← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၁၉၁) - တာဟဲစိတ္တဇ နေ့စွဲများ

တာဟဲစျေးမြို့တော်၏ ပဋိပက္ခနှင့် မငြိမ်မသက်ဖြစ်မှုများသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖန်ရင်ရှုံ ပြန်လည်ရောက်ရှိလာချိန်မှစ၍ အစပြုခဲ့ခြင်းဖြစ်သည်။

မြို့စောင့်လက်နက်ကိုင်တပ်ဖွဲ့၏ လက်ရှောင်နေမှုနှင့် စိန်ခေါ် ပြိုင်ပွဲများ ကျင်းပလေ့ရှိသည့် အဆုံးအဖြတ်စင်မြင့်ကို ပိတ်သိမ်းလိုက်ခြင်းတို့က လောင်နေသောမီးကို လောင်စာဖြည့်ပေးလိုက်သကဲ့သို့ ရှိခဲ့သည်။

ရွှေအမြုတေဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိခြင်းနှင့် အရှေ့ပိုင်းလွင်ပြင်ထဲရှိ သွေးချောင်းစီးတိုက်ပွဲများက အခြေအနေကို အဆုံးစွန်သို့ တွန်းပို့ခဲ့သည်။

လွန်ခဲ့သော ရက်အနည်းခန့်က တာကျန်းဂိုဏ်း၊ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ် နှင့် ရွှမ်ယီအဖွဲ့တို့ ပူးပေါင်းကာ ဖိုရှန်းဂိုဏ်းအား တစ်ချက်တည်းဖြင့် အမြစ်ပြတ်သုတ်သင်လိုက်ချိန်တွင်မူ ထိုရုန်းရင်းဆန်ခတ်မှုကြီးမှာ အမြင့်ဆုံးအဆင့်သို့ ဆိုက်ရောက်သွားတော့သည်။

ကျင့်ကြံသူ ထောင်ပေါင်းများစွာ ပါဝင်သော ထိုစစ်ပွဲကြီးသည် တာဟဲဈေးမြို့တော်အင်အားစု၏ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကို ဝါးမြိုသွားခဲ့ပြီး လူအများ၏ အေးချမ်းသာယာမှုကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့သည်။

အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိပြီးနောက်တွင်မူ မငြိမ်မသက်မှုများသည် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ကာ အကြီးစားတိုက်ပွဲများမှာ အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

လတ်တလောတွင် တာဟဲဈေးမြို့တော်၏ အဓိကအကြောင်းအရာမှာ အင်အားကြီးအဖွဲ့သုံးဖွဲ့က ဖိုရှန်းဂိုဏ်း၏ အကြွင်းအကျန် အာဏာစက်များကို ခွဲဝေယူကြခြင်းပင် ဖြစ်သည်။

သို့သော်လည်း ထိုအဖွဲ့သုံးဖွဲ့၏ ဆက်ဆံရေးမှာ ဖိုရှန်းဂိုဏ်းကို တိုက်ခိုက်စဉ်ကကဲ့သို့ ညီညွတ်မှုမရှိတော့ဘဲ နက်ရှိုင်းလှသော ပဋိပက္ခများသည် ကြီးမားလှသော အကျိုးအမြတ်များရှေ့တွင် ဗူးပေါ်သလို ပေါ်လာတော့သည်။

တာကျန်းဂိုဏ်းသည် တောင်ပေါ်အခြေစိုက်အင်အားစုများကို တစ်ကြိမ်တည်းဖြင့် သိမ်းပိုက်ကာ မြစ်ကြောင်းကုန်သွယ်ရေးမှတစ်ဆင့် ကုန်းကြောင်းစီးပွားရေးသို့ပါ နယ်ချဲ့ရန် ကြိုးပမ်းနေသော်လည်း၊ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်မှာမူ သူတစ်ပါးကို အားကိုးရန် အစီအစဉ်မရှိချေ။

လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်သည် ချီသန့်စင်အဆင့် ကျင့်ကြံသူ အမြောက်အမြားကို စေလွှတ်ကာ ကြားဖြတ်ဝင်ရောက်လာသောကြောင့် အဖွဲ့နှစ်ဖွဲ့ကြားတွင် မသိမသာ ပွတ်တိုက်မှုများ စတင်လာခဲ့သည်။

တစ်ချိန်က အာဏာစက် ပြင်း၍ အခန့်ညားဆုံးဖြစ်ခဲ့သော ရွှမ်ယီအဖွဲ့ မှာမူ မိမိတို့၏ ညီညွတ်မှုမှာ အပေါ်ယံမျှသာဖြစ်ကြောင်း သက်သေပြလိုက်သည်။ ရွှမ်ယီအဖွဲ့ကို ဖွဲ့စည်းထားသော အခြေခံတည်ဆောက်ခြင်းအဆင့် မျ်ိုးနွယ်စု ငါးစုသည် ဖိုရှန်းဂိုဏ်း၏ ပိုင်ဆိုင်မှုများကို ခွဲဝေရာတွင် အတွင်းရေးပဋိပက္ခများ အကြိမ်ကြိမ် အရှိန်မြင့်တက်လာခဲ့သည်။

ဥပမာအားဖြင့် ဒေသခံ လီမျိုးနွယ်စုနှင့် အသစ်ရောက်လာသော နန်ကုန်းမျိုးနွယ်စု နှစ်ဖက်လုံးသည် ဝိညာဉ်သားရဲ မွေးမြူခြင်းလုပ်ငန်းတွင် အကျိုးစီးပွားချင်း တိုက်ဆိုင်နေကြသည်။

တစ်ဖက်က သယ်ယူပို့ဆောင်ရေးအတွက် နဂါးမြင်းအဓိကမွေးမြူပြီး၊ အခြားတစ်ဖက်ကမူ ဖူကျူးသမင် နှင့် နွားဝါ များကို ဝိညာဉ်သားရဲများအဖြစ် မွေးမြူကြခြင်းဖြစ်သည်။

နှစ်ဖက်လုံးက ဖိုရှန်းဂိုဏ်းရှိ သားရဲခန်းမဆောင်၏ ပိုင်ဆိုင်မှုများများကို မက်မောကြသဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ရသည်။

မျိုးဆက်သစ်လူငယ်များဖြစ်ကြသော လီအောက် နှင့် နန်ကုန်းချင်တို့ ဦးဆောင်ကာ နှစ်ဦးနှစ်ဖက် ထိပ်တိုက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

နန်ကုန်းမျိုးနွယ်စုက အင်အားပိုသာသော်လည်း၊ နန်ကုန်းချင်သည် ချင်လျန်ချန်းနှင့် တိုက်ခိုက်စဉ်က ဒဏ်ရာရရှိခဲ့သဖြင့် ပြိုင်ဘက် လီအောက်ကို ရင်ဆိုင်ရာတွင် ယခင်ကဲ့သို့ အသာမစီးမရတော့ဘဲ နောက်ဆုံးတွင် အပေးအယူလုပ်ကာ စေ့စပ်ညှိနှိုင်းလိုက်ရတော့သည်။

လက်နက်ကိရိယာ သွန်းလုပ်ခြင်းတွင် နာမည်ကျော်ကြားသော တွမ်မျိုးနွယ်စုမှာမူ ဖိုရှန်းဂိုဏ်း၏ သတ္တုတူးဖော်ရေးအဖွဲ့ကို အပြည့်အဝ ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။ ထိုအထဲတွင် အဆင့်နိမ့် သတ္တုကြောအချို့ ပိုင်ဆိုင်မှုလည်း ပါဝင်နေသည်။ ထိုသတ္တုကြောများ ရရှိပါက တွမ်မျိုးနွယ်စုသည် သွန်းလုပ်ခြင်းအတတ်ပညာပိုင်းတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားမည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိချေ။

သို့သော် ပြဿနာတစ်ခုရှိနေသည်မှာ သတ္တုရောင်းဝယ်ရေးကို မျက်စိကျနေသူများမှာ များပြားလွန်းလှပြီး ဂိုဏ်းကြီးများပင် ပါဝင်နေခြင်းဖြစ်သည်။ အိုက်လောင်တောင်ဂိုဏ်း၏ ကျောထောက်နောက်ခံရှိသော နတ်သက်ကြွေအိမ်ရာ နှင့် ပျံလွှားဂိုဏ်း၏ ပံ့ပိုးမှုရှိသော ရတနာနန်းဆောင် တို့သည် တွမ်မျိုးနွယ်စုနှင့် စတင်ညှိနှိုင်းနေကြပြီ ဖြစ်သည်။

ဒေသခံကျင့်ကြံသူမျိုးနွယ်စုဖြစ်သည့် တွမ်မျိုးနွယ်စုအနေဖြင့် ပြတ်သားစွာ ရပ်တည်သင့်သော်လည်း သူတို့၏ မျိုးနွယ်စုဘိုးဘေးကြီး တွမ်ချန်းခွန်မှာ သက်တမ်းကုန်ဆုံးခါနီးဖြစ်နေသဖြင့် မျိုးနွယ်စု၏ အခြေခံမှာ လှုပ်ခါနေရရှာသည်။

တစ်ချိန်တည်းမှာပင် ရွှမ်ယီအဖွဲ့ဝင် ကျန်မျိုးနွယ်စုနှစ်စုဖြစ်သော ဖူမျိုးနွယ်စု နှင့် ချန်မျိုးနွယ်စု တို့မှာမူ ပို၍ အနေရခက်သော အခြေအနေသို့ ဆိုက်ရောက်နေကြသည်။

