← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

လော့ချန်နှင့် သူ၏စွန့်စားခန််းများ

အခန်း (၁၉၇) - ရွှေပိုးချည်ဆက်ထုံး နှင့် မမျှော်လင့်ထားသော ရွှေ ဧည့်သည်

မကြာမီပင် လော့ချန်တို့ သုံးဦးသည် ကျောက်စိမ်းအိုးဓားနန်းဆောင်သို့ ရောက်ရှိလာကြသည်။

ရင်းနှီးနေပြီးသားဖြစ်သည့် အဘိုးစွန်းရှို့သည် အပေါက်ဝတွင် ရပ်နေရင်း သူတို့အား လက်ယမ်းပြကာ ခေါ်လိုက်သည်။

အတွင်းသို့ ဝင်လိုက်သည်နှင့် စွန်းရှို့ စိတ်ပျက်လက်ပျက် လေသံဖြင့် ဆူပူတော့သည်။

“မင်းတို့လို နောက်ပေါက်တွေကတော့ နေ့တိုင်း သတ်ကြဖြတ်ကြဖို့ပဲ သိကြတယ်၊ ကိုယ့်ကိုယ်ကိုယ်ရော ကောင်းကောင်းမွန်မွန် မနေတတ်ကြဘူးလား"

သူ စုတ်တသက်သက်ဖြင့် ဆက်ပြောသည်။

“ဒီလက်ပြတ်သွားတာ ဒါနဲ့ဆို ဒုတိယအကြိမ်ရှိပြီ မဟုတ်လား”

“ငါ့အမြင်ပြောရရင်တော့ မင်းအတွက် လက်သစ်တစ်ခု ပြန်ဆက်ပေးရင်တောင် ဒီတစ်သက် အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး၊ ကိုယ်ခန္ဓာနဲ့ အရေပြားဆိုတာ မိဘက ပေးထားတဲ့ ဆုလာဘ်တွေပဲ၊ ဒါတွေက မင်းတို့ ကျင့်ကြံခြင်းရဲ့ အခြေခံပဲလေ၊ ဘယ်လိုများ ဒီလောက်တောင် ပေါ့ဆနိုင်ရတာလဲ”

သူ၏ ပွစိပွစိ ပြောဆိုနေမှုများကို ချင်လျန်ချန်းက တိတ်ဆိတ်စွာ နားထောင်နေပြီး မုရုံချင်းလျန်ကမူ စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များ ပြနေသည်။

ခေတ္တကြာသော် စွန်းရှို့သည် သူတို့သုံးဦးအား တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုရှေ့သို့ ခေါ်ဆောင်သွားပြီး လက်ဖြန့်လိုက်သည်။

မုရုံချင်းလျန်က လက်ပြန်ဆက်ခ အဆင့်လတ် ဝိညာဉ်ကျောက်တုံး သုံးဆယ် ထည့်ထားသည့် အိတ်ငယ်လေးကို ချက်ချင်း ကမ်းပေးလိုက်သည်။ ထိုအထဲတွင် ဆေးကျင့်ကြံသူ ငှားရမ်းခနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းဖိုးများ အားလုံး ပါဝင်သည်။ စွန်းရှို့သည် အိတ်ကို လက်ထဲတွင် ချိန်ဆကြည့်ပြီးနောက် သူတို့အား လက်ဝှေ့ယမ်းပြလိုက်သည်။

“ဝင်သွားကြတော့” ဟု သူ ဆိုလိုက်သည်။

ချင်လျန်ချန်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး အခန်းတွင်းသို့ လှမ်းဝင်သွားသည်။

လော့ချန်နှင့် မုရုံချင်းလျန်တို့ကမူ သတင်းကောင်းကို စောင့်မျှော်ရင်း အပြင်ဘက်တွင် ကျန်ရစ်ခဲ့ကြသည်။ စွန်းရှို့သည် ငြိမ်ငြိမ်မနေနိုင်ဘဲ လော့ချန်တို့နှင့် စကားစမြည် ပြောဆိုနေလေသည်။

“ကုန်ကျစရိတ် ဝိညာဉ်ကျောက်တုံး သုံးထောင်ဆိုတာ တကယ်တော့ မများပါဘူး၊ ကျောက်စိမ်းအိုးဓားနန်းဆောင်ထဲမှာတောင် အနည်းဆုံး နှစ်ထောင်လောက် ပေးရတာ"

“ဒီတစ်ခါ ချင်လျန်ချန်းရဲ့ လက်ကို ပြန်ဆက်ပေးမှာက ဂိုဏ်းအမွေဆက်ခံသူ လော့ထျန်းဟုန် ကိုယ်တိုင်ပဲ၊ သူက ရွှေပိုးခြည်ဆက်ထုံး လျှို့ဝှက်ချက်ကို သုံးမှာကွ....”

အဘိုးအို၏ ရှင်းပြချက်ကြောင့် လော့ထျန်းဟုန်သည် မည်မျှပင် ထူးချွန်သူဖြစ်ကြောင်း လော့ချန် သိရှိသွားရသည်။ သူသည် အထက်တန်းစား မျိုးနွယ်စုမှ ဆင်းသက်လာရုံသာမက ပါရမီလည်း အလွန်ထူးချွန်သဖြင့် စောစီးစွာပင် ဂိုဏ်း၏ အလားအလာအကောင်းဆုံး မျိုးဆက်ခံ တပည့်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

သူ့တွင် သူမတူအောင် ကျွမ်းကျင်လှသော ဓားသိုင်းပညာအပြင် ဆေးပညာတွင်လည်း အင်မတန် ကျွမ်းကျင်လှသည်။ တစ်နည်းဆိုရသော် သူသည် ဓားကျင့်ကြံသူတစ်ဦးဖြစ်သလို ဆေးကုသသူ တစ်ဦးလည်း ဖြစ်သည်။

ဤတွင်မကပဲ ရတနာပစ္စည်း စစ်ဆေးခြင်းနှင့် လေလံပွဲများတွင်လည်း ဗဟုသုတ အလွန်နှံ့စပ်သူ ဖြစ်သည်။

သူ တာဟဲဈေးမြို့တော်သို့ ရောက်ရှိနေခြင်းမှာ မျိုးဆက်ခံတပည့်များ မဖြစ်မနေ လုပ်ဆောင်ရမည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ တာဝန်တစ်ခုကြောင့် ဖြစ်သည်။ တာဝန် ပြီးဆုံးပါက သူ ဂိုဏ်းသို့ ပြန်ကာ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်တော့မည်ဖြစ်သည်။

အကယ်၍ သူသည် အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိပါက ဂိုဏ်း၏ ဂိုဏ်းအမွေခံ ဘွဲ့ထူးအတွက် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။ အောင်မြင်ခဲ့ပါက နောင်တစ်ချိန်တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်လာရန်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

“လက်ပြန်ဆက်တဲ့အခါ ချင်လျန်ချန်းရဲ့ အသားနဲ့ အရိုးအချို့ကို ပွားယူပြီး နတ်ရွှေပိုးကောင်က ထွက်တဲ့ ရွှေပိုးခြည်တွေနဲ့ ပေါင်းစပ်ရတာ၊ ဒါမှသာ လက်သစ်က ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်ပြီး မူလလက်အတိုင်း သဘာဝကျကျ လှုပ်ရှားနိုင်မှာ”

“စကားမစပ်၊ ချင်လျန်ချန်းက ရွှေဓာတ် ဝိညာဉ်အမြစ် ရှိနေလို့ တော်သေးတာ၊ မဟုတ်ရင် ဒီထက် အဆပေါင်းများစွာ ဈေးကြီးတဲ့ ရနံ့ဆက်ထုံး ဒါမှမဟုတ် ငရဲမီးဆက်ထုံး တွေကို သုံးရလိမ့်မယ်၊ အဲဒီနည်းလမ်းနှစ်ခုကိုတော့ ငါတို့ဂိုဏ်းရဲ့ ရွှေအမြုတေအဆင့် အကြီးအကဲတွေပဲ တတ်မြောက်ထားကြတာ၊ အခကြေးငွေကလည်း မင်းတို့ တတ်နိုင်တဲ့ ပမာဏ မဟုတ်ဘူး”

ထိုကဲ့သို့သော အဘိုးအို၏ တတွတ်တွတ် ပြောဆိုသံများကြောင့် မုရုံချင်းလျန်၏ စိုးရိမ်စိတ်များ အနည်းငယ် လျော့ပါးသွားသည်။ သူမသည် လက်သစ် ပြန်လည်ကောင်းမွန်လာပြီးနောက် သတိထားရမည့် အချက်များနှင့် ကျင့်သားရအောင် ပြုလုပ်ရမည့် အစီအစဉ်များကို အသေးစိတ် မေးမြန်းနေတော့သည်။ စွန်းရှို့သည်လည်း ဘာမှ ဖုံးကွယ်မထားဘဲ အသေးစိတ် ညွှန်ကြားချက်များ ပေးလေသည်။

ရုတ်တရက်....

