မခွဲနိုင်မခွာရက် ဖြစ်ခြင်း
Vol. 16 Ch. 155
ကုမိသားစုမှ ကလေးလေးဦးမှာ လော်မိသားစု၏ စာသင်ကျောင်းတွင် ပညာသင်ကြားနေကြခြင်ပင်။ အားယန် သည် အခြားဆရာတစ်ဦးထံတွင် သင်ယူပြီး နျိုနျို၊ အားကျောက် နှင့် အားယွင် တို့မှာမူ ဆရာကျန်းထံတွင် စာလုံးများ သင်ယူကြရသည်။
ကုမင်တာ့သည် ဤလျှို့ဝှက်ချက်ကို ဘာကြောင့် ဖုံးကွယ်ထားသနည်း ဆိုသော် အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ပထမအချက်မှာ ဆရာ့ထံ ပိုက်ဆံပေးခြင်းသည် ကြေးနံ့နံသဖြင့် လူသိရှင်ကြား လုပ်ဆောင်ရန် မသင့်တော်ခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ မိမိ၏ သမီးကို အထူးဂရုစိုက်ပေးရန် တောင်းဆိုခြင်း ဖြစ်သဖြင့် လူအများ သိရှိသွားပါက ပို၍ပင် မကောင်းနိုင်သောကြောင့် ပင်။
သို့သော် ဆရာကျန်းသည် ထိုအချက်ကို ရိပ်မိနေပုံရပြီး ပိုက်ဆံကိုမူ လက်ခံသော်လည်း မည်သည့်အရာကိုမျှ လုပ်ဆောင်ပေးခြင်း မရှိခဲ့ပေ။
နျိုနျိုသည် အမြဲတမ်း အလိုက်သိတတ်သူ ဖြစ်ရာ သူမ နားမလည်သည်များကို စာသင်ကျောင်းရှိ အားယန် နှင့် လော်ကျန်း တို့ကိုသာ မေးမြန်းလေ့ရှိပြီး ထိုပြဿနာများကို အိမ်သို့ ယူဆောင်မသွားခဲ့ချေ။
ဤကဲ့သို့သော တိုက်ဆိုင်မှုများကြောင့် ဆရာကျန်းသည် ထိုအကျိုးကျေးဇူးများကို အချိန်အတော်ကြာအောင် အေးအေးဆေးဆေး ခံစားနေခဲ့ခြင်း ပင်။
“ဆရာကျန်း က ဘယ်လိုလုပ်ပြီး ဒီလို လုပ်နိုင်ရတာလဲ... အဲ့ဒါတွေက သမီးတို့ မိသားစုက ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံတွေလေ...”
နျိုနျိုသည် ထိုပိုက်ဆံများအတွက် နှမြောတသ ဖြစ်နေမိသည်။
မိသားစု၏ ပိုက်ဆံအချို့မှာ နှပ်ဟင်းဆိုင်မှ ရရှိခြင်းဖြစ်ပြီး အချို့မှာမူ ကုမင်တာ့ ကိုယ်တိုင် ရှာဖွေထားခြင်း ဖြစ်ပေသည်။ မည်သည့်နည်းနှင့် ရှာသည်ဖြစ်စေ လွယ်လွယ်ကူကူ ရရှိခဲ့ခြင်း မဟုတ်သည်မှာ အမှန် ပင်။
လော်ကျန်းသည်လည်း ယခုအခါ ဘာလုပ်ရမှန်း မသိ ဖြစ်နေရှာ၏။ ဆရာကျန်းမှာ လော်မိသားစုက ဖိတ်ကြားထားသောသူ ဖြစ်ပေသည်။ သူသည် ဖန့်ယွမ် အား အခြေခံစာပေများ သင်ကြားပေးရန် လာရောက်ခြင်း ဖြစ်သော်လည်း သူတစ်ပါးထံမှ ပိုက်ဆံယူပြီး ထိုသူ၏ သမီးကိုမူ လျစ်လျူရှုထားခြင်းမှာ ပညာရှိတစ်ဦး၏ အပြုအမူမျိုး မဟုတ်ပေ။
သေသေချာချာ စဉ်းစားကြည့်လျှင် ၎င်းတို့ လော်မိသားစုမှာလည်း လူမလေးစားရာ ရောက်သည့် နာမည်ဆိုးကို ထမ်းပိုးရပေတော့မည်။
လော်ကျန်းသည် တစ်ခါတရံ ခေါင်းမာတတ်သော်လည်း တာဝန်ယူလိုစိတ် မရှိသူ မဟုတ်ပေ။ သူက ဦးအောင် ပြောလိုက်သည်။
“နျိုနျိုလေး... စိတ်မပူပါနဲ့... တို့ လော်မိသားစု က ဒီကိစ္စအတွက် သေချာပေါက် ရှင်းပြပေးပါ့မယ်...”
