← Chapters

မျက်စိကန်းခြင်း

Vol. 17 Ch. 169

မျက်စိကန်းခြင်း

Vol. 17 Ch. 169

သခင်မစွန်းသည် အရင်တုန်းကလည်း ဤနည်းလမ်းဖြင့် သူမ၏ သားအား ထိန်းချုပ်ခဲ့ဖူးပြီး အမြဲတမ်းလည်း အောင်မြင်ခဲ့လေသည်။ သို့သော်လည်း ယနေ့တွင်မူ ထိုနည်းလမ်းမှာ အသုံးမဝင်တော့ပေ။

စွန်းကျားရှင်းသည် သူ၏မိခင်မှာ သူ မှတ်မိထားသကဲ့သို့ မဟုတ်ဘဲ အလွန်ပင် စိမ်းကားနေသည်ဟု ခံစားလိုက်ရ၏။

စွန်းကျားရှင်းက ပြောလိုက်သည်။

“မေမေ... မေမေ ဟန်ဆောင်ပြီး ဖျားပြဖို့ မလောပါနဲ့ဦး... မေမေ နျိုနျိုကို မုန်းနေတာဟာ နျိုနျိုမှာ အမှားရှိလို့ မဟုတ်ဘဲ... သူက တခြားအိမ်က ကလေး ဖြစ်နေလို့ မဟုတ်လား... ဒုတိယညီနဲ့ တတိယညီ တို့ရဲ့ ကလေး မဟုတ်လို့ မဟုတ်လားဟင်...”

သခင်မစွန်းမှာမူ ခေါင်းမာနေဆဲ ပင်။

“ငါက စည်းကမ်းမရှိတဲ့ ကလေးတွေကို မနှစ်သက်တာပါ... နင့်ရဲ့ မွေးစားသမီးလေးက တစ်စက်မှ မချစ်စရာ မကောင်းပါဘူး...”

သို့သော်လည်း စွန်းကျားရှင်းသည် သူမအား အံ့သြသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

“မေမေ မချစ်ဘူးဆိုတာကို ထားလိုက်ပါတော့... ဘာလို့ မျက်စိမှိတ်ပြီး လိမ်နေရတာလဲဟင်... သူက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲ... နှင်းလုံးလေး တစ်လုံးလိုပဲလေ... တတိယညီ အိမ်က တူမ နှစ်ယောက်ထက် အဆပေါင်းများစွာ ပိုပြီး ချစ်စရာ ကောင်းတာလေ...”

“သားကြီး... နင် မျက်စိကန်းနေတာလားဟင်...”

သခင်မစွန်းသည် ဒေါသတကြီး စိုက်ကြည့်လိုက်၏။

အမှန်အတိုင်း ပြောရလျှင် အကျိုးစီးပွားချင်း မပတ်သက်ပါက နျိုနျိုသည် သူမ၏ သား မွေးစားထားသော သမီး မဟုတ်ဘဲ လာလည်သော သူငယ်ချင်း တစ်ဦး၏ သမီးသာ ဆိုလျှင်မူ ဤမျှ လှပပြီး ချစ်စရာကောင်းသော ကလေးမလေးကို မြင်ရပါက အဘွားအိုမှာလည်း ပျော်ရွှင်မိမှာ သေချာလှပေသည်။ သို့သော်လည်း ဤကလေးမှာ မွေးစားသမီး ဖြစ်နေသဖြင့် အကျိုးအမြတ်များစွာ ရရှိနေသည် မဟုတ်ပါလား။

ရွှေထည်များနှင့် လက်ဆောင်များကို ထားလိုက်ဦး... ကွမ်လင်းပြည်နယ်ရှိ အိမ်တစ်လုံးကို ရရှိထားခြင်းမှာပင် သခင်မစွန်းအား နေရခက်စေရန် လုံလောက်လှပေသည်။

“ငါ့မြေး နှစ်ယောက်ကမှ အချစ်စရာကောင်းဆုံးပါ... သားကြီး... နင်ကတော့ မျက်နှာသာ ပေးလွန်းနေပြီနော်...”

သခင်မစွန်းသည် စိတ်ပြောင်းမည့် ပုံ မရှိဘဲ ထပ်မံ ပြောလိုက်ပြန်သည်။

“ဒီကလေးကို ငါ့မျက်စိရှေ့ လာမပြနဲ့တော့... မြင်ရတာကိုက စိတ်ပျက်ဖို့ ကောင်းလွန်းလို့လေ...”

