အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း (၁၉၃) - အဖမ်းခံရသော တွမ့်သယ် နှင့် သွေးယဇ်ပူဇော်ခြင်း
လင်း မိသားစု ၏ မြေအောက်အကျဉ်းထောင် အတွင်း၌ သွေးများ ပေကျံနေသော တွမ့်သယ် မှာ ကြိုးတုပ်ခံထားရပြီး အလွန်တရာ စုတ်ပြတ်သတ်နေသည့် အသွင်အပြင်ဖြင့် အသက်ရှူသံများပင် အားနည်းနေ၏။
ဝူယီဖန် နှင့် ဆက်သွယ်ပြီး မကြာမီမှာပင် သူသည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ သို့ ပြန်လည် ထွက်ခွာလာခဲ့သော်လည်း ထိုနေရာသို့ မရောက်မီမှာပင် လင်း မိသားစုမှ စွမ်းအားရှင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ဖမ်းဆီးခံရပြီးနောက် သုံးရက်သုံးညတိုင်တိုင် စစ်ဆေးမေးမြန်းခံရပြီး ထိုပစ္စည်းကို ပေးအပ်ရန် အတင်းအကျပ် တောင်းဆိုခံခဲ့ရ၏။
သို့သော်လည်း ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲ သည် သူနှင့်အတူ မရှိတော့ချေ။ ထို့အပြင် တွမ့်သယ်သည် အခြားသူများကို သစ္စာဖောက်မည့် လူစားမျိုး မဟုတ်သောကြောင့် လင်း မိသားစုသည် ဤမျှကာလကြာအောင် စစ်ဆေးမေးမြန်းပြီးသည်တိုင် မည်သည့် သဲလွန်စကိုမျှ မရရှိခဲ့ပေ။
ထိုစဉ် ခြေသံများက ဖြည်းညင်းစွာ နီးကပ်လာ၏။ တွမ့်သယ် သည် မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ သူ့ကို အထက်စီးမှ ငုံ့ကြည့်နေသော လင်းရွှီခွန်း ကို တွေ့လိုက်ရသည်။
"မင်းရဲ့ တခြား ကြံရာပါ အကြောင်းကို ငါ့ကို ပြောပြလိုက်စမ်း... ငါတို့ လင်း မိသားစု က မင်းရဲ့ အသက်ကို ချမ်းသာပေးကောင်း ပေးနိုင်တယ်... ဒါပေမဲ့ မင်း မပြောဘူး ဆိုရင်တော့ ထွက်ပေါက် မရှိဘဲ သေဖို့ပဲ ရှိတော့တယ်..."
လင်းရွှီခွန်း သည် တွမ့်သယ် ကို ကြည့်၍ အလွန်တရာ အေးစက်ခက်ထန်သော လေသံဖြင့် ပြောလိုက်၏။
သို့သော်လည်း တွမ့်သယ် သည် လင်းရွှီခွန်းဘက်သို့ သူ၏ သွေးဖြင့် ထွေးထုတ်လိုက်သည်။ သို့ရာတွင် ထိုသွေးများမှာ လင်းရွှီခွန်း ၏ အင်မော်တယ် ချီ အကာအကွယ်ဖြင့် တားဆီးခံလိုက်ရပြီး သူ့အပေါ် သို့ မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ပေ။
"အိပ်မက် မက်မနေနဲ့... ငါ ဘာမှ လုပ်မပေးဘူး..."
တွမ့်သယ် စကားမဆုံးမီမှာပင် လင်းရွှီခွန်း သည် သူ၏ လက်ထဲက ကိရိယာ၏ ခလုတ်ကို နှိပ်လိုက်သည်။ တစ်မုဟုတ်ချင်းပင် မိုးကြိုးတစ်ချက်က တွမ့်သယ် ကို ပစ်ချလိုက်ပြီး နာကျင်စွာ အော်ဟစ်သွားစေသည်။
ငါးမိနစ်အကြာတွင် လင်းရွှီခွန်း သည် နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။ တွမ့်သယ် မှာ မှတ်မိနိုင်စရာ မရှိတော့လောက်အောင် နှိပ်စက်ခံထားရပြီ ဖြစ်၏။
"အခု မင်း ငါ့ကို ပြောပြနိုင်ပြီလား..."
"ငါက အဲလို လုပ်မယ်လို့ ထင်လို့လား... အား..."
တွမ့်သယ် သည် ထပ်မံ၍ ခေါင်းမာနေဆဲ ဖြစ်ပြီး နောက်ထပ် လျှပ်စစ်ရှော့ခ် တစ်ချက် ထပ်ရိုက်ခံလိုက်ရသည်။
ယင်းကို မြင်သောအခါ တွမ့်သယ် ထံမှ မည်သည့် အချက်အလက်မျှ ရမည် မဟုတ်ကြောင်း လင်းရွှီခွန်း သိလိုက်သဖြင့် လှည့်၍ ထွက်ခွာရန် ပြင်လိုက်၏။
မထွက်ခွာမီ သူ၏ လက်ထဲရှိ ကိရိယာကို လင်း မိသားစုဝင်များထံ ပေးအပ်ကာ ညွှန်ကြားလိုက်သည်။
"သူ စကားပြောလာတဲ့အထိ နှိပ်စက်လိုက်... ဒါပေမဲ့ လိုအပ်တဲ့ အနေအထား ရောက်ရင် ရပ်လိုက်... သူ့ကို မသတ်နဲ့... သူက အသုံးဝင်သေးတယ်..."
