အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၁၉၃) - အစ်ကိုကြီးကျန်းဝမ်၏ အားသာချက်များ
မငြိမ်မသက် တိုက်ပွဲများအပြီး လဝက်ခန့် အကြာတွင်ဖြစ်သည်။
လခြမ်းတောင်ကြား၏ နောက်ဘက်၊ တောင်ခြေရှိ လွင်ပြင်ကျယ်တစ်ခုထက်ဝယ် လူရိပ်နှစ်ခုသည် လီအနည်းငယ်ခန့် ကွာဝေးသော နေရာတွင် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြသည်။
သူတို့နှစ်ဦးစလုံးသည် လက်ချောင်းများကို ဆန်းကြယ်စွာ လှုပ်ရှားကာ မှော်အတတ်များကို တစ်ပြိုင်နက်တည်း ဖော်ဆောင်လိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင် အမြောက်အမြားကို ထုတ်လွှတ်လိုက်ကြသည်။
ရုတ်တရက် တစ်ဦးက မြန်ဆန်စွာ၊ တစ်ဦးကမူ နှေးကွေးစွာဖြင့် လက်ဝါးများကို မြေပြင်ထက်သို့ ရိုက်ချလိုက်ကြသည်။
“မြေစိုင်တောင် အတတ် အသက်ဝင်စမ်း.... ”
ထိုသို့ အော်သံနှင့်အတူ မြေပြင်မှာ သိသိသာသာ တုန်ခါသွားပြီးနောက် ကြီးမားလှသော မြေပုံကြီးနှစ်ခုသည် မြေပြင်မှ ထိုးထွက်လာကာ တဖြည်းဖြည်း မြင့်တက်လာတော့သည်။
ချီစွမ်းအင်များ ဆက်တိုက် စီးဝင်နေသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ မြေသားများ၊ ကျောက်တုံးများ၊ သစ်ပင်နှင့် မြက်ပင်များမှာ ထိုမြေပုံကြီးများပေါ်သို့ စုပြုံတက်လာကြသည်။
ဝုန်း.... ဝုန်း....
ခဏအကြာတွင် ဆယ်မီတာခန့် မျှမြင့်မားသော တောင်ကုန်းငယ်နှစ်ခုမှာ မြေပြင်ထက်တွင် မားမားမတ်မတ် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။
ဗိုက်ရွှဲရွှဲနှင့် အမျိုးသားကျင့်ကြံသူသည် သူ၏ မြေပုံကို အရင်ဆုံး ပေါ် ထွက်အောင် ဖော်ဆောင်နိုင်ခဲ့သဖြင့် တဟဲဟဲ ရယ်မောလိုက်ပြီး လေထုကို လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်သည်။
ထိုတောင်ကုန်းငယ်မှာ လေထဲသို့ ဖြည်းညှင်းစွာ မြောက်တက်လာပြီးနောက် သူ ရှေ့သို့ တွန်းလွှတ်လိုက်သည်။
ထိုအချိန်ကျမှသာ အခြားတစ်ဖက်ရှိ လူငယ်လေးမှာ လေထုကို ဆွဲယူသည့် အမူအရာကို နှေးကွေးစွာ လုပ်ဆောင်နိုင်တော့သည်။ သူ လက်ဝါးဖြင့် ရှေ့သို့ တွန်းလိုက်ချိန်တွင် ရန်သူ့တောင်ကုန်းမှာ သူနှင့် နှစ်လီခန့်အကွာအဝေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်း၏ တောင်ပြိုမတတ် အရှိန်အဝါမှာ မည်သူမျှ မတားဆီးနိုင်လောက်အောင် ပြင်းထန်လှပေသည်။
လူငယ်လေးမှာ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ ကိုယ်ပိုင်တောင်ကုန်းကို တည်ငြိမ်စွာဖြင့် ရှေ့သို့ တွန်းထုတ်လိုက်သည်။
ဒိုင်း....
မြက်ခြောက်များကို နင်းခြေလိုက်သကဲ့သို့ပင်၊ သူ တွန်းထုတ်လိုက်သော တောင်ကုန်းမှာ ရန်သူ့တောင်ကုန်း၏ အရှိန်အဟုန်အောက်တွင် ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ကြေမွသွားတော့သည်။
မြေခဲကြီးများနှင့် အပျက်အစီးများမှာ ကောင်းကင်ယံမှ မိုးကဲ့သို့ ရွာကျလာသည်။ သူ့ထံသို့ ဦးတည်လာနေသော ရန်သူ့တောင်ကုန်းကို မြင်သောအခါ လူငယ်လေးသည် လေထဲသို့ ခုန်တက်လိုက်ပြီး ထိုတိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်တိမ်းလိုက်သည်။
ဝုန်း....
တောင်ကုန်းငယ်မှာ မြေပြင်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး မြေအောက်သို့ သုံးတောင်ခန့် နက်ဝင်သွားကာ ချွန်ထက်သော မြေပုံကြီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့သည်။
“အစွမ်းကတော့ အတော်လေး အားရစရာပဲဗျ” ဟု လော့ချန် သူ၏ မေးစေ့ကို စဉ်းစားဟန်ဖြင့် ပွတ်ကာ ပြောလိုက်မိသည်။
ဗိုက်ရွှဲနှင့် အမျိုးသားက အေးအေးလူလူ လမ်းလျှောက်လာရင်း ဆိုသည်။
“မင်း ဘာဖြစ်လို့ ဒီအရာကို သင်ယူနေလဲဆိုတာ ငါ တကယ် စဉ်းစားလို့ မရဘူး။ မှော်အတတ် ထုတ်ဖော်တာလည်း နှေးတယ်၊ ပုံဖော်ရတာလည်း ကြာတယ်၊ တိုက်ခိုက်တဲ့အခါမှာလည်း ပိုပြီး နှေးသေးတယ်၊ အစွမ်းထက်တာကလွဲရင် ဘာမှ အသုံးမကျဘူး၊ မီးလုံးမှော်အတတ် လောက်တောင် လက်တွေ့မကျပါဘူး၊ ဩော်.... နောက်ပြီး ချီစွမ်းအင်ကိုလည်း တော်တော်လေး ကုန်စေတယ်နော်”
ကျန်းဝမ်၏ အထင်သေးသော အမူအရာကို မြင်သော်လည်း လော့ချန်မှာ စိတ်မဆိုးသည့်အပြင် စစ်မှန်သော လေသံဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ပြီးခဲ့တဲ့ ရက်တွေမှာ မြေစိုင်တောင်အတတ်ကို သင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီးကျန်းရာ”
ကျန်းဝမ်က သူ၏ ဝတ်ရုံပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်သည်။
“ကိစ္စမရှိပါဘူး၊ ဒီရက်ပိုင်း လော့ထျန်းအဖွဲ့မှာလည်း လုပ်စရာ သိပ်မရှိဘူးလေ” ဟု ပြောပြီးနောက် သူ ပျင်းရိစွာ သမ်းဝေလိုက်သည်။
လော့ချန် တစ်စုံတစ်ခု စဉ်းစားနေသည်ကို မြင်သောအခါ ကျန်းဝမ်က မျက်လုံးပြူးလိုက်ရင်း မေးလိုက်သည်။
“နေပါဦးကွ.... မင်း.... တကယ်ပဲ ဒါကို တိုက်ပွဲမှာ သုံးဖို့ စိတ်ကူးနေတာလား”
လော့ချန်သည် ပြုံးရုံသာ ပြုံးပြပြီး ဘာမှ ပြန်မပြောချေ။
ထိုအခါ ကျန်းဝမ်က စိုးရိမ်တကြီးဖြင့် ဆိုသည်။
“ဟေ့ကောင်ရေ ငါ ပြောပြမယ်၊ ဒီမှော်အတတ်က တိုက်ပွဲမှာ အသုံးမဝင်ဘူး၊ ငါတောင် သင်ယူပြီးကတည်းက တိုက်ပွဲမှာ တစ်ခါမှ မသုံးဖူးဘူး၊ မြေစိုင်တောင်ကို ဂူဗိမာန်တွေ တူးတာတို့၊ ခံစစ်အဆောက်အအုံတွေ ဆောက်တာတို့မှာပဲ အသုံးများကြတာ....”
