← Chapters

သခင်မစွန်း

Vol. 17 Ch. 168

သခင်မစွန်း

Vol. 17 Ch. 168

နျိုနျိုသည် လောကကြီးအတွင်း ဖြစ်ပျက်နေသော အရှုပ်အထွေးများကို သတိမထားမိပေ။ သူမသည် မောင်လေး၏ ဖြူဖွေးနူးညံ့သော လက်ကလေးကို ဆုပ်ကိုင်ထားရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“မွေးစားအဖေနဲ့ မေမေတို့က အဘွားဆီ သွားရှာကြမလို့လေ... သမီးက မောင်လေးဘေးမှာ နေပေးမယ်နော်...”

သို့သော်လည်း ဘေးနားရှိ စွန်းကျားရှင်းက ရုတ်တရက် ပြောလိုက်သည်။

“နျိုနျိုကိုပါ တစ်ခါတည်း ခေါ်သွားကြရအောင်... နျိုနျို ဒီကို ရောက်နေတာ ကြာပြီပဲလေ... အဘွားကို တွေ့ဖို့ အခွင့်အရေး မရသေးဘူး မဟုတ်လား... ဒီနေ့ မေမေ စိတ်ကြည်နေတုန်းမှာပဲ... လူကြီးကို သွားတွေ့သင့်တာပေါ့...”

သခင်မလီသည် မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း သူ၏ စိတ်ကူးကို မဖျက်ဆီးရက်ပေ။

နျိုနျိုက မေးလိုက်သည်။

“ချန်ရှိုးလေးကိုရော ခေါ်မသွားဘူးလားဟင်...”

“သမီးလေး... ချန်ရှိုးလေးက အရမ်း ငယ်သေးတော့... အပြင်ကို လွယ်လွယ်နဲ့ ထွက်လို့ မရဘူးလေ...”

သခင်မလီက ရှင်းပြသည်။

“ဒါဆို ချန်ရှိုးလေးက အဘွားကို ဘယ်လို တွေ့ရမှာလဲဟင်...”

နျိုနျိုက ထူးဆန်းသလို မေးပြန်သည်။

“သမီးအဘွားက ကျန်းမာရေး သိပ်မကောင်းဘူးလေ... ဒါကြောင့် ချန်ရှိုးလေး ကင်ပွန်းတပ်တုန်းကပဲ တစ်ခါ တွေ့ဖူးတာပေါ့...”

စွန်းကျားရှင်းက ပြောပြသည်။

နျိုနျိုသည် မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်သည်။

“ခဏခဏ မတွေ့ရရင် သံယောဇဉ်ဖြစ်ဖို့ ခက်မှာပေါ့နော်... သမီးအဘွားနဲ့ သမီးကတော့ အမြဲတမ်း အတူတူ နေကြတာလေ... ဒါကြောင့် အဘွားက သမီးကို အချစ်ဆုံးပေါ့...”

သခင်မလီ၏ မျက်လုံးများ မှောင်မိုက်သွားရ၏။

စွန်းကျားရှင်းက ရယ်မောလျက် ပြောလိုက်သည်။

“ငတုံးမလေးရယ်... ဒါက သွေးသားတော်စပ်တဲ့ အဘွားနဲ့ မြေးလေ... အထူးတလည် ကြိုးစားစရာ မလိုဘဲနဲ့ သံယောဇဉ်က ရှိနေပြီးသားပါ...”

နျိုနျိုသည် နားလည်သလိုလိုနှင့် ခေါင်းညိတ်ပြကာ ထပ်မေးလိုက်သည်။

“ဒါဆို သမီး အဝတ်အစား လဲရဦးမလားဟင်... မေမေ သင်ပေးထားတာတော့... လူကြီးတွေကို သွားတွေ့ရင် သေသေသပ်သပ် ဝတ်ရမယ်တဲ့... ဒါမှ လူကြီးတွေက ပျော်မှာလေ...”

“အို... နျိုနျိုလေးက အများကြီး သိတာပဲနော်... ဒါပေမဲ့ မိသားစုဝင်တွေပဲဆိုတော့ အထူးတလည် ပြင်စရာ မလိုပါဘူး... ဒီအတိုင်း ဝတ်နေကျ အဝတ်နဲ့ပဲ သွားကြတာပေါ့...”

