စီးပွားရေးကြီး
Vol. 16 Ch. 152
နောက်တစ်နေ့ မနက်စောစောတွင် ကုန်သည်အဖွဲ့မှာ နံနက်စာ စားပြီးသည်နှင့် တစ်စက္ကန့်မျှပင် မဆိုင်းတော့ဘဲ ချက်ချင်း ထွက်ခွာခဲ့ကြကုန်၏။ ရွာသားများမှာလည်း ထိုသူများကို ဓားပြများလားဟု စိုးရိမ်နေကြသလို ကုန်သည်အဖွဲ့မှာလည်း တောင်ပေါ်ဓားပြများ ရွာသို့ ထပ်မံ ရောက်ရှိလာမှာကို ကြောက်လန့်နေကြပေသည်။
မြင်းလှည်းပေါ်သို့ ရောက်သောအခါ ကျန်းယွင်နန်၏ ဘေးတွင် ကလေးသုံးဦး ရှိနေသဖြင့် သူမသည် စကားကို ရှင်းလင်းစွာ မပြောရဲဘဲ ဝေဝါးစွာ မေးမြန်းလိုက်သည်။
“ဘာလို့ ဒီလောက်တောင် အသည်းအသန် သွားနေရတာလဲဟင်... ကျွန်မ လီယွမ်ဝေ ရဲ့ အိမ်ကိုတောင် သွားကြည့်ချင်သေးတာကို...”
သူမက သွားကြည့်မည်ဟု ဆိုသော်လည်း အမှန်စင်စစ် သတင်းစုံစမ်းလိုခြင်းပင်။ ကုမင်တာ့က ညင်သာစွာ ခေါင်းခါပြလိုက်ပြီး သူမ၏လက်ကို ဆွဲကာ ပြောလိုက်၏။
“သူ့အိမ်မှာ ကိစ္စတွေ အများကြီး ရှိနေတာလေ... သွားရင်လည်း တို့အတွက် ဒုက္ခဖြစ်နိုင်ပါတယ်...”
အိမ်အပြန်လမ်းတွင် ဤကဲ့သို့သော အနှောင့်အယှက်မှလွဲ၍ အရာရာ ချောမွေ့နေခဲ့ပေသည်။
သို့သော်လည်း ကွမ်အန်းမြို့နယ်သို့ ပြန်ရောက်သည်နှင့် ခြေပင်မချရသေးမီမှာပင် လက်ဆောင်လာပေးသူများမှာ နေရာအနှံ့မှ ရောက်ရှိလာကြကုန်၏။ ကုမင်တာ့ မပြန်လာမီမှာပင် ကျန်းကျိုးပြည်နယ်မှ အောင်စာရင်းမှာ မြို့ဝန်ရုံးသို့ ရောက်ရှိနေပြီဖြစ်ရာ၊ သတင်းနားစူးသော သူများမှာ ကုမိသားစုအား စောစောစီးစီးပင် စောင့်ဆိုင်းနေကြခြင်း ပင်။
အဖွားကုသည် ကြိုတင်မှာကြားချက်များကို ရရှိထားသဖြင့် အမှားအယွင်း မရှိခဲ့ပေ။
“သားငယ်... မင်း ပြောခဲ့သလိုပဲ... တစ်ယောက်ယောက်က ငါ့ကို လက်ဆောင်လာပေးပြီးတော့ အခုထိ လက်မခံခိုင်းသေးဘူးလေ... ငါလည်း မင်းစကားကို နားထောင်ပြီး ဘာမှ မယူရဲပါဘူး... ဒါပေမဲ့ ဆိုင်ကို သွားပို့တဲ့သူတွေလည်း ရှိတယ်လေ...”
လျူရှောင်ရူက ဘေးမှနေ၍ ဝင်ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး... ဆိုင်ကို လာပို့တဲ့ဟာတွေကို ကျွန်မကတော့ အကုန် ပြန်လွှတ်လိုက်တာပဲ... အတင်းပေးတဲ့သူတွေကိုလည်း ကျွန်မက ဆဲလွှတ်လိုက်တာလေ... စိတ်မပူပါနဲ့... တို့ဆိုင်ရဲ့ အရောင်းအဝယ်ကို မထိခိုက်တဲ့အပြင်... ဒါက ကျဲ့ယွမ် ရဲ့ ဆိုင်ဆိုတာ ကြားတော့... လူတွေက ပိုပြီးတော့တောင် အလုအယက် ဝယ်ကြသေးတယ်... အားလုံးက ကိုကို့ရဲ့ ပါရမီကို အမှီပြုချင်နေကြတာပေါ့...”
