← Chapters

အခန်း (၁၄၇၉-၁၄၈၀)

Vol. 148 Ch. 1479-1480

အခန်း (၁၄၇၉-၁၄၈၀)

Vol. 148 Ch. 1479-1480

အခန်း (၁၄၇၉) - မတရားစွပ်စွဲနေတာလား

"ရှောင်ကွမ်းယင်... နင့်တို့ ရုလိုင်ဘုရားကျောင်းက ဒီတစ်ခေါက် တကယ်ပဲ သတင်းတွေ ထွက်နေသလိုမျိုး ကျွယ်မင်နတ်နန်းက ရှဲ့အာမန်ကို လက်စဖျောက်ဖို့ ကြံစည်ခဲ့တာလား"

အသွေးအသားနတ်နန်းမှ အမျိုးသမီး အမာခံတပည့်တစ်ဦးက စပ်စုလိုသော လေသံဖြင့် မေးမြန်းလိုက်သည်။

သူမ၏ အကြည့်များက ဝတ်ရုံနက်ဝတ် ရဟန်းပျို၏ ကိုယ်ပေါ်တွင် အထက်အောက် စုန်ချည်ဆန်ချည် ကြည့်ရှုနေပြီး အတော်ပင် စိတ်ဝင်တစား ရှိနေပုံရသည်။

ထိုက်ယီမသေမျိုးတံခါး၊ ကြယ်တစ်သောင်းနန်းတော်၊ ဝိညာဉ်သုတ်သင်ခြင်းဌာန နှင့် ဝိညာဉ်နတ်ဘုရားဂိုဏ်းတို့မှ အမာခံတပည့်များကလည်း ဝတ်ရုံနက်ရဟန်းပျိုထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက ထွက်ပေါ်ခဲ့သည့် ကောလာဟလများကို သူတို့လည်း အနည်းငယ် ကြားမိထားကြသော်လည်း၊ စိတ်ဝိညာဉ်နယ်မြေထဲတွင် ကျွယ်မင်နန်းတော် ၏ ထိပ်တန်းအမာခံတပည့်ကို လုပ်ကြံဝံ့သူ တကယ်ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

ထိုပုဂ္ဂိုလ်မှာ ပါရမီရှင်များထဲမှ ပါရမီရှင်၊ ထူးချွန်သူများထဲမှ ထူးချွန်သူ ဖြစ်ပေသည်။

သူမ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းရည်မှာ ထိုလောကတွင် ဝါရင့်သက်တမ်းအရှည်ဆုံး ပုဂ္ဂိုလ်ကြီးများပင်လျှင် အနည်းငယ် ကြောက်ရွံ့ရသူ ဖြစ်သည်။

ဝိညာဉ်သုတ်သင်ခြင်းဌာနမှ အသစ်တက်လာသော အမာခံတပည့်တစ်ဦးမှာ ရှဲ့အာမန် ဟူသော အမည်ကို ကြားလိုက်ရသည့်အခါ မျက်ဝန်းထဲတွင် အံ့သြချီးကျူးမှုများ ပြည့်နှက်သွားတော့သည်။

ဪ... ကျွယ်မင်နန်းတော်ရဲ့ စီနီယာအစ်မကြီးရဲ့ အမည်က ရှဲ့အာမန် ကိုး။

သူသည် ထိုအမည်ကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး ရောက်ရှိနေကြသော အင်အားစုအသီးသီး၏ အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။

အသွေးအသားနတ်နန်းမှ လူအတော်များများ ရောက်နေကြသလို ထိုက်ယီမသေမျိုးတံခါးနှင့် ကြယ်တစ်သောင်းနန်းတော်တို့ကလည်း အင်အားအပြည့်နှင့် ဖြစ်သည်။

ဝိညာဉ်နတ်ဘုရားဂိုဏ်းနှင့် ဝိညာဉ်သုတ်သင်ခြင်းဌာနတို့ကသာ လူအနည်းဆုံး ဖြစ်ရာ၊ ရှေ့ဆုံးက အဖွဲ့သုံးဖွဲ့မှာ တာ့လေယင်းကို လုယူရန် ရည်ရွယ်ချက်ရှိနေပြီး နောက်ဆုံးနှစ်ဖွဲ့မှာမူ အခြေအနေလာကြည့်ရုံသက်သက်သာ ဖြစ်ကြောင်း သိသာလှသည်။

"ဒါမျိုး လုံးဝမရှိခဲ့ပါဘူး"

ဝတ်ရုံနက်ရဟန်းပျိုက အသွေးအသားနတ်နန်းမှ အမျိုးသမီးကို ကြည့်ကာ ဖြူစင်ရိုးသားသော အကြည့်၊ တည်ငြိမ်သော လေသံဖြင့် ပြန်လည်ဖြေကြားသည်။

"အထင်လွဲမှုလေးအချို့ကြောင့် ဒီလိုသတင်းတွေ ပြန့်သွားတာပါ။ ဒီအတွက် ကျုပ်မှာလည်း တာဝန်အနည်းငယ် ရှိပေမဲ့၊ ကျုပ်က လူခေါ်ပြီး ကျွယ်မင်နန်းတော်ရဲ့ ထိပ်တန်းအမာခံကို လုပ်ကြံခိုင်းတယ်ဆိုတာကတော့ အခြေအမြစ်မရှိတဲ့ စကားတွေပါပဲ"

"အခြေအမြစ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... ဒီတစ်ခေါက် ရှဲ့အာမန်ကိုယ်တိုင် ဦးဆောင်ပြီး ရောက်လာပြီဆိုတော့ နင်တို့ ရုလိုင်ဘုရားကျောင်းအတွက် ရင်ဆိုင်ရတာ မလွယ်တော့ဘူးနော်။ ဘယ်လိုလဲ... ငါတို့ အရင်က တင်ပြထားတဲ့ အခြေအနေတွေကို နင် သဘောတူမှာလား"

ထိုအမျိုးသမီးက ပြုံးလျက် ထပ်မံမေးမြန်းလိုက်သည်။

ထိုက်ယီမသေမျိုးတံခါးနှင့် ကြယ်တစ်သောင်းနန်းတော်မှ အမာခံတပည့်များကလည်း ဝတ်ရုံနက်ရဟန်းပျို၏ အဖြေကို စောင့်ဆိုင်းနေကြသည်။

"တာ့လေယင်းကို အတူတူ စောင့်ကြပ်ဖို့လား..."