"ဟုတ်ကဲ့... သခင်လေး..."
လင်းရွှီခွန်း အပြင်သို့ ထွက်လာသောအခါ လင်းထျန်းအန် သည် မြေအောက်အကျဉ်းထောင် ၏ အဝင်ဝတွင် ရပ်နေပြီး သူ၏ မျက်နှာထားမှာ မည်းမှောင်ကာ မှန်းဆရ ခက်နေသည်ကို မြင်လိုက်ရ၏။
သို့သော်လည်း လင်းရွှီခွန်း သည် သတိမထားမိသကဲ့သို့ ပြုမူကာ လင်းထျန်းအန် ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး ရိုသေစွာ ပြောလိုက်သည်။
"အဖေ..."
"အင်း... စစ်ဆေးမေးမြန်းတာ ဘယ်လိုနေလဲ..."
လင်းထျန်းအန် က ခေါင်းညိတ်၍ ဖြည်းညင်းစွာ မေးလိုက်၏။
"ဘာသတင်းအချက်အလက်မှ မရသေးပါဘူး... သူက အဲဒီလူ ဘယ်သူလဲ ဆိုတာကို အခုထိ ထုတ်မပြောဘူး..."
"ဒါဆိုရင် ဒီကိစ္စအတွက် မင်း စိတ်ပူစရာ မလိုတော့ဘူး... ငါ့နောက်ကိုသာ လိုက်ခဲ့..."
ထိုသို့ ပြောပြီးနောက် လင်းထျန်းအန် က လှည့်ထွက်သွား၏။
လင်းရွှီခွန်း မှာ သံသယ အချို့ ရှိနေသော်လည်း သူ့နောက်သို့ လိုက်သွားခဲ့သည်။
မကြာမီမှာပင် လင်းရွှီခွန်း သည် သူ၏ ဖခင်နောက်သို့ လိုက်၍ ကမ္ဘာငယ် တစ်ခုသို့ ရောက်ရှိသွား၏။
သူ့ရှေ့ရှိ ကမ္ဘာငယ် ကို ကြည့်ရင်း လင်းရွှီခွန်း မှာ အကြောင်းပြချက် မရှိဘဲ မလုံခြုံမှု တစ်ခုကို ဝေဝါးစွာ ခံစားလိုက်ရသည်။ သို့သော်လည်း သူသည် တစ်စုံတစ်ခုကို တွေးမိသွားပြီး ခါးသက်သက် အပြုံးတစ်ခုဖြင့် ခေါင်းခါလိုက်၏။
သူ၏ ဖခင်သည် အင်မော်တယ် အရှင်မြတ်အထွတ်အထိပ်အဆင့် တစ်ယောက် ဖြစ်သည်။ သူ့ဖခင်၏ ရှေ့တွင် မည်သူကများ သူ့ကို အန္တရာယ်ပြုနိုင်မည်နည်း။
ထိုသို့ တွေးလိုက်ပြီးနောက် လင်းရွှီခွန်း သည် သူ၏ ဖခင်နောက်မှနေ၍ ကမ္ဘာငယ် အတွင်းသို့ ဝင်ရောက်သွား၏။
ကမ္ဘာငယ် အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် လင်းရွှီခွန်း မှာ နေရာတွင်ပင် အေးခဲသွားသည်။ သူနှင့် မလှမ်းမကမ်းတွင် သွေးများ စုပ်ယူခံထားရသော ကြောက်မက်ဖွယ်ကောင်းသည့် အလောင်းနှစ်လောင်းက ဒူးထောက်နေကြ၏။ ထိုသူများ၏ မျက်နှာကို လင်းရွှီခွန်း မည်သို့ မမှတ်မိဘဲ နေမည်နည်း။ သူတို့သည် အခြားသူများမဟုတ်ဘဲ သူ၏ ဒုတိယဦးလေး လင်းထျန်းယွီ နှင့် တတိယဦးလေး လင်းထျန်းချင် တို့ပင် ဖြစ်သည်။
"အဖေ... ဘာတွေ ဖြစ်ခဲ့တာလဲ..."