“ကျင့်ကြံဆင့်မြင့်တဲ့ သူတွေဆိုရင်တော့ မြေအနေအထား ပြုပြင်ပြောင်းလဲဖို့ ဒါမှမဟုတ် ဖုန်းရွှေအစီအရင်တွေအတွက် တောင်တွေကို ရွှေ့ဖို့ သုံးကြတာပေါ့၊ မင်းလည်း မြင်တဲ့အတိုင်းပဲ၊ လခြမ်းတောင်ကြားမှာ ခံစစ်တွေ ဆောက်ဖို့ ဒီမှော်အတတ်ကို သုံးနေကြတာပဲလေ၊ ဒါပေမဲ့ တိုက်ပွဲမှာလား.... အားပါးပါး.... တကယ်အသုံးမဝင်လောက်ဖူးကွ”
ဤအချက်ကိုမူ လော့ချန် အပြည့်အဝ သဘောတူပေသည်။ မြေစိုင်တောင်သည် တိုက်ခိုက်ရေးအတွက် မသင့်တော်သည်မှာ အမှန်ပင်။
တစ်နည်းအားဖြင့် မြေဓာတ် ကျင့်ကြံသူများသည် တိုက်စစ်ပိုင်းတွင် အမြဲတစေ အားနည်းသူများအဖြစ် သတ်မှတ်ခံရလေ့ရှိသည်။ ၎င်းတို့ ကျွမ်းကျင်သော တိုက်စစ်မှော်အတတ် အနည်းငယ်မှာ မြေဆူးမှော် နှင့် ရွှံနွံ (ဗွက်အိုင်) အတတ်တို့သာ ဖြစ်သည်။
ကျန်းဝမ်သည် ဤအတတ်တွင် ကျွမ်းကျင်သူဖြစ်ပြီး၊ တစ်ခါက အဆုံးအဖြတ်စင်မြင့်ထက်တွင် ရွှံနွံအတတ်ကို အသုံးပြုကာ လော့ရှားနတ်ဆိုးမကို အကျပ်ရိုက်အောင် လုပ်ခဲ့ဖူးသည်။
လော့ချန် သူ့အား လေ့ကျင့်ဖော်အဖြစ် ထားရှိရခြင်းမှာလည်း သူ၏ ဤကျွမ်းကျင်မှုကြောင့်ပင် ဖြစ်သည်။ လွန်ခဲ့သော လဝက်အတွင်း သူသည် လှိုင်းလုံး အတတ်ကို အခြေခံအဆင့်အထိ အရင် တတ်မြောက်အောင် လုပ်ခဲ့ပြီး၊ ကျန်းဝမ်၏ လမ်းညွှန်မှုဖြင့် မြေစိုင်တောင် အတတ် ကိုပါ လျင်မြန်စွာ နားလည်လာခဲ့ခြင်း ဖြစ်သည်။
“ဒီမှော်အတတ်မှာ အားနည်းချက်တွေ များလွန်းတယ်၊ အဆင့်အနည်းငယ် တတ်မြောက်သွားရင် ဘယ်လို ပြောင်းလဲသွားမလဲ သိချင်မိတယ်ဗျ” ဟု လော့ချန် ဆိုသည်။
ကျန်းဝမ်က နှာခေါင်းရှုံ့လိုက်ရင်း ပြန်ဖြေသည်။
“ဘာပြောင်းလဲမှာလဲကွာ၊ အလွန်ဆုံးရှိလှ မြေပြင်ပေါ်မှာ ခြေကုပ်ယူစရာ မလိုတော့တာပဲ ရှိမှာပေါ့၊ မင်းရဲ့ ချီစွမ်းအင်နဲ့ မြေဓာတ်ကို ထိန်းချုပ်ပြီး မြေသားတွေ၊ သစ်တွေ၊ ကျောက်တွေကို စုစည်းပြီး တောင်အသေးစားလေး ဖော်နိုင်မယ်၊ အရှိန်နည်းနည်း တိုးလာမယ်ပေါ့၊ ဒါပဲလေ”
“ဒါဆို အဆင့်မြင့်သွားရင်ကော”
“အထွတ်အထိပ်အဆင့် လား”
ကျန်းဝမ်က ခေါင်းကို ကုတ်လိုက်ရင်း ပြန်ပြောလိုက်သည်။
“ငါကိုယ်တိုင်တောင် အခြေခံပဲ ရှိသေးတာ၊ အဲ့ဒါကို ဘယ်သိမလဲကွ၊ ဒါပေမဲ့ ငါ ထင်တာတော့ တောင်တွေကို မြင့်တက်စေတာ၊ ပင်လယ်ကို မြေဖို့တာနဲ့ နယ်မြေတစ်ခုလုံးကို ဖိနှိပ်တာမျိုး ဖြစ်မှာပေါ့”
“အင်း အဲ့ဒါဆို ချီစွမ်းအင် ကုန်လိုက်မယ့်ဖြစ်ခြင်းဗျာ” ဟု ဆိုရင်း လော့ချန် ခေါင်းခါလိုက်မိသည်။
“ဒါပေါ့.... အဲ့ဒါကြောင့် မင်း ဘာလို့ ဒါကို ဒီလောက် စွဲစွဲမြဲမြဲ လေ့ကျင့်နေလဲဆိုတာ ငါ စဉ်းစားလို့ မရတာ”
ဘာလို့ စွဲမြဲနေရသနည်း ဆိုသည့်အမေးကို ပြန်ဖြေရန်မူ သေချာပေါက် အဖြေတစ်ခုထဲရှိပေသည်။
အကြောင်းမှာ အခြေခံမှော်အတတ်သုံးမျိုးကို တတ်မြောက်ပြီးမှ ဒုတိယအဆင့်မှော်အတတ် မြေပြိုအတတ် ကို အသုံးပြုနိုင်မည် မဟုတ်ပါလော။
ခဏအကြာတွင် လော့ချန်သည် လခြမ်းတောင်ကြားသို့ ဖြည်းဖြည်းချင်း ပြန်လာခဲ့ပြီး ကျန်းဝမ်လည်း နောက်မှ ကပ်လိုက်လာသည်။
“အဖွဲ့ချုပ်ခေါင်းဆောင်ကြီး.... ဟဲဟဲ ကျွန်တော်မျိုးကြီး ဆွေးနွေးစရာ ရှိလို့ခင်ဗျ”
“ဟင် အဆန်းပါလား ပြောလေ”
“ကျွန်တော်မျိုးရဲ့ လစဉ် ဆေးလုံးခံစားခွင့်ကို ဟိုဟာ နဲ့ လဲလို့ ရမလား”
“ဟိုဟာ ဘယ်ဟာလဲဗျ.... ဒဲ့ပြောဗျာ....”