အမည်ခံအားဖြင့် အခြေခံတည်ဆောက်ခြင်းမျိုးနွယ်စုများ ဖြစ်ကြသော်လည်း မျိုးနွယ်စုအတွင်းတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမျှ မရှိဘဲ အခြေခံတည်ဆေးလုံးကို ဝယ်ယူနိုင်စွမ်းရှိရုံမျှသာ တတ်နိုင်ကြရှာသည်။ သူတို့၏ တောင်းဆိုမှုမှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း ရလာသော ဝေစုကိုမူ လိုချင်ကြသေးသည်။

ရွှမ်ယီအဖွဲ့အတွင်း စိတ်ဝမ်းကွဲပြားနေချိန်တွင် တခြားသော ဒေသခံ တစ်ကိုယ်တော်ကျင့်ကြံသူ အဖွဲ့အစည်းများမှာလည်း ထိုဝေစုထဲမှ တစ်စိတ်တစ်ပိုင်းကို လုယူရန် ချောင်းမြောင်းနေကြသည်။

ဖိုရှန်းဂိုဏ်း မားမားမတ်မတ် ရှိနေစဉ်က ထိုအဖွဲ့အစည်းလေးများကို လူအများက လျစ်လျူရှုထားခဲ့မိသည်ဟု ဆိုရမည်။

အချို့က ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူ သုံးငါးယောက်ဖြင့် စုဖွဲ့ထားကြပြီး၊ အချို့ကမူ အဆင့်မြင့်ကျင့်ကြံသူများကို စုစည်းထားကြသည်။ မည်သို့ပင်ဖြစ်စေ ထိုသူများမှာ လွယ်လွယ်နှင့် ရန်စ၍ရမည့်သူများ မဟုတ်ကြချေ။

....

ထိုကဲ့သို့ တင်းမာနေသော အခြေအနေများကြားတွင် လော့ထျန်းအဖွဲ့ ဟုခေါ်သော အဖွဲ့သစ်တစ်ခုသည် လူအများ၏ မျက်စိရှေ့မှောက်သို့ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။

ခိုင်လုံသော သတင်းများအရ လော့ထျန်းအဖွဲ့သည် ဗြုန်းစားကြီး ပေါ်လာခြင်းမဟုတ်ဘဲ၊ ဖိုရှန်းဂိုဏ်းဟောင်းမှ အသက်ရှင်ကျန်ရစ်သူများဖြင့် ဖွဲ့စည်းထားသော တစ်ကိုယ်တော်ကျင့်ကြံသူ မဟာမိတ်အဖွဲ့တစ်ခု ဖြစ်သည်။

ထိုအဖွဲ့၏ အကြီးအကဲဖြစ်သူ တန်ချန်ဇီသည် ဖိုရှန်းဂိုဏ်း ဆေးဖော်ဆောင်၏ ခန်းမခေါင်းဆောင် ဖြစ်ခဲ့ဖူးသူဖြစ်သည်။ ထို့ပြင် ကွယ်လွန်သွားပြီဖြစ်သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မီရှုဟွာ၏ မြေးမလေးသည်လည်း ထိုအဖွဲ့တွင် ပါဝင်နေသည်။ ထို့ကြောင့် ဦးဆောင်မှုပိုင်းအရဖြစ်စေ၊ သွေးသားပတ်သက်မှုအရဖြစ်စေ လော့ထျန်းအဖွဲ့သည် ဖိုရှန်းဂိုဏ်း၏ အမွေခံအဖြစ် တရားဝင်မှု အပြည့်အဝရှိနေသည်ဟု ဆိုနိုင်ပေသည်။

ပေါ်ထွက်လာပြီးနောက် လော့ထျန်းအဖွဲ့သည် မည်သည့် အထောက်အပံ့ကောင်းလုပွဲတွင်မျှ ပါဝင်ခြင်းမရှိဘဲ၊ ဖိုရှန်းဂိုဏ်းဝင်ဟောင်းများကို ပြန်လည်စုစည်းရန်နှင့် တခြားသော တစ်ကိုယ်တော်ကျင့်ကြံသူများကိုပါ ဖိတ်ခေါ်ရန်အတွက်သာ လုပ်ဆောင်ခဲ့သည်။

ပေးအပ်မည့် အကျိုးခံစားခွင့်များမှာမူ အခြားအဖွဲ့များနှင့် ကွဲပြားနေသည်။ လော့ထျန်းအဖွဲ့သို့ ဝင်ရောက်သူတိုင်းသည် ပုံမှန်ခံစားခွင့်များအပြင်၊ အဆင့်မြင့် ချီသန့်စင် ကျင့်ကြံသူဆိုပါက တန်ချန်ဇီ ကိုယ်တိုင် ဖော်စပ်ထားသော ဆေးလုံးတစ်ပုလင်းကို လစဉ် ရရှိမည်ဟု ဆိုကြသည်။

နောက်ဆုံးအချက်မှာ အလွန်ပင် ဆွဲဆောင်မှုရှိကြောင်း ဝန်ခံရပေမည်။

တန်ချန်ဇီ၏ ကျောက်စိမ်းအမြုတေဆေးလုံးများသည် အဆင့်နိမ့်၊ အလယ်အလတ်အဆင့် ကျင့်ကြံသူများအတွက်သာ အကျိုးရှိပြီး အဆင့်မြင့်ကျင့်ကြံသူများအတွက် အသုံးမဝင်လှသော်လည်း ဝယ်လိုအားများလှပေသည်။

ထိုဆေးလုံးတစ်ပုလင်းကို ရောင်းချပါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးငါးဆယ်ခန့် အလွယ်တကူ ရရှိနိုင်သည်။ ထို့ပြင် ထိုဆေးဖော်ဆရာကြီးသည် နောက်ပိုင်းတွင် အဆင့်မြင့်ကျင့်ကြံသူများအတွက် အသုံးဝင်မည့် ဆေးလုံးများကို ဖော်စပ်ပေးနိုင်မည်မဟုတ်ဟု မည်သူက အတတ်ပြောနိုင်ပါမည်နည်း။

ခဏချင်းမှာပင် တစ်ကိုယ်တော်ကျင့်ကြံသူအများအပြားမှာ စိတ်လှုပ်ရှားလာကြတော့သည်။ သို့သော်လည်း စိတ်လှုပ်ရှားရုံမျှသာရှိသေးပြီး လူတိုင်းက အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်သည်။

ဖိုရှန်းဂိုဏ်းကို အင်အားကြီးအဖွဲ့သုံးဖွဲ့က ချေမှုန်းလိုက်ပြီဖြစ်ရာ၊ ထိုအဖွဲ့၏ အဆက်အနွယ်ဖြစ်ကြောင်း ကြွေးကြော်နေသော အဖွဲ့ငယ်လေးတစ်ခု ပေါ်ထွက်လာသည်ကို အင်အားကြီးအဖွဲ့သုံးဖွဲ့က ခွင့်ပြုပါ့မည်လားဟုလဲ စူးစမ်းနေကြသည်။

အထူးသဖြင့် ထိုအဖွဲ့သစ်နောက်ကွယ်တွင် မည်သည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမှ ကျောထောက်နောက်ခံ မရှိချေ။ တစ်နည်းအားဖြင့် အခြားသော တစ်ကိုယ်တော်ကျင့်ကြံသူအဖွဲ့ငယ်လေးများနှင့် ဘာမျှမခြားနားချေ။

လူအများက အင်အားကြီးအဖွဲ့သုံးဖွဲ့၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြသည်။ အကယ်၍ ထိုအဖွဲ့ကြီးများက အရေးယူလိုက်ပါက လော့ထျန်းအဖွဲ့သည် တာဟဲဈေးမြို့တော်အတွင်းရှိ အခြားသော အဖွဲ့ငယ်လေးများကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပေလိမ့်မည်။

အခြားသူများ မည်သို့ပင်တွေးစေကာမူ လော့ထျန်းအဖွဲ့၏ ခေါင်းဆောင်ပိုင်းကမူ ဂရုမစိုက်ချေ။ သူတို့ လုပ်ငန်းများကို စတင်နေပြီဖြစ်သည်။ လခြမ်းတောင်ကြားကို အခြေစိုက်စခန်းအဖြစ် သတ်မှတ်ကာ ခံစစ်အဆောက်အအုံများကို တိုးချဲ့တည်ဆောက်နေသည်။ ထိုတာဝန်ကို တိုက်ပွဲခန်းမဆောင်၏ ခေါင်းဆောင်ဖြစ်သူ တွမ်ဖုန်းက ကြီးကြပ်ကွပ်ကဲနေသည်။

ဒုတိယအဖွဲ့ခေါင်းဆောင် အဘွားယွမ်လည်း အလုပ်များနေရှာသည်။ သူမ၏ လမ်းညွှန်မှုအောက်တွင် လခြမ်းတောင်ကြား အလယ်ပိုင်းရှိ ဝိညာဉ်စိုက်ခင်းများကို ပြန်လည်ပြုပြင်နေပြီး၊ ဆေးဘက်ဝင်အပင်များကို ပြင်ပမှ ဝယ်ယူမှုများလည်း စတင်နေပြီဖြစ်သည်။

ထို့ပြင် တောင်ပေါ်သို့တက်ကာ ရှားပါးဆေးပင်များကို ရှာဖွေရန်အတွက် အထူးပြုစုထားသော ဆေးပင်ရှာဖွေရေးအဖွဲ့ငယ်လေးကိုလည်း ဖွဲ့စည်းရန် စီစဉ်နေသည်။

ယခင် ဆေးဖော်ဆောင်နှင့် ဆေးဝါးဆောင်မှ ကျင့်ကြံသူအချို့ကို ရွေးချယ်ကာ တာဝန်များကို ပြန်လည်ထမ်းဆောင်စေသည်။ ကူချိုင်ယီနှင့် ချီဟန်ချန်းတို့၏ လမ်းညွှန်မှုအောက်တွင် ထိုသူများအား ဆေးပင်သန့်စင်ခြင်းအတတ်နှင့် ဆေးဖော်စပ်ရာတွင် အသုံးပြုသော မီးထိန်းချုပ်ခြင်းအတတ်ပညာများကို ပြန်လည်လေ့ကျင့်ပေးနေကြသည်။

ထိုအရာများအပြင် အရေးကြီးဆုံး တာဝန်မှာ လူသစ်စုဆောင်းခြင်းပင် ဖြစ်သည်။ ဤတာဝန်ကိုမူ မုရုံချင်းလျန် ဦးဆောင်သော ကုသိုလ်တော်ခန်းမဆောင််မှ ဆောင်ရွက်နေဆဲ ဖြစ်သည်။

....

