ကောင်းမှုကုသိုလ် ပြုခြင်း
Vol. 17 Ch. 167
ဤကဲ့သို့ ရုတ်တရက် အပြောင်းအလဲကြောင့် ရှိနေသူ အားလုံးမှာ ကြောင်အသွားကြကုန်၏။
သခင်မလီ သည် အလျင်အမြန်ပင် ရှေ့သို့ တိုးသွားပြီး သားဖြစ်သူ၏ ပါးစပ်လေး လှုပ်ရှားနေသည်ကို မြင်လိုက်ရမှသာ စိတ်အေးသွားရလေသည်။
“သခင်မဟဲ... ညည်း ဒီမှာပဲ နေခဲ့ပါတော့...”
သခင်မလီ က ပြောလိုက်သည်။
ထို စကားတစ်ခွန်းမှာ သခင်မဟဲ ၏ နားထဲတွင်မူ နတ်သံ ကဲ့သို့ပင်။ သူမ၏ ခင်ပွန်း ကွယ်လွန်သွားပြီးနောက်ပိုင်း သူမ ကြားဖူးသမျှထဲတွင် အကောင်းဆုံးသော သတင်း ပင်။
သို့သော်လည်း သူမသည် အခြားသူ၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေဆဲ ဖြစ်သော သမီးဖြစ်သူအား လှည့်ကြည့်လိုက်မိ၏။
“သခင်မကြီးရယ်... ကျွန်မ လစာ မလိုပါဘူး... ကျွန်မရဲ့ သမီးလေးကိုပါ ကျွန်မနဲ့အတူ နေခွင့်ပေးဖို့ပဲ မျှော်လင့်ပါတယ်ရှင့်...”
သခင်မဟဲ က ပြောပြောဆိုဆိုနှင့် ဒူးထောက်လိုက်လေသည်။
သခင်မဟဲ ၏ တောင်းဆိုသံကို ကြားသောအခါ၊ သခင်မလီ ၏ ဘေးမှ အစေခံမကြီး က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“သခင်မဟဲ... ညည်းရဲ့ အိမ်မှာ ယောက္ခမ ရှိသေးတယ် မဟုတ်လား... နင့်ယောက်ျား ရဲ့ ညီအစ်ကိုတွေလည်း ရှိသေးတာပဲလေ... တို့ စွန်းမိသားစု က စည်းကမ်းရှိတဲ့ မိသားစုဆိုတော့... ဒီလို ကိစ္စမျိုးကို သဘောတူလေ့ မရှိဘူးနော်...”
သခင်မဟဲ သည် ထိုစကားကြောင့် မျက်နှာတွင် မှောင်မှိုက်သွားရရှာသည်။
“ကျွန်မ အိမ်မှာ... အိမ်မှာက အဆင်မပြေလို့ပါရှင့်...”
သခင်မဟဲ ၏ ဝေေဝဝါးဝါး ပြောဆိုနေသော စကားများကို နားထောင်ပြီးနောက် သခင်မလီ က မျက်မှောင် အနည်းငယ် ကြုတ်ကာ မေးမြန်းလိုက်သည်။
“ညည်းမှာ ဘာအခက်အခဲ ရှိနေလို့လဲဟင်... အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပါဦး...”
နျိုနျို ကလည်း ဘေးမှနေ၍ ဝင်ပြောလိုက်သည်။
“သခင်မဟဲ... အဒေါ် စိတ်မပူပါနဲ့နော်... ဘာအခက်အခဲ ကြုံနေရလဲ ဆိုတာကို တိုက်ရိုက်ပဲ ပြောပြလိုက်ပါ...”