စွန်းကျားရှင်းက ပြုံးလျက် ပြောလိုက်သည်။

လင်မယားနှစ်ဦးသည် နျိုနျိုကို ခေါ်ကာ အဘွားအို၏ ခြံဝင်းဆီသို့ လျှောက်လာခဲ့ကြကုန်၏။ စွန်းကျားရှင်း၏ မျက်လုံးထဲတွင်မူ သူ၏မိခင်မှာ သားငယ်ကို အလိုလိုက်တတ်သည်မှလွဲလျှင် ချို့ယွင်းချက်မရှိသော အမျိုးသမီးကောင်း တစ်ဦး ပင်။

ယောကျ်ားဖြစ်သူမှာ လမ်းတစ်လျှောက်လုံးတွင် သူ၏ ဇနီးဖြစ်သူ မျက်နှာမသာမယာ ဖြစ်နေသည်ကိုပင် သတိမပြုမိခဲ့ချေ။ စွန်းကျားရှင်းကမူ သူ၏မိခင် မည်မျှ ကောင်းမွန်ကြောင်းကိုသာ တတွတ်တွတ် ပြောဆိုနေလေသည်။

“သမီး အဘွားကို တွေ့ရင် သိရမှာပါ... သူက မြေးတွေကို အရမ်း ချစ်တတ်တဲ့သူလေ... သမီးရဲ့ ဒုတိယဦးလေးနဲ့ တတိယဦးလေး တို့ရဲ့ ကလေးတွေကိုဆိုရင် လက်ဖဝါးပေါ်တင်ပြီး အလိုလိုက်ထားတာလေ...”

လူတစ်စု အဘွားအို၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာကြကုန်၏။ အိမ်ထဲသို့ ခြေချလိုက်သည်နှင့် နျိုနျိုသည် ပြင်းထန်လှသော ဆေးနံ့များကို ရလိုက်လေသည်။ သူမသည် နှာခေါင်းကို အနည်းငယ် ရှုံ့လိုက်မိပြီး ကိုယ်ထဲတွင် နေရခက်သလို ခံစားရသော်လည်း ဘာမှ ထုတ်မပြောခဲ့ပေ။

“မေမေ... ကျွန်တော် နျိုနျိုကို ခေါ်လာတယ်လေ... နျိုနျိုလေးက အရမ်း ချစ်ဖို့ကောင်းတာနော်... ထမင်းစားရင်လည်း ပါးလေးတွေ ဖောင်းနေတာပဲ...”

စွန်းကျားရှင်းသည် နျိုနျိုရှေ့တွင် သခင်မစွန်းကို ချီးကျူးသလို မိခင်ရှေ့တွင်လည်း နျိုနျိုအကြောင်းကို အစွမ်းကုန် ချီးကျူးလေတော့သည်။ သူ၏ စကားများမှာ ချဲ့ကားပြောဆိုနေသဖြင့် နျိုနျိုမှာ ကမ္ဘာပေါ်တွင် အချစ်စရာကောင်းဆုံး ကလေးမလေး ဖြစ်နေသည့် အလား ပင်။

သို့သော်လည်း ဤအခန်းအတွင်း၌မူ စွန်းကျားရှင်း ကဲ့သို့ နျိုနျိုကို အစွမ်းကုန် ချစ်မြတ်နိုးနေသူမှာ သခင်မလီ တစ်ဦးတည်းသာ ရှိပေသည်။ သခင်မစွန်းသည် စွန်းကျားရှင်း၏ စကားကို ဖြတ်ပြောလိုက်၏။

“တို့အိမ်ကို ဧည့်သည် လာတာပဲလေ... လက်ဆောင်လေးတော့ ပေးလိုက်ရမှာပေါ့...”