“ဟိုကွာ.... တခြား ဘာရှိဦးမှာလဲ.... မင်းကလဲ သိသားနဲ့”
“ဩော်.... သဘောပေါက်ပြီ ....ရပါတယ်၊ ဒါပေမဲ့ ခင်ဗျား ရွှေခန်းမဆောင် အဖွဲ့ရဲ့ အကြီးအကဲတာဝန်ကို သေချာထမ်းဆောင်ရမယ်နော်၊ ပြီးတော့ အရေးကြီးဆုံးက တာဝန်ခံကူရဲ့ စကားကို နားထောင်ရမယ်၊ ပမာမခန့်တော့ မလုပ်နဲ့နော်”
ထိုသို့မှာလိုက်ပြီးနောက် လော့ချန် ခဏရပ်လိုက်ပြီး လေးလေးနက်နက် ထပ်ပြောလိုက်သည်။
“အဓိကအရေးကြီးတာက အပြင်အလုပ်ကိစ္စတွေမှာ အမျိုးသမီး ကျင့်ကြံသူတွေနဲ့ ပြောရဆိုရမှာမျိုး ရှိလာတာဖြစ်ဖြစ်၊ ကိုင်တွယ်ရခက်တဲ့ ပြသနာမျိုး ရှိရင် ဖြစ်ဖြစ် ခင်ဗျားက ဦးဆောင်ဖြေရှင်းပေးရမယ်၊ တစ်ခုရှိတာက တာဝန်ခံကူကို အနေရခက်အောင် မလုပ်နဲ့”
ကျန်းဝမ်က ခေါင်းအမြန်ညိတ်လိုက်ကာ သူ၏ ရင်ဘတ်ကို ပုတ်၍ ယုံကြည်ချက်ရှိရှိ ကတိပေးလိုက်သည်။
ထို့နောက် လော့ချန်အား လက်မထောင်ပြရင်း စနောက်လိုက်သည်။
“ငါ သိသားပဲ၊ မင်းက ငါ့လိုပဲ အလှလေးတွေ ကျိတ်ကြွေနေတယ်ဆိုတာ....”
လော့ချန် တဟား ဟား ရယ်မောကာ ခေါင်းခါလိုက်မိသည်။ သူသည် ကျန်းဝမ်အား တိုက်ခိုက်ရေးအဖွဲ့တွင် မထားဘဲ ရွှေခန်းမဆောင်တွင် ထားရခြင်းမှာ အကြောင်းရှိသည်။
ကျန်းဝမ်သည် တိုက်ခိုက်ခြင်းထက် လူမှုဆက်ဆံရေးနှင့် အခြေအနေ အရပ်ရပ်ကို ကိုင်တွယ်ရာတွင် ပို၍ တော်သောကြောင့် ဖြစ်သည်။ အကယ်၍ သူသည် ကမ္ဘာမြေပေါ်တွင်သာ ဖြစ်ခဲ့ပါက လူများနှင့် ဆက်ဆံရသော ပြည်သူ့ဆက်ဆံရေး မန်နေဂျာကောင်းတစ်ဦး ဖြစ်ပေလိမ့်မည်။ သူသည် အထက်တန်းလွှာရော၊ အောက်ခြေလူတန်းစားပါ အားလုံးနှင့် သဟဇာတဖြစ်အောင် နေတတ်သူ ဖြစ်သည်။
မီရှုဟွာသည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကိုသာ အသားပေးခဲ့ပြီး သူ၏ လူမှုဆက်ဆံရေးစွမ်းရည်ကိုမူ လျစ်လျူရှုခဲ့သဖြင့် ကျန်းဝမ်၏ ပါရမီကို ဖြုန်းတီးပစ်ခဲ့သလို ဖြစ်ခဲ့သည်။
အကျိုးဆက်မှာ ထင်ရှားလှပေသည်။ အရှေ့ပိုင်းလွင်ပြင် တိုက်ပွဲတွင် ကျန်းဝမ်သည် အစွမ်းကုန် မတိုက်ခိုက်ဘဲ သူ၏ လက်အောက်ငယ်သားများကို ဘေးကင်းအောင်သာ ခေါ်ထုတ်လာခဲ့သဖြင့် မည်သည့် ဆုလာဘ်မျှ မရခဲ့ချေ။
ဖိုရှန်းဂိုဏ်း ပြိုကွဲချိန်တွင်လည်း သူသည် အရင်ဆုံး ထွက်ပြေးခဲ့သူ ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည် ရှေ့တန်းမှ တိုက်ပွဲဝင်ရမည့် တိုက်ခိုက်ရေးအဖွဲ့နှင့် မသင့်တော်ချေ။ မဟုတ်ပါက အရေးကြီးချိန်တွင် ရဲဘော်ရဲဘက်များ၏ စိတ်ဓာတ်ကို ပျက်ပြားစေလိမ့်မည်။
နှစ်ဦးသား စကားတပြောပြောနှင့် လခြမ်းတောင်ကြားအတွင်းသို့ ပြန်ရောက်လာကြသည်။
ထို့နောက် လော့ချန်သည် မုရုံချင်းလျန်နှင့် တွေ့ဆုံကာ အဖွဲ့အခြေအနေများကို စစ်ဆေးလိုက်သည်။
“ဆေးဖော်ဆောင် အဖွဲ့ကတော့ အဆင်ပြေသွားပြီ၊ သေချာ ရွေးချယ်ပြီးတော့ လူအယောက် ငါးဆယ်နဲ့ ပြန်ဖွဲ့စည်းထားတယ်၊ အဖွဲ့ချုပ်ခေါင်းဆောင် မှာထားတဲ့အတိုင်းပဲ၊ ဆေးပင်အလုပ်သင်တွေနဲ့ မီးထိန်းသူတွေကို ဦးစားပေး ရွေးထားတယ်၊ အဲ့ဒီနောက်မှ ဆေးဖော်စပ်သူတွေနဲ့ ဆေးပင်စိုက်ပျိုးသူတွေကို ထည့်ထားတာ၊ လိုအပ်တဲ့ ကျင့်စဥ်တွေကိုတော့ ချွီဟန်ချန်းနဲ့ ချိုးရင်းတို့က သင်ကြားပေးနေကြတယ်”
လော့ချန် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
ဆေးဖော်ဆောင်သည် အဖွဲ့၏ အသက်သွေးကြော ဖြစ်သဖြင့် ဖိုရှန်းဂိုဏ်းလက်ထက်က အဆင့်အတန်းအတိုင်း ပြန်ရောက်ရန် အရေးကြီးလှပေသည်။
ဆေးဝါးဆောင်မှာမူ အရေးပါမှု လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။ ပထမအချက်မှာ ဖိုရှန်းဂိုဏ်း၏ မူလ ဆေးပင်ရှာဖွေရေးလမ်းကြောင်းများ ပျောက်ဆုံးသွားခြင်းနှင့် ဒုတိယအချက်မှာ အခြားအဖွဲ့များကို ဆေးပင်များ ပြန်ရောင်းရန် မလိုအပ်တော့ခြင်းကြောင့် ဖြစ်သည်။
ယခုအခါ သူတို့သည် ပြင်ပမှ ဆေးပင်များကို အမြောက်အမြား ဝယ်ယူပြီး ကိုယ်တိုင် ကိုင်တွယ်ရတော့မည် ဖြစ်သည်။
“ဟိုလေ.... ဒါနဲ့ ဆိုင်ခန်းတွေကိစ္စကော ဘယ်လိုရှိလဲ”
မုရုံချင်းလျန်က မြို့ထဲရှိ ဆိုင်ခန်းများကို မေးလိုခြင်း ဖြစ်သည်။ လက်ရှိတွင် ထိုဆိုင်ခန်းများကို အင်အားကြီးအဖွဲ့သုံးဖွဲ့က သိမ်းပိုက်ထားကြသည်။ ၎င်းကို ပြန်လည်ရယူရန်မှာ အလွန်ပင် ခက်ခဲလိမ့်မည်ဟု မုရုံချင်းလျန်က ထင်မြင်နေသည်။
သို့သော် လော့ချန်ကမူ ယုံကြည်ချက် အပြည့်ရှိနေသည်။
“ဒါက ပြဿနာမဟုတ်ပါဘူး၊ ကျောက်စိမ်းအိုးဓားဂိုဏ်းနဲ့ လုပ်ထားတဲ့ အပေးအယူတွေက မီရှုဟွာ နာမည်နဲ့ ရှိနေတာ၊ အခု မီလီ ဒီမှာ ရှိနေပြီဆိုတော့ အဲ့ဒီ အခွင့်အရေးတွေက လော့ထျန်းအဖွဲ့ဆီကို အလိုလို ရောက်လာမှာပဲ၊ ကျန်တဲ့ အဖွဲ့တွေကိစ္စကိုတော့ တစ်ယောက်ယောက်က ကိုင်တွယ်ပေးလိမ့်မယ်”
