← Chapters

အသက်မွေးဝမ်းကျောင်း အတွေးများ

Vol. 16 Ch. 159

အသက်မွေးဝမ်းကျောင်း အတွေးများ

Vol. 16 Ch. 159

ဒုတိယအိမ်မှ လူအများမှာ ကျေးလက်တွင် နေ့လယ်စာ စားသောက်ကြပြီးနောက် မြို့သို့ ပြန်ရန် ပြင်ဆင်ကြကုန်၏။

“ညီလေးလတ်... မင်းက အစိုးရစာမေးပွဲမှာ အောင်မြင်ခဲ့တာလေ... တို့မိသားစု တကယ်ပဲ ဂုဏ်ပြုအရက် မသောက်ကြတော့ဘူးလား...”

အစ်ကိုကြီးကု က ထိုကိစ္စကို ပြောဆိုရင်း နှမြောတသဟန် ပြနေဆဲ ပင်။

သခင်မကု ကလည်း ခေါင်းကို တွင်တွင်ညိတ်လျက် ပြောလိုက်သည်။

“ဟုတ်ပါ့ သားလတ်ရယ်... တို့အိမ်မှာ ပျော်ပျော်ပါးပါး မလုပ်ဖြစ်တာ ဘယ်လောက်တောင် ကြာပြီလဲ...”

ကုမင်တာ့သည် လူကြီးများ၏ ပျော်ချင်ပါးချင်သည့် စိတ်ကို နားလည်သော်လည်း ခေါင်းခါလျက်ပင် ငြင်းဆိုလိုက်၏။

“အမေ... တို့အိမ်မှာ သားငယ် ရဲ့ မင်္ဂလာပွဲကို နွေဦးတုန်းကပဲ လုပ်ခဲ့တာလေ... အမေ မေ့သွားပြီလားဟင်...”

သခင်မကု က နှုတ်ခမ်းမဲ့ကာ ပြန်ပြောလိုက်သည်။

“လက်ထပ်တာက လက်ထပ်တာလေ... စာမေးပွဲအောင်တာက တစ်ကဏ္ဍပေါ့... မင်း ဘယ်လိုတွေ တွေးနေလဲ မသိပါဘူး... တခြားလူတွေဆိုရင် ပညာသင်စာမေးပွဲ အောင်ရင်တောင် အရက်သောက်ပြီး မုန့်ဖိုးတွေ ကောက်ကြတာလေ... မင်းကျမှပဲ ဂုဏ်ယူစရာ ကိစ္စကြီးကို ဘာမှ မလုပ်ချင်ရတာလဲ...”

သခင်မကု ပြောဆိုနေသည်မှာ အခြားသူ မဟုတ်ဘဲ ကျန်းကွမ်ကျုံး ကို ဆိုလိုခြင်း ဖြစ်ပေသည်။ ထိုစဉ်က သူ ပညာသင်စာမေးပွဲ အောင်မြင်ခဲ့စဉ်က အကြီးအကျယ် ကျင်းပခဲ့သဖြင့် ရွာသားများမှာ ကွယ်ရာတွင် မည်မျှအထိ အတင်းပြောခဲ့ကြသည်ကို မသိနိုင်တော့ပေ။

ကုမင်တာ့က ပြုံးလျက် ပြောလိုက်သည်။

“အမေရယ်... တို့တွေက ပျော်စရာ ကိစ္စတွေကို လျှော့လုပ်မှ ရွာသားတွေလည်း သက်သာမှာပေါ့... မဟုတ်ရင် လူတွေက တစ်နေကုန် အဝင်အထွက် လုပ်နေရပြီး... အများစုက မတတ်နိုင်ကြဘူးလေ...”

