလေသည်။ "ဒါဆို ရေဒီယိုကနေ ပေါက်ကွဲသင်္ကေတတို့... သန္ဓေပြောင်း သတ္တဝါတို့ အကြောင်းကို အပြင်ကို ထုတ်ပြန်ပေးခဲ့တာက စစ်တပ်က ချိုးငှက်အုပ်စုပေါ့"
ဝူမုန့်က ခေါင်းအနည်းငယ် ညိတ်ပြသည်။ "ချိုးငှက်အုပ်စု ခေါင်းဆောင်တွေက သာမန်ပြည်သူတွေ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း လုံးဝမရှိတာကို ကြည့်မနေရက်ကြဘူး... ဒါကြောင့် စစ်တပ်ရဲ့ သိပ္ပံသုတေသန ရလဒ်တော်တော်များများကို ထုတ်ပြန်ပေးခဲ့တာပဲ"
"အစောပိုင်းကာလတွေတုန်းက ဒီလိုလုပ်ရပ်မျိုးက ကွမ်ဖူနဲ့ အနီးအနား ပတ်ဝန်းကျင်က အသက်ရှင်ကျန်ရစ်သူ တော်တော်များများကို တကယ် ကယ်တင်နိုင်ခဲ့တယ်"
"အထူးသဖြင့် ရေဒီယိုကနေ လွှင့်တဲ့ တချို့သတင်းတွေကြောင့် လူတော်တော်များများက ရေလွှမ်းမိုးတဲ့ ကပ်ဆိုးကြီး ကျရောက်လာပြီဆိုတာကို သိသွားကြပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးမှပဲ အသက်ရှင်နိုင်မယ် ဆိုတာကို သဘောပေါက်သွားကြတာ"
"ပြောရရင် ချိုးငှက်အုပ်စုရဲ့ ဒီလုပ်ရပ်က သွယ်ဝိုက်တဲ့နည်းနဲ့ လူအများကြီးကို ကယ်တင်ခဲ့တယ်လို့ ဆိုရမှာပဲ"
"ဒါပေမဲ့ သူတို့ ထုတ်ပြန်ပေးတဲ့ နည်းပညာတွေကို အသုံးချပြီး အင်အားတွေ အမြန်စုဆောင်းမယ်... အဖွဲ့အစည်းတွေ ဖွဲ့ပြီး အုပ်စုကြီး အုပ်စုငယ်လေးတွေ ဖြစ်လာကြလိမ့်မယ်လို့ ချိုးငှက်အုပ်စုက လူတွေလည်း ထင်မှတ်ထားခဲ့ပုံ မရဘူး"
"တကယ်တော့ ဂိုဏ်းကြီးသုံးဂိုဏ်းက အစောပိုင်းကာလတွေမှာ စစ်တပ်ရဲ့ သုတေသနရလဒ်တွေကိုပဲ အသုံးပြုခဲ့ကြတာ"
"သူတို့ အင်အားကြီးမားလာတဲ့အခါကျတော့ စစ်တပ်အတွင်းပိုင်းက လူတွေနဲ့ပါ အဆက်အသွယ် ရလာပြီး စစ်တပ်ရဲ့ သုတေသနရလဒ်တွေကို တိုက်ရိုက် ခိုးယူကြတော့တာပဲ"
"ဒီလုပ်ရပ်က သိမ်းငှက်အုပ်စုကို ဒေါသထွက်စေခဲ့ပြီး နောက်ပိုင်းမှာ ဂိုဏ်းကြီးသုံးဂိုဏ်းကို နှိမ်နင်းတဲ့ တိုက်ပွဲကြီးတွေ ဖြစ်လာခဲ့ရတာပေါ့"
"အဲဒီတိုက်ပွဲအပြီးမှာတော့ စစ်တပ်ရဲ့ ချိုးငှက်အုပ်စုနဲ့ သိမ်းငှက်အုပ်စုတို့ လုံးဝ ကွဲကွာသွားကြတော့တယ်"
"သိမ်းငှက်အုပ်စုကတော့ သန္ဓေပြောင်းစွမ်းအင်တွေကို သုတေသနလုပ်ဖို့အတွက် ဘာမဆိုလုပ်ရဲကြတယ်... အစွမ်းပိုင်ရှင်တွေကို သုတေသနလုပ်တဲ့နေရာမှာ လူမဆန်တဲ့ နည်းလမ်းပေါင်းများစွာကို အသုံးပြုကြတာ"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြပြီး ထပ်မေးလေသည်။ "ဒါနဲ့ မင်းက အခု ဘယ်လိုလုပ်ပြီး မြေမိခင်ဂိုဏ်းထဲ ရောက်သွားရတာလဲ"
"ငါ ထွက်ပြေးလာတာ... နောက်ပိုင်း စစ်တပ်က လိုက်သတ်တဲ့အချိန်မှာ မြေမိခင်ဂိုဏ်းက သိုင်းပညာရှင်တွေက ကယ်တင်ခဲ့တာပဲ"
"ဒါဆို မင်းက အခု မြေမိခင်ဂိုဏ်းဝင် ဖြစ်နေပြီပေါ့"
ဝူမုန့်က ခေါင်းအနည်းငယ် ညိတ်ကာ ဖုံးကွယ်ထားခြင်း မရှိဘဲ တိုက်ရိုက်ပင် ဖြေကြားခဲ့သည်။ "အခု ငါက မြေမိခင်ဂိုဏ်းရဲ့ မြေရိုင်းစောင့်ကြည့်သူ လက်အောက်ခံ ဆွေးမြေ့မြေကြီး တရားစီရင်ရေးအဖွဲ့ဝင် တစ်ယောက်ပဲ"
"မြေရိုင်းစောင့်ကြည့်သူ..."
"အင်း... မြေမိခင်ဂိုဏ်းမှာ ဂိုဏ်းအုပ်အဆင့်ရှိတဲ့ ခေါင်းဆောင်သုံးယောက် ရှိတယ်... သူတို့က သစ်တောဂိုဏ်းအုပ်... မြစ်ဝှမ်းသဘာပတိ နဲ့ မြေရိုင်းစောင့်ကြည့်သူ တို့ပဲ"
"မင်း လင်းကွမ်ချွန်း ဆိုတဲ့လူကို သတ်ခဲ့ဖူးတယ်မလား"
လင်းယွမ်၏ မျက်နှာက တည်ငြိမ်နေဆဲဖြစ်ကာ ပြန်မေးသည်။ "ဘာဖြစ်လို့လဲ"
"သူက မြေမိခင်ဂိုဏ်းရဲ့ သစ်တောဂိုဏ်းအုပ်ပဲ"
လင်းယွမ်က အော် ဟု ရေရွတ်ပြီး "ဟုတ်လား... အရင်တစ်ခေါက် ထိုက်ယန်တောင်ကို လာတိုက်တဲ့ အဖွဲ့ထဲကလား"
"ဘယ်လိုမှမအောင့်မေ့နဲ့... အဲဒီတုန်းက သတ်ခဲ့ရတဲ့လူတွေက နည်းနည်းများတော့ သိပ်မမှတ်မိတော့ဘူး"
ဝူမုန့်၏ အသက်ရှူသံများ ရုတ်တရက် ရပ်တန့်သွားကာ လင်းယွမ်၏ တည်ငြိမ်နေသော စကားလုံးများထဲတွင် ပြင်းထန်လှသည့် သွေးညှီနံ့များကို ခံစားလိုက်ရလေသည်။
သူက အသက်ကို ဝအောင် ရှူသွင်းပြီး ပြောသည်။ "သစ်တောဂိုဏ်းအုပ်က မြေမိခင်ဂိုဏ်းမှာ ရာထူးမနိမ့်ဘူး... ဒါပေမဲ့ မြေရိုင်းစောင့်ကြည့်သူနဲ့ သစ်တောဂိုဏ်းအုပ်က သိပ်ပြီး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မရှိပါဘူး... ဒါကြောင့် မင်း စိတ်ပူစရာ မလိုဘူး"
လင်းယွမ် ချက်ချင်း ရယ်မောလေသည်။ "စိတ်ပူရမယ်... မင်းက ငါ စိတ်ပူနေတယ်လို့ ထင်နေတာလား"
"ငါကဘာကို စိတ်ပူရမှာလဲ"
ဝူမုန့်တစ်ယောက် ချက်ချင်း ဆွံ့အသွားကာ တစ်ခဏမျှ ဘာဆက်ပြောရမှန်း မသိဖြစ်သွားသည်။
ဟုတ်ပေသည်။ လင်းယွမ်၏ လက်ရှိ ကြောက်မက်ဖွယ်ကောင်းသော အရည်အသွေးမှတ်များဖြင့်ဆိုလျှင် သူက ဘာကို စိတ်ပူနေစရာ လိုမည်နည်း။ စိုးရိမ်စရာရော ဘာရှိမည်နည်း။
