အစ်ကိုကောင်း
Vol. 16 Ch. 160
မူလက ဤမိသားစုတွင် ဘဝအဆိုးရွားဆုံး သမီးငယ်မှာ ကုရှောင်ယာ ဖြစ်ပေသည်။
သို့သော်လည်း မိခင် အသစ် ရရှိပြီးနောက်တွင်မူ ကုရှောင်ယာ ၏ ဘဝမှာ ပို၍ လွယ်ကူလာခဲ့၏။ ကျန့်ချွေ့အာ သည် ဒုတိယအိမ်က နျိုနျို ကို ချစ်သကဲ့သို့ ရှောင်ယာ ကို မချစ်သော်လည်း အနည်းဆုံးတော့ သူမ၏ မျက်လုံးထဲတွင် ရှောင်ယာ နှင့် ရှောင်ပေါင် တို့ကြား ခွဲခြားဆက်ဆံခြင်း မရှိပေ။
ယခုအခါ ကုတာ့ယာ မှာမူ နေရခက်ဆုံး သူ ဖြစ်လာခဲ့ချေပြီ။ သူမသည် မိမိ၏ အိမ်တွင် နေထိုင်ရသော်လည်း ဒုတိယတန်းစား လူသားတစ်ဦးကဲ့သို့ ဖြစ်နေရသည် မဟုတ်ပါလား။
“ရွာထဲကို သွားကြည့်စမ်းပါ... ဘယ်သူ့သမီးကများ နင့်လောက်အထိ အလုပ်နည်းလို့လဲဟင်... ကျေနပ်စမ်းပါ...”
ချန်ချွန်းဟွာ က ပြင်းပြင်းထန်ထန် ပြောလိုက်သည်။
သူမ၏ ပုံစံမှာ ညီမဖြစ်သူအား အရှင်လတ်လတ် စားပစ်တော့မည့် အလား ရှိနေသဖြင့်
အားယွင် သည် သူတို့ နှစ်ဦးအား ဆက်လက် ရန်မဖြစ်စေတော့ဘဲ ညီမဖြစ်သူကို အိမ်ထဲသို့ ဆွဲခေါ်သွားလေတော့သည်။
ကုတာ့ယာ သည် အိမ်ထဲသို့ ရောက်သည်နှင့် ငိုယိုလေတော့၏။
“သမီးက မိန်းကလေး ဖြစ်နေလို့ပဲ... အိမ်ရဲ့ အစေခံလို လုပ်နေရတာလားဟင်...”
အားယွင် သည် နှမဖြစ်သူမှာ မျက်နှာတွင် မျက်ရည်များဖြင့် ပေပွနေသည်ကို မြင်သောအခါဂအဝတ်စ တစ်ခုကို ယူကာ သူမ၏ မျက်နှာကို သုတ်ပေးလိုက်၏။
“နံလိုက်တာ... အဝတ်စကြီးက...”
ကုတာ့ယာ က အော်ဟစ်လိုက်သည်။
အားယွင် ကမူ ရယ်ကျဲကျဲနှင့် လက်ကို ပြန်ရုတ်လိုက်၏။
သို့သော်လည်း ထိုသို့လုပ်လိုက်သဖြင့် ကုတာ့ယာ မှာ ဆက်လက် မငိုတော့ပေ။
အားယွင် သည် သူမအား မည်သို့ နှစ်သိမ့်ရမည်ကို မသိသဖြင့် ပြောလိုက်သည်။
“နောက်ကျရင်... မေမေ ကို ပြောပေးပါ့မယ်... အဲ့ဒီလောက်အထိ ဘက်မလိုက်ဖို့ပေါ့... ကုကျင်း ကလည်း အရွယ်ရောက်နေပြီပဲလေ... ကိုယ့်အဝတ်ကိုယ် လျှော်သင့်တာပေါ့...”
ကုတာ့ယာ သည် ထိုစကားကို ကြားသောအခါ ကြောင်အသွားရပြီး မျက်ရည်များကို ထိန်းကာ ပြောလိုက်၏။
“ကိုကို... ကိုကိုက သမီးအပေါ် အရမ်း ကောင်းတာပဲနော်...”
အားယွင် သည် သူ၏ ဘဝတွင် ဤမျှအထိ အားကိုးတကြီး စိုက်ကြည့်ခံရခြင်းမှာ ပထမဆုံးအကြိမ် ပင်။ သူသည် ချက်ချင်းပင် ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည်။
“မင်းကိုကို ကလည်း အခုဆိုရင် အရာရှိ တစ်ယောက် ဖြစ်နေပြီလေ... နောင်ကျရင် ကိုကိုက မင်းကို အမြဲ ချစ်ပေးမှာပါ...”
