ကြွားဝါခြင်း
Vol. 16 Ch. 156
ကုမင်တာ့သည်လည်း နျိုနျို၏ ပုံစံမှာ တစ်ခုခု ထူးဆန်းနေသည်ကို သတိပြုမိလိုက်သည်။
“နျိုနျိုလေး... ကွမ်အန်းမြို့နယ် ကနေ မခွဲနိုင်ဖြစ်နေတာလားဟင်...”
ကုမင်တာ့က ညင်သာစွာ မေးမြန်းလိုက်၏။
သူသည် ကလေးငယ်များမှာ ကစားဖော်များနှင့် မခွဲချင်၍ ဖြစ်လိမ့်မည်ဟုသာ တွေးတောမိခြင်း ပင်။
နျိုနျိုက ခေါင်းညိတ်ပြလေသည်။ လော်ကျန်း က ထိုကိစ္စကို ရှင်းပြပေးမည်ဟု ကတိပေးထားသဖြင့်၊ သူမသည် ဆရာကျန်း၏ အကြောင်းကို ကုမင်တာ့အား မပြောတော့ပေ။ ထိုအစား သူမက ပြောလိုက်သည်။
“အားလုံးက အမြဲတမ်း အတူတူ ဆော့နိုင်ကြရင် ကောင်းမှာပဲနော်...”
ကုမင်တာ့သည် သမီးဖြစ်သူကို ပွေ့ချီကာ ညင်သာစွာ ပြောလိုက်၏။
“နျိုနျိုလေး က သူငယ်ချင်းဟောင်းတွေကို နှုတ်ဆက်ပြီး... သူငယ်ချင်းအသစ်တွေနဲ့ ထပ်တွေ့ရဦးမှာလေ... ဘဝဆိုတာ ဒီလိုပဲ အမြဲတမ်း ပြောင်းလဲနေတာပေါ့...”
နျိုနျိုက ကုမင်တာ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“သမီးကတော့ မပြောင်းလဲချင်ဘူး... ဖေဖေ၊ မေမေ၊ အဘိုးအဘွားတွေနဲ့ ကိုကိုတွေနဲ့ပဲ အမြဲ အတူတူ နေချင်တာလေ...”
နျိုနျိုမှလွဲလျှင် ကုမင်တာ့တွင် သားသုံးဦး ရှိသော်လည်း သားများမှာမူ သူ့အား ဤကဲ့သို့ ကြည်နူးစရာ စကားများကို တစ်ခါမျှ မပြောဖူးကြချေ။ သူတို့ကြားတွင် ပုံမှန် စကားပြောဆိုမှုပင် သိပ်မရှိလှသည် မဟုတ်ပါလား။
နျိုနျိုလေးကို ရရှိပြီးနောက်မှသာ သူသည် ကလေးပြုစုရခြင်း၏ ပျော်ရွှင်မှုကို တဖြည်းဖြည်း ခံစားလာရခြင်း ဖြစ်၏။ မိုးအဆက်မပြတ် ရွာသွန်းနေသော ရာသီဥတုကြီးအပြီးတွင် ကောင်းကင်ကြီး ပြန်လည် သာယာလာသကဲ့သို့ပင်။
“သမီးလေး ကြီးလာရင်တော့... ဖေဖေတို့လိုမျိုးပဲ အတူတူ နေချင်တဲ့သူကို ရှာတွေ့မှာပေါ့... အဲ့ဒီအချိန်ကျရင် ဖေဖေတို့လည်း အိုသွားပြီလေ... သမီးလေးကပဲ အိမ်ကနေ ထွက်သွားချင်နေမလား မသိဘူးနော်...”
ကုမင်တာ့က ပြုံးလျက် ပြောလိုက်သည်။
နျိုနျိုမှာမူ မျက်ရည်များ ဝေ့သီလာကာ ပြောလိုက်၏။
“သမီးကတော့ ဖေဖေတို့ဆီက ထွက်မသွားပါဘူး... ဖေဖေတို့ကိုလည်း မအိုစေချင်ဘူး... ဖေဖေတို့က အမြဲတမ်း လူငယ်လေးတွေလို ဖြစ်နေရမယ်လေ...”
ကုမင်တာ့၏ စိတ်နှလုံးမှာ အရည်ပျော်သွားရပြီး ကလေး၏ လှပပြီး ကလေးဆန်သော ဆန္ဒကို မဖျက်ဆီးရက်တော့ချေ။
“သမီးလေး မငိုနဲ့တော့နော်... ဖေဖေ့အမှားပါ... တို့တွေ အနာဂတ်အကြောင်း ဆက်မပြောတော့ဘူးနော်... တို့တွေ သဘောတူထားတဲ့အတိုင်း လက်ရှိအချိန်မှာပဲ ပျော်ပျော်ရွှင်ရွှင် နေကြရအောင်လေ...”
