← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၁၉၉) - နန်ကုန်းနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း

ဖိုရှန်းဂိုဏ်းကြီး ပြိုလဲပျက်စီးသွားခဲ့သည်မှာ တစ်လတင်းတင်း ပြည့်ခဲ့လေပြီ။

တာဟဲဈေးမြို့တော်၏ ရုတ်ရုတ်သဲသဲ အခြေအနေတို့သည် တဖြည်းဖြည်း ငြိမ်သက်ခြင်းသို့ ရောက်လာခဲ့ကာ တည်ငြိမ်စပြုလာသည်။ တစ်ဖက်တွင်လည်း တာကျန်းဂိုဏ်းနှင့် လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်တို့သည် တောင်တန်းဒေသများတွင် ခိုင်မာစွာ ခြေကုပ်ရယူနိုင်ခဲ့ကြသည်။

ရွှမ်ယီအဖွဲ့သည် မူလ၌ တာဟဲဈေးမြို့တော်တွင် ကြီးစိုးနေသော ဖိုရှန်းဂိုဏ်း၏ ဖိနှိပ်မှုများကို တန်ပြန်ရန် မျိုးနွယ်စု ငါးခုဖြင့် ယာယီဖွဲ့စည်းခဲ့ကြခြင်းဖြစ်လေသည်။

ထိုအဖွဲ့ကို တည်ထောင်ထားသော မျိုးနွယ်စု ငါးခုမှာ ကျန်းမျိုးနွယ်စု ၊ လျိုမျိုးနွယ်စု ၊ ဝမ် မျိုးနွယ်စု ၊ လီ မျိုးနွယ်စု နှင့် ချန် မျိုးနွယ်စု တို့ဖြစ်ကြလေသည်။ သို့ရာတွင် ဖိုရှန်းဂိုဏ်း ပြိုလဲသွားသောအခါ သူတို့ ကြား၌ အဝေမတည့်မှုနှင့် အာဏာလုမှုများကြောင့် အဖွဲ့သည် အမည်ခံသာ ကျန်ပေ တော့သည်။

အစပိုင်းတွင် ဒေသခံကျင့်ကြံသူများက ရွှမ်ယီအဖွဲ့ သည် တာဟဲစျေးမြို့တော်တွင် အလွန်အင်အားကြီးလာလိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။ သို့ရာတွင် ထင်သလိုဖြစ်မလာခဲ့ပေ။

ထိုအဖွဲ့သည် ဖိုရှန်းဂိုဏ်း၏ အပိုင်စားနယ်မြေ၊ လုပ်ငန်းများကို ခွဲဝေယူရာ၌ အချင်းချင်း မပြေလည်ဘဲ အတွင်းရေးအကွဲအပြဲများ၊ ပဋိပက္ခများဖြင့် နပန်းလုံးကာ အချိန်ကုန်နေကြလေသည်။

နောက်ဆုံးတွင် အပြန်အလှန် အလျှော့အတင်းလုပ်ကာ လက်ခံနိုင်ဖွယ်ရှိသော သဘောတူညီချက်တစ်ခု ရရှိခဲ့ကြလေသည်။ သို့သော် မျိုးနွယ်စု တစ်ခုနှင့် တစ်ခုမှာ မူလကကဲ့သို့ တစ်စိတ်တစ်ဝမ်းတည်း မရှိကြတော့ဘဲ အကွဲကွဲအပြားပြား ဖြစ်သွားကြတော့သည်။

တာကျန်းဂိုဏ်းသည် ရေကြောင်းကုန်သွယ်မှုကိုသာ ဇောက်ချလုပ်ကိုင်ပြီး၊ လျန်ယွန်းမဟာမိတ်သည်လည်း နယ်မြေချဲ့ထွင်ခြင်းထက် အမြတ်အစွန်းကိုသာ ရှေ့တန်းတင်လိုက်သည်။

ဤသို့ဖြင့် တာဟဲဈေးမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများမှာ အသက်ရှူချောင်သွားကာ အင်အားစုအငယ်စားလေးများ တစ်စတစ်စ ထွက်ပေါ်လာကြသည်။ ထိုအထဲတွင် ဖိုရှန်းဂိုဏ်း၏ ဆေးဖော်စပ်မှုလုပ်ငန်းကို ဆက်ခံလိုက်သော လော့ထျန်းအဖွဲ့ချုပ်လည်း ပါဝင်ပြီး ယခုအခါ အဖွဲ့ဝင်သစ် စုဆောင်းခြင်းကို ရပ်ဆိုင်းထားသည်ဟု သိရသည်။

အပြင်လူများကမူ လော့ထျန်းအဖွဲ့ချုပ်၏ စွမ်းဆောင်ရည်မှာ အကန့်အသတ်သို့ ရောက်သွားပြီဟု ထင်မှတ်နေကြသော်လည်း၊ အတွင်းလူများကမူ အမှန်တရားကို သိရှိကြသည်။

အဖွဲ့ချုပ်ခေါင်းဆောင် တန်ချန်ဇီသည် သူ၏ ကြီးကျယ်ခမ်းနားသော ဆေးဖော်လုပ်ငန်းကြီးကို တရားဝင် စတင်နေပြီ ဖြစ်သည်။ ဆေးဖော်ဆောင်မှာမူ ယခင်အတိုင်း လခြမ်းတောင်ကြား၏ အလယ်ဗဟိုတွင်ပင် တည်ရှိသော်လည်း၊ အဆောက်အဦနှင့် ဆေးဖော်ရာတွင်လိုအပ်သော မှော်အသုံးအဆောင်များမှာမူ သိသိသာသာ အဆင့်မြှင့်တင်ထားပြီး ဖြစ်သည်။

ယခင်က ဆေးဖော်စပ်ခန်း သုံးခန်းသာ ရှိခဲ့သော်လည်း ယခုအခါ ငါးခန်းအထိ တိုးချဲ့ထားသည်။ ထိုငါးခန်းတွင် အခန်းကြီး တစ်ခန်း၊ အခန်းလတ် နှစ်ခန်းနှင့် အခန်းငယ် နှစ်ခန်းဟူ၍ အရွယ်အစား ကွဲပြားကြသည်။

အကြီးဆုံးအခန်းတွင် ခန့်ညားထည်ဝါလှသော လေးရောင်ခြယ်မှော်ဝင်ဆေးအိုးကို ထားရှိပြီး၊ အခန်းလတ်များတွင်မူ တိမ်စုပ်ဆေးအိုး နှင့် နတ်သစ်သားဆေးအိုး တို့ကို အခန့်သား ထားရှိသည်။ အခန်းငယ် နှစ်ခန်းတွင်မူ အဆင့်နိမ့် ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို နှစ်လုံးကို အသီးသီး နေရာချထားလေသည်။

လော့ချန်၏ ချီစွမ်းအားမှာ တစ်နေ့ထက်တစ်နေ့ ပိုမို နက်နဲအားကောင်းလာသည် ဆိုသော်ငြားလည်း ဆေးဖော်စပ်ခန်း ငါးခန်းလုံးကို တစ်ပြိုင်နက်တည်း အုပ်ချုပ်ကွပ်ကဲနိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့် သူသည် အကြီးဆုံး အခန်းသုံးခန်းကိုသာ အဓိကထား ကိုင်တွယ်ပြီး ကျန်ရှိသော အခန်းနှစ်ခန်းကိုမူ မီလီ၊ ထန်ချွမ်နှင့် အခြားသူများကို လွှဲအပ်ထားသည်။

ယခုအခါ မီလီသည် မှော်အာဟာရဆေးလုံး ဖော်စပ်ခြင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။ ဤသည်မှာ အဆင့်မသတ်မှတ်ထားသော ဆေးဖော်စပ်နည်းတစ်ခုသာ ဖြစ်သဖြင့် တာဟဲဈေးမြို့တော်ရှိ ကျင့်ကြံသူအများအပြားပင် ဖော်စပ်တတ်ကြသည်။

လော့ချန် သူမအား ဤတာဝန်ကို ပေးအပ်ခြင်းမှာ အဖွဲ့ချုပ်အတွင်း လိုအပ်ချက်ကို ဖြည့်ဆည်းရန်သာမက လော့ထျန်းအဖွဲ့ချုပ်၏ အရောင်းဆိုင်တွင်လည်း ပစ္စည်းစုံလင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သို့သော် စိတ်ပျက်စရာမှာ ထန်ချွမ်ပင် ဖြစ်သည်။ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း သူသည် အံ့ဖွယ်တစ်သောင်းဆေးလုံး တစ်လုံးကိုမျှ အောင်မြင်အောင် မဖော်စပ်နိုင်သေးပေ။

ဆေးဖော်စပ်မှုပညာတွင် သူ၏ ပါရမီမှာ အမှန်ပင် နိမ့်ပါးလွန်းလှသည်။ ဦး‌လေးဖြစ်သူ ကျန်းဝမ်သည် သူ့တူအား တစ်ခါတစ်ရံ လာရောက်ကြည့်ရှုတတ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းကာ မီးကုန်ယမ်းကုန် ကျိန်းမောင်းတတ်လေသည်။

"ဒါက မင်းဦးလေးရဲ့ တစ်သက်တာ ပျော်ရွှင်မှုနဲ့ ဆိုင်နေတာကွ၊ ကောင်စုတ်ရဲ့” ဟု ကျန်းဝမ် စိတ်ထဲမှ အသည်းယားကာ ကြုံးဝါးနေမိသည်။

....

