အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၁၉၅) - မျှော်လင့်မထားသော ပြဇာတ်ဆန်ဆန် ဖြစ်ရပ်ဆန်း
နောက်ဆုံးတွင်မူ လော့ချန်သည် ချင်လျန်ချန်း၏ ပြတ်တောက်သွားသော လက်မောင်းကို ပြန်လည်ဆက်ပေးနိုင်မည့် ကိစ္စကို စတင်ပြောဆိုလိုက်သည်။
မြောင်ဝမ်က မျက်မှောင်ကြုတ်လိုက်ရင်း “အသားစတစ်စတောင် မကျန်ခဲ့ဘူးလား” ဟု မေးလိုက်သည်။
ထိုအခါ လော့ချန်က “ဟုတ်ကဲ့ဗျ.... အဲ့ဒီတိုက်ပွဲမှာ သူက ဘာကိုမှ မငဲ့ကွက်ပဲ အစွမ်းကုန် တိုက်ခဲ့တာမို့လို့ပဲ” ဟု ပြန်ဖြေကာ သက်ပြင်းချလိုက်ရသည်။
မြောင်ဝမ် ခေတ္တ စဉ်းစားလိုက်သည်။
“ဒါကလည်း ဖြစ်နိုင်ပါတယ်လေ၊ သူက ငါ့ရဲ့ ဓားဂိုဏ်းက မဟုတ်တော့ အဲ့ဒီလို အသက်နဲ့လဲရတဲ့ ပညာရပ်မျိုးကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သူ သိမှာမဟုတ်ဘူး”
ချင်လျန်ချန်းသည် အမှန်တကယ်ပင် စွမ်းဆောင်ရည်ရှိသူ တစ်ဦး ဖြစ်သည်ဟု မြောင်ဝမ် တွေးလိုက်မိသည်။ သူ၏ ခွန်အားကို ပြန်လည်ရရှိအောင် လုပ်ပေးနိုင်ပါက လော့ထျန်းအဖွဲ့ကို ကာကွယ်ရာတွင် များစွာ အထောက်အကူပြုပေလိမ့်မည်။
သို့သော် မြောင်ဝမ် ခေါင်းခါလိုက်ရင်း ကောက်ချက်ချလိုက်သည်။
“တကယ့် လက်မောင်းစစ်စစ်ကို ပြန်ဆက်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး”
လော့ချန်တစ်ယောက် စိတ်ဓာတ်ကျကာ မှိုင်တိုင်တိုင် ဖြစ်သွားလေသည်။
ကျောက်စိမ်းအိုးဓားဂိုဏ်းတောင် မလုပ်နိုင်ပါက အတော် မျှော်လင့်ချက်မဲ့လှပေသည်။ သို့သော် ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူ ချက်ချင်း ရိပ်မိလိုက်သည်။ လော့ချန် ခန့်မှန်းကြည့်ရင်း အားတက်သရော မေးလိုက်သည်။
“ဒါဆိုရင်.... အတုဆိုရင်ရနိုင်တဲ့သဘောလား ခင်ဗျ”
မြောင်ဝမ် တစ်ချက် ပြုံးလိုက်လေသည်။
“ဟုတ်တယ် အဲ့ဒါကတော့ မခက်ခဲပါဘူး၊ ဒါပေမဲ့ လိုအပ်တဲ့ ပစ္စည်းဖိုးတွေကိုတော့ မင်းတို့ဘက်က ကျခံရလိမ့်မယ်ကွ”
ထို့နောက် သူ ဆက်ပြောသည်။
“ဩော်.... နောက်တစ်ခုက၊ အဲ့ဒီ လက်တုဆက်တာက သေလုနီးပါး ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရလိမ့်မယ်၊ ချင်လျန်ချန်းကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်အောင် အရင်ပြင်ခိုင်းထားလိုက်ဦး”
လက်မောင်းသစ်တစ်ခု ရနိုင်မည်ဆိုပါက ချင်လျန်ချန်း သေချာပေါက် သဘောတူပေလိမ့်မည်။ ထို့ကြောင့် လော့ချန် သူ့ကိုယ်စား ချက်ချင်းပင် သဘောတူလိုက်တော့သည်။
ထို့နောက် စားသောက်ပွဲ ပြီးခါနီးအချိန်တွင် မြောင်ဝမ် ရုတ်တရက် စကားစလာသည်။
“ဒါနဲ့ စကားမစပ် မနက်ဖြန် သန်ဘက်ခါလောက် မင်း အားတယ်ဆိုရင် ငါနဲ့အတူ နာရေးတစ်ခုကို လိုက်ခဲ့ပါဦး”
ရုတ်တရက် လော့ချန် အံ့သြသွားရင်း မေးလိုက်သည်။
“နာရေး.... ဘယ်သူ့နာရေးလဲဗျ....”
မြောင်ဝမ်က ထူးဆန်းသော အပြုံးဖြင့် ပြန်မေးလိုက်သည်။
“ဘယ်သူဖြစ်မယ် ထင်လဲ”
ထိုသို့ပြောပြီးနောက် မြောင်ဝမ်သည် ပြုံးလျက်သားဖြင့် ထရပ်လိုက်သည်။ ထိုခဏ၌ လော့ချန်၏ မျက်နှာတွင် မထင်မှတ်ထားသော အမူအရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားတော့သည်။
မြောင်ဝမ်သည် လော့ချန်၏ တုံ့ပြန်မှုကို ကျေနပ်သွားပုံရပြီး ဘာမှထပ်မပြောဘဲ ထွက်သွားခဲ့သည်။
....
နှစ်ရက်အကြာတွင် လော့ချန်သည် မီလီနှင့် လက်တစ်ဖက်ပြတ်နေသော ချင်လျန်ချန်းတို့ကို ခေါ်ဆောင်ကာ မြောင်ဝမ်၏ နောက်မှ တောအုပ်တစ်ခုထဲသို့ လိုက်ပါလာခဲ့ကြသည်။
ထို တောအုပ်သည် ဝူယွင်တောင် ပေါ်တွင် ဖြစ်လေသည်။
ထိုနယ်မြေထဲသို့ ခြေချလိုက်သည်နှင့် ချင်လျန်ချန်းအား လော့ချန် လှမ်းကြည့်လိုက်သည်။
ချင်လျန်ချန်းသည် လော့ချန်၏ အကြည့်ကို နားလည်သဖြင့် ရှင်းပြလိုက်သည်။
“အင်း.. ဖိုရှန်းဂိုဏ်းဟာ အရှေ့ပိုင်းလွင်ပြင် တောင်တန်းတွေတစ်လျှောက်မှာ အမဲလိုက်ဖို့၊ ဆေးပင်ရှာဖို့နဲ့ သတ္တုတူးဖို့အတွက် ကင်းစခန်းတွေ အများကြီး ထားခဲ့ဖူးတယ်၊ အဲ့ဒီထဲမှာ အန္တရာယ်ရှိပုံရပေမဲ့ တကယ်တော့ ဘေးကင်းတဲ့ ပုန်းခိုရာနေရာ အချို့လည်း ရှိတယ်....”
“ဝူယွင်တောင်ကတော့ သွေးဆာနေတဲ့ ဧရာမ မိကျောင်းကြီးတွေနဲ့ ရွှံ့နက်တွေထဲကနေ လိုက်ပြီး သတ်ဖြတ်တတ်တဲ့ မြွေကြီး တို့လို ဒုတိယအဆင့် မိစ္ဆာသားရဲတွေ ရှိတယ်လို့ နာမည်ကြီးပြီး အလွန်အန္တရာယ်များတဲ့ နေရာပေါ့ကွာ....”
“ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒီမှာ ယွမ်ချီစွမ်းအင် အပြည့်ရှိတဲ့ လျှို့ဝှက် ချိုင့်ဝှမ်းလေးတစ်ခု ရှိနေပြီး၊ မိစ္ဆာသားရဲတွေက အဲ့ဒီထဲကို ခြေမချရဲကြဘူး.... အဘိုးကြီးမီ ဒီနေရာကို ရှာတွေ့တုန်းက ဒါကို ဘေးကင်းနယ်မြေအဖြစ် သတ်မှတ်ခဲ့တာ.... သူ ယုံကြည်ရတဲ့ လူအနည်းငယ်ပဲ ဒါကို သိကြတာ”
‘ယွမ်ချီစွမ်းအင်ရှိတဲ့ ချိုင့်ဝှမ်းဆိုပါလား....’