ယခုဆိုလျှင် မြေရိုင်းစောင့်ကြည့်သူ ကိုယ်တိုင်ကပင် သူ့ကို လွှတ်ကာ လင်းယွမ်နှင့် ဆက်ဆံရေးကောင်းမွန်ရန် အစပျိုးပြီး စည်းရုံးခိုင်းနေသည် မဟုတ်ပါလော။
ဤသည်မှာ သစ်တောဂိုဏ်းအုပ် သေဆုံးသွားသည့် ကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီဆိုသည်ကို ရှင်းလင်းစွာ ပြသနေခြင်းပင်။
သူ အနည်းငယ် တိတ်ဆိတ်သွားပြီး ဘာပြောရမှန်း မသိဖြစ်နေဆဲပင်။
ထိုစဉ် လင်းယွမ်က ရုတ်တရက် စကားစမေးလေသည်။ "အရင်တစ်ခေါက် သစ်တောဂိုဏ်းအုပ်ဆိုတဲ့ကောင် ထိုက်ယန်တောင်ကို လာတိုက်မယ်ဆိုတဲ့ သတင်းကို မင်း သိခဲ့သလား"
ထိုစကားကို ကြားသောအခါ ဝူမုန့်က ခေါင်းမော့ကာ လင်းယွမ်ကို ချက်ချင်း လှမ်းကြည့်သည်။
သူ၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် ခေါင်းခါပြကာ ပြောလေသည်။ "ငါ တကယ် မသိခဲ့ဘူး... တကယ်လို့ သိခဲ့မယ်ဆိုရင် အချိန်မီ မင်းတို့ဆီကို သတင်းပို့ပေးနိုင်ဖို့ သေချာပေါက် နည်းလမ်းရှာခဲ့မှာပါ"
"ငါ ထိုက်ယန်တောင်မှာ မရှိတော့ရင်တောင် ငါ့ညီအစ်ကိုတွေက ငါ့ညီအစ်ကိုတွေ ဖြစ်နေတုန်းပဲ ဆိုတာကို မင်း သိပါတယ်"
"ပြီးတော့ ကျွမ်းရှုယွမ်... သူရော နေကောင်းရဲ့လား"
ဝူမုန့်က ကျွမ်းရှုယွမ်အကြောင်းကို ရုတ်တရက် ထည့်သွင်းပြောဆိုကာ မနေနိုင်ဘဲ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာလေသည်။
သို့သော် သူ၏ မျက်နှာက တည်ငြိမ်နေဆဲဖြစ်ကာ "အားလုံး နေကောင်းကြပါတယ်... ကျွမ်းရှုယွမ်... အင်း... သူလည်း အဆင်ပြေတယ်... သူက အခု ထိုက်ယန်တောင်ရဲ့ စစ်ဆေးရေးဌာနမှူး ဖြစ်နေပြီ... သူ့ရဲ့ အရည်အချင်းတွေက တော်တော်လေး ထူးချွန်တယ်" ဟု ပြန်ဖြေသည်။
ဝူမုန့်၏ စိတ်ကူးထဲတွင် ကျွမ်းရှုယွမ်၏ ပြိုင်ဘက်ကင်း အလှတရားများ ပြန်လည် ပေါ်လာပြီး ရင်ထဲတွင် ခံစားချက်များစွာ ပြည့်နှက်သွားလေတော့သည်။
သူက ခေါင်းညိတ်ပြပြီး "ဒါလည်း ကောင်းပါတယ်... ကောင်းတာပေါ့..."
လင်းယွမ်က ခပ်အေးအေးပင် ပြောလေသည်။ "အစတုန်းက မင်းက သိုင်းဘုရင်ဂေဟာ ကို စွန့်ပစ်ပြီး ထိုက်ယန်တောင်ကနေ ထွက်ခွာလာခဲ့တာလေ... ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းကို တစ်ယောက်တည်း ရှာဖွေဖို့ ထွက်လာခဲ့ပြီးမှ အခုကျတော့ ဘာဖြစ်လို့ သူတို့ကို သတိရနေရတာလဲ"
"နောင်တရနေလို့လား"
ဝူမုန့်က အနည်းငယ် ပြုံးပြပြီး ခေါင်းခါပြသည်။ "ဟင့်အင်း... ငါ လုပ်တဲ့အလုပ်ကို ငါ ဘယ်တော့မှ နောင်တမရဘူး"
"ထိုက်ယန်တောင်မှာ ဆက်နေရင် မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေး မရှိဘူးဆိုတာကို ငါ ကောင်းကောင်းသိတယ်"
"ကွမ်ဖူလို နေရာကျယ်ကြီးမျိုးမှာမှ ငါ အဆင့်တက်နိုင်မှာ"
လင်းယွမ်က သူ့ကို အထက်အောက် တစ်ချက် ဝေ့ကြည့်ပြီး ခေါင်းအနည်းငယ် ညိတ်ကာ ပြောသည်။ "မဆိုးဘူး... သွေးသားအင်အားက တောင့်တင်းခိုင်မာပြီး သန္ဓေပြောင်းစွမ်းအင် လှိုင်းတွေကလည်း ပြင်းထန်တယ်... ခန္ဓာကိုယ်ကြံ့ခိုင်မှုက ဘယ်လောက် ရောက်သွားပြီလဲ"
"၆၃ မှတ်..."
ဝူမုန့်က ပြုံးပြသည်။ ဤ အဓိက အရည်အသွေးမှတ် ပမာဏမှာ မြေမိခင်ဂိုဏ်း တစ်ခုလုံးနှင့် ယှဉ်လျှင်ပင် နိမ့်ကျနေသည်ဟု မဆိုသာပေ။
အမြင့်ဆုံးအဆင့်ဟု မဆိုနိုင်လျှင်တောင် အလယ်အလတ်အထက် အဆင့်တွင် ရှိနေပြီ ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ သူသည် အမှတ် ၅၀ ပြည့်ချိန်တွင်မှ မျိုးရိုးဗီဇမျိုးစေ့ကို တက်ရောက်ကျော်လွန်နိုင်ခဲ့ခြင်း ဖြစ်သည်။
အမှတ် ၅၀ မပြည့်ဘဲ မျိုးရိုးဗီဇမျိုးစေ့ကို အတင်းအဓမ္မ ပေါင်းစည်းခဲ့ရသည့် အဆင့်နိမ့်မျိုးကွဲများ နှင့်တော့ မတူပေ။
ဤသည်မှာလည်း အချိန်တစ်လျှောက်လုံး မြေမိခင်ဂိုဏ်းတွင် ရာထူးများ လျင်မြန်စွာ တက်လာပြီး ခြောက်လပင် မပြည့်သေးသည့် အချိန်တိုအတွင်း ယခုကဲ့သို့သော အဆင့်အတန်းမျိုးသို့ ရောက်ရှိလာခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်လေသည်။
သေချာသည်ကတော့ ဤအဆင့်သို့ ရောက်လာချိန်တွင် ဆက်လက် မြင့်တက်ရန် လမ်းကြောင်းများ ပိုမို ခက်ခဲလာပြီဖြစ်ကြောင်း သူ သိသာစွာ ခံစားနေရသည်။
အထက်ပိုင်းမှ အရင်းအမြစ်များကို ရယူရန် ပို၍ ခက်ခဲလှသည်။
မြေမိခင်ဂိုဏ်း၏ အထက်တန်း ခေါင်းဆောင် အရေအတွက်ကလည်း ကန့်သတ်ချက် ရှိနေပြီး နေရာတစ်ခု လွတ်သွားတိုင်း မျက်စိကျနေသူများစွာ ရှိနေတတ်သည်။
ယခုတစ်ခေါက် သစ်တောဂိုဏ်းအုပ် သေဆုံးသွားမှုအတွက် အောက်ခြေမှ လူတော်တော်များများက တိတ်တဆိတ် ဝမ်းသာနေကြခြင်း ဖြစ်သည်။
သူတို့အားလုံးက ထိုနေရာကို အစားထိုး ဝင်ယူရန် တွေးတောနေကြသည်။
