ပွင့်လင်းမြင်သာခြင်း
Vol. 16 Ch. 153
ကျန်းယွင်နန်မှာမူ ခေါင်းပင် ကြီးသွားရရှာ၏။ ပိုက်ဆံနှင့် တွေ့တိုင်း သူမ၏ ညီမဖြစ်သူမှာ အမြဲတမ်း နောက်ဆုတ်နေတတ်သော်လည်း အလုပ်ကျလျှင်မူ ဘယ်သူ့ထက်မဆို ပို၍ ကြိုးစားတတ်သည် မဟုတ်ပါလား။
သူမ ဘာလုပ်ရမှန်း မသိ ဖြစ်နေစဉ်မှာပင် နျိုနျိုအား လှမ်းကြည့်လိုက်မိ၏။
နျိုနျိုက ရှင်းလင်းသော အသံဖြင့် ပြောလိုက်သည်။
“မေမေ... ဒါဆိုရင် တို့တွေ နှပ်ဟင်း အလုပ်ရုံပဲ ဖွင့်ကြရအောင်လေ... အဒေါ်လျူနဲ့လည်း အရင်အတိုင်းပဲ ရှယ်ယာ ခွဲပြီး ဆက်လုပ်ကြတာပေါ့...”
ကျန်းယွင်နန်သည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး ချီးကျူးလိုက်လေသည်။
“တို့ နျိုနျိုလေး မှာ နည်းလမ်း ရှိသားပဲ...”
သူမသည် ဘေးနားရှိ လျူရှောင်ရူအား လှည့်ကြည့်လိုက်၏။
လျူရှောင်ရူက ပြောလိုက်သည်။
“တကယ်လို့ နျိုနျိုက ချက်ပြုတ်နည်းကို မရောင်းဘဲ အလုပ်ရုံ ဖွင့်မယ် ဆိုရင်တော့... ကျွန်မ ၃၀ ရာခိုင်နှုန်း ရှယ်ယာကို မယူတော့ပါဘူး... လစာပဲ ပေးပါတော့...”
ကျန်းယွင်နန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“တို့တွေက အတူတူ စီးပွားရေး လုပ်နေကြတာလေ... ဘယ်လိုလုပ်ပြီး အခုလိုမျိုး ခဏခဏ ပြောင်းလဲနေလို့ ရမှာလဲဟင်...”
နျိုနျိုကလည်း ခေါင်းကို တွင်တွင်ညိတ်ကာ ပြောလိုက်လေသည်။
“တကယ်လို့ အဲ့လိုဆိုရင်တော့... သမီးလည်း စီးပွားရေး မလုပ်တော့ပါဘူး...”
ကျန်းယွင်နန်သည် နျိုနျို၏ စကားကြောင့် အကြံရသွားပြီး လျူရှောင်ရူအား ဖျောင်းဖျလိုက်၏။
“ရှောင်ရူ... နင်သာ ဒီလောက်အထိ နှိမ့်ချနေမယ် ဆိုရင်တော့... နျိုနျိုနဲ့ ငါလည်း အတူတူပဲ စဉ်းစားတော့မယ်... ချက်ပြုတ်နည်းကိုလည်း မရောင်းတော့ဘူး၊ အလုပ်ရုံလည်း မဖွင့်တော့ဘူးလေ... တို့တွေမှာ ရှိတဲ့ ပိုက်ဆံလေးနဲ့ပဲ ဒီအတိုင်း နေသွားကြတာပေါ့...”
လျူရှောင်ရူ စိုးရိမ်သွားရလေသည်။
“မမရယ်... မြို့တော်မှာဆိုရင် ပိုက်ဆံက အရမ်း သုံးရတာလေ... အခု ရှိတဲ့ ပိုက်ဆံလေးနဲ့ ဘယ်လောက် ခံမှာလဲဟင်... အလုပ်ကလည်း အောင်မြင်နေတာကို... ဘာလို့ မလုပ်တော့ဘူးလို့ ပြောရတာလဲဟင်...”
“ဒါဆိုရင်လည်း နင်က အရင်အတိုင်းပဲ လုပ်ဖို့ သဘောတူရမယ်လေ...”