ထိုအမည်ကို ကြားလိုက်ရချိန်တွင် ဤနေရာကို အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကို လော့ချန် သဘောပေါက်သွားသည်။ ယွမ်ချီစွမ်းအင်သည် လောကရှိ ဓာတ်ကြီးငါးပါးစလုံးကို ဖိနှိပ်နိုင်သည်ဟု ဆိုစမြဲ မဟုတ်ပါလော။
ယွမ်ချီစွမ်းအင် ပြင်းထန်သော နေရာတိုင်းသည် ကျင့်ကြံရန်နှင့် နေထိုင်ရန် မသင့်တော်ချေ။ ဝူယွင်တောင်တွင် အင်အားကြီး မိစ္ဆာသားရဲများ ရှိနေသော်လည်း၊ ဤချိုင့်ဝှမ်းမှာမူ ဘေးအကင်းဆုံး ပုန်းခိုရာ ဖြစ်နေပေလိမ့်မည်။
အကြောင်းမှာ မိစ္ဆာသားရဲအားလုံးသည် ယင်၊ ယန်နှင့် ဓာတ်ကြီးငါးပါး၏ စည်းမျဉ်းအောက်တွင် ရှိနေကြသဖြင့် ၎င်းတို့၏ ပင်ကိုယ်အသိစိတ်ကပင် ဤနေရာကို ရှောင်ရှားသွားကြသောကြောင့် ဖြစ်သည်။
ရှေ့မှ ပျံသန်းနေသော မြောင်ဝမ်သည် ချင်လျန်ချန်း၏ ရှင်းပြချက်ကို ကြားသွားသဖြင့် တဟားဟားရယ်မောလိုက်သည်။
“မှန်တာပေါ့.... ရွှေအမြုတေဂူသင်္ချိုင်း တိုက်ပွဲတုန်းကသာ မိတ်ဆွေဟောင်းကြီးမီက ဒီနေရာကို သုံးပြီး ရန်သူတွေနဲ့ မိစ္ဆာသားရဲတွေရဲ့ လက်ကနေ ထွက်ပြေးမသွားခဲ့ရင်၊ ငါလည်း သူ့ရဲ့ ဒီလို လျှို့ဝှက်ချက်ကို သိမှာ မဟုတ်ဘူး၊ ဒါပေမဲ့ နှမြောစရာပဲ ငါ ကိုယ်တိုင် စစ်ဆေးကြည့်တော့ ဒီမှာ သံလိုက်သတ္တုလွှာ ပါးပါးလေးပဲ ရှိတာ သုံးစားလို့ မရပါဘူး၊ မဟုတ်ရင်တော့ သံလိုက်သတ္တုရိုင်း တစ်တုံးလောက် ရတာနဲ့တင် ငါ ဂိုဏ်းကို ပြန်သွားပြီး အကြီးအကဲ ဖြစ်နေပြီ ဟား....ဟား....”
သံလိုက်သတ္တုရိုင်းမှာ အလွန်အဖိုးတန်ပြီး အညံ့ဆုံးအဆင့်ပင်လျှင် တတိယအဆင့် သတ္တုပစ္စည်းအဖြစ် သတ်မှတ်ခံရသည်။ သို့သော် ပမာဏ များများစားစား မရှိပါကလည်း ဘာမှ အသုံးမဝင်ချေ။
လေးဦးသား စကားတပြောပြောဖြင့် ဝူယွင်တောင်၏ အတွင်းပိုင်းသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လာကြသည်။ တောနက်ထဲမှ မိစ္ဆာသားရဲတို့၏ ဟိန်းသံများမှာ တစ်ခါတစ်ရံ ပဲ့တင်ထပ်နေပြီး၊ ပြင်းထန်လှသော အရှိန်အဝါများမှာလည်း အနီးမှ ဖြတ်သန်းသွားတတ်သဖြင့် ချီသန့်စင်အဆင့် ကျင့်ကြံသူ သုံးဦးစလုံးမှာ ကြောက်ရွံ့မှုကြောင့် မျက်နှာများ ဖြူလျော့ကုန်ကြသည်။
မြောင်ဝမ်ပင်လျှင် ပြုံးရွှင်နေသော အမူအရာ ပျောက်ကွယ်သွားပြီး မျက်နှာထားတင်းလာခဲ့သည်။ ဘေးကင်းနယ်မြေဟုသာ ဆိုသည်။ လာရသည့် လမ်းခရီးမှာ အလွန်ပင် အန္တရာယ်များလှသည်။
မီလီမှာမူ လော့ချန်၏ နောက်တွင် ပုန်းအောင်းနေရင်း၊ သူမ၏ ဖြူလျော့နေသော မျက်နှာလေးတွင် စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်တို့ ရောပြွမ်းနေသည်။ သူမသည် မီမျိုးနွယ်စုမှ အသက်ရှင်ကျန်ရစ်သူများ ရှိနေမည်ဆိုသော ယုံကြည်ချက်ကိုမူ မရေမရာဆုပ်ကိုင်ထားမိသည်။
လက်ဖက်ရည် တစ်အိုးကျိုချိန်ခန့်အကြာတွင်....။
သူတို့ လေးဦးသည် စိမ်းလန်းစိုပြေလှသော တောအုပ်တစ်ခုအထက်တွင် ရပ်တန့်လိုက်ကြသည်။ မြောင်ဝမ်က တစ်ချက်ကြည့်လိုက်ရုံနှင့် ပြုံးလိုက်ပြီး လော့ချန်လည်း အောက်သို့ ငုံ့ကြည့်လိုက်သည်။ အပေါ်ယံကြည့်လျှင် ထူးခြားမှု မရှိသော်လည်း၊ သူ၏ နတ်မျက်စိမှော်အတတ်ကို အသုံးပြုလိုက်ချိန်တွင်မူ တစ်ခုခု လွဲမှားနေသည်ကို ချက်ချင်း သတိပြုမိသွားသည်။
ထိုတောအုပ်ထဲရှိ သစ်ပင်အားလုံးမှာ သေဆုံးနေခြင်း ဖြစ်သည်။ ၎င်းတို့ကို အသက်ရှိသယောင် ထင်ရအောင် အထူးနည်းစနစ်များဖြင့် ပြုပြင်ထားခြင်းသာ ဖြစ်သည်။
ထိုသေဆုံးနေသော တောအုပ်အတွင်း၌ အစီအရင်တစ်ခုက အောက်တွင် ရှိနေသည့်အရာများကို ဖုံးကွယ်ထားသည်။ မီရှုဟွာမှာ အမှန်တကယ် ဉာဏ်များကာ အရှည်ကြည့်တတ်သူ ဖြစ်သည်ဟု ဆိုရပေမည်။ သူသည် ဤသို့ နည်းလမ်းကောင်းများ ရှာရှာဖွေဖွေ တွေ့တတ်ပေသည်။
ထိုသို့တွေးနေစဥ် မြောင်ဝမ်က သူတို့ စီးနင်းလာသော တိမ်တိုက်ကို ဖျက်သိမ်းလိုက်ပြီး အောက်သို့ ဆင်းသက်ကာ ပြောလိုက်သည်။
“အားလုံးပဲဆင်းကြရအောင်၊ ကဲ မီလီလေး.... မင်း အဘိုးအတွက် အမွှေးတိုင် တစ်တိုင်တော့ ထွန်းပေးရမယ် မဟုတ်လား”
ခြောက်သွေ့နေသော သစ်ပင်များကြားမှ ဖြတ်သန်းသွားချိန်တွင် ရေလှိုင်းလေးတစ်ခုက ခန္ဓာကိုယ်ကို ပွတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် ငိုကြွေးသံများမှာ နားထဲသို့ တိုးဝင်လာတော့သည်။
“ဘယ်သူတွေလဲကွ” ဟု မေးလိုက်သော ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက်တွင် ပျာပျာသလဲ ဖြစ်သွားကြသော အသံများနှင့် ဆူညံသံများ ထွက်ပေါ်လာသည်။ မြောင်ဝမ်က သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ပြီး လက်အုပ်ချီကာ ပြောလိုက်သည်။
“မိတ်ဆွေဟောင်းတစ်ယောက် အဖိတ်အကြားမရှိဘဲ ရောက်လာတာပါ၊ ကွယ်လွန်သွားရှာတဲ့ ဘက်တော်သားတစ်ယောက်အတွက် အမွှေးတိုင် လာထွန်းတာပါ”
“မိတ်ဆွေဟောင်းဟုတ်လား တာဝန်ခံမြောင်”
ချိုင့်ဝှမ်းအတွင်းရှိ ကျင့်ကြံဆင့် အမြင့်ဆုံးလူထံမှ အံ့သြတုန်လှုပ်သော အသံ ထွက်ပေါ်လာသည်။
ထိုသူမှာ အခြားမဟုတ်။ စီကုန်းယွမ်ဟုန် ဖြစ်သည်။
လော့ချန် အံ့သြသွားရသည်။
‘ဒီလူ အသက်ရှင်နေသေးတယ်လား....’
