အခန်း (၁၄၇၅-၁၄၇၆)
Vol. 148 Ch. 1475-1476
အခန်း (၁၄၇၅) - သောက်စားပျော်ပါးခြင်း နှစ်တစ်သောင်း
ထိုညတွင် အဘိုးစိန့်သည် ဖန့်ချန်တို့အဖွဲ့အား တည်ခင်းဧည့်ခံရန် ဂုဏ်ပြုစားပွဲတစ်ခု ပြုလုပ်ခဲ့သည်။
အခြားသော အဆင့် ၆ မသေမျိုး နှစ်ဦးမှာမူ တာ့ရှန့်နိုင်ငံအတွင်း ရှိမနေသဖြင့် တက်ရောက်နိုင်ခြင်း မရှိကြချေ။
ဖန့်ချန်သည် တာ့ရှန့်နိုင်ငံ၏ စည်ပင်ဝပြောပုံကိုလည်း မြင်တွေ့ခဲ့ရသည်။
စားပွဲသို့ တက်ရောက်လာကြသော အဆင့် ၁ နှင့် အဆင့် ၂ မသေမျိုး အရေအတွက်မှာ စုစုပေါင်း နှစ်ရာကျော်မျှ ရှိလေသည်။
"ဖန့်အမာခံ၊ ဟုန်အမာခံ၊ မိတ်ဆွေ ကျိကန်းနဲ့ အားလုံးပဲ... ဒီမှာ ရက်အနည်းငယ်လောက် ထပ်နေကြပါဦးလား၊ ကျနော်လည်း အိမ်ရှင်ပီပီ အဝအပြဲ ဧည့်ခံပါရစေဦး"
အဘိုးစိန့်သည် ဖန့်ချန်အား အရက်တစ်ခွက် တိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ဖိတ်ခေါ်လိုက်သည်။
"အဘိုးစိန့်... ကျနော်လည်း အချိန်အကြာကြီး ထပ်နေချင်တာပေါ့"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ဤစကားမှာ သူ၏ ရင်ထဲမှ အစစ်အမှန် စကားပင် ဖြစ်သည်။
အကယ်၍ နံပါတ် (၉၇) ရှေးဟောင်းတားမြစ်နယ်မြေသို့ ချီတက်ရမည့် ခရီးစဉ်သာ မရှိခဲ့လျှင် သူသည် ထိုနေရာ၌ အချိန်အတော်ကြာ နေထိုင်ပြီး ဖန့်ရှောက်ထျန်းနှင့် ဖန့်ရှောက်ပန်းတို့ ကြီးပြင်းလာပုံကို အနီးကပ် စောင့်ကြည့်ပေးချင်မိသည်။
"ဒါပေမဲ့ ဒီတစ်ခေါက် ကျွယ်မင်နတ်နန်းမှာ အရေးကြီးတဲ့ ကိစ္စရှိနေလို့ပါ။ ကျနော်ကလည်း လမ်းကြုံလို့ ခဏဝင်လာတာ၊ အခုဆိုရင် ကျနော့်ရဲ့ စီနီယာတွေ အားလုံးက ဟင်းလင်းပြင်အပြင်ဘက်မှာ စောင့်နေကြပြီ။ ဒီအရက်ဝိုင်းပြီးတာနဲ့ ကျနော်တို့လည်း နှုတ်ဆက်ရတော့မှာပါ"
ဖန့်ချန်က ဆိုသည်။
အဘိုးစိန့်မှာ အနည်းငယ် အံ့အားသင့်သွားပြီး အလိုအလျောက်ပင် ဟင်းလင်းပြင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။
သူ၏ မျက်ဝန်းထဲတွင် မသေမျိုးစွမ်းအားများ စီးဆင်းသွားပြီး တစ်စုံတစ်ရာသော မျက်စိအမြင်အာရုံအတတ်ကို အသုံးပြုလိုက်ပုံရသည်။
ထိုအခါ သူ၏မျက်စိရှေ့တွင် ကောင်းကင်ယံမှာ ကြည်လင်သွားပြီး ဟင်းလင်းပြင်အတွင်း၌ မသေမျိုးသင်္ဘောပေါင်း သိန်းချီ၍ တိတ်ဆိတ်စွာ ဆိုက်ကပ်ထားသည်ကို မြင်လိုက်ရတော့သည်။
ထိုအထဲတွင် သူ တစ်ခါတစ်ရံ မြင်ဖူးခဲ့သည့် နဂါးနက်လှေ များစွာကိုလည်း တွေ့လိုက်ရသည်။
"ရှူး..."
အမေရေ...
