← Chapters

အခန်း (၁၄၇၁-၁၄၇၂)

Vol. 148 Ch. 1471-1472

အခန်း (၁၄၇၁-၁၄၇၂)

Vol. 148 Ch. 1471-1472

အခန်း (၁၄၇၁) - ဒီလောက်ကြီးကျယ်တဲ့ ဂါရဝမျိုး ပြုနေဖို့ လိုလို့လား

"ခင်ဗျားက..."

ဖျန်ယောင်ကွမ် ၏ ကျောင်းအုပ်လေးသည် ဖန့်ချန်ကို အထက်အောက် အကဲခတ်ကြည့်ရှုပြီးနောက် မနေနိုင်ဘဲ လှောင်ပြုံး ပြုံးလိုက်သည်။

"ဒီမောင်နှမ နှစ်ယောက်က ကျင့်ကြံသူတချို့နဲ့ သိနေတာပဲကိုး။ ခင်ဗျားက သူတို့ရဲ့ သေသွားတဲ့ အဖေအရူးရဲ့ သူငယ်ချင်းလား"

ထိုစကားကြောင့် ဖူးရောင်နေသော လူငယ်လေး သည် ဒေါသအဟုန် ဟုန်းဟုန်းတောက်သွားပြီး ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားများကို အရူးအမူး လှုံ့ဆော်ကာ မီးလုံးတစ်လုံးကို ဖန်တီး၍ ကျောင်းအုပ်လေးထံသို့ ပစ်ပေါက်လိုက်တော့သည်။

"သတ္တိရှိလှချည်လား... စီနီယာအစ်ကိုကိုတောင် ပြန်တိုက်ခိုက်ရဲတယ်ပေါ့"

အေးစက်သော ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာပြီး ထိုအားနည်းလှသော မီးလုံးလေးကို တိုက်ရိုက်ပင် လွင့်စင်သွားစေသည်။

အားလုံးက ခေါင်းမော့ကြည့်လိုက်ကြရာ ဖျန်ယောင်ကွမ်၏ ခေါင်မိုးပေါ်တွင် ဝတ်ရုံစိမ်းကို ဆင်မြန်းထားသော ခန့်ညားထည်ဝါသည့် လူလတ်ပိုင်းတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူ၏ ဝတ်ရုံစွန်းများသည် လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေသည်။

"ကျောင်းအုပ်ကြီး"

အနားရှိ လူငယ်လေးများနှင့် မိန်းကလေးငယ်များမှာ အပြေးအလွှား ဦးညွှတ်ဂါရဝပြုကြသည်။

ဤဖျန်ယောင်ကွမ်၏ ကျောင်းအုပ်ကြီးမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

အနည်းဆုံးတော့ ထိုလမ်းမထက်တွင် သူသည် အလွန်ပင် ကျော်ကြားထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

မောင်နှမနှစ်ဦးမှာ ကျောင်းအုပ်ကြီး ပေါ်လာသည်ကို မြင်သောအခါ မျက်ဝန်းထဲတွင် ကြောက်ရွံ့ရိုသေမှုများ ထင်ဟပ်သွားကြသည်။

ကျောင်းအုပ်လေးမှာ ယခုမှ သတိပြန်ဝင်လာပြီး တစ်ဖက်လူက သူ့ကို မီးလုံးဖြင့် ပစ်ပေါက်ရဲသည်ကို တွေးကာ ဒေါသထွက်လျက် လူလတ်ပိုင်းကြီးကို အော်ပြောလိုက်သည်။

"အဖေ... ဖန့်ရှောက်ထျန်းက ကျောင်းလခ မပေးတဲ့အပြင် အပြင်က ကျင့်ကြံသူနဲ့ ပေါင်းပြီး သားကို တိုက်ခိုက်နေတယ်။ သူတို့ကို မြန်မြန် ဆုံးမပေးပါဦး "

ဖျန်ယောင်ကွမ် ကျောင်းအုပ်ကြီး၏ အကြည့်မှာ လျှပ်စီးကဲ့သို့ပင် ဖန့်ချန်၏ကိုယ်ပေါ်တွင် အပြန်အပြန်အလှန်လှန် အကဲခတ်နေသည်။

စက္ကန့်အနည်းငယ်အကြာတွင် သူက ခပ်ဖွဖွ ရယ်မောလိုက်ပြီး အပေါ်မှ ခုန်ဆင်းလာရာ သူ၏ ကိုယ်ဟန်မှာ အေးချမ်းတည်ငြိမ်သော အရှိန်အဝါတစ်ခု ပါဝင်နေသည်။

အနားရှိ လူငယ်လေးများမှာ အားကျမဆုံး ဖြစ်နေကြသော်လည်း မောင်နှမနှစ်ဦးမှာမူ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားကာ မျက်နှာတွင် ကြောက်လန့်ရိပ်များ ဖုံးလွှမ်းသွားကြသည်။

ကျောင်းအုပ်ကြီး၏ ခြေထောက်နှစ်ဖက် မြေပြင်ပေါ်သို့ ထိလုနီးပါး အချိန်မှာပင် မမြင်နိုင်သော ဖိအားတစ်ခုမှာ တောင်ကြီးတစ်လုံးကဲ့သို့ သူ၏ကိုယ်ပေါ်သို့ ရုတ်တရက် ကျရောက်လာတော့သည်။

