← Chapters

ကျေးဇူးသိတတ်ခြင်း

Vol. 16 Ch. 157

ကျေးဇူးသိတတ်ခြင်း

Vol. 16 Ch. 157

“မေမေ... ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာလဲဟင်...”

အားယွင် သည် အရင်က ဘာမှမသိသော ကောင်လေး မဟုတ်တော့ပေ။ ခေါင်းဆောင်ချန် က သူ့အား အလုပ်အကြောင်းများကို သင်ကြားပေးရုံသာမက လူမှုဆက်ဆံရေး နည်းလမ်းများကိုပါ သင်ကြားပေးခဲ့သည် မဟုတ်ပါလား။

သူသည် လုပ်ဖော်ကိုင်ဖက်များနှင့် နှိုင်းယှဉ်ကြည့်သောအခါမှ သူသည် အခြားသူများထက် မည်မျှအထိ ကံကောင်းနေသည်ကို သဘောပေါက်လာခြင်း ဖြစ်၏။ ဦးလေးဖြစ်သူ ကုမင်တာ့ က သူ့အတွက် အစစအရာရာ စီစဉ်ပေးခဲ့သဖြင့် သူသည် အခြားသူများထက် အခက်အခဲ များစွာကို ရှောင်လွှဲနိုင်ခဲ့သည် မဟုတ်ပါလား။ အားယွင် သည် ရင်ထဲတွင် ကျေးဇူးသိတတ်သူ ဖြစ်ပေသည်။

“ငါက ပေါက်ကရ ပြောနေတာ မဟုတ်ပါဘူး... နင့်ဆရာက နင့်ကို အရမ်း သဘောကျတယ် ဆို... သူ့မှာလည်း ဆယ်ကျော်သက် သမီးတစ်ယောက် ရှိနေမှတော့... နင့်ကို သမက်တော်ချင်လို့ ဖြစ်မှာပေါ့...”

ချန်ချွန်းဟွာ က သဘာဝကျကျပင် ပြောလိုက်သည်။ သူမသည် သူမ၏ အတွေးမှာ မှားယွင်းနေသည်ဟု လုံးဝ မထင်မှတ်ထားချေ။

အားယွင် ခေါင်းပင် ကြီးသွားရ၏။

“ဆရာက ကျွန်တော့်အပေါ် တကယ် ကောင်းတာ မှန်ပါတယ်... ဒါပေမဲ့ မေမေက အခုလို ပေါက်ကရ ပြောနေရင်... ဆရာ့သမီးရဲ့ နာမည်ကို ထိခိုက်စေမှာပေါ့... ဆရာသာ သိသွားရင် ကျွန်တော့်ကို ဘယ်လို စီရင်မလဲ မသိဘူးနော်...”

ချန်ချွန်းဟွာ ကမူ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“နာမည် ပျက်လည်း ပျက်ပါစေပေါ့... နင်နဲ့ပဲ ယူလိုက်ရုံပဲလေ... အဲ့ကျရင် ငါလည်း မြို့သူ ချွေးမလေး ရပြီပေါ့...”

အဘွားအိုသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိ၏။ သူမသည် ပါးစပ်မစောင့်တတ်သည်မှလွဲလျှင် ဤမျှအထိ ယုတ်မာသော အလုပ်မျိုးကို တစ်ခါမျှ မလုပ်ခဲ့ဖူးချေ။

ဒါ့အပြင် အခု ကုမိသားစုဝင်တွေက အိမ်ခွဲနေကြတာ ဖြစ်ပေမဲ့ ပထမအိမ်က လူတွေက ဒုတိယအိမ်ရဲ့ အရှိန်အဝါကို အသုံးချချင်နေကြတာ မဟုတ်ပါလား။ အကယ်၍ ပထမအိမ်က လူတွေက ကုမင်တာ့ ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်မယ်ဆိုရင်တော့၊ သူမက ပထမဆုံး ငြင်းဆန်မယ့်သူ ဖြစ်ရပေမည်။

“နင့်ရဲ့ ယုတ်မာတဲ့ အတွေးတွေကို အခုချက်ချင်း ရပ်လိုက်စမ်း... နင်သာ အဲ့လို ဆက်တွေးနေမယ် ဆိုရင်တော့... တို့ သားလတ် ကို မြို့ဝန်ရုံးမှာ သွားပြောခိုင်းပြီးတော့... အားယွင် ကို အခုချက်ချင်း အိမ်ပြန်ခေါ်ပြီး လယ်ပဲ ခိုင်းတော့မယ်နော်...”

