← Chapters

အဆက်အသွယ် အားလုံး ဖြတ်တောက်ခြင်း

Vol. 16 Ch. 151

အဆက်အသွယ် အားလုံး ဖြတ်တောက်ခြင်း

Vol. 16 Ch. 151

ကုမင်တာ့သည် ထိုစကားကို ကြားသောအခါ မျက်လုံးများတွင် သံသယအရိပ်အယောင်များ ပေါ်လာ၏။ သူ၏ဘေးမှ ကုန်သည်အဖွဲ့ခေါင်းဆောင်မှာမူ စိုးရိမ်တကြီးဖြင့် ပြန်လည်ဖြေကြားလေသည်။

“ရွာသူကြီး... ကျွန်တော်တို့က ကျန်းကျိုးပြည်နယ်ကနေ ထွက်လာတဲ့ ကုန်သည်အဖွဲ့အစစ်ပါ... ကျွန်တော်တို့ရဲ့ ပိုင်ရှင်က ကျန်းကျိုးပြည်နယ်မှာ အကြီးဆုံးဖြစ်တဲ့ ကျီယွမ်ကုန်သွယ်ရေးတိုက်ကပါ...”

ရွာသူကြီးအိုကြီးကမူ မျက်နှာအမူအရာပင် ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။

“ဘယ်ကုန်သွယ်ရေးတိုက်ပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မသိဘူး... အခုအချိန်မှာ ပညာရှိလူကြီးမင်းရဲ့ အတည်ပြုချက်ကိုပဲ နားထောင်ပါ့မယ်...”

ကုန်သည်အဖွဲ့ခေါင်းဆောင်သည် ကုမင်တာ့အား မျှော်လင့်တကြီး ကြည့်လိုက်၏။ ကုမင်တာ့သည်လည်း ထိုကိစ္စတွင် နှောင့်နှေးခြင်းမရှိဘဲ ပြောလိုက်သည်။

“ရွာသူကြီး... စိတ်မပူပါနဲ့... ဒီကုန်သည်အဖွဲ့က ကျန်းကျိုးပြည်နယ်ကနေ တကယ်ပဲ ထွက်ခွာလာတာဖြစ်ပြီး စစ်မှန်တဲ့အဖွဲ့လည်း ဖြစ်ပါတယ်...”

ရွာသူကြီးသည် ထိုစကားကို ကြားသောအခါမှ သက်ပြင်းချနိုင်ကာ ပြောလိုက်၏။

“ကောင်းပြီ... ဒါဆိုရင် ဒီမှာပဲ တည်းခိုလို့ ရပါတယ်... ပိုက်ဆံကိစ္စကိုတော့ သေချာညှိရမှာပေါ့...”

ကုမင်တာ့သည် ထိုကိစ္စတွင် ထပ်မံဝင်မပါတော့ပေ။ ကုန်သည်အဖွဲ့ခေါင်းဆောင်နှင့် ရွာသူကြီးတို့ ဈေးညှိကြပြီးနောက် တည်းခိုခကို ၂၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ပေးလိုက်ရ၏။ ရွာသူကြီးသည် ရွာသားများကို ခေါ်ကာ ကုန်သည်အဖွဲ့ကို ရွာရှိ အိမ်အသီးသီးသို့ ခွဲဝေပို့ဆောင်ပေးလေသည်။

ကုမင်တာ့သည် ရွာသူကြီး စိတ်အေးသွားသည့်အချိန်အထိ စောင့်ဆိုင်းပြီးနောက် မေးမြန်းလိုက်၏။

“ရွာသူကြီး... ကျွန်တော် ဒီကနေ ထွက်သွားတာ နှစ်လလောက်ပဲ ရှိပါသေးတယ်... ရွာမှာ ဘာကိစ္စကြီးကြီးမားမား ဖြစ်ခဲ့လို့လဲဟင်...”

ရွာသူကြီးသည် ထိုစကားကို ကြားသောအခါ သက်ပြင်းကြီးချလျက် ပြောလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က လူကြီးမင်းတို့ တည်းခိုခဲ့တဲ့ လီယွမ်ဝေ ရဲ့ မိသားစုကို မှတ်မိသေးလား...”

ကုမင်တာ့က မေးလိုက်၏။

“သူ့မိသားစု ဘာဖြစ်လို့လဲဟင်...”

“မရှိတော့ဘူး... အကုန်လုံး မရှိတော့ဘူး...”

ရွာသူကြီး ပြောပြနေစဉ် သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ ကုမင်တာ့သည်လည်း ကျောချမ်းသွားရပေသည်။

“လူကြီးမင်းတို့ ထွက်သွားပြီးနောက်မှာ လီယွမ်ဝေ ရဲ့ ယောက္ခမ ဆုံးသွားတယ်လေ... သူက အိပ်ရာထဲမှာ လဲနေတာ ကြာပြီဆိုတော့ ဆုံးသွားတာက မဆန်းပါဘူး... လီယွမ်ဝေ ကလည်း စိတ်ထားကောင်းတဲ့သူဆိုတော့ နာရေးကို အကြီးအကျယ် လုပ်ပေးရှာတယ်... ဘုန်းကြီးတွေ၊ တာအိုဆရာတွေကို ပင့်ပြီး ရက်တော်တော်ကြာအောင် လုပ်ခဲ့တာလေ... ပိုက်ဆံတွေလည်း ရေသလို သုံးခဲ့တာပေါ့...”

“နာရေးပြီးသွားတဲ့အချိန်မှာပဲ နောက်ထပ် ကုန်သည်အဖွဲ့ တစ်ဖွဲ့ ရွာပြင်ကို ရောက်လာပြန်တယ်...”