“အား....အား....အား....”

သည်းထိတ်ရင်ဖိုစရာ အော်ဟစ်သံကြီးတစ်ခု ငြိမ်သက်နေသော အခန်းတွင်းမှ ပေါက်ကွဲထွက်ပေါ်လာသည်။

လော့ချန်၏ မျက်ခုံးများ ပင့်တက်သွားသည်။ ဤအခန်းသည် အသံလုံသော စီရင်ထုံး တည်ဆောက်ထားသည့် အခန်းဖြစ်သည်။ ဦးလေးချန်အနေဖြင့် ဤမျှ အသံလုံသော စီရင်ထုံးကို ဖောက်ထွက်ပြီး အော်ဟစ်ရသည်အထိ မည်မျှများ နာကျင်နေရပါသနည်း။

ချက်ချင်းဆိုသလိုပင် မုရုံချင်းလျန်သည် သူမ၏ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားရာ လက်ချောင်းများ ကြားထဲမှ အရေပြားများပင် နစ်ဝင်နေတော့သည်။ စွန်းရှို့ သက်ပြင်းချရင်း ဆိုသည်။

“သူ ခံနိုင်ရည်ရှိပါစေလို့ပဲ မျှော်လင့်ရတာပဲ၊ ဒီလိုလက်ပြန်ဆက်တဲ့ နည်းလမ်းက ဓားဂိုဏ်းထဲမှာတောင် သုံးခဲတယ်၊ အဲဒီနာကျင်မှုက သာမန်လူတစ်ယောက် ခံနိုင်ရည်ထက် အများကြီး ပိုတယ်”

“ကိုင်း မင်းတို့နှစ်ယောက် ဒီမှာ ခဏစောင့်နေကြ၊ ငါ တခြားကိစ္စလေးတွေ ရှိသေးလို့ သွားလိုက်ဦးမယ်”

“ဟုတ်ကဲ့ ဂရုစိုက်သွားပါ အဘိုးစွန်း”

ထို့နောက် မုရုံချင်းလျန်သည် အခန်းအပြင်ဘက်တွင်ပင် ကျန်ရစ်ခဲ့သည်။ လော့ချန်သည် စွန်းရှို့အား အပြင်အထိ လိုက်ပို့ရင်း၊ မြို့ပြင်ရှိ ဖိုရှန်းဂိုဏ်းပိုင် လုပ်ငန်းဟောင်းများကို လွှဲပြောင်းယူမည့် ကိစ္စကို အခွင့်သာခိုက် မေးမြန်းလိုက်သည်။

သူ ပြန်ရောက်လာသည့်အချိန်တွင် အခန်းတွင်းနှင့် အပြင်၌ တိတ်ဆိတ်ငြိမ်သက်နေပြီ ဖြစ်သည်။

ဓားတစ်စင်းကဲ့သို့ ထက်မြက်ပြီး ကျောက်စိမ်းကဲ့သို့ ချောမောလှပသော အမျိုးသားတစ်ဦး အပြင်သို့ လှမ်းထွက်လာသည်။ သူကား လော့ထျန်းဟုန် ပင် ဖြစ်သည်။

လော့ချန် သူ့ကို မှတ်မိသည်။ လေလံပွဲတွင် ကျောက်စိမ်းအိုးဓားနန်းဆောင် ကိုယ်စား လေလံပွဲကို ဦးဆောင်ကျင်းပခဲ့သူ မဟုတ်ပါလော။ သို့သော် လေလံပွဲတုန်းက ကဲ့သို့ ဖော်ရွေသော အမူအရာနှင့် မတူဘဲ၊ ယခု သီးသန့်တွေ့ဆုံချိန်တွင်မူ သူသည် အေးစက်ပြီး ခပ်စိမ်းစိမ်း ရှိလှသည်။ သူသည် မုရုံချင်းလျန်အား တစ်ချက်ပင် လှည့်မကြည့်ဘဲ အပြင်သို့ တန်းတန်းမတ်မတ် ထွက်သွားသည်။

လော့ချန်သည် သူ့ဘေးနားမှ လော့ထျန်းဟုန် ဖြတ်သွားသည့်အခိုက် ချက်ချင်း ဘေးသို့ဖယ်ပေးကာ ရိုသေစွာ ခေါင်းငုံ့လိုက်သည်။ ရုတ်တရက် ထိုသူ့ ‌ခြေသံများသည် သူ့အရှေ့တွင် ခဏမျှ ရပ်တန့်သွားသည်။

လော့ချန် မော်မကြည့်သော်လည်း စူးရှသော အကြည့်တစ်ချက်က သူ့ထံသို့ ကျရောက်လာသည်ကို သူ ခံစားလိုက်ရသည်။ ခဏအကြာတွင် ခြေသံများ ပျောက်သွားကာ ထိုသူမှာ မြင်ကွင်းမှ ထွက်ခွာသွားတော့သည်။

ထိုသူ ပျောက်မသွားခင်၌ လော့ချန်၏ နားထဲတွင် စကားတစ်ခွန်း ကြားခဲ့လိုက်ရသည်။

“ကုသတာ အောင်မြင်သွားပြီ၊ နောက် ခြောက်နာရီကြာမှ အထဲဝင်သွားလိုက်”

လော့ချန် ခေတ္တမျှ ကြောင်အသွားသည်။ သူ ခေါင်းမော့ကြည့်လိုက်သောအခါ ထိုသူ၏ ကျောပြင်မှာ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုသူသည် သူ့အား အဘယ်ကြောင့် သေချာ ကြည့်သွားရသနည်း။

မီရှုဟွာ သို့မဟုတ် မြောင်ဝမ်နှင့် အဆက်အဆံရှိသော လူတစ်ယောက် ဖြစ်သောကြောင့်များလား ဟု တွေးနေရင်း လော့ချန် နားမလည်နိုင်အောင် ဖြစ်နေလေသည်။ သို့သော်လည်း မုရုံချင်းလျန်ထံသို့ ကုသမှု ပြီးဆုံးသွားကြောင်း သတင်းစကားကို ချက်ချင်း ပါးလိုက်သည်။

သူတို့နှစ်ဦးသည် မျှော်လင့်ချက်အပြည့်နှင့် အပြင်တွင် စောင့်ဆိုင်းနေကြရုံမှတစ်ပါး အခြားမတတ်နိုင်ချေ။ ခြောက်နာရီ ပြည့်သွားမှသာ တံခါးကို အသာအယာတွန်းဖွင့်ပြီး အတွင်းသို့ ဝင်ခဲ့ကြသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မုရုံချင်းလျန်သည် သူမ၏ ပါးစပ်ကို အုပ်လိုက်ပြီး မျက်ရည်များ တိတ်ဆိတ်စွာ ကျဆင်းလာတော့သည်။

ကျောက်စိမ်းခုတင်ပေါ်တွင် အမျိုးသားတစ်ဦးသည် အဝတ်အစားမပါဘဲ လဲလျောင်းနေသည်။ သူ၏ ဝမ်းဗိုက်မှာ ပွင့်ထွက်နေပြီး နံရိုးနှစ်ချောင်း မရှိတော့သည်ကို တွေ့ရသည်။

