← Chapters

ချန်ရှိုးလေး

Vol. 17 Ch. 164

ချန်ရှိုးလေး

Vol. 17 Ch. 164

သခင်မလီ သည် နျိုနျို ၏ ငြင်းဆန်မှုကို လုံးဝ နားမထောင်ဘဲ ပြုံးလျက် ပြောလိုက်သည်။

“ သမီးလေး က ငယ်သေးတော့ အခု ဝတ်လို့ မရသေးရင် အရင် သိမ်းထားလိုက်ပေါ့... ကြီးလာမှ ဝတ်တာပေါ့...”

စွန်းကျားရှင်း နှင့် သူ၏ ဇနီးသည် နျိုနျို အား ခေါ်ဆောင်ကာ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသော မရီး နှစ်ဦး နှင့် မိတ်ဆက်ပေးကြသည်။

“ဒါက နျိုနျို လေးလေ... အရမ်း ချစ်ဖို့ ကောင်းတာပဲ...”

သခင်မငယ်ဖုန်း က ပြုံးလျက် ချီးကျူးလိုက်သည်။ သူမ ၏ ဖော်ရွေလှသော ပုံစံမှာ အရင်က ကွယ်ရာတွင် အတင်းပြောနေသည်ဟု ထင်ရမည် မဟုတ်ပေ။

“ဒါက သမီး ရဲ့ ဒုတိယအဒေါ် နဲ့ တတိယအဒေါ် ပေါ့...”

သခင်မလီ က နျိုနျို အား လူကြီးများကို မည်သို့ ခေါ်ရမည်ကို သင်ပေးလိုက်သည်။

နျိုနျို ကလည်း လိမ္မာစွာပင် လိုက်ခေါ်သည်။

လင်မယား နှစ်ဦး စလုံး ခေတ္တမျှ စောင့်ဆိုင်းနေသော်လည်း တစ်ဖက်မှ မည်သည့် တုံ့ပြန်မှုမျှ မရှိသဖြင့် သခင်မလီ ၏ မျက်မှောင်များ ကြုတ်သွားရပြီး စွန်းကျားရှင်း ၏ မျက်နှာမှာလည်း မကြည်မလင် ဖြစ်လာသည်။

စွန်းကျားရှင်း သည် လူများကို တမင်တကာ ခေါ်ယူခဲ့ခြင်း ပင်။ သူတို့သည် နျိုနျို အား သမီးအရင်း ကဲ့သို့ သဘောထားသဖြင့် ဒုတိယ နှင့် တတိယ အိမ်ထောင်စု များကလည်း တူမအရင်း တစ်ဦး ကဲ့သို့ လေးလေးစားစား ဆက်ဆံစေချင်သည်။

ယခုအခါ ထို အမျိုးသမီး နှစ်ဦး စလုံး မှာ တွေ့ဆုံခြင်း လက်ဆောင် ပေးမည့် အမူအရာ ပင် မရှိသဖြင့် လင်မယား နှစ်ဦး စလုံး စိတ်မချမ်းသာ ဖြစ်ကြရသည်။ သူတို့သည် တူ၊ တူမများအပေါ် တစ်ခါမျှ မရက်စက်ခဲ့ဖူးရာ မိမိ တို့ သမီး အပေါ် ယခုကဲ့သို့ အေးစက်စွာ ဆက်ဆံခံရခြင်းမှာ မည်သို့မျှ အကြောင်းပြချက် မရှိပေ။

စွန်းကျားရှင်း သည် မရီးများထံမှ လက်ဆောင်ကို အတင်း တောင်း၍ မရသဖြင့် မေးခွန်းသာ ပြောင်းမေးလိုက်သည်။

“ဒုတိယညီ နဲ့ တတိယညီ ကော ဘယ်မှာလဲ... စောစောကတည်းက လူလွှတ်ခေါ်ခိုင်းထားတာလေ... အခုထိ ဘာလို့ အရိပ်အယောင်တောင် မမြင်ရသေးတာလဲ...”

သခင်မငယ်ဖုန်း က ပြောလိုက်သည်။

“အစ်ကိုကြီး... ကျွန်မ ယောက်ျားက ခေါင်းကိုက်နေလို့တဲ့ရှင့်...”

