သတ္တိရှိတဲ့ ကလေးတစ်ယောက် ဖြစ်ပါစေ
Vol. 16 Ch. 158
ချန်ချွန်းဟွာ သည် အိမ်ထဲမှ ပိုက်ဆံများကို ယူလာစဉ်မှာပင် ဘေးခန်းမှ ထွက်လာသော သူမ၏ မရီးဖြစ်သူ ကျန့်ချွေ့အာ နှင့် ထိပ်တိုက် တွေ့ဆုံလေသည်။ သူမသည် မျက်လုံးလေး ကစားလိုက်ပြီး လက်ထဲမှ ပိုက်ဆံအိတ်ကို လှုပ်ခါပြကာ ပြောလိုက်၏။
“ညီမလေး... သားလတ် တို့ မိသားစုက အမေ့ကို မြို့တော်ကို ခေါ်သွားတော့မှာလေ... ဒါကြောင့် ငါက အမေ့အတွက် ထောက်ပံ့ကြေးပိုက်ဆံ သုံးနှစ်စာကို ကြိုပေးလိုက်တာပေါ့...”
ချန်ချွန်းဟွာ သည် သူမ တစ်ယောက်တည်း ပိုက်ဆံကုန်ရခြင်းကို မကျေနပ်သဖြင့် အဖော်ရှာခြင်းပင်။
ကျန့်ချွေ့အာ သည် စိတ်ထားကောင်းသူ ဖြစ်ပေသည်။ ချန်ချွန်းဟွာ ကဲ့သို့ ကပ်စေးနည်းသူ တစ်ဦး ဘာကြောင့် ရုတ်တရက် စိတ်ပြောင်းသွားရသလဲ ဆိုသည်ကို သူမ အံ့သြမိသော်လည်း သူမ ပေးရမည့် ပိုက်ဆံအတွက်မူ နှမြောခြင်း မရှိပေ။ သူမက ပြောလိုက်သည်။
“ဒါက တို့တွေ လုပ်ရမယ့် တာဝန်ပဲလေ... ကျွန်မလည်း အခုပဲ အိမ်ထဲဝင်ပြီး ပိုက်ဆံ သွားယူလိုက်ပါ့မယ်...”
ချန်ချွန်းဟွာ မှာမူ ကြောင်အသွားရရှာ၏။ သူမ၏ လင်ညီမဖြစ်သူမှာ ဤမျှ ပိုက်ဆံ အမြောက်အမြားကို နှမြောခြင်း မရှိဘဲ ပေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ကျန့်ချွေ့အာ သည် ပြောသည့်အတိုင်းပင် အိမ်ထဲသို့ ဝင်ကာ ပိုက်ဆံများသာမက သူမ ကိုယ်တိုင် ချုပ်ထားသော ဖိနပ်အချို့ကိုပါ ယူဆောင်လာခဲ့လေသည်။
အဘွားကု သည် ချန်ချွန်းဟွာ ထံမှ ပိုက်ဆံများကို လက်ခံရရှိပြီးစ အချိန်မှာပင် ကျန့်ချွေ့အာ ပေးသော ပိုက်ဆံနှင့် ဖိနပ်များကို မြင်လိုက်ရသောအခါ၊ သူမသည် ဝမ်းသာလွန်းသဖြင့် မျက်လုံးများပင် ကျိန်းသွားရတော့၏။
“အမေ... ကျွန်မက အလုပ်လုပ်တာ နှေးတော့လေ... အချိန်အကြာကြီး ယူလိုက်ရတယ်... အဘိုးအဘွားတွေနဲ့ နျိုနျို အတွက်ပဲ ဖိနပ်တွေ ချုပ်ပေးနိုင်သေးတာလေ... အားယန် နဲ့ အားကျောက် အတွက်တော့ မချုပ်ရသေးပါဘူး... တောင်းပန်ပါတယ်နော်...”
ကျန့်ချွေ့အာ က အားနာစွာဖြင့် ပြောဆိုလေသည်။
အဘွားကု က လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။
“ဒီလောက်အထိ လုပ်ပေးနိုင်တာကိုပဲ ကျေနပ်လှပါပြီဗျာ... ညည်း ရော ယွင်နန် ရော က လူကောင်းတွေပါ... ညည်းတို့ ဘဝကတော့ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာမှာ သေချာပါတယ်...”