ကုမင်တာ့သည် သူ၏ မရီးဖြစ်သူအား ကျေးဇူးတင်စကား ဆိုလိုက်၏။ သူသည် လောဘကြီးသူ မဟုတ်သလို အလွန်အမင်း သန့်ရှင်းနေသူလည်း မဟုတ်သော်လည်း လက်ဆောင် လက်ခံသည့် ကိစ္စမှာမူ အခြေအနေအပေါ်တွင် မူတည်နေသည် မဟုတ်ပါလား။
“ခဲအို... ခဲအိုကြီးအတွက် ဝမ်းသာစရာပါပဲဗျာ...”
အမျိုးသမီး တစ်ဦး၏ ရွှင်လန်းသော အသံမှာ အိမ်ပြင်မှ ထွက်ပေါ်လာလေသည်။
ထိုအခေါ်အဝေါ်ကို ကြားလိုက်ရသည်နှင့် အိမ်ထဲရှိ လူတိုင်းမှာ လျူရှောင်ရူအား လှည့်ကြည့်လိုက်ကြကုန်၏။ လျူရှောင်ရူက အမြန်ပင် ခေါင်းခါပြလိုက်သည်။
“ကျွန်မ မဟုတ်ပါဘူး... ကျွန်မ ဘာမှ မပြောရသေးဘူးလေ...”
ကျန်းဟွီနန်သည် သူမ၏ ခင်ပွန်းကို ဆွဲကာ အိမ်ထဲသို့ တိုးဝင်လာလေသည်။
“ဖယ်ကြစမ်း... ဖယ်ကြစမ်း... ဒါ ငါ့ညီမရဲ့ အိမ်လေ...”
သူမကို မြင်လိုက်ရသောအခါ ကုမင်တာ့နှင့် ကျန်းယွင်နန်တို့မှာ ပြိုင်တူ မျက်မှောင်ကြုတ်လိုက်မိကြ၏။
“ခဲအို... ခဲအိုကြီး စာမေးပွဲ အောင်တယ်ဆိုတာ ကြားကတည်းက ကျွန်မနဲ့ ကျွန်မယောက်ျား မြို့ကို အပြေးအလွှား လာခဲ့ကြတာလေ... တော်ပါသေးရဲ့ အမီ ရောက်လာလို့...”
ကျန်းဟွီနန်က ပြုံးပျော်လျက် ပြောလိုက်သည်။
သူမ၏ ယခုကဲ့သို့ ရင်းနှီးနေသည့် ပုံစံမှာ နှစ်သစ်ကူးတုန်းက ဖြစ်ပျက်ခဲ့သော စိတ်မကျေနပ်မှုများကို လုံးဝ မေ့လျော့နေသည့် အလား ရှိနေပေသည်။ ပြုံးနေသော လူကို လက်ကမကမ်းရက်သကဲ့သို့ ကျန်းဟွီနန်သည် လက်ထဲတွင် လက်ဆောင်များ ကိုင်ဆောင်ထားသည့်အပြင် အပြင်ဘက်တွင်လည်း ကြည့်နေသူများ ရှိနေသဖြင့် ကုမိသားစုဝင်များမှာ ချက်ချင်းပင် နှင်ထုတ်ရန် ခက်ခဲနေလေသည်။
သို့သော်လည်း ကျန်းဟွီနန်မှာမူ သာမန်လူများထက်ပင် ပို၍ လက်တွေ့ဆန်လှပေသည်။ သူမ၏ ခဲအို ကြီးပွားလာသည်ဟု သိလိုက်သည်နှင့် သူမ ချက်ချင်း စဉ်းစားမိသည်မှာ နယ်နှင်ဒဏ် ခံထားရသော မောင်ဖြစ်သူ အကြောင်း မဟုတ်ဘဲ မိမိအတွက် အကျိုးအမြတ်များ ရရှိဖို့သာ ဖြစ်ချေသည်။ သူမသည် ကြက်ဥတစ်ခြင်းကို သယ်ဆောင်လာပြီး ကုမိသားစုအား ပေးအပ်ရန် ပြင်လေသည်။
“ခဲအို... ကျွန်မ ကြားတာတော့... ခဲအိုက အားယွင် အတွက် မြို့ဝန်ရုံးမှာ အလုပ်ကောင်းတစ်ခု စီစဉ်ပေးထားတယ်ဆို... ကျွန်မရဲ့ သားကြီး အတွက်လည်း တစ်ခုလောက် ရှာပေးပါဦးလေ... ကျွန်မရဲ့ ကြက်ဥတွေကို ယူပြီးမှတော့... ကတိမတည်လို့ မရဘူးနော်...”