လင်းရွှီခွန်း သည် ကိုယ့်တံတွေးကိုမြိုချလိုက်ပြီး သူ၏ နှလုံးသားထဲတွင် မလုံခြုံမှုများက တဖြည်းဖြည်း ကြီးထွားလာ၏။
သူကိုယ်တိုင်က သူ၏ ဒုတိယဦးလေးနှင့် တတိယဦးလေးတို့ကို သိပ်သဘောမကျသော်လည်း သို့သော် သူတို့ နှစ်ဦးစလုံးသည် လင်း မိသားစု တွင် အင်အားအကြီးဆုံး ဖြစ်သည့် အင်မော်တယ် အရှင်မြတ်အထွတ်အထိပ်အဆင့် များ ဖြစ်ကြသည်။ သူတို့သည် အကြောင်းပြချက် မရှိဘဲ မည်သို့ သေဆုံးသွားနိုင်သနည်း။
ဤအခိုက်အတန့်တွင် လင်းထျန်းအန် သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လင်းရွှီခွန်း ဘက်သို့ ကျောခိုင်း၍ အလွန်တရာ နာကျင်နေသော လေသံဖြင့် ပြောလိုက်၏။
"တောင်းပန်ပါတယ် သား... ဒါက ငါ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ.... ငါတို့ လင်း မိသားစု ကို ကယ်တင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ..."
"ဘာအဓိပ္ပာယ်လဲ..."
လင်းရွှီခွန်း သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်သွားပြီး ထွက်ပြေးရန် လှည့်လိုက်သည်။ သို့သော်လည်း ဤနေရာက လင်းထျန်းအန် သေချာပေါက် ပြင်ဆင်ထားသည့် လှောင်ချိုင့် တစ်ခု ဖြစ်နေ၏။ လျိုထျန်းရွှေအင်မော်တယ် သာ ဖြစ်သော လင်းရွှီခွန်း အနေဖြင့် မည်သို့ လွတ်မြောက်နိုင်မည်နည်း။
လင်းရွှီခွန်း သည် ထွက်ပြေးရန် လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် သွေးရောင် သံကြိုးနှစ်ချောင်းက ကမ္ဘာငယ် ၏ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး လင်းရွှီခွန်း ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထွင်းဖောက်သွား၏။
"အား... အဖေ... ဘာလို့ ဒီလို လုပ်ရတာလဲ... ကျွန်တော်က အဖေ့ရဲ့ သားလေ..."
လင်းရွှီခွန်း သည် လင်းထျန်းအန် ၏ ဖခင်မေတ္တာကို နိုးဆွရန် ကြိုးစားရင်း လင်းထျန်းအန် ကို လှည့်ကြည့်လိုက်သည်။
ကံမကောင်းစွာဖြင့် လင်းထျန်းအန် မှာ ယခုအချိန်တွင် နောက်ကြောင်းပြန်လှည့်စရာ လမ်းမရှိတော့ချေ။ နောက်တစ်စက္ကန့်တွင် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ ၏ ပုံရိပ်သည် လင်းထျန်းအန် ၏ ရှေ့တွင် ထွက်ပေါ်လာ၏။
"ခင်ဗျားက ဘယ်သူလဲ...”
"ဟားး... ငါက ဘယ်သူလဲ ဟုတ်လား... ငါက မင်းရဲ့ အဖေကို အင်မော်တယ် မဟာဧကရာဇ် ဖြစ်လာအောင် ကူညီပေးနိုင်တဲ့သူပဲ... ပြီးတော့ မင်းတို့ သုံးယောက်က မင်းရဲ့ အဖေ အင်မော်တယ် မဟာဧကရာဇ် ဖြစ်လာဖို့ ခြေနင်းတုံးတွေပဲ..."
သွေးဝိညာဉ်ဂိုဏ်း၏အကြီးအကဲ က အလွန်တရာ ဆိုးယုတ်သော လေသံဖြင့် ပြောလိုက်၏။
မှန်ပေသည်။ လင်းထျန်းအန် ကို အင်မော်တယ် မဟာဧကရာဇ် သို့ အဆင့်တက်လှမ်းရန် ကူညီပေးရာတွင် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ သည် အဆိုးယုတ်ဆုံး သွေးယဇ်ပူဇော်ခြင်း နည်းလမ်းကို အသုံးပြုခဲ့သည်။ ယင်းအတွက် လင်းထျန်းအန် နှင့် သွေးသားအရင်းနှီးဆုံး ဖြစ်သည့် သွေးမျိုးဆက် သုံးဦးကို လိုအပ်ပေသည်။
ထိုသုံးဦးမှာ လင်းရွှီခွန်း လင်းထျန်းယွီ နှင့် လင်းထျန်းချင် တို့ ဖြစ်ကြသည်။
လင်းထျန်းယွီ နှင့် လင်းထျန်းချင် တို့ ကို ဤနေရာသို့ လာစေရန် လင်းထျန်းအန် အနေဖြင့် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် အဆုံးတွင် အောင်မြင်ခဲ့၏။
"အဖေ... ဒီအရာက ဆိုးသွမ်းတဲ့ ကျင့်စဉ်ပဲ... မဟာမြင့်မြတ်နယ်မြေငါးခု ကသာ သိသွားရင် သူတို့က ငါတို့ လင်း မိသားစု နဲ့ သေချာပေါက် စာရင်းရှင်းလိမ့်မယ်..."