ဒဏ်ရာများပေါ်တွင် ဆေးမှုန့်များ ဖြူးထားပြီး အသားနုများမှာ ဖြည်းဖြည်းချင်း ပြန်လည် တက်လာနေသည်။ သူ၏ ပေါင်နှစ်ဖက်လုံးတွင်လည်း အသားစများ ဆွဲဖဲ့ခံထားရသည့်အလား အပေါက်ကြီးများ ဖြစ်နေသည်။

ယခင်က ပြတ်တောက်နေသော ညာဘက်လက်နေရာတွင် ယခုအခါ လူငယ်လေးတစ်ဦး၏ လက်နှင့်တူသော ပိန်လှီသော လက်တစ်ဖက် ပေါ်ပေါက်နေသည်။ ၎င်းသည် ပုံပျက်ပန်းပျက်နှင့် သဘာဝမကျစွာ တွဲလောင်းကျနေသည်။

ရွှေရောင်ပိုးခြည်မျှင်များသည် အသားထဲသို့ တိုးဝင်တိုးထွက်နှင့် သက်ရှိများကဲ့သို့ လှုပ်ရှားနေကြသည်။ သူ၏ ဘေးတွင်မူ အသက်မဲ့နေသော မီးခိုးရောင် ပိုးကောင်ခွံတစ်ခု ရှိနေလေသည်။

လော့ချန် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရှေ့သို့ တိုးသွားပြီး ထိုမီးခိုးရောင် ပိုးကောင်ခွံကို ကျောက်စိမ်းသေတ္တာထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ စွန်းရှို့၏ ညွှန်ကြားချက်အရ ရွှေပိုးခြည်ဆက်ထုံး ပြုလုပ်ပြီးနောက် ကျန်ရှိသော နတ်ရွှေပိုးကောင်၏ အခွံကို သဘာဝစွမ်းအင် ပြည့်ဝသော ဆေးဖက်ဝင် အပင်များနှင့် ရောစပ်ကာ ဆေးရည်ကျိုရမည် ဖြစ်သည်။

ဤဆေးရည်ကို သောက်သုံးခြင်းဖြင့် ဒဏ်ရာပျောက်ကင်းမှုကို မြန်ဆန်စေပြီး ဆက်ထားသော လက်သစ်ကို ခန္ဓာကိုယ်နှင့် ပိုမို လျင်မြန်စွာ ပေါင်းစပ်စေမည် ဖြစ်သည်။

လက်အသစ် အားကောင်းလာသည်နှင့် ယခင်အတိုင်း သဘာဝကျကျ အသုံးပြုနိုင်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ နတ်ရွှေပိုးကောင်သည် ပထမအဆင့် ဝိညာဉ်ပိုးကောင် ဖြစ်သဖြင့် ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ တန်ဖိုးရှိလှသည်။

“ဒေါ်လေး.... ဦးလေးချင်ကို ပြုစုဖို့ နောက်နှစ်ရက်လောက် ဒီမှာပဲ နေလိုက်ပါ၊ လိုအပ်တဲ့ကုန်ကျစရိတ်တွေ ကျွန်တော် တာဝန်ယူပါ့မယ်....နောက်ပြီး အဘိုးစွန်းကို ကျွန်တော် ပြောထားပြီးသားမို့ နောက်သုံးရက်အတွင်း ဒီအခန်းထဲကို ဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်ဘူး”

မုရုံချင်းလျန်သည် ကျောက်စိမ်းခုတင်ဘေးတွင် ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီး နာကျင်မှုကြောင့် တွန့်ရှုံ့နေသော သူမ ခင်ပွန်းသည် မျက်နှာကို ခပ်ဖွဖွလေး ကိုင်ကြည့်သည်။ သူမ ရှိုက်သံကို ထိန်းရင်း ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် လော့ချန်ရယ်”

လော့ချန် နှုတ်ခမ်းကိုစေ့ရင်း အားတင်းကာ ပြုံးပြလိုက်သည်။

“အရမ်းကြီးလဲ မစိုးရိမ်ပါနဲ့ ဒေါ်လေးရယ်၊ မျိုးဆက်ခံတပည့်လော့က ကုသတာ အောင်မြင်တယ်လို့ ပြောသွားတယ်လေ၊ ဦးလေးချင် အဆင်ပြေသွားမှာပါ၊ သူ တစ်သက်လုံး လက်တစ်ဖက်ပြတ် ဓားသမား ဖြစ်မနေပါဘူး”

ထိုသို့ သူ ပြောနေရင်းနှင့်ပင် ထိုကလေးလက်ကဲ့သို့ သေးငယ်သော လက်သေးသေးလေးကို ကြည့်မိပြီး စိတ်မကောင်းဖြစ်ကာ ချက်ချင်း မျက်နှာလွှဲလိုက်ရသည်။

“ကဲဗျာ....ကျွန်တော် သွားလိုက်ဦးမယ်နော်” ဟု ပြောကာ လော့ချန်သည် ဇနီးမောင်နှံနှစ်ဦး သီးသန့်ရှိနေစေရန် ချက်ချင်း ထွက်ခွာခဲ့လေသည်။

....

“မြေခရုခြောက် တစ်ကျပ်သားရယ်....”

“ပြီးတော့ အဆိပ်ပိုးတောင်ပံစေ့ သုံးစေ့....”

“နောက် လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ နတ်သစ်တော်သီးရော ရှိလား၊ ခူးထားတာကြာနေတဲ့ အဟောင်းတွေ မလိုချင်ဘူး၊ လတ်ဆတ်တာ လိုချင်တယ်....ပြီးတော့ နှစ်တစ်ရာသက်တမ်းရှိတဲ့ ဂျင်ဆင်း တစ်ပင်လည်း ပေးပါ”

ထို ဆေးကုန်ကြမ်း စာရင်းကို ကြားလိုက်ရသောအခါ ပိုင်မေလင်းက လော့ချန်ကို နားမလည်နိုင်သလို ကြည့်လိုက်သည်။

“နေစမ်းပါဦးရှင့်၊ ဒီရက်ပိုင်း တော်တော် အားနည်းနေလို့လား၊ ဒါတွေက အားဆေးပြင်းတွေချည်းပဲလေ၊ ပြီးတော့ လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ နတ်သစ်တော်သီးက သဘာဝစွမ်းအင် အများဆုံးဆိုပေမဲ့ သူ့မှာ လောင်မြိုက်တဲ့ နေဓာတ်တွေ ပါနေလို့ ဒီအတိုင်း စားဖို့ မသင့်တော်ဘူးနော်”

ထိုအခါ လော့ချန်က စပ်စုရန်ကောဆိုသည့် အကြည့်ဖြင့် သက်ပြင်းချရင်း ပြောလိုက်သည်။

“ဦးလေးချင် အတွက်ပါ၊ သူ လက်ပြန်ဆက်ထားတာဆိုတော့ အားပြန်ဖြည့်ဖို့ လိုနေလို့”

ပိုင်မေလင်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အနောက်ဘက်သို့ ပြေးဝင်သွားသည်။ မကြာမီပင် သူမသည် လော့ချန် လိုချင်သည့် ပစ္စည်းများ အားလုံးနှင့် ပြန်ထွက်လာသည်။

ဝိညာဉ်ကျောက်တုံးများ ပေးချေပြီးနောက် လော့ချန် သူမနှင့် ခေတ္တ စကားပြောနေသေးသည်။ အခြားစျေးဝယ်သူတစ်ဦးက သူမကို လှမ်းခေါ်မှသာ သူ ပြန်လာခဲ့တော့သည်။