အစ်ကိုကြီးကု မှာမူ ထိုမျှအထိ အလေးအနက် မတွေးတော့ပေ။ ဘာပဲဖြစ်ဖြစ် သူ့အတွက်မူ အရက်နှင့် ဟင်းကောင်းကောင်း ရှိနေလျှင် နေ့တိုင်းမှာ ပျော်စရာ နေ့ရက်များ ပင်။

“အမေ... ညီလေးလတ် ပြောတာလည်း ဟုတ်ပါတယ်... အကယ်၍ ညီလေးလတ် က နောက်ကျရင် အရာရှိ ဖြစ်လာရင်... ရွာထဲက လူတွေက လက်ဆောင် နည်းနည်းလောက် ပေးပြီးတော့... ညီလေးလတ် ကို အတင်း အကူအညီ တောင်းနေကြမှာပေါ့...”

အစ်ကိုကြီးကု က ထိုသို့ ပြောဆိုလိုက်သည်။

မိမိ၏ အကျိုးစီးပွားနှင့် ပတ်သက်လာသောအခါ သခင်မကု ၏ ပျော်ချင်ပါးချင်သည့် စိတ်မှာ ချက်ချင်းပင် လွင့်ပါးသွားတော့၏။

“ဒါဆိုရင်တော့ မဖြစ်ဘူးလေ... အရက်မသောက်လည်း ကိစ္စမရှိပါဘူး... တို့အိမ်ထဲမှာတင် တို့ဘာသာ ပျော်ကြတာပေါ့...”

ကုမင်တာ့ တို့ မိသားစုမှာ မြို့တော်သို့ သွားကြတော့မည် ဖြစ်သော်လည်း မြို့ထဲရှိ သူတို့၏ အိမ်နှင့် ဆိုင်ကိုမူ လုံးဝ လက်လွှတ်လိုက်ခြင်း မရှိကြသေးပေ။

“မရီးလတ်... မရီး ကို အားနာစရာ ဖြစ်သွားပြီနော်...”

ကျန့်ချွေ့အာ သည် ပဲထုတ်ကုန်များ ထည့်ထားသော ခြင်းတောင်း နှစ်ခြင်းကို မြင်းလှည်းပေါ်သို့ တင်ရင်း ပြောလိုက်သည်။

ကျန်းယွင်နန် က ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

ကျန့်ချွေ့အာ သည် ကုမိသားစုထဲသို့ ရောက်လာပြီးနောက် ညီလေးကု နှင့်အတူ တို့ဖူးလုပ်ငန်းကို ဝိုင်းကူလုပ်ကိုင်ခဲ့ပေသည်။ ပထမအိမ်မှ လင်မယားမှာ တို့ဖူးကိုသာ အာရုံစိုက်နေကြသော်လည်း သူမကမူ တို့ဖူး ရောင်းအားမှာ အကန့်အသတ် ရှိနေသည်ကို ရိပ်မိနေခြင်း ပင်။

သူမသည် အလွန် တက်ကြွသော အမျိုးသမီး ဖြစ်ရာ အခြားသော ပဲထုတ်ကုန်များကိုပါ ထပ်မံ ရောင်းချရန် ကြံစည်ခဲ့လေသည်။ ယခုအခါ သူမသည် ခြင်းတောင်းကြီး နှစ်ခြင်းကို ကျန်းယွင်နန် အား ပေးအပ်လိုက်ခြင်းမှာ ဒုတိယအိမ်မှနေ၍ မြို့ထဲတွင် ဝယ်သူရှာပေးနိုင်မလားဟု အကူအညီ တောင်းခံခြင်းပင်။

“အစ်မကြီးချွေ့အာ လုပ်တဲ့ တိုဖူးနု က အရမ်း စားလို့ကောင်းတာပဲနော်... သမီး ထင်တာတော့... အစ်မကြီး မြို့ထဲမှာ တိုဖူးနု ဆိုင်လေး ဖွင့်သင့်တယ်...”

နျိုနျိုက ရုတ်တရက် ဝင်ပြောလိုက်သည်။

ကျန်းယွင်နန် က ညင်သာစွာ သတိပေးလိုက်၏။

“နျိုနျိုလေး... တတိယအဒေါ် လို့ ခေါ်ရမယ်လေ...”