သူ၏ မျက်ဝန်းထဲတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်သွားပြီး ခြေထောက်နှစ်ဖက် မြေပေါ်သို့ ကျရောက်သည့် ခဏ၌ပင် ဒူးနှစ်ဖက်မှာ မြေကြီးထဲသို့ ဝုန်းခနဲ ကျွံဝင်သွားကာ ဖန့်ချန်၏ ရှေ့သို့ရောက်သည်အထိ ဒူးတိုက်လျက် လျှောတိုက်ပါသွားတော့သည်။

သူ၏နောက်ကွယ်တွင် ဒူးဖြင့် ထိုးခွဲထားသော မြေကျင်းရာကြီး နှစ်ကြောင်း ကျန်ရစ်ခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဤကိစ္စကို စိတ်မဝင်စားဘဲ ဖြတ်သွားဖြတ်လာ လုပ်နေကြသော ကျင့်ကြံသူအချို့ပင် ခြေလှမ်းများ ရပ်တန့်သွားကြပြီး ဤဘက်သို့ လှမ်းကြည့်နေကြသည်။

ထိုလမ်းမပေါ်တွင် ဖျန်ယောင်ကွမ်အပြင် အခြားသော ကျင့်ကြံခြင်းကျောင်းများလည်း ရှိနေရာ အခြားကျောင်းအုပ်များလည်း တစ်ဦးပြီးတစ်ဦး ထွက်လာကြပြီး ဖျန်ယောင်ကွမ် ကျောင်းအုပ်ကြီး၏ အခြေအနေကို အံ့သြတကြီး ကြည့်နေကြသည်။

"ကျောင်းအုပ်ကြီးက ဘာလို့..."

လူငယ်လေးများနှင့် မိန်းကလေးငယ်များမှာ မှင်တက်နေကြပြီးမှ သတိပြန်ဝင်လာကြသည်။

ကျောင်းအုပ်လေးမှာလည်း အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"အဖေ"

"ဒီကျောင်းအုပ်ကြီးက ဒီလောက်ကြီးကျယ်တဲ့ ဂါရဝမျိုး ပြုနေဖို့ လိုလို့လား"

ဖန့်ချန်က ခပ်ဖွဖွရယ်မောလျက် ခေါင်းခါယမ်းလိုက်ပြီး

"ထပါတော့... လူပုံအလယ်မှာ ဒီလိုလုပ်နေတာ မကောင်းပါဘူး"

"ဟုတ်... ဟုတ်ကဲ့ပါ..."

ဖျန်ယောင်ကွမ် ကျောင်းအုပ်ကြီးသည် သူ၏ကိုယ်ပေါ်မှ ဖိအားများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရမှ တုန်တုန်ရင်ရင်ဖြင့် ထရပ်လိုက်သည်။

သူ၏မျက်နှာတွင် စောစောကကဲ့သို့ မောက်မာမှုများ မရှိတော့ဘဲ ထိတ်လန့်တုန်လှုပ်မှုများသာ ပြည့်နှက်နေတော့သည်။

ထိုမိမဲ့ဖမဲ့ ကလေးနှစ်ယောက်က ဤကဲ့သို့သော ကျင့်ကြံသူမျိုးနဲ့ ဘယ်လိုလုပ် သိနေရတာလဲ

တစ်ဖက်လူက ဝိညာဥ်သန္ဓေသားအဆင့်လား

တကယ်လို့ ဝိညာဥ်သန္ဓေသားအဆင့်သာ ဆိုရင် တာ့ရှန့်နိုင်ငံမှာ အတော်လေး အဆင့်အတန်းရှိတဲ့ ဆရာတစ်ဦး ဖြစ်နေလောက်ပြီ။

သူ့လို ရွှေအမြု အဆင့်ထက် အဆပေါင်းများစွာ သာလွန်နေပေလိမ့်မည်။

ထိုသို့ တွေးမိသည်နှင့် ကျောင်းအုပ်ကြီးသည် အသံကို နှိမ့်လိုက်ပြီး

"ဒီနှစ်ယောက်က ကျေးဇူးရှင်ကြီးရဲ့..."

"ကျုပ်ရဲ့ မျိုးရိုးက ဖန့် ပါ"

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

"ဖန့်ရှောက်ထျန်းနဲ့ မျိုးရိုးတူနေတာလား"

"ဒါဆို မျိုးနွယ်တူ ဦးလေးတစ်ယောက် ဖြစ်နေမှာပေါ့"

"ဖန့်ရှောက်ထျန်းတို့ မောင်နှမမှာလည်း နောက်ခံရှိတာပဲကိုး။ စောစောက ကျောင်းအုပ်ကြီး ရုတ်တရက် ဒူးထောက်သွားတာက ဒီကျင့်ကြံသူရဲ့ အရှိန်အဝါကြောင့် ဖြစ်ရမယ် "

"တော်သေးတာပေါ့... ငါ အရင်က ဖန့်ရှောက်ထျန်းကို သိပ်အဖတ်မလုပ်ခဲ့လို့၊ သူ့ကို သွားမစော်ကားမိတာ ကံကောင်းတယ်..."