ဤစကား ကြားတော့မှ မုရုံချင်းလျန်လည်း သက်ပြင်းချနိုင်တော့သည်။
“ဒါဆိုရင် နောက်ဆုံးပြဿနာတစ်ခုပဲ ကျန်တော့တယ်၊ တိုက်ပွဲခန်းမ ခေါင်းဆောင်နေရာကို ဘယ်သူ့ကို ခန့်မှာလဲ၊ ဝမ်ယွမ်ကို စောင့်နေတုန်းလား”
လော့ချန်က သက်ပြင်းချလိုက်ရင်း ဆိုသည်။
“အင်း.... ခဏလောက် ထပ်စောင့်ကြည့်ရအောင်"
“ခေါင်းဆောင်က သူ့ကို အဲ့ဒီလောက်တောင် ယုံကြည်တာလား” ဟု မုရုံချင်းလျန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
“ချင်းကျန်းလမ်းမကြီးက တိုက်ပွဲက ထင်တာထက်တောင် ပိုပြင်းထန်ခဲ့တာ၊ သူ တကယ်ပဲ အသက်ရှင်နေမယ်လို့ ထင်လို့လား”
ထိုအမေးကို လော့ချန်က ဝမ်ယွမ်အပေါ် ထားရှိသော ယုံကြည်မှုဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သို့သော် မုရုံချင်းလျန် စိတ်အေးစေရန်
“နောက်ရက်တွေအထိ သတင်းမရသေးရင်တော့ တခြားတစ်ယောက်ကို ခန့်ရမှာပေါ့” ဟု ဆိုကာ သူမအား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
မုရုံချင်းလျန် ပြုံးလိုက်မိသည်။ ထိုတခြားတစ်ယောက်ဆိုသည်မှာ သူမ၏ ခင်ပွန်း ချင်လျန်ချန်း မှလွဲ၍ အခြားမရှိနိုင်ချေ။
သို့သော် သူမအနေဖြင့် ထိုသို့ မဖြစ်စေချင်ပေ။ အကြောင်းမှာ သူမရော သူမခင်ပွန်းပါ တာဝန်ခံခေါင်းဆောင်များ ဖြစ်နေပါက လော့ထျန်းအဖွဲ့မှာ ချင်မျိုးနွယ်စု၏ ကိုယ်ပိုင်အဖွဲ့အစည်းကဲ့သို့ ထင်မြင်ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ထိုသို့ဖြစ်လာပါက လော့ချန်၏ အာဏာစက်ကိုပါ ထိခိုက်လာနိုင်ပေသည်။
ထိုစဉ် မုရုံချင်းလျန်သည် စာရင်းစာအုပ်၏ နောက်တစ်မျက်နှာသို့ လှန်လိုက်သည်။
“ဒါနဲ့.... ခေါင်းဆောင်.... ဒါက အပြင်ကနေ လာဝင်တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေ၊ သူတို့ နောက်ကြောင်းတွေကို စစ်ဆေးနေတုန်းပဲ၊ အဲ့ဒီထဲက ဒီလူသုံးယောက်ကိုတော့ အဖွဲ့ချုပ်ခေါင်းဆောင် ကိုယ်တိုင် စစ်ဆေးသင့်တယ်”
လော့ချန် ကြည့်လိုက်သောအခါ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။
စီမာရှန့် ၊ စီမာဟွေ့နန် ၊ စီမာဝမ်ကျဲ တို့ မောင်နှမ သုံးဦး ဖြစ်လေသည်။
“အဆင့် ၉ ကျင့်ကြံသူ သုံးယောက်၊ အဲ့ဒီအပြင် မောင်နှမတွေလည်း ဖြစ်နေတယ်ဆိုတော့.... သူတို့ကို ခွဲထားတာ ပိုကောင်းမယ်” ဟု လော့ချန် ဆုံးဖြတ်ချက် ချလိုက်သည်။
“စီမာရှန့်က တိုက်ပွဲခန်းမဆောင် အကြီးအကဲလုပ်၊ စီမာဝမ်ကျဲက ဒေါ်လေးရဲ့ ကုသိုလ်တော်ဆောင်မှာ သာမန်အဖွဲ့ဝင်အဖြစ် နေပစေဦး၊ ဟွေ့နန်ကတော့.... ရွှေခန်းမဆောင် အဖွဲ့အတွက် အသင့်တော်ဆုံးပဲ ”
ထိုသို့လော့ချန်က သူတို့အား တစ်ဦးချင်းစီ သိနေသကဲ့သို့ ခွဲဝေလိုက်သဖြင့် မုရုံချင်းလျန်မှာ အနည်းငယ် အံ့သြသွားရသည်။
လော့ချန်သည် ချောက်ကမ်းပါးအစွန်းသို့ လမ်းလျှောက်သွားကာ အရင်ကထက် သုံးဆခန့် ပိုမိုကျယ်ဝန်းလာသော လခြမ်းတောင်ကြားကို ငေးကြည့်လိုက်မိသည်။ ဤနေရာသည် သူ၏ အနာဂတ်အတွက် အုတ်မြစ် ဖြစ်လာပေလိမ့်မည်။
“မနက်ဖြန်ကျရင် ကျွန်တော် လူတစ်ယောက်ဆီကို သွားပြီး ကိစ္စအချို့ ဆွေးနွေးရမယ်၊ ဦးလေးချင်ရဲ့ ကိစ္စကိုလည်း တစ်ခါတည်း ပြောပြရမယ်”
မုရုံချင်းလျန်က ခဏမျှ ကြောင်သွားပြီးနောက် မျှော်လင့်တကြီးမေးလိုက်သည်။
“သူ့ရဲ့ လက်က.... တကယ်ပဲ ပြန်ဆက်လို့ ရမှာလား”
“ဝိညာဉ်သန္ဓေတည်အဆင့်ရှိတဲ့ ဂိုဏ်းကြီးတစ်ခုရဲ့ စွမ်းအားကို ယုံကြည်စမ်းပါဗျာ” ဟု ဆိုရင်း လော့ချန် ရယ်မောလိုက်သည်။
“သူတို့လို ဓားဂိုဏ်းကြီးတွေထဲက ပြိုင်ဆိုင်မှုတွေက ကျွန်တော့်တို့ ထင်တာထက် ပိုပြင်းထန်တယ်.... လေ့ကျင့်ရင်းနဲ့ ခြေလက်ပြတ်တာက သာမန်ကိစ္စပဲ၊ အဲ့ဒါကို ပြန်ဆက်ပေးဖို့ သူတို့မှာ ကျွမ်းကျင်တဲ့ ကျင့်ကြံသူတွေ ရှိပြီးသား၊ စိတ်မပူနဲ့ ဒေါ်လေး.... ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်ပေးပါ့မယ်ဗျာ” ဟူ၍လည်း သူ ထပ်လောင်း ပြောဆိုလိုက်လေသည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၁၉၄) - မြောင်ဝမ်၏ ပါရမီအထုံ
“မတွေ့ရတာ ကြာပြီနော် တာဝန်ခံမြောင်”
ချိန်းဆိုထားသောနေရာသို့ မြောင်ဝမ်ရောက်လာသောကြောင့် လော့ချန် ခါးညွတ်ကာ ရိုသေစွာ နှုတ်ဆက်လိုက်သည်။
“နေကောင်းရဲ့လားကွ လော့ချန်.... မင်းကြည့်ရတာ တစ်ကိုယ်လုံး လန်းဆန်းတောက်ပပြီး စိတ်ဓာတ်တွေလည်း တက်ကြွနေပုံပဲ၊ အရာအားလုံး အဆင်ပြေပြေ လည်ပတ်နေပုံရတယ်” ဟု မြောင်ဝမ်က ပြန်လည်တုံ့ပြန်လိုက်သည်။