သခင်မလီ၏ ပထမဆုံး တုံ့ပြန်မှုမှာ နျိုနျို၏ နားများကို အမြန် အုပ်ပေးလိုက်ခြင်း ပင်။ ကလေးမလေးမှာ ဤမျှအထိ နှင်ထုတ်ခံရသော စကားများကို ကြားသွားပါက ရှက်ရွံ့သွားမှာကို သူမ စိုးရိမ်နေမိ၏။ နျိုနျိုသည် နားများကို အအုပ်ခံလိုက်ရသော်လည်း သခင်မလီအား မော့ကြည့်ကာ အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများဖြင့် ရှင်းလင်းသော အသံဖြင့် ပြောလိုက်သည်။

“သမီး အကုန် ကြားပါတယ်... ဘာမှ မဖြစ်ပါဘူး... အဘွားက သမီးကို ဒီမှာ မနေစေချင်ဘူး ဆိုရင်လည်း... သမီးလည်း ဒီမှာ မနေချင်ပါဘူးနော်...”

သူမသည် သခင်မစွန်းဘက်သို့ လှည့်ကာ ထပ်မံ ပြောလိုက်ပြန်သည်။

“သမီးက လမ်းဘေးက ကလေး မဟုတ်ပါဘူး... သမီးမှာ မိသားစုဝင်တွေ အများကြီး ရှိပါတယ်... သမီးဖေဖေကလည်း ဆင်းရဲတဲ့ ပညာသင် မဟုတ်ပါဘူး... သူက ပညာရှိ တစ်ယောက် ဖြစ်ပြီး ချမ်းသာတဲ့သူပါနော်...”

“အဘွားက သမီးကို မချစ်သလို သမီးလည်း အဘွားကို သိပ်မချစ်ပါဘူး... ဒါပေမဲ့ သမီး အဖေစွန်း ကိုတော့ ချစ်ပါတယ်... အဘွားက အဖေစွန်း ရဲ့ မေမေ ဖြစ်နေတော့... အဖေစွန်း ကလည်း အဘွားအပေါ် အရမ်း သိတတ်တာဆိုတော့... သမီးလည်း အဘွားကို အသက်ရှည်ပါစေလို့ ဆုတောင်းပေးပါ့မယ်နော်...”

နျိုနျိုသည် ထိုသို့ ပြောပြီးနောက် သခင်မလီ၏ လက်ကို ဆွဲလိုက်လေသည်။ သခင်မလီသည်လည်း ယောက္ခမ၏ မျက်နှာကို ဆက်မကြည့်ရဲတော့ဘဲ လူကို အပြင်သို့ အမြန် ခေါ်ထုတ်လာခဲ့လေတော့သည်။ အဘွားအို၏ ခြံဝင်းအတွင်းမှ ထွက်လာပြီးနောက်တွင်မှ သခင်မလီသည် သက်ပြင်းကြီး တစ်ချက် ချနိုင်တော့၏။

“မွေးစားမေမေ... အဘွားက မေမေ့အပေါ် မကောင်းဘူးလားဟင်...”

နျိုနျိုက ရုတ်တရက် မေးမြန်းလိုက်သည်။

သခင်မလီသည် ထိုမေးခွန်းကြောင့် ကြောင်အသွားရပြီး ဘေးနားရှိ အစေခံများကို အဝေးသို့ လွှတ်လိုက်ကာ ပြောလိုက်၏။

“သမီးလေးက ငယ်ပါသေးတယ်... လူကြီးတွေကြားက ကိစ္စတွေကို နားလည်မှာ မဟုတ်ပါဘူး...”

နျိုနျိုလေးသည် သက်ပြင်းချလျက် ပြန်ပြောလိုက်သည်။

“လူကြီးတွေကလည်း ဒါကိုပဲ အမြဲ ပြောနေကြတာပဲနော်... ကလေးတွေမှာလည်း ဦးနှောက် ရှိတာပဲလေ... သမီးမှာလည်း မြင်တတ်တဲ့ မျက်စိ ပါပါတယ်...”

သခင်မလီက မေးလိုက်၏။

“သမီးလေးက ဘာတွေ မြင်လို့လဲဟင်...”