အဘွားအိုက ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လိုက်လေသည်။

ချန်ချွန်းဟွာမှာ ထိုစကားကြောင့် ထိတ်လန့်သွားရ၏။

“အမေရယ်... အားယွင် က အမေ့မြေး အရင်းပဲလေ... ဘာလို့ သူ့ကို အဲ့လိုမျိုး ဖြစ်စေချင်ရတာလဲဟင်...”

အဘွားအိုက သူမအား ဂရုမစိုက်ဘဲ အားယွင် အား စိုက်ကြည့်ကာ မေးလိုက်သည်။

“အားယွင်... မင်းကော မင်းမေမေလိုပဲ တွေးနေတာလားဟင်... မြို့သူလေးကို ရဖို့အတွက် ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးချင်တာလားဟင်...”

အားယွင် က အမြန်ပင် ခေါင်းခါလိုက်၏။

“အဘွား... သားမှာ အဲ့ဒီလို အတွေးမျိုး လုံးဝ မရှိပါဘူး... ဆရာက သားအပေါ် အရမ်း ကောင်းတာလေ... ဆရာ့သမီးကို သဘောကျတယ် ဆိုရင်တောင်မှ... တို့တွေက တရားဝင် နည်းလမ်းနဲ့ပဲ လုပ်ဆောင်သင့်တာပေါ့... ဒီလိုမျိုးတွေ မလုပ်သင့်ပါဘူး...”

အားယွင် မြို့ထဲတွင် နေထိုင်လာသည်မှာ လဝက်ကျော်ခဲ့ပြီ ဖြစ်သော်လည်း သူ၏ ဘဝမှာ ရိုးရှင်းလှပေသည်။ မြို့ဝန်ရုံးတွင် အလုပ်လုပ်ခြင်း၊ ကုမိသားစု သို့မဟုတ် လော်မိသားစုတွင် စာသင်ခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ခြင်း ဖြစ်၏။ သူ၏ ပတ်ဝန်းကျင်တွင် လူကောင်းများသာ ရှိနေသဖြင့် သူသည်လည်း ဖြောင့်မတ်စွာ နေထိုင်တတ်လာခဲ့ချေပြီ။

ချန်ချွန်းဟွာ က နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ... လက်ထပ်ဖို့ ကိစ္စက တို့တွေ ဆုံးဖြတ်ရမှာမှ မဟုတ်တာ...”

အားယွင် သည် သူ၏ မိခင်ဖြစ်သူမှာ အလွန် ခေါင်းမာနေသည်ကို မြင်သောအခါ စိတ်ထဲတွင် စိုးရိမ်မှုများ ဖြစ်ပေါ်လာရ၏။ အဘွားအိုကလည်း သူ့အား စူးစမ်းစွာ ကြည့်နေသည် မဟုတ်ပါလား။ အားယွင် သည် ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်ပြီး ပြောလိုက်သည်။

“မေမေ... မေမေသာ တကယ် အဲ့လို ထင်နေရင်တော့... သား အခုပဲ အိမ်ပြန်လာပါ့မယ်... နောက်ဆိုရင် မြို့ဝန်ရုံးမှာ အလုပ်မလုပ်တော့ဘဲ ရွာမှာပဲ လယ်လုပ်တော့မယ်လေ...”