“လန်မူ.... မင်းက စစ်သည်တော်ဟောင်းဆိုတော့ လော့ထျန်းအဖွဲ့ထဲကို ဝင်ချင်တာ သေချာလား”

ကျင့်ကြံသူတစ်ဦးက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

“ပြီးတော့ လော့ထျန်းအဖွဲ့က ပေးမယ့် ခံစားခွင့်တွေအကြောင်း ပြောနေတာတွေက တကယ်ပဲလား ”

မုရုံချင်းလျန်က ခပ်ပါးပါးလေး ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။

“တကယ်ပေါ့.... အဲ့ဒါက အဖွဲ့ချုပ်ခေါင်းဆောင် ကိုယ်တိုင် ထည့်သွင်းပေးထားတဲ့ အချက်ပဲလေ”

ထိုစကားကို ကြားလိုက်ရသောအခါ လန်မူ မပြုံးဘဲ မနေနိုင်တော့ချေ။

“ဒါဆိုရင်တော့ ကျွန်တော် သေချာပေါက် ဝင်မှာပေါ့ ခေါင်းဆောင်ရာ.... ခင်ဗျား မသိပါဘူး၊ ဖိုရှန်းဂိုဏ်း ပြိုကွဲသွားကတည်းက ကျွန်တော်ဟာ အိမ်ခြေမဲ့ခွေးတစ်ကောင်လို အပြင်မှာ လွင့်ပါးနေခဲ့ရတာ၊ အရင်က ကျွန်တော့်ကို ရိုသေခဲ့တဲ့ အဖွဲ့ငယ်လေးတွေက အခုဆို မြင်တာနဲ့တင် ဆဲဆိုနေကြပြီ၊ လမ်းပေါ်ထွက်ရင်တောင် လုယက်ခံရမှာကို ကြောက်နေရတာ အခုတော့ ကျွန်တော့်အတွက် နားခိုစရာ နေရာတစ်ခု ပြန်တွေ့ပြီပေါ့ ဟားဟား....”

လန်မူ၏ ရင်ဖွင့်သံများကို နားထောင်ပေးရင်း မုရုံချင်းလျန် သူ၏ အမည်ကို စာရင်းထဲတွင် မှတ်သားလိုက်သည်။ ထို့နောက် သူ၏ အရည်အချင်းများကို မေးမြန်းကာ သင့်တော်သော ရာထူးနေရာကို သတ်မှတ်ပေးလိုက်သည်။

အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီဖြစ်သော ကူချိုင်ယီသည် မုရုံချင်းလျန်အနားသို့ ချဉ်းကပ်လာသည်။ မုရုံချင်းလျန်၏ ညှိုးငယ်နေသော မျက်နှာကို သူမ သတိပြုမိသွားသည်။

“အစ်မ မုရုံ.... ဘာဖြစ်လို့လဲ၊ လူသစ်စုဆောင်းတာ အဆင်မပြေလို့လား”

မုရုံချင်းလျန် စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။

“ဘယ်လိုလုပ် အဆင်ပြေမှာလဲ၊ နှစ်ရက်ရှိပြီ.... အရင် ဖိုရှန်းဂိုဏ်းသားဟောင်း တစ်ဆယ်ကျော်လောက်ပဲ ပြန်လာသေးတယ်၊ ခက်တာက အဲ့ဒီလူတွေကလည်း အလယ်အလတ်အဆင့် ကျင့်ကြံသူတွေ များနေတာ”

ထို အားငယ်စရာစကားကို ကြားလိုက်ရသောအခါ ကူချိုင်ယီလည်း သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ လတ်တလောတွင် လော့ထျန်းအဖွဲ့သည် အပျက်အစီးများကြားမှ ပြန်လည်စတင်နေရခြင်း ဖြစ်သည်။

အင်အားကြီးအဖွဲ့သုံးဖွဲ့၏ ခြိမ်းခြောက်မှုအောက်တွင် ဖိုရှန်းဂိုဏ်းသားဟောင်း အများအပြားမှာ ပြန်လာရန် ကြောက်ရွံ့နေကြရှာသည်။ ထိုစဉ်က ဖိုရှန်းဂိုဏ်းသည် ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူ နှစ်ဆယ်ကျော်၊ အဆင့်မြင့်ကျင့်ကြံသူ ရာပေါင်းများစွာနှင့် အဆင့်နိမ့် ကျင့်ကြံသူ ထောင်ပေါင်းများစွာဖြင့် ခန့်ညားထည်ဝါခဲ့ဖူးသည်။

ဂိုဏ်းပြိုကွဲသွားသော်လည်း ကျင့်ကြံသူ အများအပြား အသက်ရှင်ကျန်ရစ်နေဦးမည်မှာ အသေအချာပင်။ သို့သော်လည်း ယခုအချိန်တွင်မူ လူအနည်းငယ်သာ ပြန်လာကြသည်။

ခါးသီးလှသော လက်တွေ့ဘဝမှာ အမှန်ပင် စိတ်ပျက်စရာ ကောင်းလှပေသည်။

ကူချိုင်ယီက မုရုံချင်းလျန်အား နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

“အစ်မ စိတ်မပူပါနဲ့နော်၊ လော့ချန်ကလည်း အေးအေးဆေးဆေးပဲ လုပ်ပါလို့ ပြောထားတာပဲ၊ သူက ပြန်လည်ထူထောင်ဖို့ တစ်လ အချိန်ပေးထားတာပဲလေ”

“ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲကွယ်”

ထိုသို့ပြောလိုက်ပြီးနောက် မုရုံချင်းလျန်က လခြမ်းတောင်ကြားအတွင်း အလုပ်ရှုပ်နေကြသည်များကို ဝေ့ကြည့်လိုက်သည်။

“တိုက်ပွဲခန်းမဆောင်နဲ့ ရွှေခန်းမဆောင်က အခုထိ နာလန်ထစပဲ ရှိသေးတာ၊ အင်အားကို အမြန်မချဲ့နိုင်ရင် လော့ထျန်းအဖွဲ့က ပုံမှန်အတိုင်း လည်ပတ်နိုင်မှာ မဟုတ်ဘူးလေ”

ပုံမှန်အတိုင်း မလည်ပတ်နိုင်ပါက မည်သို့ဖြစ်မည်ကို အမျိုးသမီးနှစ်ဦးလုံး သိကြသည်။ ဝိညာဉ်ကျောက်တုံးများ အလဟဿ ကုန်ဆုံးသွားမည် ဖြစ်သည်။

အမှန်စင်စစ် လော့ထျန်းအဖွဲ့၏ အစပျိုး ရန်ပုံငွေမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းမျှသာ ရှိသည်။ ထိုကျောက်တုံးများ ကုန်သွားပါက လော့ချန် သူ၏ ကိုယ်ပိုင်အိတ်ကပ်ထဲမှ စိုက်ထုတ်ရတော့မည် ဖြစ်သည်။

ကူချိုင်ယီက စဥ်းစားဟန်ဖြင့် နှုတ်ခမ်းကိုက်လိုက်ရင်း အားပေးလိုက်သည်။

“တကယ်လို့ လိုအပ်လာရင် လူသစ်ရှာပေးမယ်နော် စိတ်ဓာတ်မကျပါနဲ့ဦး”

“ဘယ်နေရာမှာ သွားရှာမှာလဲ”

မုရုံချင်းလျန်က လေသံပျော့ပျော့လေးဖြင့် ပြန်မေးလိုက်သည်။

ကူချိုင်ယီ ပြန်မဖြေနိုင်ခင်မှာပင် ကောင်းကင်ယံထက်မှ ရဲရင့်လှသော အမျိုးသားအသံတစ်သံ ဟိန်းထွက်လာတော့သည်။

“ဖိုရှန်းဂိုဏ်းရဲ့ တိုက်ပွဲခန်းမခေါင်းဆောင် ကျန်းဝမ်.... ပြန်လာပြီဟေ့....”

