အခန်း (၁၄၇၇-၁၄၇၈)
Vol. 148 Ch. 1477-1478
အခန်း (၁၄၇၇) - ယွမ်သံလိုက်ဓာတ်ငါးပါး နတ်ဘုရားဓား
တိတ်ဆိတ်ခြောက်ကပ်လှသော ဟင်းလင်းပြင်ကြီးအတွင်း၌ နဂါးနက်လှေ အစင်းတစ်ရာသည် သားရဲကြီးများ ဝပ်စင်းနေသကဲ့သို့ တည်ရှိနေသည်။
ရှေ့တည့်တည့် မိုင်ပေါင်းမည်မျှဝေးသည်မသိသော နေရာ၌ တောက်ပလှသော ဗုဒ္ဓအလင်းတန်းများ လွှမ်းခြုံထားသည့် လက်တစ်ထောင်ကွမ်ရင် အစီရင်များစွာကို မှိန်ပျပျ မြင်နေရသည်။
စခန်းနှစ်ခုကြားတွင် အလွန်ဝေးကွာသော အကွာအဝေးတစ်ခု ခြားနားနေသော်လည်း စစ်ပွဲတစ်ခုသည် အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အလား ဖိအားများက ပြည့်နှက်နေလေသည်။
စီနီယာအစ်မကြီးသည် နဂါးနက်လှေ၏ ဦးပိုင်းတွင် ရပ်နေပြီး သူမ၏ ဘေးနားတွင် အမာခံတပည့် အယောက်ပေါင်းများစွာ ရပ်နေကြသည်။
"တာ့လေယင်းကို ရုလိုင်ဘုရားကျောင်းက သိမ်းပိုက်ထားတာ နှစ်ပေါင်းတစ်ထောင်ကျော်ပြီ။ အခု ရုတ်တရက် ထွက်ပေါ်လာတဲ့ ဗုဒ္ဓအလင်းကလည်း အရင်တုန်းကလောက် မတောက်ပတော့ဘူးပဲ... အရင်းအမြစ်တွေ တော်တော်လေး ကုန်ဆုံးသွားပုံရတယ်"
စီနီယာအစ်မသုံးက ပြုံးစစဖြင့် ဆိုသည်။
တာ့လေယင်းသည် အချိန်ကာလအပိုင်းအခြားအလိုက် နှစ်အနည်းငယ်ခန့် ဗုဒ္ဓအလင်းတန်းများ လွှမ်းခြုံထားလေ့ရှိသည်။
ထိုအတောအတွင်း ဤဗုဒ္ဓအလင်းများသည် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ကျင့်ကြံမှုကို အဆမတန် တိုးတက်စေသည့်အပြင် တိုက်ပွဲစွမ်းရည်ကိုလည်း အထူးပင် မြှင့်တင်ပေးသည်။
ဆန့်ကျင်ဘက်အားဖြင့် အခြားသော လမ်းစဉ်ကျင့်ကြံသူများအတွက်မူ ထိုအလင်းများက စွမ်းအားကို ဖိနှိပ်ထားတတ်သည်။
ရုလိုင်ဘုရားကျောင်းသည် ဤတားမြစ်နယ်မြေကို သိမ်းပိုက်နိုင်ခဲ့ခြင်းမှာ ထိုအချက်ကြောင့်ပင် ဖြစ်သည်။
သူတို့သည် ပထမတိုက်ပွဲတွင် နိုင်ခဲ့သလို ဒုတိယတိုက်ပွဲတွင်လည်း အောင်နိုင်ခဲ့ကာ တာ့လေယင်းကို နှစ်ပေါင်း တစ်ထောင့်တစ်ရာတိုင် စောင့်ကြပ်ခဲ့ကြသည်။
ယခု တတိယတိုက်ပွဲမှာ အလွန်ပင် အရေးကြီးလှသည်။
အကယ်၍သာ ထပ်မံအောင်နိုင်ခဲ့လျှင် နောင်နှစ်ပေါင်း တစ်သောင်းတိုင်အောင် မည်သူမျှ လာရောက်နှောင့်ယှက်ဝံ့ကြမည် မဟုတ်ချေ။
"စီနီယာအစ်မကြီး... ကျနော်တို့ နှစ်အနည်းငယ်လောက် စောင့်ကြည့်ရင်ရော အဲဒီ ဗုဒ္ဓအလင်းတွေ ကွယ်ပျောက်သွားတော့မှ သွားပြီး စိန်ခေါ်ရင် မကောင်းဘူးလား "
စတုတ္ထမြောက်တပည့်က အကြံပြုသည်။
"ငါ အချိန်တွက်ချက်ပြီးပြီ၊ အဲဒီလောက်အထိ စောင့်လို့မရဘူး။ တကယ်လို့ သတ်မှတ်ထားတဲ့ အချိန်ကျော်သွားရင် ငါတို့ စိန်ခေါ်ခွင့် ဆုံးရှုံးသွားလိမ့်မယ်"
စီနီယာအစ်မကြီးက ခေါင်းကို ခပ်ဖွဖွခါယမ်းလိုက်ပြီး သူမ၏ အေးစက်လှသော အကြည့်များက လက်တစ်ထောင်အစီရင်များဆီသို့ စူးစိုက်နေသည်။