ဝတ်ရုံနက်ရဟန်းပျိုက ပြုံးလျက် ခေါင်းခါလိုက်သည်။

"ဒီနေရာက နင်တို့အတွက် ဘာမှ အသုံးမဝင်ပါဘူး။ နင်တို့ တခြား အခြေအနေတစ်ခုခုကို ပြောင်းလဲတောင်းဆိုရင်တော့ ငါတို့ ဆက်ပြီး ဆွေးနွေးလို့ ရနိုင်ပါသေးတယ်"

"ဘယ်သူက အသုံးမဝင်ဘူး ပြောတာလဲ၊ ဗုဒ္ဓလမ်းစဉ်ကရော တာအိုလမ်းစဉ် မဟုတ်လို့လား"

"ငါဆိုရင် ဒီဗုဒ္ဓအလင်းတန်းတွေအောက်မှာ နေရတာ တစ်ကိုယ်လုံးကို နေလို့ထိုင်လို့ ကောင်းနေတာပဲ။ ရှောင်ကွမ်းယင်... ငါတို့မှာလည်း ဗုဒ္ဓတရားနဲ့ ရေစက်ရှိတယ်လို့ နင် မထင်ဘူးလား"

အမာခံတပည့် အတော်များများက ရယ်မောကာ ပြောဆိုလိုက်ကြသည်။

သူတို့ ရယ်မောပြီးနောက်တွင် အသွေးအသားနတ်နန်းမှ ယဲ့ချင်းချိုး က ထပ်မံ ပြောကြားသည်။

"အကယ်၍ ညှိနှိုင်းလို့ မရဘူးဆိုရင်တော့ စည်းမျဉ်းအရ ငါတို့က ဒီတစ်ခေါက် လုပွဲမှာ မပါဝင်ဘဲ နေလို့ရတယ်။ အဲဒီအခါကျရင် နင်တို့ ရုလိုင်ဘုရားကျောင်းက အစွမ်းကုန် ပြင်ဆင်လာတဲ့ ရှဲ့အာမန်ကို ရင်ဆိုင်ရလိမ့်မယ်"

"ငါတို့ရထားတဲ့ သတင်းအရဆိုရင် ကျွယ်မင်နန်းတော်ရဲ့ အစီရင်မသေမျိုးအတတ် ကို အသုံးပြုနိုင်တဲ့ အမာခံတပည့် ရှစ်ယောက်ထဲမှာ ခုနစ်ယောက်တောင် ရောက်လာတယ်တဲ့။ နင်တို့နဲ့ ပတ်သက်တဲ့ အဲဒီကိစ္စကြောင့် ပါဝင်ပတ်သက်သွားရတဲ့ ဒုတိယအမာခံကလွဲရင် ကျန်တဲ့သူတွေ အကုန်ပါလာတာ"

"ရှဲ့အာမန်က ဒီတစ်ခေါက် တာ့လေယင်းကို နင်တို့လက်ထဲကနေ အပိုင်လုဖို့ ရည်ရွယ်ထားပုံပဲ။ သူမ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် နင် တားနိုင်ပါ့မလား"

"တာ့လေယင်းကို ကျုပ်လက်ထဲကနေ ဆုံးရှုံးလိုက်ရရင်တောင်မှ၊မင်းတို့ရဲ့ အဲဒီလို လွန်လွန်ကျွံကျွံ တောင်းဆိုချက်ကိုတော့ လက်မခံနိုင်ပါဘူး။ တာ့လေယင်း ဆုံးရှုံးသွားရင် ကျုပ်တစ်ယောက်တည်းပဲ မျက်နှာပျက်ရမှာပါ၊ ဒါပေမဲ့ အတူတူ စောင့်ကြပ်ခွင့် ပေးလိုက်ရင်တော့ ရုလိုင်ဘုရားကျောင်းတစ်ခုလုံး မျက်နှာပျက်ရလိမ့်မယ်"

ဝတ်ရုံနက်ရဟန်းပျိုက အေးဆေးစွာ ပြုံးလျက် ဆိုသည်။

"အားလုံးလည်း ကျင့်ကြံလာတာ နှစ်ပေါင်းများစွာ ရှိနေပြီပဲ၊ စကားတွေကို လှည့်ပတ်မနေကြပါနဲ့တော့။ မင်းတို့ရဲ့ အခြေအနေတွေကို တည့်တည့်သာ ပြောကြပါ။ ငါ့ဘက်ကနေ ကူညီပြီး စေ့စပ်ပေးဖို့၊ ရှင်းပြပေးဖို့ပဲ မျှော်လင့်ပါတယ်"

"ဒီလိုလုပ်ရအောင်... အသွေးအသားနတ်နန်းက အများကြီး မလိုချင်ပါဘူး၊ အစီရင်ဗဟိုချက် သုံးခုပဲ ပေးပါ။ ဒီတစ်ခေါက် ငါတို့ နင့်အတွက် အချိန်ဆွဲပေးမယ်"

ယဲ့ချင်းချိုးက ဖြည်းဖြည်းချင်း ဆိုလိုက်သည်။

"ထိုက်ယီမသေမျိုးတံခါးကလည်း သုံးခုပဲ"