ပတ်ဝန်းကျင်တွင် တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသည်။

ကျောင်းအုပ်လေးမှာလည်း ယခုမှ သတိပြန်ဝင်လာပြီး စောစောက ဘာဖြစ်သွားသည်ကို ရိပ်မိသွားကာ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။

ဖန့်ရှောက်ထျန်းနှင့် ဖန့်ရှောက်ပန်း မောင်နှမနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်လုံးထဲတွင် ဝေဝေဝါးဝါး ဖြစ်နေကြသည်။

ရှောက်ပန်းသည် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ဖန့်ချန်က သူမကို ကြည့်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်ကို မြင်လိုက်ရမှ သတိဝင်လာပြီး သူမ၏ ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်လိုက်တော့သည်။

"ဒီလူက ဖန့်ရှောက်ထျန်းရဲ့ ဆွေမျိုးထဲက တစ်ယောက် ဖြစ်နေမှာ သေချာတယ်။ သူ့ရဲ့ အရူးအဖေမှာ ဒီလိုမျိုး နောက်ခံရှိမယ်လို့ မထင်ထားခဲ့ဘူး"

ဖျန်ယောင်ကွမ် ကျောင်းအုပ်ကြီးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်နှာတွင် အပြုံးများ အတင်းဖန်တီးကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

"စီနီယာကြီး... ခုနက ကလေးတွေကြားထဲမှာ စနောက်ကြတာပါ။ အထင်လွဲတာပါ... အထင်လွဲတာပါ။ ရှင်းလိုက်ရင် ပြီးသွားမှာပါ"

"ရှောက်ထျန်းက ခင်ဗျားဆီမှာ ကျောင်းလခ ကြွေးတင်နေတယ် မဟုတ်လား။ ဘယ်လောက်လဲ... ကျုပ်ပဲ အရင်ပေးလိုက်မယ်"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

"မဟုတ်တာ... မဟုတ်တာ... တကယ်တော့ မတင်ပါဘူး။ ရှောက်ထျန်းရဲ့ မိဘတွေ မထွက်ခွာခင်က ကျုပ်ဆီမှာ ဝိညာဉ်ကျောက်တုံး တစ်ပုံတစ်ခေါင်း အပ်ထားခဲ့တာ ရှိပါတယ်။ သူတို့ ကျင့်ကြံဖို့အတွက် လုံလောက်ပါတယ်။ ကျောင်းက စာရင်းကိုင်က အလုပ်မသေချာလို့ ဒီစာရင်းကို ကျန်ခဲ့တာပါ"

ကျောင်းအုပ်ကြီးက ပျာပျာသလဲ ပြန်ပြောလိုက်သည်။

ထိုစဉ်မှာပင် လူအုပ်ကို တိုးဝှေ့ကာ ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ကျင့်ကြံသူအချို့ ရောက်ရှိလာကြသည်။

"ခုနက ဒီမှာ တစ်စုံတစ်ယောက် တိုက်ခိုက်ခဲ့တာလား"

ရှေ့ဆုံးမှ ဝတ်ရုံဖြူ ကျင့်ကြံသူက အေးစက်စွာ မေးလိုက်သည်။

ကျောင်းအုပ်လေးသည် ထိုသူများကို မြင်သောအခါ မျက်လုံးများ လင်းလက်သွားပြီး ဖန့်ချန်ကို လက်ညှိုးထိုးကာ

"ဝတ်ရုံဖြူ အရာရှိမင်း... ဒီလူပါပဲ။ သူက ခုနက သူ့ရဲ့ကျင့်ကြံမှုနဲ့ ကျနော်အဖေကို ဒူးထောက်ခိုင်းတာပါ"

"ခွေးမသားလေး"

ကျောင်းအုပ်ကြီးမှာ တားရန် အချိန်မမီတော့ဘဲ စိတ်ထဲမှသာ ကျိန်ဆဲလိုက်ရသည်။

ထို့နောက် ဝတ်ရုံဖြူ ကျင့်ကြံသူများကို ပြုံးစိစိဖြင့် ကြည့်ကာ

"ဝတ်ရုံဖြူ အရာရှိမင်းတို့ခင်ဗျာ... တကယ်တော့ အထင်လွဲတာပါ။ လမ်းမပေါ်က ပျက်စီးသွားတဲ့ အုတ်ချပ်တွေကို ကျနော်ပဲ တာဝန်ယူ ပြင်ဆင်ပေးပါ့မယ်။ ဒီနေ့အတွင်း အပြီးပြင်ပေးပါ့မယ်"

"အထင်လွဲတာလား ဒါပေမဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာတော့ အမှန်ပဲ"

ခေါင်းဆောင်ဖြစ်သူက မျက်မှောင်ကြုတ်လျက် ဖန့်ချန်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"မသေမျိုးပွဲတော် ကာလအတွင်းမှာ စည်းကမ်းတွေက ပိုပြီး တင်းကျပ်တယ်။ သာမန်အချိန်ဆိုရင်တော့ အထင်လွဲတာဆိုရင် ငါတို့ ဝင်မပါပေမဲ့... ဒီနေ့တော့ မိတ်ဆွေအနေနဲ့ ငါတို့နဲ့အတူ တစ်ခေါက် လိုက်ခဲ့ရလိမ့်မယ်"

ကျောင်းအုပ်လေးမှာ စိတ်ထဲတွင် ခိုး၍ ဝမ်းသာနေတော့သည်။

"ပြီးတော့ ခင်ဗျားလည်း လိုက်ခဲ့ရမယ်"

ဝတ်ရုံဖြူ ကျင့်ကြံသူက ကျောင်းအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