အဖွားကုသည် ကြက်ဥခြင်းကို တံခါးဝသို့ အမြန် ပြန်ပို့လိုက်၏။ အားယွင် မြို့ဝန်ရုံးတွင် အလုပ်ရရန်အတွက် ကုမင်တာ့ မည်မျှအထိ ပိုက်ဆံကုန်ခဲ့ပြီး လူများကို ဧည့်ခံခဲ့ရသည်ကို သူမ အသေအချာ မှတ်မိနေပေသည်။ ယခုအခါ ကျန်းဟွီနန်က ကြက်ဥတစ်ခြင်းနှင့် ဤကဲ့သို့ တောင်းဆိုလာသည်ကို သူမ လုံးဝ သဘောမတူနိုင်ပေ။
ကျန်းဟွီနန်မှာမူ အကြံအစည် ကြီးမားလှပေသည်။ သူမသည် သူမ၏ ခင်ပွန်းအတွက် အလုပ်ရှာပေးဖို့တင်မကဘဲ နှပ်ဟင်းဆိုင်ကိုပါ မျက်စိကျနေခြင်း ပင်။
“ဒီလောက် ကောင်းတဲ့ဆိုင်ကို... ဘာလို့ မွေးစားညီမကိုပဲ လွှဲပေးထားရတာလဲဟင်... ကျွန်မကိုပဲ လွှဲပေးသင့်တာပေါ့... ကျွန်မနဲ့ ညီမလေးကမှ သွေးသားတော်စပ်တဲ့ ညီအစ်မအရင်းတွေလေ...”
ကုမင်တာ့သည် မျက်နှာပျက်ပျက်နှင့် နေရာတွင်ပင် ငြင်းဆိုခြင်းမပြုဘဲ အသံကို မြှင့်ကာ ပြောလိုက်၏။
“မင်းရဲ့ ညီမလေးရဲ့ ညာဘက်လက်မှာ အမာရွတ် တစ်ခု ရှိတာကို မင်း သိရဲ့လား...”
ကျန်းဟွီနန်သည် ထိုစကားကို ကြားသောအခါ ကြောင်အသွားရရှာသည်။
“ခဲအိုရယ်... အဲ့ဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိစ္စဟောင်းတွေပဲလေ... အခုဆိုရင် ကျွန်မမောင်လည်း နယ်နှင်ဒဏ် ခံထားရပြီ၊ အမေ့ရဲ့ သတင်းလည်း မကြားရတော့ဘူး... ညီမလေးရဲ့ အမျိုးတွေထဲမှာ ကျွန်မ တစ်ယောက်တည်းပဲ ရှိတော့တာလေ... အတိတ်က ကိစ္စတွေကို ထားလိုက်ပါတော့...”
ကုမင်တာ့က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“တချို့ ကိစ္စတွေကိုတော့ မေ့ပစ်လို့ မရပါဘူး... အဲ့ဒီ အမာရွတ်ဟာ မင်းရဲ့ မိထွေး၊ ဒါမှမဟုတ် မင်းရဲ့ အမေအရင်းက ပေးခဲ့တဲ့ ဒဏ်ရာလေ...”
“တို့ မိသားစု နှစ်ခုက ဆက်ဆံရေး ဖြတ်တောက်ထားတာ ကြာပါပြီ... လောကမှာ လူတွေက ငါ့ကို ဆင်းရဲသားတွေကို နှိမ်တယ်၊ ချမ်းသာတဲ့သူတွေကိုပဲ ချစ်တတ်တယ်၊ ဆွေမျိုးတွေအပေါ် ရက်စက်တယ်လို့ ပြောကြမှာကို ငါ မကြောက်ပါဘူး... ငါ သိတာ တစ်ခုပဲ ရှိတယ်... ယောကျ်ားတစ်ယောက်ဟာ သူ့ရဲ့ ဇနီးကိုတောင် မကာကွယ်နိုင်ဘူး ဆိုရင်တော့... လူဖြစ်ရတာဟာ အလကားပါပဲ...”