၆၃ မှတ် ဟု ကြားရသောအခါ လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြသည်။
သူ ပြောသည့်အတိုင်းပင် ဝူမုန့်က တကယ့်ကို ပါရမီရှင်တစ်ယောက် ဖြစ်နေသည်။
အကယ်၍ မိမိသာ မရှိခဲ့လျှင် သူ ထိုက်ယန်တောင်တွင် ဆက်နေပါကလည်း ယခုအချိန်အထိ မျိုးရိုးဗီဇမျိုးစေ့ကို တက်ရောက်နိုင်ဦးမည် မဟုတ်ပေ။
"တကယ် တော်တာပဲ... ကြည့်ရတာ မြေမိခင်ဂိုဏ်းက မင်းအပေါ် သဘောထားမဆိုးဘူး ထင်တယ်"
"ကိုယ်လိုချင်တာကို အပြန်အလှန် ယူနေကြတာပါပဲ... သူတို့ကလည်း ငါ့ရဲ့ ဒီအစွမ်းတွေကို သဘောကျနေလို့ပါ"
ဝူမုန့်က သူ၏ ရပ်တည်ချက်ကို အလွန် ရှင်းလင်းစွာ သိရှိထားပြီး မြေမိခင်ဂိုဏ်း၏ ဦးနှောက်ဆေးခြင်းကို မခံခဲ့ရပေ။
မြေမိခင်ဂိုဏ်းအပေါ်တွင်လည်း သူက ကြီးမားလှသည့် သံယောဇဉ်မျိုး ထားရှိခြင်း မရှိပေ။
မြေမိခင်ဂိုဏ်းက ထိုက်ယန်တောင်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သည့်ကိစ္စအား ဝူမုန့် သိသည် မသိသည်ကို လင်းယွမ်က ဆက်လက် ငြင်းခုံမနေတော့ဘဲ "မင်း ဒီကို လာတာ သက်သက် အတိတ်အကြောင်းတွေ ပြောဖို့တော့ မဟုတ်လောက်ဘူးမလား" ဟုသာ မေးလေသည်။
ဝူမုန့် အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ခဏအကြာမှ ပြန်ဖြေသည်။ "မြေရိုင်းစောင့်ကြည့်သူက မင်းနဲ့ တွေ့ချင်နေတယ်"
လင်းယွမ် မျက်ခုံးပင့်သွားသည်။ "ငါ့ကို တွေ့ချင်တယ်... ဟက်ဟက်... ငါက မင်းတို့ကို လာပြီး စာရင်းမရှင်းရသေးဘူး... မင်းတို့ကတောင် ငါ့ကို ရှာဖို့ ဒီလောက် အလောတကြီး ဖြစ်နေကြပြီလား"
ဝူမုန့်က ခေါင်းခါပြသည်။ "ငါ ပြောပြီးပြီလေ... သစ်တောဂိုဏ်းအုပ်က သစ်တောဂိုဏ်းအုပ်ပဲ... ငါတို့က ငါတို့ပဲ... မြေမိခင်ဂိုဏ်းလက်အောက်မှာ အတူတူ ရှိနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် သီးခြား ဌာနတွေအနေနဲ့ပဲ ရပ်တည်နေကြတာ"
လင်းယွမ်က ဟက်ဟက်ပက်ပက် လှောင်ရယ်လေသည်။ "နားထောင်လို့တော့ ကောင်းသားပဲ... ဒါဆို ငါ မေးမယ်... တကယ်လို့ သစ်တောဂိုဏ်းအုပ်သာ ထိုက်ယန်တောင်ကို သိမ်းပိုက်ပြီး ငါ့ကို သတ်နိုင်မယ်ဆိုရင် ထိုက်ယန်တောင်က အရင်းအမြစ်တွေ... လူဦးရေတွေထဲကနေ မင်းတို့ တစ်ဝေတစု ရမှာလား... မရဘူးလား"
ဝူမုန့် ချက်ချင်းပင် စကားပြန်မပြောနိုင်တော့ပေ။
အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ မလွှဲမသွေ ဖြစ်လာမည့် ကိစ္စဖြစ်သည်။ မြေမိခင်ဂိုဏ်း၏ မည်သည့်ဌာနမှ လုပ်ဆောင်ချက်မဆို အထက်လူကြီးများ၏ သဘောတူညီချက်ကို ရယူရမည် ဖြစ်သည်။
စစ်ဆင်ရေး အောင်မြင်ပြီးနောက်တွင်လည်း ရရှိလာမည့် အမြတ်အစွန်းအားလုံး၏ အများစုကို အထက်သို့ သဘာဝကျကျပင် ပေးအပ်ရမည် ဖြစ်သည်။
ထို့နောက်မှ အထက်လူကြီးများက ဒုတိယအကြိမ် ပြန်လည် ခွဲဝေပေးကြခြင်း ဖြစ်သည်။
သူ ဘာမှ ပြန်မပြောသည်ကို မြင်သောအခါ လင်းယွမ်က ခပ်အေးအေးပင် ဆက်ပြောလေသည်။ "ဒါကြောင့် မင်းတို့က သီးခြားဌာနပါ ဆိုတဲ့ စကားမျိုး လာမပြောနဲ့"
"မြေမိခင်ဂိုဏ်း လက်အောက်မှာ အတူတူပဲမလို့ မင်းတို့နဲ့ သူတို့က ဘာမှ မကွာဘူး"
"မင်းနောက်က မြေရိုင်းစောင့်ကြည့်သူဆိုတဲ့ လူကြီးက အခုလို ယဉ်ယဉ်ကျေးကျေးနဲ့ ငါ့ကို လာဖိတ်ခိုင်းတာက... မင်းတို့ရဲ့ သစ်တောဂိုဏ်းအုပ် သေသွားတာကို သူ မေ့သွားလို့ မဟုတ်ဘူး"
"သူ ငါ့ကို ကြောက်နေလို့ပဲ"
ဝူမုန့်၏ မျက်လုံးအိမ်များ ချက်ချင်း ကျဉ်းမြောင်းသွားပြီး ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ တုန်လှုပ်သွားလေသည်။
လင်းယွမ်က သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီး မျက်ဝန်းထဲတွင်မူ ဖော်ပြ၍မရနိုင်သော စိတ်ပျက်မှုများ ရှိနေသည်။
"ဝူမုန့်... အမှန်တိုင်းပြောရရင် မင်းကို ငါ နည်းနည်း စိတ်ပျက်တယ်"
"တစ်ချိန်တုန်းက မင်းက အရမ်းမာန်မာနကြီးပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့တဲ့ လူတစ်ယောက်လေ... အခုတော့ သူများဘေးက ကျွန်တစ်ယောက်တောင် ဖြစ်နေပြီလား"
"မင်းရဲ့ အဲဒီ ပြိုင်ဘက်ကင်း နှလုံးသားကရော ဘယ်ရောက်သွားပြီလဲ... ဆင့်ကဲပြောင်းလဲဖို့အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်ခဲ့တဲ့ အဲဒီ နှလုံးသားကရော..."
ဝူမုန့်၏ မျက်နှာက တစ်ခဏအတွင်း ဖြူရော်သွားပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် နောက်သို့ တစ်လှမ်း ဆုတ်သွားမိသည်။
သူ၏ ဦးနှောက်ထဲတွင် မိုးခြိမ်းသံများအလား တုန်ခါသွားပြီး လင်းယွမ်၏ ထိုမေးခွန်းက ထပ်တလဲလဲ ပဲ့တင်ထပ်နေတော့သည်။
သူ့၏ ပြိုင်ဘက်ကင်း နှလုံးသားကရော...
ရှေ့ဆက်ဖို့ အဟန့်အတားမရှိတဲ့ သူ၏ သန္နိဋ္ဌာန်တွေကရော...