ရွှမ်ယီအဖွဲ့နှင့် လီမျိုးနွယ်စုသည် မီမျိုးနွယ်စုကို သုတ်သင်ရာတွင် အဓိက အင်အားစုဖြစ်ကြောင်း သူ နောက်ပိုင်းတွင် ကြားသိခဲ့ရသည်။
ထိုတိုက်ပွဲမှာ သွေးချောင်းစီးခဲ့ပြီး ယင်းမာဆိပ်ကမ်းတစ်ခုလုံးကို နီရဲသွားစေခဲ့သည်ဟု ဆိုကြသည်။ ထိုသတ်ဖြတ်မှု၏ ခေါင်းဆောင်မှာ မီမျိုးနွယ်စု၏ သမက်ဖြစ်သူ စီကုန်းယွမ်ဟုန်ပင် ဖြစ်ရပေမည်။ သူ အသက်ရှင်ကျန်ရစ်သည်မှာ မယုံနိုင်စရာတစ်ခုပင်ဖြစ်သည်။
စီကုန်းယွမ်ဟုန်၏ မျက်နှာမှာ သံသယနှင့် စိုးရိမ်စိတ်တို့ ရောယှက်နေပြီး၊ သူ အခြားသူများကို တွန်းဖယ်ကာ မြောင်ဝမ်၏ ရှေ့သို့ ရိုသေစွာ တိုးလာခဲ့သည်။ သူ ခါးကို ညွှတ်ကာ ဂါရဝပြုလိုက်လေသည်။
“ဒီညီငယ်က တာဝန်ခံမြောင်ကို ဂါရဝပြုပါတယ် ခင်ဗျာ”
မြောင်ဝမ်က အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ ပြန်မပြောဘဲ ပတ်ဝန်းကျင်ရှိ လူများကိုသာ ဝေ့ကြည့်လိုက်သည်။ လူအများကြီး မရှိချေ။ စုစုပေါင်း နှစ်ဆယ် သုံးဆယ်ခန့်သာ ရှိသည်။
အများစုမှာ ချီသန့်စင် အစောပိုင်း သို့မဟုတ် အလယ်အလတ်အဆင့်များ ဖြစ်ကြပြီး သာမန်လူ အနည်းငယ်လည်း ပါဝင်သည်။ အားလုံးမှာ မီမျိုးနွယ်စု၏ သမက်ဖြစ်သူ စီကုန်းယွမ်ဟုန်ကို သူတို့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားပုံရသည်။
မြောင်ဝမ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
“မင်းတို့ တော်တော်လေး ပင်ပန်းခဲ့ကြမှာပဲ”
ထို့နောက် သူသည် စီကုန်းယွမ်ဟုန်အား ကျော်ဖြတ်ကာ ရှေ့သို့ လှမ်းတက်သွားရင်း ဆက်ပြောသည်။
“အသက်ရှင်ကျန်ရစ်တဲ့ မီမျိုးနွယ်စုဝင်တွေကို အခုလို စုစည်းထားနိုင်တာ မင်းရဲ့ ကြိုးစားမှုက တကယ့်ကို ချီးကျူးစရာပဲ၊ မိတ်ဆွေဟောင်းမီသာ တမလွန်ကနေ ဒါကို သိရင် တော်တော်လေး စိတ်သက်သာရာ ရမှာပဲ”
ရုတ်တရက် သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ မြောင်ဝမ်၏ အကြည့်မှာ အသစ်စက်စက် ထွင်းထုထားသော အုတ်ဂူကျောက်စာတိုင်ထံသို့ ရောက်ရှိသွားသည်။ စီကုန်းယွမ်ဟုန်က တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး “မလုပ်ပါနဲ့ ” ဟု အလိုအလျောက် အော်ဟစ်ကာ တားဆီးရန် လက်ကမ်းလိုက်သည်။
သို့သော် တစ်ဖက်လူက သူ့အား ဂရုမစိုက်ချေ။
“ဟော.... မိတ်ဆွေဟောင်းကြီး ရောက်လာပြီပဲ၊ ဘာလို့ ထွက်ပြီး မတွေ့တာလဲဗျ”
ထိုသို့ မြောင်ဝမ် အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်ပြီးနောက် ပြင်းထန်လှသော ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ မီမျိုးနွယ်စုဝင် အားလုံးမှာ ဘေးသို့ လွင့်စင်သွားကြတော့သည်။
ထို့ပြင် ထိုစွမ်းအင်သည် အုတ်ဂူကို ပွင့်ထွက်သွားစေပြီး အောက်ရှိ ခေါင်းတလားကို တိုက်ရိုက်ပင် မြေပေါ်သို့ ဆွဲထုတ်လိုက်တော့သည်။ လော့ချန်၏ နောက်တွင် ရပ်နေသော မီလီမှာ ရင်ကွဲမတတ် အော်ဟစ်လိုက်သည်။
“အဘိုး”
လော့ချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နောက်သို့ တစ်လှမ်း တိတ်တဆိတ် ဆုတ်လိုက်သည်။ မြောင်ဝမ်၏ စကားအရဆိုလျှင်....။
‘မီရှုဟွာက တကယ် မသေသေးတာလား’
ဝုန်း....
ခေါင်းတလားအဖုံးမှာ ပွင့်ထွက်သွားသော်လည်း အတွင်း၌ ရုပ်အလောင်း မရှိချေ။ အဖိုးတန် အဝတ်အစားပုံကြီး တစ်ပုံသာ ရှိနေသည်။
မြောင်ဝမ် ၎င်းကို တစ်ချက်ကြည့်ပြီးနောက် လှည့်ကြည့်လိုက်သည်။
“အထိမ်းအမှတ် ဂူဗိမာန် လား”
စီကုန်းယွမ်ဟုန်၏ မျက်နှာမှာ အရှက်ကြောင့် နီရဲသွားပြီး ဆိုသည်။
“ကျွန်တော်တို့ ဂိုဏ်းချုပ်ရဲ့ ရုပ်အလောင်းကို ပြန်မရခဲ့လို့ပါ၊ ဒါကြောင့် ဒီလိုပဲ လုပ်လိုက်ရတာပါ"
မြောင်ဝမ်က မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို သပ်လိုက်ရင်း ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်လေသည်။ ထို့နောက် မီမျိုးနွယ်စုဝင် နှစ်ဆယ်ကျော်ကို ဝေ့ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ဩော်.... အဲ့ဒီလိုလား....ဒါဆိုရင်တော့ မင်းတို့ကို ဆက်ထားထားဖို့ အကြောင်းမရှိတော့ဘူး”
နောက်တစ်ခဏတွင် သူ၏ ပါးစပ်ထဲမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာတော့သည်။ ၎င်းမှာ မျက်စိတစ်မှိတ်အတွင်း လေထုကို ဖြတ်သန်းသွားသည်။
ရှု.... ရှု.... ရှု....
ထိုဓားအလင်းတန်းသည် ရွှေရောင်ပုတီးစေ့လေးတစ်ခုအဖြစ် သူ၏ လက်ထဲသို့ ပြန်ရောက်လာချိန်တွင်မူ နာရေးအခမ်းအနားတွင် ရှိနေသော မီမျိုးနွယ်စုဝင် အားလုံးမှာ တစ်ဦးပြီးတစ်ဦး မြေပြင်ပေါ်သို့ လဲကျကုန်ကြတော့သည်။
အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ စီကုန်းယွမ်ဟုန်ပင်လျှင် ထိုဓားစွမ်းအင်အောက်တွင် အသက်ပျောက်ခဲ့ရပြီဖြစ်ရာ မီမျိုးနွယ်စု၏ နောက်ဆုံးကျန်ရှိသောအစအနမှာလည်း ထာဝရ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ရုတ်တရက် တိုက်ခိုက်မှုဖြစ်ပြီး ထိုသူသည် ဓားသိုင်းကျင့်ကြံသူ တစ်ဦးလည်း ဖြစ်နေပြန်ရာ၊ မည်သူကများ အချိန်မီ တုံ့ပြန်နိုင်ပါ့မည်နည်း။
ဤအဖြစ်အပျက်မှာ ရုတ်တရက်ဆန်လွန်းလှသဖြင့် လော့ချန်၊ မီလီနှင့် ချင်လျန်ချန်းတို့မှာ လုံးဝ အဆင်သင့်မဖြစ်ဘဲ ကြောင်အသွားကြရသည်။
ဘာကြောင့်များပါလိမ့် ဟုလဲ ဆွံ့အခြင်းများစွာ ဖြစ်သွားရသည်။
မြောင်ဝမ်က ထိုရွှေရောင်ပုတီးစေ့ကို ပြန်လည် မျိုချလိုက်ပြီး အေးအေးလူလူ လမ်းလျှောက်လာရင်း ဆိုသည်။
“အားလုံးကြည့်ရတာ သိချင်နေတဲ့ပုံပဲ....”