ယနေ့တွင် လော့ထျန်းအဖွဲ့ချုပ်အား အပြင်လူများ မဝင်နိုင်ရန် ပိတ်ထားသည်။

စင်ကြယ်သန့်ရှင်းသော ထိပ်တန်းအဆင့် မြစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လော့ချန်သည် ဆေးဖော်စပ်ခန်းအတွင်းသို့ ခန့်ညားစွာ လှမ်းဝင်လိုက်သည်။

"မီးဟုန်းခနဲ တောက်စေ" ဟု ဆိုလိုက်ရင်း သူ ဆေးဖော်စပ်ခြင်းကို စတင် အသက်သွင်းလေတော့သည်။

သူ၏ မျက်နှာမှာ တည်ကြည်လေးနက်နေသော်လည်း ရင်ထဲတွင်မူ စိတ်လှုပ်ရှားမှုများ လှိုင်းထနေသည်။ နောက်ဆုံးတွင်မူ သူ၏ ဆေးဖော်စပ်မှုကို စောင့်ကြည့်နေမည့်သူ မရှိတော့ဘဲ မိမိအလိုရှိရာ ဆေးလုံးများကို စိတ်ကြိုက်ဖော်စပ်နိုင်ပြီ ဖြစ်လေသည်။

ဆေးဖော်ဆရာတစ်ဦးအတွက်မူ ဤသည်မှာ အကြီးမားဆုံးသော ပျော်ရွှင်မှုပင် ဖြစ်ပေသည်။

လေးနာရီခန့် ကြာပြီးနောက် အနည်းငယ် ပင်ပန်းနွမ်းလျနေသော လော့ချန်သည် ဆေးဖော်စပ်ခြင်းကို ရပ်နားလိုက်သည်။

ဆေးဖော်စပ်ခန်း သုံးခန်းကိုသာ အသုံးပြုခဲ့သည် ဆိုသော်လည်း အဆင့်လတ်ဆေးအိုးတစ်လုံး ထပ်တိုးလာသဖြင့် ဆေးဖက်ဝင်ပစ္စည်းများကို ပိုမိုထည့်သွင်းနိုင်ခဲ့သည်။ ယခုအခါ သူသည် ဆေးရှစ်သုတ်ကို ကြီးကြပ်ခဲ့ရခြင်း ဖြစ်သည်။

ဤသည်မှာ အလွန် ပင်ပန်းကြီးစွာ အားစိုက်ရသည့် အလုပ်ဖြစ်သည်။

ဆေးအိုး တစ်အိုး ထပ်တိုးလိုက်ရုံမျှဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အေးအေးဆေးဆေး အခြေအနေမှ ဝိညာဉ်အာရုံ တင်းကျပ်လှသော အကန့်အသတ်တစ်ခုအထိ ရုတ်တရက် ခုန်တက်သွားခြင်း ဖြစ်ပေသည်။

"ငါ့ရဲ့ ဝိညာဉ်အာရုံကျင့်စဉ်တွေကို ဆက်ပြီး ကျင့်ရဦးမှာပဲ၊ ဒီအတိုင်းသာ အားစိုက်နေရရင် ရေရှည်ခက်လိမ့်မယ်" ဟု တွေးတောရင်း လော့ချန် သက်ပြင်းတစ်ချက်ချကာ ဆေးလုံးများကို လာရောက်သိမ်းဆည်းရန် ဆေးထိန်းသိမ်းစောင့်ရှောက်သူများကို ခေါ်လိုက်သည်။

ဆေးထိန်းသိမ်းစောင့်ရှောက်အဖွဲ့၏ ခေါင်းဆောင်မှာ ချိုးရင်း အမည်ရှိ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ယခင်က ဆေးဝါးဆောင်မှ တပည့်တစ်ဦးဖြစ်ပြီး ချီသန့်စင်အဆင့် ၆ သို့ ရောက်ရှိနေသူဖြစ်သည်။

ယခုအခါ သူမသည် ဆေးထိန်းများနှင့် အလုပ်သင်များကိုပါ တာဝန်ယူ ကြီးကြပ်နေရသဖြင့် တာဝန်နှစ်ခုကို ထမ်းဆောင်နေရသူ ဖြစ်သည်။ ထို့ကြောင့် လော့ချန်က သူမအား ချီသန့်စင် အဆင့်မြင့်ပိုင်း ကျင့်ကြံသူတစ်ဦးနှင့် တူညီသော လစာကို ပေးအပ်ထားသည်။

မည်သို့ပင်ဖြစ်စေ သူသည် အဖွဲ့သားများအား လစာ နှိမ်ထား၍ မဖြစ်ပေ။

"အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံး နှစ်ဆယ်၊ အဆင့်လတ် ရှစ်ဆယ်"

ချိုးရင်းက အရေအတွက်ကို အသံထွက်ဖတ်လိုက်ရင်း အနည်းငယ်မျှသာ အံ့သြမှုကို ပြသသည်။ အဖွဲ့ချုပ်ခေါင်းဆောင် တန်ချန်ဇီ၏ ဆေးဖော်စပ်မှုပညာမှာ အမှန်တကယ်ပင် ပြောင်မြောက်လွန်းလှသည် မဟုတ်ပါလား။

သို့သော် ကျန်ရစ်သော ဆေးထိန်းသိမ်းစောင့်ရှောက်သူ နှစ်ဦး၏ ရင်ထဲတွင်မူ ကြီးစွာသော တုန်လှုပ်မှုများ ဖြစ်ပေါ်နေသည်။

ဆေးလုံးဖော်စပ်မှု အောင်မြင်နှုန်းမှာ ခြောက်ဆယ်ရာခိုင်နှုန်းပင် ရှိနေသည်။ ထို့ထက် ပို၍ အံ့သြစရာကောင်းသည်မှာ ဆေးလုံးလေးလုံးတွင် တစ်လုံးမှာ အဆင့်မြင့်ဆေးလုံး ဖြစ်နေခြင်းပင်။ အဖွဲ့ခေါင်း‌ဆောင်၏ ဆေးဖော်စပ်မှု စွမ်းရည်သည် နောက်တစ်ဆင့်သို့ ထပ်မံ တက်လှမ်းသွားပြန်ပြီဟု တွေးတောလိုက်ကြလေသည်။

လော့ချန်ကမူ ဤရလဒ်အပေါ် အံ့သြခြင်း မရှိပေ။

သူ၏ ကျင့်ကြံမှုအဆင့်၊ ကျွမ်းကျင်မှုအရ ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်ရာတွင် အောင်မြင်နှုန်းမှာ ပုံမှန်အားဖြင့် ငါးဆယ်ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း အဆင့်နိမ့်နှင့် အဆင့်လတ်ဆေးလုံးများကို အကြိမ်ကြိမ် ဖော်စပ်ခဲ့ဖူးသဖြင့် ယခုအခါ အထွတ်အထိပ် အဆင့်သို့ပင် နီးကပ်နေပြီ ဖြစ်သည်။

အောင်မြင်နှုန်း တစ်ဆယ်ရာခိုင်နှုန်း ပိုထွက်လာခြင်းမှာ တစ်ခါတစ်ရံ ကြုံရတတ်သော ကံကောင်းမှုတစ်ခုမျှသာဖြစ်လေသည်။ အဆင့်နိမ့်ဆေးလုံးများ ပါလာခြင်းမှာလည်း သူ တမင်တကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ ပညာကို ဖုံးကွယ်ရန် မဟုတ်ဘဲ အရောင်းဆိုင်တွင် ပစ္စည်းအမျိုးအစား စုံလင်စေရန် ဖြစ်သည်။

ကျင့်ကြံခြင်း အစောပိုင်းအဆင့်တွင် ရုန်းကန်နေရပြီး ဆေးလုံးဝယ်ရန် မတတ်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများ အမြဲ ရှိနေတတ်သည်။ လော့ချန်အနေဖြင့် ထိုသို့သော ကံမကောင်းရှာသည့် ညီအစ်ကိုများကိုလည်း ကူညီလိုသောကြောင့် ဖြစ်ပေသည်။

"ဆေးလုံးတွေကို ဆေးသိုလှောင်ခန်းထဲမှာ ပုလင်းထဲသေချာထည့်ပြီး စနစ်တကျ သိမ်းဆည်းထားလိုက်ပါ၊ ပြီးတော့ ဆေးဖော်စပ်ခန်းတွေကို သန့်ရှင်းရေးလုပ်ဖို့နဲ့ ဆေးအိုးတွေကို ဆေးကြောဖို့ လူလွှတ်လိုက်ဦး၊ အားတဲ့သူရှိရင် မီလီကို မှော်အာဟာရဆေးလုံး ဖော်စပ်တဲ့နေရာမှာ ကူညီပေးကြပါ"

အရာအားလုံးကို စနစ်တကျ စီစဉ်ပြီးနောက် လော့ချန် သူ၏ နားထင်ကို အသာအယာ နှိပ်ရင်း လက်ဆေးရန် ထွက်လာခဲ့သည်။

ကျောက်စိမ်းအမြုတေဆေးလုံး ရှစ်သုတ်ကို တစ်ပြိုင်နက်တည်း ဖော်စပ်ရခြင်းမှာ အမှန်တကယ် ပင်ပန်းလှသည်။ သူ၏ အားကောင်းသော ချီစွမ်းအားဖြင့်ပင် ယခုအခါ နွမ်းလျမှုကို စတင် ခံစားနေရပြီ ဖြစ်သည်။

