The Revelations
Vol. 1 Ch. 17
အပေါ်ပိုင်းမြို့ ၊ လူကုံထံများသာနေသော ရပ်ကွက်ကြီးအတွင်းတွင်ဖြစ်သည် ။ အနက်ရောင် ကျောက်သားများဖြင့် ဆောက်လုပ်ထားသော တိုက်မည်းကြီးများ၏ ကြားလမ်းလေး တစ်သွယ်အတွင်း၌ လီယိုနာ့ဒ်တို့ သုံးယောက်သည် ဝူးလို့(စ်)များစီးနင်းလျက် ပစ်မှတ်ရှိရာသို့ ခရီးနှင်နေကြသည် ။
အောက်ပိုင်းမြို့တွင် တိုက်ကြီးများကို ကျောက်ဖြူတုံးများနှင့် တည်ဆောက်ကြသော်လည်း အပေါ်မြို့တွင်မူ ရှားပါးသော အလင်းပြန်နိုင်သည့် ကျောက်နက်ကြီးများဖြင့် ဆောက်လုပ်ကြ၍ ၊ တိုက်နံရံများ၌ အလှဆင်ထုဆစ်ထားသော ကျောက်သားပန်းပုနရီများ မတူညီကြသည်မှတစ်ပါး တိုက်များအားလုံးမှာ တန်းတူတစ်ပြေးညီ သုံးထပ်တိုက်ကြီးများ ဖြစ်ကြလေပြီး ၊ ယင်းတို့အပေါ်တွင်ကား မဟူရာမျှော်စင်ကြီးများက ထောင်ထနေကြလေသည် ။
မိုးမှာ တဖွဲဖွဲရွာနေရာမှ သဲကြီးမဲကြီးထန်လာသဖြင့် လီယိုနာဒ့်မှာ ဝူးလို့(စ်)ချွေးများ ၊ မိုးရေများဖြင့် တစ်ကိုယ်လုံး ရွှဲရွှဲစိုကာ အအေးဒဏ်ကြောင့် ခေါင်းပိုင်းနှင့်ကျောပိုင်းတို့မှာ တုန်တက်လာသည့်တိုင် လက်ရှိအခြေအနေကြောင့် လောင်မြိုက်နေသော ရင်တွင်းမီးကိုမူ မငြိမ်းသတ်နိုင်သေး ။
ဆယ်ပေမျှသာကျယ်သော လမ်းငယ်လေးအတွင်း၌ သုံးယောက်ပူးသွားနေရသည့်အတွက် သူ၏မနောဓာတ်တစ်ခွင်မှာ အကျဉ်းကျလာသဖြင့် ၊ ဘေးတစ်ဖက်တစ်ချက်က အနက်ရောင်နံရံမြင့်ကြီးများကို မော့ကြည့်လိုက်သည့်အခါ ၊ တိုက်ကြီးများ၏ ရေတံလျှောက်တို့မှ ပြိုဆင်းနေကြသော ရေစက်များမှာ သူ့မျက်နှာတစ်ပြင်လုံးကို လာရောက်ထိမှန်နေကြသည့်အလျောက် မျက်လုံးများ ကျိန်းစပ်ဝေဝါး လာရသည့်ပြင် ၊ ပါးတစ်လျှောက်လုံးလည်း အေးကိုက် ထုံကျဉ်လာပြီး ၊ ၎င်းတို့သာမက မဟူရာကောင်းကင်က တိုက်ရိုက် စစ်ချီလာသည့် မိုးစက်များမှာလည်း အနက်ရောင်ကျောက်သားလမ်းကို အဆက်မပြတ် လာရောက်ရိုက်ခတ်နေရကား ဝဿာနမိုးသံများ၏ ဟစ်ကြွေးသံတို့ တဝေါဝေါနှင့်အတူ ၊ သူ့စိတ်အစဉ်တို့ပါ ကစဉ့်ကလျားဖြစ်လာကာ ဝိသာဒအမှောင် ကမ္ဗလာပြင်ကြီးအတွင်းဝယ် အဆုံးအစမဲ့စွာ နစ်မျောနေသလောဟု အထင်မှား ၊ ထွေပြားလာလေတော့သည် ။
“ကောင်းကင်နတ်ဘုရားမ လူနာလက်(စ်)ကာ ကောင်းချီးပေးနေပြီဗျ ။ ကျုပ်တို့ အမှုပေါ်တော့မယ် ။ စိတ်ထဲခံစားချက်တွေ ကောင်းနေပြီ”
ဘေးက ဇိုက်(ခ်)၏ လှမ်းအော်သံများမှာ မိုးသံများနှင့် ဝူးလို့(စ်)ခြေသံများကြား မကြားတကြား ။ သူကမူ အမှုပေါ်လိုပါက အဘယ့်ကြောင့် ကိုယ်တိုင်ဆင်းမကူဘဲ ကောင်းချီးသာပေးနေသနည်းဟုသာ စိတ်တွင်းမေးခွန်းထုတ်မိသည် ။
ဇက်ကြိုးကို မြဲအောင်ကိုင်လျက် ၊ ဝူးလို့(စ်)ကြီး၏ခါးကို သူ့ခြေဖြင့် ညှပ်ထားလျက် လမ်းသွယ်များ တစ်လမ်းပြီးတစ်လမ်း ၊ တစ်ကွေ့ပြီးတစ်ကွေ့ ခရီးနှင်လာပြီး ၊ ရှေ့ဆက်သည့်အခါတိုင်း ကွေ့သည့်အခါတိုင်းတွင်လည်း တူညီသောတိုက်မည်းကြီးများ ၊ ယိုးမှားသော လမ်းနက်ကြီးများကိုသာ မြင်နေရသောကြောင့် ခရီးတွင်သည်ဟုပင် မခံစားရတော့ ။ ပြေးနေပေသော်ငြား တစ်နေရာတွင် တန့်နေသယောင်ဖြစ်လာ၏ ။
သို့သော် တအောင့်မျှကြာသောအခါ၌ ၊ ဇိုက်(ခ်)မှာ တိုက်မည်းကြီးတစ်ခု၏ရှေ့ဝယ် ဝူးလို့(စ်)ကို ရပ်လိုက်သဖြင့် သူကလည်းလိုက်ရပ်ပြီးနောက် တိုက်ရှေ့သို့ ဝင်လိုက်သည်တွင် ၊ ထိုတိုက်မှာ မိုးသည်းနေလင့်ကစား ရှေ့တံခါးမကြီးကို ဖွင့်ထား၍ ရှေ့အပေါက်ဝတွင် ဆောလ်နမ် ၊ လက်ဖလက်ဆီ ၊ မီဖာလာ ၊ ယမ်နလာ ( Yennnala ) စသည့် ဒေသထွက်အသီးအနှံများကို ကျောက်သားခွက်ကြီးများထဲ၌ ထည့်ကာပြသထားသည်သာမက အိမ်ပေါက်ဝကြီး၏ အပေါ်တွင်လည်း အင်္ကျီများကိုချိတ်ဆွဲထားလေသည် ။ လူကုံထံများ တစ်ပိုင်တစ်နိုင် ဖွင့်ထားသော အိမ်ဆိုင်ကလေး ။
သူတို့ရောက်လာသရော် ၊ မလှမ်းမကမ်းနေရာဝယ် ငါးမြီးကြီးကိုခွေကာ မိုးရေချိုးလျက်ရှိသော အသက်သုံးဆယ်အရွယ် အာပေါဿရေသူမ တစ်ယောက်က သူတို့ဆီသို့ လျှောတိုက်လာလေသည် ။
“အလို … အချိန်ပြောင်းပြန်ဝိဇ္ဇာ ကောင်းချီးပေးနေပြီထင်ပါရဲ့ … မိုးကြီးထဲမှာ လူသားနှင့် ဝါယောန စျေးသည်တွေပဲ … ဘာလိုသလဲရှင် … ဒီမှာ ယမ်နလာမှိုတွေ သိပ်မကျန်တော့ပေမဲ့ ကျန်တာတွေကစုံ … စုံ …”
ငါးမြီးကြီးကို ခါယမ်းလျက်ပြောနေကြိုက် သူ(မ)၏ မျက်လုံးပြာပြာတို့မှာ ယန္တရားချပ်ဝတ်အပြည့်နှင့် ဇိုက်(ခ်)ထံသို့ ရောက်သွားသည့်အခါ
“ဟယ် … သူရဲကောင်းတွေလား … ဘာ … ဘာကိစ္စပါလဲ”
ဟုဆိုကာ သူ(မ)၏ နောက်ကျောက ရွှေချထားသော စူးတောင်ကြီးမှာလည်း ထောင်ထသွားလေတော့သည် ။
ယင်းသို့ဖြင့် သူတို့ကို အိမ်တွင်းဝင်ထိုင်ပါရန် ၊ လက်ဖလက်ဆီ ရေနွေးကြမ်းသောက်ပါရန် အစသဖြင့် လောကွတ်ချော်ပေသော်ငြား သူတို့သုံးယောက်မှာ မိုးလုံသည့် အိမ်ရှေ့ပေါက်အနားသို့သာဝင်၍ လာရင်းကိစ္စကို တိုတိုတုတ်တုတ် မေးမြန်းရာ၌ ၊ အကြင်ရေသူမ၏ မျက်နှာမှာ ထိန်းမရအောင်ပျက်သွားပြီး လည်ပင်းက ရွှေတန်ဆာများဖြင့် အလှဆင်ထားသော ပါးဟက်များလည်း ကျုံ့ဝင်သွားလေသည် ။
“ထင်တယ် … ဒါကြီးက ပြဿနာတက်မယ်လို့ ထင်နေပါတယ် ။ အဲဒါကြောင့် ကြီးတော်ကို လက်မခံပါနှင့်လို့ ပြောလိုက်တာကို … ဒီလိုပါရှင်”
ဟုအစချီကာ သူ(မ)ဘက်က ရှင်းလင်းချက် စလေတော့သည် ။
“ဟုတ်ပါတယ် ကျွန်မတို့က ဒီကုန်စုံဆိုင်လေးပြင် အသေးစား ငွေလွှဲတဲ့လုပ်ငန်းလေးလည်း လုပ်ပါတယ် ။ အဲဒါ တမြန်နေ့က ဝါယောနမိန်းမကြီး တစ်ယောက်က အန်ဒရိုပီ (Entropy) ဆိုတဲ့ အူကြောင်ကြောင် နာမည်ကြီးနှင့် ပိုက်ဆံတွေလာအပ်တယ် ။ အုံလိုက်ကျင်းလိုက်ကြီး … ဒါကြီးက ပြဿနာတက်နိုင်လို့ ကျွန်မဘက်က လက်မခံချင်ပေမဲ့ အဲသည်ပိုးကောင်မကြီးက ဖရီယာငါးထောင်တောင် အပိုပေးမယ်ဆိုတော့ ကြီးတော်ကြီးက လက်ခံလိုက်တယ်လေ”
“မင်းတို့အခုလို တိုက်နှင့်တာနှင့်ဆို ဖရီယာငါးထောင်က ဘာမက်စရာရှိလဲ”
“အို အဲဒါပြောတာပေါ့ … ဒါပေမဲ့သမီးလေးက ဒီရက်ပိုင်းအတွင်း ငွေငါးထောင်ကြီးပူစာနေတာလေ ။ အခုမှ ကျောရိုးစူးတောင် တောင်ကောင်းကောင်းမထွက်သေးတဲ့ အရွယ်လေးနှင့် ငွေငါးထောင်က ဘာလုပ်မှာလဲ ။ ကျွန်မကလည်း အကျင့်ပျက်မှာမို့ မပေးဘူး … အဲဒါနှင့် သမီးက ကြီးတော်ကိုသွားပူစာတော့ ဟိုကလည်း ကပ်စေးကနှဲပါသဘိနှယ် … ငွေလက်ခံပြီး သမီးကိုပေးမယ်လုပ်တာပေါ့ … အခုတော့ အမှုပတ်ပါကောလား”
ရှေ့၌ မိုးများ တဝေါဝေါကျနေ၍ မိုးမွှားများက သူ့ခြေခုံကို လာစဉ်နေဆဲ ။ ချက်ချက်ချာချာပြောနေသော လူကုံထံရေသူမ၏ ပါးဟက်ကြားက ရေမွှေးနံ့နှင့်မိုးရေနံ့ရောသည့် စိုအိအိအနံ့ပျော့လေးမှာလည်း သူ့နှာဝကို လာခတ်နေဆဲ ။
“အေးဟုတ်ပြီ … အဲသည်ပိုက်ဆံလာပေးသွားတဲ့ ဝါယောနမိန်းမ အကြောင်းပြောစမ်းပါဦး ။ သူ့ပုံစံ … ပြီးတော့ ဒီလောက်များတဲ့ ပိုက်ဆံတွေအပ်သွားတာ ခင်ဗျားက သူဘယ်မှာနေတာလဲ ။ ဘာလုပ်တာလဲ လောက်တော့မေးမှာပဲမလား”
