← Chapters

သစ်သားရုပ်ထု

Vol. 17 Ch. 162

သစ်သားရုပ်ထု

Vol. 17 Ch. 162

ကုရှောင်ယာ က ခေါင်းကို တွင်တွင်ညိတ်လျက် ပြောလိုက်သည်။

“သမီး သိပါတယ်... အဘွား ဒါကို အခါခါ ပြောနေတာပဲလေ...”

အဘွားအိုက စိုးရိမ်တကြီးဖြင့် ထပ်မေးလိုက်၏။

“ညည်းက သေချာ မှတ်မိတယ် ဆိုရင်... ငါ နောက်ထပ် ဘာတွေ ပြောခဲ့သေးလဲဟင်...”

ကုရှောင်ယာ က ခေါင်းခါပြပြီး ပြောလိုက်လေသည်။

“အဘွားက ပြောတယ်လေ... မိထွေးရထားပေမဲ့ သူတို့မှာ ကိုယ်ပိုင် သားသမီး ရှိလာရင်တောင်တို့အပေါ်မှာ မရက်စက်လောက်ဘူးတဲ့... တို့တွေကလည်း သူ့အပေါ်မှာ အမေအရင်းလိုပဲ ကျေးဇူးသိတတ်ရမယ်တဲ့... ဒါမှ စစ်မှန်တဲ့ သံယောဇဉ်ကို ရမှာပေါ့တဲ့နော်...”

အဘွားအိုသည် ရှောင်ယာ အတွက် စိတ်အေးသွားပြီးနောက် ရှောင်ပေါင် အား လှည့်ကြည့်လိုက်၏။ ကုရှောင်ပေါင် မှာ လေးနှစ်သားသာ ရှိသေးသဖြင့် အစ်မဖြစ်သူကဲ့သို့ ဉာဏ်မကောင်းရှာပေ။

အဘွားကု သည် ကုလောဆန်း ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ကလေးတွေတောင် မိထွေးက လူကောင်းမှန်း သိနေကြတာကို... မင်းကတော့ အခုထိ တွေဝေနေတုန်းပဲလားဟင်... စီးပွားရေး လုပ်ချင်တယ် ဆိုမှတော့... ပိုက်ဆံ မရှိဘဲ ဘယ်လို လုပ်မလဲ... အိမ်က ပိုက်ဆံတွေ အကုန်လုံးကို ချွေ့အာ လက်ထဲ ထည့်ပေးလိုက်စမ်းပါ... ဒါမှ သူ စိတ်လက် ပေါ့ပေါ့ပါးပါးနဲ့ လုပ်နိုင်မှာပေါ့...”

ကျန့်ချွေ့အာ သည် မီးဖိုချောင်ကို သိမ်းဆည်းပြီး ခြံထဲသို့ ထွက်လာချိန်တွင် ထိုစကားကို ကြားသွားလေသည်။ အဘွားကု သည် ကုလောဆန်း ၏ ပိုက်ဆံအိတ်ကို ဆွဲယူကာ အတွင်းမှ ငွေများကို ချွေးမဖြစ်သူ၏ လက်ထဲသို့ အကုန် ထည့်ပေးလိုက်၏။

အဘွားကု က ကျန့်ချွေ့အာ ၏ လက်ကို ဆွဲကာ ပြောလိုက်သည်။

“အခုပြောတာက တို့တွေရဲ့ ကတိစကားပဲနော်... ငါ့ရဲ့ ငတုံးသားလေး ကိုတော့ ညည်းကပဲ ထိန်းကျောင်းပေးပါတော့...”