လော့ချန် မမေးဘဲ မနေနိုင်တော့ချေ။
“ဒါ.... ဒါ ပေမဲ့.... သူက သေသွားပြီ မဟုတ်လား”
ထိုအခါ မြောင်ဝမ် ခေါင်းညိတ်ပြလိုက်သည်။
“သူ သေတာကတော့ ကျိန်းသေပါတယ်၊ ဒါပေမဲ့ ရုပ်အလောင်းမရှိဘူး၊ ဒီ့အပြင် သူ့ရဲ့ မှော်ရတနာတွေ အကုန်လုံးလည်း ပျောက်နေတယ်”
“ဒါက သူ့ကို ဝိုင်းတိုက်တဲ့သူတွေက အဲ့ဒီ ရတနာတွေကို ခွဲယူသွားကြတာ မဟုတ်ဘူးလားဗျာ....”
လော့ချန် မျက်မှောင်ကြုတ်လိုက်ရင်း မချင့်မရဲ ပြန်ပြောလိုက်သည်။
မြောင်ဝမ်က ထပ်မံခေါင်းညိတ်ပြပြန်သည်။
“အေး မင်းပြောတာလည်း ဖြစ်နိုင်တာပဲ.... အဲ့ဒါကြောင့်လည်း အသက်ရှင်ကျန်ရစ်တဲ့ ဒီမီမျိုးနွယ်စုဝင်တွေကို ဆက်ထားစရာ မလိုတော့တာပေါ့"
‘ဒါက ဘယ်လို ကောက်ချက်ချမှုမျိုးပါလိမ့်’ ဟု တွေးကာ လော့ချန် ဇဝေဇဝါ ဖြစ်သွားရသည်။
ထိုအခိုက် မြောင်ဝမ်သည် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး၊ လော့ချန်၏ နောက်တွင် ရှိနေသော မီလီကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
“ဒီကလေးမလေးလဲ သေသင့်တာပဲ” ဟု မြောင်ဝမ် ဆိုလိုက်သည်။
“မလုပ်ပါနဲ့ဗျာ”
ချင်လျန်ချန်း၏ ပြတ်သားသော အော်ဟစ်သံ ထွက်ပေါ်လာသည်။ သို့သော် မြောင်ဝမ် သူ့အား လှည့်ကြည့်လိုက်ချိန်တွင်မူ ချင်လျန်ချန်းသည် မိမိပြောလိုက်သော စကားကို ပြန်လည် သတိထားမိသွားသည်။ သူ၏ ကျောပြင်တွင် ချွေးအေးများ စီးကျလာပြီး အလိုအလျောက် နောက်သို့ တစ်လှမ်း ဆုတ်မိသွားတော့သည်။
သို့သော် မြောင်ဝမ် စိတ်မဆိုးချေ။ ထိုအစား သူ လော့ချန်ကို ကြည့်ကာ သဘောကျစွာ ပြုံးလိုက်သည်။
“မင်းကော ဘယ်လိုထင်လဲ လော့ချန်”
လော့ချန် ပါးစပ်အနည်းငယ် ဟသွားပြီး သူ၏ ဦးနှောက်မှာ အစွမ်းကုန် အလုပ်လုပ်နေတော့သည်။ မီလီမှာ အမှန်တကယ်ပင် အသုံးမဝင်လှချေ။ သူမ၏ ကျင့်ကြံဆင့်မှာ ချီသန့်စင်ခြင်း အဆင့် ၄ မျှသာ ဖြစ်ပြီး၊ ဖော်စပ်နည်းတစ်မျိုးတည်းကိုသာ တတ်မြောက်ထားသူ ဖြစ်သည်။ ဖိုရှန်းဂိုဏ်း၏ နောက်ဆုံး သွေးမျိုးဆက်အဖြစ် သူမ၏ အခန်းကဏ္ဍမှာလည်း ပြီးခဲ့သော လဝက်အတွင်း များစွာ လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။
ပြန်လာသော အဖွဲ့ဝင်ဟောင်း အများစုမှာ သူမအတွက် ပြန်လာကြခြင်း မဟုတ်ဘဲ၊ လော့ချန်၏ အရည်အချင်းကြောင့်သာ ပြန်လာကြခြင်း ဖြစ်သည်။ သူမကို သတ်လိုက်ခြင်းက နောင်တွင် ဖြစ်လာနိုင်မည့် အန္တရာယ်မှန်သမျှကို အမြစ်ဖြတ်ရာ ရောက်ပေလိမ့်မည်။ သို့သော် မီလီမှာ အားနွဲ့သော အမျိုးသမီးလေး တစ်ဦးသာ ဖြစ်ပြီး မည်သူ့ကိုမျှ အန္တရာယ် မပြုခဲ့ဖူးချေ။
သူမသည် ဆေးဖော်ဆောင်တွင် အမြဲ အလုပ်ကြိုးစားခဲ့ပြီး၊ လော့ချန်၏ လက်အောက်တွင် သစ္စာရှိစွာ နေထိုင်သူ ဖြစ်သည်။ ယုတ္တိဗေဒအရ ဆိုလျှင်မူ သူသည် သူမအား ကာကွယ်ပေးသင့်သည်။
သူမကို သတ်ခြင်းဖြင့် ဘာအကျိုးမှ မရနိုင်သလို၊ သူမကို ထားရှိခြင်းဖြင့်လည်း ဘာအန္တရာယ်မှ မရှိနိုင်ချေ။ အထူးသဖြင့် မီမျိုးနွယ်စု၏ နောက်ဆုံး မျိုးဆက်များမှာ ယခုလေးတင် မျိုးတုံးသွားခဲ့ပြီ မဟုတ်ပါလော။
သို့သော် သူမကို ကာကွယ်ရန် သူ အတင်းအကြပ် ကြိုးစားမည်ဆိုပါက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မြောင်ဝမ်ကို စိတ်ဆိုးအောင် လုပ်မိရာ ရောက်မည်လား ဆိုသည်ကိုလည်း တွေးပူရပြန်သည်။
လော့ချန်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်လာတော့သည်။ ချင်လျန်ချန်းကမူ လော့ချန် “သတ်” ဟု ပြောမည်ကိုရော၊ “မသတ်နဲ့” ဟု ပြောမည်ကိုပါ တစ်ပြိုင်နက်တည်း စိုးရိမ်နေမိသည်။
သူမသာ သေဆုံးသွားပါက မီမျိုးနွယ်စုမှာ အမှန်တကယ်ပင် မျိုးတုံးသွားပေလိမ့်မည်။
တစ်ဖက်တွင် မီလီမှာမူ ကြောင်စီစီငေးနေပြီး စောနက တက်ကြွနေသော မျှော်လင့်ချက်လေးများလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမ ဤနေရာသို့ လာခဲ့သည်မှာ မိခင်ဖြစ်သူ ပျောက်ဆုံးနေသည်ကို တွေ့ရှိရန်၊ အဘိုး၏ ရုပ်အလောင်း ဂူထဲတွင် မရှိသည်ကို သိရှိရန်နှင့် သူမ၏ ဆွေမျိုးသားချင်း အားလုံး ရှေ့တင် အသတ်ခံလိုက်ရသည်ကို မြင်တွေ့ရန်အတွက်သာ ဖြစ်ခဲ့ရသည်။
ယခုမူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူမကို သတ်ရန် ကြိုးစားနေပြန်ပြီ။ သူမ ဘာတတ်နိုင်ပါတော့မည်နည်း။ သေမင်းကို စောင့်ဆိုင်းရုံမှတစ်ပါး အခြားမရှိချေ။
ခေတ္တမျှ ကြာပြီးနောက် လော့ချန်၏ ခြောက်ကပ်နေသော လည်ချောင်းမှ အသံတစ်သံ ထွက်ပေါ်လာသည် ။
“ဦးလေးဝမ်.... ကျွန်တော့်အမြင်အရဆိုရင်တော့....”