“ဟားဟား.... အကြီးအကဲတို့ရဲ့ ပံ့ပိုးမှုကြောင့်ပါဗျာ”
“ကဲ.... ကဲ.... ထိုင်ပါ”
ခေါင်းလောင်းရွှေအိုးရိပ်မြုံ စားသောက်ဆိုင်၊ တတိယထပ်ရှိ သီးသန့်ခန်းတစ်ခုအတွင်း မြောင်ဝမ်နှင့် လော့ချန်တို့သည် တစ်ဦးကိုတစ်ဦး ပြုံးရွှင်စွာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
သူတို့နှစ်ဦးသည် ယခင်က လူသိရှင်ကြားရော၊ တိတ်တဆိတ်ပါ အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးသော်လည်း အများစုမှာ တစ်ဖက်သတ်သာ ဖြစ်ခဲ့သည်။ လော့ချန်က မြောင်ဝမ်ကို သိသော်လည်း မြောင်ဝမ်ကမူ သူ့အား အသိအမှတ်ပင် မပြုခဲ့ချေ။
အတိအကျ ပြောရလျှင် ဤသည်မှာ သူတို့နှစ်ဦး၏ တတိယအကြိမ်မြောက် တရားဝင် စကားပြောဆိုခြင်းသာ ဖြစ်သည်။ သို့သော် နှစ်ဦးသား၏ ရင်းနှီးမှုမှာမူ ဆယ်စုနှစ်ပေါင်းများစွာ သိကျွမ်းခဲ့ကြသူများကဲ့သို့ပင် အပြင်လူများမြင်ဖွယ်ရာရှိပေသည်။
မြောင်ဝမ်၏ လူမှုဆက်ဆံရေး ကျွမ်းကျင်မှုမှာ ဂိုဏ်းပြင်ပ တာဝန်ခံအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ရင်း လောကဓံ၏ အတွေ့အကြုံများဖြင့် သွေးထားသော အရည်အချင်း ဖြစ်သည်။
သူ့လိုပင် လူငယ်ဖြစ်သော လော့ချန်က ထိုကဲ့သို့ လူမှုရေးကိစ္စများကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည်ကို မြင်သောအခါ မြောင်ဝမ်က ‘ဒီလူငယ်လေးကတော့ တကယ့်ကို စောင့်ကြည့်ရမယ့်သူပဲ’ ဟု စိတ်ထဲမှ ချီးကျူးမိသွားသည်။
ကျင့်ကြံသူ လူငယ်အမြောက်အမြားမှာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ် စတင်ခြေချမိသည်နှင့် မဟာတာအိုလမ်းစဉ်ကို ရယူမည်၊ ကောင်းကင်ဘုံကို အံတုမည် ဟုသာ အပြောကြီးတတ်ကြသည်။
သို့သော် လော့ချန်မှာမူ ထိုသူများနှင့် မတူချေ။ သူသည် လက်တွေ့ကျသည်။ အလုပ်ကြိုးစားသည်။ မည်သည့်အချိန်တွင် ရှေ့တိုးရမည်၊ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို ကောင်းစွာ သိရှိနားလည်သူ ဖြစ်သည်။ မြောင်ဝမ်က ပေါ့ပေါ့ပါးပါး ဆက်ဆံနေသော်လည်း လော့ချန်ကမူ ရိုသေမှု အပြည့်ဖြင့် နေထိုင်တတ်သည်။
မြောင်ဝမ် ဤကဲ့သို့သော အခြေအနေကို နှစ်သက်သည်။ မိမိ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဟူသော ဂုဏ်ပုဒ်ကို ထိန်းသိမ်းရင်း စီးပွားရေးအကြောင်း ဆွေးနွေးရသည်မှာ သူ့အတွက် ကျေနပ်စရာပင်။
ဤကဲ့သို့သော ခေတ်ကာလတွင် ဂိုဏ်းကြီးတစ်ခု၌ တာဝန်ထမ်းဆောင်ရသည်မှာ မလွယ်ကူလှချေ။ ဂိုဏ်းအတွင်းပိုင်း တာဝန်ခံများသည် အကျိုးအမြတ်များစွာ ရနိုင်သော်လည်း အမွေစားအမွေခံများ၊ ကျင့်စဉ်မျိုးဆက်များ နှင့် ရွှေအမြုတေ ကျင့်ကြံသူများ ရှေ့တွင် ခေါင်းငုံ့ကာ ခစားရသည်။
အချိန်တိုင်းတွင် မိမိ၏ နေရာကို မိမိ သိနေရသည်။ မိမိ၏ ကျင့်ကြံဆင့်မှာ အမွေခံအချို့ထက် သာလွန်နေပါစေဦး၊ အရှက်တကွဲ အခြေအနေများကို အံတုကာ သတိကြီးစွာ နေထိုင်ရသည်။
အကြောင်းမှာ ထိုအမွေခံများနှင့် ကျင့်စဉ်မျိုးဆက်များသည် နောင်တစ်ချိန်တွင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခြေ အလွန်မြင့်မားသောကြောင့် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိသွားပါက သူတို့သည် တာဝန်ခံများထက် အဆပေါင်းများစွာ မြင့်မားသော နေရာသို့ ရောက်ရှိသွားပေလိမ့်မည်။
ထို့ကြောင့် အတွင်းပိုင်း တာဝန်ခံများသည် နှိမ့်ချစွာ နေထိုင်ရင်း၊ အထက်လူကြီးများ ချပေးမည့် အစအနလေးများကိုသာ မျှော်လင့်နေရရှာသည်။
နှိုင်းယှဉ်ကြည့်လျှင် ဂိုဏ်းပြင်ပ တာဝန်ခံများမှာ ပို၍ လွတ်လပ်သည်။ ဝေးလံသော နေရာများသို့ စေလွှတ်ခံရပါက ကျင့်ကြံဆင့် တိုးတက်မှု နှေးကွေးနိုင်သော်လည်း၊ အထက်လူကြီးများ၏ မျက်ကွယ်တွင် မိမိတို့ နယ်မြေ၌ မင်းမူနေနိုင်ကြသည်။
ထို့ကြောင့် ကျင့်ကြံဆင့် တိုးတက်မှု နှေးကွေးခြင်းမှအပ သူ့ဟာနှင့်သူတော့ အဆင်ပြေနေလေသည်။
ဥပမာအားဖြင့် တာဟဲဈေးမြို့တော်ကို ကြည့်လျှင် ဝိညာဉ်ကြောများမှာ ပထမအဆင့်သာ ဖြစ်သည်။ ချီစုဆုံ အစီအရင်ဖြင့်ပင် ကျင့်ကြံခြင်းကို မဆိုစလောက်သာ အထောက်အကူပြုနိုင်သည်။
ထို့ကြောင့် သေးငယ်သော နေရာများသို့ စေလွှတ်ခံရသည့် ပြင်ပတာဝန်ခံတိုင်းသည် ဂိုဏ်း၏ တာဝန်များ ပြီးမြောက်ပြီးနောက် မိမိတို့၏ အိတ်ကပ်ကို ဖြည့်တင်းရန် အချောင်စားသာမည့် ကြွယ်ဝရေး နည်းလမ်းများကို ရှာဖွေကြစမြဲပင်။