အဘိုးစိန့်သည် ရင်ထဲတွင် အသက်ရှူမှားသွားပြီး စိတ်လှုပ်ရှားမှုကို အသည်းအသန် ထိန်းချုပ်လိုက်ရသည်။
ထို့နောက် သူ၏ မျက်နှာပေါ်မှ အပြုံးမှာ ပိုမိုတောက်ပလာတော့သည်။
သူ့ရှေ့တွင် ရှိနေသော ထိုလူငယ်သည် မသေမျိုးလှေပေါင်း များစွာကို ဟင်းလင်းပြင်အပြင်ဘက်တွင် စောင့်ဆိုင်းနေစေနိုင်သည်ဆိုခြင်းမှာ ကျွယ်မင်နတ်နန်းအတွင်း၌ သူ၏ အဆင့်အတန်းမှာ နိမ့်ပါးသူမဟုတ်ဘဲ အလွန်ပင် မြင့်မားနေကြောင်း သက်သေပြနေသည်။
သာမန်အချိန်များတွင် သူသည် ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးနှင့် မိတ်ဆွေဖြစ်ခွင့် မည်သည့်အခါမျှ ရလိမ့်မည်မဟုတ်ပေ။
အရင်က သူသည်လည်း ကျွယ်မင်နန်းတော်တွင် အပြင်စည်းတပည့်တစ်ဦးအဖြစ် ဝင်ရောက်လိုခဲ့သော်လည်း ပါရမီအခြေခံကြောင့် ထိုအဆင့်အတန်းကိုပင် မရရှိခဲ့ချေ။
ယခုမူ ပင်ပန်းကြီးစွာ ကျင့်ကြံလာခဲ့ပြီး အဆင့် ၆ မသေမျိုးအဆင့်သို့ ရောက်ရှိလာသော်လည်း သူ၏ စိတ်အားထက်သန်မှုများမှာ ကုန်ဆုံးနေပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် အဆင့် ၇ သို့ တက်လှမ်းရန် မျှော်လင့်ချက် မရှိတော့သောကြောင့်ပင်။
အဆင့် ၆ အတွင်းမှာပင် သူ၏ ရှေ့ဆက်ခရီးမှာ ခက်ခဲနေပြီး နေ့စဉ် ကျင့်ကြံမှုနှင့် သက်တမ်းကို ထိန်းသိမ်းရန် မသေမျိုးကျောက်တုံးများကိုသာ အားကိုးနေရသည်။
မကြာသေးမီ နှစ်များအတွင်း သူ၏ သက်တမ်းမှာ ပိုမိုမြန်ဆန်စွာ ကုန်ဆုံးလာနေသည်ကို သတိပြုမိသဖြင့် နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် သူသည် ခန္ဓာပျက်စီးသွားနိုင်သည်ဟု ခန့်မှန်းထားသည်။
အရက်ဝိုင်းပြီးဆုံးချိန်တွင် ဖန့်ချန်တို့အဖွဲ့မှာ နှုတ်ဆက်ထွက်ခွာကြသည်။
အဘိုးစိန့်သည် လူအုပ်ကြီးကို ဦးဆောင်ကာ သူတို့ ကျူလုံလှေပေါ်သို့ တက်သည်အထိ လိုက်ပါပို့ဆောင်ပေးခဲ့သည်။
"ဖန့်အမာခံ"
အဘိုးစိန့်၏ မျက်ဝန်းအိမ်များမှာ နီရဲလာပြီး မျက်ရည်စများပင် ဝေ့သီနေသည်။
"ကျနော်နဲ့ ဖန့်အမာခံ ဆုံတွေ့ရတာ နောက်ကျသွားသလိုပဲဗျာ။ ကျနော်ဖြင့် ဖန့်အမာခံနဲ့ အရက်သောက်ရင်း နှစ်တစ်သောင်းလောက် ပျော်ပျော်ပါးပါး စကားပြောချင်သေးတာ"
ဤစကားမှာ အလွန်ပင် စစ်မှန်လှသဖြင့် လူအတော်များများမှာ စိတ်လှုပ်ရှားသွားကြသည်။
"အဆင့် ၆ မသေမျိုးဆိုတာ တကယ်ကို မလွယ်ကူဘူးပဲ၊ အားလုံးက မြေခွေးအိုကြီးတွေချည်းပဲ"
အကြီးအကဲချင်က စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
အဘယ်ကြောင့်ဆိုသော် စောစောက သူကိုယ်တိုင်ပင် ထိုစကားကြောင့် စိတ်လှုပ်ရှားသွားမိမလို ဖြစ်ခဲ့သောကြောင့်ပင်။
"လောကမှာ မခွဲခွာရတဲ့ စားပွဲဝိုင်းဆိုတာ မရှိပါဘူး။ ဒီကိစ္စပြီးလို့ လမ်းကြုံရင် ကျုပ် နောက်တစ်ခေါက် ထပ်လာခဲ့ပါဦးမယ်"
ဖန့်ချန်က ပြုံး၍ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်
"အစ်ကိုကြီး... ငါတို့ နောက်မှ ပြန်ဆုံကြတာပေါ့"
"အစ်ကိုကြီး" ဟူသော ခေါ်ဝေါ်သံကို ကြားလိုက်ရချိန်တွင် အဘိုးစိန့်သည် သူ၏ ရင်ထဲ၌ ဝှက်ထားသော စကားများကို နောက်ဆုံးတွင် ထုတ်ပြောလိုက်တော့သည်။
"ဖန့်... ဖန့်ညီလေး... ငါ့မှာ ကျွယ်မင်ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး ညီလေးရဲ့ ဘေးနားမှာ အလုပ်အကျွေးပြုခွင့် ရမယ့် အခွင့်အရေး ရှိနိုင်မလား "
ဘိုးဘေးကြီး