သခင်မဟဲ သည် သခင်မလီ အား အနည်းငယ် ကြောက်နေမိ၏။ ဘာပဲဖြစ်ဖြစ် သခင်မလီ ၏ နူးညံ့မှုမှာ ကလေးများရှေ့တွင်သာ ရှိတတ်ပြီး အစေခံများနှင့် ပြင်ပလူများ၏ မျက်လုံးထဲတွင်မူ သူမသည် တင်းကျပ်လှသော သခင်မ တစ်ဦး မဟုတ်ပါလား။
ဤ အတောအတွင်း သူမ၏ အခက်အခဲများကို ပြောပြခဲ့သမျှ လူတိုင်းမှာ သူမအား လှောင်ပြောင်ခြင်း သို့မဟုတ် ကဲ့ရဲ့ခြင်းများသာ ပြုလုပ်ခဲ့ကြသည် မဟုတ်ပါလား။
သူမ အပေါ် စေတနာ အနည်းငယ် ပြခဲ့သူမှာ နျိုနျို တစ်ဦးတည်းသာ ရှိပေသည်။
နျိုနျို ၏ စကားကို ကြားသောအခါ သခင်မဟဲ သည် သတ္တိကို မွေးပြီး ပြောလိုက်သည်။
“ကျွန်မမှာ တကယ်ပဲ လမ်းစ မရှိတော့လို့ပါ... အိမ်မှာက သမီးလေးကို ကူပြီး စောင့်ရှောက်ပေးမယ့်သူ တစ်ယောက်မှ မရှိပါဘူး... ယောက္ခမ ဖြစ်ဖြစ်၊ အမျိုးတွေ ဖြစ်ဖြစ် ဘယ်သူမှ ကူညီချင်တဲ့ စိတ် မရှိကြပါဘူးရှင့်...”
သခင်မဟဲ ၏ ပုံစံကို ကြည့်ရသည်မှာ ကြီးမားသော အခက်အခဲတစ်ခုကို ကြုံတွေ့နေရသည့် အလား ရှိနေပေသည်။ သခင်မလီ သည်လည်း လေသံကို နှိမ့်ကာ မေးမြန်းလိုက်သည်။
“နင့်ရဲ့ ယောက္ခမ မိသားစုတွေက ဘာလို့ ကလေးကို ကူပြီး မစောင့်ရှောက်ပေးချင်ကြတာလဲဟင်...”
သခင်မဟဲ မှာ မျက်ရည်များ ကျလာရပြန်သည်။
“ကျွန်မ ယောက္ခမ က သမီး မိန်းကလေး မွေးလို့ ဆိုပြီး မနှစ်သက်တော့... ကလေးကို ရောင်းပစ်ချင်နေတာလေ... ရလာတဲ့ ပိုက်ဆံနဲ့ သူ့ရဲ့ သားငယ် အတွက် မိန်းမ ယူပေးမလို့တဲ့ရှင့်...”
“ကျွန်မရဲ့ မိဘတွေနဲ့ မောင်တွေကလည်း တစ်သားတည်း ဖြစ်နေကြပြီး... ကျွန်မကို နောက်အိမ်ထောင် ထပ်ပြုခိုင်းနေကြတာလေ... ဒါမှ သူတို့တွေ တင်တောင်းငွေတွေ ရမှာ မဟုတ်လားဟင်...”
“ကျွန်မကတော့ ကျွန်မယောက်ျား အပေါ်မှာ သံယောဇဉ် အရမ်း ကြီးပါတယ်... နောက်အိမ်ထောင်လည်း မပြုချင်ပါဘူး... သမီးလေးနဲ့ပဲ အေးအေးဆေးဆေး နေသွားချင်တာပါ...”
ရှိနေသူ အားလုံးမှာ ထိုစကားများကို ကြားသောအခါ စိတ်နှလုံး တုန်လှုပ်သွားကြကုန်၏။
သခင်မလီ သည် ချမ်းသာသော မိသားစုမှ လာသူ ဖြစ်သော်လည်း လောကကြီး၏ ဒုက္ခများကို မသိသူ မဟုတ်ပေ။ အမျိုးသမီး တစ်ဦး အနေဖြင့် အခြား အမျိုးသမီးများ၏ အခက်အခဲကို သူမ ပို၍ နားလည်နိုင်သည် မဟုတ်ပါလား။
သခင်မလီ က သဘောတူရန် ပြင်လိုက်စဉ်မှာပင် ဘေးမှ အစေခံမကြီး က ရုတ်တရက် ဝင်ပြောလိုက်ပြန်သည်။
“ညည်းရဲ့ သမီးကိုပါ အိမ်ထဲ ခေါ်ထားမယ် ဆိုရင်... နို့က ကလေး နှစ်ယောက်စာအတွက် လောက်ပါ့မလားဟင်... ကလေး နှစ်ယောက်ကို တစ်ပြိုင်နက် ပြုစုနေရရင်... သခင်လေး အပေါ်မှာကော ဘယ်လောက်အထိ အာရုံစိုက်နိုင်မှာလဲဟင်... သခင်မကြီးရယ်... သူ သနားစရာ ကောင်းတယ် ဆိုရုံနဲ့ သခင်လေး ရဲ့ အရေးကိုတော့ အထိခိုက် မခံနိုင်ဘူးနော်...”
