← Chapters

စီးချင်း (၂)

Vol. 5 Ch. 247

စီးချင်း (၂)

Vol. 5 Ch. 247

“ဟက်... ဟက်... ဟက်....”

ပင်ပန်းလာတဲ့ခန္ဓာကိုယ်ကြောင့် အသက်ရှုမဝဖြစ်လာပြီး ကျွန်မနှုတ်ကနေ မောဟိုက်စွာညည်းညူသံ ထွက်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်မမရပ်ခဲ့ဘူး။ ကျွန်မ လက်သီးတွေက တရစပ် သဲအိတ်ပေါ်ကိုကျဆင်းသွားပြီး မခံနိုင်တဲ့နောက်ဆုံးမှာတော့ သဲအိတ်ဟာကွဲထွက်သွားပြီး လေ့ကျင့်ရေးအခန်းတစ်ခုလုံး သဲတွေပြန့်ကျဲ ကုန်တော့တာပဲ။

ဒီတော့မှ ကျွန်မရပ်လိုက်ပြီး သက်ပြင်းချလိုက်မိတယ်။ တစ်ကိုယ်လုံး ချွေးတွေနဲ့စိုရွဲနေပြီ။ လေ့ကျင့်ရေး အခန်းထဲမှာရှိနေတဲ့ တခြားသူတွေကတော့ ကျွန်မကို အလန့်တကြားကြည့်လို့။

“သဲအပြည့်ဖြည့်ထားတဲ့ သဲအိတ်ကိုထိုးနိုင်တာ အထင်ကြီးစရာပါပဲ အရှင်မ။” ဗလကောင်းကောင်းနဲ့ မေးရိုးထောင်ထောင်ရှိတဲ့ ဆီနိတ်တာစတိုင်းနာက ကျွန်မကို သံဓာတ်အားဖြည့်အချိုရည်ကမ်းပေးတယ်။ သူက ဆယ်ဗီကြောင့် သေသွားခဲ့တဲ့ ဆီနိတ်တာရဲ့နေရာမှာ အစားဝင်လာတဲ့သူ။ ကျွန်မရဲ့လူယုံတွေထဲက တစ်ယောက်ပါပဲ။

ဒီသိုင်းပေါင်းစုံလေ့ကျင့်ရေးကွင်းက မီးလျှံကျောင်း ပိုင်တဲ့နေရာဖြစ်ပြီး ဘာစီလိုနာမှာရှိတဲ့ဌာနခွဲတစ်ခုပါ။ သူကျွန်မကို ချီးကျူးလိုက်ပေမဲ့ ကျွန်မမပျော်နိုင်ဘူး။

“ဒီလောက်နဲ့ဆိုရင် မလုံလောက်သေးဘူး။ ငါက အားနည်းလွန်းတယ်။”

ကျွန်မလက်တွေကိုကျွန်မ ပြန်ကြည့်လိုက်မိပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့လက်တွေဖြစ်ပေမဲ့လို့ အသားမာတွေအပြည့်နဲ့။ သာမန်မီးလျှံကျောင်းတော်က အယ်ဒါအများစုက မှော်ပညာကိုပဲလေ့ကျင့်ပေမဲ့လို့ ကျွန်မကတော့ နည်းလမ်းသုံးမျိုးလုံးကို လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့ပြီးပါပြီ။

“သခင်မက တစ်လအတွင်းမှာတင် ဆီနိတ်တာ ခုနစ်ယောက်လုံးကို အနိုင်ယူခဲ့တဲ့အပြင် တခြားအယ်ဒါ နှစ်ယောက်ကိုလည်း စိန်ခေါ်နိုင်ခဲ့သေးတာပဲ မဟုတ်လား။”

ကျွန်မ ခေါင်းခါလိုက်မိတယ်။ ကျောင်းခြောက်ကျောင်း လက်ရှိမျိုးဆက်မှာ ကျွန်မကို အားနည်းတဲ့သူလို့ ခေါ်လို့မရတော့ဘူး။ ဒါပေမဲ့ အားအကောင်းဆုံးသူ ဖြစ်ဖို့တော့ဝေးပါသေးတယ်။

“အဲဒီသူက ငါ့ထက်အများကြီး အားကောင်း နေသေးတယ်။”