“ဒါပေမဲ့... အဲ့ဒါတွေက ကျွန်မအမေ လုပ်ခဲ့တာလေ... ကျွန်မနဲ့ ဘာဆိုင်လို့လဲဟင်...”
ကျန်းဟွီနန်က မကျေမနပ် ပြောလိုက်၏။
သို့သော်လည်း ကုမင်တာ့က ပြန်ပြောလိုက်လေသည်။
“မင်းအမေက မင်းကြိုက်တဲ့ လူက မင်းညီမကို သဘောကျနေလို့ဆိုပြီး... မင်းညီမရဲ့ မျက်နှာကို ဓားနဲ့ ထိုးဖို့ လုပ်ခဲ့တာလေ... မင်းညီမက လက်နဲ့ ကာလိုက်လို့သာ အဲ့ဒီ ဒဏ်ရာက လက်မှာ ထင်သွားခဲ့တာပေါ့...”
“မင်းနဲ့ မဆိုင်ဘူးလို့ ပြောလို့ ရပါ့မလား... အဲ့ဒီတုန်းက မင်းသာ အဲ့ဒီလူကြောင့်နဲ့ ပြဿနာ မရှာခဲ့ရင်... မင်းအမေက ဒီလောက်အထိ ရူးပါ့မလားဟင်...”
လျူရှောင်ရူသည် ထိုအကြောင်းကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်ပေသည်။
ကျန်းဟွီနန် ပေါ်လာကတည်းက နျိုနျိုလေးမှာ ကြောက်လန့်ပြီး အနောက်မှာ ပုန်းနေသည်ကို သူမ သတိပြုမိလိုက်၏။ သူမသည် ကျန်းဟွီနန်အား အစကတည်းက မနှစ်သက်ခဲ့သော်လည်း ယခု ထိုအကြောင်းကို ကြားလိုက်ရသောအခါတွင်မူ သူမ၏ မနှစ်သက်မှုမှာ နက်ရှိုင်းသော ရွံရှာမှုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
သူမသည် ချက်ချင်းပင် တံမြက်စည်းကို ဆွဲယူကာ ကျန်းဟွီနန်အား ပြင်းပြင်းထန်ထန် လှမ်းရိုက်လေတော့သည်။
“ဒီလောက် ကောင်းတဲ့ ညီမလေးကို ရထားတာတောင်...နင်က တန်ဖိုးမထားတတ်ဘူးပေါ့လေ...”
“နဂါးက နဂါးပဲ မွေးတယ်၊ ဖီးနစ်က ဖီးနစ်ပဲ မွေးတယ်... နင့်အမေက စိတ်နှလုံး ယုတ်မာတဲ့သူဆိုတော့... နင်လည်း လူကောင်း ဖြစ်မှာ မဟုတ်ပါဘူး...”
“နင့်အမေက အဲ့ဒီလိုမျိုးတွေ လုပ်ခဲ့တာတောင်... နင်က တို့အိမ်ကို လာပြီး အကူအညီ တောင်းရဲသေးတယ်ပေါ့လေ... သွားစမ်း...”
“ငါကပဲ ငါ့အစ်မရဲ့ မိသားစုပဲ... ငါကပဲ သူ့ကို အမြဲ ကာကွယ်ပေးမယ့် ညီမကောင်း ဖြစ်ရမယ်...”
ကျန်းဟွီနန်မှာ အရိုက်ခံရလွန်းသဖြင့် ခေါင်းကို အုပ်ကာ ထွက်ပြေးရလေတော့သည်။ သူမသည် အမြတ်မရနိုင်မှန်း သိလိုက်ရသောအခါ ဟန်မဆောင်တော့ဘဲ အော်ဟစ်လေ၏။
“ကျဲ့ယွမ် လူကြီးမင်းက လူကို ရိုက်နေတယ်ဗျို့... တရားဥပဒေ မရှိတော့ဘူးလားဟင်... ကျွန်မ မြို့ဝန်ရုံးမှာ သွားတိုင်မယ်...”
လျူရှောင်ရူကလည်း မည်သို့ ကိုင်တွယ်ရမည်ကို သိထားသဖြင့် လှမ်းအော်လိုက်သည်။
“ကောင်းကင်ကြီးက ပြာနေပြီး နေမင်းကလည်း လင်းထိန်နေတာပဲ... သူများအိမ်မှာ လာပြီး ရုတ်ရုတ်သဲသဲ လုပ်တဲ့သူကို... မြို့ဝန်မင်းက ဘယ်လို စီရင်မလဲဆိုတာ သွားကြည့်ကြတာပေါ့...”
