အခန်း (၄၈၃-၄၈၄)
Vol. 49 Ch. 483-484
အခန်း (၄၈၃) - ရှစ်ထောင့်မျှော်စင်အောက်က ထိတ်လန့်ဖွယ် သတ္တဝါကြီး ၊ ကံဆိုးမိုးမှောင်ကျတဲ့ မိစ္ဆာလူသား ၊ သရဲစကားဆိုတာ ယုံစရာမရှိ
ရှစ်ထောင့်မျှော်စင်ထဲမှ ထိုအနက်ရောင်အရိပ်မှာ ထိုဆန်းကြယ်သော နယ်မြေအတွင်း၌ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် အရာတစ်ခုဖြစ်ပြီး၊ အစွမ်းရှိပစ္စည်းတစ်ခုမှ အသိဉာဏ် ပေါက်ဖွားလာခြင်းနှင့် ဆင်တူလှသည်။
ထိုစဉ်မှာပင် လျူမိသားစု ဘိုးဘွားခန်းမကြီးမှာ ရုတ်တရက် တုန်ခါသွားတော့သည်။
ဆံပင်ဖားလျားနှင့် ထွားကြိုင်းလှသော ရုပ်ဆိုးမွဲပြာကျသည့် သတ္တဝါကြီးတစ်ကောင်သည် မြေအောက်မှ တိုးထွက်လာပြီး၊ သူ၏ကိုယ်ပေါ်တွင် ဝင်းလက်နေသော သွေးရောင်အင်းစက် များမှာ တစ်ပြင်လုံးသော ကောင်းကင်ယံကို လွှမ်းခြုံသွားတော့သည်။
သွေးလမင်းကြီးမှာ ကောင်းကင်အလယ်တွင် တင့်တယ်နေဆဲဖြစ်ပြီး၊ သွေးရောင်အလင်းတန်းတစ်ခုမှာ ထိုဆံပင်ဖားလျားနှင့် သတ္တဝါကြီး၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။
ထိုသတ္တဝါကြီးမှာ အစောပိုင်းက သွေးပုပ်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသဖြင့် ရှဲ... ရှဲ... မြည်သံများ ထွက်ပေါ်နေသော်လည်း၊ ထိုအရာများက သူ့ကို ဒဏ်ရာမရစေရုံမက၊ သူ့ကို ပိုမိုကြီးမားသော ဘီလူးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားစေသည့် အကာအကွယ်အပြင်လွှာတစ်ခုအလား ဖြစ်သွားချေပြီ။
ယခုအခါတွင်မူ မျက်လုံးများ မွဲခြောက်နေကြသော အမျိုးသား၊ အမျိုးသမီး၊ လူကြီးလူငယ် အားလုံးမှာ ပျောက်ကွယ်သွားကြပြီး၊ ထိုနေရာတွင် ပါးစပ်အကြီးကြီးနှင့် သရဲကြီးတစ်ကောင်သာ ကျန်ရစ်တော့သည်။
အစောပိုင်းက အနက်ရောင်အရိပ်သည် ဤရှေးဟောင်းအစီရင်ခံကြီးအပေါ် ဖိနှိပ်ထားနိုင်စွမ်း ဆုံးရှုံးသွားခဲ့သည်။
ထို့ကြောင့် ထိုနာကြည်းမှုများ ပြည့်နှက်နေသော လူအုပ်ကြီးသည် ပါးစပ်အကြီးကြီးနှင့် သရဲကြီးကို မနှိမ်နင်းနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ဝါးမြိုခြင်း ခံလိုက်ရခြင်းပင်။
သရဲကြီး၏ အရှိန်အဝါမှာလည်း ယခုအခါတွင် အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အားကောင်းလာခဲ့ပြီ။
ယခုအချိန်၌ လျူမိသားစု ဘိုးဘွားခန်းမအတွင်းတွင် အရှိန်အဝါ ပြင်းထန်လှသော သရဲမိစ္ဆာကြီး နှစ်ကောင် ရှိနေသည်။
အကယ်၍ တစ်ကောင်တည်းသာ ရှိနေမည်ဆိုပါက ၎င်းတို့သည် လီယန်ချူကို သေချာပေါက် တိုက်ခိုက်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထိုသရဲကြီးသည် မူလက သရဲမိစ္ဆာများကို ဝါးမြိုခြင်းဖြင့် ကြီးထွားလာခြင်း ဖြစ်သည်။
သရဲအားလုံးကို ဝါးမြိုပြီးချိန်တွင် အနက်ရောင်အရိပ်၏ အငွေ့အသက်ကိုလည်း အာရုံမရတော့ပါက၊ ၎င်း၏ ပစ်မှတ်မှာ ရွှေရောင်အလင်းတန်းများ ဝင်းလက်နေသော ဤလူငယ်တာအိုဆရာသာ ဖြစ်လာပေလိမ့်မည်။
ထို့အတူပင် သွေးရောင်အကာအကွယ်အတွင်း၌ ရှိနေသော ဆံပင်ဖားလျားနှင့် ရုပ်ဆိုးသည့် သတ္တဝါကြီးသည်လည်း အပြင်သို့ ထွက်လာသည်နှင့် သူနှင့် အနီးဆုံးရှိနေသော လီယန်ချူကို ပထမဆုံး တိုက်ခိုက်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုစဉ် လီယန်ချူ၏ ကိုယ်တွင်းမှ ကျင့်စဉ်စွမ်းအား များမှာလည်း အတော်လေး ကုန်ခမ်းနေပြီ ဖြစ်သည်။