စွန်းကျားရှင်းသည် ထိုစကားကို ကြားသောအခါ မျက်မှောင် အနည်းငယ် ကြုတ်သွားရသည်။ အဘွားအို၏ အချက်ပြမှုအရ အစေခံတစ်ဦးသည် ဗန်းတစ်ခုကို သယ်ဆောင်လာပြီး အတွင်း၌ ကြမ်းတမ်းစွာ ပြုလုပ်ထားသော ငွေလက်ကောက် တစ်စုံ ပါရှိလေသည်။

နျိုနျိုသည် ထိုလက်ဆောင်ကို လှမ်းမယူခဲ့ပေ။ ရှေ့တွင် ရှိနေသော ချမ်းသာကြွယ်ဝပြီး ခံ့ညားလှသော အဘွားအိုမှာ သူမအား မနှစ်သက်ကြောင်းကို နျိုနျို ရိပ်မိနေခြင်း ပင်။

“နည်းလို့လားဟင်...”

သခင်မစွန်းက ပြန်မေးလိုက်သည်။

နျိုနျိုသည် နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ထားပြီး ညင်သာစွာ ခေါင်းခါပြလိုက်၏။

“နင့်အဖေက ပညာတတ် တစ်ယောက်လို့ တို့ ကြားဖူးပါတယ်... ကျေးလက်မှာဆိုရင်တော့ နင်တို့က အခြေအနေ ကောင်းတယ်လို့ ပြောလို့ ရတာပေါ့... ဒါပေမဲ့ ဒီနေရာက နန်လင်းမြို့နယ်လေ... နင်တို့ရွာလို နေရာသေးသေးလေး မဟုတ်ဘူး... လူကြီးတွေကို တွေ့ရင် စည်းကမ်းရှိရမယ်၊ သေသေသပ်သပ် ဝတ်စားရမယ်လေ... ကလေးပဲ ဆိုပြီး လျှော့တွက်လို့ မရဘူးနော်...”

သခင်မစွန်းက ပြောလိုက်သည်။

နျိုနျိုသည် ကုမိသားစု အိမ်သို့ ရောက်ရှိလာပြီးနောက်ပိုင်းတွင် ဤမျှအထိ ခါးသီးသော စကားများကို တစ်ခါတလေမှသာ ကြားဖူးလေသည်။ သူမသည် ငယ်သေးသော်လည်း စကား၏ အမှားအမှန်ကိုမူ သိရှိနေပေသည်။

စွန်းကျားရှင်းမှာမူ ကြောင်အသွားရရှာ၏။ သူ၏မိခင်မှာ အမြဲတမ်း ကြင်နာတတ်သူဟု သူ ထင်မှတ်ထားသော်လည်း ယခုကဲ့သို့ ရုန့်ရင်းသော စကားများ မည်သို့ ထွက်လာသည်ကို သူ စဉ်းစားမရ ဖြစ်နေတော့သည်။

“မေမေရယ်... နျိုနျိုက ကလေးပဲ ရှိသေးတာလေ... ဘာလို့ အဲ့လို ပြောရတာလဲဟင်... မထွက်လာခင်က နျိုနျိုလည်း အဝတ်အစား လဲချင်တယ်လို့ ပြောခဲ့ပါတယ်... ကျွန်တော်ကပဲ တားလိုက်လို့ ဒီအတိုင်း လာခဲ့ကြတာလေ... မကျေနပ်ရင် ကျွန်တော့်ကိုပဲ ဆူပါတော့...”

စွန်းကျားရှင်းက ပြောလိုက်သည်။

သခင်မစွန်း၏ မျက်နှာမှာ သုန်မှုန်သွားရ၏။

“ကျေးလက်ကလာတဲ့ ဒီကလေးမလေးက နင့်ကို ဘာဆေးတွေ တိုက်ထားလို့လဲဟင်... မွေးစားသမီးကိုတော့ ဒီလောက်အထိ ချစ်နေပြီးတော့... နင့်တူမအရင်းတွေကိုတော့ ပစ်ထားတယ်ပေါ့လေ... သူစိမ်းဆီကိုမှ ဒီလောက်အထိ အကျိုးအမြတ်တွေ ပေးချင်နေရတာလား...”

စွန်းကျားရှင်းသည် ကလေးရှေ့တွင် မိခင်နှင့် မငြင်းခုံလိုသလို မိခင်၏ စကားများကြောင့် ကလေးမလေး၏ စိတ်တွင် ဒဏ်ရာရသွားမှာကိုလည်း စိုးရိမ်နေမိ၏။ သူသည် ဇနီးဖြစ်သူအား တိုးတိုးလေး ပြောလိုက်သည်။

“နျိုနျိုကို အရင် ခေါ်သွားပြီးတော့... ကလေးကို နှစ်သိမ့်ပေးလိုက်ပါဦး...”