“ကိုကိုက အကောင်းဆုံးပဲ...”
ကုတာ့ယာ က ပျော်ရွှင်စွာ ပြောလိုက်သည်။
နှမဖြစ်သူက သူ့အား ဤမျှအထိ ယုံကြည်နေသည်ကို မြင်ရသောအခါဂအားယွင် သည် တစ်ခုခု မလုပ်ပေးလျှင် သူမ၏ ယုံကြည်မှုကို စော်ကားရာ ရောက်မည်ဟု ခံစားလိုက်ရ၏။ သူသည် သူ၏ ပိုက်ဆံအိတ်ကို စမ်းကြည့်ကာ ကြေးပြား တစ်ဆုပ်ကို ထုတ်ယူလိုက်လေသည်။
ဒါက သူ၏ ကိုယ်ပိုင် မုန့်ဖိုးများ ဖြစ်သော်လည်း ယခုအခါတွင်မူ ကုတာ့ယာ အား အကုန် ပေးလိုက်ခြင်းပင်။
“ကိုကို က အိမ်မှာ ခဏခဏ မရှိဘူးလေ... မင်း စားချင်တာ ရှိရင် ကိုယ့်ဘာသာ ဝယ်စားလိုက်နော်... ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်နဲ့... ကိုကို့မှာ အခု ပိုက်ဆံရှိတယ်လေ... မင်းကို ထောက်ပံ့နိုင်ပါတယ်...”
အားယွင် က ပြောလိုက်သည်။
ကုတာ့ယာ သည် ကြေးပြား တစ်ဆုပ်ကို ကိုင်ထားရင်း မျက်ရည်များပင် ပျောက်ကွယ်သွားရ၏။ ယခုအခါ သူမသည် မိခင်ဖြစ်သူနှင့် စကားမပြောရလျှင်ပင် အစ်ကိုဖြစ်သူကို အားကိုးကာ ပိုက်ဆံရှာနိုင်မည်ဟု တွေးတောနေမိလေသည်။
သူမသည် ပိုက်ဆံရသည်နှင့် ဘာမှ မလုပ်တော့ဘဲ အစ်ကိုဖြစ်သူ အိမ်က မထွက်ခွာမီမှာပင် သူ၏ လက်ကိုင်ပုဝါကို ပန်းထိုးပေးရန် အသည်းအသန် ပြေးထွက်သွားလေတော့သည်။
အားယွင် သည် သူ၏ နှမအရင်းအတွက် စိုးရိမ်နေဆဲ ဖြစ်ရာ ချန်ချွန်းဟွာ အား သွားရောက် ဖျောင်းဖျလေသည်။
“မေမေ... ဦးလေးလတ် တို့ လင်မယား က နျိုနျို ကို ဘယ်လောက်အထိ ချစ်လဲဆိုတာ ကြည့်စမ်းပါဦး... နျိုနျို က သူတို့ရဲ့ သမီးအရင်း မဟုတ်တာတောင်မှလေ... ချန်မိသားစု က အဘွားနဲ့ ဦးလေးတွေကလည်း မေမေ့ကို အရမ်း ချစ်ကြတာ မဟုတ်လား... ဒါ့အပြင် တာ့ယာ ကလည်း မေမေ့ရဲ့ တစ်ဦးတည်းသော သမီးလေ... ဘယ်လောက်ပဲ ချစ်ချစ် များတယ်လို့ မဆိုနိုင်ပါဘူး...”
ချန်ချွန်းဟွာ က မျက်လုံးလှန်ကြည့်ကာ ပြောလိုက်သည်။
“ငါက သူ့ကို မချစ်လို့လားဟင်... ဘယ်လောက်အထိ ချစ်ပြရဦးမှာလဲ... သူ့ကို နတ်ဘုရားမ တစ်ပါးလို တင်ထားပြီးတော့... ငါကပဲ သူ့ကို ပြန်လုပ်ကျွေးရမှာလားဟင်...”
“အနည်းဆုံးတော့ အားလုံးကို တန်းတူ ဆက်ဆံပေးပါလေ... ဦးလေးလတ် က အားကျောက် နဲ့ နျိုနျို ကို ဘယ်လို ဆက်ဆံလဲ ဆိုတာ ကြည့်ဦးလေ...”
အားယွင် က ပြောလိုက်သည်။
“နင့်ဦးလေးလတ် ဘာတွေ တွေးနေလဲ ဘယ်သူ သိမှာလဲ... သွေးသားမတော်စပ်တဲ့ ကလေးမလေး တစ်ယောက်ကို... အသက်နဲ့လဲပြီး ချစ်နေတာလေ... သူကတော့ တကယ်ကို အားနေတာပဲ...”