သူသည် ထိုသရဲမိစ္ဆာများ၏ ပြိုင်ဘက် မဖြစ်နိုင်တော့ဘဲ ရှိနေနိုင်သည်။
သူသည် ယင်ဝိညာဉ်အဆင့် ၏ ထိပ်ဆုံးသို့ ရောက်ရှိနေသူ ဖြစ်သော်လည်း၊ အဆက်မပြတ် တိုက်ပွဲဝင်ထားရသဖြင့် ဆေးလုံးများဖြင့် ပြန်လည်မဖြည့်တင်းနိုင်ပါက၊ သူ၏ အတတ်ပညာများက စွမ်းအားကို ကုန်ခမ်းစေမှုမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။
နတ်ဘုရား ခန္ဓာကိုယ်ပိုင်ဆိုင်စဉ်ကကဲ့သို့ ကြာရှည်မခံနိုင်တော့ပေ။
ထို့ကြောင့် အမှန်အတိုင်း ပြောရလျှင် လီယန်ချူမှာ ယခုအချိန်တွင် အားနည်းချက် ရှိနေသည်ဟု ဆိုရမည်။
သူ့တွင် အသက်ကို ကာကွယ်ပေးနိုင်မည့် နတ်ပင့်အတတ် ရှိနေသေးသည်မှာ မှန်သော်လည်း၊ အကယ်၍ ထိုအတတ်ကို သုံးလိုက်ပါက ကိုယ်တွင်းရှိ စွမ်းအားအားလုံးကို အကုန်အစင် သုံးစွဲပစ်ရပေလိမ့်မည်။
ထိုအချိန်တွင် ဤဘိုးဘွားခန်းမအတွင်းမှ အခြားသော ထူးဆန်းသည့် မိစ္ဆာတစ်ခုခု ထပ်မံထွက်ပေါ်လာပါက၊ သူတို့အဖွဲ့သားအားလုံးမှာ တစ်ယောက်မကျန် သေဆုံးရမည့် လမ်းကိုသာ လျှောက်ရပေလိမ့်မည်။
ထို့ကြောင့် နတ်ပင့်အတတ်ကို အသုံးပြုရာတွင် သူသည် အလွန်ပင် သတိထားရမည် ဖြစ်သည်။
နောက်ဆုံးတွင် ထိုလျူမိသားစု ဘိုးဘွားခန်းမကို အပြတ်ရှင်းပြီး ဤသရဲများကို နှိမ်နင်းနိုင်ခဲ့လျှင်ပင်၊ ဒီနေရာမှ လုံးဝ ထွက်ခွာနိုင်မည်ဟု မည်သူမျှ အာမခံနိုင်ခြင်း မရှိသေးပေ။
မူလက ရှစ်ထောင့်မျှော်စင်ကို ဖြိုချလိုက်ရုံဖြင့် ဤဆန်းကြယ်သော မြို့ကလေးမှ ထွက်သွားနိုင်မည်ဟု သူ ထင်ခဲ့သော်လည်း၊ ယခုကြည့်ရသည်မှာ ဤမြို့ကလေး၏ အနက်အရှိုင်းမှာ သူ ထင်ထားသည်ထက် များစွာ ပိုမိုနက်ရှိုင်းနေချေပြီ။
အနက်ရောင်အရိပ်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ လင်းလက်လာသည်။
ဤဘိုးဘွားခန်းမအတွင်း၌ သူပင် ထိန်းချုပ်၍မရသော တားမြစ်ချက်များစွာ ရှိနေသည်။
ဥပမာအားဖြင့် ၎င်းကိုယ်တိုင်က သရဲတစ်ကောင်ဖြစ်သော ရှစ်ထောင့်မျှော်စင် နောက်တစ်ခုမှာ ရှစ်ထောင့်မျှော်စင်အောက်ခြေ၌ ဖိနှိပ်ထားခြင်း ခံထားရသော ထိုအမျိုးသမီးပင် ဖြစ်သည်။
မှန်ပေသည်၊ ယခုအခါ ဆံပင်ဖားလျားနှင့် သတ္တဝါကြီးမှာ အမှန်စင်စစ် အမျိုးသမီးတစ်ဦး ဖြစ်နေသည်။
"ကောင်လေး... ဒီတစ်ခါတော့ မင်း သေရမှာပဲ "
အနက်ရောင်အရိပ်သည် အလွန်ပင် စိတ်လှုပ်ရှားနေပြီး တုန်ရင်နေတော့သည်။
ထိုလူငယ်တာအိုဆရာမှာ သူထင်ထားသည်ထက် ပိုမိုကြမ်းတမ်းလှပြီး ရှစ်ထောင့်မျှော်စင်ကို တိုက်ရိုက်ပင် ဖြိုချခဲ့သည်။
သို့သော်လည်း ထိုသို့ပြုလုပ်လိုက်ခြင်းကြောင့် မျှော်စင်အောက်ခြေမှ ထိတ်လန့်ဖွယ်ကောင်းလှသော အမျိုးသမီးကို လွှတ်ပေးလိုက်သလို ဖြစ်သွားရပြီ။
"တိုက်ကြ... တိုက်ကြ အဲဒီကောင်လေးကို သတ်ပစ်ကြစမ်း "
အနက်ရောင်အရိပ်သည် အလွန်ပင် တက်ကြွနေပြီး အသက်ပင် မရှူရဲဘဲ ကြည့်နေမိသည်။
ဝုန်းးး
ပြင်းထန်လှသော နာကြည်းချက်များ ပေါက်ကွဲထွက်လာတော့သည်။
ထိတ်လန့်ဖွယ် တိုက်ပွဲကြီးတစ်ခုမှာ စတင်တော့မည် ဖြစ်သည်။
သို့သော်လည်း အနက်ရောင်အရိပ်မှာ ရုတ်တရက် မှင်တက်သွားပြီး ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေမိတော့သည်။
"တောက်... ဘယ်လိုလုပ်ပြီး ဒီအရာကြီးကို မေ့သွားရတာလဲ "
သူသည် စိတ်ဓာတ်ကျစွာဖြင့် အော်ဟစ်ကြုံးဝါးလိုက်မိသည်။