နျိုနျိုက ခေါင်းခါလျက် ပြောလိုက်၏။

“အဖေစွန်း... သမီး ဝမ်းမနည်းပါဘူး... နှစ်သိမ့်ပေးဖို့လည်း မလိုပါဘူးနော်...”

စွန်းကျားရှင်း ထိုစကားကြောင့် ခေတ္တမျှ မှင်တက်သွားရသည်။ နျိုနျိုက ဆက်လက် ရှင်းပြလေသည်။

“လူတွေကြားမှာလည်း ကံတရား ဆိုတာ ရှိတာပဲလေ... အဘွားကြီးက သမီးကို မချစ်ရင်... သမီးကလည်း အဘွားကြီးကို ပြန်ချစ်စရာ မလိုပါဘူး... သမီးမှာ အဘွားကောင်း တစ်ယောက် ရှိပြီးသားဆိုတော့... လူကြီးတစ်ယောက်က မချစ်လို့ဆိုပြီး ဝမ်းနည်းနေမှာ မဟုတ်ဘူးလေ...”

ခြောက်နှစ်အရွယ် ကလေးမလေး တစ်ဦးမှာ ဤမျှအထိ စိတ်သဘောထား ကြီးနေသည်ကို မြင်ရသောအခါ စွန်းကျားရှင်းမှာ ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။ ဤမျှအထိ လိမ္မာယဉ်ကျေးသော ကလေးမလေးကိုမှ သခင်မစွန်းသည် မည်သို့မျှ မနှစ်သက်နိုင် ဖြစ်နေရ၏။ ယခုအခါ သူမသည် နှာခေါင်းရှုံ့ကာ ကဲ့ရဲ့လိုက်ပြန်သည်။

“စည်းကမ်း မရှိလိုက်တာ...”

သခင်မလီသည် ထိုစကားကို ကြားသောအခါ သူမ၏ သမီးလေးကို အနောက်တွင် အမြန် ကွယ်လိုက်လေသည်။ သို့သော်လည်း နျိုနျိုသည် ရှေ့သို့ တစ်လှမ်း တိုးထွက်လာပြီး ခေါင်းလေး မော့ကာ ပြောလိုက်၏။

“အဘွား... အဘွားက သမီးကို မချစ်တာပဲလေ...”

“စည်းကမ်းမရှိတဲ့ နင်လို ကလေးမျိုးကို ဘယ်သူက ချစ်မှာလဲဟင်... လူကြီးကို ဘယ်သူက အဲ့လို စကားပြောခိုင်းလို့လဲ...”

သခင်မစွန်းက ဒေါသတကြီး ပြောလိုက်သည်။

နျိုနျိုသည် ထိုစကားများကြောင့် တုန်လှုပ်ခြင်း မရှိဘဲ ယုံကြည်မှု အပြည့်ဖြင့် ပြန်ပြောလိုက်၏။

“သမီးဖေဖေ၊ မေမေ၊ မွေးစားအဖေနဲ့ မေမေ၊ အဘိုးအဘွားတွေ၊ အဒေါ်လျူ၊ ကိုကို နှစ်ယောက်၊ ပြီးတော့ ချန်ရှိုးလေး တို့ အားလုံးက... သမီးကို အချစ်ဆုံးပဲလေ... အဘွားက ဘယ်လောက်ပဲ ပြောပြော... သမီးကတော့ လူမုန်းများတဲ့ ကလေး ဖြစ်သွားမှာ မဟုတ်ပါဘူးနော်...”

“သမီးက အားလုံးရဲ့ အချစ်တော် ဆိုတာ... သမီးကိုယ်တိုင် သိပါတယ်...”