လင်းရွှီခွန်း သည် ရုန်းကန်နေဆဲ ဖြစ်သည်။ သံကြိုးများ၏ သက်ရောက်မှုအောက်တွင် လင်းရွှီခွန်း ၏ သွေးများသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ကျဆင်းနေသည်။
လင်းရွှီခွန်း အနေဖြင့် မဟာမြင့်မြတ်နယ်မြေငါးခု အကြောင်းကို မပြောခဲ့လျှင် အဆင်ပြေသော်လည်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လင်းထျန်းအန် မှာ ဒေါသတကြီး ဖြစ်သွားလေ၏။
"တော်တော့... ဘာ မဟာမြင့်မြတ်နယ်မြေငါးခု လဲ... ငါတို့ လင်း မိသားစု က သုတ်သင်ခံရတော့မယ့် အခြေအနေ ရောက်နေပြီ... သူတို့ဆီ သွားရင်တောင် ငါတို့ကို ကူညီမှာ မဟုတ်ဘူး... ဒါကြောင့် ငါတို့ လင်း မိသားစု က အခု ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်လို့ ရတော့မယ်... သွေးဝိညာဉ်ဂိုဏ်း ကို အားကိုးမှသာ ငါတို့ လင်း မိသားစု ရှင်သန်နိုင်ပြီး အထက်ကမ္ဘာ တစ်ခုလုံးမှာ မားမားမတ်မတ် ရပ်တည်နိုင်မှာ..."
လင်းထျန်းအန် က အော်ဟစ်လိုက်၏။
လင်းထျန်းအန် ၏ စကား အဆုံးတွင် လင်းရွှီခွန်း ၏ မျက်လုံးထဲ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ သူ၏ ဖခင်သည် ဤကဲ့သို့သော စကားမျိုး ပြောထွက်လာသည့်အပေါ် မယုံကြည်နိင်ဖြစ်လို့နေ၏။
နောက်တစ်စက္ကန့်တွင် လင်းရွှီခွန်း ၏ စွမ်းအားများကို သွေးသံကြိုးက အပြည့်အဝ စုပ်ယူသွားပြီး သူ့ကို မြေကြီးပေါ်တွင် ဒူးထောက်နေသော သွေးဆုတ်နေသည့် အလောင်းတစ်လောင်း အဖြစ်သို့ ပြောင်းလဲသွားစေကာ ထို့နောက် ပြာအဖြစ် ပြောင်းလဲ လွင့်စင်သွားတော့သည်။
လင်းထျန်းအန် ၏ နောက်တွင်ရှိနေသော လင်းထျန်းယွီ နှင့် လင်းထျန်းချင်တို့မှာလည်း ထိုနည်းတူစွာပင် ဖြစ်သည်။
သို့သော်လည်း ကမ္ဘာငယ် အတွင်းတွင် မတူညီသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာသည်။ လင်းရွှီခွန်း သေဆုံးသွားသည်နှင့်အမျှ ကမ္ဘာငယ် ၏ ကောင်းကင်ယံ တစ်ခုလုံးသည် မျက်စိတမှိတ်အတွင်း နီရဲသော မြင်ကွင်းတစ်ခု အဖြစ် ပြောင်းလဲသွား၏။
လင်းထျန်းအန် အနေဖြင့် ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပင် ကမ္ဘာငယ် ထဲမှ စွမ်းအားတစ်ရပ်သ် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ့ကို အင်မော်တယ် မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းရန် ကူညီပေးခဲ့ကာ အင်မော်တယ် မဟာဧကရာဇ် ကနဦးအဆင့် တွင် တည်ငြိမ်သွားစေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားလှသော စွမ်းအားများကို ခံစားရင်း လင်းထျန်းအန်သည် ယင်း၌ အပြည့်အဝ နစ်မြောသွား၏။ မျက်စိတစ်မှိတ်အတွင်း သူသည် ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်မည့်အလား ခံစားနေရသည်။
သို့သော်လည်း ဤအရာက လွဲမှားသော အယူအဆ တစ်ခုသာ ဖြစ်ကြောင်း လင်းထျန်းအန်လည်း သိပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရုတ်တရက် တိုးပွားလာသော စွမ်းအားများကို အသားမကျသေးသောကြောင့် ဖြစ်သည်။ သို့သော် ဤအရာက အင်မော်တယ် မဟာဧကရာဇ် သည် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် ထက် မည်မျှ ပို၍ အားကောင်းကြောင်းကို ပြသရန် လုံလောက်ပေသည်။
"ဒီအရာက အင်မော်တယ် မဟာဧကရာဇ် ရဲ့ စွမ်းအားတဲ့လား..."