စောစောက ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးမှာ လီယန်ချူနှင့် မျှော်စင်အောက်က သတ္တဝါကြီးတို့ တိုက်ခိုက်နေခြင်းကြောင့် မဟုတ်ပေ။
ရင်ဘတ်တွင် ပါးစပ်အကြီးကြီးနှင့် သရဲကြီးသည် သရဲအားလုံးကို စားပြီးချိန်တွင် သူ၏ ပစ်မှတ်ကို သွေးအကာအကွယ်အတွင်းရှိ ထိုသတ္တဝါကြီးဆီသို့ ပြောင်းလိုက်ခြင်းပင်။
ထိုသရဲကြီးမှာ အခြားသော ဆန်းပြားသည့် စွမ်းရည်များ မရှိသော်လည်း၊ တိုက်ရိုက်ပင် လွှတ်ခနဲ ခုန်ဝင်သွားပြီး ရင်ဘတ်မှ ပါးစပ်ကြီးဖြင့် အဆက်မပြတ် ဝါးမြိုတော့သည်။
သွေးအကာအကွယ်ပေါ်တွင် ကျယ်လောင်လှသော ပေါက်ကွဲသံများ ထွက်ပေါ်နေသော်လည်း ဤထိတ်လန့်ဖွယ် သရဲကြီးကိုမူ တွန်းလှန်နိုင်စွမ်း မရှိခဲ့ပေ။
အကယ်၍သာ အစောပိုင်းက တိုက်ပွဲကြီးအတွင်း၌ ဆိုလျှင် ထိုသွေးအကာအကွယ်မှ ထွက်ပေါ်လာသော နာကြည်းချက် တစ်လှိုင်းတည်းဖြင့်ပင် ဤသရဲကြီးကို အမှုန့်လုပ်ပစ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင်မူ ဤသရဲကြီးသည် တည်းခိုးခန်းအတွင်းရှိ ဧည့်သည်များအားလုံး၊ မြို့ကလေးအတွင်းရှိ သရဲအမြောက်အမြားနှင့် လျူမိသားစု ဘိုးဘွားခန်းမအတွင်းရှိ ရက်စက်လှသော လူအုပ်ကြီး တစ်စုလုံးကို ဝါးမြိုထားပြီး ဖြစ်သည်။
ယခုအခါ သူ၏ အငွေ့အသက်မှာ အလွန်ပင် ကြောက်စရာကောင်းလှပြီး ခန့်မှန်း၍ပင် မရနိုင်တော့ပေ။
သွေးအကာအကွယ်အတွင်းတွင် လူတစ်ယောက်၏ ပုံရိပ်မှာ မရေမရာ ပေါ်ထွက်လာသော်လည်း၊ အကာအကွယ်မှ စွမ်းအားများကိုမူ ထိုသရဲကြီးက အဆက်မပြတ် စုပ်ယူဝါးမြိုနေဆဲ ဖြစ်သည်။
ထိုပုံရိပ်မှာ မကျေနပ်သည့်အလား အေးစက်စွာ တစ်ချက်နှာမှုတ်လိုက်ပြီး၊ ဖြူဖွေးသွယ်လျသော အမျိုးသမီးလက်တစ်ဖက်သည် သွေးအကာအကွယ်အတွင်းမှ တိုးထွက်လာကာ သရဲကြီး၏ ကိုယ်ပေါ်သို့ အားကုန် ရိုက်ချလိုက်တော့သည်။
ဝုန်းးး
မမြင်နိုင်သော စွမ်းအားလှိုင်းတစ်ခုမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး၊ ထိုသရဲကြီးမှာ အမျိုးသမီး၏ လက်ဝါးချက်ကြောင့် လွင့်ထွက်သွားရတော့သည်။
ဘုန်းးး
၎င်းသည် ရှစ်ထောင့်မျှော်စင်အတွင်းရှိ အခန်းငယ်လေးတစ်ခုကို ဝင်တိုက်ကာ ဖျက်ဆီးပစ်လိုက်သည်။
ထိုစဉ် ယောင်္ကျားမဟုတ် မိန်းမမဟုတ်သည့် မိစ္ဆာလူသားတစ်ဦးမှာ ထိုနေရာတွင် ပုန်းနေသည်ကို တွေ့လိုက်ရပြီး၊ သရဲကြီးက သူ့ကို လက်ဖြင့် ပြန်လှမ်းဖမ်းလိုက်တော့သည်။
"အမလေး... သွားပြီဟေ့"
ထိုမိစ္ဆာလူသားက စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
သူသည် မိမိ၏ အငွေ့အသက်ကို ဖုံးကွယ်ပြီး ဤအခန်းထဲတွင် ပုန်းကာ ဇာတ်လမ်းကြည့်နေခြင်း ဖြစ်သည်၊ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဝင်တိုက်ခံလိုက်ရတာလဲ ဒါ ဘာလို ကံမျိုးလဲ။
သူသည် အလွန်ပင် နာကြည်းနေသော်လည်း၊ နောက်တစ်ခဏ၌ သူ၏ ကိုယ်ထည်မှာ သရဲကြီး၏ ပါးစပ်ကြီးအတွင်းသို့ "ကွက်... ကွက်..." ဟု မြည်အောင် ဝါးမြိုခြင်း ခံလိုက်ရတော့သည်။
သွေးများ စိုရွှဲသွားပြီး အလွန်ပင် ရက်စက်လှသော မြင်ကွင်းဖြစ်ရာ ကြည့်ရသူကို ကြက်သီးမွေးညင်း ထသွားစေသည်။
ဝိုးးးး
သရဲကြီးက ဟိန်းဟောက်လိုက်ပြီး ထိုဆန်းကြယ်သော သွေးအကာအကွယ်ဆီသို့ နောက်တစ်ကြိမ် ထပ်မံ ခုန်ဝင်သွားပြန်သည်။
သေကျေပျက်စီးရလျှင်ပင် မရပ်နားမည့် ပုံစံမျိုးပင်
အခြားတစ်ဖက်တွင်မူ...