"ရုလိုင်ဘုရားကျောင်းက ဒီဗုဒ္ဓအလင်းတွေရဲ့ အထောက်အပံ့နဲ့ဆိုရင် သူတို့ ရှုံးမှာမဟုတ်ဘူးလို့ ထင်နေကြတာ။ ဒါပေမဲ့ အရင်နှစ်ကြိမ်တုန်းက ငါတို့ ကျွယ်မင်နန်းတော်က အသည်းအသန် မလုခဲ့တာဟာ တာ့လေယင်းဆိုတာ တကယ်ပဲ ရှေးဟောင်းဗုဒ္ဓဘာသာရဲ့ အမွေအနှစ်ဖြစ်နေလို့ပဲ။ ဒါပေမဲ့ ဒီနေ့တော့ မတူတော့ဘူး... ရှောင်ကွမ်းယင် က ငါ့အပေါ် လုပ်ကြံဝံ့မှတော့ သူ့ရဲ့ ခွေးလက်ဖဝါးတွေကို ငါဖြတ်ပစ်ရလိမ့်မယ်။ ငါကိုယ်တိုင် ရောက်လာမှတော့ မနိုင်စရာ အကြောင်းမရှိဘူး"
အားလုံးသည် သူမ၏ ပြတ်သားလှသော ဆုံးဖြတ်ချက်ကို အာရုံခံမိကြသဖြင့် မျက်နှာများမှာ လေးနက်သွားကြသည်။
နောက်လာမည့် တိုက်ပွဲမှာ အမှန်တကယ်ပင် ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပေလိမ့်မည်။
အမာခံတပည့်များ၏ အသက်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ရမည်ဟူသော အစဉ်အလာ စည်းမျဉ်းရှိသော်လည်း တကယ့်တိုက်ပွဲအတွင်း အမာခံအချို့ သေဆုံးသွားခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
"ဘာလို့ အမာခံတပည့် တချို့ ရောက်မလာသေးတာလဲ သွားခေါ်လိုက်ကြ... ငါ ခဏနေရင် အဲဒီကောင်တွေကို သွားတွေ့ပြီး ဘယ်လို စည်းမျဉ်းတွေ သတ်မှတ်မလဲဆိုတာ သွားဆွေးနွေးမလို့"
စီနီယာအစ်မကြီးက ပြုံး၍ ဆိုသည်။
"ဟုတ်ကဲ့ပါ"
ချက်ချင်းပင် တစ်စုံတစ်ယောက်က ကျန်ရှိသော အမာခံတပည့်များကို သွားရောက်ခေါ်ယူလေတော့သည်။
မရောက်ရှိသေးသော အမာခံတပည့်များမှာ များသောအားဖြင့် မသေမျိုးလှေများ၏ တရားအားထုတ်ခန်းအတွင်း ကျင့်ကြံနေကြသူများဖြစ်ရာ အကြောင်းကြားစာ ရသည်နှင့် တစ်ဦးပြီးတစ်ဦး ထွက်လာကြသည်။
ကျိရှန့်သည် ကျိထျန်းကျွင်းကို ခေါ်ဆောင်ကာ ဖန့်ချန်ရှိရာ နဂါးနက်လှေသို့ ရောက်လာသည်။
တရားအားထုတ်ခန်း၏ အစီရင်မှာ ပွင့်နေပြီး အတွင်းအပြင် အဆက်အသွယ် ဖြတ်ထားသည်ကို မြင်သောအခါ ကျိကန်းတို့အဖွဲ့ဘက်သို့ လှည့်ကြည့်ကာ
"ဖန့်ညီလေး တရားထိုင်နေတာ ဘယ်လောက်ကြာပြီလဲ အခု ငါတို့ တားမြစ်နယ်မြေနားကို ရောက်နေပြီ။ စီနီယာအစ်မကြီးက အဖွဲ့အသီးသီးနဲ့ စည်းမျဉ်းတွေ သွားတိုင်ပင်တော့မှာမို့ ဖန့်ညီလေးကို အမြန်ထွက်လာဖို့ ပြောလိုက်ပါ"
ယခုအခါ သူသည် အဆင့် ၂ မသေမျိုးအဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
ဖန့်ချန်မှာမူ ကျင့်ကြံနေဆဲဖြစ်သည်ကို မြင်သောအခါ စိတ်ထဲမှ သိချင်စိတ် ဖြစ်ပေါ်လာမိသည်။
အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ရလဒ်တစ်ခုတော့ ရှိသင့်သည် မဟုတ်ပါလား။
သို့မဟုတ် တက်လှမ်းရာတွင် ကျရှုံးသွားသဖြင့် အပြင်ထွက်ရန် ရှက်နေခြင်းလော။
ဤသို့တွေးမိသောအခါ ကျိရှန့်၏ မျက်လုံးထဲတွင် အောင်နိုင်သူတစ်ဦး၏ အပြုံးကဲ့သို့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူ၏ဘေးတွင် ရပ်နေသော ကျိထျန်းကျွင်းမှာ တရားအားထုတ်ခန်းဘက်မှ အကြည့်လွှဲလိုက်စဉ် ကြာနီနတ်မိမယ် ပျံသန်းလာသည်ကို မြင်လိုက်ရသဖြင့် မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားသည်။
ကြာနီနတ်မိမယ်က ကျိထျန်းကျွင်းအား အကြည့်မပေးဘဲ ကျိရှန့်ကို လက်အုပ်ချီနှုတ်ဆက်ကာ ကျိကန်းအား ဖန့်ချန်၏ အခြေအနေကို မေးမြန်းလိုက်သည်။