အဘွားကု သည် ကုမင်တာ့ နှင့်အတူ မြို့တော်သို့ လိုက်ပါသွားတော့မည် ဖြစ်ပေသည်။ တတိယအိမ်မှ ဘဝလမ်းခရီးမှာလည်း ကောင်းမွန်လာတော့မည်ကို မြင်တွေ့ရသဖြင့် သူမ စိတ်အေးသွားရခြင်း ပင်။

အိမ်ထဲတွင်မူ စကားပြောသံများမှာ မြန်ဆန်လှပေသည်။ ချက်ပြုတ်နည်းကို မရောင်းလိုသည့် သူတို့၏ ဆန္ဒအပေါ် ဆိုင်ရှင်လော် ကလည်း နားလည်ပေးခဲ့၏။

“စိတ်မပူပါနဲ့... တို့တွေ သဘောတူထားတဲ့အတိုင်းပဲ... နှပ်ဟင်းလုပ်ငန်းကို ကျွန်တော့်ကိုပဲ ယုံကြည်စိတ်ချစွာ လွှဲထားလိုက်ပါ... ကျွန်တော် ဘယ်တော့မှ မလိမ်ပါဘူး...”

ဆိုင်ရှင်လော် သည် လော်မိသားစု၏ သွေးသားရင်း တစ်ဦး ဖြစ်ပြီး တယ်ရှန့်ဆိုင်ကို ဖွင့်လှစ်ခြင်းမှာလည်း မိသားစုက သူ့အား စမ်းသပ်ခြင်း ပင်။ တယ်ရှန့် ၏ ရောင်းအားမှာ တစ်နှစ်အတွင်းမှာပင် ပေါက်ကွဲထွက်သွားပြီး ကွမ်အန်းမြို့နယ်ရှိ အကောင်းဆုံး စားသောက်ဆိုင်များထဲမှ တစ်ဆိုင် ဖြစ်လာခဲ့သည် မဟုတ်ပါလား။

စားပွဲတစ်လုံးရဖို့ပင် ခက်ခဲလှသော တယ်ရှန့်နှင့် နှိုင်းယှဉ်လျှင် လမ်းတစ်ဖက်ရှိ ချွန်းဖုန်းမှာမူ အခြေအနေ မကောင်းတော့ပေ။ နှပ်ဟင်းအသိုးများကို စားသုံးသူများအား ကျွေးမွေးခဲ့သည့် ဖြစ်ရပ်ကြောင့် ချွန်းဖုန်းစားသောက်ဆိုငိမှာ ငွေကြေးများစွာ ဆုံးရှုံးခဲ့ရရုံသာမက နာမည်ပျက်သွားသဖြင့် စီးပွားရေးမှာလည်း ကျဆင်းသွားခဲ့ရချေပြီ။

ယခုအခါ ချန်ဟယ်မှာ ဆိုင်ကို ရောင်းချရန်အတွက် နေရာအနှံ့ ပြေးလွှားနေရလေတော့သည်။

ဆိုင်ရှင်လော် သည် တယ်ရှန့်စားသောက်ဆိုင် အား အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သဖြင့် မိသားစုက သူ့အား ပိုက်ဆံများ ပိုမို ထောက်ပံ့ပေးခဲ့ပြီး လော်မိသားစု၏ အရှိန်အဝါကို အသုံးချကာ နှပ်ဟင်းလုပ်ငန်းကို နိုင်ငံအနှံ့ ချဲ့ထွင်ရန် တာဝန်ပေးခဲ့ခြင်း ပင်။

“ဆိုင်ရှင်လော်ပဲ ကိစ္စတွေကို လုပ်ဆောင်တာကတော့... ကျွန်မတို့အတွက် အရမ်း စိတ်ချရတာပေါ့လေ...”

လျူရှောင်ရူ က ပြုံးလျက် ပြောလိုက်သည်။

ရှယ်ယာ ခွဲဝေမှုများကိုလည်း ကြိုတင် သတ်မှတ်ထားပြီး ဖြစ်သဖြင့် ယခုအခါ အသေးစိတ် ကိစ္စရပ်များကိုသာ ဆွေးနွေးနေကြခြင်း ပင်။ နျိုနျိုသည် စကားများကို နားထောင်ရင်း အိပ်ငိုက်နေသော်လည်း သူမ၏ နှာခေါင်းလေးကိုမူ မော့ထားဆဲ ပင်။

ကျန်းယွင်နန် က သူမအား ရင်ခွင်ထဲသို့ ထည့်လိုက်ပြီး လက်ကိုင်ပုဝါဖြင့် နှုတ်ခမ်းထောင့်လေးများကို သုတ်ပေးလိုက်၏။

“လိမ္မာတယ်... အိပ်ချင်ရင် အိပ်လိုက်တော့နော်...”

