အခန်း (၃၀၃)
Vol. 31 Ch. 303
အခန်း။ ၃၀၃
တကယ့်ကို လျင်မြန်လွန်းသည်။ သဲကန္တာရ ကပ်ဘေးနတ်ဘုရားမှာ အလွန်ပင် ထိတ်လန့်သွားခဲ့ရ၏။ ၎င်းသည် ရွှီရန်၏ တိုက်ကွက်ကို အလျင်အမြန်ပင် ခုခံကာကွယ်ရန် ကြိုးပမ်းလိုက်သော်လည်း ရွှီရန်က ကန္တာရကပ်ဘေးနတ်ဘုရား၏ လျှပ်တစ်ပြက် ခုခံမှုကို အပိုင်းပိုင်း ချေဖျက်ပစ်လိုက်သည်။ သူသည် အားမာန်ပါပါ ဟစ်အော်လိုက်ရင်း ကြောက်ရွံ့မှု တိုက်ခိုက်ခြင်း ကို ထုတ်ဖော်ကာ ရှေ့သို့ ဒုန်းစိုင်း ခုန်ဝင်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးရှိ အင်အားကို ဓားသွားပေါ်သို့ စုစည်းဖိနှိပ်လိုက်ပြီး ကန္တာရကပ်ဘေးနတ်ဘုရား၏ မျက်နှာကို ရက်စက်စွာ ခုတ်ချလိုက်တော့သည်။
“ဂျွတ် ဂျွတ်”
ကြွေထည်ပစ္စည်းတစ်ခု အက်ကွဲသွားသကဲ့သို့ ၎င်း၏ မျက်နှာထက်တွင် အက်ကြောင်းများ ထင်ကျန်ရစ်ခဲ့သည်။ ကန္တာရကပ်ဘေးနတ်ဘုရားမှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ၎င်း၏ ဘယ်ဘက်လက်သည်း အခွံမှာ ရုတ်တရက် ပွင့်ထွက်သွားကာ အတွင်းပိုင်းရှိ သွေးမျက်လုံးမှာ နီရဲတောက်လောင်လာခဲ့သည်။ ထူးဆန်းလှသော အနီရောင် အလင်းတန်းတစ်ခုမှာ ရွှီရန်ဆီသို့ ဦးတည်၍ ပစ်ခတ်လိုက်သော်လည်း ရွှီရန်က အာရုံကို စုစည်းလိုက်ရာ ပျက်သုဉ်းခြင်း ကပ်ဘေးအလင်းမှာ ပေါက်ကွဲသွားခဲ့သည်။
ပျက်သုဉ်းခြင်း ကပ်ဘေးအလင်းသည် ဘက်ပေါင်းစုံ လျှော့ချတိုက်ခိုက်ခြင်းကို လုပ်ဆောင်
လိုက်ရာ အနီရောင်အလင်းတန်းကို ဝါးမြိုပစ်လိုက်ရုံသာမက ကန္တာရကပ်ဘေးနတ်ဘုရား၏ ဘယ်ဘက်သွေးမျက်လုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ၎င်းကို အပိုင်းပိုင်းအစစ ရက်စက်စွာ ချေဖျက်ပစ်လိုက်တော့သည်။ ရွှီရန်က အေးစက်စက် ရယ်မောလိုက်ပြီး အနောက်ဘက်သို့ ဆယ်မီတာကျော်ခန့် လျှောတိုက် ဆုတ်ခွာလိုက်သည်။
ကန္တာရကပ်ဘေးနတ်ဘုရားမှာမူ နာကျင်မှုတို့အကြား နစ်မွန်းနေခဲ့ရသည်။ ပထမတစ်ကြိမ် တိုက်ခိုက်မှုတွင် လူသားက ထူးဆန်းသော ကောင်းကင်ဘုံက ပေးသနားသော နတ်ဘုရားအတတ်ပညာကို ထုတ်ဖော်ခဲ့ပြီး ဒုတိယအကြိမ်တွင်မူ ၎င်း၏ အဓိက လျှို့ဝှက်လက်နက်ကိုပင် ဖျက်ဆီးပစ်လိုက်နိုင်ခဲ့သည်။ ၎င်းသည် ၎င်း၏ နတ်ဘုရားစွမ်းအားကို အသုံးပြု၍ သွေးမျက်လုံးဒဏ်ရာကို ကုသရန် ကြိုးပမ်းခဲ့သော်လည်း ဤဖျက်ဆီးနိုင်စွမ်းမှာ ၎င်း၏ နတ်ဘုရားစွမ်းအားထက်ပင် များစွာသာလွန်နေခဲ့သည်။