“အယ် … အဲမိန်းမက အဘွားကြီး ။ အနက်ရောင် အခွံမာတွေနှင့် ၊ အခွံတွေက ဗြုတ်တွေထပြီး ဖင်ဆီဖူးကြီးကလည်း ရှုံ့တွနေတာ ။ နေရပ်က တူရင်ဝုထ် ( Turin Wood ) မှာလို့ပြောတယ် … အကြောင်းက ကာဒိုနီယမ်မှာ သူ့အခွံမာတွေ မြေမချမီ တစ်သက်လုံးရှာထားတဲ့ စည်းစိမ်ကို ကျေးဇူးရှိခဲ့တဲ့သူကို ပေးခဲ့မယ်ဆိုလား ။ မသိပါဘူးရှင် … သူတို့ဝါယောနတွေရဲ့ ယဉ်ကျေးမှုဆိုတာကြီးကလည်း သိတဲ့အတိုင်း …”
ဟုဆိုသည့်အခါ မာတိုရို၏ အင်တာနာများမှာ ရှေ့တည့်တည့်သို့ စိုက်ကျသွားကာ ၎င်းတို့ကထိုအာပေါဿမိန်းမကို တန်းတန်းမတ်မတ် ချိန်ရွယ်သွားလေ၏။ ဤသည်ကား ဝါယောနပိုးကောင်များ ဒေါသထွက်လျှင်ပြုတတ်သော သဏ္ဌာန်ဖြစ်၍ စက္ကန့်ပိုင်းမျှကြာသော် အင်တာနာများမှာ ပြန်လည်ထောင်မတ်သွားလေသည် ။ ကြည့်ရသည်မှာ ကြိုက်ပုံမပေါ် ။ ယင်းနောက် သူတို့အချင်းချင်းကြည့်မိကြလျှင် မာတိုရိုက
“ဝါယောနအဘွားကြီး တစ်ယောက်ကတော့ (အေ) မဖြစ်တန်ရာဘူး”
ဟုဆိုသော် ဇိုက်(ခ်)ကလည်း ခေါင်းညိတ်၍
“ကြည့်ရတာ (အေ) က အကုန်လုံးကို တစ်ဆင့်ခံနှင့် လှုပ်ရှားနေတာပဲ ။ မင်းသားကို ပိုက်ဆံပေးတော့ ဒီက … ဒီကိုလည်း တစ်ဆင့်လူနှင့်လာအပ်ပုံရတယ် ။ ပြီးတော့ အဘွားကြီးက သိပ်အဓိပ္ပာယ်မရှိဘူးနော် ။ သူ့ရဲ့တူရင်ဝုထ်ကို လိုက်မှာလား … အဲရွာနှင့် ဒီဆိုရင် ခေါင်းဆောင်ရဲ့ မိုယာဝုထ်ထက်တောင် ဝေးဦးမယ်”
ဟုဆိုလေသည် ။ ထိုအခါသူက အာပေါဿသူထံ ပြန်လှည့်ပြီး
“ခင်ဗျားသမီး ဖရီယာငါးထောင်တောင်းရတဲ့ အကြောင်းအရင်းကိုကော မသိဘူးလား”
“အောင်မလေး … အဲကိစ္စနှင့်ငိုတောင် ငိုချင်တယ် ။ အစက မုန့်ဖိုးဆိုပြီးတောင်းတာ … မပေးတော့ လူးလှိမ့်ငိုပြီးတောင်းတယ် … မပေးတော့ သမုဒယရတီ နန်းတော်က အာပေါဿပြည့်တန်ဆာကို ကြည့်ချင်တာတဲ့ … ဒီအရွယ်လေးနှင့် ပြည့်တန်ဆာတဲ့တော် ။ နောက်ဆုံး အမှန်တိုင်းပြောဆိုတော့ သတ်ချင်သတ်လိုက် မပြောဘူးတဲ့ ။ ဖရီယာငါးထောင်ဆိုတာ ရွာဘက်မှာ အိမ်ဝယ်ရတယ်လေ ။ ကလေးတစ်ယောက်က ဘာလုပ်မှာလဲ”
လီယိုနာ့ဒ်လည်း အိမ်ရှေ့က မိုးစက်များကိုသာ ငေးနေမိတော့သည် ။ ကလေးတစ်ယောက်က ဖရီယာငါးထောင်ကို သူ့အမေဆီက နည်းမျိုးစုံဖြင့် တောင်းရမ်းသည်မှာ စိတ်ဝင်စားဖွယ် ၊ သံသယဝင်ဖွယ် ဖြစ်လင့်ကစား ဤသည်မှာ ၎င်း၏လျှို့ဝှက်ချက်တစ်ခုသာ ဖြစ်နေနိုင်၍ သူတစ်ပါး၏လျှို့ဝှက်ချက်ကို သိရုံမျှနှင့် အမှုမပေါ်နိုင် ၊ အမှုနှင့် လုံးဝမသက်ဆိုင်သော ပုဂ္ဂလိကလျှို့ဝှက်ချက်သာ ဖြစ်နေပါက အလကား အချိန်ကုန်ချေဦးမည် ။
သူ့အဖို့ တစ်ခါသေဖူးသဖြင့် ပျဉ်ဖိုးနားလည်နေသည် ။ သမုဒယ ရတီနန်းတော်တုန်းကကိစ္စ၌ အမှုနှင့်မဆိုင်သော လမ်းကြောင်းနောက် လိုက်မိသောကြောင့် လေဒီ ဆယ်ဖီးနီး အကြောင်းများသာ ပိုသိခဲ့ရပြီး အမှုမပေါ်ခဲ့သည် မဟုတ်ပါလား ။ တစ်ချိန်တည်းမှာပင် ဝါယောနအဘွားကြီးကလည်း သိပ်မဟုတ်သေး ၊ လိမ်ခိုင်းထားသည်မှာ သိသာလွန်းလှသည် ။
ယခုဆိုလျှင် အချိန်မှာ အသက်တမျှ အရေးပါနေသည့်အလျောက် အာပေါဿကလေးမလေး၏ ဖရီယာငါးထောင်ကိစ္စကို ဆက်လိုက်သင့်သလော ၊ သို့မဟုတ် မိုယာဝုထ်ထက်ဝေးသော တူရင်ဝုထ်ထိသွား၍ ထိုဝါယောနမိန်းမကြီး မှတစ်ဆင့် (အေ) အကြောင်းကို စုံစမ်းရမည်လော ဟုတွေးနေလျက် ဒွိဟများနှင့်လွန်ဆွဲကာ ခေါင်းတွင်းချာချာလည်လာရလေပြီ ။
ဤသို့ တွေးနေကြိုက်မှာပင် တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသောကြောင့် သူ့တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာ၍ ထိန်းထားသည့်ကြားကပင် သွားချင်းရိုက်သံ များထွက်လာလေရာ ၊ အာပေါဿမိန်းမက
“အလိုတော် သူရဲကောင်း မိုးကြီးလေကြီးထဲ ချမ်းတုန်နေရှာပြီ ။ ကျွန်မတို့ကလည်း ရေပျော်တွေဆိုတော့ မီးဖိုတွေဘာတွေ လုပ်မထားမိဘူး ။ နေ … နေ … ကျွန်မ အဝတ်တစ်ထည် သွားယူပေးမယ် ။ အာပေါဿ အထည်ဆိုတော့ ကျောဘက်ကတော့ ဟောင်းလောင်းပွင့်နေမှာနော် … ရလား”
“မလိုဘူး … ဘာမျှသွားမယူနှင့် ။ ခင်ဗျား ကျုပ်မေးတာကို ဖြေဖို့ဒီမှာသာ အသင့်ရှိနေ”
သူ့လေသံမှာ ခပ်ဆတ်ဆတ်ဖြစ်သွားရကား အနှီရေသူမ၏ ကုပ်ကလေး ပုဝင်သွားရသည် ။ မိုးတွင်း ၊ ရေတွင်း သတ်ခဲ့ဖြတ်ခဲ့ ဖူးသည် ။ မည်သည်က ကိုယ့်သွေး ၊ မည်သည်က ရန်သူ့သွေး ၊ မည်သည်က မိုးရေ ၊ မည်သည်က ချွေးတို့ကို မသိတော့သည်အထိ အနီးကပ်လုံးထွေး ထိုးကြိတ်ခဲ့ဖူးသည် ။ ဤမျှလောက် ရာသီဥတုကြောင့် သူသည် ပျော့ညံ့သူအဖြစ်မခံနိုင် ။ ယခုကဲ့သို့ ထင်တိုင်းကြဲပြီးပါက အင်္ကျီလဲ၍ ဆော်လ်နမ်ရွက်ခတ်ထားသော ရေနွေးတစ်ခွက်သောက်လိုက်လျှင် ပျောက်သွားလိမ့်မည် ။ မပျောက်ဘဲ ဖျားပါက ဖျားသည့်အတိုင်း ပေကတ်နေပြီး အလုပ်ဆက်လုပ်မည် ။ ဤသည်ကား ငယ်ကတည်းက မွေးမြူထားသော သူ့အကျင့် ။
မည်သည့်စကားမျှမပြောဘဲ သူ့အားစိုက်ကြည့်နေသော မာတိုရိုကိုလည်း မသိချင်ယောင်ဆောင်ကာ ဇိုက်(ခ်)ဘက်သို့သာ လှည့်လိုက်လေ၏ ။
“ဘယ်လိုလဲ ခေါင်းဆောင် ။ ကျုပ်တို့ ဘာပဲပြောပြော ဝါယောနအဘွားကြီးဘက်ကိုပဲ လိုက်ရမယ်နှင့်တူတယ် ။ သိပ်မဟန်ပေမဲ့ သူက (အေ) ကို အသိနိုင်ဆုံးပဲ ။ အဲရွာကို အမြန်ဆုံးခရီးနှင်တာပေါ့ဗျာ ။ ကျုပ်ယန္တရားယာဉ်ကို သုံးဖို့လှမ်းပြောလိုက်မယ်”
ထိုကဲ့သို့ နှိုးဆော်နေပြီ ဖြစ်သည့်ပြင် အချိန်လည်းမရှိတော့သည့်အလျောက် ၊ ကလေးမလေး၏ ဖရီယာငါးထောင်ကိစ္စမှာ ချင်းတို့၏အိမ်တွင်းရေးသာ ဖြစ်ပေအံ့ ၊ အမှုနှင့် မဆိုင်နိုင်လတ္တံ့ဟု စိတ်ဒုန်းဒုန်းချလိုက်ကာ သူလည်း ခေါင်းညိတ်ပြလိုက်သည် ။
နတ်ဘုရားမ၏ တန်ခိုးတော်ဖြင့် ဖန်ဆင်းအပ်သော ယန္တရားယာဉ်များကို တပ်မှူးဖြစ်သော ဇိုက်(ခ်)ပင် သဘောအတိုင်း စီးနင်းခွင့်မရှိဘဲ ၊ လက်နက်တိုက်သို့ အကြောင်းအရင်းတင်ပြရပြီး ၊ အသုံးပြုသည့်အခါတွင်လည်း အကွာအဝေးမည်မျှထိသွားခဲ့ပြီး လောင်စာမည်မျှကုန်ခဲ့သည်အထိ အသေးစိတ်ပြန်လည် အစီရင်ခံရပေလိမ့်မည် ။ တူရင်ဝုထ်မှာ ဝေးစေကာမူ ယန္တရားယာဉ်နှင့်သွားပါက အချိန်မီနိုင်လိမ့်မည်ဟု တွေးတောနေခိုက်
“မေမေကြီး … မေမေကြီး … သတင်းကောင်း … သတင်းကောင်း”
ဟူသည့် မိုးသံများကြားက အသံစာစာလေးတစ်ခု ထွက်လာသဖြင့် အသံလာရာကို အကဲခတ်လတ်သော် ၊ ဤသည်မှာ လမ်းသွယ်မှ အိမ်ကြီးဆီသို့ လျှောတိုက်ဝင်လာသော အာပေါဿရေသူမလေး တစ်ယောက်ထံမှ ဖြစ်၍ ၊ သူ(မ)၏နောက်ကျောက ဆူးတောင်မှာ ပုတိုလေးသာရှိသေးသောကြောင့် ယင်းလေး၏အသက်မှာ ခုနစ်နှစ် ရှစ်နှစ်ဝန်းကျင်မျှသာ ရှိနိုင်ပြီး ၊ ၎င်းလေးမှာ ငါးခန္ဓာကိုယ်လေးကို မိုးရေလျှံနေသော လမ်းအတွင်း၌ လျှောတိုက်လာသည့်အားလျော်စွာ မြွေတစ်ကောင်အလား မြန်ဆန်လွန်းလှသည် ။
အနားရောက်သည့်အခါ သူ(မ)၏ ကျောဟောင်းလောင်းဖြစ်နေသော အနက်ရောင် ဖဲသားအင်္ကျီလက်ရှည်လေးမှ မိုးရေစက်များမှာ တိုက်အဝင်ဝ ကြမ်းပြင်ပေါ်သို့ တတောက်တောက်စီးကျနေသည့်ပြင် ၊ အပြာရင့်ရောင်ငါးအကြေးခွံလေးများမှာလည်း အိမ်တွင်းရှိ သလင်းတုံးပျံကထွက်သော အလင်းအောက်၌ တလက်လက်ထနေပြီး ၊ သူ(မ)ထံမှ မြေကြီးနံ့သကဲ့သို့ ထူထူပိတ်ပိတ်အနံ့တစ်မျိုး ထွက်နေသဖြင့် လီယိုနာ့ဒ်မှာ မျက်မှောင်ကြုတ်မိသွားလေသည် ။ ထိုစဉ် အာပေါဿမိန်းမက ချင်းကလေးမလေးကို ကြည့်ကာခါးထောက်၍