ကျောင်းအုပ်လေးမှာ ဆွံ့အသွားရသည်။

ထိုစဉ်မှာပင် ဝတ်ရုံဖြူ ဝတ်ထားသော လူအုပ်ကြီး တစ်အုပ်မှာ အလျင်အမြန် ဖြတ်သန်းသွားကြသည်။

ရှေ့ဆုံးမှ လူလတ်ပိုင်း ဝတ်ရုံဖြူ အမျိုးသားသည် ဤဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး ဖန့်ချန်ကို ပြောလိုက်သည်။

"ဒီမိတ်ဆွေက မသေမျိုး တစ်ဦး ဖြစ်နေတာပဲ။ ဒီနေရာရဲ့ စည်းကမ်းတွေကို ပိုပြီး နားလည်သင့်တာပေါ့။ နောက်တစ်ကြိမ် မဖြစ်စေနဲ့"

ထို့နောက် သူက အခြားဝတ်ရုံဖြူများကို ပြောလိုက်သည်။

"ဒီကိစ္စကို မင်းတို့ ဝင်မပါနဲ့တော့"

သူတို့သည် လာစဉ်ကကဲ့သို့ပင် အလျင်အမြန် ပြန်လည် ထွက်ခွာသွားကြသည်။

သူတို့ ထွက်သွားပြီးနောက် လူအုပ်ကြီး၏ စိတ်ထဲတွင် မသေမျိုး ဆိုသည့် စကားလုံးနှစ်လုံးသာ ကျန်ရစ်တော့သည်။

အဆင့် ၁ မသေမျိုး ကိုမှ တာ့ရှန့်နိုင်ငံတွင် မသေမျိုး ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

တာ့ရှန့်နိုင်ငံ၏ မသေမျိုးပွဲတော်တိုင်းသို့ လာရောက်ကြသော နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများသည်လည်း ဤနေရာတွင် မသေမျိုး အဖြစ် တက်လှမ်းရန်အတွက် လာကြခြင်း မဟုတ်ပါလား။

ထိုဝတ်ရုံဖြူ ကျင့်ကြံသူများမှာ ခေတ္တမျှ မှင်တက်သွားကြပြီးမှ ဖန့်ချန်ကို လက်အုပ်ချီ နှုတ်ဆက်ကာ ခပ်မြန်မြန်ပင် လှည့်ထွက်သွားကြတော့သည်။

တာ့ရှန့်နိုင်ငံ၏ စည်းကမ်းများသည် မသေမျိုးတစ်ဦးနှင့် ရင်ဆိုင်ရပါက အနည်းငယ် လျော့ရဲသွားသည်မှာ အမှန်ပင်။

"မသေမျိုး "

"ဒီမောင်နှမနှစ်ယောက်ရဲ့ ဆွေမျိုးက မသေမျိုးကြီးလား "

"အား..."

ပတ်ဝန်းကျင်ရှိ လူများမှာ စက္ကန့်အနည်းငယ် ကြာပြီးမှ သတိဝင်လာကာ အံ့သြတုန်လှုပ်ကုန်ကြသည်။

ဖျန်ယောင်ကွမ် ကျောင်းအုပ်ကြီးမှာ ခြေထောက်များ ပျော့ခွေသွားပြီး ကျောင်းအုပ်လေး၏ ရှေ့သို့ အတင်းသွားကာ ပါးကို ဆယ်ချက်မက ရိုက်နှက်လိုက်သည်။

သူ၏ လက်ချက်မှာ အလွန်ပြင်းထန်လှသဖြင့် ကျောင်းအုပ်လေး၏ သွားများပင် ကျိုးပဲ့ကုန်သည်။

ထို့နောက် သွားကျိုးများနှင့် သွေးအလိမ်းလိမ်းဖြစ်နေသော ကျောင်းအုပ်လေးကို ဆွဲကာ ဖန့်ချန်၏ ရှေ့တွင် ဒူးထောက်ခိုင်းလိုက်သည်။

"စီနီယာ မသေမျိုးကြီးခင်ဗျာ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ "

ကျောင်းအုပ်လေးမှာလည်း ယခုအချိန်တွင် အသည်းတုန်မတတ် ကြောက်လန့်နေပြီ ဖြစ်သည်။

ရှေ့တွင်ရှိနေသော လူမှာ မသေမျိုးကြီးတစ်ဦး ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။

မြို့တော်အတွင်းရှိ အဆင့်မြင့်ဆုံး မိသားစုဝင်များပင်လျှင် မသေမျိုးကြီးများ၏ တရားဟောစင်မြင့်အောက်တွင်သာ တရားနာခွင့် ရကြသည် မဟုတ်ပါလား။

"ဦးလေးကြီးက မသေမျိုးကြီးလား"

ရှောက်ပန်းသည် ဖန့်ရှောက်ထျန်းကို အလိုအလျောက် လှမ်းကြည့်လိုက်သည်။

ဖန့်ရှောက်ထျန်းက သူမကို ငါ့ကို ဘာလို့ လာကြည့်နေတာလဲ ဟု ပြန်မေးချင်နေသည်။

သူကိုယ်တိုင်လည်း မည်သူထက်မဆို ပို၍ ကြောင်အမ်းနေရသူ ဖြစ်သည်။

ဖန့်ချန်သည် ထိုကျောင်းအုပ်လေးကို ကြည့်ရန်ပင် စိတ်မဝင်စားဘဲ ကျောင်းအုပ်ကြီးကို ပြုံးလျက် ပြောလိုက်သည်။