"ဖန့်အမာခံက သူတရားထိုင်နေတုန်း ဘယ်သူမှ မနှောင့်ယှက်ရဘူးလို့ မှာထားပါတယ်ဗျ"
ကျိကန်းက ခါးသီးစွာ ပြုံးလျက် ဆိုသည်။
ကျိရှန့်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ကြာနီနတ်မိမယ်အား ဆိုသည်။
"ဟုန်ညီမလေး... ဒါဆိုရင် ဖန့်ညီလေးကို ထားခဲ့လိုက်ရအောင်၊ ငါတို့ စီနီယာအစ်မကြီးဆီ သွားကြစို့"
ပြောပြီးနောက် သူသည် ကြာနီနတ်မိမယ်၏ ရင်ဘတ်ရှေ့တွင် တွဲလောင်းကျနေသော ခေါင်းလေးတစ်ခုကို မြင်လိုက်ရသဖြင့် အံ့သြစွာ မေးလိုက်သည်။
"ဒါက... မိတ်ဆွေ မိယွီလား "
မိယွီသည် တစ်စုံတစ်ယောက်က သူမအား ခေါ်နေသည်ကို ကြားသောအခါ ရုတ်တရက် အပျင်းကြောဆန့်လျက် လန်းဆန်းစွာ မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူမကိုယ်သူမ ဖန့်ချန်၏ ကိုယ်ပေါ်တွင် မဟုတ်ဘဲ ကြာနီနတ်မိမယ်၏ ကိုယ်ပေါ်တွင် ရောက်နေသည်ကို တွေ့သောအခါ ချက်ချင်းပင် အလင်းတန်းတစ်ခုအလား ပြောင်းလဲကာ ကျိကန်း၏ ဘေးတွင် သွားရပ်လိုက်သည်။
"မိတ်ဆွေ ကျိကန်း... ဖန့်အမာခံရော ငါတို့ ရောက်ပြီလား "
သူမ၏ အသံမှာ ကြည်လင်ပြတ်သားလှသည်။
စကားပြောနေရင်းနှင့်ပင် အဆိပ်ကောင်တစ်ကောင်ကို ထုတ်ယူကာ ဝါးစားနေလေသည်။
သူမ၏ နောက်ဘက်ရှိ လင်းယွမ်မှာတော့ စိတ်ပျက်လက်ပျက် ပြုံးမိသည်။
ထိုမိယွီ ဝါးစားနေသော အဆိပ်ကောင်မှာ ဂူ အင်းဆက်တစ်မျိုး ဖြစ်ဟန်တူသည်။
"သူကတော့ မိတ်ဆွေ မိယွီပါ၊ တစ်လမ်းလုံး အိပ်လာတာပဲ"
ကြာနီနတ်မိမယ်က မိယွီထံမှ အကြည့်လွှဲလိုက်ပြီး ကျိရှန့်ကို ပြုံးပြလိုက်သည်။
"ကျိအမာခံ... အစ်ကိုအရင် သွားနှင့်လိုက်ပါ၊ ညီမကတော့ ဒီမှာပဲ ဖန့်အမာခံကို စောင့်နေလိုက်မယ်"
"ဟုန်အမာခံ... စီနီယာအစ်မကြီးက ရုလိုင်ဘုရားကျောင်းနဲ့ တခြားအင်အားစုတွေနဲ့ စကားပြောပြီး တိုက်ပွဲစည်းမျဉ်းတွေ သတ်မှတ်တော့မှာပါ။ ဒီလိုကိစ္စမျိုးကို ကိုယ်တိုင်သွားနားထောင်တာက ပိုကောင်းပါလိမ့်မယ်"
ကျိထျန်းကျွင်းက ယဉ်ကျေးစွာ သတိပေးသည်။
ဤကဲ့သို့သော ကိစ္စများတွင် ပါဝင်ခွင့်ရခြင်းမှာ သူတို့အတွက် အလွန်ပင် အကျိုးကျေးဇူး များလှသည် မဟုတ်ပါလား။
"ရပါတယ်၊ စိတ်မဝင်စားလို့ပါ"
ကြာနီနတ်မိမယ်က လက်ကာပြလိုက်သည်။
ကျိထျန်းကျွင်းမှာ မျက်နှာပျက်သွားသော်လည်း ဘာမှဆက်မပြောတော့ချေ။
ကျိရှန့်မှာတော့ အခြေအနေကို ကြည့်ကာ တစ်ချက်ရယ်မောလိုက်ပြီး ဖန့်ချန်ရှိရာ တရားအားထုတ်ခန်းကို ကြည့်လျက် စဉ်းစားခန်းဝင်သွားသည်။
"အဆင့် ၂ မသေမျိုးကို တက်လှမ်းတာ ဒီလောက်ထိ မကြာသင့်ဘူး... ကြည့်ရတာ တစ်ခုခုတော့..."
တရားအားထုတ်ခန်း အတွင်း၌မူ ဖန့်ချန်၏ တစ်ကိုယ်လုံးမှာ ငါးရောင်ခြည် အလင်းတန်းများ ဖြာထွက်နေသည်။
၎င်းတို့မှာ မူလရွှေဓာတ်၊ မူလသစ်သားဓာတ်၊ မူလရေဓာတ်၊ မူလမီးဓာတ် နှင့် မူလမြေဓာတ် တို့ကို ကိုယ်စားပြုသည်။
ဒီတစ်ခေါက် တာအိုဓားအစွယ်ကို သောက်သုံးကာ အဆင့် ၂ ဓားမသေမျိုး အဖြစ် တက်လှမ်းခြင်းမှာ အတော်လေး ချောမွေ့ခဲ့ပြီး စောစောစီးစီးပင် တံခါးဖွင့်ထွက်လာနိုင်ရမည် ဖြစ်သည်။