ကျွန်မ အခန်းထောင့်မှာထိုင်လိုက်ရင်း စတိုင်းနာကို ပြောဖြစ်တယ်။ အခုတလော ရလာတဲ့သတင်းတွေအရ နက်ဆန်ရဲ့စွမ်းအားအတိမ်အနက်ကို ကျွန်မတို့တွေ ခန့်မှန်းဖို့မဖြစ်နိုင်တော့ဘူး။

“ ရှေးအယ်ဒါအကြွင်းအကျန်တွေရှိနေတဲ့ အ​မွေအနှစ် နယ်မြေထဲကနေ လွတ်လာနိုင်ရုံတင်မရဘဲ နောက်ထပ် ရှေးအယ်ဒါတစ်ယောက်ကိုသတ်ခဲ့တယ်။ သူ့အဆင့်က ကောင်ရှင်နာနဲ့ ရဟန်းမင်းကိုမမီရင်တောင်မှ နယ်ပယ် တစ်ခုတည်းမှာရှိနေလောက်ပြီ။”

တစ်နည်းအားဖြင့် အခုကျွန်မရဲ့ပြိုင်ဘက်ဖြစ်တဲ့ နက်ဆန်က ရှေးအယ်ဒါတစ်ယောက်ပါ။ အယ်ဒါတွေ အချင်းချင်းကြားထဲမှာလည်း အားနည်းတဲ့အယ်ဒါ၊ သာမန်၊ သာလွန်နဲ့ ထိပ်တန်းအယ်ဒါတွေဆိုပြီး အင်အား ကွာခြားမှုရှိတယ်။ အဲဒီခြားနားချက်ကို ကျွန်မ ဖြတ်ကျော်နိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ အခုတော့ နယ်ပယ်ချင်းမှာမတူကြတော့တဲ့အထိ ဖြစ်သွားပြီ။

“သခင်မလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုစိတ်ဆိုး နေတာမှမဟုတ်တော့တာ။ ဘာလို့သေခြင်းရှင်ခြင်းကို လောင်းကြေးထပ်ရမယ့် စီးချင်းတိုက်ပွဲအတွက် စိန်ခေါ်ရတာလဲ။ ရှုံးမှာမှန်း သေချာနေတာပဲဥစ္စာ။”

ကျွန်မ ခေါင်းကိုငိုက်စိုက်ချထားမိတယ်။ စတိုင်းနာ ပြောတဲ့စကားက အမှန်ပဲ။ ကျွန်မမှာ ငြင်းချက်ထုတ်စရာ ရှိမနေဘူး။

အဖွားကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုအပြစ်မတင်ဖြစ်တာ ကြာခဲ့ပြီ။ ဒါပေမဲ့ အပြစ်တင်နေသေးသလိုမျိုး ဟန်ဆောင်နေခဲ့တာများတယ်။ ဆယ်ဗီကိုခိုးပြေးတဲ့ ကိစ္စဆိုရင်လည်း အဲဒီလိုပဲ။ ဆယ်ဗီကိုခဏတာ စိတ်လှုပ်ရှားမိလို့ဆိုတာထက် နက်ဆန်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တာ။ နောက်ဆုံးတော့ ကျွန်မကိုယ်ကျွန်မ နားလည်နိုင်ပြီထင်တာပဲ။

“မဟုတ်ဘူး၊ ဒီစိန်ခေါ်ပွဲက လုပ်ကိုလုပ်မှဖြစ်မယ်။ ဒီလိုမှမဟုတ်ရင် အချိန်ကြာလာတာနဲ့အမျှ ငါက သူ့မျက်စိထဲမှာ ရှိတော့မှာမဟုတ်ဘူး။”

တခြားသူတွေအတွက်တော့ အားနည်းလာတဲ့သူက ပြိုင်ဖက်ကိုနောက်ဆုံးအကြိမ်အဖြစ် ကိုက်ခဲဖို့ ကြိုးစားနေတယ်လို့ထင်ရပေမဲ့ တကယ်က နက်ဆန်ရဲ့အာရုံစိုက်မှုကို ကျွန်မရလိုခဲ့သလိုမျိုးပဲ။

“ဒီလိုမှမဟုတ်ရင် သူ့ပြိုင်ဖက်ဖြစ်ရကျိုး ဘယ်နပ်တော့မှာလဲ။” သူ့ကိုယှဥ်နိုင်မယ့် မျိုးဆက်တူသူက ဆားဗီးယပ်ပဲရှိရင်တောင်မှ သူ့ကိုဖက်ပြိုင်ဖို့ ကျွန်မလက်မလျှော့နိုင်သေးဘူး။

...