ခြံဝင်းအတွင်းသို့ ပြန်ရောက်သည်နှင့် လော့ချန်သည် နတ်ရွှေရောင် သက်စောင့်စွပ်ပြုတ်ကို ချက်ချင်း စတင်ကျိုချက်တော့သည်။ အချိန်မဆွဲနိုင်ချေ။ ချင်လျန်ချန်းသည် ယနေ့ညတွင် ဤဆေးရည်ကို သောက်မှသာ အာနိသင် အပြည့်အဝ ရရှိမည်ဖြစ်သည်။

ညရောက်သောအခါ နတ်ရွှေပိုးကောင် အခွံကို အဓိကသုံးထားသည့် အားဖြည့်စွပ်ပြုတ်မှာ အဆင်သင့် ဖြစ်သွားပြီဖြစ်သည်။ သူ အချိန်မဆိုင်းဘဲ ဝေဟင်သို့ ပျံတက်ကာ အစွမ်းကုန် အမြန်နှုန်းဖြင့် ပြေးထွက်ခဲ့သည်။

ကျောက်စိမ်းအိုးဓားနန်းဆောင်၏ တံခါးများ မပိတ်မီ စွပ်ပြုတ်ကို အချိန်မီ ပေးပို့နိုင်ခဲ့သည်။

သူ ပြန်လှည့်အထွက်တွင် ဒေါ်လေး မုရုံကို တစ်ချက် အကဲခတ်လိုက်သည်။ တစ်မွန်းတည့် အတွင်းမှာပင် သူမသည် သိသိသာသာ နွမ်းနယ်သွားကာ မျက်နှာတွင် ပင်ပန်းနွမ်းလျမှုများ ထင်ဟပ်နေသည်။

သူမသည် လက်ပြတ်နေသော ခင်ပွန်းကို လက်ခံနိုင်ကောင်း ခံနိုင်ပါလိမ့်မည်။ သို့သော် အမြဲ သန်မာခဲ့သော အမျိုးသားတစ်ဦး၏ ယခုကဲ့သို့ အားနည်းနေမှုကိုမူ သူမ ကြည့်ရက်မည် မဟုတ်ပေ။ ဦးလေးချင်သည်လည်း သူ၏ ဇနီးသည်ကို ထိုသို့သော အခြေအနေမျိုး အတွေ့မခံချင်မည်မှာ အမှန်ပင်ဖြစ်သည်။

“ဩော် ဦးလေးချင်.... အဲ့ဒီလောက်တောင် အော်ဟစ်ရအောင် သူ ဘယ်လောက်တောင် နာကျင်နေရမလဲ....” ဟု ဂရုဏာသက်မိကာ လော့ချန် ခေါင်းကို ခါယမ်းရင်း သူ၏ အိမ်ဝင်းလေး သို့ ပြန်လာခဲ့သည်။

ခြံဝင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အေးစက်ပြီး လူသူကင်းမဲ့နေသည်ကို တွေ့ရသည်။ တွမ်ဖုန်း၊ ဖုန်းရှ နှင့် ကူချိုင်ယီ တို့အားလုံးသည် လော့ထျန်းအဖွဲ့ချုပ် တွင်သာ ကျန်ရစ်ခဲ့ကြသည်။ ဖိုရှန်းဂိုဏ်း၏ ပိုင်ဆိုင်မှုများကို အုပ်စုအသီးသီးက ခွဲဝေယူလိုက်ကြသဖြင့် သားရဲခန်းမဆောင်မှ နို့ ထောက်ပံ့မှုမှာ လုံးဝ ပြတ်တောက်သွားခဲ့သည်။

မီရွှီရေခဲမြို့တော် နို့လက်ဖက်ရည်ဆိုင်မှာ ခေတ္တ ပိတ်ထားရသည်။ ဖုန်းရှသည် ဆိုင်ကို ပိတ်ထားပြီး လော့ထျန်းအဖွဲ့တွင် သွားရောက် ကူညီနေရခြင်း ဖြစ်သည်။

သို့သော်လည်း လီမျိုးနွယ်စုနှင့် နန်ကုန်းမျိုးနွယ်စု တို့သည် မကြာသေးမီကပင် သားရဲနန်းဆောင်၏ ပိုင်ဆိုင်မှုများကို ခွဲဝေရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

ဖူကျူး သမင် မွေးမြူရေးလုပ်ငန်းမှာလည်း နန်ကုန်းမျိုးနွယ်စု လက်အောက်သို့ ရောက်ရှိသွားသည်။ သူတို့ကိုယ်တိုင်လည်း ထိုသမင်များကို ယခင်က မွေးမြူနေကြသူများ ဖြစ်ကြသည်။

အချိန်ကျလျှင် လော့ချန်အနေဖြင့် နန်ကုန်းမျိုးနွယ်စု နှင့် ညှိနှိုင်းရမည်ဖြစ်ပြီး၊ ထိုအခါ နို့ကုန်ကြမ်းကိစ္စ ပြေလည်သွားပေလိမ့်မည်။ ၎င်းသည် နို့လက်ဖက်ရည်ဆိုင်အတွက်သာမက လော့ထျန်းအဖွဲ့၏ လုပ်ငန်းလည်ပတ်မှုအတွက်ပါ အရေးကြီးသဖြင့် သူ လျစ်လျူရှု၍ မရပေ။

“ဒါနဲ့ မိန်းကလေးရှောင်လင်း ဘယ်မှာလဲ၊ သူ ပြန်ရောက်နေသင့်ပြီလေ၊ အဲဒီအစ်မက လျှောက်လည်တာ ဘာညာ သိပ်ဝါသနာပါတာ မဟုတ်ဘူး”

လော့ချန်သည် သူမအား ညစာ အတူစားရန် ဖိတ်ခေါ်ဖို့ ရည်ရွယ်ထားသည်။ ယနေ့မွန်းလွဲပိုင်းက သူဝယ်လာသော ဆေးပစ္စည်းများမှာ အရည်အသွေးကောင်းသော ပစ္စည်းများ ဖြစ်သည်။

နတ်သစ်တော်သီးပေါ်တွင်ပင် နှင်းစက်ကလေးများ ရှိနေသေးသည်။ ဤပစ္စည်းများကို သုံး၍ အားဖြည့်စွပ်ပြုတ် ကျိုချက်သောကြောင့် ချင်လျန်ချန်းအတွက် အကျိုးကျေးဇူးမှာ အဆပေါင်းများစွာ ပိုမို ထိရောက်ပေလိမ့်မည်။

သူ့အိမ်တံခါးကို တွန်းဖွင့်လိုက်စဉ် လော့ချန်၏ လက်မှာ ရုတ်တရက် တန့်သွားသည်။

ဆေးအိုးငယ်လေးတစ်ခုသည် သူ၏ လက်ဖဝါးပေါ်သို့ ကျရောက်လာပြီး၊ ခါးတွင်လည်း ခေါင်းလောင်းတစ်စုံ ပေါ်လာသည်။ သို့သော် နောက်တစ်ခဏတွင် သူ အရာအားလုံးကို ပြန်သိမ်းလိုက်ပြီး ပြုံးလိုက်သည်။

“ဟားဟား.... ခင်ဗျား ဒီလောက် လွယ်လွယ်နဲ့ မသေနိုင်ဘူးဆိုတာ ကျွန်တော် သိသားပဲ အစ်ကိုဝမ်ရာ”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၁၉၈) - ခြေရာဖျောက်သူ၏ မြှုပ်ကွက်

အခန်းငယ်အတွင်းဝယ် အေးစိမ့်လျက် ရှိနေသည်။

မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားသည် တစ်ကိုယ်လုံး ပြုံးဖြီးနေသော လော့ချန်ဘက်သို့ လှည့်ကြည့်ကာ သက်ပြင်းတစ်ချက်နှင့်အတူ ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။

"သေမင်းနဲ့ တဝါးစာသာသာပဲ လိုတော့တာပဲကွာ" ဟု သူ ခပ်တိုးတိုး ဆိုလိုက်သည်။

ဝမ်ယွမ်၏ လေးနက်သော စကားကြောင့် လော့ချန် အံ့အားသင့်သွားရပြီး ချက်ချင်းပင် မေးမြန်းလိုက်သည်။

"တကယ်ပဲ အဲဒီလောက်တောင် အန္တရာယ်များခဲ့တာလား အစ်ကိုဝမ်ရာ"

ထိုအမေးအား ပြန်မဖြေဆိုခင် ဝမ်ယွမ်သည် သူ၏ ဘူးသီးခြောက်ဘူးထဲမှ သေရည်ကို တစ်ငုံမျှ ခပ်ပြင်းပြင်း သောက်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ ခပ်တိုးတိုး ရယ်မောရင်း ဆိုသည်။

"ရှေးဟောင်းရတနာ အပိုင်းအစတွေ၊ ထိပ်တန်းအဆင့် မှော်လက်နက် အမြောက်အမြားနဲ့ သွေးမျိုးဆက် လက်ဆင့်ကမ်း ရတနာတွေအပြင် ငါ့ရဲ့ ပြိုင်ဘက်သုံးယောက်လုံးက တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်တဲ့ ပါရမီရှင်တွေ ဖြစ်နေတာကွာ၊ အဲဒါ အန္တရာယ်ရှိမရှိ မင်းပဲ စဉ်းစားကြည့်တော့"

"ဟူး...."