နျိုနျိုသည် မျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် အမြန်နှုန်းဖြင့် အိပ်ပျော်သွားလေတော့သည်။ လူကြီးများမှာလည်း ထိုပုံစံကို ကြည့်ကာ ပြုံးလိုက်ကြပြီး စကားသံများကို တိတ်တဆိတ် နှိမ့်လိုက်ကြကုန်၏။

ဆိုင်ရှင်လော် က အိမ်ဂရန် နှစ်စောင်ကို ထုတ်ပေးလိုက်သည်။

“နေရာတစ်ခုကတော့ နှပ်ဟင်းအလုပ်ရုံ ဖွင့်ဖို့အတွက်ဖြစ်ပြီး... နောက်တစ်ခုကတော့ မြို့တော်မှာ လူကြီးမင်းတို့ နားခိုဖို့အတွက်ပါ...”

ဆိုင်ရှင်လော် က သူတို့ ဘာပြောမည်ကို ကြိုတင် သိရှိနေသည့်အလား ပြောလိုက်၏။

“ဒီအိမ် နှစ်လုံးစလုံးကို မနှစ်ကတည်းက ဝယ်ထားတာပါ... မြို့တော်က အိမ်ဈေးတွေက ဒီနှစ်ပိုင်းအတွင်း သိပ်မပြောင်းလဲသေးဘူးလေ... လူကြီးမင်းတို့ အဲ့ဒီမှာ အရင် နေကြည့်ပါဦး... သဘောကျတယ် ဆိုမှတော့... မူလဈေးအတိုင်းပဲ လူကြီးမင်းတို့ကို ပြန်ရောင်းပေးပါ့မယ်...”

“အကယ်၍ သဘောမကျဘူး ဆိုရင်လည်း... မြို့တော်က လက်ရှိ အိမ်လခအတိုင်းပဲ ကျွန်တော့်ကို ပေးပေါ့လေ... ကျွန်တော့်ဘက်ကတော့ မတရား ရောင်းဝယ်တာမျိုး မလုပ်ပါဘူး...”

ဆိုင်ရှင်လော် သည် အစစအရာရာ စီစဉ်ပေးထားသဖြင့် ကုမိသားစုဝင်များမှာ ငြင်းဆန်ရန်ပင် မဖြစ်နိုင်တော့ပေ။ သူသည် အိမ်ဂရန်နှင့် သော့များကို ကုမိသားစုထံ တိုက်ရိုက် ပေးအပ်လိုက်ခြင်း ပင်။ ဤကဲ့သို့သော ယုံကြည်မှုမှာ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

အသေးစိတ် ကိစ္စများ ဆွေးနွေးပြီးသောအခါ ဆိုင်ရှင်လော် သည် မတ်တပ်ရပ်ကာ နှုတ်ဆက်ရန် ပြင်လေသည်။ နျိုနျိုသည် အိပ်မက်ထဲမှနေ၍ ရုတ်တရက် အော်ဟစ်လိုက်၏။

“ပိုက်ဆံတွေ... ပိုက်ဆံတွေ အများကြီးပဲ...”

ဆိုင်ရှင်လော် သည် ကျန်းယွင်နန် ၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော နျိုနျိုအား လှမ်းကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

“နျိုနျိုလေး ရဲ့ မင်္ဂလာစကား အတိုင်း ဖြစ်ပါစေပေါ့ဗျာ... မြို့တော်မှာ နှပ်ဟင်းဆိုင် ဖွင့်တဲ့အခါကျရင်... အရောင်းအဝယ်တွေ အရမ်း ကောင်းမှာ သေချာပါတယ်...”

နျိုနျိုသည် ထိုသို့ ယောင်ပြီးနောက် ပါးစပ်လေးကို စုပ်ကာ ဆက်လက် အိပ်ပျော်သွားလေတော့သည်။

ကျန်းယွင်နန် က ကလေးကို ကုတင်ပေါ်သို့ ညင်သာစွာ ပြန်တင်လိုက်ပြီးနောက် ကုမင်တာ့ နှင့်အတူ နျိုနျို၏ အထုပ်အပိုးများကို ထပ်မံ စစ်ဆေးလေသည်။

“ပိုက်ဆံတွေ များများ ထည့်ပေးလိုက်ပါ... မလောက်ရင် ဝယ်ခိုင်းလိုက်ပေါ့...”