ဆင့်ကဲပြောင်းလဲဖို့အတွက် အသက်ကိုတောင် စွန့်လွှတ်ရဲတဲ့ ထို ကြီးမြတ်သော ရည်မှန်းချက်တွေကရော ဘယ်ရောက်သွားပြီလဲ။
ဟုတ်ပေသည်... ဘယ်အချိန်ကစပြီး သူကိုယ်တိုင်က တခြားလူတွေရဲ့ ကျွန်တစ်ယောက်လို ခိုင်းဖတ်ဖြစ်သွားခဲ့ရတာလဲ။
ဝူမုန့်၏ မျက်နှာအမူအရာများ အမျိုးမျိုး ပြောင်းလဲနေပြီး ခေါင်းထဲတွင်မူ ဤကာလတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများဖြင့် ပြည့်နှက်နေလေသည်။
သူ ထိုက်ယန်တောင်တွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပြီး လင်းယွမ်၏ အနိုင်ယူခြင်းကို ခံရပြီးနောက် စိတ်ဓာတ်များ အကြီးအကျယ် ကျဆင်းခဲ့ရသည်။
တရားရှာဖွေသူ တစ်ဦး၏ နှလုံးသားမျိုးကို ကိုင်ဆွဲလျက် သူတစ်ယောက်တည်း အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ကာ ကွမ်ဖူသို့ ရောက်ရှိလာခဲ့သည်။
ကွမ်ဖူ စစ်တပ်၏ အံ့မခန်း ဆင့်ကဲပြောင်းလဲခြင်း နည်းပညာများကို သူ တွေ့မြင်ခဲ့ရသော်လည်း သူ့ကိုယ်သူ သတ်ကွင်းထဲသို့ ကိုယ်တိုင် တွန်းပို့သလိုလည်း ဖြစ်သွားခဲ့သည်။
သူ အကျဉ်းချခံခဲ့ရပြီး လူမဆန်သော သုတေသန စမ်းသပ်မှုများကို ကြုံတွေ့ခဲ့ရသည်။
ထိုအချိန်ကတည်းက သူ၏ ဖြူစင်သော နှလုံးသားလေးမှာ ဖုန်မှုန့်များ ဖုံးလွှမ်းသွားခဲ့ပြီ ထင်သည်။
သူ၏ တကယ့် စိတ်ကူးအမှန်များကို ဖုံးကွယ်ထားတတ်ရန် သူ သင်ယူခဲ့ရသည်၊ အပြန်အလှန် လှည့်စားတတ်ရန် သင်ယူခဲ့ရသည်၊ ပိုဆိုးသည်က အပေါ်ယံ ဟန်ဆောင် ဆက်ဆံတတ်ရန်ကိုပါ သင်ယူခဲ့ရသည်။
ဤအရာများကို မိမိ၏ တိုးတက်မှု၊ ရင့်ကျက်လာမှု ဟုပင် သူ ထင်မှတ်ခဲ့မိသည်။
သို့သော် ထိုရင့်ကျက်လာသည့် လုပ်ငန်းစဉ်အတွင်း သူ မေ့လျော့သွားခဲ့သည်က... ဆင့်ကဲပြောင်းလဲဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ရဲသည့် ထို ဖြူစင်သော နှလုံးသားကို ဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်သည်။
လင်းယွမ်က သူ၏ ဤပုံစံကို ကြည့်ပြီး မနေနိုင်ဘဲ ခေါင်းအနည်းငယ် ခါယမ်းကာ ပြောလေသည်။ "အဲဒီ မြေရိုင်းစောင့်ကြည့်သူ ဆိုတဲ့ကောင်ကို ပြန်ပြောလိုက်... ဂိုဏ်းကြီးသုံးဂိုဏ်း ထိုက်ယန်တောင်ကို လာတိုက်တဲ့ စာရင်းက မပြီးသေးဘူးလို့"
"မင်းတို့ တိုက်ချင်တဲ့အချိန် လာတိုက်ပြီး... ရှုံးသွားတဲ့အခါ အရှုံးပေးချင်တိုင်း ပေးလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး"
ဝူမုန့်က ခေါင်းမော့လာပြီး နှုတ်ခမ်းများ လှုပ်ရုံဖြင့် ပြောလေသည်။ "မင်း ဘယ်လောက်ပဲ စွမ်းစွမ်း... ဘယ်လိုပဲပြောပြော မင်းက တစ်ယောက်တည်းပဲလေ"
လင်းယွမ်က ပြုံးပြသည်။ "ငါ တစ်ယောက်တည်းလို့ မင်းကိုဘယ်သူပြောလဲ... ဝူမုန့်... မင်း ထိုက်ယန်တောင်ကနေ ထွက်သွားတာ အရမ်းကြာနေပြီ... ထိုက်ယန်တောင်က မင်း မှတ်မိနေတဲ့ ထိုက်ယန်တောင် မဟုတ်တော့တာ ကြာပြီ"
"မင်း တစ်ယောက်တည်း ရှေ့ရောက်နေတယ်မထင်နဲ့... ငါတို့လည်း အနောက်မှာ ကျန်နေခဲ့တာ မဟုတ်ဘူးကွ"
ဝူမုန့်၏ မျက်နှာအမူအရာ ထပ်မံ ပြောင်းလဲသွားပြီး အသက်ကို ဝအောင် ရှူသွင်းကာ တိုးညင်းစွာ ပြောလေသည်။ "မင်းက အဲဒီလောက် ယုံကြည်မှု ရှိနေမှတော့ ဘာလို့ အခု ဂိုဏ်းကြီးသုံးဂိုဏ်းကို အရေးမယူတာလဲ"
လင်းယွမ်က သူ့ကို တစ်ချက် ဝေ့ကြည့်ပြီး ထူးဆန်းသလို စိုက်ကြည့်ကာ ပြောသည်။ "ငါ့ကို အရူးများ မှတ်နေလား... အခု ဒီနေရာမှာ လူတွေ အများကြီး ရှိတယ်... ဂိုဏ်းကြီးသုံးဂိုဏ်းတည်း မဟုတ်ဘူး... ငါသာ လှုပ်ရှားလို့ ဂိုဏ်းကြီးသုံးဂိုဏ်းက လူတွေကို သတ်နိုင်ရင်တောင် ကျန်တဲ့လူတွေက ငါ အသက်ရှင်နေတာကို လက်ပိုက်ကြည့်နေကြပါ့မလား"
"သူများ ရန်ဖြစ်တာကို စောင့်ပြီး ကြားကနေ အမြတ်ထုတ်မယ့်သူတွေ ရှိနေတာပဲ... ငါက ဘာအမြတ်မှ မရသေးဘဲနဲ့ ငါ့အင်အားတွေကို ဖြုန်းတီးပြီး အရင် ဝင်တိုက်ရမှာလား"
ဝူမုန့် ချက်ချင်းပင် စကားပြန်မပြောနိုင်တော့ဘဲ "မင်းကလည်း ရေပေါ်ကျွန်းကြီး အတွက် လာတာလား" ဟုသာ မေးလိုက်တော့သည်။
"ဟက်ဟက်... မင်း ဘယ်လိုထင်လဲ"
"ဒီရေပေါ်ကျွန်းကြီးက အမှောင်ဓာတ် အစွမ်းရှိတဲ့ ရေပေါ်ကျွန်းပဲ... အထဲမှာ အလင်းရောင် လုံးဝ မရှိဘူး... အမှောင်ထုသက်သက် ကမ္ဘာကြီးတစ်ခုလိုပဲ... ငါတို့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို လူတွေ ဆယ်ခေါက်ကျော်လောက် လွှတ်ခဲ့ပေမယ့် အခုထိ တစ်ယောက်မှ ပြန်ထွက်မလာကြသေးဘူး"
ထိုသို့ပြောပြီးနောက် ဝူမုန့် ထပ်မပြောတော့ဘဲ ရုတ်တရက် ခုန်ထွက်ကာ ရေလှိုင်းများပေါ်တွင် လျင်မြန်စွာ ခြေချလျက် မြေမိခင်ဂိုဏ်း၏ သင်္ဘောပေါ်သို့ ပြန်လည် ထွက်ခွာသွားလေသည်။
လင်းယွမ်က သူ့ကို ကြည့်နေရင်း ဝူမုန့်တစ်ယောက် သင်္ဘောဦးပိုင်း ကုန်းပတ်ပေါ်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် တိုးတိုးတိတ်တိတ် စကားပြောနေသည်ကို မြင်တွေ့ရသည်။
ထို အမျိုးသားကြီးသည် စကားပြောပြီးနောက် လင်းယွမ်ရှိရာသို့ ခေါင်းမော့ကြည့်လာသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးမရှိဘဲ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ လင်းယွမ်အား အေးစက်စွာ စိုက်ကြည့်နေလေသည်။
လင်းယွမ် နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး ဖြူဖွေးနေသော သွားများကို ပေါ်အောင် ပြုံးပြရာ ထို အမျိုးသားကြီး၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားတော့သည်။
"ဝုန်းးးး"
လင်းယွမ်က အမြန်လှေကို စက်နှိုးပြီး ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ အမြန်လှေကို မောင်းနှင်ကာ ထို အမည်းရောင် ကျွန်းကြီးရှိရာသို့ ချက်ချင်း တရှိန်ထိုး ထွက်ခွာသွားလေတော့သည်။
ဆက်ရန်...