သို့သော် ထိုအပိုအကျိုးအမြတ်များ ဘယ်မှ လာသနည်း ဟူသည်မှာ စဥ်းစားစရာဖြစ်လာသည်။ ဂိုဏ်း၏ ဝင်ငွေများကို သူတို့ လက်ဖျားနှင့်ပင် မထိရဲချေ။ အလွဲသုံးစားလုပ်သည်ကို တွေ့ရှိပါက သေဒဏ်သာ ရှိသည်။
ကျောက်စိမ်းအိုးဓားဂိုဏ်းကဲ့သို့ ဝိညာဉ်သန္ဓေတည်အဆင့်အထိ ရှိသော ဂိုဏ်းကြီးတစ်ခုအတွက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးနှစ်ဦးကို ရှင်းပစ်လိုက်ခြင်းမှာ ဘာမျှ မဟုတ်ချေ။ ထို့ကြောင့် ပြင်ပတာဝန်ခံများသည် မိမိတို့ဘာသာ တီထွင်ကြံဆကာ နည်းလမ်းရှာကြရသည်။
ယခင်က မြောင်ဝမ်တွင်လည်း နည်းလမ်းအချို့ ရှိခဲ့သည်။ မျိုးနွယ်စုများထံမှ ကန်တော့ပစ္စည်းများ လက်ခံခြင်း၊ သိပ်မထင်ရှားစွာ ရရှိသော အမြတ်မှ အကျိုးအမြတ် ခဝါချခြင်း သို့မဟုတ် ပဋိပက္ခများကို ဖြေရှင်းပေးကာ ကျေးဇူးတင်လက်ဆောင် များ ယူခြင်းတို့ ဖြစ်သည်။
ယခင် တာကျန်းဂိုဏ်းနှင့် ဖိုရှန်းဂိုဏ်းကြား ပဋိပက္ခတွင် သူသည် ကြားဝင်စေ့စပ်ပေးသူ ဖြစ်ခဲ့ဖူးသည်။ သို့သော် ထိုနည်းလမ်းများမှာ ရေရှည်မခံချေ။ အထူးသဖြင့် ဟာကွက်မရှိ ဒေါင့်စေ့အောင် စည်းကမ်းကျပ်မတ်လွန်းခြင်းဖြစ်သည်။
ဥပမာဆိုရလျှင် တာဟဲဈေးမြို့တော်သည် တည်နေရာ အရေးပါမှုကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူ တစ်သိန်းခန့် နေထိုင်နိုင်သော မြို့အဆင့်အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
ယခင်က သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်ဖြစ်သူ လော့ထျန်းဟုန်ကိုပင် ထပ်မံစေလွှတ်ခဲ့သေးသည်။ လော့ထျန်းဟုန်သည် ခေတ္တမျှသာ နေထိုင်ခဲ့သော်လည်း သူရှိနေခြင်းက မြောင်ဝမ်၏ အလွဲသုံးစားလုပ်မှုများကို များစွာ အဟန့်အတား ဖြစ်စေခဲ့သည်။
နောင်တွင် ပြင်ပတာဝန်ခံများ ပို၍ စေလွှတ်ခံရဖွယ် ရှိသလို၊ တရားဝင် အာဏာအကုန်လွှဲထားမည့် ကျင့်ကြံသူတစ်ဦး ထားရှိမည့်နေ့ပင် ရောက်လာနိုင်သည်။
ထို့ကြောင့် မြောင်ဝမ်သည် တည်ငြိမ်ပြီး အကျိုးအမြတ်များသော ဝင်ငွေလမ်းကြောင်းကို ရှာဖွေရန် ဦးနှောက်ခြောက်နေခဲ့ရသည်။ ယခင်က သူ တစ်ခု ရှာတွေ့ခဲ့ဖူးသည်။
ဖိုရှန်းဂိုဏ်းမှ မီရှုဟွာ ဖြစ်သည်။ ကျောက်စိမ်းအမြုတေဆေးလုံးများကို မြောင်ဝမ်မှ တင်သွင်းခွင့် အသိအမှတ်ပြုပေးပြီး၊ ဒေသခံ အမာခံ ဆေးလုပ်ငန်းများ၏ ဖိအားများကို ခုခံပေးကာ ထိုဆေးလုံးများကို လွတ်လပ်စွာ လည်ပတ်ခွင့်ပေးလေသည်။ ဤနည်းဖြင့် လစဉ် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ဝန်းကျင် လာဘ်ငွေအဖြစ်ရခဲ့လေသည်။
၎င်းမှာ ပမာဏ အလွန်မများသော်လည်း နောင်တွင် တိုးပေးမည်ဟု မီရှုဟွာက ကတိပေးခဲ့သည်။
ထိုစဉ်ကပင် မြောင်ဝမ်သည် မြေခွေးအိုကြီး မီရှုဟွာတစ်ယောက် ဆေးဖော်ဆရာတစ်ဦးအား သိမ်းသွင်းထားနိုင်သည်ကို ရိပ်မိခဲ့သည်။
သူ မနာလိုဖြစ်ခဲ့သော်လည်း အင်အားသုံး၍ လုယူရန်မူ မကြိုးစားခဲ့ချေ။
ပထမအချက်မှာ ပြင်ပတာဝန်ခံအနေဖြင့် မရေးထားသော စည်းမျဉ်းအချို့ကို လိုက်နာရပြီး နယ်မြေကို ကမောက်ကမ မဖြစ်စေလိုခြင်းကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာမီရှုဟွာသည် ဖိုရှန်းဂိုဏ်းအား အပြည့်အဝ ထိန်းချုပ်ထားသဖြင့် လူအင်အားနှင့် ပိုင်ဆိုင်မှု များစွာ ရှိသည်။ မြောင်ဝမ်အနေဖြင့် ဖိုရှန်းဂိုဏ်းကို အဓမ္မသိမ်းပိုက်လျှင်ပင် စနစ်တကျ စီမံခန့်ခွဲရန် အချိန်မရှိပေ။ ထို့ကြောင့် သူ မနာလိုစိတ်ဖြင့်သာ ကြည့်နေခဲ့ရသည်။
သို့သော် အခွင့်အရေးတစ်ခု ပေါ်လာခဲ့သည်။ မီရှုဟွာ၏ အကူအညီတောင်းခံသော အချက်ပြမှုကို လက်ခံရရှိချိန်တွင် မြောင်ဝမ် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။
သူ ချက်ချင်း လာကယ်မည်ဟု ပါးစပ်က ကတိပေးခဲ့သော်လည်း၊ လက်တွေ့တွင်မူ ကျောက်စိမ်းအိုးဓားဂိုဏ်းတွင်သာ ငြိမ်နေပြီး သူ၏ လက်အောက်မှ ညီငယ် လော့ထျန်းဟုန်ကိုသာ နောက်ဆက်တွဲကိစ္စများ ကိုင်တွယ်ရန် စေလွှတ်ခဲ့သည်။ ရလဒ်အနေဖြင့် မီရှုဟွာမှာ ကယ်သူမဲ့ဘဝဖြင့် သေဆုံးသွားခဲ့ရသည်။
ထို့နောက်တွင်မှ မြောင်ဝမ် ကြားဝင်လာပြီး လော့ချန်နှင့် ဗြောင်ကျကျ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အတိအကျပြောရလျှင် ၎င်းမှာ တရားမဝင်သော်လည်း အထက်သို့ တိုင်ကြားသူမရှိသရွေ့ မည်သူကမှ ဂရုမစိုက်ချေ။
ဒေသခံများက သူ၏ ရာထူးကို ရိုသေကြသလို၊ အကြီးအကဲ ဖန်ရင်ရှုံသည်လည်း ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ပြီး ကျန်တာအားလုံးကို မျက်စိမှိတ်ထားပေးသည်။ ထိုသို့ဖြင့် မြောင်ဝမ်သည် တည်ငြိမ်ပြီး အကျိုးအမြတ်များသော ဝင်ငွေလမ်းကြောင်းကို နောက်ဆုံးတွင် ရရှိသွားတော့သည်။