သူပြောသည်ကိုကြားရရုံဖြင့်ပင် လော့ချန် မွန်းကျပ်သလိုဖြစ်လာကာ လေပူတချက် မှုတ်ထုတ်လိုက်မိသည်။ လခြမ်းတောင်ကြား ကိစ္စတွင် အင်အားကြီးအဖွဲ့အစည်း သုံးခုက အလွန်အမင်း အာရုံစိုက်လိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း၊ ဝမ်ယွမ် ရင်ဆိုင်ခဲ့ရသော အခြေအနေမှာ ထိုထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သေချာစဉ်းစားကြည့်လျှင်မူ ဤသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေပင်။ ဝမ်ယွမ်သည် ပါရမီရှင်များစာရင်းတွင် နံပါတ်တစ်အဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ချီသန့်စင် အဆင့် ၉ ရှိ မိစ္ဆာကျင့်ကြံသူများကိုပင် အသာအယာ နှိမ်နင်းနိုင်သည့် စွမ်းအားရှိကြောင်း သက်သေပြခဲ့သူ ဖြစ်သည်။

ထို့ထက် ပိုသည်မှာ သူနှင့်မီရှုဟွာတို့၏ ထူးဆန်းသော ပတ်သက်မှုကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများက သူ့အား အနာဂတ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် သဘာဝကျကျပင် ရှုမြင်ခဲ့ကြခြင်း ဖြစ်ပေသည်။

"ဒါဆို အစ်ကိုကြီး ဘယ်လိုများ လွတ်မြောက်လာခဲ့တာလဲ" ဟု လော့ချန်က သတိမထားလိုက်မိပဲ မေးလိုက်သော်လည်း၊ ရုတ်တရက် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။

အကြောင်းမှာ သူတို့နှစ်ဦး အနီးကပ် ရှိနေသဖြင့် ဆွဲဆောင်မှုရှိသယောင်နှင့် ထူးဆန်းသည့် ကျပ်ခိုးနံ့စွဲနေသော သွေးရနံ့တစ်ခုမှာ ပိုမိုသိသာလာသောကြောင့် ဖြစ်သည်။ လော့ချန် မျက်နှာပျက်သွားသည်ကို မြင်သောအခါ ဝမ်ယွမ်က မျက်မှောင်ကြုတ်လျက် ဆိုသည်။

"အဲဒီလောက်တောင် သိသာနေလို့လားကွ"

လော့ချန်ကလည်း မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

"မဟုတ်မှလွဲရော အစ်ကိုကြီး သွေးမိစ္ဆာ ကျင့်စဉ်တွေကို တကယ်ပဲ ကျင့်ကြံလိုက်တာတော့ မဟုတ်ပါဘူးနော်"

"ဒီလောက် ယုတ်ညံ့တဲ့ ကျင့်စဉ်မျိုးကို ငါက ဘယ်လိုလုပ် သင်ယူမှာလဲ"

ဝမ်ယွမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ အသံကို နှိမ့်ကာ ဆိုသည်။

"ဒါပေမဲ့ အဲဒီထဲမှာ အတုယူစရာ အချက်တချို့ ရှိနေတာနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ကျင့်စဉ်ထဲမှာ အနည်းငယ် ပေါင်းစပ်ထည့်သွင်းလိုက်တာကွ"

ယခုမူ အရာအားလုံး ရှင်းလင်းသွားပြီဖြစ်သည်။ ထိုထူးဆန်းသော ရနံ့မှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ လည်ပတ်နေသော သွေးနံ့ မှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

"ကျွန်တော်တောင် အနံ့ရနေတာဆိုတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့သာ တိုးရင် ချက်ချင်း အကဲခတ်မိသွားမှာ မဟုတ်ဘူးလားဗျ"

"အေးလေကွာ.... ငါ ဘာလို့ ဒီလောက်အကြာကြီး ပုန်းနေခဲ့တယ်လို့ မင်းထင်လဲ.... မင်းဆီကို လာတွေ့ဖို့တောင် တစ်လနီးပါး အချိန်ယူခဲ့ရတာသာကြည့်တော့”

“ကျွန်တော့်မျှော်နေမှန်းတော့ အစ်ကိုကြီး သိတယ်ပေါ့လေ”

ထိုကဲ့သို့ လော့ချန် ရေရွတ်လိုက်ရင်း၊ သားရဲသားရေစ တစ်ခုကို အသာအယာ ထုတ်ယူကာ ဝမ်ယွမ်ထံ ကမ်းပေးလိုက်သည်။

"ဒါက ဘာကြီးလဲကွ"

"အစ်ကိုဝမ် ဘာသာ အဲဒီထဲကို ချီစွမ်းအင် နည်းနည်း ထည့်ကြည့် လိုက်ဗျာ...."

ဝမ်ယွမ် သူ ခိုင်းသည့်အတိုင်း လုပ်ဆောင်လိုက်ရာ၊ နောက်တစ်ခဏ၌ပင် သူ၏ မျက်နှာတွင် အံ့အားသင့်မှုများ ဖုံးလွှမ်းသွားတော့သည်။

"ဒါ.... ဒါက ချီဖုံးကွယ် အတတ်လား"

"အစ်ကိုဝမ် သဘောပေါက်လွယ်သားပဲ.. ကိုယ့် လက်ရှိကျင့်ကြံအဆင့်ကို ဖုံးကွယ်ဖို့အတွက် တော်တော်အသုံးဝင်တဲ့ မှော်အတတ်တစ်ခုပဲဗျ.... ဟားဟား...."

"နေဦး.... ဒါက ချန်...."

"အမှန်ပဲဗျ.... ဒါက ဦးလေး ချန်ရှို့ဖိန်ရဲ့ နာမည်ကြီး ချီဖုံးကွယ်မှော်စာရွက်တွေရဲ့ မူရင်းမှော်အတတ်ပဲ.... အဲဒီမှော်စာရွက်တွေက ဒီအတတ်ကို အခြေခံထားတာ၊ တစ်ခုရှိတာက အကျိုးအာနိသင် ပြဖို့ဆိုရင် အနည်းဆုံးတော့ အချိန်တစ်ခုပေးပီး တတ်မြောက်အောင် ကျင့်ရလိမ့်မယ်"

လော့ချန် ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ သူသည် ဝမ်ယွမ်အား လိုက်လံဖမ်းဆီးခံရသည့် မိစ္ဆာကျင့်ကြံသူ သို့မဟုတ် သွေးလမ်းစဥ် ကျင့်ကြံသူ တစ်ဦးအဖြစ် မမြင်လိုပေ။

သူ၏ ကိုယ်မှ ထွက်နေသော သွေးရနံ့မှာ အလွန်သိသာလွန်းနေသည်။ ထို့ကြောင့် ဦးလေးချန် ပေးခဲ့သော ချီဖုံးကွယ်မှော်အတတ်ကို ဝမ်ယွမ်အား ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ဖောက်ဖျက်ကျူးလွန်ခြင်း မဟုတ်ပေ။