လီယန်ချူ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး၊ ရင်ဘတ်အတွင်းရှိ စက္ကူပိုက်ဆံမှ အေးစက်လှသော အငွေ့အသက်ကို အာရုံခံမိကာ ချက်ချင်းပင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။
ယခုအချိန်တွင် သူ ဝင်ရောက်တိုက်ခိုက်၍ မဖြစ်ပေ၊ သို့မဟုတ်ပါက အပြင်းအထန် တိုက်ခိုက်နေကြသော ထိုသရဲမိစ္ဆာနှစ်ကောင်အတွက် အခြားသော အခွင့်အရေးများ ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် သူသည် ခြေလှမ်းတစ်ချက် ပြောင်းလိုက်ပြီး နတ်ဘုရားခြေလမ်း အတတ်ကို အသုံးပြုကာ အနက်ရောင်အရိပ် ပုန်းကွယ်နေသည့် နေရာသို့ တိုက်ရိုက်ပင် ရောက်ရှိသွားသည်။
အနက်ရောင်အရိပ်မှာ အလွန်ပင် အံ့အားသင့်သွားရသည်။
"ဟင် ဒီတာအိုဆရာက ငါ့ဆီကို လာနေတာလား သူ ငါ့ကို တွေ့သွားတာလား မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"
သူ၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်နေသော်လည်း လီယန်ချူက ပိုမိုနီးကပ်လာသည်နှင့်အမျှ သူ ပို၍ပင် ထိတ်လန့်လာတော့သည်။
ထို့ကြောင့် သူသည် ထိုအခန်းအတွင်းမှ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အခြားသော ပုန်းကွယ်စရာ နေရာတစ်ခုသို့ ပြောင်းရွှေ့လိုက်သည်။
သို့သော်လည်း လီယန်ချူကမူ နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြန်ပြီး အနက်ရောင်အရိပ်၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာတော့သည်။
"ဒီနှာဘူးကောင်က တစ်ခုခုကို ရှာနေတာလား၊ ဒါမှမဟုတ် တိုက်ဆိုင်နေတာလား "
အနက်ရောင်အရိပ်သည် ယခုထက်တိုင် မယုံကြည်နိုင်သေးပေ။
သူသည် မိမိ၏ အငွေ့အသက်ကို ဖုံးကွယ်ထားသရွေ့ ထိုဘိုးဘွားခန်းမအတွင်း၌ မည်သူမျှ သူ့ကို ရှာမတွေ့နိုင်ဟု ထင်ထားခဲ့သည်။
ထိုထိတ်လန့်ဖွယ် သရဲမိစ္ဆာကြီးပင်လျှင် သူ့ကို ရှာတွေ့မည် မဟုတ်ပေ၊ ထိုအချက်မှာ သူ ဤနေရာတွင် ပုန်းကာ ဇာတ်လမ်းကြည့်နေရဲသည့် တစ်ခုတည်းသော အားကိုးချက်ပင် ဖြစ်သည်။
သူသည် စောစောက မိစ္ဆာလူသားထက် များစွာ ပိုမိုအစွမ်းထက်သူဖြစ်ပြီး၊ ထိုကောင်မှာမူ တကယ့်ကို လူနုံလူအ တစ်ယောက်သာ ဖြစ်သည်။
သို့သော်လည်း ယခုအခါ လီယန်ချူက သူ့နောက်ကို တိတိကျကျ လိုက်နေသဖြင့် ဤဆန်းကြယ်လှသော အနက်ရောင်အရိပ်၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ စတင် ဖြစ်ပေါ်လာချေပြီ။
"တောက်... ဒီတာအိုဆရာက ဘယ်လိုဖြစ်နေတာလဲ"
ဘုန်းးး
လီယန်ချူသည် ထိုအနက်ရောင်အရိပ်ကို လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး သူ၏ လက်ဖဝါးအတွင်းသို့ ထည့်သွင်းလိုက်သည်။
ရွှေရောင်အလင်းဂါထာမှ ရွှေရောင်အလင်းတန်းများသည် အနက်ရောင်အရိပ်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် လောင်မြိုက်နေပြီး "ရှဲ... ရှဲ..." ဟု မြည်ကာ အဖြူရောင် မီးခိုးများ ထွက်ပေါ်လာတော့သည်။
"မသတ်ပါနဲ့... မသတ်ပါနဲ့ တာအိုဆရာကြီး... မသတ်ပါနဲ့ ကျနော်မှာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရှိပါတယ်၊ အကုန်ပြောပြပါ့မယ်"
အနက်ရောင်အရိပ်သည် မျက်နှာပျက်ကာ အော်ဟစ်အသနားခံတော့သည်။