ကုမင်တာ့က နှစ်သိမ့်လိုက်သည်။
နျိုနျိုက ခေါင်းကို တွင်တွင်ညိတ်ပြကာ ပြောလိုက်၏။
“သမီး စာကို ကြိုးစားသင်မယ်၊ ကြိုးစားလည်း လုပ်မယ်လေ... သမီး အရမ်း တော်လာတဲ့အခါကျရင် ဖေဖေတို့ဆီကနေ ထွက်သွားစရာ မလိုတော့ဘူးပေါ့...”
ကုမင်တာ့က ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ဖေဖေတို့ဆီက မထွက်သွားချင်ရင်တော့... သမက်ကိုပဲ အိမ်ခေါ်ထားမလား၊ ဒါမှမဟုတ် တစ်သက်လုံး အိမ်ထောင်မပြုဘဲ နေမလားပေါ့... ဒါပေမဲ့ မိန်းကလေး တစ်ယောက် အိမ်ထောင်မပြုဘဲ နေရင်တော့ အပြင်က လူတွေက အတင်းအဖျင်းတွေ အများကြီး ပြောကြလိမ့်မယ်နော်...”
နျိုနျိုသည် ထိုစကားကို ကြားသောအခါ မျက်ရည်များကို အတင်းသုတ်ကာ ပြောလိုက်၏။
“ဖေဖေက ခုနက သမီးကို အရမ်း ခြောက်လိုက်တာပဲနော်... တကယ်တော့ ဖေဖေတို့ဆီက ထွက်သွားစရာ မလိုတဲ့ နည်းလမ်း နှစ်ခုတောင် ရှိနေတာပဲ မဟုတ်လားဟင်...”
နျိုနျို၏ အကောင်းမြင်တတ်သော စိတ်ဓာတ်ကြောင့် ကုမင်တာ့မှာ အံ့အားသင့်သွားရပေသည်။
ကလေးငယ်မှာ ငယ်သေးသဖြင့် ကုမင်တာ့သည် ထိုလမ်းစဉ် နှစ်ခု၏ မသင့်တော်ပုံများကို ဆက်လက် မပြောတော့ပေ။ ထိုအစား သူက ပြောလိုက်သည်။
“နျိုနျိုလေး... သမီး ပိုပြီး တော်လာလေလေ၊ ဘဝလမ်းခရီးက ပိုပြီး ချောမွေ့လေလေ ဖြစ်မှာပေါ့... အဲ့ဒီအခါကျမှ ဖေဖေတို့လည်း စိတ်အေးရမှာလေ...”
နျိုနျိုက လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်၏။
“ဖေဖေ... သမီးကတော့ အကောင်းဆုံး သမီးလေး ဆက်ဖြစ်နေမှာပါ... ဖေဖေတို့ သမီးအတွက် စိတ်မပူရအောင် နေပါ့မယ်နော်...”
ကုမင်တာ့သည် သမီးဖြစ်သူ၏ ဆံပင်လေးများကို ပျော်ရွှင်စွာ ပွေ့ကိုင်လိုက်ရင်းမှ "ဟို ငတုံးလေး အားကျောက် သာ နျိုနျိုလေး လို အလိုက်သိတတ်ရင် ဘယ်လောက် ကောင်းမလဲ" ဟု တွေးတောနေမိလေသည်။
နောက်တစ်နေ့ မနက်စောစောတွင် ကုမိသားစုဝင်များမှာ ချင်းရွှေရွာသို့ ပြန်လာခဲ့ကြကုန်၏။
မူလကတော့ ဤမျှအခြေအနေတွင် အလျင်အမြန် ပြန်လာရန် မလိုသော်လည်း နျိုနျိုသည် ကုတာ့ယာ နှင့် ကုရှောင်ယာ တို့ကို သွားရောက် နှုတ်ဆက်လိုသဖြင့် ပြန်လာခဲ့ခြင်း ဖြစ်ပေသည်။ ဘာပဲဖြစ်ဖြစ် ထိုဝမ်းကွဲ ညီအစ်မ နှစ်ဦးမှာ သူမ၏ စိတ်ထဲတွင် အရေးကြီးသော ကစားဖော်များ ဖြစ်ကြသည် မဟုတ်ပါလား။
အဘွားကုသည် ယခုအခါ ကျဲ့ယွမ် ၏ မိခင် ဖြစ်နေပြီ ဖြစ်ရာ သူမ၏ အရှိန်အဝါမှာ ပြီးခဲ့တဲ့တစ်ခေါက်ထက်ပင် ပို၍ ကြီးမားနေတော့၏။
မြင်းလှည်းသည် ရွာအဝင်ဝသို့ ရောက်ရှိသည်နှင့် အဘွားအိုတစ်စုမှာ ပိုးစာပင်ကြီးအောက်တွင် ထိုင်ကာ လက်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသည်ကို အဘွားကု မြင်တွေ့လိုက်ရသဖြင့် သူမသည် ချက်ချင်းပင် ချောင်းတစ်ချက် ဟန့်လိုက်လေသည်။
မြင်းလှည်း ရပ်တန့်သွားသည်နှင့် အဘွားကုသည် လိုက်ကာကို မ လျက် သူမ၏ သူငယ်ချင်းဟောင်းများဘက်သို့ လှမ်းကြည့်လိုက်၏။
“အို... အဘွားကြီး... ဘာလေဆင်နှာမောင်းကများ ညည်းကို ဒီကို ပြန်သယ်လာတာလဲဟင်...”