သို့သော်လည်း ဓားငယ်လေး အဆင့်တက်ချိန်တွင် ပြဿနာအချို့ ပေါ်ပေါက်ခဲ့သည်။
၎င်းမှာ ယွမ်သံလိုက်ဓာတ်ငါးပါး တောင် ကို ဝါးမြိုခဲ့ခြင်းနှင့် သက်ဆိုင်ပုံရသည်။
"ဓားငယ်လေး... မင်း အခု သတိရှိသေးရဲ့လား"
"နိုးနေရင် အသံလေးတစ်ခုခု ပေးဦး"
"အသံမထွက်နိုင်ရင်လည်း လှုပ်ရှားမှု တစ်ခုခု ပြပါဦး"
သူ့ရှေ့တွင် ဓားငယ်လေးမှာ ငါးရောင်ခြည် အလင်းလုံးကြီးတစ်ခုအတွင်း ဖုံးလွှမ်းခံထားရပြီး အိပ်ပျော်နေသည့်အလား ရှိနေသည်။
ဖန့်ချန် အဆင့် ၂ ဓားမသေမျိုးအဖြစ် တက်လှမ်းပြီးနောက် ဓားငယ်လေးသည်လည်း အလိုအလျောက်ပင် အဘက်ဘက်မှ တိုးတက်လာခဲ့သည်။
ထိုတိုးတက်မှုမှာ အမှန်တကယ်တော့ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ဓားငယ်လေး၏ ဝိညာဉ်မှာ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။
ဖန့်ချန် မည်သို့ပင် စစ်ဆေးမေးမြန်းပါစေ၊ မည်သည့်အသံမျှ ထွက်မလာချေ။
မှန်လေးကသာ သူမစိုးရိမ်ရန်နှင့် ဘာမှမဖြစ်ကြောင်း အခိုင်အမာ ပြောမထားလျှင် ဖန့်ချန်သည် သူအဆင့်တက်စဉ်က မတော်တဆ ဓားငယ်လေး၏ ဝိညာဉ်ကို ဖျက်ဆီးမိလေသလားဟုပင် သံသယဝင်မိပေလိမ့်မည်။
"အစ်ကို... မလောပါနဲ့၊ ဒီကောင်လေးဆီမှာ ဖြစ်နေတဲ့ အပြောင်းအလဲက အတော်လေး ထူးခြားတယ်။ ငါကတော့ မင်း အဆင့် ၄၊ အဆင့် ၅ ရောက်မှ ဖြစ်လာလိမ့်မယ်လို့ ထင်ထားတာ။ အခုကြည့်ရတာ သူက ယွမ်သံလိုက် ဓာတ်ငါးပါးတောင်ကို ဝါးမြိုထားလို့ အခြေခံက အလွန်တရာ ခိုင်မာနေတော့ ကြိုပြီး ဖြစ်လာတာပဲ"
မှန်လေး ၏ အသံက ဖန့်ချန်၏ အသိစိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
"မှန်လေး... ဘယ်လို အကြောင်းရင်းလဲဆိုတာ တိုက်ရိုက်ပြောလို့ မရဘူးလား "
"တိုက်ရိုက်ပြောရင် မသေမျိုးကျောက်တုံး ကုန်လိမ့်မယ်။အစ်ကိုဆီမှာ ရှိတဲ့ ကျောက်တုံးတွေက လောက်မှာမဟုတ်ဘူး ထင်တယ်"
"ဟင်း..."
စက္ကန့်အနည်းငယ်အကြာတွင် ဓားငယ်လေး၏ အရှိန်အဝါမှာ ရုတ်တရက် မတည်မငြိမ် ဖြစ်လာတော့သည်။
ခန္ဓာကိုယ်ပေါ်ရှိ ဓာတ်ငါးပါး မူလစွမ်းအားများမှာ တစ်ခါတစ်ရံ ပွပွထွက်လာပြီး တစ်ခါတစ်ရံ ကျုံ့ဝင်သွားသည်။
ထိုအခြင်းအရာကြောင့် ဖန့်ချန်၏ ကိုယ်ပေါ်မှ ငါးရောင်ခြည် အလင်းတန်းများမှာလည်း တစ်ချက်တောက်ပလိုက်၊ တစ်ချက် မှိန်သွားလိုက် ဖြစ်နေသည်။
"ဒါက..."
ဖန့်ချန်၏ အကြည့်မှာ တန့်သွားသည်။
ဓားငယ်လေးမှာ ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာတွင် သွယ်လျသော ကိုယ်ဟန်တစ်ခု အစားထိုးဝင်ရောက်လာသည်။
၎င်းမှာ ဒူးနှစ်ဖက်ကို ပွေ့ပိုက်ကာ အိပ်ပျော်နေသော ကလေးငယ်တစ်ဦးကဲ့သို့ ငါးရောင်ခြည် မူလစွမ်းအားများအတွင်း ပတ်ချာလည် ဝိုင်းရံထားခြင်း ခံထားရသည်။
ဆံနွယ်ရှည်များမှာ ရေတံခွန်အလား သူ၏ ကိုယ်တစ်ပိုင်းကို ဖုံးအုပ်ထားပြီး ငါးရောင်ခြည် အလင်းတန်းများမှာ မှိန်ပျပျ တောက်ပနေသည်။
တစ်ချိန်တည်းမှာပင်...