"ဆေးဘုရင်ဂိုဏ်းက သူတို့ရဲ့ ဆေးဖော်စပ်မှုတွေကို ဘယ်လိုများ စီမံခန့်ခွဲနေကြပါလိမ့်၊ တစ်ဖက်မှာ ဝိညာဉ်ဆေးနန်းဆောင်ကို နယ်မြေငါးခုလုံးမှာ ချဲ့ထွင်နေပြီး၊ နောက်တစ်ဖက်မှာလည်း အရှေ့ဖျား နယ်မြေခြောက်ခုအထိ ခြေဆန့်နိုင်နေကြတာ ချီးကျူးစရာပဲ" ဟု လော့ချန် သိချင်စိတ်ဖြင့် တစ်ဦးတည်း ရေရွတ်လိုက်မိသည်။

သူသည် အစွမ်းကုန် ကြိုးစားနေသည်ဟု ခံစားရသော်လည်း၊ သူ၏ ဆေးဖော်စပ်မှု ထိရောက်မှုမှာ လိုအပ်ချက်များ ရှိနေသေးသည်ဟု ထင်မြင်နေမိသည်။ လက်ဆေးပြီးနောက် လော့ချန်သည် ဆေးဖော်စပ်ရာ အခန်းငယ်လေးထဲသို့ ဝင်ရောက် ကြည့်ရှုလိုက်သည်။

မီလီမှာ ယခုအခါ အပြည့်အဝ ပြန်လည်ကျန်းမာလာပြီဖြစ်ပြီး လော့ချန်၏ ဂရုစိုက်မှုဖြင့် သူမ၏ မွေးရာပါ အားနည်းချက်များကို ကုသရန် ဆေးလုံးအချို့ သောက်သုံးခဲ့ရသည်။

ဤသည်မှာ သူမ၏ ရောဂါကို အမြစ်ပြတ် မပျောက်ကင်းစေနိုင်သော်လည်း၊ အနည်းဆုံးတော့ ယခင်ကကဲ့သို့ ပိန်ချုံးနွမ်းလျနေခြင်း မရှိတော့ပေ။ ယခုအခါ သူမကိုယ်ပိုင် ဆေးဖော်စပ်ခန်းကို စီမံခန့်ခွဲနေရသဖြင့် သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

မူလကပင် မီရှုဟွာသည် သူမအား ဆေးဖော်ဆရာတစ်ဦးဖြစ်ရန် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ရာ သူမတွင် ဆေးဖော်စပ်မှု ပါရမီ အနည်းငယ် ရှိနေမည်မှာ အမှန်ပင်။ ကံမကောင်းသည်မှာ သင်ကြားမှုနည်းလမ်း မှားယွင်းနေခြင်း ဖြစ်သည်။ မီရှုဟွာ အလွန်ပင် စိတ်လောလွန်းခဲ့သည်။ သူ၏ တွန်းအားပေးမှုမှာ အလွန်ကြမ်းတမ်းပြီး အမြန်နှုန်း ကိုသာ ဦးစားပေးခဲ့သည်။

လော့ချန်အနေဖြင့် နားလည်နိုင်သည်။ မီရှုဟွာတွင် ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်နည်း ရှိနေသဖြင့် ၎င်းမှ ရရှိမည့် ကြီးမားသော အကျိုးအမြတ်ကို အမြန်ဆုံး ရယူလိုခြင်းဖြစ်ပေမည်။

သို့သော် ဆေးဖော်ဆရာ တစ်ဦးကို ပြုစုပျိုးထောင်ရာတွင် စိတ်လော၍ မရပေ။ အခြေအနေပြကြေးမုံပြင် စနစ် ရှိသော လော့ချန်ကိုယ်တိုင်ပင်လျှင် တစ်ဆင့်ချင်း တက်လှမ်းခဲ့ရသည် မဟုတ်ပါလား။

သာမန်လူများအနေဖြင့် ထိုကဲ့သို့ ပြင်းထန်သော လေ့ကျင့်မှုကို မည်သို့ တောင့်ခံနိုင်ပါမည်နည်း။

ထို့ကြောင့် လော့ချန်သည် မီလီအား တစ်ဆင့်ချင်း ပြုစုပျိုးထောင်ရန် စီစဉ်ထားသည်။

အလုပ်သင်အဆင့်မှ စတင်ကာ အလွယ်ဆုံးအဆင့်ဟုခေါ်ရမည့် မှော်အာဟာရဆေးလုံးကို ဖော်စပ်စေသည်။ သူမအနေဖြင့် မှော်အာဟာရဆေးလုံးဖော်စပ်ရာတွင် သုံးဆယ်ရာခိုင်နှုန်း အောင်မြင်မှုရမှသာ ပထမအဆင့် ဆေးလုံးများကို စမ်းသပ်ဖော်စပ်ခွင့် ပေးမည်ဖြစ်သည်။

သုံးဆယ်ရာခိုင်နှုန်း အောင်မြင်မှုဆိုသည်မှာ ပြီးပြည့်စုံအဆင့်နှင့် ညီမျှပြီး ထိုအချိန်မှသာ အဆင့်လတ်ဆေးလုံးများကို ဖော်စပ်နိုင်စွမ်း ရှိမည် ဖြစ်သည်။

‘ဒါဆိုရင် ငါလည်း ထန်ချွမ်ကို လေ့ကျင့်ပေးတဲ့နေရာမှာ စိတ်လောသွားခဲ့တာလား....’

လော့ချန် သူ၏ လုပ်ရပ်များကို ပြန်လည် ဆင်ခြင်ကြည့်မိသည်။

ထိုစဉ်က ထန်ချွမ်အား အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်ခိုင်းခဲ့ခြင်းမှာ အချိန်အရမ်းစော လွန်းရာ ရောက်ခဲ့သည်ကို သူ သတိပြုမိလိုက်သည်။ ထိုအချိန်က သူသည် ထန်ချွမ်အား လေ့ကျင့်ရန်သာ ရည်ရွယ်ခဲ့ပြီး ဆုံးရှုံးမှုမှန်သမျှမှာ ဖိုရှန်းဂိုဏ်း၏ ဝိညာဉ်ကျောက်တုံးများသာ ဖြစ်သည်။ သို့သော် ယခုမူ ရှုံးနိမ့်မှုမှန်သမျှမှာ မိမိ၏ ဝိညာဉ်ကျောက်တုံးများပင် ဖြစ်ပေသည်။

"ငါလည်း မီရှုဟွာလိုပဲ အမြင်ကျဉ်းပြီး စိတ်လောခဲ့မိတာပဲ"

လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်သည့်အခိုက် သူ၏ မျက်လုံးထောင့်မှ လှစ်ခနဲ ဖြတ်ပြေးသွားသည့် အရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။

"အဲဒီမှာတင် ရပ်လိုက်စမ်း"

‌ထိုသို့ လော့ချန် ပြတ်သားစွာ လှမ်းခေါ်လိုက်ရာ ဆေးဖော်စပ်ခန်းထဲမှ ထွက်လာသော ကောင်ငယ်လေးမှာ ချက်ချင်းပင် တုန့်ခနဲ ရပ်တန့်သွားတော့သည်။

မျက်နှာမြင်လူချစ်ပါစေ ဟူသည့် မျက်နှာပေါက်ရှိသည့် ထိုကောင်လေးကို ကြည့်ရင်း လော့ချန် လက်ယမ်းခေါ်လိုက်သည်။

"ဒီကို လာစမ်း"

ကောင်လေးသည် တုန်တုန်ရင်ရင်ဖြင့် လျှောက်လာခဲ့သည်။ လော့ချန် ထိုင်နေသည့် အမြင့်နှင့် ထိုကောင်လေး မတ်တတ်ရပ်နေသည့် အမြင့်မှာ အတူတူပင် ဖြစ်သည်။ လော့ချန်က တည်ကြည်သော မျက်နှာဖြင့် သူ့အား ကြည့်လိုက်သည်။

"ဆေးဖော်စပ်ခန်းတွေက အန္တရာယ်ရှိတယ်ဆိုတာ မင်းမသိဘူးလား၊ ဘယ်သူက မင်းကို အထဲပေးဝင်တာလဲ"

ထိုအခါ ကောင်လေးက ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ပြောရှာသည်။

"ကျွန်တော်.... ကျွန်တော် ကူညီချင်လို့ပါ"

"ကူညီချင်လို့ ဟုတ်လား" လော့ချန် ရယ်မောလိုက်မိသည်။

"မင်းက ဆေးအိုးရဲ့ အောက်ခြေလောက်တောင် အမြင့်မရှိတာကို ဘာတွေ ကူညီနိုင်မှာမို့လို့လဲ"

“အဖွဲ့ချုပ်ခေါင်းဆောင်ခင်ဗျ .... လင်ကျွင်းလေးက တစ်ခုခုအမှားလုပ်မိတာလားဗျာ"

စိုးရိမ်တကြီး လှမ်းခေါ်သံနှင့်အတူ အဘိုးအိုတစ်ဦး ဆေးဖော်စပ်ခန်း အဝင်ဝသို့ ရောက်လာသည်။ သူကား လက်ရှိတွင် မီးထိန်းများကို သင်ကြားပေးနေပြီး ဆေးဖော်စပ်ခန်းများ၏ အလှည့်ကျတာဝန်များကို စီမံနေသူ ချွီဟန်ချန်း ပင် ဖြစ်သည်။