ကျန့်ချွေ့အာ က ပြုံးလျက် ပြောလိုက်သည်။

“မရီးလတ်ရယ်... ကိစ္စမရှိပါဘူး... နျိုနျိုလေး ကြိုက်သလို ခေါ်ပါစေ... နျိုနျိုလေး... အစ်မလုပ်တဲ့ တိုဖူးနု က တကယ်ပဲ စားလို့ကောင်းလို့လားဟင်...”

ကျန်းယွင်နန် က ဆူသဖြင့် နျိုနျိုသည် လိမ္မာစွာပင် စကားပြင်လိုက်၏။

“တတိယအဒေါ်... သမီးကတော့ အဒေါ်လုပ်တဲ့ တိုဖူးနု ထက် ကောင်းတာ တစ်ခါမှ မစားဖူးဘူးလေ... အဒေါ်က ဆားလေးဖြူး၊ ကြက်သွန်မြိတ်လေးခတ်၊ ပြီးတော့ ပဲလှော်လေးတွေနဲ့ အသားစင်းကောလေးတွေ ပါ ထည့်ပေးထားတာ မဟုတ်လား... အစပ်လေးလည်း နည်းနည်း ပါတော့... အရမ်း စားလို့ကောင်းတာပဲ...”

နျိုနျို၏ ပြောပြချက်ကို နားထောင်ပြီးနောက် လူတိုင်းမှာ အသံကျယ်ကျယ်ဖြင့် ပြောဆိုမိကြကုန်၏။ လောကတွင် ရှာမှရှားသော အရသာ တစ်ခု ကဲ့သို့ပင်။

ချန်ချွန်းဟွာ ကမူ မနာလိုသလို လေသံဖြင့် ဝင်ပြောလိုက်သည်။

“ညီမငယ်... တို့တွေကိုတော့ တိုဖူးနု တစ်ခွက်လောက်တောင် မပေးဘူးနော်... တို့လည်း အဲ့ဒီလောက် ကောင်းတဲ့ အရသာကို မြည်းကြည့်ချင်တာပေါ့...”

လူကြီးများ မစားရသေးသော်လည်း ကလေးများမှာမူ ဗိုက်ပင် ဝနေကြချေပြီ။

“မေမေ လုပ်တဲ့ တိုဖူးနု က တကယ် စားလို့ကောင်းတာလေ...”

ကုရှောင်ယာ က ဂုဏ်ယူစွာ ပြောလိုက်သည်။

ကုရှောင်ပေါင် ကလည်း ခေါင်းကို တွင်တွင်ညိတ်ပြ၏။ အစတုန်းက သူသည် မိထွေးဖြစ်သူအား ငြင်းဆန်ခဲ့သော်လည်း ယခုအခါတွင်မူ မတတ်နိုင်တော့ချေ။ မိထွေးလုပ်ပေးသော တိုဖူးနု မှာ အရမ်း စားလို့ကောင်းလွန်းလှသည် မဟုတ်ပါလား။

ကုတာ့ယာ သည်လည်း လျှာကို သပ်ရင်း ပြောလိုက်သည်။

“အရမ်း စားလို့ကောင်းတာပဲ... လျှာတောင် မျိုချချင်စိတ် ပေါက်သွားတယ်...”

အားယွင် ကလည်း ထောက်ခံလိုက်၏။

“တတိယအဒေါ်... အဒေါ်သာ မြို့ထဲမှာ တိုဖူးနု ဆိုင်ဖွင့်မယ် ဆိုရင်တော့... ကျွန်တော် နေ့တိုင်း လာအားပေးမှာနော်...”

ချန်ချွန်းဟွာ မှာမူ အရှုံးမခံနိုင်သော သူ ဖြစ်ရာ ပြောလိုက်သည်။

“ကိုယ့်မိသားစု အလုပ်ကိုတောင် ပိုက်ဆံပေးရဦးမှာလားဟင်... တိုဖူးနု လေး နည်းနည်းလောက်ကို... တန်ဖိုးရှိလှချေလား...”