အဘွားအို၏ ထိုကဲ့သို့ တိကျလှသော ဘက်လိုက်မှုကို ကြားလိုက်ရသောအခါ ချန်ချွန်းဟွာ မှာမူ ထပ်မံ၍ ဒေါသထွက်သွားရပြန်လေသည်။ သူမသည် သူမ၏ သားထံမှ နှစ်သိမ့်မှုကို မျှော်လင့်ခဲ့သော်လည်း အားယွင် ကမူ သူမအား ထပ်မံ၍ သင်ခန်းစာ ပေးလေတော့သည်။
“မေမေ... ကြည့်စမ်းပါဦး... အဘွားအပေါ်မှာ စိတ်ရင်းနဲ့ ကျေးဇူးသိတတ်မှုကို အမြဲ နှလုံးသွင်းထားရမှာလေ... မေမေလည်း ဦးလေးလတ် နဲ့ ဦးလေးငယ် တို့ရဲ့ ဇနီးတွေဆီကနေ သင်ယူသင့်တယ်... ဒါမှ နောက်ကျရင် အဘွားရဲ့ ချီးကျူးမှုကို ခံရမှာပေါ့...”
အားယွင် က အလေးအနက် ပြောဆိုလိုက်သည်။
ချန်ချွန်းဟွာ မှာမူ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းမှ မီးခိုးထွက်လုနီးပါး ဖြစ်သွားရ၏။ သူမက စိတ်ထဲမှနေ၍ "အဘွားအိုရဲ့ ချီးကျူးမှုကို ခံရတာဟာ အဲ့ဒီလောက်အထိ ကြီးကျယ်တဲ့ ကိစ္စလား" ဟု ကျိန်ဆဲနေမိတော့သည်။
အဘွားကု ကမူ သူမအား ပို၍ စိတ်တိုစေရန်အတွက် သူမ၏ ရင်ခွင်ထဲမှ ငွေလက်ကောက် တစ်စုံကို ထုတ်ယူကာ ကျန့်ချွေ့အာ ၏ လက်ကောက်ဝတ်တွင် ဝတ်ဆင်ပေးလိုက်လေသည်။
“ဒါက ငွေလက်ကောက် တစ်စုံလေ... ညည်းနဲ့ ယွင်နန် တစ်ယောက် တစ်ကွင်းစီပေါ့... ညည်းက ငါ့ရဲ့ အချစ်ဆုံး ချွေးမလေးပဲလေ...”
ချန်ချွန်းဟွာ ၏ မျက်လုံးများမှာ ပြူးကျယ်သွားရ၏။
“အမေ... အမေက ဘာလို့ ဒီလောက်အထိ ဘက်လိုက်ရတာလဲဟင်... ကျွန်မလည်း အမေ့အပေါ် အများကြီး လုပ်ကျွေးခဲ့တာပဲလေ...”
အဘွားကု က ပို၍ ပြတ်သားစွာပင် ပြောလိုက်သည်။
“ဘယ်သူက ငါ့အပေါ် ကောင်းလဲ၊ ငါက အဲ့ဒီလူကိုပဲ ချစ်တာပေါ့... ပြောစမ်းပါဦး... ညည်းက ဒီနှစ်တွေအတွင်း ငါ့ကို ဘာတွေ လုပ်ကျွေးခဲ့လို့လဲဟင်...”
ချန်ချွန်းဟွာ မှာမူ ချက်ချင်းပင် စကားဆွံ့သွားရရှာ၏။ သူမသည် အသည်းအသန် စဉ်းစားသော်လည်း သူမ၏ လုပ်ရပ်များထဲတွင် ကျေးဇူးသိတတ်သော အပြုအမူမျိုး တစ်ခုမျှ ရှာမတွေ့ခဲ့ပေ။
သူမသည် အားယွင် အား အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“နင့်အဘွားက တကယ်ကို အနိုင်ကျင့်လွန်းတာပဲနော်...”