နျိုနျိုက ခေါင်းညိတ်ပြသော်လည်း လော်မိသားစုမှ ထွက်ခွာချိန်တွင် သူမ၏ အပြုံးမှာမူ အတင်းလုပ်ယူထားရသကဲ့သို့ ရှိနေပေသည်။
သခင်ကြီးလော် မှာမူ နျိုနျိုအား မခွဲနိုင်ဘဲ ပြောလိုက်သည်။
“နျိုနျိုလေး... မြေးလေး အိမ်မှာ မရှိတဲ့ အချိန်တုန်းက အဘိုးလော် မှာ ထမင်းစားရတာတောင် ပျင်းဖို့ ကောင်းနေတာလေ...”
နျိုနျိုသည် လူကြားထဲတွင် စိတ်ပျက်စရာကောင်းအောင် နေတတ်သော ကလေးမျိုး မဟုတ်ပေ။ သူမသည် ဆရာကျန်း၏ ကိစ္စကို ရင်ထဲမှာသာ သိမ်းဆည်းထားလိုက်ပြီး စိတ်ကို တက်ကြွအောင် လုပ်ကာ ပြောလိုက်သည်။
“အဘိုးလော်... မေမေ ပြောဖူးတယ်လေ... အများကြီး စားမှ မြန်မြန် ကြီးမှာတဲ့...”
ဤမျှ ကလေးဆန်သော စကားကြောင့် သခင်ကြီးလော် မှာ ရယ်မောလျက် ပြန်ပြောလိုက်၏။
“အဘိုးက ကြီးလာရင်တော့ မြေပုတ်ဘီလူးကြီး ဖြစ်သွားမှာပေါ့ မြေးလေးရယ်...”
နျိုနျိုက တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ထပ်ပြီး မကြီးထွားတော့ရင်တောင် သေချာတော့ စားရမှာပေါ့... ဗိုက်ဝနေမှ တစ်ကိုယ်လုံး နွေးထွေးနေမှာလေ... ပျားရည် သောက်ထားသလိုမျိုး ပျော်ရွှင်နေရမှာပေါ့...”
နျိုနျိုအတွက်မူ စားသောက်ခြင်းသည် ဘဝ၏ ပထမဦးစားပေး ကိစ္စပင်။
သခင်ကြီးလော်သည် သူမ၏ ခေါင်းလေးကို ပုတ်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။
“အဘိုးလည်း မြေးလေးလိုမျိုး ကျေနပ်တတ်ရင် ကောင်းမှာပဲနော်...”
နျိုနျိုက နားမလည်သလို ကြည့်ကာ ပြောလိုက်၏။
“စားစရာ ရှိနေရင် မကောင်းဘူးလားဟင်... အဘိုးလော် က နောက်ထပ် ဘာတွေ လိုချင်သေးလို့လဲဟင်...”
သခင်ကြီးလော်သည် ထိုစကားကို ကြားသောအခါ ကြောင်အသွားရရှာသည်။ သူသည်လည်း ဆင်းရဲသော ပညာသင်တစ်ဦး ဘဝမှ လာခဲ့ခြင်း ဖြစ်ပေသည်။ အစားတစ်နပ် စားပြီးလျှင် နောက်တစ်နပ်အတွက် စိုးရိမ်ခဲ့ရဖူးသူ ဖြစ်၏။ လမ်းတစ်လျှောက်တွင် သူ၏ ဘဝမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ကောင်းမွန်လာခဲ့သော်လည်း သူ၏ အတွေးများမှာမူ ပို၍ များပြားလာခဲ့သည် မဟုတ်ပါလား။ အသက်ကြီးလာလေလေ အရာရာကို လိုချင်တပ်မက်စိတ် ပိုများလာလေလေ ပင်။
“စားစရာ၊ သောက်စရာ ရှိတယ်၊ နွေးထွေးတဲ့ ကုတင်မှာလည်း အိပ်ရတယ်လေ... ဒါဟာ နတ်ပြည် ရောက်နေသလိုပါပဲ... အဘိုးလော် က တခြားကိစ္စတွေကို စိုးရိမ်နေတာဟာ အပိုပါပဲနော်...”