အပိုင်း(၅၃၆) ဟင်းလင်းပြင်အက်ကြောင်းဖြင့် လူအများကို အံ့အားသင့်စေခြင်း
လင်းယွမ်အတွက်တော့... ယခု ဝင်ရောက်တိုက်ခိုက်ပြီး ဂိုဏ်းကြီးသုံးဂိုဏ်းမှ အစွမ်းပိုင်ရှင်များကို ချက်ချင်း သတ်ဖြတ်ပစ်ရန်မှာ အမှန်တကယ်တော့ ခက်ခဲသော ကိစ္စမဟုတ်ပေ။
သူ၏ လက်ရှိ စွမ်းရည်အရ ဂိုဏ်းကြီးသုံးဂိုဏ်းမှ အစွမ်းထက်သူများကို သတ်ဖြတ်ရန်ဆိုသည်မှာ အသေအချာကို လုပ်နိုင်သည့် အရာပင်တည်း။
သို့သော် သူသာ ထိုသို့ လုပ်ရဲခဲ့လျှင် ထိုနေရာရှိ လူအားလုံး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းအားက အလွန် ကြီးမားလွန်းလှသဖြင့် လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်နေသောကြောင့် ဖြစ်၏။
ထိုသူများသည် သူက ဂိုဏ်းကြီးသုံးဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းပစ်မည်ကို မျက်စိသူငယ်ဖြင့် ရပ်ကြည့်နေကြမည် မဟုတ်ချေ။
လင်းယွမ်က ဂိုဏ်းကြီးသုံးဂိုဏ်းမှ အစွမ်းထက်သူများကို သတ်ဖြတ်ပြီးနောက် သူတို့အပေါ်ကိုပါ ဆက်လက် တိုက်ခိုက်လာမည်လား ဆိုသည်ကို မည်သူကမျှ အသေအချာ မပြောရဲသောကြောင့်ပင်တည်း။
လင်းယွမ်တွင် စနစ်ရှိနေသည် မှန်သော်လည်း သူ၏ သန္ဓေပြောင်းစွမ်းအင်များကမူ အဆုံးအစမဲ့ ထွက်ပေါ်နေသည်တော့ မဟုတ်ပေ။
အချိန်ကြာမြင့်စွာ တိုက်ခိုက်ရ၍ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ ကုန်ခမ်းသွားပါက သူကိုယ်တိုင်လည်း အားအင်ကုန်ခမ်း၍ သေဆုံးသွားနိုင်လေသည်။
ထို့ကြောင့် လင်းယွမ်အတွက်တော့ ယခုအချိန်သည် တိုက်ခိုက်ရန် အကောင်းဆုံးအချိန် လုံးဝ မဟုတ်ချေ။
လက်ရှိ အရေးအကြီးဆုံးကိစ္စမှာ ဤရေပေါ်ကျွန်းကို အရင်ဦးအောင် လုယူရန်ပင် ဖြစ်တော့သည်။
"ဝူး... ဝူး"
အမြန်လှေ၏ အင်ဂျင်သံကြီး မြည်ဟည်းသွားပြီး ပေါက်ကွဲလေဓာတ် သင်္ကေတက အရှိန်အဟုန်ကို ပြင်းထန်စွာ မြှင့်တင်ပေးလိုက်ရာ အမြန်လှေသည် ရေလှိုင်းလုံးကြီးများကို ခွဲထုတ်လျက် ထိုဧရာမ အမည်းရောင် နယ်မြေကြီးဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားတော့သည်။
သို့သော် သူ၏ ဤလှုပ်ရှားမှုက ယခုအချိန်အထိ စောင့်ဆိုင်းနေခဲ့ကြသော အဖွဲ့အစည်း အသီးသီးကို ချက်ချင်းပင် အလောတကြီး ဖြစ်သွားစေလေသည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ သင်္ဘောက လင်းယွမ်နှင့် အနီးဆုံးတွင် ရှိနေပြီး လင်းယွမ် လှုပ်ရှားလာသည်ကို မြင်လိုက်ရသောအခါ သင်္ဘောဦးပိုင်းရှိ လူငယ်တစ်ယောက်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပျက်ယွင်းသွား၏။
"ဒုက္ခပဲ... သူ ရေပေါ်ကျွန်းထဲ ဝင်တော့မယ်... သူ့ကို တားကြ"
နောက်တစ်ခဏတွင် လူငယ်၏ ဘေးနားရှိ လူများက လေးကြိုးကို ဆွဲကာ မြှားတင်လိုက်ကြပြီး အချို့ကလည်း စနိုက်ပါ သေနတ်ပုံစံ ပစ်ခတ်ရေး ကိရိယာများကို မတင်လိုက်ကြသည်။
"ဝုန်း"
"ဖောင်း"
ပြင်းထန်သော ပေါက်ကွဲသံကြီး နှစ်ခု ဆက်တိုက် ထွက်ပေါ်လာလေသည်။
သတ္တုရောင် လင်းလက်နေသော မြှားတစ်စင်းက အရှိန်အဟုန်ဖြင့် ပစ်ခတ်လာ၏။
ထို စနိုက်ပါသေနတ် အတွင်းမှလည်း မီးတောက်များ ပေါက်ကွဲထွက်လာပြီး မီးလျှံတစ်ခုက လေထုကို ခွဲထုတ်ကာ ပြေးထွက်လာသည်။
ထို အလင်းတန်းနှစ်ခုက ရှေ့ဆင့်နောက်ဆင့် မရှိဘဲ လင်းယွမ်ဆီသို့ တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်လာကြသည်။
လင်းယွမ်၏ မျက်နှာက ခက်ထန်သွားပြီး ခေါင်းကို ဆတ်ခနဲ လှည့်ကာ ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ သင်္ဘောကြီးကို စိုက်ကြည့်ရင်း အော်ဆဲလိုက်၏။ "သေချင်နေတာလား"
"ဝှစ်"
သူက လက်ကို ဆန့်ထုတ်ကာ လေဟာပြင်ကို ရုတ်တရက် ထိတွေ့လိုက်သည်။
ဝုန်းခနဲ...
လေဟာပြင်တွင် အက်ကွဲကြောင်း တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
ထို အက်ကွဲကြောင်း ထွက်ပေါ်လာမှုက အလွန် လျင်မြန်လှပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ပတ်ပတ်လည်သို့ ပျံ့နှံ့သွား၏။
လေထုထဲတွင် ဧရာမ အပေါက်ကြီး တစ်ခု တိုက်ရိုက် ဟက်တက်ကွဲသွားတော့သည်။
ရွှေရောင် မြှားတံဖြစ်စေ၊ မီးလျှံဖြစ်စေ အားလုံးကို ထို အက်ကြောင်းကြီးက ချက်ချင်း မျိုချပစ်လိုက်လေသည်။
ထို အက်ကြောင်းကြီး၏ ပျံ့နှံ့မှု အရှိန်မှာ ရပ်တန့်မသွားဘဲ မှောင်မည်းနေသော မျဉ်းမည်းကြီး တစ်ကြောင်းကဲ့သို့ ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ သင်္ဘောဆီသို့ ရူးသွပ်စွာ ခုတ်ပိုင်းသွားတော့သည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ကုန်းပတ်ပေါ်ရှိ ထိုလူငယ်နှင့် အခြားသူများ၏ မျက်နှာများမှာ အကြီးအကျယ် ပျက်ယွင်းသွားကြ၏။
"ဘာ..."
"ဒါက ဘယ်လို အစွမ်းမျိုးလဲ"
"မြန်မြန်... မြန်မြန် ရှောင်ကြ"
"မကောင်းတော့ဘူး... ငါတို့သင်္ဘောဆီကို တည့်တည့်လာနေတာ"
"ကာထား... ကာထား"
သို့သော် ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ကုန်းပတ်ပေါ်တွင် အမျိုးမျိုးသော သန္ဓေပြောင်းစွမ်းအင်များ ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသည်။
မီးတောက်များ၊ ရေလှိုင်းလုံးကြီးများ၊ ရေမြှားများ၊ ကျောက်တုံးကြီးများက အက်ကြောင်းကြီးဆီသို့ အသီးသီး ဝင်ရောက်တိုက်ခိုက်ကြလေသည်။
သို့သော် ထို အက်ကြောင်းကြီးမှာ ချောက်နက်ကြီး၏ ပါးစပ်ပေါက်ကြီးသဖွယ် ဖြစ်နေပြီး မည်သည့် တိုက်ခိုက်မှုမျိုး ဖြစ်စေကာမူ အနီးသို့ ရောက်ရှိလာသည်နှင့် ချက်ချင်း မျိုချခံလိုက်ရတော့သည်။
နောက်ဆုံးတွင် ထို အက်ကြောင်း မျဉ်းမည်းကြီးက ဧရာမ သင်္ဘောကြီးကို ဖြတ်သန်း ပျံ့နှံ့သွား၏။
ဂျွတ်ခနဲ...