ချွီဟန်ချန်းသည် အပြေးအလွှား ရောက်လာပြီး ချွီလင်ကျွင်းအား တစ်ချက်မျှ မပြောဘဲ ဖမ်းဆွဲကာ ရိုက်နှက်ရန် ပြင်တော့သည်။

"ဒီကလေးက အမြဲတမ်း ပြဿနာရှာနေတာပဲ၊ ကောင်းကောင်း ဆုံးမမှ ဖြစ်တော့မယ်"

သို့သော် သူ၏လက် အောက်သို့ ကျမလာမီမှာပင် လော့ချန်သည် ချီစွမ်းအား အနည်းငယ်ကို သုံး၍ ထိုလက်ကို လေထဲတွင်ပင် တားဆီးလိုက်သည်။

"ဟားဟား....တော်လိုက်ပါတော့.... ဟန်ဆောင်မနေပါနဲ့တော့ဗျာ.... အဘိုးကြီးချွီက သူ့မြေးကို အချစ်ဆုံးဆိုတာ ဘယ်သူမသိဘဲ နေမှာလဲ"

ချွီဟန်ချန်း ရယ်မောလိုက်ရာ သူ၏ မျက်နှာအိုကြီးမှာ ဂန္ဓမာပန်းတစ်ပွင့် ပွင့်လာသကဲ့သို့ လန်းလန်းဆန်းဆန်းကြီး ဖြစ်သွားလေသည်။ သူသည် လင်ကျွင်းအား သူ၏ အနောက်မှ ဆွဲထုတ်ကာ လော့ချန်၏ ရှေ့တွင် သေချာ မတ်တတ်ရပ်စေသည်။

လော့ချန်က ခေါင်းခါယမ်းကာ ဆိုသည်။

"ဆေးဖော်စပ်ခန်းက အလုပ်တွေက အန္တရာယ်ရှိတယ်၊ အရင်ကဆို ဆေးအိုးတွေ ပေါက်ကွဲတဲ့အထိ ဖြစ်ခဲ့ဖူးတာ၊ အဘိုးက ကလေးတစ်ယောက်ကို ဘာလို့ ဒီကို ခေါ်လာရတာလဲ"

"ဒါပေမယ့် ခေါင်းဆောင်ရယ်....သူက သိပ်လည်း မငယ်တော့ပါဘူး၊ မကြာခင် ဆယ့်နှစ်နှစ်ပြည့်တော့မှာဆိုတော့ ကျင့်ကြံတာတောင် စလို့ ရပါပြီဗျာ"

ဟု ချွီဟန်ချန်းက သူ၏ မြေးကို ကြည့်ရင်း ကြင်နာသော လေသံဖြင့် ဆိုသည်။

"အိမ်မှာလည်း သူက သိပ်ဆိုးတာ၊ သူ့အမေလည်း မနိုင်တော့ဘူး၊ ဒါကြောင့်ပဲ သူ့ကို လခြမ်းတောင်ကြားကို ခေါ်လာခဲ့ရတာပါ၊ ပထမအချက်ကတော့ ကျွန်တော်ကိုယ်တိုင် စောင့်ကြည့်လို့ရအောင်၊ ဒုတိယအချက်ကတော့ အသုံးဝင်တဲ့ ပညာတစ်ခုခု သင်ယူနိုင်အောင်လို့ပါ"

ထိုသို့ပြောရင်း ချွီဟန်ချန်းက သက်ပြင်းတစ်ချက်ချသည်။

"ကျွန်တော်တို့ လော့ထျန်းအဖွဲ့ချုပ်မှာ ထူးချွန်တဲ့သူတွေ အများကြီး ရှိပါတယ်၊ လင်ကျွင်းလေးသာ တစ်ခုခု သင်ယူထားနိုင်ရင် ကျွန်တော် မရှိတော့တဲ့ အချိန်ကျရင်တောင် သူ့အတွက် စိတ်ပူစရာ မလိုတော့ဘူးလေ"

လော့ထျန်းအဖွဲ့ချုပ်တွင် အမှန်ပင် အရည်အချင်းရှိသူများစွာ ရှိပေသည်။ အထူးသဖြင့် ဖိုရှန်းဂိုဏ်း၏ အကောင်းဆုံး ဆေးဖော်စပ်မှုအတတ်ပညာ ကျင့်ကြံသူများကို စုစည်းထားသော ဆေးဖော်ဆောင် ဖြစ်ပေသည်။ လင်ကျွင်းအနေဖြင့် ဝိညာဉ်ဆေးပင်များအကြောင်း အနည်းငယ်မျှ သင်ယူထားနိုင်လျှင်ပင် နောင်တစ်ချိန်တွင် အသက်မွေးဝမ်းကျောင်းအတွက် ပူပန်စရာ မလိုတော့ပေ။

"အဘိုး.... ကျွန်တော် ဟို အကြီးကြီးကို သဘောကျတယ်ဗျ"

လင်ကျွင်းက သူ၏ မျက်လုံးဝိုင်းကြီးများဖြင့် လှမ်းကြည့်ကာ အကြီးဆုံး ဆေးဖော်စပ်ခန်းကို ညွှန်ပြလိုက်သည်။

သူပြောသည့် ဟိုအကြီးကြီးဆိုသည့် အရာမှာ အထဲတွင် အမှန်ပင် ခန့်ညားထည်ဝါစွာ တည်ရှိနေသည်။ ၎င်းကား ဆယ်ပေခန့် မြင့်သော လေးရောင်ခြယ်မှော်ဝင်ဆေးအိုးပင် ဖြစ်သည်။

လော့ချန်သည် လင်ကျွင်းအား သေချာစွာ ကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။ ချွီဟန်ချန်း၏ မြေးကို ဆူပူနေသော အသံမှာလည်း သူ၏ နားထဲသို့ တိုးဝင်လာသည်။ ၎င်းမှာ ဤနေရာသည် အလွန်အန္တရာယ်ရှိကြောင်းနှင့် ဤသည်မှာ အဖွဲ့ချုပ်ခေါင်းဆောင်၏ အဖိုးတန် ရတနာဖြစ်ကြောင်း သတိပေးနေခြင်းသာ ဖြစ်သည်။

အတော်ကြာမှ ချွီဟန်ချန်းက အားနာစွာ မေးမြန်းလိုက်သည်။

"ခေါင်းဆောင်ကြီး.... လင်ကျွင်းကို ဆေးပင်ဆောင်က အစ်မရှိုးဆီ ခေါ်သွားပြီး အပ်ထားလိုက်ရမလားခင်ဗျာ"

အစ်မရှိုးဆိုသည်မှာ ယခင် ဆေးဝါးဆောင်မှ အမျိုးသမီး ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သဘောကောင်းကာ စိတ်ရှည်သူတစ်ဦး ဖြစ်သည်။ သို့သော် လော့ချန်က ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူ လက်ယမ်းခေါ်လိုက်ရာ လင်ကျွင်းမှာ စိတ်လှုပ်ရှားစွာဖြင့် တိုးလာခဲ့သည်။

"မင်း စာဖတ်တတ်လား"

"ဟုတ်ကဲ့ ဖတ်တတ်ပါတယ်၊ ကျွန်တော့်မေမေ သင်ပေးထားပါတယ်ဗျ...."

"ဟုတ်ပြီ၊ အဲဒါဆိုရင် မင်းအတွက် ငါ တာဝန်တစ်ခု ပေးမယ်"

ထိုသို့ပြောလိုက်ရင်း ကျမ်းစာအုပ်တစ်အုပ်မှာ ကောင်လေး၏ လက်ဖဝါးငယ်လေးများ အတွင်းသို့ ကျရောက်သွားသည်။ ၎င်း၏ မျက်နှာဖုံးတွင် ဆေးဖက်ဝင်အပင်များ သရုပ်ဖော်ကျမ်းဟု ရေးသားထားသည်။

"ဒီကျမ်းစာအုပ်ကို တစ်လအတွင်း အလွတ်ကျက်ထားရမယ်၊ အကုန်လုံးကို နားလည်စရာ မလိုဘူး၊ ဒါပေမယ့် ပုံတွေအကုန်လုံးကို မှတ်မိနေအောင် ကျက်ထားရမယ် ကြားလား"

ကျမ်းစာအုပ် အလွတ်ကျက်ရမည်ဟု ကြားလိုက်သည်နှင့် ကောင်လေး၏ မျက်နှာမှာ ညှိုးငယ်သွားပြီး တွန့်ဆုတ်သွားသော်လည်း အထဲတွင် သရုပ်ဖော်ပုံများပါသည်ဟု သိလိုက်ရသောအခါ သူ၏ မျက်လုံးများမှာ သိချင်စိတ်ဖြင့် ပြန်လည် အရောင်တောက်လာသည်။

“ဟဲ့ ကောင်လေး လင်ကျွင်း.... ခေါင်းဆောင်ကြီးကို အမြန်ကျေးဇူးတင်လိုက်လေ"

အဘိုးဖြစ်သူ ချွီဟန်ချန်းမှာ အလွန်ပင် ဝမ်းသာသွားပြီး မြေးဖြစ်သူကို ကျေးဇူးတင်စကားပြောရန် တိုက်တွန်းလေတော့သည်။

ထို့နောက် ကောင်လေးက ကျေးဇူးတင်စကား ပြောလိုက်သည်။ လော့ချန် လက်ယမ်းပြကာ သူတို့ မြေးအဘိုးကို ပြန်လွှတ်လိုက်သည်။