"ကြယ်တစ်သောင်းနန်းတော်ကတော့ အနည်းငယ် လျှော့ပေးနိုင်ပါတယ်၊ နှစ်ခုဆို ရပါပြီ"

"ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဒီကိစ္စမှာ မပါဝင်ပါဘူး"

"ဝိညာဉ်သုတ်သင်ခြင်းဌာနကလည်း မပါဝင်ပါဘူး"

စုစုပေါင်း အစီရင်နှလုံးသား ရှစ်ခု... ၎င်းမှာ အသွေးအသားနတ်နန်း အစရှိသော ထိပ်တန်းအင်အားစု သုံးခု၏ တောင်းဆိုချက်ပင် ဖြစ်သည်။

အကယ်၍ ရုလိုင်ဘုရားကျောင်းက ပေးမည်ဆိုလျှင် သူတို့သည် သူတို့၏ လုပ်ပိုင်ခွင့်ကို အသုံးပြုကာ ကျွယ်မင်နန်းတော်နှင့် ရင်ဆိုင်တိုက်ခိုက်ပြီး ကျွယ်မင်နန်းတော်၏ အင်အားကို ဖြုန်းတီးပစ်မည် ဖြစ်သည်။

ထိုအခါ ရုလိုင်ဘုရားကျောင်းက အလွယ်တကူ အောင်နိုင်ပေလိမ့်မည်။

အကယ်၍ ရုလိုင်ဘုရားကျောင်းက သဘောမတူပါက သူတို့သည် ဘေးထိုင်ကြည့်နေမည်ဖြစ်ပြီး ရုလိုင်ဘုရားကျောင်းကို အားအင်အပြည့်ရှိသော ရှဲ့အာမန်တို့နှင့် ရင်ဆိုင်ခိုင်းမည် ဖြစ်သည်။

"တစ်ဖွဲ့ကို အစီရင်နှလုံးသား တစ်ခုစီပဲ... ဒါက ကျုပ်ပေးနိုင်တဲ့ အခြေအနေပဲ"

ဝတ်ရုံနက်ရဟန်းပျိုက ပြောပြီးသည်နှင့် မျက်လုံးမှိတ်လိုက်ကာ ပါးစပ်မှ တရားစာအချို့ကို တိုးတိုးလေး ရွတ်ဖတ်နေတော့သည်။

"တစ်ခုတည်းလား ငါတို့ကို သူတောင်းစားတွေလို့ မှတ်နေတာလား"

ယဲ့ချင်းချိုးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

"ရှောင်ကွမ်းယင်က နင်တို့ကို သူတောင်းစားတွေလို သဘောထားနေတာကို အခုထိ နားမလည်ကြသေးဘူးလား"

နဂါးနက်လှေတစ်စင်းသည် ဤနေရာသို့ ဖြည်းညှင်းစွာ ဆိုက်ရောက်လာသည်။

စီနီယာအစ်မကြီးသည် ဖန့်ချန်တို့အဖွဲ့ကို ခေါ်ဆောင်ကာ လှေပေါ်မှ ပျံဆင်းလာပြီး လူအများရှေ့တွင် ရပ်လိုက်သည်။

သူမ၏ အေးစက်လှသော မျက်ဝန်းများမှာ နှင်းပွင့်များ ဖုံးလွှမ်းနေသည့်အလား ရှိနေပြီး ရောက်ရှိနေသူအားလုံးကို တစ်ချက်ဝေ့ကြည့်ကာ နောက်ဆုံးတွင် ယဲ့ချင်းချိုးထံ၌ အကြည့်ရပ်တန့်သွားသည်။

"ယဲ့ချင်းချိုး... ဒီတစ်ခေါက် အသွေးအသားနတ်နန်းက နင့်ကိုပဲ လွှတ်လိုက်တာလား၊ နင့်အစ်မ ပါမလာဘူးလား ဒါကိုကြည့်ရင် နင်တို့ရဲ့ အကြီးကဲကောင်စီက ကျွယ်မင်နန်းတော်နဲ့ ရုလိုင်ဘုရားကျောင်းကြားက ရန်ငြိုးမှာ ပါဝင်ပတ်သက်ဖို့ သဘောမတူဘူးဆိုတာ သိသာနေတာပဲ မဟုတ်လား"

ဒီအမျိုးသမီးရဲ့ အစွမ်းက မဆိုးဘူးပဲ၊ ဒါပေမဲ့ အဆင့် ၆ မသေမျိုးပဲ ရှိသေးတယ်၊ ရှေးဟောင်းမသေမျိုး အဆင့်ကို မရောက်သေးဘူး။

သူမက ဒီနေ့ ရောက်လာတဲ့ အသွေးအသားနတ်နန်းရဲ့ အမာခံတပည့်တွေထဲမှာ အင်အားအကြီးဆုံး ဖြစ်ရမယ်။

အကယ်၍ ဒီလောက် အင်အားပဲ လွှတ်လိုက်တာဆိုရင်တော့ တကယ်ပဲ ပါဝင်ပတ်သက်ဖို့ ရည်ရွယ်ချက် မရှိတာ သေချာသလောက်ပါပဲ။

ဖန့်ချန်သည် ယဲ့ချင်းချိုးကို တစ်ချက်ကြည့်ကာ စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။

ယဲ့ချင်းချိုး၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း ဟန်မပျက်ဘဲ အေးအေးဆေးဆေးပင် ပြန်ပြောသည်။

"ဒီလို ကိစ္စသေးသေးလေးအတွက် ငါ့အစ်မ လာစရာ မလိုပါဘူး"

စီနီယာအစ်မကြီး၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

"သူမက မလာဝံ့တာ နေမှာပါ"