“ကောင်မလေး … ကောင်မလေး … လျှောတိုက်ရင် ဣန္ဒြေရအောင် ငါးမြီးထိပ်ကို ဘယ်နှင့်ညာ လှုပ်ကာလှည့်ကာနှင့် လုပ်လီလုပ်လဲ့လျှောတိုက်ရမယ်လို့ မှာထားတာကို အခုကြည့်စမ်း ။ နင်ကြပ်ကြပ် ဒါမျိုးပြေးလွှားနေ … နင်ကြီးလာရင် နင့်အတွက် စီးချင်းထိုးမဲ့သူ တစ်ယောက်မျှရှိမှာမဟုတ်ဘူး”
“အို … ဒါတွေက အရေးကြီးလို့လား ။ သတင်းကောင်းပါလာတယ် … မီးမီးတို့ရဲ့ မြို့စောင့်တပ်မှူးကြီးက ဆက်ဖီဘီယမ်တွေကို အပြစ်မရှိဘူးလို့ ကြေညာလိုက်ပြီ ။ ကျိန်စာက တန်နားဘရက်(စ်)ဘက်က ရေ့(ဇ်)ဆိုတဲ့ နတ်ယုတ်ကြီးကြောင့်တဲ့”
“အဲဒါကိုငါက ဘာလုပ်ရမှာလဲ ။ ကျိန်စာကပြယ်သွားတာမှ မဟုတ်တာ ။ နင်လည်း အပြင်တွေ လျှောက်ထွက်မနေနှင့် ။ မနက်က နင်လေဖြတ်သလို တောင့်တောင့်ကြီးဖြစ်သွားတုန်းကတောင် တစ်အိမ်လုံး ပွက်ပွက်ညံကုန်တာနော် ။ ပြီးတော့ မြို့ထဲမှာဘာတွေဖြစ်နေမှန်းမသိ”
“အို … ဘာပဲပြောပြော မိီးမီးကပျော်တယ်”
ဟုဆိုကာ အကြင်ရေသူမလေးမှာ သူ(မ)၏ ငါးခန္ဓာကိုယ်လေးကို ရစ်ခွေလိုက်၍ ကိုယ်လုံးလေးအား စက်ဝိုင်းသဏ္ဌာန်လှည့်လိုက်သဖြင့် ၊ သူတို့သုံးယောက်နှင့် မျက်နှာချင်းဆိုင်မိသွားသရော် ၎င်းလေး၏ မျက်ခုံးများ ပင့်တက်သွားတော့သည် ။
“ဟင် … သူတို့က ဘယ်သူတွေလဲ မေမေကြီး”
“နှုတ်ဆက်လိုက် … ဒါနင်ပြောနေတဲ့ တပ်မှူးကြီးနှင့် သူ့အပေါင်းအပါတွေ”
ကလေးမလေး၏ ပါးဟက်များ ပြန့်ကားသွားရလေပြီ ။ ယင်းနောက် သူ(မ)မှာ ဇိုက်(ခ်)အနားလာ၍ ယန္တရားချပ်ဝတ်ဖိနပ်ကြီးကို နဖူးငယ်လေးဖြင့် အကြိမ်ကြိမ်ဦးတိုက်လေတော့သည် ။
“အို … ကျေးဇူးရှင်ကြီး … ကျေးဇူးတင်ပါတယ်နော် … ကျေးဇူးတင်လိုက်တာ … ဆက်ဖီဘီယမ်တွေအတွက် အမှန်တရားကိုရှာပေးလို့ … ကျေးဇူးရှင်ကြီးတို့ရဲ့ အနာဂတ်တွေ ရေခဲပြင်ကြီးဆီ ဦးတည်ပါစေနော်”
ဟုဆိုလေရကား သင်းလေး၏အမေမှာ ပါးစပ်အဟောင်းသားဖြစ်လျက်ရှိပြီး ၊ သူကိုယ်တိုင်လည်း ထိုအပြုအမူကို မည်ကဲ့သို့မျှပင် နားမလည်နိုင်ပေသော်ငြား ကလေးမလေးမှာ သူတို့ကို ဤမျှထိလေးစားနေပြီဖြစ်သည့်အတွက် တူရင်ဝုထ်သို့မသွားမီ စကားအနည်းငယ်တောက်ကြည့်ရန် စိတ်ကူးလိုက်လေ၏ ။ မဖြေပါကလည်း ဂရုစိုက်မည်မဟုတ် ။ ထို့ကြောင့် ဦးတိုက်နေသော ကလေးမလေးနား၌ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်၍
“ဒါပေါ့ကွ … ဦးတို့က အပြစ်မရှိတဲ့သူတွေ အပြစ်ပေးခံနေရတာကို ဘယ်ထိုင်ကြည့်နေလို့ဖြစ်မလဲ ။ ဒါနှင့်စကားမစပ် … ဘာဖြစ်လို့ မင်းအမေဆီက မုန့်ဖိုးငါးထောင်တောင် တောင်းရတာလဲ”
ထိုစကားကြောင့် ရေသူမလေးမှာ သူ့ကိုလှည့်ကြည့်၍ သူ(မ)၏ မျက်လုံးမှေးကလေးများကို မှိတ်သွားသည်အထိပြုံးလေ၏ ။
“အဲဒါအရင်တုန်းက … အခုမလိုတော့ဘူး ။ တပ်မှူးကြီးကူညီပေးလိုက်ပြီ”
“ဟမ် … နင်ဘာ”
ဤသည်ကား ၎င်း၏အမေထံမှ ထွက်လာသောအသံ ။ ဤအဖြေကြောင့် သူ့မျက်လုံးများလည်း ပို၍ပင်တောက်ပလာရပြီး
“အေး … ဟုတ်ပြီ … ဘာကြောင့်မလိုတော့တာလဲ ။ အရင်ကဘာဖြစ်လို့ လိုခဲ့တာလဲ ။ ဦးတို့ကို ပြောပြလို့ရလား”
ထိုအခါ သူ(မ)မှာ မျက်လုံးလေး ကလယ်ကလယ်လုပ်လျက် သူတို့ကိုတစ်လှည့် ၊ သူ(မ)၏အမေကို တစ်လှည့်ကြည့်ပြန်၏။ ၎င်းနောက်
“အစကတော့ ဘယ်သူမေးမေး မဖြေဘူးလုပ်ထားတာ ။ ဒါပေမဲ့ ဒီအမိန့်ထုတ်လိုက်ပြီဆိုတော့ ပြောပြပါမယ် ။ ဒီလိုလေ … မီးမီးမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ် ။ သူက မီးမီးအပေါ် သိပ်ကောင်းတာ … အတူတူလည်းဆော့ပေးတယ် … ချီပြီးတော့ တစ်ရပ်ကွက်လုံးပတ်ဆိုလည်း ပတ်ပေးတာပဲ ။ မီးမီးကိုလည်း မုန့်တွေလုပ်ကျွေး …”
ဟုဆိုလျှင် စကားမဆုံးမီ ဘေးကအာပေါဿမိန်းမက ချင်းလေး၏ ပါးဟက်တစ်ဖက်ကို ဆွဲလိမ်လိုက်ကာ
“ဟယ် … ဘာများလဲမှတ်တယ် ။ ဒီကျွန် … ဒီကျွန်အတွက် ဖရီယာငါးထောင် တောင်းတယ်ပေါ့လေ ။ ဪ … ဒီရက်ပိုင်းနင်ပျောက်ပျောက်သွားပြီး ငါ့ရဲ့ယန်နလာမှိုတွေပါ ကုန်ကုန်သွားတာ ဘာများလဲအောက်မေ့နေတာ … နင်ခိုးပြီး အဲကျွန်ကို သွားကျွေးနေတာမလား ။ ငါ့မှာအပုပ်တွေပဲကျန်တော့လို့ ရောင်းစရာတောင်မရှိတော့ဘူး ။ ဒီကျွန်နှင့်ဝေးဝေးနေလို့ နင့်ကိုငါမှာထားလား … မမှာထားဘူးလား”
“အား … ပါးဟက်မဆွဲနှင့် နာတယ် ။ ကျွန် မဟုတ်ပါဘူး … ကျွန်လို့မခေါ်ပါနှင့် … သူငယ်ချင်းပါဆို … သူငယ်ချင်းကောင်း”
ရေသူမလေးမှာ ယင်းကဲ့သို့ပြန်အော်လေလျှင် ၎င်း၏အမေလုပ်သူမှာ သူတို့ဘက်သို့ လှည့်လာလေသည် ။
“ကျွန်မတို့အိမ်က ကျွန်ပါတော် … မူးရို့(စ်)မြစ်ကမ်းဘေးက စျေးမှာသုံးရာပေးပြီး ဝယ်ထားတဲ့ လူးသို့(စ်) အမျိုးအစားကျွန်ပါ ။ နတ်ယုတ်ကျိန်စာကြောင့် လူတွေသေလာကြတော့ ကျွန်မတို့လည်း ကျိန်စာမိမှာကြောက်တာနှင့် နှင်ထုတ်ပစ်လိုက်တယ်လေ ။ ရိုက်တော့မသတ်ရဲပါဘူး … သိတဲ့အတိုင်း အိမ်မှာမိန်းမသားတွေပဲ များတာဆိုတော့ ။ အဲသည် ကျွန်ကို နှင်ထုတ်တဲ့နေ့ကလည်း ဒီကလေးမ ငိုပြဲနေတာ ။ နင်တော့ ထိန်းလို့ကိုမရဘူး”
ဟုဆိုပြီးနောက် လက်ချောင်းများဖြင့် သူ(မ)၏ဆံပင်ရှည်များကို တစ်လှည့် ၊ သူ(မ)သမီးလေး၏ ဆံပင်ကုပ်ဝဲလေးကို တစ်လှည့် သပ်ချပေးနေသဖြင့် အနှီသမီးအမိတို့၏ ကိုယ်ပေါ်မှ ရေများစိမ့်ကျလာပြန်သည် ။ အာပေါဿအိမ်တို့မှာ နဂိုကတည်းက ရေတရွှဲရွှဲပေမို့ ယခုကဲ့သို့ မိုးရွာနေသည့်အခါ သာ၍ပင်ဆိုးလေသည် ။ ထိုအခါဇိုက်(ခ်)က
“ဒါဆို ဒီကျွန်က ဘယ်မှာရှိနေတာလဲ ။ ငွေငါးထောင်ရရင် မင်းသူ့ကိုဘာလုပ်ပေးမလို့လဲ”
“ကျွန်လို့မခေါ်နှင့်လို့ … တပ်မှူးကြီးကလည်း … သူ့ခမျာ သနားပါတယ် ။ ဒီမြို့ကြီးထဲ လူတွေအားလုံးက ဆက်ဖီဘီယမ်ဆို ရိုက်သတ်ဖို့ရှာနေကြတာ … ညညဆို မီးတုတ်တွေနှင့် … သူ့မှာအစာတောင် ထွက်စားလို့မရဘူး ။ အဲဒါသူက လူမီနာ (Lumina) ပင်ကြီးတစ်ပင်အောက်မှာ သူ့လိုလူမျိုးတွေရဲ့ အနံ့ရမိတယ်တဲ့ ။ အဲအောက်မှာ လျှို့ဝှက်လမ်းရှိလောက်တယ်ဆိုလား ။ ဒါပေမဲ့ အဲလမ်းပွင့်ဖို့က အဲသည်သစ်ပင်ကြီးကို လှဲပစ်ရမှာမို့ …”
ထိုအခါ လီယိုနာ့ဒ်၏ မျက်ခုံးများ အဆုံးထိပင့်တက်သွား၏ ။ ဇိုက်(ခ်)ထံမှ ဟာခနဲအသံထွက်လာပြီး မာတိုရို၏ အင်တာနာများ ထောင်မတ်ကုန်၏ ။ သူ(မ)၏အမေကမူ ဝင်အော်လေပြီ ။
“မီးမီး … နင် သစ်ပင်လှဲမယ် ဟုတ်လား ။ နင့်ကိုငါရိုက်မှဖြစ်မယ် … နင်ကလွှတ်ထားတော့ တအားကိုး ထင်တိုင်းကြဲနေတာ ။ သစ်ပင်ဆိုတာ ရုက္ခပါလ နတ်ဘုရားမ နီရင်က ငါတို့နှင့်အတူတူ သဟဇာတနေဖို့ ဖန်ဆင်းပေးထားတာ ။ နင်လုပ်ချင်တိုင်းလုပ်ဖို့ မဟုတ်ဘူးဟဲ့”
ထို့နောက် လီယိုနာ့ဒ်တို့ဘက်လှည့်၍ ဦးခေါင်းကိုကြမ်းပြင်နှင့်ထိလျက် ဦးတိုက်ကာ
“သူရဲကောင်းတို့ရှင် … သမီးလေးက ရှစ်နှစ်ပဲ ရှိသေးတာပါ ။ မသိနားမလည်သေးတဲ့ အရွယ်လေးမို့ မဟုတ်တာတွေ လျှောက်တွေးနေတာပါ ။ ခွင့်လွှတ်ပေးပါရှင် … မီးမီး ဘာလုပ်နေတာလဲ ။ သူရဲကောင်းတို့ကို ထိုင်ကန်တော့စမ်း”