“အဘွားကြီး... ညည်းက အခုဆိုရင် ကျဲ့ယွမ် ရဲ့ မိခင်ကြီး ဖြစ်နေပြီဆိုတော့... တို့ရွာမှာ ညည်းထက် ဂုဏ်ရှိတဲ့သူ မရှိတော့ဘူးပေါ့လေ...”
အဘွားအိုတစ်စုမှာ လက်ထဲမှ အလုပ်များကိုပင် ဂရုမစိုက်တော့ဘဲ မြင်းလှည်းကို ဝိုင်းအုံကာ ချီးကျူးစကားများ ဆိုနေကြတော့၏။
အဘွားကုသည် "အဝတ်အစားကောင်းတွေ ဝတ်ထားပေမဲ့ ညဘက် လမ်းလျှောက်နေရသလိုမျိုး" အဖြစ်မျိုး အဖြစ်မခံနိုင်ပေ။ သူမသည် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကြိုးစားလာခဲ့ရသည်မှာ တစ်နေ့တွင် ယခုကဲ့သို့ ဂုဏ်ရှိစေရန် မဟုတ်ပါလား ။
အကယ်၍သာ သူငယ်ချင်းဟောင်းများက သူမ မည်မျှ လှပနေသည်ကို မမြင်တွေ့ရလျှင်မူ သူမအနေဖြင့် ဤမျှအထိ ပင်ပန်းခံကာ ရွာကို ပြန်လာလိမ့်မည် မဟုတ်ပေ။
အဘွားကုသည် ရွာအဝင်ဝတွင် မြင်းလှည်းပေါ်မှ ဆင်းလိုက်ပြီး ဘုရင်မ တစ်ဦးကဲ့သို့ ခေါင်းကို မော့ကာ လမ်းလျှောက်နေလေတော့သည်။
သို့သော် သူမသည် ရွာအဝင်ဝတွင် အကြာကြီး မနေခဲ့ပေ။ ကုမိသားစု ခြံဝင်းအတွင်း၌ နျိုနျိုသည် ဝမ်းကွဲ ညီအစ်မ နှစ်ဦးအား လက်ဆောင်များ ပေးနေသည်ကို သိလိုက်ရသဖြင့် အဘွားကုသည် အလျင်အမြန်ပင် အိမ်ထဲသို့ ပြေးဝင်လာခဲ့လေသည်။
“အမေ... အိမ်ရှေ့မှာ အကြာကြီး နေဦးမယ် ထင်နေတာ... အမေက ဟို အဘွားအိုတွေကို ကြွားရတာ အရမ်း ဝါသနာပါတာ မဟုတ်လားဟင်...”
ချန်ချွန်းဟွာ က နားမလည်သလို မေးမြန်းလိုက်၏။
အဘွားအိုသည် အရင်ကတည်းက ချန်ချွန်းဟွာ အား မနှစ်သက်ခဲ့သလို ယခု အိမ်ခွဲနေသည့် အချိန်တွင်လည်း မနှစ်သက်သေးပေ။ သူမက ငေါက်လိုက်သည်။
“နင်ကတော့ စကားမပြောတတ်ရင် ပါးစပ်ပိတ်နေလို့ မရဘူးလားဟင်... ငါက အဲ့ဒီလို လူမျိုးလား... ငါက သူငယ်ချင်းဟောင်းတွေနဲ့ စကားပြောချင်လို့ ပြန်လာတာလေ... ကြွားနေတာ မဟုတ်ဘူးနော်...”