ကျန်းဟွီနန်မှာမူ အော်ရုံသာ အော်ခြင်းဖြစ်ပြီး အမှန်တကယ် သွားတိုင်ရဲခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် ကုမင်တာ့နှင့် မြို့ဝန်ရုံးမှာ မည်မျှအထိ ရင်းနှီးသည်ကို သိထားသဖြင့် သူမသာ တကယ်သွားတိုင်ပါက သူမသာလျှင် ဒုက္ခရောက်မည် မဟုတ်ပါလား။
အဖွားကုသည် ကူညီရန် ရှေ့သို့ တိုးသော်လည်း လျူရှောင်ရူက တိုးတိုးလေး တားမြစ်လိုက်သည်။
“အမေ... ကျွန်မ တစ်ယောက်တည်း လုပ်တာကမှ ကုမိသားစုကို မထိခိုက်မှာလေ...”
အဖွားကုသည် သားဖြစ်သူ၏ ရှေ့ရေးအတွက် ထပ်မံ၍ ရှေ့သို့ မတိုးတော့ချေ။
လျူရှောင်ရူသည် တံမြက်စည်းဖြင့် စစ်နတ်ဘုရားမ တစ်ဦးကဲ့သို့ ပြောင်းလဲသွားပြီး ကျန်းဟွီနန်တို့ လင်မယားကို ခြံထဲတွင် ပတ်လည်ရိုက်ကာ တံခါးပြင်ပအထိ နှင်ထုတ်လိုက်လေတော့သည်။ သူမသည် တံမြက်စည်းကို ကိုင်ကာ နှစ်မိုင်ခန့်အထိ အတင်း လိုက်လံ ရိုက်နှက်နေလေ၏။
ကျန်းယွင်နန်သည် တစ်စုံတစ်ယောက် ထွက်သွားသည်ကို မြင်သောအခါ အားယွင် အား မျက်ရိပ်ပြလိုက်ရာ အားယွင် မှာလည်း နောက်မှ အမြန် လိုက်သွားလေသည်။
လျူရှောင်ရူသည် မည်မျှပင် ကြမ်းတမ်းနေပါစေ၊ သူမသည် အားနည်းသော အမျိုးသမီး တစ်ဦးသာ ဖြစ်ပေသည်။ အကယ်၍ ကျန်းဟွီနန်တို့ လင်မယားက ပြန်လည် တိုက်ခိုက်ပါက သူမ ရှုံးနိမ့်သွားနိုင်သော်လည်း အားယွင် ပါရှိနေလျှင်မူ သူမ စိုးရိမ်စရာ မရှိတော့ချေ။
ကျန်းယွင်နန်သည် သူမ၏ ခင်ပွန်းအား အပြစ်ရှိသကဲ့သို့ ကြည့်ကာ မေးမြန်းလိုက်၏။
“ယောက်ျားရယ်... ကျွန်မအစ်မက အပြင်မှာ ပေါက်ကရတွေ ပြောနေတာဟာ... ရှင့်အတွက် ထိခိုက်မှု ရှိမလားဟင်...”
အဖွားကုသည်လည်း နားစွင့်ကာ နားထောင်နေမိ၏။ ကုမင်တာ့ စာမေးပွဲ အောင်မြင်သွားပြီဖြစ်ရာ ယခုအခါ ကုမိသားစု တစ်ခုလုံးမှာ သူ့ကိုသာ အားကိုးနေကြရသည် မဟုတ်ပါလား။
ကုမင်တာ့က ခေါင်းခါပြလိုက်သည်။
“သူက ကိုယ့်ဇနီးသည်ရဲ့ အစ်မ တစ်ယောက်ပဲလေ... အကယ်၍ မင်းရဲ့ မိခင်အရင်းသာ အိမ်မှာ ရှိနေပြီး လူကြီးတစ်ဦးအနေနဲ့ မသင့်တော်တာတွေ ပြောခဲ့ရင်တော့... ကိုယ့်အတွက် တကယ် ထိခိုက်နိုင်တယ်...”