ဘူးဘရူး...

ဆိုင်ကယ်ပေါ်တက်ပြီးနောက် နက်ဆန်တည်းနေတဲ့ Air Bnb အိမ်ရောက်တဲ့အထိ ကျွန်မမောင်းသွားလိုက်တယ်။ ညနေစောင်းနေပြီ။ မကြာခင် နေဝင်တော့မှာပါ။ ကျွန်မတို့ရဲ့တိုက်ပွဲကလည်း နေဝင်ချိန်မှစမှာ။ ဒီလိုမှ ညအရှင်အတွက် မျှတမယ်မဟုတ်လား။

ဒေါက်... ဒေါက်... ဒေါက်...

စိုးရိမ်စိတ်တွေကို လျှော့ချပြီးတဲ့နောက် စပိန်ရိုးရာ အိမ်တံခါးပုံစံအတိုင်း ပြုလုပ်ထားတဲ့ နှစ်ချပ်ဖွင့် ကနုတ်ထွင်းတံခါးညိုကြီးကို အသံမြည်အောင် ခေါက်လိုက်တယ်။

ခဏနေတော့ တံခါးပွင့်သွားပြီး မြေကျောင်းတော် လက်ရာအဂ္ဂိရတ်အရုပ်ဖြစ်တဲ့ ဒေါ်ရသီက ကျွန်မဖို့ တံခါးလာဖွင့်ပေးတယ်။

“ကြိုဆိုပါတယ်၊ မီးလျှံသခင်မရှင့်။ ကျွန်မတို့ သခင်က မမလေးနှစ်​ယောက်နဲ့အတူတူ ညစာစားနေပါတယ်။ တစ်ခါတည်း ဝင်စားသွားလိုက်ပါလား။”

ကျွန်မ ပြန်မဖြေဖြစ်ခဲ့ဘူး။ ညစာစားချိန်မှန်ပေမဲ့ ကျွန်မစိတ်ထဲမှာ အဲဒီအကြောင်းရှိမနေပါဘူး။ အဲဒီအစား သူ့ကို အမြဲလာလာနှောင့်ယှက်နေတဲ့ကျွန်မကို နက်ဆန် ဘယ်လိုသတ်မလဲဆိုတာပဲ စိတ်ဝင်စားတယ်။

ကျွန်မတို့ လူသေကိုယ်သေတိုက်ပွဲအတွက် သဘောတူ ထားတာပဲမဟုတ်လား။ အခုခေတ်ဥပဒေတွေက ဒါကိုခွင့်ပြုမထားတော့ပေမဲ့ ကျွန်မတို့တွေက သာမန်လူတွေမဟုတ်ဘဲ သဘာဝလွန်လောကသားတွေ။

EUOCက ဒီလောကကြီးကို ကြီးကြပ်ဖို့တည်ရှိနေပေမဲ့ ကျောင်းခြောက်ကျောင်းက သူတို့ကိုဂရုစိုက်ဖို့မလိုတဲ့ သူကောင်းမျိုးဆန်ဆန် အဖွဲ့အစည်းကြီးတွေပါ။

“ မွှေးသားပဲ...” လယ်သာဖိနပ်ကိုချွတ် အိမ်ကြမ်းခင်းကို နင်းမိတဲ့အချိန်မှာတော့ လေထုထဲက ဟင်းရနံတွေကို သတိထားမိလိုက်တယ်။

ချေ့စ်၊ ကြက်သွန်နီ၊ အသားနဲ့ ထမင်းဖြူတို့ရဲ့ ရနံသင်းသင်း။ ဧည့်ခန်းထဲမှာတော့ ပေါ်လစ်တင်ထားတဲ့ ရှေးဆန်ဆန် စားပွဲရှည်ကြီးရှိပြီး ဂျာကပ်ဝတ်ထားတဲ့လူငယ်နဲ့ တခြားမိန်းကလေးတွေက တစ်ဝိုင်းထဲမှာထိုင်ပြီး စားသောက်နေကြတယ်။