နျိုနျိုလေးက ထပ်မံ သက်ပြင်းချကာ ပြောလိုက်ပြန်သည်။

“အဘွားက အဖေစွန်း ကိုတောင် သိပ်မချစ်တာ... မေမေ့အပေါ်မှာ ဘယ်လိုလုပ် ကောင်းပါ့မလဲဟင်...”

သခင်မလီမှာမူ မှင်တက်သွားရလေတော့သည်။ ခင်ပွန်းဖြစ်သူမှာ မိခင်၏ အချစ်ဆုံးသား မဟုတ်သည်မှာ ဤအိမ်ရှိ လူတိုင်း သိထားကြသော်လည်း စွန်းကျားရှင်း ကိုယ်တိုင်သာ သတိမပြုမိခဲ့ခြင်း ဖြစ်၏။ ယခုအခါ ဤအိမ်သို့ အခုတင် ရောက်ရှိလာသော နျိုနျိုပင်လျှင် ထိုအချက်ကို မြင်နေရသည် မဟုတ်ပါလား။

“သမီးရဲ့ မျက်လုံးတွေ အဲ့လောက်အထိ စူးရှတာလားဟင်...”

သခင်မလီက ညင်သာစွာ မေးမြန်းလိုက်သည်။

နျိုနျိုက ဂုဏ်ယူစွာဖြင့် သူမ၏ ခေါင်းလေးကို မော့ကာ ပြောလိုက်၏။

“ဒါပေါ့ မေမေ... သမီး ပြောပြီးသားပဲလေ... ကလေးတွေက တကယ်တော့ အများကြီး သိကြတာပါ... အဘွားက အဖေစွန်း ကို ကြည့်တဲ့ အကြည့်တွေမှာ ကြင်နာမှု တစ်စက်မှ မပါဘူးလေ... ကိုယ့်သားအရင်းကို ကြည့်နေတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့... တစ်ခုခုကို ကြည့်နေသလိုမျိုးပဲ...”

နျိုနျိုသည် ခေါင်းလေးကို စောင်းကာ သေချာစွာ ဖော်ပြနိုင်ရန် ကြိုးစားနေမိ၏။ သူမသည် မျက်မှောင်လေး ကြုတ်ကာ စဉ်းစားပြီးနောက်တွင်မှ ထိုစကားလုံးကို ရှာတွေ့သွားလေတော့သည်။

“အသုံးချခံ ကိရိယာ တစ်ခုကို ကြည့်နေသလိုမျိုးပဲနော်...”

သခင်မလီသည် ထိုဖော်ပြချက်မှာ အလွန်ပင် ထိမိလှသည်ဟု တွေးမိလိုက်၏။ အဘွားအိုသည် သူမ၏ သားအကြီးဆုံးအား ကြည့်သည့်အခါ သူသည် အသုံးဝင်သူဖြစ်ပြီး ကျန်ရှိနေသော အသုံးမကျသည့် သားနှစ်ဦးအား ဂရုစိုက်ပေးနိုင်သူဟုသာ သတ်မှတ်ထားသည် မဟုတ်ပါလား။

“သမီးအဖေက ငယ်ငယ်ကတည်းက အဘွားရဲ့ လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့ရတာလေ... အရွယ်ရောက်တော့လည်း ကျောင်းမှာပဲ နေခဲ့ရတယ်... ကွယ်လွန်သွားပြီဖြစ်တဲ့ သမီးအဘိုး ရဲ့ တင်းကျပ်တဲ့ ဆုံးမမှုအောက်မှာပဲ နေခဲ့ရတော့... အဘွားနဲ့က သံယောဇဉ် သိပ်မရှိလှဘူးလေ... သားအမိချင်းဆိုပေမဲ့ စိမ်းကားနေကြတာပေါ့...”

သခင်မလီက ရှင်းပြလေသည်။

နျိုနျိုက ခေါင်းခါလျက် ပြောလိုက်၏။

“ကုမိသားစုက သမီးအဘွားကလည်း သမီးဖေဖေနဲ့ သိပ်မနီးစပ်ဘူးလို့ ထင်ရပေမဲ့... သူက သမီးဖေဖေကို အချစ်ဆုံးပဲလေ... ဖေဖေက အဘိုးအဘွားတွေရဲ့ ဂုဏ်ယူစရာပဲလေ...”