မုရုံချင်းလျန် ခဏမျှ ကြောင်သွားပြီးနောက် မော့ကြည့်လိုက်မိသည်။ ဝတ်ရုံဖြူကို ဆင်မြန်းထားသော အမျိုးသားတစ်ဦးသည် ရင်ကိုအုပ်၊ ဝမ်းကိုချပ်ကာ ခန့်ညားထည်ဝါစွာဖြင့် ကောင်းကင်ယံမှ ဆင်းသက်လာသည်။

သူသည် မသေမျိုးတစ်ဦး လူ့ပြည်သို့ ဆင်းသက်လာသကဲ့သို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် ဆင်းသက်လာခြင်း ဖြစ်သည်။ ရုပ်ရည်မှာလည်း မဆိုးလှဘဲ သြဇာပါရမီရှိလှသော အသံကြောင့် လခြမ်းတောင်ကြားရှိ ကျင့်ကြံသူများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

သို့သော်လည်း သူ့အကြောင်း နောကျေနေသော အမျိုးသမီးနှစ်ဦးမှာမူ ဆွံ့အစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

“ရှင် အခုထိ မသေသေးဘူးလား”

ဤမျှ ကြင်နာလှသော နှုတ်ဆက်သံကြောင့် ကျန်းဝမ်တစ်ယောက် ဆင်းသက်ပြီးကာစ ရှိသေးသော်လည်း ချက်ချင်းပင် ဟန်ချက်ပျက်ကာ ယိုင်သွားသည်။ ဟန်လုပ်၍ ချပ်ထားသော ဝမ်းဗိုက်မှာလည်း ပြန်လည် ဖောင်းကား ထွက်လာတော့သည်။

“အမလေး မုရုံရဲ့.... မင်း ငါ့ကို သေစေချင်နေတာလားဟယ်”

မုရုံချင်းလျန်က မျက်စောင်းထိုးလိုက်ရင်း ဆိုသည်။

“ရှင့်အကြောင်း မသိဘူး မမှတ်နဲ့၊ မနေ့က ထန်ချွမ် ပြောပြလို့ သိပြီးသား၊ ရှင် အဲ့ဒီညက ဘာမှမဖြစ်ခဲ့ဘူးဆိုတာ.... အရှက်မရှိ ထွက်ပြေးပြီးတာနဲ့ ထျန်းရှန်းမျှော်စင်မှာ သွားပုန်းနေတာ မဟုတ်လား၊ ရက်တွေ အတော်ကြာသွားပြီဆိုတော့ ရှိတာလေးတွေလည်း ပြောင်သွားပြီးမှ ပြန်လာတာမလား..”

ထိုစကားမှာ သွေးထွက်အောင် မှန်လှသဖြင့် ကျန်းဝမ်၏ မျက်နှာမှာ နီမြန်းသွားရသည်။

“မင်း ငါ့ကို ဒီလိုမျိုး ဘယ်လိုလုပ် စွပ်စွဲရက်တာလဲ၊ ငါ့မှာ ဝိညာဉ်ကျောက်တုံး နည်းနည်း ကျန်ပါသေးတယ်ဟ”

“မိတ်ဆွေကြီးကျန်း.... ထျန်းရှန်းမျှော်စင်မှာ ညအိပ်ညနေ နေဖို့ဆိုတာ စျေးမသက်သာဘူးနော်”

ကူချိုင်ယီက ပြောပြောဆိုဆို ပါးစပ်လေးကို အုပ်ကာ တခိခိ ရယ်မောလိုက်သည်။

“ကောင်းပါပြီဗျာ....” ဟု အလျှော့ပေးလိုက်ရသည့် လေသံဖြင့် ကျန်းဝမ် ပခုံးများကို လျှော့ချလိုက်သည်။ ထို့နောက်အားငယ်ဟန်ဖြင့် ဆိုသည်။

“လော့ချန်က လစာကောင်းကောင်းပေးတယ်လို့ ကြားလို့ ငါ ပြန်လာတာဟေ့.... အသက်ဆက်ဖို့ စားဝတ်နေရေးက ရှိသေးတယ်လေ၊ ကဲ ဘယ်လိုလဲ ရာထူးနေရာတွေ ကျန်သေးလား၊ ခံစားခွင့်ကောင်းတာမျိုးပေါ့.... တိုက်ပွဲခန်းမခေါင်းဆောင်နေရာ လွတ်နေတယ်လို့ ကြားတယ်၊ ငါက အတွေ့အကြုံ အများကြီးရှိတယ်နော်”

“တော်စမ်းပါရှင်.... စစ်မြေပြင်ကနေ ထွက်ပြေးတဲ့နေရာမှာ အတွေ့အကြုံရှိတာ မဟုတ်လား”

“သွားစမ်းပါ.... ဖယ်ဖယ်”

မုရုံချင်းလျန်က သူ့အား နှင်ထုတ်လိုက်သဖြင့် ကျန်းဝမ် ဘေးသို့ မချိုမချဥ်မျက်နှာ‌ပေးဖြင့် ကပ်ရပ်နေလိုက်ရတော့သည်။

....

“ဒီမှာ ပခုံးကို မတ်မတ်ထားစမ်းပါ.... ရှင်က ပထမဆုံး ပြန်လာတဲ့ ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူပဲ၊ စောစောက ဟန်ပန်ကို ပြန်ထုတ်စမ်း၊ လူတွေ အထင်ကြီးအောင်လို့၊ ဟေး.... နေစမ်းပါဦး.... ဘာလို့ ရှင့်ခြေထောက်တွေ တုန်နေတာလဲ....”

အမျိုးသမီးနှစ်ဦးသည် ကျင့်ကြံသူများကို သူတို့ အဖွဲ့ထဲသို့ဝင်ရန် ဆွယ်ရာ၌ ကျန်းဝမ်အား ဟန်ပြရှေ့ထုတ်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ချိန်က ပြိုင်ပွဲများ၌ နာမည်ကျော်ခဲ့သူ မဟုတ်ပါလော။ ဖိုရှန်းဂိုဏ်းအတွင်း၌ပင်မက တာဟဲဈေးမြို့တော်အတွင်း၌ပါ နာမည် ကျော်ကြားခဲ့ဖူးသည်။ သူ၏ ပြန်လာခြင်းသည် လော့ထျန်းအဖွဲ့အား ဝါရင့်ကျင့်ကြံသူကြီးများက အသိအမှတ်ပြုကြောင်း ပြသရန် ဖြစ်ပေသည်။

ကျန်းဝမ်သည်လည်း ထိုအချက်ကို နားလည်ပြီးသား ဖြစ်သည်။ သူသည် ရှက်ရွံ့ခြင်းမရှိဘဲ လူအများ မြင်သာအောင် နေလိုက်သည်။ တစ်ခါတစ်ရံတွင် မုရုံချင်းလျန်၊ ကူချိုင်ယီတို့နှင့် စကားစမြည် ပြောတတ်သေးသည်။

“လူတွေ ဘယ်လောက်များများ ပြန်ရောက်ကြပြီလဲ”

“ဒီမှာ‌ဟေ့.... ငါက စစ်မြေပြင်က ထွက်ပြေးတာ မဟုတ်ပါဘူးနော်၊ မင်းတို့ မသိပါဘူး၊ ငါက အရက်ကို သောက်ရင်း၊ နတ်ပဲစေ့တွေကို စားပြီး အမျိုးသမီးကျင့်ကြံသူတစ်ယောက်နဲ့ မဟာတာအိုလမ်းစဉ်အကြောင်း ဆွေးနွေးနေတာ၊ အဲ့ဒီမှာတင် ချီသန့်စင် အဆင့် ၉ သောက်ပိန်းတစ်သိုက်က ဗြုန်းစားကြီး ဝင်တိုက်တာလေ၊ ငါ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ စဥ်းစားကြည့်ဦးလေ”

“သနားစရာကောင်းတဲ့ အဘိုးကြီးထျယ်.... သူ အဆင့် ၉ ကို တက်ခါစရှိသေးတယ်၊ အဲ့ဒီလူတွေက သူ့ကို အသေသတ်လိုက်ကြတာ၊ ယန်ဝေလည်း ကံဆိုးတာပဲ.... သူက အရှေ့ပိုင်းလွင်ပြင်မှာ ဒဏ်ရာရလာတာ၊ အနာတောင် မကျက်သေးဘူး၊ သူ့အဖွဲ့တစ်ဖွဲ့လုံး အသတ်ခံလိုက်ရတယ်”

“ဝမ်ယွမ်ကတော့ အဆိုးဆုံး ခံရတာပဲလို့ ကြားတယ်၊ အဲ့ဒီ ဓားကျိုး ရွှီရန်ခယ်က မသေသေးဘူးဗျ၊ သူက ထိပ်တန်းကျင့်ကြံသူ နှစ်ယောက်နဲ့ ပူးပေါင်းပြီး ဝမ်ယွမ်ကို ချုံခိုတိုက်ခိုက်တာ၊ အဲ့ဒီတိုက်ပွဲမှာ ရတနာအကျိုးအပဲ့တွေ၊ အဆင့်မြင့် မှော်လက်နက်တွေနဲ့ သွေးမိစ္ဆာ အမွေခံရတနာ တွေတောင် ပါတယ်လို့ ပြောကြတယ်၊ ချင်ကျန်းလမ်းမကြီးနဲ့ ဆိပ်ခံတံတားတစ်ခုလုံး ပြာကျသွားတာပဲ၊ ဝမ်ယွမ် အခုထိ အသက်ရှင်လား သေလားလဲ ဘယ်သူမှ ရေရေရာရာမသိဘူး....”