မြောင်ဝမ်က လော့ချန်၏ ပုခုံးကို ပုတ်လိုက်သည်။
“ကဲပါ တော်ပြီ.... မင်းက လူလည်ပဲကွ.... မသတ်ပဲ ဒီအတိုင်းပဲ ထားလိုက်ရအောင်”
ထိုသို့ ပြောလိုက်သော မြောင်ဝမ်၏ စကားကြောင့် လော့ချန်မှာ ပါးစပ်အနည်းငယ် ဟလျက်သားဖြင့် ထိုစကား၏ အဓိပ္ပာယ်ကို လုံးဝ နားမလည်နိုင်ဘဲ ကျန်ရစ်ခဲ့တော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၁၉၆) - ပြန်မရနိုင်တော့သော အတိတ်ခြေရာများ
လခြမ်းတောင်ကြားအတွင်း သို့မဟုတ် ပို၍တိကျစွာဆိုရလျှင် ယခုအခါ လော့ထျန်းအဖွဲ့၏ ဌာနချုပ်အတွင်း၌ ဖြစ်သည်။
နေထိုင်သူများ၏ ကျောက်အိမ်တန်းများနှင့် ခံစစ်စခန်းများမှာ မညီမညာကြမ်းတမ်းလှသော မြေပြင်ထက်တွင် မားမားမတ်မတ် ပေါ်ထွန်းလာနေပြီ ဖြစ်သည်။ လော့ချန်သည် တံခါးကို ပိတ်လိုက်ပြီးနောက် လှည့်ကြည့်လိုက်ရာ ချင်လျန်ချန်း၏ စိတ် ရှုပ်ထွေးနေသော မျက်နှာအမူအရာကို တွေ့လိုက်ရသည်။
“ကလေးမလေးက တာဝန်ခံမြောင် ပေးတဲ့ စိတ်ငြိမ်ဆေးလုံးကို သောက်လိုက်ပြီလား” ဟု ချင်လျန်ချန်းက အလျင်စလိုမေးလိုက်လေသည်။
“သူ ကိုယ်တိုင်ပဲ သဘောတူပြီး သောက်လိုက်တာပါ၊ အခုကစပြီး သူ တစ်နေ့မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်မချင်း ဒီကာလအတွင်းက မှတ်ဉာဏ်တွေကို အကုန်မေ့သွားလိမ့်မယ်” ဟု လော့ချန် သက်ပြင်းချလိုက်ရင်း ဖြေလိုက်သည်။
ချင်လျန်ချန်းက သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။
“မီလီက တကယ့်ကို သနားစရာကောင်းတဲ့ မိန်းကလေးပါပဲ”
ထို့နောက် သူသည် လော့ချန်၏ တည်ငြိမ်နေသော ပုံစံကို ကြည့်ရင်း မနေနိုင်ဘဲ မေးလိုက်မိသည်။
“နေစမ်းပါဦး.... အဲ့ဒီတုန်းက မင်း တကယ်ပဲ ဘာကို....”
သူ့ စကားသူ အဆုံးမသတ်မီမှာပင် သူ ခါးသီးစွာ ပြုံးလိုက်ပြီး သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။
“ငါ့အမှားပါပဲလေ.... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ရှေ့မှာ မင်းရဲ့အဖြေက ဘာမှအရာမရောက်ပါဘူး.... ငါက ဘာလို့ အကြောင်းရင်းအမှန်တရားကို လိုက်ရှာနေမိတာလဲ”
လော့ချန် ဘာမှ ပြန်မပြောချေ။ ကျင့်ကြံသူတစ်ဦး ပေါ့ပေါ့ဆဆ စွန့်ပစ်လိုက်သော မြေစာပုံအောက်တွင် တဖြည်းဖြည်း နစ်မြုပ်သွားနေသည့် အဝေးမှ ပန်းကလေးတစ်ပွင့်ကိုသာ ငေးကြည့်နေမိသည်။
ထို့နောက် ချင်လျန်ချန်းက ဝမ်းနည်းကြေကွဲဖွယ် လေသံဖြင့် ဆက်ပြောသည်။
“တာဝန်ခံမြောင်က မီမျိုးနွယ်စုဝင်တွေကို ငါတို့ရှေ့တင် သတ်ပြလိုက်တာဟာ လော့ထျန်းအဖွဲ့အတွက် နောင်လာမယ့် အန္တရာယ်တွေကို ဖယ်ရှားပေးတာလည်း ဖြစ်သလို၊ ငါတို့တွေကိုလည်း မဟုတ်တာ မကြံစည်ဖို့ သတိပေးလိုက်တာပဲ....သူ့ရဲ့ အကာအကွယ်ကို ယူပြီး အေးအေးဆေးဆေး အလုပ်လုပ်၊ ကျင့်ကြံလို့ ရမယ်လို့ ငါထင်ခဲ့တာ အခုတော့ ငါတို့က ကျားနဲ့ အတူအိပ်နေရသလို ဖြစ်နေပြီကွာ”
လော့ချန်တစ်ယောက် အတွေးထဲ နစ်နေဆဲဖြစ်သည်ကို မြင်သောအခါ ချင်လျန်ချန်းက ခေါင်းခါလိုက်ပြီး သူ၏ ပုခုံးကို ပုတ်ကာ ဆိုသည်။
“အများကြီး မတွေးပါနဲ့ကွာ၊ အနည်းဆုံးတော့ အခု မင်းဟာ အရင်ကထက် ပိုပြီး လွတ်လပ်သွားပြီ မဟုတ်လား”
လော့ချန် လေးပင်စွာ ခေါင်းတစ်ချက် ညိတ်လိုက်ပြီးနောက် လခြမ်းတောင်ကြား၏ အနက်ရှိုင်းဆုံးနေရာရှိ အပြာရောင်ကျောက်ပြားလမ်းအတိုင်း လျှောက်သွားမိသည်။
သူ့နောက်တွင် ကျန်ရစ်ခဲ့သော ချင်လျန်ချန်းမှာ အတွေးပေါင်းစုံတွေးကာ သက်ပြင်းချရင်း အခန်းအပြင်ဘက်မှာပင် ရပ်ကျန်ခဲ့တော့သည်။
“အဘိုးကြီးမီမှာ ဒီသွေးမျိုးဆက် တစ်ယောက်လေးပဲ ကျန်တော့တာကိုကွာ၊ အရင်က ဘယ်လိုပဲ ရန်ငြိုးတွေ ရှိခဲ့ပါစေ၊ သေတဲ့သူတွေကတော့ သေကုန်ကြပြီ၊ ဘာလို့ ကျန်ရစ်တဲ့ မျိုးနွယ်စုဝင်တွေကိုပါ ဆွဲထည့်နေကြတာလဲ၊ ဘာပဲဖြစ်ဖြစ် အဘိုးကြီးမီ သူတို့ကို အရင်က ကျေးဇူးပြုခဲ့ဖူးတာပဲ မဟုတ်လား”
“မင်္ဂလာပါ အဖွဲ့ချုပ်ခေါင်းဆောင်....”