နယ်ပယ်အသီးသီးရှိ နောက်မျိုးဆက်ကျင့်ကြံသူများသာ အမြဲတမ်း စောင့်ကြည့်လေ့ရှိသော ဝိညာဉ်ရတနာစာရင်း ပေါ်တွင် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့ရာမှ ရုတ်တရက် လှိုင်းထန်သွားတော့သည်။
ထိုစာရင်းပေါ်တွင် အမည်သစ်တစ်ခု တိုးလာခဲ့လေသည်။
"ယွမ်သံလိုက်ဓာတ်ငါးပါး နတ်ဘုရားဓား"
အခန်း (၁၄၇၈) - စာရင်းဝင်ခြင်း
စိတ်ဝိညာဉ်နယ်မြေ၏ အမည်မသိဒေသတစ်ခုရှိ စည်ကားလှသော ဈေးတန်းအတွင်း လူအများမှာ သွားလာနေကြပြီး ရံဖန်ရံခါတွင် အဆင့် ၁ နှင့် အဆင့် ၂ မသေမျိုးများ ကောင်းကင်ယံ၌ ပျံသန်းဖြတ်သန်းသွားလေ့ရှိကြသည်။
ဈေးတန်း၏ အလယ်ဗဟိုတည့်တည့်တွင် မှန်ပြင်တစ်ခုကဲ့သို့ ချောမွေ့တောက်ပနေသော မတ်စောက်သည့် တောင်ကံပါးယံတစ်ခု ရှိလေသည်။
ထိုကျောက်စာတိုင်ထက်တွင် ဝိညာဉ်ရတနာစာရင်းဟူသော စာလုံးသုံးလုံးကို ထင်ရှားစွာ ရေးထိုးထားသည်။
ထိုကျောက်စာတိုင်သည် လောကတစ်ခုလုံးတွင် အဆင့် ၁ မှ ၃၀၀ အတွင်းရှိသော ဝိညာဉ်ရတနာများ၏ အမည်နာမများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာတိုင်အောင် မရေမတွက်နိုင်သော နောက်မျိုးဆက်ကျင့်ကြံသူများသည် ထိုနေရာတွင် ရပ်တန့်ကာ ဝိညာဉ်ရတနာများ၏ ဘွဲ့တော်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။
သူတို့အတွက်မူ ဤစာရင်းပေါ်ရှိ မည်သည့်ရတနာမဆို၊ အဆင့်အောက်ဆုံးတွင် ရှိနေသော ရတနာအချို့ပင်လျှင် သူတို့တစ်သက်တာတွင် မည်သို့မျှ ထိတွေ့ခွင့်မရနိုင်သော မြင့်မားသည့် တောင်ထွတ်ကြီးများကဲ့သို့ပင် ဖြစ်သည်။
ဝါရင့်ကျင့်ကြံသူကြီးများအတွက်မူ ထိုကဲ့သို့သော စာရင်းဇယားများကို သိပ်ပြီး ဂရုမစိုက်ကြတော့ချေ။
မိမိပိုင်ဆိုင်ရမည့်အရာဆိုလျှင် မိမိပိုင်ဆိုင်ရမည်သာ ဖြစ်သည်။
မိမိနှင့် မထိုက်တန်လျှင် မည်သည့်အခါမျှ ပိုင်ဆိုင်ခွင့်ရလိမ့်မည် မဟုတ်ပေ။
ထိုစာရင်းပေါ်ရှိ မည်သည့်အရာမဆို သူတို့နှင့် များစွာ သက်ဆိုင်ခြင်း မရှိတော့ဟု ခံယူထားကြသည်။
ကျင့်ကြံသူအုပ်စုများမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဤနေရာသို့ ရောက်ရှိလာကြပြီး ဝိညာဉ်ရတနာစာရင်းကို ကြည့်ကာ ရံဖန်ရံခါ သက်ပြင်းချရင်း၊ ရံဖန်ရံခါတွင်လည်း အချင်းချင်း ဆွေးနွေးငြင်းခုံနေကြသည်။
ရုတ်တရက်ဆိုသလို ကောင်းကင်ယံ၌ တောက်ပသော ရွှေရောင်အလင်းတန်းများစွာ ပေါ်ထွက်လာပြီး အလင်းတိုင်များအလား ဒေသအသီးသီးသို့ ကျဆင်းသွားတော့သည်။
ထိုအထဲမှ အလင်းတိုင်တစ်ခုသည် ထိုဝိညာဉ်ရတနာစာရင်း ကျောက်စာတိုင်ပေါ်သို့ ကျရောက်သွားရာ ဝိညာဉ်ရတနာစာရင်းမှာ ချက်ချင်းပင် ထူးကဲသော နတ်ဘုရားအလင်းများ ဖြာထွက်လာပြီး အပေါ်ရှိ စာလုံးများမှာလည်း စတင်ပြောင်းလဲလာတော့သည်။
စာရင်း၏ နောက်ဆုံးအဆင့် (၃၀၀) တွင်ရှိသော ဝိညာဉ်ရတနာ၏ အမည်နာမမှာ တစ်စုံတစ်ယောက်က အတင်းအဓမ္မ ဖျက်ဆီးပစ်လိုက်သည့်အလား ပျောက်ကွယ်သွားပြီး အမည်သစ်တစ်ခုကို အစားထိုးရေးသားလိုက်လေသည်။
"ယွမ်သံလိုက်ဓာတ်ငါးပါး နတ်ဘုရားဓား "
"ဟူး..."
"ဝိညာဉ်ရတနာစာရင်း အပြောင်းအလဲဖြစ်သွားပြီ"
"ဝိညာဉ်ရတနာစာရင်း ပြောင်းသွားပြီဟေ့"
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
ရှူး...
ကောင်းကင်ယံမှ ပုံရိပ်ပေါင်းများစွာသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဆိုက်ရောက်လာကြသည်။
သူတို့၏ ကိုယ်ပေါ်တွင် မသေမျိုးစွမ်းအားများ လှိုင်းထန်နေပြီး အားလုံးမှာ မသေမျိုးအဆင့် ကျင့်ကြံသူများပင် ဖြစ်သည်။
သူတို့သည် ဝိညာဉ်ရတနာစာရင်း၏ အဆင့် ၃၀၀ နေရာတွင် ရှိနေသော ယွမ်သံလိုက်ဓာတ်ငါးပါး နတ်ဘုရားဓား ကို မျက်တောင်မခတ် စူးစိုက်ကြည့်နေကြပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
နောက်ဆုံးအကြိမ် ဝိညာဉ်ရတနာစာရင်း အပြောင်းအလဲဖြစ်ခဲ့တာ ဘယ်တုန်းကလဲ သူတို့ပင် မမှတ်မိကြတော့ချေ။
ထို့အပြင် အပြောင်းအလဲဖြစ်သည်ဆိုသည်မှာလည်း စာရင်းထဲတွင် ရှိနှင့်ပြီးသား ရတနာအချင်းချင်း အဆင့်အတန်း အပြောင်းအလဲဖြစ်ခြင်းသာ ရှိခဲ့ဖူးသည်။
၎င်းမှာ ပုံမှန်ပင် ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ဝိညာဉ်ရတနာစာရင်းထဲ၌ ယခင်က တစ်ခါမျှ မပေါ်ဖူးသေးသော ရတနာအသစ်တစ်ခု ပေါ်ထွက်လာခဲ့ခြင်းပင်။
"ယွမ်သံလိုက်ဓာတ်ငါးပါး နတ်ဘုရားဓားတဲ့လား... ဘယ်လို ပုဂ္ဂိုလ်ကြီးကများ ဒီလို နတ်ဘုရားလက်နက်မျိုးကို ပိုင်ဆိုင်သွားတာလဲ မသိဘူး"
"သေချာပေါက် ရှေးဟောင်းမသေမျိုးအဆင့် ပုဂ္ဂိုလ်ကြီးပဲ ဖြစ်ရမယ်..."