ဟုဆိုတော့သည် ။ သာမန်ပြည်သူတစ်ယောက် သစ်ပင်ခုတ်ခြင်းမှာ တရားမဝင် ။ သစ်ပင်ခုတ်သည့်အကြောင်းကို နှုတ်နှင့်ဆိုပါကပင် ရုက္ခပါလနတ်ဘုရားမကို စော်ကားမှုဖြင့် ထောင်တွင်းချက်ချင်းဆွဲထည့်ပစ်နိုင်သည့် ဥပဒေရှိသောကြောင့် အကြင်ရေသူမမှာ ဤမျှထိ ထိုင်ကန်တော့နေခြင်းဖြစ်သည် ။ ထိုအခါ ဇိုက်(ခ်)က လက်ကာပြလိုက်၍
“တော်တော် … မကန်တော့နှင့်ကလေးမ ။ မင်းဒီသစ်ပင်နေရာနှင့် မင်းရဲ့ကျွန် … အဲလေ … မင်းရဲ့သူငယ်ချင်းကောင်း ရှိတဲ့နေရာကို ငါတို့ကိုခေါ်သွားပြနိုင်လား ။ ဒါဆိုခွင့်လွှတ်ပေးမယ်”
“အို … ပြနိုင်တာပေါ့ ။ အခုလေးတင် ဒီက ပြန်လာတာကို ။ သိပ်မဝေးဘူးရယ် … ဒီရပ်ကွက်ဘေးနားက အပင်ကြီး”
ဟုဆိုရာ၌ မထင်မှတ်ထားသည့် ရှုထောင့်မှ အမှုလမ်းစကိုပြန်ဆက်နိုင်ခဲ့ရကား သူသည်ဇိုက်(ခ်)ကို ကြည့်ကာခေါင်းညိတ်လိုက်လျှင် ၊ ၎င်းကလည်း ပြုံးနေလေသည် ။
ယင်းနောက် အနှီအာပေါဿမိန်းမကို ခွင့်ပြုချက်တောင်း၍ ရေသူမလေးကိုခေါ်ကာ လူမီနာပင်ကြီး ရှိသည့်နေရာသို့ ထွက်လာကြသည်တွင် ၊ အကြင်ကလေးမလေးမှာ ဇိုက်(ခ်)၏ ဝူးလို့(စ်)ပေါ်သို့ရောက်သည်နှင့် “ဝေး” ဟုလက်နှစ်ဖက်မြှောက်လျက်အော်လေရာ ၊ လီယိုနာ့ဒ်မှာ ဝူးလို့(စ်)ကို စီးနင်းနေလျက် ယင်းလေးကိုလည်းကောင်း ၊ အုံ့ဆိုင်းနေသော ကောင်းကင်ကြီးကိုလည်းကောင်း ကြည့်ပြီးနောက် ကောင်းကင်နတ်ဘုရားမ လူနာလက်(စ်)ကာမှာ အမှန်တကယ်ပင် ကောင်းချီးပေးနေပြီလောဟု တွေးထင်မိနေလေတော့သည် ။ ။
**************
လီယိုနာ့ဒ်တို့သည် အာပေါဿရေသူမလေး ညွှန်ပြသည့်အတိုင်း ခရီးနှင်လာခဲ့ရာ တစ်ခဏမျှအကြာတွင် လမ်းလေးခွဆုံသော လမ်းဆုံအဝိုင်းကြီးသို့ ရောက်ရှိလာသည်။ ထိုလမ်းဆုံကြီး၏ အလယ်၌ လူအရပ်ဆယ်ပြန်စာနီးပါးမြင့်သော အဝါပုပ်ရောင် ရှည်မျောမျောပင်ကြီးတစ်ပင်က ထီးထီးကြီးရပ်နေပြီး ၎င်းကြီးမှာ အပင်ဖြစ်လင့်ကစား အရွက်ဟူ၍တစ်ရွက်မျှမရှိဘဲ အကိုင်းအခက်များသာ ထိုးထိုးထောင်ထောင် ထွက်နေကြရကား ၊ ဤသည်ကို မိုးများသဲသဲမဲမဲ ရွာနေချိန်တွင် တွေ့ရသည်မှာ ဧရာမအရိုးစုကြီးက သူတို့ကိုငုံ့ကြည့်နေသည့်အလားပင် ။
ယင်းသည်ကား လူမီနာ (Lumina) ပင်ကြီး ။ မနက်ပိုင်း၌ ရုပ်ဆိုးအကျည်းတန်လှသော်လည်း ညအခါရောက်လျှင် နောရု(စ်) (Norus) ဟုခေါ်သော ရွှေရောင်အလင်းမွှားလေးများကို ထုတ်လွှတ်နိုင်သည့် ပိုးကောင်လေးများက ၎င်း၏အကိုင်းအခက်များကြားဝယ် စုရုံးလာကြသဖြင့် ရိုဒီးနီးယား၏ညဉ့်အလှကို ရုပ်လုံးကြွစေသော သဘာဝမီးတိုင်ကြီးများဖြစ်ကြလေသည် ။
လမ်းဆုံ၏ဘေးပတ်ပတ်လည်တွင် ကျောက်သားတိုက်နက်ကြီးများက စက်ဝိုင်းသဏ္ဌာန် ပတ်လည်ဝိုင်းနေလေ၏ ။ ထိုအခါ လီယိုနာ့ဒ်တို့လည်း ထိုအိမ်ကြီးများကို ဖြတ်ကျော်လျက် လမ်းဆုံဝိုင်းအတွင်းသို့ ဝင်လာကြ၏။ ယင်းနောက် သူသည် ဝူးလို့(စ်)ပေါ်ကဆင်း၍ ကလေးမလေးထံသို့လှည့်ကာ
“ဒီအပင်ကြီးလား ။ မင်းရဲ့ သူငယ်ချင်းက ဘယ်မှာလဲ”
ဟု မိုးသံများတဖြောင်းဖြောင်း ဆူညံနေသည့်ကြားက အော်မေးလိုက်လေသောအခါ ၊ ၎င်းလေးက တိုက်ကြီးတစ်ခုအနား လျှောတိုက်သွားသောကြောင့် သူတို့လည်း ယင်းလေးနောက်မှ လိုက်ရလေ၍ ၊ အနားသို့ရောက်သရော် သူ(မ)သည် တိုက်နံရံကြီးဘေးက ပလက်ဖောင်းကို လက်ညှိုးညွှန်ပြသဖြင့် ၊ လှမ်းကြည့်လတ်သော် ပလက်ဖောင်းပေါ်၌ စက်ဝိုင်းသဏ္ဌာန်ကျောက်သား မြောင်းဖုံးတစ်ချပ်ကို တွေ့လေပြီး ၊ မိုးများသဲနေသည့်အလျောက် ရေများက မြောင်းဖုံးပေါက်ထဲ ဒလဟောစီးဝင်နေ၏ ။
“မြောင်းထဲမှာလား”
ရေသူမလေးက ခေါင်းညိတ်ဖြေသဖြင့် ၊ ဇိုက်(ခ်)က ယန္တရားချပ်ဝတ်၏ ကြွက်သားတုများကိုသုံးလျက် ထိုကျောက်သားမြောင်းဖုံးကို လက်နှစ်ဖက်လုံးဖြင့်ကိုင်မကာ ရွှေ့ပစ်လိုက်ရာ၌ ၊ မြောင်းတွင်းက ဆီးကြိုနေသည်ကား မှောင်မိုက်နေသည့် အမှောင်ထုတစ်ခု ။
ထိုအခိုက်၌ အမှောင်ထုအလယ်တွင် လိမ္မော်ရောင်တောက်နေသော စက်ဝိုင်းသဏ္ဌာန်အလုံးကြီးနှစ်လုံး ပြိုင်တူလင်းလာလေရာ သူ့ရင်တွင်းထိတ်ခနဲဖြစ်သွား၍ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်တွင် ၊ ထိုအလုံးကြီးနှစ်လုံးကလည်း မြောင်းတွင်းအနက်ပိုင်းသို့ ပြိုင်တူဆုတ်သွားပြီးနောက် ရေတွင်းခြေနင်းသည့် အသံများ ထွက်လာလေသည် ။
“ဟဲ့ဟဲ့ မကြောက်ပါနှင့် ၊ ငါ … ငါခေါ်လာတာ ထွက်ခဲ့ ။ အန္တရာယ်မရှိဘူး”
ဘေးက ရေသူမလေး လှမ်းအော်သောအခါမှ မြောင်းတွင်းက
“သခင်မလေး”
ဟူသော လိုဏ်သံပါသည့် ကလေးငယ်သံတစ် သံထွက်လာ၏ ။ ၎င်းနောက် အမှောင်ထုအတွင်းက လိမ္မော်ရောင် အလုံးကြီးနှစ်လုံးမှာ မြောင်းဖုံးဝသို့ ပြန်လည်တိုးကပ်လာ၍ အတွင်းမှ ပိန်ခြောက်ခြောက် လူလေးတစ်ယောက်မှာ ပလက်ဖောင်းပေါ်သို့ တက်လာလေတော့သည် ။
အနှီသူမှာ လူသားကဲ့သို့ လက်နှစ်ဖက် ၊ ခြေနှစ်ဖက်ပါ၍ ပြာနှမ်းနေသော အသားရောင်ရှိသည် ။ မျက်လုံးနှစ်လုံးမှာ စက်ဝိုင်းသဏ္ဌာန်ဝိုင်းစက်နေပြီး လိမ္မော်ရောင်တောက်နေသည် ။ မြောင်းအနှစ်များပေရေညစ်ထေးနေသော အင်္ကျီ၊ ဘောင်းဘီအဝါရောင်ကြမ်းကြမ်းနှင့် စလွယ်ညိုညိုကိုဝတ်ဆင်ထားပြီး တုန်ယင်နေသော လက်တစ်ဖက်က အဝါရောင်ယန်နလာ မှိုပွင့်လေးများကို ကိုင်ဆုပ်ထား၏ ။ ယင်းသည်ကား နတ်ဘုရား ရက်ဗားနက်(စ်)၏ အိပ်မက်ဆိုးများမှ မွေးဖွားလာသည်ဟု အဆိုရှိသော ၊ ပမဇ္ဇနာခေတ်ဦးမှစ၍ မျိုးနှင့်ရိုးနှင့် ကျွန်ခံလာရသော ဆက်ဖီဘီယမ် မျိုးနွယ် လူးသို့(စ်) အမျိုးအစား (Safibian : Luthos) ပေတည်း ။
https://mmxianxia.com/wp-content/uploads/2026/04/IMG_5766.webp
ထွက်လာသည်နှင့် မြောင်းနံ့ကထောင်းခနဲ ။ မတ်တတ်ထရပ်သည့်အခါ ချင်း၏အရပ်က သူ၏ရင်ဘတ်နားဝန်းကျင်သာ မြင့်သည့်ပြင် ၊ မြောင်းတွင်းကအမှိုက်များဖြင့် ပေတူးနေသော ရုပ်လေးကလည်း နုသေးသောကြောင့် ယင်းလေးမှာ ဆယ့်ငါးနှစ်မျှသာ ရှိဦးမည်ဟုမှတ်ချက်ချမိသည် ။ သင်းလေးသည် စလွယ်၌ပေရေနေသော မြောင်းအနယ်အနှစ်များကို တဝေါဝေါရွာနေသော မိုးရေဖြင့် ညှစ်ချပြီးနောက် စက်ဝိုင်းသဏ္ဌာန်မျက်လုံးကြီးများဖြင့် သူတို့အားလုံးကို ဝှေ့ကြည့်၍
“သခင်မလေး … သူတို့က”
“သူတို့က နင်တို့ဆက်ဖီဘီယမ်တွေကို ကယ်တင်လိုက်တဲ့ သူတွေလေ ။ နင့်မှာဘာကျိန်စာမျှ မရှိဘူးတဲ့ ။ ထိုင်ကန်တော့လိုက်”
ထိုအခါလီယိုနာ့ဒ်က ခေါင်းယမ်းပြီး
“တော်ပြီ ကောင်လေး … ဒီလမ်းလယ်က အပင်အောက်မှာ လျှို့ဝှက်လမ်းတစ်လမ်း ရှိတယ်ဆို ။ အဲဒါသေချာလား”
ဟု ဆိုင်းမဆင့် ဗုံမဆင့် ဆိုလေသောကြောင့် ယင်းမှာ မည်သည့်စကားမျှဆက်မဆိုသေးဘဲ ၊ ပြာနှမ်းနေသော ပါးစပ်လေးသည်သာ အဟောင်းသားဖြစ်သွားလျက် သူ့ကိုကြောင်ကြည့်နေလေလျှင် သူလည်း စိတ်မရှည်တော့ဘဲ သင်း၏ပခုံးကိုဆွဲကိုင်လိုက်လေသည်။
“ဟေ့ကောင်လေး … မင်းပြောတာ ဟုတ်လားလို့”
ဟု ဆိုလိုက်သောအခါမှ ၎င်းလေးမှာ အိပ်မက်က လှုပ်နှိုးခံလိုက်ရသူပမာ တုန်တက်သွားပြီးနောက် ခေါင်းတဆတ်ဆတ်ညိတ်လေသည် ။
“ဟုတ် … ဟုတ် … ဟုတ်ပါတယ် ။ ကျွန်တော် သခင်မလေးရဲ့ အိမ်ကနေ နှင်ထုတ်ခံရပြီး နှစ်ရက်မြောက်မှာ ဒီအပင်ကြီးအောက်မှာ တခြားလူးသို့(စ်)တွေရှိမှန်း အနံ့ခံမိတာပါ”
“အခုကော”
“အခုမရှိတော့ဘူးဗျ”
“အဲတုန်းက ဘယ်လောက်လောက်ရှိလဲ”