စွန်းကျားရှင်း သည် ချက်ချင်းပင် မျက်နှာပျက်သွားပြီး ပြောလိုက်သည်။

“မနက်ကတင် ဒုတိယညီ ကျန်းကျန်းမာမာနဲ့ ရှိနေတာကို မြင်လိုက်ပါသေးတယ်... အခုကျမှ ဖျားရတယ်လို့လား...”

သခင်မငယ်ဖုန်း မှာ အမှန်အတိုင်း မပြောရဲသဖြင့်သာ ဆက်ပြောလိုက်သည်။

“ဒီရက်ပိုင်း ရာသီဥတုကလည်း မကောင်းတော့... အမေလည်း သိပ်နေလို့ မကောင်းဘူးလေ...”

စွန်းကျားရှင်း က ပြန်ပြောလိုက်သည်။

“အရာရာမှာ အမေနဲ့ လိုက်နှိုင်းနေမှတော့... သူ့ကိုပါ လူမမာ အစေခံ တစ်ဦးလိုပဲ သဘောထားရမှာလားဟင်...”

သခင်မငယ်ဖုန်း မှာ ချက်ချင်းပင် နှုတ်ဆိတ်သွားရသည်။

စွန်းကျားရှင်း သည် တတိယ မရီး ဖြစ်သူအား ထပ်မံ ကြည့်လိုက်သည်။

သခင်မရှန်း က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

“အစ်ကိုကြီး... ကျွန်မ ယောက်ျားကတော့ သူငယ်ချင်းတွေဆီ သွားလည်လို့ အပြင်ထွက်သွားပါတယ်ရှင့်...”

စွန်းကျားရှင်း က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“စောစောလည်း မသွားဘူး... နောက်ကျလည်း မသွားဘူး... ငါ့သမီးလေး ပြန်လာတဲ့ အချိန်ကျမှပဲ အပြင်ထွက်ရတယ်လို့လား... သူကတော့ နေ့တိုင်း အပျော်အပါးတွေပဲ လိုက်ရှာနေတာ... ဘယ်လို သူငယ်ချင်းကောင်းမျိုးတွေဆီ သွားလည်နေလို့လဲဟင်...”

လင်ဖြစ်သူများမှာ အစ်ကိုကြီး၏ ဆူပူမှုကို ခံလိုက်ရသဖြင့် မရီး နှစ်ဦး စလုံး မှာ သိက္ခာကျသည်ဟု ခံစားရသော်လည်း ယခုအခါ စွန်းမိသားစု တစ်ခုလုံးတွင် စွန်းကျားရှင်း တစ်ဦးတည်းသာ အစိုးရစာမေးပွဲ အောင်မြင်ထားသူ ဖြစ်သဖြင့် ဆွေမျိုးစုအတွင်း မည်သူမျှ သူ့အား မလွန်ဆန်ရဲကြချေ။

စွန်းကျားရှင်း သည် အိမ်ဦးနတ် ပီပီ အခွင့်အာဏာ ရှိသူ ဖြစ်ရာ သူ မည်မျှပင် ပြင်းထန်စွာ ဆူပူပါစေ ထို အမျိုးသမီး နှစ်ဦးမှာ ရိုသေစွာ နားထောင်နေရုံသာ တတ်နိုင်ကြကုန်၏။

“ပြန်သွားပြီး ဒုတိယညီ နဲ့ တတိယညီ ကို ပြောလိုက်ပါ... တကယ်လို့ ငါ့အပေါ် မကျေနပ်တာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ... ကွယ်ရာမှာ ဒီလို ကလေးကလား နည်းလမ်းတွေနဲ့ လာမလုပ်နဲ့လို့...”

စွန်းကျားရှင်း သည် ပြောပြီးသည်နှင့် ဒေါသတကြီးဖြင့် နျိုနျို အား ပွေ့ချီကာ နောက်ဖေးခြံဝင်းသို့ ထွက်လာခဲ့သည်။

နျိုနျို က တိုးတိုးလေး နှစ်သိမ့်လိုက်သည်။

“အဖေစွန်း... ဒုတိယဦးလေး နဲ့ တတိယဦးလေး တို့ မရှိလို့ စိတ်ဆိုးနေတာလားဟင်...”