တာ့ရှန့်နိုင်ငံ၏ မသေမျိုးအရှင်များမှာ အံ့အားသင့်သွားကြသော်လည်း မည်သူမျှ စကားမဟဝံ့ကြချေ။
သူတို့၏ ရင်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။
အကယ်၍ ဘိုးဘေးကြီး ထွက်ခွာသွားလျှင် တာ့ရှန့်နိုင်ငံအတွက် အမှန်တကယ်ပင် ဆုံးရှုံးမှုဖြစ်ပေလိမ့်မည်။
သို့သော် အကယ်၍ ဘိုးဘေးကြီးသည် ကျွယ်မင်နတ်နန်း အမာခံတပည့်၏ နယ်မြေသစ်ရှာဖွေရေးအဖွဲ့ဝင် ဖြစ်သွားခဲ့လျှင် ရှေးဟောင်းမသေမျိုးအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် ရှိလာနိုင်သည် မဟုတ်ပါလား ရှေးဟောင်းမသေမျိုး မဖြစ်နိုင်ခဲ့လျှင်တောင် ထိုအဆင့်အတန်းကြောင့် တာ့ရှန့်နိုင်ငံအတွက် ဂုဏ်ယူစရာပင် ဖြစ်ပေလိမ့်မည်။
"သခင်လေး... စိန့်နင်လို အဆင့် ၆ မသေမျိုးမျိုးကို ကျနော်တို့ ကျွယ်မင်နန်းတော်က အလွယ်တကူ လက်မခံတတ်ပါဘူး။ တကယ်လို့ လက်ခံခဲ့ရင် သူက ရှေးဟောင်းမသေမျိုး အဆင့်အတန်း ရဖို့ တန်းစီစောင့်ဆိုင်းခွင့် ရသွားမှာပါ။ ဒီစည်းမျဉ်းကြောင့်ပဲ အကြီးအကဲများအဖွဲ့ က ဒီကိစ္စကို အလွန်တင်းကျပ်စွာ စစ်ဆေးလေ့ရှိပါတယ်။ အကြီးအကဲတွေရဲ့ အတွေးက ရိုးရှင်းပါတယ်... အရေအတွက်ထက် အရည်အချင်းကိုပဲ ဦးစားပေးတာပါ"
ကျိကန်းက ဖန့်ချန်အား တိုးတိုးလေး သတိပေးလိုက်သည်။
သူသည် ဖန့်ချန်ကို သတိပေးနေခြင်းဖြစ်သလို တစ်ဖက်ကလည်း စိန့်နင်ကို သိစေချင်ခြင်း ဖြစ်သည်။
စိန့်နင်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး ဖန့်ချန် စကားမပြောမီမှာပင် ဆိုလိုက်သည်။
"ဖန့်အမာခံ... ကျနော် ခုနက စိတ်လှုပ်ရှားပြီး ပြောမိတာပါ။ ဒီကိစ္စက အမာခံတပည့်ကြီးအတွက် အတော်လေး ခက်ခဲစေမှာပါ၊ မပြောခဲ့သလိုပဲ သဘောထားလိုက်ပါတော့"
"အစ်ကိုကြီးက ကျနော့်ကို ညီလေး လို့ ခေါ်တာက ကြားရတာ ပိုပြီး သက်သောင့်သက်သာ ရှိပါတယ်"
ဖန့်ချန်က ပြုံး၍ ဆိုသည်
"ဒီတစ်ခေါက် အစ်ကိုကြီးရဲ့ နွေးထွေးတဲ့ ဧည့်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ နဂါးသည်းခြေ ကိစ္စအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွယ်မင်ကျင့်ကြံသူ အဆင့်အတန်း ကိစ္စကတော့... ဒီခရီးစဉ်ပြီးလို့ ကျနော် ပြန်ရောက်ရင် အထက်လူကြီးတွေကို မေးမြန်းပြီး အစ်ကိုကြီးအတွက် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်"
အဘိုးစိန့်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ရင်ထဲတွင် ဝမ်းသာအားရမှုများ ပြည့်လျှံသွားတော့သည်။
ဖန့်ချန်အား ထပ်ခါတလဲလဲ နှုတ်ဆက်ပြီးနောက် ကျူလုံလှေကြီး ကြယ်တာရာဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားသည်အထိ လိုက်လံကြည့်ရှုနေခဲ့သည်။
သူသည် လူအုပ်ကြီးကို ခေါ်ဆောင်ကာ ဖန့်ချန်တို့အား ဧည့်ခံခဲ့သည့် နန်းတော်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည်။
နေရာမှာ အားလုံး သန့်ရှင်းရေး လုပ်ပြီးသား ဖြစ်သည်။
အဘိုးစိန့်သည် နန်းတော်အတွင်း၌ စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း တိုးတိုးလေး ရေရွတ်နေသည်။
"မသေမျိုး ရေစက်ပဲ... ကောင်းကင်က ချပေးတဲ့ မသေမျိုး ရေစက်ပဲဟေ့..."
"ဘိုး... ဘိုးဘေးကြီး၊ အဲဒီ ဖန့်အမာခံက ဒီလောက်အထိ ဆက်ဆံရတာ လွယ်ကူနေမှတော့... ဘာလို့ စောစောက သူ့ဆီကနေ မသေမျိုးကျောက်တုံး တစ်ရာ ယူလိုက်ရတာလဲဟင်..."