အသက်သုံးဆယ်အရွယ် ဖုတ်ကောင်အိမ်စေ မော်လီက သူ့အရှင်သခင်တွေအတွက် ဟင်းပွဲတွေကိုထပ်ဖြည့်ပေး၊ ထပ်ချပေးနဲ့ အလုပ်တွေကိုရှုပ်လို့။

“ ရိုစယ်လီယာပါလား။ နင်လည်းတစ်ခါတည်း ဝင်စားသွားလေ။ ဟင်းတွေအများကြီးရှိသေးတယ်။”

သူနာပြုဝတ်စုံပန်းနုရောင်ပေါ်မှာ ဆီတွေပေကျံတဲ့အထိ စားသောက်နေတဲ့ဆယ်ဗီက ကျွန်မကိုလက်ယမ်းပြတယ်။ ဒေသခံတွေ အီပန်နာဒါလို့ခေါ်တဲ့ ဆိတ်သားမုန့်တစ်လုံးကို ကိုင်လို့ရယ်။ နာမည်အတိုင်းပဲ အတွင်းထဲမှာ ​ဆိတ်သား ဖြစ်ဖြစ်ပဲဖြစ်ဖြစ်ကိုထည့်ပြီး ဖက်ထုပ်ဖြစ်အောင်လိပ် ကြော်ထားတဲ့မုန့်ပေါ့။

“မော်လီလက်ရာ ဆိတ်သားမုန့်တွေက တအားကောင်း။” ဆယ်ဗီက ပလုပ်ပလောင်းနဲ့ပြောလိုက်ပြန်တယ်။

“ငါမစားတော့ဘူး...” အဲဒီလိုပြောမိတဲ့အချိန်မှာပဲ ကျွန်မအမှားတစ်ခုကို ကျူးလွန်မိလိုက်မှန်း သတိထားမိတော့တာပဲ။ ဆယ်ဗီကခုံကနေထလာပြီး ကျွန်မလက်မောင်းကိုဆွဲ လွတ်နေတဲ့ခုံမှာ အတင်းထိုင် ခိုင်းတော့ပါပဲ။

“ ညစာမစားလို့မဖြစ်ဘူးလေ ရိုစယ်လီယာရဲ့။ ကျန်းမာရေးအတွက် အရေးကြီးတယ်။ ညစာမစားရင် မနက်ကျ ပျို့အန်တာတို့ မူးတာတို့ဖြစ်တတ်တယ်တဲ့။ ရေရှည်မစားရင် အစာအိမ်ထိခိုက်သွားလိမ့်မယ်။”

ဒီလိုနဲ့ ကျွန်မမသိလိုက်တဲ့အချိန်မှာပဲ စားပွဲခုံမှာ ဝင်ထိုင်မိနေပြီ။ ကျွန်မနဲ့ဆန့်ကျင်ဘက်မှာတော့ မိုနီကာရှိနေပြီး ပင်လယ်စာဟင်းချိုကို မှုတ်ပြီး သောက်နေရင်းကကျွန်မကို ပြန်ကြည့်တယ်။

“သူစားဆိုရင် စားလိုက်၊ ဒီနေရာမှာ ဆယ်ဗီက ဘော့စ်ပဲ။”

“.....” အတူနေဖူးတဲ့အတွက် ဆယ်ဗီရဲ့အလေ့အထကို အနည်းအကျဥ်းလောက် တီးခေါက်မိတယ်ဆိုပေမဲ့ သူချစ်တဲ့သူတစ်ယောက်ကို သတ်ရအောင်လာတဲ့ ကျွန်မကိုဘာလို့ ဒီလောက်တောင်ကြင်နာနေရတာလဲ။

နက်ဆန်ကလည်းပဲ ကျွန်မကိုလှမ်းပြီး ပြောပါတယ်။ “ဆယ်ဗီ ညစာစားလို့မပြီးမချင်း စိန်ခေါ်ပွဲကို ငါစမှာမဟုတ်ဘူး။ ဘာပဲပြောပြော စိန်ခေါ်ခံရတဲ့သူက ငါမလို့ စည်းမျဥ်းတွေကို ငါ့မှာအဆိုပြုခွင့်ရှိတယ်။”