အဘိုးချန်၏ စိတ်နေစိတ်ထားအရ သူ လော့ချန်ကို ပေးလိုက်ပြီဆိုလျှင် စိတ်ကြိုက် စီမံခွင့်ရှိသည်ဟု မှတ်ယူနိုင်သည်။ ထို့ပြင် ဝမ်ယွမ်နှင့် အဘိုးချန်မှာလည်း အသိအကျွမ်းများ ဖြစ်ကြသည် မဟုတ်ပါလော။

ဝမ်ယွမ်သည် သားရေစပေါ်ရှိ မှော်အတတ်ကို ခေါင်းငုံ့ကာ လေ့လာနေပြီး တစ်ခါတစ်ရံတွင်မူ ချီးကျူးအံ့သြသော အကြည့်များ ဖြစ်ပေါ်လာတတ်သည်။ အတော်ကြာမှ သူ သားရေစကို အောက်သို့ ချလိုက်သည်။

"ချန်ရှို့ဖိန် မရှိတော့တာကို ငါ တော်တော်လေး နှမြောနေခဲ့တာကွ.... သူသာ ရှိသေးရင် ငါ့ရဲ့ခြေရာလက်ရာ ဖျောက်ဖို့ လိုတဲ့ မှော်စာရွက်တချို့ ဝယ်လိုက်ဦးမှာ.... ဒါပေမဲ့ သူက မင်းကို ဒီလောက်တန်ဖိုးကြီးတဲ့ မူလကျင့်စဉ်ကြီး ပေးသွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး....ဒီလိုဆိုရင်တော့ ငါက မင်းရော သူ့ကိုပါ ကျေးဇူးတင်ရတော့မှာပဲကွာ...."

ထိုအခါ လော့ချန်က ပြုံးစစဖြင့် ဆိုလိုက်သည်။

"ရပါတယ် အစ်ကိုဝမ်ကြီးရာ.... ကျွန်တော်တို့က သူစိမ်းတွေမှ မဟုတ်တာဗျ.... ဒါ့အပြင် ဒီ ချီဖုံးကွယ်မှော်အတတ်က ကျင့်ဖို့ သိပ်မလွယ်ဘူး၊ သေချာနားထောင်နော်...."

လော့ချန်သည် ဤမှော်အတတ်ကို အချိန်အတော်ကြာ လေ့ကျင့်လာခဲ့သူ ဖြစ်သည်။ သူသည် ဤမှော်အတတ်၌ အထွတ်အထိပ်အဆင့် အထိ ရောက်ရှိနေပြီဖြစ်ရာ ဒုတိယအဆင့်ရှိ ဝံပုလွေမိစ္ဆာများပင်လျှင် အကွာအဝေး သုံးပေအတွင်း သူ ရှိနေသည်ကို မသိနိုင်တော့ပေ။

လော့ချန်သည် ဤမှော်အတတ်တွင် အဘိုးချန်ကိုပင် ကျော်လွန်သွားခဲ့ပြီဟု ဆိုနိုင်သည်။ သူသည် မိမိ၏ အရှိန်အဝါကို ဖုံးကွယ်နိုင်ရုံတင်မကဘဲ အခြားသူများ၏ စွမ်းအင်စီးဆင်းမှု ပုံစံကိုပင် တုပနိုင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူသည် နက်နဲသော အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုများကို အသာအယာပင် ရှင်းပြပေးလိုက်သည်။

လော့ချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝမ်ယွမ် ချက်ချင်းပင် လက်တွေ့ လေ့ကျင့်ကြည့်လေသည်။ သူသည် ချီစွမ်းအင် အမြုတေများကို စုစည်းကာ မိမိ၏ စွမ်းအင်စီးဆင်းမှုနှင့် သွေးအရှိန်အဝါတို့ကို စတင် ဖုံးကွယ် ကြည့်သည်။

အလယ်အလတ်အဆင့်တွင် ထိုဝိညာဉ်အမြုတေ အရေအတွက်ကို တိုးမြှင့်ရမည်ဖြစ်သော်လည်း၊ အဆင့်မြင့်ပိုင်းတွင်မူ အရေအတွက်ထက် မိမိ၏ အတွင်းအားကို အုတ်မြစ်ပြု၍ တည်ငြိမ်အောင် ထိန်းချုပ်ရခြင်း ဖြစ်သည်။ ဤအဆင့်ကို ရောက်ရှိမှသာ တတ်မြောက်သည်ဟု ဆိုနိုင်သည်။

ကျွမ်းကျင်မှု အဆင့်အတန်းအရ ဆိုလျှင်မူ ၎င်းသည် ကျင့်ကြံသူ အဆင့်ခန့် ရှိပေလိမ့်မည်။ ဝမ်ယွမ်အနေဖြင့် အထွတ်အထိပ်အဆင့်အထိ ရောက်လိမ့်မည်ဟု လော့ချန် မမျှော်လင့်ထားပေ။

အမှန်တကယ်တွင် ဝမ်ယွမ်အနေဖြင့် တိုက်ပွဲဝင်ခြင်း မပြုသရွေ့ အခြေခံမျှ တတ်မြောက်ထားလျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။

ဝမ်ယွမ်သည် လော့ချန်ပြောသမျှကို အာရုံစူးစိုက်ကာ နားထောင်ရင်း လက်တွေ့စမ်းသပ်နေသည်။ တစ်ခါတစ်ရံတွင် ဝိညာဉ်အမြုတေ စုစည်းခြင်း မအောင်မြင်ဘဲ ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲသံများ ဟုန်းခနဲ ထွက်ပေါ်လာတတ်သော်လည်း သူ ဂရုမစိုက်ပေ။

သူသည် အရေးပါသော အပ်စိုက်မှတ်အချို့ကို နှိပ်လိုက်ရုံဖြင့် ထိုပြဿနာကို ဖြေရှင်းလိုက်သည်။ ဤသည်ကို ကြည့်ရင်း လော့ချန် မျက်ခုံးများပင် လှုပ်သွားရသည်။

"အစ်ကိုဝမ်.... အစ်ကိုကြီးရဲ့ ခန္ဓာကိုယ်က အခု ဘယ်လောက်တောင် ကြံ့ခိုင်နေပြီလဲဗျ"

ထိုမှော်အတတ်အား လော့ချန် ကျင့်စဉ်က အလွန်ပင် သတိထားခဲ့ရသည်။ ဝိညာဉ်အမြုတေများကို အတွင်းအား အပြင်ဘက်တွင် စုစည်းခြင်းမှာ အလွန်အန္တရာယ်များပြီး မအောင်မြင်ပါက အကြောများကို ထိခိုက်စေနိုင်ရုံတင်မက အတွင်းသွေးယိုစီးမှုများပါ ဖြစ်ပေါ်စေနိုင်သည်။ သို့သော် ဝမ်ယွမ်မှာမူ ဘာတစ်ခုမျှ မဖြစ်သကဲ့သို့ပင်။

လော့ချန်၏ မေးခွန်းကို ဝမ်ယွမ်က အေးဆေးပင် ပြန်ဖြေသည်။

"ဒီလိုကွ ငါသွားနေတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်ရဲ့ အသုံးအနှုန်းအရပြောရရင် ငါက ဝရဇိန်အဆင့်ကနေ ကျောက်စိမ်းဖြူအဆင့်ကို ကူးပြောင်းတာ ပြီးဆုံးသွားပြီကွ.... တာအို ကျင့်စဉ်ရဲ့ စံနှုန်းအရဆိုရင် ငါ့ရဲ့ ရုပ်ခန္ဓာက အခု ဒုတိယအဆင့်ကို ရောက်နေပြီလို့ပြောလို့ရတယ်"

သူ့ပြောစကားကို လော့ချန် နားမလည်ဘဲ ကြောင်အ အ ကြည့်နေသည်ကို မြင်သောအခါ သူ ထပ်ရှင်းပြသည်။

"ဆိုလိုတာက ကွာ.... မင်းတို့လို ကျင့်ကြံသူတွေရဲ့ ချီသန့်စင်အဆင့်နဲ့ နှိုင်းယှဉ်ရင်တော့ ငါကအခြေခံတည်ဆောက်ခြင်းအဆင့်ကို လှမ်းတက်လိုက်တာနဲ့ အတူတူပဲလို့ ပြောချင်တာ"

"ဟင်.... အခြေခံတည်ဆောက်ခြင်းအဆင့်"

လော့ချန်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

"အစ်ကိုကြီး.... ကျွန်တော့်ကို နောက်နေတာလား"

"အာ...."