“အများကြီးပဲဗျ … အနည်းဆုံး သုံးဆယ်ဝန်းကျင်ပဲ ။ ပိုတောင်ပိုနိုင်တယ် ။ ကျွန်တော်မျိုးအထင်တော့ အဲသည်အောက်မှာ ပိုက်လိုလို ၊ ဂူလိုလိုဟာမျိုး တစ်ခုခုရှိမယ်ထင်တာပဲ”
ထိုအခါ နောက်က မာတိုရို၏အသံထွက်လာ၏ ။
“ကြည့်ရတာ ကိုယ့်လူတို့ရဲ့ ပျောက်နေတဲ့ ငါးဆယ်ကတကယ်ကြီး မြေလျှိုးသွားတဲ့ပုံပဲ”
စကားဆုံးသည်နှင့် သူတို့အားလုံး လမ်းဆုံအလယ်က လူမီနာပင်ကြီးကို ပြိုင်တူလှမ်းကြည့်ကြပြီးနောက် ၊ ဇိုက်(ခ်)က
“ကျုပ်တို့ ဒီအပင်ကြီးကို တကယ်လှဲပစ်ရတော့မယ်နှင့်တူတယ် ။ ကံကောင်းတာက ဒီနေရာက တပ်နှင့်နီးနီးလေးရယ်”
ဟုဆို၍ ယင်းသည် နဂါးခမောက်၏ နားထင်နေရာကို လက်ညှိုး ၊ လက်ခလယ် နှစ်ချောင်းလုံးဖြင့်ပြိုင်တူဖိကာ တပ်ကိုဆက်သွယ်လိုက်၍ ၊ ယခုနေရာသို့ ချက်ချင်းလာရန်နှင့် လိုအပ်သောယန္တရားများကိုပါ ယူဆောင်လာရန် အမိန့်လှမ်းပေးနေကြိုက် ၊ အာပေါဿသူလေးနှင့် လူးသို့(စ်)ကျွန်လေးတို့မှာ အတူတူယှဉ်တွဲလျက် တိုက်ကြီး၏ အမိုးအောက်၌ မိုးခိုနေကြသောကြောင့် သူနှင့်မာတိုရိုတို့လည်း ၎င်းတို့ရှိရာသို့ သွားလိုက်လေ၏ ။
“အလို … အပင်ကြီးကို တကယ်ခုတ်တော့မှာပေ့ါ ။ မလိုတော့ပေမဲ့ နင်ပြောတဲ့အောက်ထဲမှာ ဘာရှိသလဲဆိုတာ ငါကိုယ်တိုင် ကြည့်ကြည့်ချင်တာ ။ နင်အနံ့ခံတော့ မမှားတန်ရာပါဘူးနော် … မဟုတ်ရင် သူရဲကောင်းကြီးတို့ စိတ်ဆိုးသွားလောက်တယ်”
“အနံ့ပြင် ကျွန်တော်မျိုးတို့ လူမျိုးတွေအချင်းချင်းကြား မပြောပြတတ်တဲ့ ဆက်သွယ်မှုရှိပါတယ် ။ လုံးဝမမှားပါဘူး”
ထိုအခါ သူကလည်း ဤစကားဝိုင်းတွင်းဝင်လိုက်၍
“မင်းဒီအပင်ကို သစ်ခုတ်သမားငှါးပြီး ခုတ်ခိုင်းမှာမလား ။ ဒါကအလွန်ဆုံးကျ ဖရီယာနှစ်ရာ လောက်ပေါ့ ။ ငါးထောင်ကြီးတောင်းတာ မများလွန်းဘူးလား ။ ဘာလုပ်ဦးမလို့လဲ”
ဟုမေးလိုက်လျှင် မီးမီးဆိုသောရေသူမလေးမှာ ဟီးခနဲထရယ်သည် ။
“အယ် … သူရဲကောင်းကြီးကလည်း ။ ဒီတိုင်းခုတ်ရင် အဖမ်းခံရမှာကို ။ ပြီးတော့ကြည့်ဦး ဒီနားက ညဆိုရင်ဒီအပင်ကြီးကြောင့် အရမ်းလှတာ ။ မီးမီးတို့တောင် နောရု(စ်) ရွှေပိုးကောင်အသေလေးတွေကို လိုက်ကောက်ပြီး ဆွဲကြိုးလုပ်နေကျ ။ သွားခုတ်ရင် ဘေးအိမ်တွေကပါ ပြဿနာရှာမှာ ။ အဲတော့ ခုတ်မိန့်ကျအောင် သက်ဆိုင်ရာဌာနကို ဒါလုပ်ရမယ်လေ”
ဟုဆိုကာ ၎င်းလေးသည် လက်နှစ်ဖက်ကို ပြိုင်တူမြှောက်ပြလတ်သော် ၊ သင်းနောက်က စူးတောင်အသေးလေးမှာလည်း လက်တို့နှင့်အတူထောင်ချင်ချင် ဖြစ်လာလေသည် ။ သူရယ်မိသွား၏ ။
“မင်းက အလာသားပါလား ။ ဒီအရွယ်လေးနှင့် အာဏာပိုင်ကို လာဘ်ထိုးတတ်နေပြီပေါ့”
“ခစ် … ဖေဖေကြီး ။ မေမေကြီးနှင့် ဒေါ်လေးတွေအားလုံး လုပ်နေကျပဲကို”
ထိုစကားကြောင့် ဘေးကမာတိုရိုထံမှ “ဟန့်” ဟူသော အသံတစ်ချက်ထွက်လာသဖြင့် ရေသူမလေးက ဤပိုးကောင်ကို မော့ကြည့်သည့်အခါ ၊ ချင်းက ပြန်မကြည့်ဘဲ ရှေ့က တဖြောက်ဖြောက်ကျနေသော မိုးစက်မြင်ကွင်းကိုသာ ငေးကြည့်နေလေသည် ။ အဘယ့်ကြောင့်သော်မသိ ။ အိမ်ဆိုင်လေးဖွင့်ထားသော အာပေါဿမိန်းမနှင့် ၎င်း၏သမီးလေးကို တွေ့သည့်အချိန်ကစ၍ မာတိုရိုမူမမှန်သည်ကို ခံစားမိနေသည် ။ သို့သော် ယင်းတို့မှာပုဂ္ဂလိက ခံစားချက်များသာ ဖြစ်နိုင်သောကြောင့်အထူးတလည် မေးမြန်းမနေတော့ပေ ။
မာတိုရို၏စိတ်တွင်း မည်ကဲ့သို့ရှိနေသည်ကို မသိနိုင်လင့်ကစား လီယိုနာ့ဒ်ကမူ အနှီကလေးမကို သဘောကျသည် ။ ဤကဲ့သို့ဖြစ်နေရမည် ။ လိုချင်သောအရာအား ရအောင်ယူသည့်လမ်း၌ အကောင်း ၊ အဆိုးဆိုသည်မှာ တစ်ပါးသူတို့၏ သတ်မှတ်ချက်သာဖြစ်ပြီး ၊ ရခြင်း မရခြင်းသည်သာ အဓိကကျသည် ။ ရလဒ်ဖြစ်သည် ။
ဤသို့ဖြင့် မိနစ်အနည်းငယ်ကြာသည့်အခါ ဝုန်းဝုန်းဒိုင်းဒိုင်း ကြမ်းခဲ့သည့်မိုးမှာ စဲသွားလေသည့်အလျောက် သူ့စိတ်တွင်းအလုံးကြီးကျသွား၏ ။ ဝူးလို့(စ်)ကို ကျောကုန်းလျက် စီးခဲ့ရသောကြောင့် မိုးစက်များမှာ ကျောပြင်ကိုအဆက်မပြတ်ထိမှန်ခဲ့လေရာ ၊ အစပိုင်းတွင် မိုးစက်များကို မိုးစက်များဟု မှတ်ယူနိုင်ခဲ့ ပေသော်ငြား ၊ နောက်ပိုင်း၌ မိုးထိချက်များမှာ ကျောက်ခဲများပြိုဆင်းလာသည့်အလား ဖြစ်လာသည့်အလျောက် ယခုအခါ သူ့ကျောများအောင့်ထနေလေပြီ ။ ဖြစ်နိုင်ပါက မိုးရေတွင်းသို့ မထွက်ချင်တော့ပေ ။
မိုးစဲသွားသည်နှင့်အတူ မန်းဒရိတ်(ခ်)နှင့် ဝိုက်ဗန်အမ်းများလည်းရောက်လာကြပြီးနောက် ၊ ပထမဦးစွာ ၎င်းတို့သည် လူမီနာပင်ကြီးကို ရောင်ခြည်ဓားထုတ်သော ယန္တရားကြီးသုံးကာ ခုတ်ပိုင်းပစ်၍ ၊ ကျန်သော သစ်ငုတ်တိုကိုမူ ဇိုက်(ခ်)က ယန္တရားခြေထောက်ကြီးဖြင့် သုံးချက်မျှ ဆောင့်ကန်ပစ်လိုက်ရကား သစ်ငုတ်ကြီးမှာ ယိုင်နဲ့လာလေသည်။ ဤသရော် ၎င်းကပင် ယန္တရားလက်နှစ်ဖက်ကိုသုံးကာ အမြစ်မှ ဆွဲနှုတ်ပစ်လိုက်လေတော့သည် ။
“ဝိုး … တပ်မှူးကြီးများ နတ်ဘုရားရဲ့တန်ခိုးရထားတော့ စွမ်းလိုက်တာ”
အာပေါဿသူလေးကား လက်ခုပ်တီးလျက်ဆို၏ ။ ထို့နောက် မန်းဒရိတ်(ခ်) များမှာ အပင်ဘေးက ကျောက်သားလမ်းမကြီးကို ယန္တရားလွန်ပူကြီးနှင့် ထိုးဖောက်၍လည်းကောင်း ၊ အောက်ကမြေသားများကို ဂေါ်ပြားများဖြင့် ကော်ထုတ်ကြ၍လည်းကောင်း ဝိုင်းဝန်းတူးဆွကြပြီးနောက် ၊ တခဏမျှကြာသော် ဇိုက်(ခ်)မှာ သူတို့ကို လက်ယပ်ခေါ်နေသောကြောင့် သူတို့အားလုံး လမ်းဆုံအလယ်သို့ လျှောက်သွားကြလေသည် ။
“ခေါင်းဆောင်ကြည့်စမ်း”
လက်ညှိုးထိုးပြသည့်နေရာမှာကား လူမီနာသစ်ပင်ကြီးကို ဆွဲနှုတ်ထားသည့်နေရာဖြစ်ပြီး ၊ အပင်ကိုနှုတ်၍ အောက်ကမြေကို ဆက်တူးထားခြင်းဖြစ်သည် ။ သို့သော် မြေတွင်းကြီး၏ ငါးပေအနက်၌ သူတို့မြင်နေရသည်မှာ မြေကြီးမဟုတ်တော့ဘဲ အဖြူရောင် မျက်နှာပြင်ကြီးတစ်ခု ။
ထိုအခါမာတိုရိုက ထိုအဖြူရောင် မျက်နှာပြင်ကြီးရှိရာသို့ ခုန်ချပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ ဤမျက်နှာပြင်ကို ၎င်း၏အခွံမာလက်ချွန်ဖြင့်ကုတ်၍ နမ်းကြည့်လေသည် ။
“ဒါသစ်မြစ်ကြီးရဲ့ မျက်နှာပြင်ဗျ ။ နည်းနည်းနောနော သစ်မြစ်ကြီးလား … ဒါ မဟာသစ်ပင် ဂီဟာဒြန်းဆဲလ်ရဲ့ သစ်မြစ်ကြီး”
မာတိုရို၏ စကားဆုံးသည်နှင့် ဇိုက်(ခ်)ကလည်း ဤသစ်မြစ်ကြီး၏ မျက်နှာပြင်ကြီးပေါ်သို့ ခုန်ချလေရာ ၊ ယန္တရားချပ်ဝတ်အပြည့်ကြီးဖြင့် ခုန်ချသောကြောင့် ထိုအဖြူရောင်ကြမ်းပြင်ကြီးနှင့် ယင်း၏ဖိနပ်တို့ထိမိသည်နှင့် တစ်ပြိုင်နက် “ဒုန်း” ဟူသည့်အသံမှာ ခပ်အုပ်အုပ် ထွက်ပေါ်လာ၍၊ သစ်မြစ်ပေါ်ရောက်သည့်အခါတွင်လည်း သင်းမှာ ခြေတစ်ဖက်ဖြင့် ကြမ်းပြင်ကို ငါးကြိမ်တိတိ ထပ်ဆောင့်ချလိုက်ပြန်သော် ၊ တဒုန်းဒုန်းအသံများသာမက ကြမ်းပြင်အောက်က ပဲ့တင်သံများပါ ထပ်မံထွက်ပေါ်လာပြီး၊ မြေကျွင်းကြီး၏ဘေးနှုတ်ခမ်းပေါ်၌ ပုံထားသောမြေသားများကပါ ၎င်းတို့နှစ်ယောက်လုံးပေါ်သို့ ပြိုကျလာလေရာ ၊ မာတိုရိုမှာ လက်လေးဖက်လုံးဖြင့် ခေါင်းကိုကာလျက်
“ဟေ့ တပ်မှူး … ခင်ဗျားကျုပ်ကို အရှင်လတ်လတ် မြေမြှုပ်နေတာလား”
ဟုဆိုလေ၏။ သို့လင့်ကစား ဇိုက်(ခ်)က ခွန်းတုံ့မပြန်ဘဲ လီယိုနာ့ဒ်ရှိသည့် နေရာသို့သာမော့ကြည့်ကာ