ထို သင်္ဘောကြီးမှာ စက္ကူဖြင့် ပြုလုပ်ထားသကဲ့သို့ စက္ကန့်ပိုင်းအတွင်းမှာပင် နှစ်ပိုင်း ပြတ်သွားလေတော့သည်။
လူအချို့မှာ ရှောင်တိမ်းချိန် မရလိုက်ဘဲ ထို အက်ကြောင်းကြီးနှင့် ထိမိသည့် အခိုက်အတန့်၌ပင် သူတို့ပါ နှစ်ပိုင်း တိုက်ရိုက် ပြတ်သွားကြသည်။
သို့သော် ထူးဆန်းသည်မှာ နှစ်ပိုင်းပြတ်သွားသော အလောင်းများမှ သွေးများ ထွက်မလာဘဲ အသားစများမှာ ထိန်းချုပ်မရစွာဖြင့် ထို အက်ကြောင်း မျဉ်းမည်းကြီးထဲသို့ လိပ်ဝင်သွားခြင်းပင် ဖြစ်၏။
"ဟင်းလင်းပြင် အစွမ်းတွေ"
တစ်စုံတစ်ယောက်က ထို အက်ကြောင်း မျဉ်းမည်းကြီးမှာ အဘယ်အရာ ဖြစ်သည်ကို မှတ်မိသွားပြီး ချက်ချင်းပင် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"ဟင်းလင်းပြင် အစွမ်း... သူက ဟင်းလင်းပြင် အစွမ်းပိုင်ရှင်ပဲ"
"သေစမ်း... အမြန် ရှောင်ကြဟေ့"
"အမြန် ရေထဲခုန်ချ"
ဝိညာဉ်စွမ်းအင်ဂိုဏ်း သင်္ဘောပေါ်ရှိ လူအားလုံး ကြောက်လန့်တကြား အော်ဟစ်နေကြပြီး ကုန်းပတ်ပေါ်မှ အသီးသီး ခုန်ချကြလေသည်။
ရေနွေးအိုးထဲသို့ ဖက်ထုပ်များ ပစ်ထည့်လိုက်သကဲ့သို့ ရေပြင်ပေါ်တွင် ဗွမ်း... ဗွမ်း... ဟူသော အသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။
လင်းယွမ်က ရက်စက်စွာ ရယ်မောလိုက်ပြီး "ဟားဟားဟား... ဝိညာဉ်စွမ်းအင်ဂိုဏ်း... ဒီနေ့တော့ အတိုး အရင်ယူထားလိုက်မယ်... နောက်နေ့ကျရင် ငါကိုယ်တိုင် ကွမ်ဖူကို လာပြီး မင်းတို့ အမှိုက်ကောင်တွေကို ရှင်းပေးမယ်"
လင်းယွမ်၏ ရယ်မောသံများက လှိုင်းလုံးများကြားတွင် ပဲ့တင်ထပ်နေပြီး သူ၏ အမြန်လှေမှာမူ မှောင်မည်းနေသော နယ်မြေဆီသို့ အလွန် လျင်မြန်စွာ ချဉ်းကပ်သွားပြီ ဖြစ်သည်။
"ဝှစ်"
လင်းယွမ်မှာ မျက်စိရှေ့တွင် ရုတ်တရက် မှောင်မိုက်သွားသည်ဟု ခံစားလိုက်ရပြီး အလင်းရောင် အားလုံး လုံးဝ ပျောက်ကွယ်သွားတော့သည်။
သူသည် အဆုံးစွန်ထိ မှောင်မိုက်နေသော ညဉ့်ယံထဲသို့ ချက်ချင်း ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားပြီး မျက်စိရှေ့တွင် အလင်းရောင်ဟူ၍ အနည်းငယ်မျှပင် မရှိတော့ပေ။
"ဒုန်း..."
တိုက်မိသံ တစ်ခု ထွက်ပေါ်လာပြီးနောက် လင်းယွမ်မှာ ပြင်းထန်သော လှုပ်ခါမှုကို ခံစားလိုက်ရလေသည်။
လှေတစ်ခုလုံးက တစ်ခုခုကို ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်သွားပြီး အရှိန်ပြင်းပြင်းဖြင့် လှုပ်ခါကာ ရှေ့သို့ ဆက်လက် ထိုးထွက်သွား၏။
လင်းယွမ် မှောင်မည်းနေသော ရေပေါ်ကျွန်းထဲသို့ ဝင်ရောက်သွားပြီးနောက် အပြင်ဘက်ရှိ သင်္ဘောများပေါ်မှ လူအားလုံး၏ မျက်နှာများမှာ အကြီးအကျယ် ပျက်ယွင်းသွားကြတော့သည်။
"ဟင်းလင်းပြင် အစွမ်းပိုင်ရှင်လား"
ရေနတ်ဘုရားဂိုဏ်းဘက်တွင် ဟန်ထိုက်မှာ မနေနိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်လေသည်။
ဘေးနားရှိ ရေလေးယဇ်ပုရောဟိတ် တိန့်ကျဲကလည်း ခေါင်းကို ဆတ်ခနဲ လှည့်ကာ ဟန်ထိုက်ကို ကြည့်လိုက်ပြီး ရင်ထဲမှ ကြောက်လန့်တုန်လှုပ်မှုကို မဖိနှိပ်နိုင်ဘဲ မေးလိုက်၏။ "အစ်ကိုဟန်... ခင်ဗျားက သူ့ကို ရေခဲဓာတ် အစွမ်းပိုင်ရှင်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး သူ့မှာ ဟင်းလင်းပြင် အစွမ်းပါ ရှိနေရတာလဲ"
ဟန်ထိုက်မှာလည်း ထိုအခိုက်အတန့်တွင် ကြောင်အမ်းအမ်း ဖြစ်နေပြီး တီးတိုးရေရွတ်လိုက်သည်။ "မဟုတ်သေးဘူး... ဒါ မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး... ပြီးခဲ့တဲ့ အကြိမ် သူ လင်းကွမ်ချွန်းနဲ့ ကျန်းကောချန်တို့ကို သတ်တုန်းက သုံးခဲ့တာ ရေခဲဓာတ် အစွမ်း အသေအချာပဲလေ"
"ဒါဆို... ဒါဆို သူက တစ်ပြိုင်နက်တည်းမှာ အစွမ်း နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားတာလား"
ဟန်ထိုက်မှာ ထိုသို့သော အတွေးမျိုး ရုတ်တရက် ဝင်လာသဖြင့် သူ့ကိုယ်သူပင် အလွန်တရာ လန့်ဖျပ်သွားမိသည်။
အစွမ်းပိုင်ရှင် တစ်ယောက်က အစွမ်း နှစ်မျိုးကို ပိုင်ဆိုင်နိုင်သလား။
ဟန်ထိုက် တစ်ယောက်တည်းသာ မဟုတ်ပေ။ အဝေးရှိ မြေမိခင်ဂိုဏ်း၏ သင်္ဘောပေါ်တွင် ဝူမုန့်ကလည်း ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီး မျက်လုံးများပါ တုန်ရီသွားလေသည်။
"ဟင်းလင်းပြင် အစွမ်း... တကယ်ပဲ သူက ဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်နေတာကိုး"
"ဒါဆို... အရင်က ကိုးဝူမျှော်စင်မှာ တိုက်ခဲ့တဲ့ ပွဲတုန်းက သူ အစွမ်းကုန်တောင် မသုံးခဲ့ဘူးပေါ့"
"စိတ်စွမ်းအင်အစွမ်း ဆိုတာကလည်း သူ့ရဲ့ များပြားလှတဲ့ အစွမ်းတွေထဲက တစ်ခုတည်းပဲလား"
"လင်းယွမ်... မင်းက တကယ့်ကို ဘယ်လို သရဲသဘက်မျိုးလဲကွာ"
ဝူမုန့်၏ ရင်ထဲတွင် တုန်လှုပ်ချောက်ချားသွားပြီး သူတို့ နှစ်ယောက်ကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားလွန်းလှသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။
အကယ်၍ ယခင် ကိုးဝူမျှော်စင်တွင် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း သူသာ ကြိုးစားလိုက်လျှင် လင်းယွမ်ကို မှီနိုင်သေးသည်ဟု ခံစားခဲ့ရသည် ဆိုပါစို့။
သို့သော် ယခုတစ်ကြိမ် ပြန်လည် တွေ့ဆုံချိန်တွင်ကား လင်းယွမ်၏ အစွမ်းထက်မှု အဆင့်အတန်းမှာ သူ၏ စိတ်ကူးယဉ်မှုထက် များစွာ ကျော်လွန်နေချေပြီ။