“မင်း... ဒီနေ့ ဒီနေရာမှာတင် သေရမယ်။ လူသားတွေရဲ့ နယ်မြေဆီကို မင်း ဘယ်တော့မှ ပြန်မရောက်စေရဘူး”
သဲကန္တာရ ကပ်ဘေးနတ်ဘုရားက ကြိမ်းဝါးလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်လိုစိတ် အရှိန်အဝါများမှာ ကောင်းကင်ယံသို့ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။
ရွှီရန်က လှောင်ပြုံးပြုံးလိုက်ပြီး “တိုက်ဆိုင်လိုက်တာ ငါကလည်း မင်းကို ဒီမှာတင် သတ်ပစ်ဖို့ စီစဉ်ထားတာပဲ” ဟု ပြောကာ သူ၏ ကြွက်သားများနှင့် အရိုးအဆစ်များကို လှုပ်ရှားလိုက်သည်။ ကိုယ်အင်္ဂါ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း ၏ အကျိုးသက်ရောက်မှုကြောင့် သူ၏ ဒဏ်ရာများမှာ သိသိသာသာ မြန်ဆန်သောနှုန်းဖြင့် ကုသပြီးသား ဖြစ်နေခဲ့သည်။ သူသည် နတ်ဘုရားစွမ်းရည် တစ်ခုကို သင်ယူနိုင်ခဲ့ပြီဖြစ်၍ သတ္တိများမှာ အပြည့်အဝ နိုးကြားနေခဲ့သည်။
“လာစမ်းပါဦး မင်း ဒီနေ့ သေကိုသေရမယ်”
“မင်းလို အဆင့်မရှိတဲ့ ပုရွက်ဆိတ်ကောင်ကများ... ရယ်စရာကောင်းလိုက်တာ”
ကန္တာရကပ်ဘေးနတ်ဘုရားမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့သည်။ မြင့်မြတ်လှသော နတ်ဘုရားတစ်ပါးအနေဖြင့် ဤကဲ့သို့သော စိန်ခေါ်စော်ကားမှုကို သွေးဖြင့်သာ ပြန်လည်ဆေးကြောရပေလိမ့်မည်။
“ဝုန်း”
လူသားတစ်ယောက်နှင့် ဧရာမ ကင်းမြီးကောက်ကြီးတို့မှာ အဆုံးမရှိသော သဲမုန်တိုင်းများအကြား ထိပ်တိုက် တိုးသွားခဲ့ကြပြန်သည်။ ထိုခဏချင်းမှာပင် ၎င်းတို့၏ ပုံရိပ်များမှာ လျှပ်တစ်ပြက် ဝေဝါးသွားခဲ့ပြီး ရွှီရန်မှာ ဧရာမ ကင်းမြီးကောက်ကြီး၏ ပတ်ပတ်လည်၌ အသည်းအသန် ရစ်ပတ်တိုက်ခိုက်နေခဲ့သည်။ သူ၏ တိုက်ခိုက်မှု အရှိန်အဟုန်မှာ အလွန်ပင် လျင်မြန်လှပေရာ၊ ကန္တာရကပ်ဘေးနတ်ဘုရား၏ ပတ်ဝန်းကျင်၌ အနက်ရောင် မျဉ်းကြောင်းများစွာကို ရေးဆွဲနေသကဲ့သို့ပင်။