“ခေါင်းဆောင် … လိုဏ်သံကြားလိုက်လား … ဒီသစ်မြစ်က အခေါင်းပွကြီးဖြစ်နိုင်တယ်”
ဟုဆိုရာတွင် ၊ သူလည်း ခေါင်းညိတ်ပြ၍ အပေါ်ပြန်တက်လာရန် လက်ယပ်ပြလိုက်လေသည် ။ ထိုအခါ ဇိုက်(ခ်)က မာတိုရိုကို ကုပ်ကဆွဲကိုင်လျက် မြေတွင်းနှုတ်ခမ်းဝသို့ လွှားခနဲခုန်တက်လာလေသည် ။ ၎င်းနောက် ယင်းကပင်
“ကြည့်ရတာ (အေ) ဆိုတဲ့ကောင်က ဆက်ဖီဘီယမ် ငါးဆယ်ကို ဒီသစ်မြစ်ကြီးထဲကနေ ခေါ်ပြေးသွားပုံပဲ ။ ခေါင်းဆောင် ခင်ဗျားမမှားဘူးဗျ ။ ကျုပ်တို့ ကျွန်စျေးကွက်အောက်မှာလည်း သစ်မြစ်မွှားလေးတွေကို တွေ့ခဲ့သေးတယ် ။ အကယ်၍များ ကျုပ်တို့သာ စျေးကြီးရဲ့အောက်ကို စဆုံးတူးပစ်လိုက်ရင် ဒီသစ်မြစ်ခေါင်းကြီးကို အဲကတည်းက တွေ့နိုင်လောက်တယ်”
“အခုလည်းတွေ့ပြီပဲ … ဒီကိုလာပြီး ဒီနေရာမှာတိိတိကျကျ ရှိတယ်ဆိုတာ သိလို့တူးလိုက်ရတဲ့အချိန်နှင့် စျေးတစ်ခုလုံး ရမ်းသမ်းတူးရတဲ့ အချိန်ကနောက်ဆုံး အတူတူလောက်သွားကျမှာပဲ ။ အချိန်ပြုန်းသွားတယ်လို့တော့ မမြင်နှင့် ။ မင်းဒါကြီးကို ဖောက်ရင် ဘယ်လောက်ကြာနိုင်လဲ”
ဤကဲ့သို့ဆိုနေခိုက် လမ်းမတစ်ခုဘက်မှ ဒိန်းခနဲ ဒုန်းခနဲ အသံကြီးများထွက်ပေါ်လာ၍ ၊ ထိုအသံတစ်ခါထွက်လာတိုင်း သူတို့ရပ်နေသော လမ်းကြီးပါ တသိမ့်သိမ့်တုန် လာသည့်အတွက် အသံလာရာကို သူတို့နှစ်ဦးလုံး ပြိုင်တူလှမ်းကြည့်လေလျှင် ၊ အနက်ရောင်တိုက်ကြီးများကြားက အမည်းရောင်ယန္တရားရုပ်ကြီးတစ်ရုပ် ထွက်ပေါ်လာလေသည် ။
၎င်းကြီးမှာ ခြေထောက်ကြီး ခြောက်ချောင်းနှင့်ဖြစ်၏။ လူ့အရပ်သုံးပြန်စာမျှ မြင့်မား၏ ။ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ချပ်ဝတ်များဖြင့် ကာရံထားသည့်ပြင် ၊ ထိုချပ်ဝတ်ပေါ်တွင်လည်း ရွှေရောင် ကနုတ်ပန်းများ ထွင်းထုထားသည်သာမက ၊ ကိုယ်ထည်၏ ဘေးတစ်ဖက်တစ်ချက်၌ အမြောက်ကြီးနှစ်လက်ကိုပါ တပ်ဆင်ထား၏ ။ ဦးခေါင်းဟူ၍ သီးသန့်မပါ ။ ခြေထောက်နှင့်ကိုယ်ထည်သာ ပါပြီး ကိုယ်ထည်၏ရှေ့၌ နီရဲနေသော မျက်လုံးကြီးသုံးလုံးမှာ တြိဂံသဏ္ဌာန် နေရာယူထားသေးသည် ။
https://mmxianxia.com/wp-content/uploads/2026/04/IMG_3760.webp
ယင်းကြီးသည် သစ်ပင်ဖြတ်ရာ ၊ ကျောက်တူးရာ ၊ ပစ္စည်းပစ္စယသယ်ရာ ကဏ္ဍပေါင်းစုံတွင်သာမက ၊ တိုက်ပွဲများ၏ရှေ့တန်း၌လည်း ပါဝင်နိုင်သော ဘုံသုံးယန္တရားရုပ်ကြီးဖြစ်၍ ၊ ရေးဒီးယန့်ကိုး ဂရာဗိုးရက်(စ်) (Radiant Core : Gravorex) ဟုခေါ်သည့် ၎င်းကြီးမှာ တဖွဲဖွဲရွာနေသည့်မိုးစဲစဲကြားဝယ် ဧရာမပင့်ကူနက်ကြီး တစ်ကောင်အလား ထင်မှတ်မှားရသည့်ပြင် ၊ ခြေတစ်လှမ်း လှမ်းသည့်အခါတွင်လည်း ဒူးဆစ်နေရာများမှ ရေနွေးငွေ့များမှာ တရှူးရှူးမြည်လျက် ပန်းထွက်နေသောကြောင့် ၊ အနှီယန္တရားရုပ်ကြီး သူ့အနားသို့ ချဉ်းကပ်လာသည်နှင့်အမျှ မိုးမိထားသဖြင့် ချမ်းတုန်နေသော သူ့တစ်ကိုယ်လုံးမှာလည်း နွေးတက်လာရလေသည် ။
“လိုဏ်သံကိုသာ ကြားလိုက်ရတာ သစ်မြစ်အသားက အထူကြီးဖြစ်မယ်ဗျ ။ ဒီ ဂရာဗိုးရက်(စ်)နှင့်တူးမယ်ဆိုရင်တောင် ဆယ်မိနစ်လောက်ကြာနိုင်တယ်”
ဟုဆိုပြီးနောက် ဇိုက်(ခ်)က အနားရောက်လာသော ဂရာဗိုးရက်(စ်)ကြီးကို ခေါင်းတစ်ချက်ညိတ်ကာ အချက်ပြလိုက်သည်တွင် ၊ အကြင်ယန္တရားကြီး၏ မျက်လုံးသုံးလုံးမှာ မီးနီများတောက်ပလာပြီးနောက် ၎င်းတို့မှအနီရောင် ရောင်ခြည်တန်းကြီးသုံးတန်းထွက်လာ၍ ၊ မြေကျင်းကြီးအတွင်းသို့ ဖောက်ဝင်သွားလတ်သော် ၊ “ရှဲ” ဟူသည့်အသံကြီးနှင့်အတူ ညှော်နံ့များ လှိုင်တက်လာရုံမျှမက မီးခိုးများလည်း အူထွက်လာသည့်အတွက် သူတို့အားလုံး နောက်ဆုတ်လိုက်ရသည် ။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း မီးဖိုကြီးဖိုလိုက်သည့်အတိုင်း ပူကျက်လာ၏ ။ သစ်မြစ်ကြီး၏ မျက်နှာပြင်ကို ရောင်ခြည်တန်း အနီကြီးသုံးတန်းဖြင့် စဖောက်နေလေပြီ ။
ထိုအခါဘေးက မန်းဒရိတ်(ခ်)များက ဟေးခနဲထအော်ကြပြီး ၊ ရေသူမလေး မီးမီးနှင့် လူသို့(စ်)ကျွန်လေးမှာမူ သူ့နောက်သို့ ပုန်းကွယ်ကြကုန်သည် ။
“ရမထာသိင်္ဂီ နတ်ဘုရားမရဲ့တန်ခိုးတော်ကတော့ အံ့မခန်းပဲကွာ … ဟေ့ပိုးကောင် ။ ဒီယန္တရားရုပ်ကြီးက နတ်ဘုရားမရဲ့ တန်ခိုးတော်ကြောင့် အသက်ဝင်နေတာကိုကော မင်းရဲ့မှတ်စုစာအုပ်လေးက ရှင်းပြနိုင်လား ။ ပြောစမ်း”
ထိုအခါမာတိုရိုကလည်း စာအုပ်ကြီးကို လှန်ဖတ်၍
“ဒီထဲမှာတော့ အသိဉာဏ်တု (Artificial Intelligence) အေ အိုင် (AI) နှင့်ထိန်းချုပ်တယ်လို့ ရေးထားတယ် ။ ကျုပ်တို့အသိဉာဏ်လို မဟုတ်ဘူး … သူက အရမ်းအဆင့်မြင့်တဲ့ အာဂိုရစ်သန် (Algorithm) တွေနှင့်သွား …”
“ဟေ့ကောင် မင်းအစွယ်တွေစေ့တော့ကွာ … နားငြီးလာပြီ”
ဟုဇိုက်(ခ်)ကပင် ရှုံ့မဲ့နေသော မျက်နှာကြီးဖြင့် လှမ်းဟောက်လေရာ ၊ မာတိုရို၏ပါးစပ် ပိတ်သွားလင့်ကစား သူကတော့ ထရယ်မိလေပြီ ။ တန်ခိုးတော်ကြောင့် အသက်ဝင်နေသလော ၊ အေ အိုင် ကြောင့်လောသူမသိ ။ သူသိသည်က ၎င်းကြီးအသုံးကျသည် ။ နတ်ဘုရားမက ဖန်ဆင်းပေးထားသည် ။ ယခုအခါ ဤမျှသိလျှင် သူ့အတွက်လုံလောက်ပြီ ။
မိနစ်ပိုင်းမျှ အချိန်ကြာလာ၏ ။ ဂရာဗိုးရက်(စ်)ကြီးမှာ ရောင်ခြည်တန်းများနှင့် မြေကျင်းအတွင်းက သစ်မြစ်မျက်နှာပြင်ကြီးကို ထိုးဖောက်နေဆဲ ။ မာတိုရိုနှင့် မယ်မီးမီးတို့မှာလည်း တခြားဘက်သို့ ထွက်သွားသည့်အလျောက် သူနှင့်ဇိုက်(ခ်)တို့သာ ကျန်ခဲ့လေလျှင် ၊ ဤအချိန်မှာ အချိန်ကောင်းဖြစ်သည်ဟု ယူဆလျက် လီယိုနာ့ဒ်မှာ စကားစလိုက်လေသည် ။
“ဇိုက်(ခ်)”
ယင်းကသူ့ဘက်လှည့်၍ ခေါင်းဆတ်ပြသည် ။
“မင်း သမုဒယရတီနန်းတော်မှာ ခြေချင်းလိမ်နေတာဆို ။ မင်းမိန်းမနှင့် အန်းဆော့ကော နေကောင်းရဲ့လား”
ဤစကားကြောင့် ချင်းမှာ ကျောက်ရုပ်တစ်ရုပ်အလား တဒင်္ဂမျှရပ်တန့်သွား၍ သူ့ကို မည်သည့်စကားမျှမဆိုဘဲ ငုံ့သာကြည့်လေသရော် ၊ သူကလည်း ဇိုက်(ခ်)ကို ပြန်မော့ကြည့်ကာ သင်း၏ နဂါးခေါင်းခမောက်က မျက်လုံးနီနီများနှင့် မျက်လုံးချင်းဆိုင်လိုက်လေသည် ။ သူ့အမေးကြောင့် နဂါးခေါင်းခမောက် နောက်ကွယ်က ၎င်း၏မျက်နှာမှာ မည်ကဲ့သို့ဖြစ်နေပါသနည်း ။
သူ့လက်အောက်ငယ်သား ဖြစ်ခဲ့စဉ်က ၊ ဇိုက်(ခ်)သည် ယင်းနှင့် အတူတူ တိုက်ပွဲဝင်လေ့ရှိသော မှော်ဝိဇ္ဇာမယ် (Wizard) လေးနှင့် ချစ်ကြိုးသွယ်ခဲ့ပြီး အိမ်ထောင်ကျခဲ့သည် ။ ထို့နောက် နှစ်နှစ်ကြာသည့်အခါ အနှီမှော်ဝိဇ္ဇာမယ်လေးကပင် သူ(မ)၏ သူငယ်ချင်း မှော်ဝိဇ္ဇာမယ်တစ်ယောက်ကို အန်းဆော့အဖြစ် ရွေးချယ်လိုက်သဖြင့် ဤသုံးယောက်၏ အိမ်ထောင်ရေးမှာ “နဂါးသူရဲကောင်းနှင့် မှော်ဝိဇ္ဇာ” လိုက်ဖက်လွန်းလှသည်ဟု စစ်နတ်ဘုရားကပင် ချီးမွမ်းထောမနာပြုခဲ့လေသည် ။
သို့ဆိုပါက အဘယ့်ကြောင့် ပြည့်တန်ဆာများကို ရူးရူးမူးမူးဖြစ်နေရပါသနည်း ။ တစ်ခါနှစ်ခါ အတွေ့အကြုံခံစားသည်က ပုံမှန်ဖြစ်သော်လည်း ယခုကဲ့သို့ခြေချင်းလိမ်နေသည်က သံသယဝင်ဖွယ် ။ နောက်ဆုံးအနေနှင့် ယင်း၏ မိန်းမနှင့်အန်းဆော့တို့ကို ယခုထိသူမတွေ့ရသေး ။ ပုံမှန်ဆိုပါက နဂါးသူရဲကောင်းတစ်ယောက်၏ နောက်၌ မှော်ဝိဇ္ဇာလေးယောက်က တွဲလိုက်ရမည်ဖြစ်သည့်အလျောက် ၎င်းနောက်က ထိုမဒီနှစ်ယောက်လည်း လိုက်ပါနေရမည် မဟုတ်ပေလော ။