သခင်မဟဲ ကမူ စဉ်းစားခြင်း မရှိဘဲ ချက်ချင်းပင် ပြန်ပြောလိုက်သည်။
“ကျွန်မသမီးလေး ကတော့ သခင်လေး နဲ့ လာပြီး နှိုင်းယှဉ်ဖို့ မဝံ့ရဲပါဘူးရှင့်... သူက လေးလသား ရှိနေပြီဆိုတော့ ဆန်ပြုတ်ရည် လေး သောက်ရုံနဲ့တင် လုံလောက်ပါတယ်... သူကလည်း အရမ်း လိမ္မာတဲ့သူဆိုတော့ အထူးတလည် ပြုစုပေးဖို့ မလိုပါဘူး... သခင်မကြီး အနေနဲ့ ကျွန်မတို့ သားအမိကို သနားသောအားဖြင့် ကူညီပေးပါဦးရှင့်...”
မိခင် အချင်းချင်း ဖြစ်ကြသဖြင့် သခင်မလီ သည် အခြားသူ၏ နာကျင်မှုကို ပိုမို ခံစားလာရပုံ ရပေသည်။
“နင့်သမီးလေးနဲ့အတူ ဒီမှာပဲ နေပါတော့... အကယ်၍ နို့ပိုနေမယ် ဆိုရင်လည်း နင့်သမီးကို တိုက်နိုင်ပါတယ်...”
အစေခံမကြီး ကမူ သခင်အပေါ် သစ္စာရှိသူ ပီပီ ထပ်မံ၍ ဖျောင်းဖျရန် ပြင်လိုက်သေး၏။
သို့သော်လည်း သခင်မလီ က လက်ဝှေ့ယမ်းကာ တားမြစ်လိုက်သည်။
“ဒီလောက် ငယ်တဲ့ ကလေးကိုမှ ငါ မကူညီနိုင်ရင်... သူတို့ သားအမိ သေသွားမှာကို ဒီအတိုင်း ကြည့်နေရမှာလားဟင်... ထားလိုက်ပါတော့... ငါ့သားလေး အတွက် ကုသိုလ် အဖြစ်နဲ့ပဲ သဘောထားလိုက်ပါ့မယ်...”
သခင်မဟဲ သည် မြေပြင်ပေါ်တွင် ခေါင်းနှင့် ဆောင့်ကာ အသည်းအသန် ဦးချလေတော့သည်။
“သခင်မကြီး ရဲ့ ကျေးဇူးကတော့ အရမ်းကို ကြီးမားလှပါတယ်ရှင့်... ကျွန်မ နွားလိုဖြစ်ဖြစ်၊ မြင်းလိုဖြစ်ဖြစ် ကျေးဇူးပြန်ဆပ်ပါ့မယ်... သခင်လေး ကိုလည်း အစွမ်းကုန် ပြုစုပေးပါ့မယ်နော်...”
သခင်မလီ သည် စိတ်ထားကောင်းသူ ဖြစ်သော်လည်း အကန့်အသတ် မရှိ အလိုလိုက်မည့်သူ မဟုတ်သလို ချန်ရှိုးလေး အား ပြုစုမည့်သူမှာလည်း သခင်မဟဲ တစ်ဦးတည်း မဟုတ်ပေ။ သခင်မဟဲ ကလေးကို မည်သို့ ပြုစုသလဲ ဆိုသည်ကို သူမ အလွယ်တကူ သိရှိနိုင်သည် မဟုတ်ပါလား။
သို့သော်လည်း သူမကို ဤသို့ ဆုံးဖြတ်ချက် ချရန် တွန်းအားပေးခဲ့သော အဓိက အကြောင်းရင်းမှာ နျိုနျို ပင်။
သခင်မလီ သည် နျိုနျို ၏ ထူးခြားမှုကို ဝေေဝဝါးဝါး ရိပ်မိနေပေသည်။ နျိုနျို က သခင်မဟဲ အား သဘောကျနေမှတော့ သူမ တန်ဖိုးထားသော လူများမှာ လူဆိုးများ မဖြစ်နိုင်သည်မှာ သေချာလှပေသည်။