သူမက သားဖြစ်သူကို ကာကွယ်ချင်လေလေ အားယွင် ကမူ သူမအား ပို၍ သင်ခန်းစာ ပေးလေလေ ပင်။

“ကိုယ့်မိသားစု အလုပ်မှာ ပိုက်ဆံမပေးရင်... အဲ့ဒီပိုက်ဆံတွေက အပြင်လူတွေဆီပဲ ရောက်ကုန်မှာပေါ့... ကျွန်တော်ကတော့ ကိုယ့်မိသားစုဝင်တွေပဲ ပိုက်ဆံရစေချင်တာလေ...”

ချန်ချွန်းဟွာ သည် ထိုစကားကြောင့် ဒေါသထွက်သွားရလေသည်။

“နင်ကတော့ တို့တွေရဲ့ ပိုက်ဆံကို စုဆောင်းမပေးဘဲ... သူများကိုပဲ ပေးချင်နေတာပေါ့လေ...”

အားယွင် က အလိုက်သင့်ပင် ပြန်ပြောလိုက်၏။

“မေမေက အဲ့လို ထင်နေရင်လည်း... ကျွန်တော် မြို့ထဲမှာပဲ ရှာပြီး မြို့ထဲမှာပဲ အကုန် သုံးပစ်လိုက်မယ်လေ... အိမ်ကို ပိုက်ဆံ တစ်ပြားမှ မပို့တော့ဘူးပေါ့...”

ချန်ချွန်းဟွာ မှာမူ သူမ၏ သားအရင်းကြောင့် နှာခေါင်းပင် ကောက်သွားတော့မည့် အလား ဖြစ်နေရရှာ၏။

ကျန့်ချွေ့အာ သည် လူအများက သူမ၏ တိုဖူးနု ကို ချီးကျူးနေကြသည်ကို ကြားသောအခါ ရင်ထဲတွင် ယုံကြည်မှုများ ပိုမို ရရှိလာလေသည်။ သူမက နျိုနျိုအား ပြောလိုက်၏။

“နျိုနျိုလေး က အဲ့လို ပြောမှတော့... အကယ်၍ ဒီ ပဲပြားခြောက်တွေက မရောင်းရဘူး ဆိုရင်လည်း... အဒေါ် မြို့ထဲကို သွားပြီးတော့... ဆိုင်လေး တစ်ဆိုင် စမ်းဖွင့်ကြည့်ပါ့မယ်...”

သူမသည် တိုဖူးနု ရောင်းခြင်းကို သူမ၏ ဘဝအတွက် အရန်လမ်းစ တစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်း ပင်။

နျိုနျိုက ခေါင်းလေးစောင်းကာ ပြောလိုက်သည်။

“အဒေါ်... ပဲပြားခြောက်တွေလည်း သေချာပေါက် ရောင်းရမှာပါ... တိုဖူးနု ဆိုရင်လည်း လူတွေ အလုအယက် ဝယ်ကြမှာပေါ့... အဒေါ်ရဲ့ လက်ရာက အရမ်း ကောင်းတာပဲလေ... အဒေါ် လုပ်သမျှ အကုန် စားလို့ကောင်းတာပေါ့...”

ကျန့်ချွေ့အာ သည် ကလေးမလေး၏ ချီးကျူးစကားကြောင့် အလွန် ပျော်ရွှင်သွားပြီး မျက်လုံးများပင် မှိတ်သွားသည်အထိ ပြုံးပြလိုက်၏။

“ဒါဆိုရင်တော့ နျိုနျိုလေး ရဲ့ မင်္ဂလာစကား အတိုင်း ဖြစ်ပါစေပေါ့... အဲ့ဒီအချိန်ကျရင် အဒေါ်က တိုဖူးနု ရောင်းမယ်၊ နျိုနျိုရဲ့ တတိယဦးလေး ကတော့ အိမ်မှာ တိုဖူးလုပ်ပေါ့...”

နျိုနျိုက ထပ်ပြောလိုက်ပြန်သည်။

“ဒါဆိုရင် အဒေါ်လည်း ပိုက်ဆံတွေ အများကြီး ရှာနိုင်ပြီးတော့... အိမ်ကြီးကြီး တစ်လုံး ဝယ်နိုင်မှာပေါ့... နေ့တိုင်းလည်း အရသာရှိတာတွေ စားရမှာပေါ့နော်...”