သူသည် ထိုနေရာတွင် ထိုင်ရင်း အတော်ကြာအောင် စဉ်းစားနေမိသည်။ ထို့နောက်မှ ထကာ မီလီ၏ ဆေးဖော်စပ်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။ ဆေးထိန်းသိမ်းသူ ချိုးရင်းနှင့် မီလီတို့မှာ လောလောလတ်လတ် ဖော်စပ်ထားသောမှော်အာဟာရဆေးလုံးများကို စိတ်လှုပ်ရှားစွာ ရေတွက်နေကြသည်ကို သူ တွေ့လိုက်ရသည်။

အခိုးအငွေ့များကြားတွင် သူတို့၏ လှပသော မျက်နှာများမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

"အော် လော့ထျန်းအဖွဲ့ လည်း နောက်ဆုံးတော့ တာဟဲမြေပေါ်မှာ ခြေကုပ်မြဲသွားပြီပဲ"

ထိုကဲ့သို့ လော့ချန် ကြည်နူးစွာဖြင့် ရေရွတ်လိုက်ရင်း လှည့်ထွက်လာခဲ့လေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၀၀) - လော့ချန် နှင့် နန်ကုန်းမျိုးနွယ်စု၏ ရေစက်

ဤနေရာကား နန်ကုန်းမျိုးနွယ်စုတို့ အခြေချရာ နယ်မြေပင် ဖြစ်တော့သည်။

ကျိုးယွမ်လီနှင့် လျိုချန်းတို့သည် လော့ချန်၏ ဘေးတစ်ဖက်တစ်ချက်တွင် ခြံရံလိုက်ပါလာကြပြီး၊ သူတို့၏ အနောက်တွင်မူ တိုက်ပွဲခန်းမဆောင် အကြီးအကဲ စီမာရှန့်က လက်ရွေးစင်စစ်သည် ဆယ်ဦးကို ဦးဆောင်ကာ လုံခြုံရေးအတွက် ဝန်းရံလိုက်ပါလာသည်။

ကျိုးယွမ်လီသည် အောက်ဘက်တွင် အစီအရီ တည်ရှိနေသော အဆောက်အဦး အစုအဝေးကြီးကို ညွှန်ပြလျက် လော့ချန်အား စိတ်အားထက်သန်စွာ လိုက်လံ မိတ်ဆက်ပေးနေခြင်း ဖြစ်သည်။

"ဟိုးဘက်ကတော့ အခုမှ တည်ဆောက်လက်စ သားရဲခြံပဲဗျ၊ နန်ကုန်းမျိုးနွယ်စုက အဲဒီမှာ ကျင့်ကြံသူတွေကို အစောင့်အရှောက် တာဝန်ချထားလိမ့်မယ်လို့ သတင်းကြားတယ်၊ ပြီးတော့ ဒီဘက်မှာဆိုရင်လည်း...."

အောက်ဘက်ရှိ မြေယာဝင်းကြီးကို ငုံ့ကြည့်လိုက်စဉ် လော့ချန်၏ မျက်နှာထက်၌ ရှုပ်ထွေးလှသော ခံစားချက်တို့ ဖြစ်သွားသည်။

နန်ကုန်းတို့၏ နယ်မြေဟု ဆိုသော်ငြား၊ ဤမြေယာများမှာ ယခင်က မီမိသားစု ပိုင်ဆိုင်ခဲ့သော အမွေအနှစ်များ မဟုတ်ပါလား။

လွန်ခဲ့သော နှစ်လခန့်က သူတစ်ဦးတည်း လျှို့ဝှက်လာရောက်စဉ်က မီမိသားစု၏ ရင်းနှီးသော ပုံရိပ်များကို မြင်တွေ့ခဲ့ရသော်လည်း၊ ယခုမူ အရာအားလုံးမှာ အစအန ရှာမရလောက်အောင် ပြောင်းလဲသွားခဲ့လေပြီ။ သူစိမ်းပြင်ပြင် နန်ကုန်းတို့က ထိုနေရာတွင် ကျင့်ကြံသူအဖြစ် စိုးစံနေကြချေပြီ။

"ဘယ်သူတွေလဲကွ.... ဘယ်လိုကောင်တွေမိုလို့ ငါတို့နယ်မြေထဲ ကျူးကျော်ရဲတာလဲ"

ပြတ်သားလှသော ဟိန်းဟောက်သံနှင့်အတူ လူရိပ်တစ်ခုသည် အောက်ဘက်မှ လေထဲသို့ မြောက်တက်လာသည်။ လော့ချန်က မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေစဉ်၊ စီမာရှန့်က ရှေ့သို့ တစ်လှမ်းတိုးကာ ထိုသူကို ရင်ဆိုင်လိုက်သည်။

"လော့ထျန်းအဖွဲ့ချုပ်ရဲ့ ဆေးဖော်ဆရာကြီး တန်ချန်ဇီက တရားဝင် မိတ်ဆက်လွှာနဲ့အတူ အကြီးအကဲ နန်ကုန်းကျင်းကို ဂါရဝပြုဖို့ လာရောက်တာ ဖြစ်ပါတယ်ဗျာ"

စီမာရှန့်၏ စကားအဆုံးတွင် ရွှေစာလုံးများဖြင့် ခန့်ညားစွာ မွမ်းမံထားသော ဖိတ်ကြားလွှာ တစ်စောင်သည် လေထဲတွင် ဝဲပျံကာ မြားတစ်စင်းကဲ့သို့ ရှေ့သို့ ပြေးထွက်သွားသည်။

နန်ကုန်းမျိုးနွယ်စုမှ ကျင့်ကြံသူသည် ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း ရုတ်တရက် သတိမထားလိုက်မိပဲ လှမ်း၍ ဖမ်းယူလိုက်သည်။

သို့သော် ဖိတ်ကြားလွှာ သူ၏ လက်ဖဝါးပေါ်သို့ ကျရောက်သည်နှင့် တစ်ပြိုင်နက်၊ ဖိတ်ကြားလွှာအတွင်း မြှုပ်နှံထားသော စွမ်းအားလှိုင်းကြောင့် သူ၏ မျက်နှာထားမှာ ချက်ချင်း ပျက်ယွင်းသွားတော့သည်။

ထိုကျင့်ကြံသူမှာ လေထဲတွင် ရပ်တန့်နေရင်းမှာပင် လွှမ်းမိုးထားသော ဝိညာဉ်အရှိန်အဝါကြောင့် အနောက်သို့ သုံးမီတာခန့် လွင့်စင်ဆုတ်ခွာသွားရသည်။

"မင်း...."

စီမာရှန့်က စကားအရှည်ကြီး ပြောမနေဘဲ နှုတ်ခမ်းကို အသာအယာ တွန့်ကာ အနိုင်ရအပြုံးဖြင့် ပြုံးလိုက်သည်။

နန်ကုန်းကျင့်ကြံသူ၏ မျက်လုံးများထဲတွင် ဒေါသအရှိန်ကြောင့် မီးတောက်များ ဝေစီသွားသော်လည်း မိမိရင်ဆိုင်ရသူ၏ အရှိန်အဝါကို သိသဖြင့် "ဒီမှာ ခဏစောင့်နေ" ဟု ခပ်ပြတ်ပြတ် ဆိုကာ အောက်ဘက်ရှိ ဝင်းကြီးအတွင်းသို့ အလျင်အမြန် ပြန်လည် ပျံသန်းဝင်ရောက်သွားတော့သည်။

ထိုသူ ထွက်သွားသည်နှင့် ကျိုးယွမ်လီက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"အဖွဲ့ခေါင်းဆောင်.... အစကတည်းက ဒီလို ရန်စသလို လုပ်တာက နန်ကုန်းမျိုးနွယ်စုကို စော်ကားရာ ရောက်မသွားဘူးလားဗျ"

လော့ချန် ခေါင်းခါယမ်းလိုက်သော်လည်း ဘာမှပြန်မပြောပေ။ စီမာရှန့်၏ ထိုကဲ့သို့ ရန်လိုသော အမူအရာမှာ သူကိုယ်တိုင် လျှို့ဝှက်ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

သူသည် မာန်မာနကြောင့် ထိုသို့ လုပ်ခိုင်းခြင်း မဟုတ်ဘဲ၊ မိမိ၏ ကျောထောက်နောက်ခံဖြစ်သော မြောင်ဝမ်၏ အမည်သည် ဤနယ်မြေတွင် မည်မျှအထိ အရှိန်အဝါ ကြီးမားသည်ကို လက်တွေ့စမ်းသပ်လိုခြင်းသာ ဖြစ်သည်။ ထိုစမ်းသပ်မှု၏ အဖြေမှာလည်း မကြာမီ ပေါ်လွင်လာတော့မည် ဖြစ်သည်။

ကျင့်ကြံသူတစ်ဦး၏ လမ်းပြမှုဖြင့် လော့ချန်သည် ခန့်ညားထည်ဝါလှသော ပန်းဥယာဉ်ခန်းမဆောင် အတွင်းသို့ ရောက်ရှိသွားပြီး နန်ကုန်းမျိုးနွယ်စု ခေါင်းဆောင်နှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေလိုက်သည်။

သို့သော် ရောက်ရှိလာသူမှာ သူမျှော်လင့်ထားသည့် အဖွဲ့ခေါင်းဆောင်ကြီး မဟုတ်ဘဲ သခင်လေး ဖြစ်နေသည်။