လင်းထျန်းအန် သည် လက်သီးကို ဆုပ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စွဲလမ်းမှု အရိပ်အယောင်များ ရှိနေခဲ့သည်။
ထိုစဉ် သွေးဝိညာဉ်ဂိုဏ်း တမန်တော် က ပြောလိုက်သည်။
"အခု မင်းက အင်မော်တယ် မဟာဧကရာဇ် ဖြစ်လာပြီ ဆိုတော့ မင်း ကတိပေးထားတဲ့ အရာအားလုံးကို မှတ်ထားပါ... အကယ်၍ မင်းသာ ကတိဖျက်မယ် ဆိုရင် ငါပေးထားတဲ့ အရာအားလုံးကို ပြန်ယူဖို့ ငါ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး..."
ထိုစကားကို ကြားသောအခါ လင်းထျန်းအန် သည် မျက်မှောင်ကြုတ်သွားသော်လည်း သို့သော် သူသည် သွေးဝိညာဉ်ဂိုဏ်း တမန်တော် ကို အလွန် သတိထားနေရသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သို့သော်လည်း သူသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး အလွန် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒီကိစ္စက ဒီမှာတင် ပြီးဆုံးသွားမှာ မဟုတ်သေးဘူး..."
အခန်း ၁၉၄ - ဝူယီဖန် ၏ စိုးရိမ်ပူပန်မှု နှင့် ထွက်ခွာခြင်း
"မပူပါနဲ့... တကယ်လို့ အဲဒီလူ လာခဲ့ရင် မင်း သူ့ကို မကိုင်တွယ်နိုင်ရင် ငါ ကိုယ်တိုင် ဝင်ပါမယ်..."
လင်းထျန်းအန်၏ စကားကို ကြားပြီးနောက် သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် အေးစက်စွာ ပြန်ဖြေလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို လင်းထျန်းအန် ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။
ကမ္ဘာငယ်ဲထဲတွင် လင်းထျန်းအန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။ ဟာလာဟင်းလင်း ဖြစ်နေသော နေရာကို ဝေ့ဝဲကြည့်လိုက်ရင်း လင်းထျန်းအန် မှာ အမည်မသိ ဝမ်းနည်းဖွယ်ရာ ခံစားချက်ကို ရရှိလိုက်သော်လည်း သို့သော် အတန်ကြာပြီးနောက် သူသည် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် လှည့်ထွက်သွားခဲ့သည်။
သူ့လုပ်ရပ်မှာ မမှားချေ။ လူတိုင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမည်သာ ဖြစ်ပြီး ယခုအချိန်သည် လင်း မိသားစု အတွက် သေရေးရှင်ရေး ပြသနာဖြစ်သောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ အတွင်း၌ ဝူယီဖန် သည် မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ သို့ တက်လှမ်းရန် လိုအပ်သော အရင်းအမြစ်များကို စုဆောင်း သန့်စင်ပြီးနောက် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် မှ မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ အဖြစ် ပြောင်းလဲသွားမည့် နေ့ကို စောင့်ဆိုင်းနေ၏။
"အခု လက်ရှိ အချိန်အရ ဆိုရင်တော့ အပြည့်အဝ သန့်စင်ဖို့အတွက် အနည်းဆုံး နှစ်တစ်ရာလောက် အချိန်ယူရလိမ့်မယ်... ဒါပေမဲ့ ပြင်ပကနေ အနှောင့်အယှက် တစ်ခုခု ရှိလာရင်တော့ ပိုမြန်ကောင်း မြန်နိုင်တယ်..."
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အခြေအနေကို အာရုံခံပြီးနောက် ဝူယီဖန် သည် သူ့ဟာသူ တွေးလိုက်မိသည်။
"ကျစ်... အရာအားလုံးက ငါ မျှော်လင့်ထားတာထက် အများကြီး ပိုချောမွေ့နေတယ်... ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် က ငါ့အတွက် သီးသန့် ဖန်တီးပေးထားသလိုပဲ..."
သူ့ကိုယ်သူ စစ်ဆေးပြီးနောက် ဝူယီဖန် သည် တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားပြီး မျက်မှောင်ကုတ်သွားသည်။
"တွမ့်သယ်...ဒီလောက်တောင် ကြာနေပြီ သူ မြင့်မြတ်နယ်မြေ ကို ပြန်ရောက်နေသင့်ပြီ...တစ်ခုခုများ ဖြစ်နေတာလား..."