ဝမ်ယွမ်က ခေတ္တမျှ စဉ်းစားပြီးမှ လော့ချန်၏ အဓိပ္ပာယ်ကို နားလည်သွားကာ လေးနက်စွာ ရှင်းပြသည်။

"ခန္ဓာကိုယ်ကျင့်ကြံတဲ့ နေရာမှာလည်း ဝရဇိန်ခန္ဓာ ၊ ကျောက်စိမ်းသားခန္ဓာ နဲ့ မီး ခန္ဓာ ဆိုပြီး အဆင့်တွေ အသေးစိတ် ခွဲခြားထားတာ ရှိတယ်၊ ဒါတွေက ချီသန့်စင်အဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ရွှေအမြုတေအဆင့်တို့နဲ့ အသီးသီး ထပ်တူကျနေတာ.... ဖိုရှန်းဂိုဏ်း ခန်းမဆောင်မှာ တာဝန်ခံမြောင်နဲ့ တွေ့တုန်းက သူက ငါ့ရဲ့ တိုးတက်မှုကို တစ်ချက်ကြည့်ရုံနဲ့ သိသွားခဲ့တာ မဟုတ်လား"

လော့ချန်၏ ဝိညာဉ်အာရုံထဲတွင် ထိုအချိန်က ပုံရိပ်များ ပြန်လည် မြင်ယောင်လာသည်။ မြောင်ဝမ်က "တကယ့်ကို ပါရမီရှိတဲ့သူပဲ.... မင်း အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ဖို့ နီးစပ်နေပြီ" ဟု ပြောခဲ့သည်ကို မှတ်မိနေသေးသည်။

သို့ဆိုလျှင် ချင်းကျန်းလမ်းမကြီးပေါ်မှ တိုက်ပွဲအပြီးတွင် ဝမ်ယွမ်သည် ဝရဇိန်အဆင့်မှ ကျောက်စိမ်းဖြူအဆင့်သို့ အပြည့်အဝ ကူးပြောင်းနိုင်ခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းနှင့် ညီမျှသော ရုပ်ခန္ဓာကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

ဤသတင်းမှာ လော့ချန်အား အလွန်ပင် တုန်လှုပ်စေခဲ့သည်။ မိမိနှင့် ညီအစ်ကိုတမျှ ရင်းနှီးသောမိတ်ဆွေတစ်ဦးမှာ မသိလိုက်မသိဘာသာဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ညီမျှသော အဆင့်သို့ ရောက်ရှိနေပြီ မဟုတ်ပါလော။

"ဒါဆို အစ်ကိုကြီးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိနေပြီပေါ့ ဟုတ်လား"

အကယ်၍ ဤသည်မှာ အမှန်ဆိုလျှင် လော့ချန်အတွက် အားကိုးရမည့် နောက်ခံလူကောင်းတစ်ဦး ရပြီဖြစ်သည်။ ထိုနောက်ခံမှာ မိမိ၏ ဆေးဖော်စပ်မှုပညာကိုသာ မက်မောသော မီရှုဟွာ သို့မဟုတ် မြောင်ဝမ်တို့ကဲ့သို့ မဟုတ်ဘဲ၊ မိမိအပေါ် အမှန်တကယ် စိတ်ရင်း ကောင်းမွန်သောလူလည်း ဖြစ်နေပေသည်။

သို့သော် ဝမ်ယွမ်ကမူ သူ၏ မျှော်လင့်ချက်အား မျက်နှာကို ဆားနှင့် ပက်လိုက်သကဲ့သို့ ဆိုလိုက်လေသည်။

"မလောနဲ့လေ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဓားက တကယ်ပဲ အန္တရာယ်မရှိဘူးလို့ မင်းထင်နေတာလား"

"အဲ...."

ဝမ်ယွမ်က ခေါင်းခါယမ်းကာ သားရေစကို အောက်သို့ ချလိုက်သည်။

"ခေတ်ကာလတွေက သိပ်မြန်မြန်ဆန်ဆန် ပြောင်းလဲနေပြီကွ၊ အရှေ့ပိုင်းလွင်ပြင် ကျင့်ကြံခြင်းလောကမှာလည်း အဖိုးတန်ရတနာတွေက ပေါများလွန်းနေတယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတိုင်းမှာ အနည်းဆုံးတော့ ထိပ်တန်း မှော်လက်နက် တစ်ခု၊ နှစ်ခုလောက် ရှိကြစမြဲပဲ....”

“ချမ်းသာတဲ့သူတွေဆိုရင် မှော်ရတနာတွေကိုတောင် ပိုင်ဆိုင်နိုင်ကြသေးတာ.... သူတို့ရဲ့ ကျယ်ပြန့်တဲ့ ဝိညာဉ်အာရုံခံစားမှုတွေ၊ အခြေခံတည်ဆောက်ခြင်းအဆင့် စစ်မှန်တဲ့ မီးလျှံတွေနဲ့ ပေါင်းစပ်လိုက်ရင် ငါ့ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုက သိပ်ပြီး အားသာချက် မရှိလှတော့ဘူး"

သို့သော်ငြားလည်း လော့ချန်အနေဖြင့် ဤအချက်ကို လက်ခံရန် ခက်ခဲနေသေးသည်။ သူ နားမလည်နိုင်စွာ ထပ်မေးမြန်းလိုက်သည်။

"ဟာဗျာ....ဒါဆိုရင် ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေအတွက် ဘာထူးမှာလဲ၊ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရင်တောင် တိုက်ခိုက်ရေးမှာလည်း မသန်သလို သက်တမ်းလည်း မရှည်ဘူးမလား...."

"အေးလေ.... ဒါကြောင့်လည်း ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေ မှေးမှိန်ကုန်ကြတာပေါ့"

ဟု ဝမ်ယွမ်က သက်ပြင်းချကာ ဆိုသည်။

"ငါ ဘာလို့ သွေးမိစ္ဆာဆေးလုံး နောက်ကို အသည်းအသန် လိုက်နေတယ်လို့ မင်းထင်လဲ.... အဲဒါက ရုပ်ခန္ဓာကို ကြံ့ခိုင်စေရုံတင်မကဘဲ ရုပ်နဲ့ နာမ် နှစ်မျိုးလုံးကို ကျင့်ကြံစေပြီး တာအိုလမ်းစဥ်မှာလဲ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ပိုရစေနိုင်လို့ပဲ၊ ငါသာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ရောက်သွားရင် သက်တမ်းက နှစ်ဆ တိုးလာလိမ့်မယ်....”