"ရှဲ့အာမန်... နင့်ကိုယ်နင် တကယ်ပဲ အနှိုင်းမဲ့နေပြီလို့ မထင်နဲ့ဦး။ ငါ့အစ်မနဲ့သာ နင် တကယ်တိုက်ရမယ်ဆိုရင် အရှုံးအနိုင်က ငါးပုံငါးပုံ ပဲ ရှိမှာပါ"

ယဲ့ချင်းချိုးက အေးစက်စွာ တုံ့ပြန်လိုက်သည်။

"စကားနဲ့ပဲ တိုက်ကြမယ်ဆိုရင်တော့ နင်လည်း ငါနဲ့ တစ်ဝက်စီ တိုက်နိုင်မှာပေါ့၊ နင့်အစ်မအထိတောင် လက်ညှိုးညွှန်နေစရာ မလိုပါဘူး"

စီနီယာအစ်မကြီးက ပြောပြီးသည်နှင့် သူမကို ဆက်ပြီး အရေးမစိုက်တော့ဘဲ ထိုက်ယီမသေမျိုးတံခါးဘက်သို့ ကြည့်လိုက်သည်။

ထိုက်ယီမသေမျိုးတံခါးမှ အမာခံတပည့်များထဲတွင် အရှိန်အဝါ အားအကောင်းဆုံးဖြစ်ပြီး ယဲ့ချင်းချိုးကဲ့သို့ပင် အဆင့် ၆ မသေမျိုး ဖြစ်ဟန်တူသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်။

ထိုသူသည် ရေပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မျက်ခုံးများမှာလည်း အပြာရောင်ပင် ဖြစ်သည်။

သူ၏ နားရွက်အောက်ဘက်တွင် ပါးဟက်တစ်စုံ ရှိနေပြီး ဖြည်းဖြည်းချင်း ပွင့်လိုက်ပိတ်လိုက် ဖြစ်နေသည်။

"ရှန်းယွဲ့ကွမ်း... ရေထဲမှာ ကောင်းကောင်းမနေဘဲ ဒီဘက်ကို ဘာလာလုပ်တာလဲ"

စီနီယာအစ်မကြီး၏ မျက်နှာတွင် ရွံရှာဖွယ်ရာ အမူအရာတစ်ခု ပေါ်လာသည်။

တစ်ဖက်လူမှာ စိတ်မဆိုးသည့်အပြင် ပြုံးဖြီးဖြီးဖြင့်သာ ပြန်ဖြေသည်။

"အာမန်မမ... ကျုပ်က အပျော်လာကြည့်တာပါ၊ အပျော်လာကြည့်တာပါဗျ၊ ဟဲဟဲ"

စီနီယာအစ်မကြီးက တစ်ချက်ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောဘဲ ကြယ်တစ်သောင်းနန်းတော်ဘက်သို့ ကြည့်လိုက်သည်။

ထိုဘက်မှ ဦးဆောင်သူ အမာခံတပည့်မှာ တစ်ကိုယ်လုံး မာနတခွဲသားနှင့် မင်းသားလေးတစ်ပါးကဲ့သို့ ခန့်ညားလှသည်။

စီနီယာအစ်မကြီးက သူ့ဘက်သို့ ကြည့်လိုက်သောအခါ သူက စကားပြောရန် ပြင်လိုက်သော်လည်း စီနီယာအစ်မကြီး၏ အကြည့်မှာ သူ့ကို ကျော်ဖြတ်ကာ တခြားဘက်သို့ ရောက်သွားသဖြင့် စကားစရပ်သွားရသည်။

"ရှဲ့အာမန်က သတင်းတွေထဲကအတိုင်း ငါ့ထက်တောင် ပိုပြီး မာနကြီးပါလား"

လင်ပုချိ က နှုတ်ခမ်းမဲ့ကာ တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ချေ။

စီနီယာအစ်မကြီး၏ အကြည့်သည် ဝိညာဉ်နတ်ဘုရားဂိုဏ်းနှင့် ဝိညာဉ်သုတ်သင်ခြင်းဌာနမှ အမာခံတပည့်များကို ဝေ့ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ဝတ်ရုံနက်ရဟန်းပျိုထံ ရောက်သွားသည်။

"ရှောင်ကွမ်းယင်... နင် ငှားရမ်းခဲ့တဲ့ မသေမျိုးလောကငယ် က မုန့်ထျန်းရှု တော့ သေသွားပြီနော်။ အဲဒီဘက်က နင့်ကို ပြဿနာ လာမရှာကြဘူးလား"

"ရှဲ့မိန်းကလေး... ဒီကိစ္စက တကယ်တော့ ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူးဗျာ။ ကျုပ်က မတရားစွပ်စွဲခံထားရတာပါ"

ဝတ်ရုံနက်ရဟန်းပျိုက လက်အုပ်ချီကာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့ပြီး ရိုးသားလှသော လေသံဖြင့် ဆိုလိုက်သည်။

"မတရားစွပ်စွဲခံရတယ်... နင့်ခေါင်းကို လာပြီး စွပ်စွဲနေတာလား"

စီနီယာအစ်မကြီးက ရယ်မောကာ ပြောလိုက်သည်

"ရှေးဟောင်းယုံသရဲလှေ က အကုန်ဝန်ခံသွားပြီ၊ မနင်ကပဲ ငှားရမ်းခဲ့တာတဲ့။ ဆိုတော့... ဒီတစ်ခေါက် တာ့လေယင်းကို နင့်ဘာသာနင် အသာတကြည် ပေးအပ်မှာလား၊ ဒါမှမဟုတ် ငါက နင့်ကို ဒူးထောက်သွားအောင် ရိုက်ပြီးမှ ငါ့ကို တရားစာရွတ်ပြခိုင်းရမှာလား "