လော့ချန်၏ အကြည့်တို့သည် ထက်မြက်လှသော မျက်ခုံးတန်းများနှင့် ရှေးခေတ်က သမိုင်းတွင် အချောဆုံးအမျိုးသား ပန်းအန်း ကဲ့သို့ ချောမောလှပသော မျက်နှာပိုင်ရှင်ထံသို့ ကျရောက်သွားသည်။

သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားရသည်။ ရောက်ရှိလာသူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နန်ကုန်းကျင်း မဟုတ်ဘဲ သူ၏သား နန်ကုန်းချင် ဖြစ်နေသောကြောင့်ပင်။

"မင်းက လော့ထျန်းအဖွဲ့ချုပ်ရဲ့ အဖွဲ့ခေါင်းဆောင် လော့ ဒါမှမဟုတ် ဆေးဖော်ဆရာကြီး တန်ချန်ဇီ ပေါ့.... မင်းရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးတာ ကြာပါပြီ"

လော့ချန် သူ၏ မျက်နှာထားကို ပြန်လည် တည်ငြိမ်အောင် ချက်ချင်း ထိန်းချုပ်လိုက်သည်။ ပြုံးပြလာသော လူကို လက်သီးဖြင့် ပြန်ထိုး၍ မရသည်မှာ လောကနီတိပင် မဟုတ်ပါလား။

"ကျွန်တော်က လော့ချန်ပါ၊ မိတ်ဆွေ နန်ကုန်းကို နှုတ်ခွန်းဆက်သပါတယ်" ဟု သူ ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

နန်ကုန်းချင် အံ့သြဟန် မရှိပေ။ သူကဲ့သို့ အဆင့်ရှိသူတစ်ဦးသည် တန်ချန်ဇီ၏ အမည် နောက်ကွယ်မှ သူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သတင်းရရှိပြီးသား ဖြစ်သည်။ သူ အဓိက ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်သည်။

"အကြောင်းမရှိဘဲ ရတနာသုံးပါး နန်းဆောင်ကို လာလိမ့်မယ်လို့ ငါမထင်ဘူး၊ မိတ်ဆွေ.... ဖိတ်စာမပါဘဲနဲ့ ဘာကိစ္စများကြောင့် အရောက်လှမ်းလာရတာလဲ"

သူသည် ထိုသို့ ပြောရင်း လော့ထျန်းအဖွဲ့ချုပ်နှင့် တန်ချန်ဇီ၏ အမည်ပါသော ရွှေစာလုံးမွမ်းမံထားသည့် ဖိတ်စာကို လက်ဖြင့် အသာအယာ လှည့်ပတ်ကစားနေသည်။

လော့ချန် အနည်းငယ် ပြုံးလိုက်ပြီး ဆိုသည်။

"စီးပွားရေး ကမ်းလှမ်းချက်လေး တစ်ခုပါပဲ၊ မင်းတို့ မျိုးနွယ်စုအနေနဲ့ စိတ်ဝင်စားမလားဆိုတာ သိချင်မိလို့ပါ"

"အို.... ဘာကိစ္စများမို့လို့လဲ"

"ဖူကျူးသမင် နဲ့ ပတ်သက်တဲ့ ကိစ္စပါ"

"ဒါဆိုရင်လည်း အသေးစိတ် ပြောပြကြည့်ပါဦး"

အချိန်အတော်ကြာ နားထောင်ပြီးနောက် နန်ကုန်းချင်က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်သည်။

"ဒါက တကယ်ကို အမြတ်ထွက်မယ့် လုပ်ငန်းပဲ၊ နှစ်ဖက်လုံးအတွက်လည်း အကျိုးရှိတယ်၊ ဒါပေမဲ့...."

ထို ဒါပေမဲ့ ဆိုသည့် စကားလုံး ထွက်လာသည်နှင့် လော့ချန်၏ မျက်နှာထက်မှ နွေးထွေးသော အပြုံးတို့သည် တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ နန်ကုန်းချင်၏ နှုတ်ခမ်းတို့က တွန့်ကွေးကာ ပြုံးနေသော်လည်း၊ သူ၏ မျက်လုံးများမှာမူ ဆောင်းရာသီ ရေခဲပြင်ကဲ့သို့ အေးစက်လျက် ရှိသည်။

"ငါတို့က ဒီနယ်မြေကို ရွှေ့ပြောင်းလာတာ မကြာသေးဘူးကွာ.... အခုမှ ပြန်လည် တည်ဆောက်ရေးတွေလည်း အကြီးအကျယ် လုပ်နေရတုန်းပဲ....အဲဒါကြောင့် မင်းတို့ အဖွဲ့ချုပ်အတွက် ဖူကျူးသမင်နို့တွေကို မှန်မှန်ကန်ကန် ထောက်ပံ့ပေးဖို့ လူအင်အား မလုံလောက်သေးဘူးကွာ.... စိတ်မကောင်းပါဘူး၊ ဒီတစ်ခါတော့ ငြင်းပယ်ပါရစေ"

လော့ချန်၏ မျက်နှာထားအနည်းငယ် ပျက်သွားရသည်။ ခေတ္တမျှ စကားစမြည် ဆက်လက်ပြောဆိုပြီးနောက် သူသည် လိုချင်သော ရလဒ်မရဘဲ ပြန်လည် ထွက်ခွာခဲ့တော့သည်။

နန်ကုန်းချင်သည် ခန်းမဆောင် အဝင်ဝအထိသာ ယဉ်ကျေးရုံမျှ လိုက်လံ ပို့ဆောင်ပြီး ရပ်တန့်ကျန်ရစ်ခဲ့သည်။ ထွက်ခွာသွားသော လော့ချန်၏ နောက်ကျောကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထက်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“ချီသန့်စင်အဆင့် ၈ လောက်က ငါ့ရှေ့မှာ ခေါင်းဆောင်တစ်ယောက်လို လာပြီး ဟန်လုပ်နေတယ်ပေါ့.... တကယ့်ကို အရေးပါတဲ့ လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာပဲ” ဟုလည်း အမြင်ကတ်စွာ တဆက်တည်း တွေးလိုက်သည်။

ရုတ်တရက် သူ၏ နားထဲမှ ဖခင်ဖြစ်သူ၏ ခေါ်သံတိုးတိုးကို ကြားလိုက်ရသလို ရှိလေသည်။ သူ ချက်ချင်း လှည့်ကာ အနောက်ဘက်သို့ လျှောက်သွားလေတော့သည်။

မကြာမီ သူသည် ချီစွမ်းအင်များ ထူထပ်စွာ ပြည့်နှက်နေသော မြေအောက် ကျင့်ကြံရာ ဂူသင်္ခန်းသို့ ရောက်ရှိသွားသည်။ သူ အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ကိုယ်လုံး ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

"အဖေ.... ဒီနေရာက ဝိညာဉ်ကြောက တကယ်ကို ထူးခြားတာပဲ၊ ဒုတိယအဆင့် ဝိညာဉ်ကြောရဲ့ အာနိသင်တောင် ရှိနေသလိုပဲဗျ"

ဂူသင်္ခန်းထဲရှိ တရားထိုင်ဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူလတ်ပိုင်း အမျိုးသားသည် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ၏ အကြည့်တို့သည် အခန်း၏ ထောင့်တစ်နေရာသို့ ကျရောက်သွားပြီး စိတ်မသက်မသာ ဖြစ်ဟန် ပေါ်နေသည်။

"ဒါတွေအားလုံးက အဆင့်လတ် ဝိညာဉ်ကျောက်တုံး အမြောက်အမြားနဲ့ လဲလှယ်ထားရတာ ဒီနေရာက ရေရှည်ကျင့်ကြံဖို့ မသင့်တော်ဘူး၊ အရေးပေါ် အခြေအနေတွေအတွက်ပဲ သုံးရမယ်"

ထိုစကားကို ကြားသောအခါ နန်ကုန်းချင် ချက်ချင်းပင် သဘောပေါက်သွားသည်။ အမှန်စင်စစ် ဤနေရာမှာ ပထမအဆင့် ဝိညာဉ်ကြောသာ ဖြစ်ပြီး၊ ပတ်ဝန်းကျင်ရှိ များပြားလှသော ချီစွမ်းအင်များမှာ ဝိညာဉ်ကျောက်တုံးများကို သန့်စင်ပေးသည့် အစီအရင်ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ ဤနေရာတွင် ရေရှည်ကျင့်ကြံခြင်းမှာ ဝင်ငွေများကို အလွန်အမင်း ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

ထိုအချက်ကို သိလိုက်ရသောအခါ နန်ကုန်းချင်သည် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။

"ဒါဆိုရင် ဘာလို့ လော့ချန်ရဲ့ စီးပွားရေး ကမ်းလှမ်းချက်ကို ငြင်းလိုက်တာလဲ၊ တစ်လကို ဝိညာဉ်ကျောက်တုံး ထောင်နဲ့ချီ တန်တဲ့ အရောင်းအဝယ်ဆိုတော့ တစ်နှစ်စာဆိုရင် အမြတ်အစွန်း အတော်လေး ရမှာလေဗျာ"