"မင်းအမေကိုသွားပြောလိုက်... သရဲစကားဆိုတာ ယုံစရာမရှိဘူး "
လီယန်ချူက သူ့ကို ဂရုမစိုက်ဘဲ အပြတ်ရှင်းရန်သာ ပြင်လိုက်တော့သည်။
အခန်း (၄၈၄) - ဝတ်စုံနီနဲ့ လျှို့ဝှက်ဆန်းကြယ် အမျိုးသမီး ၊ နဂါးနှင့် ကျား အားပြိုင်ခြင်း ၊ မြို့ကလေးရဲ့ အနက်အရှိုင်းက တကယ်ကို နက်လှတယ်
လီယန်ချူ၏ အကဲဖြတ်ချက်အရ ဤအနက်ရောင်အရိပ်၏ စွမ်းရည်များသည် အလွန်ထူးဆန်းနေရုံသာမက၊ ၎င်းမှာ အလွန်ပင် ကောက်ကျစ်စဉ်းလဲပြီး စိတ်နေစိတ်ထားမှာလည်း အလွန်ညစ်ပတ်လှသည်။
အကယ်၍ ထိုကောင်က တစ်စုံတစ်ရာသော နည်းလမ်းကို ပြောပြလာလျှင်ပင် သူကိုယ်တိုင်လည်း ယုံရဲမည်မဟုတ်ပေ။
၎င်းမှာ ထောင်ချောက်တစ်ခုလည်း ဖြစ်နေနိုင်သည် မဟုတ်ပါလား။
မိမိ၏ ဦးနှောက်ဆဲလ်များကို အလဟဿ အပင်ပန်းခံနေမည့်အစား၊ သံသယစိတ်တွေ ကင်းဝေးသွားအောင် ဤကောင်ကို တိုက်ရိုက်သတ်ပစ်လိုက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။
ကြည့်စမ်း
ဘယ်လောက်တောင် ရိုးရှင်းပြီး ဖြောင့်မတ်တဲ့ အတွေးအခေါ်မျိုးလဲ။
ဘုန်းးး
တာအိုဂိုဏ်း၏ ရွှေရောင်အလင်းတန်းနှင့် ဝိညာဉ်ဖမ်းစားခြင်း တန်ခိုးတော်တို့ ပေါင်းစပ်ကာ အနက်ရောင်အရိပ်ကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်တော့သည်။
လျူမိသားစု ဘိုးဘွားခန်းမရှိ ရှစ်ထောင့်မျှော်စင်အတွင်းမှ ပေါက်ဖွားလာသော ထိုဝိညာဉ်မိစ္ဆာမှာ ရုတ်ချည်းပင် ဝိညာဉ်လွင့်စင် ပျောက်ကွယ်သွားရချေပြီ။
သူသည် ကန့်လန့်ကာနောက်ကွယ်မှနေ၍ အခြေအနေအရပ်ရပ်ကို ထိန်းချုပ်မည့် လျှို့ဝှက်ဆန်းကြယ်သော လက်မည်းကြီးအဖြစ် နေနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ထိုနှာဘူးတာအိုဆရာလေးနှင့် တွေ့ဆုံပြီးနောက်တွင်မူ နေရာတိုင်း၌ ကန့်သတ်ချုပ်ချယ်ခံခဲ့ရသည်။
နောက်ဆုံးတွင်မူ တစ်ဖက်လူ၏ လက်အတွင်း၌ပင် အဖမ်းခံလိုက်ရတော့သည်။
သူသည် သတင်းအချက်အလက်များကို ရောင်းစားပြီး အသက်ရှင်သန်ခွင့် ရရန် ကြိုးစားခဲ့သော်လည်း၊ ထိုကိစ္စကို သူ အပြည့်အဝ ယုံကြည်မှု ရှိခဲ့သည်။
သူ၏ ထက်မြက်သော ဦးနှောက်နှင့် ဆန်းပြားသော စွမ်းရည်များကို အသုံးပြုကာ ဤတာအိုဆရာလေးကို အသာအယာပင် ကစားပြီး ထောင်ချောက်ဆင် သတ်ဖြတ်နိုင်မည်ဟု တွေးထားခဲ့ခြင်းပင်။
သို့သော်လည်း အနက်ရောင်အရိပ်မှာ လုံးဝ မမျှော်လင့်ထားခဲ့သည့်အချက်မှာ...
မိမိ၏ ကိုယ်ပေါ်တွင် ထိုဆန်းကြယ်သော မြို့ကလေးမှ ထွက်ခွာနိုင်မည့် လျှို့ဝှက်ချက်များ ကိန်းအောင်းနေနိုင်သည်ကိုပင်၊ ဤလူငယ်တာအိုဆရာက အနည်းငယ်မျှ စိတ်မဝင်စားခဲ့ခြင်း ဖြစ်သည်။
စကားပြောခွင့်ပင် မပေးဘဲ တိုက်ရိုက်ပင် အမှုန့်လုပ်ပစ်လိုက်ချေပြီ။
"ရိုင်းစိုင်းလိုက်တဲ့ကောင်"
ဤသည်မှာ သူ၏ နောက်ဆုံးသော အတွေးပင် ဖြစ်တော့သည်။
လီယန်ချူသည် ယခင်က ဇာတ်လမ်းတွဲများ ကြည့်ဖူးစဉ်ကပင် သတိထားမိခဲ့သည်မှာ
ထက်မြက်သူအများစုသည် မိမိတို့ကိုယ်မိမိ အခြေအနေကို ထိန်းချုပ်နိုင်သူများဟု ထင်မှတ်နေကြပြီး၊ ရိုင်းစိုင်းလှသော စစ်သူရဲများကို မိမိတို့၏ လက်ဝါးပေါ်တွင် တင်ကစားနိုင်မည်ဟု ယူဆနေကြခြင်းပင်။
အမှန်စင်စစ်...