မိမိရှေ့မှ လူငယ်လေးကို ကြည့်ရင်း မြောင်ဝမ် သူ၏ အနှစ်လိုဆုံးသော အပြုံးကို ပြသကာ မေးလိုက်သည်။
“လော့ချန်.... မင်းရဲ့ လော့ထျန်းအဖွဲ့က ဘယ်လို အခြေအနေ ရှိလဲ”
လော့ချန် ရိုသေစွာဖြင့် ခါးကို ဆန့်လိုက်သည်။ ဤသူမှာ သူ၏ ရင်းနှီးမြှုပ်နှံသူ မဟုတ်ပါလော။ ယခုအချိန်သည် တိုးတက်မှု များကို အစီရင်ခံစာ တင်ပြရမည့် အချိန်ပင်ဖြစ်သည်။
“ဖိုရှန်းဂိုဏ်းဟောင်းရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိသေးပေမဲ့၊ အခုတော့ ပုံပေါ်စ ပြုနေပါပြီ၊ နောက်ထပ် လဝက်လောက်ဆိုရင်တော့ လုပ်ငန်းတွေ အပြည့်အဝ စတင်နိုင်ပါပြီ” ဟု လော့ချန် တင်ပြလိုက်လေသည်။
မြောင်ဝမ်၏ မျက်လုံးများ တောက်ပသွားတော့သည်။
လဝက်အတွင်း လုပ်ငန်းစမည်၊ နောက်တစ်လတွင် ဆေးဖော်မည်၊ နောက်ဆုံးတစ်လတွင် အရောင်းစတင်မည်။ တစ်နည်းအားဖြင့် သုံးလအတွင်း သူ အကျိုးအမြတ်များကို မြင်တွေ့ရတော့မည် ဖြစ်သည်။
ယခင်က လော့ချန်၏ ဆေးဖော်စပ်မှုအပေါ် သံသယရှိခဲ့လျှင်ပင်၊ အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံး သုံးထောင်နီးပါး ပါဝင်သော သိုလှောင်အိတ်ကို မြင်ပြီးနောက်တွင်မူ ထိုသံသယများ အကုန်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဤလူငယ်သည် ဆေးဖော်စပ်ခြင်းလမ်းစဉ်တွင် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။
သူ တာဝန်ခံ စဖြစ်ခါစ အချိန်သာ ဖြစ်ခဲ့ပါက လော့ချန်အား ဂိုဏ်းသို့ အစွမ်းကုန် ထောက်ခံချက်ပေးကာ ခေါ်ဆောင်သွားပေလိမ့်မည်။ ဂိုဏ်းအတွက် ပါရမီရှင်များ ရှာဖွေပေးခြင်းမှာ သူသည် တာဝန်ဖြစ်သည် မဟုတ်ပါလော။
သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့သွားခဲ့သည်။
တာဝန်ခံဆိုသည်မှာ ဂိုဏ်းအတွက် အထွေထွေ အခိုင်းအစေမျှသာ ဖြစ်သည်။ လော့ချန်ကို ဂိုဏ်းသို့ အပ်နှံပြီး ဂိုဏ်းအတွက် အကျိုးရှိစေမည့်အစား၊ ဤတာဟဲဈေးမြို့တော်တွင်သာ ထားရှိပြီး ပူးပေါင်းဆောင်ရွက်ခြင်းက သူ့အတွက် ပို၍ အကျိုးရှိပေလိမ့်မည်။
နောင်တစ်ချိန်တွင် သူသည် မိမိ၏ မျိုးနွယ်စုအတွက် ကြီးမားသော ချမ်းသာကြွယ်ဝမှုများကို ထားရစ်ခဲ့နိုင်မည် ဖြစ်သည်။ ထိုချမ်းသာမှုဖြင့် မြောင်မျိုးနွယ်စုသည် တစ်နေ့တွင် ကျောက်စိမ်းအိုးဓားဂိုဏ်းအတွင်း စစ်မှန်သော ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးကို မွေးထုတ်ပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။
မြောင်ဝမ်က ရယ်မောရင်း အားရဝမ်းသာ ပြောလိုက်သည်။
“ကောင်းတယ်.... သိပ်ကောင်းတယ်”
“မင်း စိတ်အေးအေးထားပြီး ရဲရဲဝံ့ဝံ့ ရှေ့ဆက်လုပ်၊ တခြား လူနှောက်လေးတွေကို စိတ်ပူမနေနဲ့၊ ငါ ကျောထောက်နောက်ခံ ပေးထားသရွေ့ လော့ထျန်းအဖွဲ့ဟာ နောင်တစ်ချိန်မှာ ဖိုရှန်းဂိုဏ်းထက်တောင် သာလွန်သွားဦးမှာပါ”
ထိုအခါ လော့ချန်က ကျေးဇူးတင်သော အပြုံးဖြင့် ဆိုလိုက်သည်။
“တကယ်ကို ကျေးဇူးတင်ပါတယ်၊ တာဝန်ခံမြောင်”
မြောင်ဝမ်က လက်ကာပြလိုက်သည်။
“တာဝန်ခံမြောင်လို့ ဘာလို့ ခေါ်နေတာလဲ၊ ငါက အသက်နှစ်ရာနီးပါး ရှိနေပြီ၊ မင်းထက် အသက်အများကြီး ကြီးပါတယ်၊ ငါ့ကို ဦးလေးဝမ် လို့ပဲ ခေါ်ပါကွာ”
လော့ချန် ယခုမှ သက်ပြင်းချနိုင်သွားတော့သည်။ တာဝန်ခံမြောင်ထက်စာလျှင် ဦးလေးဝမ်ဟု ခေါ်ရသည်မှာ ပို၍ အဆင်ပြေသည် မဟုတ်ပါလော။ သူ အခွင့်အရေးကို လက်လွှတ်မခံဘဲ ချက်ချင်းပင် ခေါ်လိုက်သည်။
“ဟုတ်ကဲ့ပါ ဦးလေးဝမ်”
မြောင်ဝမ်က ကျေနပ်စွာ ခေါင်းညိတ်ပြပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“လော့ထျန်းအဖွဲ့ အခြေအနေကော ဘယ်လိုလဲ၊ ငါ ကူညီပေးရမယ့်အရာ ရှိလား”
ထိုအချိန်တွင် လော့ချန်၏ အမူအရာမှာ စိုးရိမ်ပူပန်ဟန်သို့ ပြောင်းလဲသွားသည်။ သူ သက်ပြင်းချရင်း ပြောလိုက်သည်။
“တကယ်တော့ တစ်ခုရှိတယ် ဦးလေးဝမ်ရာ”
မြောင်ဝမ်က မျက်ခုံးပင့်လိုက်ရင်း “ဟေ ဆိုစမ်းပါဦး” ဟု ထောက်ပေးလိုက်သည်။
လော့ချန် စိုးရိမ်တကြီး ပြောလိုက်သည်။
“ပထမဆုံး ပြဿနာက ဘေးကင်းလုံခြုံရေးပါပဲ၊ ဦးလေးဝမ်လည်း လခြမ်းတောင်ကြားကို ရောက်ဖူးတာပဲ၊ အဲ့ဒီနေရာက အပျက်အစီးတွေ ဖြစ်နေတဲ့အပြင် တာဟဲဈေးမြို့တော်ရဲ့ အပြင်ဘက်မှာ သီးခြားဖြစ်နေတာ၊ တကယ်လို့ အင်အားကြီးတဲ့ ကျင့်ကြံသူတစ်ယောက် ဖြတ်သွားလို့ မကောင်းတဲ့ စိတ်ကူးတွေ ဝင်လာရင် ဘယ်လိုလုပ်မလဲ၊ ရန်သူမရှိရင်တောင် တောရိုင်းသားရဲတွေ ဒါမှမဟုတ် မိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်မှုကို ခံရမှာကို စိုးရိမ်ရတယ်၊ ဒါကြောင့် လုံခြုံရေးက အဓိကပဲ”