နျိုနျိုက ရိုးသားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
သခင်ကြီးလော်က မေးလိုက်၏။
“နျိုနျိုလေးက အဘိုးလော် အမြဲတမ်း အတွေးများနေတယ်လို့ ပြောချင်တာလားဟင်...”
နျိုနျိုက တွန့်ဆုတ်တွန့်ဆုတ်နှင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“အဘိုးလော်... အဖေစွန်း ပြောဖူးတယ်လေ... လူတွေအတွက် အရေးကြီးဆုံးက လက်ရှိ အခိုက်အတန့်မှာ ပျော်ပျော်နေဖို့တဲ့... အဘိုးက ပညာတတ်ကြီးဆိုတော့ ဒီအမှန်တရားကို သမီးထက် ပိုသိမှာပေါ့နော်...”
ကုမင်တာ့က ညင်သာစွာ တားလိုက်သည်။
“နျိုနျို...”
ကုမင်တာ့သည် သမီးဖြစ်သူ စကားမှားသည်ဟု ယူဆခြင်း မဟုတ်ဘဲ အချို့သော လူများမှာ အမှန်တရားကို နားထောင်ရန် မနှစ်သက်ကြသဖြင့် သခင်ကြီးလော် က နျိုနျိုအား မကြည်မလင် ဖြစ်သွားမှာကို စိုးရိမ်ခြင်းသာ ဖြစ်၏။
သခင်ကြီးလော်က လက်ဝှေ့ယမ်းပြကာ ရယ်မောလျက် ပြောလိုက်သည်။
“ကျုံးတယ်... နျိုနျိုလေး ပြောတာ မှန်ပါတယ်... စားစရာ၊ သောက်စရာ ရှိနေရင် နတ်စည်းစိမ်နဲ့တောင် မလဲနိုင်ပါဘူး... ငါကပဲ အပိုတွေ တွေးနေမိတာပါ...”
သူသည် မြေးဖြစ်သူအတွက်ရော၊ သားဖြစ်သူအတွက်ပါ စိုးရိမ်နေမိခြင်း ဖြစ်၏။ မြေးဖြစ်သူ ပညာရေးမှာ မအောင်မြင်မှာကို စိုးရိမ်သလို သားဖြစ်သူ၏ မြို့တော်ရှိ အရာရှိ ဘဝ လမ်းခရီးမှာ မချောမွေ့မှာကိုလည်း ပူပန်နေမိသည်။ ယခုအခါ သူ၏ မိသားစုတွင် လော်ကျန်း တစ်ဦးတည်းသာ မျိုးဆက်အဖြစ် ကျန်ရှိတော့သည် မဟုတ်ပါလား။ ပြီးခဲ့တဲ့တစ်ခေါက်ကဲ့သို့ ပြန်ပေးဆွဲခံရမှာကိုလည်း သူ အရမ်း ကြောက်နေမိပြန်လေသည်။
သူသည် နေ့စဉ် ဝန်ထုပ်ဝန်ပိုးများစွာကို ထမ်းပိုးထားရ၏။ အရာရှိ ဖြစ်နေသော်လည်း အားမနေနိုင်ဘဲ ဖြစ်နေရသည်မှာ ထူးဆန်းလှပေသည်။ သူ၏ ကျန်းမာရေးမှာလည်း တစ်နေ့ထက်တစ်နေ့ ယိုယွင်းလာနေသော်လည်း အခြားသူများမှာ သူ၏ အရှိန်အဝါကို ကြောက်ရွံ့သဖြင့် ဘာမှ မပြောရဲကြချေ။
ယခုအခါ နျိုနျိုက ရိုးရိုးရှင်းရှင်းလေး ပြောလိုက်ခြင်းမှာ သခင်ကြီးလော် ၏ နားထဲတွင်မူ အသိဉာဏ် ပွင့်လင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
“တို့ နျိုနျိုလေး ကပဲ အရာရာကို သေချာ တွေးတတ်တာပဲနော်... သားမြေးတွေမှာ သူတို့ ကံနဲ့သူတို့ ရှိကြတာပဲလေ... အဘိုးလော် ကပဲ အမှားကြီး မှားနေခဲ့တာပါ...”