အကြိမ်ပေါင်းများစွာမှာ ဓားတစ်ချက်တည်းဖြင့်ပင် လူတစ်ယောက်ကို သတ်ဖြတ်နိုင်သလို၊ အုတ်ခဲတစ်ခဲတည်းဖြင့်လည်း ခေါင်းကို ရိုက်ခွဲပစ်နိုင်သည်။
အစီအစဉ်တိုင်းမှာ အောင်မြင်မည်ဟု မဆိုနိုင်သလို၊ လူတိုင်းမှာလည်း စေ့စပ်ညှိနှိုင်း၍ ရသည်မဟုတ်ပေ။
ယခုအချိန်တွင် သူ သည် စေ့စပ်ညှိနှိုင်း၍ မရသောသူ ဖြစ်နေချေပြီ။
ဝုန်းးး ဝုန်းးး
လျူမိသားစု ဘိုးဘွားခန်းမအတွင်း၌ ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေမည့် တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
လီယန်ချူသည် လူအားလုံးကို ခေါ်ဆောင်ကာ တိုက်ပွဲမြေပြင်မှ အမြန်ဆုံး ဆုတ်ခွာပြီး ဝေးရာသို့ ရှောင်တိမ်းလိုက်သည်။
လျူမိသားစု ဘိုးဘွားခန်းမအတွင်းက ပြဿနာများကို လုံးဝ အမြစ်ပြတ် မရှင်းလင်းနိုင်သေးခြင်းကြောင့်လား၊ သို့မဟုတ် တစ်စုံတစ်ရာသော နေရာတွင် အမှားအယွင်း ဖြစ်သွားခြင်းကြောင့်လား မသိရပေ။
သူသည် ထိုအနက်ရောင်အရိပ်ကို သတ်ဖြတ်ပြီး ရှစ်ထောင့်မျှော်စင်ကို ဖြိုချလိုက်သော်လည်း၊ သူ လိုလားတောင့်တနေသည့် ရလဒ်ကိုမူ မရရှိသေးပေ။
၎င်းမှာ... ထိုဆန်းကြယ်သော နေရာမှ ထွက်ခွာနိုင်ခြင်းပင်။
ဤအချက်က လီယန်ချူကို မျက်မှောင်ကြုတ်သွားစေသည်။
အကယ်၍ သူ တစ်ယောက်တည်းသာ ဤနေရာမှ ထွက်ခွာလိုပါက၊ မိမိ၏ ဝိညာဉ်စွမ်းအားအတွင်းရှိ အစွမ်းထက်လှသော နတ်ဘုရားရတနာ ကို အင်အားသုံးကာ လှုံ့ဆော်နိုင်သည်မှာ မှန်သော်လည်း...
ထိုသို့ပြုလုပ်လိုက်လျှင် သူ ကယ်ထုတ်လာခဲ့သည့် ဤလူအမြောက်အမြားအတွက် သူ လုပ်ဆောင်ခဲ့သမျှမှာ ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
ထို့အပြင် ထိုလူများကို ဤနေရာတွင် စွန့်ပစ်ထားခဲ့ရန်လည်း သူ မရက်စက်နိုင်ပေ။
ခဏချင်းမှာပင် ထိုသရဲမိစ္ဆာများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပေလိမ့်မည်။
ဤမြို့ကလေး၏ ဇာတ်လမ်းမှာ သူ၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ချေပြီ။
ထိတ်လန့်ဖွယ် သတ္တဝါအမျိုးမျိုးမှာ အဆက်မပြတ် ထွက်ပေါ်လာနေပြီး၊ အခက်အခဲအဆင့်မှာလည်း ငရဲအဆင့် သို့ ရောက်ရှိသွားပြီ ဖြစ်ရာ၊ သူတို့အဖွဲ့သားများသာ ဆိုလျှင် တစ်ချီတည်းနှင့်ပင် အပြတ်ရှင်းခံလိုက်ရပေလိမ့်မည်။
ထိုစဉ် သွေးအကာအကွယ် အတွင်းမှ သွယ်လျလှပသော အမျိုးသမီး ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာသည်။
မှန်ပါသည်၊ ထိုအမျိုးသမီးမှာ အဝတ်အစား ဝတ်ဆင်ထားပြီး အချိတ်အဆက်မိမိ လှပနေသူဖြစ်သည်၊ လုံးဝ ဗလာကျင်းနေခြင်းမျိုး မဟုတ်ပေ...
သူမသည် ဝတ်စုံနီအရှည်ကြီးကို ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး၊ သူမ၏ မျက်ဝန်းအစုံမှာ အဆုံးမဲ့သော ဆွဲဆောင်မှုများ ရှိနေသည့်အလားပင်။
နီရဲလှသော နှုတ်ခမ်းအစုံက ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို ပိုမိုလှပစေသလို၊ တစ်ဖက်တွင်လည်း ပြောမပြနိုင်လောက်အောင် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များကို သယ်ဆောင်ထားသည်။
စောစောက ဆံပင်ဖားလျားနှင့် ကြောက်မက်ဖွယ် သတ္တဝါကြီးမှာ ဤမျှလောက် လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားနိုင်ပေ။
"ဘယ်လို စိတ်နှလုံးကောင်းရှိတဲ့သူက ငါ့ကို လွှတ်ပေးလိုက်တာလဲ... ငါ သူ့ကို သေချာပေါက် ကျေးဇူးဆပ်ရမယ်"
ထိုဝတ်စုံနီနှင့် လှပသောအမျိုးသမီးက ညို့ဓာတ်ပါပါ ပြုံးလိုက်သည်။
ထိုသွေးအကာအကွယ်မှာ လုံးဝ ပျောက်ကွယ်သွားပြီး၊ နောက်ဆုံးတွင် သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ထိုအမျိုးသမီး၏ လက်အတွင်းသို့ ရောက်ရှိသွားတော့သည်။