အခန်း (၁၄၈၀) - မင်းတို့ ယုံချင်ယုံ မယုံချင်နေ

မြေပြင်ပေါ် ဒူးထောက်ပြီး တရားစာရွတ်ခိုင်းမယ် ဟုတ်လား

ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်များအားလုံး၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းသွားကြသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့၏ ဗုဒ္ဓဘာသာဆိုင်ရာ စိတ်ဓာတ်ကျင့်ကြံမှုမှာ လုံလောက်သောကြောင့်သာ ထိုနေရာတွင်တင် ဆဲဆိုအော်ဟစ်ခြင်း မပြုကြခြင်း ဖြစ်သည်။

တစ်ဖက်လူက ရုလိုင်ဘုရားကျောင်း၏ အမာခံတပည့်များထဲတွင် အထိပ်ဆုံးဖြစ်သူကို ဤသို့ပြောဆိုခြင်းမှာ ရုလိုင်ဘုရားကျောင်းတစ်ခုလုံးကို မျက်နှာသာမပေး၊ အလေးမထားကြောင်း ထင်ရှားလှပေသည်။

စီနီယာအစ်မကြီးနှင့် ဝတ်ရုံနက်ရဟန်းပျိုတို့ စကားပြောဆိုနေကြစဉ်အတွင်း ဖန့်ချန်သည် ရောက်ရှိနေသူအားလုံးကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။

သူ့ကဲ့သို့ပင် အသစ်တက်လာသော အမာခံတပည့်အချို့ကိုလည်း အင်အားစုအသီးသီးက အတွေ့အကြုံရစေရန် ခေါ်ဆောင်လာခဲ့ကြရာ လူအများမှာ အချင်းချင်း အကဲခတ်နေကြသည်။

ထိုစဉ် ဖန့်ချန်၏ အကြည့်မှာ တစ်စုံတစ်ဦး၏ အကြည့်နှင့် ဆုံသွားကာ နှစ်ဦးသားလုံး အနည်းငယ် မှင်သက်သွားကြသည်။

"ဖန့်ချန်"

"ဟွမ်ချင်းကျွဲ"

ဖန့်ချန် အတော်လေး အံ့သြသွားရသည်။

ဟွမ်ချင်းကျွဲကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူမှာ ဝိညာဉ်သုတ်သင်ခြင်းဌာန၏ အမာခံတပည့်တစ်ဦး ဖြစ်လာခဲ့ပြီဟု ဆိုရပေမည်။

ဟွမ်ချင်းကျွဲမှာမူ ဖန့်ချန်ထက်ပင် ပို၍ အံ့သြနေပြီး သူ၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည့်အလား ခံစားနေရသည်။

သူတို့နှစ်ဦးမှာ အေးစက်သော အကြည့်တစ်ချက်ကို အချင်းချင်း ဖလှယ်လိုက်ကြပြီး သိကျွမ်းသူများအဖြစ် ထုတ်ဖော်မပြောရန် နားလည်မှု ယူလိုက်ကြသည်။

"ကြည့်ရတာ... ရှဲ့မိန်းကလေးက ဘာပဲပြောပြော ဒီကိစ္စကို ကျုပ်လက်ချက်လို့ပဲ သတ်မှတ်ထားတာပေါ့လေ "

ရှောင်ကွမ်းယင်က သက်ပြင်းတစ်ချက်ကို သဲ့သဲ့လေး ချလိုက်ပြီး အားကိုးရာမဲ့သည့် အမူအရာဖြင့် ဆိုသည်။

"တကယ်တော့ ကျုပ် တကယ်ပဲ မတရားစွပ်စွဲခံရတာပါ။ ဒီကိစ္စက ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး။ ကျုပ်နဲ့ ရှဲ့မိန်းကလေးကြားမှာလည်း တိုက်ရိုက်ရန်ငြိုးရန်စ မရှိပါဘူး၊ ကျုပ်က ဘာလို့ ဒီလောက်ကြီးမားတဲ့ အကွက်မျိုးကို ဆင်ရမှာလဲ "

"အာမန်မမ... ကျုပ်ကြည့်ရတာ ရှောင်ကွမ်းယင်ပြောတာလည်း ကျိုးကြောင်းဆီလျော်သလိုပဲဗျ။ ဘယ်လိုပဲ စဉ်းစားစဉ်းစား သူက ဘာလို့ မမကို လက်စဖျောက်ချင်ရတာလဲဆိုတာ ကျုပ်လည်း တွေးလို့မရဘူး"

ရှန်းယွဲ့ကွမ်းက မျက်မှောင်ကြုတ်ကာ စဉ်းစားရင်း ပြောသည်။

"မသေမျိုးလောကငယ်က ရှေးဟောင်းမသေမျိုးကို ပင့်ဖိတ်ဖို့ဆိုတာ ဘယ်လောက်တောင် ပေးဆပ်ရမလဲ "

"ဒါ အမှန်ပါပဲ"

ရှောင်ကွမ်းယင်က လက်အုပ်ချီလိုက်ပြီး စီနီယာအစ်မကြီးကို ရိုးသားသော အကြည့်ဖြင့် ကြည့်ကာ

"ရှဲ့မိန်းကလေး စိတ်ထဲမှာ အမျက်ဒေါသရှိနေတာကိုလည်း ကျုပ် နားလည်ပေးနိုင်ပါတယ်။ နောက်နှစ်အနည်းငယ်ကြာရင် ကျုပ်တို့ ဘုရားကျောင်းက ပိုင်ဆိုင်တဲ့ ရှေးဟောင်းတားမြစ်နယ်မြေတစ်ခုရဲ့ သတ်မှတ်သက်တမ်းကလည်း ပြည့်တော့မှာပါ။ ရှဲ့မိန်းကလေး အဲဒီကိုသွားပြီး ဒေါသဖြေလိုက်ရင်ရော မကောင်းဘူးလား "