ကျန့်ချွေ့အာ မှာလည်း ထိုကဲ့သို့သော အနာဂတ်ပုံရိပ်ကို တွေးကြည့်ကာ ကြည်နူးနေမိ၏။

နျိုနျိုက သူမအား ယုံကြည်စေရန်အတွက် ဆက်လက် ပြောဆိုလေသည်။

“တတိယအဒေါ် ရဲ့ ပဲလှော်လေးတွေက အရမ်း စားလို့ကောင်းတာလေ... မာမာတောင့်တောင့်ကြီး မဟုတ်ဘဲနဲ့... ဝါးလိုက်ရင် တကယ့်ကို အရသာ ရှိတာ... သမီး တစ်ယောက်တည်းတောင် ပန်းကန်အကြီးကြီး ကုန်အောင် စားနိုင်တယ်... တိုဖူးနု နုနုလေးနဲ့သာ တွဲစားလိုက်ရင်တော့... ပြောစရာတောင် မလိုတော့ဘူးပေါ့...”

ကျန်းယွင်နန် က ပြုံးလျက် ပြောလိုက်သည်။

“နက်ဖြန်ကျရင်တော့... ညီမငယ် ရဲ့ တိုဖူးနု ကို ကျွန်မလည်း သေချာ မြည်းကြည့်ရဦးမှာပေါ့... နျိုနျို ပြောတာကို နားထောင်ကြည့်ရတာ... ကျွန်မ လွန်ခဲ့တဲ့ ဆယ်နှစ်ပတ်လုံး စားခဲ့တဲ့ တိုဖူးနု တွေက အလကား ဖြစ်သွားသလိုပဲနော်...”

ကျန့်ချွေ့အာ က ပြောလိုက်၏။

“ဒီနေ့တော့ အချိန်နှောင်းသွားပြီဆိုတော့ နှမြောစရာပါပဲ... တခြားတစ်နေ့ကျရင်တော့ ကျွန်မ မြို့ကို သေချာ လာပို့ပေးပါ့မယ်... မရီးလတ် ကို မြည်းခိုင်းရမှာပေါ့...”

ကျန်းယွင်နန် သည် ကျန့်ချွေ့အာ အတွက် စေတနာနှင့် အကြံပြုလိုက်သည်။

“ညီမငယ် တကယ်ပဲ တိုဖူးနု ရောင်းမယ် ဆိုရင်တော့... အငန်အရသာ တစ်မျိုးတည်းနဲ့ ဆိုရင်တော့ လူကြိုက်နည်းနိုင်တယ်လေ...”

“အချိုအရသာလည်း လုပ်လို့ ရတာပဲလေ... ပဲနီလေးတွေနဲ့ သစ်သီးခြောက်လေးတွေ ထည့်လိုက်ရင်ပေါ့... ချိုချိုလေးနဲ့လည်း အရမ်း စားလို့ကောင်းမှာပါ...”

နျိုနျိုက နေရာတွင်ပင် ကျန့်ချွေ့အာ အတွက် အစီအစဉ်များ ချပေးလိုက်လေသည်။

ကျန့်ချွေ့အာ မှာမူ သူမ၏ ဆိုင်လေး ဖွင့်လှစ်တော့မည့် အလား စိတ်ကူးယဉ်နေမိတော့၏။

နျိုနျို မည်မျှပင် မခွဲနိုင် မခွာရက် ဖြစ်နေပါစေ၊ မြင်းလှည်းမှာမူ မြို့ဘက်သို့ ဦးတည် ထွက်ခွာခဲ့ချေပြီ။ အားယွင် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။ သူက ခွင့်ရက် ရထားသဖြင့် အိမ်တွင် နောက်ထပ် နှစ်ရက်ခန့် ထပ်မံ နေထိုင်မည် ဖြစ်ပေသည်။

မြင်းလှည်းမှာ လမ်းဆုံတွင် ပျောက်ကွယ်သွားသည်နှင့် ချန်ချွန်းဟွာ က ပြောလိုက်လေသည်။

“နျိုနျို ဒီနေ့ ပြန်လာတာဆိုတော့... နင် တစ်နေကုန် ဆော့နေတာ မဟုတ်လား... နင့်ကိုကို ရဲ့ အဝတ်တွေ အခုထိ မလျှော်ရသေးဘူးလေ... မြန်မြန် သွားလုပ်စမ်း...”