“ခေါင်းဆောင် … ခင်ဗျားက အသက်ရှူကျပ်အောင် လုပ်တယ်ဗျာ”
ဟုဆို၍ ဇိုက်(ခ်)က နဂါးခေါင်းခမောက်ကို ဆွဲချွတ်လိုက်ပြီး ရှေ့က အူတက်နေသော မီးခိုးလုံးကြီးကို မော့ကြည့်နေသည် ။ ပြီးမှ သက်ပြင်းတစ်ချက်ချ၍
“သူတို့နှစ်ယောက်လုံး … ဆုံးသွားပြီ ခေါင်းဆောင်”
“ဘာ … ဘယ်လိုဖြစ်ရတာလဲ”
“ခင်ဗျားထွက်သွားတော့ပေါ့ ။ ကျုပ်တို့ ဆိုက်ရူရီယာမှာ စစ်ဆင်ရေးတစ်ခုသွားရတယ် ။ အင်ပါယာက ဝရမ်းပြေးတွေ ဆိုက်ရူရီယာမှာ ဝင်ခိုနေတယ်လို့ ဆိုက်ရူရီယာအစိုးရကို အကြောင်းပြပြီး ဝင်စီးနင်းတာပေါ့ ။ တကယ်တမ်း ဘာဆိုတာကတော့ ခင်ဗျားမှန်းဆမိလောက်မှာပါ ။ အဲဒါက တန်နားဘရက်(စ်)ရဲ့ အခြေစိုက်စခန်းတစ်ခုဗျ”
သူခေါင်းညိတ်လိုက်သည် ။ ဆိုက်ရူရီယာ တိုင်းပြည်၌ အင်ပါယာနှစ်ခု၏ တင်းမာမှုမှာ ယခုဆိုလျှင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး မဟာစစ်ကြီးဖြစ်လာလျှင်ပင် ဆိုက်ရူရီယာမှာ ပထမဆုံးစစ်တလင်းဖြစ်လာတော့မည့်အားလျော်စွာ ဤနိုင်ငံ၌ အင်ပါယာနှစ်ခုစလုံးက စစ်ဆင်ရေးများ အကြီးအကျယ် ဖော်ဆောင်ခဲ့သည်မှာ အဆန်းမဟုတ် ။
“အဲတုန်းက ညကြီး ။ သူတို့က ကျုပ်တို့လာမှာသိနေတယ် … ကင်းပုန်းဝပ်ပြီး အပြီအပြင်စောင့်နေခဲ့တာ ။ ကျုပ်တို့ဝင်တော့ ဝိုင်းတိုက်ခံရတော့တာပဲ ။ သူတို့ဘက်က ဟေးလစ်(စ်) ဒေဝယန္တရား (Helix Series Divine Mech ) တွေတောင်ပါတယ် ။ တာတီဂွန် ဒုံးကျည် (Tertegon Missiles) တွေလည်း ကျုပ်တို့အပေါ် မိုးရွာသလိုကျလာခဲ့တာ ။ ပြီးတော့ ဟိုဘက်က နတ်ဝိဇ္ဇာတွေ (Divine Wizards) က လေဆင်နှာမောင်းတွေပါ ဖန်ဆင်းတယ် ။ လုံးဝကိုး အလဲလဲ အကွဲကွဲပဲ ။ တစ်တပ်လုံးပြုတ်တယ် … ကျုပ် … ကျုပ် သူတို့ကို မကာကွယ်နိုင်ခဲ့ဘူး”
ဟုဆိုနေလျက် ဇိုက်(ခ်)မှာ လက်နှစ်ဖက်ကို ပြိုင်တူထောင်လိုက်သည့်အခါ ကြွက်သားတုများဖြင့် ရစ်ပတ်ထားသော သင်း၏လက်ချောင်းများမှာ တုန်ယင်လျက်ရှိသည် ။
“တာတီဂွန် ဒုံးတွေခါလို့ အန်းဆော့က ကျုပ်ရှေ့မှာတင် အရည်ပျော်ကျသွားတယ် ။ မိန်းမက လေဆင်နှာမောင်းဆွဲတာခံရပြီး တစ်စစီဖြစ်တယ် ။ ကျုပ်ကတော့ …”
ဟုဆို၍ သူ့ဘက်မျက်နှာလှည့်ပြီး ပြုံးသည် ။ အရှုံးသမားတစ်ယောက်၏ အပြုံး ။
“ကျုပ်ကတော့ … ဒီယန္တရားချပ်ဝတ်ကြီးဝတ်ပြီး ငကြောက်တစ်ယောက်လို ထွက်ပြေးခဲ့တယ် … အမိန့်တော်အရပေါ့”
လီယိုနာ့ဒ် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည် ။
“ငါ … ဘာမျှမသိခဲ့မိဘူး”
“ထားလိုက်ပါ … ပြတ်နေတဲ့အဆက်တွေ အခုပြန်ဆက်တာပေါ့ … အဲမှာပဲ … ကျုပ်သားလေးက … ကျုပ်ကို တူးတူးခါးခါးမုန်းသွားခဲ့တယ် ။ သူ့အမေနှစ်ယောက်လုံးကို သေတွင်းထဲပို့ခဲ့တဲ့သူ ဆိုပြီးတော့ပေါ့ ။ ကျုပ်သားအကြောင်း ခေါင်းဆောင်သိတယ်မလား …”
ဇိုက်(ခ်)တွင် မိန်းမကမွေးသော သားတစ်ယောက်သာရှိပြီး ယင်းမှာခြောက်နှစ်အရွယ်၌ နဂါးသူရဲကောင်းရွေးပွဲသို့ ဝင်ပြိုင်ခဲ့စဉ်က ၊ ဝူးလို့(စ်)ပေါ်က ပြုတ်ကျ၍ အောက်ပိုင်းသေသွားခဲ့သည့်အတွက် ပန်းချီပညာသင်နေသည်ကိုတော့ သိထားသည် ။ ထိုကြိုက် ဇိုက်(ခ်)က ယန္တရားချပ်ဝတ်လက်ကြီး၌ ကပ်နေသော မိုးစက်များနှင့် ၎င်း၏မျက်နှာကို ပြန်ပွတ်လိုက်၍
“ဒါတွေပြီးတော့ ကျုပ်ဘာမျှ သိပ်ပြီးဂရုမထားတော့ဘူးဗျာ ။ လစာရရင် သားလေးကို ခုနစ်ဆယ်ရာနှုန်း (၇၀ %) ပေးတယ် ။ ကျန်တဲ့သုံးဆယ်နှင့် လောက်အောင်သုံးတယ် ။ အဲသည်လစာက အဆင့်အမြင့်ဆုံး ပြည့်တန်ဆာတွေနှင့် မတွေ့နိုင်ပေမဲ့ သမုဒယရတီနန်းတော်ရဲ့ အောက်ဆုံးထပ်က ပြည့်တန်ဆာနှင့်တော့ တွေ့နိုင်ပါသေးတယ် ။
လေဒီ လီလီယာနာတို့ လေဒီ ဆယ်ဖီးနီးတို့ အဆင့်တွေတော့ ဘယ်ဟုတ်မလဲ ။ တစ်ခါတလေ အလုပ်သင်တွေပညာပြလို့ အကကောင်းနေတုန်း ဂါဝန်ကို တက်နင်းခံရတာတွေ ၊ ရှေ့ကအဆွဲအငင်တွေနှင့် သီချင်းဆိုကောင်းနေတုန်း နောက်ကအလုပ်သင်က မေယုတံတျာ ကြိုးဖြတ်ချလိုက်တာတွေတော့ရှိတာပေါ့ … ဟက် … ဟက်”
ထိုစကားကြောင့် သူ့မျက်တောင်များသုံးကြိမ်မျှ ပုတ်ခတ်သွားရပြီး ၊ သမုဒယရတီနန်းတော်သို့ ဝင်ခဲ့စဉ်က မြေညီထပ်တွင်ဖြစ်ခဲ့သော အဖြစ်အပျက်များကို ပြန်လည်သတိရလာ၏ ။
“ဪ … လက်စသတ်တော့ မင်းကိုး … အဲသည်ပြည့်တန်ဆာ အမှားလုပ်တာကိုက ချစ်ဖို့ကောင်းတယ်လို့ပြောခဲ့တဲ့ ဖောက်သည်က မင်းလား”
“အဟက် … ဟုတ်ပ … အဲမှာဆဲဆိုနေတာတွေက ကျုပ်ကိုဧည့်ခံရင်း ဖြစ်သွားခဲ့တာတွေ ။ သူနှင့်ကျုပ်က အရမ်းအဆင်ပြေတယ်ဗျ ။ ဒီတစ်ကမ္ဘာလုံးမှာ အထူးလေ့ကျင့်ထားတဲ့ ပြည့်တန်ဆာ (Courtesan) တစ်ရာ့ကိုးယောက်ပဲရှိတော့ သူတို့မြေညီထပ်မှာတောင် လျှောက်လွှာတင်တဲ့သူတွေ ပုံထနေတာ ။ အဲဒါကို ကျုပ်လျှောက်လွှာတင်လိုက်ရင် သူကရွေးပြီးသားပဲ ။ ခေါင်းဆောင်ကြားတယ်မလား … သူက ကျုပ်မလာတော့မှာတောင် စိုးရိမ်နေသေးတာ”
ပြောနေလျက် ဆိုနေလျက် သူ့မျက်နှာပေါ်ကရေများကို လက်ဖြင့်သပ်ချနေပြန်သည် ။
“အဲတော့ဘာလဲ ။ မင်းပြည့်တန်ဆာတစ်ယောက်နှင့် ကြိုက်နေတာလား … သူတို့ကို ယူဖို့ဆိုတာ လုံးဝမလွယ်ဘူးမလား”
“ဟာ … ခေါင်းဆောင်ရာ … ချစ်တာတွေ ၊ ကြိုက်တာတွေ ၊ ယူတာတွေ တော်ပါတော့ ။ ကျုပ်နှင့်သူ့ကြားက ဆက်ဆံရေးက အဲလောက် အဖွဲ့အနှောင်တွေ မပါဘူးဗျ ။ အထာလေးတစ်ခုပဲရှိတာ … ဒါတွေကိုတော့ ခေါင်းဆောင်နားလည်မယ် မထင်ဘူး ။ နည်းနည်း … သိမ်မွေ့သွားပြီ”
ထိုစကားကြောင့် လီယိုနာ့ဒ်မှာ တဟားဟား အော်ရယ်ကာ ၎င်း၏နောက်ကျောချပ်ဝတ်ကို ဘန်းခနဲမြည်အောင် ရိုက်ပစ်လိုက်လေတော့သည် ။ သူပြောသည့် ဆက်ဆံရေးကို နားလည်သကဲ့သို့ ရှိသော်လည်း နားမလည်ပေ ။
ထိုအခါ ဇိုက်(ခ်)က ယင်း၏ဘယ်ဘက်လက်ကို ခါလိုက်လေလျှင် ၊ “ဖျောင်း” ဟူသည့်အသံကြီးနှင့်အတူ ယန္တရားချပ်ဝတ်၏ လက်ဖျံနေရာ၌ ခေါက်သိမ်းထားသော ဒိုင်းတစ်ချပ်မှာ ဆန့်ထွက်ပြန့်ကားလာလေပြီး ၊ ဤသည်ကား ငွေရောင်တောက်ပနေသော ဒိုင်းဝိုင်းတစ်ခုဖြစ်စေကာမူ ဒိုင်း၏မျက်နှာပြင်ပေါ်၌ မည်သည့်အမှတ်အသားမျှမပါဘဲ ပြောင်ရှင်းနေလေသည် ။ ချင်းက ထိုဒိုင်းကိုမြှောက်ကြည့်ကာ
“အခုအချိန်မှာ ကျုပ်အလိုချင်ဆုံးက ဘာလဲသိလား … ကျုပ်သားလေးက ဒီဒိုင်းပေါ်မှာ တစ်ခုခုဆွဲပေးတာပဲ ။ ကိုယ့်သားရဲ့အနုပညာနှင့် ကိုယ့်စစ်ပညာပေါင်းပြီး တိုက်ပွဲဝင်မယ် ။ စစ်ပွဲမှာ ကျဆုံးခဲ့ရင် ဒီဒိုင်းပေါ်က အမှတ်အသားကို ပိုက်ထားပြီးမျက်လုံးမှိတ်မယ် ။ ကျုပ်ဝိညာဉ်က နတ်ဘုရားနှင့်ပြန်တွေ့ရင်တော့ သူ့ကိုဘာပြောရမလဲ … တော်ပြီဗျာ … အဲအထိဆက် မတွေးတော့ဘူး ။ ဒီလောက်ပါပဲ”
ဟုဆိုပြီးနောက် ယင်းက လီယိုနာ့ဒ်ကို တစ်ချက်သာလှည့်ကြည့်လာ၍ မျက်လုံးချင်းဆက်မဆိုင်ဘဲ လွှဲသွားပြန်၏ ။
“ပြီးတော့ … စကားမစပ် ခေါင်းဆောင် ။ တောင်းပန်ပါတယ်”
“ဘာအတွက်လဲ”