ကျန်းယွင်နန်မှာ ထိုစကားကို ကြားသောအခါမှ စိတ်အေးသွားရရှာ၏။ သူမ၏ ခင်ပွန်းမှာ စာမေးပွဲ အောင်မြင်သွားသလို စိတ်အနှောင့်အယှက် ပေးမည့် လူကြီးများမှာလည်း မရှိကြတော့သဖြင့် အရာရာမှာ ကွက်တိ ဖြစ်နေတော့သည်။
လျူရှောင်ရူ တံမြက်စည်းကို ကိုင်ကာ ပြန်လာသောအခါ သူမ၏ ဘေးတွင် လူတစ်ယောက် ပါလာလေသည်။
သခင်ကြီးလော် သည် လက်ဆောင်များစွာ သယ်ဆောင်လျက် တံခါးဝတွင် ပြုံးလျက် ရပ်နေပြီး လှမ်းအော်လိုက်၏။
“လူကြီးမင်းကု... မကောင်းတဲ့ဆွေမျိုးတွေနဲ့ ကင်းဝေးပြီး လူယုတ်မာတွေနဲ့ ဝေးဝေးနေနိုင်ရင်... ရှေ့လျှောက် လမ်းသာမှာ သေချာပါတယ်ဗျာ...”
သူသည် ထိုစကားကို ကုမိသားစုအား ပြောရုံသာမက တံခါးဝတွင် စပ်စုနေသော လူအုပ်ကြီးအားလည်း ကြားအောင် ပြောလိုက်ခြင်း ပင်။ အချုပ်အားဖြင့်ဆိုသော် ဤကိစ္စတွင် အမှားမှာ ကျန်းဟွီနန် သာ ဖြစ်ပြီး ကုမိသားစုတွင် အမှားမရှိကြောင်း သက်သေပြလိုက်ခြင်း ပင် ဖြစ်ချေသည်။
သခင်ကြီးလော်အား ကုမိသားစုဝင်များက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြကုန်၏။
“ဆိုင်ရှင်လျူ ဆီကနေ ကုမိသားစုဝင်တွေ မကြာခင် မြို့တော်ကို ပြောင်းမယ်လို့ ကြားလိုက်ရလို့လေ... ဒီနေ့တော့ စီးပွားရေး ကိစ္စတစ်ခုလောက် ဆွေးနွေးချင်လို့ လာခဲ့တာပါ...”
သခင်ကြီးလော်က ပြုံးလျက် ပြောလိုက်လေသည်။
ကုမိသားစု၏ နှပ်ဟင်းဆိုင်ကို ကွမ်အန်းမြို့နယ်တွင် ဆက်လက် ဖွင့်လှစ်၍ မရနိုင်တော့ချေ။
အကြောင်းရင်းမှာ ချက်ပြုတ်နည်းကြောင့် ဖြစ်ပေသည်။
နှပ်ဟင်းမှာ တစ်ရက်စာ တစ်ရက်သာ ရောင်းချခြင်း ဖြစ်သဖြင့် အခြားမြို့များတွင် ဖွင့်လှစ်ပါက ချက်ပြုတ်နည်း ပေါက်ကြားသွားမည့် အန္တရာယ် ရှိနေပေသည်။
အကယ်၍ ဤနေရာတွင်သာ ဆက်ဖွင့်နေမည် ဆိုလျှင်လည်း ရရှိမည့် အမြတ်မှာ အကန့်အသတ် ရှိနေပေသည်။
ယခုအခါ ကုမိသားစုမှာ မြို့တော်သို့ သွားကြတော့မည် ဖြစ်သလို လျူရှောင်ရူ မှာလည်း အတူတူ လိုက်ပါသွားမည် ဖြစ်ရာ နှပ်ဟင်းဆိုင်ကို ထပ်မံ ဖွင့်လှစ်တော့မည် မဟုတ်ချေ။
ချက်ပြုတ်နည်း ပေါက်ကြားမှုကို ရှောင်ရှားနိုင်ရန်အတွက် သခင်ကြီးလော်က နည်းလမ်းတစ်ခု အကြံပြုလိုက်၏။ ကုမိသားစုက နှပ်ဟင်း ပါဝင်ပစ္စည်းများကို အလုပ်ရုံ တစ်ခုတွင် အမှုန့်ကြိတ်ကာ အသင့်သုံး နှပ်ဟင်းအိတ်များအဖြစ် ပြင်ပသို့ ရောင်းချရန် ဖြစ်ပေသည်။
ဤသို့ လုပ်ဆောင်ခြင်းဖြင့် ချက်ပြုတ်နည်း ပေါက်ကြားမည့် အန္တရာယ်ကို လျှော့ချနိုင်သလို နိုင်ငံအနှံ့တွင်လည်း နှပ်ဟင်းဆိုင်များစွာ ဖွင့်လှစ်နိုင်ပေမည်။