ထိုအခါမှ မြောင်ဝမ် လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။
“ဒါက ရိုးရှင်းပါတယ်ကွာ”
ပြောပြောဆိုဆိုနှင့် သူသည် သိုလှောင်အိတ်ထဲမှ မှော်အတတ်အလံများစွာနှင့် စက်ဝိုင်းပုံစံ တံဆိပ်ပြားငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုတံဆိပ်ပြားကို မြင်လိုက်ရချိန်တွင် လော့ချန်၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားတော့သည်။
“ဒါ....ဒါက အစီအရင် တံဆိပ်ပြားပဲ”
လော့ချန် ခန့်မှန်းကြည့်ရင်း မေးလိုက်သည်။
“ဒုတိယအဆင့် အစီအရင်လားဗျ”
မြောင်ဝမ်က ခေါင်းခါပြရင်း ပြန်ပြောလိုက်သည်။
“မင်း ဘာတွေ တွေးနေတာလဲကွာ၊ ငါ မင်းကို ဒုတိယအဆင့် အစီအရင် ပေးရင်တောင် မင်း သုံးနိုင်မှာ မဟုတ်ဘူး”
မြောင်ဝမ်၏ စကားမှာ အမှန်ပင် ဖြစ်သည်။ လခြမ်းတောင်ကြားတွင် ဝိညာဉ်ကြော မရှိသဖြင့် ဒုတိယအဆင့် အစီအရင်၏ ကြီးမားလှသော စွမ်းအင်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ချေ။ သို့သော် လော့ချန် သိသည်မှာ ထိုနေရာတွင် ဝိညာဉ်ကြော အစ်ကိုင်းအခက်လေးတစ်ခု ရှိနေသည်ကိုပင်။
မြောင်ဝမ်က ထိုတံဆိပ်ပြားကို ပုတ်ပြရင်း မိတ်ဆက်လိုက်သည်။
“ဒါက ပထမအဆင့် အမြင့်ဆုံး ခံစစ်အစီအရင်ကြီးပဲ၊ ဒီတံဆိပ်ပြားက အဆင့်မြင့် မှော်လက်နက်တစ်ခု သာမန်အချိန်မှာ သုံးမယ်ဆိုရင် မြေကာကွယ်ရေး အစီအရင်နဲ့ အစွမ်းချင်း တူပေမဲ့၊ မင်းသာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို သုံးပြီး အားဖြည့်မယ်ဆိုရင် ခဏအတွင်း ဒုတိယအဆင့် ခံစစ်အစီအရင်နဲ့ ရင်ဘောင်တန်းနိုင်လိမ့်မယ်ကွ”
ထိုသို့ရှင်းပြလိုက်မှ တကယ့်ကို အဖိုးတန်ရတနာမှန်း သိလိုက်ရလေသည်။ ဝိညာဉ်ကြောအပေါ် မှီခိုနေစရာ မလိုဘဲ ဝိညာဉ်ကျောက်တုံးများဖြင့် အသုံးပြုနိုင်ခြင်းမှာ အလွန်ပင် အဆင်ပြေလှသည်။
လော့ချန် ထပ်မေးလိုက်သည်။
“ဒီအစီအရင်ရဲ့ နာမည်က ဘာလဲဟင်”
မြောင်ဝမ်က ထပ်ရှင်းပြကာ ပြန်ဖြေသည်။
“ဒါကို ဓာတ်ကြီးငါးပါး အစီအရင်ငယ် လို့ခေါ်တယ်ကွ၊ ဒါကို အသက်သွင်းမယ်ဆိုရင် လခြမ်းတောင်ကြားကို ဓာတ်ကြီးငါးပါးရဲ့ အပြန်အလှန် အကျိုးပြုမှုတွေနဲ့ ကိုက်ညီအောင် နည်းနည်း ပြန်ပြင်ရလိမ့်မယ်၊ မင်းတို့ဘက်မှာ အစီအရင်အတတ်ကို သိတဲ့သူ ရှိလား” ဟု မြောင်ဝမ် တစ်ဆက်တည်း ပြန်မေးလိုက်သည်။
လော့ချန် မျက်တောင်ခတ်ရင်း စဥ်းစားလိုက်မိသည်။ အမှန်တော့ မရှိဘူးမဟုတ်၊ ရှိသည်။
တွမ်ဖုန်းသည် အစီအရင်အတတ်ကို အနည်းငယ် သိရှိထားသူ ဖြစ်သည်။ မဟုတ်ပါက မှော်လက်နက်များကို ပြုပြင်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
ကျွမ်းကျင်သူ ရှိကြောင်း ပြန်ပြောကာ အတည်ပြုပြီးနောက် မြောင်ဝမ်က ထိုအဆင့်မြင့် အစီအရင်အစုံကို လော့ချန်ထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။
ထို့နောက်တွင် လော့ချန်သည် ဖိုရှန်းဂိုဏ်းမှ ကျန်ရှိနေသော ဆိုင်ခန်းများအကြောင်းကို ဆွေးနွေးပြန်သည်။ မြောင်ဝမ်အတွက်မူ ထိုအရာများမှာ ပြောစရာပင် မလိုသော ကိစ္စများ ဖြစ်သည်။ သူ၏ အမိန့်တစ်ခွန်းတည်းနှင့် အရာအားလုံးကို အလွယ်တကူ ဖြေရှင်းပေးနိုင်ပေသည်။
သို့သော်လည်း လော့ထျန်းအဖွဲ့တွင် မီရှုဟွာ၏ အနွယ်အဆက်ဖြစ်သော မီလီ ရှိနေသည်ကို ကြားလိုက်ရချိန်တွင် မြောင်ဝမ်၏ မျက်နှာမှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။ လော့ချန်ကမူ မိတ်ဆွေဟောင်းအပေါ် လွမ်းဆွတ်မိခြင်းကြောင့်ဟုသာ ယူဆလိုက်သည်။
လော့ချန်သည် ဆေးဖော်စပ်ရာတွင် သုံးသော ဆေးအိုးများနှင့် ဆေးပင်ပံ့ပိုးသူများကဲ့သို့သော အသေးအဖွဲ ကိစ္စအချို့ကိုလည်း ဆွေးနွေးခဲ့သေးသည်။ လမ်းစပျိုးစ လော့ထျန်းအဖွဲ့အတွက်မူ ထိုအရာများမှာ ခက်ခဲသော ကိစ္စများ ဖြစ်သော်လည်း မြောင်ဝမ်အတွက်မူ စကားစပ်ပေးရုံမျှနှင့် ပြေလည်သွားမည့်အရာများ ဖြစ်သည်။
ကိုင်တွယ်စရာ ကိစ္စများစွာ ရှိနေသော်လည်း မြောင်ဝမ်မှာ အနည်းငယ်မျှပင် စိတ်မရှည်ခြင်း မရှိချေ။ ပြင်ပတာဝန်ခံအဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ရခြင်းက သူ၏ စိတ်ရှည်မှုကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။
ထိုအသေးအဖွဲ ကိစ္စများကို ဖြေရှင်းပေးနိုင်မှသာ လော့ထျန်းအဖွဲ့ လျင်မြန်စွာ တိုးတက်လာနိုင်မည် ဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ထားပေသည်။