"ပွင့်ပွင့်လင်းလင်းပဲ ပြောကြစို့... ရှောက်ထျန်းက ခင်ဗျားဆီမှာ ကျောင်းလခ ဘယ်လောက် ကြွေးတင်နေတာလဲ။ ခုနက ခင်ဗျားပြောတဲ့ စကားတွေက ကျုပ်က အာဏာနဲ့ ဖိနှိပ်နေသလိုမျိုး ဖြစ်နေလို့ပါ"

အခန်း (၁၄၇၂) - မင်းတို့ရဲ့ အစ်ကိုကြီး

ဖျန်ယောင်ကွမ် ကျောင်းအုပ်ကြီးသည် မျက်နှာပျက်သွားကာ ပျာပျာသလဲ ငြင်းဆိုတော့သည်။

"ကျေးဇူးရှင်ကြီး... ကျုပ် တကယ်ပဲ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး၊ အဲဒီလို မဟုတ်ရပါဘူးဗျာ။ တကယ်လို့ မယုံကြည်ဘူးဆိုရင် ကျုပ်ဆီမှာ ကတိစာချုပ် တစ်စောင် ရှိပါသေးတယ်။ ခဏလောက် စောင့်ပေးပါဦး "

သူသည် သိုလှောင်လက်စွပ်အတွင်း၌ ကတိစာချုပ်ကို အသည်းအသန် ရှာဖွေနေတော့သည်။

ဖန့်ရှောက်ထျန်း မောင်နှမနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်လုံးထဲတွင် ဝေခွဲမရမှုနှင့် သံသယများ ပြည့်နှက်နေကြသည်။

သူတို့မိဘတွေ ပျောက်ဆုံးမသွားခင်က သူတို့အတွက် တကယ်ပဲ ဝိညာဉ်ကျောက်တုံးတွေ ချန်ထားခဲ့တာလား

ကျောင်းအုပ်ကြီးက ရှာဖွေရင်းနှင့်ပင် ဆက်ပြောနေသည်။

"စီနီယာကြီးကို အမှန်အတိုင်း ပြောရရင် ကျုပ်နဲ့ သူတို့မိဘတွေက အတော်လေး ရင်းနှီးကြတာပါ။ မိတ်ဆွေ ချန်းဟိုင် မထွက်ခွာခင်က ရှောက်ထျန်းနဲ့ ရှောက်ပန်းကို သေချာစောင့်ရှောက်ပေးဖို့ ကျုပ်ကို အထူးမှာကြားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျုပ်က နေ့စဉ် ကျင့်ကြံခြင်းကိစ္စတွေနဲ့ အလုပ်များနေတာကြောင့် သူတို့ကို ဂရုစိုက်ဖို့ ပျက်ကွက်ခဲ့မိတယ်။ ကျုပ် တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်..."

"တကယ်ပဲ အဖေနဲ့ ကျောင်းအုပ်ကြီးက ဒီလောက်အထိ ရင်းနှီးတာလား"

ဖန့်ရှောက်ထျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

ကျောင်းအုပ်ကြီး၏ ယခုလက်ရှိ ပြောဆိုနေသော လေသံမှာ အလွန်ပင် စစ်မှန်လှရုံသာမက နောင်တရိပ်များလည်း ပါဝင်နေသဖြင့် ဖန့်ရှောက်ထျန်းမှာ ကျောင်းအုပ်ကြီး၏ စကားကို အနည်းငယ် စတင်ယုံကြည်လာမိသည်။

"မိတ်ဆွေ ချန်းဟိုင်"

ဖန့်ချန်သည် မျက်မှောင် အနည်းငယ် ကြုတ်သွားမိသည်။

တကယ်လို့ ဖန့်ရှောက်ထျန်းရဲ့ အဖေနာမည်က ချန်းဟိုင် ဆိုရင်တော့ ဒါဟာ တကယ့်ကို ရေစက်ပဲ။

သူ့အဖေ နာမည်ကလည်း ဖန့်ချန်းဟိုင် မဟုတ်ပါလား။

မကြာမီမှာပင် ကျောင်းအုပ်ကြီးသည် ထိုကတိစာချုပ်ကို နောက်ဆုံး၌ ရှာတွေ့သွားပြီး ဖန့်ချန်ထံသို့ အပြေးအလွှား ကမ်းပေးလိုက်သည်။

"စီနီယာကြီး... ကြည့်ရှုပေးပါဦး"

၎င်းမှာ တကယ်တော့ ပေးစာတစ်စောင်သာ ဖြစ်သည်။

နေ့စဉ် စကားစမြည် ပြောဆိုထားသည်များ ပါဝင်ပြီး စာအဆုံးပိုင်းတွင် ဖန့်ရှောက်ထျန်းနှင့် ဖန့်ရှောက်ပန်းတို့ ချီသန့်စင်ခြင်းအဆင့်တွင် အသုံးပြုရန်အတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးရာ ချန်ထားခဲ့ကြောင်း တစ်ခွန်းပါဝင်သည်။

စာ၏ လက်မှတ်နေရာတွင် ဖန့်ချန်းဟိုင် ဟု ရေးထိုးထား၏။

ဖန့်ရှောက်ထျန်းသည်လည်း ရှေ့သို့တိုးကာ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အမြန်ညိတ်ပြလိုက်သည်။