သို့သော်လည်း ယနေ့ ကုမိသားစု အနေဖြင့် ထိုမျှအထိ စီးပွားရေး ချဲ့ထွင်နိုင်စွမ်း မရှိသည်မှာ သဘာဝကျပေသည်။
လော်မိသားစုမှာမူ မတူညီပေ။
ဆိုင်ရှင်လော် နှင့် သခင်ကြီးလော် တို့မှာ မျိုးရိုးတူသော်လည်း မူလက ပတ်သက်မှု မရှိခဲ့ကြချေ။ သို့သော်လည်း ဆိုင်ရှင်လော် မိသားစုမှာ မျိုးဆက်အလိုက် ချမ်းသာသော ကုန်သည်များ ဖြစ်ကြပေသည်။
ဆိုင်ရှင်လော် ၏ အဘိုးမှာ ပညာသင် အဆင့်သာ ရှိသေးသော သခင်ကြီးလော် ၏ ထူးခြားမှုကို မြင်တွေ့ခဲ့သဖြင့် သခင်ကြီးလော် မြို့တော်သို့ စာမေးပွဲ သွားဖြေနိုင်ရန် ကူညီပေးခဲ့ဖူးလေသည်။ သခင်ကြီးလော် အောင်မြင်သွားပြီးနောက်တွင်မူ မိသားစု နှစ်ခုမှာ အင်အားချင်း ပူးပေါင်းခဲ့ကြခြင်း ပင်။
လော်မိသားစုသည် ပညာရှိများကို ကူညီ ထောက်ပံ့ပေးလေ့ရှိသော အလေ့အထ ရှိပေသည်။ ယခုအခါ ကုမင်တာ့ အနေဖြင့် ပိုက်ဆံ မရှားတော့သော်လည်း ဆိုင်ရှင်လော် မှာမူ သူနှင့် ရင်းနှီးမှု ရယူလိုသည်။
ကုမိသားစု၏ နှပ်ဟင်းအလုပ်ရုံက နှပ်ဟင်းအိတ်များကို ထောက်ပံ့ပေးပြီး လော်မိသားစုက နိုင်ငံအနှံ့တွင် နှပ်ဟင်းဆိုင်များ ဖွင့်လှစ်ကာ အမြတ်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ကုမိသားစုအား ခွဲဝေပေးရန်ပင်။
ဤပမာဏမှာ နည်းသည်ဟု ထင်ရသော်လည်း အမှန်စင်စစ် ဆိုင်ဖွင့်စရိတ် အားလုံးကို လော်မိသားစုကသာ ကျခံမည် ဖြစ်သဖြင့် အလွန်ပင် မျှတသော အပေးအယူ ဖြစ်ပေသည်။
အကယ်၍ ကုမိသားစုက မယုံကြည်ပါက လော်မိသားစု အနေဖြင့် ဤချက်ပြုတ်နည်းကို ငွေ တစ်သောင်းထက် မနည်းသော ပမာဏဖြင့် တစ်ခါတည်း အပြတ် ဝယ်ယူရန်လည်း အဆင်သင့် ရှိနေပေသည်။
စီးပွားရေးသမားများမှာ အမြတ်ကိုသာ ကြည့်တတ်ကြသဖြင့် လော်မိသားစု အနေဖြင့် ချက်ပြုတ်နည်းကို အပြတ် ဝယ်ယူခြင်းက ပို၍ တွက်ခြေကိုက်မည် ဖြစ်၏။ ဤသည်မှာ လော်မိသားစု အဓိက အဖွဲ့၏ အတွေးအခေါ်လည်း ဖြစ်ပေသည်။
သို့သော်လည်း ဆိုင်ရှင်လော် ကမူ ကုမိသားစုနှင့် ရှယ်ယာ ပိုင်ဆိုင်မှုမှတစ်ဆင့် ရေရှည် ဆက်ဆံရေး တည်ဆောက်လိုပေသည်။
သူသည် ကုမင်တာ့၏ ရှေ့ရေးကို အလွန် မျှော်လင့်ထားသဖြင့် ကုမင်တာ့မှာလည်း သခင်ကြီးလော် ကဲ့သို့ပင် မြို့တော်သို့ ရောက်လျှင် အောင်မြင်လာလိမ့်မည်ဟု ယုံကြည်နေခြင်းပင်။
“လူကြီးမင်းကု... ဒီကိစ္စက မလောပါဘူး... ဖြည်းဖြည်းချင်းပဲ စဉ်းစားပါဦးနော်...”