သူသည် ချန်ချွန်းဟွာ အား မည်သို့ ကိုင်တွယ်ရမည်ကို သိရှိထားပေသည်။ သူမ၏ သား အနာဂတ်ကို ခြိမ်းခြောက်လိုက်လျှင် သူမသည် သေချာပေါက် စိုးရိမ်သွားမည် ဖြစ်၏။

“ဟဲ့... သားရယ်... ဘာလို့ ဒီလောက် ခေါင်းမာရတာလဲဟင်... မေမေက ပြောရုံလေး ပြောတာပါ... နင့်ရဲ့ အနာဂတ်ကြီးကို ဘာလို့ ဖျက်ဆီးချင်ရတာလဲဟင်... မေမေ့ကို သတ်မလို့လားဟင်...”

ချန်ချွန်းဟွာ က ဆူညံသဲသဲ လုပ်နေသော်လည်း အားယွင် ကမူ ထိုနေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေပြီး သူမအား ရွာပြန်လာမည်ဟုသာ အတင်း ပြောဆိုနေလေသည်။

“အခုပဲ ဦးလေးလတ် တို့ မိသားစုက မြို့တော်ကို သွားကြတော့မှာလေ... သားလည်း အဲ့ဒီအိမ်မှာ ဆက်နေဖို့ မသင့်တော်တော့ဘူး... ဒါကြောင့် အခုပဲ ပစ္စည်းတွေ သိမ်းပြီး ရွာကို ပြန်လာပါတော့မယ်...”

အားယွင် သည် ပြောလေလေ ပြတ်သားလေလေ ရှိနေတော့၏။

ခေါင်းဆောင်ချန် နှင့် ဦးလေးလတ် တို့၏ ဂရုစိုက်မှုကို သူ အမြဲ သတိရနေမိ၏။ ချန်ချွန်းဟွာ အမှားကြီး မကျူးလွန်မီမှာပင် သူ ရွာကို ပြန်လာခြင်းက ပို၍ ကောင်းမွန်မည်ဟု သူ ယူဆထားခြင်း ပင်။

ချန်ချွန်းဟွာ ကမူ မြေပြင်ပေါ်တွင် ထိုင်ကာ ရင်ဘတ်ကို ထု၍ ငိုယိုနေဆဲ ဖြစ်သော်လည်း၊ အားယွင် ၏ စကားကို ကြားသောအခါ အမြန် ပြန်ထလိုက်လေသည်။

“ငါ မပြောတော့ပါဘူး... အဲ့ဒီ အတွေးတွေလည်း မရှိတော့ပါဘူး... အားယွင်... နင်က လိမ္မာတဲ့သူပဲလေ... အိမ်ပြန်မလာပါနဲ့တော့နော်... မေမေ တောင်းပန်ပါတယ်...”

ချန်ချွန်းဟွာ က သနားစရာကောင်းအောင် ပြောဆိုလေသည်။

အားယွင် ကမူ သူ၏ စကားကို မပြင်ခဲ့ပေ။ ချန်ချွန်းဟွာ က သားဖြစ်သူ၏ ပုံစံကို ကြည့်ပြီး စိုးရိမ်လွန်းသဖြင့် မျက်ရည်ပင် ကျလာရလေတော့သည်။

“ငါ တကယ် မပြောတော့ပါဘူး... နင် မေမေ့ကို ယုံပါနော်... မေမေ နောက်ဆိုရင် အဲ့လိုမျိုးတွေ မတွေးရဲတော့ပါဘူး... နင် မြို့ထဲမှာ အလုပ်ဆက်လုပ်နိုင်ဖို့အတွက်... မေမေ ဘာလုပ်ပေးရမလဲ ပြောပါဦး...”