ဓားသမားကောင်းတစ်ဦးက ပြိုင်ဘက်၏ ဟာကွက်ကို ရှာဖွေတိုက်ခိုက်သကဲ့သို့ပင် ရွှီရန်၏ လှုပ်ရှားမှုများမှာ ကျော့ရှင်းပြီး တိကျသည်။ သို့သော် သူ၏ တိုက်ကွက်တိုင်းကိုမူ သဲကန္တာရ ကပ်ဘေးနတ်ဘုရားက ထူးဆန်းသော နည်းလမ်းများဖြင့် ခုခံနေခဲ့သည်။ ၎င်း၏ ဓားရှည်ဖြင့်ဖြစ်စေ၊ အဆိပ်ရှိသော အမြီးဆူး ဖြင့်ဖြစ်စေ အချိန်ကိုက် တားဆီးနေခြင်းပင်။
အမြီးဆူးမှာလည်း အထက်မှနေ၍ ရုတ်တရက် ထိုးနှက်လာတတ်ရာ ရွှီရန်အနေဖြင့် သူ၏ အနေအထားကို အမြဲမပြတ် ပြုပြင်ပြောင်းလဲနေရပြီး ရှောင်တိမ်းဆုတ်ခွာနေရသည်။ ဝါကျင်ကျင် သဲမုန်တိုင်းများ ဖုံးလွှမ်းနေသည့် အောက်တွင် သူတို့နှစ်ဦး၏ အပြန်အလှန် တိုကကွက်များမှာ အထက်အောက်၊ အရှေ့အနောက်ဖြင့် ရှုပ်ထွေးနေခဲ့သည်။ မျက်တောင်တစ်
ခတ်အတွင်းမှာပင် သူတို့နှစ်ဦးမှာ အပြန်အလှန် တိုက်ကွက်ပေါင်း ၃၀၀ ကျော်ကို ဖလှယ်ခဲ့ကြသည်။
အန္တရာယ်ရှိလှသော ကျင့်စဉ်အတတ်ပညာ အမျိုးမျိုးမှာလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရွှီရန်၏ သွေးစွမ်းအင်မှာ သိသိသာသာ ကျဆင်းလာခဲ့ရာ အားအင်ဖြည့် အဆောင်တံဆိပ်ကပင် အမီပြန်လည်မဖြည့်တင်းပေးနိုင်တော့ပေ။ သို့သော်လည်း ရွှီရန်မှာမူ ပိုမို၍ အားမာန်များ ပြည့်ဝလာခဲ့သည်။ သူသည် အသွင်သဏ္ဌာန်တစ်ခုသို့ ကူးပြောင်းသွားပြီဟု သူ့ကိုယ်သူ ခံစားနေရသည်။ ထို့ကြောင့်ပင် သူသည် အားရပါးရ ရယ်မောလိုက်မိ၏။
“အားရစရာပဲ။ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်”
ကန္တာရကပ်ဘေးနတ်ဘုရား၏ မျက်နှာမှာမူ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုအဖြစ်သို့ တွန့်လိမ်သွားခဲ့သည်။ ၎င်းမှာ ဒေါသအလွန်ထွက်နေကာ ပုရွက်ဆိတ်ကောင်လေးတစ်ကောင်က ၎င်းကို လေ့ကျင့်ဖော်လေ့ကျင့်ဖက် အဖြစ် အသုံးချနေခြင်းကို သဘောပေါက်လိုက်သည်နှင့် ကန္တာရကပ်ဘေးနတ်ဘုရားသည် ဒေါသတွေကို ထိန်းချုပ်လိုက်ပြီး လျှပ်တစ်ပြက် ပြောက်ကျားစစ်ဆင်ရေး အတွက် ပြင်ဆင်နေခဲ့သည်။
“ဝုန်း ဝုန်း ဝုန်း”
ရွှီရန်၏ ပုံရိပ်မှာ လျင်မြန်လှပြီး သဲကန္တာရ ကပ်ဘေးနတ်ဘုရား၏ ဟာကွက်များဆီသို့ ရူးသွပ်စွာပင် ဓားဖြင့် အဆက်မပြတ် ခုတ်ပိုင်းနေခဲ့သည်။ ရုတ်တရက်ဆိုသလို ၎င်းသည် နဂါးအမြီးခတ်ကွက်ကို ထုတ်ဖော်လိုက်သည်။ အဆိပ်ရှိသော အမြီးဆူးမှာ ရွှီရန်၏ ဓားသွားနှင့် ထိပ်တိုက် တိုးသွားခဲ့ပြီး ထိုမှတစ်ဆင့် ထွက်ပေါ်လာသော ဧရာမ အင်အားကြောင့် ရွှီရန်မှာ ခဏတာ မှင်သက်သွားခဲ့ရသည်။