"ဒါ အဖေရဲ့ လက်ရေး အစစ်ပဲ"

"ဒါ တကယ်ပဲ မင်းအဖေရဲ့ လက်ရေးလား"

ဖန့်ချန်သည် ရှေ့မှ စာအိတ်ကို ကြည့်ရင်း ဖန့်ရှောက်ထျန်းနှင့် ဖန့်ရှောက်ပန်းတို့ကို အထက်အောက် အကဲခတ်လိုက်ရာ သူတို့၏ မျက်ခုံးကြားတွင် ရင်းနှီးသော အငွေ့အသက်တစ်ခုကို နောက်ဆုံး၌ ရှာတွေ့သွားတော့သည်။

သူ့စိတ်ထဲတွင် အတော်လေး ဆွံ့အသွားမိသည်။

သူ့အဖေနှင့် အမေတို့သည် ယန်စွမ်းအားနတ်ဘုရား လမ်းစဉ်ကို လျှောက်လှမ်းပြီးနောက် အပြင်လောကတွင် သူ့အတွက် မောင်နှမတော်တော်များများ ချန်ထားခဲ့ပုံရသည်။

ဒီနှစ်ယောက်မှာ အသက်မကြီးသေးသဖြင့် မကြာသေးမီ နှစ်အနည်းငယ်အတွင်းမှ မွေးဖွားလာသူများ ဖြစ်ပေလိမ့်မည်။

အထက်နယ်မြေသုံးခုမှာတောင် ရှိနေမှတော့ လူသားဘုံ ကိုးခုလုံး၏ နေရာအနှံ့အပြားတွင် သူ၏ မောင်နှမများ ရှိနေနိုင်သည်ဟု သူ သံသယဝင်မိသည်။

"သေချာပါတယ်"

ဖန့်ရှောက်ထျန်းက အခိုင်အမာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖန့်ချန်ကို သံသယဖြင့် ကြည့်ကာ

"စီနီယာကြီး... ကျနော်နဲ့ ရှောက်ပန်းက ဘာလို့ စီနီယာကြီးကို တစ်ခါမှ မမြင်ဖူးရတာလဲ..."

"ငါ အရင်က ဒီမှာ မရှိလို့ မင်းတို့ ငါ့ကို မမြင်ဖူးတာက သဘာဝကျပါတယ်။ ဒါပေမဲ့ ငါတို့က တကယ်ပဲ ဆွေမျိုးရင်းချာတွေပါ"

ဖန့်ချန်က ဆိုသည်။

တကယ်ပဲ ဆွေမျိုးတွေဖြစ်နေတာလား

ဖျန်ယောင်ကွမ် ကျောင်းအုပ်ကြီးမှာ ရင်ထဲတွင် တိတ်တဆိတ် ထိတ်လန့်သွားရသည်။

ရှေ့တွင်ရှိနေသော သူမှာ ဖန့်ချန်းဟိုင်၏ ဘိုးဘေးတစ်ဦး ဖြစ်နေဟန်တူပြီး အရင်က တာ့ရှန့်နိုင်ငံတွင် မရှိဘဲ ယခု မသေမျိုးအဆင့်သို့ ရောက်ရှိပြီးမှ ဂုဏ်သရေရှိရှိ ဇာတိပြန်လာခြင်း ဖြစ်ပေလိမ့်မည်။

သူသည် ထိုကိစ္စကို ပြတ်ပြတ်သားသား ဖြေရှင်းခဲ့မိသည်မှာ တော်သေးသည်ဟု တွေးမိကာ ဝမ်းသာသွားသည်။

မဟုတ်လျှင် ဖျန်ယောင်ကွမ်မှာ ဘေးဒုက္ခနှင့် ရင်ဆိုင်ရပေတော့မည်။

"ဖန့်ရှောက်ထျန်း ဘယ်လောက် သုံးခဲ့သလဲဆိုတာ တွက်လိုက်ဦး၊ ကျန်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပြန်ပေးလိုက်။ အဲဒီနောက်ပိုင်း မင်းတို့ ဖျန်ယောင်ကွမ်နဲ့ သူတို့နဲ့ ဘာမှမပတ်သက်တော့ဘူး"

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလျက် ဆိုသည်။

ကျောင်းအုပ်ကြီးသည် မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး ဖန့်ရှောက်ထျန်းကို ဆက်နေရန် ဆွဲဆောင်ချင်သော်လည်း ရှေ့မှ မသေမျိုးကြီးကြောင့် မည်သည့်စကားမျှ ထွက်မလာခဲ့ချေ။

"အစ်ကိုက ဖျန်ယောင်ကွမ်မှာ မရှိတော့ရင် နောက်ပိုင်း ဘယ်လို ကျင့်ကြံမလဲ"

ရှောက်ပန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဲဒါလည်း ဟုတ်သားပဲ"

ဖန့်ချန်သည် စိတ်ကူးရသွားပြီး ကျောင်းအုပ်ကြီးကို ပြောလိုက်သည်။

"ခဏ နေဦး၊ မတွက်နဲ့တော့"