ခရမ်းရောင်ဝတ် လူလတ်ပိုင်းတစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။
အမှန်စင်စစ် သူသည် တာ့ရှန့်နိုင်ငံ၏ လက်ရှိ ဧကရာဇ်ဖြစ်ပြီး အဆင့် ၄ မသေမျိုးအရှင် ဖြစ်သည်။
သို့သော် အစမှအဆုံးအထိ သူသည် အလယ်တန်းထိုင်ခုံတွင်သာ ကပ်ထိုင်ခဲ့ရပြီး ဖန့်ချန်နှင့် စကားပြောခွင့်တောင် မရခဲ့ချေ။
"မင်း နားမလည်ပါဘူး၊ မင်းက ငယ်သေးတယ်"
အဘိုးစိန့်က လက်ကာပြလိုက်သည်
" ငါလည်း နဂါးသည်းခြေကို ဖန့်ညီလေးကို လက်ဆောင်ပေးချင်တာပေါ့၊ ဒါပေမဲ့ ဖန့်ညီလေးက လက်မခံဘူး။ ဒါဟာ ဖန့်ညီလေးက ငါ့အပေါ်မှာ အကြွေးမတင်ချင်ဘူးဆိုတဲ့ သဘောပဲ။ ကျွယ်မင်နန်းတော်က လူအင်အားသုံးပြီး အနိုင်ကျင့်တယ်လို့ အပြင်လူတွေ အထင်မခံချင်တာလည်း ပါတာပေါ့။ ဒါကြောင့် ငါလည်း မသေမျိုးကျောက်တုံး တစ်ရာပဲ တောင်းလိုက်ရတာ။ ဘာလို့ တစ်ရာလဲလို့ မေးရင်... ဖန့်ညီလေး ကိုယ်တိုင် လာရှာရတဲ့ ပစ္စည်းဆိုတာ သာမန်ဝိညာဉ်ပစ္စည်း မဖြစ်နိုင်ဘူးဆိုတာ ငါသိတယ်"
" အရင်က ငါ နားမလည်ခဲ့ပေမဲ့ အခုတော့ ဒါဟာ တန်ဖိုးကြီးပစ္စည်းမှန်း ငါသိပြီ။ ဖန့်ညီလေးက ကိုယ်တိုင်လာမှတော့ သူ့မှာ ကျောက်တုံးအလုံအလောက် ရှိမှာပဲ။ ငါက တစ်ရာတောင်းတော့ သူလည်း ပေးနိုင်တာပေါ့၊ အရှက်ရစရာလည်း မဖြစ်တော့ဘူး။ ဒါဆိုရင် သူလည်း နဂါးသည်းခြေ ရမယ်၊ ငါ့အပေါ်မှာလည်း အကြွေးမတင်တော့ဘူး။ ဖန့်ညီလေး သဘာဝအတိုင်း ပျော်သွားတာပေါ့"
သူသည် သူ၏ သားမြေးမြစ်များကို ကြည့်ကာ ပြုံး၍ ဆက်ပြောသည်။
"ဖန့်ညီလေးက အကြွေးမတင်ချင်ဘူးဆိုတာကို မြင်လိုက်ရတော့မှ သူဟာ မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်သူမှန်း ငါသိလိုက်တာ။ ဘယ်လိုလူမျိုးက အကြွေးမတင်ချင်တာလဲ သံယောဇဉ်ကြီးတဲ့ လူမျိုးပဲ "
လူအုပ်ကြီးမှာ နားလည်သွားကြပြီး ခေတ္တမျှ စဉ်းစားကာ ခေါင်းညိတ်လိုက်ကြသည်။
"ဖန့်ညီလေးမှာ တခြား ပုဂ္ဂိုလ်ကြီးတွေလို မာနထောင်လွှားမှု မရှိဘူး။ ဒါကြောင့် ငါက စိတ်ရင်းနဲ့ မိတ်ဆွေဖွဲ့တာ၊ အရက်ဝိုင်းမှာလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ ငါ့ရဲ့ မျှော်လင့်ချက်ကိုလည်း ထုတ်ပြခဲ့တယ်။ ဖန့်ညီလေးက ဒါကို သေချာပေါက် နားလည်တာပေါ့၊ ခက်ခဲမှန်း သိရက်နဲ့ ငါ့ကို ကတိပေးခဲ့တယ်။ ဖန့်ညီလေး ကျွေ့ယွမ်ကြယ်ကို နောက်တစ်ခါ ပြန်လာရင်တော့ ငါတို့ ဘိုးဘေးကြီးဟာ သူ့နောက်ကို လိုက်ပြီး ဟင်းလင်းပြင်ထဲကို ချီတက်ရတော့မှာပါ"
အဘိုးစိန့်မှာ အလွန်ပင် ဝမ်းသာနေသည်
"ဒါဟာ ငါ့ရဲ့ မသေမျိုး ရေစက်ပဲ။ အကယ်၍ ရှေးဟောင်းမသေမျိုးအဆင့်ကို တက်လှမ်းခွင့် ရခဲ့ရင် နောက်ထပ် ဘဝသစ်တစ်ခု ရသလို ဖြစ်မှာပဲ "
ထိုသို့ပြောပြီးနောက် သူသည် နေ့ခင်းက ဝတ်ရုံဖြူ အဆင့် ၅ အရာရှိကို လှမ်းခေါ်လိုက်သည်။
"မင်းကို စုံစမ်းခိုင်းထားတဲ့ ကိစ္စ ဘယ်လိုလဲ "
"စုံစမ်းပြီးပါပြီ ဘိုးဘေးကြီး၊ အဲဒီခြံဝင်းမှာ နေတဲ့ မောင်နှမနှစ်ယောက် နာမည်က ဖန့်ရှောက်ထျန်းနဲ့ ဖန့်ရှောက်ပန်း ပါ။ အခု အဲဒီခြံထဲမှာ အဆင့် ၁ မသေမျိုး အရှိန်အဝါ ရှစ်ခုကို ကျနော် အာရုံရခဲ့ပါတယ်။ တစ်ယောက်ချင်းစီကလည်း အလွန်ထူးခြားပြီး သူတို့နဲ့ အဆင့်တူတွေထဲမှာ ထိပ်တန်းတွေ ဖြစ်ကြပါလိမ့်မယ်"
အဆင့် ၅ အရာရှိက ရိုသေစွာ တင်ပြလိုက်သည်။
"အဲဒီ မောင်နှမနှစ်ယောက်က ဖန့်ညီလေးနဲ့ သေချာပေါက် ဆွေမျိုးတော်စပ်လိမ့်မယ်။ နောက်ပိုင်း မင်း မြို့တော်ကို စောင့်ကြည့်တဲ့အခါ ဒီနှစ်ယောက်ကို အဓိကထား စောင့်ရှောက်ရမယ်။ သူတို့ တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်လို့မရဘူး။ မှတ်ထားပါ... အမှားအယွင်း အသေးအဖွဲလေးတောင် ဖြစ်လို့မရဘူး"
အဘိုးစိန့်၏ အကြည့်မှာ စူးရှသွားတော့သည်။
ဤအခိုက်အတန့်တွင်မှ သူသည် လူတိုင်းသိထားသော ဘိုးဘေးကြီးအဖြစ် ပြောင်းလဲသွားသည်။
ရန်သူကိုဆိုလျှင် လုံးဝ သက်ညှာခြင်းမရှိဘဲ အမြစ်ပြတ် သုတ်သင်တတ်သော ဘိုးဘေးကြီးအဖြစ်ပင်။
အခန်း (၁၄၇၆) - တားမြစ်နယ်မြေသို့ ဆိုက်ရောက်ခြင်း
နဂါးနက်လှေပေါ်တွင်...