အားယွင် ကမူ တည်ငြိမ်စွာဖြင့်ပင် ရှိနေ၏။
“မေမေ... အမှားကို ပြင်ဖို့အတွက် အခုထိ မနောက်ကျသေးပါဘူး... ဒီနေ့ကစပြီး မေမေက လိမ္မာတဲ့ ချွေးမ တစ်ယောက် ဖြစ်အောင် နေထိုင်မယ် ဆိုရင်တော့... အဘွားရဲ့ ချီးကျူးမှုနဲ့ ဆုလာဘ်တွေကို ရရှိမှာလေ...”
ချန်ချွန်းဟွာ က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“နင်က သူများကျောင်းမှာ ရက်နည်းနည်းလောက် သွားနေရုံနဲ့... အိမ်ပြန်ရောက်တာနဲ့ ငါ့ကိုတောင် စာတွေ လာသင်နေပြီပေါ့လေ...”
သားဖြစ်သူက သူမဘက်မှ မရပ်တည်ပေးသဖြင့် ချန်ချွန်းဟွာ မှာ ဒေါသထွက်လွန်းသဖြင့် အင်္ကျီလက်ကို ခါယမ်းကာ အိမ်ထဲသို့ ပြေးဝင်ပြီး လင်ဖြစ်သူ အစ်ကိုကြီးကု အား တိုင်တန်းလေတော့သည်။
“ရှင့်အမေက အရင်ကတည်းက ဘက်လိုက်တတ်တာလေ... အခုဆိုရင် ပိုဆိုးလာပြီ... ဒုတိယအိမ်နဲ့ တတိယအိမ်ကပဲ လူကောင်းတွေ ဖြစ်နေပြီး... ကျွန်မတို့ မိသားစု တစ်ခုလုံးကပဲ လူဆိုးတွေ ဖြစ်နေရတယ်...”
ချန်ချွန်းဟွာ က မရပ်မနား ညည်းတွားနေလေသည်။
အစ်ကိုကြီးကု မှာမူ ယခုတစ်ကြိမ်တွင် သူမ၏ သွေးထိုးမှုကို နားမထောင်တော့ဘဲ နားငြီးသည်ဟုသာ ခံစားနေရ၏။
“ဘက်လိုက်ရင်လည်း ဘက်လိုက်ပါစေပေါ့... ဘယ်လိုပဲဖြစ်ဖြစ် တို့တွေက အိမ်ခွဲနေကြပြီလေ... မင်းက ဘာတွေကို ထပ်ပြီး ရန်ဖြစ်ချင်နေရတာလဲဟင်... တို့တွေ အားလုံးက ပြန်ပြီး ပေါင်းနေကြမှာလား... ဒါမှမဟုတ် မင်းက တို့ ညီအစ်ကိုတွေကြားမှာ ပြဿနာ ရှာပြီးတော့... အားယွင် ရဲ့ အလုပ်ကိုပါ ပြုတ်စေချင်တာလားဟင်...”
ချန်ချွန်းဟွာ မှာမူ ထိုစကားကို ကြားသောအခါ အဘွားအို အကြောင်းကို ဆက်မပြောတော့ပေ။ သူမက တိုးတိုးလေး ရေရွတ်လိုက်၏။
“အေးပါ... အားလုံးကပဲ ချစ်နေကြတာပေါ့လေ... ငါ တစ်ယောက်တည်းကပဲ အပြင်လူ ဖြစ်နေရတာပါ...”