ပြောပြီးနောက် သူသည် မောင်နှမနှစ်ဦးကို ခေါ်ကာ လှည့်ထွက်သွားတော့သည်။

ကျောင်းအုပ်ကြီးမှာ အံ့သြဝမ်းသာသွားရသည်။

ထိုတစ်ကြိမ်တွင် သူသည် ဘေးဒုက္ခကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်ပေလိမ့်မည်။

ထိုသို့တွေးမိသည်နှင့် သူသည် ကျောင်းအုပ်လေးကို လမ်းမပေါ်၌ပင် ဆက်လက် ရိုက်နှက်ကန်ကျောက်ကာ ပြင်းပြင်းထန်ထန် ဆဲဆိုပြီးနောက်မှ ဖျန်ယောင်ကွမ်အတွင်းသို့ ဆွဲခေါ်သွားတော့သည်။

အနားရှိ လူငယ်များမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ တစ်စုံတစ်ခုကို နားလည်သွားကြသည်။

ဖန့်ရှောက်ထျန်းတို့ မောင်နှမ၏ အိမ်မှာ လမ်းထောင့်ရှိ သိပ်မကြီးလှသော ခြံဝင်းလေးတစ်ခုဖြစ်သည်။

"စီနီယာကြီး... ကျနော်တို့ စီနီယာကြီးကို ဘယ်လို ခေါ်ရမလဲဟင်"

ဖန့်ရှောက်ထျန်းသည် ဖန့်ချန်အတွက် ရေနွေးကြမ်း ငှဲ့ပေးပြီးနောက် ရှောက်ပန်း၏ လက်ကို ဆွဲကာ ဖန့်ချန်ရှေ့တွင် ရိုရိုသေသေ ရပ်နေလေသည်။

ရှောက်ပန်း၏ နက်မှောင်တောက်ပသော မျက်လုံးဝိုင်းကြီးများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

အခုတော့ သူမက ဖန့်ချန်ကို လူလိမ်ဟု မယူဆတော့ဘဲ ဖန့်ချန်နှင့် သူတို့ ဘယ်လိုပတ်သက်သလဲဆိုသည်ကို အလွန်ပင် သိချင်နေရှာသည်။

"မင်းတို့ မိဘတွေက... ဒီလို ပုံစံမျိုးလား"

ဖန့်ချန်က ဘာမှမပြောဘဲ လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအားများမှာ ဖန့်ချန်၏ အဖေနှင့် အမေ ပုံရိပ်အဖြစ် ပြောင်းလဲသွားတော့သည်။

ဖန့်ရှောက်ထျန်းတို့ နှစ်ဦးမှာ ထိုပုံရိပ်ကို မြင်သည်နှင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။

"အဖေကြီးရယ်... အဖေ သေတာ တော်တော် သနားဖို့ကောင်းတယ် "

ရှောက်ပန်းက အော်ဟစ်ငိုယိုတော့သည်။

"နေဦး... နေဦး"

ဖန့်ချန်သည် ပုံရိပ်များကို ဖျောက်လိုက်ပြီး ရှောက်ပန်းကို ထူးဆန်းသလို ကြည့်ကာ

"ရှောက်ပန်း... မင်းအဖေ သေပြီလို့ ဘာလို့ ထင်နေရတာလဲ"

"အဖေနဲ့ အမေက ဘာမှမပြောဘဲ ထွက်သွားတာ နှစ်တော်တော်ကြာပြီလေ၊ ပြန်လည်း မလာတော့ဘူး။ တခြားလူတွေက ပြောတယ်... သူတို့ နတ်ဆိုးတွေ လက်ထဲမှာ သေသွားပြီတဲ့..."

နတ်ဆိုး လား ကြည့်ရတာ ဒီဂြိုဟ်ပေါ်က ကျင့်ကြံသူတွေက နတ်ဆိုးတွေနဲ့ သိပ်မတည့်ကြဘူးထင်တယ်၊ ဒါကြောင့်လည်း ဖျန်ယောင်ကွမ် (နတ်ဆိုးနှိမ်နင်းရေးကျောင်း ) လို့ အမည်ပေးထားတာ ဖြစ်မှာပါ။

ဖန့်ချန်သည် စိတ်ကူးရသွားပြီး ရယ်မောလျက် ဆူလိုက်သည်။

"ဘယ်သူက မင်းတို့ကို အဖေနဲ့ အမေ သေပြီလို့ ပြောတာလဲ။ သူတို့က ခဏတဖြုတ် ဒီဂြိုဟ်မှာ မရှိတော့တာပါ။ တစ်နေ့ကျရင် မင်းတို့ကို ပြန်လာရှာမှာပေါ့။ အင်း... သူတို့ရဲ့ မှတ်ဉာဏ်က ကောင်းနေသေးရင်ပေါ့လေ..."

ရှောက်ပန်းသည် ငိုသံတိတ်သွားပြီး ဖန့်ချန်ကို ကြောင်ကြည့်နေသည်။

ဖန့်ရှောက်ထျန်းမှာလည်း အံ့သြဝမ်းသာစွာဖြင့်

"စီနီယာကြီး... ကျနော့်အဖေနဲ့ အမေက အသက်ရှင်နေသေးတာလား"

"ရှင်တာမှ ရာနှုန်းပြည့် ရှင်တာပေါ့"

ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။

"စီနီယာကြီးက အဖေနဲ့ အမေကို မြင်ဖူးတာ သေချာတယ်၊ သူတို့ အခု ဘယ်မှာလဲဟင်၊ အန္တရာယ်ကော ရှိလား..."