"ရှေးဟောင်းမသေမျိုးတွေမှသာ ဒီလို ကံကောင်းခြင်းမျိုး ရှိနိုင်တာပါ။ ကျုပ်တို့အတွက်ကတော့ သာမန်ဝိညာဉ်ရတနာတစ်ပါးလောက်ပဲ ပိုင်ဆိုင်ရရင်တောင် ဘိုးဘေးတွေကို အမွှေးတိုင်ထွန်းပြီး ကန်တော့ဖို့ လုံလောက်နေပါပြီ"
"ခုနက ရွှေရောင်အလင်းတွေ တောက်ပသွားတာကို ကြည့်ရင် နေရာအနှံ့မှာရှိတဲ့ ဝိညာဉ်ရတနာစာရင်းတွေအားလုံး တစ်ပြိုင်နက်တည်း ပြောင်းလဲသွားတာ ဖြစ်ရမယ်။ ဒီ ယွမ်သံလိုက်ဓာတ်ငါးပါး နတ်ဘုရားဓား ဆိုတဲ့ အမည်ကတော့ နယ်မြေကိုးခုလုံးမှာ ကျော်ကြားသွားပြီပဲ"
အလားတူ မြင်ကွင်းမျိုးမှာ ဒေသအသီးသီးတွင် တစ်ချိန်တည်း၌ အမှန်တကယ်ပင် ပေါ်ပေါက်နေခဲ့သည်။
သို့သော်လည်း ရှေးဟောင်းမသေမျိုးကြီးများအတွက်မူ ဝိညာဉ်ရတနာစာရင်း အဆင့် ၃၀၀ ရှိ ရတနာတစ်ခုမှာ သူတို့၏ စပ်စုလိုစိတ်ကို နှိုးဆွနိုင်ရုံသာရှိပြီး အလွန်အမင်း ဂရုပြုစရာ မဟုတ်သေးချေ။
အဆင့် ၃၀၀ မျှသာ ရှိသေးသဖြင့် အနိုင်မတိုက်နိုင်လောက်အောင် အားကောင်းလွန်းသည်ဟု မဆိုနိုင်သောကြောင့်ပင်။
ဓားငယ်လေး၏ ကိုယ်ပေါ်ရှိ ငါးရောင်ခြည် နတ်ဘုရားအလင်းများမှာ တဖြည်းဖြည်း လျော့ပါးကာ ခန္ဓာကိုယ်အတွင်းသို့ ငုပ်လျှိုးသွားတော့သည်။
သူမသည် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး မိမိကိုယ်ကိုယ် အံ့သြဝမ်းသာစွာ ကြည့်ရှုစစ်ဆေးနေသည်။
ထို့နောက် ဖန့်ချန်ဘက်သို့ လှည့်ကြည့်ကာ
"ဖန့်ချန်... ခုနက ငါ တော်တော်လေး အသက်ရှူကျပ်သွားတာ၊ ငါ သေတော့မယ်လို့တောင် ထင်မိတာ"
ဖန့်ချန်က ဝတ်ရုံတစ်ထည်ကို ထုတ်ယူကာ သူမထံ ပစ်ပေးလိုက်သည်။
"အရင်ဝတ်လိုက်ဦးမှ ပြောရအောင်"
ဓားငယ်လေးသည် အဝတ်အစားကို ကတုန်ကရင်ဖြင့် ခက်ခဲစွာ ဝတ်ဆင်လိုက်ပြီး တရားအားထုတ်ခန်းအတွင်း ဟိုလျှောက် ဒီလျှောက် လုပ်နေသည်။
ဟိုနားထိလိုက်၊ ဒီနားတို့လိုက်ဖြင့် မိမိတွင် လက်ဖဝါးတစ်စုံ ရှိလာသည်ကို အလွန်ပင် အံ့သြနေပုံရသည်။
"ဒီကလေးမလေးရဲ့ ကံတရားက တကယ်မဆိုးဘူးပဲ။ တစ်နေ့ကျရင် ငါလည်း ဒီလိုမျိုး လူပုံစံ ပြန်ပြောင်းနိုင်ရင် ကောင်းမှာပဲ"
မှန်လေးက သက်ပြင်းချကာ ဆိုသည်။
ဖန့်ချန်သည် ဓားငယ်လေးကို အဆက်မပြတ် စောင့်ကြည့်နေသည်။
သူမသည် အသက် ၁၅၊ ၁၆ နှစ်အရွယ် အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦးနှင့် တူလှသည်။
သူမ၏ မျက်ဝန်းများမှာ ကြည်လင်နေပြီး လောကီအညစ်အကြေးများ စွန်းထင်းခြင်း မရှိချေ။
"မှန်လေး ဓားဆိုတာကလည်း... ယောက်ျား၊ မိန်းမ ခွဲခြားလို့ ရလို့လား "
ဖန့်ချန်က တိုးတိုးလေး မေးလိုက်သည်။
"လောကမှာ အရာအားလုံးက ယင်နဲ့ယန် (အဖိုနဲ့အမ) ဆိုပြီး ကွဲပြားကြတာပဲ။ ယင်ယန်ရှိမှ သက်ရှိဖြစ်လာတာလေ။ ဒါပေမဲ့လည်း အတိအကျတော့ ပြောလို့မရသေးဘူး..."