“လက်ခံတယ်။” ကျွန်မမှာ သူတို့ကိုပြိုင်ငြင်းရလောက်တဲ့ ခွန်အားမျိုးရှိမနေဘူး။

ညစာစားဖို့အတွက် ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ မော်လီက လက်တွန်းလှည်းနဲ့ကျွန်မနားကိုရောက်လာပြီး ဟင်းပွဲတွေကိုချပေးပါ တစ်ခုချင်းစီနဲ့မိတ်ဆက် ပေးပါတယ်။

“ဒီညအတွက် အဓိကဟင်းလျာက ဆာဒင်းငါးကင်ပါ။ ထမင်းနဲ့လည်းစားလို့ရသလို ခေါက်ဆွဲနဲ့လည်း စားလို့ရပေမဲ့ ထမင်းနဲ့စားဖို့အကြံပြုချင်တယ်။”

ကျွန်မရှေ့ကို အငွေ့တထောင်းထောင်းထနေတဲ့ စပိန်စတိုင်ဆာဒင်းငါးအကင်အသားလွှာတွေရောက်လာတယ်။ ဥရောပထုံးစံအတိုင်း သံလွင်ဆီနဲ့တခြားဟင်းခတ် အမွှေးအကြိုင်တွေများများပါတယ်။ရှာလကာရည် အခြေခံထားတဲ့ ဆော့စ်ရောပေါ့။

ထမင်းဖြူဖြူထည့်ထားတဲ့ ပန်းကန်လုံးလေးလည်း တွဲဖက်ရောက်လာတယ်။ တွေးကြည့်တော့ စပိန်က ဥရောပမှာ ဒုတိယမြောက်ဆန်အစိုက်ဆုံးနိုင်ငံပဲ။ ဒါကြောင့် သူတို့ဟင်းလျာတွေက ထမင်းနဲ့တွဲစားရင် ပိုအရသာရှိတယ်။

“ဒုတိယဟင်းလျာကတော့ စပိန်စတိုင် ပါစတာ ပင်လယ်စာဟင်းချိုပါ။ ပုစွန်နဲ့ကုံးကောင်က အဓိကဆိုပေမဲ့ နည်းနည်းစပ်ပြီး ဟင်းရည်က အနီရောင်သန်းပါတယ်။ ပါစတာအမျှင်လေးတွေလည်း ပေါလောမျောနေမှာပါ။ ပြင်သစ်က ပင်လယ်စာချိုချိုတွေနဲ့ ဆန့်ကျင်ဘက် အတွေးအခေါ်ပေါ့။”

ပင်လယ်စာတွေက ဘယ်တုန်းကမှ ကျွန်မအကြိုက် မဟုတ်ပေမဲ့ မော်လီဟင်းချက်ကောင်းတာကိုတော့ ကျွန်မဝန်ခံရမယ်။ နဂိုက စားဖို့အစီအစဥ်မရှိတဲ့ ကျွန်မတောင် မြည်းစမ်းချင်လာပြီ။

“နောက်ဆုံးအနေနဲ့ကတော့ အချိုတည်းဖို့အတွက် ဆိတ်သားမုန့်ပါ။ ဒါပေမဲ့ မီးလျှံသခင်မအတွက်တော့ တစ်ခုပဲရှိတော့တယ်။ ကျန်တာတွေက ကျိန်စာသံလိုက်မ စားပစ်လိုက်လို့လေ။”

ကျွန်မ ဆယ်ဗီကိုကြည့်လိုက်မိတယ်။ ဆယ်ဗီကတော့ ကျွန်မပန်းကန်ပေါ်က ဘဲသားမုန့်ကို မျက်စောင်းထိုးလို့။ မကြာခင်မှာပဲ မျက်နှာပြောင်တိုက်ပြီးပြောလာရော။

“ရိုစယ်လီယာ၊ ခုနကပြောတော့ နင်ဗိုက်မစာဘူးဆို။ ငါ့ကိုဆိတ်သားမုန့်လေး ကမ်းပေးပါလား။”

ကျွန်မ သူ့ကိုတကယ်နားမလည်တော့ဘူး။ မုန့်ကို ကမ်းပေးလိုက်ရင်းနဲ့ကျွန်မ သူ့ကိုမေးဖြစ်ခဲ့သေးတယ်။ သူ့ရဲ့ဗလာခေါင်းထဲမှာ ဘာတွေရှိနေလဲသိချင်စိတ် အပြည့်နဲ့ပေါ့။