ထိုအရာက သူ့ကို နောက်မှ လိုက်မီရန် ကြိုးစားလိုစိတ်များကိုပင် ပျောက်ကွယ်သွားစေလေသည်။
ဝူမုန့်၏ အရှေ့ဘက်တွင် မြေရိုင်းစောင့်ကြည့်သူ ဖန်ဟောင်ကလည်း သင်္ဘော၏ လက်ရန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်လုံးများထဲတွင်လည်း တုန်လှုပ်မှုများ ပြည့်နှက်နေ၏။
"ဟင်းလင်းပြင် အက်ကြောင်းကြီး... သူက ဟင်းလင်းပြင် အက်ကြောင်းကြီးကိုတောင် ဖန်တီးနိုင်တာလား"
"ဟင်းလင်းပြင် အက်ကြောင်းရဲ့ ဝါးမျိုနိုင်တဲ့ စွမ်းအားကို အသုံးပြုပြီး ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်လာအောင် ဖန်တီးလိုက်တာပဲ"
"ငါသာဆိုရင် ဘယ်လို ခုခံရမလဲ"
ဖန်ဟောင်၏ စိတ်အာရုံများက လျင်မြန်စွာ ပြောင်းလဲသွားပြီး နောက်တစ်ခဏတွင် သူ ချက်ချင်း သတိဝင်လာလေသည်။
"ငါက ဘာလို့ ခုခံရမှာလဲ... ဟင်းလင်းပြင် အက်ကြောင်းဆိုတာ သဘာဝတရားရဲ့ ကြီးမားတဲ့ စွမ်းအားတစ်ခုပဲ... သူက ဟင်းလင်းပြင် အစွမ်းကို အသုံးပြုပြီး ဟင်းလင်းပြင် အက်ကြောင်း ဖြစ်လာအောင် ဖန်တီးလိုက်ရုံ သက်သက်ပဲလေ"
"အဲဒီ ဟင်းလင်းပြင် အက်ကြောင်းက ကြောက်စရာ ကောင်းတယ်လို့ ထင်ရပေမဲ့ အရှိန်က သိပ်မမြန်ပါဘူး"
"ငါ့ရဲ့ အရှိန်က လုံလောက်အောင် မြန်နေသရွေ့ အဲဒီ ဟင်းလင်းပြင် အက်ကြောင်းက ငါ့ကို လုံးဝ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"
ဖန်ဟောင်၏ အတွေးက ထိုနေရာသို့ ရောက်သွားသောအခါမှသာ ရုတ်တရက် သက်ပြင်းတစ်ချက် ချနိုင်သွားတော့သည်။
စစ်တပ်ဘက်တွင်လည်း သိမ်းငှက်အုပ်စု၏ ကိုယ်စားလှယ်များထဲမှ တစ်ဦးဖြစ်သော တင်းဟွေယိ၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားလေသည်။
"ဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်နေတာကိုး"
"အဓိက အရည်အသွေးကလည်း ၉၂ မှတ်အထိ မြင့်မားနေတယ်... ဖုန်းကျန့်ကုန်းထက် နည်းနည်းလေးမှ မညံ့ဘူး... အစွမ်းရဲ့ ထူးခြားမှုမှာဆိုရင်တောင် ဖုန်းကျန့်ကုန်းထက် လုံးဝ နောက်မကျဘူးပဲ"
"ငါတို့ စစ်တပ်ထဲ ဝင်လာအောင် ဒီလူ့ကို ဆွဲဆောင်နိုင်ခဲ့မယ် ဆိုရင်..."
သူ၏ စိတ်အာရုံ ပြောင်းလဲသွားပြီး ဤကိစ္စမှာ ဖြစ်နိုင်ချေ များစွာ ရှိနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
လွန်ခဲ့သည့် ခဏလေးအတွင်းမှာပင် သူသည် အခြားသူများထံမှ သတင်းအချက်အလက်များကို ရရှိခဲ့ပြီး လင်းယွမ် မည်သူမည်ဝါ ဖြစ်ကြောင်းကို ရှင်းလင်းစွာ သိရှိထားခဲ့ပြီ ဖြစ်သည်။
"ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင်... ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ သူသေကိုယ်သေ ရန်ငြိုးရှိတယ်"
"ဂိုဏ်းကြီးသုံးဂိုဏ်းက ငါတို့ စစ်တပ်နဲ့လည်း ရန်ငြိုးရှိတာပဲ... ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲလေ... သူသာ မတုံးအဘူးဆိုရင် စစ်တပ်က ကမ်းလှမ်းလာတာကို သေချာပေါက် လက်ခံမှာပဲ"
ဤနေရာသို့ တွေးမိသောအခါ တင်းဟွေယိ၏ မျက်လုံးများက ပိုမို တောက်ပလာတော့သည်။
"ကျန်းယွီကျန်းဆီမှာ ဖုန်းကျန့်ကုန်း ရှိနေလို့ တိမ်မြူကျွန်းကို သိမ်းပိုက်ထားနိုင်တာ... တကယ်လို့ ဒီ လင်းယွမ်ကိုသာ ဆွဲဆောင်နိုင်ခဲ့ရင် အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအား အပိုင်းမှာ ငါတို့အုပ်စုက ချိုးငှက်အုပ်စုဘက်က လူတွေကို ထပ်ပြီး ကြောက်နေစရာ မလိုတော့ဘူး"
သူ၏ စိတ်အာရုံများ လည်ပတ်နေပြီး သူ၏ အတွေးများက အလွန်တရာ ဖြစ်နိုင်ချေ ရှိနေသည်ဟု ပို၍ ခံစားလာရသည်။
ထိုအချိန်တွင် ဘေးနားရှိ စစ်သားတစ်ယောက်က အလောတကြီး ပြောလိုက်၏။ "တပ်ရင်းမှူး... ပေါက်ဆန်းမြို့က လူတွေ နောက်ကနေ လိုက်သွားကြပြီ"
တင်းဟွေယိ ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ပေါက်ဆန်းမြို့၏ သင်္ဘောများ စတင် ထွက်ခွာသွားပြီ ဖြစ်ပြီး ထို မှောင်မည်းနေသော နယ်မြေဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်ကို တွေ့လိုက်ရသည်။
သူ၏ မျက်နှာက ခက်ထန်သွားပြီး "ကောင်းလိုက်တဲ့ ရွှီဟောင်ယန်... ကြည့်ရတာ တကယ်ပဲ ငြိမ်မနေနိုင်တော့ဘူး ထင်တယ်... အားလုံး အကုန်လုံး သင်္ဘောကို အခုချက်ချင်း ထွက်ပြီး ရေပေါ်ကျွန်းဆီ ကပ်ကြ"
စစ်သားမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး အလျင်အမြန် တားဆီးလိုက်သည်။ "တပ်ရင်းမှူး... ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်းထဲမှာ အန္တရာယ် များတယ်... ကျွန်တော်တို့ လူတွေ အများကြီး ဝင်သွားတာ အခုထိ ပြန်ထွက်မလာသေးဘူး... ဒါမှမဟုတ် ကျွန်တော်ပဲ လူတချို့ ခေါ်ပြီး ထပ်စမ်းဝင်ကြည့်ပေးရမလား"
တင်းဟွေယိက လက်ကို ဝှေ့ယမ်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။ "ကျားဂူထဲ မဝင်ရင် ကျားပေါက်လေးကို ဘယ်လိုလုပ် ရနိုင်မှာလဲ"
"ငါ ကိုယ်တိုင် ဝင်မယ်... အမှောင်ဓာတ် ရေပေါ်ကျွန်း ဆိုတာ အရမ်း ရှားတယ်... လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး... အမိန့်ပေးလိုက်... အမြန်ဆုံး အရှိန်နဲ့ ကပ်ကြ"
"ဟုတ်ကဲ့ပါ"
ပေါက်ဆန်းမြို့မှ အသက်ရှင်ကျန်ရစ်သူများ၏ ခေါင်းဆောင်နှင့် ကွမ်ဖူ စစ်တပ်ဘက်မှ လှုပ်ရှားလာမှုနှင့်အတူ...