အဘွားအို စိတ်တိုနေသည်ကို မြင်သောအခါ ချန်ချွန်းဟွာမှာ ဆက်လက် စကားမပြောတော့ပေ။
ဆန့်ကျင်ဘက် အနေဖြင့် အဘွားအိုက ရှင်းပြလိုက်၏။
“အဲ့ဒီ အဘွားကြီးတွေက စိတ်ရင်းကောင်းတာ မဟုတ်ဘူးလေ... ငါ့ကို ဝိုင်းပြီးတော့ သူတို့ရဲ့ သားမြေးတွေကို မြို့ဝန်ရုံးထဲ ထည့်ပေးဖို့ တစ်ယောက်တစ်မျိုး လာတောင်းဆိုနေကြတာလေ...”
ချန်ချွန်းဟွာသည် အစက အဘွားအိုအား လှောင်ပြောင်ချင်နေသော်လည်း ထိုစကားကို ကြားသောအခါ သူမသည် ချက်ချင်းပင် ခုန်ထကာ ပြောလိုက်လေသည်။
“အမလေး... သူတို့အိမ်က ကောင်တွေကများ... ရုပ်ကလည်း မကောင်း၊ ဉာဏ်ကလည်း မရှိဘဲနဲ့... မြို့ဝန်ရုံးထဲ ဝင်ဖို့ တန်လို့လားဟင်...”
ချန်ချွန်းဟွာသည် အဘွားအိုအား ကြွားဝါတတ်သည်ဟု လှောင်ပြောင်သော်လည်း သူမ ကိုယ်တိုင်မှာလည်း မည်သို့မျှ မထူးလှပေ။
"ငါ့သား မြို့ဝန်ရုံးမှာ အလုပ်လုပ်နေတာ" ဟူသော စကားတစ်ခွန်းဖြင့် သူမသည် ရွာထဲတွင် နေရာအနှံ့ ကြွားဝါနေသည် မဟုတ်ပါလား။
“အမေ... သူတို့ပြောတာတွေကို သဘောမတူလိုက်နဲ့နော်... သူတို့က ကပ်စေးလည်း နည်းကြတာလေ... တို့တွေလို ပိုက်ဆံ အကုန်မခံရဲကြပါဘူး...”
ချန်ချွန်းဟွာသည် အခြားသူများက သူမ၏ နေရာကို လုယူသွားမှာကို မလိုလားပေ။
အဘွားအိုက သူမအား စိုက်ကြည့်ကာ ပြောလိုက်၏။
“နင်ကတော့ ငါ့သားလတ် မျက်နှာပျက်မှာကို နည်းနည်းလေးမှ မစိုးရိမ်ဘူးလားဟင်...”
အဘွားအိုသည် ချန်ချွန်းဟွာ ၏ အူတူတူ ပုံစံကို မြင်တွေ့လိုက်ရသည်နှင့် ဒေါသထွက်သွားရပေသည်။ သူမသည် ဉာဏ်မရှိရုံသာမက စိတ်ရင်းလည်း မကောင်းလှပေ။ အကယ်၍သာ ကျေးဇူးသိတတ်သူ ဖြစ်လျှင်မူ မိမိ၏ အကျိုးအမြတ်ထက် ကုမင်တာ့၏ အခက်အခဲများကို ဦးစွာ စဉ်းစားပေးရမည် မဟုတ်ပါလား။
အဘွားအိုသည် ချန်ချွန်းဟွာ သာ မိခင်ကောင်း တစ်ဦး၊ ဇနီးကောင်း တစ်ဦး မဟုတ်ခဲ့လျှင်မူ သားအကြီးဆုံးအား သူမကို ကွာရှင်းခိုင်းပြီး နောက်တစ်ယောက် အသစ် ထပ်ယူခိုင်းမိမှာ သေချာလှပေသည်။
ချန်ချွန်းဟွာက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“အမေရယ်... သားလတ် အတွက် စိုးရိမ်တာက အခုမှ ပြောစရာ လိုသေးလို့လားဟင်...”
အဘွားအိုကမူ သူမ၏ စကားကို တစ်လုံးမျှ မယုံကြည်ပေ။
ချန်ချွန်းဟွာက ထပ်ပြောလိုက်ပြန်၏။
“အမေ... ဒုတိယအိမ်ရဲ့ ကျေးဇူးကို ကျွန်မ မှတ်မိပါတယ်... ကျွန်မကို ပိုက်ဆံတွေ ပေးခဲ့တာ မဟုတ်လား... တခြားသူတွေကတော့ ကျွန်မလိုမျိုး ပိုက်ဆံ အကုန်ခံချင်ကြမှာ မဟုတ်ပါဘူး... သားလတ် က အခုဆိုရင် အစိုးရစာမေးပွဲ ဖြေမယ့်သူ ဖြစ်နေပြီလေ... မြို့ဝန်ရုံးထဲ ဝင်ရင်လည်း လူတွေက ရိုသေကြတာပေါ့... သူ အရင်က ပြောခဲ့တဲ့ အားယွင် အတွက် အနာဂတ်လမ်းစ ရှာပေးမယ် ဆိုတာကော အတည်ပဲလားဟင်...”