ဖူကျူးသမင်၏ တန်ဖိုးရှိသော အစိတ်အပိုင်းများမှာ ဦးချိုနှင့် သွေးသာ ဖြစ်ပြီး၊ အရိုး၊ အသားနှင့် နို့မှာမူ တန်ဖိုး မရှိသလောက်ပင်။ လော့ထျန်းအဖွဲ့ချုပ်၏ ကမ်းလှမ်းချက်မှာ သူတို့အတွက် အမှိုက်ကို ရွှေဖြစ်စေမည့် ဝင်ငွေလမ်းကြောင်းသစ်တစ်ခု ဖန်တီးပေးခြင်းပင် ဖြစ်ပေသည်။

သို့သော် နန်ကုန်းကျင်းက ခေါင်းခါယမ်းလိုက်သည်။

"ချင်လေး.... မင်း နားမလည်သေးဘူး၊ စီးပွားရေးဆိုတာ အမြတ်တစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်ဘူး၊ ဘယ်သူနဲ့ ဆက်ဆံနေလဲဆိုတာက ပိုအရေးကြီးတယ်"

နန်ကုန်းချင်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့အဖေ.... လော့ထျန်းအဖွဲ့ချုပ်က တာဝန်ခံမြောင်ရဲ့ အကာအကွယ်အောက်မှာ ရှိနေတာ မဟုတ်လား၊ သူက ကျောက်စိမ်းအိုးဓားဂိုဏ်း ကဆိုတော့ ကျွန်တော့်တို့ သူ့ကို လေးစားမှု ပြသင့်တာပေါ့"

“မှန်တာပေါ့ ချင်လေး....လေးစားမှု ပြရမယ်၊ ဒါပေမဲ့ နည်းလမ်း မှန်ဖို့ လိုတယ်၊ နည်းလမ်း မှားသွားရင် မလိုအပ်ပဲ အငြိုးအတေးတွေတောင် ဖြစ်သွားနိုင်တယ်"

အမှန်တွင် နန်ကုန်းကျင်းသည် အရာအားလုံးကို ရှင်းမပြဘဲ သူ၏သား၊ နန်ကုန်းမျိုးနွယ်စု၏ အနာဂတ်ခေါင်းဆောင်အား ကိုယ်တိုင် စဉ်းစားတတ်စေရန် လမ်းညွှန်ပေးနေခြင်း ဖြစ်သည်။

နန်ကုန်းချင်သည် ထိုကဲ့သို့ ဆွေးနွေးမှုမျိုးကို ကျင့်သားရနေပြီဖြစ်ရာ မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားလေတော့သည်။

ခေတ္တမျှ ကြာပြီးနောက် သူ သဘောပေါက်သွားသည်။

"အဖေ ပြောချင်တာက.... တာဝန်ခံမြောင်က လော့ချန်ကို သူ့ရဲ့ ဆေးဖော်စပ်မှုပညာကြောင့်ပဲ တန်ဖိုးထားတာ၊ ဒါကြောင့် ဆေးဖော်စပ်မှုနဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင်တော့ ကျွန်တော်တို့ လိုက်လျောပေးသင့်တယ်၊ ဒီလိုလုပ်ခြင်းအားဖြင့် တာဝန်ခံမြောင်ရဲ့ မျက်နှာကို ထောက်ထားရာ ရောက်မယ်၊ ဒါပေမဲ့ တခြားကိစ္စတွေအတွက်ဆိုရင်တော့ ခပ်ရောရော မနေသင့်ဘူးလို့ ဆိုလိုတာမလား...."

ယခုတွင်မူ နန်ကုန်းချင်၏ စိတ်ထဲတွင် အရာအားလုံး ရှင်းလင်းသွားတော့သည်။ သူသည် ဂူသင်္ခန်းအတွင်း လမ်းလျှောက်ရင်း စကားကို အားတက်သရော ဆက်ပြောသည်။

"သားသိပြီ....အဖေပြောချင်တဲ့သဘောအရဆိုရင် အာဏာရှိပြီး လက်အောက်ငယ်သားတွေကို ခိုင်းစေနိုင်လာတဲ့အခါ လူတစ်ယောက်ရဲ့ ရည်မှန်းချက် တွေက ကျယ်ပြန့်လာစမြဲပဲ.... ဒါပေမဲ့ တာဝန်ခံမြောင်ရဲ့ အမြင်မှာတော့ သူ့လက်အောက်ကနေ တခြား ဖိုရှန်းဂိုဏ်းပုံစံတူ တစ်ခု ထပ်ထွက်လာတာမျိုးလိုချင်မှာမဟုတ်ဖူး....”

“သူလိုချင်တာက ဆေးလုံးဖော်စပ်တာကိုပဲ အာရုံစိုက်မယ့် တည်ငြိမ်တဲ့ လော့ထျန်းအဖွဲ့ချုပ်မျိုးပဲ.... ဒါကြောင့် ဆေးလုံးနဲ့ မဆိုင်တဲ့ စီးပွားရေးတွေအတွက် သားတို့က တန်ချန်ဇီကို ဂရုစိုက်နေစရာ မလိုဘူး....အရမ်းသွားပတ်သက်လိုက်ရင် တာဝန်ခံမြောင်ရဲ့ ငြိုငြင်တာတောင် ဖြစ်လာနိုင်တယ် အဲ့လိုပြောချင်တာမလားအဖေ"

“သင်ပေးရကျိုးနပ်တဲ့ သားပေပဲ” ဟု နန်ကုန်းကျင်းက ကျေနပ်ပီတိဖြစ်စွာဖြင့် ခပ်ပါးပါး ပြုံးလိုက်သည်။

"မှန်တယ် ချင်လေး.... ဒါ့အပြင် လော့ထျန်းအဖွဲ့ချုပ်က ဖိုရှန်းဂိုဏ်းကနေ ဆင်းသက်လာတာကိုလည်း အဖေတို့ ထည့်တွက်ရမယ်.... တစ်နည်းအားဖြင့် ပြောရရင် ဒီအဖွဲ့အစည်းက ငါတို့ မျိုးနွယ်စုကြီးငါးခု၊ တာကျန်းဂိုဏ်းနဲ့ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်တို့အပေါ် အငြိုးအတေးတွေ အများကြီး ရှိနေတာ....”

“အဲဒီတိုက်ပွဲတုန်းက ဖိုရှန်းဂိုဏ်းသား ဘယ်လောက်တောင် အဖေတို့လက်ထဲမှာ သေခဲ့ရလဲ မင်းအသိ၊ အသက်ရှင်ကျန်ရစ်သူတွေထဲမှာလည်း သူတို့ရဲ့ ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့သူ ဘယ်လောက်တောင် ရှိမလဲ၊ ဒီလို အခြေအနေမျိုးမှာ သူတို့နဲ့ ဆက်ဆံတဲ့အခါတိုင်း သေချာ စဉ်းစားရမယ်၊ အမှားတစ်ခု လုပ်မိတာနဲ့ တခြားမျိုးနွယ်စုတွေကြားမှာ မကျေနပ်မှုတွေ ဖြစ်လာနိုင်တယ်"

ထိုစကားကို ကြားသောအခါ နန်ကုန်းချင် အလေးအနက် ပြန်လည် စဉ်းစားမိသည်။

လော့ထျန်းအဖွဲ့ချုပ်က သူတို့အပေါ် အငြိုးရှိနေရုံတင်မကဘဲ မျိုးနွယ်စုကြီးငါးခုကလည်း လော့ထျန်းအဖွဲ့ချုပ်အပေါ် ရန်လိုမုန်းတီးမှုများ ရှိနေကြသည်။ အထူးသဖြင့် ချင်လျန်ချန်း တစ်ယောက်တည်းနှင့်တင် နန်ကုန်းမျိုးနွယ်စု အတွက် ကြီးမားသော အတားအဆီး ဖြစ်နေသည်။

ထိုရွှေရောင် အလင်းတန်းအောက်တွင် မျိုးနွယ်စုဝင် ဆယ်ဦး သေဆုံးခဲ့ရပြီး သူကိုယ်တိုင်ပင်လျှင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။ အကယ်၍ နောင်တစ်ချိန်တွင် အခွင့်အရေး ရခဲ့ပါက ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချရပေလိမ့်မည်။

"အဖေ.... ကျွန်တော် အခု နားလည်ပါပြီ၊ နောင်ဆိုရင် ဆေးလုံးကိစ္စကလွဲလို့ လော့ထျန်းအဖွဲ့ချုပ်ကို သာမန် တစ်ကိုယ်တော်ကျင့်ကြံသူ အဖွဲ့လေးတစ်ခုလိုပဲ သဘောထားပါတော့မယ်"

ထိုသို့ပြောပြီးနောက် သူ ဂူသင်္ခန်းမှ ထွက်ခွာခဲ့သည်။ တိတ်ဆိတ်လှသော မြေအောက်စင်္ကြံလမ်းအတိုင်း လျှောက်လာရင်း သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။

ယနေ့ လော့ချန်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သော သူ၏အဖေနှင့် တွေ့ဆုံရန် တကူးတက လာခဲ့သော်လည်း သူ၏အဖေက သူ့ကိုသာ လွှတ်လိုက်ခြင်းမှာလည်း ဤအဓိပ္ပာယ်ပင် ဖြစ်ပေလိမ့်မည်။

တာဝန်ခံမြောင်မှာ လေးစားမှုနှင့် ထိုက်တန်သော်လည်း တန်ချန်ဇီ ဟု ခေါ်သောသူမှာမူ ထိုသို့ မဟုတ်ပေ။

....