သခင်မစွန်းသည် ဤကဲ့သို့သော ကလေးမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ဤမျှအထိ ယုံကြည်မှု ရှိနေသော ကလေးမလေးမှာ သူမ၏ မျက်လုံးထဲတွင်မူ အလွန် ထင်ရှားလွန်းနေတော့၏။ သူမသည် နျိုနျို၏ ယခုကဲ့သို့ စရိုက်မျိုးမှာ ကုမိသားစုက တစ်နှစ်ပတ်လုံး အလိုလိုက်ခဲ့သဖြင့် ဖြစ်ပေါ်လာခြင်းမှန်း မသိရှာပေ။ သူမသည် သူမကိုယ်တိုင် ကျန်းမာရေး မကောင်းသဖြင့် ကလေးမလေး တစ်ဦးကိုပင် အနိုင်မတိုက်နိုင် ဖြစ်နေရသည်ဟုသာ ဝေေဝဝါးဝါး ထင်မှတ်နေမိလေသည်။

နျိုနျိုအား အနိုင်မရမှန်း သိလိုက်သောအခါ သခင်မစွန်းသည် သူမ၏ သားအား အနိုင်ယူရန် ကြိုးစားတော့၏။

“သားကြီး... ကြည့်စမ်းပါဦး... ဒီလို စည်းကမ်းမရှိတဲ့ ကလေးကိုမှ ရတနာ တစ်ခုလို လုပ်နေရတယ်လို့... မေမေ့ကိုတော့ သေအောင် လုပ်နေတာပဲ...”

စွန်းကျားရှင်းသည် ယခုတစ်ကြိမ်တွင်မူ သူမ အလိုကျ မလုပ်ဆောင်တော့ဘဲ မျက်နှာပျက်ပျက်နှင့် မေးလိုက်သည်။

“မေမေရယ်... နျိုနျိုလေးက ဘယ်နေရာမှာ စည်းကမ်း မရှိလို့လဲဟင်... သူက ဆူညံသဲသဲလည်း မလုပ်ဘူး၊ မေမေ့ရဲ့ ပစ္စည်းတွေကိုလည်း ဘာမှ မပျက်စီးစေခဲ့ပါဘူး... မေမေ့ကို တွေ့တော့လည်း ယဉ်ယဉ်ကျေးကျေးပဲ နှုတ်ဆက်ခဲ့တာလေ... လာတိုင်း အိမ်ခေါင်မိုးကို ခွာချမတတ် ဆိုးနေကြတဲ့ ဒုတိယညီနဲ့ တတိယညီ တို့ရဲ့ ကလေးတွေကမှ... စည်းကမ်းရှိတယ်လို့ ပြောချင်တာလားဟင်...”

စွန်းကျားရှင်း၏ စကားများမှာ အကျိုးအကြောင်း ခိုင်လုံလှသော်လည်း သခင်မစွန်း၏ မျက်လုံးထဲတွင်မူ သူမ၏ မြေးအရင်းများ အိမ်ရှိ ပစ္စည်းများကို ရိုက်ခွဲနေခြင်းမှာပင် ချစ်စရာ ကောင်းနေသည် မဟုတ်ပါလား။

“အဲ့ဒါက နင့်ရဲ့ တူအရင်း၊ တူမအရင်းတွေလေ... အခုတော့ သူတို့ကို ကျေးလက်ကလာတဲ့ ကလေးမလေး တစ်ယောက်နဲ့ လာနှိုင်းနေတာလားဟင်...”

သခင်မစွန်းက စွန်းကျားရှင်းအား ပြန်လည် အပြစ်တင်လိုက်လေသည်။

စွန်းကျားရှင်းက ပြောလိုက်သည်။

“ဒါက ကျွန်တော့်ရဲ့ မွေးစားသမီးလေးလေ... ကျွန်တော်ကတော့ သမီးအရင်းလိုပဲ သဘောထားတာဆိုတော့... လမ်းဘေးက ကလေး မဟုတ်ပါဘူး...”

သခင်မစွန်းသည် သူမ၏ ရင်ဘတ်ကို ဖိကာ ပြောလိုက်၏။

“သားကြီး... အခုတော့ နင်က အတောင်စုံလာပြီပေါ့လေ... မေမေ့ စကားကိုလည်း နားမထောင်တော့ဘူး... နင့်ကို မွေးရကျိုး မနပ်လိုက်တာနော်...”

All Chapters