ချန်ချွန်းဟွာ က အသည်းအသန် တောင်းပန်လေသည်။

အားယွင် သည် မိခင်ဖြစ်သူ၏ အကြိမ်ကြိမ် ပြောဆိုနေသော စကားများကို နားထောင်ရင်း စိတ်မကောင်း ဖြစ်မိသော်လည်း သူမ၏ စိတ်ထဲမှ ကောက်ကျစ်သော အတွေးများကို ယခုပင် မရပ်တန့်နိုင်ခဲ့လျှင်မူ နောင်တွင် အေးချမ်းမှု ရှိလိမ့်မည် မဟုတ်ကြောင်း သူ သိနေပေသည်။

“မေမေ့ စိတ်ထဲက အဲ့ဒီ အကြံအစည်လေးတွေကို မဖျောက်ပစ်နိုင်ဘူး ဆိုရင်တော့... သား မြို့ကို ပြန်မသွားတော့ပါဘူး...”

အားယွင် က ပြောလိုက်သည်။

ချန်ချွန်းဟွာ က ခေါင်းကို တွင်တွင်ညိတ်ကာ ပြန်ပြောလိုက်၏။

“အေးပါ... အေးပါ... မေမေ နင့်စကားကို နားထောင်ပါ့မယ်... နောက်ဆိုရင် ပေါက်ကရတွေ မတွေးတော့ပါဘူး... နင် မေမေ့ကို ယုံပါနော်... ဟုတ်ပြီလား...”

အားယွင် သည် သူမ၏ နှုတ်ကတိကိုသာ မယုံကြည်နိုင်ပေ။ ချန်ချွန်းဟွာ အား သင်ခန်းစာ ရစေမှသာ သူမသည် မှတ်သားသွားပေလိမ့်မည်။

“ဦးလေးလတ် က အဘိုးအဘွားတွေကို မြို့တော်ကို ခေါ်သွားတော့မှာလေ... ဒါကြောင့် မေမေ ပေးရမယ့် လုပ်ကျွေးရမဲ့ ပိုက်ဆံတွေကို အခုပဲ အဘွား လက်ထဲကို ထည့်လိုက်ပါ... အကြာကြီး မဟုတ်ပါဘူး... သုံးနှစ်စာလောက်ပဲ အရင် ပေးလိုက်ပါ...”

အားယွင် က ပြောလိုက်လေသည်။

ချန်ချွန်းဟွာ သည် ထိုစကားကို ကြားလိုက်ရသည်နှင့် မျက်နှာတွင် သွေးဆုတ်သွားသကဲ့သို့ ရှိနေတော့၏။ သူမသည် ပိုက်ဆံကုန်မည့် ကိစ္စမှန်သမျှကို လုံးဝ လက်မခံနိုင်သူ ဖြစ်ပေသည်။ ယခု အားယွင် ၏ အကြံပြုချက်မှာ သူမအတွက်မူ အသားထဲမှ အသားကို ဖဲ့ပေးရသကဲ့သို့ နာကျင်လှပေသည်။

သူမက ညည်းတွားလိုက်၏။

“ဘယ်သူကများ သုံးနှစ်စာ ပိုက်ဆံကို တစ်ခါတည်း ပေးရမှာလဲဟင်... တို့အိမ်မှာလည်း ပိုက်ဆံ အများကြီး မရှိပါဘူး... နင့်အဘွားကလည်း နင့်ကို ချစ်တာပဲလေ... ငါ ပေးရင်တောင် သူ ယူမှာ မဟုတ်ပါဘူး...”

အဘွားကု က နေရာတွင်ပင် ချက်ချင်း ပြောလိုက်သည်။

“ဘယ်သူက မယူဘူးလို့ ပြောလို့လဲ... အခုပဲ ပေးစမ်းပါ...”

ချန်ချွန်းဟွာ - "..."

ချန်ချွန်းဟွာ သည် သူမ၏ ယောက္ခမအား စိတ်ထဲမှနေ၍ အကြိမ်ပေါင်း ရာချီ၍ ကျိန်ဆဲနေမိတော့၏။

“လူ့ဘဝမှာလေ... ထင်း၊ ဆန်၊ ဆီ၊ ဆား ဆိုတာ ပိုက်ဆံတွေချည်းပဲ ကုန်နေတာလေ... နင်တို့ကလည်း ချွေတာဖို့ပဲ ပြောနေကြတာ...”