၎င်းမှာ ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်လှသည့် ဓားရှည်တစ်စင်း ဖြစ်သည်။
ဓားကိုယ်ထည်မှာ ကျဉ်းမြောင်းပြီး တစ်ကိုယ်လုံး နီရဲနေသည်။
လူကို ကြီးမားလှသော ဖိအားတစ်ခု ပေးစွမ်းနေတော့သည်။
"ထောင်ယဲ့ လား"
"မဟုတ်သေးဘူး... ကြွင်းကျန်နေတဲ့ ဝိညာဉ်အကြွင်းအကျန်ကနေ ပေါက်ဖွားလာတဲ့ ထူးဆန်းတဲ့အရာ တစ်ခုပဲ၊ စိတ်ဝင်စားဖို့ကောင်းသားပဲ"
ထိုဝတ်စုံနီနှင့် လှပသောအမျိုးသမီးက သူမ၏ နှုတ်ခမ်းကို မသိမသာ ဖိစိလိုက်သည်။
ထိုသို့ ပြုလုပ်လိုက်ချိန်တွင် သတ်ဖြတ်လိုစိတ်များမှာ ဟုန်းခနဲ ထကြွလာတော့သည်။
အဆုံးမဲ့သော သွေးပင်လယ်ကြီးမှာ ထိုအမျိုးသမီး၏ နောက်ကွယ်တွင် ပေါ်ထွက်လာပြီး၊ သူမသည် ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်တော့သည်။
ဒေါင်
ကောင်းကင်နှင့် မြေပြင်ကြားတွင် ဧရာမ ခေါင်းလောင်းကြီးကို တီးခတ်လိုက်သည့်အလား ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာသည်။
ထိုထိတ်လန့်ဖွယ် သရဲကြီး၏ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ပေါ်လာသော်လည်း၊ မကြာမီမှာပင် ပြန်လည် ပျောက်ကွယ်သွားပြန်သည်။
၎င်းသည် သရဲမိစ္ဆာများစွာကို ဝါးမြိုထားပြီး ဖြစ်သဖြင့် ယခုအခါတွင် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဝတ်စုံနီနှင့် လှပသောအမျိုးသမီးမှာ အနည်းငယ် အံ့အားသင့်သွားပြီး ထိုသရဲကြီးကို အကဲခတ်ကြည့်လိုက်ရာ၊ မနေနိုင်ဘဲ နောက်တစ်ကြိမ် ရေရွတ်လိုက်ပြန်သည်။
"ဘယ်လို မျက်စိမပါတဲ့လူက ဒီကောင်ကို ဒီလောက်အထိ ကြီးထွားလာအောင် မွေးထားတာလဲ ဒါက တကယ့်ကို အကုသိုလ်ပဲ မဟုတ်လား "
သူမသည် မြင့်မားသော အဆင့်အတန်းရှိသူ ဖြစ်သော်လည်း၊ ယခုမှ အကျဉ်းအနှောင်မှ လွတ်မြောက်လာသူ ဖြစ်သဖြင့် ထိုသရဲကြီးကို ကိုင်တွယ်ရန်အတွက် အနည်းငယ်တော့ အားထုတ်ရပေလိမ့်မည်။
သူမ၏ မျက်ဝန်းအစုံမှာ ပတ်ဝန်းကျင်ကို အေးစက်စွာ ဝေ့ကြည့်လိုက်ပြီး၊ လီယန်ချူတို့ ပုန်းကွယ်နေသည့် နေရာသို့ ရောက်ရှိသွားသည်။
ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်လိုစိတ်တစ်ခုမှာ လူတိုင်းကို တစ်ခဏချင်း ဖုံးလွှမ်းသွားပြီး၊ ၎င်းမှာ ရှေးဦးကမ္ဘာမှ ဧရာမ သားရဲကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။
"တာအိုဆရာလေး... ကျေးဇူးတင်ပါတယ်နော်၊ ဒီလို စုတ်ပြတ်သတ်နေတဲ့ နေရာမှာ အမကြီး နေရတာ တော်တော်ကြာလှပြီ"
ဝတ်စုံနီနှင့် အမျိုးသမီးက ရုတ်တရက် ရယ်မောလိုက်သည်။
'ဒီကောင်မက ဘယ်သူလဲဟ'
လီယန်ချူ၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်သွားသည်။
ရှစ်ထောင့်မျှော်စင်အောက်ခြေမှ ရုပ်ဆိုးမွဲပြာကျသော သတ္တဝါကြီး ထွက်လာခြင်းကိုမူ သူ နားလည်နိုင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် မိစ္ဆာများကို ဖိနှိပ်ထားသည့် နေရာမဟုတ်ပါလား။
သို့သော်လည်း ထိုသတ္တဝါကြီးက ဘာကြောင့် ရုတ်တရက်ကြီး ဤမျှလှပသော ဝတ်စုံနီနှင့် အမျိုးသမီးအဖြစ် ပြောင်းလဲသွားရသနည်း၊ ထို့အပြင် သူမတွင် ကျိုးကြောင်းဆင်ခြင်ဉာဏ် ရှိနေပြီး မည်သည့် ကြမ်းတမ်းလှသော အငွေ့အသက်မျှလည်း ရှိမနေပေ။
'ဒီအမျိုးသမီးကတော့ ပြောင်းလဲမှုတစ်ခုပဲ... အစီအစဉ်တွေတော့ ပျက်ကုန်ပြီထင်တယ်'
လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိသည်။
အကယ်၍သာ ကျိုးကြောင်းဆင်ခြင်ဉာဏ် မရှိသည့် သတ္တဝါတစ်ကောင် ဆိုပါက၊ ထိုဝါးမြိုတတ်သည့် သရဲကြီးနှင့် သေကျေအောင် တိုက်ခိုက်ကြမည်မှာ သေချာပြီး၊ ကျားနှစ်ကောင် အားပြိုင်ရာတွင် တစ်ကောင်တော့ ဒဏ်ရာရမည်မှာ အသေအချာပင်။
၎င်းမှာ အစောပိုင်းက အနက်ရောင်အရိပ်နှင့် သရဲကြီး တိုက်ခိုက်ခဲ့ကြသလိုမျိုးပင်။