အစ်ကိုကြီးကု အတွက်မူ ယခုအချိန်တွင် သူသည် ပိုက်ဆံလည်း မရှား၊ တို့ဖူးရောင်းခြင်းဖြင့်လည်း ဝင်ငွေ ရှိနေသဖြင့် အဆင်ပြေနေပေသည်။ သူ၏ သားအကြီးဆုံးမှာလည်း အနာဂတ်ရှိပြီး လိမ္မာသူ ဖြစ်ရာ ရံဖန်ရံခါတွင် သူ့အတွက် အရက်နှင့် ဟင်းများကို ဝယ်ယူလာတတ်သည် မဟုတ်ပါလား။
ကုမင်တာ့ နှင့် နှိုင်းယှဉ်လျှင်မူ အစ်ကိုကြီးကု၏ ဘဝမှာ ဘာမှ မဟုတ်သော်လည်း ရွာထဲတွင်မူ သူသည် ပထမတန်းစား ဖြစ်နေချေပြီ။ ယခုအခါ သူသည် အရက်သောက်ရင်း ဟင်းစားစားရင်းနှင့် ဘာမှ ပူစရာ မရှိဟု ခံစားနေရ၏။ သူသည် အရင်က ချန်ချွန်းဟွာ ၏ သွေးထိုးမှုများကြောင့် ဦးလေးလတ် တို့နှင့် ဘာကြောင့် ရန်ဖြစ်ခဲ့ရသနည်း ဆိုသည်ကိုပင် သူ နားမလည်နိုင်တော့ပေ။
“မင်းလည်း အေးအေးဆေးဆေး နေစမ်းပါ... တစ်နေကုန် အလုပ်လုပ်နေတာလေ... မင်းသာ သားလတ် တို့ လင်မယားကို စိတ်အနှောင့်အယှက် ပေးနေမယ် ဆိုရင်တော့... နောက်ကျရင် ငိုရမယ့်သူက မင်းပဲ ဖြစ်လိမ့်မယ်...”
အစ်ကိုကြီးကု က ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်။
ချန်ချွန်းဟွာ မှာ ထိုစကားကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားသော်လည်း အစ်ကိုကြီးကု ပြောတာ မှန်နေသည် မဟုတ်ပါလား။ ဒုတိယအိမ်ကို စိတ်အနှောင့်အယှက် ပေးလိုက်လျှင် သူမအတွက် ဘာမှ အကျိုးအမြတ် ရှိလိမ့်မည် မဟုတ်ပေ။
အစ်ကိုကြီးကု က ထပ်မံ မှာကြားလိုက်ပြန်၏။
“ကြည့်စမ်း... ညီမငယ် ကတောင် ဖိနပ်တွေ ချုပ်တတ်သေးတာလေ... မင်းကကော ဘာလို့ မချုပ်တတ်ရတာလဲဟင်... တို့တွေက အဘိုးအဘွားတွေနဲ့ နျိုနျို ဆီကနေ အမြတ်တွေ အများကြီး ရထားတာလေ... ဒါကို ညီလေးတို့ လင်မယားကလည်း ရင်ထဲမှာ မှတ်ထားမှာ သေချာတယ်...”
ချန်ချွန်းဟွာ က တတိယအိမ်ကို ထပ်မံ ကျိန်ဆဲလိုက်ပြန်သည်။
“သူတို့ နှစ်ယောက်စလုံးက ဉာဏ်နီဉာဏ်နက်တွေ များလွန်းတာလေ... အမြတ်ရဖို့ဆိုရင် ကြောင်တွေလိုပဲ လျင်မြန်ကြတာပေါ့...”
သို့သော်လည်း အားယွင် အတွက်မူ သူမသည် သူမ၏ မကျေနပ်မှုများကို ရင်ထဲမှာသာ သိမ်းဆည်းထားလိုက်ပြီး အိမ်ထဲတွင် တစ်ခုခုကို အသည်းအသန် ရှာဖွေနေလေတော့သည်။
အစ်ကိုကြီးကု ကမူ သူမ ဘာလုပ်မည်ကို ဂရုမစိုက်ဘဲ ဆူညံမနေလျှင် ပြီးရောဟုသာ သဘောထားလိုက်၏။
ချန်ချွန်းဟွာ သည် သစ်အယ်သီးအိတ် တစ်အိတ်ကို အကြာကြီး ရှာဖွေပြီးနောက်တွင်မှ တွေ့ရှိလေသည်။ သူမသည် ထိုအိတ်ကို အားယွင် စားရန်အတွက် သိမ်းဆည်းထားခြင်း ဖြစ်သော်လည်း ယခုအခါ စိတ်ကို လျှော့လိုက်ပြီး နျိုနျို ထံသို့ သွားပေးလိုက်လေတော့သည်။
“နျိုနျို... ဒါက ဒီနှစ်မှ အသစ်ထွက်တဲ့ သစ်အယ်သီးတွေလေ... ချန်မိသားစု က ဦးလေး ပို့ပေးလိုက်တာပါ... အရမ်း ချိုတာမို့လို့... သမီးလေး စားကြည့်ပါဦးနော်...”