ထိုသို့ တွေးလိုက်မိပြီးနောက် ဝူယီဖန် သည် တွမ့်သယ် နှင့် ဆက်သွယ်ရန် အသုံးပြုသည့် အင်မော်တယ် ဝိညာဉ်ကျောက်တုံး ကို ထုတ်ယူလိုက်သည်။ သို့သော်လည်း အင်မော်တယ် စွမ်းအင် သွင်းလိုက်ပြီးနောက် တစ်ဖက်မှ မည်သည့် တုံ့ပြန်မှုမျှ မရှိသောကြောင့် ဝူယီဖန်မှာ ပို၍ စိုးရိမ်ပူပန်သွားသည်။
မကြာမီမှာပင် ဝူယီဖန် သည် မတ်တတ်ထရပ်လိုက်သည်။ အကယ်၍ တွမ့်သယ်တွင် တစ်ခုခုကြုံတွေ့နေရပါက ၎င်းသည် လင်း မိသားစု၏ လက်ချက် ဖြစ်မည်မှာ သေချာပေသည်။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် သူ၏ လက်အောက်ငယ်သား ဖြစ်သည့်အတွက် သူ့အနေဖြင့် ဤကိစ္စကို သေချာပေါက် စုံစမ်းရမည်။
ဝူယီဖန် သည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ မှ ထွက်ခွာသွားပြီး နောက်တစ်စက္ကန့်တွင် လီဖန်ထျန်း နှင့် လီကျန်းရန် တို့သည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ ၏ အထက်ကောင်းကင်ယံ၌ ရပ်နေရင်း ဝူယီဖန် ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။ အတန်ကြာပြီးနောက် လီဖန်ထျန်း က စကားစလိုက်သည် ။
"ကျန်းရန်... သူတော်စင် ရဲ့ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် က မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ အဖြစ် မပြောင်းလဲမချင်း သူ့နောက်ကို မင်း လိုက်သွားသင့်တယ်... ပြီးမှ ပြန်လာခဲ့..."
"ဟုတ်ကဲ့ပါ... သခင်ကြီး..."
ထိုသို့ပြောပြီးသည်နှင့် လီကျန်းရန် က ခေါင်းညိတ်၍ နောက်မှ လိုက်သွားခဲ့၏။
သူတို့ နှစ်ဦးစလုံးသည် သူ၏ နတ်အသိစိတ်အာရုံ မှ ပျောက်ကွယ်သွားပြီးနောက် လီဖန်ထျန်းသည် တီးတိုးရေရွတ်လိုက်သည်။ သူ၏လေသံထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။
"ငါ့ရင်ထဲမှာ ဘာဖြစ်လို့ မအေးချမ်းတဲ့ခံစားချက်မျိုး ရှိနေရတာလဲ... ဒါပေမဲ့ အထက်ကမ္ဘာ မှာ ငါတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ ကို ခြိမ်းခြောက်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူးလေ... ဒါ့အပြင် သူတော်စင်သားတော် ယီဖန် ရဲ့ ဘိုးဘေးကြီး ကလည်း ငါ့ထက် အများကြီး ပိုအားကောင်းတယ်... သွေးဧကရာဇ် ကိုယ်တိုင် ဝင်ပါရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."
“ဒါဆိုရင် ငါ ဘာတွေ တွေးနေတာလဲ...”
တစ်ချိန်တည်းမှာပင် ဖန်လိုင် အင်မော်တယ်ကျွန်း ၌ ဝူဟောက်ခမျာ ပျင်းလွန်းလို့သေမတတ် ဖြစ်နေရှာသည်။ စူးချောင်ရန် သည် တံခါးပိတ် ကျင့်ကြံနေသော်လည်း သူသည် ထိုသို့ ပြုလုပ်ရန် မလိုအပ်သောကြောင့် နေရာတွင် တစ်ယောက်တည်းသာ ကျန်ရစ်နေလေ၏။
"ကျစ်... ဝူမိသားစု ကုန်သည်အသင်း ကို အထက်ကမ္ဘာ မှာ အကြီးဆုံး ကုန်သည်အသင်း ဖြစ်လာအောင် ဒီထက်မြန်မြန် ဖွံ့ဖြိုးအောင် မလုပ်နိုင်ကြဘူးလား..."
ဝူဟောက် သည် နာကျင်စွာဖြင့် ညည်းတွားလိုက်သည်။
ထို့နောက် ဝူဟောက် သည် ဖန်လိုင် အင်မော်တယ်ကျွန်း ၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ထားလိုက်ပါတော့... အပြင်ထွက်ပြီး ပျော်စရာ တစ်ခုခု သွားရှာတာ ပိုကောင်းတယ်... ဘာပဲဖြစ်ဖြစ် ချောင်ရန် က တံခါးပိတ် ကျင့်ကြံနေတာ ဆိုတော့ ခဏလောက် ထွက်လာဦးမှာ မဟုတ်ဘူး... ပြီးတော့ မဟာ ဝင်္ကပါ ကြီးရဲ့ အကာအကွယ်နဲ့ ဆိုရင် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် တောင် အထဲကို ဝင်လာနိုင်မှာ မဟုတ်ဘူး..."