ဖန့်ရှောက်ထျန်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

"ငါလည်း အဖိုးကြီးနဲ့ အဖွားကြီးကို မတွေ့တာ နှစ်တော်တော်ကြာပြီ"

ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဖိုးကြီးနဲ့ အဖွားကြီး "

ဖန့်ရှောက်ထျန်းမှာ ကြောင်သွားရသည်။

ရှေ့တွင်ရှိနေသောသူမှာ မသေမျိုးကြီး မဟုတ်ပါလား။

နှစ်ပေါင်းများစွာ ကျင့်ကြံလာသူ ဖြစ်ရမည်ကို သူတို့မိဘတွေကို ဘာကြောင့် အဖိုးကြီး၊ အဖွားကြီးဟု ခေါ်နေရသနည်း။

"ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါ့နာမည်က ဖန့်ချန်၊ မင်းတို့ရဲ့ အစ်ကိုကြီး ပါ"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

"အစ်... အစ်ကိုကြီး "

ဖန့်ရှောက်ထျန်းမှာ ဆွံ့အသွားတော့သည်။

ရှောက်ပန်းကမူ ချက်ချင်းပင် ယုံကြည်သွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"ဒါကြောင့်ပဲ... ဦးလေးကြီးက ကျမတို့နဲ့ ရုပ်ချင်းဆင်နေတာကိုး"

"တကယ်ပဲ ဆင်နေလို့လား "

ဖန့်ရှောက်ထျန်းသည် ဖန့်ချန်၏ ရုပ်ရည်ကို အသေအချာ ပြန်လည် စိုက်ကြည့်လိုက်သည်။

ကြည့်လေလေ စိတ်ထဲမှာ တစ်မျိုးဖြစ်လေလေနှင့် သူ၏ စိတ်များ ရှုပ်ထွေးကုန်တော့သည်။

"ငါ ဒီနေ့ ဒီကို အမှတ်မထင် ဖြတ်မလာခဲ့ရင် မင်းတို့ ရှိနေတာကို ငါ သိမှာ မဟုတ်ဘူး။ မင်းတို့ရဲ့ အခု ကျင့်ကြံမှုနဲ့ အသက်အရွယ်အရ နားလည်ရခက်တဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ သိထားရမှာက အဖေနဲ့ အမေက အလွယ်တကူ သေမယ့်လူတွေ မဟုတ်ဘူး။ သူတို့ရဲ့ တည်ရှိမှုက အရမ်းထူးခြားတယ်။ မင်းတို့မျက်စိထဲမှာ မြင်နေရတဲ့ မသေမျိုးတွေတောင် သူတို့ကို မမီဘူး"

ဖန့်ချန်၏ မျက်နှာမှာ အနည်းငယ် တည်ကြည်သွားပြီး

"တစ်ခုပဲ အသေအချာ ပြောနိုင်တာက ငါက မင်းတို့ထက် အသက် ရာနဲ့ချီ ကြီးတယ်၊ ဒါကြောင့် ငါက မင်းတို့ရဲ့ အစ်ကိုကြီးပဲ"

နာရီဝက်ခန့် ကြာပြီးနောက်...

ဖန့်ရှောက်ထျန်းနှင့် ဖန့်ရှောက်ပန်းတို့သည် ဖန့်ချန်၏ ရှင်းပြချက်ကြောင့် သူတို့၏ လက်ရှိအခြေအနေကို နားလည်သလိုလို ဖြစ်သွားကြသည်။

"အစ်ကိုကြီး... ကျနော်တို့မှာ တခြား အစ်ကိုတွေ၊ အစ်မတွေ ရှိသေးတာလား"

ဖန့်ရှောက်ထျန်းက ပါးစပ်မစိနိုင်အောင် ပြုံးလျက် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

"အင်း... မင်းတို့မှာ အစ်မလတ်တစ်ယောက် ရှိသေးတယ်၊ နာမည်က ဖန့်ကျစ်ရွှယ် တဲ့။ အခွင့်အရေးရရင် မင်းတို့ကို ပေးတွေ့မယ်။ တခြား မောင်နှမတွေကတော့... အဖေနဲ့ အမေက အလုပ်တွေ အရမ်းလျှို့ဝှက်လွန်းလို့ ဘယ်မှာ ရှိနေမှန်း ငါလည်း အခုထိ မသိသေးဘူး။ ဒါပေမဲ့ နောက်ပိုင်းကျရင် ငါတို့မိသားစု တစ်စုလုံး ပြန်ဆုံကြမှာပါ။ အဲဒီအချိန်ကျရင်တော့..."

ဖန့်ချန်သည် ဟင်းလင်းပြင်ကို တစ်ချက်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"အတော်လေးကို စည်ကားတော့မှာပဲ"

ဖန့်ရှောက်ထျန်းနှင့် ဖန့်ရှောက်ပန်းတို့သည် စစ်မှန်သော လူသားကျင့်ကြံသူများ ဖြစ်ကြောင်း သူ အသေအချာ အတည်ပြုနိုင်ခဲ့သည်။

ဖြစ်နိုင်သည်မှာ၊ ဤသည်မှာ သူ၏ မိဘများ ယန်စွမ်းအားနတ်ဘုရား ဖြစ်လာပြီးနောက် ချမှတ်ထားသော အစီအစဉ်များ ဖြစ်ပေလိမ့်မည်။

All Chapters