"ဟွမ်ဝူကျိ ဒီတစ်ခေါက် နယ်မြေသစ်ရှာဖွေရေးခရီးကို မလိုက်နဲ့တော့။ ကျွေ့ယွမ်ကြယ်မှာပဲ နေခဲ့ပြီး ဟိုကလေးနှစ်ယောက်ကို ငါ့ကိုယ်စား စောင့်ရှောက်ပေးပါ။ အားရင်တော့ မင်းအတွက် အဆင့် ၅ မသေမျိုးဆေးဖက်ဝင်ပစ္စည်းကို ငါရှာပေးမယ်"
ဖန့်ချန်သည် ဟွမ်ဝူကျိ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် တည်နေရာတစ်ခုကို ပေးလိုက်ပြီး မှာတမ်းခြွေကာ ဟွမ်ဝူကျိ ကျွေ့ယွမ်ကြယ်သို့ ပြန်လည်ပျံသန်းသွားသည်ကို ကြည့်ကာ ကျန်ရစ်ခဲ့သည်။
ကျိကန်းမှာ အနည်းငယ် အံ့သြသွားသလို၊ အကြီးအကဲချင်နှင့် လင်းတုန်းတို့လည်း မမျှော်လင့်ထားသဖြင့် အံ့အားသင့်သွားကြသည်။
သို့သော်လည်း သူတို့ ဘာမှဝင်မပြောကြချေ။
ဖန့်ချန်၏ ဆုံးဖြတ်ချက်ကို အမာခံတပည့်အချင်းချင်းတောင် ဝင်ရောက်စွက်ဖက်၍မရရာ၊ သူတို့ကဲ့သို့ အပြင်စည်းကျင့်ကြံသူများဆိုလျှင် သာ၍ပင် မတတ်နိုင်ချေ။
"ကိစ္စတွေ အားလုံးပြီးပြီလား ပြီးရင်တော့ ငါတို့ ထွက်ခွာကြစို့"
စီနီယာအစ်မကြီး၏ အသံမှာ ဖန့်ချန်၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။
ဖန့်ချန်သည် စီနီယာအစ်မကြီး ရှိနေသော နဂါးနက်လှေဘက်သို့ ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
နောက်တစ်ခဏတွင် နဂါးနက်လှေ အစင်းတစ်ရာ၏ အစီရင်သည် တစ်ဖန်ပြန်လည် အသက်ဝင်လာပြီး အလင်းတန်းအလား ဟင်းလင်းပြင်အတွင်းမှ ထွက်ခွာသွားကြတော့သည်။
နောင်နှစ်အနည်းငယ်အကြာတွင် နဂါးနက်လှေ အစင်းတစ်ရာသည် မော့ရှယ်ကြယ်တာရာသို့ ဆိုက်ရောက်လာခဲ့သည်။
ကျွယ်မင်နန်းတော် ၏ လက်အောက်တွင် အဓိက ကြယ်တာရာ ရှစ်ခု ရှိရာ မော့ရှယ်မှာ တစ်ခုအပါအဝင်ဖြစ်သည်။
သို့သော်လည်း မော့ရှယ်မှာ ကျွယ်မင်နယ်မြေ၏ အစွန်အဖျားတွင် တည်ရှိပြီး ထိုနေရာကို ကျော်လွန်သွားလျှင် ရုလိုင်ဘုရားကျောင်း ၏ နယ်မြေဖြစ်သွားသည်။
ထို့ကြောင့် မော့ရှယ်၏ စည်ပင်ဝပြောမှုမှာ လင်ကွေ့ကြယ်တာရာကို အဝေးကပင် မမီချေ။
ကြယ်တာရာ ရှစ်ခုထဲတွင် အောက်ခြေအဆင့်၌သာ ရှိသည်။
ထိုနေရာမှာ စီနီယာအစ်မကြီး ပြောခဲ့သော အနားယူစခန်းချမည့် နေရာပင် ဖြစ်သည်။
စစ်ကြောင်းကြီး ဆိုက်ရောက်သည်နှင့် စီနီယာအစ်မကြီးသည် စီနီယာအစ်မသုံးနှင့် အခြားသူများကို ခေါ်ဆောင်ကာ ဤနေရာတွင် အခြေစိုက်စောင့်ကြပ်နေသော ရှေးဟောင်းမသေမျိုး အချို့နှင့် သွားရောက်တွေ့ဆုံသည်။
ထို့နောက် မကြာမီမှာပင် ဝိညာဉ်ကျောက်တုံးများနှင့် မသေမျိုးကျောက်တုံး အမြောက်အမြားကို အမာခံတပည့်တစ်ဦးချင်းစီထံသို့ ပေးပို့လာပြီး ၎င်းတို့ကို အမာခံတပည့်များက တစ်ဆင့် ပြန်လည်ခွဲဝေပေးကြသည်။
မသေမျိုးကျောက်တုံး သက်သက်ပင် ဖန့်ချန်သည် အလုံးပေါင်း နှစ်ရာ ရရှိခဲ့သည်။
လီရှမ်းဇီသည် ထိုပစ္စည်းများကို လိုက်လံဝေငှရင်း သက်ပြင်းချကာ ဆိုသည်။
"မော့ရှယ်ကြယ်တာရာကလည်း ဒီနှစ်ပိုင်းတွေမှာ အခြေအနေ သိပ်မကောင်းဘူး။ ဒီမသေမျိုးကျောက်တုံးတွေက အများကြီးမဟုတ်ပေမဲ့ ဒီမှာစောင့်ကြပ်နေတဲ့ ရှေးဟောင်းမသေမျိုးတွေ ထုတ်ပေးနိုင်တဲ့ အဆုံးစွန်အတိုင်းအတာပါပဲ"