အကယ်၍ ဤလူသည် နောက်ဆုံးတွင် ချန်ရှိုးလေး အား ကောင်းမွန်စွာ မပြုစုနိုင်ခဲ့လျှင်ပင် နို့ထိန်း အသစ် တစ်ယောက် ထပ်လဲလိုက်ရုံသာ ရှိပေသည်။ သခင်မဟဲ အား ဆက်လက် ကျွေးမွေးထားခြင်းဖြင့် သူမ၏ သမီးစားလေး အား ပျော်ရွှင်အောင် ထားနိုင်သည် မဟုတ်ပါလား။
ကံကောင်းထောက်မစွာဖြင့် သခင်မဟဲ သည် ကလေးပြုစုရာတွင် တကယ်ပင် ကျွမ်းကျင်သူ ဖြစ်ပြီး သူမ၏ သမီးလေးမှာလည်း အလွန် လိမ္မာလှပေသည်။ လေးလသား အရွယ် ကလေးငယ်မှာ သူမ၏ အခြေအနေကို သိရှိနေသည့်အလား ဗိုက်ဆာလျှင်ပင် တတွတ်တွတ် မြည်နေတတ်ပြီး ငိုသံကိုမူ ခဲခဲယဉ်ယဉ်မှသာ ကြားရတတ်ပေသည်။
နျိုနျို စွန်းမိသားစု အိမ်တွင် ဧည့်သည်အဖြစ် နေထိုင်စဉ်အတွင်း အနှစ်သက်ဆုံး အလုပ်မှာ စွန်းကျားရှင်း နှင့်အတူ ဈေးဝယ်ထွက်ခြင်း မဟုတ်ဘဲ ချန်ရှိုးလေး အား သွားရောက် ကြည့်ရှုခြင်း ပင်။
နှစ်လသား အရွယ် ကလေးငယ်မှာလည်း သူ၏ အစ်မ နျိုနျို ကို အနှစ်သက်ဆုံး ဖြစ်ပေသည်။ သူ ငိုနေသည့် အချိန်တိုင်းတွင် နျိုနျို ပေါ်လာပြီး သူ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ငြိမ်ကျသွားတတ်သည် မဟုတ်ပါလား။
သခင်မလီ က မနေနိုင်ဘဲ စနောက်လိုက်သည်။
“နျိုနျိုလေးရယ်... ဒီလိုနေ့သာရှိလာမယ်လို့ ကြိုသိမယ်ဆိုရင်... သမီးအဖေ နဲ့ မေမေက သမီးကို မွေးစားသမီး အဖြစ် လက်ခံမှာ မဟုတ်ဘူး... အတင်း လုယူပြီးတော့ တို့ ချွေးမလေး အဖြစ်ပဲ သိမ်းထားလိုက်မှာလေ...”
ဒါဟာ စနောက်ခြင်းသာ ဖြစ်ပေသည်။
သို့သော်လည်း နျိုနျို ကမူ ထိုစကားကို အလေးအနက် ထားလိုက်လေ၏။
နျိုနျို က မျက်နှာလေး သုန်မှုန်လျက် လေးလေးနက်နက် ပြောလိုက်သည်။
“မွေးစားမေမေ... ချန်ရှိုးလေး က သမီးကို အစ်မ တစ်ယောက်လို ချစ်တာလေ... ချွေးမ ဖြစ်ချင်လို့ ချစ်တာ မဟုတ်ပါဘူး... တို့တွေက မောင်နှမအရင်းတွေ ဖြစ်ဖို့ ကံပါလာတာလေ...”
“ညည်းလေးကတော့လေ... စကားပြောလိုက်ရင်လည်း အမှန်တရားတွေချည်းပဲနော်...”
သခင်မလီ က ပြုံးလျက် ပြောလိုက်သည်။
နျိုနျို ကမူ လေးနက်သော မျက်နှာထားဖြင့် ရှိနေဆဲ ပင်။
“သမီး ပေါက်ကရ ပြောနေတာ မဟုတ်ပါဘူး... သမီး ပြောတာတွေ အကုန် အမှန်တွေချည်းပဲလေ သမီးအတွက်တော့ မောင်နှမအနေနဲ့က ညီမလေးတစ်ယောက်ပဲရှိမှာ...”