ချန်ချွန်းဟွာ သည် အပေါ်ယံတွင် နျိုနျို အား ချော့မော့နေသော်လည်း ကွယ်ရာတွင်မူ သူမတွင် ပြောစရာ စကားများ ရှိနေဆဲ ပင်။
“တော်ပါတော့... တစ်ယောက်စီကို လိုက်ပြီး မပြောပါနဲ့တော့... သွေးသား မတော်စပ်ဘူး ဆိုတာကို... ဦးလေးလတ် က ကြားချင်မှာ မဟုတ်ဘူးနော်...”
အားယွင် က ပြောလိုက်သည်။
ချန်ချွန်းဟွာ က နှုတ်ခမ်းမဲ့ကာ ပြန်ပြောလိုက်၏။
“ငါက ကွယ်ရာမှာပဲ ပြောတာပါ... ရှေ့တင်တော့ မမေးပါဘူး...”
ချန်ချွန်းဟွာ သည် ပြောပြောဆိုဆိုနှင့် ခြံထဲသို့ လျှောက်သွားရာ ခြေတစ်လှမ်း စလှမ်းလိုက်သည်နှင့် ခြေချော်ကာ မြေပြင်ပေါ်သို့ အဟုန်ပြင်းစွာ လဲကျသွားလေတော့သည်။
ပုံမှန်အားဖြင့် တုံ့ပြန်မှု အလွန် မြန်ဆန်သော အားယွင် ပင်လျှင် ယခုတစ်ကြိမ်တွင်မူ အနည်းငယ် နှေးကွေးသွားခဲ့၏။ သူ၏ လက်လှမ်းလိုက်မှုမှာ ဟာလာဟင်းလင်းသာ ဖြစ်ကျန်ခဲ့လေသည်။
ချန်ချွန်းဟွာ ၏ ခေါင်းမှာ မြေပြင်နှင့် ဆောင့်မိသွားသော်လည်း လူကမူ ဘာမှ မဖြစ်ခဲ့ပေ။ သို့သော်လည်း သူမ၏ မျက်နှာမှာ ကြက်ချေးများပေါ်သို့ တည့်တည့် မှောက်ကျသွားသဖြင့် သူမ ပြန်ထလာချိန်တွင်မူ ကျိန်ဆဲလေတော့သည်။
“ဘယ်သူကများ ပစ္စည်းတွေကို လျှောက်ချထားရတာလဲဟင်...”
ချန်ချွန်းဟွာ က ကျိန်ဆဲလိုက်သည်။
သူမအား ခလုတ်တိုက်စေသော အရာမှာ ထိုင်ခုံပုလေး တစ်လုံး ဖြစ်ပေသည်။
“ကုကျင်း လုပ်တာ ဖြစ်မှာပေါ့... ခုနကပဲ သူ အဲ့ဒီ ထိုင်ခုံကို ကန်လိုက်တာ မြင်သားပဲ...”
အားယွင် က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
ချန်ချွန်းဟွာ သည် သူမ၏ အချစ်ဆုံး သားနှစ်ယောက် အကြောင်းကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ငြိမ်ကျသွားရလေသည်။
အားယွင် က ထပ်ပြောလိုက်ပြန်၏။
“မေမေ ကိုယ်တိုင် ကြည့်စမ်းပါဦး... ဒါဟာ ကွယ်ရာမှာ အတင်းပြောခဲ့တဲ့အတွက် ဝဋ်လည်တာပဲလေ... နောက်ဆိုရင် ကောင်းတာတွေပဲ များများ ပြောပါတော့နော်...”
ချန်ချွန်းဟွာ သည် လူကို ဆဲဆိုနေကျ ဖြစ်ရာ ဘယ်လိုလုပ်ပြီး ချက်ချင်း ပြင်နိုင်ပါမည်နည်း။ သူမသည် သားဖြစ်သူ၏ စကားကို ကြားသောအခါ မကျေမနပ် ဖြစ်ကာ ပြောလိုက်၏။
“စာလေး နည်းနည်း ဖတ်ရရုံနဲ့... ငါ့ခေါင်းပေါ်ကို တက်ချင်နေပြီပေါ့လေ... နင့်ဦးလေးလတ် တို့ မိသားစုက နင့်ကို ဘာတွေများ တိုက်လိုက်လဲ မသိဘူးနော်...”