“ဂါရဝပြုပါတယ်.... အဖွဲ့ချုပ်ခေါင်းဆောင်”
ရိုသေစွာ နှုတ်ဆက်သံများမှာ နားထဲတွင် ပဲ့တင်ထပ်နေသော်လည်း လော့ချန်ကမူ သူ့အတွေးနှင့်သူ ဘာမှမကြားသကဲ့သို့ လခြမ်းတောင်ကြား၏ တောင်ထိပ်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။ ယခင် ဤနေရာသို့ သူ ရောက်ဖူးသော်လည်း ထိုစဉ်ကသာမာန် တောင်ထိပ်မျှသာ ဖြစ်သည်။
ယခုမူ တောင်ပေါ်မှနေ၍ ချိုင့်ဝှမ်းကို ငေးကြည့်ရင်း ရှုခင်းများမှာ များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။ မြောင်ဝမ်ထံမှ ဓာတ်ကြီးငါးပါး အစီအရင်ငယ်ကို ရရှိပြီးနောက် လခြမ်းတောင်ကြား၏ ပြန်လည်တည်ဆောက်ရေး စီမံကိန်းကို ပြုပြင်ခဲ့ရသည်။
တွမ်ဖုန်း၏ ကြီးကြပ်မှုဖြင့် သစ်ပင်အမြောက်အမြားကို ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ တောင်တန်းများနှင့် သတ္တုကြောများကို လမ်းကြောင်းပြောင်းခြင်းတို့ကြောင့် ဤနေရာသည် ရွှေနှင့် မြေဓာတ်တို့ လှိုင်းတွန့်သဏ္ဍာန် ယှဉ်တွဲနေသော အနေအထားသို့ ရောက်ရှိလာသည်။
ကျင့်ကြံသူများသည် တောင်ကြားရှိ စိမ့်စမ်းရေကို လမ်းကြောင်းလွှဲကာ တောင််ကြား အတွင်းနှင့် အပြင်တွင် ရေကန်ငယ်လေးများကိုလည်း ဖန်တီးထားကြသည်။
ထို့ပြင် မြေအနေအထားမှာ တောင်ဘက်သို့ မျက်နှာမူထားရာ လီနန်းတော်၏ တည်နေရာနှင့် ကိုက်ညီနေပြီး ကျင့်ကြံသူများ၏ နေ့စဉ် လှုပ်ရှားမှုများက မီးဓာတ်စွမ်းအင်ကို သဘာဝအလျောက် ထုတ်လုပ်ပေးနေသည်။
ထိုသို့ဖြင့် လခြမ်းတောင်ကြားသည် ဓာတ်ကြီးငါးပါး အပြန်အလှန် အကျိုးပြုကာလည်ပတ်နေသော အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ဤကဲ့သို့သော အသွင်ကူးပြောင်းမှုမှာ တစ်နေ့တည်းနှင့် မဖြစ်နိုင်ချေ။ ယခုအခါတွင်မူ ၎င်းမှာ ရှေ့ပြေးပုံစံမျှသာ ဖြစ်ပြီး နောင်တွင် ဆက်လက် ပြုပြင်မွမ်းမံရန် လိုအပ်သေးသည်။
လော့ထျန်းအဖွဲ့သည် နောက်ဆုံးတွင် ခြေကုပ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ဤရှုခင်းကို ကြည့်နေရင်း လော့ချန်မှာ ပျော်ရွှင်သင့်သော်လည်း သူ၏ စိတ်ထဲတွင် ဘာခံစားချက်မျှ မရှိချေ။ သူ၏ အတွေးထဲတွင် မြောင်ဝမ်၏ ရက်စက်လွန်းကာ ကျေနပ်နေသော အပြုံးကသာ ထပ်ခါတလဲလဲ ပေါ်လာနေသည်။
‘မြွေကို တွင်းထဲက ထွက်လာအောင် မျိုးနွယ်စုဝင်တွေကို သားကောင်အဖြစ် သုံးပြီး ဆွဲဆောင်တာလား၊ မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်ပြသလိုမျိုး နောင်လာမယ့် အန္တရာယ်တွေကို အမြစ်ဖြတ်ပြတာလား’
‘ဒီကိစ္စတွေ မရှိရင်တောင် ငါက သူ့ကို ဘယ်တော့မှ အာခံမှာ မဟုတ်ဘူးလေ၊ ဒါဆို ဘာလို့ သူက မီလီကို အသုံးချခံတစ်ခုလို နောက်ဆုံးအထိ သုံးသွားရတာလဲ.... နောင်တစ်ချိန်မှာ လော့ထျန်းအဖွဲ့က သူ့အပေါ်မှာ ကလိမ်ကျမှာ စိုးလို့ ကြိုတင် သတိပေးချင်တာမျိုးလား....’
ထိုကဲ့သို့ တွေးရင်းနှင့်ပင် လော့ချန်သည် မီမျိုးနွယ်စုဝင်များကို အပြတ်မကျန်ရှင်းပစ်ခဲ့သော မြောင်ဝမ်၏ ပုံရိပ်အားအတွေးထဲမှ မဖျောက်ဖျက်နိုင် ဖြစ်နေလေသည်။
ဝူယွင်တောင်ရှိ ယွမ်ချီစွမ်းအင်ချိုင့်ဝှမ်းသို့ သွားခဲ့သော ခရီးစဉ်သည် တစ်ချက်ခုတ် သုံးချက်ပြတ်မကဘဲ အကျိုးကျေးဇူးများစွာ ရယူသွားခြင်း ဖြစ်သည်။
သူသည် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကျောက်ခဲလေးများကို ကောက်ကာ ပစ်ပေါက်နေမိသည်။ ကျောက်ခဲလေးများမှာ တောင်ထိပ်ပေါ်တွင် အပေါက်ငယ်လေးများ ဖြစ်သွားစေသည်။
“ဒါပေမဲ့ ဘာလို့ သူက ကျေနပ်သွားရတာလဲ.... ငါက ဘာဆုံးဖြတ်ချက်မှ မချခဲ့ဘဲနဲ့.... ဘာကြောင့်လဲ”
လော့ချန် စဉ်းစားမရ ဖြစ်နေစဉ် မြောင်ဝမ်၏ ထိုစကားစုက သူ၏ စိတ်ထဲတွင် ပြန်ပေါ်လာသည်။
“....မင်းက လူလည်ပဲကွ....”
လော့ချန်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရသည်။ ခေတ္တမျှ ကြာပြီးနောက် သူ၏ နှုတ်ခမ်းတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာတော့သည်။
ဟုတ်ပေသည်။ မြောင်ဝမ် စိတ်ကျေနပ်သွားရခြင်းမှာ လော့ချန်သည် လူလည် တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
မီရှုဟွာ၏ သွေးမျိုးဆက်ကို ကာကွယ်ရန် ချင်လျန်ချန်းက အသိစိတ်ဖြင့် ချက်ချင်း ရှေ့ထွက်ခဲ့သည်။ ထိုအချက်ကို အစ်ကိုးအကားပြုလျှင် လော့ချန် စိတ်ထဲတွင် တွေးတောချိန်ဆနေသည့် အချိန်မှာပင် မြောင်ဝမ်သည် သူ၏ ရည်ရွယ်ချက်ကို အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် လော့ချန်အနေဖြင့် မီလီကို သတ်ရန် ဗြောင်ကျကျ ငြင်းဆန်ခဲ့လျှင်ဖြစ်စေ သို့မဟုတ် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လျှင်ဖြစ်စေ ထိုအရာများမှာ မြောင်ဝမ် အလိုမရှိဆုံး ရလဒ်များ ဖြစ်ပေလိမ့်မည်။
အကြောင်းမှာ ထိုရွေးချယ်မှုများက လော့ချန်ကို စိတ်ခံစားချက်နောက် လိုက်တတ်သောလူ သို့မဟုတ် အကျိုးအမြတ်နောက်ကိုသာ လိုက်တတ်သော လူယုတ်မာ ဖြစ်ကြောင်း သက်သေပြရာ ရောက်သောကြောင့် ဖြစ်သည်။
မြောင်ဝမ်မှာ ထိုကဲ့သို့သောသူမျိုးကို အလိုမရှိချေ။ ပထမလူစားမျိုးမှာ စိတ်ခံစားချက်ကြောင့် အမှားလုပ်တတ်ပြီး အောင်မြင်မှုကြီးကြီးမားမား မရနိုင်ချေ။ ဒုတိယလူစားမျိုးမှာမူ သူ့ထက် ပိုကောင်းသော အခွင့်အရေးပေးသူရှိလျှင် ချက်ချင်း သစ္စာဖောက်မည့်သူ ဖြစ်သည်။
မြောင်ဝမ် အလိုရှိသည်မှာ အကျိုးနှင့် အပြစ်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး၊ တည်ငြိမ်ကာ ကိုယ်ပိုင် အတွေးအခေါ်ရှိသော စီးပွားဖက် ကိုသာ ဖြစ်သည်။ ထိုသို့သောသူသည် ထိန်းချုပ်ရလွယ်ကူပြီး သူ့အား ဒုက္ခပေးလိမ့်မည် မဟုတ်ချေ။
“လော့ချန်.... မင်း ဘယ်လိုထင်လဲ” ဟူသော စကားမှာ လော့ချန်၏ စိတ်ကို စမ်းသပ်ခြင်းသာ ဖြစ်သည်။ စိတ်စမ်းသပ်ရန် ပြင်ဆင်လာခဲ့ပြီးနောက် မြောင်ဝမ် ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
လော့ချန်၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာ ပေါ်လာသည်။ အရာအားလုံးကို နားလည်သွားချိန်တွင် သူ မိမိကိုယ်မိမိ အားမလိုအားမရ ဖြစ်သွားမိသည်။
“ဩော်.... ဒါဆို.... ငါက ဒီလိုလူမျိုးပေါ့....” ဟု သူ ညည်းတွားလိုက်မိသည်။
မိမိ၏ စိတ်နှလုံးကို စမ်းသပ်ခံရပြီး ထိုရလဒ်ကို မြင်တွေ့လိုက်ရခြင်းက သူ့အား အရှက်ရစေသည်။ သို့မဟုတ် လူတိုင်းမှာ မိမိ၏ စစ်မှန်သော ရုပ်သွင်ကို ရင်ဆိုင်ရန် ခက်ခဲတတ်ကြသောကြောင့်လည်း ဖြစ်နိုင်သည်။ လူတို့သည် မိမိတို့၏ ဆုံးဖြတ်ချက်တိုင်းကို မှန်ကန်ကြောင်း သက်သေပြရန် မိမိတို့၏ လုပ်ရပ်များကို အမြဲ အလှဆင်တတ်ကြသည်။
လော့ချန်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သူသည် မိမိကိုယ်မိမိ မိတ်ဆွေအတွက် အသက်ပေးဝံ့သူ၊ အားနည်းသူကို မနှိပ်စက်သူ၊ တတ်နိုင်သမျှ ကြင်နာတတ်သူဟု အမြဲ ထင်မှတ်ခဲ့သည်။
သို့သော် ပြင်းထန်သော အာဏာစက်အောက်တွင် သူ့စိတ်သဘောထား ခံယူချက်သည် ဖုံးကွယ်၍ မရပဲ ဗူးပေါ်သလိုပေါ်ခဲ့လေပြီ။ သူသည် လူတော်စစ်စစ်လည်း မဟုတ်သလို၊ လူယုတ်မာစစ်စစ်လည်း မဟုတ်ချေ။ သူသည် လူအများကြားမှ သာမန် လူလည် တစ်ယောက်မျှသာ ဖြစ်ပေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်၏ ဖိအားအောက်တွင် သူသည် အားနည်းသော မီလီကို နှိပ်စက်မိလိမ့်မည်။ အကယ်၍ မြောင်ဝမ်သာ ချင်လျန်ချန်းကို သတ်မည်ဆိုပါကလည်း သူ ဘေးမှ ရပ်ကြည့်နေမိပေလိမ့်မည်။ ကြင်နာမှုဆိုသည်မှာ အင်အားကြီးသူများအတွက် ကရုဏာသက်မှု တစ်ခုပင်ဖြစ်လေသည်။
မြောင်ဝမ်၏ ရှေ့တွင် သူသည် အားနည်းသူဖြစ်နေသဖြင့် သူ မကြင်နာနိုင်ခဲ့ချေ။
“ဒါပေမဲ့ ငါ.... ငါ....”