ပြောပြီးနောက် သူက ဖန့်ချန်ကို ပြုံးပြလိုက်သည်
"ဖန့်ညီလေး ငါ တခြားသူတွေကို ဆက်ဝေရဦးမယ်၊ အရင်သွားနှင့်ပြီနော်"
"လီအစ်ကိုကြီး ကောင်းကောင်းသွားပါ"
ဖန့်ချန်က နှုတ်ဆက်လိုက်သည်။
လီရှမ်းဇီ ထွက်သွားပြီးနောက် ဖန့်ချန်သည် မသေမျိုးကျောက်တုံး အချို့ကို ကျိကန်း၊ အကြီးအကဲချင်၊ လင်းတုန်းနှင့် မိယွီတို့အား ခွဲပေးလိုက်သည်။
ကျန်ရှိသော အလုံးတစ်ရာခန့်ကိုတော့ သူ၏ ကိုယ်ပိုင်ကျောက်တုံးအချို့နှင့် ပေါင်းကာ လိုက်ပါလာသော နယ်မြေသစ်ရှာဖွေရေးအဖွဲ့အား ဝေငှပေးရန် လင်းတုန်းကို ပေးအပ်လိုက်သည်။
စုစုပေါင်း မသေမျိုးကျောက်တုံး သုံးရာခန့်ကို ခွဲဝေပေးလိုက်ခြင်း ဖြစ်သည်။
ဤပမာဏမှာ များပြားလှသည်တော့ မဟုတ်ချေ။
ကံကောင်းသည်မှာ ဤနေရာတွင် အနားယူမည့် အချိန်မှာ တစ်နှစ်တိတိ ကြာမြင့်မည်ဖြစ်သည်။
ထိုတစ်နှစ်အတွင်း ကျင့်ကြံသူအားလုံး လွတ်လပ်စွာ သွားလာနိုင်ပြီး ထွက်ခွာမည့်အချိန်တွင် အမှီပြန်လာရန်သာ လိုအပ်သည်။
ဤအချိန်မှာ သူတို့အတွက် မော့ရှယ်ကြယ်တာရာတွင် ကိုယ်ပိုင်နည်းလမ်းဖြင့် မသေမျိုးကျောက်တုံး အနည်းငယ်ရှာဖွေရန် လုံလောက်လှသည်။
သို့မှသာ ဟင်းလင်းပြင်ထဲတွင် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ရသည့်အခါ မသေမျိုးကျောက်တုံး မလောက်ငှသဖြင့် မသေမျိုးစွမ်းအား ကုန်ခမ်းရသည့် အခက်အခဲကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
ဖန့်ချန်သည်လည်း ထိုတစ်နှစ်အတွင်း အားမနေခဲ့ချေ။
သူသည် နဂါးနက်လှေကို စီးနင်းကာ မော့ရှယ်ကြယ်တာရာရှိ ဂြိုဟ်များပေါ်တွင် လှည့်လည်ကြည့်ရှုခဲ့သည်။
နောက်ဆုံးတွင် သတ်ဖြတ်ခြင်းနတ်ဆိုးတောင်တန်း နှင့် ဆင်တူသော နေရာအချို့ကို ရှာတွေ့ခဲ့ပြီး တည်နေရာများကို မှတ်သားကာ ပြန်လာခဲ့သည်။
"ဂြိုဟ်တိုင်းက ချိတ်ပိတ်ခံထားရတာပဲ... ဒါကို ဖွင့်ဖို့ဆိုရင် အစီရင်တွေ ဘယ်လောက်တောင် များလိုက်မလဲ... ကောင်းကင်ဘုံသွေး ဘယ်လောက်တောင် သုံးရမလဲ "
ဝမ်ချုံစန်း၏ နောက်ဆက်တွဲ အစီအစဉ်အချို့ကို ဖန့်ချန် တဖြည်းဖြည်း နားလည်လာပုံရသည်။
ခန့်မှန်းရသလောက်ဆိုလျှင် ကျွယ်မင်နန်းတော်ပိုင်ဆိုင်သော ကြယ်တာရာ ရှစ်ခုလုံးတွင်ပင် ဝမ်ချွမ်းမြစ် ထဲ၌ နစ်မြုပ်နေသော လူသားဝိညာဉ်များစွာ ရှိနေဆဲဖြစ်သည်။
ချိတ်ပိတ်မှုများကို ဖြည်နိုင်မှသာ သူတို့ကို တစ်ဦးချင်းစီ ဆယ်ယူပြီး ကျွယ်မင်ကြယ် ပေါ်တွင် လူပြန်ဝင်စားရန် ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
"နှမြောစရာကောင်းတာက ဝမ်ချွမ်းမြစ်က အရမ်းကြီးလွန်းတယ်။ ငါ့မှာ ကျူးလုံ ရှိနေရင်တောင် ဒီကျယ်ပြောလှတဲ့ ဝမ်ချွမ်းမြစ်ထဲမှာ ဒီဂြိုဟ်တွေနဲ့ သက်ဆိုင်တဲ့ ယင်လောက တည်နေရာတွေကို အတိအကျ ရှာဖို့ မလွယ်ဘူး"
"ဒါမှမဟုတ်ရင်တော့ ဖြတ်လမ်းနည်းနဲ့ သွားလို့ရမှာပဲ"
တစ်နှစ်တာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