သခင်ကြီးလော် သည် ခံစားချက်များဖြင့် ပြည့်နှက်နေပေသည်။
နျိုနျိုက ခေါင်းကို တွင်တွင်ညိတ်ပြလိုက်၏။
“ဟုတ်ပါတယ် အဘိုးလော်... မေမေက အမြဲပြောတယ်လေ... သမီးကို ပထမဦးဆုံး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် နေစေချင်တာတဲ့... ဒုတိယအနေနဲ့မှ အနာဂတ်မှာ တော်တဲ့သူ ဖြစ်စေချင်တာလေ... ဒါကြောင့် သမီးက ဆော့ရင်လည်း ပျော်သလို၊ စာသင်ရင်လည်း ပျော်နေတာပေါ့... မေမေက သမီးကို ဉာဏ်ကောင်းတယ်လို့ အမြဲ ချီးကျူးတာလေ...”
ကလေးမလေး၏ ဂုဏ်ယူနေသော မျက်နှာလေးကို ကြည့်ပြီး သခင်ကြီးလော် မှာ ထပ်မံ ရယ်မောလိုက်မိပြန်သည်။
“မြေးလေးရဲ့ မေမေ က မြေးလေးလို ပျော်ရွှင်စရာလေးကို ရထားတော့ ဘာမှ ပူစရာ မရှိတော့ဘူးပေါ့... တို့ လော်ကျန်း ကတော့ နေ့တိုင်း မျက်နှာကြီး သုန်မှုန်နေပြီး အဘိုးကိုတောင် ပြန်စိတ်ဆိုးနေသေးတာလေ...”
သခင်ကြီးလော်က ပြောလိုက်သည်။
ကျန်းယွင်နန် အကြောင်းကို ပြောမိတိုင်း နျိုနျို၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများမှာ လျှံထွက်နေတော့၏။ သူမသည် ယခုအခါ ကိုယ်ကို မတ်လိုက်ပြီး ပြောလိုက်သည်။
“မေမေကလည်း ပြောတယ်လေ... သမီးက အခုဆိုရင် အရမ်း လိမ္မာနေပြီတဲ့... ဘာပြဿနာမှလည်း မရှာဘူးတဲ့... သမီးက အကောင်းဆုံး သမီးလေး ပါတဲ့နော်...”
ကုမင်တာ့က သမီးဖြစ်သူ၏ နဖူးလေးကို ညင်သာစွာ တောက်လိုက်၏။
“ဖေဖေ ဘယ်လို သင်ထားလဲ... နှိမ့်ချရမယ်ဆိုတာ မေ့သွားပြီလားဟင်...”
နျိုနျိုက ကုမင်တာ့အား လည်ပတ်စွာ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
“ဖေဖေကပဲ ရိုးရိုးသားသား နေရမယ်လို့ ပြောတာလေ... မေမေ ပြောတဲ့အတိုင်း သမီးက အမှန်အတိုင်း ပြောတာပဲကို...”
သားအဖ နှစ်ဦး လော်မိသားစု အိမ်မှ ထွက်ခွာသွားသောအခါ သခင်ကြီးလော် သည် မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး လော်ကျန်း အား ပြောလိုက်၏။
“နျိုနျိုလေး က အရမ်း လိမ္မာပြီး အလိုက်သိတတ်တာပဲနော်... ဘာလို့ ငါ့ရဲ့ မြေးချွေးမလေး မဖြစ်ရတာလဲဟင်... ဒီလောက် ကောင်းတဲ့ ကလေးမျိုးကို နေ့တိုင်း မြင်ချင်မိတယ်ဗျာ...”