သူမ စကားမဆုံးခင်မှာပင် သူမ၏ နဖူးပေါ်သို့ အေးစက်သော အရာတစ်ခု ကျရောက်လာသည်ကို သတိပြုမိလိုက်၏။
မိုးပေါ်မှ ပျံသန်းနေသော ငှက်တစ်ကောင်မှာ စောစောလည်း မဟုတ် နောက်ကျပြီးလည်း မဟုတ်ဘဲ ချန်ချွန်းဟွာ ခေါင်းမော့လိုက်သည့် အချိန်မှာပင် သူမ၏ ဦးခေါင်းပေါ်သို့ ချေးစွန့်ချလိုက်ခြင်း ပင်။
အားယွင် သည် မိခင်ဖြစ်သူ၏ မျက်နှာပေါ်မှ ကြက်ချေး၊ ငှက်ချေးများနှင့် ကံဆိုးလှသော ပုံစံကို မြင်တွေ့လိုက်ရသောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။
“ပြောပြီးသားလေ... မဟုတ်မမှန်တွေကို ကွယ်ရာမှာ မပြောပါနဲ့လို့... အခုတော့ မှတ်လောက်သားလောက် ဖြစ်သွားပြီ မဟုတ်လားဟင်...”
ဤကဲ့သို့သော ကိစ္စမျိုး တစ်ကြိမ်၊ နှစ်ကြိမ် ကြုံဖူးထားသဖြင့် ချန်ချွန်းဟွာ မှာမူ ရုတ်တရက် ငြိမ်ကျသွားရလေတော့သည်။
ကျန့်ချွေ့အာ သည် မြို့သို့ ပြန်လာမည်ဟု ပြောခဲ့သော်လည်း ဒုတိယအိမ်မှ လူများမှာမူ သူမ ဤမျှအထိ မြန်မြန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
နောက်တစ်နေ့ မနက်တွင် နျိုနျို မထွက်ခွာမီမှာပင် တတိယအိမ်မှ လင်မယားမှာ ပစ္စည်းများကို သယ်ဆောင်လျက် ကလေးနှစ်ဦးနှင့်အတူ တံခါးပြင်ပတွင် စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရ၏။
“ကိုကိုလတ် နဲ့ မရီးလတ်... တို့တွေ စားချင်တယ် ဆိုလို့... တိုဖူးနု တွေ ယူလာပေးတာလေ... နှမြောစရာ ကောင်းတာက လမ်းမှာ အကြာကြီး လျှောက်လာရတော့... အခုတော့ မပူတော့ဘူးပေါ့...”
ကျန့်ချွေ့အာ က အားနာစွာ ပြောဆိုလေသည်။
ကျန်းယွင်နန် သည် သူမမှာ ဤမျှအထိ စိတ်ရင်းကောင်းသူ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် လူများကို အိမ်ထဲသို့ အမြန် ဆွဲခေါ်လိုက်၏။
“လမ်းတစ်လျှောက်လုံး လမ်းလျှောက်လာရတာဆိုတော့ ဗိုက်ဆာနေမှာပေါ့... ခဏနေရင် ခေါက်ဆွဲ တစ်ပန်းကန်လောက် စားပြီးမှပဲ... နွေးနွေးထွေးထွေး ဖြစ်သွားအောင် လုပ်ကြတာပေါ့...”
ကျန်းယွင်နန် က ပြောလိုက်သည်။
ကျန့်ချွေ့အာ က ပြောလိုက်၏။
“ကျွန်မ မီးကူမွှေးပေးမယ်လေ... တစ်ခါတည်း တိုဖူးနု တွေကိုလည်း နွှေးလိုက်တာပေါ့...”
ကျန်းယွင်နန် ကလည်း မငြင်းတော့ချေ။
နျိုနျိုသည် ကျန့်ချွေ့အာ ရောက်လာကြောင်း ကြားသည်နှင့် မီးဖိုချောင်ထဲသို့ ချက်ချင်း ပြေးဝင်လာလေသည်။
“တတိယအဒေါ်... သမီး အခုပဲ တိုဖူးနု စားချင်နေတာကို အဒေါ် ဘယ်လို သိတာလဲဟင်...”
နျိုနျိုက ချိုသာသောအပြုံးဖြင့် မေးမြန်းလိုက်၏။
ကျန့်ချွေ့အာ သည် ကလေးမလေးကို ပွေ့ချီကာ ပြုံးလျက် စနောက်လိုက်လေသည်။
“အဒေါ် မနေ့ညက နျိုနျိုလေး ကို အိပ်မက်မက်တာလေ... အိပ်မက်ထဲမှာ နျိုနျိုလေး က တိုဖူးနု ထပ်စားချင်တယ်လို့ ပြောနေလို့လေ...”