ကျန်းယွင်နန်က သူမ၏ လက်ကို ဆွဲကာ ပြောလိုက်သည်။
လျူရှောင်ရူမှာမူ ကျန်းယွင်နန်တို့ သားအမိကို တကယ် မတတ်နိုင်တော့ချေ။ အခြားသူများမှာ ပိုက်ဆံရဖို့ အတင်း ကြိုးစားနေကြသော်လည်း ဤနှစ်ယောက်မှာမူ ရသမျှ ပိုက်ဆံများကို အတင်း ပြန်တွန်းထုတ်နေကြသည် မဟုတ်ပါလား။
နျိုနျိုသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး လျူရှောင်ရူအား လက်ကမ်းလိုက်၏။
လျူရှောင်ရူသည် မတတ်သာဟန်ဖြင့် သူမအား ပွေ့ချီလိုက်ပြီး နှာခေါင်းလေးကို ဖွဖွလေး တို့ကာ ပြောလိုက်လေသည်။
“နင်ကတော့ တကယ့် ငတုံးမလေးပဲ...”
နျိုနျိုက ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်၏။
“အဒေါ်လျူ... နျိုနျိုက ငတုံးမလေး မဟုတ်ပါဘူး... ဘယ်သူက သမီးအပေါ် တကယ် ကောင်းလဲဆိုတာကို နျိုနျို သိပါတယ်...”
လျူရှောင်ရူ၏ ရင်ထဲတွင်မူ အလွန်ပင် ကြည်နူးသွားရလေတော့သည်။
ထိုသို့ဖြင့် ကိစ္စများ ပြေလည်သွားသော်လည်း အမြတ်ငွေ၏ ၃၀ ရာခိုင်နှုန်းကို သူတစ်ပါးအား ပေးရမည့်အပေါ် အဖွားကုမှာမူ ရင်ထဲတွင် မအေးမမြ ဖြစ်နေဆဲ ပင်။
သူမသည် ကုမင်တာ့အား သီးသန့် ခေါ်ယူပြီး တိုးတိုးလေး ရေရွတ်လိုက်မိ၏။
ကုမင်တာ့သည် မိခင်ဖြစ်သူ၏ တုံ့ပြန်မှုကို ကြိုတင် သိရှိထားပြီးသား ဖြစ်ပေသည်။
“စီးပွားရေး လုပ်ငန်းမှာ ယုံကြည်ရတဲ့သူနဲ့ လုပ်ရတာက အရာရာထက် ပိုအရေးကြီးတယ်လေ... အမေသာ စိတ်မချဘူး ဆိုရင်တော့... ကျွန်တော်လည်း စာဆက်မသင်တော့ပါဘူး... ယွင်နန်နဲ့အတူတူ စီးပွားရေးပဲ လုပ်ပါတော့မယ်... အမေ ဘယ်လို ထင်လဲဟင်...”
ကုမင်တာ့က မေးမြန်းလိုက်၏။
အဖွားကုသည် ထိုစကားကို ကြားသောအခါ စိုးရိမ်တကြီးဖြင့် ခုန်ထလိုက်လေသည်။
“သားအတွက် အခု အရေးကြီးဆုံးက စာဖတ်ဖို့လေ... ဘယ်လိုလုပ်ပြီး အဲ့လို စကားမျိုး ပြောရတာလဲဟင်... ငါက ရှောင်ရူ ကို မနှစ်သက်တာ မဟုတ်ပါဘူး၊ ငါလည်း သူ့ကို ချစ်ပါတယ်... ဒါပေမဲ့ ၃၀ ရာခိုင်နှုန်း ဆိုတာ များလွန်းလို့ပါ... ၁၀ ရာခိုင်နှုန်းလောက်ဆိုရင်ကော မရဘူးလားဟင်...”
ကုမင်တာ့က ပြောလိုက်သည်။
“အမေက များတယ်လို့ ထင်နေတာလား... ကျွန်တော်နဲ့ ယွင်နန် ကတော့ အဲ့လောက် မထင်ပါဘူး... တကယ်လို့ ရှောင်ရူ ကသာ မငြင်းခဲ့ရင်... ယွင်နန် က ၅၀ ရာခိုင်နှုန်းတောင် ပေးမလို့လေ...”