မှန်လေးက ပြောပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားဟန်တူကာ တိတ်ဆိတ်သွားတော့သည်။
"ဓားငယ်လေး... မင်းကိုယ်မင်း မိန်းကလေးဆိုတာ သိလား "
ဖန့်ချန်က မေးလိုက်သည်။
"မိန်းကလေး သိတာပေါ့... ဖန့်ချန်က ဘာလို့ ဒီလိုမေးတာလဲ၊ မင်းလည်း သိနေတာပဲ မဟုတ်လား "
ငါက ဘယ်လိုလုပ် သိမှာလဲဟ။
ဖန့်ချန်က စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်း အခုလို ရုတ်တရက်ကြီး လူပုံစံနဲ့ ပေါ်လာတာက သိပ်တော့ မကောင်းဘူး။ အရင်တုန်းက အဲဒီ ယွမ်သံလိုက်ဓာတ်ငါးပါးတောင်ကို ငါက စီနီယာအစ်မကြီးဆီကနေ လှည့်စားပြီး ယူခဲ့တာ။ တကယ်လို့ သူမက တစ်ခုခု သတိပြုမိသွားရင် အခက်တွေ့နိုင်တယ်။ ဒါကြောင့် မင်း ဓားပုံစံ ပြန်ပြောင်းထားရင်ရော "
ဖန့်ချန်က ညှိနှိုင်းသည့် လေသံဖြင့် ဆိုသည်။
"ပြန်ပြောင်းလို့တော့ ရပါတယ်။ ဒါပေမဲ့ ဖန့်ချန်... ငါ့ကို အချိန်ရရင် အပြင်ထွက်ပြီး လေညင်းခံခွင့်ပေးမယ်လို့ ကတိပေးရမယ်နော်"
ဓားငယ်လေးက အနည်းငယ် စိတ်မကောင်းသလို အမူအရာ ပြလိုက်သည်။
"သေချာပေါက်ပေးမှာပေါ့"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
နောက်တစ်ခဏတွင် ဓားငယ်လေးသည် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းသို့ ငုပ်လျှိုးဝင်ရောက်သွားတော့သည်။
ခုနကမှ ဝတ်ဆင်ထားသော ဝတ်ရုံမှာ မြေပြင်ပေါ်သို့ လွင့်ကျန်ရစ်ခဲ့သည်။
"လူပုံစံ ပြန်ပြောင်းတိုင်း အဲဒီလိုပဲ ဖြစ်နေမှာလား ရန်သူနဲ့ တိုက်ခိုက်တဲ့အခါမှာလည်း အဲဒီလိုမျိုး အဝတ်အစားမပါဘဲ လာပြီးတော့၊ အဝတ်အစားမပါဘဲ ပြန်သွားမှာလား "
ဖန့်ချန်သည် ဝတ်ရုံကို ကောက်ယူရင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"မင်း အဲဒီကလေးမလေးကို ကိုယ်တိုင် ဝတ်စုံတစ်ခု ဖန်တီးတတ်အောင် သင်ပေးလိုက်ရင် ရပါတယ်။ သူမက အခုထိ အဲဒီလို အတွေးမျိုး မရှိသေးလို့ပါ။ သင်ပေးလိုက်ရင် အရမ်းလွယ်ပါတယ်"
မှန်လေးက ဆိုသည်။
"ခုနက မင်းပြောတာ လောကမှာ အရာအားလုံးက ယင်ယန်ခွဲခြားထားတယ်ဆို၊ ဘာလို့ နောက်ပိုင်းမှာ စကားမဆက်တော့တာလဲ မင်းကော ယောက်ျားလား၊ မိန်းမလား "
ဖန့်ချန်က စပ်စုကာ မေးလိုက်သည်။
"မသိဘူး"
မှန်လေးသည် သိက္ခာကျသွားသည့်အလား ဖန့်ချန်၏ စကားကို ပြန်မထူးတော့ချေ။
ဖန့်ချန်သည် ထိုအခြေအနေကို မြင်သောအခါ ခေါင်းခါလိုက်ပြီးနောက် တရားအားထုတ်ခန်း တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။
"အဆင့် ၂ မသေမျိုးကို တက်လှမ်းတာ ဒီလောက်ထိ မကြာသင့်ဘူး... ကြည့်ရတာ တစ်ခုခုတော့..."