ထိုသို့ဆုံးဖြတ်ချက် ချပြီးနောက် ဝူဟောက် သည် ဖန်လိုင် အင်မော်တယ်ကျွန်း မှ ထွက်ခွာလာပြီး တောင်ပိုင်း ဒေသ ဆီသို့ ဦးတည်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရုပ်ဖျက်ထားသော ဝူယီဖန် သည် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲ ၏ အကူအညီဖြင့် လင်း မိသားစု နေအိမ် အနီးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း လင်း မိသားစု ၏ နေရာသို့ ရောက်ရှိသွားသောအခါ ဝူယီဖန်သည် မျက်မှောင်ကြုတ်သွားသည်။
"လင်း မိသားစု က သူတို့ရဲ့ မိသားစုအစောင့်အရှောက် ဝင်္ကပါ ကို ဖွင့်ထားတယ်... ငါ့ကြောင့်များလား... အဲဒီလိုဆိုရင်တော့ ငါ မဆင်မခြင် သွားလုပ်လို့ မရဘူး..."
ဝူယီဖန် သည် သူ့ဟာသူ တွေးလိုက်မိသည်။
"မိသားစုအစောင့်အရှောက် ဝင်္ကပါ သာ မရှိရင် တွမ့်သယ် ကို ရှာရတာ အတော်လေး လွယ်ကူမှာ..."
သို့သော်လည်း တစ်ဖက်လူသည် မိသားစုအစောင့်အရှောက် ဝင်္ကပါ ကို ဖွင့်ထားပြီး ဝူယီဖန်အနေဖြင့် မဆင်မခြင် လုပ်ဆောင်မည် ဆိုပါက လင်း မိသားစုကို သတိပေးမိသလို ဖြစ်သွားနိုင်သည်။ ထိုသို့ ဖြစ်လာခဲ့လျှင်ဖြင့် တဖက်လူသည် တွမ့်သယ် ကို အသုံးချကာ မိမိအား အညံ့ခံလာအောင် အတင်းအကျပ် လုပ်ဆောင်လာနိုင်သည်။
ဤအချက်ကို စိတ်ထဲ မှတ်ထားရင်း ဝူယီဖန် သည် လင်း မိသားစုနေအိမ်၏ အနီးဝန်းကျင်တွင် စောင့်ကြည့်ရန် စီစဉ်လိုက်သည်။
သုံးရက်သုံးညတိုင်တိုင် စောင့်ကြည့်ပြီးနောက် နောက်ဆုံးတွင် ဝူယီဖန် သည် အပြင်သို့ ထွက်လာသော လင်း မိသားစုဝင် တစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။ ထိုမိသားစုဝင်သည် လင်း မိသားစုနှင့် အတန်အသင့် ဝေးကွာသော နေရာသို့ ရောက်သွားသည်နှင့် ဝူယီဖန် သည် စတင် လှုပ်ရှားလိုက်သည်။
ထိုလင်းမိသားစုဝင်မှာ လူသားအင်မော်တယ်အဆင့်မျှသာ ရှိသေးသဖြင့် ထိပ်တိုက်ရင်ဆိုင်ရသည့် တိုက်ပွဲမျိုးတွင်ပင် ဝူယီဖန်၏ ပြိုင်ဘက်မဟုတ်ပေ။ ယခုကဲ့သို့ ဝူယီဖန်၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံလိုက်ရချိန်တွင်မူ သူ၏အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားလေ၏။
မကြာမီမှာပင် ဝူယီဖန် သည် ထိုလင်း မိသားစုဝင်ကို ကမ္ဘာငယ် ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ အထဲသို့ ရောက်သည်နှင့် ဝူယီဖန် က အေးစက်သော မျက်နှာထားဖြင့် စကားပြောလိုက်သည်။
"ပြောစမ်း... မကြာသေးခင်က မင်းတို့ လင်း မိသားစု က သင်္ချိုင်းဖောက်တဲ့သူ တစ်ယောက်ကို ဖမ်းမိထားသေးလား..."
ဝူယီဖန် ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးနောက် ထိုလင်းမိသားစုဝင်မှာ ထိတ်လန့်နေပြီး သူသည် ရန်သူ တစ်ဦးဦးနှင့် ဆုံတွေ့ခဲ့ရသည်ဟု ထင်မှတ်နေခဲ့သည်။ သို့သော် ဝူယီဖန်၏ စကားကို ကြားလိုက်ရချိန်တွင် ၎င်းမှာ မျိုးနွယ်စုမှ အပြတ်ရှင်းချင်နေသည့် သင်္ချိုင်းဖောက်သူ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ထိုသို့ တွေးလိုက်မိသည်နှင့် လင်း မိသားစုဝင်က ချက်ချင်းပင် အော်ဟစ်လိုက်၏။
"ကျွန်တော် အားလုံး ပြောပြပါ့မယ်... ကျွန်တော့် အသက်ကို ချမ်းသာပေးဖို့ပဲ တောင်းပန်ပါတယ်... ကျွန်တော်တို့ လင်း မိသားစု က လွန်ခဲ့တဲ့ အချိန်အတော်ကြာက တွမ့်သယ် လို့ ခေါ်တဲ့ သင်္ချိုင်းဖောက်တဲ့သူ တစ်ယောက်ကို တကယ်ပဲ ဖမ်းမိခဲ့ပါတယ်... သူ့ကို ကျွန်တော်တို့ လင်း မိသားစု ရဲ့ မြေအောက်အကျဉ်းထောင် ထဲမှာ လှောင်ထားပြီး ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းနေတာပါ..."