အဖွားကုမှာမူ ပါးစပ်လေး ဟကာ အံ့အားသင့်သွားရလေတော့သည်။
“ချက်ပြုတ်နည်းက တကယ်တော့ နျိုနျို ရဲ့ ပိုင်ဆိုင်မှုလေ... သူကပဲ ဆုံးဖြတ်ရမှာပေါ့... တို့တွေက အများကြီး အမြတ်ရထားပြီးသားပါ... အမေကသာ လျူရှောင်ရူ ကို မသင့်တော်ဘူးလို့ ထင်နေရင်တော့... အကုန်လုံးကို နျိုနျို ရဲ့ အမည်ပေါက်ပဲ လုပ်လိုက်ပါ့မယ်... သူ့ရဲ့ ဆန္ဒအတိုင်း ချက်ပြုတ်နည်းကိုလည်း မရောင်းတော့ဘူး၊ စီးပွားရေးလည်း မလုပ်တော့ဘူးပေါ့... အမေ ဘယ်လို ထင်လဲဟင်...”
ကုမင်တာ့က ညင်သာစွာ မေးမြန်းလိုက်၏။
အဖွားကုသည် သူ့ကို စိတ်တိုတကြီး စိုက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“အေးပါ... ငါက အသက်ကြီးပြီဆိုတော့... နင်တို့ကို မချုပ်ချယ်တော့ပါဘူး...”
အဘွားအိုသည် သူမ၏ သားလတ်မှာ အရာရာကို တိကျစွာ လုပ်ဆောင်တတ်သူ ဖြစ်မှန်း သိထားပေသည်။ သူမသည် တိုးတိုးလေးသာ ညည်းတွားရဲသော်လည်း အကယ်၍ လျူရှောင်ရူသာ တကယ် ပြဿနာ ရှာခဲ့ပါက သူမ၏ သားမှာ ဤစီးပွားရေးကို တကယ်ပဲ ရပ်တန့်ပစ်လိမ့်မည်ကို သူမ သိနေပေသည်။
ယခုအခါ သူမသည် နှပ်ဟင်းဆိုင်တွင် လစာ ရရှိနေသေးသဖြင့် အကယ်၍ စီးပွားရေးသာ ရပ်တန့်သွားပါက သူမသည်လည်း ဒုက္ခရောက်ပေလိမ့်မည်။
သူတို့ နှစ်ဦးမှာ အခြားသူများကို သတိထား၍ စကားပြောနေကြသော်လည်း စိတ်မနှံ့သော အဘိုးကု ကိုမူ သတိမထားမိကြချေ။
အဘိုးကုက ဝါးတားတားဖြင့် ပြောလိုက်၏။
“ပြဿနာ ရှာနေတယ်...”
အဖွားကုသည် ထိုအသံကို ကြားသည်နှင့် ထပ်မံ၍ ခုန်ထလိုက်ပြန်လေသည်။
“အဘိုးကြီး... ရှင် ဘာပြောလိုက်တာလဲ... အသံကျယ်ကျယ် ပြောစမ်းပါဦး...”
အဘိုးကုသည် ဇနီးသည်အား နောက်ကျိသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ဆက်ပြောလိုက်၏။
“မင်းကပဲ... ပြဿနာ ရှာနေတာလေ...”
အဘွားအိုမှာမူ ခင်ပွန်းဖြစ်သူ၏ စကားကြောင့် ဒေါသထွက်သွားရလေတော့သည်။
နျိုနျို ကုမိသားစုသို့ ရောက်လာကတည်းက အဘိုးကုမှာမူ တစ်နေ့ထက်တစ်နေ့ ပို၍ သတိရှိလာခဲ့သည် မဟုတ်ပါလား။
“သား…မြေးတွေ...”
အဘိုးကုက တဖြည်းဖြည်းချင်း ပြောဆိုနေလေသည်။
ကုမင်တာ့သည် ဖခင်ဖြစ်သူအား အံ့သြသော မျက်နှာထားဖြင့် ကြည့်ကာ အလျင်အမြန်ပင် သွားရောက် ထူမလိုက်၏။
ဖခင်ဖြစ်သူ၏ သတိရှိနေမှုကို သူသည် ဘယ်သူ့ထက်မဆို ပို၍ တန်ဖိုးထားသူ ဖြစ်ပေသည်။ သူက တိုးတိုးလေး မေးလိုက်၏။
“အဖေ... ကျွန်တော့်ကို မှတ်မိလားဟင်...”