အားလုံးမှာ အသင့်ပြင်ဆင်ပြီးနောက် လူစုံသည်နှင့် စစ်ကြောင်းကြီးမှာ တစ်ဖန် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားကြပြန်သည်။
နောက်ထပ် ခရီးစဉ်မှာ ရှစ်ဆယ်ကျော်မျှ ကြာမြင့်မည့် ရှည်လျားသော ခရီးစဉ်ကြီး ဖြစ်သည်။
ထိုအတောအတွင်း သူတို့သည် လူသူနေထိုင်သော နယ်မြေအတော်များများကို ဖြတ်သန်းခဲ့ရသော်လည်း စီနီယာအစ်မကြီးမှာ အနားယူရန် အစီအစဉ် မရှိချေ။
ကြာနီနတ်မိမယ်မှာ ရံဖန်ရံခါ ဖန့်ချန်၏ လှေဘက်သို့ လာရောက်ကာ စကားစမြည် ပြောလေ့ရှိသည်။
သူမက စီနီယာအစ်မကြီးအား မေးမြန်းကြည့်ရာ ရုလိုင်ဘုရားကျောင်း နယ်မြေအတွင်း ဘာကြောင့် အနားမယူရသနည်းဟူသော အကြောင်းရင်းကို သိခဲ့ရသည်။
၎င်းမှာ စိတ်ဝိညာဥ်နယ်မြေ ရှိ ထိပ်တန်းအင်အားစုကြီးများ သတ်မှတ်ထားသော စည်းမျဉ်းတစ်ခု ဖြစ်ဟန်တူသည်။
မသေမျိုးလှေ အစီရင်ကြီးများဖြင့် ချီတက်နေစဉ်အတွင်း အခြားသူ၏ နယ်မြေထဲတွင် အနားယူ စခန်းချခြင်း မပြုရချေ။
သို့မဟုတ်ပါက ကျူးကျော်မှုအဖြစ် သတ်မှတ်ပြီး စစ်ပွဲစတင်မည်ဖြစ်သည်။
သာမန် နယ်မြေသစ်ရှာဖွေရေးအဖွဲ့များ မှလွဲ၍ ကျန်အဖွဲ့များမှာ ခဏတာမျှသာ ရပ်နားခွင့်ရှိသည်။
ဖန့်ချန်မှာ ထိုအခါမှ သဘောပေါက်သွားတော့သည်။
မော့ရှယ်ကြယ်တာရာတွင် အနားယူခဲ့ခြင်းမှာ အကြောင်းရှိပေသည်။
အကယ်၍ ထိုစည်းမျဉ်းကို မသိခဲ့လျှင် သူ၏ အတွေးအရ အခြားသူ၏ နယ်မြေတွင် အနားယူခြင်းက ပို၍ တွက်ခြေကိုက်မည်ဟု ထင်မိပေလိမ့်မည်။
ထိုနှစ်ပေါင်း ရှစ်ဆယ်အတွင်း ဖန့်ချန်၏ ကိုယ်ပွားအသီးသီးထံမှ စွမ်းအားပြန်လည်ပေးပို့မှုများ အစဉ်မပြတ် ရရှိနေသဖြင့် သူ၏ အဆင့် ၂ မသေမျိုး ကျင့်ကြံမှုမှာ တဖြည်းဖြည်း ပြည့်စုံခြင်း သို့ ချဉ်းကပ်လာခဲ့သည်။
နောက်ဆုံးတွင် ဖန့်ထျန်းဇွန် ထံမှ အလွန်ပြင်းထန်သော စွမ်းအားတုံ့ပြန်မှုတစ်ခု ရရှိလိုက်ပြီးနောက် ဖန့်ချန်၏ ကျင့်ကြံမှုမှာ အဆင့် ၂ မသေမျိုးဆေးဖက်ဝင်ပစ္စည်း တာအိုဓားအစွယ် ကို သောက်သုံးနိုင်သည့် အခြေအနေသို့ လုံးဝ ရောက်ရှိသွားတော့သည်။
"အဲဒီ ဖန့်ညီလေး က ကျွေ့ယွမ်ကြယ်မှာ အဆင့် ၂ လူသားမသေမျိုး ဆေးကို ရခဲ့တာလား "
ကျိရှန့်သည် ဖန့်ချန် ရှိနေသော နဂါးနက်လှေဘက်သို့ လှမ်းကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါပေမဲ့ သူ အဆင့် ၁ မသေမျိုး ဖြစ်တာ ဘယ်လောက်ကြာသေးလို့လဲ ဘယ်လိုလုပ် အဆင့် ၂ ဆေးကို သောက်နိုင်မှာလဲ ကျင့်ကြံမှုက အဆင့်မပြည့်သေးဘဲနဲ့ သောက်ရင် ဆေးကို ဖြုန်းတီးရာရောက်ရုံတင်မကဘူး၊ ဆယ်ပုံကိုးပုံကတော့ ကျရှုံးမှာပဲ"
ကျိထျန်းကျွင်းက ခေါင်းညိတ်ပြလိုက်သည်
"ဖြစ်နိုင်တာက သူက အောင်မြင်မှုကို အရမ်းလောနေတာ ဖြစ်မှာပါ။ သူ့ကိုယ်သူ ပါရမီထူးခြားတယ်လို့ ထင်ပြီး အဆင့် ၁ မှာ အကြာကြီး မနေချင်တာ ဖြစ်မယ်။ မင်းလိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ အဆင့် ၁ နယ်ပယ်မှာ နှစ်ပေါင်းများစွာ အခြေခိုင်အောင်နေတာက ပိုစိတ်ချရပါတယ် ညီလေးရာ"
"ထားလိုက်တော့... သူက အဆင့် ၂ ကို တက်မယ်ဆိုရင် ငါလည်း အဆင့် ၂ ကို တက်မှာပဲ။ နောက်ပေါက်တစ်ယောက်ရဲ့ နောက်မှာ ကျန်နေခဲ့လို့တော့ မဖြစ်ဘူး"