စွန်းကျားရှင်း မှာမူ စိတ်ပျက်အားလျော့နေမိသည်။ ဤနှစ်များအတွင်း ညီ နှစ်ဦး စလုံး အပြင်တွင် ပြဿနာ ရှာသမျှကို သူကသာ နောက်မှ လိုက်လံ ရှင်းလင်းပေးခဲ့ရသည် မဟုတ်ပါလား။ ယခုအခါတွင်မူ သူ၏ စေတနာများမှာ ခွေးကျွေးလိုက်ရသကဲ့သို့ ခံစားနေရသည်။

စွန်းကျားရှင်း က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“သမီး က သူတို့ထက် ငယ်တဲ့သူ ဖြစ်ပေမဲ့... အဖေက သူတို့ကို ကြိုတင် မှာထားပြီးသားလေ... အခုတော့ သူတို့က သဘောတူထားပါလျက်နဲ့ တမင် ရှောင်ထွက်သွားကြတာဟာ အရမ်းကို လွန်လွန်းပါတယ်...”

နျိုနျို သည် စွန်းကျားရှင်း ၏ စေတနာများ အရာမထင်သည်ကို မြင်ရသဖြင့် ပို၍ စိတ်မကောင်း ဖြစ်မိသည်။

“အဖေစွန်း... သူတို့က အရမ်း လွန်တာပဲနော်... လူဆိုးတွေပဲ... တို့တွေလည်း သူတို့အပေါ် မကောင်းတော့ဘူးနော်...”

နျိုနျို က ဒေါစတကြီးဖြင့် ပြောလိုက်သည်။

စွန်းကျားရှင်း သည် နျိုနျို လေးက လက်သီးလေးကို ဆုပ်ကာ ဒေါသထွက်နေသော ပုံစံလေးကို မြင်လိုက်ရသောအခါ စိတ်အနည်းငယ် ပြန်လည် ကြည်လင်လာသည်။

“နျိုနျိုလေး သာ အဖေ့ဘေးမှာ ရှိနေရင်... ဘာမှ စိတ်ညစ်စရာ မရှိပါဘူး... နျိုနျို ပြောတာ မှန်တယ်... တို့တွေလည်း သူတို့အပေါ် မကောင်းတော့ဘူး...”

စွန်းကျားရှင်း က ပြောလိုက်သည်။

နျိုနျို သည် သူ ပြုံးလာသည်ကို မြင်မှ ပျော်ရွှင်သွားပြီး ပြောလိုက်သည်။

“ဖေဖေ... သမီး ချန်ရှိုးလေး ကို မတွေ့ရသေးဘူးလေ... စိတ်မချမ်းသာစရာ လူတွေအကြောင်း မတွေးပါနဲ့တော့... တို့တွေ ပျော်စရာ ကောင်းတာတွေကိုပဲ များများ တွေးကြရအောင်လေ...”

စွန်းကျားရှင်း သည် သားဖြစ်သူအကြောင်း ပြောလိုက်သည်နှင့် ပျော်ရွှင်သွားပြီး ပြောလိုက်သည်။

“ဟုတ်ပါ့... ဟုတ်ပါ့... သမီးလေး ပြောတာ မှန်တယ်... သမီး မောင်လေး က အခုဆိုရင် ပူဖောင်းလေးတွေတောင် မှုတ်တတ်နေပြီလေ... အရမ်း ချစ်ဖို့ ကောင်းတာပေါ့...”

နျိုနျို မှာလည်း တွေ့ချင်ဇောဖြင့် စိတ်လှုပ်ရှားနေတော့၏။

သခင်မလီ သည် ထို သားအဖ နှစ်ဦးကို ကြည့်ကာ သက်ပြင်းချမိသည်။ သူမသည် ခင်ပွန်းဖြစ်သူအား ညီများက ဒုက္ခပေးနေသည်ကို မြင်တွေ့ရသည်မှာ ကြာပြီ ဖြစ်သဖြင့် ယနေ့ ဖြစ်ရပ်ကြောင့် ခင်ပွန်းဖြစ်သူ အသိတရား အနည်းငယ် ဝင်လာလိမ့်မည်ဟု မျှော်လင့်နေမိလေသည်။