အဘွားအိုသည် ထိုကိစ္စကို မသိသော်လည်း မျက်နှာတွင်မူ မသိသာအောင် နေလိုက်လေသည်။ အိမ်မခွဲမီက အဘွားအိုသည် ချန်ချွန်းဟွာ အား စိတ်ရှိသလို ဆဲဆိုခဲ့သော်လည်း ယခု အိမ်ခွဲပြီးချိန်တွင်မူ သူမသည် ပို၍ပင် အားမနာတော့ပေ။
“ငွေနည်းနည်းလောက် ပေးခဲ့တာကိုပဲ နင်က အခါခါ ပြန်ပြောနေတာလား... မသိတဲ့သူဆိုရင် တို့ သားလတ် က နင့်အိမ်က ပိုင်ဆိုင်မှုတွေကို အကုန် ယူသွားတယ် ထင်နေမှာပေါ့... ဉာဏ်နည်းတဲ့ မိန်းမ... နင် ပေးတဲ့ ပိုက်ဆံတွေက များတယ် ထင်နေတာလား... မြို့ထဲမှာဆိုရင် အဲ့ဒါက ဘာမှ မဟုတ်ဘူးနော်...”
“ဒါ့အပြင် အားယွင် အလုပ်လုပ်လာတာ လဝက်ကျော်နေပြီလေ... နင်တို့ ပေးခဲ့တဲ့ ပိုက်ဆံတွေက အခုဆို ပြန်ရနေပြီ မဟုတ်လား... သူများတွေအတွက် မြို့ဝန်ရုံးမှာ အလုပ်ရဖို့က လွယ်တယ် ထင်နေလား... ဆရာကလည်း သင်ပေး၊ မြို့ဝန်ရုံးက လူတွေကလည်း ဂရုစိုက်ပေးနေတာကို... နင်က ကျေနပ်သင့်ပါတယ်...”
နှမြောစရာ ကောင်းသည်မှာ အဘွားအိုသည် အထူအပါးနားမလည်သော လူအား စကားပြောနေရသကဲ့သို့ဖြစ်နေခြင်း ပင်။
ချန်ချွန်းဟွာသည် ယောက္ခမဖြစ်သူနှင့် အတူနေလာသည်မှာ ကြာပြီဖြစ်ရာ သူမ၏ မျက်နှာမှာလည်း ထူနေချေပြီ။ သူမ၏ ယောက္ခမက မည်မျှပင် ဆဲဆိုနေပါစေ၊ သူမကမူ ဂရုမစိုက်ဘဲ သူမ ပြောချင်သည်ကိုသာ ဆက်ပြောလေတော့သည်။
“အမေ... အားယွင် က ပိုက်ဆံ ပြန်ရှာနိုင်တာဟာ သူ့ရဲ့ အရည်အချင်းကြောင့်လေ... သူက ရုပ်ရည် သန့်ပြန့်တော့... ခေါင်းဆောင်ကလည်း သူ့ကို ဆရာအဖြစ် သဘောကျတာပေါ့... နောက်ဆိုရင် သူ့သမီးနဲ့တောင် ပေးစားမလား မသိဘူးနော်...”
ချန်ချွန်းဟွာသည် ယောက္ခမ မဖြစ်သေးမီမှာပင် ယောက္ခမ စိတ်ဓာတ် ပေါက်နေချေပြီ။ သူမက ထိုသို့ ပြောလိုက်သောအခါ သူမ၏ မျက်နှာတွင် "ငါ့သားက အတော်ဆုံး" ဟူသော အဓိပ္ပာယ်မှာ ထင်ရှားစွာ ပေါ်လွင်နေတော့၏။
အဘွားအိုသည် ထိုကဲ့သို့သော ချွေးမကြောင့် ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်စိတ် ပေါက်သွားရလေသည်။
သို့သော်လည်း အားယွင် အပြင်သို့ ထွက်လာချိန်တွင် ထိုစကားကို ကြားသွားသဖြင့် စိုးရိမ်တကြီး ပြေးလာကာ မိခင်ဖြစ်သူ၏ ပါးစပ်ကို ပိတ်လိုက်လေတော့သတည်း။