ကျိရှန့်သည် သွားကိုတင်းတင်းစေ့ကာ အခန်းထဲသို့ ဝင်သွားတော့သည်။
ကျိထျန်းကျွင်းကတော့ လိုက်မသွားဘဲ ဖန့်ချန်၏ နဂါးနက်လှေကိုသာ ဆက်ကြည့်နေသည်။
ခဏအကြာတွင် သူ၏ အကြည့်မှာ ကြာနီနတ်မိမယ်ရှိနေသော နဂါးနက်လှေဆီသို့ ပြောင်းသွားသည်။
ထိုနဂါးနက်လှေ နှစ်စင်းမှာ တစ်စင်းနှင့်တစ်စင်း အလွန်ပင် ကပ်နေကြသည် မဟုတ်ပါလား။
"မင်းသမီးလေးက ဒီဖန့်ချန်ကို ဒီလောက်အထိ အလေးထားနေမှတော့... သူက သူ့ရဲ့ ဇာတိမြေမှာ အရင်ဘဝတုန်းက တစ်စုံတစ်ရာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးများ ဖြစ်ခဲ့တာလား "
ကျိထျန်းကျွင်း၏ မျက်လုံးထဲတွင် စဉ်းစားခန်း ဝင်သွားတော့သည်။
"စီနီယာအစ်ကို ၅... ဖန့်ညီလေး က အဆင့် ၂ မသေမျိုးကို တက်လှမ်းဖို့ ပြင်နေပုံပဲ"
လီရှမ်းဇီ သည် နန်မင်ရုယွဲ့ ၏ ဘေးတွင်ရပ်ကာ ပြုံး၍ ဆိုသည်။
"နည်းနည်းတော့ လောနေသလိုပဲ"
နန်မင်ရုယွဲ့က ခေါင်းကို ခပ်ဖွဖွ ခါလိုက်သည်
"ကံကောင်းလို့ အောင်မြင်သွားခဲ့ရင်တောင် ဒါဟာ သူ့ရဲ့ ပါရမီကို ဖြုန်းတီးရာ ရောက်လိမ့်မယ်။ အဆင့် ၂ ရောက်သွားရင် သူ့ရဲ့ ခွန်အားက သိပ်ပြီး ထူးထူးခြားခြား ဖြစ်မလာနိုင်ဘူး"
"အမှန်အတိုင်း ပြောရရင် ဖန့်ညီလေး ရဲ့ ပါရမီက ခရမ်းရောင်တံဆိပ်ပြား အဆင့်အထိ ရှိနိုင်မယ်လို့ ကျနော် ထင်တယ်"
လီရှမ်းဇီက ဆိုသည်။
"ခရမ်းရောင် တံဆပ်ပြား"
"သူ့ကို ကြည့်ရတာ အရင်တုန်းက ဝမ်ချုံစန်းကို သတိရစေတယ်။ အောက်ပိုင်း နယ်မြေ ၆ ခုက လာတာချင်း တူတယ်၊ ပါရမီ ထူးခြားတာချင်း တူတယ်၊ နောက်ပြီး... စီနီယာအစ်မကြီးနဲ့ ရင်းနှီးတာချင်းလည်း တူတယ်"
လီရှမ်းဇီက ဆက်ပြောသည်
"ဒါတင်မကဘူး၊ ဒီတစ်ခေါက် စီနီယာအစ်မကြီး လုပ်ကြံခံရတုန်းကလည်း သူက အနားမှာ ရှိနေခဲ့ပြီး ဂုဏ်ထူးမှတ် ငါးထောင်ရတဲ့အထိ အစွမ်းပြခဲ့တယ်"
"မင်းပြောချင်တာက... သူဟာ ဝမ်ချုံစန်း ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား "
နန်မင်ရုယွဲ့၏ မျက်နှာတွင် အံ့သြမှုတစ်ခု ဖြတ်ပြေးသွားသည်။
"ဒါက ခန့်မှန်းချက်သက်သက်ပါပဲ။ ဝမ်ချုံစန်းမှာ ကိုယ်ပွားပေါင်းများစွာ ရှိတဲ့ ထူးခြားတဲ့ အတတ်ပညာ ရှိတယ်လို့ ကျနော် ကြားဖူးတယ်။ သူ နှင်ထုတ်ခံရပြီးနောက် ကျနော်တို့ထဲက လူအတော်များများ သူ့ကို ရှာခဲ့ကြပေမဲ့ အောက်ပိုင်း နယ်မြေ ၆ ခုရဲ့ ဘယ်နေရာမှာ ရှိမှန်း ဘယ်သူမှ ရှာမတွေ့ခဲ့ကြဘူး"
"မဖြစ်နိုင်တာ... ကိုယ်ပွားသက်သက်ဆိုရင်တော့ အစီရင်ဗဟိုချက် နဲ့ စာချုပ်ချုပ်ဆိုနိုင်စရာ အကြောင်းမရှိဘူး"
နန်မင်ရုယွဲ့က ခေါင်းခါလိုက်သည်။
စကားပြောနေစဉ်အတွင်းမှာပင် ဆိတ်ငြိမ်လှသော ဟင်းလင်းပြင်ကြီးသည် ရုတ်တရက် အလင်းရောင်များဖြင့် တောက်ပလာသည်။
သူတို့နှစ်ဦး လှည့်ကြည့်လိုက်ရာ နေမင်းကြီးနှင့် ဆင်တူသော ဂြိုဟ်ကြီးတစ်လုံးသည် တောက်ပလှသော ဗုဒ္ဓအလင်းတန်းများကို ထုတ်လွှင့်နေသည်ကို မြင်လိုက်ရတော့သည်။
နံပါတ် ၉၇ ရှေးဟောင်းတားမြစ်နယ်မြေ တာ့လေယင်း သို့ ဆိုက်ရောက်ခဲ့လေပြီ။