“အဘွား အမုန်းဆုံး သားကတော့ ဦးလေးကြီး ပေါ့... အဘွားက ဦးလေးကြီး အရက်သောက်တာကို အမြင်ကပ်ဆုံးပဲလေ... ဦးလေးကြီးရဲ့ သူငယ်ချင်းတွေကိုလည်း မနှစ်သက်ပါဘူး... ဒါပေမဲ့ အဲ့ဒီ သူငယ်ချင်းတွေ အိမ်ကို လာတဲ့အချိန်တိုင်း... အဘွားက ဦးလေးကြီးကို တစ်ခါမှ မျက်နှာပျက်အောင် မလုပ်ခဲ့ဘူးလေ...”

“ဘာလို့လဲဆိုတော့... သူငယ်ချင်းတွေရှေ့မှာ သားဖြစ်သူရဲ့ သိက္ခာကို မကျစေချင်လို့ပေါ့...”

“အဘွားစွန်းက သမီးအပေါ် မကောင်းတာတွေ ပြောနေတာဟာ... တကယ်တော့ အဖေစွန်း ကို မျက်နှာပျက်အောင် လုပ်နေတာပဲလေ...”

“သူ အဖေစွန်း ကို တကယ်ပဲ မချစ်တာပါလားနော်...”

ကလေးငယ် တစ်ဦးသည် မိမိ ယုံကြည်ရသောသူနှင့် တွေ့သောအခါတွင်မူ သူမ သိသမျှ အရာအားလုံးကို ဝါးလုံးခေါင်းထဲ လေသံသွင်းသကဲ့သို့ တရစပ် ပြောဆိုလေတော့သည်။ သခင်မလီသည် ထိုစကားများကို နားထောင်ပြီးနောက် ရင်ထဲတွင် မခံစားနိုင်ဘဲ မျက်ရည်များပင် ကျလာရ၏။

ခင်ပွန်းဖြစ်သူမှာ ယောကျ်ားတစ်ဦးဖြစ်ပြီး စောစောစီးစီးပင် စာမေးပွဲ အောင်မြင်ခဲ့သူ ဖြစ်ပေသည်။ အဘွားအိုက ဘက်လိုက်တတ်သည် ဆိုသော်လည်း အနာဂတ်ရှိသော ဤသားအား အမှီပြုနေရသဖြင့် သူမ၏ သားအား မျက်နှာပျက်အောင် မလုပ်ခဲ့ချေ။

သို့သော်လည်း သူမမှာမူ ချွေးမတစ်ဦး ဖြစ်ပြီး အိမ်ထဲတွင်သာ နေ့စဉ် နေထိုင်ရသူ ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်များစွာအတွင်း သားသမီး မရရှိသေးမီက သူမသည် ယောက္ခမထံမှ နှိပ်စက်မှုပေါင်း များစွာကို ခံစားခဲ့ရသည် မဟုတ်ပါလား။ သူမသည် သားသမီး မရခြင်းမှာ သူမ၏ အမှားဟုသာ အမြဲ ထင်မှတ်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ ခင်ပွန်းဖြစ်သူကြောင့်လည်း ပါဝင်နေလိမ့်မည်ဟု သူမ သိလိုက်ရလေပြီ။

နျိုနျိုသည် သခင်မလီ၏ ခံစားချက်ကို ရိပ်မိလိုက်သဖြင့် သူမ၏ ကိုယ်လုံးလေးဖြင့် သခင်မလီအား ဖက်ကာ နှစ်သိမ့်လိုက်၏။

“မွေးစားမေမေ... ရင်ထဲမှာ နေလို့မကောင်းလို့လားဟင်...”

သခင်မလီ၏ မျက်ရည်များမှာ တဖြည်းဖြည်း ကျဆင်းလာပြီး နျိုနျို၏ လက်ဖဖိုးပေါ်သို့ ကျရောက်သွားလေသည်။ နျိုနျိုသည် သူမ၏ လက်ကိုင်ပုဝါကို အမြန်ထုတ်ကာ ညင်သာစွာ သုတ်ပေးလိုက်လေသည်။

“မငိုပါနဲ့တော့နော်... မွေးစားမေမေ က အကောင်းဆုံးပဲလေ...”