“ဆယ်ဗီ၊ အခုစီးချင်းတိုက်ပွဲမှာ နက်ဆန်ကို ငါသတ်လိုက်ရင် နင်ဘယ်လိုခံစားရမလဲ။”

ဒါပေမဲ့ ဆယ်ဗီက ကျွန်မစကားကိုဂရုမစိုက်ဘဲ မုန့်ကိုယူပြီး ”ကျေးဇူး”လို့ပြောတယ်။ နောက်တော့

“နက်ဆန်က နင့်ကြောင့်သေမှာမဟုတ်ဘူး။ ဘာလို့ဆိုရင် နက်ဆန်က နင့်ကို ရှုံးမှာမဟုတ်လို့ပဲ။”

ထင်ထားတဲ့အတိုင်းပဲ ဆယ်ဗီလိုအရူးမလေးတောင်မှ တိုက်ပွဲရဲ့အဖြေကို ကြိုသိနေပြီးသား။ ကျွန်မငေးငိုင် နေမိလိုက်တယ်။ ဒီနေ့က ကျွန်မသေမယ့်နေ့ပဲ၊ အခုစားနေတာက နောက်ဆုံးညစာပေါ့။

“ပြီးတော့ နင်လည်း ဘာမှဖြစ်မှာမဟုတ်ဘူး။ နက်ဆန်က နင့်ကိုသတ်မှာမဟုတ်ဘူးလေ။”

သူ့ရဲ့စကားဒုတိယပိုင်းက ကျွန်မကို အငိုက်မိသွားစေတယ်။ အခုလိုမျိုး သူတစ်ချိန်လုံး ပုံမှန်လိုနေနေတာက အခြေအနေကို နားမလည်လို့မဟုတ်ဘဲ အရာအားလုံးကို သိနေလို့များလား။

ဒါပေမဲ့... အဲဒီလိုပုံစံမျိုးက ကျွန်မသိတဲ့ဆယ်ဗီ မဟုတ်ဘူးလေ။ မဟုတ်မှလွဲရော...

ကျွန်မဆယ်ဗီကိုကြည့်လိုက်တယ်။ ဒါပေမဲ့ ဆယ်ဗီက ကျွန်မကိုမကြည့်နေတော့ဘဲ မုန့်ဆက်စားနေပြီ။ ကျွန်မသူ့ကို တစ်ခုခုပြောဖို့ပြင်လိုက်ပေမဲ့...

“သခင်ရှင့်၊ လေပြေအရှင်မနဲ့ မစ်အယ်မာလည်း ရောက်လာတယ်။” ဒေါ်ရသီက အခန်းထဲကို ရင်းနှီးနေတဲ့ မိန်းမနှစ်ယောက်ကိုခေါ်လာပြီး နေရာချပေးလိုက်တယ်။

“ရှင်တို့က ဘယ်လိုလုပ်ပြီး ဒီအထိလိုက်လာတာလဲ။” ကျွန်မ ဆယ်ဗီအကြောင်းခဏမေ့သွားပြီး သူတို့ကို ပြောလိုက်မိပြီ။

အယ်မာကတော့ လက်ခုပ်တစ်ချက်တီးလိုက်ရင်း “ငါတို့ရဲ့ညီမလေးက ညအရှင်ကိုသွားရိုက်မယ်ဆိုပြီး တောင်ပေါ်က ဆင်းသွားတော့ စိတ်ပူလို့ လိုက်လာတာလေ။” ညီမလေးတဲ့... ဘယ်တုန်းက ကျွန်မကို သူ အဲဒီလိုသတ်မှတ်လိုက်တာလဲ။

လေပြေအရှင်မကတော့ ပိုတည့်တိုးဆန်ပါတယ်။ “ အယ်ဒါနှစ်ယောက်ရဲ့သူသေကိုယ်သေစီးချင်းထိုး တိုက်ပွဲမှာ ကြားနေဖြစ်တဲ့ မျက်မြင်သက်သေ မရှိလို့မဖြစ်ဘူးမဟုတ်လား။ အဲဒီအတွက် လာခဲ့တာပဲ။ ဒါနဲ့နင်လက်ထောက်ရော ရွေးပြီးပြီလား။”