“ဒီနေ့အတွက် အရာရာအားလုံးပေါ့ ။ ခင်ဗျားထွက်သွားခဲ့တဲ့အချိန်ကစပြီး ကျုပ်ရဲ့ ဇိမ်နေရာလေး (Comfort Zone) ပျောက်သွားခဲ့တယ် ။ တော်တော်များများ ခင်ဗျားနေရာကို ကျုပ်ဝင်ပြီးဦးဆောင်ခဲ့ရတယ် ။ အခက်အခဲတွေ အများကြီးဖြစ်ခဲ့တယ် ။ ဖြစ်ခဲ့တိုင်းမှာ အရာရာအားလုံးကို မျက်နှာလွှဲခဲပစ် လျစ်လျူရှုသွားခဲ့တဲ့ ခင်ဗျားကို မကျေနပ်ခဲ့ဘူး ။ ကျိန်ဆဲခဲ့တယ် ။ ဒီလိုနှင့် ကျုပ်လည်းတပ်မှူးနေရာမှာ အသားကျလာတယ် ။ အဲသည်အခါမှာ … ကိုယ်ထူးကိုယ်ချွန်ခဲ့ရတယ်လို့ သွေးနားထင်ရောက်ပြီး ခင်ဗျားကို ခြေရာတိုင်းချင်လာတယ်”
ယင်းသို့ဆိုပြီးနောက် ဟက်ခနဲရယ်ကာ ခေါင်းခါယမ်းနေ၏ ။
“ဒါပေမဲ့ ကျုပ်ကခင်ဗျားကို မယှဉ်နိုင်သေးပါဘူး ။ ဒါကိုလည်းသိတယ် … သိပေမဲ့လည်း မကျေနပ်ဘူး ။ ဒီမြို့ကပြဿနာတွေ ထိန်းမနိုင်လာတော့ ခင်ဗျားကို အကူအညီတောင်းချင်ခဲ့တယ် ။ တစ်ချိန်တည်းမှာပဲ ခင်ဗျားက ကျုပ်ထက်သာနေသေးတာကို လက်မခံချင်သေးဘူး ။ ဒီစိတ်ကနေ အခြေခံတဲ့ ကျုပ်အပြုအမူတွေက ဘယ်လောက်ထိရိုင်းခဲ့သလဲ ကျုပ်သိပါတယ် ။ အမှန်တိုင်းဝန်ခံတာပါ”
“မလိုပါဘူးကွာ”
“ခင်ဗျားဆုံးဖြတ်တာတွေ ကောင်းလွန်းခဲ့တယ် ခေါင်းဆောင် ။ ဆေးပညာနှင့်ပတ်သက်တဲ့အပိုင်းမှာ ဘယ်သူမျှမယုံတဲ့ မာတိုရိုလိုသူဆီ ပုံအောတာတွေ ၊ ပြီးတော့ ဆက်ဖီဘီယမ်တွေကို သတ်နေတာတွေကိုရပ်ခိုင်းတာတွေ ။ ဒါကြောင့်နတ်ဘုရားကပြောခဲ့တာ … ခင်ဗျားက လူတော်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို သိတယ်တဲ့”
ဟုဆိုရကား လီယိုနာ့ဒ်မှာ ဇိုက်(ခ်) ကိုငေးကြည့်နေမိသည် ။ မဟူရာမျှော်စင်ပေါ်၌ ၎င်းနှင့်ပထမဆုံးပြန်တွေ့ခဲ့စဉ်က သူ့ထံတွင် သိမ်ငယ်မှုများ ၊ မကျေနပ်မှုများ ကိန်းအောင်းနေခြင်းကြောင့် ၊ ဇိုက်(ခ်)နှင့်သူကြားတွင် အလွှာတစ်ခုခြားနေသည်ဟု ဆိုနိုင်လင့်ကစား ယခုအခါ ထိုအလွှာမှာ ကျိုးပျက်လာ၍ ၎င်းရှေ့မှာ သူပြန်ရယ်နိုင်လာပြီ ။ ဆရာတပည့်ဆက်ဆံရေး ပြန်ဖြစ်လာပြီ ။ ရဲဘော်ရဲဘက်စိတ် ပြန်ဝင်လာလေပြီ။
ထိုအခိုက်၌ မြေကျင်းပတ်လည်တွင် ဝိုင်းလျက်ရှိသော စစ်သားများမှာ လှုပ်လှုပ်ရွရွဖြစ်လာသည့်ပြင် ယန္တရားရုပ်ကြီး၏ ရောင်ခြည်တန်းကြီးသုံးတန်းမှာလည်း ရပ်တန့်သွားသဖြင့် သူတို့နှစ်ယောက်မှာ ထိုနေရာသို့သွားကြည့်သရော် ၊ မီးခိုးများအူပြီး ညှော်နံ့များဖြင့်ထောင်းနေသည့်ကြားမှ အပေါက်ကြီးတစ်ပေါက် ပေါက်နေသည်ကို မြင်လိုက်ရ၍ ၊ အနှီအပေါက်ကြီးမှာ မှောင်မိုက်နေသည့်အတွက် အနက်ပိုင်းအတွင်းသို့ လှမ်းမြင်နိုင်ခြင်းငြား မစွမ်းသာချေ ။ ဝိုက်ဗန်အမ်း တစ်ယောက်က ဇိုက်(ခ်)ဘက်လှည့်၍
“တပ်မှူး … ထင်တဲ့အတိုင်းပဲ အထဲက အခေါင်းပွ အပေါက်ကြီးပါ”
“အေး … သလင်းတုံးတစ်တုံး ချကြည့်စမ်း”
ဇိုက်(ခ်)ဆိုသည့်အတိုင်း ဝိုက်ဗန်အမ်းတစ်ယောက်က သလင်းတုံးတစ်တုံးကို အပေါက်ကြီးအတွင်းသို့ ပစ်ချလိုက်လေရာ ၊ အတွင်းကမြင်ကွင်းကြောင့် သူ့တို့အားလုံး ဟင်ခနဲဟာခနဲ ဖြစ်ကုန်ကြလေပြီ ။
သလင်းတုံးမှာ သစ်မြစ်ကြီး၏ အခေါင်းတွင်း၌ ပျံဝဲကာ အလင်းများထုတ်လွှတ်နေသည့်တိုင် အနှီသလင်းတုံးက ထွက်သောအလင်းတို့မှာ နက်နဲလှသောအမှောင်ထုကြီးကို မနည်းအားယူပြီး ဖောက်နေရသည့်အလား ၊ သစ်မြစ်ခေါင်းကြီး၏ ဘေးသားနံရံများကို မမြင်ရသကဲ့သို့ အောက်ပိုင်းကြမ်းပြင်ရှိရာမှာလည်း မှောင်မိုက်နေဆဲ ။ အချုပ်အားဖြင့်ဆိုရပေမူ မဟာသစ်ပင်ကြီး၏ အမြစ်ခေါင်းကြီး မည်မျှထိကျယ်ဝန်းသည်အား သလင်းတုံးတစ်တုံးတည်းနှင့် မသိနိုင်တော့သည်တည်း ။ ထိုအခါမာတိုရိုမှာ ပါးစပ်ကအစွယ်နှစ်ခုကို ဟနေလျက်
“ဟရို့ … သစ်မြစ်အခေါင်းဆိုလို့ လူတစ်ကိုယ်စာတိုးရတဲ့ ပြွန်လောက်မှတ်ပါတယ် ။ လိုဏ်ဂူကြီး ဖြစ်နေပါကောလား”
နောက်ထပ်သလင်းတုံးနှစ်တုံး ထပ်ချ၍ ဂူအတွင်း၌ သလင်တုံးများကို ဖြန့်ကျက်လိုက်သည့်အခါမှ သစ်ခေါင်းကြီးမည်မျှကျယ်သည်ကို သိလိုက်ရပြီး ဤသည်ကား မာတိုရိုပြောသကဲ့သို့ ဧရာမဥမင်ကြီးတစ်ခု ။ ဇိုက်(ခ်)မှာ သူ့ကိုကြည့်၍
“ဘယ်လိုလဲ ခေါင်းဆောင် ။ ကျုပ်တို့ ဒီအောက်ဆင်းပြီးလိုက်မှာလား ။ မဟာသစ်ပင်ရဲ့ အမြစ်ဆိုတာ ဒီရှရ ကုန်းမြေ (တိုက်) ကြီးရဲ့ တစ်ဝက်နီးပါးထိဖြာထွက်နေတာနော် ။ ဒီထဲကို အထာသိတဲ့သူမပါဘဲ ဝင်တိုးတာက လားဆူးဒက်(စ်)ဘုံ (Plane of the Lasudus) ထဲကို အရှင်လတ်လတ်ရောက်သလိုဖြစ်သွားမယ်”
ဟုဆိုသည်တွင် ၊ လီယိုနာ့ဒ်မှာ နောက်က ရေသူမလေး၏လက်အား ကိုင်ထားသော လူးသို့(စ်)လေးကို လှမ်းကြည့်ပြီးနောက်
“ဟေ့ … မင်း ။ မင်းတို့ဆက်ဖီဘီယမ်တွေကြား အချင်းချင်းအနံ့ခံတာတွေ ၊ ဆက်သွယ်တာတွေ လုပ်နိုင်တယ်ဆို ။ မင်းဒီထဲရောက်ရင် မင်းမျိုးနွယ်တွေကို ခြေရာခံနိုင်လား”
ဟုဆိုရာ၌ ၊ ၎င်းလေးက သူ့အနားသို့လာ၍ သစ်ခေါင်းကြီးကို လိမ္မော်ရောင်မျက်လုံးဝိုင်းများဖြင့် ငုံ့ကြည့်လေသည် ။
“တပ်အပ်တော့ မပြောနိုင်ပေမဲ့ ကျွန်တော်ကြိုးစားကြည့်ပါ့မယ်”
“ဒါ … ဒါဆို မီးမီးလည်းလိုက်မယ်”
ထိုအခါမာတိုရိုက အာပေါဿသူလေးကို မျက်လုံး ၆ လုံးဖြင့်ငဲ့ကြည့်၍
“ကလေးမ မင်းတော်လိုက်တော့ ။ သွား … အိမ်ပြန်ပြီး ရေဆော့နေတော့”
“ဘာလဲဟ ပိုးကောင်ကြီး ။ နင့်ကြည့်နေတာ အစကတည်းက အချိုးမပြေဘူး ။ ငါ့အမြီးနှင့် ငါလျှောတိုက်ချင်တဲ့နေရာ ငါတိုက်မယ် ။ နင်နှင့်ဆိုင်လား”
“သခင်မလေး … အန္တရာယ်များပါတယ် ။ သခင်မကြီးဆီပြန်နေပါ ။ ကျွန်တော်နာရီပိုင်းအတွင်း ပြန်လာခဲ့ပါ့မယ်”
ထိုစကားကြောင့် သူတစ်ချက်တွေသွားမိသည် ။ အဲလရော့လေးကိုလည်း နာရီပိုင်းအတွင်းပြန်လာခဲ့မည်ဟု ကတိပေးခဲ့သည့်တိုင် ယခုထိပြန်မတွေ့ရသေးပေ ။
“တော်စမ်း … ငါ့ကိုပေးမလိုက်ရင် ငါအိမ်မပြန်ဘူး ။ တွေ့ကရာနေရာ လျှောက်ပြေးနေမှာ ။ လုပ်ချင်တာတွေ အကုန်လျှောက်လုပ်ပစ်မှာ … တစ်ခုခုဖြစ်ရင် မလိုက်ခိုင်းတဲ့ နင့်ကြောင့်၊ သစ်ပင်နှင့်ခေါင်းနှင့်ဆောင့်မိရင်လည်း နင့်ကြောင့်။ မရဘူး … လိုက်မှာဟဲ့”
ဤစကားကြောင့် ဆက်ဖီဘီယမ်လေးမှာ မျက်နှာအပျက်ပျက်ဖြင့် သူတို့ကိုမော့ကြည့်လေ၏ ။
“သူ … သူရဲကောင်းတို့ …”
“အေး … လိုက်ခိုင်းလိုက်ကွာ …”
“ဟေ့လူ … ဒီလောက်အန္တရာယ်များတဲ့ထဲ ကလေးမတစ်ယောက်ကို”
အကြင်ကလေးမမှာ မလိုက်ရမချင်း ကမ်းကုန်အောင်ရစ်တော့မည့် လက္ခဏာရှိဟန်တူသည့်ပြင် လူးသို့(စ်)လေးမှာလည်း သူ(မ)၏စကားကို လန့်နေပုံရသောကြောင့် ယင်းသာအလုပ်ကောင်းကောင်း မလုပ်နိုင်ပါက ခရီးတွင်မည်မဟုတ် ။ ထို့ပြင် အရှင်းဆုံးဆိုရပါက ယင်းကလေးမလေး လမ်း၌သေမည်ကိုလည်း သူဂရုမစိုက်ချေ ။
ယခုသူလုပ်လိုသည်က ခရီးမြန်မြန်တွင်ရန်ပင် ဖြစ်သည့်အလျောက် မာတိုရို၏ အသိပေးချက်များကို ဂရုမစိုက်နိုင်တော့ဘဲ ရေသူမလေး မယ်မီးမီးကို လိုက်ခိုင်းလိုက်လေပြီး ၊ ဤသို့ဖြင့် လီယိုနာ့ဒ် ၊ ဇိုက်(ခ်) ၊ မာတိုရို ၊ ဝိုက်ဗန်အမ်းနှစ်ယောက်နှင့် ရေသူမလေးတို့နှစ်ယောက် စုစုပေါင်းခုနစ်ယောက်တို့မှာ မဟာသစ်ပင်ကြီး ဂီဟာဒြန်းဆဲလ်၏ သစ်မြစ်ကြီးတစ်ခုအတွင်းသို့ ဆင်းလာ၍ ၊ အမှောင်ခရီးကို စတင်ရန် အသင့်ပြင်ကြတော့လေသတည်း ။ ။
************