“အဲ့ဒီ ဓားကျိုး ရွှီရန်ခယ်.... သူ သေသွားတာပဲ ကောင်းပါတယ်၊ ငါနဲ့သာ တွေ့လို့ကတော့ သူ့အရေခွံကို နွှာပစ်မယ်”

ရွှီရန်ခယ်၏ အမည်ကို ကြားလိုက်ရသည်နှင့် လူတိုင်း မျက်နှာပျက်သွားရသည်။ ထိုသူသည် တစ်ချိန်က ပြိုင်ပွဲဝင်ရင်းနှင့် သေဆုံးသွားပြီဟု ယူဆခဲ့ကြသော်လည်း သူသည် သေဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှသာမက ဖိုရှန်းဂိုဏ်းကိုပင် ပြန်လည်တိုက်ခိုက်ခဲ့သေးသည်။

“ဒါနဲ့.... အဘိုးကြီးချင် ဘယ်မှာလဲ” ဟု ကျန်းဝမ် သတိထားကာ မေးလိုက်သည်။

“နန်ကုန်းမျိုးနွယ်စုက သူ့ကို သတ်ဖို့ အမိန့်ထုတ်ထားတယ်လို့ ကြားတယ်၊ ဒါပေမဲ့ ဗြုန်းစားကြီး ပြန်ရုပ်သိမ်းသွားတယ်ဆိုပဲ၊ ဘာဖြစ်လို့လဲ.... သူ ဘာတွေ လုပ်ခဲ့လို့လဲ”

စိမ်းလဲ့မှော်ရုံတော တိုက်ပွဲတွင် ချင်လျန်ချန်းသည် ကျောက်စိမ်းအိုးဓားနန်းဆောင်မှ သူ့အား ပေးအပ်ထားသော သေစေနိုင်သည့် နည်းဗျူဟာတစ်ခုကို အသုံးပြုခဲ့သည်။ သူသည် နန်ကုန်းမျိုးနွယ်စု ကျင့်ကြံသူ ဆယ်ဦးကို နေရာတင် သတ်ဖြတ်ခဲ့သဖြင့် နန်ကုန်းဘက်မှ အထိနာခဲ့ရသည်။

တာဟဲဈေးမြို့တော်၏ မျိုးဆက်သစ် ပါရမီရှင်တစ်ဦးဖြစ်သော နန်ကုန်းချင် ပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် နန်ကုန်းမျိုးနွယ်စုက ဒေါသတကြီးဖြင့် သတ်မိန့်ထုတ်ခဲ့ခြင်းမှာ မဆန်းလှချေ။

သို့သော်လည်း ထိုသတ်မိန့်မှာ ဟာသတစ်ခုသာ ဖြစ်ခဲ့သည်။

လော့ထျန်းအဖွဲ့နောက်ကွယ်တွင် မြောင်ဝမ်ဟူသော ကျောထောက်နောက်ခံ ရှိနေသည်။ မြောင်ဝမ်၏ စကားတစ်ခွန်းကြောင့် နန်ကုန်းမျိုးနွယ်စုမှာ သူတို့၏ ဒေါသကို ပြန်လည်မျိုသိပ်လိုက်ရတော့သည်။

ထို့အပြင် ချင်လျန်ချန်း၏ သားဖြစ်သူမှာလည်း တိမ်ပြိုဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သည်။ သူ၏ အနာဂတ်မှာ မသေချာသေးသဖြင့် နန်ကုန်းမျိုးနွယ်စုမှာ အခြေအနေကို အဆုံးထိ မတွန်းပို့ရဲချေ။ အကယ်၍ တိတ်တဆိတ် သတ်ဖြတ်ခဲ့ပါက တစ်မျိုးဖြစ်နိုင်သော်လည်း၊ လူသိရှင်ကြား သတ်မိန့်ထုတ်ပြန်ခြင်းမှာမူ လော့ထျန်းအဖွဲ့၏ မျက်နှာကို ဗြောင်ကျကျ ရိုက်နှက်လိုက်ခြင်းပင် ဖြစ်သည်။

မုရုံချင်းလျန်က ထိုအခြေအနေများကို ကျန်းဝမ်အား တိုးတိုးလေး ရှင်းပြလိုက်သည်။

အကြောင်းစုံကို ကြားပြီးနောက် ကျန်းဝမ်မှာ ဆွံ့အသွားရတော့သည်။ နောက်ဆုံးတွင် သူ လေးလံသော လေသံဖြင့် ဆိုသည်။

“ထင်တဲ့အတိုင်းပါပဲ.... ငါက သူ့လောက် မတော်ဘူး”

အကယ်၍ သူသာ ချင်လျန်ချန်း၏ နေရာတွင်ဆိုလျှင် မုရုံချင်းလျန်အား ကယ်တင်ရန်အတွက် အရာအားလုံးကို စွန့်စားရဲပါ့မည်လား။ သူ ဝန်မခံချင်သော်လည်း သူ၏နှလုံးသားမှ အဖြေကို သိနေပြီးသား ဖြစ်သည်။

ထိုစဉ်က ကျန်းဝမ်၏ တိုက်ခိုက်ရေးအဖွဲ့မှာ အဖွဲ့သုံးဖွဲ့အနက် အင်အားအကြီးဆုံး ဖြစ်ခဲ့ပြီး သူအပါအဝင် အဆင့် ၉ ကျင့်ကြံသူ သုံးဦး ရှိခဲ့သည်။ အရှေ့ပိုင်းလွင်ပြင်သို့ သွားသော ခရီးတွင်လည်း ဆုံးရှုံးမှု သိပ်မရှိခဲ့ချေ။ အကယ်၍ အဆင့် ၉ ကျင့်ကြံသူ လေးဦး၏ ဝိုင်းရံမှုကို ခံရချိန်တွင် သူသာ အသက်ကိုရင်း၍ တိုက်ခိုက်ခဲ့ပါက အခြေအနေကို ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်ပေလိမ့်မည်။

သို့သော် သူသည် ပညာရှိသော လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သည်။ သူ ထွက်ပြေးခဲ့သည်။ ထိုအရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဆုံးဖြတ်ရန် ခက်ခဲလှပေသည်။ သို့သော် လူသားဆိုသည်မှာ တစ်ခါတစ်ရံတွင် သတ္တိဗျတ္တိ အနည်းငယ်မျှသာ လိုအပ်တတ်ကြသည် မဟုတ်ပါလော။

ရုတ်တရက် မုရုံချင်းလျန် သူတို့၏ စကားဝိုင်းကို ရပ်တန့်လိုက်သည်။

လခြမ်းတောင်ကြားအတွင်းသို့ လူသုံးဦး ဆင်းသက်လာကြသည်။

“မိတ်ဆွေတို့.... လော့ထျန်းအဖွဲ့က တစ်ကိုယ်တော်ကျင့်ကြံသူတွေကို လက်ခံနေတုန်းပဲလားဗျ....”

“ရှင်တို့အားလုံးက အဆင့် ၉ ကျင့်ကြံသူတွေလားရှင့်” ဟု မုရုံချင်းလျန်က အံ့သြတကြီး မေးလိုက်မိသည်။

“ဟုတ်ပြီ.... ရှင်တို့ရဲ့ နာမည်တွေကို ဘယ်လို ခေါ်ရမလဲ”

ရှေ့ဆုံးမှ အမျိုးသမီးက ညင်သာစွာ ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုလိုက်သည်။

“ကျွန်မရဲ့ နာမည်က စီမာဟွေ့နန် ပါ၊ ကျွန်မကို ဟွေ့နန်လို့ပဲ ခေါ်နိုင်ပါတယ်”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၁၉၂) - ပညာရှာ ပမာသူဖုန်းစား

သူတို့လူစု နေထိုင်ရာ ခြံဝင်းအိမ်လေးအတွင်း၌ လော့ချန်သည် သူ၏ ထိုင်ခုံတွင် ထိုင်နေရင်း နဖူးပြင်ထက်မှ မည်းနက်သော သစ်သားတံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။

သူ၏ အမူအရာမှာ တည်ကြည်လေးနက်နေပြီး တုံ့ဆိုင်းနေဟန်လည်း ရှိသည်။ နောက်ဆုံးတွင်မူ သူ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်တော့သည်။

“ဒီ အခြေခံတည်ဆောက်ခြင်း လမ်းစဉ်ကတော့.... တကယ့်ကို မလွှဲမရှောင်သာတဲ့ အခြေအနေမျိုး မဟုတ်ရင် ဘယ်တော့မှ အသုံးမပြုသင့်တဲ့ အရာပဲ”

ဤသစ်သားတံဆိပ်ပြားမှာ ကွယ်လွန်သူ ကောင်းထင်ယွမ် ချန်ထားရစ်ခဲ့သော အမွေအနှစ်တစ်ခု ဖြစ်သည်။ သို့သော် ၎င်း၏ မူလအရင်းအမြစ်မှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က ဝိညာဉ်ဇီဝိန်ချုပ်အရှင် ကူယွဲ့၏ ဂူဗိမာန်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုအတွင်း၌ စိတ်ချီသန့်စင် အမှန်တရားကျမ်းဟု ခေါ်ဆိုသော မပြည့်စုံသည့် ကျင့်စဉ်တစ်ခု ပါဝင်နေသည်။

ထင်သည့်အတိုင်း ထိုကျမ်းတွင် အချက်အလက် အကုန် မပြည့်စုံချေ။

အခြေခံတည်ဆောက်ခြင်းအဆင့်၏ အလယ်အလတ်ပိုင်းအထိသာ ဖော်ပြထားပြီး ကျန်ရှိသော အပိုင်းများမှာ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။ အစောပိုင်း အပိုင်းများတွင်ပင် လွဲမှားမှုများနှင့် ရှေ့နောက်မညီမှုများစွာ ရှိနေသည်။ ထိုလွဲမှားမှုများကို ဖြေရှင်းနိုင်မည့် သော့ချက်မှာ ပျောက်ဆုံးနေသော အပိုင်းများတွင်သာ ရှိပေလိမ့်မည်။