သူတို့သည် တွမ့်သယ် ကို ပြင်းပြင်းထန်ထန် နှိပ်စက်၍ စစ်ဆေးမေးမြန်းနေကြောင်း ကြားလိုက်ရသည်နှင့် ဝူယီဖန် ၏ မျက်နှာပေါ်တွင် အတော်လေး မနှစ်မြို့သော အမူအရာ ဖြစ်သွားသည်။
တွမ့်သယ် ၏ ခန္ဓာကိုယ်သည် လင်း မိသားစု ၏ ညှဉ်းပန်းနှိပ်စက်မှုကို မည်သို့ ခံနိုင်ရည် ရှိမည်နည်း။
“ကြည့်ရတာ တွမ့်သယ် ကို ငါ အမြန်ဆုံး ကယ်တင်မှရတော့မယ် ထင်တယ်”
"သူ့ရဲ့ မြေအောက်အကျဉ်းထောင် နေရာကို မင်း သိလား..."
ဝူယီဖန် သည် ထိုလင်း မိသားစုဝင်ကို ထပ်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ မျက်လုံးများသည် အရောင်လက်သွားပြီး အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်..."
နောက်တစ်စက္ကန့်တွင် ဝူယီဖန် သည် လက်လှမ်း၍ သူ၏ ခေါင်းကို ဆုပ်ကိုင်လိုက်သည်။
"ငါ့ကို လိမ်နေတာလား.. ဟာသပဲ”
တစ်ဖက်လူသည် ထူးဆန်းစွာ ပြုမူနေသည်ကို ဝူယီဖန် အနေဖြင့် တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။ ထိုသူသည် နေရာအမှားကို ပေးပြီး သူ့ကို ထောင်ချောက်ထဲ ဝင်ရန် ကြံစည်နေသည်မှာ သိသာလွန်းသည်။
ထိုလင်း မိသားစုဝင်၏ မှတ်ဉာဏ်များကို စစ်ဆေးကြည့်ပြီးနောက် ဝူယီဖန် သည် လင်း မိသားစု ၏ လက်ရှိ အခြေအနေကို သိရှိသွားပြီး သူ၏ အမူအရာမှာ အလွန်လေးနက်သွားသည်။
လင်း မိသားစု တွင် စုစုပေါင်း အင်မော်တယ် အရှင်မြတ် အယောက်လေးဆယ် ရှိပြီး ၎င်းတို့အနက် အထွတ်အထိပ် လေးဦး နှောင်းပိုင်းအဆင့် ခြောက်ဦး အလယ်အလတ်အဆင့် ဆယ်ဦးနှင့် ကနဦးအဆင့် အယောက် နှစ်ဆယ် ပါဝင်သည်။
“ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင် ငါ့ရဲ့ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် က မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ အဖြစ် မပြောင်းလဲမချင်း ဒီလောက် များပြားတဲ့ အင်မော်တယ် အရှင်မြတ်တွေကို မကိုင်တွယ်နိုင်သေးဘူး”
"လင်း မိသားစု ထဲကို တိတ်တဆိတ် ဝင်ပြီး တွမ့်သယ် ကို ခေါ်ထုတ်သွားဖို့ နည်းလမ်း ရှာရမယ်..."
ထိုသို့ တွေးလိုက်မိပြီးနောက် ဝူယီဖန် သည် ယခုလေးတင် သေဆုံးသွားသော လင်း မိသားစုဝင်ကို ကြည့်လိုက်ပြီး သူ၏ လက်ရှိ ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲ ကို သတိရသွားကာ ဆုံးဖြတ်ချက် တစ်ခုကို အလျင်အမြန် ချမှတ်လိုက်သည်။
ဝူယီဖန် သည် လင်း မိသားစုဝင်၏ အရှိန်အဝါကို သေချာ ဂရုတစိုက် အာရုံခံလိုက်ပြီးနောက် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲ ကို အသက်သွင်းလိုက်သည်နှင့် နောက်တစ်စက္ကန့်တွင် ဝူယီဖန် ၏ မျက်နှာသည် စတင် ပြောင်းလဲလာပြီး သူ သတ်ဖြတ်လိုက်သော လင်း မိသားစုဝင်၏ အသွင်အပြင်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ၏ အရှိန်အဝါသည်ပင် လုံးဝ ပြောင်းလဲသွားသည်။
အရိပ်ထဲတွင် ပုန်းကွယ်နေသော လီကျန်းရန် မှာလည်း ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အလွန် အံ့အားသင့်သွားသည်။ ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲ ၏ အာနိသင်သည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ အင်မော်တယ် ဧကရာဇ် ဖြစ်သော သူကိုယ်တိုင်ပင် ထိုပြောင်းလဲသွားသော အသွင်အပြင်ကို ထိုးဖောက်မမြင်နိုင်ခဲ့ပေ။