အဘိုးကုသည် ထိုစကားကို ကြားသောအခါ လက်ကို ဆန့်ထုတ်ကာ ကုမင်တာ့၏ မျက်နှာကို ဖြည်းဖြည်းချင်း စမ်းကြည့်လိုက်လေသည်။
“သားလတ်... မင်း ဘာလို့ ဒီလောက်တောင် အိုသွားရတာလဲဟင်...”
ကုမင်တာ့မှာမူ ထိုစကားကြောင့် မျက်ရည်များပင် ကျလာရလေတော့သည်။
“မင်းက လူကောင်းတစ်ယောက်ပါ... အစိုးရစာမေးပွဲလည်း အောင်မြင်ခဲ့ပြီလေ... တို့မိသားစု တစ်ခုလုံးက မင်းကိုပဲ အားကိုးနေကြရတာ... နျိုနျိုလေး ကလည်း မင်းကိုပဲ မျှော်လင့်နေတာလေ...”
အဘိုးကုက တတွတ်တွတ် ရေရွတ်နေလေသည်။
ကုမင်တာ့က ခေါင်းကို တွင်တွင်ညိတ်ပြလိုက်၏။
အဘိုးကုသည် အဖွားကုကို ထပ်မံ ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“တစ်ခုခု ဖြစ်တော့မယ်...”
အဖွားကုသည် ခင်ပွန်းဖြစ်သူ၏ ပုံစံကို မြင်သောအခါ စိတ်မဆိုးနိုင်တော့ချေ။ အဘိုးကု သတိရှိနေစဉ်အတွင်း ကုမင်တာ့၏ စကားကို နားထောင်ရန် သူမအား အကြိမ်ကြိမ် မှာကြားခဲ့သည်ကို သူမ သတိရသွားခြင်း ပင်။
“သိပါပြီ... ကျွန်မ နောက်နောင် တစ်ခွန်းပဲ ပြောပါ့မယ်... ကလေးတွေရဲ့ ကိစ္စမှာ ဝင်ပြီး မချုပ်ချယ်တော့ပါဘူး...”
အဖွားကုက ခေါင်းငုံ့ကာ ပြောလိုက်လေသည်။
အဘိုးကုသည် စိတ်ချသွားဟန်ဖြင့် ခေါင်းညိတ်ပြပြီးနောက် သူ၏ မျက်လုံးများမှာ ထပ်မံ၍ ဇဝေဇဝါ ဖြစ်သွားပြန်၏။
“နျိုနျို... ငါ့ရဲ့ နျိုနျိုလေး ဘယ်မှာလဲဟင်...”
ကုမင်တာ့က အိမ်ထဲသို့ လှမ်းခေါ်လိုက်လေသည်။
နျိုနျိုသည် တက်ကြွသော ခြေလှမ်းများဖြင့် အိမ်ထဲမှ ပြေးထွက်လာ၏။
“နျိုနျိုလေး... သကြားမုန့် စားမလားဟင်...”
အဘိုးကုသည် သူ၏ အင်္ကျီလက်ထဲမှ တစ်ခုခုကို နှိုက်ယူရန် ကြိုးစားနေသော်လည်း ရှာမတွေ့ ဖြစ်နေရှာသည်။
ထိုအခြေအနေကို ကြည့်ပြီး အဖွားကုသည် သူမ ဝတ်ဆင်ထားသော ပိုက်ဆံအိတ်ကို ဖြုတ်ကာ ခင်ပွန်းဖြစ်သူအား ကမ်းပေးလိုက်လေသည်။
အဘိုးကုသည် ပိုက်ဆံအိတ်ကို ယူပြီးနောက် အတွင်းမှ ကွေ့ဟွားမုန့် အချို့ကို ထုတ်ပေးလိုက်၏။
နျိုနျိုက တစ်ခုကို စားလိုက်ပြီး အဘိုးအဘွားများကို ပြုံးလျက် ကြည့်ကာ ပြောလိုက်လေသည်။
“အရမ်း စားလို့ကောင်းတာပဲနော်...”