နျိုနျိုက ခေါင်းလေးစောင်းကာ ပြောလိုက်၏။
“ဒါက သမီး တကယ် လုပ်နိုင်တဲ့ ကိစ္စပဲနော်...”
ကျန့်ချွေ့အာ နှင့် ကျန်းယွင်နန် တို့မှာ ထိုစကားကြောင့် ရယ်မောလိုက်ကြကုန်၏။
နျိုနျိုက ထပ်ပြောလိုက်ပြန်သည်။
“သမီး မနက်က အများကြီး မစားရသေးဘူးလေ... အခုတော့ နှစ်ခွက်တောင် စားရမှာပေါ့... တစ်ခွက်က အချို၊ နောက်တစ်ခွက်က အငန် ပေါ့နော်...”
“သမီးလေး... တို့ သမီးလေး ကတော့ တကယ်ကို စားနိုင်တာပဲနော်... ကုန်အောင် စားနိုင်ပါ့မလားဟင်...”
ကျန်းယွင်နန် က ညင်သာစွာ မေးလိုက်သည်။
နျိုနျိုက ဂုဏ်ယူစွာဖြင့် သူမ၏ ဗိုက်လေးကို ပုတ်ပြကာ ပြောလိုက်၏။
“မနက်ကတော့ မစားနိုင်ပေမဲ့... အခုတော့ ဝက်တစ်ကောင်လုံးတောင် ကုန်အောင် စားနိုင်သလို ခံစားနေရတယ်လေ...”
“အေးပါ... အေးပါ... အဒေါ် အခုပဲ ပြင်ပေးမယ်နော်...”
ကျန့်ချွေ့အာ က ပြုံးလျက် ပြောလိုက်သည်။
သူမသည် တိုဖူးနု ပေါ်တွင် ဖြူးမည့် မုန့်များကို မနေ့ညကတည်းက ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။ အငန် တိုဖူးနု တွင် ပဲလှော်၊ အသားစင်းကော နှင့် ဟင်းခတ်အမွှေးအကြိုင်များစွာ ပါဝင်သဖြင့် အရသာမှာ အလွန် စုံလင်လှ၏။
အချိုတိုဖူးနုတွင်မူ ပဲနီလေးများအပြင် မြေပဲမှုန့် နှင့် သစ်အယ်သီးမှုန့်များကိုပါ ထပ်မံ ထည့်သွင်းပေးထားလေသည်။
ကျန်းယွင်နန် သည် ပြည့်စုံလှသော ထိုပန်းကန်ကို ကြည့်ပြီး ပြောလိုက်၏။
“ညီမငယ် ကတော့ တကယ်ကို ဉာဏ်ကောင်းတာပဲနော်... ကျွန်မဆိုရင် ဒါမျိုးတွေကို ဘယ်တော့မှ တွေးမိမှာ မဟုတ်ဘူး...”
“မနေ့က မရီး ပြောတာကို သဘောကျသွားလို့လေ... ပဲနီ၊ မြေပဲ နဲ့ သစ်အယ်သီး တွေကလည်း တို့အိမ်မှာ ရှိနေတာပဲ ဆိုတော့... အလုပ် အရမ်း မများပါဘူး... ကျွန်မက အတာပါ... မရီး သာ မကူညီခဲ့ရင်... ကျွန်မ မြို့ထဲမှာ တိုဖူးနု လာရောင်းဖို့ဆိုတာ ဘယ်တော့မှ တွေးမိမှာ မဟုတ်ဘူးလေ...”
ကျန့်ချွေ့အာ ၏ မျက်နှာပေါ်မှ ကျေးဇူးတင်မှုများမှာမူ အစစ်အမှန်များ ပင်။
“မီးဖိုချောင်ထဲမှာ ဘာတွေ လုပ်နေကြတာလဲဟင်... မွှေးနေတာပဲ...”
ဆိုင်ရှင်လော် ၏ ရွှင်လန်းသော အသံမှာ အိမ်ပြင်မှ ထွက်ပေါ်လာလေသည်။
နျိုနျိုသည် နက်ဖြန်တွင် စွန်းမိသားစု အိမ်သို့ ထွက်ခွာတော့မည်။ ယနေ့တွင် ကုမိသားစုဝင်များမှာ ဆိုင်ရှင်လော် နှင့်အတူ နှပ်ဟင်းလုပ်ငန်း အကြောင်းကို ဆွေးနွေးရန် ချိန်းဆိုထားကြခြင်း ဖြစ်၏။ သူတို့သည် နျိုနျို မထွက်ခွာမီ ထိုကိစ္စကို အပြီးသတ် ဆုံးဖြတ်ကြပေလိမ့်မည်။