ကျိရှန့်သည် တရားအားထုတ်ခန်း တံခါးပွင့်လာသည်ကို မြင်သောအခါ သူပြောလက်စ စကားကို ချက်ချင်း ရပ်လိုက်ပြီး ဖန့်ချန်၏ ကိုယ်ပေါ်မှ မသေမျိုးစွမ်းအား လှိုင်းထန်မှုကို အာရုံခံကြည့်လိုက်သည်။
သို့သော်လည်း ဖန့်ချန်၏ ဝိညာဉ်မှာ အလွန်ပင် ခိုင်မာအားကောင်းလှသဖြင့် အရှိန်အဝါကို ဖုံးကွယ်ထားသည့်အခါ သူ ဘာမှ အာရုံမရခဲ့ချေ။
ဒါက ကျိရှန့်၏ ခန့်မှန်းချက်ကို ပိုမိုခိုင်မာစေသည်။
သူက ပြုံး၍ ဆိုသည်။
"ဖန့်ညီလေး... စီနီယာအစ်မကြီးက ကိစ္စတွေ ဆွေးနွေးဖို့ ငါတို့ကို ခေါ်နေပြီ၊ အမြန်သွားကြရအောင်"
"ကျိအစ်ကိုကြီးကို အလုပ်ရှုပ်စေမိပြီ"
ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
သူသည် ကြာနီနတ်မိမယ်နှင့်အတူ ကျိရှန့်၏ နောက်မှလိုက်ကာ စီနီယာအစ်မကြီးရှိရာ နဂါးနက်လှေဆီသို့ ဦးတည်လိုက်ကြသည်။
မိယွီက လိုက်လာရန် ပြင်လိုက်သော်လည်း ကျိကန်းက သူမ၏ လည်ပင်းကို ဖမ်းဆွဲကာ တားဆီးလိုက်သည်။
သူမက ကျိကန်းကို နားမလည်နိုင်သလို ကြည့်ကာ
"ကျမတို့က ဖန့်အမာခံနောက်ကို လိုက်ရမှာ မဟုတ်ဘူးလား "
"အမာခံတပည့်တွေ ကိစ္စဆွေးနွေးတာကို ကျုပ်တို့ မလိုက်သင့်ဘူး"
ကျိကန်းက ခေါင်းခါပြလိုက်သည်။
"ယွမ်သံလိုက်ဓာတ်ငါးပါး နတ်ဘုရားဓားတဲ့လား... စိတ်ဝင်စားစရာပဲ။ စီနီယာအစ်မကြီး... ဝိညာဉ်ရတနာတစ်ခုက ဝိညာဉ်ရတနာစာရင်းထဲ ဝင်သွားတယ်ဗျ"
"ဘယ်လောက်မှာလဲ"
"အဆင့် ၃၀၀"
"အော်..."
အားလုံး၏ စိတ်ဝင်စားမှုမှာ ချက်ချင်းပင် လျော့ပါးသွားတော့သည်။
သူတို့၏ နဂါးနက်လှေများသည် အစီရင်ကို အသုံးပြုလိုက်လျှင် ထွက်ပေါ်လာသော စွမ်းပကားမှာ အဆင့် ၃၀၀ ရှိ ဝိညာဉ်ရတနာထက် အားမနည်းချေ။
သာ၍ပင် အမာခံတပည့်များထဲတွင် အချို့မှာ အဆင့်မြင့်သော ဝိညာဉ်ရတနာများကို လျှို့ဝှက်ပိုင်ဆိုင်ထားကြသူများ ရှိနိုင်သည်။
"ယွမ်သံလိုက်ဓာတ်ငါးပါး နတ်ဘုရားဓား "
စီနီယာအစ်မကြီးက စဉ်းစားခန်းဝင်သွားပြီးနောက် ဖန့်ချန်တို့ ရောက်လာသည်ကို မြင်သောအခါ အမာခံတပည့် အယောက်တစ်ရာ စုံမစုံ စစ်ဆေးလိုက်သည်။
ထို့နောက် သူမက အမည်အချို့ကို ပေါ့ပေါ့ပါးပါးပင် ခေါ်လိုက်သည်။
"အမှတ် ၃၊ အမှတ် ၅၊ အမှတ် ၇... ဟုန်ကျစ်၊ ဖန့်ချန်... မင်းတို့လည်း လိုက်ခဲ့ကြ"
သူမသည် အမာခံတပည့် အယောက်နှစ်ဆယ်ကျော်ကို ရွေးချယ်လိုက်ရာ အမည်ခေါ်ခံရသူများမှာ ဝမ်းသာသွားကြပြီး ကျန်ခဲ့သူများကတော့ စိတ်ပျက်လက်ပျက်ဖြင့်သာ ခေါင်းခါလိုက်ကြတော့သည်။
ဟင်းလင်းပြင်ထဲ၌ မသေမျိုးစွမ်းအားများဖြင့် ဖန်တီးထားသော ဝါးတောတစ်ခု ရှိလေသည်။
၎င်း၏ ပတ်ပတ်လည်တွင် အဆုံးမဲ့သော ဟင်းလင်းပြင်ကြီး ဝန်းရံထားသော်လည်း အတွင်း၌မူ ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ထိုဝါးတောအတွင်း၌ တည်ကြည်ဖြောင့်မတ်သော ကိုယ်ဟန်များဖြင့် ရပ်နေကြသူများ ရှိလေသည်။
တစ်ဦးချင်းစီတိုင်းမှာ ထိပ်တန်းအင်အားစု အသီးသီးမှ အမာခံတပည့်များ ဖြစ်ကြသည်။
အချို့မှာ အသွေးအသားနတ်နန်း ၊ အချို့မှာ ကြယ်တစ်သောင်းနန်းတော် ၊ အချို့မှာမူ ထိုက်ယီမသေမျိုးတံခါး မှ လာကြသူများ ဖြစ်သည်။
ဝိညာဉ်နတ်ဘုရားဂိုဏ်း နှင့် ဝိညာဉ်သုတ်သင်ခြင်းဌာန တို့မှ အမာခံတပည့်များလည်း ရောက်ရှိနေကြသော်လည်း သူတို့၏ အရေအတွက်ကို ကြည့်လျှင် အခြေအနေလာကြည့်ရုံသာ ဖြစ်ဟန်တူသည်။
ထိုအထဲတွင် အထူးခြားဆုံးမှာ ဝတ်ရုံနက်ဝတ်ထားသော ရဟန်းတစ်ပါးပင် ဖြစ်သည်။
သူသည် ယောက်ျားပုံစံ ဖြစ်သော်လည်း မိန်းကလေးတစ်ဦးကဲ့သို့ နူးညံ့သော မျက်နှာရှိပြီး ကြွယ်ဝချမ်းသာသော အသွင်ရှိသည်။
သူ၏ မျက်ခုံးအမူအရာမှာ လူ့လောကရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် အလွန်ပင် ဆင်တူလှပေသည်။