"ရှန်းယွဲ့ကွမ်း...နင့်ဦးနှောက်ထဲ ရေဝင်နေပြီလား။ သူ ဘာလို့ တိုက်ခိုက်ရသလဲဆိုတဲ့ အကြောင်းပြချက်ကို နင်မတွေးတတ်ဘူးဆိုကတည်းက နင်က သိပ်မပါးနပ်ဘူးဆိုတာ သိသာနေတာပဲ"

စီနီယာအစ်မကြီးက လှောင်ပြောင်လိုက်သည်။

ထိုက်ယီမသေမျိုးတံခါးမှ အမာခံတပည့်အချို့မှာ ဒေါသထွက်သွားကြသော်လည်း ရှန်းယွဲ့ကွမ်းကမူ စိတ်မဆိုးဘဲ ခါးသက်သက် ပြုံးကာ

"အာမန်မမက အကြောင်းရင်းကို သိလို့လား "

"မသိဘူး"

လူအများမှာ မှင်သက်အံ့အားသင့်သွားကြသည်။

"ဒါပေမဲ့ နောက်ပိုင်းကျရင် ငါ သိလာမှာပါ။ ငါ့ကို သူ လုပ်ကြံခဲ့တာဆိုရင် အကြောင်းပြချက်မရှိဘဲတော့ မဖြစ်နိုင်ဘူး"

စီနီယာအစ်မကြီးက ရှောင်ကွမ်းယင်ကို ပြုံးစစဖြင့် ကြည့်လိုက်သည်။

သူမ၏ အကြည့်မှာ နံရံတွင် ချိတ်ထားသော အသားခြောက်တစ်စုံးကို ကြည့်နေသည့်အလား၊ အရက်နှင့် မြည်းရန် မည်သည့်နေရာမှ စတင်လှီးဖြတ်ရမလဲဟု တွက်ချက်နေပုံရသည်။

"ဒါက လူမိုက်ဆန်လွန်းတာပဲ မဟုတ်လား"

"အကြောင်းပြချက်မရှိဘဲနဲ့ အိမ်အထိ လာပြီး ရန်ရှာတာလား "

ယဲ့ချင်းချိုးနှင့် လင်ပုချိတို့က တစ်ပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။

"တစ်ကဏ္ဍစီ ခွဲပြောရအောင်။ ဒီနေ့ ငါလာတာက ရှေးဟောင်းတားမြစ်နယ်မြေကို လုဖို့ပဲ။ မင်းတို့ အရင်က ဘာတွေ ညှိနှိုင်းထားသလဲ ရုလိုင်ဘုရားကျောင်းအတွက် မင်းတို့ ရှေ့ထွက်ပေးမယ်ဆိုရင်လည်း ငါ မကန့်ကွက်ပါဘူး။ ဒါပေမဲ့ မင်းတို့မှာ အဲဒီလောက် အရည်အချင်းရှိဖို့ပဲ မျှော်လင့်တယ်"

စီနီယာအစ်မကြီးက ပြုံး၍ ဆိုသည်

"တကယ်လို့ ရုလိုင်ဘုရားကျောင်းက မင်းတို့ကို အစီရင်ဗဟိုချက် သုံးခုစီ ပေးမယ်ဆိုရင်၊ ငါက ဒီတစ်ခေါက် မင်းတို့ဆီက ခြောက်ခုစီကို ဖျက်ဆီးပစ်မယ်"

လူအများမှာ ရင်ထဲတွင် အေးစိမ့်သွားကြပြီး ကြက်သီးမွေးညင်းများပင် ထသွားကြသည်။

အထူးသဖြင့် အသွေးအသားနတ်နန်းနှင့် ကြယ်တစ်သောင်းနန်းတော်မှ အမာခံတပည့်များမှာ မိမိတို့၏ အသက်ကို တစ်စုံတစ်ယောက်က လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားသည့်အလား ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

"နင် လုပ်ဝံ့လို့လား "

ယဲ့ချင်းချိုးက ဒေါသတကြီး ပြောသည်

"တကယ်လို့ နင်သာ ဒါမျိုး တကယ်လုပ်ရဲရင် အဆင့် ၉ ပုဂ္ဂိုလ်ကြီးတွေ ပေါ်ထွက်လာမှာကို မကြောက်ဘူးလား "

"မင်းတို့မှာ အဆင့် ၉ ရှိရင် ကျွယ်မင်မှာရော အဆင့် ၉ မရှိဘူးလား ရယ်စရာပဲ "

စီနီယာအစ်မကြီးက နှာခေါင်းရှုံ့ကာ လှောင်လိုက်သည်။

"ငါ ဒီလောက်ဝေးတဲ့နေရာကနေ လာခဲ့တာက ကြုံးဝါးရုံသက်သက်ပဲ လာတာလို့ ထင်နေလား ငါ့စကားကို ဒီမှာတင် အပြတ်ပြောထားမယ်။ ရှောင်ကွမ်းယင် လူခေါ်ပြီး အခုချက်ချင်း လစ်မလား၊ ဒါမှမဟုတ် ငါ့ရှေ့မှာ ဒူးထောက်ပြီး တရားစာရွတ်မလား။ မင်းတို့တွေကတော့ လက်လျှိုချင်ရင် လက်ဖြတ်ပစ်မယ်၊ ခြေထိုးချင်ရင် ခြေဖြတ်ပစ်မယ်။ဒါက ငါ ရှဲ့အာမန် ပြောတဲ့စကားပဲ။ မင်းတို့ ယုံချင်ယုံ မယုံချင်နေ"