တောရိုင်းမြေပြင်ထက်တွင် လူ ဆယ့်ငါးဦးခန့် ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် အေးအေးလူလူ ရှေ့သို့ ချီတက်နေကြသည်။ သူတို့သည် လေပေါ်ပျံသန်းခြင်း သို့မဟုတ် မှော်လက်နက်များ စီးနင်းခြင်း မပြုဘဲ ရိုးရိုးရှင်းရှင်းပင် လမ်းလျှောက်နေကြခြင်း ဖြစ်သည်။

ကျိုးယွမ်လီနှင့် လျိုချန်းတို့က အနီးကပ် လိုက်ပါလာကြပြီး စီမာရှန့်ကမူ သူ၏ လူများကို အရပ်မျက်နှာအနှံ့ ဖြန့်ကျက်ကာ အန္တရာယ်များကို ကာကွယ်ပေးနေသည်။

အလယ်တွင် လျှောက်လှမ်းနေသော လော့ချန်၏ မျက်နှာမှာမူ ယခုအခါ အတော် ဒေါသထွက်နေပုံပေါ်လေသည်။

“ထွီ....မြောင်ဝမ်ရဲ့ နာမည်က ဆေးဖော်စပ်မှုကလွဲရင် တခြားနေရာမှာ သိပ်အရာမထင်ဘူးပဲ....”

လော့ချန်သည် နန်ကုန်းမျိုးနွယ်စု နှင့် ဆွေးနွေးခဲ့စဉ်က အခြေအနေများကို ပြန်လည် မြင်ယောင်နေမိသည်။ သူတို့အနေဖြင့် မိမိ၏ အမူအရာအချို့ကို သည်းခံပေးခဲ့ကြသည်မှာ မြောင်ဝမ်၏ အရှိန်အဝါကြောင့် ဖြစ်ပေသည်။ သို့သော် စီးပွားရေး ကိစ္စသို့ ရောက်သောအခါမူ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။

မဟုတ်သေးပေ။ အစပိုင်းတွင် နန်ကုန်းချင် စိတ်ဝင်စားဟန် ပြခဲ့သော်လည်း၊ ဆေးလုံးနှင့် မပတ်သက်ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် နန်ကုန်းမျိုးနွယ်စုသည် မြောင်ဝမ်၏ သဘောထားကို ကြိုတင်ခန့်မှန်းပြီးမှ ဤဆုံးဖြတ်ချက်ကို ချလိုက်ခြင်းလောဟု စဥ်းစားမိလေသည်။

ဤသို့တွေးမိသောအခါ လော့ချန်၏ စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။ လော့ထျန်းအဖွဲ့ချုပ်သည် သူ၏ ဆေးဖော်စပ်မှု လိုအပ်ချက်များအတွက် တည်ဆောက်ထားခြင်း မှန်သော်လည်း၊ ဆေးဖော်စပ်မှု တစ်ခုတည်းဖြင့် ရေရှည်ရပ်တည်ရန်မှာ မဖြစ်နိုင်ပေ။

ဤမျှ များပြားလှသော လူအင်အားကို အကျိုးမရှိဘဲ ထားရှိခြင်းမှာ တကယ်ပင် ဖြုန်းတီးရာ ရောက်သည်။ ဖိုရှန်းဂိုဏ်းကဲ့သို့ ကြီးမားသော ဖွံ့ဖြိုးမှုမျိုး မလုပ်နိုင်လျှင်ပင် ခိုင်မာစွာ ရပ်တည်နိုင်ရန် ဝင်ငွေလမ်းကြောင်းများစွာ လိုအပ်ပေသည်။

လော့ချန်သည် ရည်မှန်းချက်ကြီးကြီးဖြင့် တစ်ချက်တည်း ခြေလှမ်းကျယ်ကျယ် လှမ်းရန် မရည်ရွယ်ပေ။ ထို့ကြောင့် သူသည် ဖူကျူးနို့လက်ဖက်ရည် ကဲ့သို့သော သာမန်လုပ်ငန်းလေးမှ စတင်ကာ ဖြည်းဖြည်းချင်း အရှိန်ယူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ခြေကုပ်ရယူရန် နည်းလမ်းတစ်ခု ဖြစ်သလို မြောင်ဝမ်၏ သူ့အပေါ် ထားရှိသော သည်းခံနိုင်စွမ်းကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။

အမှန်စင်စစ် မြောင်ဝမ်သည် မီရှုဟွာနှင့် မတူပေ။ မီရှုဟွာ၏ စုထားဆောင်းထားသော ပိုင်ဆိုင်မှုများကို မသုံးစွဲမီမှာပင် လော့ချန်သည် ချင်လျန်ချန်း၊ ဝမ်ယွမ်၊ ကျန်းဝမ် နှင့် ဆေးဝါးဆောင်မှ ကျင့်ကြံသူများထံမှတစ်ဆင့် မီရှုဟွာ၏ အကျင့်စရိုက်ကို သေချာစွာ လေ့လာခဲ့သည်။

မီရှုဟွာ၏ စရိုက်နှင့် အလုပ်လုပ်ပုံကို နားလည်သွားသောအခါမှသာ သူ ဂုတ်သွေးစုတ်ကာ စနစ်တကျ အသုံးချခဲ့ခြင်း ဖြစ်သည်။

သို့သော် မြောင်ဝမ်မှာမူ အစဉ်အလာကြီးမားသော ဂိုဏ်းတစ်ခုမှ ဆင်းသက်လာသည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။ လော့ချန်အနေဖြင့် သူနှင့် ထိတွေ့မှု အလွန်နည်းပါးလှပြီး အခြားသူများ၏ သူအပေါ် ထင်မြင်ချက်များမှာလည်း ရှုပ်ထွေးကွဲပြားနေကြသည်။

မြောင်ဝမ်နှင့် ပတ်သက်၍ သူ သိရှိထားသော အချက်အလက်များမှာ မခိုင်လုံပေ။ များသောအားဖြင့် မြောင်ဝမ် ပြသနေသော အမူအရာများမှာ ဖန်တီးထားသော အပေါ်ယံ အသွင်အပြင်သာ ဖြစ်နိုင်ပေသည်။

အထူးသဖြင့် အတိတ်မှ အဖြစ်အပျက်များကို ပြန်ကြည့်လျှင် မြောင်ဝမ်သည် လှည့်ကွက်တစ်ခုတည်းဖြင့် ရလဒ်များစွာကို အလွယ်တကူ ဖန်တီးနိုင်သူဖြစ်ပြီး၊ လော့ချန်၏ တကယ့်စရိုက်ကိုပင် သိမ်မွေ့သော စမ်းသပ်မှုတစ်ခုဖြင့် အကဲခတ်ခဲ့သူ ဖြစ်သည်။

ဤလူသည် မြင်တွေ့ရသကဲ့သို့ ဖော်ရွေသောသူ မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ထိုသို့သော အခြေအနေမျိုးတွင် လော့ချန်သည် သူ၏ လုပ်ရပ်တိုင်းကို သေချာစွာ တွက်ချက်ရပြီး မြောင်ဝမ်၏ တုံ့ပြန်မှုကို အမြဲ ထည့်သွင်းစဉ်းစားရသည်။ သို့သော် ယနေ့ စမ်းသပ်မှုအရ အခြေအနေများမှာ ထင်သလောက် မကောင်းလှပေ။

ရုတ်တရက် လော့ချန် လမ်းလျှောက်နေရင်းမှ ရပ်တန့်သွားသည်။ အကြောင်းမှာ စီမာရှန့်သည် သူ၏ ရှေ့တွင် လာရောက်ကာ အချက်ပေးလျက် ရပ်တန့်လိုက်သောကြောင့် ဖြစ်သည်။

"ဘာဖြစ်လို့လဲ စီမာရှန့်"

"အဖွဲ့ခေါင်းဆောင်.... ကျွန်တော်တို့ လမ်းလွှဲပြီး သွားရမယ် ထင်တယ်ဗျ"

"ဟင်"

ခြောက်သွေ့လှသော မြေပြင်ထက်တွင် ကြီးမားလှသော ခံတပ်ကြီးတစ်ခုသည် ခန့်ညားစွာ မတ်တတ်ရပ်လျက် ရှိသည်။

မြင့်မားလှသော ကင်းမျှော်စင်များက ပတ်ဝန်းကျင်ကို လွှမ်းမိုးထားပြီး စင်ကြယ်သန့်ရှင်းလှသော တံတိုင်းရှည်ကြီးများက ၎င်းကို မကြာသေးမီကမှ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သက်သေပြနေသည်။

အလံတံခွန်များမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေကြသည်။ ခံတပ်တံတိုင်းပေါ်တွင် နက်မှောင်သော စိမ်းပြာရောင် ကမ္ပည်းပြားတစ်ခုကို ချိတ်ဆွဲထားပြီး ထိုပေါ်တွင် အားမာန်ပါပါ ရေးထိုးထားသည်မှာ ‘ဖူ မျိုးနွယ်စုနယ်မြေ....’ ဟူ၍ ဖြစ်သည်။

ဤကြီးမားလှသော ခံတပ်ကြီးကို ကြည့်ရင်း လော့ချန်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားရသည်။

အတွင်း၌ လူပေါင်းရာချီ သွားလာနေကြပြီး အနီးနားတွင်လည်း သာမန်လူအများအပြား မြေယာများကို ထွန်ယက် စိုက်ပျိုးနေကြသည်ကို မြင်တွေ့နေရလေတော့သည်။

All Chapters