အခြားသော အဖွဲ့အစည်း အသီးသီးမှ လူများလည်း ဆက်လက်၍ သည်းမခံနိုင်ကြတော့ဘဲ အသီးသီး သင်္ဘောများ ခုတ်မောင်းကာ ထို မှောင်မည်းနေသော နယ်မြေဆီသို့ တိုက်ရိုက် ပြေးဝင်သွားကြလေတော့သည်။
အထဲတွင် အန္တရာယ် ရှိ၊ မရှိ ဆိုသည်ကို မည်သူကမျှ ဂရုမစိုက်နိုင်ကြတော့ပေ။
ခြေတစ်လှမ်း နောက်ကျသွားသည်နှင့် ဤရေပေါ်ကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို အခြားသူများ လုယူသွားနိုင်ချေ ရှိနေသောကြောင့်ပင်တည်း။
ထို သင်္ဘောများ အသီးသီးက မှောင်မည်းနေသော နယ်မြေဆီသို့ ချဉ်းကပ်လာသည်နှင့်အမျှ လူတိုင်းက အလွန်တရာ မှောင်မိုက်နေသော ကမ္ဘာကြီးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ကြရသည်။
အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် သူတို့ ထို မှောင်မည်းနေသော နယ်မြေဆီသို့ ချဉ်းကပ်ပြီး မကြာမီမှာပင် ချက်ချင်း ပျောက်ကွယ်သွားကြလေသည်။
ထို မှောင်မည်းနေသော နယ်မြေမှာ တွင်းနက်ကြီး တစ်ခုသဖွယ် ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ အလင်းရောင် အားလုံးကို မျိုချပစ်လိုက်၏။
ကောင်းကင်နှင့် မြေကြီးကြားတွင် ဧရာမ အပေါက်ကြီး တစ်ခု ပေါက်သွားသကဲ့သို့ ဖြစ်နေသည်။
အရာအားလုံး မှောင်မည်းနေပြီး အထဲရှိ အခြေအနေကို လုံးဝ ထိုးဖောက် မြင်နိုင်စွမ်း မရှိတော့ပေ။
ယခုအချိန်တွင် လင်းယွမ်မှာလည်း ထိုကဲ့သို့သော ခံစားချက်မျိုးကို ခံစားနေရသည်။
အမြင်အာရုံမှာ လုံးဝ ကန့်သတ်ခံလိုက်ရပြီး မျက်မမြင် တစ်ယောက်ကဲ့သို့ ဘာကိုမျှ မမြင်ရတော့ချေ။
သူ၏ မျက်လုံးများတွင် ညကြည့်နိုင်စွမ်း ရှိနေလျှင်ပင် မည်သည့်အရာကိုမျှ မမြင်နိုင်တော့ပေ။
"ငါ့ရဲ့ ညကြည့်စွမ်းရည်တောင် အသုံးမဝင်တော့ဘူးလား"
သူ၏ ညကြည့်စွမ်းရည်မှာ မျိုးရိုးဗီဇ အသွင်တစ်ရာမှ အလိုအလျောက် ဆင့်ကဲပြောင်းလဲလာသော ထူးခြားသည့် အစွမ်းတစ်ခု ဖြစ်သည်။
မှိန်ပျပျ အလင်းရောင်ရှိသော ပတ်ဝန်းကျင်တွင်ပင် အရာဝတ္ထုများကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိ၏။
နောက်ပိုင်း ရေအောက်တွင် ရှိနေစဉ် လင်းယွမ်၏ ညကြည့်စွမ်းရည်မှာ နောက်ထပ် တစ်ကြိမ် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သေးသည်။
အရာဝတ္ထုများ၏ အပူချိန်ကို အခြေခံကာ တုံ့ပြန်မှုများ ပြုလုပ်နိုင်ပြီး မြင်လွှာပေါ်တွင် ရုပ်ပုံများ ဖြစ်ပေါ်လာစေနိုင်လေသည်။
သို့သော် ယခုအချိန်တွင် ဤအစွမ်းများက ဤအမှောင်ဓာတ် ရေပေါ်ကျွန်းပေါ်တွင် လုံးဝ အသုံးမဝင်တော့သည့် ပုံပေါ်နေ၏။
"ဒါဆို ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်းက တကယ်ပဲ အလင်းရောင် နည်းနည်းလေးတောင် မရှိတော့ဘူးလား"
လင်းယွမ်၏ ရင်ထဲတွင် သံသယ ဝင်သွားပြီး သူက လက်ဖဝါးကို ဆန့်ထုတ်ကာ ဖြည်းညင်းစွာ ပွတ်သပ်လိုက်သည်။
"ဝှစ်"
သူ၏ လက်ဖဝါးထဲတွင် ပူပြင်းသော မီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။
သို့သော် လင်းယွမ်ကို ထူးဆန်းသွားစေသည်မှာ မီးတောက်က လက်ဖဝါးထဲတွင် လောင်ကျွမ်းနေသော်လည်း ၎င်း၏ အလင်းရောင်မှာ မီးတောက်တွင်သာ ရှိနေပြီး အပြင်ဘက်သို့ ပြန့်နှံ့သွားခြင်း၊ အနီးအနားရှိ မြင်ကွင်းများကို လင်းထိန်သွားစေခြင်းမျိုး လုံးဝ မရှိခြင်းပင်တည်း။
သူ့ကိုယ်ပိုင် လက်ဖဝါးကိုပင် ဤမီးတောက်က လင်းထိန်အောင် မလုပ်ပေးနိုင်တော့ချေ။
မီးတောက်တွင်သာ မှိန်ပျပျ အလင်းရောင် ရှိနေခြင်းမှလွဲ၍ အခြား အလင်းရောင် အားလုံးကို မျိုချခံလိုက်ရသည်မှာ အမှန်တကယ်ပင် ဖြစ်၏။
သူ့လက်ထဲရှိ ဤမီးတောက်၏ အလင်းရောင်ကပင် ယခုအချိန်တွင် အဆက်မပြတ် တိုက်စားခံနေရပြီး တဖြည်းဖြည်း မှေးမှိန်လာနေလေသည်။
သို့သော် လင်းယွမ်က ၎င်း၏ အပူချိန်မှာ ပြောင်းလဲမသွားဘဲ လက်ဖဝါးထဲရှိ မီးတောက်၏ တောက်ပမှုသာ ပြောင်းလဲသွားကြောင်းကို ခံစားသိရှိနိုင်လေသည်။
"တကယ်ပဲ အလင်းရောင်က အပြင်ကို လုံးဝ ပြန့်ထွက်မသွားနိုင်တာပဲ"
"ကြည့်ရတာ ဒီ ရေပေါ်ကျွန်း တစ်ခုလုံးကို အမှောင်ဓာတ် စွမ်းအင်တွေက ဖုံးလွှမ်းထားပြီး အလင်းဓာတ်ကို အကြီးအကျယ် ဖိနှိပ်ထားတဲ့ပုံပဲ"
ဤအရာက လင်းယွမ်ကို မြူခိုးမြို့တော်ဆီသို့ အမှတ်မထင် တွေးမိသွားစေသည်။
ယခင်က မြူခိုးမြို့တော်သည် ရေခဲကျွန်း တစ်ကျွန်း ဖြစ်ခဲ့၏။
ထိုကျွန်းပေါ်တွင် ရေဓာတ် အစွမ်းပိုင်ရှင်များမှာ အကြီးအကျယ် အားနည်းသွားကြရသည်။
ရေဓာတ် စွမ်းအင်ကို အသုံးပြုလိုက်သည်နှင့် ချက်ချင်းဆိုသလို ရေခဲသွားနိုင်ချေ ရှိလေသည်။
"ဒါပေမဲ့ ရေပေါ်ကျွန်းဆိုတာက ဧရာမ သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ကောင်ရဲ့ အလောင်းကနေ ဖြစ်လာတယ်ဆိုတဲ့ ကောက်ချက်အရ ကြည့်မယ်ဆိုရင်... ဒီ ရေပေါ်ကျွန်းက အမှောင်ဓာတ် သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ကောင်ရဲ့ အလောင်းကနေ ဖြစ်လာနိုင်ချေ အရမ်းများတယ်"
"အဲဒီလို သန္ဓေပြောင်း သတ္တဝါရဲ့ ခန္ဓာကိုယ်ထဲမှာ အမှောင်ဓာတ် စွမ်းအင်တွေ ပြည့်နှက်နေပြီး အလင်းဓာတ်ကို ဖိနှိပ်ထားတာကလည်း သာမန်ပါပဲ"
"နှမြောစရာပဲ... ဒါက အမှောင်ဓာတ် အမျိုးအစား ရေပေါ်ကျွန်းမှန်း အစကတည်းက သိခဲ့ရင် ဝူယင့်ကို ခေါ်လာခဲ့သင့်တာ"
လင်းယွမ်က အနည်းငယ် နှမြောသွား၏။ ဝူယင်သည် အမှောင်ဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည်။
သူသာ ဤနေရာတွင် ရှိနေပါက ရေငတ်နေသော ငါး ရေထဲကျသကဲ့သို့ ဖြစ်နေမည်မှာ အသေအချာပင်။
ချက်ချင်းပင် သူက ခေါင်းခါလိုက်ပြီး ထို အတွေးများကို ဖယ်ရှားကာ လက်ရှိ အခြေအနေကို စတင် သုံးသပ်လိုက်လေသည်။
"အလင်းရောင်က ပြန့်ထွက်မသွားနိုင်ပေမဲ့ စိတ်စွမ်းအင်ကိုတော့ ဖိနှိပ်မထားနိုင်လောက်ဘူး"
ဆက်ရန်...