သို့သော် ကန္တာရကပ်ဘေးနတ်ဘုရားမှာမူ ရုတ်တရက် ခန္ဓာကိုယ်ကို လှန်ပစ်လိုက်ပြီး လေဟာနယ်ထဲတွင် ရေကူးနေသော ငါးတစ်ကောင်ကဲ့သို့ အံ့အားသင့်ဖွယ် ရှေ့သို့ တိုးဝင်လာခဲ့ကာ အတော်လေး လျင်မြန်လွန်းသည်။ လုံးဝ မျှော်လင့်မထားသော အခြေအနေပင်။ ကန္တာရကပ်ဘေးနတ်ဘုရား၏ အမြီးဆူးမှာ မြေပြင်ကို အဆက်မပြတ် ဆောင့်တွန်းလျက် ၎င်း၏ အရှိန်အဟုန်ကို မြှင့်တင်လိုက်ရာ ရွှီရန်ဆီသို့ လျှပ်တစ်ပြက် ချဉ်းကပ်လာခဲ့တော့သည်။
ဤတိုက်ကွက်မှာ အလွန်ပင် မြန်ဆန်သည်။ ၎င်းမှာ ကန္တာရကပ်ဘေးနတ်ဘုရားမှ သေသေချာချာ ကြိုတင်စီစဉ်ထားသည့် တိုက်ကွက်ဖြစ်ကြောင်း ထင်ရှားသည်။ ရွှီရန် မြင်လိုက်ရသည်မှာ ကန္တာရကပ်ဘေးနတ်ဘုရား၏ မျက်နှာထက်မှ ရက်စက်လှသော အပြုံးတစ်ခုပင် ဖြစ်ပြီး ၎င်း၏ ဓားရှည်မှာ လေဟာနယ်ကို ဖောက်ထွက်လျက် သူ၏ နှလုံးသားဆီသို့ ထိုးစိုက်ကာ ဝင်ရောက်လာခဲ့သည်။
“ဖောက်”
ရွှီရန်၏ မျက်နှာအမူအရာမှာမူ တည်ငြိမ်နေဆဲပင်။ ကန္တာရကပ်ဘေးနတ်ဘုရားက ၎င်း၏ ဓားရှည်ကို လိမ်ကျစ်လျက် သူ၏ နှလုံးသားကို အပိုင်းပိုင်း ဆွဲဖြဲပစ်နေသည်ကို သူ ကြည့်နေမိသည်။ စက်ဆုပ်ဖွယ်ကောင်းလှသော အစိမ်းရောင် မျက်နှာကြီးမှာ ရွှီရန်၏ မျက်နှာနှင့် ထိလုနီးပါးအဖြစ် ရောက်ရှိလာခဲ့သည်။ ရွှီရန်က စူးစူးစိုက်စိုက် စိုက်ကြည့်နေမိ၏။ သူ၏ ခြေထောက်များဖြင့် မြေပြင်ကို ကန်ထုတ်လိုက်ပြီးနောက် ဓားရှည်အတွင်းမှ ရုန်းထွက်လိုက်သည်။
နှလုံးသားဆီမှ တစ်စုံတစ်ရာသော အနှစ်သာရများ ပါဝင်နေသည့် သွေးမြှားတန်း တစ်ခုမှာ အပြင်ဘက်သို့ ပန်းထွက်သွားခဲ့သည်။ ထိုသွေးမြှားတန်းနှင့်အတူ ရွှီရန်၏ အင်အားအားလုံးမှာလည်း လွင့်စင်သွားခဲ့ရသည်။
သေခြင်းတရားသည် အရိုးထဲထိ စိမ့်ဝင်သွားသော အေးစက်မှုများနှင့် ရောယှက်နေခဲ့သည်။
“ပုရွက်ဆိတ်ကောင် မင်းက ငါ့ရဲ့ သွေးမျက်လုံးကို ဖျက်ဆီးပစ်နိုင်တဲ့အထိ တော်သားပဲ။ ငါ မင်းကို လေးစားတဲ့အနေနဲ့ မင်းရဲ့အလောင်းကိုတော့ အကောင်းအတိုင်း ချန်ထားပေးခဲ့ပါ့မယ်”