လော်ကျန်းသည် ထိုစကားကို ကြားသောအခါ နားရွက်များပင် ထပ်မံ၍ နီမြန်းသွားရပြန်လေသည်။
“အဘိုးရယ်... သားက ဘယ်လောက် ရှိသေးလို့လဲဟင်... ဒါတွေ ခဏခဏ မပြောပါနဲ့တော့...”
မြေးဖြစ်သူ စိတ်ဆိုးသွားသည်ကို မြင်သောအခါ သခင်ကြီးလော် မှာ ဆက်လက် မစတော့ပေ။
“ကွမ်အန်းမြို့နယ် ကို ပြန်လာတဲ့ ဤနှစ်နှစ်အတွင်းမှာ... တို့တွေမိသားစုကို ကူညီခဲ့ရတာက အဓိပ္ပာယ်အရှိဆုံး ကိစ္စပဲလေ... နှမြောစရာ ကောင်းတာက သူတို့ မြို့တော်ကို သွားကြတော့မယ်ဆိုတော့... တို့တွေလည်း ပြန်ပြီး ပျင်းနေရတော့မှာပဲ...”
လော်ကျန်းသည် ထိုစကားကို ကြားသောအခါ ခေါင်းငုံ့သွားမိ၏။ အဘိုးအိုကြီး အရာရှိ ဖြစ်ပြီးနောက် ဘာကြောင့် ကွမ်အန်းမြို့နယ်သို့ ပြန်လာခဲ့ရသည်ကို သူ သိထားပေသည်။ အကယ်၍ မိထွေးဖြစ်သူကို မနှစ်သက်ခဲ့လျှင်မူ သခင်ကြီးလော် သည် သားဖြစ်သူနှင့်အတူ မနေဘဲ မိုင်ပေါင်း ထောင်ချီဝေးသော ဇာတိရွာသို့ ပြန်လာလိမ့်မည် မဟုတ်ပါလား။
“အဘိုး... ဒါဆိုရင် တို့တွေလည်း မြို့တော်ကို ပြန်ကြမလားဟင်...”
လော်ကျန်းက ညင်သာစွာ မေးမြန်းလိုက်သည်။
သခင်ကြီးလော်က အံ့သြသော မျက်နှာထားဖြင့် မေးလိုက်၏။
“မြေးလေးက ပြန်ချင်လို့လားဟင်...”
“ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့နေ့တော့ ပြန်ရမှာပဲလေ...”
သခင်ကြီးလော်သည် သူ၏ မြေးလေးအား စူးစမ်းစွာ ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။
“မြေးလေးက မိသားစုကို ကူညီချင်လို့ ပြန်ချင်တာလား... ဒါမှမဟုတ် နျိုနျိုလေး အတွက်လားဟင်...”
လော်ကျန်းက ချက်ချင်းပင် ပြန်ပြောလိုက်၏။
“သားက ကိုယ့်ဘာသာကိုယ် ပြန်ချင်တာပါ... ဒါပေမဲ့ အားယန် ကလည်း သူငယ်ချင်းကောင်း တစ်ယောက်ပဲ မဟုတ်လားဟင်...”
သခင်ကြီးလော်မှာမူ မြေးဖြစ်သူ၏ စကားနှင့် စိတ်ရင်းကို သိရှိနေသော်လည်း ပြောလိုက်သည်။
“ခဏ စောင့်ပါဦးလေ... ရှေ့နှစ်မှာ ကလေးတွေအတွက် ပညာသင်စာမေးပွဲ စတော့မှာဆိုတော့... ဆရာကလည်း ပြောတယ်... မြေးလေးနဲ့ အားယန် တို့ စမ်းဖြေကြည့်လို့ ရတယ်တဲ့...”
လော်ကျန်းသည် အဘိုးဖြစ်သူက ဆရာ့အကြောင်းကို ဦးအောင် ပြောလာသည်ကို မြင်သောအခါ တည့်တိုးပင် ပြောလိုက်လေတော့သည်။
“အဘိုး... ဖန့်ယွမ် ကို စာသင်ပေးတဲ့ ဆရာကျန်း က တကယ့် ပညာရှိတစ်ဦး မဟုတ်ဘူးနော်...”