ကလေးမလေး သဘောကျနေသည်ကို မြင်ရသောအခါ အဘိုးအိုလင်မယားမှာလည်း ပျော်ရွှင်နေကြကုန်၏။
အဘိုးကုသည် နျိုနျိုအား သူ၏ဘေးတွင် ထိုင်ခိုင်းလိုက်ပြီး ပြောလိုက်သည်။
“ဒါကို...”
ထို့နောက် သူသည် လက်ဖဝါးခန့် အရွယ်အစားရှိသော သစ်သားရုပ်လေး တစ်ခုကို ထုတ်ကာ နျိုနျိုအား ကမ်းပေးလိုက်၏။
ထိုသစ်သားရုပ်လေးမှာ ဆံပင်ဝိုင်းလေး နှစ်ဖက်ပါသော ကလေးမလေး တစ်ဦး၏ ပုံစံ ဖြစ်ပေသည်။ သူမ၏ အပြုံးနှင့် မျက်နှာမှာ နျိုနျိုနှင့် တစ်ပုံစံတည်း တူလှပေသည်။
“အဘိုးက သမီးရုပ်လေးကို ထွင်းပေးတာလားဟင်...”
နျိုနျိုက စိတ်လှုပ်ရှားစွာဖြင့် သစ်သားရုပ်လေးကို ပါးနှင့် ကပ်ကာ မေးမြန်းလိုက်၏။
အဘိုးကုသည် သူမ သဘောကျနေသည်ကို မြင်သောအခါ အလွန် ပျော်ရွှင်သွားလေသည်။
“သမီးလေး... နောက်ထပ်... ဘာလိုချင်သေးလဲဟင်... သမီးလေး လိုချင်တာ မှန်သမျှ... အကုန် ပေးမယ်နော်...”
အဘိုးကုက ဇဝေဇဝါဖြင့် ပြောဆိုလေသည်။
“အဘိုး... တစ်မိသားစုလုံးရဲ့ ရုပ်လေးတွေကို ထွင်းပေးလို့ ရမလားဟင်...”
နျိုနျိုက ခေါင်းလေးစောင်းကာ မေးမြန်းလိုက်၏။
အဘိုးကုက ခေါင်းကို တွင်တွင်ညိတ်ကာ ပြန်ဖြေလိုက်လေသည်။
“နျိုနျိုလေး လိုချင်တယ်ဆိုရင်တော့... အဘိုး အကုန် ထွင်းပေးမှာပေါ့...”
နျိုနျိုမှာ ဝမ်းသာလွန်းသဖြင့် ခုန်ဆွခုန်ဆွပင် လုပ်နေမိတော့၏။
အဘိုးကုသည် အဖွားကုကို ထပ်မံ ကြည့်လိုက်ပြီး ပြောလိုက်ပြန်သည်။
“ကြက်...”
အဖွားကုသည် သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။
“သိပါတယ်... အခုပဲ သွားသတ်ပေးမယ်လေ...”
နှပ်ဟင်းဆိုင်မှ နေ့စဉ် ဝင်ငွေများ ရရှိနေသဖြင့် မိသားစုမှာ ချမ်းသာကြွယ်ဝနေချေပြီ။ အဖွားကုသည် အရင်ကကဲ့သို့ ကြက်သတ်စားရန် နှမြောခြင်း မရှိတော့ပေ။
သို့သော်လည်း အဘွားအိုသည် နျိုနျိုအား ထပ်မံ ကြည့်လိုက်မိ၏။ ကုမင်တာ့ အခန်းထဲသို့ ပြန်ဝင်သွားသည့် အချိန်တွင် သူမသည် ကလေးကို အနားသို့ ဆွဲခေါ်ကာ တိုးတိုးလေး မေးမြန်းလိုက်လေသည်။
“သမီးလေး... အဒေါ်လျူ ကို ပိုက်ဆံတွေ အဲ့ဒီလောက်အထိ ခွဲပေးရတာကို သမီး တကယ်ပဲ သဘောတူတာလားဟင်... အဲ့ဒီပိုက်ဆံတွေဆိုရင် သမီးအတွက် ကွေ့ဟွားမုန့်တွေ အများကြီး ဝယ်ပေးလို့ ရတာလေ... တစ်သက်လုံး စားလို့တောင် မကုန်နိုင်ဘူးနော်...”