လော့ချန် တစ်ကိုယ်လုံး တုန်ခါလာတော့သည်။ သူ အံတင်းတင်းကြိတ်ထားပြီး နဖူးတွင် အကြောများ ထောင်တက်လာသည်။
“ဒါတွေက ငါ့ရဲ့ ဆန္ဒမဟုတ်ဘူးလေ....”
“ဘာလို့များ သူတစ်ပါးက ငါ့ကို ဒီလို ရွေးချယ်မှုတွေ လုပ်ခိုင်းရတာလဲ....”
“ဘာလို့ ငါ့ရဲ့ စိတ်ကို စမ်းသပ်ရတာလဲ....”
“လူတော်ပဲဖြစ်ဖြစ်၊ လူယုတ်မာပဲဖြစ်ဖြစ်၊ တော်တဲ့သူပဲဖြစ်ဖြစ်၊ မိုက်တဲ့သူပဲဖြစ်ဖြစ်.... နောက်ဆုံးတော့ ဒါဟာ အားကြီးတဲ့သူက အနိုင်ရစမြဲပဲ၊ ငါသာ အားကြီးတဲ့သူ ဖြစ်နေရင်.... လူတော်လုပ်မလား၊ လူယုတ်မာလုပ်မလားဆိုတာ ငါ့ရဲ့ စိတ်ကူးတစ်ချက်ပဲ၊ ကြင်နာတာနဲ့ ရက်စက်တာဟာ ငါ့ရဲ့ စိတ်ကြိုက်ရွေးချယ်မှုပဲ ဖြစ်ရမယ်....”
ထိုသို့ ရေရွတ်ရင်း ပေါက်ကွဲနေသော ဒေါသများ၊ မခံချင်စိတ်များကို လျှော့ချနိုင်ရန် ကြိုးစားလိုက်လေသည်။ လော့ချန်သည် တစ်ကိုယ်လုံး တုန်ခါနေရာမှ စိတ်ထိန်းလိုက်ပြီး သွေးစို့နေသော နှုတ်ခမ်းကို ထပ်မကိုက်ပဲ လျှော့လိုက်သည်။
ထို့နောက် သူ လှောင်ပြုံး ပြုံးလိုက်ကာ ‘ငါ့ရဲ့ အပြစ်က အင်အားနည်းနေတာပဲ’ ဟူ၍လည်း ခါးသီးစွာ တွေးလိုက်မိသည်။
သူသာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ခဲ့ပါက မြောင်ဝမ်သည် ဤကဲ့သို့သော စိတ်နှလုံးစမ်းသပ်မှုကို အကန့်အသတ်မရှိ လုပ်ဝံ့မည်မဟုတ်ပေ။ လော့ချန် တောင်ထိပ်မှ ငှက်ကလေးတစ်ကောင်ကဲ့သို့ အောက်သို့ လွှားခနဲ ဆင်းသက်လိုက်ရင်း တိုးတိုးလေး ကျိန်ဆိုလိုက်လေသည်။
“ငါ့ရဲ့ စိတ်ခံယူချက်ကို မြင်အောင် လုပ်ပေးတာက ကျေးဇူးတရားဆိုရင်.... ငါ့ကို အခုလို အရှက်ရအောင် လုပ်တာကတော့ ရန်ငြိုးပဲ.... ဦးလေးဝမ်ရေ.... ကျွန်တော်တို့ နောင်တစ်ချိန်မှာ ပြန်ဆုံကြဦးမှာပါ”
သူ မျက်လုံးများကို မှေးလိုက်ပြီး အေးစက်သောလေကို တစ်ဝကြီး ရှူသွင်းလိုက်လေတော့သည်။
....