လော့ချန်သည် ထိုကျင့်စဉ်ကို ကိုယ်တိုင်ကျင့်ကြံရန် စိတ်မဝင်စားသော်လည်း၊ ထိုအထဲ၌ ဖော်ပြထားသော ဝိညာဉ်လမ်းစဉ်ဖြင့် အခြေခံတည်ဆောက်ခြင်း နည်းလမ်းကိုမူ သတိပြုမိသွားသည်။ ထိုနည်းလမ်းတွင် ဖော်ပြထားသည်မှာ အကျဥ်းချုပ်လိုက်ပါက ဤအတိုင်းဖြစ်လေသည်။

ပထမအချက်အနေဖြင့် ကျင့်ကြံသူ ကိုးရာ့ကိုးဆယ်ကိုးယောက်ကို လိုက်လံသတ်ဖြတ်ကာ ထိုဝိညာဉ်များကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ပါက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိမည်။

ထိုမှတစ်ဖန် နောက်တစ်ဆင့် ထပ်တက်လိုပါက ဝိညာဉ်ပေါင်း ကိုးထောင့်ကိုးရာ့ကိုးဆယ်ကို ထပ်ရှာကာ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိပေမည်။

နောက်အချက်မှာမူ တုန်လှုပ်ခြောက်ခြားစရာ ကောင်းလှပေသည်။ အကြောင်းမှာ အသက်ပေါင်းများစွာ လိုက်လံဇီဝိန်ခြွေကာ စုစုပေါင်း ဝိညာဉ်ပေါင်း ကိုးသောင်းကိုးထောင့်ကိုးရာ့ကိုးဆယ်တိတိကို စုဆောင်းရမည်။ ထိုမျှ ကြောက်ခမန်းလိလိ သတ်ဖြတ်ပြီး ဝိညာဉ်များစုစည်းမှသာ ဝိညာဉ်သန္ဓေတည်အဆင့်သို့ ရောက်ရှိလိမ့်မည်ဟူ၍ ဖြစ်သည်။

နောက်ဆုံးအချက်မှာ မဖတ်ရဲလောက်အောင်ပင် ရှိလေသည်။ အကြောင်းမှာ နတ်ဘုရားအသွင်ပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိရန်မူ ဝိညာဉ်ပေါင်း တစ်သန်းတိတိ လိုအပ်ပေလိမ့်မည်ဟု ဆိုလေသည်။

ဤသည်မှာ အလွန်ကြောက်စရာကောင်းလှ၍ ဆိုးရွားလှသော မိစ္ဆာလမ်းစဉ် ကျင့်စဉ်တစ်ခုပင် ဖြစ်သည်။ အရေအတွက် အပြောင်းအလဲမှတစ်ဆင့် အရည်အသွေး အသွင်ပြောင်းလဲမှုကို အခြေခံထားသော နည်းလမ်းဖြစ်သည်။

သတ်ဖြတ်ခြင်းနှင့် ဝိညာဉ်များကို ဝါးမြိုခြင်းတို့မှာ တိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သော အဆင့်ဆင့်များ ဖြစ်သည်။

အပေါ်ယံကြည့်လျှင် တုန်လှုပ်ဖွယ် ကောင်းသော်လည်း၊ အသေးစိတ်ကို နားလည်သွားချိန်တွင်မူ ပို၍ပင် သွေးပျက်မတတ် ခြောက်ခြားစရာ ကောင်းလှပေသည်။ အကြောင်းမှာ ထိုလိုအပ်သော ဝိညာဉ်များသည် မိမိသည် လက်ရှိကျင့်ကြံဆင့်နှင့် တန်းတူရှိသော ကျင့်ကြံသူများ၏ ဝိညာဉ်များသာ ဖြစ်ရမည် ဆိုသောကြောင့်ပင်။

ချီသန့်စင်အဆင့် အထွတ်အထိပ်သို့ ရောက်ရန်အတွက် ချီသန့်စင် နှောင်းပိုင်း ကျင့်ကြံသူပေါင်း ကိုးရာကျော်၏ ဝိညာဉ်များ လိုအပ်သည်။ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်သို့ ရောက်ရန်အတွက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ကိုးထောင်ကျော်၏ ဝိညာဉ်များ လိုအပ်သည်။ နောက်ပိုင်းအဆင့်များအတွက် လိုအပ်ချက်မှာလည်း ထိုပုံစံအတိုင်းပင် ဖြစ်သည်။

မည်သူကများ ဤမျှ ယုတ်မာကောက်ကျစ်လှသော ကျင့်စဉ်ကို ကျင့်ကြံရဲပါ့မည်နည်း။

လော့ချန်ကမူ မကျင့်ကြံရဲပေ။ မကျင့်ကြံရဲရုံတင်မကဘဲ မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိပါစေဦး၊ သူ ထိုကျင့်စဉ်ကို လက်ဖျားနှင့်ပင် မထိလိုချေ။

ကျမ်းစာအကြွင်းအကျန်များတွင် ဝိညာဉ်ပေါင်းစပ်ခြင်း နည်းလမ်းကိုသာ ဖော်ပြထားပြီး ဝိညာဉ်ထောင်ပေါင်းများစွာကို ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကို မည်သို့ကာကွယ်ရမည်ကိုမူ ဖော်ပြမထားချေ။

စဉ်းစားကြည့်ပါက မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်ထောင်သောင်းချီ၍ ရောထွေးနေလျှင် ဖြစ်ပေါ်လာမည့် သွေးပျက်စရာ ရူးသွပ်မှုမှာ မတွေးဝံ့စရာပင်။ မိုက်မဲလှသော တစ်ကိုယ်တော်ကျင့်ကြံသူ ကူယွဲ့သည်လည်း အခြားနည်းလမ်းမရှိတော့သည့် အဆုံးမှသာ ဤလမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သူ အောင်မြင်ခဲ့ပြီး ဝိညာဉ်ဇီဝိန်ချုပ်အရှင်ဟု အမည်တွင်ကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် သူ၏ အဆုံးသတ်မှာမူ ကြေကွဲစရာပင်။

သူသည် အထက်လမ်း ဂိုဏ်းကြီးများ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး၊ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်နှင့်အတူ သူသုတ်သင်စုဆောင်းခဲ့သော များပြား ကြီးမားလှသည့် ဝိညာဉ်ထုကြီးကိုပါ နိဂုံးချုပ် အဆုံးသတ်လိုက်ရတော့သည်။

သူ၏ ဝိညာဉ်အစအနလေးတစ်ခုသာ သူ့ဂူဗိမာန်သို့ ပြန်ရောက်နိုင်ခဲ့ရှာသည်။

ကူယွဲ့၏ ကိုယ်တိုင်ရေး မှတ်တမ်းများထဲမှ ရှုပ်ထွေးလှသော အရေးအသားများကို ကြည့်ခြင်းအားဖြင့် အခြေခံတည်ဆောက်ပြီးနောက်တွင် သူ၏ စိတ်မှာ ပုံမှန်မဟုတ်ပဲ ရူးသွပ်မှုအထိသို့ ကျရောက်သွားခဲ့ကြောင်း သိသာလှပေသည်။

ကောင်းထင်ယွမ်သည်လည်း အမှန်တကယ်ပင် မျှော်လင့်ချက် ကုန်ဆုံးခဲ့ရသူ ဖြစ်သည်။ သူ၏ အတွင်းအားမှာ လုံးလုံး ပျက်စီးသွားခဲ့သဖြင့် ပုံမှန် နည်းမှန်လမ်းမှန်ဖြင့် အခြေခံတည်ဆောက်ရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် သူသည် ဤအန္တရာယ်များလှသော လမ်းစဉ်သို့ မိုက်မဲလှစွာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ ရည်မှန်းချက်များ မအောင်မြင်ခင်မှာပင် ကလဲ့စားချေလိုစိတ်ကြောင့် လော့ချန်၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရပေသည်။

“ဒီလမ်းစဉ်က တားမြစ်ထားတာ မှန်ပေမဲ့၊ ဒီထဲမှာ ပါဝင်တဲ့ ဘေးကင်းတဲ့ အရန်နည်းစနစ်လေး အချို့ကတော့ ဗဟုသုတရအောင် လေ့လာကြည့်ရမှာပေါ့လေ”

ကျမ်းစာအုပ်ထဲမှ မှော်အတတ် နှစ်ခုသည် လော့ချန်၏ ဝိညာဉ်အာရုံတွင် ထင်ဟပ်လာတော့သည်။ ပထမမှော်အတတ်မှာ စိတ်ဝိညာဉ်ခြောက်ခြားခြင်းအတတ် ဖြစ်လေသည်။

ဤအတတ်မှာ အဆင့်အနည်းငယ် တတ်မြောက်ပါက ရန်သူများကို ထိတ်လန့်စေနိုင်ပြီး ဝိညာဉ်သားရဲများကို ကြောက်လန့်အောင် ဖိအားပေးနိုင်သည်။ ထို့ထက် ပိုအဆင့်မြင့်အောင် တတ်မြောက်ပါက ခြောက်လှန့်ရုံတင်မကဘဲ အားနည်းသော ဝိညာဉ်များကိုပါ ဖမ်းယူနိုင်မည်ဖြစ်သည်။ အကယ်၍ = ပြင်ပသို့ ထုတ်လွှတ်နိုင်ပါက ဤမှော်အတတ်၏ အစွမ်းမှာ ပို၍ပင် ကြီးမားပေလိမ့်မည်။