သခင်မလီ တွင် သားတစ်ဦး ရှိနေသော်လည်း ထိုခေတ်က လူများမှာ သားသမီး များပြားခြင်းကို ကံကောင်းခြင်းဟု ယူဆတတ်ကြပေသည်။ ကလေး များလေလေ ကောင်းလေလေ ပင်။ ထို့ကြောင့် ထိုစကားကို ကြားသောအခါ သူမသည် စိတ်ဝင်တစား မေးမြန်းလိုက်သည်။
“ဒါဆိုရင်... ညည်းရဲ့ ညီမလေးက... တို့ မွေးပေးတဲ့ ကလေး ဖြစ်မှာလား... ဒါမှမဟုတ် တခြား မေမေ တစ်ယောက်က မွေးပေးမှာလားဟင်...”
နျိုနျို သည် မျက်နှာလေး မော့ကာ ခေတ္တမျှ လေးလေးနက်နက် စဉ်းစားပြီးနောက် ခေါင်းခါပြကာ ပြောလိုက်သည်။
“သမီးလည်း အခုထိတော့ မသိသေးပါဘူး... ဒါပေမဲ့ သမီးမှာ ညီမလေး တစ်ယောက် သေချာပေါက် ရှိလာမယ်လို့တော့ ယုံကြည်တယ်လေ...”
စွန်းကျားရှင်း က နျိုနျို ၏ နှာခေါင်းလေးကို ညင်သာစွာ ဆွဲလိုက်ပြီး ပြောလိုက်သည်။
“ကောင်းပါပြီ... တို့ နျိုနျိုလေး ပြောတဲ့အတိုင်း ဖြစ်ပါစေပေါ့... ညီမလေး ရှိလာရင်လည်း... နျိုနျို ကပဲ သကြားလုံးတွေ ဝယ်ကျွေးရမှာနော်... အဲ့ကျရင်တော့ စိတ်မတိုရဘူးနော်...”
“သမီးက ကပ်စေးနည်းတဲ့သူ မဟုတ်ပါဘူး... သမီးက မောင်လေး ညီမလေးတွေ အတွက်တော့ အကောင်းဆုံး အစ်မကြီး ဖြစ်မှာပေါ့... ကိုကိုတွေ အတွက်လည်း အကောင်းဆုံး ညီမလေး ဖြစ်မှာပေါ့နော်...”
နျိုနျို က ခါးကို ထောက်ကာ ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုလိုက်လေသည်။
သခင်မလီ နှင့် စွန်းကျားရှင်း တို့သည် နျိုနျို ၏ ချစ်စရာကောင်းသော ပုံစံလေးကို ကြည့်ပြီး ရယ်မောမိကြကုန်၏။ လူကြီး ခါးလောက်တောင် မရှိသေးသော ကလေးမလေး က စကားပြောလိုက်လျှင်မူ တကယ့်ကို အဟုတ်ကြီး ပင်။
နျိုနျို က ပြောလိုက်သည်။
“သမီးက ကြွားနေတာ မဟုတ်ပါဘူး... သမီး ပြောတာတွေ အကုန် အမှန်တွေပါ... မောင်လေး နဲ့ ညီမလေးတွေ ကြီးလာရင် အဖေတို့ သိလာမှာပေါ့...”
လင်မယား နှစ်ဦး စလုံး မှာ ကလေးအား ချော့မော့သည့် အနေဖြင့် ခေါင်းညိတ်ပြကာ တပြိုင်နက်တည်း ပြောလိုက်ကြသည်။
“ဟုတ်ပါပြီ... ဟုတ်ပါပြီ... တို့ သမီးလေး ပြောတာ အကုန် မှန်ပါတယ်ဗျာ...”
မိသားစု လေးဦး စလုံး ပျော်ရွှင်နေကြစဉ်မှာပင် ရုတ်တရက် အဝတ်အစား နှင့် ဆံပင်ပုံစံမှာ အလွန်ပင် စေ့စပ်သေချာလှသော အဘွားအို တစ်ဦး ဝင်လာလေသည်။
“သခင်ကြီး နဲ့ သခင်မကြီး... အဘွားကြီး က လူကြီးမင်းတို့ နှစ်ဦးကို ခေါ်ခိုင်းလိုက်ပါတယ်ရှင့်...”
စွန်းကျားရှင်း သည် ထိုစကားကို ကြားသောအခါ ဘာမှ မဖြစ်သလိုပင် ရှိနေသော်လည်း သခင်မလီ မှာမူ ထိုစကားကို ကြားသည်နှင့် လက်ထဲမှ လက်ကိုင်ပုဝါမှာ ခဏချင်းအတွင်း အလုံးလိုက် ဖြစ်သွားရလေတော့သည်။