ကုမင်တာ့ က ပြောလိုက်၏။

ကျန်းယွင်နန် က ဖောင်းကားနေသော ပိုက်ဆံအိတ်ကို ကြည့်ကာ ပြောလိုက်သည်။

“ငွေစက္ကူတွေပါ ပေါင်းလိုက်ရင် ငွေတုံး တစ်ရာလောက် ရှိနေပြီလေ... လဝက်လောက်ပဲ ကြာမှာဆိုတော့... ဒီလောက်ဆိုရင် လုံလောက်ပါတယ်...”

သို့သော်လည်း ဖခင်အိုကြီးမှာမူ စိုးရိမ်စိတ် မကုန်နိုင်ဘဲ ရှိနေဆဲ ပင်။

“မုန့်ဖိုးတွေကော အဆင်သင့် ဖြစ်ရဲ့လားဟင်... အိမ်က အစေခံတွေက အရမ်း အောက်တန်းကျတတ်တာလေ... မုန့်ဖိုး နည်းလို့ဆိုပြီး သမီးလေးကို လျစ်လျူရှုထားရင် ဘယ်လိုလုပ်မလဲဟင်...”

ကျန်းယွင်နန် က သူ့ကို ကြည့်ကာ ပြောလိုက်လေသည်။

“သူ့ရဲ့ မွေးစားအဖေ ကလည်း ရှင့်လိုပဲ စိုးရိမ်နေမှာပါ... အစေခံတွေ သမီးလေးကို လျစ်လျူရှုထားမှာကို သူ ခွင့်ပြုမှာ မဟုတ်ပါဘူး... စိတ်ကို အေးအေးထားစမ်းပါ...”

ကုမင်တာ့ မှာမူ စိုးရိမ်နေဆဲ ပင်။

“မျက်စိမရှိတဲ့ အစေခံတွေက အမြဲ ရှိတတ်တာပဲလေ... သမီးလေးက သူတို့ သွေးသား မဟုတ်လို့ဆိုပြီး နှိမ်ကြမှာကို ကိုယ် အရမ်း ကြောက်မိတယ်... သမီးလေးက ငယ်သေးတာလေ... တစ်ခါလောက် အနှိမ်ခံလိုက်ရရင်... စိတ်ထဲမှာ ဒဏ်ရာ ရသွားနိုင်တယ် မဟုတ်လားဟင်...”

ကျန်းယွင်နန် သည် သူမ၏ ခင်ပွန်းတွင် ဤမျှအထိ စကားများတတ်သော စရိုက်ရှိမှန်း တစ်ခါမျှ မသိခဲ့ချေ။ သူ၏ စိုးရိမ်ပူပန်မှုများမှာ သူမ၏ နားထဲတွင် ခြင်ပေါင်း ရာချီ၍ မြည်နေသကဲ့သို့ ရှိနေပေသည်။

“ဘာလို့ ဒီလောက်တောင် စိတ်မချ ဖြစ်နေရတာလဲဟင်... နျိုနျို မသွားမှပဲ ရှင် စိတ်အေးမှာလားဟင်...”

ကျန်းယွင်နန် က စိတ်တိုတကြီး ပြောလိုက်သည်။

ကုမင်တာ့ က ချက်ချင်းပင် သူ၏ ပေါင်ကို ပုတ်ကာ ပြောလိုက်၏။

“အဲ့ဒါ ကောင်းတယ်... ကိုယ် အခုပဲ စာတစ်စောင် ရေးလိုက်မယ်လေ... မနက်ဖြန်ကျရင် သမီးလေး အိမ်မှာ ကိစ္စရှိလို့ မလာနိုင်တော့ဘူးလို့ ပြောလိုက်ရမှာပေါ့...”