ရှားလော့ခ်က ကျွန်မကိုစည်းမျဥ်းစည်းကမ်းတွေကိာ ဂရုထားတဲ့ပုံစံမျိုးနဲ့ပြောနေပေမဲ့ သူတို့နဲ့လုပ်ခဲ့တဲ့ပွဲမှာ ဘာမျက်မြင်သက်သေမှပါခဲ့တာမဟုတ်ဘူး။ စီးချင်းထိုး တိုက်ပွဲမှာတော့ သခင်ဖြစ်သူကိုကူဖို့အတွက် လက်ထောက် တစ်ယောက်နှစ်ယောက်လောက် ခေါ်တတ်ကြပေမဲ့ ကျွန်မကတော့ မလိုဘူးထင်တာပဲ။

“ငါ့ရဲ့လက်နက်က ငါ့ရဲ့လက်ထောက်ပဲ။” ကျွန်မ အခုလိုကြွေးကြော်လိုက်ချိန်မှာတော့ နက်ဆန်က အသိအမှတ်ပြုတဲ့အနေနဲ့ခေါင်းညိတ်လိုက်တယ်။

“ကောင်းပြီ၊ ငါ့အတွက်လည်း အဲဒီလိုပဲဖြစ်စေရမယ်။ လက်နက်တစ်ခုပဲသုံးမယ်။ ကျန်တဲ့အစေခံတွေ မလိုဘူး။”

ညစာစားလို့ပြီးတဲ့အချိန်မှာတော့ ကျွန်မတို့နှစ်ဖွဲ့လုံး ကြိုသဘောတူထားကြတဲ့ မြို့ပြင်က မပြုပြင်ရသေးတဲ့ ဘောလုံးကွင်းတစ်ခုဆီ ထွက်လာကြတယ်။ စွန့်ပစ်ခံထားရတာမဟုတ်ပေမဲ့ အိုဟောင်းနေပြီဖြစ်လို့ ဖြိုချပြီးအသစ်ဆောက်မယ့်တန်းလန်းပါ။

လူလည်းမရှိတဲ့အတွက်ကြောင့် ကျွန်မတို့အတွက် အကောင်းဆုံးနေရာပဲလေ။ မျက်မြင်သက်သေတွေရှေ့ နှစ်ယောက် ခြေလှမ်းတစ်ဒါဇင်ခွာ မျက်နှာချင်းဆိုင် ရပ်နေပြီးတဲ့နောက် နက်ဆန်ကို ကျွန်မ ကြည့်လိုက်မိတယ်။

သူ့လက်ထဲမှာ ဓားမြှောင်နှစ်လက်ပဲရှိပြီး အစေခံတွေ ဖြစ်ကြတဲ့ မော်လီ၊ နာတာရှာ၊ အိုလီရာနာ၊ ဒေါ်ရသီ စတဲ့သူတွေက ကွင်းအပြင်မှာပဲရပ်နေကြတယ်။ ပါစီဗယ်တောင်မှ အဲဒီလူအုပ်ထဲမှာ။

“ရှင်ဘာလို့ အဲဒီဓားစုံတွဲကိုသုံးတာလဲ။” ဒီဓားစုံတွဲကို ကျွန်မရင်းနှီးတာပေါ့။ သာမန်အငြိုးကြီးတစ္ဆေတွေနဲ့ သွန်းလုပ်ထားတာဖြစ်ပြီး ထူးထူးခြားခြားမရှိဘူး။ သူပိုင်တဲ့တခြားလက်နက်တွေက အယ်ဒါအဆင့်မှာရှိပြီး ဒီတစ်ခုပဲ ဆီနိတ်တာအဆင့်တောင်မရှိတာ။

“ဓားနှစ်လက်ဖြစ်နေလို့လား...” သူက ကျွန်မစကားကို တလွဲထင်သွားတာလားတမင်လုပ်တာလားမသိပေမဲ့ ဓားတစ်လက်ကို အရိပ်ထဲ ပြန်ပစ်ထည့်လိုက်တယ်။

ဒါပေမဲ့အဲဒီအပြုအမူက ကျွန်မရဲ့သည်းခံနိုင်စွမ်း အတိုင်းအတာကို ကုန်ဆုံးသွားစေတယ်။ ဘေ့စ်ဘောတုတ်ကို လက်နဲ့ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ့ကိုပြေးရိုက်မိတော့တာပဲ။

“သောက်ကောင်၊ ငါ့ကိုအထင်မသေးနဲ့...”

All Chapters