“အဲဒီအချိန်ကျရင် ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ တတိယအဆင့်ကို တက်လှမ်းဖို့ ငါ့မှာ အချိန်အလုံအလောက် ရှိသွားပြီ၊ ငါသာ မီးခန္ဓာ အဆင့်ကို ရောက်သွားခဲ့ရင် သက်တမ်းတိုးလာရုံတင်မကဘဲ တိုက်ခိုက်ရေးစွမ်းရည်ကလည်း တစ်ဆင့်တည်းရှိတဲ့ ဓားကျင့်ကြံသူတွေကို ယှဉ်နိုင်မှာ၊ ဒါမှမဟုတ် သာတောင်သာဦးမှာ"

‘ဒီလိုကိုး’ ဟုတွေးရင်း လော့ချန် အနည်းငယ် စိတ်ပျက်သွားမိသည်။ စောနကပင် သူကိုယ်တိုင် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဘက်သို့ ကူးပြောင်းရန် စဉ်းစားမိခဲ့သေးသည်။

အကြောင်းမှာ တိုးတက်မှု အလွန်မြန်ဆန်နေသောကြောင့် ဖြစ်သည်။ ဝမ်ယွမ်သည် သိုင်းကျင့်ကြံသူတစ်ဦးအဖြစ် အုတ်မြစ်ရှိထားသည်ဆိုသော်လည်း သူ ကျင့်ကြံလာသည်မှာ ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးသည်။ မိမိတွင်လည်း အခြေခံလောက်တော့ ရှိနေသည် မဟုတ်ပါလော။

"တစ်ခုရှိတာက ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ ဒုတိယအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေအပေါ် လုံးဝ အသုံးမဝင်ဘူးလို့တော့ မဆိုလိုပါဘူး" ဟု ဝမ်ယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် ဆိုသည်။

"ငါရထားတဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်း ကျင့်စဉ်က မပြည့်စုံဘူး.... ကိုယ့်အတွက် သင့်တော်မယ့် ပြည့်စုံတဲ့ကျင့်စဉ်တစ်ခု ဖြစ်လာအောင် လောကီသိုင်းပညာတွေနဲ့ ပေါင်းစပ်ခဲ့ရတာ....”

“အဲဒီမပြည့်စုံတဲ့ ကျင့်စဉ်ဟောင်းထဲမှာ ပါတဲ့အချက်တွေအရဆိုရင် ရှေးခေတ်က ခန္ဓာကိုယ်ကျင့်ကြံသူတွေဆီမှာ သီးသန့်တိုက်ခိုက်ရေး နည်းစနစ်တွေ ရှိခဲ့ကြတယ်၊ သူတို့ရဲ့ စွမ်းအားတွေက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေထက် မနိမ့်ကျခဲ့ဘူး၊ ငါသာ အဲဒီနည်းစနစ်အချို့ကို တတ်မြောက်ခဲ့ရင် တာဟဲဈေးမြို့တော်မှာ အခုလို ပုန်းရှောင်နေစရာ မလိုတော့ဘူး....”

မျှော်လင့်ချက်များ၏ နောက်တွင် စိတ်ပျက်အားလျော့မှုများ ကပ်ပါလာတတ်စမြဲ ဖြစ်သည်။

"အခု ငါသုံးနေတဲ့ နည်းစနစ်တွေက သိုင်းပညာ၊ သွေးကျင့်စဉ်နဲ့ ချီသန့်စင်ခြင်း နည်းလမ်းတွေကို ပေါင်းစပ်ပြီး ကိုယ်တိုင် ပြုပြင်ထားတာတွေပဲ....စွမ်းအားကတော့ မဆိုးပါဘူး၊ ဒါပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ လက်တွေ့ မစမ်းသပ်ဖူးသေးတော့ ငါ့ရဲ့ တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကို အသေအချာ မပြောနိုင်သေးဘူး"

လော့ချန်က စကားစကို ဆက်လိုက်သည်။

"ဒါပေမဲ့ အနည်းဆုံးတော့ ချီသန့်စင်အဆင့်နဲ့ ရင်ဆိုင်သတ်ဖြတ်ဖို့ဖြစ်လာရင် အစ်ကိုကြီးက ပြိုင်ဘက်ကင်းနေပြီ မဟုတ်လားဗျာ...."

"ဟားဟား...."

ဝမ်ယွမ် ရုတ်တရက် အားရပါးရ ရယ်မောလိုက်သည်။

"မင်းကလဲကွာ....ငါ အခုအဆင့်ကို မရောက်ခင်ကတည်းက ချီသန့်စင်အဆင့် ကျင့်ကြံသူတွေကို ဘယ်တုန်းက ကြောက်ဖူးလို့လဲ"

ထိုစကားကို ကြားသောအခါမှ လော့ချန်လည်း လိုက်လံ ရယ်မောလိုက်မိသည်။

အမှန်ပင်။ ဂိုဏ်းနှစ်ခု ထိပ်တိုက် တိုက်ပွဲတွင် ဝမ်ယွမ်သည် မိမိထက် အဆင့်မြင့်သူများကိုပင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သူ ဖြစ်ပေသည်။ တိုက်ခိုက်‌ရေး အဆုံးအဖြတ်စင်မြင့်ပေါ်တွင် သွေးမိစ္ဆာ ကျင့်ကြံသူကို ခြေမှုန်းခဲ့ပြီး၊ ချင်းကျန်းလမ်းမကြီးပေါ်တွင် ထိပ်တန်းကျင့်ကြံသူ သုံးဦးကို တစ်ကိုယ်တော် ရင်ဆိုင်ခဲ့သူ ဖြစ်သည်။

ရုတ်တရက် ဝမ်ယွမ်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏ ခါးဘေးနားရှိ အပ်စိုက်မှတ်တစ်ခုကို ဖိနှိပ်လိုက်သည်။

"လော့ချန်ရေ.... ငါ့ကိုထပ် အနံ့ခံကြည့်ဦး"

လော့ချန်က သူ ခိုင်းသည့်အတိုင်း အသက်ကို အသာအယာ ရှူသွင်းကြည့်လိုက်သည်။ ထို့နောက် သူ ကြောင် အသွားရသည်။

"အမ်.... ဟို သွေးနံ့က.... ပျောက်သွားပြီပဲဗျ"

ထိုအခါ ဝမ်ယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ထင်တဲ့အတိုင်းပဲ၊ မင်းရဲ့ အာရုံခံစားနိုင်စွမ်းတွေက တကယ်အကူအညီရတယ်ကွာ.... ဒီ ချီဖုံးကွယ်မှော်အတတ်က ကိုယ့်ရဲ့ သွေးအရှိန်အဝါကို ထိန်းချုပ်တာနဲ့ သဘောချင်း တူနေတာကိုး၊ လောကီသိုင်းလောကမှာတုန်းကလည်း ငါ ဒီလိုပညာရပ်မျိုးတွေ ကျင့်ခဲ့ဖူးတယ်၊ အခု နည်းနည်း ပုံစံပြောင်းလိုက်တော့ တော်တော်လေး အလုပ်ဖြစ်သွားပြီပဲ"

လော့ချန်သည် အားကျသဖြင့် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။ မိမိ ကျင့်ကြံနေစဉ်တုန်းက အခြေခံအဆင့်သို့ ရောက်ရန်ပင် အချိန်အတော်ယူခဲ့ရပြီး၊ သွေးအရှိန်အဝါကို ဖုံးကွယ်နိုင်သည့် အဆင့်သို့ ရောက်ရန် တစ်လ၊ နှစ်လခန့် ကြိုးစားခဲ့ရသည်။

သို့သော် ဝမ်ယွမ်မှာမူ နှစ်နာရီအတွင်းမှာပင် ထိုအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သိုင်းပညာနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း၏ အားသာချက်မှာ အံ့မခန်းပင်ဖြစ်လေသည်။

ယခုအခါ ဝမ်ယွမ်သည် သူ၏ သွေးအရှိန်အဝါကို ဖုံးကွယ်နိုင်ပြီဖြစ်ရာ လွတ်လပ်စွာ သွားလာနိုင်လေပြီ။

"ဒီမယ် အစ်ကိုကြီးဝမ်.... ကျွန်တော့်ရဲ့ လော့ထျန်းအဖွဲ့ချုပ်မှာ တိုက်ပွဲခန်းမခေါင်းဆောင် ရာထူးက လစ်လပ်နေတုန်းပဲ၊ ကျွန်တော်က အစ်ကိုကြီးကို စောင့်နေတာနော်"

ထိုကဲ့သို့ အားတက်သရော ပြောလိုက်ကာ လော့ချန်၏ မျက်လုံးများမှာ ဝမ်းသာနေသောကြောင့် အရောင်တလက်လက် တောက်နေလေတော့သည်။

All Chapters