“ကိုကို က တစ်နေကုန် ဘာမှ မလုပ်ဘဲ အားနေတာကို... ကိုယ့်အဝတ်ကိုယ် မလျှော်နိုင်ဘူးလားဟင်...”

ကုတာ့ယာ က တိုးတိုးလေး ရေရွတ်လိုက်သည်။

ချန်ချွန်းဟွာ သည် ထိုစကားကို ကြားသွားပြီး ပြောလိုက်၏။

“ငပျင်းမလေး... နင် ဘာပြောလိုက်တာလဲ... ခိုင်းရင် လုပ်စမ်းပါ... ဘာတွေ ပေါက်ကရ ပြောနေရတာလဲ... နောင်ကျရင် လင်အိမ် ရောက်ရင်ကော အလုပ်မလုပ်ဘဲ နေမှာလားဟင်...”

ကုတာ့ယာ က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်လေသည်။

“မေမေ လည်း လင်အိမ်မှာ အလုပ်မလုပ်ဘဲနဲ့... အိမ်ခွဲမခင်က နေ့တိုင်း ပျင်းနေခဲ့တာပဲ မဟုတ်လားဟင်...”

ချန်ချွန်းဟွာ မှာ စိုးရိမ်တကြီး ဖြစ်သွားပြီး သူမအား ချက်ချင်းပင် ရိုက်နှက်လေတော့သည်။

ကုတာ့ယာ သည် မူလက ထွက်ပြေးရန် ပြင်သော်လည်း နျိုနျို ပြောခဲ့သည်ကို သတိရကာ အားယွင် ၏ အနောက်တွင် ပုန်းလိုက်လေ၏။

“ကိုကို... သမီးကို ကယ်ပါဦး... မေမေ သမီးကို သတ်တော့မှာပဲ...”

ကုတာ့ယာ က အော်ဟစ်လိုက်သည်။

အားယွင် သည် တွန့်ဆုတ်ခြင်း မရှိဘဲ ရှေ့သို့ ထွက်ကာ နှမဖြစ်သူ၏ ရှေ့တွင် ကာကွယ်ပေးလိုက်လေသည်။

ချန်ချွန်းဟွာ သည် ဒေါသထွက်လွန်းသဖြင့် ပြောလိုက်၏။

“ဖယ်စမ်း... မဟုတ်ရင် နင့်ကိုပါ ပေါင်းပြီး ရိုက်မှာနော်...”

ကုတာ့ယာ က အော်ပြောလိုက်သည်။

“မေမေ က ဘက်လိုက်လွန်းတယ်...”

ချန်ချွန်းဟွာ သည် သူမတွင် အမှားရှိသည်ဟု လုံးဝ မထင်ဘဲ ပြန်ပြောလိုက်၏။

“ရွာထဲက ဘယ်မိန်းကလေးကများ ဒီလို မနေရလို့လဲဟင်... သူများ သမီးတွေဆိုရင် နင့်ထက် အလုပ်တွေ အများကြီး ပိုလုပ်ရတာလေ... သူတို့တွေများ အိမ်ကို ပြန်ပြီး ရန်တွေ့နေတာ မြင်ဖူးလို့လားဟင်...”

“တခြားသူတွေ အဲ့လို နေရတိုင်း မှန်တယ်လို့ ပြောလို့ ရပါ့မလား... နျိုနျို ကျတော့ ဘာလို့ အဲ့လို မဟုတ်ရတာလဲဟင်... တတိယအဒေါ် တောင်မှ အဲ့လို မလုပ်ပါဘူး...”

ကုတာ့ယာ ပြောရင်းနှင့်ပင် မျက်ရည်များ ကျလာရလေတော့သည်။

All Chapters