“အကယ်၍ ရှေ့က တည်းခိုစခန်းသာ မပြိုကျခဲ့ရင် တို့ရွာမှာ လူတွေ အဲ့ဒီလောက်အထိ လာတည်းကြမှာ မဟုတ်ဘူး... ဒါပေမဲ့ ရွာသားတွေကတော့ အလေးမထားကြပါဘူး... ထုံးစံအတိုင်းပဲ ဧည့်ခံပြီး ပိုက်ဆံရမယ်လို့ပဲ ထင်ခဲ့ကြတာပေါ့...”

“ဒါပေမဲ့ အဲ့ဒီကုန်သည်အဖွဲ့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်... သူတို့က ရွာသားတွေရဲ့ အိမ်က အခြေအနေ မကောင်းဘူးဆိုပြီး ပိုက်ဆံအများကြီးပေးပြီးတော့ လီယွမ်ဝေ ရဲ့ အိမ်မှာပဲ တည်းမယ်လို့ အတင်းပြောကြတာလေ...”

“လီယွမ်ဝေ က ပုံမှန်ဆို ကုန်သည်အဖွဲ့တွေကို အိမ်မှာ ပေးမတည်းဘူးလေ... သူ့မှာ ပိုက်ဆံမရှားတော့ အဆင့်အတန်းရှိတဲ့ ဧည့်သည်တွေကိုပဲ လက်ခံတာပေါ့...”

“ဒီတစ်ခါလည်း အဲ့ဒီအတိုင်းပါပဲ... ဒါပေမဲ့ ကုန်သည်အဖွဲ့ခေါင်းဆောင်က လီယွမ်ဝေ ကို ဘာပြောလိုက်လဲ မသိဘူး... သူက စိတ်ပြောင်းသွားပြီး လူအများကြီးကို သူ့အိမ်မှာ ပေးတည်းလိုက်တယ်လေ...”

“အဲ့ဒီနေ့ သန်းခေါင်ယံမှာ လီယွမ်ဝေ ရဲ့ အိမ်ကြီး မီးလောင်သွားတော့တာပဲ... လီယွမ်ဝေ ရော၊ သူ့ရဲ့ ကလေးတွေ၊ မယားငယ်တွေနဲ့ အစေခံတွေပါ တစ်ယောက်မှ အသက်ရှင်ပြီး ထွက်မလာနိုင်ခဲ့ကြဘူး...”

“အစိုးရက ရင်ခွဲစစ်ဆေးသူကို လွှတ်ပြီး စစ်ဆေးခဲ့တယ်... အဲ့ဒီလူတွေက မီးလောင်လို့ သေတာ မဟုတ်ဘူး... မီးမလောင်ခင်မှာကတည်းက သတ်ဖြတ်ခံခဲ့ရတာလေ... အားလုံးက ဓားချက်တစ်ချက်တည်းနဲ့ အသက်ပါသွားခဲ့ကြတာပေါ့... လီမိသားစုရဲ့ ရွှေငွေရတနာတွေလည်း အကုန်လုယက်ခံရတော့... အစိုးရကတော့ ဒါဟာ အနီးနားက တောင်ပေါ်ဓားပြတွေရဲ့ လက်ချက်လို့ပဲ ယူဆလိုက်ကြတာပေါ့...”

ကုမင်တာ့သည် ထိုစကားကို ကြားရသောအခါ လေအေးတစ်ချက် ရှူသွင်းလိုက်မိ၏။

“ရွာသူကြီး... ရွာသူကြီးကကော ဒါဟာ တောင်ပေါ်ဓားပြတွေရဲ့ လက်ချက်လို့ပဲ ထင်လားဟင်...”

ကုမင်တာ့က ညင်သာစွာ မေးမြန်းလိုက်သည်။

ရွာသူကြီးက သက်ပြင်းချကာ ပြောလိုက်၏။

“လူ့အသက် သုံးဆယ်ကျော်လေ... တစ်ခဏအတွင်းမှာတင် အကုန် မရှိတော့ဘူး... အစိုးရက ဘာပြောပြော ကျွန်တော်ကတော့ ယုံရမှာပဲလေ...”

ကုမိသားစုဝင်များမှာ ရွာသူကြီးအိမ်တွင်သာ တည်းခိုကြလေသည်။ ကုမင်တာ့ အခန်းထဲသို့ ပြန်ရောက်သောအခါ ကျန်းယွင်နန်သည် အထုပ်အပိုးများကို ပြင်ဆင်ပြီး၍ ကလေးသုံးဦးမှာလည်း အိပ်ပျော်နေကြချေပြီ။

“ယောက်ျား...”

ကျန်းယွင်နန်က တိုးတိုးလေး မေးလိုက်သည်။

“အရင် အိပ်လိုက်ပါဦး... ရက်အနည်းငယ်ကြာမှပဲ တို့တွေ အေးအေးဆေးဆေး စကားပြောကြတာပေါ့...”

ကုမင်တာ့သည် စောင်ကို မ ကာ ကလေးများ၏ ဘေးတွင် လှဲလျက် ပြောလိုက်၏။

သူသည် ကျန်းယွင်နန်အား ဖုံးကွယ်လိုခြင်း မဟုတ်သော်လည်း ယခုအချိန်တွင် ပြောပြလိုက်ပါက ဇနီးဖြစ်သူမှာ တစ်ညလုံး အိပ်ပျော်မည် မဟုတ်သည်ကို သိနေပေသည်။ အကယ်၍ နိုးနေသော ကလေးတစ်ဦးဦးသာ ကြားသွားပါကလည်း တစ်ညလုံး အိပ်မက်ဆိုးများ မက်နေပေလိမ့်မည်။

All Chapters