“လော့ချန်.... ရှင်ရော ဘယ်လိုထင်လဲ”
အသစ်ဖွင့်လှစ်ထားသော ရွှေခန်းမဆောင် အတွင်း၌ ကူချိုင်ယီသည် အမျိုးသမီး ဆယ်ဦးကို ဦးဆောင်ကာ လော့ချန်ကို ပြုံး၍ ကြည့်နေသည်။
နုပျိုချောမောသော အမျိုးသမီးလေးများ အစဥ်လိုက် ရပ်နေသည်ကို ကြည့်ပြီး လော့ချန်မှာ နောက်တစ်သုတ် ထပ်ခေါ်ဦးလေ ဟု ပြောမိတော့မလို ဖြစ်သွားသည်။ သူ မေးစေ့ကို ပွတ်ရင်း ခေါင်းခါလိုက်သည်။
“မဖြစ်သေးဘူး၊ သူတို့က အရမ်းကို ကျိုးနွံလွန်းနေတယ်”
ကူချိုင်ယီ ဇဝေဇဝါ ဖြစ်သွားသည်။ သူမနောက်မှ အမျိုးသမီး အများစုမှာ သူမ၏ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။ အချို့မှာ တာဟဲဈေးမြို့တော်မှ တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ပြီး၊ အချို့မှာ ထျန်းရှန်းမျှော်စင် မှ အတွေ့အကြုံရှိကြသူများ ဖြစ်သည်။ အမျိုးသမီးနှစ်ဦးမှာ ဖျော့တော့နေသော အမူအရာ ရှိကြပြီး ချီသန့်စင် အဆင့် ၃ တွင် ရှိကြသည်။
သူတို့သည် ယခင်ကမူ အဆင့် ၃ မဟုတ်ကြချေ၊ အဆင့် ၉ အထိ ရောက်ခဲ့ဖူးသူများ ဖြစ်သည်။ သို့သော် ထျန်းရှန်းမျှော်စင် တာဝန်ခံ ပြောင်းသွားပြီးနောက် ဟွာအမည်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ နှိပ်စက်မှုကို ခံရသဖြင့် ကျင့်ကြံဆင့်များ ကျဆင်းသွားခြင်း ဖြစ်သည်။
လော့ချန် ဤအချက်ကို ထောက်ပြမနေတော့ဘဲ ရှင်းပြလိုက်သည်။
“ငါတို့ လိုချင်တာက ဝယ်သူတွေကို နွေဦးလေပြည်လေးလို ခံစားရစေမယ့် ဧည့်ခံမှုမျိုး လုပ်နိုင်တဲ့သူပဲ၊ စကားပြောတတ်ရုံတင်မကဘဲ မင်းတို့ရဲ့ အမူအရာက ယုံကြည်မှု ရှိနေရမယ်၊ အင်အားကြီးတဲ့သူကိုလည်း ဖားစရာမလိုသလို၊ သာမန်ကျင့်ကြံသူတွေကိုလည်း အထင်မသေးရဘူး.... မှတ်ထား.... သူတို့ ကျေနပ်မှ ငါတို့ ဝိညာဉ်ကျောက်တုံး ရမှာ၊ စည်းမျဉ်းက ရိုးရှင်းပါတယ်၊ မင်းတို့ ဝိညာဉ်ဆေးနန်းဆောင်ကို ရောက်ဖူးတယ် မဟုတ်လား၊ အဲ့ဒီက အရောင်းသမားတွေထက်စာရင် ပိုပြီး နူးညံ့ပျူငှာပြီး ချဉ်းကပ်ရလွယ်ကူဖို့ပဲ လိုတယ်”
ထိုသို့ပြောလိုက်သောအခါ အားလုံး နားလည်သွားကြသည်။ ဂိုဏ်းနှင့် ဆက်နွယ်နေသော ဆိုင်များမှ ဝန်ထမ်းများသည် အလိုအလျောက် ဘဝင်မြင့်နေတတ်ကြသဖြင့် လူဆင်းရဲများကို လျစ်လျူရှုတတ်ကြသည်။ ထို့ကြောင့် သူတို့ထက်ပို၍ ပျူငှာနေရုံဖြင့် လုံလောက်ပေသည်။
“ငါတို့ရဲ့ ဆေးလုံးအရည်အသွေးက သူတို့ကို မမီသေးပေမဲ့၊ ငါတို့ရဲ့ ဝန်ဆောင်မှုကတော့ သာနေရမယ်၊ ဒါ့အပြင် လော့ထျန်းအဖွဲ့က အဖွဲ့ဝင်စနစ်ကို ကျင့်သုံးမယ်၊ ကြေးဝါ အဆင့် ၊ ငွေကြယ်အဆင့်၊ ရွှေရောင်အဆင့် ဆိုပီး အဆင့်သုံးဆင့် ထားလိုက်မယ်....သူတို့ ဝယ်ယူ သုံးစွဲတဲ့ ပမာဏအလိုက် ဝယ်တာများရင် များသလောက် ခံစားခွင့်တွေ ကွဲပြားလိမ့်မယ်၊ ဒါတွေကို အလွတ်မှတ်ပြီး ဝယ်သူတွေကို စည်းရုံးရမယ်”
လော့ချန်သည် သူ၏ စီးပွားရေး အတွေးအခေါ်များကို တစ်ဆင့်ချင်း သင်ကြားပေးလိုက်သည်။
လော့ထျန်းအဖွဲ့သည် အဆင့်မြင့် အဖွဲ့ဝင်များအတွက် အခမဲ့ နို့လက်ဖက်ရည်၊ လျှော့စျေးများနှင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်း ဝန်ဆောင်မှုများကို ထည့်သွင်းထားသည်။
“ဒါပေမဲ့.... ကျောက်စိမ်းအမြုတေဆေးလုံး ဝယ်ဖို့တင် ဝိညာဉ်ကျောက်တုံး တစ်သောင်းအထိ သုံးမယ့်သူ ရှိပါ့မလား” ဟု ကူချိုင်ယီက အံ့သြစွာ မေးသည်။
“ရှိတာပေါ့၊ ဒါတွေက သာမန်လူတွေအတွက် မဟုတ်ဘူး၊ အင်အားကြီးအဖွဲ့တွေအတွက် ရည်ရွယ်တာ၊ သူတို့က သူတို့ရဲ့ လက်အောက်ငယ်သားတွေအတွက် ဆေးလုံးတွေကို အမြောက်အမြား ဝယ်ယူကြရတာဆိုတော့ လော့ထျန်းအဖွဲ့ရဲ့ လျှော့စျေးက သူတို့အတွက် များစွာ တွက်ခြေကိုက်ပေလိမ့်မယ်” ဟု လော့ချန် တည်ငြိမ်စွာ ပြုံးရင်း ပြန်ပြောလိုက်လေသည်။
လော့ချန်သည် ကမ္ဘာမြေမှ သူ၏ လုပ်ငန်းအတွေ့အကြုံများကို အသုံးချကာ စီးပွားရေး နည်းဗျူဟာသစ်များကို ချမှတ်ပေးခဲ့ခြင်း ဖြစ်သည်။
သူ ရွှေခန်းမဆောင်မှ ထွက်ခွာခါနီးတွင် ကူချိုင်ယီအား စာအုပ်ငယ်လေး တစ်အုပ် ပေးခဲ့သည်။ ထိုစာအုပ်ထဲတွင် ဝယ်သူများကို မည်သို့ စည်းရုံးရမည်၊ ဆေးလုံးများကို မည်သို့ တွဲဖက်ရောင်းချရမည် စသည့် အဖိုးတန် နည်းလမ်းများ ပါဝင်သည်။
ထို့နောက် သူ့ဦးလေး ချင်လျန်ချန်းတို့ ဇနီးမောင်နှံနှင့် သွားရောက် ဆုံတွေ့လေသည်။
“အဆင်သင့် ဖြစ်ပြီလား” ဟု လော့ချန် မေးလိုက်လေသည်။
ထိုအခါ မုရုံချင်းလျန်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“အင်း အဆင်သင့်ပါပဲ....လျန်ချန်းလည်း အနားယူထားတာ ရက်ပေါင်းများစွာ ရှိပြီဆိုတော့ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်....ကုန်ကျစရိတ် ဝိညာဉ်ကျောက်တုံးတွေလည်း အလုံအလောက် ရှိပါတယ်" ဟု သူမ စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ပြန်ဖြေလေသည်။
လော့ချန်သည် ချင်လျန်ချန်းအား တစ်ချက် ကြည့်လိုက်ရာ ချက်လျန်ချန်းက ခေါင်းညိတ်ပြလာသည်။
“ကိုင်း ဒါဆိုရင်တော့ သွားကြစို့....”
သုံးဦးသား လေခွင်းအတတ်ကို သုံး၍ ချိုင့်ဝှမ်းပြင်ပသို့ ပျံသန်းထွက်ခွာလာကြစဉ် ချင်လျန်ချန်းက တစ်နေရာကို လှမ်းကြည့်လိုက်သည်။
ပိုးစာပင် တစ်ပင်ထက်တွင် ဝတ်စုံဖြူ ဝတ်ထားသော မိန်းကလေးတစ်ဦးသည် သစ်ကိုင်းပေါ်တွင် ထိုင်နေပြီး သူမ၏ ဖြူလွလွ ခြေထောက်လေးများကို ဖြည်းဖြည်းချင်း လွှဲနေသည်။ သူမ၏ မျက်နှာလေးမှာ ဖျော့တော့နေပြီး မျက်လုံးများမှာလည်း အတွေးထဲ နစ်နေကာ အောက်မှ ဆောက်လုပ်နေဆဲဖြစ်သော နေအိမ်ငယ်များကို ငေးကြည့်နေသည်။
“မီလီက လွန်ခဲ့တဲ့ ရက်ပိုင်းက တစ်ခုခုကို တုန်လှုပ်သွားပဲ၊ သူ အတိတ်က ဖြစ်ရပ်တွေကို ရုတ်တရက်ကြီး မေ့သွားတယ်လို့ကြားတယ်” ဟု မုရုံချင်းလျန်က သက်ပြင်းချရင်း ပြောသည်။
“မီမျိုးနွယ်စု ကျဆုံးသွားတာက သူ့အတွက် အရမ်းကို စိတ်ထိခိုက်စေတာပဲ ဖြစ်မယ်”
ထိုသို့ မုရုံက ကောက်ချက်ချလိုက်သောအခါ လော့ချန်နှင့် ချင်လျန်ချန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘာမှမပြောဘဲ တိတ်ဆိတ်စွာဖြင့်သာ ခရီးဆက်ခဲ့ကြတော့သည်။
သေချာသည်မှာ ဝူယွင်တောင်တွင် ဖြစ်ပျက်ခဲ့သမျှကို သူတို့ နှစ်ဦး မည်သည့်အခါမျှ ထုတ်ပြောကြတော့မည် မဟုတ်ပေ။