“စွန်းမိသားစု ရဲ့ အစေခံတွေက ဒီမှာ စောင့်နေတာ ရက်နည်းနည်းလောက် ရှိနေပြီလေ... တို့တွေက ကတိမတည်တဲ့သူတွေ ဖြစ်ကုန်မှာပေါ့...”

ကျန်းယွင်နန် က သတိပေးလိုက်သည်။

ကုမင်တာ့ က သက်ပြင်းချကာ ပြောလိုက်၏။

“နှမြောစရာပဲ... တို့ သမီးလေး က အရမ်း လိမ္မာတာလေ... ဒီလောက် ငယ်ငယ်လေးနဲ့ စကားပြောလည်း တတ်တာကို...”

လင်မယားနှစ်ယောက်မှာ နျိုနျို၏ အထုပ်အပိုးများကို ထပ်ခါထပ်ခါ စစ်ဆေးနေကြကုန်၏။ ဒါလေးလည်း လိုမယ်၊ ဟိုဟာလေးလည်း မပါလို့ မဖြစ်ဘူး ဆိုပြီး သမီးဖြစ်သူ လမ်းခရီးမှာ အခက်အခဲ မရှိစေရန်အတွက် နောက်ထပ် အထုပ်ကြီး တစ်ထုပ်ကိုပါ ထပ်မံ ပြင်ဆင်လိုက်ကြလေတော့သည်။

နောက်တစ်နေ့ မနက်စောစောမိုးမလင်းမီမှာပင် မိသားစု တစ်ခုလုံး နိုးကြားနေကြချေပြီ။

“ညည်းက ဘာလို့ ဂျင်းစားရတာကို ဒီလောက် သဘောကျနေရတာလဲ မသိပါဘူး... ဒီနှစ် ခြံထဲက ထွက်တဲ့ ဂျင်းတွေအကုန်လုံးကို ဂျင်းကိတ်လုပ်ထားပေးတယ်လေ... လမ်းမှာ ဖြည်းဖြည်းချင်း စားသွားနော်...”

အဘွားကု က ပြောဆိုရင်း အနံ့ပြင်းလှသော ဂျင်းယို အထုပ်ကြီး တစ်ထုပ်ကို မြင်းလှည်းပေါ်သို့ တင်ပေးလိုက်၏။

နျိုနျိုသည် အဘွားအို၏ ပါးကို သူမ၏ ပါးနှင့် ကပ်ကာ ရှင်းလင်းသော အသံဖြင့် ပြောလိုက်သည်။

“အဘွားက အကောင်းဆုံးပဲ... နျိုနျို က အဘွားလုပ်တဲ့ ဂျင်းကိတ်ကို အကြိုက်ဆုံးပဲလေ...”

ကျန်းယွင်နန် သည် ရေဘူးကို မြင်းလှည်းထဲသို့ ထပ်မံ ထည့်ပေးလိုက်ပြန်၏။

“မနက်က ကျိုထားတဲ့ ရေထဲမှာ သကာရည် နည်းနည်း ထည့်ပေးထားတယ်လေ... ရေငတ်ရင် သောက်နော်... သိလားဟင်...”

နျိုနျိုက ခေါင်းကို တွင်တွင်ညိတ်ပြလေသည်။

အဘိုးကု သည် သစ်သားရုပ်ထု အစုလိုက်ကို နျိုနျို၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

“အဘိုး...”

ထိုသစ်သားရုပ်ထုများမှာ ကုမိသားစုဝင် အားလုံး၏ ပုံတူများ ဖြစ်ပေသည်။ လက်ရာမှာ သက်ဝင်လှပလှသဖြင့် လူတိုင်း၏ မျက်နှာအမူအရာများကို ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။ အဘိုးကု သည် အလွယ်တကူ ထားရှိနိုင်ရန်အတွက် ရုပ်ထု တစ်ခုချင်းစီကို အောက်ခံဗန်းလေးများတွင် တပ်ဆင်ပေးထားလေသည်။

“အဘိုးက တကယ် တော်တာပဲနော်...”

နျိုနျို၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး ပြောလိုက်သည်။

“သမီး တစ်မိသားစုလုံးကို ခေါ်သွားမှာဆိုတော့... ဘာကိုမှ မကြောက်တော့ဘူးပေါ့...”

All Chapters