ဤသည်မှာ သူတပါးအား ဘေးတွေ့စေမည့် မိစ္ဆာကျင့်စဥ် စစ်စစ် မဟုတ်ပေ။ မိမိ၏ ဝိညာဉ်နှင့် ဝိညာဉ်အာရုံကို ထိန်းချုပ်ခြင်းအပေါ်တွင်သာ ပို၍ အာရုံစိုက်ထားခြင်း ဖြစ်သည်။

အကယ်၍ မိမိ၏ ဝိညာဉ်အခြေခံ ခိုင်မာပါက ကျင့်ကြံမှုအဆင့်တူသော ရန်သူများနှင့် ရင်ဆိုင်ရာတွင် အသာစီးရမည်မှာ သေချာလှသည်။ သို့သော် ဝိညာဉ်အခြေခံ မခိုင်မာပါက ဤကျင့်စဥ်ကို သုံးရာတွင် အလွန်သတိထားရပေမည်။

အဆိုးဆုံး အနေဖြင့် မိမိ၏ ဝိညာဉ်ကိုပင် ပြန်လည်ထိခိုက်စေပြီး ကုသမရနိုင်သော ဒဏ်ရာများကို ရရှိစေနိုင်မည်ကိုလဲ ကြိုတင်တွက်ဆထားရပေမည်။

နောက်ဆက်တွဲ ကောင်းကျိုးများနှင့် ပတ်သက်၍မူ လော့ချန် မျှော်လင့်ထားပြီးသား ဖြစ်သည်။ စိတ်ချီသန့်စင် အမှန်တရားကျမ်းကို သုံးပြီး အခြေခံတည်ဆောက်နိုင်သူတိုင်းသည် သာမန်ထက် ပိုထူးကဲသော ဝိညာဉ်အင်အားကို ပိုင်ဆိုင်ကြရမည်သာ ဖြစ်သည်။

ထိုကဲ့သို့သော သူများအတွက်မူ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်မှာ ပိုးထည်ပေါ်တွင် ပန်းချယ်လိုက်သကဲ့သို့ သို့မဟုတ် ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ ထိုသူများအတွက် ပြန်လည်တိုက်ခိုက်ခံရမည့် ဘေးအန္တရာယ်မှာ အနှစ်မဲ့သော စကားလုံးများသာ ဖြစ်သည်။

လော့ချန် သူ၏ ကိုယ်ပိုင် ဝိညာဉ်အခြေခံကို ပြန်လည်ဆန်းစစ်ကြည့်ရာ အတော်လေး ကောင်းမွန်နေသည်ကို တွေ့ရသည်။ နှလုံးသားကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် သူ၏ ဝိညာဉ်မှာ သာမန်ကျင့်ကြံသူများထက် နှစ်ဆမျှ ပို၍ ခိုင်မာလာခဲ့သည်။

ထို့ကြောင့်ပင် သူ ဆေးဖော်စပ်ခြင်းကို အကြိမ်ရေ နှစ်ဆတိုး၍ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ်ကို ကျင့်ကြံလာခဲ့ရာ ထိုကျင့်စဉ်မှာ စိတ်ဓာတ်ခိုင်မာမှုကို အဓိကထားလေ့ကျင့်ပေးခြင်း ဖြစ်သည်။

ပြင်းထန်လှသော နာကျင်မှုဝေဒနာများကို ခံစားရတိုင်း သူ၏ ဝိညာဉ်မှာလည်း အရည်ကျို သန့်စင်ခြင်း ခံနေရသလို ဖြစ်နေသည်။ တိုးတက်မှုမှာ အလွန်နှေးကွေးပြီး သတိမပြုမိနိုင်သော်လည်း၊ သူ၏ ဝိညာဉ်မှာ တဖြည်းဖြည်း ပို၍ သန့်စင်ကာ ကြံ့ခိုင်လာခဲ့သည်။

အရွယ်အစားမှာ ကြီးမားမလာသော်လည်း သိပ်သည်းဆမှာမူ တခြားသော ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်သည်။ ဤအခြေခံဖြင့်ဆိုလျှင် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို ကျင့်ရန်မှာ ဖြစ်နိုင်ချေရှိပေသည်။

“ဟင် ဘာပါလိမ့်”

စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်၏ အသေးစိတ် နည်းလမ်းများကို မြင်လိုက်ရသောအခါ လော့ချန် အံ့သြသွားသည်။

ချီသန့်စင်အဆင့်တွင် ဝိညာဉ်အာရုံကို ပြင်ပသို့ မထုတ်လွှတ်နိုင်သေးသဖြင့် ဤမှော်အတတ်မှာ မျက်လုံးများကို ကြားခံအဖြစ် အဓိက အသုံးပြုရသောကြောင့် အစွမ်းမှာ သာမန်မျှသာ ဖြစ်သည်။ သို့သော် လော့ချန်၏ မျက်လုံးများမှာမူ နတ်မျက်စိများ ဖြစ်နေသဖြင့် သူသည် ထူးခြားသော အားသာချက်ကို ရရှိထားခြင်း ဖြစ်သည်။

သူ့အား အံ့အားသင့်စေသည်မှာ သူ၏ စိတ်ထဲတွင် ပေါ်လာသော မှတ်ဉာဏ်တစ်ခုပင်။

ချင်းကျန်းစားသောက်ဆိုင်တွင် ကောင်းထင်ယွမ်သည် သူ့အား အချိန်အတော်ကြာ စူးစိုက်ကြည့်ခဲ့ဖူးသည်။ ထိုစဉ်က လော့ချန်သည် ကောင်းထင်ယွမ်တစ်ယောက် စကားပြောရာတွင် အသာစီးရရန်အတွက် တိတ်ဆိတ်မှုကို အသုံးပြုနေခြင်းဟုသာ ထင်ခဲ့မိသည်။

သို့သော် ယခု ပြန်စဉ်းစားကြည့်လျှင် ကောင်းထင်ယွမ် ဤမှော်အတတ်ကို အသုံးပြုနေခဲ့ခြင်းမှာ ထင်ရှားလှပေသည်။ လော့ချန် အနေဖြင့် သေချာ စဉ်းစားလေ၊ ပို၍ သေချာလာလေ ဖြစ်သည်။

“သူက အဲ့ဒီအချိန်ကတည်းက ဒီ ကျမ်းကို လေ့ကျင့်နေခဲ့တာပဲ”

“သေချာတာပေါ့.... ပြင်ပက ဝိညာဉ်တွေကို ဝါးမြိုပေါင်းစပ်ဖို့ဆိုရင် ရန်သူရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ အရင် ဆွဲထုတ်ရမယ်လေ၊ ဒီဟာက အဲဒီ့ကျင့်စဉ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံပဲ၊ သူ အရင်ဆုံး သင်ယူခဲ့ရမှာပေါ့”

သို့သော် ထိုစဉ်က လော့ချန်၏ ဝိညာဉ်အခြေခံမှာ ကောင်းထင်ယွမ်ထက် မနိမ့်ကျခဲ့ချေ။ ထို့ကြောင့်ပင် ကောင်းထင်ယွမ်မှာ ဘာမှမတတ်နိုင်ဘဲ အချည်းနှီး ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

“ငါ့ရဲ့ ချီစွမ်းအားကို ဘယ်လိုသုံးရမလဲဆိုတာ အဲ့ဒီတုန်းကသာ သိခဲ့ရင်၊ သူ့ကို ပြန်ပြီး ဒုက္ခပေးလိုက်လို့ ရတာ.... တကယ်ကို နှမြောစရာပဲ”

ထိုသို့ တွေးရင်း လော့ချန်သည် ကြောက်စိတ်အနည်းငယ် ကျန်ရှိနေသော်လည်း နှမြောတသဖြစ်မိသွားရှာသည်။

ကောင်းထင်ယွမ် ဤနည်းလမ်းကို သုံးခဲ့ကြောင်း အတည်ပြုနိုင်ပြီးနောက် လော့ချန်၏ တတ်မြောက်လိုစိတ်မှာ ပို၍ ပြင်းထန်လာခဲ့သည်။

ကောင်းထင်ယွမ် မသေဆုံးမီလေးတွင် သူ၏ မျက်လုံးများမှာ ထူးဆန်းသော အစိမ်းရောင်သို့ ပြောင်းလဲသွားခဲ့သည်ကို လော့ချန် သတိရလိုက်သည်။ ထိုအရာမှာ အားနည်းသော ဝိညာဉ်ကို ဖမ်းယူရန် ကြိုးစားနေသည့် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ပင် ဖြစ်သည်။

ကံဆိုးသည်မှာ ကောင်းထင်ယွမ်သည် အခြေခံအဆင့်ကိုပင် မတတ်မြောက်သေးဘဲ အဆင့်မြင့်နည်းလမ်းများကို အတင်းအဓမ္မ သုံးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းဖြင့် စိတ်ဓာတ်ခိုင်မာပြီး ဝိညာဉ်တည်ငြိမ်နေသော လော့ချန်ကို ရင်ဆိုင်ရာတွင် ပို၍ ဆိုးရွားသွားခဲ့သည်။

ကောင်းထင်ယွမ်သည် သူ၏ ဝိညာဉ်ကို အနည်းငယ်မျှပင် မလှုပ်ခါနိုင်ခဲ့ချေ။ လော့ချန်သည် ဆွဲထုတ်မှုကို ခုခံရုံတင်မကဘဲ မှော်အတတ်၏ ချုပ်နှောင်မှုကိုပါ အင်အားသုံးကာ ရိုက်ချိုးပစ်ခဲ့သည်။