လက်ရှိအချိန်တွင် ထိုသရဲကြီးကို သူ၏ ရွှေတံဆိပ် လက်ဖြောင့်တပ်သား ဟုပင် ဆိုနိုင်သည်။
၎င်းသည် တည်းခိုးခန်းအတွင်းရှိ သရဲအားလုံးကို စားခဲ့သည်၊ အိမ်များအတွင်းရှိ သရဲများကို သတ်ခဲ့သည်၊ ထိုမှတစ်ဆင့် သူ့အတွက် တာအိုလက်နက်များစွာ ရရှိစေခဲ့သလို ယင်ယန်ဆရာကို ကိုင်တွယ်ရာတွင်လည်း အကူအညီ ဖြစ်ခဲ့သည်။
အခုလည်း လျူမိသားစု ဘိုးဘွားခန်းမအတွင်းက သရဲအားလုံးကို သူ့အတွက် စားပေးလိုက်ပြန်ပြီ ထိုသရဲကြီးကို အသုံးပြုပြီး အနက်ရောင်အရိပ်၏ အင်အားကို လျှော့ချခဲ့သည်ဖြစ်ရာ၊ ၎င်းကို ရွှေတံဆိပ် လက်ဖြောင့်တပ်သားဟု ခေါ်ဆိုလျှင်လည်း လွန်မည်မထင်ပေ။
သို့သော်လည်း ယခုအခါ ထိုအမျိုးသမီးမှာ ဤမျှလောက်သော အသိစိတ်မျိုး ရှိနေသဖြင့် ကိုင်တွယ်ရ အနည်းငယ် ခက်ခဲနိုင်ချေရှိသည်။
'ဘာ... ထောင်ယဲ့ ဝိညာဉ်အကြွင်းအကျန် ဟုတ်လား'
လီယန်ချူသည် ထိုကိစ္စကို စိတ်ထဲ၌ သိပ်မထားဘဲ အချက်တစ်ခုကိုသာ စဉ်းစားနေမိသည်။
အမျိုးသမီးသည် မည်သည့်ဘက်တော်သားဖြစ်သော မိစ္ဆာမျိုးနည်း သရဲမိစ္ဆာတွေ သုံးလေ့ရှိတဲ့ မျက်လှည့်အတတ်နဲ့ တမင်တကာ ရုပ်ဆိုးတဲ့ သတ္တဝါကနေ လှပတဲ့ အမျိုးသမီးအဖြစ် ပြောင်းလဲပြနေတာလား။
အကယ်၍ ဝတ်စုံနီနှင့် အမကြီးသာ လီယန်ချူ၏ အတွေးကို သိသွားပါက၊ မပြောမဆိုနှင့်ပင် ဓားဖြင့် ချက်ချင်း ခုတ်ပိုင်းပစ်လိမ့်မည်မှာ သေချာသည်။
သို့သော် သူမ မသိပေ။
သူမ ခံစားရသည်မှာ ထိုလူငယ်တာအိုဆရာလေးသည် ကြည့်ရသည်မှာ အလွန်ပင် မျက်စိပသာဒ ဖြစ်လှသည်ဟူ၍ပင်။
ရုပ်ရည်ချောမောမှုမှာလည်း အနှိုင်းမဲ့လှသလို၊ အေးချမ်းတည်ငြိမ်လှသော နတ်ဘုရားတစ်ပါး၏ အငွေ့အသက်များလည်း ရှိနေသည် ထို့အပြင် သူမကို ရှစ်ထောင့်မျှော်စင်အောက်မှ ကယ်ထုတ်ပေးခဲ့သလို၊ သွေးပုပ်များ၏ လွှမ်းမိုးမှုမှလည်း လွတ်မြောက်စေခဲ့သည် မဟုတ်ပါလား။
သူမ အလွန်ပင် ကျေနပ်မိသည်။
ထို့ကြောင့် ဤလူငယ်တာအိုဆရာလေးကို ကူညီပြီး ထိုသရဲကြီးကို သတ်ပေးရန် သူမ ဆုံးဖြတ်လိုက်တော့သည်။
"ရုပ်ဆိုးတဲ့ကောင်... ထောင်ယဲ့ကိုယ်တိုင် ပြန်လည်မွေးဖွားလာရင်တောင် အမကြီးက ဂရုမစိုက်ဘူး၊ နင့်လို ကျိုးကြောင်းဆင်ခြင်ဉာဏ် မရှိတဲ့ သတ္တဝါကိုဆိုရင်တော့ ပိုတောင် ပြောစရာမလိုသေးဘူး... သေပေတော့ "
ဝတ်စုံနီနှင့် လှပသောအမျိုးသမီးသည် ဓားကို ကိုင်ဆွဲကာ တိုက်ရိုက်ပင် ခုန်ဝင်သွားပြီး၊ ထိုသရဲကြီးနှင့် "ဒေါင်... ဒေါင်... ဒင်... ဒင်..." မြည်အောင် ပြင်းထန်စွာ တိုက်ခိုက်ပါတော့သည်။
"ချောင်ချောင် ဆရာကြီး... အခု ကျနော်တို့ ဘာဆက်လုပ်ကြမလဲ "
ကျန်းဝေက မေးမြန်းလာသည်။
သူကိုယ်တိုင်မှာလည်း တိုက်ပွဲဝင်နိုင်စွမ်းရှိသော ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း၊ ယခုအချိန်တွင်မူ သာမန်လူတစ်ယောက်ကဲ့သို့သာ ဖြစ်နေချေပြီ။
လီယန်ချူက ခေတ္တမျှ စဉ်းစားလိုက်ပြီး
"စောစောက ငါထင်ထားတာက အဖြေက လျူမိသားစု ဘိုးဘွားခန်းမထဲမှာ ရှိလိမ့်မယ်၊ ဒါကို ဖြိုချလိုက်ရင် ရပြီပေါ့... နောက်တော့မှ ရှစ်ထောင့်မျှော်စင်ထဲမှာ ရှိလိမ့်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ ဘာမှ မဟုတ်သေးဘူး... ဒီမြို့ကလေးရဲ့ လျှို့ဝှက်ချက်က ငါတို့ ထင်ထားတာထက် အများကြီး ပိုနက်နဲနေတယ်။ လောလောဆယ်တော့ ဒီကနေ အရင်ထွက်သွားကြရအောင်၊ ဒီသရဲနှစ်ကောင် ခဏလောက် သတ်ကြပါစေဦး"
သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ယခုအချိန်တွင် ဤသို့လုပ်ဆောင်ရန်သာ ရှိတော့သည်။
အနက်ရောင်အရိပ်၏ အဆင့်အတန်း မှာ ဤမျှအထိ နိမ့်ပါးနေလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။
သူ့ကို သတ်ပစ်လျှင်ပင် ထိုလျူမိသားစု ဘိုးဘွားခန်းမအတွင်းမှ ထွက်ခွာနိုင်ခြင်း မရှိသေးပေ။