ချန်ချွန်းဟွာ က ဝေဝါးစွာဖြင့် ငြင်းဆိုရန် ကြိုးစားနေလေသည်။

အားယွင် သည် အရင်က ပိုက်ဆံသုံးရမှာကို မသိသော လူငယ်လေး မဟုတ်တော့ပေ။ သူက ပြောလိုက်သည်။

“တို့အိမ်က နေ့တိုင်း ဆီဆား ဝယ်နေရရင်တောင်... ပိုက်ဆံ မရှားပါဘူး... ကျွန်တော် အိမ်ကို ပို့ပေးတဲ့ ပိုက်ဆံတွေ ရှိသလို၊ အိမ်ခွဲတုန်းကလည်း ပိုက်ဆံတွေ အများကြီး ရခဲ့တာပဲလေ... မေမေ တို့ဖူး ရောင်းတာလည်း ဝင်ငွေ ရှိတာပဲ မဟုတ်လား... အဘွားအတွက် ထောက်ပံ့ကြေးပိုက်ဆံတောင် မပေးနိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး...”

“မေမေသာ ဒီပိုက်ဆံကို မပေးချင်ဘူး ဆိုရင်တော့... သား ရွာကို ပြန်လာပြီး လယ်ပဲ လုပ်တော့မယ်လေ... အိမ်က လယ်တွေကို ကြည့်ရင်းနဲ့ မေမေတို့နဲ့အတူ တို့ဖူးပဲ လိုက်ရောင်းတော့မယ်... မြို့ထဲမှာ အလုပ်လုပ်တာနဲ့ ဘာမှ မထူးပါဘူး...”

အားယွင် က တမင်တကာ ပြောလိုက်ခြင်း ပင်။

ချန်ချွန်းဟွာ သည် တကယ်ကို စိုးရိမ်သွားရလေသည်။

“ဘယ်လိုလုပ်ပြီး အတူတူ ဖြစ်နိုင်မှာလဲဟင်... မြို့ထဲမှာ အလုပ်လုပ်တာက ဂုဏ်ရှိတာလေ... နင်က ဘာလို့ ငါ့ကို ဒီလောက်အထိ စိတ်ဆိုးအောင် လုပ်နေရတာလဲဟင်...”

ချန်ချွန်းဟွာ သည် အားယွင် က ပြောသည့်အတိုင်း လုပ်မည့်သူ ဖြစ်မှန်း သိထားပေသည်။ သူမသည် သားအကြီးဆုံး မြို့ထဲတွင် ဆက်လက် နေထိုင်နိုင်စေရန်အတွက် မည်မျှပင် နှမြောနေပါစေ၊ နောက်ဆုံးတွင် ပိုက်ဆံကို ထုတ်ပေးလိုက်ရလေတော့သည်။

“အေးပါ... အေးပါ... ငါ့မှာ သားမွေးထားတာ မဟုတ်ဘူး... အဘိုးတစ်ယောက်ကို မွေးထားတာ ဖြစ်ရမယ်...”

ချန်ချွန်းဟွာ သည် ဆဲဆိုရင်းနှင့်ပင် အိမ်ထဲသို့ ဝင်ကာ ပိုက်ဆံအိတ်ကို သွားရှာလေတော့သည်။

အဘွားကု က အားယွင် အား လှမ်းကြည့်ကာ ပြောလိုက်၏။

“လိမ္မာတဲ့ကလေးလေး... မင်းမေမေ ဆီကနေ မကောင်းတာတွေ မသင်နဲ့နော်... လူဆိုတာ ဖြောင့်မတ်တဲ့ လမ်းကိုပဲ လျှောက်ရမယ်လေ... အဲ့ဒါမှ ဘဝက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာမှာပေါ့...”

အားယွင် က ခေါင်းညိတ်ပြလိုက်သည်။

“အဘွား... စိတ်မပူပါနဲ့... သား အဘွားစကားကို နားထောင်ပါ့မယ်...”

All Chapters