ရချန်ချွန်းဟွာ က သစ်အယ်သီး အိတ်ကို နျိုနျိုအား ကမ်းပေးလိုက်လေသည်။
ကုတာ့ယာ က နားမလည်သလို မေးမြန်းလိုက်၏။
“မေမေ... ဦးလေး က တို့အိမ်ကို ဘယ်တုန်းက သစ်အယ်သီးတွေ ပို့လိုက်တာလဲဟင်... သမီး ဘာမှ မသိပါလား...”
ချန်ချွန်းဟွာ က သူမ၏ သမီးကို လက်ဖြင့် ပုတ်ကာ ပြောလိုက်သည်။
“နင်က ဘယ်နှနှစ် ရှိပြီလဲ... အခုထိ မုန့်မက်နေတုန်းပဲလားဟင်... ဒါက နျိုနျိုလေး စားဖို့လေ... နင်နဲ့ မဆိုင်ဘူး...”
ကုတာ့ယာ က မကျေမနပ် ဖြစ်ကာ နှုတ်ခမ်းမဲ့လိုက်လေတော့သည်။
ချန်ချွန်းဟွာ ထွက်သွားသောအခါ နျိုနျိုသည် သစ်အယ်သီးများကို ကုတာ့ယာ နှင့် ကုရှောင်ယာ တို့အား ချက်ချင်းပင် ခွဲဝေပေးလိုက်၏။
“အရင်တုန်းက အဒေါ်ကြီး က သမီးကို မတွေ့ချင်ယောင်ဆောင်နေတာလေ... ဒါပေမဲ့ အိမ်ခွဲပြီးနောက်မှာတော့ သမီးအပေါ် အရမ်း ကောင်းလာလို့ သမီးတောင် ကျင့်သားမရ ဖြစ်နေတယ်...”
နျိုနျိုက တိုးတိုးလေး ပြောလိုက်သည်။
ကုတာ့ယာ က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။
“ငါလည်း ငါ့မေမေ ကို နားမလည်တော့ပါဘူး... သူက ကိုကိုကြီး၊ ကိုကိုလတ် နဲ့ နျိုနျို ကိုပဲ ချစ်တာလေ... ငါ့ကိုတော့ မချစ်ပါဘူး... နျိုနျိုရဲ့ မိဘတွေက ပိုကောင်းပါတယ်... သူတို့က နျိုနျိုကိုပဲ အချစ်ဆုံး မဟုတ်လားဟင်... ငါလည်း ဦးလေးလတ် ရဲ့ သမီး ဖြစ်ချင်လိုက်တာ...”
ပုံမှန်အားဖြင့် ထိုကဲ့သို့သော စကားမျိုးမှာ ကုရှောင်ယာ နှင့် ထပ်တူကျလေ့ ရှိသော်လည်း ယခုအခါ ကုရှောင်ယာ ကမူ ဝင်မပြောဘဲ ရှိနေပေသည်။
“ငါ့မိဘတွေကလည်း ငါ့အပေါ်မှာ အရမ်း ကောင်းကြပါတယ်...”
ကျန့်ချွေ့အာ နှင့် အိမ်ထောင်ကျပြီး တစ်လခန့်အကြာတွင် ကုရှောင်ယာ ၏ အတွေးများမှာ ပြောင်းလဲသွားခဲ့ချေပြီ။ ကလေးများမှာလည်း ဘယ်သူက မိမိအပေါ် တကယ် ကောင်းသလဲ ဆိုသည်ကို သိရှိနိုင်ကြသည် မဟုတ်ပါလား။
ကုတာ့ယာ က သက်ပြင်းချကာ ပြောလိုက်သည်။
“ဒါတွေကို ဆက်မပြောတော့ပါဘူး... သေသေချာချာ စဉ်းစားကြည့်ရင် ငါ တစ်ယောက်တည်းပဲ ဝမ်းနည်းနေရတာပါ...”