သူတို့ သုံးဦး အဓိက အိမ်ဆောင်သို့ ဝင်လိုက်သည်နှင့် ကလေးငိုသံကို ကြားလိုက်ရသည်။

မိခင် ဖြစ်သူ သခင်မလီ သည် ထိုအသံကို ကြားသည်နှင့် အလျင်အမြန်ပင် ပြေးဝင်သွားသည်။

“ထွက်သွားတုန်းက အကောင်းကြီး ရှိနေတာကို... ဘာလို့ ပြန်ငိုနေရပြန်တာလဲဟင်… ဗိုက်ဆာလို့လား...”

သခင်မလီ က နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

နို့ထိန်းမှာလည်း အလွန် အားနာနေပုံ ရသည်။

“သခင်မကြီး... ကျွန်မ လွန်ခဲ့တဲ့ တစ်ရှီချန်လောက်ကမှ နို့တိုက်ထားတာပါ... ဗိုက်ဆာဖို့တော့ မဖြစ်နိုင်ပါဘူး... နို့တိုက်ပြီးပြီးချင်းမှာတင် သူက မစို့တော့ဘဲ ဒီအတိုင်း ငိုနေတာလေ... အရင်က ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး...”

အသက် နှစ်လသား အရွယ် ကလေးငယ်မှာ မျက်လုံးလေးမှိတ်ကာ အသံကုန် အော်ဟစ် ငိုယိုနေသဖြင့် ရှိနေသူ လူတိုင်း၏ ရင်ထဲတွင် ကြေကွဲသွားရပေသည်။

ကလေးအား ပြုစုရန် တာဝန်ကျသော အခြား အစေခံမလေး ပုလဲက တိုးတိုးလေး ပြောလိုက်သည်။

“သခင်လေး က အမြဲတမ်း လိမ္မာတဲ့ကလေးလေးလေ... ဗိုက်ဆာရင်တောင် မငိုတတ်ပါဘူး... ဒီနေ့ကျမှ ဘာလို့ ဒီလောက်တောင် အသည်းအသန် ငိုနေရတာလဲ မသိဘူး... တစ်ခုခုက ခြောက်လှန့်လိုက်သလိုမျိုးပဲ...”

ရှိနေသူများမှာ တစ်ခုခု မှားယွင်းနေသည်ကို သတိမပြုမိကြသေးပေ။

ပုလဲ က ဆက်ပြောလိုက်သည်။

“သခင်လေး ငိုနေတာ တစ်ခဏလောက် ရှိပါပြီ... သေသေချာချာ တွက်ကြည့်မယ် ဆိုရင်တော့... အဲ့ဒီအချိန်မှာ အိမ်ကို တစ်ယောက်ယောက် ရောက်လာလို့လား မသိဘူးနော်...”

“ပုလဲ...”

သခင်မလီ က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ငေါက်လိုက်သည်။

ပုလဲ သည် ခေါင်းကို ငုံ့လိုက်ပြီး ဆက်ပြောလိုက်သည်။

“သခင်မကြီးရယ်... ကျွန်မက သခင်လေး ကောင်းဖို့အတွက် ပြောတာပါ... ကံမကောင်းတဲ့ အရာ ဒါမှမဟုတ် ကံမကောင်းတဲ့ လူတစ်ယောက်ယောက် ကြောင့် ဖြစ်မှာပေါ့...”

နျိုနျို သည် ပုလဲ ပြောဆိုနေသော လူမှာ သူမ ဖြစ်ကြောင်း လုံးဝ မသိရှာပေ။ သူမသည် ရှေ့သို့ နှစ်လှမ်း တိုးသွားပြီး နို့ထိန်း အနားသို့ သွားကာ ငိုနေသော ချန်ရှိုးလေး အား စိတ်မကောင်းစွာ ကြည့်လိုက်သည်။ ထို့နောက် လက်ကလေးကို မြှောက်ကာ အပြင်သို့ ထွက်နေသော ချန်ရှိုးလေး ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်လေသည်။

“လမင်းလေး ရေ... မြစ်ကလေး ရေ... တို့ သမီးလေး အိပ်ပျော်ပါစေ...”