သင်ယူရန်မှာ ရှောင်လွှဲ၍ မရသော်လည်း၊ အသုံးပြုရန်မှာမူ တစ်မျိုးဖြစ်သည်။ ထိုအရာကို လွယ်လွယ်နှင့် မလုပ်သင့်ပေ။ မဟုတ်ပါက ကောင်းထင်ယွမ်ကဲ့သို့ ဆိုးရွားသော အဆုံးသတ်နှင့် ကြုံရပေလိမ့်မည်။ သူသည် “ငါ သေသွားရင်တောင် မင်းကို ခြောက်လှန့်မယ်” ဟူသော ခြိမ်းခြောက်စကားကိုပင် အဆုံးထိ မပြောလိုက်ရဘဲ သူသည် အသက်ဝိညာဉ်မှာ တိတ်ဆိတ်စွာဖြင့် ချုပ်ငြိမ်းသွားခဲ့ရရှာသည်။

“စိတ်ဝိညာဉ်ခြောက်ခြားခြင်းအပြင် ဒီ စိတ်ဝိညာဉ်တည်ငြိမ်ခြင်း မှော်အတတ်ကလည်း စဉ်းစားစရာပဲ"

လော့ချန်သည် နောက်ထပ် မှော်အတတ်တစ်ခုကို တွေးတောရင်း သူ၏ မျက်လုံးများမှာ စိတ်ဝင်တစား တောက်ပလာတော့သည်။

စိတ်ဝိညာဉ်ခြောက်ခြားခြင်းနှင့် မတူသည်မှာ စိတ်ဝိညာဉ်တည်ငြိမ်ခြင်း မှော်အတတ်မှာ လေ့ကျင့်ရန် သိပ်မခက်ခဲလှချေ။ အမှန်စင်စစ် ဤမှော်အတတ်မှာ အလွန်ပင် ရိုးရှင်းလှသည်။ သို့ရာတွင် ခက်ခဲသည်မှာ ၎င်းအတွက် လိုအပ်သော ပစ္စည်းပင် ဖြစ်သည်။

“မထူးဘူး ဘယ်သူ့ကိုမှ ဘေးမတွေ့စေတဲ့ အရာအားလုံးကို ငါ သင်ယူမယ်၊ ဒီမှော်အတတ် နှစ်ခုတင်မကဘဲ တခြားအရာတွေကိုလည်း ငါ မရပ်တန့်ဘူး”

လော့ချန် ထိုသို့ ရေရွတ်လိုက်ရာ သူ၏ စားပွဲပေါ်တွင် စာအုပ်အချို့ ပေါ်လာတော့သည်။

ထိုစာအုပ်များထဲမှ အပေါ်ဆုံးတွင် ရှိနေသည်မှာ မှောင်ခိုဈေးကွက်မှ ဝိညာဉ်ကျောက်တုံး ကိုးရာဖြင့် သူဝယ်ယူခဲ့သော ဒုတိယအဆင့် မှော်အတတ် ဖြစ်သည်။ နာမည်မှာ မြေပြိုမှော်အတတ်ပင် ဖြစ်သည်။

သူ ထွက်ပြေးရန် ပြင်ဆင်နေစဉ်က ဤမှော်အတတ်ကို အနည်းငယ် လေ့လာခဲ့ဖူးသည်။ သို့သော် တကယ်တမ်း လေ့ကျင့်ရန် ကြိုးစားကြည့်ချိန်တွင်မူ ၎င်းမှာ ဒုတိယအဆင့် မှော်အတတ်အဖြစ် ထိုက်တန်ကြောင်း သူ သဘောပေါက်သွားသည်။ အလွန်ပင် ခက်ခဲလှပေသည်။

မည်သည့်နေရာမှ စတင်ရမည်ကိုပင် မသိနိုင်လောက်အောင် ခက်ခဲနေခြင်း ဖြစ်သည်။ မြေပြိုမှော်အတတ်ကို အပြည့်အဝ တတ်မြောက်ရန်အတွက် အခြေခံ မှော်အတတ်သုံးမျိုးကို အရင် တတ်မြောက်ထားရန် လိုအပ်သည်။

ပထမအဆင့် မီးလုံး၊ ပထမအဆင့် မြေစိုင်တောင်နှင့် ပထမအဆင့် လှိုင်းလုံး အတတ်တို့ ဖြစ်သည်။

ဤသုံးမျိုးစလုံးကို တတ်မြောက်ပြီးမှသာ ဤအစွမ်းထက်လှသော ဒုတိယအဆင့် မီးမှော်အတတ်အဖြစ် ပေါင်းစပ်နိုင်မည် ဖြစ်သည်။ ကျမ်းစာကို သေချာဖတ်ပြီးမှသာ မီးဓာတ် မှော်အတတ်တစ်ခုမှာ အဘယ်ကြောင့် မြေပြင်နှင့်ပတ်သက်သော နာမည် ရှိနေရသည်ကို လော့ချန် သဘောပေါက်သွားသည်။ အကြောင်းမှာ အခြေခံမှော်အတတ်များထဲတွင် မြေဓာတ် မြေစိုင်တောင် အတတ် ပါဝင်နေသောကြောင့်ပင်။

မြေပြိုမှော်အတတ်မှာ သေချာပေါက် သင်ယူရန် ထိုက်တန်လှသည်။ လော့ချန် အဘိုးအခ အမြောက်အမြား ပေးခဲ့ရသလို၊ ကျမ်းစာထဲတွင် ဖော်ပြထားသော အစွမ်းမှာလည်း အမှန်ပင် ကြီးမားလှပေသည်။

အခြားသော ဒုတိယအဆင့် မှော်အတတ်များကြားတွင်ပင် ၎င်းမှာ ကျော်ကြားလှသော ဓားမုန်တိုင်း၊ နှင်းခဲဝိညာဉ် နတ်ဘုရားအပ် သို့မဟုတ် မိုးကြိုးဟိန်းသံ တို့ထက် အစွမ်းမနိမ့်ကျချေ။

“အရင်ကတော့ စျေးနှုန်းက နည်းနည်းသက်သာနေတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သေချာကြည့်လိုက်တော့မှ အခြေခံမှော်အတတ်သုံးမျိုး မပါဝင်ဘူး ဖြစ်နေတာပဲ၊ တကယ်လို့ အဲ့ဒီသုံးမျိုးသာ ပါဝင်မယ်ဆိုရင်၊ စျေးနှုန်းက ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်သွားမှာ အသေအချာပဲ"

လွန်ခဲ့သော အချိန်ကဆိုလျှင် လော့ချန်သည် မီးလုံးမှော်အတတ်မှလွဲ၍ ကျန်ရှိသော ပထမအဆင့် မှော်အတတ်နှစ်မျိုးကို မည်သည့်နေရာတွင် ရှာရမည်ကို စိတ်ပူနေပေလိမ့်မည်။

သို့သော် ယခုအခါတွင်မူ ထိုစိုးရိမ်မှုများ မရှိတော့ချေ။ လခြမ်းတောင်ကြားတွင် ကျဆုံးခဲ့သော ကျင့်ကြံသူများ၏ ပစ္စည်းများထဲတွင် မှော်အတတ်စာအုပ်များစွာ ပါဝင်နေခဲ့သည်။ ဤသည်မှာ သာမန်ကိစ္စတစ်ခုပင် ဖြစ်သည်။

လော့ချန် ကိုယ်တိုင်ပင်လျှင် သူ၏ သိုလှောင်အိတ်ထဲတွင် ချီသန့်စင်အတွက် အခြေခံမှော်အတတ်ငါးမျိုး စာအုပ်ကို အမြဲ ဆောင်ထားလေ့ရှိရာ၊ အခြားသူများလည်း ထိုကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

ရရှိလာသော ပစ္စည်းများထဲတွင် လော့ချန်သည် မြေစိုင်တောင် နှင့် လှိုင်းလုံးကျမ်း နှစ်မျိုးစလုံးကို ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူသည် အခြေခံသုံးမျိုးစလုံးကို စုဆောင်းမိသွားပြီ ဖြစ်သည်။

အထူးသဖြင့် သူ၏ မီးလုံးမှော်အတတ်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်း၏ အစွမ်းမှာ သာမန်ထက် သာလွန်နေသည်။ ကျန်ရှိသော နှစ်မျိုးကို အနည်းငယ် တတ်မြောက်အောင် လေ့ကျင့်နိုင်သည်နှင့် မြေပြိုခြင်း ကို စတင်လေ့ကျင့်နိုင်ပေလိမ့်မည်။

“ဒါဟာ တကယ့်ကို အချိန်ကောင်းပဲ.... လော့ထျန်းအဖွဲ့က ပြန်လည်ဖွဲ့စည်းနေတုန်းဆိုတော့ ငါ ကိုယ်တိုင် ဆေးဖော်စပ်ဖို့ အချိန်မရောက်သေးဘူး.. အဲ့ဒီအတောအတွင်းမှာ ငါ့ရဲ့ အဓိကကျင့်စဉ်တွေကို ကျင့်ကြံရင်းနဲ့ ချီစွမ်းအင်ကို သန့်စင်နေသလို၊ ဒီမှော်အတတ်တွေကို တတ်မြောက်အောင်လည်း အစွမ်းကုန် ကြိုးစားရမယ်” ဟူ၍လည်း စိတ်ပိုင်းဖြတ်လိုက်လေသည်။

All Chapters