နျိုနျိုက နှစ်သိမ့်လိုက်၏။
“အစ်မကြီးတာ့ယာ... ကိုကိုအားယွင် က အရမ်း စိတ်ထားကောင်းတာလေ... အစ်မကြီးမှာ မကျေနပ်တာ ရှိရင် ကိုကို့ကို ပြောပြလိုက်ပေါ့... ကိုကိုကနေတစ်ဆင့် အဒေါ်ကြီးကို ပြန်ပြောခိုင်းလို့ ရတာပဲလေ...”
ကုတာ့ယာ သည် ထိုစကားကို ကြားသောအခါ ကြောင်အသွားရ၏။ အားယွင် သည် သူမ၏ အစ်ကိုအရင်း ဖြစ်သော်လည်း မောင်နှမ အချင်းချင်းမှာမူ စကားများကို လေးလေးနက်နက် ပြောဆိုလေ့ မရှိကြဘဲ မိမိတို့ ဘာသာသာ ဆော့ကစားနေကြသည် မဟုတ်ပါလား။
“ကိုကို က အခု အောင်မြင်နေတာလေ... ငါ့လို ကလေးတစ်ယောက်ရဲ့ ညည်းတွားသံတွေကို သူ နားထောင်ပါ့မလားဟင်...”
ကုတာ့ယာ က တိုးတိုးလေး မေးမြန်းလိုက်သည်။ သူမသည် ကိုကိုဖြစ်သူက သူမအား ငြင်းပယ်လိုက်မှာကိုလည်း စိုးရိမ်နေမိ၏။
နျိုနျိုက ခေါင်းလေးစောင်းကာ ပြောလိုက်သည်။
“အစ်မကြီးကလည်း... ကိုကိုအားယွင် က အစ်မကြီးရဲ့ အစ်ကိုအရင်းပဲလေ... သူက ဆူရင်တောင် နည်းနည်းပဲ ဆူမှာပေါ့... ဘာကို ကြောက်နေတာလဲဟင်...”
ကုတာ့ယာ ခေါင်းငုံ့ကာ တစ်ခုခုကို စဉ်းစားနေမိ၏။
နျိုနျိုက ဆက်ပြောလိုက်သည်။
“သတ္တိရှိရမယ်လေ...”
“ဟင်...”
ကုတာ့ယာ မှာ ကြောင်သွားရရှာသည်။
ကုမင်တာ့သည် နျိုနျိုအား ဘဝသင်ခန်းစာ များစွာကို သင်ကြားပေးခဲ့သူ ဖြစ်ပေသည်။ သူသည် သူ၏ အတွေ့အကြုံများနှင့် အသိဉာဏ်များကို သမီးဖြစ်သူ၏ ခေါင်းထဲသို့ အကုန် ထည့်ပေးချင်နေသူပင်။ နျိုနျိုသည် အမြဲတမ်း ထိုအမှန်တရားများကို လက်ခံခဲ့သူ ဖြစ်ရာယခုအခါတွင်မူ သူမသည် အခြားသူများအား ထိုအမှန်တရားများကို ပြန်လည် ဝေမျှပေးရန် အခွင့်အရေး ရရှိခဲ့ချေပြီ။
သူမသည် လက်သီးလေးကို ဆုပ်ကာ ကုတာ့ယာ အား အားပေးသော အကြည့်ဖြင့် ကြည့်လျက် ပြောလိုက်သည်။
“ဖေဖေ ပြောဖူးတယ်လေ... အကျိုးဆက်က အရမ်း မဆိုးဘူး ဆိုရင်တော့... တို့တွေ သတ္တိရှိရှိ လုပ်ဆောင်သင့်တယ်တဲ့... အရာရာတိုင်းဟာ ပထမဆုံး မြင်ရတဲ့ အချိန်မှာ ခက်ခဲတယ်လို့ ထင်ရပေမဲ့... ခြေတစ်လှမ်း စလှမ်းလိုက်တာနဲ့ အရာရာက လွယ်ကူသွားတာပဲလေ...”