"ငါတို့ စီနီယာအစ်မကြီးရဲ့ စကားကိုတော့ မင်းတို့တွေ သေသေချာချာ စဉ်းစားကြဖို့ ငါ အကြံပေးချင်တယ်"

စီနီယာအစ်မသုံး၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွှတ်သွားပြီး ယဲ့ချင်းချိုးကို ပြုံးစစဖြင့် ဝေ့ကြည့်လိုက်သည်။

ထို့နောက် ရှောင်ကွမ်းယင်ဘက်သို့ လှည့်ကြည့်ကာ

"တစ်ခုခုလုပ်မယ်ဆိုရင်လည်း အစွမ်းကုန် လုပ်သင့်တာပေါ့။ အခုလို တစ်ဝက်တစ်ပျက် လုပ်တာက ဘာသဘောလဲ ငါကတော့ ဒီတစ်ခေါက် စီနီယာအစ်မကြီးရဲ့ နေရာကို အစားထိုးပြီး ကျွယ်မင်နန်းတော်ရဲ့ ထိပ်တန်းအမာခံ ဖြစ်လာမယ်လို့ ထင်ထားတာ။ နင်တို့ ရုလိုင်ဘုရားကျောင်းက ဒီလောက်တောင် အသုံးမကျလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီတစ်ခေါက်တော့ နင်တို့ရဲ့ တင်ပါးလေးတွေကို ငါ အပြတ်ရိုက်ပစ်ရတော့မယ်"

"ဒကာမလေးက ရိုင်းလိုက်ချေလား "

ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်များမှာ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ စီနီယာအစ်မသုံးကို ဝိုင်းဝန်း ပြစ်တင်ရှုတ်ချကြတော့သည်။

ကျွယ်မင်နန်းတော်မှ အမာခံတပည့်များမှာမူ တစ်ဦးကိုတစ်ဦး ကြည့်ကာ ထူးဆန်းသော အမူအရာများ ဖြစ်နေကြသည်။

ဟွမ်ချင်းကျွဲ၏ အကြည့်မှာ ထိုစီနီယာအစ်မသုံးထံသို့ မသိမသာ ကျရောက်သွားပြီး သူ၏ မျက်ဝန်းထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားသည်။

ဤကဲ့သို့ လူသိရှင်ကြား မိမိ၏ ရည်မှန်းချက်ကို ထုတ်ဖော်ပြောပြီး စီနီယာအစ်မကြီး၏ နေရာကို လိုချင်သည်ဟု ပြောဝံ့သည်လား ဒါမျိုးလည်း ရတာပဲလား။

"မဆူကြနဲ့တော့၊ ဘာတွေ ရန်ဖြစ်နေကြတာလဲ"

စီနီယာအစ်မကြီးက အေးဆေးစွာ ဆိုသည်။

"ကျန်တဲ့ အဖွဲ့တွေ... အခု သဘောထား ထုတ်ဖော်ရမယ့် အချိန်ပဲ"

"ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဒီကိစ္စမှာ မပါဝင်ပါဘူး။ ကျုပ်တို့က ဒီနားက ဖြတ်သွားရင်း အပျော်လာကြည့်တာပါ"

ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ ဦးဆောင်သူက ပြုံးလျက် ဆိုသည်။

သူ၏ ဘေးတွင် လူဆယ်ဂဏန်းခန့်သာ ပါလာခြင်းက သူတို့တွင် စေလွှတ်ထားသော မသေမျိုးလှေအစီရင် ဆယ်စင်းခန့်သာ ရှိကြောင်း ပြသနေသည်။

ဖန့်ချန်သည် သူတို့ကို တစ်ချက်ကြည့်လိုက်သည်။

ယခင်က ဝေ့ဝူရှန့် ပြောခဲ့သော ဝိညာဉ်နတ်ဘုရားဂိုဏ်းတွင် ရှေ့တန်းထွက် အဖွဲ့ပေါင်း သုံးထောင်ရှိသည်ဆိုခြင်းမှာ ဖြစ်နိုင်သည်မှာ ထိုအထဲမှ တစ်ဖွဲ့ကိုသာ ဆိုလိုခြင်း ဖြစ်ရမည်။

ထိုကောင်သည် ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ အစစ်အမှန် အင်အားကို လုံးဝ နားမလည်ခဲ့ချေ။

သို့သော်လည်း ဖန့်ချန်သည် ကျွယ်မင်နန်းတော်မှနေ၍ ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ အင်အားကို လေ့လာခဲ့ဖူးသည်။

ကျွယ်မင်နန်းတော်တွင် အမာခံတပည့် ထောင်ချီရှိပြီး ရှေးဟောင်းတားမြစ်နယ်မြေ ၂၄ ခုကို ပိုင်ဆိုင်ထားခြင်းနှင့် မတူဘဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းမှာ တားမြစ်နယ်မြေ ၄ ခု သို့မဟုတ် ၅ ခုခန့်သာ ပိုင်ဆိုင်ထားပြီး စုစုပေါင်း မသေမျိုးလှေအစီရင်မှာလည်း အနည်းဆုံး တစ်ရာ သို့မဟုတ် နှစ်ရာခန့်သာ ရှိပေလိမ့်မည်။

ဝိညာဉ်သုတ်သင်ခြင်းဌာနမှာမူ ဝိညာဉ်နတ်ဘုရားဂိုဏ်းထက်ပင် အင်အားနည်းသေးရာ၊ စိတ်ဝိညာဉ်နယ်မြေ အတွင်းရှိ အင်အားစုများထဲတွင် အခြေခံအကျဆုံးဟု ဆိုရပေမည်။