ဆိုင်ရှင်လော် က လက်ဆောင်များကို ချထားပြီးနောက်၊ အလိုက်သိစွာဖြင့် နှုတ်ဆက် ထွက်ခွာသွားလေတော့သည်။
ပထမဆုံးလူ ထွက်သွားသည်နှင့် အဖွားကုသည် တံခါးကို အမြန် ပိတ်လိုက်ပြီး ကုမင်တာ့အား ဆွဲကာ မေးမြန်းလိုက်၏။
“သားငယ်... ရောင်းမှာလားဟင်... ဒါက အနည်းဆုံး ငွေ တစ်သောင်းတောင် ရမှာနော်...”
ကုမင်တာ့က ခေါင်းခါပြလိုက်သည်။
“အမေ... ဒီဆိုင်က ကျွန်တော့်နာမည်နဲ့ ဖွင့်ထားတာ မှန်ပေမဲ့... တကယ်တမ်းမှာတော့ ဒါဟာ နျိုနျို၊ ယွင်နန် နဲ့ လျူရှောင်ရူ တို့ရဲ့ ဆိုင်လေ... ဒါကို ဘယ်လို လုပ်မလဲဆိုတာ သူတို့ပဲ ဆုံးဖြတ်ရမှာပါ...”
ကုမင်တာ့ အမည်နှင့် ဆိုင်ဖွင့်ထားရခြင်းမှာ မြို့နယ်အတွင်း စီမံခန့်ခွဲရ လွယ်ကူစေရန်အတွက်သာ ဖြစ်ပေသည်။ ကုမင်တာ့သည် ရံဖန်ရံခါ အကြံဉာဏ် ပေးရုံမှတစ်ပါး ထိုဆိုင်အပေါ်တွင် မည်သည့် လောဘမှ မရှိခဲ့ချေ။
အဖွားကုသည် ခဏတာ ကြောင်သွားပြီးနောက် သားဖြစ်သူမှာ အောင်မြင်မှု ရနေသော်လည်း အရင်အတိုင်း မပြောင်းလဲသေးသည်ကို သတိပြုမိလိုက်၏။ အခြားသူများမှာ အောင်မြင်လာလျှင် ဇနီးနှင့် သားသမီးများကို ပစ်ထားတတ်ကြသော်လည်း ကုမင်တာ့မှာမူ မိသားစုကိုသာ ဦးစားပေးနေဆဲ ပင်။
အဖွားကုသည် သူမ၏ သားတွင် ကိုယ်ပိုင် အယူအဆ ရှိနေပြီမှန်း သိလိုက်ရသဖြင့် ထပ်မံ၍ စကားမပြောတော့ဘဲ ကျန်းယွင်နန်အား လှည့်မေးလိုက်၏။
“ယွင်နန်... ငွေ တစ်သောင်း ဆိုတာ မနည်းဘူးနော်... ညည်း ဘယ်လို ထင်လဲဟင်...”
ကျန်းယွင်နန်သည် လျူရှောင်ရူနှင့် နျိုနျိုအား လှမ်းကြည့်လိုက်လေသည်။
လျူရှောင်ရူက တိုက်ရိုက်ပင် ပြောလိုက်၏။
“ဆိုင်ရှင်လော် ဝယ်ချင်တာက ချက်ပြုတ်နည်းလေ... ဆိုင်ကို ဝယ်တာမှ မဟုတ်တာ... ကျွန်မနဲ့ ဘာဆိုင်လို့လဲဟင်... မမ အနေနဲ့ နျိုနျိုလေးနဲ့ပဲ တိုင်ပင်လိုက်ပါ...”
အကယ်၍ လျူရှောင်ရူသာ ထိုငွေ တစ်သောင်းကို ဆိုင်၏ ရှယ်ယာအတိုင်း ခွဲဝေယူမည် ဆိုပါက သူမသည် ငွေ သုံးထောင်ခန့် ရရှိနိုင်မည် ဖြစ်ပေသည်။ ဤမျှ များပြားသော ငွေများကို သူမက မလိုချင်ဘူးဟု ငြင်းဆိုလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။