နျိုနျိုလေးက ကလေးသံလေးဖြင့် နှစ်သိမ့်ပေးနေမိသည်။

အိမ်ထဲရှိ စွန်းကျားရှင်းမှာမူ မျက်နှာပျက်ပျက်နှင့် အကျိုးအကြောင်းမရှိသော အဘွားအိုအား ပြောလိုက်၏။

“နျိုနျိုလေးက အရမ်း လိမ္မာတာလေ... အခုလို ပြဿနာ ရှာခံရတာတောင်မှ... မေမေ့ကို အသက်ရှည်ပါစေလို့ ဆုတောင်းပေးနေသေးတာကို...”

သခင်မစွန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

“သူ ပြောတာတွေက အမှန်လား၊ အမှားလား ဘယ်သူ သိမှာလဲ...”

“သူက အသက် ခြောက်နှစ်ပဲ ရှိသေးတာလေ... ဘယ်လိုလုပ်ပြီး လိမ်မှာလဲဟင်...”

သခင်မစွန်းကမူ သားဖြစ်သူအား ဆက်လက်၍ ရန်တွေ့နေဆဲ ပင်။

“ငါကတော့ ဒီကလေးကို မနှစ်သက်ဘူး... မြင်ရတာကိုက စိတ်အနှောင့်အယှက် ဖြစ်လွန်းလို့လေ... ငါနဲ့ ကံမပါလို့ နေမှာပေါ့... ဒီမွေးစားသမီးကို ဆက်ပြီး လက်မခံပါနဲ့တော့... ကွမ်လင်းပြည်နယ်က အိမ်ကိုလည်း ပြန်တောင်းလိုက်တော့နော်...”

စွန်းကျားရှင်းသည် အဓိက အချက်ကို ရုတ်တရက် သတိပြုမိလိုက်ပြီး အေးစက်စွာ မေးလိုက်၏။

“အဲ့ဒီအိမ်ကို ဘယ်သူ့အတွက် ပြန်တောင်းခိုင်းတာလဲဟင်...”

သခင်မစွန်းက ပြောလိုက်သည်။

“ဘယ်သူ့အတွက် ဖြစ်ရမှာလဲ... နင့်အဖေ အိမ်ခွဲတုန်းက ဒုတိယညီနဲ့ တတိယညီ တို့ကို ပစ္စည်းတွေ နည်းနည်းပဲ ခွဲပေးခဲ့တာလေ... သူတို့မှာလည်း ကောင်းစားမယ့် လမ်းစ မရှိတော့... နင်ကပဲ ပိုပြီး ထောက်ပံ့ပေးရမှာပေါ့...”

စွန်းကျားရှင်းက တည်ငြိမ်စွာ ကြည့်ပြီး မေးလိုက်ပြန်၏။

“ဒါဆို မေမေက ကျွန်တော့်ရဲ့ တူတွေအတွက် အိမ်ကို ပေးစေချင်တာပေါ့လေ...”

သခင်မစွန်း၏ မျက်လုံးများ အရောင်တောက်သွားသော်လည်း သူမ၏ ရင်ထဲတွင်မူ မြေးနှင့် မြေးမ တို့အပေါ် ထားရှိသော အလေးထားမှုမှာ မတူညီလှပေ။

“မိန်းကလေး တစ်ယောက်အတွက် အဲ့ဒီလောက်ကြီးမားတဲ့ လက်ဆောင်က ဘာလုပ်ဖို့လဲဟင်... သူတို့က နောက်ကျရင် အိမ်ထောင်ကျသွားမှာပဲလေ... အဲ့ဒီအိမ်ကို နင့်တူတွေကို ပေးလိုက်ရင်ပေါ့... သူတို့လည်း အိမ်ထောင်ပြုဖို့၊ သားသမီး ရဖို့အတွက် ပိုက်ဆံတွေ အများကြီး လိုနေတာလေ...”

သခင်မစွန်း၏ စကားများကို နားထောင်ပြီးနောက် စွန်းကျားရှင်းက မေးလိုက်၏။

“မေမေ... ကျွန်တော့်နာမည်နဲ့ ရှိသမျှ အိမ်တွေ၊ လယ်တွေကိုပါ သူတို့အတွက် ပေးလိုက်ရမလားဟင်...”

All Chapters