နျိုနျို သည် ကျန်းယွင်နန် သူမအား ချော့သိပ်လျှင် ဆိုပြလေ့ရှိသော သီချင်းလေးကို တိုးတိုးလေး ဆိုပြလိုက်သည်။

ကလေး၏ ငိုသံမှာ တဖြည်းဖြည်း တိတ်သွားခဲ့ချေပြီ။

အိမ်တစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားရပေသည်။

ပုလဲ ၏ မျက်လုံးများ ပြူးကျယ်သွားရ၏။ နျိုနျို က ဤမျှအထိ လွယ်လွယ်ကူကူ ချော့နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

နို့ထိန်း ၏ ရင်ခွင်ထဲမှ ကလေးငယ်မှာ မငိုတော့ရုံသာမက မျက်လုံးလေးများ ကစားကာ အသံလာရာ နေရာကို ရှာဖွေနေသည့် အလား ရှိနေပေသည်။

နို့ထိန်း က ကလေး၏ မျက်နှာကို နျိုနျို ဘက်သို့ လှည့်ပေးလိုက်၏။

ဖြူဖွေးအိစက်နေသော အလုံးလေးသည် နျိုနျို ရှိရာ ဘက်ကို တွေ့လိုက်ရသည်နှင့် ပါးစပ်လေး ဟကာ သွားမပါသော အပြုံးလေးဖြင့် နျိုနျို အား ပြုံးပြလိုက်လေတော့သည်။

နျိုနျို သည် ခေါင်းလေးစောင်းကာ ချန်ရှိုးလေး အား တောက်ပသော မျက်လုံးလေးများဖြင့် စိုက်ကြည့်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။

“မောင်လေး က သမီးကို အစ်မမှန်း သိနေတာပဲနော်...”

သခင်မလီ နှင့် စွန်းကျားရှင်း တို့သည်လည်း ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးပျော်နေကြကုန်၏။

“သူက အမေ့ကိုတောင် သိပ်မပြုံးပြဘူးလေ... သမီးလေး ကို မြင်မှ ပြုံးပြတာဆိုတော့... သမီးတို့ မောင်နှမ နှစ်ယောက်က တကယ်ပဲ ကံပါလာကြတာ ဖြစ်ရမယ်...”

သခင်မလီ က ညင်သာစွာ ပြောလိုက်သည်။

နျိုနျို က သူမ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။

“ကိုကိုတွေ အကုန်လုံးက သမီးကို အစ်မကောင်း တစ်ယောက်လို့ ပြောကြတာလေ... သမီးလည်း နောက်ကျရင် အစ်မကောင်း တစ်ယောက် ဖြစ်အောင် နေပါ့မယ်... စားစရာ အကောင်းတွေ ရှိရင်လည်း မောင်လေးကိုပဲ အရင် ပေးမယ်နော်... ဟုတ်ပြီလား...”

ချန်ရှိုးလေး သည် နားလည်သွားသည့်အလား တခစ်ခစ်နှင့် ရယ်မောကာ သူ၏ အစ်မအား တုံ့ပြန်လိုက်လေသည်။

“သူက အသံထွက်ပြီးတောင် ရယ်တတ်နေပြီပဲ... အရင်က တစ်ခါမှ အဲ့လို မရယ်ဖူးဘူးလေ...”

စွန်းကျားရှင်း က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ပထမဆုံးအကြိမ် ကလေးပြုစုရသော လင်မယား နှစ်ဦး စလုံး မှာ ကလေး၏ လှုပ်ရှားမှု တိုင်းကို အလေးအနက် ထားတတ်ကြသည် မဟုတ်ပါလား။ နှာချေလိုက်ရုံမျှနှင့်ပင် သူတို့မှာ ဝမ်းသာအားရ ဖြစ်နေတတ်ကြကုန်၏။

နျိုနျို သည် ရုတ်တရက် ထိတ်လန့်သွားပြီး ချန်ရှိုးလေး ၏ လက်ကောက်ဝတ်ပေါ်မှ အနီစက်လေး တစ်စက်ကို ညွှန်ပြကာ မေးလိုက်သည်။

“ဒါက ဘာကြီးလဲဟင်...”

All Chapters