သို့သော်လည်း ဝိညာဉ်နတ်ဘုရားဂိုဏ်းနှင့် ဝိညာဉ်သုတ်သင်ခြင်းဌာနတို့၏ ထူးခြားချက်မှာ သူတို့၏ သြဇာမှာ စိတ်ဝိညာဉ်နယ်မြေအတွင်း၌သာ ကန့်သတ်မထားဘဲ အထက်နယ်မြေသုံးခုနှင့် အောက်နယ်မြေခြောက်ခုလုံးတွင် သူတို့၏ လူများ ရှိနေခြင်းပင် ဖြစ်သည်။

ကျွယ်မင်နန်းတော်က သူတို့ထဲမှ တစ်ခုခုကို အမြစ်ပြတ်အောင် ဖျက်ဆီးချင်လျှင်ပင် အချိန်တိုအတွင်း လုပ်ဆောင်နိုင်ရန် ခဲယဉ်းလှသည်။

"ဝိညာဉ်သုတ်သင်ခြင်းဌာနကလည်း ဒီကိစ္စမှာ ပါဝင်ဖို့ ဆန္ဒမရှိပါဘူး"

"အဲ... ထိုက်ယီမသေမျိုးတံခါးလည်း မပါဝင်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်"

ရှန်းယွဲ့ကွမ်းက စိတ်မသက်မသာဖြင့် ဆိုလိုက်သည်။

သူနှင့်အတူ ပါလာသော အမာခံတပည့်များက သူ့ကို ဝိုင်းကြည့်လိုက်ကြသော်လည်း မည်သည့် ကန့်ကွက်စကားမျှ မဆိုကြချေ။

"နောက်ဆုံးအကြိမ် မေးမယ်... အစီရင်ဗဟိုချက် သုံးခုကို ပေးမှာလား၊ မပေးဘူးလား "

ယဲ့ချင်းချိုးက ရှောင်ကွမ်းယင်ကို ကြည့်ကာ မေးလိုက်သည်။

ရှောင်ကွမ်းယင်၏ မျက်နှာမှာ တည်ကြည်လေးနက်သွားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်သည်။

သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ယဲ့ချင်းချိုးက ဖြတ်၍ ပြောလိုက်သည်။

"မပေးဘူးဆိုရင်လည်း ပြီးတာပဲ"

သူမသည် စီနီယာအစ်မကြီးကို တစ်ချက်ကြည့်ကာ

"ငါတို့ အသွေးအသားနတ်နန်းလည်း ဒီကိစ္စမှာ မပါဝင်တော့ဘူး"

ရှောင်ကွမ်းယင်၏ မျက်နှာ အရောင်ပြောင်းသွားတော့သည်။

သူ စကားပင် မပြောရသေးခင်မှာတင် အသွေးအသားနတ်နန်းက ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

သူ၏ အကြည့်အောက်တွင် ယဲ့ချင်းချိုးမှာ တည်ငြိမ်နေပြီး မည်သည့် ထူးခြားမှုမျှ မရှိချေ။

"ဒါဆိုရင်... ကြယ်တစ်သောင်းနန်းတော်ကလည်း ပါဝင်ဖို့ မရည်ရွယ်တော့ဘူး မဟုတ်လား "

ရှောင်ကွမ်းယင်က လင်ပုချိကို ကြည့်လိုက်သည်။

"အင်း... ကျွယ်မင်နန်းတော်ရဲ့ ဆုံးဖြတ်ချက်က ဒီလောက်တောင် ခိုင်မာနေမှတော့ ကျုပ်တို့လည်း ဝင်မရှုပ်တော့ပါဘူး"

လင်ပုချိက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အနည်းငယ် နှမြောတသဖြစ်သွားသည်။

အဝေးကြီးကနေ လာခဲ့ရသော်လည်း မည်သည့် အကျိုးအမြတ်မှ မရလိုက်ချေ။

ဤကဲ့သို့ ခရီးရှည်ထွက်ရခြင်းမှာ အချိန်ကြာလာသည်နှင့်အမျှ မသေမျိုးလှေပေါင်း သောင်းနှင့်ချီသော ပျက်စီးဆုံးရှုံးမှုမှာ တွက်ချက်ရခက်လှသည်။

သို့သော်လည်း သူတို့သည် ရှဲ့အာမန်၏ ပြတ်သားမှုကို ကိုယ်တိုင် မြင်တွေ့လိုက်ရသဖြင့် အကျိုးအမြတ်ကို ချိန်ဆကာ နောက်ဆုတ်ပေးလိုက်ရခြင်းပင် ဖြစ်သည်။

"ရှောင်ကွမ်းယင်... ဒါကိုကြည့်ရင် နင်တို့ကို ကူညီနိုင်တာ တာ့လေယင်းရဲ့ ဗုဒ္ဓအလင်းတန်းပဲ ရှိတော့တာပေါ့။ နင် အဲဒီဗုဒ္ဓအလင်းတန်းအောက်မှာ နေရင်း ငါ့ကို အံ့သြသွားအောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

စီနီယာအစ်မကြီးက ပြုံး၍ ဆိုသည်။

"အံ့သြအောင် လုပ်နိုင်မလားဆိုတာကတော့ ခဏထားဦး... ဒီတစ်ခေါက် မင်းတို့ ကျွယ်မင်နန်းတော်မှာလည်း သက်တမ်းစေ့သွားတဲ့ ရှေးဟောင်းတားမြစ်နယ်မြေ ရှိတယ် မဟုတ်လား။ မင်း ဒီကို ရောက်နေချိန်မှာ ကျုပ်တို့လူတွေလည်း အဲဒီဘက်ကို ရောက်နေလောက်ပြီ"

ရှောင်ကွမ်းယင်က လက်အုပ်ချီကာ ပြုံးလျက် ဆိုလိုက်သည်။

လီရှမ်းဇီ နှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။

ရုလိုင်ဘုရားကျောင်းကပါ အကွက်ပြန်ရွှေ့လိုက်ပြီလား။

All Chapters